← Chapters

အခန်း ၃၃၉

Vol. 34 Ch. 339

အခန်း ၃၃၉

Vol. 34 Ch. 339

အခန်း (၃၃၉) ချန်ပိုင်တောင်တန်း နက်ရှိုင်းရာ ဒေသမှ စပ်စုတတ်သော ကျားပေါက်လေးများ

[ထွက်လာပြီ]

[တကယ်ကြီး ထွက်လာပြီ]

[မနေ့ကတောင် အကုန်လုံးက အတုတွေလို့ ခန့်မှန်းနေတဲ့ ဆရာကြီးတွေ ရှိသေးတယ် မဟုတ်လား]

[ဒီလောက် ရှင်းလင်းတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုတောင် သံသယ ဝင်နေတဲ့ သူတွေက တကယ်ကို လွန်လွန်းတယ်]

ရွှီယန် သေမင်းတောင်ကြား၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်လာသောအခါ အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်သူလေးများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများမှာ ပေါက်ကွဲထွက်မတတ် စည်ကားသွားတော့သည်။

ယခုအချိန်တွင် ရွှီယန်၏ အဝတ်အစားများနှင့် ကျောပိုးအိတ်တို့မှာ အနည်းငယ် ညစ်ပတ်နေပြီး မျက်နှာပေါ်တွင်လည်း မုတ်ဆိတ်မွေးများ ထွက်နေကာ မရှင်းလင်းထားရသေးပေ။ သို့သော် သူ၏ စိတ်ဓာတ်က အလွန် ကောင်းမွန်နေပြီး မျက်လုံးများကလည်း တောက်ပနေသဖြင့် စိတ်ပျက်အားငယ်နေသည့်ပုံ လုံးဝ မပေါ်ချေ။

သူက အားလုံးကို နှုတ်ဆက်ပြီးနောက် ကားစီးကာ မြို့ထဲသို့ ပြန်လာခဲ့သည်။ မြို့ထဲရောက်သည်နှင့် သေချာစွာ စားသောက်ပြီးနောက် ဟိုတယ်တွင် တစ်ရက် အိပ်လိုက်သည်။ နောက်တစ်နေ့ နေ့လယ်ကျမှသာ ပစ္စည်းများ သိမ်းဆည်းကာ လေယာဉ်ဖြင့် ပြန်လာခဲ့သည်။

အင်တာနက်ပေါ်တွင်မူ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းများက အရူးအမူး ပျံ့နှံ့နေပြီ ဖြစ်သည်။

လူအများအပြားက တိုက်ရိုက်ထုတ်လွှင့်မှုများကို မကြည့်ကြသလို အချို့က အချိန်မရှိ၍ဖြစ်စေ၊ စိတ်မဝင်စား၍ဖြစ်စေ မကြည့်ကြပေ။ သို့သော် ဗီဒီယိုအတိုလေးများ ပြုလုပ်လိုက်သောအခါ ကြည့်ရှုသူ အရေအတွက်က အလွန် များပြားသွားတော့သည်။ ရက်ဆက် ရေပန်းစားသော သတင်းများကြောင့် လူအများစုက ရွှီယန်၏ ဤခရီးစဉ်အကြောင်းကို အနည်းနှင့်အများတော့ သိရှိနေကြပြီ ဖြစ်သည်။

ထို့ကြောင့် ဗီဒီယိုများ ထွက်လာသောအခါ အားလုံးက ချက်ချင်း ဝင်ကြည့်ကြပြီး အထဲတွင် ဘာတွေ ဖြစ်ခဲ့သည်ကို နားလည်သွားကြတော့သည်။

"သူက တကယ်ပဲ တစ်ယောက်တည်း ခွန်းလွန်တောင် သေမင်းတောင်ကြား ကို သွားခဲ့ပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ခဲ့တာလား"

"လခွမ်း အဲဒီလို နေရာမျိုးကို ပရော်ဖက်ရှင်နယ် စူးစမ်းလေ့လာရေး အဖွဲ့တွေတောင် တက်ရဲဖို့ မသေချာဘူး ကြိုတင် ပြင်ဆင်မှုတွေ အများကြီး လုပ်ရမှာ"

