အခန်း ၅၀၂
Vol. 51 Ch. 502
အခန်း (၅၀၂)
အနန္တဓမ္မလောကနှင့် မိစ္ဆာကမ္ဘာတို့၏ နယ်စပ်ဒေသ။
ဝမ်လီတံတိုင်းကြီး၏ အထက်တွင် သေးငယ်သွယ်လျသော ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသည့် မိန်းကလေးငယ် တစ်ဦးက တံတိုင်းအောက်ဘက်ရှိ အရာခပ်သိမ်းကို စီးမိုးကြည့်ရှုနေလေ၏။
တံတိုင်းအောက်ဘက်၌ကား အနန္တဓမ္မလောကမှ ရေတွက်၍မရနိုင်သော ကျင့်ကြံသူများနှင့် မိစ္ဆာကမ္ဘာမှ မိစ္ဆာကျင့်ကြံသူတို့သည် အကြိတ်အနယ် တိုက်ပွဲဝင်နေကြပေသည်။
တဖြည်းဖြည်းနှင့် ထိုမိန်းကလေးငယ်၏ အကြည့်တို့က အမျိုးသားတစ်ဦးအပေါ်တွင် စူးစိုက်ရပ်တန့်သွားခဲ့လေသည်။
ထိုအမျိုးသားသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ၎င်းထံမှ ထွက်ပေါ်နေသော ထက်မြက်လှသည့် ဓားချီများက စစ်မြေပြင်၏ နေရာအနှံ့အပြားဆီသို့ ထိုးဖောက်ရောက်ရှိနေလေ၏။
အမျိုးသား၏ ဓားချီများ ကျရောက်ရာနေရာတိုင်းတွင် မိစ္ဆာကောင်များမှာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံနေရချေပြီ။ သူတို့၏ ခန္ဓာကိုယ်များမှာ သွေးမြူခိုးများအဖြစ် ကြေမွပျက်စီးသွားကြသည် သို့မဟုတ်ပါကလည်း သူတို့၏ ဝိညာဉ်များနှင့် ရုပ်ခန္ဓာများပါ အစအနမကျန် ချေမှုန်းခံလိုက်ရသဖြင့် သံသရာလည်ခြင်း စက်ဝန်းအတွင်းသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးပင် မရှိတော့ပေ။
"မြို့သခင်မလေး... ဒီလူက ဘယ်သူလဲ"
မိန်းကလေးငယ်၏ ဘေးတွင် ရပ်နေသော ဖူအာ အမည်ရှိ အစေခံမလေးသည် တံတိုင်းအောက်ဘက်ရှိ အမျိုးသားကို လွန်စွာ သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်ရှုနေခဲ့လေသည်။
ဖူအာ ဤမျှလောက် အစွမ်းထက်မြက်လှသော ဓားကျင့်ကြံသူတစ်ဦးကို နောက်ဆုံးအကြိမ် တွေ့မြင်ခဲ့ဖူးသည်မှာ ဓားတစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ်က သူမ၏ ဓားတာအိုကို သက်သေပြကာ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် တံတိုင်းအောက်ဘက်တွင် သူမ၏ဓားကို သွေးရင်း တိုက်ပွဲဝင်နေခဲ့ချိန်ကပင် ဖြစ်ပေသည်။
နောက်ဆုံးတွင် ထိုဂိုဏ်းချုပ်ကျန်းသည် သူ၏တာအိုကို သက်သေပြကာ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းနေသော မသေမျိုးအဆင့် ပြီးပြည့်စုံခြင်းရှိ မိစ္ဆာကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့လေ၏။
ဂိုဏ်းချုပ်ကျန်း ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူမ စုဆောင်းရရှိခဲ့သော စစ်ပွဲစွမ်းဆောင်ရည်မှတ်များသည် တံတိုင်းကြီးပေါ်တွင် သူမ၏ နာမည်ကို ထွင်းထုနိုင်ရန်အတွက် လုံလောက်သွားခဲ့ပေသည်။
ဝမ်လီတံတိုင်းကြီးမှ မထွက်ခွာမီ ထိုရဲရင့်ပြီး အေးစက်စက်နိုင်လှသော အမျိုးသမီး ဓားမသေမျိုးလေးသည် ရှောင်မို ဟူသော အမည်၏ဘေးတွင် ချင် ဟူသော စာလုံးလေးတစ်လုံးကို ထွင်းထုသွားခဲ့လေတော့သည်။
"သူလား... သူက တော်တော်လေးကို အထင်ကြီးစရာကောင်းတဲ့ ဓားကျင့်ကြံသူတစ်ယောက်ပဲ"
ဟဲ့ယဲ့ယဲ့က သကြားရည်သုတ် အသီးအချောင်းကို တစ်ကိုက် ကိုက်စားလိုက်ပြီးနောက် အစေ့များကို တံတိုင်းပေါ်သို့ ပေါ့ပေါ့ပါးပါး ထွေးထုတ်လိုက်လေ၏။
"အထင်ကြီးစရာကောင်းတဲ့ ဓားကျင့်ကြံသူတဲ့လား..."
