← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း (၂၂၅) အားလုံးကို ရှင်းလင်းခြင်း

ချန်ဖုန်း ကျန်းထျန်ရှန်းကို ဖုန်းဆက်ပြီးနောက်။

ပေ့ဟူ၌ တပ်စွဲထားသော စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာသို့ လျင်မြန်စွာ ရောက်ရှိလာပြီး အလောင်းများကို ရှင်းလင်းပေးခဲ့ပေ၏။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူများမှာ နယ်စပ်ပြင်ပမှ လုပ်ကြံသူအဖွဲ့အစည်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာဌာနတွင်သာ ဤကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အခွင့်အာဏာ ရှိသောကြောင့်ပင်။

၎င်းတို့ထဲမှ လူနှစ်ဦးမှာ အလိုရှိနေသော ရာဇဝတ်ကောင်များ ဖြစ်ကြောင်းကိုလည်း သူတို့ ရှာဖွေတွေ့ရှိသွားခဲ့သည်။

၎င်းတို့သည် တခြားနေရာတွင် ပြစ်မှုကျူးလွန်ခဲ့ပြီး ပေ့ဟူသို့ လျှို့ဝှက်စွာ ထွက်ပြေးလာကာ ဤနေရာတွင် ငွေအနည်းငယ်ရှာပြီးနောက် အနားယူကာ ငြိမ်းချမ်းစွာ နေထိုင်ရန် ရည်ရွယ်ထားခဲ့ကြခြင်း ဖြစ်ချေ၏။

ဤသို့ အသက်ဆုံးရှုံးသွားလိမ့်မည်ဟု ၎င်းတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

ဤသည်မှာ ချန်ဖုန်းအတွက် အသေးအဖွဲ ကိစ္စရပ်လေးတစ်ခုသာဖြစ်ပြီး ဆေးဝါးစက်ရုံကိုလည်း တဖြည်းဖြည်း တည်ဆောက်နေပြီ ဖြစ်သည်။ အရာအားလုံးမှာ လုံးလုံးလျားလျား သက်ရောက်မှု မရှိခဲ့သည့်အလား ဖြစ်နေပေ၏။

မြေအောက်ဂိုဏ်းခေါင်းဆောင် ဟေးဟူ သည် ဆေးဝါးကုမ္ပဏီ ချောမွေ့စွာ တည်ဆောက်နိုင်ရေး သေချာစေရန်အတွက် ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကင်းစောင့်ရန် သူ၏လူများကိုပင် စေလွှတ်ထားခဲ့သေးသည်။

ချန်ဖုန်း၏ ကုမ္ပဏီမှ လူတစ်ဦးကို သူ၏ နှာခေါင်းအောက်တွင် တစ်စုံတစ်ယောက်က ငွေညှစ်ရန် ကြိုးစားလိမ့်မည်ဟု သူ တကယ်ပင် ထင်မှတ်မထားခဲ့ချေ။

သူ အရမ်းလန့်သွားပြီး ချွေးစေးများပင် ပျံကျလာခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမား ပြဿနာ မရှိခဲ့ပေ။ ထိုသို့မဟုတ်ပါက ချန်ဖုန်းအား သူ ရှင်းပြနိုင်မည် မဟုတ်ချေ။

"ဝူးယာ... ကျင်းကန်... မင်းတို့နှစ်ယောက် အလှည့်ကျ ၂၄ နာရီ ကင်းစောင့်ကြ... ဘယ်ကောင်မဆို လာရှုပ်ရဲရင် သေအောင်သာ ရိုက်သတ်လိုက်..."

ဟေးဟူက သူ့ရှေ့ရှိ လက်အောက်ငယ်သား တစ်ရာကျော်ကို ကြည့်ကာ ပြောလိုက်၏။

သူ တကယ်ကို ပေါ့ပေါ့ဆဆ မနေရဲတော့ချေ။ သူ၏ လက်အောက်ခံ ကျင်းကန် ထံမှ ရရှိသော အချက်အလက်များအရ ချန်ဖုန်းသည် ယခုအခါ စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်ဖြစ်နေပြီး သူ၏ စွမ်းရည်များမှာ မှန်းဆ၍ မရနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။

အစကတည်းက ခေါင်းဆောင်မှန်ကို ရွေးချယ်နိုင်ခဲ့သည့်အတွက် သူ ဝမ်းသာနေမိသည်။

‘မစ္စတာချန်က... လူတွေကြားထဲက နဂါးတစ်ကောင် အစစ်ပဲ’