"သူ့ရဲ့ ခွန်အားက အရမ်းကို အံ့ဩစရာ ကောင်းတာပဲ တစ်လမ်းလုံး လုံးဝ မရပ်ခဲ့ဘူး အဲဒီလို တောင်လမ်းမျိုးက သွားရ လွယ်တာ မဟုတ်ဘူး"

"အရမ်း စွမ်းတာပဲ အတွေ့အကြုံ ကလည်း အရမ်း ရင့်ကျက်တယ် ပြည်တွင်းမှာ ဒီလို ဆရာကြီးမျိုး ရှိနေတာပဲ"

ဗီဒီယို၏ မှတ်ချက်ပေးသည့် နေရာတွင်လည်း မှတ်ချက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

ထို့အပြင် ဘရောက်ဇာများ၊ သတင်း ဝက်ဘ်ဆိုက်များနှင့် အခြားသော မီဒီယာ အများအပြားကလည်း ၎င်းတို့၏ ပင်မစာမျက်နှာများတွင် သတင်းများကို တွန်းတင်ပေးနေကြသည်။

[အံ့ဩဖွယ် တောရွာက ကောင်လေး တစ်ယောက် ခွန်းလွန်တောင်ထိပ် ကို ခြေလျင် တက်ရောက်ခဲ့ရာ ဤသို့သော ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်]

[သေမင်းတောင်ကြား ကို အောင်နိုင်ခြင်း လယ်ယာခြံဝင်းပိုင်ရှင် ရွှီ ၏ နောက်ဆုံးပေါ် တောင်ပေါ် ခရီးစဉ်]

[အစွမ်းထက်ဆုံး ပြင်ပ စူးစမ်းလေ့လာရေး ရွှီယန် ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပေါက်ကွဲထွက်မတတ် ရေပန်းစားနေ]

[ရွှီယန် ခွန်းလွန်တောင် ပေါ်တွင် နှင်းကျားသစ် နှင့် ရင်းနှီးစွာ ဆော့ကစား]

ယခုအခါ ရွှီယန်၏ နာမည်က အလွန် ကြီးမားနေပြီ ဖြစ်သည်။

ပရိသတ် အချို့နှင့် တိုက်ရိုက်ထုတ်လွှင့်သူ အချို့က ရွှီယန်၏ လယ်ယာခြံဝင်း အနီးသို့ ရောက်ရှိလာပြီး လှည့်ပတ် သွားလာနေကြပြီ ဖြစ်သည်။

ဤသည်ကလည်း နာမည်ကျော်ကြားမှု၏ ဆိုးကျိုးပင် ဖြစ်သည်။

မာဝန်က ဖုန်းထဲမှတစ်ဆင့် ရွှီယန်ကို ဤကိစ္စအကြောင်း ပြောပြလိုက်သည်။

"တိုက်ရိုက်ထုတ်လွှင့်တဲ့ သူတွေ လယ်ယာခြံဝင်း အနား ရောက်နေတယ် ဟုတ်လား"

"တောင်ထဲတော့ မဝင်သွားကြဘူး မဟုတ်လား"

ရွှီယန်က စိုးရိမ်တကြီး မေးလိုက်သည်။

"မဝင်သွားပါဘူး အဲဒီဘက်မှာ ဆိုင်းဘုတ်တွေ ထောင်ထားတယ်လေ ဝက်ဝံမည်း ကျားသစ် တွေ ရှိတယ်ဆိုတော့ သူတို့ မသွားရဲကြပါဘူး... ပြီးတော့ အဲဒါက သူဌေး ပိုင်တဲ့ တောင်လေ စီစီတီဗီ တွေလည်း ရှိတယ်... ပုဂ္ဂလိက နယ်မြေဆိုတော့ ဘယ်သူမှ ဝင်လာတာ မတွေ့ရသေးပါဘူး"

မာဝန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

"အေးအေး ဘယ်လိုပဲဖြစ်ဖြစ် သေချာ ကြည့်ထားလိုက်ပါ သူတို့ကို လယ်ယာခြံဝင်းထဲ အဝင်မခံနဲ့"

"ငါ မနက်ဖြန် တိတ်တိတ်လေး ပြန်လာခဲ့မယ် တစ်ယောက်ယောက်က မေးရင် ငါ တောင်ပိုင်းကို စီးပွားရေး ကိစ္စနဲ့ ခရီးထွက်သွားတယ်လို့ပဲ ပြောလိုက်"

