အခန်း ၅၀၈
Vol. 51 Ch. 508
အခန်း (၅၀၈)【ဘဝတစ်ရာကျမ်း၏ ဆဋ္ဌမမြောက်ဘဝ (အမြီးကိုးချောင်း ကောင်းကင်မြေခွေး) အတွက် ပြင်ဆင်ပြီးစီးသွားပါပြီ】
【ပိုင်ရှင်၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် နတ်ဘုရားဝိညာဉ်စွမ်းအားတို့အရ ဤဘဝအတွက် ပိုင်ရှင်၏ မှတ်ဉာဏ်များကို ချိတ်ပိတ်ထားရန် မလိုအပ်တော့ပါ။ သို့သော်လည်း နတ်ဘုရားဝိညာဉ်၏ ခံနိုင်ရည်စွမ်းအားအပေါ် မူတည်၍ ဘဝတစ်ရာကျမ်းက မှတ်ဉာဏ်များကို အတိုင်းအတာတစ်ခုအထိ ဝေဝါးသွားစေမည် ဖြစ်ပါသည်】
【သို့သော်လည်း ပိုင်ရှင်၏ စိတ်အခြေအနေနှင့် နတ်ဘုရားဝိညာဉ်ကို ကာကွယ်ပေးထားစဉ်အတွင်း ဘဝတစ်ရာကျမ်းသည် ပိုင်ရှင်၏ မှတ်ဉာဏ်များကို အများဆုံးအထိ ထိန်းသိမ်းထားပေးမည်ဖြစ်ရာ ပိုင်ရှင်အနေဖြင့် စိတ်အေးချမ်းသာစွာ ရှိနေနိုင်ပါသည်】
【ဘဝတစ်ရာကျမ်းအတွင်းရှိ ဝေဝါးနေသော မှတ်ဉာဏ်များသည် ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ တဖြည်းဖြည်း ပြန်လည်ရှင်းလင်းလာမည် ဖြစ်ပါသည်】
【ပိုင်ရှင်အနေဖြင့် ဆဋ္ဌမမြောက်ဘဝသို့ ဝင်ရောက်မည်လား】
ဘဝတစ်ရာကျမ်း၏ စကားသံများ အဆုံးသတ်သွားသည်နှင့် ရှောင်မို၏ စိတ်အာရုံအတွင်း၌ ဝင်ရောက်မည်၊ မဝင်ရောက်ပါ ဟူသော ရွေးချယ်စရာနှစ်ခု ပေါ်ထွက်လာခဲ့လေ၏။
ရှောင်မိုက မည်သို့မျှ တွန့်ဆုတ်မနေဘဲ ဝင်ရောက်မည် ကိုသာ ရွေးချယ်လိုက်ပေသည်။
ဘဝတစ်ရာကျမ်း၏ ဆဋ္ဌမမြောက်ဘဝကို ရှောင်မို မျှော်လင့်စောင့်စားနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။
【ပိုင်ရှင် ကျေးဇူးပြု၍ အမည်တစ်ခုကို ထည့်သွင်းပေးပါ】
ရှောင်မို...
ရှောင်မိုက သူ၏ အမည်ရင်းကိုသာ ထပ်မံထည့်သွင်းလိုက်ချေပြီ။
အတိတ်ဘဝများကလည်း သူ၏အမည်ရင်းကိုသာ အသုံးပြုခဲ့သလို ယခုအခါတွင်လည်း ဤအမည်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
ယခင်က သူ ဂိမ်းကစားခဲ့စဉ်အချိန်များကပင် သူ၏အမည်ရင်းကိုသာ အသုံးပြုလေ့ရှိခဲ့သည်လေ။
အခြား ထူးထူးခြားခြား အကြောင်းပြချက်တော့ မရှိလှပေ။ သူ၏ကိုယ်ပိုင်အမည်ကို အသုံးမပြုပါက ဘဝကို ဖြတ်သန်းခံစားရသည့်နေရာတွင် သက်တောင့်သက်သာမရှိဘဲ ခံစားချက်အပြည့်အဝမရသလိုမျိုး ခံစားရသောကြောင့်သာ ဖြစ်လေ၏။
ရှောင်မိုက သူ၏အမည်ကို ထည့်သွင်းလိုက်သည့် အခိုက်အတန့်လေးမှာပင် သူ၏ အသိစိတ်များက ဝေဝါးသွားခဲ့ပြီး မကြာမီမှာပင် သတိလစ်မေ့မြောသွားခဲ့လေတော့သည်။
ဟေ့... လူသားကောင်လေး... ထစမ်း...
