အခန်း ၅၀၆
Vol. 51 Ch. 506
အခန်း (၅၀၆)
နင်ဝေ့သည် ချွန်းယန်နှင့်အတူ ထွက်ခွာသွားပြီးနောက် ဘိုင်ရုရွှယ်၏ အိပ်ဆောင်တော်သို့ သွားရောက်ကာ ရှင်းလင်းသပ်ရပ်ရေးကို ကူညီလုပ်ဆောင်ပေးနေလေ၏။
"အရင်တုန်းကဆို ငါတို့သခင်မလေးရဲ့ အခန်းကို ငါတစ်ယောက်တည်းပဲ ရှင်းလင်းပေးခွင့် ရှိခဲ့တာ"
"ဘာပဲဖြစ်ဖြစ် ငါက သခင်မလေးနောက်ကို လိုက်ပါအမှုထမ်းလာခဲ့တာ ဆယ်နှစ်တောင် ကျော်နေပြီလေ။ တခြားနန်းတွင်းအစေခံမလေးတွေကိုကျတော့ ငါက မယုံကြည်ရဲဘူး။ ငါတို့နင်ရွှယ်နန်းဆောင်က အစေခံမလေးတွေထဲမှာ ဟန်ကျိုးနန်းဆောင်က လာဘ်ထိုးထားတဲ့သူ သေချာပေါက် ပါနေမယ်လို့ ငါ အမြဲတမ်း ခံစားနေရတယ်။ တကယ်လို့ သခင်မလေး ကိုယ်ဝန်ဆောင်လာတဲ့အခါ တစ်ယောက်ယောက်ကများ နံ့သာတွေကို ခိုးပြီးထည့်ထားလိုက်မယ်ဆိုရင် အကုန်လုံး ပျက်စီးသွားလိမ့်မယ်"
"ဒါပေမဲ့ အခုကစပြီး နင်ရွှယ်နန်းဆောင်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ညည်းက ငါ့ကို ကူညီပေးလို့ ရသွားပြီ။ ဘာပဲဖြစ်ဖြစ် ညည်းက ငါတို့ရဲ့ယန်အိမ်တော်ကနေ လွှတ်လိုက်တဲ့သူဆိုတော့ သခင်မလေးကိုယ်တိုင်ကလည်း ညည်းရဲ့ စိတ်နေသဘောထား ကောင်းမွန်တယ်လို့ ပြောထားတော့ ငါ ညည်းကို ယုံကြည်တယ်"
"ဒီနေ့ကစပြီး တခြားနန်းတွင်းအစေခံမလေးတွေနဲ့မတူဘဲ ငါတို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေ ဖြစ်သွားပြီ... နားလည်တယ်မလား"
အခန်းကို ရှင်းလင်းနေရင်းဖြင့် ချွန်းယန်က နင်ဝေ့အား ပြောဆိုလိုက်ပေသည်။
နင်ဝေ့က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး "နားလည်ပါပြီ အစ်မချွန်းယန်... ဒါပေမဲ့ အစ်မချွန်းယန်..."
