အခန်း ၅၀၄
Vol. 51 Ch. 504
အခန်း (၅၀၄)
စာလွှာကို အောက်သို့ချလိုက်ပြီးနောက် ဝန်ကြီးယန်ကျိန်းက သူ၏အရှေ့တွင်ရှိသော အမျိုးသမီးကို လေးနက်တည်ကြည်စွာ ကြည့်ရှုလိုက်ပြီး မေးမြန်းလိုက်လေ၏။ "မိန်းကလေးက သခင်လေးတော်ကြီးဝမ်ရှင်းရဲ့ သူငယ်ချင်းများလား"
ထိုအခါ နင်ဝေ့သည် အလျင်စလို အရိုအသေပေးလိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်ပေသည်။ "ကျွန်မက သခင်လေးတော်ကြီးဝမ်ရှင်းရဲ့ သူငယ်ချင်းလို့ ကိုယ့်ကိုယ်ကိုယ် မခေါ်ဝံ့ပါဘူးရှင်။ သခင်လေးတော်ကြီးဝမ်ရှင်း လောကကြီးထဲ လှည့်လည်သွားလာနေတဲ့အချိန်တုန်းက ကျွန်မကို တစ်ကြိမ် ကယ်တင်ပေးခဲ့ဖူးတာပါ"
"ကျွန်မက ငယ်ငယ်လေးကတည်းက ဖခင်ဆုံးပါးသွားခဲ့ရပြီး အားကိုးရာမဲ့ဖြစ်နေတဲ့သူပါ။ အလုပ်အကိုင်ရဖို့အတွက် ဧကရာဇ်မြို့တော်ကို ရောက်လာခဲ့ပေမဲ့ ဘယ်သူကမှ ကျွန်မကို အလုပ်မခန့်ကြပါဘူးရှင်"
"ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ကောင်းကင်ဘုံက ကျွန်မကို မျက်နှာသာပေးခဲ့ပါတယ်။ သခင်လေးတော်ကြီးဝမ်ရှင်းနဲ့ ထပ်မံဆုံတွေ့ခွင့် ရခဲ့တယ်လေ။ သခင်လေးတော်ကြီးဝမ်ရှင်းက ကျွန်မရဲ့ ချက်ပြုတ်တဲ့ လက်ရာမဆိုးဘူးဆိုတာကို သိထားသလို နန်းတော်ကလည်း မီးဖိုဆောင် အစေခံမလေးတွေ ခေါ်ယူနေတယ်ဆိုတာကို ကြားတော့ ကျွန်မကို မီးဖိုဆောင် အစေခံမလေးအဖြစ် နန်းတော်ထဲဝင်ပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်လောက်တယ်လို့ အကြံပေးခဲ့ပါတယ်"
"ဒါကြောင့်ပဲ သခင်လေးတော်ကြီးဝမ်ရှင်းက ကျွန်မအတွက် ဒီစာလွှာလေးကို ရေးပေးလိုက်တာပါရှင်"
"ဒီလိုကိုး" ဝန်ကြီးယန်ကျိန်းက သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်လေ၏။ "သခင်လေးတော်ကြီးဝမ်ရှင်းက အမှန်တကယ်ကို ကြင်နာသနားတတ်တဲ့ သူတော်ကောင်းတစ်ပါးပါပဲ"
ဝန်ကြီးယန်ကျိန်းက ဝမ်ရှင်း၏ ထောက်ခံစာကို ရိုသေလေးစားစွာဖြင့် သိမ်းဆည်းလိုက်ပြီးနောက် နင်ဝေ့အား ပြောဆိုလိုက်ပေသည်။ "သခင်လေးတော်ကြီးဝမ်ရှင်း ကိုယ်တိုင်က တောင်းဆိုလာမှတော့ ဒီအမတ်ကလည်း သဘာဝကျကျ ငြင်းပယ်လို့မရနိုင်တော့ပါဘူး။ မိန်းကလေးနင်... ယန်အိမ်တော်မှာ ခဏလောက် စောင့်ဆိုင်းပေးပါ။ တော်ဝင်မီးဖိုဆောင်က အမျိုးသမီးအရာရှိကို အကြောင်းကြားဖို့အတွက် နန်းတော်ထဲကို အစေခံတစ်ယောက် လွှတ်လိုက်ပါ့မယ်။ မကြာခင်မှာ မိန်းကလေးကို လာခေါ်မယ့်သူ ရောက်လာပါလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် သခင်ကြီးရှင်။ သခင်ကြီးရဲ့ ကျေးဇူးကို နင်ဝေ့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး" နင်ဝေ့က ဝမ်းသာအားရဖြင့် အရိုအသေပေး နှုတ်ဆက်လိုက်လေ၏။
