အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း (၂၂၆) ကောင်းကင်မှာ လူတစ်ယောက် ပျံသန်းနေတယ်
လဲ့ယန်နှင့် သူ၏အဖွဲ့သည် အလွန် လျင်မြန်ကြပြီး အရာအားလုံးကို နေ့ဝက်ခန့်အတွင်း ဖြေရှင်းနိုင်ခဲ့ပေ၏။
ညနေခင်းတွင်။
ချန်ဖုန်း သည် ကျန်းထျန်ရှန်း ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။
"ရှောင်ချန်... ကျန်းမိသားစုက ချွေးမ ဝမ်တန် သေသွားပြီ... မင်းလုပ်လိုက်တာလား..."
"အဘိုးကြီးကျန်း... သူက နယ်စပ်ပြင်ပက လုပ်ကြံသူလက်ချက်နဲ့ သေသွားတာ... ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး... ဘာလဲ ကျန်းမိသားစုက ကျွန်တော့်ကို ပြဿနာလာရှာဦးမလို့လား..."
ချန်ဖုန်း ကြိုတင်ပြင်ဆင်မှုများ လုပ်ထားပြီး ဖြစ်လေ၏။
ခေါင်းဆောင် ထျန်ရိ လူသတ်နေချိန်တွင် လဲ့ယန် နှင့် သူ၏အဖွဲ့က ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးထားခဲ့သည်။ ကျန်းမိသားစုက ပြဿနာရှာချင်လျှင်ပင် သူ့ကို တာဝန်ခံခိုင်း၍ ရမည်မဟုတ်ချေ။
"ကျန်းမိသားစုက ဘာမှမပြောပါဘူး..."
ကျန်းထျန်ရှန်း က သက်ပြင်းချကာ ပြောလိုက်၏။
"အဘိုးကြီးကျန်းက ဒီတစ်ကြိမ်တော့ ငြိမ်နေတယ်... ဝမ်တန် သေသွားတာကို သုံးနာရီကြာမှ သူတို့ သိလိုက်ရတာ..."
အဘိုးကြီးကျန်း ကလည်း မိုက်မဲသူ မဟုတ်ချေ။ တစ်ဖက်လူက ကျန်းမိသားစုထဲသို့ လွယ်ကူစွာ ဝင်ရောက်ပြီး လူသတ်နိုင်ခဲ့သည်။ ထိုလူမှာ သာမန်လူမဟုတ်ကြောင်း သူ သိရှိထားသဖြင့် ဝမ်တန် ရုတ်တရက် ရောဂါဖောက်၍ သေဆုံးသွားကြောင်း အဘိုးကြီးက လူသိရှင်ကြား ကြေညာခဲ့လေ၏။
"အို..."
ချန်ဖုန်း ဤတစ်ကြိမ်တွင် အနည်းငယ် အံ့သြသွားခဲ့သည်။
ဤအဘိုးကြီးကျန်းမှာ သာမန်လူ မဟုတ်ချေ။ ပြောင်းလွယ်ပြင်လွယ်ရှိပြီး အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေတတ်သည်။ သူနှင့် မယှဉ်နိုင်မှန်း သိသည်နှင့် သူ၏ ပါးစပ်ကို ချက်ချင်း ပိတ်ထားလိုက်၏။
ထိုသို့သော လူမျိုးများက အန္တရာယ် အရှိဆုံးပင်။ ခွေးဟောင်ရင် လူမကိုက်တတ်ဘူး ဆိုသော စကားပုံက အဘိုးကြီးကျန်း ကဲ့သို့သော သူမျိုးကို ရည်ညွှန်းခြင်း ဖြစ်လောက်ပေသည်။
"ရှောင်ချန်... ဒီတစ်ခေါက် ဝမ်တန် မှားတယ်ဆိုတာ ငါ သိတယ်... မင်းကို ဒုက္ခပေးဖို့ နယ်စပ်ပြင်ပက လုပ်ကြံသူကို သူ ငှားခဲ့တာလေ... အခု သူသေသွားပြီဆိုတော့လည်း ပြီးတာပါပဲ... ငါတို့ စစ်ဘက်ဆိုင်ရာဌာန က ဝင်မပါတော့ဘူး..."