နင်ဝေ့က အခန်းအတွင်း ဘယ်ညာလှည့်ပတ်ကြည့်ရှုလိုက်ပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။ "ရွှယ်မိဖုရားရဲ့ အိပ်ဆောင်တော်က တကယ်ကို သန့်ရှင်းသပ်ရပ်နေတာပဲနော်။ ဘာမှ ရှင်းလင်းစရာတောင် မကျန်တော့သလိုပဲ"
အခန်းတွင်း၌ အလွန်အမင်း သန့်ရှင်းသပ်ရပ်နေပေသည်။ မည်သည့်အရာကိုမျှ ရှင်းလင်းရန် မလိုအပ်တော့ဟု နင်ဝေ့ ခံစားလိုက်ရပြီး လေထုထဲတွင်ပင် သင်းပျံ့သော မွှေးရနံ့လေးတစ်ခုက လွင့်မျောနေလေ၏။
ဤသည်က မိတ်ကပ်နံ့သာရနံ့ မဟုတ်ပေ။
ရွှယ်မိဖုရား၏ ကိုယ်ခန္ဓာထံမှ သဘာဝအတိုင်း ထွက်ပေါ်နေသော ကိုယ်သင်းရနံ့လေးသာ ဖြစ်ပေသည်။
"အဲ့ဒါကလေ... တကယ်တမ်းပြောရရင် တစ်ခါတလေကျ ငါတို့သခင်မလေးက အရှင်သခင်တစ်ယောက်လို မနေဘူးလို့တောင် ငါ ခံစားရတယ်"
လက်ဖက်ခြောက်များကို လဲလှယ်ပေးနေသော ချွန်းယန်က ပါးစပ်ကို ပူဖောင်းလေးလို လုပ်လိုက်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
"သခင်မလေးက ငယ်ငယ်လေးကတည်းက အလုပ်တော်တော်များများကို သူ့ဘာသာသူပဲ လုပ်လေ့ရှိတာ... ပြီးတော့ သိပ်ကို သေသပ်လွန်းတယ်။ အိမ်မှုကိစ္စပေါင်းစုံကို အကြိမ်ရေ မရေတွက်နိုင်အောင် လုပ်ဖူးခဲ့တဲ့သူတစ်ယောက်လိုပဲ"
"အခုချိန်ထိတောင် လက်ဖက်ခြောက် လဲတာတွေ၊ စားပွဲခုံကို ရိုးရိုးရှင်းရှင်း သုတ်သင်တာမျိုးတွေကို သခင်မလေးက ငါတို့လုပ်ဖို့ တမင်သက်သက် ချန်ထားပေးခဲ့တာ။ ငါတို့တွေ အလုပ်မရှိဖြစ်ပြီး တခြားသူတွေရဲ့ အတင်းအဖျင်းပြောတာ ခံရမှာကို စိုးရိမ်လို့လေ။ ဒါကြောင့် ညည်းက လက်သွက်ခြေသွက်နဲ့ ဝီရိယရှိရမယ်။ အလုပ်တချို့ကို သခင်မလေးကိုယ်တိုင် မလုပ်ခင် ငါတို့က အလုအယက် အရင်လုပ်ရမယ်ဆိုတာ နားလည်တယ်မလား"
"နားလည်ပါပြီ"
နင်ဝေ့က ခေါင်းညိတ်ပြလိုက်စဉ် စောစောက အလွန်တရာ လှပချောမောလွန်းလှသော အမျိုးသမီး၏ ပုံရိပ်လေးက သူမ၏ စိတ်အာရုံထဲတွင် တစ်ဖန် ပြန်လည်ပေါ်လာခဲ့ပေ၏။
သူက တကယ်ကို လှပလွန်းတာပဲ...
"အစ်မချွန်းယန်... ဧကရာဇ်မင်းမြတ် ရောက်လာတော့မယ်"
ချွန်းယန်က နင်ဝေ့အား အလုပ်အကိုင်များကို သင်ကြားပြသပေးနေစဉ်မှာပင် နန်းတွင်းအစေခံမလေးတစ်ယောက်က ပြေးဝင်လာပြီး အလောတကြီး အော်ဟစ်လိုက်လေသည်။
"မြန်မြန်... ဧကရာဇ်မင်းမြတ်ကို ကြိုဆိုဖို့ ငါ့နောက်ကို လိုက်ခဲ့"
ချွန်းယန်က စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်များကို အလျင်အမြန် စီစဉ်လိုက်ပြီးနောက် နင်ဝေ့အား နင်ရွှယ်နန်းဆောင်၏ အဝင်ဝဆီသို့ ခေါ်ဆောင်သွားလေတော့သည်။
နင်ဝေ့သည် ချွန်းယန်၏အနီးတွင် ခေါင်းကိုငုံ့လျက် ရပ်နေပြီး ကျိုးတိုင်းပြည်ရဲ့ဧကရာဇ် ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေပေသည်။
ဤအခိုက်အတန့်တွင် နင်ဝေ့၏ ရင်ထဲ၌ တဖြည်းဖြည်းနှင့် ထိတ်လန့်စိုးရိမ်မှုများ မြင့်တက်လာခဲ့ချေပြီ။
