အခန်း ၃၄၀
Vol. 34 Ch. 340
အခန်း (၃၄၀) မင်းက တောင်စောင့်နတ်ငယ်လေး ဆိုရင် ဒီကျားဖင်က ဘယ်သူ့ဖင်ကြီးလဲ
ချန်ပိုင်တောင်တန်း နက်ရှိုင်းရာဒေသ။
ကျားမကြီးက ကျားပေါက်လေး သုံးကောင်ကို ခေါ်ဆောင်ကာ အနံ့ခံရင်း လျှောက်လာခဲ့သည်။
ကျားများက ၎င်းတို့၏ ပိုင်နက်ကို အမှတ်အသား ပြုလုပ်လေ့ ရှိကြသည်။
ထို့ကြောင့် ကျားမကြီးက တောင်စောင့်နတ်ငယ်လေးကို အလွန် လွယ်ကူစွာပင် ရှာတွေ့သွားခဲ့သည်။
ဤအချိန်တွင် တောင်စောင့်နတ်ငယ်လေးမှာ ခြေလက်လေးဖက်လုံး ကောင်းကင်သို့ ထောင်ကာ ပက်လက်လှန်လျက် အေးအေးဆေးဆေး အနားယူနေလေသည်။
ကျားများ၏ ခန္ဓာကိုယ်က သဘာဝအရ အားသာချက်များ ရှိပြီး ဝဖြိုးကာ အထူးပင် နွေးထွေးလှသည်။
၎င်း ဤသို့ လှဲလျောင်းနေခြင်းက လူသားများ နွေးထွေးသော စောင်ပုံထဲတွင် လှဲလျောင်းနေသည်နှင့်ပင် တူညီနေပေသည်။
တောင်စောင့်နတ်ငယ်လေးက ဇိမ်ကျကျ အနားယူနေစဉ် ခေါင်းမော့ကြည့်လိုက်ရာ အဝေးမှ ကျားလေးကောင် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
ကျားမကြီး တစ်ကောင်နှင့် အလွန် သေးငယ်သော ကျားပေါက်လေး သုံးကောင် ဖြစ်သည်။
တောင်စောင့်နတ်ငယ်လေးက ချက်ချင်းပင် လူးလဲထရပ်လိုက်ပြီး တစ်ခဏမျှ မှင်တက်သွားတော့သည်။
၎င်းက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ဤကျားမကြီးကလည်း ကြည့်ရသည်မှာ အလွယ်တကူ အနိုင်ကျင့်၍ ရမည့်ပုံ မပေါ်ချေ။
၎င်းက တောင်စောင့်နတ်ငယ်လေးဆီသို့ တိုက်ရိုက် လျှောက်လာပြီး နှစ်ချက်ခန့် ဟိန်းဟောက်လိုက်သည်။
အဓိပ္ပာယ်မှာလည်း အလွန် ရှင်းလင်းလှပေသည်။ ဒါက မင့်ကလေးတွေ မင်းတာဝန်ယူရမယ် ဟူသော သဘောပင်။
တောင်စောင့်နတ်ငယ်လေးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။
'ငါ့ကို ကလေးထိန်းရမယ်လို့ မပြောထားဘူးလေ...'
