← Chapters

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း (၃၃၄) အလွန်လှပသော တောင်ထိပ်ရှုခင်းနှင့် မမျှော်လင့်ဘဲ ပေါ်လာသည့် အကောင်ဝဝကြီး

နံနက်တစ်နာရီအချိန်တွင် ရွှီယန်သည် အိပ်ရာမှ နိုးလာခဲ့သည်။

သူသည် တဲထဲမှထွက်လာပြီး ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်သည်။

ကြယ်ရောင်များ လွှမ်းခြုံနေပေသည်။

ဤနေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားသောကြောင့် ကောင်းကင်နှင့်ပင် နီးကပ်နေပြီ ဖြစ်သည်။

ကြယ်များဆိုသည်မှာ အလင်းနှစ်ပေါင်းများစွာ ကွာဝေးသော နေရာမှ ဂြိုဟ်များဖြစ်ကြောင်းကို ရွှီယန် ရှင်းလင်းစွာ သိထားသော်လည်း ဤအချိန်တွင်မူ ကြယ်လေးများက သူ၏ လက်တစ်ကမ်း၌သာ ရှိနေသကဲ့သို့ ခံစားနေရသည်။

သူသည် အမှောင်ထုထဲတွင် ထိုင်ရင်း ကျယ်ပြောလှသော ကြယ်ရောင်စုံ ကောင်းကင်ကြီးကို တိတ်ဆိတ်စွာ ခံစားကြည့်ရှုနေလိုက်သည်။

ကြယ်တစ်ပွင့်ချင်းစီကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး နဂါးငွေ့တန်းဂလက်ဆီ၏ အရောင်များကိုပင် မြင်တွေ့နေရသည်။

ဤမြင်ကွင်းမျိုးကို အခြားနေရာများတွင် လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ပေ။

ယခုခေတ် ညအချိန်များတွင် ကြယ်များကို သိပ်မမြင်ရတော့ဘဲ မော့ကြည့်လိုက်လျှင် အမှောင်ထုသာ ရှိတော့သည်။

ငယ်စဉ်က ညဘက်ကောင်းကင်ကြီး အလွန်လှပခဲ့သည်ကို ရွှီယန် မှတ်မိနေသေးသော်လည်း ယခုအခါတွင်မူ မြင်တွေ့ရခဲသွားပြီ ဖြစ်သည်။

ဤအချိန်လေးတွင် သူ၏ စိတ်နှလုံးမှာ အထူးပင် အေးချမ်းနေခဲ့သည်။

ရွှီယန်သည် ကြယ်များကို ခဏမျှ တိတ်ဆိတ်စွာ ကြည့်ရှုပြီးနောက် အဝေးရှိ မှောင်မည်းနေသော နှင်းတောင်ကြီးကို လှမ်းကြည့်လိုက်သည်။

သူ့ထံတွင် စနစ် ရှိနေသောကြောင့် ရင်ထဲ၌ ရဲရင့်သော ခံစားချက်များ ပိုတိုးလာစေသည်။

သူသည် သေမင်းတောင်ကြား၏ နှင်းတောင်ထိပ်သို့ တက်ရောက်ရမည် ဖြစ်သည်။

ထို့နောက် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်လာသောကြောင့် တဲထဲသို့ ပြန်ဝင်ကာ အနားယူလိုက်တော့သည်။

နောက်တစ်နေ့တွင် ရွှီယန် အလွန်စောစော နိုးလာခဲ့သည်။

နံနက်စောစောစီးစီးပင် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ပြီး အဝေးသို့ ငေးကြည့်နေလိုက်သည်။

လူအများအပြားသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ချက်ချင်း ဝင်ရောက်လာကြသည်။

[ငါ အမြင်မှားတာ မဟုတ်ပါဘူးနော် လောင်ရွှီ လိုက်ဖ်လွှင့်နေပြီဟ]

[ဒါက အရမ်း စောလွန်းနေပြီလေ]

[လူရော သေချာ မမြင်ရဘူးဟ]