မြို့သခင်မလေး၏ အကဲဖြတ်ချက်ကို ကြားလိုက်ရသောအခါ ဖူအာ၏ မျက်လုံးများက ပို၍ပင် ပြူးကျယ်သွားခဲ့လေသည်။
ဖူအာ၏ အမြင်တွင် မြို့သခင်မလေးထံမှ အထင်ကြီးစရာကောင်းတဲ့ ဓားကျင့်ကြံသူ ဟု အကဲဖြတ်ခံရသူ တစ်ဦးသာဆိုလျှင် ထိုဓားကျင့်ကြံသူသည် အမှန်တကယ်ကို အစွမ်းထက်မြက်လွန်းလှသူ ဖြစ်ရပေမည်။
အဘယ်ကြောင့်ဆိုသော် ယခင်က မြို့သခင်မလေးသည် ဂိုဏ်းချုပ်ကျန်းအား အကဲဖြတ်ခဲ့စဉ်ကလည်း တော်တော်လေးကို အထင်ကြီးစရာကောင်းတယ် ဟူသော စကားလုံးများကို အသုံးပြုကာ ဖော်ပြခဲ့ဖူးသောကြောင့်ပင်တည်း။
"ဒါဆို မြို့သခင်မလေး... သူက ဂိုဏ်းချုပ်ကျန်းလောက်ကို အစွမ်းထက်တာလား" ဖူအာက ထပ်မံမေးမြန်းလိုက်သည်။
တုအာ အမည်ရှိသော မိန်းကလေးငယ်တစ်ဦးက သူမ၏ နှုတ်ခမ်းကို လက်ချောင်းလေးများဖြင့် ကွယ်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး မြို့သခင်မလေး၏ ကိုယ်စား ဖူအာ၏ ဝေခွဲမရဖြစ်မှုများကို ဖြေရှင်းပေးလိုက်လေ၏။
"အစ်မဖူ... ဓားတာအို ဆိုတာက အပိုင်းသုံးပိုင်း ကွဲပြားပါတယ်။ ဓားသိုင်းကွက်တွေ၊ ဓားချီနဲ့ ဓားဆန္ဒတို့ပဲ ဖြစ်တယ်"
"ဒီလောကကြီးမှာ ဒီအပိုင်းသုံးပိုင်းစလုံးကို အမြင့်ဆုံး အထွတ်အထိပ်အထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဓားကျင့်ကြံသူ သုံးယောက်ပဲ ရှိတယ်"
"ဓားတစ်သောင်းဂိုဏ်းက ဂိုဏ်းချုပ်ကျန်းရဲ့ ဓားဆန္ဒကိုတော့ ဒီလောကမှာ ယှဉ်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး"
"ပြီးတော့ ဒီဝမ်လီတံတိုင်းကြီးရဲ့ အောက်က သခင်လေးရဲ့ ဓားချီကိုလည်း လောကမှာရှိတဲ့ ဘယ်ဓားကျင့်ကြံသူမှ ယှဉ်နိုင်မ့်မယ် မထင်ဘူးလေ... ဟုတ်တယ်မလား"
"သခင်လေး..." ထိုအခါမှသာ မိစ္ဆာကောင်များကို ဟင်းသီးဟင်းရွက်များလှီးဖြတ်နေသကဲ့သို့ အလွယ်တကူ သတ်ဖြတ်နေသော ထိုကျင့်ကြံသူသည် စာပေပညာရှင်တို့၏ ဝတ်ရုံစိမ်းကို ဝတ်ဆင်ထားကြောင်း ဖူအာ သတိပြုမိသွားလေတော့သည်။ "သူက ဓားကျင့်ကြံသူ တစ်ယောက်တည်း မဟုတ်ဘဲ စာပေပညာရှင် တစ်ယောက်လည်း ဖြစ်နေတာလား"
