အခန်း ၅၀၇
Vol. 51 Ch. 507
အခန်း (၅၀၇)
အစ်မစစ်လီ... အစ်မကတော့ တကယ်ကို လွန်လွန်းနေပြီနော်။
ခြံဝင်းအဝင်ဝတွင် ရပ်နေရင်း နင်ဝေ့က တိုးညှင်းစွာ အော်ခေါ်လိုက်သည်။ သူမ၏လေသံတွင် မကျေမနပ်ဖြစ်မှုအနည်းငယ် ပါဝင်နေလေ၏။
စစ်လီက ပြန်မဖြေပေ။ အနီးအနားတွင် မည်သူမျှမရှိကြောင်း သေချာစစ်ဆေးပြီးနောက် သူမသည် နင်ဝေ့ကို ခြံဝင်းအတွင်းပိုင်းသို့ အလျင်စလို ဆွဲခေါ်သွားကာ သစ်ပင်တစ်ပင်၏နောက်ကွယ်တွင် ပုန်းကွယ်လိုက်ပြီးမှ စကားဆိုလိုက်လေတော့သည်။ နင်ဝေ့... ညည်း ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ။
အစ်မစစ်လီရယ်... အစ်မကတောင် မေးရက်သေးတယ်ပေါ့။
နင်ဝေ့က နှုတ်ခမ်းကို ဆူချွန်လိုက်ပေသည်။
အစ်မယွင်ဝေ့က အစ်မကို အစ်ကိုရှောင့်ဆီ သွားရှာခိုင်းတာလေ။ နန်းတော်ထဲရောက်သွားပြီးကတည်းက အစ်မက အစ်ကိုရှောင့်ကို မတွေ့သေးဘူးလို့ပဲ အမြဲတမ်း ပြောနေခဲ့တာ။
ဒါပေမဲ့ လေနားဆင်စံအိမ်က ပြောတော့ အစ်မက နန်းတော်ထဲမှာပဲ ဆက်နေပြီး အပြင်ကို တစ်ခါမှ ထွက်မလာခဲ့ဘူးတဲ့။
အကယ်လို့များ အစ်မက အစ်ကိုရှောင့်ကို မတွေ့ရသေးဘူးဆိုရင် ဒီလောက်အချိန်အကြာကြီး ကျိုးတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ ဘာတွေများ လုပ်နေခဲ့တာလဲ။
အဲ့ဒါက အစ်ကိုရှောင် ပြန်လည်ဝင်စားတဲ့သူက ဒီကျိုးတိုင်းပြည်ရဲ့ နန်းတော်ထဲမှာပဲ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား။
ဒီနေ့ ညီမ ရောက်လာတော့လည်း ထင်တဲ့အတိုင်းပဲ အစ်ကိုရှောင့်ကို တွေ့ခဲ့ရတယ်။
အစ်မစစ်လီ... အစ်မယွင်ဝေ့ ပြောသလိုမျိုး အစ်မက အစ်ကိုရှောင့်ကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်လို့ ငါတို့ကို ဖုံးကွယ်ထားတာ တကယ်ပဲလားဟင်။ နင်ဝေ့က စစ်လီကို သေချာစိုက်ကြည့်ကာ လေးလေးနက်နက် မေးမြန်းလိုက်လေ၏။
‘ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါက အဲ့လိုလူမျိုး ဖြစ်နေလို့လား။’
ဤစကားကို ကြားသောအခါ စစ်လီက သူမ၏ လက်သီးဆုပ်လေးကို မြှောက်ကာ နင်ဝေ့၏ ခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်ချေပြီ။
နင်ဝေ့က ခေါင်းကို ပွတ်သပ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်မှု အရိပ်အယောင်လေးများ ပြည့်နှက်သွားကာ အစ်မစစ်လီက အဲ့ဒီလိုလူမျိုး မဟုတ်ရင် တခြားဘယ်သူကများ ဖြစ်ဦးမှာလဲ ဟု ပြောနေသည့်အလား ပုံပေါက်နေပေသည်။
အဟမ်း... အဟမ်း... အဟမ်း...