"သူတို့ ရိုက်စရာလည်း ဘာမှ မရှိပါဘူး နေစရာ နေရာလည်း မရှိတော့ တဖြည်းဖြည်းနဲ့ ပြန်သွားကြလိမ့်မယ်"

ရွှီယန်က အစီအစဉ်ချပေးလိုက်သည်။

"နားလည်ပါပြီ"

နာမည်ကျော်ကြားမှုတွင် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိကြောင်း ရွှီယန် ရှင်းလင်းစွာ သိထားသည်။ ယခုအခါ သူက တကယ်ကို နာမည်ကြီးနေပြီ ဖြစ်သည်။

တောင်ထဲသို့ ၅ ရက်ကြာ သွားရောက်ခဲ့ပြီး ပထမ ၃ ရက်ကို တိုက်ရိုက်ထုတ်လွှင့်ကာ နောက်ဆုံး ၂ ရက်ကိုမူ မလွှင့်ခဲ့ချေ။

ဤ ၃ ရက်အတွင်း နေ့စဉ် ကြည့်ရှုသူ အရေအတွက်က ရှစ်သိန်းခန့် ရှိပြီး ပျမ်းမျှ ကြည့်ရှုချိန်က ၂ နာရီခန့် ရှိသည်။

ထို့ကြောင့် ၃ ရက်အတွင်း သူ ရရှိခဲ့သော လူကြိုက်များမှု အမှတ်က သန်း ၅၀ နီးပါး ရှိနေပြီ ဖြစ်သည်။

ဤအရေအတွက်က အတော်လေး ကြောက်စရာ ကောင်းလှပေသည်။

'နောက်ပိုင်း လူကြိုက်များမှု အမှတ်တွေ ရချင်ရင် နည်းနည်း ဝေးတဲ့ နေရာတွေကို သွားတာ ပိုကောင်းမယ်'

'လယ်ယာခြံဝင်း ရဲ့ နေ့စဉ် လှုပ်ရှားမှုတွေ ဒါမှမဟုတ် နောက်ဘက် တောင်ပေါ်မှာ လမ်းလျှောက်တာတွေကိုတော့ လိုက်ဖ်လွှင့်နေစရာ မလိုတော့ပါဘူး'

'လယ်ယာခြံဝင်း အတွက် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်'

ရွှီယန်က စိတ်ထဲတွင် တွေးလိုက်သည်။

သူ၏ ဤတိုက်ရိုက်ထုတ်လွှင့်မှုက အင်တာနက်ပေါ်တွင် အတော်လေး ဂယက်ရိုက်သွားခဲ့သည်။

ပြင်ပ စူးစမ်းလေ့လာရေးကို ဝါသနာပါသူများ၊ ပြင်ပ ကလပ်များနှင့် တောတွင်း ခြေလျင်ခရီးသွားသူ အများအပြားက သေမင်းတောင်ကြားထဲသို့ သွားရောက် ကြည့်ရှုချင်လာကြသည်။

အိုင်းလောင်တောင် နာမည်ကြီးလာစဉ်က ရုံးပိတ်ရက်များတွင် အိုင်းလောင်တောင် ၌ လူများဖြင့် ပြည့်နှက်နေခဲ့သကဲ့သို့ပင်။

ယခုခေတ်တွင် အသက်ကို ဂရုမစိုက်သူများ အလွန် များပြားလှပေသည်။

ရလဒ်အနေဖြင့် ကယ်ဆယ်ရေးအဖွဲ့များ အကြိမ်အနည်းငယ် သွားရောက်ပြီးနောက် အားလုံးလည်း ငြိမ်ကျသွားကြတော့သည်။

ရေခဲမြစ်ကို မတွေ့ရသေးခင်မှာပင် အားလုံး အမြင့်ပျို့ရောဂါ ဖြစ်သွားကြသည်။ တက်သွားစဉ်က ပြုံးရွှင်စွာ တက်သွားကြသော်လည်း ပြန်ဆင်းလာချိန်တွင်မူ လှဲလျက်ဖြင့် ဆင်းလာကြရသည်။

ကယ်ဆယ်ရေးအဖွဲ့များကတော့ ဝင်ငွေ အတော်လေး ရလိုက်ကြသည်။

အချို့ကလည်း တစ်မနက်ခင်းလုံး လမ်းလျှောက်ပြီးနောက် နှင်းတောင်ကြီးက အဝေးကြီးတွင်သာ ရှိနေသေးသည်ကို မြင်သောအခါ ချက်ချင်းပင် လက်လျှော့လိုက်ကြသည်။