ကျန်းထျန်ရှန်း သည် တကယ်တမ်း ဝင်ရောက်စွက်ဖက်ချင်သော်လည်း မတတ်နိုင်ခဲ့ချေ။ ပထမအချက်အနေဖြင့် ဝမ်တန် ဘက်က မှားယွင်းနေသည်။ ထို့အပြင် ဤကိစ္စရပ်တစ်ခုလုံးတွင် ချန်ဖုန်း နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။ Seven Kills အဖွဲ့အစည်း ၏ ခေါင်းဆောင် ထျန်ရိ က တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Seven Kills အဖွဲ့အစည်း တစ်ခုလုံးမှာလည်း ယခုအခါ အမြစ်ဖြတ် ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။
"ရှောင်ချန်... တကယ်တော့ ရှန်ကွမ်ယွဲ့ က မင်းဆီ ဖုန်းဆက်ဖို့ ငါ့ကို ပြောခဲ့တာ..."
"ရှန်ကွမ်ယွဲ့..."
ချန်ဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ သူတို့နှစ်ယောက် ရူးရူးမူးမူး ဖြစ်ခဲ့ကြသည့် မြင်ကွင်းများကို မအောက်မေ့ဘဲ မနေနိုင်ခဲ့ချေ။ ‘အဲဒီမိန်းမ ငါ့ကို အရမ်းမုန်းနေလောက်ပြီ မဟုတ်လား…’
ကျန်းထျန်ရှန်း က ဆက်ပြောလိုက်သည်။
"တကယ်တော့ မင်းက အခု စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ဖြစ်နေပြီ... ပြီးတော့ မင်းလက်အောက်မှာ အဇူရာနန်းတော်လို နယ်စပ်ပြင်ပ အဖွဲ့အစည်းတစ်ခုလည်း ရှိနေတယ်... ဒါကြောင့် တချို့ကိစ္စတွေကို မင်း မသိလောက်သေးဘူး... မင်း နောက်ကျရင် ဒုက္ခမရောက်အောင် ဟွာရှနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ပြောပြခိုင်းလိုက်တာ..."
"ဟွာရှနိုင်ငံရဲ့ လက်ရှိ အခြေအနေက ဘာဖြစ်နေလို့လဲ..."
"ကောင်းပြီ..."
ကျန်းထျန်ရှန်း က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"ဟွာရှနိုင်ငံမှာ ကျန်းမိသားစုလို မိသားစုတွေ အများကြီး ရှိတယ်... သူတို့က ပြဿနာကြီးကြီးမားမားတော့ မဖန်တီးနိုင်ပါဘူး... ဘာလို့လဲဆိုတော့ သူတို့က ဟွာရှနိုင်ငံမှာ နေထိုင်ကြပြီး အနာဂတ်မှာ ဟွာရှနိုင်ငံရဲ့ အကာအကွယ်ကို လိုအပ်လို့လေ..."
"ဒါပေမဲ့..."
ကျန်းထျန်ရှန်း စကားအကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ဒါပေမဲ့ ဟွာရှနိုင်ငံမှာ အမြစ်တွယ်နေတဲ့ လျှို့ဝှက်မိသားစုကြီးတွေ ရှိသေးတယ်... တချို့ဆို နှစ်ရာနဲ့ချီပြီး သက်တမ်းရှိနေပြီ... သူတို့က အရင်းအမြစ် တော်တော်များများကို ထိန်းချုပ်ထားပြီး တချို့ဆို နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး အသက်သွေးကြောကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်... ဒီပုန်းအောင်းနေတဲ့ လျှို့ဝှက်မိသားစုတွေက အရင်းအမြစ်တွေ ကြွယ်ဝရုံသာမကဘဲ အစွမ်းထက်တဲ့ ကျွမ်းကျင်သူ အများအပြားကိုလည်း မွေးထုတ်ပေးထားကြတယ်..."
ချန်ဖုန်း၏ နှလုံးသား တစ်ချက် ခုန်သွားပြီး ပြုံးစိစိဖြင့် ပြောလိုက်၏။
"ဝန်ကြီးကျန်း... ကျွန်တော်က ဒီမိသားစုတွေနဲ့ ပွတ်တိုက်မှုဖြစ်ပြီး စစ်ပွဲကြီးတစ်ခု ဖြစ်လာရင် ခင်ဗျား ရှင်းမပြနိုင်မှာကို ကြောက်နေတာလား..."
"အဲဒါက..."
