← Chapters

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း (၃၃၂) အောင်မြင်စွာ နှိုးဆွနိုင်ခဲ့သည့် ရှားပါးတာဝန်နှင့် အန္တရာယ်များသော နေရာအစစ်ဆီသို့ သွားရောက်ခြင်း

[ရတနာရှာဖွေရေး တာဝန် ပြီးဆုံးပါပြီ]

[ရရှိသော ဆုလာဘ်... ကျပန်း နေ့စဉ်သုံး ကျွမ်းကျင်မှု... PPT ကျွမ်းကျင်မှု]

[ပိုင်ရှင်အနေဖြင့် PPT ပြုလုပ်ရာတွင် ကျွမ်းကျင်သွားပါပြီ]

စနစ်၏ အသိပေးချက်ကို မြင်လိုက်ရသောအခါ ရွှီယန် တစ်ယောက် ကြက်သေသေသွားရသည်။

'ဘာကြီးလဲ... PPT လုပ်တဲ့ စွမ်းရည်... နေပါဦး ငါက သူဌေးလေ ဘာကိစ္စ PPT လုပ်စရာ လိုလို့လဲ... ဒါက နေ့စဉ်သုံး စွမ်းရည်တဲ့လား... အလုပ်သမားတွေ သုံးတဲ့ စွမ်းရည် မဟုတ်ဘူးလား... ငါ့ကို လာလှည့်စားနေတာလားဟ'

ရွှီယန် တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။ ခွန်းလွန်တောင်၏ ရတနာရှာဖွေရေး ဆုလာဘ် အဆင့်မှာ မဆိုးလှချေ။ နေ့စဉ်သုံး ကျွမ်းကျင်မှု တစ်ခုဖြစ်သည်။ သို့သော် ရွှီယန် ကံမကောင်းစွာဖြင့် အသုံးဝင်သော ကျွမ်းကျင်မှု မရလိုက်ခြင်းပင်။ PPT ဆိုသည်မှာ အစီရင်ခံစာ တင်သည့်အခါ သို့မဟုတ် စာသင်သည့်အခါမှသာ သုံးရခြင်းဖြစ်သည်။ သူ စိုက်ပျိုးရေးတက္ကသိုလ်တွင် စာသင်လျှင်တောင် လက်တွေ့သင်ခန်းစာများသာ သင်ရမည်ဖြစ်ရာ PPT သုံးစရာ မလိုပေ။

'တကယ်ကို လွန်လွန်းတယ်... အရင်က ရခဲ့တဲ့ သိုးမွှေးထိုး ကျွမ်းကျင်မှု ထက်တောင် ပိုပြီး အသုံးမဝင်သေးတယ်... အသုံးမဝင်တဲ့ ကျွမ်းကျင်မှု နောက်တစ်ခု ထပ်တိုးသွားပြန်ပြီပေါ့'

မည်သို့ပင်ဆိုစေ ပညာဆိုသည်မှာ တတ်ထားပါက ခန္ဓာကိုယ်အတွက် ဝန်မလေးလှပေ။ တတ်ထား၍လည်း ဘာမှ မထိခိုက်နိုင်ချေ။ ရွှီယန်၏ စိတ်ထားမှာ အမြဲတမ်း ကောင်းမွန်နေသဖြင့် သူ၏စိတ်က ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားတော့သည်။ ထို့နောက် ရွှီယန်သည် သူ့ရှေ့တွင် ပွင့်လန်းနေသော ခရမ်းဖျော့ရောင် ရွှေကြာပန်းလေးများကို စတင် ခံစားကြည့်ရှုနေလိုက်သည်။ စိတ်ခံစားချက် မတူလျှင် မြင်ရသော ရှုခင်းကလည်း မတူညီပေ။ စောစောက တာဝန် လုပ်ရန်ကိုသာ အာရုံစိုက်နေသဖြင့် ဤပန်းလေးများ၏ အလှကို သေချာ မခံစားလိုက်ရချေ။ ယခု ပြန်ကြည့်လိုက်သောအခါ ခံစားချက်က လုံးဝ ကွာခြားသွားသည်။