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းမှာ မှောင်မည်းနေဆဲဖြစ်ပြီး အဝေးကို ရိုက်ကူးထားသောကြောင့် အားလုံးမှာ ချက်ချင်း ဘာမှ မမြင်ရသေးပေ။

ထိုအချိန်မှာပင် ရွှီယန်၏ အသံ ထွက်ပေါ်လာသည်။

"ဒီမနက် နေထွက်တာကို ကြည့်မလို့ ဒီလောက် နီးကပ်တဲ့ အခြေအနေမျိုးမှာ နှင်းတောင်ပေါ်က နေထွက်တာကို မြင်နိုင်တယ်လေ"

"နှင်းတောင်ပေါ် နေထွက်တာကို နေရောင်ဟပ် ရွှေတောင်ကြီး လို့လည်း ခေါ်တယ် နာမည်ကြီး ရှုခင်းတစ်ခု ဆိုပေမယ့် အကြိမ်တော်တော်များများမှာတော့ မြင်ရဖို့ဆိုတာ ကံတရားအပေါ်ပဲ မူတည်တယ်ပေါ့"

"ဘာလို့လဲဆိုတော့ တချို့ နှင်းတောင်တွေက တစ်နှစ်ပတ်လုံး တိမ်မြူတွေ ဖုံးလွှမ်းနေတတ်ပြီး အချိန်တိုလေး အတွင်းမှာပဲ ပေါ်လာတတ်လို့လေ"

"ဒါပေမဲ့ ကျွန်တော် ရောက်နေတဲ့ နေရာကတော့ မတူဘူး ပင်လယ်ရေမျက်နှာပြင်အထက် အရမ်းမြင့်တဲ့ တောင်ပေါ်မှာဆိုတော့ ဒီနေရာက အတော်လေး ခြောက်သွေ့ပြီး နှင်းတောင်တွေကို ရှင်းရှင်းလင်းလင်း မြင်ရတယ်"

"အားလုံးပဲ ဟိုဘက်ကို ကြည့်လိုက် အရှေ့တည့်တည့်က တောင်တန်းကြီးဆီကိုလေ"

"နေမင်းကြီးက အဲဒီနေရာကနေ ထွက်ပေါ်လာတော့မှာ"

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လူဦးရေ စတင် တက်လာသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ခေါင်းစဉ် - နံနက်ခင်း ခဏမျှ လိုက်ဖ်လွှင့်မည် နေရောင်ဟပ် ရွှေတောင်ကြီး

အင်တာနက်သုံးစွဲသူ အရေအတွက် ပိုများလာသည်နှင့်အမျှ ကောင်းကင်မှာလည်း တဖြည်းဖြည်း လင်းထိန်လာခဲ့သည်။

ပတ်ဝန်းကျင်မှ အမှောင်ထုများလည်း လွင့်စင်သွားတော့သည်။

ထိုအချိန်တွင် အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကို ကြည့်လိုက်သောအခါ အဝေးရှိ ကြီးမားခမ်းနားသော နှင်းတောင်ကြီး၏ ပတ်လည်တွင် ရွှေဝါရောင် အလင်းကွင်းလေးများ စတင် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

အလင်းရောင်များက တောင်ကြီး၏ ဖိနှိပ်ထားမှုကို ခဏတာ ခံထားရပြီး အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့် အတိုင်းပင် ဖြစ်သည်။

"ဒီနေ့ ရာသီဥတု အရမ်း ကောင်းတယ် သေချာပေါက် မြင်ရမှာပဲ"

"ဒေသခံတွေ အပြောအရတော့ နေရောင်ဟပ် ရွှေတောင်ကြီး ကို မြင်ရတဲ့ သူတွေက ကံအရမ်းကောင်းတဲ့ သူတွေတဲ့"

"အားလုံးကို ကံကောင်းခြင်းတွေ လက်ဆောင် ပေးလိုက်သလိုပါပဲ"

ရွှီယန်က အဝေးသို့ လှမ်းကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

အင်တာနက်သုံးစွဲသူများက ကံကောင်းခြင်းများ ရမည်ဟု ကြားလိုက်သည်နှင့် ချက်ချင်း တက်ကြွသွားကြတော့သည်။

