← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း (၂၂၈) မိန်းမလှလေးများ အပြိုင်အဆိုင် ဓာတ်ပုံရိုက်ကြခြင်း

ထို့နောက် ဟန်မေးသည် သူမဘေးရှိ ချန်ဖုန်းကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ အလွန် ထူးဆန်းနေခဲ့ပေ၏။

မနေ့က လုပ်ကြံသတ်ဖြတ်မှုအတွင်း လုပ်ကြံသူများသည် အလွန် သံသယဖြစ်ဖွယ်ကောင်းသော အခြေအနေများအောက်တွင် သေဆုံးသွားခဲ့သောကြောင့် သူမက နောက်ပိုင်းတွင် လူလွှတ်၍ စုံစမ်းခိုင်းခဲ့ရာ ချန်ဖုန်းသည် စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်ဖြစ်နေကြောင်း အံ့သြဖွယ် ရှာဖွေတွေ့ရှိခဲ့ရသည်။

ဒါကြောင့်လည်း သူက လုပ်ကြံသူ အများအပြားကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်ခဲ့တာကိုး။

ချန်ဖုန်း၏ နည်းပြချုပ် ဆိုသော အမှတ်အသားမှာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ချေ။ သာမန်လူများ မစုံစမ်းနိုင်သော်လည်း မြေအောက်လောကနှင့် ပတ်သက်နေသူများကမူ သူ၏အကြောင်းကို အနည်းငယ် စုံစမ်းနိုင်ကြပေသည်။

မည်သို့ပင်ဆိုစေ စစ်ဘက်ဆိုင်ရာဌာနကလည်း မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မကြိုးစားခဲ့ချေ။

ဟန်မေးကို ပို၍ တုန်လှုပ်သွားစေသောအရာမှာ ကြေးစားလောကတွင် အလုပ်လုပ်နေသော သူမ၏ သူငယ်ချင်းတစ်ယောက်က နယ်စပ်ပြင်ပရှိ Seven Kills အဖွဲ့အစည်း တစ်ခုလုံး ညတွင်းချင်း အမြစ်ဖြတ် ချေမှုန်းခံလိုက်ရကြောင်း ပြောပြလာခြင်းပင်။

ဌာနချုပ်တစ်ခုလုံး လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရသည်။

ခေါင်းဆောင် ထျန်ရိ ပင်လျှင် အလွန် ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံလိုက်ရလေ၏။

သူမကို ပို၍ပင် ထိတ်လန့်သွားစေခဲ့သည်က

ထိုကိစ္စကို လုပ်ဆောင်ခဲ့သည်မှာ အဇူရာနန်းတော် ဖြစ်နေခြင်းပင်။

သူတို့က ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ လေးဦးကို စေလွှတ်ခဲ့ပြီး ငါးမိနစ်မပြည့်မီအချိန်အတွင်း Seven Kills အဖွဲ့အစည်း တစ်ခုလုံးကို အမြစ်ဖြတ်ပစ်ခဲ့ကြလေသည်။

ယခုအခါ ချန်ဖုန်းကို ကြည့်လိုက်ချိန်တွင် ဟန်မေး၏

နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့၏။

သူမသည် ကြီးမားသော လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သကဲ့သို့ ဖြစ်နေပေသည်။

Seven Kills အဖွဲ့အစည်း အပေါ် အဇူရာနန်းတော်၏ တိုက်ခိုက်မှုသည် သေချာပေါက် ချန်ဖုန်းကြောင့်ပင် ဖြစ်ရမည်။

ထိုသို့မဟုတ်ပါက Seven Kills အဖွဲ့အစည်း က ချန်ဖုန်းအား လုပ်ကြံပြီးပြီးချင်း သူတို့က အဘယ်ကြောင့် ချက်ချင်း လှုပ်ရှားခဲ့ကြမည်နည်း။

ချန်ဖုန်းသည် စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ် ဆိုသည်ထက် ပိုမိုမြင့်မားသော အမှတ်အသား ရှိနေနိုင်ပေသည်။

ယွင်ထင် သန့်စင်ခန်းသွားရန် လူနာခန်းထဲမှ ထွက်သွားချိန်တွင် ဟန်မေးက ရုတ်တရက် မေးလိုက်၏။

"မစ္စတာချန်... အဇူရာနန်းတော် အကြောင်းကို ကြားဖူးလား..."