ကျန်းထျန်ရှန်း မှာ အနေရခက်စွာ ပြုံးလိုက်ရသည်။ ချန်ဖုန်း ကို ထိုမိသားစုများနှင့် ပွတ်တိုက်မှုများ မဖြစ်စေချင်သည်မှာ အမှန်ပင်။
ချန်ဖုန်း က ရုတ်တရက် မေးလိုက်သည်။
"ခင်ဗျားပြောပုံအရဆို သူတို့ဆီမှာ ကျွမ်းကျင်သူတချို့ ရှိသင့်တယ်... ကောင်းကင်ဘုရင်အဆင့်တွေတောင် တော်တော်များများ ရှိလောက်တယ်... ပြီးခဲ့တဲ့ နယ်စပ်စစ်ပွဲတုန်းက သူတို့ ဘာမှ အကူအညီ မပေးခဲ့ကြဘူးလား..."
ကျန်းထျန်ရှန်း က ခေါင်းယမ်းကာ ရှင်းပြလေသည်။
"သူတို့ဆီမှာ ကျွမ်းကျင်သူတချို့ ရှိတာ မှန်ပေမဲ့ အကုန်လုံးက အဲဒီမိသားစုတွေက ကိုယ်တိုင် မွေးထုတ်ထားတာလေ... စစ်ဘက်ဆိုင်ရာဌာန အနေနဲ့ သူတို့ကို ခေါ်သုံးလို့ မရဘူး... အတင်းအကျပ် ခိုင်းရင် အတွင်းပဋိပက္ခတွေ ဖြစ်လာနိုင်တယ်... တချို့မိသားစုတွေဆို အစိုးရရဲ့ အမြင့်ဆုံးအဆင့်အထိတောင် ဩဇာလွှမ်းမိုးထားပြီးပြီ... အရေးယူမှု အရမ်း ပြင်းထန်သွားရင် ပြည်တွင်းရေး ရှုပ်ထွေးသွားလိမ့်မယ်... အဲဒီအချိန်ကျရင် နယ်စပ်ပြင်ပက ရန်သူနိုင်ငံတွေက ပြဿနာလာရှာဖို့ အခွင့်ကောင်းယူကြလိမ့်မယ်..."
"ဒါဆို ခင်ဗျားတို့က ဒီအတိုင်းပဲ ထားလိုက်တော့မလို့လား..."
ချန်ဖုန်း စကားပြောစရာပင် မရှိတော့ချေ။
အကယ်၍သာ သူ စစ်ဘက်ဆိုင်ရာဌာနကို တာဝန်ယူရမည်ဆိုပါက စကားနားမထောင်ဘဲ အမိန့်မနာခံသူများကို ရှင်းလင်းပစ်မည် ဖြစ်သည်။ သတ်ပစ်လိုက်ရုံဖြင့် အားလုံး ပြီးသွားမည် မဟုတ်လော။
"ငါတို့ လျစ်လျူရှုထားတာ မဟုတ်ပါဘူး..."
ကျန်းထျန်ရှန်း သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပြောလိုက်၏။
"သူတို့ စည်းမကျော်သရွေ့ အရာအားလုံး အဆင်ပြေပါတယ်... စစ်ဘက်ဆိုင်ရာဌာန အနေနဲ့လည်း စိတ်သဘောထားကို ပြင်ဆင်ဖို့ လိုအပ်တယ်... နယ်စပ်ပြင်ပမှာ အခြေအနေတွေ တည်ငြိမ်သွားရင် အဓိက အင်အားစုတွေ အားလုံးကို ပြန်ခေါ်မယ်... အဲဒါက ဒီလျှို့ဝှက်မိသားစုတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံး အချိန်ပဲ... ပြီးတော့ ဟွာရှနိုင်ငံအနေနဲ့ လုံလောက်တဲ့ အရင်းအမြစ်တွေကို အရင်ဆုံး ရယူထားဖို့ လိုအပ်တယ်... အဲဒီလိုမှ မဟုတ်ရင် စီးပွားရေးတစ်ခုလုံး ပြိုကျပြီး ကြောက်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်..."
"နားလည်ပါပြီ... နားလည်ပါပြီ..."