ဤစွန့်စားမှုက အိုင်းလောင်တောင် နှင့်တော့ မတူညီပေ။

အရည်အချင်း မရှိပါက တက်ရန်ပင် မဖြစ်နိုင်ချေ။

နောက်ပိုင်းတွင် တာဝန်ရှိသူများက သတိပေးချက် ထုတ်ပြန်ကာ မိမိတို့၏ စွမ်းရည်ကို ချင့်ချိန်ပြီးမှသာ လုပ်ဆောင်ကြရန် သတိပေးခဲ့ရသည်။

ရွှီယန်ကတော့ အင်တာနက်ပေါ်ရှိ ရှုပ်ထွေးမှုများကို ဆက်လက် ဂရုမစိုက်တော့ချေ။

သူသည် လယ်ယာခြံဝင်း တွင် အေးအေးဆေးဆေး အနားယူနေလိုက်သည်။

ရက်အနည်းငယ်လောက် ပျောက်နေပြီး ပြန်ရောက်လာသောအခါ အကောင်ပေါက်လေးများ အားလုံးက သူ့အနားသို့ လာရောက်ကာ သစ္စာရှိကြောင်း ပြသနေကြသည်။

အထူးသဖြင့် ခွေး ၃ ကောင်နှင့် ဝံပုလွေပေါက်လေး တို့က အနီးကပ်ဆုံး လိုက်ပါနေကြပြီး သူ သွားရာနောက်သို့ တကောက်ကောက် လိုက်နေကြသည်။

မွန်းလွဲပိုင်းတွင် ရွှီယန်သည် ထုံးစံအတိုင်း လယ်ယာခြံဝင်း ၌ လမ်းလျှောက်ထွက်ခဲ့သည်။

ပါကျိုင် ဟုခေါ်သော ငန်းပေါက်လေးက ကြိုးကြာဖြူ နှစ်ကောင်နောက်သို့ လိုက်နေပြီး အနည်းငယ် ရုပ်ဆိုးစွာဖြင့် ခြေတစ်ဖက်ကို မြှောက်ကာ သူ့ကိုယ်သူ ကျက်သရေရှိသော ကြိုးကြာဖြူ တစ်ကောင်အဖြစ် စိတ်ကူးယဉ်နေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

ကြိုးကြာဖြူ နှစ်ကောင်က အနည်းငယ် မာနကြီးပြီး ၎င်းတို့ အချင်းချင်းသာ အမြဲတမ်း တွဲနေလေ့ ရှိကြကာ ဘယ်သွားသွား အတူတူပင် ဖြစ်သည်။

ပါကျိုင် ကိုလည်း ၎င်းတို့ နောက်သို့ လိုက်ခွင့် ပြုထားကြသည်။

ရွှီယန်က ပါကျိုင် ကို ကြည့်ရင်း တစ်ခဏမျှ သနားသွားမိသည်။

သနားစရာကောင်းသော ပါကျိုင် လေး၊ ၎င်း ဝင်ဆံ့၍ မရနိုင်သော အသိုင်းအဝိုင်း ဖြစ်ကြောင်း ယခုအထိ သတိမထားမိသေးချေ။

ရွှီယန်က ကြိုးကြာဖြူများ အနီးသို့ သွားလိုက်သည်။

လျိုကျိုင် နှင့် ချီကျိုင် တို့က နေရာတွင်ပင် ရပ်နေကြပြီး ရွှီယန် အနားကပ်လာသည်ကို ငြိမ်ခံနေကြသည်။

"မင်းတို့ နှစ်ကောင် ကတော့ တော်တော်လေး ပြောင်းလဲသွားတာပဲ ငယ်ငယ်တုန်းက ဒီလောက် မငြိမ်ပါဘူး အဲဒီတုန်းက မတားထားရင် အသေအကြေတောင် ချကြဦးမလို့"

"အခုကျတော့ တော်တော်လေး ကျက်သရေရှိနေပြီပဲ"

ရွှီယန်က ကြိုးကြာဖြူ နှစ်ကောင်ကို ကြည့်ရင်း ရယ်မောကာ ပြောလိုက်သည်။

လျိုကျိုင် နှင့် ချီကျိုင် တို့က တောင်ပံများကို ညင်သာစွာ ခတ်ကာ တုံ့ပြန်လိုက်ကြသည်။