"ဘာဖြစ်လို့လဲ..."

ချန်ဖုန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဟန်မေးက တည်ငြိမ်စွာ ပြောလိုက်၏။

"အဇူရာနန်းတော်မှာ အဇူရာနန်းတော်သခင်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုတွေကို ရရှိထားတဲ့ သခင်လေးတစ်ယောက် ရှိတယ်လို့ ကြားတယ်... အဲဒီသခင်လေးက ဟွာရှလူမျိုးတဲ့..."

"ကောင်းပြီ... ဆက်ပြီး အကဲစမ်းမနေနဲ့တော့..."

ချန်ဖုန်းသည် သူမ၏ အတွေးများကို မြင်ယောင်ထားပြီး ဖြစ်လေသည်။

အကယ်၍ တစ်ဖက်လူက သာမန်လူတစ်ယောက်သာဆိုလျှင် မနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပြီးတွင် သူ၏ အမှတ်အသားကို တကယ်ပင် ခန့်မှန်းနိုင်မည် မဟုတ်ချေ။

သို့သော် ဟန်မေးက ကြေးစားအဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်သည်။

Seven Kills အဖွဲ့အစည်း ညတွင်းချင်း ချေမှုန်းခံရမှုက နိုင်ငံရပ်ခြားတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုကြီးကို ဖြစ်ပေါ်စေခဲ့၏။

အနည်းငယ် စုံစမ်းကြည့်လိုက်ရုံဖြင့် အလွယ်တကူ သိရှိနိုင်ပေသည်။

ချန်ဖုန်း၏ အသံမှာ အလွန် အေးစက်သွားခဲ့သည်။

"ဟန်မေး... ခင်ဗျားရဲ့ ဉာဏ်နီဉာဏ်နက်တွေကို သိမ်းထားလိုက်ပါ... ကျွန်တော် ဘယ်သူလဲဆိုတာကို ခင်ဗျား သိစရာ မလိုသလို သိခွင့်လည်း မရှိဘူး..."

"ဘာပြောရမလဲ ဘာမပြောရဘူးလဲ ဆိုတာကို ကျွန်တော့်ထက် ခင်ဗျား ပိုသိသင့်တယ်... တစ်ခါတလေ စကားအမှားပြောတာ ဒါမှမဟုတ် အလုပ်အမှားလုပ်တာက အရမ်း ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရနိုင်တယ်... Seven Kills အဖွဲ့အစည်း က အကောင်းဆုံး သာဓကပဲ..."

"ကျွန်မ... နားလည်ပါပြီ..."

ဟန်မေး၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်သွားတော့၏။

ချန်ဖုန်းက တိုက်ရိုက် ဝန်မခံခဲ့သော်လည်း ဤစကားက တစ်ဖက်လူသည် အဇူရာသခင်လေး ဖြစ်ကြောင်း ညွှန်ပြနေပြီ ဖြစ်ပေသည်။

‘ဘုရားရေ...

မနေ့က ငါ သူ့ကို အထင်သေးခဲ့တာက ပြဿနာရှာသလို ဖြစ်မနေဘူးလား’

ယခုအခါတွင် သူမ၌ အသက်တစ်ရာ ရှိနေလျှင်ပင် ချန်ဖုန်း၏ အမှတ်အသားကို ဖော်ထုတ်ရဲမည် မဟုတ်တော့ချေ။

"ဘာတွေ ပြောနေကြတာလဲ..."