ချန်ဖုန်း လုံးဝ စကားမပြောချင်တော့ဘဲ ဖုန်းချလိုက်သည်။
တစ်ဖက်လူ ပြောသွားသမျှသည် သူ့ကို သိုသိုသိပ်သိပ် နေရန် ပြောဆိုနေခြင်းသာ ဖြစ်ပေ၏။ ‘ငါ အခုထိ လုံလောက်အောင် သိုသိုသိပ်သိပ် နေခဲ့တာပဲ မဟုတ်ဘူးလား... ဘယ်သူမှ ငါ့ကို လာမရှုပ်သရွေ့ ငါ အရမ်းကို သိုသိုသိပ်သိပ် နေပါတယ်’
ဗီလာအတွင်း၌။
ရှန်ယန်းယန်း နှင့် ယွင်ထင် တို့ ပြန်မရောက်ကြသေးချေ။
ဤနှစ်ရက်အတွင်း သူမတို့ အလွန် အလုပ်များနေကြသည်။ ရှန်ယန်းယန်း သည် လက်ရှိတွင် ကုမ္ပဏီစီမံခန့်ခွဲမှု ပညာရပ်ကို သင်ယူနေပြီး မကြာမီ ဘွဲ့ရတော့မည် ဖြစ်၏။ ထို့နောက် ထျန်ဖုန်းလုပ်ငန်းစု တွင် အလုပ်သင်အဖြစ် အချိန်အတိုင်းအတာ တစ်ခုအထိ ဝင်ရောက်လုပ်ကိုင်မည် ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်းနှင့် အလုပ်တာဝန်အချို့ကို ယူလာမည် ဖြစ်ပေသည်။
ယွင်ထင် မှာလည်း ဆေးဝါးကုမ္ပဏီတွင် လုပ်စရာကိစ္စများစွာ ရှိနေလေ၏။ လိမ်းဆေးကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပြီဆိုသည်နှင့် ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ ထုတ်ကုန်များလောက် အကျိုးအမြတ် မများသော်လည်း ငွေအများကြီး ရှာနိုင်ဆဲ ဖြစ်ပေသည်။
ကျန်းထျန်ရှန်း က လျှို့ဝှက်မိသားစုများသည် အရင်းအမြစ်များစွာကို ထိန်းချုပ်ထားပြီး နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အသက်သွေးကြောအပေါ် ဩဇာလွှမ်းမိုးနိုင်ကြောင်း စောစောက ပြောခဲ့သည်။
ချန်ဖုန်း စိတ်ထဲတွင် တွေးလိုက်၏။
‘အဲဒီလို လွှမ်းမိုးနိုင်ဖို့ ငါ့အတွက် သိပ်ကြာမှာ မဟုတ်ဘူး... အဲဒီ လျှို့ဝှက်မိသားစုတွေထက်တောင် ပိုပြီး ဩဇာလွှမ်းမိုးနိုင်လိမ့်မယ်…’
ထိုအချိန်လေးမှာပင်… လေဆင်နှာမောင်းတစ်ခု တိုက်ခတ်လာပြီး အကောင်လေး သည် အပြင်ဘက်မှ ပျံသန်းဝင်ရောက်လာခဲ့သည်။ လအနည်းငယ်ကြာ ကြီးထွားလာပြီးနောက် ပတီးရိုဆော သည် အတော်လေး ကြီးမားလာကာ တောင်ပံဖြန့်လိုက်လျှင် သုံးလေးမီတာခန့် ရှိနေပြီ ဖြစ်၏။
ယခင်ကဆိုလျှင် ဗီလာပေါ်တွင် နိမ့်နိမ့်လေး ပျံသန်းနိုင်ခဲ့သည်။ ယခုမူ နေရာမလုံလောက်တော့သဖြင့် ဗီလာအပြင်ဘက်တွင်သာ ပျံသန်းနိုင်တော့သည်။
ပတီးရိုဆောသည် သူ၏ သခင်ကို အချိန်အတော်ကြာ မတွေ့ရသဖြင့် ချန်ဖုန်း၏ ခန္ဓာကိုယ်ကို သူ၏ ခေါင်းဖြင့် ချစ်စနိုး ပွတ်သီးပွတ်သပ် လုပ်နေလေ၏။
"အရမ်း ကြီးလာတာပဲ... အခု လူတင်လို့ ရလောက်ပြီလား မသိဘူး..."
ချန်ဖုန်း၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ‘နောက်တစ်ခါ အပြင်ထွက်ရင် ပတီးရိုဆော ရဲ့ ကျောပေါ်မှာ ရပ်ပြီး ကောင်းကင်မှာ ပျံသန်းရမယ်... အဲဒါ တကယ် မိုက်မှာပဲ မဟုတ်လား…’
ပတရိုဆော က သူ့ကို နားလည်ပုံရပေ၏။ ခေါင်းညိတ်ပြပြီး အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားကာ ချန်ဖုန်း အား သူ၏အပေါ်သို့ တက်ရပ်ရန် အချက်ပြသည့်အနေဖြင့် တောင်ပံများကို ဖြန့်ထားလိုက်သည်။
"တကယ်လား..."