"အင်း" ဟဲ့ယဲ့ယဲ့က ခေါင်းညိတ်လိုက်လေ၏။ "လွန်ခဲ့တဲ့ နှစ်လေးထောင်တုန်းက ဒီလူက တော်တော်လေး ပညာတတ်တဲ့ စာပေပညာရှင်တစ်ယောက် ဖြစ်ခဲ့တာပဲ"
"..." ဖူအာ၏ ရင်ထဲတွင်တော့ အားကျလေးစားမှုများက ပို၍ပင် ပြည့်လျှံလာခဲ့ချေပြီ။
မြို့သခင်မလေးကိုယ်တိုင် တော်တော်လေး ပညာတတ်သည် ဟု ချီးကျူးခံရသော စာပေပညာရှင်တစ်ယောက်ဖြစ်သည့်အပြင် သူ၏ ဓားတာအိုကလည်း အလွန်အမင်း အစွမ်းထက်နေသေးသည်လေ။ ဤသည်မှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်ပေတော့သည်။
"ဒါပေမဲ့ မြို့သခင်မလေး... ဘာလို့ သူက မိစ္ဆာကမ္ဘာရှိရာ အရပ်ဆီကနေ ဒီဘက်ကို တိုက်ခိုက်ပြီး လာနေရတာလဲ" ဖူအာက ထပ်မံမေးမြန်းလိုက်ပြန်၏။
ထိုလူက ဤမဟာတိုက်ပွဲကြီး၏ အလယ်လောက်ရောက်မှသာ မိစ္ဆာကမ္ဘာ၏ နောက်ကျောဘက်ဆီမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ပထမတော့ သူ့ကို မဟာမိစ္ဆာကြီးတစ်ကောင်ဟုပင် သူမက ထင်မှတ်ထားခဲ့မိသေး၏။
"အဲ့ဒါက ပြောရရင် ဇာတ်လမ်းရှည်ကြီးပဲ" ဟဲ့ယဲ့ယဲ့က အေးစက်စက် အကြိမ်အနည်းငယ် ရယ်မောလိုက်လေသည်။ "တကယ်တော့ တစ်ခါတလေမှာ လူသားတွေက မိစ္ဆာတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတတ်တာကိုး။ လူသားတွေက သူ့ကို အသက်ရှင်ခွင့် မပေးတော့တဲ့အခါ သူက မိစ္ဆာကမ္ဘာဆီသွားပြီး လူသားတစ်ယောက်အနေနဲ့ အသက်ရှင်သန်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူးလေ"
မြို့သခင်မလေး ဘာကိုဆိုလိုချင်မှန်း ဖူအာ နားမလည်ခဲ့ပေ။ သူမက ဘေးနားရှိ အစ်မတုအာကို လှမ်းကြည့်လိုက်လေ၏။
တုအာက ပြုံးရုံသာပြုံးပြီး ခေါင်းခါပြလိုက်ကာ မည်သည့်အဖြေမှ မပေးခဲ့ချေ။
ဤကိစ္စတွင် လျှို့ဝှက်ချက်အချို့ ပါဝင်ပတ်သက်နေနိုင်ကြောင်း ဖူအာ သဘောပေါက်သွားသဖြင့် ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။
ညနေစောင်းအချိန်သို့ ရောက်ရှိလာသောအခါ တိုက်ပွဲဝင်သံများက တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ပြီး နေဝင်ဆည်းဆာက စစ်မြေပြင်တစ်ခုလုံးကို သွေးနီရောင်အဖြစ် ဆေးခြယ်ပေးလိုက်လေတော့သည်။