ခွန်းလွန်တောင်၏ တောင်ကြားထဲတွင် သိပ်ပြီး မခြောက်သွေ့လှပေ။ အဝေးတွင် မြစ်ငယ်လေး တစ်စင်းနှင့် ရေတိမ်ကန်လေး တစ်ခုကို မြင်တွေ့နေရသည်။ ဤဘက်တွင် အပင်များ အများအပြား ပေါက်ရောက်နေပြီး ရှားပါးသော ခရမ်းဖျော့ရောင် ရွှေကြာပန်းများကလည်း အများအပြား ပွင့်လန်းနေသည်။

အင်တာနက်သုံးစွဲသူများ အားလုံး အလွန် အံ့ဩနေကြသည်။ အထူးသဖြင့် ပန်းများကို နားလည်သူများဆိုလျှင် ပို၍ပင် အံ့ဩနေကြသေးသည်။

[မယုံနိုင်စရာပဲ ပုံမှန်ဆို ခရမ်းဖျော့ရောင် ရွှေကြာပန်း နှစ်ပွင့်လောက် မြင်ရဖို့တောင် တော်တော် ခက်တာ သူက အများကြီးကို တွေ့လာတယ်ပေါ့]

[ဒါက ဘယ်လို ရတနာမြေကြီးလဲ]

[ခရမ်းဖျော့ရောင် ရွှေကြာပန်း တွေကို တွေ့ရဖို့ အရမ်း ခက်တယ် ထျန်းဆန်း နှင်းကြာပန်း တွေလောက် မကောင်းပေမယ့် ဒီလောက် အများကြီး ပွင့်နေတာကတော့ ရှားပါးတယ်]

[လောင်ရွှီ က နေရာကောင်းတွေကို တကယ် ရှာတတ်တာပဲ]

အားလုံးသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လှပသော မြင်ကွင်းများကို တိတ်ဆိတ်စွာ ခံစားနေကြသည်။ ဤသို့ ခဏမျှ ကြည့်ရှုပြီးနောက် ရွှီယန်သည် ရှောင်ဟေးနှင့် တိဗက်ဒရယ်ပေါက်လေးကို ခေါ်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

ရှေ့တွင် ရေကန်တစ်ခု ရှိသဖြင့် အကောင်ပေါက်လေး နှစ်ကောင်က ရေကန်ဘေးတွင် ရေသောက်ရင်း အနားယူနေကြသည်။ တိဗက်ဒရယ်ပေါက်လေး၏ အခြေအနေမှာ အတော်လေး ကောင်းမွန်လာပြီး မနေ့ညက ကိစ္စများကိုတောင် မေ့သွားသည့် ပုံပင်။ အသက်ငယ်သေးသဖြင့် ဘာမှ မမှတ်မိခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင်လည်း ကောင်းပေသည်။ တချို့ကိစ္စများကို မေ့ပစ်လိုက်ခြင်းက ပို၍ ပျော်ရွှင်စွာ အသက်ရှင်နိုင်စေသည်။

ရေကန်ထဲမှ ရေမှာ အလွန် ကြည်လင်နေပြီး ပတ်ဝန်းကျင်တွင် အပင်များ မရှိသောကြောင့် ရေကန် အောက်ခြေရှိ ကျောက်တုံးများကိုတောင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ရွှီယန်က ရေသန့်စက်ကို ထုတ်ယူကာ ရေအနည်းငယ် ထည့်လိုက်သည်။ ယခုအချိန်တွင် အခြေအနေက ခက်ခဲနေသဖြင့် အသေးစိတ် ကိစ္စများကို အများကြီး ဂရုစိုက်နေ၍ မရနိုင်ပေ။ တောင်ပေါ်တွင် သုံးရက်ခန့်သာ နေမည်ဖြစ်ရာ ကန်ရေ အနည်းငယ် သောက်လိုက်၍လည်း ဘာမှမဖြစ်နိုင်ချေ။