နင်ဝေ့၏ အကြည့်အောက်တွင် အနည်းငယ် လိပ်ပြာမလုံဖြစ်သွားသဖြင့် စစ်လီက ဟန်ဆောင်ချောင်းဆိုးလိုက်ပြီးနောက် ရှင်းပြလေတော့သည်။
“နင်ဝေ့... တကယ်တော့လေ ဂိုဏ်းချုပ်နဲ့ ညည်းတို့ကို ငါ မပြောပြခဲ့တာက ငါ့မှာ အခက်အခဲတွေ ရှိနေလို့ပါ။ ညည်း နားလည်ပေးရမယ်နော်။ ဒီအတောအတွင်း ငါ့အတွက်လည်း တကယ်ကို မလွယ်ကူခဲ့ပါဘူး... “ ထိုသို့ပြောဆိုနေရင်း စစ်လီက သက်ပြင်းချလိုက်ပြီး သူမက အမှန်တကယ်ပင် ဆန္ဒမပါဘဲ လုပ်ဆောင်နေရသည့်အလား ဟန်ဆောင်လိုက်လေ၏။
“အခက်အခဲတွေ ဟုတ်လား... ဘာအခက်အခဲတွေများလဲ။ “နင်ဝေ့က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်ပေသည်။
အစ်မစစ်လီတစ်ယောက် အစ်ကိုရှောင်၏နောက်သို့ တစ်နေ့ကုန် ပျော်ရွှင်စွာ လိုက်ပါနေသည်ကို သူမ တွေ့မြင်ခဲ့ရသည်လေ။ အစ်မစစ်လီက အစ်ကိုရှောင့်ကို အပိုင်သိမ်းပြီးသွားပြီလားတောင် မပြောတတ်ချေ။ မည်သို့ပင်ဖြစ်စေ အစ်မစစ်လီက သူမ၏ ညှို့ယူဖမ်းစားခြင်းပညာရပ်ကို အနည်းငယ်လောက် သုံးလိုက်ရုံနဲ့တင် ဘယ်သူကများ ခုခံနိုင်စွမ်း ရှိမှာတဲ့လဲ။ ဒါဆိုရင် အစ်မစစ်လီမှာ ဘယ်လို အခက်အခဲမျိုးတွေ ရှိနေနိုင်မှာလဲ။
“ဟူး... ပြောရရင်တော့ ဇာတ်လမ်းရှည်ကြီးပါပဲဟာ။“
စစ်လီက ကျောက်တုံးတစ်တုံးပေါ်တွင် ဝင်ထိုင်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်အချို့ကို ဖော်ပြလိုက်လေတော့သည်။
“တကယ်တော့ နန်းတော်ထဲ ဝင်ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကျိုးတိုင်းပြည်ရဲ့ ဧကရာဇ်က သခင်လေး ပြန်လည်ဝင်စားခြင်း ဖြစ်တယ်ဆိုတာကို ငါ အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သခင်လေးကို အနောက်ဘက်ဒေသဆီ ပြန်ခေါ်သွားဖို့ ငါ ကြိုးစားနေတုန်းမှာပဲ ဓားတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကျိုးတိုင်းပြည် နန်းတော်မှာ နိုင်ငံတော်သခင်လေးအဖြစ် တာဝန်ထမ်းဆောင်နေလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့မိဘူးလေ။
ငါ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း မပေါ်ထွက်သွားတာကိုက တကယ့်ကို ကံကောင်းလွန်းနေပြီ။ ညည်းပဲ ပြောကြည့်စမ်းပါဦး... သခင်လေးကို ပြန်ခေါ်သွားဖို့အတွက် ငါ့မှာ ဘာရွေးချယ်စရာများ ရှိတော့လို့လဲ။