မကြာခင်မှာပင် အရုဏ်တက်လာခဲ့ပြီ ဖြစ်သည်။

နှင်းတောင် နောက်ကွယ်မှ နေမင်းကြီး အနည်းငယ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး အလင်းတန်းများက စောင်းတန်း ကျဆင်းလာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် နှင်းတောင်ထိပ် တစ်ခုလုံး ရွှေဝါရောင်အဖြစ် ပြောင်းလဲသွားတော့သည်။

နှင်းတောင်ကြီးမှာ ဤသို့ပင် လင်းထိန်လာခဲ့သည်။

လူများအနေဖြင့် နေမင်းကြီး၏ ဆွဲဆောင်မှုကို ဤမျှ တိုက်ရိုက် မြင်တွေ့ရခဲလှပေသည်။

အားလုံး၏ ရင်ထဲတွင် ခဏတာမျှ ကြည်နူးမှုများ တိုးပွားလာပြီး ထိုအထဲမှနေ၍ မျှော်လင့်ချက်နှင့် အသက်ရှင်သန်ခြင်း ခွန်အားများကို ခံစားလိုက်ရသကဲ့သို့ပင် ဖြစ်သည်။

[ဘုရားရေ]

[အလင်းရောင်ကို ယုံကြည်ရမယ်လေ]

လူများက အဆက်မပြတ် အံ့ဩအော်ဟစ်နေကြသည်။ ဤမြင်ကွင်းက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှပေသည်။

[အားလုံးပဲ တောင်ထိပ်ကို ကြည့်လိုက်ကြဦး]

အင်တာနက်သုံးစွဲသူ တစ်ယောက်က တောင်ထိပ်ရှိ ရွှေရောင်ကို သတိထားမိသွားပြီး မနေနိုင်ဘဲ မှတ်ချက် ရေးလိုက်သည်။

တကယ်တမ်းတွင် လူတော်တော်များများ သတိထားမိနေကြပြီ ဖြစ်သည်။

ရွှေရောင် အလင်းကွင်းက တောင်ထိပ်ပေါ်တွင် ပြန့်နှံ့သွားပြီး မူလက နှင်းများ ဖွေးဖွေးလှုပ်နေသော နှင်းတောင်ကြီးက လုံးဝကို တစ်ဆက်တည်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အလင်းရောင်များ ထွက်ပေါ်နေသည့် အတိုင်းပင်။

ဤမြင်ကွင်းလေးက အလွန်ပင် လှပလှသည်။ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာများအတွက်တောင် တွေ့ချင်တိုင်း တွေ့ခွင့်မရနိုင်သော မြင်ကွင်းမျိုးက ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင်တော့ ဤမျှ ရှင်းလင်းစွာ ပြသနေခဲ့သည်။

[ဒီနှစ်ထဲမှာ ကျွန်တော် ဘေးကင်းချမ်းသာပါစေလို့ ဆုတောင်းပါတယ်]

[အစစအရာရာ အဆင်ပြေချောမွေ့ပြီး သူများခိုင်းဖတ် မဖြစ်ရပါစေနဲ့]

[ဒီနှစ်ထဲမှာ အိမ်ထောင်ကျပြီး စီးပွားရေး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်]

တချို့လူများက ရွှေတောင်ကြီးကို ကြည့်ကာ ဆုတောင်းလာကြသည်။

လူများက အမြဲတမ်း လှပသော အရာများကို ယုံကြည်ချင်ကြသည်။ အထူးသဖြင့် ကံတရားနှင့် ပတ်သက်သော အရာများကို ဖြစ်သည်။ လူတော်တော်များများက ဘာသာတရားကို မယုံကြည်ကြသော်လည်း ဓနနတ်မင်းကြီးကို မယုံကြည်သူကတော့ အလွန် ရှားပါးလှသည်။ ဤသို့သော အရာများက လူများ၏ ရင်ထဲကို အမြဲတမ်း အေးချမ်းသွားစေတတ်ပေသည်။

ရွှီယန်သည် လူသူကင်းမဲ့သော တောင်ကုန်းပေါ်တွင် ရပ်နေပြီး အဝေးရှိ လှပသော ရှုခင်းကို ငေးကြည့်နေလိုက်သည်။