ကျိုးတိုင်းပြည်ရဲ့ဧကရာဇ်ကို တွေ့မြင်ခွင့်ရရန် အချိန်အနည်းငယ် ကြာမြင့်ဦးမည်ဟု မူလက သူမ တွေးထင်ထားခဲ့မိလေ၏။
သို့သော်လည်း ဤမျှ မြန်မြန်ဆန်ဆန် တွေ့မြင်ရလိမ့်မည်ဟု သူမ တစ်ခါမျှ မမျှော်လင့်ထားခဲ့မိချေ။
"ဧကရာဇ်မင်းမြတ် ကြွချီလာပါပြီ"
အသံတစ်သံ ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် ကျိုးတိုင်းပြည်ရဲ့ဧကရာဇ်သည် နင်ရွှယ်နန်းဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
နင်ရွှယ်နန်းဆောင်မှ နန်းတွင်းအစေခံမလေးများအားလုံးက ဒူးညွှတ်အရိုအသေပေးလိုက်ကြပြီး "ကျွန်တော်မျိုးမတို့ ဧကရာဇ်မင်းမြတ်ကို ကြိုဆိုပါတယ်ရှင်" ဟု တစ်ခဲနက် ကြွေးကြော်လိုက်ကြပေ၏။
"ယဉ်ကျေးနေစရာ မလိုပါဘူး... အားလုံး မတ်တတ်ရပ်ကြပါ" ရှောင်မိုက ပြောဆိုလိုက်လေသည်။
ရှောင်မို၏ ရင်းနှီးကျွမ်းဝင်နေသော အသံက နင်ဝေ့၏ နားထဲသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူမသည် ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး သူမ၏ အရှေ့မှ အမျိုးသားကို ကြည့်ရှုလိုက်လေတော့သည်။
"အစ်ကိုရှောင်..."
ရှောင်မို၏ မျက်နှာဘေးတိုက်မြင်ကွင်းကို ကြည့်ရှုရင်း နင်ဝေ့မှာ ရင်ထဲမှနေ၍ အသံတိတ် အော်ဟစ်လိုက်မိပေသည်။
နင်ဝေ့၏ မျက်ဝန်းများက လှုပ်ရှားတုန်ခါသွားပြီး သူမ၏ နှလုံးခုန်နှုန်းများကလည်း ဆက်တိုက်ဆိုသလို မြန်ဆန်လာခဲ့ချေပြီ။
ကျိုးတိုင်းပြည်ရဲ့ နန်းတော်ကြီးထဲမှာ အစ်ကိုရှောင်ကို အမှန်တကယ် ပြန်တွေ့ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။
လွန်ခဲ့သော နှစ်တစ်ထောင်က အချိန်များနှင့် နှိုင်းယှဉ်လိုက်လျှင် အစ်ကိုရှောင်က အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိသေးချေ။
ယခင်က အစ်ကိုရှောင်သည် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့သောကြောင့် ကြီးမားလေးလံသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ဆောင်ကြဉ်းထားခဲ့ရသော်လည်း ယခုအခါတွင်မူ အစ်ကိုရှောင်၏ ထံမှ ခပ်သဲ့သဲ့ ဓားချီအငွေ့အသက်များ ထွက်ပေါ်နေပြီး စာပေပညာရှင်တစ်ဦး၏ သိမ်မွေ့သော ရောင်ဝါမျိုးကိုလည်း ပိုင်ဆိုင်ထားပုံရလေ၏။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ အစ်ကိုရှောင်သည် အစ်ကိုရှောင်သာလျှင် ဖြစ်သည်။ သူက ဘယ်တုန်းကမှ ပြောင်းလဲမသွားခဲ့ပေ။
နင်ဝေ့တစ်ယောက် ရှောင်မိုအား စိုက်ကြည့်နေစဉ်မှာပင် ရှောင်မို၏ အနောက်မှ လိုက်ပါလာသော စစ်လီက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး နင်ဝေ့ရှိရာဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
တစ်စုံတစ်ယောက်က သူမအား စောင့်ကြည့်နေကြောင်း အာရုံခံမိလိုက်သဖြင့် နင်ဝေ့ကလည်း စစ်လီကို ပြန်လည်ကြည့်ရှုလိုက်ပေ၏။
"အစ်မစစ်လီ..."
