← Chapters

အခန်း ၅၁၀

Vol. 51 Ch. 510

အခန်း ၅၁၀

Vol. 51 Ch. 510

အခန်း (၅၁၀)

"ဒါပေမဲ့..." မြေခွေးနားရွက်နှင့် မိန်းကလေးက ခေါင်းလေးကို ငုံ့ထားပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူမ၏ မျက်နှာထက်တွင် မျှော်လင့်ချက်အရိပ်အယောင်များ ပြည့်နှက်နေပေသည်။ သူမက သူမနှင့် ရွယ်တူ ကစားဖော်တစ်ယောက်ကို အမှန်တကယ် လိုချင်နေသည့်အလား ပုံပေါက်နေလေ၏။

အုပ်ချုပ်ရေးမှူးရှုံက သခင်မလေးငယ်ကို ပြုစုစောင့်ရှောက်ပေးနေသော အစေခံမလေးနှစ်ဦးကို အဓိပ္ပာယ်ပါပါ အချက်ပြကြည့်ရှုလိုက်ပေသည်။

အစေခံမလေးနှစ်ဦးက ချက်ချင်းပင် သဘောပေါက်သွားကြ၏။ သူတို့က မိန်းကလေးငယ်၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ လက်သေးသေးလေးများကို ဆုပ်ကိုင်ကာ နူးညံ့စွာ ပြောဆိုလိုက်လေသည်။ "သခင်မလေးငယ်... အချိန်လည်း လင့်နေပြီ။ သခင်မကြီးက သခင်မလေးငယ်ကို ထမင်းစားဖို့ စောင့်နေတာ။ အကယ်လို့ သခင်မလေးငယ်သာ နောက်ကျသွားမယ်ဆိုရင် သခင်မကြီးက စိတ်ဆိုးလိမ့်မယ်နော်"

"ဪ... ဟုတ်ကဲ့ပါ..." မြေခွေးနားရွက်နှင့် မိန်းကလေးက ခေါင်းလေးကို ငုံ့လိုက်လေရာ သူမ၏ ဖြူဖွေးသော အမြီးကြီးမှာလည်း မြေပြင်ပေါ်သို့ စိတ်ပျက်လက်ပျက် ကျဆင်းသွားပြီးနောက် အစေခံမလေးနှစ်ဦး၏ နောက်မှနေ၍ အနည်းငယ် မပျော်မရွှင်ဖြင့် လိုက်ပါသွားလေတော့သည်။

"အဟမ်း... အဟမ်း..."

မိန်းကလေးငယ်၏ ပုံရိပ်လေးက အရှေ့ဘက်ခြံဝင်းအတွင်းမှ ပျောက်ကွယ်သွားပြီးနောက် အုပ်ချုပ်ရေးမှူးရှုံက လည်ချောင်းဟန့်လိုက်ပြီး သူ၏ဘေးရှိ အစေခံများကို ညွှန်ကြားလိုက်လေ၏။

"ဒီမိန်းကလေးငယ် နှစ်ယောက်ကို အောက်ခေါ်သွားပြီး သေသေချာချာ လေ့ကျင့်သင်ကြားပေးလိုက်။ အဲ့ဒီနောက်ကျရင် သူတို့ကို အိမ်တော်က အစေခံမလေးတွေအတွက် ညအိုးသွန်တဲ့အလုပ်ကို တာဝန်ယူခိုင်းလိုက်"

"ဒီကောင်လေးနှစ်ယောက်ကတော့ အရိုးတည်ဆောက်ပုံ တောင့်တင်းခိုင်မာတယ်။ သူတို့ကို အရင်ဆုံး သိုင်းပညာ လေ့ကျင့်ခိုင်းလိုက်။ နောက်ကျရင် အိမ်တော်ကို စောင့်ကြပ်တဲ့အလုပ် ပေးလို့ရတယ်"

"ဒီကလေးကိုတော့..."