မိစ္ဆာတပ်မတော်ကြီးက နောက်ဆုတ်သွားကြပြီး ဝမ်လီတံတိုင်းကြီးမှ ကျင့်ကြံသူများမှာလည်း တံတိုင်းပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာကြပေသည်။
လော့ယန်သည် တံတိုင်းပေါ်သို့ ပျံသန်းလာပြီးနောက် ဟဲ့ယဲ့ယဲ့၏ အရှေ့တွင် ရပ်တန့်လိုက်ကာ သူ၏ ဇနီးဖြစ်သူ ဝမ်ယွဲ့ကလည်း သူ၏နောက်မှ ကပ်ပါလာခဲ့လေ၏။
"မြို့သခင်မလေးကို ဂါရဝပြုပါတယ်"
"မြို့သခင်မလေးကို ဂါရဝပြုပါတယ်ရှင်"
"ယဉ်ကျေးနေစရာ မလိုပါဘူး" ဟဲ့ယဲ့ယဲ့သည် လူသန်ကြီး၏ ပခုံးပေါ်တွင် ခြေချိတ်ထိုင်နေပြီး သူမ၏ လက်သေးသေးလေးများက ဖြူဖွေးနေသော ခြေထောက်လေးများကို ကိုင်တွယ်ကစားနေလေ၏။ "သခင်လေးလော့က ဘယ်လိုလုပ်ပြီး မိစ္ဆာကမ္ဘာဘက်ကနေ ပြန်ရောက်လာရတာလဲ"
လော့ယန်က ပြုံးလျက် ပြောဆိုလိုက်သည်။ "ကျွန်တော့်ရဲ့ ဂိုဏ်းတူညီလေး လက်ထပ်လိုက်တယ်လို့ ကြားရတယ်။ သူ့ရဲ့ ဂိုဏ်းတူအစ်ကို တစ်ယောက်အနေနဲ့ သူ့ရဲ့ မင်္ဂလာအခမ်းအနားကို မသွားနိုင်ခဲ့တာကကိုပဲ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အခုချိန်မှာ လက်ဆောင်တချို့တလေမှ ယူမသွားဘူးဆိုရင် ကျွန်တော်က ဂိုဏ်းတူအစ်ကို တစ်ယောက်အနေနဲ့ တကယ်ကို တာဝန်မကျေရာ ကျသွားလိမ့်မယ်လေ"
"ဟီး... ဟီး" ဟဲ့ယဲ့ယဲ့က အေးစက်စက် ရယ်မောလိုက်ပြီးနောက် သူမ၏ ခြေထောက်များကို အောက်ချကာ လက်ပိုက်လိုက်လေ၏။ "မင်းရဲ့ အဲ့ဒီ ဂိုဏ်းတူညီလေးကတော့ အခုချိန်မှာ တော်တော်လေးကို ပျော်ရွှင်နေလောက်ပြီ"
ဟဲ့ယဲ့ယဲ့၏ အသံထဲတွင် ပါဝင်နေသော မနာလိုဖြစ်ပြီး အပြစ်ရှာချင်နေသည့် လေသံကို လော့ယန် သဘာဝကျကျပင် ကြားလိုက်ရသဖြင့် အနည်းငယ် ခိုကိုးရာမဲ့စွာ ခေါင်းခါလိုက်ပြီး စကားများများစားစား မပြောဖြစ်တော့ချေ။
"ဒါပေမဲ့..." ဟဲ့ယဲ့ယဲ့သည် တံတိုင်း၏ ကျောက်စာတိုင်ပေါ်တွင် ထွင်းထုထားသော ရှောင်မို ဟူသည့် အမည်နာမကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများထဲတွင် လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။ "အရင်တုန်းက ဒီလောကကြီးအတွက် သူ အများကြီး စွမ်းဆောင်ပေးခဲ့တာဆိုတော့ ဒီဘဝမှာ သူ အနည်းငယ်လောက် ပျော်ရွှင်ရတာကလည်း အဆင်ပြေပါတယ်လေ"