နင်ဝေ့မှာ တစ်ဖန် ထိတ်လန့်အံ့သြသွားခဲ့ပြန်သည်။
ထင်ထားတဲ့အတိုင်းပဲ...
အစ်မစစ်လီက နန်းတော်ထဲမှာ တကယ်ရှိနေတာပဲ။
အစ်မစစ်လီက ရုပ်ဖျက်ပညာရပ်ကို သုံးပြီး သူမ၏ မျက်နှာသွင်ပြင်ကို ပြောင်းလဲထားသည့်တိုင်အောင် နင်ဝေ့က သူမကို မှတ်မိနေဆဲပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ဘယ်ဘက်လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော လက်ကောက်လေးသည် လွန်ခဲ့သော အချိန်များက အစ်မစစ်လီကို သူမ ပေးခဲ့ဖူးသော မွေးနေ့လက်ဆောင် ဖြစ်နေသောကြောင့်ပင်တည်း။
အစ်မစစ်လီက အစ်ကိုရှောင်ရဲ့ ကိုယ်ပိုင်အစေခံမလေး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမိမှာလဲ။
အစ်မယွင်ဝေ့ ပြောတာ တကယ် မှန်နေခဲ့တာပဲ။
ရက်တွေ ဒီလောက်တောင် ကြာသွားခဲ့တာတောင်မှ အစ်မစစ်လီက အစ်ကိုရှောင်ရဲ့ ဘေးနားမှာ ရှိနေလျက်နဲ့ အစ်မယွင်ဝေ့ကို အစ်ကိုရှောင့်ကို မတွေ့သေးပါဘူးလို့ ဆက်ပြီး လိမ်ညာနေခဲ့တာကိုး။
ဒီအဓိပ္ပာယ်က အစ်မစစ်လီအနေနဲ့ အစ်ကိုရှောင့်ကို သူ့တစ်ယောက်တည်းအတွက်ပဲ သိမ်းပိုက်ထားချင်နေတာ အသေအချာပဲ။
ကျိုးတိုင်းပြည် နန်းတော်အတွင်းသို့ နင်ဝေ့ ရောက်ရှိနေသည်ကို မြင်လိုက်ရသောအခါ စစ်လီသည်လည်း အလွန်အမင်း အံ့သြသွားခဲ့ပေသည်။
သို့သော်လည်း သူမက အလျင်အမြန်ပင် လက်ကောက်ဝတ်ကို လျှို့ဝှက်စွာ မြှောက်လိုက်ပြီး လောလောဆယ် ဘာမှမပြောသေးရန်အတွက် သူမ၏ လက်ဝါးကို ဖိချကာ နင်ဝေ့အား အချက်ပြလိုက်လေ၏။
ဤအခိုက်အတန့်တွင် နင်ဝေ့၏ ရင်ထဲ၌ မေးခွန်းပေါင်း ထောင်သောင်းချီ၍ ရှိနေသော်ငြားလည်း သူမ၏ နေရာမှန်ကို သိရှိထားသဖြင့် လောလောဆယ်တွင် ခေတ္တမျိုသိပ်ထားလိုက်ရလေတော့သည်။
"ကျွန်တော်မျိုးမ ဧကရာဇ်မင်းမြတ်ကို ကြိုဆိုပါတယ်ရှင်" ဘိုင်ရုရွှယ်သည် အရှေ့သို့ လျှောက်သွားကာ ရှောင်မိုအား ဒူးညွှတ်အရိုအသေပေးလိုက်ပြီးနောက် အပြုံးလေးဖြင့် ပြောဆိုလိုက်ပေသည်။ "အချိန်လည်း မစောတော့ပါဘူး။ ဧကရာဇ်မင်းမြတ် အိပ်ဆောင်ဝင် အနားယူဖို့အတွက် ကျွန်တော်မျိုးမကို အလုပ်အကျွေးပြုခွင့် ပေးပါရှင်"