ရေကန်ဘေးရှိ ရှုခင်းမှာ အတော်လေး ကောင်းမွန်လှသည်။ ခဏမျှ အနားယူပြီးနောက် ရွှီယန်သည် တောင်၏ အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်သွားသည်။ အတော်လေး လျှောက်ပြီးနောက် ရွှီယန်က ရတနာရှာဖွေရေး တာဝန်ကို ဒုတိယအကြိမ် နှိုးဆွရန် ရွေးချယ်လိုက်သည်။

[ရှားပါး ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်ပါပြီ လက်ခံမည်လား]

[မှတ်ချက်... ရှားပါး ရတနာရှာဖွေရေး တာဝန် အတွက် ရတနာရှာဖွေခွင့် ၁၀ ကြိမ် လိုအပ်ပါသည်]

'ရှားပါး ရတနာရှာဖွေရေး တာဝန်တဲ့လား... နောက်ဆုံးတော့ ရောက်လာပြီပေါ့'

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်ပြီးနောက် ရှားပါး ရတနာရှာဖွေရေး တာဝန် နှိုးဆွနိုင်သည့် အခွင့်အရေး ရှိလာခဲ့သည်။ ရွှီယန်က ဤအတွက် အမြဲတမ်း မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။ ယခု အောင်မြင်စွာ နှိုးဆွနိုင်ခဲ့ပြီဖြစ်ရာ သူက သေချာပေါက် လက်ခံရမည်သာ ဖြစ်သည်။

[ရှားပါး ရတနာရှာဖွေရေး တာဝန်... သေမင်းတောင်ကြားကို အောင်နိုင်ခြင်း]

[တာဝန် ဖော်ပြချက်... သေမင်းတောင်ကြားသည် ခွန်းလွန်တောင်၏ သဘာဝ အန္တရာယ်ဇုန် ဖြစ်ပါသည် ပိုင်ရှင်အနေဖြင့် သေမင်းတောင်ကြား အတွင်းရှိ သတ်မှတ်ထားသော နှင်းဖုံးဧရိယာသို့ သွားရောက်ကာ မှတ်တမ်းတင်ပါ]

[တာဝန် အတွက် ကျွမ်းကျင်မှု... အမြင့်ပျို့ရောဂါ ကာကွယ်ခြင်း ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာပြီး အမြင့်ပျို့ရောဂါကို ကာကွယ်နိုင်ပါသည်]

[တာဝန် အတွက် ပစ္စည်း... နွေးထွေးသော တောင်တက်ဖိနပ် အတွင်းပိုင်း အပူချိန် မြင့်မားသော တောင်တက်ဖိနပ် ဖြစ်ပြီး အေးခဲသော ရာသီဥတုတွင် လုံလောက်သော အပူဓာတ်ကို ထုတ်ပေးနိုင်ပါသည်]

[တာဝန် အတွက် အထောက်အကူပြု ပစ္စည်း... မိုးကြိုးလွှဲ ကတ်ပြား ဤကတ်ပြားကို ယူဆောင်သွားပါက မိုးကြိုးပစ်ခံရခြင်းမှ ကင်းဝေးစေပါသည်]

[မှတ်ချက်... တာဝန် ပြီးဆုံးပါက တာဝန် အတွက် ကျွမ်းကျင်မှု ပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများ၏ အာနိသင်များကို ထာဝရ ရရှိမည် ဖြစ်ပါသည် တာဝန် မအောင်မြင်ပါက အဆိုပါ အာနိသင်များ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်]

[တာဝန် ဆုလာဘ်... မာစီဒီး G ကား တစ်စီး]

[တိုက်ခိုက်ရေး ကျွမ်းကျင်မှု... ဆန်းသ ]