ယွင်ထင် သန့်စင်ခန်းမှ ပြန်ထွက်လာပြီး သူတို့နှစ်ဦး စကားပြောနေသည်ကို မြင်သောအခါ အတော်လေး အံ့သြသွားခဲ့၏။

မနေ့က ဆရာမဟန်သည် ချန်ဖုန်းကို အထင်သေးနေခဲ့သော်လည်း ယခု အဘယ်ကြောင့် ဤမျှ ရိုသေလေးစားနေရသနည်း။ အနည်းငယ် ကျုံ့ဝင်ပြီး စိုးရိမ်နေပုံပင် ရနေသေးသည်။

"ဘာ... ဘာမှ မဟုတ်ပါဘူး..."

ဟန်မေးက အလျင်အမြန် ပြောလိုက်သည်။

"မိန်းကလေးယွင်... အလုပ်လုပ်စရာ ရှိသေးတယ် မဟုတ်လား... ဒီမှာ အချိန်ဖြုန်းမနေပါနဲ့... ကျွန်မ တကယ် အဆင်ပြေပါတယ်... လအနည်းငယ်လောက် နားလိုက်ရင် ဆေးရုံကနေ ဆင်းလို့ရပါပြီ..."

"ဒါဆိုလည်း ကောင်းပြီလေ..."

ယွင်ထင် ခဏတာ တွေးတောပြီးနောက် ပြောလိုက်၏။

"ရှင် ဆေးရုံတက်ဖို့ ကုန်ကျစရိတ်တွေ အကုန် ရှင်းထားပြီးပြီ... နောက်ရက်အနည်းငယ်နေမှ လာကြည့်ပါ့မယ်... ချန်ဖုန်း... သွားကြမယ်..."

"အင်း... ငါလည်း ကျောင်းသွားရဦးမယ်..."

ချန်ဖုန်း ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ဦး ထွက်သွားသည်ကို မြင်မှသာ ဟန်မေး သက်ပြင်းတစ်ချက် ချနိုင်တော့၏။

သို့သော် သူမ၏ မျက်နှာအမူအရာမှာ အလွန် ထူးဆန်းနေခဲ့သည်။

‘ကျောင်းတဲ့လား...

သူက ကျောင်းသား ဖြစ်နေတုန်းပဲလား…’

......

ပေ့ဟူတက္ကသိုလ်။

ချန်ဖုန်း ကျောင်းမလာခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။ လာတိုင်းလည်း ခဏသာ ပေါ်လာပြီး ပြန်ထွက်သွားလေ့ရှိသည်။

တကယ်တမ်းတွင် သူ ကျောင်းတက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ သူ့အတွက် ကွာခြားမှု မရှိတော့ချေ။

တက္ကသိုလ်တက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘွဲ့လက်မှတ်တစ်ခုရရန်နှင့် အနာဂတ်တွင် အလုပ်ရှာသောအခါ လစာပိုရရန် မဟုတ်ပါလော။

ချန်ဖုန်းအတွက်မူ ထိုအရာများ လုံးဝ မလိုအပ်တော့ပေ။ သူ၏ ဘဏ်အကောင့်ထဲတွင် လက်ရှိ လည်ပတ်ငွေ ယွမ်ဘီလီယံဆယ်ဂဏန်းချီ ရှိနေပြီး သူ၏ ကုမ္ပဏီမှာလည်း ယွမ်ဘီလီယံ တစ်ရာနီးပါး တန်ဖိုးရှိနေကာ ဤပိုင်ဆိုင်မှုများသည် အဆဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းဖြင့် တိုးပွားနေခြင်း ဖြစ်ပေ၏။

မိဘများကို စိတ်အေးချမ်းသာစေရန် မဟုတ်ပါက ထိုဘွဲ့လက်မှတ်ကို သူ ဂရုစိုက်နေမည် မဟုတ်ချေ။

တက္ကသိုလ်ကျောင်းဝင်းအတွင်း လမ်းလျှောက်လာစဉ် ချန်ဖုန်းသည် ကျောင်းဝင်းကြီး ပိုမိုစည်ကားနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ယခင်က ကျောင်းဝင်းထဲတွင် လူအလွန် နည်းပါးလှ၏။ ကျောင်းသားများသည် အဆောင်များတွင် ဂိမ်းဆော့နေခြင်း သို့မဟုတ် ဟိုတယ်များတွင် ကောင်မလေးများနှင့် အိပ်နေခြင်းသာ ရှိပြီး အပြင်ဘက်တွင် လူများကို မြင်တွေ့ရခဲပေသည်။

သို့သော် ယနေ့တွင်မူ။

နေရာအနှံ့အပြား၌ ဓာတ်ပုံရိုက်နေကြသော ကျောင်းသားများကို မြင်တွေ့နေရလေသည်။

"ချီးပဲ... တတိယညီ... မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့..."