"ဟားဟားဟား... ဒါက ဒီအမတ်ရဲ့ ကျေးဇူးမဟုတ်ရပါဘူးလေ။ မိန်းကလေးနင် ကျေးဇူးတင်ချင်ရင် သခင်လေးတော်ကြီးဝမ်ရှင်းကိုသာ ကျေးဇူးတင်လိုက်ပါ။ ဒီအမတ်က သခင်လေးတော်ကြီးဝမ်ရှင်းရဲ့ မျက်နှာကို ထောက်ထားပြီး ကုသိုလ်တစ်ခု ဝင်ယူရုံသက်သက်ပါပဲ" ဝန်ကြီးယန်ကျိန်းက သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ရယ်မောလိုက်ပေသည်။ "ကောင်းပြီ... ဒီအမတ်မှာ ဖြေရှင်းစရာ ရုံးလုပ်ငန်းတွေ ရှိနေသေးတယ်။ မိန်းကလေးနင် ခဏလောက် အေးအေးဆေးဆေး ထိုင်နေလိုက်ပါဦး၊ ကျုပ် အဖော်မပြုပေးနိုင်တော့ဘူး"
"ဟုတ်ကဲ့ပါ သခင်ကြီးရှင်။ ဖြည်းဖြည်းကြွပါ သခင်ကြီး" နင်ဝေ့က ရိုကျိုးစွာ ခေါင်းငုံ့လိုက်လေ၏။
ဝန်ကြီးယန်ကျိန်းက ခေါင်းညိတ်ပြလိုက်ပြီး ဧည့်ခန်းမဆောင်အတွင်းမှ ထွက်ခွာသွားခဲ့ကာ အိမ်တော်ရှိ အစေခံများကိုလည်း နင်ဝေ့အား ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးကဲ့သို့ ကောင်းမွန်စွာ ဧည့်ခံပြုစုရန် မှာကြားသွားခဲ့ပေသည်။
ဝန်ကြီးယန်ကျိန်း ဧည့်ခန်းမဆောင်မှ ထွက်ခွာသွားပြီး နာရီဝက်ခန့် ကြာမြင့်သွားပြီးနောက် ယန်အိမ်တော်သို့ အမျိုးသမီးအရာရှိတစ်ဦး အမှန်တကယ်ပင် ရောက်ရှိလာခဲ့လေ၏။
"ညီမလေးက မိန်းကလေးနင်ဝေ့ ဆိုတာများလား။ နန်းတော်ထဲကို အစ်မနောက်ကနေ လိုက်ခဲ့ပါ" အမျိုးသမီးအရာရှိက အပြုံးလေးဖြင့် ပြောဆိုလိုက်ပေသည်။
"ဟုတ်ကဲ့ပါ အစ်မ" နင်ဝေ့က အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး ထိုအမျိုးသမီးအရာရှိ၏ နောက်မှနေ၍ နန်းတော်အတွင်းသို့ လိုက်ပါသွားလေတော့သည်။
နန်းတော်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် နန်းတော်၏ ကာကွယ်ရေး မှော်ဝင်္ကပါထံမှ မည်သည့် ပုံမှန်မဟုတ်သော တုံ့ပြန်မှုမျိုးကိုမှ မတွေ့ရသောကြောင့် ထိုအခါမှသာ နင်ဝေ့၏ ရင်ထဲတွင် အမှန်တကယ် စိတ်သက်သာရာ ရသွားခဲ့ချေပြီ။