လူသားကောင်လေး... မင်းကို ထလော့လို့ ငါပြောနေတယ်လေ... မကြားဘူးလား...
မင်းက သေမတတ် အိပ်မောကျနေတာလား...
ဗွမ်း...
သတိလစ်မေ့မြောနေသည့် ကြားမှပင် တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်နေသံကို ရှောင်မို ကြားလိုက်ရပေသည်။
ချက်ချင်းဆိုသလိုပင် အေးစက်နေသော ရေတစ်ခွက်က ရှောင်မို၏ မျက်နှာပေါ်သို့ ပက်ဖျန်းခံလိုက်ရလေ၏။
ရှောင်မိုမှာ ချမ်းစိမ့်သွားပြီး မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်မိတော့သည်။
သူ၏ အမြင်အာရုံက တဖြည်းဖြည်း ရှင်းလင်းလာသည်နှင့်အမျှ ရှောင်မို၏ စိတ်အာရုံကလည်း ပိုမိုနိုးကြားလာခဲ့ချေပြီ။
သူက ကုန်းရုန်းထကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သောအခါ ကြက်၊ ဘဲများကဲ့သို့ သံလှောင်အိမ်တစ်ခုအတွင်း၌ အကျဉ်းချခံနေရကြောင်း တွေ့ရှိလိုက်ရပေ၏။
သူ၏ ပတ်ပတ်လည်တွင် ထိုကဲ့သို့သော သံလှောင်အိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေလေသည်။
လှောင်အိမ်များအတွင်း၌ ယောကျ်ားလေးများနှင့် မိန်းကလေးများ ပါဝင်ပြီး အားလုံးမှာ အသက်ငါးနှစ်၊ ခြောက်နှစ်ထက် မပိုသော ကလေးငယ်များသာ ဖြစ်ကြပေသည်။
အချို့သော ကလေးငယ်များမှာ လှောင်အိမ်ထောင့်တွင် ကွေးကွေးလေး ထိုင်နေကြပြီး သူတို့ကိုယ်သူတို့ တင်းကျပ်စွာ ဖက်တွယ်ထားကြကာ မျက်နှာထက်တွင်လည်း အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပြည့်နှက်နေကြလေ၏။
အချို့သော ကလေးငယ်များ၏ မျက်ဝန်းများမှာမူ မျှော်လင့်ချက်မဲ့နေကြပြီး အနာဂတ်အတွက် လုံးဝ အရှုံးပေးလိုက်ကြသည့်အလား သူတို့ဘဝတွေ ဘာဆက်ဖြစ်မည်ကိုပင် မသိရှိကြတော့ချေ။
အခြားသော ကလေးငယ်များကမူ တိတ်တဆိတ် ကြိတ်ငိုနေကြသော်ငြား တစ်စုံတစ်ယောက်က မြင်တွေ့သွားပြီး ရိုက်နှက်ဆဲဆိုခံရမည်ကို စိုးရွံ့နေကြပေသည်။
