အခန်း ၇၁
Vol. 8 Ch. 71
အခန်း - (၇၁) စိမ်းပြာချင်မိစ္ဆာဂိတ်
တာအိုကျင့်ကြံသူအဘိုးကြီး၏ ဝိညာဉ်အာရုံနှင့် လျှင်မြန်သောတုံ့ပြန်မှုများက သူ၏အသက်ကို အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်း၏ ဖျက်ဆီးနိုင်စွမ်းပြင်းသော စွမ်းပကားအောက်မှ လက်မတင်လေး ကယ်တင်နိုင်ခဲ့သည်။ သူသည် မသိစိတ်အလျှောက် ဘေးသို့ ခြေတစ်လှမ်းမျှရွှေ့ကာ ရှောင်လိုက်ခြင်းကြောင့် သေစေနိုင်သော ထိုးနှက်ချက်ကို ခက်ခဲစွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ထိုတိုက်ခိုက်မှုက သူ၏ဘယ်ဘက်လက်ကို အငွေ့ပျံသွားစေခဲ့ပြီး ခန္ဓာကိုယ်အထက်ပိုင်းမှာလည်း အေးခဲသွားခဲ့ကာ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာသော အအေးဓာတ်ကြောင့် သူ၏မျက်နှာက သွေးပျက်ဖွယ်ရာ ခရမ်းရောင်ပြောင်းသွားခဲ့သည်။
တာအိုကျင့်ကြံသူအဘိုးကြီးသည် နာကျင်နေသော်လည်း သွေးမည်းတစ်လုပ်ကို အန်ထုတ်လိုက်ရင်း ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ ထိုသွေးမည်းများသည် မြေပြင်ပျော့ပေါ်သို့ မထိမီမှာပင် အေးခဲသွားတော့သည်။
“အ…အထင်ကြီးစရာပဲ”
သူသည် လီရှန်းဖျင်၏ အဆက်မပြတ်တိုက်ခိုက်မှုများကို တွန်းလှန်ရန် ကျန်ရှိနေသေားသော အင်အားကို စုစည်းကာ ညာဘက်လက်ဖြင့် အဖြူရောင်ဒိုင်းတစ်ခုကို ဖန်ဆင်းလိုက်သည်။
ထိုသို့ အနည်းငယ်မျှသော လှုပ်ရှားမှုပင်လျှင် သူ့ကို အေးခဲနေသော သွေးမည်းများ ပိုမိုအန်ထုတ်စေခဲ့သည်။ တာအိုကျင့်ကြံသူအဘိုးကြီးသည် သူ၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော အေးစက်သောချီကို ခံစားရလိုက်ရသောအခါ သူ၏နှလုံးကို ကာကွယ်ပြီး အသက်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် လက်ဟန်တစ်ခုကို အလျှင်အမြန် ပြုလုပ်လိုက်သည်။
လီရှန်းဖျင်သည် သူ၏တိုက်ခိုက်မှုများက တာအိုကျင့်ကြံသူအဘိုးကြီး၏ဒိုင်းကို မထိရောက်ကြောင်းနှင့် လီချယ်ကျင်းပေးအပ်ထားသော အဆောင်များက တိုက်ခိုက်ခြင်းထက် လွတ်မြောက်ရန်အတွက် ပိုမိုရည်ရွယ်ကြောင်း သဘောပေါက်သွားသောအခါ တိုက်ခိုက်မှုကို မလိုလားစွာဖြင့် ရပ်တန့်လိုက်ရသည်။