အုပ်ချုပ်ရေးမှူးရှုံက ရှောင်မိုကို ကြည့်လိုက်ပြီး မေးစေ့ကို ပွတ်သပ်ကာ အခိုက်အတန့်မျှ သေချာစွာ စဉ်းစားတွေးတောလိုက်ပေသည်။

"ဒီကောင်လေးမှာက နူးညံ့သိမ်မွေ့တဲ့ မျက်နှာသွင်ပြင်တွေ ရှိနေတာပဲ။ သူ ကြီးလာတဲ့အခါ ပြည့်တန်ဆာအိမ်မှာ ယောက်ျားလေးဖျော်ဖြေသူအဖြစ် ရောင်းစားဖို့သက်သက် မွေးထားလို့တော့ မဖြစ်ဘူးလေ... ဟုတ်တယ်မလား။ ဒါပေမဲ့ သူက တော်တော်လေး ဉာဏ်ကောင်းမယ့်ပုံတော့ ပေါ်တယ်"

"အုပ်ချုပ်ရေးမှူးရှုံ... အနောက်ဘက်ခြံဝင်းက သခင်လေးနွားက သူ လူအင်အား မလောက်မငှဖြစ်နေလို့ သူ့ကို ကူညီပေးဖို့အတွက် လူတချို့လောက်များ ပို့ပေးနိုင်မလားလို့ ကျွန်တော့်ကို မေးခိုင်းထားပါတယ်ဗျ။ သူ့ရဲ့ မီးဖိုဆောင်ခြံဝင်းထဲကို လူသစ်မရောက်တာ အတော်လေး ကြာနေပြီမို့လို့ပါတဲ့"

"အဲ့ဒါလည်း အဆင်ပြေတာပဲ" အုပ်ချုပ်ရေးမှူးရှုံက ဆုံးဖြတ်လိုက်လေ၏။ "ဒါဆိုရင် ဒီကောင်လေးကို အနောက်ဘက် မီးဖိုဆောင်ဆီ ပို့လိုက်တော့"

တာဝန်များကို ခွဲဝေချထားပြီးနောက် အုပ်ချုပ်ရေးမှူးရှုံက ရှောင်မိုတို့အား နောက်ဆုံးအနေဖြင့် သတိပေးမှာကြားလိုက်ပေသည်။

"မင်းတို့ကို ငါ နောက်ဆုံးတစ်ကြိမ် ပြောလိုက်မယ်။ ငါတို့ရဲ့ ထူရှန်းအိမ်တော်ဆီကို အပို့ခံရတာက မင်းတို့ဘဝရဲ့ အကြီးမားဆုံးသော ကံကောင်းခြင်းပဲ။ ဒီမှာ မင်းတို့တွေက ထမင်းစားပွဲပေါ်က ဟင်းလျာတွေအဖြစ် အချက်ပြုတ်ခံရမှာ မဟုတ်ဘူး"

"ဒီမှာ မင်းတို့က စားဝတ်နေရေးအတွက် ပူပန်နေစရာ မလိုဘူး"

"အသက်အရွယ်ကြီးရင့်ပြီး သေဆုံးသွားတဲ့အချိန်အထိ ဒီနေရာမှာ အေးအေးချမ်းချမ်း နေထိုင်သွားလို့တောင် ရသေးတယ်။ ဒါက တခြားလူတွေ တစ်သက်လုံး အားကျငေးမောနေရုံပဲ တတ်နိုင်တဲ့ အရာမျိုးပဲ"

"ပြီးတော့ မင်းတို့လုပ်ရမယ့် တစ်ခုတည်းသောအရာက သခင်မကြီးနဲ့ သခင်မလေးငယ်အပေါ်မှာ အကြွင်းမဲ့ သစ္စာရှိဖို့ပဲ"

"မင်းတို့မှာ ရှိသမျှ အရာအားလုံးက သခင်မကြီးနဲ့ သခင်မလေးငယ်တို့ ပေးသနားထားတာတွေချည်းပဲ။ သူတို့ရဲ့ ဆံပင်တစ်ချောင်းကတောင်မှ မင်းတို့ရဲ့ အသက်တွေထက် ပိုပြီး တန်ဖိုးကြီးတယ်"

"ထူရှန်းအိမ်တော်ရဲ့ ကျေးဇူးတရားက မင်းတို့ တစ်သက်လုံး ဆပ်လို့တောင် ကုန်နိုင်မှာ မဟုတ်ဘူး"

"မင်းတို့ နားလည်ကြလား"

"နားလည်ပါတယ်" အားလုံးက ထပ်မံ၍ တုံ့ပြန်လိုက်ကြလေ၏။

"အသံက ဒီလောက်တောင် တိုးရသလား။ ပိုကျယ်ကျယ် အော်စမ်း" အုပ်ချုပ်ရေးမှူးရှုံက ဟိန်းဟောက်လိုက်ပေသည်။

