အခန်း ၅၀၅
Vol. 51 Ch. 505
အခန်း (၅၀၅)
နင်ရွှယ်နန်းဆောင်အတွင်း လျှောက်လှမ်းသွားရင်း နင်ဝေ့သည် ဘယ်ညာဝဲယာသို့ ငေးမောကြည့်ရှုနေလေ၏။
နင်ရွှယ်နန်းဆောင်မှာ နင်ဝေ့ တွေးထင်ထားခဲ့သည်ထက် များစွာ ပိုမိုကျယ်ဝန်းကြီးမားလှပေသည်။
နင်ဝေ့၏ ခြေအောက်တွင်တော့ ကျောက်စရစ်ခဲများ ခင်းကျင်းထားသော လမ်းငယ်လေးတစ်ခု ရှိနေလေ၏။
မီးခိုးရောင်သန်းနေသော ကျောက်စရစ်ခဲဖြူလေးများကို ကျစ်ကျစ်လျစ်လျစ် စီစီရီရီ ခင်းကျင်းထားပြီး သူမ လျှောက်လှမ်းလိုက်သည့်အခါတိုင်း ခပ်သဲ့သဲ့ ပွတ်တိုက်သံလေးများသာ ထွက်ပေါ်လာခဲ့ပေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ပန်းပင်များနှင့် သစ်ပင်ငယ်များစွာ ပေါက်ရောက်နေကြပြီး အချို့မှာ မြင့်မားကာ အချို့မှာ နိမ့်သပ်နေကြ၏။ အချို့သောအပင်များတွင်မူ အရောင်ဖျော့ဖျော့ ပန်းပွင့်သေးသေးလေးများ ဖူးပွင့်ဝေဆာနေကြလေသည်။
ခြံဝင်းအတွင်း၌ ကျောက်တောင်တုအနည်းငယ်ကို နေရာအနှံ့အပြားတွင် တွေ့မြင်ရပြီး ၎င်းတို့၏ ကျောက်သားမျက်နှာပြင်များထက်၌ ရေညှိများ ဖုံးလွှမ်းနေကာ ကာလကြာရှည်စွာ တည်ရှိနေခဲ့ပြီဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ ရှိပေသည်။
ကြောင်ပေါက်လေးတစ်ကောင်က ကျောက်တောင်တုတစ်ခု၏ နောက်ကွယ်မှ ထွက်ပေါ်လာပြီး လိပ်ပြာဖြူလေးတစ်ကောင်ကို ရပ်လိုက်ပြေးလိုက်ဖြင့် လိုက်လံဖမ်းဆီးနေလေ၏။
လိပ်ပြာလေးက အနည်းငယ် မြင့်မြင့်ပျံသန်းသွားသောအခါ ကြောင်လေးက နောက်ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်ကာ လှမ်းဖမ်းရန် ကြိုးစားလေသည်။ ဖမ်းမမိသည့်တိုင် စိတ်ပျက်ဒေါသထွက်သွားခြင်း မရှိဘဲ ဦးတည်ရာကိုသာ ပြောင်းလဲကာ ဆက်လက်နောက်ယောင်ခံ လိုက်နေတော့သည်။
အထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသောအခါ ရေကန်ငယ်လေးတစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။
ရေက အလွန်အမင်း နက်ရှိုင်းခြင်းမရှိဘဲ အောက်ခြေရှိ ကျောက်စရစ်ခဲများကို ထင်ရှားစွာ မြင်တွေ့နေရကာ အနီနှင့်အဖြူရောင်စပ်နေသော ငါးလေးအချို့က ဖြည်းညင်းစွာ ကူးခတ်နေကြပေသည်။
လိမ္မော်ရောင်ကြောင်ကြီးတစ်ကောင်က ရေကန်ဘေးတွင် ဝပ်နေပြီး ၎င်း၏ ရှေ့လက်နှစ်ဖက်ကို စုထားကာ အမြီးဖျားလေးဖြင့် မြေပြင်ကို ခပ်ဖွဖွလေး ရိုက်ခတ်ရင်း ရေထဲသို့ စူးစိုက်ကြည့်ရှုနေလေ၏။