အခြားတစ်ဖက်တွင်။

နယ်စပ်ပြင်ပ။

Seven Kills အဖွဲ့အစည်း ၏ ဌာနချုပ်။

အစည်းအဝေးခန်းမထဲတွင် လူဒါဇင်ပေါင်းများစွာ စုဝေးနေကြပြီး ခန်းမတစ်ခုလုံးရှိ လေထုမှာ အလွန် ဖိစီးနေခဲ့ပေ၏။ မည်သူမျှ အသက်ကိုပင် ပြင်းပြင်း မရှူရဲကြချေ။

ခေါင်းဆောင် ထျန်ရိ သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် စကားစလိုက်သည်။

"ဒီမစ်ရှင်အတွက် ငါတို့ လွှတ်လိုက်တဲ့ လူတွေအကုန်လုံး သေသွားပြီ... ငါတို့ရဲ့ အင်အား သုံးပုံတစ်ပုံလောက် ဆုံးရှုံးသွားခဲ့ရတယ်..."

လွန်ခဲ့သော လအနည်းငယ်က ဟွာရှနိုင်ငံရှိ ပေ့ဟူသည် တားမြစ်နယ်မြေတစ်ခုဖြစ်ပြီး ကောင်းကင်ဘုရင်အဆင့် မဟုတ်သူ မည်သူမဆို ဟွာရှနိုင်ငံသို့ ဝင်ရောက်ခွင့် မရှိကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့လေ၏။

သို့သော် ယခုကြည့်ရသည်မှာ ကောင်းကင်ဘုရင်အဆင့်ပင်လျှင် သေဆုံးနိုင်ခြေ ရှိနေဆဲ ဖြစ်ပေသည်။

"သူတို့အကုန် သေသွားတာလား... ဒီတစ်ခေါက် ငါတို့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတွေ အများကြီး လွှတ်လိုက်တာလေ... ဒုတိယခေါင်းဆောင်ဆို ပင်မနတ်ဘုရားအဆင့်နားတောင် ကပ်နေပြီ... အကုန်လုံး သေသွားတယ်ပေါ့..."

"ဒါ အမှန်ပဲ... တော်တော်လေး အစွမ်းထက်တဲ့ စစ်ဘက်ဆိုင်ရာဌာနက စစ်သေနာပတိကလွဲရင် ဟွာရှနိုင်ငံက တခြားသူတွေက အဲဒီလောက် မစွမ်းဘူး မဟုတ်ဘူးလား..."

ချင်းလုံနှင့် အခြားသူများမှာမူ နယ်စပ်နှင့် နိုင်ငံရပ်ခြား စစ်မြေပြင်များတွင် ရှိနေကြသဖြင့် ဟွာရှနိုင်ငံသို့ ပြန်လာရန် မဖြစ်နိုင်ချေ။

ဤလုပ်ကြံသူများ မည်သို့ သေဆုံးသွားခဲ့သနည်း။

လူတိုင်းမှာ ဇဝေဇဝါ ဖြစ်နေကြ၏။

"ဘာမှကို မသိရသေးဘူး..."

ခေါင်းဆောင် ထျန်ရိ က ခေါင်းယမ်းလိုက်သည်။

ထိုအချိန်၌ သူ၏ ဖုန်းမြည်လာခဲ့၏။ ခေါင်ဆောင် ထျန်ရိက ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားလေကာ သူ၏ ထိုင်ခုံမှ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

"စစ်ဘက်ဆိုင်ရာဌာနက နည်းပြချုပ်ဆိုတာ အဇူရာနန်းတော်က သခင်လေးတဲ့... အဇူရာဘုရင်လို့လည်း ခေါ်ကြတယ်... အခု အဇူရာနန်းတော်က လူတွေ ငါတို့ကို အမြစ်ဖြတ်ဖို့ လာနေကြပြီလို့ သတင်းရတယ်..."

"ဘာ..."

လူတိုင်း၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်သွားတော့၏။ သူတို့၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ အကြောက်တရားများ အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။ သူတို့ ကြောက်ရွံ့သွားကြပြီ ဖြစ်သည်။

ဒါ မဆန်းပါဘူး...