လီရှန်းဖျင်အတွက် လီအိမ်တော်တည်ရှိရာ အနောက်ဘက်သို့လည်း သွားရန်မဖြစ်နိုင်သလို ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ ၁၀ ယောက်က ဝမ့်ကလန်အား ဝိုင်းရံပိတ်ဆို့ထားသည့် အရှေ့ဘက်သို့လည်း သွားရန်မဖြစ်နိုင်သည့်အပြင် တောင်ဘက်တွင်လည်း တလီတောင်၏ မြေပြင်အနေအထားက အရေးမသာဖြစ်နေခဲ့သည်။ ထို့ကြောင့် လီရှန်းဖျင်သည် ကျန်ရှိနေသော တစ်ခုတည်းသော ထွက်ပေါက်ကိုသာ ရွေးချယ်လိုက်ရတော့သည်။ သူသည် လေမန္တန်အဆောင်တစ်ခုကို အသက်သွင်းလျှက် မြောက်ဘက်အရပ်ဆီသို့ တဟုန်ထိုး ပြေးလွှားသွားခဲ့တော့သည်။
xxxxxxxxxxx
ကျီတုန်းချီသည် ခါးတွင် နက်နက်ရှိုင်းရှိုင်း ဖြတ်တောက်ရာကြီး ရှိနေသော ဝမ့်ရှောင်ဟွာ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ဆေဘာရှည်ကို ဝမ့်ရှောင်ဟွာ၏ ခန္ဓာကိုယ်အောက်ပိုင်းဆီသို့ ရက်စက်စွာ ထိုးစိုက်လိုက်သည်။
“မင်းတို့ဝမ့်မိသားစုက ဟွာကျိုးတောင်ပေါ်ကို ခြေချလိုက်တဲ့ နေ့ကတည်းက ဒီနေ့အတွက် ပြင်ဆင်ထားခဲ့သင့်တယ်”
သူက အေးစက်စွာ မှတ်ချက်ချလိုက်သည်။
ဝမ့်ရှောင်ဟွာ၏ ဒဏ်ရာများသည် ပြင်းထန်သော်လည်း သူသည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ အထွဋ်အထိပ်ကျင့်ကြံသူတစ်ဦးဖြစ်ရာ သူ၏ သန်စွမ်းလွန်းသော အသက်စွမ်းအင်ကြောင့် အသက်ရှင်နေဆဲဖြစ်သည်။ သူ၏ သွေးစွန်းနေသောပါးစပ်မှ နာကျင်စွာ ညည်းညူသံများ ဆက်တိုက်ထုတ်လွှတ်နေရင်း နာကျင်မှုကြောင့် သူ၏မျက်လုံးများ ပိုမိုပြူးကျယ်လာခဲ့သည်။
“ဘာ…ဘာလို့လဲ…”
သူက မေးလိုက်သည်။
ကျီတုန်းချီသည် တစ်ချိန်တုန်းက ခမ်းနားစွာ ဝတ်စားထားသည့် မောက်မာသောလူငယ်က သူ့ကို ပြုံးစစဖြင့် ကြည့်နေခဲ့သည်ကို ယခုအခါ ပြန်လည်အမှတ်ရလိုက်သည်။ သူက အနည်းငယ်ကိုင်းညွတ်လိုက်ပြီး တိုးညင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။
“ငါတို့က ဘယ်သူတွေလို့ မင်းထင်နေလဲ။ ငါတို့က အဲဒီမိသားစုနှစ်စုအတွက် ကျားစေ့တွေသက်သက်ပဲ။ သူတို့က မင်းဘာဖြစ်နေသလဲဆိုတာ ဘယ်တော့မှ ဂရုစိုက်မှာမဟုတ်ဘူး။ မင်းက နှစ်စဉ် အခွန်ဘဏ္ဍာတွေ ပေးဆောင်နေပေမယ့် သူတို့ကတော့ ငါတို့ကို မွေးမြူထားတဲ့ တိရစ္ဆာန်တွေလို သတ်ဖြတ်နိုင်ဖို့ ငါတို့ ဝဖြိုးလာတာကိုပဲ စောင့်နေကြတာ”
ဝမ့်ရှောင်ဟွာသည် အသက်ရှုနိုင်ရန်အတွက် မနည်းပင်ရုန်းကန်နေရင်း သူ၏မျက်လုံးများမှ မျက်ရည်တစ်စက် စီးကျသွားခဲ့သည်။
ကျီတုန်းချီက မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ခေါင်းကိုမော့ကာ ပြောလိုက်သည်။