"နားလည်ပါတယ်" အားလုံးက နောက်တစ်ကြိမ် ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြလေတော့သည်။

"ကောင်းတယ်" အုပ်ချုပ်ရေးမှူးရှုံက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ဘေးရှိ အစေခံများကို ပြောဆိုလိုက်လေ၏။ "သူတို့အားလုံးကို အောက်ခေါ်သွားလိုက်ကြတော့။ သူတို့ကို စည်းကမ်းတွေ သင်ပေးဖို့ မမေ့နဲ့ဦး"

"ဟုတ်ကဲ့ပါ အုပ်ချုပ်ရေးမှူးရှုံ"

အစေခံများနှင့် အစေခံမလေးများစွာက ကလေးငယ်ငါးဦးကို ခေါ်ဆောင်သွားကြလေသည်။

ရှောင်မိုက ကြောင်မိစ္ဆာ အစေခံမလေးတစ်ယောက်၏ နောက်သို့လိုက်ပါရင်း မီးဖိုဆောင်ခြံဝင်းဆီသို့ ဦးတည်သွားလေ၏။

မကြာမီမှာပင် ရှောင်မိုသည် အလွန်တရာ ကြီးမားကျယ်ဝန်းသော ခြံဝင်းကြီးတစ်ခု၏ အရှေ့သို့ ရောက်ရှိသွားခဲ့ပေသည်။

လေပြေတစ်ချက် တိုက်ခတ်လာသည်နှင့်အတူ ခြံဝင်းအတွင်းမှ ရှုပ်ထွေးလှသော၊ သင်းပျံ့ပြင်းရှနေသည့် အစားအသောက် ရနံ့များနှင့်အတူ မီးခိုးငွေ့ရနံ့များက လွင့်မျောလာခဲ့ချေပြီ။

ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားသောအခါ။ အတွင်း၌ကား ဧရာမ မီးဖိုဆောင်ကြီးတစ်ခု ရှိနေလေ၏။

ဘယ်ဘက်၊ ညာဘက်နှင့် အလယ်ဗဟိုတို့တွင် မီးဖိုများကို အစီအရီ တည်ဆောက်ထားကြပေသည်။

မွန်းတည့်ချိန်သို့ နီးကပ်လာပြီဖြစ်သဖြင့် မီးဖိုတိုင်း၏ အောက်တွင် မီးများ ဖိုထားကြလေ၏။

ခြံဝင်းတစ်ခုလုံး၏ အပူချိန်မှာ ဒီဂရီအနည်းငယ်မျှ မြင့်တက်လာသည့်အလား ထင်မှတ်ရပေသည်။

သိုးမိစ္ဆာများ၊ ခွေးမိစ္ဆာများ၊ ဝက်မိစ္ဆာများနှင့် မြင်းမိစ္ဆာများ။

ခြံဝင်းအတွင်း၌ မိစ္ဆာအမျိုးအစား စုံလင်စွာ ရှိနေပြီး လူသားအချို့ကိုလည်း တွေ့မြင်ရလေ၏။

ဤမိစ္ဆာများ ချက်ပြုတ်နေသော ဟင်းလျာများတွင် အသုံးပြုထားသည့် ပါဝင်ပစ္စည်းများမှာ အမျိုးမျိုးသော မိစ္ဆာသားရဲများနှင့် ဝိညာဉ်သားရဲများ၏ အသားနှင့် သွေးများမှစ၍ သာမန်ပါဝင်ပစ္စည်းများဖြစ်သော ကြက်၊ ဘဲ၊ နွား၊ ဝက်နှင့် သိုး စသည်တို့အထိ အမျိုးစုံလင်လှပေသည်။

ဝက်မိစ္ဆာတစ်ကောင်က ဝက်သားဟင်းကို အချက်နှစ်ပြန် ချက်ပြုတ်နေသည်ကို ကြည့်ရှုရင်း ရှောင်မို၏ ရင်ထဲတွင် တစ်စုံတစ်ရာ လွဲချော်နေသကဲ့သို့ ခံစားလိုက်ရလေတော့သည်။