သူ့ကို သတ်ရန် စေလွှတ်လိုက်သော လုပ်ကြံသူများအားလုံး သေဆုံးသွားခဲ့ရခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။ တစ်ဖက်လူမှာ အဇူရာနန်းတော်၏ သခင်လေး ဖြစ်နေသည် မဟုတ်ပါလော။ သူ၏ အင်အားက ဘယ်လိုလုပ် အားနည်းနေနိုင်မည်နည်း။

သူတို့ကို ပို၍ ထိတ်လန့်စေသောအရာမှာ သူတို့သည် အဇူရာနန်းတော်၏ သခင်လေးကို ရန်စမိသွားခြင်းပင်။ အဇူရာနန်းတော်၏ အတိတ်က လုပ်ရပ်များအရ Seven Kills အဖွဲ့အစည်း သည် ဤညကို သေချာပေါက် ကျော်ဖြတ်နိုင်မည် မဟုတ်တော့ချေ။

"မြန်မြန်... အကုန်လုံး လူစုခွဲပြီး ဆုတ်ခွာကြ..."

ခေါင်းဆောင် ထျန်ရိ ၏ နှလုံးသားမှာ ရူးသွပ်စွာ ခုန်ပေါက်နေခဲ့၏။

သူတည်ဆောက်ခဲ့သော အဖွဲ့အစည်းကြီး ပျက်စီးသွားသည်ကို သူ လုံးဝ မကြည့်ရက်နိုင်ချေ။

ခေါင်းဆောင် ထျန်ရိက ထပ်မံအော်ဟစ်လိုက်သည်။

"အမိန့်ပေးလိုက်တယ်... အကုန်လုံး ရုံးချုပ်ကနေ အခုချက်ချင်း ထွက်သွားကြ... အဇူရာနန်းတော်ရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်ရင် အခုချက်ချင်း ပုန်းနေကြ..."

"နှစ်နှစ်ပဲဖြစ်ဖြစ်... သုံးနှစ်ဖြစ်ဖြစ်... ဆယ်နှစ်ပဲဖြစ်ဖြစ် ငါ့အမိန့်မရဘဲ ဘယ်သူမှ ထွက်မလာခဲ့နဲ့..."

"မြန်မြန်... သွားကြမယ်..."

"ပြေးကြ..."

လူတိုင်း ရုံးချုပ်ခန်းမထဲမှ ထွက်ပြေးရန် ပြင်နေချိန်တွင် သူတို့ရှေ့၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူတို့၏လမ်းကို ပိတ်ဆို့ကာ အစွမ်းထက်သော အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပေ၏။

"ယန်ရီ... အဲဒါ အဇူရာနန်းတော်ရဲ့ ပင်မနတ်ဘုရားဆယ်ပါးထဲက ယန်ရီပဲ..."

လူတစ်ယောက်က အံ့သြတကြီး အော်ဟစ်လိုက်သည်။

"ဒီလမ်းက ပိတ်နေတယ်..."

ယန်ရီက လက်သီးတစ်ချက် တိုက်ရိုက် ထိုးချလိုက်ရာ သူ့ဆီသို့ ပြေးလာနေသောသူမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။

ထိုသူ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပွင့်သွားခဲ့သည်။ အစွမ်းထက်သော အင်အားက သူ့ကို နောက်သို့ လွင့်ထွက်သွားစေပြီး သူ၏အနောက်ရှိ လူငါးခြောက်ယောက်နှင့်အတူ လဲကျသွားကာ နောက်ထပ် ဘယ်တော့မှ ပြန်မထလာနိုင်တော့ပေ။

အချို့လူများက ချက်ချင်း လမ်းကြောင်းပြောင်းလိုက်ကြ၏။ သူတို့ သိပ်ဝေးဝေး မပြေးရသေးချေ။

ရုတ်တရက် မြေကြီးတုန်ခါသွားပြီး ထိုက်ရှန်း သည် သူ၏ တူမကြီးကို ကြမ်းတမ်းစွာ ဝှေ့ယမ်းကာ ဧရိယာတစ်ခုလုံးကို တိုက်ခိုက်လိုက်သည်။

ထိုက်ရှန်းက ရယ်မောကာ ​ပြောလိုက်သည်။

"ဆောရီးပဲ... ဒီလမ်းလည်း ပိတ်နေတယ်..."

"ထိုက်ရှန်း... သူက ပင်မနတ်ဘုရား ထိုက်ရှန်းပဲ..."