ထိုအချိန်တွင် ရှောင်ဟေးက စိတ်ဝင်စားစရာ တစ်ခုကို ရှာတွေ့သွားပြီး ပါကျိုင် ဘေးသို့ ကပ်သွားကာ ခွေးခေါင်းဖြင့် ပါကျိုင် ကို စိုက်ကြည့်နေလေသည်။

နှာခေါင်းက ပါကျိုင် ၏ မျက်နှာနှင့်ပင် ထိလုနီးပါး ဖြစ်နေသည်။

ရှောင်ဟေးက ခေါင်းလေးကို စောင်းကာ မေးခွန်းထုတ်နေသည့် မျက်နှာထားဖြင့် ကြည့်နေသည်။

'သူငယ်ချင်း... ဘာလုပ်နေတာလဲ'

'ဘာလို့ ခြေတစ်ဖက်တည်းနဲ့ ရပ်နေတာလဲ'

'မင်းဆွေမျိုးတွေက ဒီလို မလုပ်ကြပါဘူး'

ပါကျိုင် က ၎င်းကို ဂရုမစိုက်ဘဲ ဘေးဘက်သို့ ခြေနှစ်လှမ်းခန့် ရွှေ့သွားကာ ခြေတစ်ဖက်တည်းဖြင့် ကျက်သရေရှိစွာ ထပ်မံ ရပ်နေလိုက်သည်။

ထူးဆန်းသော ငန်းကြီး တစ်ကောင်ပါလား။

ရှောင်ဟေးက ခေါင်းစောင်းကာ ထပ်ကြည့်လိုက်သော်လည်း တကယ်ကို နားမလည်နိုင်သဖြင့် ဆက်လက် ဂရုမစိုက်တော့ဘဲ ယွမ်ပေါင် နှင့် ဝံပုလွေပေါက်လေး ကို ခေါ်ကာ ကွက်လပ်ပြင်သို့ ပြေးထွက်သွားတော့သည်။

ဟက်စကီ ကတော့ လမ်းလျှောက်ရသည်ကို သိပ်မကြိုက်ဘဲ တစ်ခုခုကို ဖျက်ဆီးရသည်ကိုသာ သဘောကျသည်။ သို့မဟုတ်ပါက တောသမင်ငယ် နှင့်အတူ လယ်ယာခြံဝင်း ၏ ကွက်လပ်ပြင်တွင် ရပ်ကာ ငေးမောနေတတ်သည်။

ရွာထဲရှိ အစောင့်နှင့်ပင် တူညီနေပေသည်။

ရက်အနည်းငယ် မတွေ့ရသည့် အတွင်း ကြိုးကြာဖြူနှင့် ငန်းကြီးတို့က သိသိသာသာ ကြီးထွားလာကြသည်။

အမြဲတမ်း အတူတူ ရှိနေပါက ဤပြောင်းလဲမှုကို သတိထားမိမည် မဟုတ်ချေ။

သို့သော် ၈ ရက် ၉ ရက်ခန့် ထွက်သွားပြီးမှ ပြန်လာသောအခါ ခံစားချက်က ပို၍ သိသာလာသည်။

"ပါကျိုင် ရေ... သူတို့ နှစ်ကောင် ပျံသွားရင် မင်း ဘယ်လို လုပ်မလဲ"

ရွှီယန်က ပါကျိုင် ကို လက်ဖဝါးပေါ် တင်ကာ မြှောက်ထားလိုက်သည်။

အကောင်ပေါက်လေးက ရွှီယန်၏ လက်ဖဝါးပေါ်တွင် ခြေတစ်ဖက်တည်းဖြင့် ရပ်နေဆဲဖြစ်ပြီး ငန်းမင်းသမီးလေး တစ်ပါးအလား ကျက်သရေရှိနေဆဲပင်။

ရွှီယန်က ၎င်း၏ ပုံစံကို ကြည့်ပြီး ပြုံးရုံသာ ပြုံးကာ ၎င်း သဘောကျသလိုသာ ထားလိုက်သည်။

တစ်ရက် အနားယူပြီးနောက် ဒုတိယနေ့တွင် ရွှီယန် ရရှိထားသော ဆုလာဘ် ကား ရောက်ရှိလာခဲ့သည်။