ရှောင်မိုက ခေါင်းကိုငုံ့ကာ မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုလိုက်သောအခါ သူကိုယ်တိုင်ကလည်း ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးငယ်လေး တစ်ယောက်မျှသာ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေ၏။
သူ အကျဉ်းချခံထားရသော နေရာမှာ အလင်းရောင်မှေးမှိန်နေသည့် ဂိုဒေါင်တစ်ခုအတွင်း၌ ဖြစ်ပေသည်။
ဤဂိုဒေါင်ကြီးက အကျဉ်းထောင်တစ်ခုနှင့် တူညီနေပြီး ပြတင်းပေါက်ဘောင်များမှတစ်ဆင့် ဝင်ရောက်လာသော မှေးမှိန်သည့် နေရောင်ခြည်လေးများသာလျှင် ဤအမှောင်ထုကြီးအတွင်းသို့ အသက်ဝင်လှုပ်ရှားမှု အငွေ့အသက်အနည်းငယ်ကို ပေးစွမ်းနေကာ အပြင်ဘက်တွင် နေ့လား၊ ညလား ဆိုသည်ကို သိရှိစေသဖြင့် သူတို့အနေဖြင့် စိတ်ဓာတ် လုံးလုံးလျားလျား ကျဆင်းမသွားစေရန် ကူညီပေးနေလေတော့သည်။
“ထကြစမ်း... “
“တောက်... အကုန်လုံး ထကြစမ်း...
မင်းတို့တွေ ဆက်အိပ်နေမယ်ဆိုရင် အကုန်လုံးကို ဝါးစားပစ်လိုက်မယ်...
မင်းတို့အားလုံး မြေအိုးထမင်းပေါင်း အလုပ်ခံချင်နေကြတာလား... “
စောစောက ရှောင်မိုအား နှိုးခဲ့သော အသံက သူ၏ နားထဲသို့ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။
ရှောင်မို လှည့်ကြည့်လိုက်သောအခါ မတ်တတ်ရပ်နေသော ဝက်မိစ္ဆာတစ်ကောင်က အခြားကလေးငယ်များကို လိုက်လံနှိုးနေသည်ကို မြင်တွေ့လိုက်ရလေ၏။
ဤဝက်မိစ္ဆာသည် လူသားခန္ဓာကိုယ်နှင့် ဝက်ခေါင်းကို ပိုင်ဆိုင်ထားပြီး သူ၏ အသွင်ပြောင်းခြင်းက ပြီးပြည့်စုံခြင်း မရှိသေးချေ။
သူက အကြိမ်အနည်းငယ် အော်ဟစ်လိုက်၍ ကလေးတစ်ယောက်မှ မနိုးလာပါက သူ၏ ဘယ်ဘက်လက်ရှိ ရေပုံးထဲမှ ရေတစ်ခွက်ကို ခပ်ယူကာ ထိုကလေး၏ မျက်နှာပေါ်သို့ ပက်ဖျန်းလိုက်လေ့ရှိပေသည်။
ဂျိုင်း...