ရွှေဝါရောင် အလင်းတန်းများက သူ၏ မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်နေပြီး သူ့ကို သန့်စင်မွန်မြတ်သည့် အငွေ့အသက် အနည်းငယ် တိုးလာစေသည်။

ပတ်ဝန်းကျင်ရှိ အလင်းရောင်များလည်း အများကြီး လင်းထိန်လာပြီး ကြည့်ရှုနိုင်သည့် အကွာအဝေးကလည်း အလွန် ကျယ်ဝန်းလာသည်။

[ဘာလို့ နှင်းတောင်က ရွှေရောင် ဖြစ်နေရတာလဲ တကယ်ပဲ ထူးခြားချက် တစ်ခုခု ရှိနေလို့များလား]

[အဲဒီအထဲမှာ တစ်ခုခု နေထိုင်နေတာ သေချာတယ်ဟ]

[အရမ်း လှတာပဲ တကယ်ကို ငါ မြင်ဖူးသမျှထဲမှာ အံ့ဩဖို့ အကောင်းဆုံး ရှုခင်းပဲဟ]

[ဒီလို ရှုခင်းမျိုးက လူကိုယ်တိုင် သွားကြည့်မှ ပိုပြီး ရင်သပ်ရှုမော ဖြစ်ရမှာ ဒီလိုက်ဖ်လွှင့်သူ တကယ်ကို တော်တာပဲ]

အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဝိုင်းဝန်း စကားပြောလာကြသည်။

လိုက်ဖ် စလွှင့်သည်နှင့် ရွှီယန် တစ်ယောက် ရေပန်းစားသော သတင်းများထဲ ထပ်ရောက်သွားပြန်ပြီ ဖြစ်သည်။

ဤတိုက်ရိုက်ထုတ်လွှင့်မှု အပိုင်းလေး ပြန့်သွားသောအခါ အင်တာနက်သုံးစွဲသူများ အများအပြား ဝင်ကြည့်ကြတော့သည်။

တောနက်ထဲရှိ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက အမြဲတမ်း လူများကို ဆွဲဆောင်နိုင်လွန်းလှသည်။ ကြည့်ရှုသူ များပြားသည်မှာလည်း မဆန်းပါပေ။

ရွှီယန်က တိတ်ဆိတ်စွာဖြင့် ခဏမျှ ကြည့်ရှုနေပြီးနောက် နေထွက်လာသောအခါ နှင်းတောင်ကလည်း ၎င်း၏ မူလအရောင်ကို ပြန်လည် ရောက်ရှိသွားတော့သည်။

"နေရောင်ဟပ် ရွှေတောင်ကြီး ဆိုတာ အလင်းရောင်ဆိုင်ရာ ဖြစ်စဉ် တစ်ခုပါ နေမင်းကြီးရဲ့ အမြင့်က အရမ်း နိမ့်ပြီး နေရောင်ခြည် အားနည်းနေတဲ့ အချိန်မှာ အပြာရောင်နဲ့ ခရမ်းရောင် အလင်းတွေက အများစု ပြန့်ကျဲသွားပြီး အနီရောင်နဲ့ လိမ္မော်ရောင် အလင်းတွေက နှင်းတောင်ပေါ်ကို ကျရောက်လာလို့ နှင်းတောင်ကြီးက ရွှေရောင်လို မြင်ရတာပါ"

"နေမင်းကြီး မြင့်တက်လာရင်တော့ ဒီလို ဖြစ်စဉ်မျိုး ပျောက်ကွယ်သွားပြီပေါ့"

ရွှီယန်က အားလုံးကို ဗဟုသုတ ဝေမျှပေးလိုက်သည်။

[ဒီလို အချိန်မျိုးမှာ ဗဟုသုတ မဝေမျှလည်း ရပါတယ် ငါကတော့ အဲဒီအပေါ်မှာ နတ်ဘုရားတွေ ရှိတယ်လို့ပဲ ယုံကြည်လိုက်တော့မယ်]