စကားပြောပြီးနောက် ဟဲ့ယဲ့ယဲ့က သူမ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းတိုကင်ပြားတစ်ခုကို ထုတ်ယူကာ လော့ယန်ထံသို့ ပစ်ပေးလိုက်ပေသည်။
"ဒါက..." လော့ယန်က မေးမြန်းလိုက်၏။
"ဝမ်လီမြို့တော်က သူ့ရဲ့ အိမ်တော်လေ" ဟဲ့ယဲ့ယဲ့က သူမ၏ သကြားရည်သုတ် အသီးအချောင်းမှ ဝါးချောင်းလေးကို အောက်သို့ပစ်ချလိုက်လေသည်။ "ဒီနှစ်တွေတစ်လျှောက်လုံး သူ့ရဲ့ အိမ်တော်က အဲ့ဒီမှာ အမြဲရှိနေခဲ့တာပဲ။ ငါက ပရိဘောဂတချို့တလေ ထပ်ဖြည့်ပေးထားပြီး တစ်ခါတလေ ပြုပြင်မွမ်းမံမှုတွေတောင် လုပ်ပေးထားသေးတယ်။ သူ သတိရတဲ့အခါ ဘယ်အချိန်ဖြစ်ဖြစ် ပြန်လာပြီး နေလို့ရတယ်"
"ဂိုဏ်းတူညီလေးရဲ့ ကိုယ်စား မြို့သခင်မလေးကို ကျေးဇူးတင်ပါတယ်" လော့ယန်က ကျောက်စိမ်းတိုကင်ပြားကို သူ၏ ကိုယ်နားတွင် သေချာစွာ သိမ်းဆည်းလိုက်လေ၏။
"ကျေးဇူးတင်စရာ မလိုပါဘူး" ဟဲ့ယဲ့ယဲ့က သမ်းဝေလိုက်ပြီး ခုနလေးတင် ခြေထောက်ကို ကိုင်တွယ်ထားသော သူမ၏ လက်သေးသေးလေးဖြင့် ပါးစပ်လေးကို ပုတ်လိုက်လေသည်။ "ကောင်းပြီ ကောင်းပြီ... သခင်လေးလော့ကို ငါ လိုက်မပို့တော့ဘူးနော်။ လမ်းခရီးမှာ ဂရုစိုက်သွားပါ"
"နှုတ်ဆက်ခဲ့ပါတယ်"
လော့ယန်က တစ်ဖန် ဦးညွှတ်အရိုအသေပေးလိုက်ပြီး သူ၏ ဇနီးဖြစ်သူနှင့်အတူ တံတိုင်းပေါ်မှ ထွက်ခွာကာ အနန္တဓမ္မလောကအတွင်းသို့ ပျံသန်းဝင်ရောက်သွားလေတော့သည်။
ဟဲ့ယဲ့ယဲ့ကတော့ တံတိုင်းကြီး၏ အထက်တွင်သာ ဆက်လက်နေထိုင်ကျန်ရစ်ခဲ့ပေသည်။
တံတိုင်း၏ အောက်ဘက်တွင်မူ ကျင့်ကြံသူများက စစ်မြေပြင်ကို ရှင်းလင်းရေးလုပ်နေကြပြီး သူတို့ သတ်ဖြတ်ခဲ့သော မိစ္ဆာအရေအတွက်ကို ရေတွက်ခြင်း၊ ဒဏ်ရာရရှိထားသူများကို ကုသပေးခြင်း သို့မဟုတ် သူတို့၏ မိတ်ဆွေများနှင့် မိသားစုဝင်များ၏ ရုပ်အလောင်းများကို ပြန်လည်သယ်ဆောင်လာခြင်းတို့ကို ပြုလုပ်နေကြလေ၏။
နေဝင်ဆည်းဆာ၏ နောက်ဆုံးအလင်းတန်းလေး မှေးမှိန်ပျောက်ကွယ်သွားပြီး ညဉ့်ယံသို့ ကူးပြောင်းရောက်ရှိလာတော့မည့် အချိန်လေးမှာပင်...