နင်ဝေ့သည် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားရန်အတွက် လျှို့ဝှက်နည်းလမ်းတစ်ခုကို ကြိုတင်အသုံးပြုထားခဲ့ပြီး ဖြစ်လေသည်။ သူမအနေဖြင့် မှော်ပညာရပ်များကို ထုတ်ဖော်အသုံးမပြုသရွေ့ နန်းတော်၏ မှော်ဝင်္ကပါက သူမအား အာရုံခံမိလိမ့်မည် မဟုတ်ချေ။
နင်ဝေ့၏ အမြင်တွင်တော့ သူမအနေဖြင့် မှော်ပညာများကို အသုံးပြုရန်လည်း လိုအပ်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူမက ဤနေရာသို့ လူလာရှာရုံသက်သက်သာ ဖြစ်သည်လေ။
နင်ဝေ့ကို သူမ၏ ကိုယ်ရေးအထောက်အထား မှတ်ပုံတင်ရန်အတွက် ရှင်းဟွာစီသို့ ခေါ်ဆောင်သွားခဲ့ပေသည်။
အနန္တတာအိုဂိုဏ်းက အပြစ်အနာအဆာကင်းသော နောက်ခံရာဇဝင် အထောက်အထားများစွာကို ကြိုတင်ဖန်တီးထားပြီးဖြစ်ရာ နင်ဝေ့က ၎င်းတို့အနက်မှ တစ်ခုကို အသုံးပြုကာ လွယ်ကူချောမွေ့စွာပင် စစ်ဆေးမှုကို ဖြတ်ကျော်သွားနိုင်ခဲ့လေ၏။
"ညီမလေးနင်ဝေ့... ဒါတွေက ညီမလေးအတွက် ဝတ်စုံတွေပဲ။ အခု ချက်ချင်း လဲဝတ်ထားလိုက်ပါ။ ခဏနေရင် နင်ရွှယ်နန်းဆောင်က နန်းတွင်းအစေခံမလေးတစ်ယောက် ညီမလေးကို လာခေါ်လိမ့်မယ်။ နန်းတွင်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ နင်ရွှယ်နန်းဆောင်က အစ်မတွေဆီကနေ အမြန်ဆုံး သင်ယူလေ့လာထားရမယ်နော်။ ပြဿနာ မရှာမိစေဖို့ သေချာမှတ်ထား... ကြားလား"
အခန်းတစ်ခန်းအတွင်း၌ အမျိုးသမီးအရာရှိက နင်ဝေ့၏ နောက်ခံရာဇဝင်ကို စစ်ဆေးပြီးနောက် နင်ဝေ့အား နင်ရွှယ်နန်းဆောင်အတွက် နန်းတွင်းအစေခံဝတ်စုံ နှစ်စုံကို ထုတ်ပေးကာ လေးနက်တည်ကြည်စွာဖြင့် မှာကြားလိုက်ခြင်းပင် ဖြစ်ပေသည်။
"နင်ရွှယ်နန်းဆောင်... ဟုတ်လား" နင်ဝေ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်လေ၏။ "အစ်မ... ညီမက တော်ဝင်မီးဖိုဆောင်မှာ ထမင်းဟင်း သွားချက်ရမှာ မဟုတ်ဘူးလား။ ဘာလို့ နင်ရွှယ်နန်းဆောင်ကို သွားရမှာလဲဟင်"
"ဟစ်... ဟစ်... ဟစ်..." အမျိုးသမီးအရာရှိက သူမ၏ ပါးစပ်ကို လက်ဖြင့် ကွယ်ကာ တခစ်ခစ် ရယ်မောလိုက်လေသည်။ "ဝန်ကြီးယန်က ရွှယ်မိဖုရားရဲ့ ဖခင်အရင်းလေ။ ဝန်ကြီးယန်ကိုယ်တိုင်က ညီမလေးကို နန်းတော်ထဲ ဝင်ခွင့်ပြုပေးဖို့အတွက် မယ်တော်ကြီးဆီမှာ လူလွှတ်ပြီး လျှောက်တင်ခိုင်းခဲ့တာ။ မယ်တော်ကြီးက ညီမလေးကို တော်ဝင်မီးဖိုဆောင်မှာ အလုပ်ကြမ်းသွားလုပ်ဖို့ ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးနိုင်ပါ့မလဲ"