[ဟားဟားဟား လောင်ရွှီ က သိပ္ပံသမားလား ရိုမန်းတစ် လုံးဝ မဖြစ်ဘူးဟ]

[ဒီလိုကိုး]

တိုက်ရိုက်ထုတ်လွှင့်မှုက ပြန်လည် စည်ကားလာပြန်သည်။

ထို့နောက် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်နာရီခန့် ပိတ်ထားပြီး တဲကို သိမ်းဆည်းကာ အစားအသောက် အနည်းငယ် စားသောက်ပြီး ခွန်အား ပြန်လည်ဖြည့်တင်းပြီးမှ ပြန်လွှင့်မည်ဟု အားလုံးကို ပြောလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြန်ဖွင့်လာသည့် အချိန်တွင်တော့ ရွှီယန် တစ်ယောက် တောနက်ထဲ၌ ခရီးဆက်နေပြီ ဖြစ်သည်။

အင်တာနက်သုံးစွဲသူများကတော့ ယနေ့၏ နေရောင်ဟပ် ရွှေတောင်ကြီး မြင်ကွင်းထဲတွင် နစ်မျောနေကြဆဲပင်။

ထိုအရာက တောင်ထိပ်မှ ကြည့်ရသည့် နေထွက်ချိန်ထက် အများကြီး ပိုလှပပေသည်။

တောင်ထိပ်မှ နေထွက်သည်ကို ကြည့်လျှင် တကယ်တမ်း နေမင်းကြီးက ထိုမျှလောက်ပင် ကြီးမားလှသဖြင့် စိတ်ခံစားချက်လေး သက်သက်ကိုသာ ကြည့်ရှုရခြင်း ဖြစ်သည်။

သို့သော် နေရောင်ဟပ် ရွှေတောင်ကြီးကတော့ လုံးဝ မတူညီပေ။ အမြင်အာရုံအရ အပြည့်အဝ ခံစားရခြင်းမျိုး ဖြစ်သည်။ ကြည့်ရသည်မှာ အလွန် စိတ်သက်သာရာ ရစေသည်။

ရွှီယန်၏ ပတ်ဝန်းကျင်က အလွန်ပင် လူသူကင်းမဲ့နေပြီး တစ်ခါတရံ တိရစ္ဆာန်များ၏ အရိုးဖြူဖြူများကို မြင်တွေ့ရသည်။

ကောင်းကင်ယံတွင် တစ်ခါတရံ သားရဲငှက်များ ပျံသန်းသွားတတ်သည်။ ဤသားရဲငှက်များကတော့ သေမင်းတောင်ကြား၏ အန္တရာယ်ကို နည်းနည်းလေးမျှပင် မကြောက်ရွံ့ကြပေ။ လူများနှင့် အခြား တိရစ္ဆာန်များအတွက် ဤနေရာက အန္တရာယ်များသော နေရာ ဖြစ်သော်လည်း ၎င်းတို့အတွက်တော့ ဤနေရာက နတ်ပြည် ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူဦးရေက ၅ သိန်း ကျော်လွန်သွားပြီ ဖြစ်ပြီး ဆက်လက် မြင့်တက်နေဆဲပင်။

ရွှီယန်က တကယ်ကို ထိပ်တန်း အဆင့်ပင် ဖြစ်သည်။ ယခုဆိုလျှင် နာမည်ကျော်ကြားမှု အဆင့် သတ်မှတ်ချက်တွင် ပထမ နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

[လောင်ရွှီ က သေမင်းတောင်ကြား ဘက်မှာ ရှိနေတုန်းပဲလား]

[တချို့အချိန်တွေမှာ သူက ရုပ်ရှင်ထဲက လှည့်စားတဲ့ လူတွေလို အထူးပြုလုပ်ချက် တွေ သုံးထားတာလားလို့တောင် သံသယ ဝင်မိတယ် တကယ်တော့ ပတ်ဝန်းကျင်က အရာတွေ အကုန်လုံးက အတုတွေ ဖြစ်ပြီး 3D ပရိုဂျက်တာ နဲ့ ပြထားတာများလား]