ရှားပါး တာဝန်က မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ တာဝန်၏ အသိပေးချက်များကို မြင်လိုက်ရသောအခါ ရွှီယန်၏ မျက်လုံးများပင် အရောင်ပြောင်းသွားတော့သည်။

'လခွမ်း... သေမင်းတောင်ကြား... အဲဒါက ခွန်းလွန်တောင်မှာ အန္တရာယ် အများဆုံး နေရာ မဟုတ်ဘူးလား... ကမ္ဘာ့ အန္တရာယ် အများဆုံး နေရာ လေးခုထဲက တစ်ခုလို့ သတ်မှတ်ခံထားရပြီး သွားရင် ပြန်မလာနိုင်ဘူး ဆိုတဲ့ နေရာကြီးလေ'

သို့သော် ဆုလာဘ်များက တကယ်ကို ကောင်းလွန်းလှသည်။ တာဝန် လုပ်နေချိန်အတွင်း ရရှိမည့် ဆုလာဘ် သုံးခုက အလွန် အသုံးဝင်သလို တာဝန် ပြီးသွားပါက ဇိမ်ခံကား တစ်စီးနှင့် လက်တွေ့ အသုံးကျသည့် တိုက်ခိုက်ရေး ကျွမ်းကျင်မှု တစ်ခုကိုပါ ရရှိဦးမည် ဖြစ်သည်။

ဆန်းသ ဆိုသည်မှာ တရုတ်ရိုးရာ သိုင်းပညာမှ ဆင်းသက်လာသော တိုက်ခိုက်ရေး ပညာရပ် တစ်ခု ဖြစ်ပြီး ကန်ခြင်း ထိုးခြင်း ဖမ်းချုပ်ခြင်းနှင့် ပစ်ပေါက်ခြင်းများ ပါဝင်သည်။ တိုက်ကွမ်ဒို ကရာတေး ဘရာဇီးလ်ဂျူဂျစ်ဆု မွေထိုင်း နပန်းတို့ကဲ့သို့ပင် ကမ္ဘာ့ ထိပ်တန်း တိုက်ခိုက်ရေး ပညာရပ် ဆယ်ခု စာရင်းဝင် ဖြစ်သည်။

"စိတ်ဝင်စားစရာပဲ... စိတ်လှုပ်ရှားလာပြီ"

ရွှီယန်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်ကို ခံစားလိုက်ရပြီး တာဝန်ကို အမြန်ဆုံး ပြီးမြောက်ချင်နေပြီဟုတောင် ခံစားနေရသည်။ သို့သော် သေမင်းတောင်ကြားက သူနှင့် အတော်လေး ဝေးကွာနေသေးသည်။ လမ်းလျှောက်သွားရန် ဆိုသည်မှာတော့ လုံးဝ မဖြစ်နိုင်တော့ချေ။

"အစီအစဉ် ပြောင်းသွားပြီ... တောင်ပေါ်တက်ဖို့ ပြင်ရတော့မယ်"

ရွှီယန်က ဆုံးဖြတ်ချက် ချလိုက်သည်။ သေမင်းတောင်ကြားထဲသို့ ဝင်ရန်အတွက် သူ လိုအပ်သည်များကို သေချာ ပြင်ဆင်ရတော့မည် ဖြစ်သည်။ ထို့အပြင် ရှောင်ဟေးကိုလည်း သေချာ စီစဉ်ပေးရဦးမည်။ ထိုနေရာသို့ ရှောင်ဟေးကို ခေါ်သွားရန် မဖြစ်နိုင်ပေ။ ရတနာရှာဖွေခွင့်က တစ်ကြိမ်သာ ကျန်တော့သဖြင့် ရွှီယန်လည်း သိပ်ပြီး နှမြောမနေတော့ချေ။