ကျားပေါက်လေး သုံးကောင်က အဝေးတွင် ရပ်ကာ တောင်စောင့်နတ်ငယ်လေးနှင့် ၎င်းတို့၏ မိခင်ကို အကဲခတ်နေကြပြီး အနားသို့ မကပ်ရဲကြချေ။
ဘာပဲဖြစ်ဖြစ် ရုတ်တရက် သူစိမ်း ကျားကြီး တစ်ကောင် ပေါ်လာသဖြင့် ကြောက်လန့်နေကြသည်မှာ မဆန်းပေ။
ကျားမကြီး ကတော့ အလွန် သဘာဝကျစွာပင် မြက်ပုံပေါ်တွင် လှဲချလိုက်ပြီး မင်းကိုပဲ အားကိုးတော့မယ် ဆိုသည့် ပုံစံမျိုး လုပ်နေတော့သည်။
ကျားမကြီး ဒေါသထွက်သွားပါက အလွယ်တကူ သွားစရန် မကောင်းချေ။
တောင်စောင့်နတ်ငယ်လေးလည်း အနည်းငယ် လန့်သွားသည်။
မိသားစု တစ်သိုက်နှင့် လာရှာနေမှတော့ ဘာလုပ်၍ ရမည်နည်း။
အစက မိတ်လိုက်ချိန်တုန်းက ဤမျှလောက် အများကြီး မစဉ်းစားမိခဲ့ချေ။
အခုတော့ ဒုက္ခပါပဲ။
တောင်စောင့်နတ်ငယ်လေးလည်း ဘာမှ မတတ်နိုင်တော့ဘဲ ထိုနေရာတွင်ပင် အသာတကြည် ဝပ်ချလိုက်တော့သည်။
အရွယ်ရောက်ပြီးသော ကျားကြီး နှစ်ကောင်စလုံး ဝပ်ကာ အနားယူနေကြပြီး ကျားပေါက်လေး သုံးကောင်က ဟိုကြည့် ဒီကြည့်ဖြင့် နောက်ဆုံးတွင် ကျားမကြီး ရှိရာသို့ သတိကြီးစွာဖြင့် လျှောက်လာကြသည်။
၎င်းတို့က တောင်စောင့်နတ်ငယ်လေး အနားသို့ မကပ်ရဲသေးဘဲ ကျားမကြီး ဘေးတွင်သာ ပုန်းကွယ်နေကြသည်။
ကျားမကြီးက ၎င်းတို့ကို ညင်သာစွာ အနည်းငယ် လျှာဖြင့်လျက်ပေးကာ မကြောက်ရန် နှစ်သိမ့်ပေးလိုက်သည်။
တောင်စောင့်နတ်ငယ်လေးက ဘေးမှနေ၍ ကြည့်နေပြီး ဘာလုပ်ရမှန်း မသိသဖြင့် တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။
ကျားများ၏ ဉာဏ်ရည်မှာ အတော်လေး မြင့်မားပြီး စရိုက်လက္ခဏာများကလည်း အတော်လေး ထူးခြားကြသည်။
ကျားမကြီးက သူမကိုယ်တိုင် ကလေးများကို ပြုစုပျိုးထောင်နိုင်စွမ်း ရှိမရှိ ဆုံးဖြတ်နိုင်စွမ်း ရှိသည်။
ယခု ဆောင်းရာသီသို့ ရောက်ရှိတော့မည် ဖြစ်ရာ အစာရှာဖွေရန် ခက်ခဲလာမည်ဖြစ်ပြီး အမဲလိုက်ရာတွင်လည်း တွင်းချိုင့်များနှင့် ကျောက်တောင် ကမ်းပါးယံများနှင့် ကြုံတွေ့ရပါက ၎င်းတို့လည်း ဒဏ်ရာရရန် လွယ်ကူပေသည်။
ထို့ကြောင့် ကျားပေါက်လေးများကို ပြုစုပျိုးထောင်ရန် ဆိုသည်မှာ မလွယ်ကူလှချေ။
တချို့သော စရိုက်မကြမ်းတမ်းသည့် ကျားမများက ကျားပေါက် တစ်ကောင်ကို စွန့်ပစ်ရန် ရွေးချယ်တတ်ကြသည် သို့မဟုတ် သဘာဝတရား၏ စစ်ထုတ်မှုအတိုင်းသာ ပစ်ထားလိုက်တတ်ကြသည်။
သို့သော် ဤကျားမကြီးကတော့ အလွန် သြဇာတိက္ကမ ကြီးမားလှပြီး ကျားထီးဆီသို့ တိုက်ရိုက်ပင် လာရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ကျားနှစ်ကောင် အတူတူ စောင့်ရှောက်မည် ဆိုပါက ကျားပေါက်လေးများကို သေချာစွာ ပြုစုပျိုးထောင်နိုင်မည် ဖြစ်သည်။