စစ်လီ၏ စကားများကို ကြားလိုက်ရသောအခါ နင်ဝေ့မှာ အံ့အားသင့်သွားခဲ့ရပေသည်။ အစ်မ ဆိုလိုချင်တာက... အဲ့ဒီ လောကရဲ့ နံပါတ်တစ် အမျိုးသမီး ဓားမသေမျိုး... ဓားတစ်သောင်းဂိုဏ်းချုပ် ကျန်းချင်ရီက နန်းတော်ထဲမှာ ရှိနေတယ်ပေါ့။ တင့်တယ်ထည်ဝါလှတဲ့ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတစ်ယောက်က ဒီလို မင်းဆက်ငယ်လေးတစ်ခုမှာ နိုင်ငံတော်သခင်လေးအဖြစ် တာဝန်ထမ်းဆောင်နေတယ်ပေါ့လေ။
ဟုတ်တယ်။
စစ်လီက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလေ၏။
နားထောင်ကြည့်ရတာ ယုံနိုင်စရာမရှိဘူးဆိုပေမဲ့ အဲ့ဒါက အမှန်တရားပဲလေ။ သူတို့လို နတ်မိမယ်ကျန်း တစ်ပါးက ဘာတွေတွေးနေမှန်း ဘယ်သူကများ သိနိုင်မှာတဲ့လဲ။
အဲ့ဒီ အမျိုးသမီး ဓားမသေမျိုး တစ်ယောက်တည်းဆိုရင်တောင် ဖြေရှင်းလို့ ရနိုင်ပါသေးတယ်။
ဒါပေမဲ့ ဒီဘဝမှာ သခင်လေး လက်ထပ်ထားတဲ့ မိဖုရားနှစ်ပါးကလည်း သာမန်လူတွေ မဟုတ်ကြဘူး။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အလွန်အမင်း မြင့်မားကြတယ်။
သူတို့ရဲ့ နောက်ခံအတိအကျကို ငါမသိပေမဲ့ ငါ့အမြင်အရဆိုရင် အဲ့ဒီအမျိုးသမီးနှစ်ယောက်က အနည်းဆုံးတော့ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်မှာ ရှိနေကြတယ်။
ကဲ နင်ဝေ့... ညည်းပဲ ပြောကြည့်စမ်းပါ။ ဒီလိုအခြေအနေမျိုးအောက်မှာ သခင်လေးကို အနောက်ဘက်ဒေသဆီ ငါ ဘယ်လိုလုပ် ခေါ်သွားနိုင်ပါ့မလဲ။
သခင်လေးကို နန်းတော်ထဲကနေ ခေါ်ထုတ်သွားဖို့ဆိုတာ ဝေလာဝေး... ညည်းတို့နဲ့ ဆက်သွယ်ဖို့တောင်မှ သူတို့ရဲ့ အာရုံစိုက်တာကို ခံရမှာစိုးလို့ အကြိမ်ကြိမ်အခါခါ စဉ်းစားနေခဲ့ရတာ။“
“သခင်လေးကို ငါတစ်ယောက်တည်း ပိုင်ဆိုင်ချင်နေတယ်ဆိုတဲ့ ကိစ္စကတော့ ငါ အဲ့လို မလုပ်ချင်လို့ မဟုတ်— အဟမ်း... အဟမ်း... ငါ့ကို ဘယ်လိုလူမျိုးလို့များ ထင်နေတာလဲ။ ငါ အဲ့ဒီလိုမျိုး လုပ်လိုက်လို့ အဲ့ဒီ မိဖုရားနှစ်ပါးက ငါ့ကို အဆုံးစီရင်ပစ်လိုက်မလားဆိုတာကို ဘေးဖယ်ထားဦး။ သခင်လေးက အတိတ်ဘဝမှတ်ဉာဏ်တွေ ပြန်မရသေးတဲ့အချိန်မှာ ငါ စစ်လီက ဘယ်လိုလုပ်ပြီး အဲ့ဒီလို ဂုဏ်သိက္ခာမဲ့တဲ့ အလုပ်မျိုးကို လုပ်ရက်နိုင်မှာလဲ။“