အခန်းဖော် ယန်ချီ သည် အမောတကော ပြေးလာပြီး ပြောလိုက်၏။

"မင်းသာ ကျောင်းကို မြန်မြန် ပြန်မလာရင် ငါ့ကို နောက်တစ်ခါ မြင်ရတော့မှာ မဟုတ်ဘူး..."

"မင်း သေတော့မလို့လား..."

ချန်ဖုန်းက သူ့ကို အမောတကော ကြည့်ကာ ပြောလိုက်သည်။ သူသည် ယန်ချီ၏ ပခုံးကို ပုတ်ကာ လေးနက်စွာ ပြောလိုက်၏။

"မင်း ကောင်မလေး ရသွားတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ အဲဒါကို နေ့တိုင်း လုပ်နေလို့တော့ မရဘူးလေ..."

အမောဆို့ပြီး သေသွားတဲ့ နွားထီးတွေပဲ ရှိတယ်... ထွန်ယက်လို့ ပျက်စီးသွားတဲ့ မြေကြီးဆိုတာ မရှိဘူး…

"သေလိုက်ပါလား..."

ယန်ချီ၏ မျက်နှာ မည်းမှောင်သွား၏။

"မင်း ဘာတွေ တွေးနေတာလဲ... ငါ့ကောင်မလေးက အပျိုစစ်စစ်ပါကွ... သူက လုံးဝ အကာအကွယ်မဲ့လေးပါ..."

"မင်းက သိလို့လား... စမ်းကြည့်ပြီးပြီလား..."

ချန်ဖုန်းက နောက်ပြောင်လျက် ပြုံးလိုက်သည်။

‘ဟွန့်...မင်းက ငါ့ကို လာလိမ်လို့ ရမယ် ထင်နေလား…’

"အာ..."

ယန်ချီ မျက်နှာနီရဲသွားပြီး စကားလမ်းကြောင်းကို အမြန်လွှဲလိုက်၏။

"တတိယညီ... တကယ်ပြောတာ... ငါတို့ နောက်လဆို ဘွဲ့ရတော့မယ်ဆိုတာကို မင်း မေ့နေပြီ မဟုတ်လား...

အပြင်မှာ အလုပ်သင်ဆင်းနေတဲ့ ကျောင်းသားတွေ အကုန်လုံး ဒီရက်ပိုင်း ပြန်ရောက်နေကြပြီလေ...

သူတို့ အခု ဘွဲ့ယူဓာတ်ပုံတွေ ရိုက်နေကြတာ... မင်း မြန်မြန်မလာရင် ငါတို့ အကုန်လုံး နောက်လဆို ကျောင်းကနေ ထွက်ရတော့မှာ...

နောက်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ဖို့ အရမ်းခက်သွားလိမ့်မယ်…”

"အော်..."

ချန်ဖုန်း ထိုအခါမှ သဘောပေါက်သွားတော့၏။

စောစောက ဓာတ်ပုံရိုက်နေသည့် ကျောင်းသား အများအပြားကို တွေ့ခဲ့ရသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။ သူတို့က အမှတ်တရဖြစ်စေရန် လုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။

ဘွဲ့ရပြီးနောက် တစ်ဦးနှင့်တစ်ဦး ပြန်လည်တွေ့ဆုံရန်မှာ တကယ်ကို ခက်ခဲလှပေသည်။

နိုင်ငံအနှံ့အပြားမှ လာရောက်ကြသူများဖြစ်သဖြင့် ပြန်ဆုံရန် မလွယ်ကူခြင်းကြောင့်သာ မဟုတ်ချေ။