ဤအချိန်တွင် ကျားမကြီးက ကျားပေါက်လေးများကို နို့စတင် တိုက်ကျွေးနေသည်။
တောင်စောင့်နတ်ငယ်လေးက ဘေးမှနေ၍ ကြည့်ရင်း မနေနိုင်ဘဲ လျှာထွက်ကာ နှုတ်ခမ်းကို လျက်လိုက်ပြီးနောက် မျက်နှာပြောင်တိုက်ကာ အနားသို့ တိုးသွားလေသည်။
၎င်း အနားသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကျားမကြီးက ၎င်းကို တိုက်ရိုက်ပင် ဟိန်းဟောက်လိုက်တော့သည်။
တောင်စောင့်နတ်ငယ်လေးလည်း မျက်နှာငယ်လေးဖြင့် ခေါင်းကိုသာ ပြန်ရုပ်သွားရတော့သည်။
တစ်ချိန်တည်းမှာပင် လယ်ယာခြံဝင်း ဘက်တွင်တော့။
ရွှီယန်၏ နေ့စဉ်ဘဝမှာ အလွန် သက်သောင့်သက်သာ ရှိလှသည်။
လယ်ယာခြံဝင်း၏ တိုးတက်မှုများ... မှန်လုံအိမ်များ... လယ်ကွင်းများနှင့် မွေးမြူရေးခြံများကို လိုက်လံ ကြည့်ရှုပြီးနောက် တိရစ္ဆာန်များနှင့်အတူ ဆော့ကစားလိုက်ပါက တစ်နေ့တာ ကုန်ဆုံးသွားပြီ ဖြစ်သည်။
ဤကာလအတွင်း လူအများအပြားက သူနှင့် လာရောက် စီးပွားရေး ဆွေးနွေးကြသည်။
ဖျော်ဖြေရေး အစီအစဉ်များနှင့် မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ကူးရေးများပင် ပါဝင်သေးသည်။
ထိုဖျော်ဖြေရေး အစီအစဉ်က သူ့အတွက် ကိုယ်ပိုင် စွန့်စားမှု အစီအစဉ် တစ်ခု ဖန်တီးပေးမည်ဖြစ်ပြီး သေချာပေါက် နာမည်ကြီးမည်ဟု ပြောလာခဲ့သည်။
ရွှီယန်က ပြတ်သားစွာပင် ငြင်းပယ်လိုက်သည်။
အခြားသူများကို စွန့်စားမှု အကြောင်းအရာများ စီစဉ်ခိုင်းပြီး အစီအစဉ် ပြုလုပ်ပါက မည်သို့သော ပုံစံမျိုး ထွက်လာမည်ကို မည်သူက သိနိုင်မည်နည်း။
သူ့ဘာသာသူ တိုက်ရိုက်ထုတ်လွှင့်ခြင်းကလည်း အစီအစဉ် တစ်ခုနှင့် အတူတူပင် ဖြစ်ပြီး လူကြိုက်များမှု အမှတ်များလည်း ရရှိနိုင်သေးသည်။
အနားယူနေသည့် ဤနှစ်ရက်အတွင်း သူက နောက်ဘက် တောင်ပေါ်ရှိ ကျားသစ်များကိုလည်း သွားရောက် ကြည့်ရှုခဲ့သေးသည်။
ကျားသစ် မိသားစုလေးမှာ အလွန် ပျော်ရွှင်နေကြသည်။
ကျားသစ် နှစ်ကောင်က အနည်းငယ် ကြီးထွားလာပြီး မျက်စိရှေ့တွင်ပင် ပို၍ သန်မာလာသည်ကို မြင်တွေ့နိုင်ပေသည်။
အရင်ကလောက် မဆော့တော့သော်လည်း အနည်းငယ်တော့ ဆော့သန်နေသေးသည်။
၎င်းတို့က ရွှီယန်ကို မှတ်မိနေဆဲ ဖြစ်ပြီး ရွှီယန်နှင့် ဆက်ဆံရေး အလွန် ကောင်းမွန်ကြသည်။
ရွှီယန်ကို မိသားစုဝင် တစ်ယောက်ကဲ့သို့ သဘောထားသည့် ခံစားချက်မျိုး ရှိနေကြသည်။
ထိုနေ့ နံနက်ခင်းတွင်။
လူစီးကား တစ်စီးက လယ်ယာခြံဝင်းထဲမှ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့သည်။