ဤနေရာက မည်သည့်နေရာဖြစ်မည်ကို ရှောင်မို တွေးတောနေစဉ်မှာပင် တံခါးကြီးက ရုတ်တရက် ပွင့်ဟလာခဲ့လေတော့သည်။
အသံကြားသည်နှင့် ဝက်မိစ္ဆာက အလျင်စလို ပြေးသွားလိုက်လေရာ သူ၏ ကြီးမားသော နားရွက်ကြီးများက ဆက်တိုက် တုန်ခါနေပြီး သူ၏ အနောက်ဘက်ရှိ ဝက်အမြီးလေးမှာလည်း ခွေးတစ်ကောင်၏ အမြီးအလား တရမ်းရမ်း ဖြစ်နေပေ၏။
“အို... သူဌေးကိုက်... နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ကျုပ်က ခင်ဗျားကို စောင့်နေရတာ အတော်လေး ကြာနေပြီဗျ... “
ဝက်မိစ္ဆာသည် လူသားခန္ဓာကိုယ်နှင့် ခွေးခေါင်းကို ပိုင်ဆိုင်ထားသော ခွေးမိစ္ဆာတစ်ကောင်ကို မျက်နှာချိုသွေးကာ ခယယိုကျိုးနေလေသည်။
ဤမိစ္ဆာအများစုမှာ လူသားခန္ဓာကိုယ်များနှင့် သားရဲခေါင်းများကို ပိုင်ဆိုင်ထားကြကြောင်း ရှောင်မို သတိပြုမိလိုက်ပေ၏။
သူတို့၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျလွန်းသဖြင့် အသွင်ပြောင်းခြင်းကို အပြည့်အဝ မလုပ်ဆောင်နိုင်ခြင်းလား သို့မဟုတ် မိစ္ဆာမျိုးနွယ်တို့၏ ဝိသေသလက္ခဏာအချို့ကို တမင်သက်သက် ချန်လှပ်ထားခဲ့ခြင်းလား ဆိုသည်ကိုတော့ သူ မသိရှိခဲ့ချေ။
“ငါမှာထားတဲ့ ကုန်ပစ္စည်းတွေကရော ဘယ်လိုနေလဲ “သူဌေးကိုက်က ဝက်မိစ္ဆာကို ခပ်အေးအေး လှမ်းကြည့်ကာ မေးလိုက်သည်။ “မင်းကို ငါ ကြိုပြောထားမယ်နော်... ဒီတစ်ခါ ပို့ရမယ့်နေရာက ကြီးမြတ်တဲ့ သခင်ကြီးတစ်ယောက်ရဲ့ အိမ်တော်ပဲ။ အဲ့ဒီသခင်ကြီးရဲ့ အိမ်တော်အကြောင်း မင်းလည်း သိပါတယ်... သူတို့ရဲ့ စံသတ်မှတ်ချက်တွေက အလွန်အမင်း မြင့်မားတယ်လေ... “
“စိတ်ချပါဗျာ“ ဝက်မိစ္ဆာက သူ၏ ဝက်ခွာများကို ပွတ်သပ်ရင်း အပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်လေ၏။ ဒီအကြောင်းကို ကျုပ် ကောင်းကောင်း သိပါတယ်...
“သူဌေးကိုက်... ဒီမိန်းကလေးကို ကြည့်စမ်းပါ။ သူက နောက်ခံရာဇဝင် ရှင်းလင်းတဲ့ တတိယမျိုးဆက် ကျေးကျွန်တစ်ယောက်ပါ။ အသားအရေကလည်း နူးညံ့ပြီး ရုပ်ရည်သွင်ပြင်ကလည်း တော်တော်လေး ကြည့်ကောင်းတယ်ဗျ...
ပြီးတော့ ဒီကောင်လေးကိုလည်း ကြည့်ပါဦး။ သခင်ကြီး... သူက အရိုးပေါ် အရေတင်ဖြစ်နေတာကိုတော့ ဂရုမစိုက်ပါနဲ့။ သူ့ရဲ့ အရိုးတည်ဆောက်ပုံက သာမန်မဟုတ်ဘူးဗျ။ သူက သေချာပေါက် ကိုယ်ရံတော်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်။ ပြီးတော့ ဒီလိုကလေးမျိုးတွေက အသက်ရှင်အောင် မွေးမြူရတာလည်း လွယ်ကူတယ်လေ...