ပို၍ အရေးကြီးသည်မှာ ချန်ဖုန်း၏ လက်ရှိ အဆင့်အတန်းကြောင့် ဖြစ်ပေ၏။

ထျန်ဖုန်းလုပ်ငန်းစု ကို နောက်ကွယ်မှ ထိန်းချုပ်ထားသူ…

စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်…

နယ်စပ်ပြင်ပ အဖွဲ့အစည်း အဇူရာနန်းတော်၏ သခင်လေး…

မည်သည့် အမှတ်အသားဖြစ်စေ အရာအားလုံးက သူ့ကို သာမန်မဟုတ်ကြောင်း သတ်မှတ်ထားပြီး အနာဂတ်တွင် သူ ထိတွေ့ဆက်ဆံရမည့်သူများမှာ ထိုအသိုင်းအဝိုင်းမှ လူများသာ ဖြစ်လာပေလိမ့်မည်။

"ငါတို့ အတန်းကလည်း ဒီနေ့ ဘွဲ့ယူဓာတ်ပုံ ရိုက်မှာလား..."

"ဟုတ်တယ်... သွားကြစို့... မင်းဆီ ဖုန်းဆက်မလို့ လုပ်နေတာ... အခုတော့ မလိုတော့ဘူး..." ယန်ချီက သူ့ကို ရှေ့ရှိ ရင်ပြင်ဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားလေ၏။

"အင်း..."

ချန်ဖုန်း ခေါင်းညိတ်လိုက်သည်။

တက္ကသိုလ်ကျောင်းသားဘဝ ပြီးဆုံးရန် တစ်လသာ လိုတော့ပေ၏။

ဤသည်မှာ သူ၏ တက္ကသိုလ်ဘဝကို ပြီးပြည့်စုံစွာ အဆုံးသတ်နိုင်စေမည် ဖြစ်သည်။

ဘွဲ့လွန်သင်တန်းအတွက်မူ သူ ဂရုမစိုက်ခဲ့ချေ။

၎င်းကို ကျောင်းအုပ်ဝူ က စီစဉ်ပေးခဲ့ခြင်းဖြစ်ရာ သူ ကျောင်းလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ အရေးမကြီးပေ။

အတန်းထဲတွင် ကျောင်းသားလေးဆယ်ခန့်သာ ရှိပြီး ယောကျ်ားလေးများက အများစုဖြစ်ကာ မိန်းကလေး ဆယ်ဂဏန်းလောက်သာ ရှိပေသည်။

နည်းပြဆရာမ ကျင်းထျန် သည် ချန်ဖုန်းကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

သူမ ခေါ်ဆိုရန် ပြင်နေသော ဖုန်းနံပါတ်ကို အမြန် ပယ်ဖျက်လိုက်သည်။

ဘွဲ့ယူဓာတ်ပုံများကို အမှန်တကယ်ပင် အလွန် လျင်မြန်စွာ ရိုက်ကူးခဲ့ကြသည်။

ဆရာများက ရှေ့တန်းတွင် ထိုင်ကြပြီး သူတို့အနောက်ရှိ ကျောင်းသားများက အရပ်အမောင်းအလိုက် တန်းစီကာ ရပ်နေကြလေ၏။

ဓာတ်ပုံရိုက်ပြီးနောက်။

အတိုင်ပင်ခံဆရာမ ကျင်းထျန် က ချန်ဖုန်းကို ရုတ်တရက် ဆွဲခေါ်လိုက်သည်။

"ချန်ဖုန်း... လာ... ဆရာမနဲ့ ဓာတ်ပုံတွဲရိုက်ရအောင်..."

"ဗျာ..."