လောကီမင်းဆက်များ၏ နန်းတွင်းမောင်းမဆောင်များနှင့် ပတ်သက်၍ နင်ဝေ့မှာ အမြဲတမ်း သိချင်စိတ် ပြင်းပြနေခဲ့ဖူးပေသည်။
သူမက ဝတ္ထုစာအုပ်များစွာကို ဖတ်ရှုခဲ့ဖူးပြီး နန်းတွင်းမောင်းမဆောင်များ၌ မျက်နှာသာပေးခံရမှု အပြိုင်အဆိုင်အတွက် လူများက မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲကြကြောင်း ကြားသိခဲ့ဖူးလေသည်။ အချို့ဆိုလျှင် ဧကရာဇ်မင်းမြတ်၏ ချစ်ခင်မြတ်နိုးမှုကို ရရှိရန်အတွက် မိမိကိုယ်ပိုင် သားသမီးများကိုပင် အန္တရာယ်ပြုရဲကြပြီးနောက် အခြားသော မိဖုရားများအပေါ် အပြစ်ပုံချကာ လုပ်ကြံတတ်ကြသည်ဟု ဆိုကြပေ၏။
ထို့ကြောင့် နင်ဝေ့၏ အမြင်တွင် နန်းတွင်းမောင်းမဆောင်ဆိုသည်မှာ အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှုများပြားကာ အထက်တန်းစား မိဖုရားတိုင်း၏ နန်းဆောင်များက အလွန်တရာ အထီးကျန်ဆန်ပြီး ခြောက်ကပ်နေရမည်ဟု ထင်မှတ်ထားခဲ့မိလေသည်။
သို့သော်လည်း ယခု နန်းတွင်းမောင်းမဆောင်မှာ သူမ တွေးထင်ထားခဲ့သည်များနှင့် ကွဲပြားခြားနားနေကြောင်း နင်ဝေ့ တွေ့ရှိလိုက်ရပေသည်။
နင်ရွှယ်နန်းဆောင်မှ နန်းတွင်းအစေခံမလေးများသည် အလွန်အမင်း သက်တောင့်သက်သာရှိစွာဖြင့် စကားပြောဆို ရယ်မောနေကြပြီး နန်းဆောင်တစ်ခုလုံး၌ ငှက်ကလေးများ တေးသီကျူးနေသကဲ့သို့ သက်ဝင်လှုပ်ရှားနေသော လေထုမျိုး လွှမ်းခြုံနေလေ၏။
မည်သို့ပင်ဖြစ်စေ သူတို့က ချွန်းယန်၏အနီးမှ ဖြတ်သွားသောအခါများတွင်တော့ သူတို့၏ အပြုံးများကို ရုပ်သိမ်းလိုက်ကြပြီး အနည်းငယ် ဦးညွှတ်ကာ အစ်မချွန်းယန် ဟု နှုတ်ဆက်လေ့ရှိကြပေသည်။
သူမကို နင်ရွှယ်နန်းဆောင်သို့ ခေါ်ဆောင်လာခဲ့သော ချွန်းယန် အမည်ရှိ နန်းတွင်းအစေခံမလေးသည် အမှန်တကယ်ပင် အဆင့်အတန်းမြင့်မားသူတစ်ဦး ဖြစ်ကြောင်းကိုလည်း နင်ဝေ့ သဘောပေါက်သွားခဲ့လေသည်။
ထို့အပြင် သူမက ရွှယ်မိဖုရား၏ ကိုယ်စား နင်ရွှယ်နန်းဆောင်ကို စီမံအုပ်ချုပ်နေသူဖြစ်ပြီး အတော်လေး တင်းကျပ်ပြတ်သားသူလည်း ဖြစ်ရပေမည်။
ထိုသို့မှမဟုတ်လျှင် ဤနန်းတွင်းအစေခံမလေးများက ချွန်းယန်ကို ဤမျှလောက် ကြောက်ရွံ့နေကြမည် မဟုတ်ချေ။
"ဒါက ငါတို့ရဲ့ နင်ရွှယ်နန်းဆောင်ပဲ" ချွန်းယန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်လေ၏။ "ဒီခြံဝင်းကို ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အတည်ပြုပေးခဲ့တာလို့ ငါ ကြားဖူးတယ်။ ငါတို့သခင်မလေးကို ပိုပြီး သက်တောင့်သက်သာရှိစေဖို့အတွက် ယန်အိမ်တော်က အပြင်အဆင်တချို့ကို ဒီမှာ အတုယူပြီး ဖန်တီးပေးထားတာတဲ့"