ဒီတစ်ယောက်... ဒီကောင်လေးကလည်း ကောင်းတယ်ဗျ။ သူ့မှာ နူးညံ့သိမ်မွေ့တဲ့ မျက်နှာသွင်ပြင်တွေ ရှိပြီး သေချာလေး ပြုစုပျိုးထောင်ပေးလိုက်ရင် ပိုပြီးတောင် ချောမောလာနိုင်သေးတယ်။ သူ ကြီးလာတဲ့အခါ ဈေးကောင်းကောင်းရဖို့အတွက် ပြည့်တန်ဆာအိမ်ကို ရောင်းမစားဖြစ်ရင်တောင်မှ ကိုယ်တိုင် အလှမွေးထားဖို့အတွက် တော်တော်လေး ကောင်းမွန်ပါတယ်... “
ဝက်မိစ္ဆာသည် ခွေးမိစ္ဆာကို အထဲသို့ ခေါ်ဆောင်သွားရင်း ကလေးငယ်များကို လိုက်လံမိတ်ဆက်ပေးနေလေသည်။
ဤမိစ္ဆာမျိုးနွယ်ဝင်များသည် လှောင်အိမ်တစ်ခုချင်းစီ၏ အရှေ့တွင် ကုန်ပစ္စည်းများကို ရွေးချယ်နေသည့်အလား လျှောက်လှမ်းသွားလာကာ ကြည့်ရှုနေကြပေ၏။
သူတို့၏ အကြည့်များ ကျရောက်သွားသည့် နေရာတိုင်းရှိ လူသားမျိုးနွယ် ကလေးငယ်တိုင်းမှာ ကြောက်ရွံ့တုန်လှုပ်ကာ မျက်နှာများ ဖြူရော်သွားကြလေတော့သည်။
အတန်ကြာပြီးနောက် ဝက်မိစ္ဆာသည် သူဌေးကိုက်ကို ရှောင်မို အကျဉ်းကျနေသော လှောင်အိမ်အရှေ့သို့ ခေါ်ဆောင်လာခဲ့ပေသည်။
ခွေးမိစ္ဆာက စုတ်ပြတ်သတ်နေသော ရှောင်မိုကို အကဲခတ်ကြည့်ရှုလိုက်၏။ သူ၏ ပိန်လှီအားနည်းနေသော အသွင်အပြင်ကို ကြည့်ရှုနေစဉ်မှာပင် ရှောင်မိုကလည်း ခွေးမိစ္ဆာကို ပြန်လည်ကြည့်ရှုနေလေသည်။
ခွေးမိစ္ဆာက ပြုံးလိုက်ပြီး သွားရည်များ ကျလာကာ ကိုယ်ကိုကိုင်းညွှတ်လိုက်ပေသည်။“ ကောင်လေး... မင်းက ငါ့ကို မကြောက်ဘူးလား
အသိပြန်ဝင်လာသော ရှောင်မိုက ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းကိုခါယမ်းလိုက်ပြီးနောက် ကြောက်ရွံ့နေဟန်ဆောင်ကာ အလျင်စလို ခေါင်းညိတ်ပြလိုက်လေ၏။
လက်တွေ့တွင်မူ သူ သေချာပေါက် ကြောက်ရွံ့နေမည်ဖြစ်သော်လည်း ဘဝတစ်ရာကျမ်းအတွင်း၌ အရာရာများစွာကို ဖြတ်သန်းကြုံတွေ့ခဲ့ပြီးဖြစ်ရာ ရှောင်မိုသည် ကြောက်ရွံ့နေခြင်းထက် ဤဘဝနှင့် ပတ်သက်သည့် အချက်အလက်များကို တွေးတောကာ စုဆောင်းနေခဲ့ခြင်းသာ ဖြစ်ပေတော့သည်။
ရှောင်မို၏ အခြေအနေကို မြင်လိုက်ရသောအခါ ခွေးမိစ္ဆာက ကောင်လေးမှာ ကြောက်လွန်း၍ သွေးပျက်နေပြီဟု ထင်မှတ်သွားခဲ့လေသည်။ သူက ကျေနပ်အားရစွာဖြင့် ခါးကိုမတ်လိုက်ပြီး ဘေးနားရှိ ဝက်မိစ္ဆာအား ပြောဆိုလိုက်ပေ၏။
“ဒီတစ်ယောက်... ဟိုတစ်ယောက်နဲ့... အဲ့ဒီတစ်ယောက်... ပြီးတော့ ဟို လူသားမျိုးနွယ် မိန်းကလေးငယ် နှစ်ယောက်။ အဲ့ဒီ ငါးယောက်လုံးကို ငါ ယူမယ်“
“ရပါပြီ... ရပါပြီဗျာ... “
ဝက်မိစ္ဆာက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ရှိ အစေခံများကို အော်ဟစ်လိုက်လေသည်။ “မင်းတို့တွေ ဘာရပ်လုပ်နေကြတာလဲ။ မြန်မြန်လုပ်... ဒီလူသားကလေးတွေကို ဆွဲထုတ်လာခဲ့ကြစမ်း...