"ညီမလေးက ယန်အိမ်တော်ကနေ လွှတ်လိုက်တဲ့သူဆိုတော့ အခုချိန်ကစပြီး ညီမလေးက သဘာဝကျကျပဲ ရွှယ်မိဖုရားရဲ့ လူဖြစ်သွားပြီပေါ့"
အမျိုးသမီးအရာရှိသည် အရှေ့သို့ တစ်လှမ်းတိုးလာခဲ့ပြီး နင်ဝေ့၏ လက်သေးသေးလေးကို ခင်မင်ရင်းနှီးစွာဖြင့် ဆုပ်ကိုင်လိုက်ပေသည်။
"ဒီနေ့ကစပြီး ညီမလေးက နင်ရွှယ်နန်းဆောင်မှာ နေပြီး ရွှယ်မိဖုရားကို သေသေချာချာ အလုပ်အကျွေးပြုရမယ်။ ရွှယ်မိဖုရားက အနာဂတ်မှာ မိဖုရားခေါင်ကြီး ဖြစ်လာဖို့ အလားအလာ အလွန်များတဲ့သူလေ"
"ပြီးတော့ ညီမလေးရဲ့ ရုပ်ရည်သွင်ပြင်ကလည်း အတော်လေး လှပချောမောတာပဲ။ ဧကရာဇ်မင်းမြတ်က နင်ရွှယ်နန်းဆောင်ကို တစ်ရက်ခြားတစ်ခါလောက် ကြွလာတတ်တယ်။ အကယ်လို့ ဧကရာဇ်မင်းမြတ်က ညီမလေးကို မြင်သွားခဲ့ရင် အသစ်အဆန်းကို မြည်းစမ်းချင်စိတ်ပေါက်လာပြီး ညီမလေးကို ညဘက် အိပ်ဆောင်ဝင်ခစားခိုင်းတာမျိုးတောင် ဖြစ်လာနိုင်သေးတယ်"
"အနာဂတ်မှာ ညီမလေး ကြီးပွားချမ်းသာလာပြီး မိဖုရားတစ်ပါး ဖြစ်လာခဲ့ရင် အစ်မကို မမေ့လိုက်နဲ့ဦးနော်"
"အစ်မ... အစ်မရယ်၊ အဲ့လိုမျိုးတွေ မပြောပါနဲ့" နင်ဝေ့က စိုးရိမ်တကြီးနှင့် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်လေ၏။ "အထက်လူကြီးတွေ အမျက်မရှကြရင်ပဲ ညီမက ဝမ်းသာလှပါပြီ။ တခြား ဘာကိုများ ထပ်ပြီး မျှော်လင့်ရဲပါ့မလဲ"
နန်းတော်တွင်းသို့ ယခုမှ ဝင်ရောက်လာသော ဤမိန်းကလေးငယ်၏ ထိတ်လန့်စိုးရိမ်နေသည့် အမူအရာကို မြင်လိုက်ရသောအခါ အမျိုးသမီးအရာရှိသည် သူမကိုယ်တိုင် နန်းတော်အတွင်းသို့ ပထမဆုံးအကြိမ် ခြေချခဲ့စဉ်က ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုများကို ပြန်လည်အမှတ်ရသွားမိကာ နင်ဝေ့အပေါ် ပို၍ပင် ခင်မင်ရင်းနှီးသော ခံစားချက်မျိုး ပေါ်ပေါက်လာခဲ့ပေသည်။
"စိတ်မပူပါနဲ့ ညီမလေးရယ်... ရွှယ်မိဖုရားက သူ့လက်အောက်က လူတွေအပေါ်မှာ အလွန်ကြင်နာသနားတတ်ပါတယ်။ ရွှယ်မိဖုရားရဲ့ နန်းဆောင်ကို သွားချင်နေကြပေမဲ့ အခွင့်အရေးမရကြတဲ့ နန်းတွင်းအစေခံမလေးတွေ ဘယ်လောက်တောင် များနေသလဲဆိုတာ ရေတွက်လို့တောင် မရနိုင်ဘူးလေ"
"ထားပါတော့လေ... အဲ့ဒီအကြောင်းတွေကို မပြောကြတော့ဘူး။ အချိန်လေး အနည်းငယ် ရနေသေးတုန်းမှာ နန်းတော်ထဲက အရေးကြီးတဲ့ နေရာတချို့အကြောင်း ညီမလေးကို အစ်မ အရင်ဆုံး ရှင်းပြပေးမယ်။ နောက်ကျရင် နေရာမှားပြီး မသွားမိအောင် သေသေချာချာ မှတ်ထားနော်"