"ဧကရာဇ်မင်းမြတ်က သခင်မလေးအပေါ် တကယ်ကို ကောင်းတာပဲနော်" နင်ဝေ့က ချွန်းယန်၏ စကားကို ထောက်ခံလိုက်သော်ငြား သူမ၏ ရင်ထဲတွင်လည်း အမှန်တကယ်ပင် ထိုသို့ တွေးတောမိနေပေသည်။
"ဟုတ်တယ်... ဟုတ်တယ်... ဧကရာဇ်မင်းမြတ်က ငါတို့သခင်မလေးအပေါ် အလွန်ကောင်းပါတယ်" ချွန်းယန်က အလျင်အမြန် ခေါင်းညိတ်လိုက်သော်လည်း မကြာမီမှာပင် နှုတ်ခမ်းကို ဆူချွန်လိုက်လေ၏။
"မူလက ဧကရာဇ်မင်းမြတ်နဲ့ ငါတို့သခင်မလေးက နတ်ဖက်တဲ့စုံတွဲလို လိုက်ဖက်ညီလွန်းလှတာ... ဒါပေမဲ့ ချင်တိုင်းပြည်ရဲ့ သက်တော်အကြီးဆုံးမင်းသမီးက လမ်းတစ်ဝက်မှာ ရုတ်တရက်ကြီး ပေါ်ထွက်လာလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမိမှာလဲ"
ထိုသို့ပြောဆိုနေရင်း ချွန်းယန်က မကျေမနပ်ဖြင့် အကြိမ်အနည်းငယ် နှာမှုတ်လိုက်လေသည်။
"အဲ့ဒီ ချင်တိုင်းပြည်ရဲ့ သက်တော်အကြီးဆုံးမင်းသမီးသာ မရှိခဲ့ရင် ငါတို့သခင်မလေးက မိဖုရားခေါင်ကြီး ဖြစ်နေတာ ကြာလှပေါ့"
"ဒါပေမဲ့ ရပါတယ်လေ... ငါတို့သခင်မလေးက ဟန်ကျိုးနန်းဆောင်က မုမိဖုရားထက်အရင် မင်းသားလေးတစ်ပါးကို ဖွားမြင်နိုင်မယ်ဆိုရင် မိဖုရားခေါင်ကြီး ဖြစ်လာဦးမှာပါပဲ"
"အင်း... ညီမလည်း အဲ့ဒီလိုပဲ ထင်ပါတယ် အစ်မ"
ချွန်းယန်၏ စကားများကို နားထောင်ရင်း နင်ဝေ့မှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ရွှယ်မိဖုရားနှင့်အတူ ဂုဏ်ယူဝင့်ကြွားနေမိသလိုမျိုးပင် ခံစားလိုက်ရလေ၏။
ဒီလိုမျိုးမှသာ ပိုပြီး သဘာဝကျတာပေါ့ ဟု နင်ဝေ့ တွေးတောမိလိုက်ပေသည်။
ဒါက စာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ မျက်နှာသာပေးခံရဖို့ အပြိုင်အဆိုင်လုပ်တာမျိုးပဲ။ မိဖုရားခေါင်ကြီး နေရာအတွက် အားပြိုင်ကြတယ်ဆိုတာ အတိအကျကို ဒီလိုမျိုး ဖြစ်နေရမှာပေါ့...။
"ဒီအကြောင်းတွေ ဆက်မပြောကြတော့ဘူး။ မြန်မြန်လုပ်... သခင်မလေး မကြာခဏ စာဖတ်လေ့ရှိတဲ့ ခြံဝင်းငယ်လေးက အရှေ့နားလေးတင်ပဲ" ချွန်းယန်က အလျင်စလို တိုက်တွန်းလိုက်လေ၏။
"ဟုတ်ကဲ့" နင်ဝေ့သည် ချွန်းယန်၏ နောက်မှလိုက်ပါရင်း ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လှမ်းလိုက်ပေသည်။