နင်ဝေ့သည် သူမ၏ စကတ်စကို ဆုပ်ကိုင်ထားလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ပေါ်လွင်နေလေ၏။ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်က သိုင်းပညာရှင် သုံးယောက်တောင်... ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ...။
နင်ဝေ့၏ အခြေအနေကို ကြည့်ပြီးနောက် စစ်လီက သူမအား ယုံကြည်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ခိုး၍ချလိုက်မိပေသည်။
ကျန်းချင်ရီနှင့် ထိုမိဖုရားနှစ်ပါးတို့က အမှန်တကယ်ပင် အလွန်အမင်း ဒုက္ခပေးနိုင်လွန်းလှသည်။
သူတို့သာ မရှိခဲ့လျှင် သူမက သခင်လေးကို အပိုင်သိမ်းပြီးနေလောက်ပြီဖြစ်ကာ သခင်လေးကလည်း သူမအပေါ် တွယ်တာစွဲလမ်းနေပြီး သူမ၏ အိပ်ရာမှပင် ခွာနိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း သခင်လေးကို သူမတစ်ယောက်တည်း ပိုင်ဆိုင်လိုသည့် ကိစ္စကိုတော့ ဘယ်တော့မှ ဖွင့်ဟဝန်ခံလို့ မဖြစ်ပေ။
နောက်တစ်ခဏ၌ နင်ဝေ့သည် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် စစ်လီကို ရုတ်တရက် မော့ကြည့်လိုက်လေသည်။ ဒုက္ခပါပဲ... အစ်မစစ်လီ။
ဘာဖြစ်လို့လဲ။ စစ်လီက မေးမြန်းလိုက်၏။
နင်ဝေ့၏ မျက်နှာလေးမှာ အနည်းငယ် ဖြူရော်သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်ပေသည်။“ စောစောက အစ်မချွန်းယန်က ညီမကို ရွှယ်မိဖုရားဆီ ခေါ်သွားခဲ့တယ်လေ။ ပြီးတော့ အစ်မစစ်လီလိုမျိုး ညီမဆီမှာ အစ်မဝမ်ရှင်း ပေးထားတဲ့ မှော်လက်နက်လည်း မရှိဘူး။ ညီမရဲ့ ကျင့်ကြံခြင်းအဆင့်ကို ရွှယ်မိဖုရား ရိပ်မိသွားလောက်ပြီ ထင်တယ်။“
"..."
စစ်လီ၏ မျက်နှာထက်တွင်လည်း လေးနက်တည်ကြည်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။
သို့သော်လည်း စစ်လီသည် အလျင်အမြန် စိတ်ကိုတည်ငြိမ်စေလိုက်ပြီး နင်ဝေ့၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ သူမ၏ မျက်ဝန်းများကို လေးနက်စွာ စိုက်ကြည့်လိုက်လေ၏။ “နင်ဝေ့... ညည်း အလွန်အမင်း ထိတ်လန့်သွားစရာ မလိုပါဘူး။ ရွှယ်မိဖုရားက ညည်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ရိပ်မိသွားတာ ဖြစ်နိုင်ပေမဲ့ သူက ညည်းကို ချက်ချင်း ဖမ်းဆီးမသွားခဲ့ဘူးဆိုတော့ သူ့မှာ တခြား အကြံအစည်တွေ ရှိနေတာ သေချာတယ်။
ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ငါ လေ့လာကြည့်ရသလောက်ဆိုရင် အဲ့ဒီ ရွှယ်မိဖုရားက သွေးဆာနေတဲ့ လူသတ်သမားမျိုး မဟုတ်ပါဘူး။
ညည်းအနေနဲ့ ဘာကိုမှ မသိဘူးလို့ပဲ ဟန်ဆောင်နေပြီး လုပ်စရာရှိတာကိုသာ ဆက်လုပ်နေပါ။ ဒါပေမဲ့ ငါနဲ့ ထပ်ပြီး မဆက်သွယ်မိစေဖို့ သေချာမှတ်ထားဦး။“
အကယ်လို့ ရွှယ်မိဖုရားက ညည်းကို သီးသန့်ခေါ်တွေ့ပြီး ညည်းရဲ့ နောက်ခံရာဇဝင်ကို မေးမြန်းလာခဲ့ရင် ဒီလိုပြောလိုက်။
စစ်လီက နင်ဝေ့၏ နားအနီးသို့ ကပ်ကာ တီးတိုးရေရွတ်လိုက်ပြီး ရွှယ်မိဖုရားနှင့် မည်သို့ ဖြေရှင်းရမည်ကို သင်ကြားပြသပေးနေလေတော့သည်။
နင်ဝေ့မှာ နားထောင်လေလေ သူမ၏ မျက်ဝန်းများက ပို၍ တောက်ပလာလေလေဖြစ်ပြီး သူမ၏ ခေါင်းလေးကို ဆက်တိုက်ဆိုသလို ညိတ်ပြနေခဲ့ပေ၏။
နောက်တစ်နေ့နံနက်။
ဘိုင်ရုရွှယ် တစ်ညလုံး အလုပ်အကျွေးပြု ပြီးနောက် ရှောင်မိုသည် လန်းဆန်းတက်ကြွစွာဖြင့် အခန်းတွင်းမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် ကျန်းမာသန်စွမ်းသော နှင်းဆီရောင်သန်းနေသည့် အသွင်အပြင်လေးပင် ပေါ်လွင်နေလေသည်။
ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဘိုင်ရုရွှယ်၏ မျက်ခုံးနှစ်ဖက်ကြားတွင်မူ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်လေး ရှိနေပေ၏။
ဧကရာဇ်မင်းမြတ်က ဤမျှလောက် တက်ကြွလန်းဆန်းနေပြီး မိဖုရားက အနည်းငယ် နွမ်းနယ်နေသည်ကို နန်းတွင်းအစေခံမလေးများ မြင်တွေ့ရသည့်အခါတိုင်း ဧကရာဇ်မင်းမြတ်သည် အမှန်တကယ်ပင် အံ့မခန်းစွမ်းဆောင်နိုင်စွမ်း ရှိသည်ဟု သူတို့ ခံစားမိကြလေတော့သည်။
မည်သို့ပင်ဆိုစေကာမူ တစ်ညလုံး အပြင်းအထန် တိုက်ပွဲဝင် ပြီးနောက်တွင် တက်ကြွလန်းဆန်းနေသင့်သူမှာ သူတို့၏ မိဖုရားဖြစ်ရမည်ဖြစ်ပြီး ဧကရာဇ်မင်းမြတ်ကသာ နံရံကို အားပြုမှီခိုကာ ထွက်လာရမည် မဟုတ်ပါလော။
သို့သော်လည်း ရလဒ်က ပြောင်းပြန်ဖြစ်နေခဲ့ချေပြီ။
မနေ့ညက မင်း အတော်လေး ပင်ပန်းသွားပြီ။
နင်ရွှယ်နန်းဆောင်မှ မထွက်ခွာမီ ရှောင်မိုက ဘိုင်ရုရွှယ်အား ကျေးဇူးတင်စကား ဆိုလိုက်ပေသည်။
ပြီးခဲ့သည့်ညကလည်း ဘိုင်ရုရွှယ်သည် ရှောင်မိုအတွက် ဝိညာဉ်စွမ်းအင်များကို လမ်းညွှန်သန့်စင်ပေးရင်းဖြင့် တစ်ညလုံး အချိန်ကုန်လွန်ခဲ့ရပြန်သည်။