[ဒါက ဘယ်လိုလုပ် အထူးပြုလုပ်ချက် ဖြစ်နိုင်မှာလဲ ဒါက သူ့ရဲ့ အစွမ်းအစ အစစ်အမှန် သက်သက်ပဲဟ]

[သေမင်းတောင်ကြား ဆိုတာ ဒေသခံတွေတောင် မဝင်ရဲတဲ့ နေရာလေ အဲဒီနေရာက လူသေဖို့ အရမ်း လွယ်ကူတယ်]

အသစ်ရောက်လာသော အင်တာနက်သုံးစွဲသူများကလည်း တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဝိုင်းဝန်း စကားပြောနေကြသည်။

ရွှီယန်သည် မနေ့က သိုးပြာများကို တွေ့ခဲ့သော နေရာသို့ ရောက်လာပြီး မတ်စောက်သော တောင်စောင်း တစ်ခုကို ဖြတ်ကာ အနည်းငယ် ပျော့အိနေသော မြေကြီးကို နင်း၍ ခန္ဓာကိုယ်က တောင်ကမ်းပါးယံနှင့် လုံးဝ ကပ်လုနီးပါး အနေအထားဖြင့် အပေါ်သို့ တောက်လျှောက် တက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ ဘယ်ဘက်တွင် ပို၍ မတ်စောက်သော ကျောက်တောင် ကမ်းပါးယံ ရှိနေပြီး သိုးပြာ အနည်းငယ်က ကျောက်တောင် ကမ်းပါးယံပေါ်တွင် ရှေ့ခြေထောက်များကို ပင့်မြှောက်ကာ ရပ်နေပြီး ရွှီယန်ကို သိချင်စိတ် အပြည့်ဖြင့် ကြည့်နေကြသည်။

၎င်းတို့ အားလုံးက လည်ပင်းကို ဆန့်ထုတ်ကာ ခေါင်းလေးများကို စောင်းထားပြီး တုံးအအ မျက်လုံးများထဲတွင် ကြီးမားသော သံသယများ ပြည့်နှက်နေကြသည်။

သိုးများ၏ ဉာဏ်ရည်မှာ အတော်လေး နိမ့်ကျလှပေသည်။ တချို့ဆိုလျှင် ဉာဏ်ရည် လုံးဝ မရှိဘူးဟုတောင် ပြော၍ ရသည်။ ၎င်းတို့က ရွှီယန် ဘာလုပ်နေသည်ကို နားမလည်နိုင်ကြပေ။ ၎င်းတို့၏ ကမ္ဘာတွင် ကျောက်တောင် ကမ်းပါးယံပေါ်၌ လမ်းလျှောက်နိုင်သည်မှာ သိုးပြာများသာ ရှိသောကြောင့် ဖြစ်သည်။

"ဟယ်လို"

ရွှီယန်က ဘေးဘက်ကို ကြည့်ပြီး လက်ပြကာ သိုးပြာများကို နှုတ်ဆက်လိုက်သည်။ သိုးပြာများကတော့ လုံးဝ မလှုပ်မယှက်ဖြင့် အသေ ရပ်နေကြဆဲပင်။

"ဒီကောင်တွေက အန္တရာယ်များတဲ့ သေမင်းတောင်ကြား ထဲမှာ အသက်ရှင်နေနိုင်တာကိုက အံ့ဩစရာ တစ်ခုပဲ"

"ကျောက်တောင် ကမ်းပါးယံက သူတို့ရဲ့ သဘာဝ အကာအကွယ် အတားအဆီးပဲလေ"

"ဒါပေမဲ့ အဲဒီလို ဖြစ်နေရင်တောင် လုံခြုံတယ်လို့တော့ တပ်အပ် ပြောလို့မရဘူး"

"နှင်းကျားသစ် တွေက တချို့အချိန်တွေမှာ သိုးပြာတွေကို အမဲလိုက်ဖို့ အပေါ်ကနေ တိုက်ရိုက် ခုန်ချလာတတ်တယ်"

"ကိုယ့်ဘာသာကိုယ် ပြုတ်ကျပြီး ဒဏ်ရာရခံတဲ့ နည်းလမ်းနဲ့ အမဲလိုက်ကြတာပေါ့"