မာဝန်က ယာဉ်မောင်းခုံတွင် ထိုင်ကာ ကားမောင်းနေသည်။
ရွှီယန်ကတော့ နောက်ခန်းတွင် ထိုင်ကာ မျက်လုံးမှိတ်ပြီး အိပ်စက်နေလေသည်။
ဤခရီးစဉ်က အတော်လေး ဝေးကွာပြီး နှစ်နာရီခန့် ကြာမြင့်မည် ဖြစ်သည်။
ဤသို့ အိပ်သွားရသည်မှာလည်း သက်သောင့်သက်သာ ရှိပြီး ခွန်အားများကို ပိုမို ပြန်လည် ဖြည့်တင်းနိုင်ပေသည်။
မာဝန်၏ စွမ်းရည်မှာ မဆိုးလှချေ။ ကားကို အလွန် ငြိမ့်ညောင်းစွာ မောင်းနှင်နိုင်ပြီး တောင်တက်လမ်းပေါ်တွင်ပင် အနည်းငယ်မျှ လှုပ်ခါခြင်း မရှိပေ။
ရွှီယန် အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။
တောနက်ထဲရှိ တောင်တက်လမ်းဆီသို့ တောက်လျှောက် မောင်းနှင်လာခဲ့သည်။
ဤတောင်တက်လမ်းတွင် လူသူ မရှိသလောက်ပင် ဖြစ်သည်။
မာဝန်က ကားကို ရပ်လိုက်ပြီး ရွှီယန်ကို ညင်သာစွာ ပုတ်ကာ နှိုးလိုက်သည်။
"သူဌေး... သူဌေး..."
မာဝန်၏ စကားကို ကြားသောအခါ ရွှီယန်က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ထိုအခါမှသာ အိပ်ချင်စိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"ရောက်ပြီလား... ကောင်းပြီလေ..."
ရွှီယန် ကားပေါ်မှ ဆင်းကာ ခန္ဓာကိုယ်ကို အနည်းငယ် အကြောလျှော့လိုက်ပြီး လမ်းဘေးရှိ သစ်ပင်များကိုလည်း အမိုးနီးယား မြေဩဇာ အနည်းငယ် ဝင်ရောက် ကျွေးလိုက်သေးသည်။
ထို့နောက် သူက ရေသန့် တစ်ဗူးကို ထုတ်ယူကာ တိုက်ရိုက် သောက်လိုက်ပြီး ခွန်အား ပြန်လည် ဖြည့်တင်းရန် အမဲသားခြောက် အချို့ကိုလည်း စားလိုက်သည်။
လောလောဆယ် ကားက ဤနေရာတွင် ရှိနေပြီး နောက်ဖုံးထဲတွင်လည်း ပစ္စည်းများ အများအပြား ရှိနေသဖြင့် ဗိုက်ဝအောင် စားပြီးမှ တောင်ထဲသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။
မာဝန်က သူ့ကို ကားနောက်ဘက်တွင် အဖော်လုပ်ပေးနေသည်။
"ညနေ လေးနာရီ ငါးနာရီလောက်မှ ပြန်ထွက်လာဖြစ်မယ်... အဲဒီအချိန်ကျရင် မင်းဆီ စာပို့လိုက်မယ်... မင်းကတော့ မြို့ထဲမှာပဲ နားနေပြီး အားလုံးက မှာလိုက်တဲ့ ပစ္စည်းတွေကို သွားဝယ်ထားလိုက်ပေါ့..."
ရွှီယန်က မှာကြားလိုက်သည်။
"ရပါတယ် သူဌေး... အဲဒီအချိန်ကျရင် ကျွန်တော် လာကြိုပါ့မယ်... ဒီတစ်ခေါက် ဒရုန်း မပါဘူးလား... လိုက်ဖ်မလွှင့်တော့ဘူးလား..."
မာဝန်က မေးလိုက်သည်။
"လောလောဆယ်တော့ မလွှင့်သေးဘူး... ခွန်းလွန်တောင် ရဲ့ ဂယက်က မပြီးသေးဘူးလေ... အခု ဗီဒီယိုတွေ သွားကြည့်လိုက်ရင် ခွန်းလွန်တောင် ဘက်ကို သွားနေကြတဲ့ လူတွေ အများကြီးကို တွေ့နေရတယ်... တစ်ခုခု ဖြစ်မှာကို တကယ် စိုးရိမ်တာပဲ..."