"ကောင်းပြီလေ... ဒီညတော့ ချစ်လှစွာသော မိဖုရားကိုပဲ အလုပ်ရှုပ်ခံခိုင်းရတော့မှာပေါ့" ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး ဘိုင်ရုရွှယ်၏ ချောမွေ့နူးညံ့လှသော မိုးမခကိုင်းအလား သွယ်လျသည့် ခါးလေးကို ဖက်တွယ်လျက် အိပ်ဆောင်တော်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားလေသည်။
နန်းတွင်းအစေခံမလေးများ၏ အမြင်တွင်တော့ ဧကရာဇ်မင်းမြတ်နှင့် ရွှယ်မိဖုရားတို့သည် အလွန်အမင်း ချစ်ခင်မြတ်နိုးကြပြီး သူတို့၏ မျက်ဝန်းများအတွင်း၌ အချင်းချင်းအပေါ် အကြင်နာမေတ္တာများ ပြည့်လျှံနေကြပေ၏။
အချို့သော အတွေးဆိုးလေးများရှိသည့် နန်းတွင်းအစေခံမလေးများဆိုလျှင် ဤညသည်လည်း ဧကရာဇ်မင်းမြတ်နှင့် ရွှယ်မိဖုရားတို့အတွက် အိပ်စက်ရမည်မဟုတ်သော နောက်ထပ်ညတစ်ည ဖြစ်လာလိမ့်ဦးမည်ဟုပင် တွေးတောနေမိကြလေတော့သည်။
ရှောင်မိုနှင့် ဘိုင်ရုရွှယ်တို့ အခန်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ချွန်းယန်နှင့် စစ်လီတို့က တံခါးအပြင်ဘက်တွင် စောင့်ကြပ်နေကြလေသည်။
ရွှယ်မိဖုရားသည် အိပ်ဆောင်ဝင် အလုပ်အကျွေးပြုရာတွင် အလွန်အမင်း ရှက်တတ်ပြီး အသံများကို ကာကွယ်ရန်အတွက် သာမန်လူသားတို့၏ မှော်စာလိပ်ကို အသုံးပြုလေ့ရှိသော်ငြားလည်း
တစ်စုံတစ်ရာ လိုအပ်လာပါက အသင့်ရှိနေစေရန်အတွက် သူတို့က အပြင်ဘက်၌ စောင့်ဆိုင်းနေရဆဲပင် ဖြစ်ပေသည်။
သို့သော်လည်း အမွှေးတိုင်တစ်တိုင်စာ အချိန်ခန့် ကြာမြင့်သွားပြီးနောက် စစ်လီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ ဗိုက်ကို လက်သေးသေးလေးဖြင့် ဖိကာ အလွန်အမင်း နာကျင်နေဟန်ဖြင့် အသက်ရှူသံများ ပြင်းထန်လာခဲ့ချေပြီ။
"အစ်မစစ်လီ... ဘာဖြစ်လို့လဲ" ချွန်းယန်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်လေ၏။
မူလက စစ်လီအပေါ် ချွန်းယန်၏ အမြင်က သိပ်မကောင်းခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် စစ်လီ၏ ခန္ဓာကိုယ် ကောက်ကြောင်းအလှမှာ အလွန်အမင်း ဆွဲဆောင်မှုရှိလွန်းလှပြီး သူမ၏ သခင်မလေးနှင့်ပင် ယှဉ်နိုင်လောက်သောကြောင့် ဖြစ်လေသည်။
သို့သော်လည်း တဖြည်းဖြည်းနှင့် စစ်လီသည် သူမ၏နေရာကို ကောင်းစွာသိရှိပြီး ဧကရာဇ်မင်းမြတ်ကို တမင်သက်သက် မြှူဆွယ်ဖြားယောင်းခြင်း မရှိကြောင်းကို ချွန်းယန် တွေ့ရှိလာခဲ့ရပေသည်။ ထို့အပြင် သူမက ကိုယ်ပိုင်အစေခံမလေးတစ်ယောက်မျှသာ ဖြစ်သဖြင့် မည်သည့်ခြိမ်းခြောက်မှုမျှ မရှိနိုင်ချေ။