ကားအရောင်းပြခန်းမှ သူ့ကို ကားလာယူရန် ဆက်သွယ်လာပြီး ကားနံပါတ်ပြား ကိစ္စကိုပါ တစ်ပါတည်း လုပ်ဆောင်ပေးမည်ဟု ဆိုသည်။

ရွှီယန်က အနည်းငယ် နှိမ့်ချစွာ နေလိုပြီး အင်တာနက်ပေါ်တွင် နောက်ထပ် ပြဿနာများ ထပ်မံ မဖြစ်ပေါ်စေလိုသဖြင့် နှာခေါင်းစည်း တပ်ကာ ကားသွားယူပြီး ချက်ချင်း ပြန်ထွက်လာခဲ့သည်။

ဤအနက်ရောင် လမ်းကြမ်းသုံးကားမှာ အတော်လေး လေးထောင့်ကျကျ ပုံစံရှိပြီး လမ်းကြမ်းစွမ်းဆောင်ရည်လည်း ကောင်းမွန်ကာ သက်သောင့်သက်သာ ရှိမှုလည်း အတော်လေး မြင့်မားသည်။

နောက်ပိုင်းတွင် သူ ခရီးထွက်ပါက ဤကားကိုသာ မောင်းနှင်မည်ဖြစ်ပြီး အခြားသူများ လာကြိုရန် လိုအပ်ပါက အော်ဒီ A6 ကို မောင်းနှင်မည် ဖြစ်သည်။

ရှားပါး ရတနာရှာဖွေရေး တာဝန်၏ ဆုလာဘ်များက တကယ်ကို ကောင်းမွန်လှပေသည်။

တိုက်ခိုက်ရေး ကျွမ်းကျင်မှု တစ်ခုလည်း ရရှိခဲ့သော်လည်း ရွှီယန်အတွက်တော့ အသုံးပြုရန် အခွင့်အရေး သိပ်မရှိလှချေ။

အဘယ်ကြောင့်ဆိုသော် သူက အမြဲတမ်း ရန်ဖြစ်ရသည်ကို မကြိုက်သလို အခြားသူများကိုလည်း မစစော်ကားတတ်သောကြောင့် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် သက်သက်သာ ဖြစ်သည်။

ယခုတစ်ခေါက် ခွန်းလွန်တောင် ခရီးစဉ်၏ အကျိုးအမြတ်များကို တွက်ချက်ကြည့်ပါက တကယ်ကို မနည်းလှပေ။

လက်ဆောင်များလည်း အများအပြား ရရှိခဲ့သည်။

လူကြိုက်များမှု အမှတ်များလည်း အများအပြား စုဆောင်းနိုင်ခဲ့သည်။

နည်းနည်း ထပ်စုလိုက်ပါက ယွမ် ၁၀ သန်းတန် ထိပ်တန်း မဲဖောက်မှုကိုပင် တစ်ကြိမ် ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

ထိပ်တန်း မဲဖောက်မှုမှ မည်သည့်အရာများ ရရှိနိုင်မည်ကိုတော့ မသိရသေးချေ။

ငွေကြေးလည်း မလိုတော့သဖြင့် လယ်ယာခြံဝင်း ကိုသာ သေချာ တည်ဆောက်ရန် တွေးတောနေမိသည်။

ယခု လယ်ယာခြံဝင်း က အလွန် လှပနေပြီ ဖြစ်သော်လည်း ဖြည့်စွက် ပြင်ဆင်စရာ နေရာများ အများအပြား ရှိနေသေးသည်။

ယခု အောက်တိုဘာလသို့ ရောက်ရှိနေပြီဖြစ်ရာ ရာသီဥတုက အနည်းငယ် အေးလာပြီ ဖြစ်သည်။

ဆောင်းဦးရာသီ ရိတ်သိမ်းချိန်က ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပြီး ကျယ်ပြောလှသော လယ်ကွင်းပြင်ကြီးများပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြသည်။

လယ်ယာခြံဝင်း တွင်လည်း ထိုနည်းတူပင် ဖြစ်ပြီး ထွန်စက် အကြီး အသေးများက နေ့စဉ် အလုပ်လုပ်နေကြသည်။