သူသည် လောလောဆယ် ရောက်နေသော နေရာကို ကြည့်ပြီး ဤတောင်ပေါ်မှ အရင် ပြန်ဆင်းရန် ဆုံးဖြတ်လိုက်သည်။ မနက်ဖြန် တစ်ရက်လောက် လိုအပ်သည်များ ဝယ်ယူပြီး သန်ဘက်ခါကျမှ သေမင်းတောင်ကြားထဲသို့ သွားရောက်မည် ဖြစ်သည်။ အန္တရာယ် အများဆုံး နှင်းဖုံးတောင်ထိပ်ကို သွားမည် ဖြစ်သည်။

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

"ဒီတောင်တန်းက အရမ်း ခြောက်သွေ့လွန်းတယ်... အမြင့်ပေကလည်း မလုံလောက်တော့ နှင်းတွေကို မမြင်ရဘူး... ကျွန်တော်က နှင်းတောင်ထိပ်ကို သွားချင်တာ... ခွန်းလွန်တောင် ကို ရောက်လာမှတော့ သေချာပေါက် အတွေ့အကြုံ အသစ်တွေ ရအောင် သွားရမှာပေါ့... ဒီနေ့ တောင်အောက် ပြန်ဆင်းမယ်... မနက်ဖြန် တစ်ရက် နားပြီး သန်ဘက်ခါကျရင် ပြန်လွှင့်မယ်... နေရာ ပြောင်းရမယ်လေ"

ရွှီယန်သည် ရှောင်ဟေးနှင့် တိဗက်ဒရယ်ပေါက်လေးကို ခေါ်ကာ တောင်အောက်သို့ ဆင်းလာခဲ့သည်။ ခွန်းလွန်တောင်သို့ လာခြင်းက ရတနာရှာဖွေရေး တာဝန်များ လုပ်ဆောင်ပြီး ဆုလာဘ်များ ယူရန် ဖြစ်သည်။ နှင်းကျားသစ်ကို မြင်ရပါကတော့ အကောင်းဆုံးပင်။

ဤတောင်တန်းက ခြောက်သွေ့လွန်းပြီး နှင်းကျားသစ် ခြေရာတောင် မတွေ့ရပေ။ သို့ဆိုလျှင် သေမင်းတောင်ကြားသို့ သွားခြင်းက ပိုကောင်းပေမည်။ ထိုဘက်တွင် တိရစ္ဆာန်များ အများအပြား ရှိသဖြင့် နှင်းကျားသစ်ကို မြင်တွေ့ရရန် အခွင့်အရေး ပိုများမည် ဖြစ်သည်။

[လောင်ရွှီ က နှင်းတောင်ထိပ်ကို သွားချင်တယ်ဆိုတော့ နည်းနည်း ကြမ်းတယ်နော်]

[ဘယ်လောက် မြင့်တဲ့ နေရာလဲ အမြင့်ပျို့ရောဂါ မဖြစ်ဘူးလား]

[နှင်းတောင် တက်ရင် လမ်းပြ တစ်ယောက်လောက် ခေါ်သွားရမှာ မဟုတ်ဘူးလား မဟုတ်ရင် တက်လို့ ရပါ့မလား]

[မင်းတို့က လောင်ရွှီ ကို သိပ်အထင်သေးတာပဲ လက်တွေ့ဘဝမှာ သူလောက် တော်တဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ]

အင်တာနက်သုံးစွဲသူများ အားလုံး ဝိုင်းဝန်း ပြောဆိုနေကြသည်။ ထို့နောက် ရွှီယန်သည် တောနက်ထဲမှ ဆက်လက် ထွက်ခွာလာခဲ့သည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လွန်းသဖြင့် မှိုင်းညို့နေသည်ဟုတောင် ခံစားရသည်။ အားလုံးကလည်း သားရဲများနှင့် ရုတ်တရက် ထပ်တွေ့မည်ကို စိုးရိမ်နေကြသည်။