ဤအရာက ရုရွှယ်၏ ကျင့်ကြံခြင်းကို ထိခိုက်စေမည်မဟုတ်ကြောင်း ရှောင်မို သိရှိထားသော်လည်း ၎င်းက အနည်းငယ်တော့ ပင်ပန်းနွမ်းနယ်စေနိုင်သေးသည်လေ။
“ဧကရာဇ်မင်းမြတ်က ဘာတွေများ ပြောနေတာလဲရှင်။ ဧကရာဇ်မင်းမြတ်ကို အလုပ်အကျွေးပြုရတာက ကျွန်တော်မျိုးမရဲ့ ဂုဏ်ယူစရာပါ။ ဘိုင်ရုရွှယ်က ပြုံးလျက် အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်လေ၏။“
လက်တွေ့တွင်မူ ရှောင်မိုအတွက် ဝိညာဉ်စွမ်းအင်များကို လမ်းညွှန်ပေးရခြင်းက ဘိုင်ရုရွှယ်အတွက် ပင်ပန်းစရာတစ်ခုတော့ မဟုတ်ပေ။
ဘာပဲပြောပြော ရှောင်မိုက အုတ်မြစ်ချခြင်းအဆင့်မှာသာ ရှိသေးသည်လေ။
ဘိုင်ရုရွှယ်ကို ပင်ပန်းစေခဲ့သည့်အရာမှာ သူမအနေဖြင့် သူမ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်များကို ဖိနှိပ်ထားရပြီး ရှောင်မို၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသော စွမ်းအင်များကို အလွန်အမင်း တိကျသေချာစွာ ထိန်းချုပ်ပေးနေရခြင်းကြောင့်သာ ဖြစ်ပေသည်။
ထိုသို့မှမဟုတ်ပါက ဘိုင်ရုရွှယ်ကဲ့သို့သော ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် ရှောင်မို၏ ဝိညာဉ်သွေးကြောများနှင့် ဝိညာဉ်သွေးကြောပေါက်များမှာ စက္ကူဖြင့် ပြုလုပ်ထားသည့်အလား ဖြစ်နေပေလိမ့်မည်။
အကယ်၍ ဘိုင်ရုရွှယ်ကသာ အနည်းငယ် ပေါ့ဆသွားမည်ဆိုပါက သူမသည် ရှောင်မိုကို ဖျက်ဆီးပစ်လိုက်နိုင်ချေ အလွန်များပြားလှလေ၏။
“ကောင်းကောင်း အနားယူလိုက်ပါဦး ချစ်မိဖုရား။ ကိုယ်တော့်ကို လိုက်ပို့ပေးစရာ မလိုပါဘူး။“
နောက်ဆုံးတွင် ရှောင်မိုသည် ဘိုင်ရုရွှယ်နှင့်အတူ ချစ်ခင်ကြင်နာဖွယ် စကားအနည်းငယ်ကို ထပ်မံဖလှယ်ပြီးနောက် သူ၏ အိပ်ဆောင်တော်ဆီသို့ ပြန်လည်ထွက်ခွာသွားလေတော့သည်။
အိပ်ဆောင်တော်အတွင်း၌။
ရှောင်မိုက သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို သေချာစွာ ပြန်လည်စုစည်းလည်ပတ်စေရန် ရည်ရွယ်၍ မျက်လုံးများကို မှိတ်ကာ တရားထိုင်လိုက်စဉ်မှာပင် ဘဝတစ်ရာကျမ်း၏ အသံက သူ၏ စိတ်အာရုံအတွင်း ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့လေသည်။
"ဘဝတစ်ရာကျမ်းရဲ့ ဆဋ္ဌမမြောက်ဘဝအတွက် ပြင်ဆင်ပြီးစီးသွားပါပြီ။ ပိုင်ရှင်အနေနဲ့ ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်ပြီလား"