"ငါသာ တောနက်ထဲ ဝင်ပြီး ကျား သွားရှာတာကို တခြားသူတွေက လိုက်တုပကြရင် ပြဿနာ တက်တော့မှာပဲ... ရေပန်းစားမှုတွေ ငြိမ်သွားမှပဲ ဆက်ပြောကြတာပေါ့..."
ရွှီယန်က လက်ကာပြလိုက်သည်။ နောက်ဆုတ်သင့်သည့် အချိန်တွင် နောက်ဆုတ်တတ်ခြင်းကလည်း ပညာရပ် တစ်ခုပင် ဖြစ်သည်။
တခြားသူများသာ ဤသို့သော လူကြိုက်များမှုမျိုး ရရှိထားပါက အမိအရ ဆုပ်ကိုင်ထားမည်သာ ဖြစ်သည်။
ရွှီယန်က တောင်တက်အိတ်ကို လွယ်ကာ တောင်ထဲသို့ တောက်လျှောက် ဝင်ရောက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် တိုက်ရိုက်ထုတ်လွှင့်မှု မဖွင့်ထားဘဲ သူ တစ်ယောက်တည်းသာ ရှိနေသည်။
မတတ်နိုင်ပေ။ ခွန်းလွန်တောင် ကိစ္စက အန္တရာယ် ရှိလာမည့် အရိပ်အယောင်များ ပြသနေပြီ ဖြစ်သည်။
အလွန်အမင်း နာမည်ကြီးလာခြင်းကလည်း သိပ်ကောင်းလှသည့် ကိစ္စတော့ မဟုတ်ချေ။
ရွှီယန်က အရင်ကတော့ သူ့ကို အတုခိုးပြီး အရှေ့မြောက်ကျားကို လိုက်ရှာမည့်သူ ရှိမည် မဟုတ်ဟု ထင်ခဲ့သော်လည်း ယခုတော့ ထိုသို့ မတွေးတော့ချေ။
ယခုခေတ်တွင် တချို့လူများက တကယ်ကို ရူးမိုက်လွန်းကြသည်။
သူ ရဲဝံ့ရခြင်းက လူကောင်းကတ် ရှိနေသောကြောင့် ဖြစ်သော်လည်း တခြားသူများက ဘာကြောင့် ဒီလောက် ရဲဝံ့နေကြမှန်း သူမသိချေ။
အတွင်းဘက်သို့ တောက်လျှောက် ဝင်သွားခဲ့သည်။
မကြာခင်မှာပင် စွန်နက်က ပျံဝဲကာ အောက်သို့ ဆင်းလာခဲ့သည်။
ဤဘက်သို့ လာတိုင်း စွန်နက်က အမြဲတမ်း ပျံသန်းဆင်းသက်လာပြီး နှုတ်ဆက်လေ့ ရှိသည်။
စွန်နက်၏ အသိုက်က ဤဘက်ရှိ အလွန် မြင့်မားသော သစ်ပင် တစ်ပင်ပေါ်တွင် ရှိနေပုံရသည်။
ရွှီယန်က ဤကောင်လေးကို လက်မောင်းပေါ် တင်ထားရင်း စိတ်ထဲမှ ကျေနပ်နေမိသည်။
'ဒီလို ခံစားချက်က တကယ်ကို အရသာ ရှိလွန်းတာပဲ...'