"သခင်လေးနွား... ရှင့်အတွက် လူတစ်ယောက် ခေါ်လာပေးတယ်" ကြောင်မိစ္ဆာမလေးက မီးဖိုဆောင်ဘက်သို့ လှမ်း၍ ချိုသာစွာ အော်ခေါ်လိုက်လေ၏။

"လာပြီ... လာပြီ"

မကြာမီမှာပင် အလယ်ဗဟိုရှိ မီးဖိုထံမှ အရပ်ရှည်ရှည်နှင့် နွားခေါင်းပိုင်ရှင် အမျိုးသားတစ်ဦးက သူ၏လက်ထဲရှိ ဟင်းမွှေယောက်ချိုကို ဘေးနားရှိ သိုးမိစ္ဆာတစ်ကောင်ထံသို့ ပစ်ပေးလိုက်ပေသည်။

သိုးမိစ္ဆာက ယောင်းမကို အလျင်အမြန် လှမ်းယူလိုက်ပြီး ဟင်းများကို ဆက်လက်မွှေနေလေ၏။ သခင်လေးနွားက သူ၏လက်များကို ခပ်ပေါ့ပေါ့ သုတ်လိုက်ပြီးနောက် ကြောင်မိစ္ဆာမလေးရှိရာသို့ လျှောက်လာခဲ့လေသည်။

"ကျွန်မက သခင်လေးနွားကို အရိုအသေပေးပါတယ်" ကြောင်မိစ္ဆာ အစေခံမလေးက အနည်းငယ် ဒူးညွှတ်အရိုအသေပေးလိုက်ပေသည်။ "အုပ်ချုပ်ရေးမှူးရှုံက သခင်လေးနွားမှာ လူအင်အား မလောက်မငှ ဖြစ်နေတယ်လို့ ကြားလို့ ကျွန်မကို တစ်ယောက်လာပို့ခိုင်းတာပါ"

"အင်း..."

သခင်လေးနွားက ခေါင်းညိတ်လိုက်ပြီး ရှောင်မိုကို အကဲခတ်ကြည့်ရှုလိုက်လေ၏။

သို့သော်လည်း မကြာမီမှာပင် သခင်လေးနွား၏ မျက်ခုံးများက တွန့်ချိုးသွားခဲ့ချေပြီ။

"သေလိုက်ပါတော့ဗျာ... ရှုံတာက ဘာတွေ လုပ်နေတာလဲ။ ငါ လိုချင်ခဲ့တာက ခွန်အားကြီးတဲ့ လူသန်ကြီးတစ်ယောက်လေ"

"ခွန်အားကြီးတဲ့ လူသန်ကြီး ဆိုတာကို နားလည်ရဲ့လား။ အဲ့ဒါက မင်းရဲ့ ခြေထောက်တွေကို ရက်တော်တော်များများ အားပျော့သွားစေနိုင်တဲ့ ယောက်ျားကြီးမျိုးကို ပြောတာ"

"ဒီလူသားမျိုးနွယ် ကလေးက အသက်ဘယ်လောက်များ ရှိသေးလို့လဲ။ သူက ဘယ်လိုလုပ်ပြီး ဟင်းချက်နိုင်မှာလဲ။ သူက ဟင်းတစ်ခွက်အဖြစ် အချက်ပြုတ်ခံရဖို့ ပိုပြီး သင့်တော်နေတယ် မဟုတ်ဘူးလား"

ကြောင်မိစ္ဆာ အစေခံမလေးမှာ ဒေါသထွက်သွားခြင်း မရှိဘဲ ပြုံးလျက်သာ ပြန်လည်ပြောဆိုလိုက်ပေသည်။ "သခင်လေးနွားရယ်... စိတ်မဆိုးပါနဲ့။ ငါတို့ ထူရှန်းအိမ်တော်ရဲ့ စည်းကမ်းတွေကို ရှင်လည်း သိတာပဲလေ။ အစေခံတွေနဲ့ အစေခံမလေးတွေကို သစ္စာရှိအောင်လို့ ငယ်ငယ်လေးကတည်းက ပျိုးထောင်ပေးရတာ။ ဒါကြောင့်မို့လို့ သဘာဝကျကျပဲ ငါတို့ ဝယ်လာတဲ့ သူတွေအားလုံးက ကလေးတွေချည်းပဲ ဖြစ်နေတာပေါ့"