နေဝင်ချိန် ရောက်သည်အထိပင် ဖြစ်သည်။ ရွှီယန်သည် နေဝင်ဆည်းဆာ အလင်းရောင်အောက်တွင် တောင်ထဲမှ ထွက်လာပြီး လူသူကင်းမဲ့သော ကားလမ်းမ တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။

လမ်းပေါ်တွင် ကားတစ်စီးမျှ မရှိပေ။ သို့သော် ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက နာမည်ကြီးနေသဖြင့် မကြာခင်မှာပင် လမ်းကြမ်းသုံးကား တစ်စီး ရောက်လာပြီး အရပ်ဝတ် ရဲအရာရှိများက သူ့ကိုရော ရှောင်ဟေးနှင့် တိဗက်ဒရယ်ပေါက်လေးကိုပါ ခေါ်ဆောင်ကာ မြို့ထဲသို့ ပြန်လာခဲ့ကြသည်။

တိဗက်ဒရယ်ပေါက်လေးကိုတော့ ရဲများထံ လုံခြုံစွာ အပ်နှံလိုက်နိုင်ပြီ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဤမြင်ကွင်းကို ပြသနေသဖြင့် အင်တာနက်သုံးစွဲသူများလည်း စိတ်အေးသွားကြသည်။

ရွှီယန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ ရဲများ၏ အကူအညီဖြင့် သူ မြို့ထဲသို့ ရောက်လာပြီး တည်းခိုခန်း တစ်ခုတွင် အနားယူလိုက်သည်။ ညဘက်တွင် သူက လယ်ယာခြံဝင်းကို ဖုန်းဆက်ကာ အခြေအနေကို မေးကြည့်လေသည်။

လယ်ယာခြံဝင်းတွင်မူ အရာအားလုံး အေးချမ်းနေပြီး ဘာပြဿနာမှ မရှိပေ။ ရွှီယန်က နောက်ထပ် ရက်အနည်းငယ် နေမှ ပြန်လာဖြစ်မည်ဟု ပြောသောအခါ အလုပ်သမားများကလည်း သူ့ကို စိတ်မပူရန် ပြောကြသည်။ ယခုအချိန်တွင် လယ်ယာခြံဝင်းက ရွှီယန် အများကြီး စိတ်ပူစရာ မလိုတော့ပေ။ အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်သည်။

ထို့နောက် ရွှီယန်က ရှောင်ဟေးကို ကြည့်လိုက်သည်။ ပုံမှန် တောင်တန်းများ ဆိုလျှင်တော့ ခေါ်သွား၍ ရသော်လည်း သေမင်းတောင်ကြား၏ နှင်းဖုံးတောင်ထိပ်ကတော့ အလွန် အန္တရာယ်များလှသည်။ ကျောက်တောင် တက်ရသည်များ ပါဝင်နိုင်သဖြင့် ရှောင်ဟေးကို ခေါ်သွားပါက အနှောင့်အယှက် ဖြစ်နိုင်ပေသည်။

ရွှီယန် စဉ်းစားပြီးနောက် မာဝန်ဆီ ဖုန်းဆက်ကာ မနက်ဖြန် ခရီးထွက်ပေးရန် ပြောလိုက်သည်။

"ခရီးထွက်ရမယ် မာဝန်... ဘယ်သွားရမလဲ ဆိုတော့ ခွန်းလွန်တောင် ဘက်ကို လာခဲ့ပါ"

"စီးပွားရေး ဆွေးနွေးဖို့လား သူဌေး... ကားမောင်းဖို့နဲ့ အရက် သောက်ပေးဖို့ လူလိုတာလား ပြဿနာ မရှိပါဘူး"

"မဟုတ်ဘူး... ခွေးကို လာကြိုခိုင်းမလို့"

မာဝန် တစ်ယောက် ကြက်သေသေသွားတော့သည်။ လေယာဉ်စီးပြီး ခရီးထွက်လာရခြင်းက ခွေးကို လာကြိုရန်တဲ့လား။ ရှောင်ဟေး၏ အဆင့်အတန်းက တကယ်ကို သာမန် မဟုတ်ပေ။