ချန်ဖုန်း စကားပြောစရာပင် မရှိတော့ချေ။

သူ ငြင်းဆန်ရန် အချိန်မရလိုက်မီ နည်းပြဆရာမ ကျင်းထျန် က သူမ၏ ဖုန်းဖြင့် ဓာတ်ပုံအနည်းငယ် ရိုက်လိုက်ပြီးနောက် သူ့ကို ကန်ထုတ်လိုက်လေ၏။

"ဆရာမကျင်း... ကျွန်တော်လည်း ဆရာမနဲ့ ဓာတ်ပုံတွဲရိုက်ချင်တယ်..."

"ကျွန်တော်လည်း ဆရာမလှလှလေးနဲ့ ဓာတ်ပုံတွဲရိုက်ချင်တယ်ဗျ..."

ကောင်လေးတစ်အုပ်က ဝိုင်းဝန်း အော်ဟစ် အားပေးနေကြသည်။

ထိုအချိန်၌ပင်။

ရှန်ယန်းယန်း လည်း ရောက်ရှိလာခဲ့၏။ ကျောင်းတွင် ဒီရက်ပိုင်း ဘွဲ့ယူဓာတ်ပုံများ ရိုက်နေကြောင်း သိရှိပြီးနောက် သူမ၏ ကုမ္ပဏီမှနေ၍ အပြေးအလွှား လာရောက်ခဲ့ခြင်း ဖြစ်ပေသည်။

"ချန်ဖုန်း... တို့တွေလည်း ဓာတ်ပုံတွဲရိုက်ရအောင်..."

ရှန်ယန်းယန်း က ချန်ဖုန်း၏ လက်မောင်းကို ချိတ်ကာ ဆဲလ်ဖီ ရိုက်လိုက်သည်။

ကင်မရာခလုတ် နှိပ်လိုက်သည့် အခိုက်အတန့်တွင် သူမ၏ နီရဲနေသော နှုတ်ခမ်းများဖြင့် ချန်ဖုန်း၏ ပါးပြင်ကို အမြန် နမ်းလိုက်လေ၏။

ဤသည်က ကောင်လေးများထံမှ အော်ဟစ်သံများကို ထွက်ပေါ်လာစေခဲ့သည်။

"ဝိုး... အချစ်တွေ ပြသနေကြတာပဲ..."

"ဒီကောင်က ဘွဲ့တောင်ရတော့မယ်... ငါတို့ကို အချစ်တွေနဲ့ အားကျအောင် လုပ်နေသေးတယ်…

"ချီးပဲ... ကြည့်ကြစမ်း... ကျောင်းသူလှလေး ရှောင်မန်ချီ တောင် ရောက်လာပြီ..."

"သူကရော ချန်ဖုန်းနဲ့ ဓာတ်ပုံတွဲရိုက်မလို့လား..."

လူအုပ်ကြီး၏ အံ့သြနေသော မျက်နှာများကြားတွင်။

ရှောင်မန်ချီ ပြေးလာခဲ့ပြီး သူမ၏ ရှည်လျားသော ခြေတံများက လူတိုင်းကို မူးဝေသွားစေခဲ့ပေ၏။

"ချန်ဖုန်း... ငါလည်း ဓာတ်ပုံတွဲရိုက်ချင်တယ်..."

ရှောင်မန်ချီ က ချစ်စဖွယ် လျှာလေးထုတ်ကာ ချန်ဖုန်း၏ လက်မောင်းပေါ်သို့ ခေါင်းမှီ၍ ဆဲလ်ဖီ ရိုက်လိုက်သည်။

မြင်တွေ့ရသူတိုင်း၏ ရင်ထဲတွင် မနာလိုမှုများ ပြည့်နှက်သွားရလေ၏။

‘သေချင်စရာပဲ...

ကျောင်းရဲ့အလှလေး လေးဦးထဲက နှစ်ဦးတောင် ရောက်နေပြီပဲ...

ကျန်တဲ့ နှစ်ယောက်ရော လမ်းမှာ လာနေပြီလားဆိုတာ ဘယ်သူ သိနိုင်မှာလဲ... သူတို့ နောက်ထပ် အားကျစရာတွေနဲ့ အထိုးနှက် မခံနိုင်ကြတော့ဘူးလေ…’

......

All Chapters