သားရဲငှက် တစ်ကောင်ကို လက်မောင်းပေါ် တင်ထားရသည့် ခံစားချက်က တကယ်ကို ကောင်းမွန်လှပေသည်။
အတွင်းစိတ်ထဲမှနေ၍ သက်သောင့်သက်သာ ရှိလှသည်။ ကောင်းကင်ယံ၏ ဘုရင်က သူ၏ လက်မောင်းပေါ်တွင် ရှိနေသည်လေ။
ဤသည်က အမျိုးသားများ၏ မျိုးဗီဇထဲတွင် ပါဝင်သော အစွမ်းထက်သူ၏ စရိုက်လက္ခဏာနှင့် အောင်နိုင်လိုစိတ်များကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
စွန်နက်မှာ အထူးပင် လှပလှပြီး ရွှီယန်၏ ဘေးတွင် ခဏမျှ ဇိမ်ကျကျ အနားယူပြီးနောက် ကောင်းကင်ယံသို့ ပြန်လည် ပျံသန်းသွားတော့သည်။
အရင်က စွန်နက်က ရွှီယန်ထံသို့ တောယုန် တစ်ကောင်ကို တစ်ခါတရံ သယ်လာပေးတတ်သေးသည်။
နောက်ပိုင်းတွင် ရွှီယန်က မယူလာရန် ပြောလိုက်မှသာ ၎င်းလည်း ရပ်တန့်သွားတော့သည်။
မဟုတ်လျှင် ရွှီယန် တစ်ယောက် စွန်နက်ကြောင့် ထောင်ထဲ ရောက်သွားနိုင်ပေသည်။
အတွင်းဘက်သို့ တောက်လျှောက် ဝင်သွားခဲ့သည်။
လမ်းတွင် ရွှီယန်က ကျားနှင့် ကျားသစ် စောင့်ရှောက်ရေး စခန်းမှ ကင်းလှည့်သူကို ဖုန်းဆက်ကာ မကြာသေးမီက ကျားနှင့် ကျားသစ် သစ်တောပန်းခြံမှ ထွက်လာပြီး ဤဘက်သို့ ရောက်လာသော ကျား ရှိမရှိ မေးမြန်းလိုက်သည်။
ဝမ်ကျန်းဟိုင်က သူ ခွင့်ယူထားသဖြင့် လောလောဆယ် မသိရကြောင်း ပြန်ဖြေသည်။ ရာခိုင်နှုန်း အများစုကတော့ ရှိမည် မဟုတ်ပေ။
သို့သော် ဝမ်ကျန်းဟိုင်က ရွှီယန်ကို ပြောပြသည်မှာ ကျားနှင့် ကျားသစ် သစ်တောပန်းခြံ ဆိုသည်က ၎င်းတို့ စောင့်ကြည့်နေသော ကြီးမားသည့် သဘာဝ သစ်တောကြီး တစ်ခုမျှသာ ဖြစ်ကြောင်းပင်။
အပြင်ဘက်တွင် ပိုမို ကျယ်ပြောလှသော ဧရိယာများ ရှိနေသေးပြီး ၎င်းတို့ မှတ်တမ်း မတင်ထားရသေးသော အရှေ့မြောက်ကျား အချို့လည်း ရှိနေသေးသည်။
ထို့ကြောင့် မည်သည့်အရာမဆို ဖြစ်လာနိုင်ပေသည်။
ရွှီယန်က ကျေးဇူးတင်စကား ဆိုကာ ဖုန်းချလိုက်သည်။
သူလည်း ဂရုမစိုက်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူ့တွင် ကာကွယ်ရန် လူကောင်းကတ် တစ်ကတ် ရှိနေသေးသည်လေ။
ကျားနှင့် ထပ်တွေ့လျှင်တောင် အသက်ချမ်းသာ ရနိုင်သေးသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် နှင်းကျားသစ်... ကျားသစ် စသည်တို့နှင့် တွေ့လျှင် ရွှီယန်က တကယ်ကို သိပ်မကြောက်လှချေ။
အနည်းငယ်တော့ ပြန်လည် ခုခံနိုင်စွမ်း ရှိသေးသည်။
သို့သော် အရှေ့မြောက်ကျားနှင့် တွေ့ပါကတော့ တကယ်ကို ဘာနည်းလမ်းမှ မရှိတော့ချေ။