မကြာမီမှာပင် နင်ဝေ့သည် နင်ရွှယ်နန်းဆောင်အတွင်းရှိ ခြံဝင်းတစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေသည်။
ထိုခြံဝင်းအတွင်း၌ အရောင်အသွေးစုံလင်သော ပန်းမျိုးစုံတို့က ဖူးပွင့်ဝေဆာနေကြ၏။
ခြံဝင်း၏ အလယ်ဗဟိုတွင် အမျိုးသမီးတစ်ဦးက စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားပြီး စာမျက်နှာများကို ညင်သာစွာ လှန်လှောနေပေသည်။
ကျိုးတိုင်းပြည်၏ ဤအထက်တန်းစား မိဖုရားကို မြင်တွေ့လိုက်ရသောအခါ နင်ဝေ့၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလိုပင် ငေးမောကြောင်အသွားခဲ့လေတော့သည်။
ထိုအမျိုးသမီးသည် အသေးစိတ်ရေးဆွဲထားသော မိန်းမပျိုလေးတစ်ဦး၏ ပန်းချီကားချပ်အသစ်လေး တစ်ချပ်အလား ထိုနေရာတွင် ထိုင်နေလေ၏။
သူမ၏ လရောင်လို ဖြူဝေးနေသော နန်းတွင်းဝတ်ရုံက နေရောင်ခြည်အောက်တွင် ခပ်သဲ့သဲ့ တောက်ပနေပြီး ၎င်းအပေါ်တွင် ငွေရောင်ပိုးခြည်များဖြင့် ချယ်ယ်ထားသော မက်မွန်ပန်းပွင့်လေးများက အလှဆင်ထားပေသည်။
ဝတ်ရုံကော်လာများ ထပ်နေသော နေရာမှ လည်တိုင်တစ်စိတ်တစ်ဒေသက ပေါ်လွင်နေပြီး ကျောက်စိမ်းဆီကဲ့သို့ ချောမွတ်နေကာ ခပ်ဖျော့ဖျော့ နှင်းဆီရောင်သန်းနေသဖြင့် ခပ်ဖွဖွလေး ထိလိုက်ရုံဖြင့်ပင် အနီရောင်အရာလေး ထင်ကျန်ရစ်ခဲ့တော့မည့်အလား ထင်မှတ်ရလေသည်။
သူမ၏ စကတ်က ကျောက်သားထိုင်ခုံပေါ်တွင် ဖြန့်ကြက်ချထားပြီး စုပုံနေသော တိမ်တိုက်များအလား အထပ်ထပ်ဖြစ်နေကာ သူမ၏ ခါးထက်တွင် ဝတ်ရုံနှင့် လိုက်ဖက်ညီသော နန်းတွင်းခါးပတ်ကြိုးကို ချည်နှောင်ထားပြီး ၎င်းအပေါ်တွင် ငြိမ်သက်နေသော မြစိမ်းရောင် ကျောက်စိမ်းဆွဲပြားလေးကို အလှဆင် ချိတ်ဆွဲထားပေသည်။
ရွှယ်မိဖုရားက စာဖတ်ရန်အတွက် ခေါင်းကို အနည်းငယ် ငုံ့ထားသဖြင့် သူမ၏ မျက်နှာဘေးတိုက် မြင်ကွင်းတစ်ဝက်ကို မြင်တွေ့နေရလေ၏။
မိုးမခရွက်အလား သွယ်လျသော မျက်ခုံးလေးများက အဝေးမှ မှုန်ဝါးဝါး တောင်တန်းများအလား မိတ်ကပ်မပါဘဲ သဘာဝအတိုင်း နက်မှောင်နေကြသည်။ သူမ၏ မျက်တောင်ကော့လေးများက အောက်ဘက်သို့ အရိပ်များ ကျဆင်းနေစေပြီး အနားယူနေသော လိပ်ပြာတောင်ပံနှစ်စုံနှင့်တူကာ စာအုပ်၏ စိတ်ဝင်စားဖွယ်ကောင်းသော အပိုင်းသို့ ရောက်ရှိသွားသည့်အလား ရံဖန်ရံခါတွင် ခပ်ဖွဖွလေး တုန်ခါသွားတတ်ပေသည်။