ထို့ကြောင့် ချွန်းယန်သည် တဖြည်းဖြည်းနှင့် သူမ၏ သတိထားစောင့်ကြည့်မှုများကို လျှော့ချလိုက်ပြီး အတန်ကြာ ဆက်ဆံကြည့်ပြီးနောက် သူတို့နှစ်ဦးမှာ အတော်လေး သင့်မြတ်သွားကြလေတော့သည်။
"ဘာမှ သိပ်မဖြစ်ပါဘူး..." စစ်လီက သူမ၏ နှုတ်ခမ်းပါးလေးကို ကိုက်လိုက်လေ၏။ "အခုတလော ဓမ္မတာလာချိန် ရောက်နေလို့ ဗိုက်က အရမ်းနာနေတာပါ။ မတ်တတ်ရပ်နေရတာက တကယ့်ကို ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"
"ဒါဆိုရင်လည်း အစ်မစစ်လီ သွားပြီး ခဏလောက် အနားယူလိုက်ပါ။ ဒီမှာ ကျွန်မ တာဝန်ယူထားလိုက်ပါ့မယ်" ချွန်းယန်က စာနာနားလည်စွာဖြင့် ပြောဆိုလိုက်ပေသည်။
"အဲ့ဒါက..." စစ်လီက တံခါးကို လှမ်းကြည့်လိုက်လေသည်။ "ဧကရာဇ်မင်းမြတ် ဒါမှမဟုတ် မိဖုရားက တစ်ခုခုများ လိုအပ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ"
"အဆင်ပြေပါတယ်။" ချွန်းယန်ကလည်း သူမနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားလိုသဖြင့် ဧကရာဇ်မင်းမြတ်၏ အရှေ့တွင် မိဖုရားအတွက် စကားကောင်း ပြောပေးနိုင်စေရန် ရည်ရွယ်ထားပေသည်။ "အစ်မစစ်လီ သွားပြီး အနားယူလိုက်ပါ။ အစ်မလည်း သိတာပဲလေ... မိဖုရားက ဧကရာဇ်မင်းမြတ်ကို အလုပ်အကျွေးပြုတဲ့အချိန်ဆို ငါတို့ကို ဘယ်တော့မှ မခေါ်ဘူးဆိုတာကို"
"ဒါဆိုရင်လည်း အစ်မ သွားပြီး ခဏလောက် ထိုင်နေလိုက်ပါဦးမယ်" စစ်လီက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခေါင်းညိတ်လိုက်လေ၏။
"အင်း... အစ်မ ရေနွေးများများ သောက်လိုက်ဦး။ ကျွန်မရဲ့ အခန်းထဲမှာ အရင်သွားပြီး အနားယူနေလို့ ရတယ်နော်" ချွန်းယန်က ဂရုတစိုက် ပြောဆိုလိုက်ပေသည်။
"ကျေးဇူးတင်ပါတယ် အစ်မချွန်းယန်"
စစ်လီက ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် နန်းတွင်းအစေခံမလေးများ နေထိုင်ရာ ဘေးဘက်ခြံဝင်းငယ်ဆီသို့ လျှောက်လှမ်းသွားလေတော့သည်။
စစ်လီ ဘေးဘက်ခြံဝင်းငယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် နင်ဝေ့မှာ သူမကို ကြိုတင်စောင့်ဆိုင်းနေနှင့်ပြီးဖြစ်လေ၏။
"အစ်မစစ်လီ... အစ်မကတော့ တကယ်ကို လွန်လွန်းနေပြီနော်"