ရွှီယန်က သိုးပြာများကို ကြည့်ပြီး ပြုံးကာ ဗဟုသုတ ဝေမျှလိုက်သည်။

ဤသိုးပြာများက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလှသည်။ ကျောက်တောင် ကမ်းပါးယံပေါ်တွင် နေထိုင်ကြပြီး အပေါ်အောက် တိုက်ရိုက် သွားလာနိုင်ကြသည်။ တိုင်းတာမှု နှစ်ခုသာ ရှိသော သက်ရှိများနှင့်တောင် တူနေပြီ ဖြစ်သည်။ သူ့စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများလည်း မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။

[ဒီသိုးပြာတွေက အရမ်း တုံးအတာပဲဟ]

[လောင်ရွှီ မင်း တစ်ကောင်လောက် ခုန်အုပ်ကြည့်ပါလား]

ရွှီယန်က စကားပို မပြောတော့ဘဲ ရှေ့သို့ ဆက်သွားလိုက်သည်။

"သိုးပြာ ရှိတဲ့ နေရာတိုင်းမှာ နှင်းကျားသစ် ရှိဖို့ ရာခိုင်နှုန်း အရမ်း များတယ်"

"တွေ့ခွင့်ရမလားတော့ မသိဘူး"

"ကျွန်တော် ခွန်းလွန်တောင် ဘက်ကို လာတာ နှင်းကျားသစ် ကို အမြဲတမ်း ကြည့်ချင်နေခဲ့လို့ပဲ"

"ဒါပေမဲ့ အခက်အခဲက အရမ်း များတယ် တချို့ တောတောင် စူးစမ်းလေ့လာသူတွေ ဒါမှမဟုတ် ဘူမိဗေဒ ပညာရှင်တွေဆို ခွန်းလွန်တောင် မှာ တစ်လ နှစ်လလောက် လှည့်ပတ် သွားနေတာတောင် အသက်ရှင်နေတဲ့ နှင်းကျားသစ် ကို မြင်ရဖို့ မသေချာဘူး"

"အနီအောက်ရောင်ခြည် ကင်မရာ တွေကနေ တစ်ဆင့်မှသာ တစ်ခါတလေ နှင်းကျားသစ် ရဲ့ လှုပ်ရှားမှုကို ရိုက်ကူးနိုင်တာလေ"

ရွှီယန်က အပေါ်သို့ တက်သွားရင်း အားလုံးကို သူ၏ အတွေးများကို ပြောပြနေသည်။ သူ၏ ရင်ထဲတွင် နှင်းကျားသစ်ကို မြင်တွေ့ရရန် အလွန် မျှော်လင့်နေမိသည်။

[နှင်းကျားသစ် က ဘယ်လိုလုပ် အလွယ်တကူ မြင်ရမှာလဲ အရေအတွက်က အရမ်း နည်းတယ်လို့ ကြားဖူးတယ်]

[တွေ့ဖို့ အဲဒီလောက် မလွယ်ကူဘူးဟ]

လူအနည်းငယ်က ဝိုင်းဝန်း တုံ့ပြန်လိုက်ကြသည်။

ထိုအချိန်မှာပင် ဒရုန်းက အပေါ်သို့ အဆက်မပြတ် မြင့်တက်သွားသည်။ ရွှီယန် တက်နေသော မတ်စောက်သည့် တောင်စောင်း၏ အပေါ်ဆုံးတွင် မီးခိုးရောင် အကောင်ဝဝကြီး တစ်ကောင်က အမွေးများ ဖွားနေသော ခေါင်းလုံးလုံးကြီးကို ပြူထွက်ကာ အောက်ဘက်ရှိ သိုးပြာများကို စိုက်ကြည့်နေသည်ကို အင်တာနက်သုံးစွဲသူများ သတိထားမိလိုက်ကြသည်။

ဤအကောင်ကြီးကို မြင်လိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အင်တာနက်သုံးစွဲသူများ အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားပြီး တစ်ပြိုင်နက်တည်း ကျောက်ရုပ် ဖြစ်သွားကြတော့သည်။

All Chapters