လူတိုင်း၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက်မတတ် ဖြစ်သွားကြရသည်။ သူတို့၏ မျက်နှာပေါ်တွင် အကြောက်တရားများ အထင်းသား ပေါ်လွင်နေပေ၏။ ဒါတင် မကသေးချေ။

လူအုပ်ကြီး၏ ထိတ်လန့်နေသော အကြည့်များကြားတွင် ဘယ်ဘက်မှ အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာပြီး လူဒါဇင်ပေါင်းများစွာ လွင့်စင်သွားကာ နတ်ဘုရား သို့မဟုတ် မိစ္ဆာတစ်ကောင်ကဲ့သို့ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုနေရာတွင် မားမားမတ်မတ် ရပ်နေလေ၏။

"ဒီလမ်းလည်း ပိတ်နေတယ်..."

တစ္ဆေနတ်ဘုရား ယိုးဟွန်း…

ညာဘက်မှလည်း ဧရာမ ဓားကြီးတစ်လက် စစ်မြေပြင်ကို ဖြတ်သန်းသွားစဉ် အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။ ထိုလေးလံသော ဓားကြီးရှိနေသရွေ့ မည်သူမျှ ရှေ့သို့ ခြေတစ်လှမ်းပင် တိုး၍မရနိုင်ချေ။

ပင်မနတ်ဘုရား လဲ့ယန်…

ဤအခိုက်အတန့်၌ လမ်းကြောင်းအားလုံး ပိတ်ဆို့သွားသဖြင့် လူအုပ်ကြီး၏ ရင်ထဲတွင် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားလေ၏။ ပင်မနတ်ဘုရား လေးပါးသည် တဖြည်းဖြည်းနှင့် ဝိုင်းရံပိတ်ဆို့လာကြသည်။ သူတို့ ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း အငွေ့အသက်များက ပိုမိုအားကောင်းလာပြီး သူတို့၏ ခြေရင်းတွင် အလောင်းများ တစ်လောင်းပြီးတစ်လောင်း လဲကျနေခဲ့သည်။

"ကောင်းတယ်... အဇူရာနန်းတော်က တကယ်ကို တော်တာပဲ... မင်းတို့က ပင်မနတ်ဘုရား လေးပါးကိုတောင် လှုပ်ရှားခိုင်းလိုက်တယ်ပေါ့..."

ခေါင်းဆောင် ထျန်ရိ မှာ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။ သူသည် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်သော်လည်း ယန်ရီ တို့လို လူများနှင့် ယှဉ်လျှင် ပြိုင်ဘက်မဟုတ်ကြောင်း ရှင်းလင်းနေပေသည်။

ငါးမိနစ်ပင် မပြည့်လိုက်ချေ။

Seven Kills အဖွဲ့အစည်း ၏ အဖွဲ့ဝင်အားလုံး သေဆုံးသွားခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ထျန်ရိ မှာလည်း ပြင်းထန်စွာ ဒဏ်ရာရကာ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့သည်။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး အသက်ရှူသံများ အလွန် အားနည်းနေ၏။

သူ၏ရှေ့ရှိ ယန်ရီ နှင့် အခြားသူများကို ကြည့်ရင်း အံကြိတ်ကာ စကားဆိုလိုက်သည်။

"လူကြီးမင်းတို့... ကျွန်တော့်ရဲ့ Seven Kills အဖွဲ့အစည်း ကို ဖျက်ဆီးလိုက်တာကို ကျွန်တော် အရှုံးပေးပါတယ်... ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော်တို့ကို အကုန်လုံး အမြစ်ဖြတ်ချင်နေတာလား..."

"အကုန်လုံးကို သတ်မယ် ဟုတ်လား... မင်းကိုသတ်ဖို့ ငါတို့က မရဲဘူးများ ထင်နေလား..."

လဲ့ယန်က အေးစက်စွာ နှာမှုတ်လိုက်၏။

"ငါတို့ သခင်လေးက မင်းကို အသုံးချစရာရှိလို့ အသက်ရှင်ခွင့်ပေးထားတာ... အဲဒီလိုမှ မဟုတ်ရင် ဒီနေ့အထိ မင်း အသက်ရှင်နေဦးမယ် ထင်လား..."

"ခေါင်းဆောင် ထျန်ရိ... မင်း မျက်ကန်းဖြစ်ခဲ့တာကိုပဲ အပြစ်တင်လိုက်တော့... ဒီလုပ်ငန်းက ငါတို့ အဇူရာသခင်လေးကို လုပ်ကြံဖို့ တာဝန်ပေးထားတာလေ..."

"အခု မင်းကို အလုပ်တစ်ခု ပေးမယ်... မင်းကို ငှားတဲ့သူကို သွားသတ်... ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်..."