အောက်ဘက်သို့ ထပ်မံကြည့်ရှုလိုက်သောအခါ အမျိုးသမီး၏ နှာတံလေးက ကျော့ရှင်းဖြောင့်စင်းနေပြီး သူမ၏ နှုတ်ခမ်းလေးများက သဘာဝအတိုင်း ချယ်ရီရောင်ဖျော့ဖျော့လေး သန်းနေကာ နှုတ်ခမ်းနီ မဆိုးထားသည့်တိုင်အောင် နူးညံ့စိုစွတ်သော အလှတရားကို ပိုင်ဆိုင်ထားလေသည်။
သူမက စာလိပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်ကို သူမ၏ ဒူးခေါင်းပေါ်တွင် ညင်သာစွာ တင်ထားကာ လက်ချောင်းဖျားလေးများက အနည်းငယ် ကွေးညွတ်နေသဖြင့် စာမျက်နှာများကို လှန်လှောနေသော စည်းချက်ကို ထိန်းသိမ်းထားဆဲဖြစ်သည့်အလား ထင်မှတ်ရပေ၏။
နင်ဝေ့၏ အမြင်တွင် အစ်မဝမ်ရှင်းနှင့် အစ်မယွင်ဝေ့တို့မှာ အလုံအလောက် လှပချောမောနေကြပြီ ဖြစ်သည်။
သို့သော်လည်း သူမ၏အရှေ့ရှိ ရွှယ်မိဖုရားကတော့ နင်ဝေ့ စိတ်ကူးယဉ်ထားသည့် အလှတရား၏ ပြည့်စုံမှုပုံရိပ် အစစ်အမှန်တစ်ခုအဖြစ် ထင်ဟပ်နေလေတော့သည်။
"သခင်မလေး... ဒီကောင်မလေးက အစ်မနင်ဝေ့ပါ။ သခင်မလေးကို အလုပ်အကျွေးပြုဖို့ သခင်ကြီးက နန်းတော်ထဲ လွှတ်လိုက်တဲ့သူပါ" ချွန်းယန်က ဘိုင်ရုရွှယ်၏ အနီးသို့ လျှောက်သွားကာ ဦးညွှတ်ရင်း ပြောဆိုလိုက်ပေသည်။
နင်ဝေ့ကလည်း အလျင်စလို ဦးညွှတ်လိုက်လေ၏။ "ကျွန်တော်မျိုးမ ရွှယ်မိဖုရားကို အရိုအသေပေးပါတယ်ရှင်"
"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... မတ်တတ်ရပ်လိုက်ပါ"
ဘိုင်ရုရွှယ်က သူမ၏ စာအုပ်ကို အောက်သို့ချလိုက်ပြီး မျက်လုံးများကိုပင့်ကာ သူတို့နှစ်ဦးကို ကြည့်ရှုလိုက်လေသည်။
သူမ ခေါင်းကို မော့လိုက်ပြီး ကျောကို မတ်လိုက်သောအခါ သူမ၏ နန်းတွင်းဝတ်ရုံ၏ ရင်ဘတ်ပိုင်းက ပိုမိုပြည့်ဖြိုးလာဟန်ရှိပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ပိုးသားများက တင်းရင်းပြည့်ဖြိုးသော ကောက်ကြောင်းအလှအဖြစ် ဆွဲဆန့်သွားကာ သူမ၏ ပေါင်ပေါ်ရှိ စာမျက်နှာများနှင့် ခြေထောက်ရှိ ကြာပန်းထိုး ဖိနပ်လေးများကို ဖုံးကွယ်သွားစေခဲ့ပေ၏။
"ကျေးဇူးတင်ပါတယ် မိဖုရားရှင်"
နင်ဝေ့က မတ်တတ်ရပ်လိုက်ပြီး ခေါင်းကိုမော့လိုက်ချိန်တွင် ဤအလွန်အမင်း လှပလွန်းလှသော မိဖုရားကို နောက်တစ်ကြိမ် ခိုးကြည့်လိုက်မိပြန်သည်။
ဤကဲ့သို့သော နတ်မိမယ်တစ်ပါးက နိုင်ငံငယ်လေးတစ်ခုရှိ မိဖုရားတစ်ပါးမျှသာ ဖြစ်နေသည်ဆိုခြင်းကို သူမ ခဲယဉ်းစွာဖြင့်သာ စိတ်ကူးယဉ်ကြည့်နိုင်တော့သည်။
ကျိုးတိုင်းပြည်ရဲ့ ဧကရာဇ်ကတော့ ကံကောင်းလွန်းတာပဲ...။