ချန်ဖုန်း၏ ကိုယ်အလေးချိန်မှာ ပေါင် ၁၃၀ ကျော်သာ ရှိသဖြင့် တစ်ဖက်က အကောင်လေးက ခံနိုင်ရည် ရှိ၊ မရှိ သူ မသိခဲ့ချေ။ ခဏတာ တုန့်ဆိုင်းပီးနောက် သူ တဖြည်းဖြည်း အပြင်ထွက်လာပြီး ပတီးရိုဆော ၏ ကျောပေါ်သို့ တိုက်ရိုက် တက်လိုက်ကာ သူ၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဖက်ထားလိုက်၏။
ဝှစ်!
ပတီးရိုဆော လေထဲသို့ ပျံတက်သွားလေပြီ။
သူ၏ ခန္ဓာကိုယ်မှာ အလွန် သွက်လက်လှပေသည်။ မည်သို့ပင်ဆိုစေ သူသည် ကောင်းကင်ဘုရင်ဟု လူသိများသော ပတီးရိုဆော ဖြစ်ပြီး အမြင့် မီတာ ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်အထိ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။
သူ၏ နားထဲတွင် လေတိုက်ခတ်သံများကို ခံစားရရင်း ချန်ဖုန်း လည်း အလွန် စိတ်လှုပ်ရှားနေခဲ့၏။
‘ဘုရားရေ... တကယ် လူတင်လို့ ရတာပဲ’
ပတီးရိုဆော သည် အပြည့်အဝ ကြီးထွားလာခြင်း မရှိသေးသဖြင့် လူတင်၍ အချိန်ကြာမြင့်စွာ ပျံသန်းနိုင်မည် မဟုတ်ကြောင်း ချန်ဖုန်း ခံစားသိရှိနိုင်ပေသည်။ သို့သော် အရွယ်ရောက်လာပြီဆိုလျှင် သူ၏ အရွယ်အစားမှာ လက်ရှိထက် အဆပေါင်းများစွာ ကြီးမားလာမည် ဖြစ်ကာ ဖိအား လုံးဝ ရှိတော့မည် မဟုတ်ချေ။
"ရှောင်ရိ... မြန်မြန်ကြီးလာစမ်းပါ... နောက်ကျရင် မင်းကိုစီးပြီး လေလုံးသွားထွားရဦးမယ်..."
ချန်ဖုန်း ရယ်မောလိုက်သည်။
ပတီးရိုဆောကို စီးလျက် မြို့အထက် ကောင်းကင်ယံတွင် သူတို့ ပျံသန်းနေကြ၏။ ညဘက်ဖြစ်ပြီး မြင်ကွင်း မရှင်းလင်းသောကြောင့် ကောင်းကင်ရှိ ထူးခြားသော မြင်ကွင်းကို လူအများစု သတိမထားမိကြချေ။
သို့သော် လူအနည်းငယ်ကမူ မြင်တွေ့ခဲ့ကြသည်။
"မေမေ... မေမေ... ကောင်းကင်မှာ လူတစ်ယောက် ပျံနေတယ်..."
ကလေးမလေးတစ်ဦးက ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ကို လက်ညှိုးထိုးပြကာ အော်ပြောလိုက်သည်။
"သုသု... သမီး ထပ်ဆော့နေပြန်ပြီ မဟုတ်လား... အိမ်စာ မြန်မြန်လုပ်... မေမေက အဲဒီလောက် အလိမ်ခံရလွယ်မယ် ထင်နေလား... ဘယ်သူမှ မပျံနိုင်ဘူး..."
အေးစက်သော မျက်နှာအမူအရာနှင့် လူငယ်မိခင်တစ်ဦးက မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
‘ဒီကလေးက တဖြည်းဖြည်းနဲ့ ပိုပိုပြီး တုံးလာတယ်... ပိုကောင်းတဲ့ ဆင်ခြေလေးတောင် မပေးတတ်ဘူး...
ဟူး... သူမရဲ့ အိုင်ကျူက စိုးရိမ်စရာပဲ…’