အရှေ့မြောက်ကျားက လူမစားဘဲ သူ့ဘာသာ ထွက်သွားဖို့ကိုသာ မျှော်လင့်ရမည် ဖြစ်သည်။
ဤအကောင်ကြီးက အလွန် ကြောက်စရာ ကောင်းလှသည်။ အနီးကပ် မကြည့်ဖူးပါက ဤအကောင်ကြီး မည်မျှ ကြီးမားမည်ကို စိတ်ကူးကြည့်ရန် အလွန် ခက်ခဲလှပေသည်။
မတ်တပ်ရပ်လိုက်ပါက လူကို တိုက်ရိုက်ပင် ဖက်ထားနိုင်လောက်သည်။
ကြောက်သလား မကြောက်ဘူးလားသာ မေးကြည့်လိုက်ပါ။ တောတောင်က အလွန် ကျယ်ဝန်းလှသည်။
ဒီအတိုင်း လိုက်ရှာနေပါက သေချာပေါက် တွေ့မည် မဟုတ်ပေ။
ရွှီယန်၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်တွင် နေရာရှာဖွေနိုင်သော လုပ်ဆောင်ချက် ပါရှိသည်။
ထို့ကြောင့် ရွှီယန်က ရတနာရှာဖွေခွင့် တစ်ကြိမ်ကို အသုံးပြု၍ တောင်စောင့်နတ်ငယ်လေး၏ တည်နေရာကို ရှာဖွေလိုက်သည်။
တောနက်ထဲတွင်ပင် ဖြစ်သည်။
ရွှီယန်လည်း အများကြီး မစဉ်းစားတော့ဘဲ ခြေလှမ်းများကို အမြန်လျှောက်ကာ တောင်ထဲသို့ ဝင်သွားတော့သည်။
သူ ယနေ့ အတော်လေး ပေါ့ပေါ့ပါးပါး ဝတ်ဆင်လာခဲ့ပြီး ကျောပိုးအိတ်ထဲတွင်လည်း နို့ဘူး အနည်းငယ်နှင့် စားစရာ အချို့ကိုသာ ထည့်လာခဲ့သည်။
ထို့အပြင် ရိုးရှင်းသော ကိုယ်ခံပညာသုံး ပစ္စည်း အချို့လည်း ပါဝင်ပြီး အခြား ဘာမှ မပါတော့ချေ။
ထို့ကြောင့် လမ်းလျှောက်ရသည့် အရှိန်က အလွန် မြန်ဆန်လှသည်။
မကြာခင်မှာပင် ရွှီယန်သည် တောင်စောင့်နတ်ငယ်လေးနှင့် ပို၍ပို၍ နီးကပ်လာခဲ့သည်။
သူ၏ ရင်ထဲတွင် မျှော်လင့်ချက်များ ရှိနေသည်။
ကျားတစ်ကောင်ကို အနီးကပ် ထိတွေ့ရခြင်းက အလွန် ကောင်းမွန်သော အတွေ့အကြုံ တစ်ခုပင် ဖြစ်သည်။
ကျားဝဝကြီး တစ်ကောင်က ဘေးတွင် လှဲလျောင်းနေပြီး သူ့ကို စိတ်ကြိုက် ပွတ်သပ်ခွင့် ပေးထားသည် ဆိုသည့် အခွင့်အရေးမျိုး ဘယ်နေရာမှာ သွားရှာ၍ ရမည်နည်း။
အဝေးမှနေ၍ ရွှီယန်က သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ဘေးစောင်း လှဲလျောင်းကာ အနားယူနေသော ကျားတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။
ကျား၏ တင်ပါးက သစ်ပင်နောက်ကွယ်မှ ပြူထွက်နေပြီး ခန္ဓာကိုယ် တစ်ဝက်ကိုမူ သစ်ပင်က ကွယ်ထားလေသည်။
ရွှီယန် ရင်ထဲတွင် ဝမ်းသာသွားပြီး ဒါက တောင်စောင့်နတ်ငယ်လေး၏ တင်ပါး ဟုတ်မဟုတ်ကို သေချာ ခွဲခြားကြည့်ရန်ပင် အချိန်မရလိုက်ချေ။
သူက ချက်ချင်းပင် ခပ်သွက်သွက် လျှောက်သွားပြီး ကျား၏ တင်ပါးကို ရိုက်ချလိုက်တော့သည်။
ဖြန်းခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
"တောင်စောင့်နတ်ငယ်လေး... ငါ မင်းကို လာရှာတာ..."