ဟဲ့ယဲ့ယဲ့၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် လူအများအပြားက အထက်သို့ မော့ကြည့်လိုက်ကြပြီး ဟဲ့ယဲ့ယဲ့၏ အကြည့်များနောက်သို့ လိုက်ကာ မိစ္ဆာကမ္ဘာရှိရာ အရပ်ဆီသို့ ငေးကြည့်လိုက်ကြပေသည်။
နယ်စပ်မြို့လေးတစ်မြို့၏ ကောင်းကင်ယံထက်တွင် တိမ်တိုက်များ ကွဲအက်သွားပြီး ဧရာမ မြေခွေးခေါင်းကြီးတစ်ခုက တိမ်လွှာများကို ထိုးဖောက်ထွက်ပေါ်လာကာ အနန္တဓမ္မလောကရှိရာဘက်ဆီသို့ လှမ်းကြည့်နေလေ၏။
ပေရာနှင့်ချီ၍ ရှည်လျားသော မြေခွေးအမြီး ကိုးချောင်းသည် လေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေကြပေသည်။
ရှေးဟောင်း နတ်ဘုရားသားရဲကြီးတစ်ကောင်ထံမှ ထွက်ပေါ်လာသော ဖိအားများက စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။
တံတိုင်းအောက်ဘက်ရှိ ကျင့်ကြံသူ အများအပြားမှာ ကြီးမားလှသော ရန်သူတော်ကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ကြရပြီး သူတို့၏ ရင်ထဲတွင် အကြောက်တရားများ ပြည့်လျှံလာခဲ့ချေပြီ။
ဤမြေခွေးခေါင်းကြီး၏ အကြည့်အောက်တွင် လူအများစုမှာ ပြန်လည်ခုခံရန်ပင် မဝံ့ရဲကြတော့ဘဲ အကြောတစ်မျှင်ကိုမျှပင် မလှုပ်ရှားရဲအောင် ဖြစ်နေကြလေ၏။
"မြို့သခင်မလေး..." ဖူအာက ဟဲ့ယဲ့ယဲ့ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ပေသည်။
"မင်းက ဘာကိုစိုးရိမ်နေရတာလဲ" ဟဲ့ယဲ့ယဲ့က ဖူအာကို မျက်စောင်းထိုးလိုက်လေ၏။ "အဲ့ဒါက ဓမ္မပုံရိပ်ယောင်တစ်ခုမျှသာပဲ"
စကားပြောနေရင်းဖြင့် ဟဲ့ယဲ့ယဲ့က မကျေမနပ်ဖြစ်စွာ စုပ်သပ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် သူမဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ သူမ၏ လေသံမှာ အတော်လေး ခိုကိုးရာမဲ့နေဟန် ပေါ်လွင်နေပေ၏။ "အဲ့ဒီ ရှောင်မို ဆိုတဲ့ကောင်က တကယ်ကို နယ်နယ်ရရ မဟုတ်ဘူးပဲ။ မင်းက စာပေပညာရှင် တစ်ယောက်လေ။ ဘာလို့များ မြေခွေးမျိုးနွယ်စုကို သွားပြီး ရန်စနေရတာလဲ"
"မင်း သေသွားရင်တောင် သူတို့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
"အဲ့ဒါက မင်းနဲ့ ထိုက်တန်ပါတယ်လေ"