"ဟုတ်ကဲ့... ကျွန်တော့် တာဝန် ထားလိုက်ပါ"

မာဝန်က ချက်ချင်း သဘောတူလိုက်သည်။ လယ်ယာခြံဝင်း စည်းမျဉ်းအရ ခရီးထွက်ပါက စရိတ် ရရှိသည်။ စားစရိတ် နေစရိတ် အကုန် ရှင်းပေးသည့်အပြင် တစ်ရက်ကို အပိုကြေး ယွမ်တစ်ရာပါ ရသေးသည်ဖြစ်ရာ မဆိုးလှချေ။

ရှောင်ဟေး ကိစ္စလည်း စီစဉ်ပြီးသွားပြီ ဖြစ်သည်။ နောက်တစ်နေ့တွင် ရွှီယန်သည် တစ်ရက်လုံး သေချာ အနားယူလိုက်ပြီး နေ့လယ်ရော ညပါ ဗိုက်အပြည့် စားသောက်လိုက်သည်။ မာဝန်က သူနှင့်အတူ ညစာ စားပြီး နောက်နေ့တွင်တော့ ရှောင်ဟေးကို ခေါ်ကာ ပြန်သွားခဲ့သည်။

"သူဌေး... ဘယ်ကို သွားမလို့လဲ ရှောင်ဟေးကိုတောင် မခေါ်တော့ဘူး"

မာဝန်က စိုးရိမ်တကြီး မေးလိုက်သည်။

"နှင်းတောင်ပေါ် သွားမလို့လေ ရှောင်ဟေးကို ခေါ်သွားဖို့က အဆင်မပြေလို့... ခွန်းလွန်တောင် ကို ရောက်တုန်း ရောက်ခိုက် ခြောက်ကပ်နေတဲ့ တောင်ပေါ်မှာပဲ လျှောက်သွားနေရင် ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူးလေ... အမြင့်ပိုင်းကို ဆက်သွားကြည့်မလို့"

ရွှီယန်က ပြန်ဖြေလိုက်သည်။ သူ ပြောသည်ကို ကြားသောအခါ မာဝန်လည်း ထပ်မမေးတော့ချေ။

ညဘက်တွင်တော့ ရွှီယန်သည် ခရီးဆက်ပြီး နောက်ထပ် နေရာတစ်ခုသို့ ရောက်ရှိသွားသည်။

နောက်တစ်နေ့ နံနက်ပိုင်း။ တိုက်ရိုက်ထုတ်လွှင့်မှု ပြန်စလာခဲ့သည်။

အင်တာနက်သုံးစွဲသူများက ရွှီယန်ကို သာယာလှပပြီး မြက်ခင်းစိမ်းစိမ်းများ ရှိသော လွင်ပြင်ကျယ်ကြီး တစ်ခုတွင် တွေ့လိုက်ရသည်။

အဝေးသို့ ကြည့်လိုက်လျှင် ကြီးမားသော တောင်တန်းကြီးများက ဤနေရာကို ဝန်းရံထားသည်ကို တွေ့ရသည်။ တောင်ထိပ်များက အဖြူရောင် နှင်းများ ဖုံးလွှမ်းနေပြီး သန့်စင်သော နတ်ပြည် တစ်ခုအလား ဖြစ်နေသည်။ ရွှီယန်၏ အနောက်ဘက်ကို ကြည့်လိုက်ပါက အဝေးတွင် ရှုပ်ထွေးနေသော တောင်တန်းကြီးများက အိပ်မောကျနေသည့် မြေနဂါးကြီးများကဲ့သို့ ဖြစ်နေသည်ကို တွေ့မြင်ရသည်။