“အခု ငါက အရှင့်သားရဲ့အမိန့်အရ မင်းတို့ဝမ့်မိသားစုရဲ့ မျိုးဆက်တွေအားလုံးနဲ့အတူ မင်းတို့ရဲ့အုပ်ချုပ်မှုအောက်က သေမျိုးရှစ်ထောင်လုံးကို သေမင်းဆီကို ပို့ပေးတော့မယ်။ အဲဒီနောက်မှာ အရှင့်သားက စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ စောင့်ကြပ်ခြင်းမရှိတဲ့ မှိုတောလွင်ပြင်ဆီကို ဆက်ချီတက်သွားလိမ့်မယ်။ အဲဒီမှာ သူက နာကျည်းချီနဲ့ သွေးချီတွေ စုဆောင်းဖို့ သေမျိုးတွေပဲဖြစ်ဖြစ်၊ အင်မော်တယ်ကျင့်ကြံသူတွေပဲဖြစ်ဖြစ် အဲဒီမှာနေထိုင်သူတွေရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိကို ယဇ်ပူဇော်ဖို့ စီစဉ်ထားတယ်”
ဝမ့်ရှောင်ဟွာ၏အသက်စွမ်းအင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရှုရင်း ကျီတုန်းချီ၏မျက်နှာပေါ်တွင် ခနဲ့တဲ့တဲ့အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“မင်းကိုကယ်တင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တဲ့ စိမ်းပြာရေအိုင်ဂိုဏ်းက အခု ရွှေရောင်ထန်ဂိတ်ရဲ့နယ်စပ်မှာ တူညီတဲ့ ယုတ်မာတဲ့လုပ်ရပ်ကို ကျူးလွန်ဖို့ သူတို့ရဲ့တပ်ဖွဲ့တွေကို စုစည်းနေပြီ။ မွေးမြူထားတဲ့တိရစ္ဆာန်တွေက သိတာများလာတဲ့အခါ သူတို့က အချင်းချင်းလဲလှယ်ပြီး အသတ်ခံရဖို့ပဲ ရှိတော့တာပေါ့ကွာ”
ကျီတုန်းချီသည် ဝမ့်ရှောင်ဟွာ၏ မျက်လုံးများကို ညင်သာစွာ ပိတ်ပေးလိုက်သည်။ သူ၏ရယ်သံသည် အက်ကွဲပြီး အေးစက်နေခဲ့ကာ အထင်သေးလှောင်ပြောင်သည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့နောက် သူသည် အပေါ်ရှိ ရွှေရောင်ဝတ်ရုံကို လွှမ်းခြုံထားသော ပုံရိပ်ကို အာခံသည့်အကြည့်ဖြင့် မော့ကြည့်လိုက်သည်။
xxxxxxxxxx
“စီနီယာရှောင်”
လီထုန်ယာသည် ရှောင်မိသားစု၏ဘိုးဘေးနှင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ရှောင်ချူထင်ကို ရိုသေစွာ လက်သီးဆုပ်အရိုအသေပေးရင်း နှုတ်ဆက်လိုက်သည်။
ရှောင်ချူထင်သည် လက်ဖက်ရည်ကို အေးအေးလူလူ တစ်ငုံသောက်လိုက်ပြီး ကမ်းလှမ်းလိုက်သည်။
“ရှောင်အိမ်တော်မှာ နောက်ထပ် ရက်နည်းနည်းငယ်လောက် နေသွားပါလား ထုန်ယာ”
လီထုန်ယာသည် ထိုကမ်းလှမ်းမှုကြောင့် အံ့အားသင့်သွားခဲ့သည်။ သံသယများသည် သူ၏အတွေးများကို လွှမ်းမိုးသွားခဲ့ပြီး သူက ရိုသေစွာ စုံစမ်းမေးမြန်းလိုက်သည်။
“ကျွန်တော် မေးခွင့်ရှိမလား…”