"ဒီလူသားကလေးက ပိန်လှီနေတယ် ဆိုပေမဲ့ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ရတာ တော်တော်လေး ဉာဏ်ကောင်းမယ့်ပုံ ပေါ်ပါတယ်။ ပြီးတော့ ပိန်နေတာကလည်း ပြဿနာမဟုတ်ပါဘူး၊ ရက်အနည်းငယ်လောက် ကြာရင် သူလည်း ပြည့်ဖြိုးလာမှာပါ"

"အကယ်လို့ သခင်လေးနွားက သူ့ကို သဘောမကျဘူးဆိုရင်လည်း နောက်ပိုင်း ဝယ်လာမယ့် အစေခံတွေထဲကနေ ရှင့်အတွက် နောက်တစ်ယောက်ကို ရွေးပေးလို့ ရပါတယ်"

"ဒါပေမဲ့ သူ့ကို ဟင်းတစ်ခွက်အဖြစ် မသုံးတာကတော့ အကောင်းဆုံးဖြစ်လိမ့်မယ်နော်။ ထူရှန်းအိမ်တော်ရဲ့ စည်းကမ်းက လူသားတွေကို စားသုံးခွင့် မပြုထားဘူးဆိုတာကို ကျေးဇူးပြုပြီး မမေ့လိုက်ပါနဲ့"

"ကျွတ်စ်" သခင်လေးနွားက စုပ်သပ်လိုက်ပြီး ညည်းညူလိုက်လေ၏။ "ငါ သိပါတယ်... သိပါတယ်။ သေလိုက်ပါတော့ဗျာ... အဲ့ဒါက ရှုံတာရဲ့ မိန်းမက ငါ့ကို မျက်စပစ်ပြနေတာကို ရှုံတာ သိသွားလို့ ငါ့ကို တမင်သက်သက် ဒုက္ခပေးနေတာ သေချာတယ်"

"ထားလိုက်ပါတော့လေ။ မင်း သွားလို့ရပြီ။ ဒီကောင်လေး အလုပ်လုပ်ရင်း သေသွားခဲ့ရင် ငါ နောက်တစ်ယောက် ထပ်ယူလိုက်ရုံပေါ့" သခင်လေးနွားက ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ပေသည်။

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးနွား။ ရှင့်အလုပ်ကိုသာ ဆက်လုပ်ပါတော့၊ ကျွန်မ သွားလိုက်ပါဦးမယ်"

ကြောင်မိစ္ဆာ အစေခံမလေးက အနည်းငယ် ပြုံးလိုက်လေ၏။ ရှောင်မိုကို ထားရစ်ခဲ့ပြီးနောက် သူမက တင်ပါးကို လှုပ်ခါယိမ်းနွဲ့ကာ မီးဖိုဆောင်ခြံဝင်းထဲမှ ထွက်ခွာသွားလေတော့သည်။

"ဟေ့... ကောင်လေး။ ဆက်မကြည့်နဲ့တော့။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူများရဲ့ တင်ပါးကို လိုက်ကြည့်နေရတာ မရှက်ဘူးလား။ ပြီးတော့ အဲ့ဒီ ကြောင်မိစ္ဆာမရဲ့ တင်ပါးက အဲ့လောက်ကြီးတောင် မကြီးပါဘူး။ ငါ့မိန်းမလောက်တောင် မကြီးဘူးကွ"

သခင်လေးနွားက ရှောင်မိုကို အော်ဟစ်လိုက်ပေသည်။

"..." ရှောင်မိုမှာ အတော်လေး မတရားခံရသကဲ့သို့ ခံစားလိုက်ရလေ၏။ သူက ခပ်ပေါ့ပေါ့သာ လှမ်းကြည့်လိုက်ခြင်းဖြစ်ပြီး မည်သည့် ရည်ရွယ်ချက်မှ မရှိခဲ့ပေ။

"ကောင်းပြီ ကောင်လေး။ ဒီနေ့ကစပြီး မင်းက ငါ့လူပဲ။ ငါ့နောက်ကို လိုက်ခဲ့စမ်း"

သခင်လေးနွားက လှည့်ကာ မီးဖိုရှိရာဘက်ဆီသို့ ပြန်လည်လျှောက်လှမ်းသွားလေသည်။

"ဒီထူရှန်းအိမ်တော်ရဲ့ စည်းကမ်းတွေကို ငါ မင်းကို ပြောပြမယ်"

All Chapters