ရွှီယန်၏ စကားသံ ဆုံးမသွားသေးခင်မှာပင် တောင်စောင့်နတ်ငယ်လေးက သူ၏ အရှေ့တည့်တည့်တွင် ပေါ်လာပြီး သူ့ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
ရွှီယန် တစ်ယောက် ချက်ချင်းပင် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
'ဘာအခြေအနေကြီးလဲ... မင်းက တောင်စောင့်နတ်ငယ်လေး ဆိုရင် ဒါက ဘယ်သူ့ရဲ့ ဖင်ကြီးလဲ... ဟင်...'
ရွှီယန် ချက်ချင်းပင် သတိဝင်လာပြီး တစ်ခဏချင်းမှာပင် ခန္ဓာကိုယ်မှ ချွေးများပင် ထွက်လာတော့သည်။
'နောက်ထပ် ကျားတစ်ကောင်များလား...'
ထိုအချိန်တွင် ရွှီယန်က တောင်စောင့်နတ်ငယ်လေး၏ ဘေးတွင် တစ်ကောင် နှစ်ကောင် သုံးကောင်သော ကျားပေါက်လေးများကို မြင်တွေ့လိုက်ရပြီး ၎င်းတို့က သူ့ကို သိချင်စိတ်နှင့် ကြောက်ရွံ့မှုများဖြင့် စိုက်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် ကျားမကြီးမှာ မူလက ကောင်းမွန်စွာ အိပ်ပျော်နေသော်လည်း တင်ပါးကို အရိုက်ခံလိုက်ရသဖြင့် လန့်သွားပြီး ချက်ချင်းပင် နိုးလာခဲ့သည်။
လေထုက တစ်ခဏချင်းမှာပင် ထူးဆန်းသွားတော့သည်။
ကျားမကြီးမှာ မူလက အတော်လေး သက်သောင့်သက်သာ ရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ အသိအမြင်ထဲတွင် ကျားများ အနားယူနေချိန်၌ လာရောက် နှောင့်ယှက်ရဲသည့် မည်သည့် သက်ရှိမှ မရှိသောကြောင့် ဖြစ်သည်။
၎င်းက ခုနက ဖြစ်ရပ်ကို စိတ်ထင်ယောင်ထင်မှား ဖြစ်သည်ဟုသာ ထင်ခဲ့သည်။
ရလဒ်အနေဖြင့် ၎င်းက လှည့်ကြည့်လိုက်သောအခါ အံ့အားသင့်နေသော ရွှီယန်ကို မြင်တွေ့လိုက်ရသည်။
ကျားမကြီး၏ တုံ့ပြန်မှုက အလွန် မြန်ဆန်လှပြီး ချက်ချင်းပင် ဟိန်းဟောက်လိုက်ကာ သတိကြီးစွာဖြင့် အနောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် ပြန်လည် ခုန်အုပ်လာတော့သည်။
၎င်းနှင့် ရွှီယန်၏ အကွာအဝေးက အလွန် နီးကပ်လွန်းလှရာ တောင်စောင့်နတ်ငယ်လေးပင် ဝင်တားရန် အချိန်မရလိုက်ချေ။
'လူကောင်းကတ်...'
ရွှီယန်က သူ ကျားကိုက်ခံရရန် စက္ကန့်အနည်းငယ်ခန့်သာ လိုတော့ကြောင်း သိလိုက်သည်။
သူက ပထမဆုံး အချိန်မှာပင် လူကောင်းကတ်ကို အသုံးပြုရန် ရွေးချယ်လိုက်သည်။
တစ်ခဏချင်းမှာပင် ကျားမကြီး၏ မျက်လုံးများက ကြည်လင်လာပြီး ခုနက ပေါ်ထွက်လာခဲ့သော ကြမ်းတမ်း ရက်စက်သည့် အငွေ့အသက်များကလည်း ချက်ချင်းပင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
"တော်ပါသေးရဲ့... လခွမ်း... ကျားဖင် မှားရိုက်မိသွားပြီ... တော်သေးတာပေါ့ အသက်ကယ်ဖို့ ကတ် ရှိနေလို့..."
ရွှီယန်က သက်ပြင်းအကြိမ်ကြိမ် ချလိုက်ပြီး မနေနိုင်ဘဲ ညည်းတွားလိုက်မိသည်။