ရှောင်ချူထင်သည် လီထုန်ယာ၏မေးခွန်းကို ပယ်ချလိုက်သော အမူအရာဖြင့် လက်ဝေ့ယမ်းကာ ဖြတ်တောက်လိုက်ပြီး ပြောလိုက်သည်။
“ဝမ့်မိသားစုက ဒီနှစ် ငါတို့ဆီကို ရောက်မလာခဲ့ဘူး။ ဒါဟာ ရွှေရောင်ထန်ဂိတ်က သဘောတူထားတဲ့အတိုင်း တောင်ဘက်ကို ချီတက်သွားလို့ပဲဖြစ်ရမယ်။ အချိန်ကိုတွက်ကြည့်လိုက်ရင် သူတို့က မှိုတောလွင်ပြင်ဆီကို ရောက်နေလောက်ပြီ။ မင်းတို့လီမိသားစုက တောင်တန်းတွေထဲမှာ ပြင်ပထွက်ပေါက်တွေမရှိဘဲ ပိတ်မိနေပြီးတော့ မှိုတောလွင်ပြင်ကတော့ သွေးချောင်းစီးနေလောက်ပြီ။ ဒါကြောင့် ရက်နည်းနည်းလောက် အခြေအနေကို စောင့်ကြည့်တာက ကောင်းလိမ့်မယ်။ ရွှေရောင်ထန်ဂိတ်ကတပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီးမှ ပြန်ပေါ့”
လီထုန်ယာသည် ရှောင်ချူထင် ထုတ်ဖော်ပြောကြားလိုက်သော သတင်းအချက်အလက်များစွာကြောင့် အံ့အားသင့်သွားကာ ခဏမျှမှင်တက်သွားခဲ့သည်။ ထို့နောက် သူက အလျှင်အမြန်ပင် လက်သီးဆုပ် အရိုအသေပေးလိုက်ကာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာရှောင်”
ရှောင်ချူထင်က သူ့ကို အနည်းငယ်ခေါင်းညိတ်ကာ ကျေးဇူးတင်မှုကို လက်ခံလိုက်ပြီးနောက် မျက်လုံးများကိုမှိတ်ကာ အတွေးထဲနစ်မျောသွားခဲ့သည်။ လီထုန်ယာက ချက်ချင်းပင် နားလည်လိုက်ပြီး ခွင့်တောင်းကာ ထွက်ခွာသွားခဲ့သည်။
လီထုန်ယာ ခြံဝင်းထဲမှ ထွက်ခွာသွားသည်နှင့် ပိုးထည်ကိုဝတ်စားထားသော လူငယ်တစ်ယောက်သည် ဝိညာဉ်ဖန်သားပြင်နောက်ကွယ်မှ ထွက်လျှောက်လာခဲ့သည်။ သူသည် လွန်ခဲ့သောနှစ်များက ဝမ့်ယွမ်ခိုင်နှင့် လီထုန်ယာတို့ စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ဖူးသော လူငယ်လေး ရှောင်ယုံလင်ပင်ဖြစ်သည်။
သူသည် တရိုတသေထိုင်လိုက်ပြီးနောက် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“အဘိုး၊ လီမိသားစုက ကျွန်တော်တို့ ဒီလောက်အထိ လုပ်ပေးပြီး မိတ်ဖွဲ့ဖို့ တကယ်ပဲ ထိုက်တန်ရဲ့လား”
ရှောင်ချူထင်သည် လက်ဖက်ရည်ကို တိတ်ဆိတ်စွာ သောက်သုံးလိုက်ပြီး သူ၏အချစ်ဆုံးမြေးလေးကိုကြည့်ကာ ပြောလိုက်သည်။
“လီချယ်ကျင်းက ချီကျင့်ကြံခြင်းအဆင့်ကို ရောက်သွားပြီးတော့ ဆောင်းဦးရေကန်ထဲကလရိပ်ကျင့်စဉ်ကို ကျွမ်းကျင်သွားခဲ့ပြီ။ အဲဒါက ဂိုဏ်းထဲမှာ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တယ်”