ထွန်စက် အကြီးများက လယ်ကွင်းပြင်တွင် အလုပ်လုပ်နေကြပြီး ထွန်စက် အသေးများက တဲများထဲသို့ ဝင်ကာ မြေကြီးများကို ထွန်ယက်နေကြသည်။ သကြားသီးပင်များ အားလုံးကို ဘလူးဘယ်ရီပင်များဖြင့် အစားထိုး စိုက်ပျိုးရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

အလုပ်သမားများလည်း နေ့စဉ် အလုပ်များနေကြသည်။

ရွှီယန် ကတော့ ထုံးစံအတိုင်း ပုံမှန် အစီအစဉ်များအတိုင်းသာ သွားနေသည်။

နှစ်ရက်ခန့် အနားယူပြီးနောက် ရွှီယန်က တောနက်ထဲသို့ ထပ်မံ ဝင်ရောက်ကာ အရှေ့မြောက် ကျားကြီးကို သွားရောက် ကြည့်ရှုရန် စဉ်းစားလိုက်သည်။

ယခုခေတ်တွင် ရင်းနှီးသော တောရိုင်း အရှေ့မြောက် ကျား တစ်ကောင် ရှိရန်ဆိုသည်မှာ မလွယ်ကူလှချေ။

အဘယ်ကြောင့်ဆိုသော် တောရိုင်း အရှေ့မြောက် ကျားများက လူသားများနှင့် မိတ်ဆွေဖွဲ့လေ့ မရှိသောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်။

ချန်ပိုင်တောင်တန်း နက်ရှိုင်းရာ ဒေသ။

ဒေါသကြီးသော ကျားမ တစ်ကောင်က ကျားပေါက်လေး သုံးကောင်ကို ခေါ်ဆောင်ကာ တောအုပ်ထဲတွင် ခရီးဆက်နေသည်။

ကျားပေါက်လေးများက ဟိုကြည့် ဒီကြည့် လုပ်နေကြပြီး သူတို့အမေက ဘယ်ကို ခေါ်သွားမည်ကို သိချင်နေကြသည်။

သူတို့ မွေးခါစလေးသာ ရှိသေးသော်လည်း ကျားမကြီးက ၎င်းတို့ကို ခေါ်ဆောင်ကာ တောင်ကျော် ရေဖြတ် သွားနေရသဖြင့် တကယ်ကို ပင်ပန်းလှပေသည်။

ဒါကလည်း မတတ်နိုင်ချေ။

ကလေး သုံးကောင်ဆိုတော့ မကျွေးနိုင်တော့ဘူးလေ။

ကျားမများက ကလေးများကို မကျွေးနိုင်တော့ဟု ခံစားရပါက ကလေးများကို ခေါ်ဆောင်ကာ ၎င်းတို့၏ ဖခင်ဆီသို့ သွားရောက်ရှာဖွေလေ့ ရှိကြသည်။

ထို့ကြောင့် တချို့အချိန်များတွင် ကျားပေါက်လေးများနှင့် ကျားထီးကြီး အတူတူ နေထိုင်သည့် မြင်ကွင်းများကို ဓာတ်ပုံဆရာများက မှတ်တမ်းတင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျားများက အခြား ကျားများ၏ ပိုင်နက်များကို သိရှိကြသည်။

ကျားမကြီးက ရှေ့သို့သာ တောက်လျှောက် လျှောက်သွားနေသည်။

ကျားပေါက်လေးများက တစ်ခါတရံ အချင်းချင်း ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

ယခုအချိန်တွင် ၎င်းတို့က တောတွင်း ဘုရင်များ မဟုတ်ကြသေးချေ။

အရာအားလုံးကို ကြောက်ရွံ့နေကြသည်။

ကြီးပြင်းလာမှသာ ကိုယ်ဘယ်လောက် စွမ်းတယ် ဆိုတာကို သိလာကြမည် ဖြစ်သည်။

'ငါတို့ ဘယ်သွားကြမှာလဲ'

ကျားပေါက်လေးများက ရပ်တန့်လိုက်ပြီး ဟိုကြည့် ဒီကြည့်ဖြင့် သိချင်စိတ် ပြင်းပြနေကြသည်။

ကျားမကြီးက ၎င်းတို့ကို တစ်ချက် ဟိန်းဟောက်လိုက်မှသာ ၎င်းတို့လည်း ခြေလှမ်းများကို မြန်မြန်လျှောက်ကာ လိုက်သွားကြတော့သည်။

All Chapters