"တကယ်လား..."

ခေါင်းဆောင် ထျန်ရိ မျက်မှောင်ကြုတ်သွား၏။

သူ၏စိတ်ထဲတွင် အဇူရာနန်းတော် သည် အငြိုးကြီးပြီး ကလဲ့စားချေတတ်ကြောင်း သိထားရာ သူ့ကို တကယ်ပဲ လွှတ်ပေးမည်လော။

ဘေးတွင် ရပ်နေသော ယန်ရီ က လှောင်ပြုံးပြုံးလိုက်သည်။

"မင်းမှာ ရွေးချယ်ခွင့် ရှိလို့လား..."

"ကောင်းပြီ..."

ခေါင်းဆောင် ထျန်ရိ အံကြိတ်လိုက်၏။ သူ တစ်ဖက်လူ၏ တောင်းဆိုချက်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သေရမည်ဖြစ်ရာ စွန့်စားကြည့်လိုက်ခြင်းက ပိုကောင်းပေမည်။

ကျိုတိုရှိ ကျန်းမိသားစု။

လုပ်ကြံသူကို လာဘ်ထိုးရန် ယွမ် သန်း ၈၀ အသုံးပြုပြီးကတည်းက ဝမ်တန် သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ စိတ်မအေးဖြစ်နေခဲ့သည်။ အချိန်ကို ခန့်မှန်းကြည့်ရလျှင် လုပ်ကြံသူများသည် ယခုလောက်ဆို လှုပ်ရှားနေလောက်ပြီ ဖြစ်၏။

‘သူတို့ အောင်မြင်ခဲ့သလားဆိုတာကိုတော့ ငါမသိသေးဘူး…’ ဟု တွေးရင်း…

သူမ မေးကြည့်ရန် ဖုန်းခေါ်ဆိုဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်၌ သူမ၏ အခန်းထဲတွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့၏။ ထိုလူတွင် လက်တစ်ဖက်သာ ရှိပြီး သွေးများ ပေကျံနေသည်။

သူမ အော်ဟစ်ရန် ပြင်လိုက်ချိန်တွင် ထိုလူက ရုတ်တရက် ပြောလိုက်သည်။

"အသံမထွက်နဲ့... ငါ Seven Kills အဖွဲ့အစည်းကပဲ..."

"ဟင်..."

ဝမ်တန် ရုတ်တရက် မှင်တက်သွား၏။ ‘ဒီလုပ်ကြံသူက ဘာလို့ ငါ့အိမ်ကို ရောက်လာတာလဲ... ချန်ဖုန်းကို သတ်ပြီးသွားလို့ ငါ့ကို လာပြောတာများလား’ ဟု သူမတွေးလိုက်၏။

"ဘာ... ဘာလာလုပ်တာလဲ..."

"မင်းကို လာသတ်တာ..."

ဝမ်တန်၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် ခေါင်းဆောင် ထျန်ရိ သည် ယိမ်းယိုင်သွားပြီး ဓားမြှောင်တစ်လက်ကို သူမ၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် စိုက်သွင်းလိုက်လေကာ အားပါပါ မွှေနှောက်လိုက်၏။ သူမ၏ ကိုယ်တွင်းအင်္ဂါများ ချက်ချင်း ကြေမွသွားသည်။ အော်ဟစ်ရန် အချိန်ပင်မရလိုက်ဘဲ သေဆုံးသွားခဲ့တော့သည်။

ခေါင်းဆောင် ထျန်ရိ မှာမူ မျက်နှာအမူအရာ ကင်းမဲ့နေပေ၏။ ဓားမြှောင်ပေါ်ရှိ သွေးများကို သုတ်ပြီးနောက် သူမ၏ အခန်းထဲမှ လျှပ်တစ်ပြက် ပျောက်ကွယ်သွားလေသည်။

ဤအချိန်တွင် ကျန်းမိသားစု အိမ်ခေါင်မိုးပေါ်၌ လဲ့ယန် နှင့် ယန်ရီ တို့သည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြ၏။

ခေါင်းဆောင် ထျန်ရိ ထွက်သွားပြီးနောက် ယန်ရီ က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "သူ့ကို တကယ် လွှတ်ပေးလိုက်တော့မလို့လား..."

"ဘယ်ဟုတ်ပါ့မလဲ..."

လဲ့ယန်က ဖျော့တော့စွာ ပြုံးလိုက်ပြီး သူ၏ ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားလေပြီ။

All Chapters