"ကျေးဇူးတင်ပါတယ် အစ်မ"
နင်ဝေ့က အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီးနောက် အမျိုးသမီးအရာရှိက မဟာကျိုးနန်းတော်ကြီး၏ မြေပုံကားချပ်တစ်ခုကို ထုတ်ယူကာ သူမ သွားလာခွင့်ရှိသော နေရာများနှင့် သွားလာခွင့်မရှိသော နေရာများကို သေချာစွာ ရှင်းပြပေးနေသည်ကို အာရုံစိုက် နားထောင်နေလေတော့သည်။
အမွှေးတိုင်နှစ်တိုင်စာ အချိန်ခန့် ကြာမြင့်သွားပြီးနောက် ချွန်းယန်သည် ရှင်းဟွာစီသို့ ရောက်ရှိလာခဲ့ပြီး ထိုအချိန်တွင် နင်ဝေ့မှာလည်း နင်ရွှယ်နန်းဆောင်၏ နန်းတွင်းအစေခံဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးနေပြီ ဖြစ်လေသည်။
ချွန်းယန်က အမျိုးသမီးအရာရှိနှင့် လွှဲပြောင်းလက်ခံရေး ကိစ္စများကို ဆောင်ရွက်ပြီးစီးသွားသောအခါ သူမသည် နင်ဝေ့ကို ခေါ်ဆောင်သွားခဲ့ပေသည်။
"ငါတို့ရဲ့ သခင်မက ကြင်နာသနားတတ်ပေမဲ့ စည်းကမ်းမရှိတဲ့သူတော့ မဟုတ်ဘူး။ ညည်းနာမည်က နင်ဝေ့ ဆိုပါလား။ ဘာပဲဖြစ်နေပါစေ သခင်မရဲ့အရှေ့မှာ မရိုမသေတဲ့ အပြုအမူမျိုး လုံးဝမလုပ်မိစေနဲ့"
"ပြီးတော့ ဧကရာဇ်မင်းမြတ်က နင်ရွှယ်နန်းဆောင်ကို တစ်ရက် နှစ်ရက်နေရင် တစ်ခါလောက်တော့ ကြွလာတတ်တယ်။ ငါတို့သခင်မက ဧကရာဇ်မင်းမြတ်ကို အလုပ်အကျွေးပြုနေတဲ့အချိန်မှာ သူတို့ကို သွားပြီး အနှောင့်အယှက် မပေးမိစေဖို့ သေချာမှတ်ထား"
"ငါတို့သခင်မက မွန်းလွဲပိုင်းရောက်ရင် ကွေ့ဟွာမုန့်ကို စားသုံးလေ့ရှိတဲ့အတွက် အဲ့ဒါကို မနက်ပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားရမယ်"
"အခုလက်ရှိ ငါတို့ နင်ရွှယ်နန်းဆောင်ရဲ့ အကြီးမားဆုံး ရန်သူက ဟန်ကျိုးနန်းဆောင်ပဲ"
"ဟန်ကျိုးနန်းဆောင်က အစေခံမလေးတွေကို မြင်တဲ့အခါ အမြဲတမ်း သတိထားပြီး နိုးနိုးကြားကြား ရှိနေရမယ်။ ညည်းအနေနဲ့ သူတို့ကို ကွယ်ရာမှာ ဆဲဆိုတာပဲဖြစ်ဖြစ် ခနဲ့တဲ့တဲ့ ပြောဆိုတာပဲဖြစ်ဖြစ် လုပ်လို့ရပေမဲ့ အပေါ်ယံ ယဉ်ကျေးပြူငှာနေတဲ့ မျက်နှာဖုံးကိုတော့ ဘယ်တော့မှ ဆွဲခွာလို့ မရဘူးနော်။ အဲ့လိုမှ မဟုတ်ရင် မျက်နှာပျက်ပြီး အထက်အောက် မရိုမသေလုပ်သလို ဖြစ်သွားမှာက ငါတို့ပဲ ဖြစ်သွားလိမ့်မယ်။ ငါတို့ သခင်မအတွက် ပြဿနာမဖြစ်အောင် နေဖို့ကို သေချာမှတ်ထား"
"ငါပြောခဲ့တာတွေ အားလုံးကို နားလည်တယ်မလား"