သူတို့ကို သေသေချာချာ ရေချိုးပေးပြီး အဝတ်အစားကောင်းကောင်းတွေ လဲပေးလိုက်ဦး။ “သခင်မကြီးရဲ့ ခြံဝင်းကို ညစ်ပတ်သွားအောင် မလုပ်မိစေနဲ့နော်“ သူဌေးကိုက်က ညွှန်ကြားလိုက်ပေသည်။
နားလည်ပါပြီ... နားလည်ပါပြီဗျာ။ “ဒီလူသားမျိုးနွယ်တွေအတွက်တော့ အဲ့ဒီ ကြီးမြတ်တဲ့ သခင်ကြီးရဲ့ အိမ်တော်ထဲကို ဝင်ခွင့်ရတာက ဘဝဆက်တိုင်းမှာ စုဆောင်းခဲ့တဲ့ ကောင်းချီးမင်္ဂလာ တစ်ခုပါပဲ... “
ထိုသို့ပြောဆိုပြီးနောက် ဝက်မိစ္ဆာက သူ၏ ဝက်ခွာကို မြှောက်ကာ ဘေးနားရှိ အစေခံကို ရိုက်ချလိုက်လေ၏။ “မင်းတို့ ဘာစောင့်နေကြတာလဲ။ သူတို့ကို ရေသွားချိုးပေးလိုက်။ အဝတ်အစားသန့်သန့်လေးတွေ လဲပေးလိုက်ကြစမ်း။ တကယ်လို့ သူတို့တွေ အမြင်မတင့်တယ်ဖြစ်နေရင် မင်းတို့ကို ဝက်သားကင်လေးတွေအဖြစ် ပြောင်းပစ်လိုက်မယ်နော်... “ “သခင်ကြီး... ကျွန်တော်တို့ အခုချက်ချင်း သွားလိုက်ပါ့မယ်“
ဝက်မိစ္ဆာ အစေခံအချို့က လှောင်အိမ်များကို အလျင်အမြန် ဖွင့်လှစ်လိုက်ပြီး ရှောင်မိုနှင့် အခြားကလေးများကို ခေါ်ဆောင်သွားကြလေတော့သည်။
နာရီဝက်ခန့် ကြာမြင့်သွားပြီးနောက် ရှောင်မို အပါအဝင် ကလေးငယ်ငါးဦးမှာ ရေမိုးချိုးပြီး သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ကာ မြင်းလှည်းပေါ်သို့ ဆွဲတင်ခံလိုက်ကြရပေသည်။
နောက်ထပ် နာရီဝက်ခန့် ကြာသောအခါ မြင်းလှည်းကြီးက ရပ်တန့်သွားပြီး ရှောင်မိုတို့မှာ အောက်သို့ နှင်ချခံလိုက်ကြရလေ၏။
သူက အထက်သို့ မော့ကြည့်လိုက်သည်။
ကြီးမားမြင့်မားလှသော အဝင်ပေါက်ရှိ ဆိုင်းဘုတ်ကြီးပေါ်တွင် ထုရှန်း ဟူသော စာလုံးနှစ်လုံးကို ရေးသားထားကြောင်း ရှောင်မို တွေ့မြင်လိုက်ရလေတော့သည်။