အားလုံးက ဤနေရာက ဘယ်နေရာလဲ ဆိုသည်ကို အလွန် သိချင်နေကြသည်။ ရွှီယန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ခွန်းလွန်တောင် မှာ သေမင်းတောင်ကြား လို့ ခေါ်တဲ့ နေရာတစ်ခု ရှိတယ် ကမ္ဘာ့ အန္တရာယ် အများဆုံး နေရာ လေးခုထဲက တစ်ခုလို့ သတ်မှတ်ခံထားရတယ်... ဒီနေရာမှာ တိရစ္ဆာန်တွေရဲ့ အရိုးတွေ အများကြီး ရှိတယ်လို့ ပြောကြတယ် လမ်းပျောက်လာတဲ့ နွားတွေ သိုးတွေက ဒီထဲကို ဝင်သွားရင် ဘယ်တော့မှ ပြန်မထွက်လာနိုင်ကြတော့ဘူး... လူတွေတောင် ဒီသေမင်းတောင်ကြား ထဲမှာ ပျောက်ဆုံးသွားတာတွေ ရှိတယ်... နောက်ပိုင်းကျတော့ သိပ္ပံပညာရှင်တွေက သေမင်းတောင်ကြား ကို သေချာ လေ့လာခဲ့ကြတယ်... သူတို့ တွေ့ရှိချက်အရ သေမင်းတောင်ကြား ရဲ့ အမြင့်က ရေမျက်နှာပြင် အထက် မီတာ ၅၅၀၀ ကနေ ၆၀၀၀ အထက်မှာ ရှိပြီး အပူချိန် အရမ်း နိမ့်သလို အောက်ဆီဂျင်လည်း အရမ်း နည်းတယ် လူတွေ ဝင်သွားရင် အပူချိန် ကျဆင်းပြီး သေဆုံးဖို့ လွယ်ကူတယ်... ပြီးတော့ ဒီနေရာက သံလိုက်စက်ကွင်းတွေ ရှုပ်ထွေးနေပြီး ရာသီဥတုကလည်း အရမ်း ခြောက်သွေ့တယ် တိရစ္ဆာန်တွေ အမြန်ပြေးရင် လျှပ်စစ်ဓာတ်တွေ ထွက်ပေါ်လာပြီး မိုးကြိုးပစ်ခံရဖို့ အရမ်း လွယ်ကူတယ်"

ရွှီယန်၏ စကားကို ကြားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု ထဲမှ ကြည့်ရှုသူများ အားလုံး စိုးရိမ်လာကြတော့သည်။ ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။ မိုးကြိုးပစ်ခံရပြီးတောင် သေနိုင်တယ်ပေါ့။

[လောင်ရွှီ မင်းပြောတာ တကယ်လား သေမင်းတောင်ကြား ဆိုတာ တကယ် ရှိတာလား]

[နွားတွေ သိုးတွေ ပျောက်တယ် လူတွေ ပျောက်တယ် ဟုတ်လား မကောင်းဆိုးဝါးတွေ များ ရှိနေတာလား]

[လောင်ရွှီ မင်းပြောတဲ့ သေမင်းတောင်ကြား က ဘယ်နားမှာလဲ]

အားလုံးက ဝိုင်းဝန်း မေးမြန်းကြသည်။

ရွှီယန်က သူ၏ တောင်တက်အင်္ကျီကို သေချာ ပြင်ဝတ်လိုက်ပြီး ရှေ့သို့ အေးအေးဆေးဆေး လျှောက်သွားရင်း ရှေ့ဘက်ကို လက်ညှိုးထိုးကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"အခု ကျွန်တော် ရောက်နေတဲ့ နေရာက သေမင်းတောင်ကြား ပဲ"

သူ့စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ အားလုံး မှင်တက်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့ဩထိတ်လန့်မှုများ ပေါ်လာကြတော့သည်။

‘ ဘာ...ဒီနေရာက သေမင်းတောင်ကြား ဟုတ်လား…’

All Chapters