ချွန်းယန်က နင်ဝေ့ကို နင်ရွှယ်နန်းဆောင်ဆီသို့ ခေါ်ဆောင်သွားရင်း လမ်းတစ်လျှောက်လုံးတွင် နင်ရွှယ်နန်းဆောင်၏ စည်းကမ်းချက်များကို ပြောပြနေခဲ့ခြင်း ဖြစ်ပေသည်။
"နားလည်ပါပြီ အစ်မချွန်းယန်" နင်ဝေ့က အလျင်အမြန် ခေါင်းညိတ်ပြလိုက်လေ၏။ "ညီမ အကုန်လုံးကို သေချာမှတ်ထားလိုက်ပါပြီ"
"အင်း" နင်ဝေ့၏ အနည်းငယ် ထိတ်လန့်ကြောက်ရွံ့နေဟန်ရှိသော အမူအရာလေးကို မြင်လိုက်ရသောအခါ ချွန်းယန်က ပြုံးလိုက်ပြီး နန်းတော်အတွင်းသို့ ယခုမှ ဝင်ရောက်လာသော ဤမိန်းကလေးငယ်သည် အတော်လေး ချစ်စရာကောင်းသည်ဟု တွေးတောလိုက်မိပေသည်။
"ငါတို့ ရောက်ပြီ... အရှေ့မှာမြင်နေရတာက နင်ရွှယ်နန်းဆောင်ပဲ။ ဧကရာဇ်မင်းမြတ်က ဒီည နင်ရွှယ်နန်းဆောင်ကို ကြွလာပြီး စံမြန်းလိမ့်မယ်။ မိုးမချုပ်ခင် ညည်းကို ငါတို့သခင်မရဲ့ အရှေ့ မြန်မြန်ခေါ်သွားပြီး မျက်နှာပြပေးရမယ်"
"ဟုတ်ကဲ့ပါ အစ်မ" နင်ဝေ့က အလျင်အမြန် နောက်မှ လိုက်ပါသွားလေ၏။
သို့သော်လည်း အကြောင်းရင်းကို ရေရေရာရာ မသိရပါဘဲ နင်ဝေ့က နင်ရွှယ်နန်းဆောင်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့လေသည်။
ဤခံစားချက်ကြီးက တကယ့်နဂါးစစ်စစ် တစ်ကောင်က သူမအား စိုက်ကြည့်နေသကဲ့သို့ပင် ဖြစ်ပေသည်။
နင်ဝေ့က ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သော်ငြား ကောင်းကင်ယံထက်တွင်မူ ခပ်ပါးပါး တိမ်လွှာလေးများနှင့် လေပြေလေညင်းလေးများသာ ရှိနေပြီး မည်သည့်အရာမျှ ထူးခြားနေခြင်း မရှိချေ။
အဆင်ပြေသွားမှာပါ နင်ဝေ့... အဆင်ပြေသွားမှာပါ။ နင်ဝေ့က စိတ်ထဲမှနေ၍ သူမကိုယ်သူမ ပြန်လည်နှစ်သိမ့်လိုက်လေ၏။
စိတ်ပူစရာ မလိုပါဘူး။ နင့်ဆီမှာ အစ်မစစ်လီ ယူဆောင်သွားတဲ့ ပုလဲမျိုး မရှိဘူးဆိုပေမဲ့ အထက်သုံးဆင့်က ကျင့်ကြံသူတွေရဲ့ အနားကို သွားမကပ်သရွေ့၊ ပြီးတော့ မှော်ပညာတွေကို ထုတ်မသုံးသရွေ့ ဘယ်သူကမှ နင့်ကို ရိပ်မိမှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် ကျိုးတိုင်းပြည် နန်းတော်ရဲ့ ပူဇော်ခံပညာရှင်ဆိုတာကလည်း ရွှေအမြူတေအဆင့်ရှိတဲ့ အမျိုးသမီးကျင့်ကြံသူ တစ်ယောက်တည်းပဲ ရှိတာလေ။
ကိုယ့်ကိုယ်ကိုယ် ကြောက်အောင် မလုပ်စမ်းပါနဲ့။ နင်ဝေ့က သူမ၏ ဖောင်းကြွနေသော ရင်အုံကို ခပ်ဖွဖွလေး ပုတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ အရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားလေတော့သည်။