"ညည်းကို ယန်အိမ်တော်ကနေ လွှတ်လိုက်တာလား" ဘိုင်ရုရွှယ်က အပြုံးလေးဖြင့် မေးမြန်းလိုက်လေ၏။
"ဟုတ်ပါတယ် မိဖုရားရှင်" နင်ဝေ့က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှင်းပြလိုက်ပေသည်။
"ကျွန်တော်မျိုးမက အရင်တုန်းက ဧကရာဇ်မြို့တော်မှာ အလုပ်တစ်ခု ရှာချင်ခဲ့တာပါ။ ကျွန်တော်မျိုးမက သခင်လေးတော်ကြီးဝမ်ရှင်းနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့အတွက် သခင်လေးတော်ကြီးက သခင်ကြီးယန်ဆီကို မိတ်ဆက်စာလေး တစ်စောင် ရေးပေးခဲ့လို့ ကျွန်တော်မျိုးမ မိဖုရားကို အလုပ်အကျွေးပြုဖို့ နန်းတော်ထဲ ဝင်ခွင့်ရခဲ့တာပါရှင်"
"ဪ... ဟုတ်လား။ အဲ့ဒါက တကယ်ကို ကောင်းတာပဲ" ဘိုင်ရုရွှယ်က ခေါင်းညိတ်လိုက်ပြီး ကြင်နာစွာဖြင့် ပြုံးလိုက်လေသည်။
"သခင်လေးတော်ကြီးဝမ်ရှင်းရဲ့ နာမည်ကို ငါလည်း ကြားဖူးပါတယ်။ ညည်းက သူနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီး သူကိုယ်တိုင်က ညည်းကို နန်းတော်ထဲဝင်ဖို့ ထောက်ခံပေးတယ်ဆိုမှတော့ ညည်းရဲ့ စိတ်နေသဘောထားက လက်ခံနိုင်စရာ ရှိတယ်ဆိုတာ ပြသနေတာပဲ"
"ဒီနေ့ကစပြီး နန်းတော်ထဲမှာ အလုပ်ကို သေသေချာချာ ကြိုးစားလုပ်ပါ။ ငါ့ရဲ့ နန်းဆောင်မှာက စည်းကမ်းချက် သိပ်အများကြီး မရှိတဲ့အတွက် ညည်းအနေနဲ့ အလွန်အမင်း ဖိအားပေး ချုပ်ချယ်ခံထားရသလိုမျိုး နေစရာ မလိုပါဘူး"
"ဟုတ်ကဲ့ပါ မိဖုရားရှင်" နင်ဝေ့က ခေါင်းကိုငုံ့ထားလျက် ပြန်လည်ဖြေကြားလိုက်လေ၏။
"ကောင်းပြီ... ချွန်းယန်... နင်ဝေ့ကို အောက်ခေါ်သွားလိုက်တော့။ အခုချိန်ကစပြီး သူ့ကို သေချာသင်ကြားပေးဖို့က ညည်းရဲ့ တာဝန်ပဲနော်" ဘိုင်ရုရွှယ်က ချွန်းယန်ကို ညွှန်ကြားလိုက်ပေသည်။
"ဟုတ်ကဲ့ပါ သခင်မလေး" ချွန်းယန်က ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် နင်ဝေ့ကို ခေါ်ဆောင်သွားလေတော့သည်။
ထွက်ခွာသွားသော နင်ဝေ့၏ သွယ်လျသည့် ကျောပြင်လေးကို ကြည့်ရှုရင်း ဘိုင်ရုရွှယ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားခဲ့လေ၏။
"သန္ဓေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူလေး... ပြီးတော့ သူက အနောက်ဘက်ဒေသက အဲ့ဒီ ဝမ်ရှင်းဆိုတဲ့သူနဲ့လည်း ရင်းနှီးကျွမ်းဝင်မှု ရှိနေတယ်ပေါ့လေ..."
"ဒီကိစ္စက တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာ ကောင်းလာပြီပဲ"