ရှောင်ယုံလင်၏ မျက်လုံးများသည် ထိတ်လန့်တကြားဖြင့် ပြူးကျယ်သွားခဲ့သည်။ ထို့နောက် သူက ပါးစပ်မှနေ၍ လွှတ်ခနဲ မေးလိုက်မိသည်။
“ဆောင်းဦးရေကန်ထဲကလရိပ်ကျင့်စဉ်လား။ သူက အထွဋ်အထိပ်ယင်လရောင်ကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ”
ရှောင်ချူထင်သည် ထိုမေးခွန်းကို လက်ဝေ့ယမ်းကာ ပယ်ချလိုက်ပြီး ပြောလိုက်သည်။
“အဲဒါက အရေးမကြီးဘူး။ အရေးကြီးတာက လီမိသားစုနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ပဲ။ ဒါပေမယ့် ငါတို့က အရမ်းစိတ်အားထက်သန်နေတဲ့ပုံ ပေါက်လို့တော့ မဖြစ်ဘူး။ ဒါက သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်သွားစေနိုင်တယ်”
ရှောင်ယုံလင်က အတွေးထဲနစ်မြောသွားသည်ကို မြင်သောအခါ ရှောင်ချူထင်က အကြောင်းအရာပြောင်းကာ အေးစက်စွာဖြင့် မေးလိုက်သည်။
“ဘာလို့ ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုက သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မိသားစုတွေကြားမှာ စစ်ခင်းနေကြပြီး အချင်းချင်းဝါးမြိုနေကြတာကို ကြားဝင်မစွက်ဖက်ဘဲ နယ်နမိတ် ထိစပ်နေတဲ့သူတွေကို အမုန်းတရားတွေ ပွားများလာအောင် အားပေးနေလဲဆိုတာ မင်းသိလား”
ရှောင်ယုံလင်သည် ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“စိမ်းပြာရေအိုင်ဂိုဏ်းက ကျွန်တော်တို့ ဆက်သနေတဲ့ ဝိညာဉ်ကျောက်တုံးနည်းနည်းလောက်ပဲ တန်ဖိုးရှိတဲ့ အခွန်ဘဏ္ဍာတွေကို ဘယ်တုန်းကမှ မလိုအပ်ခဲ့ဘူး။ အဲဒီအစား သူတို့က ကျွန်တော်တို့လို အစွမ်းထက်တဲ့ကလန်တွေက သေမျိုးတွေနဲ့ အင်မော်တယ်ကျင့်ကြံသူတွေ အများအပြားကို စုစည်းဖို့ လိုအပ်တယ်။ ဒီလုပ်သားအင်အားက အခြေတည်အဆင့်နဲ့ ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူတွေကို ပေးအပ်ဖို့အတွက် ဝိညာဉ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တယ်”
ရှောင်ချူထင်က လက်ဖက်ရည်ကို သောက်လိုက်ပြီးနောက် ဖြေးညင်းစွာ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“စိမ်းပြာရေအိုင်ဂိုဏ်းမှာ သူတို့ဘာသာထုတ်လုပ်ဖို့ ချီကျင့်ကြံခြင်းအဆင့်နဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေ ရှိမနေဘူးလို့ မင်းက ထင်နေတာလား။ သူတို့က ငါတို့မိသားစုကို အကျိုးအမြတ်တွေ ခွဲဝေပေးပြီးတော့တောင်မှ ကြားခံအနေနဲ့ အသုံးပြုဖို့ တကယ်ပဲ လိုအပ်နေလို့လား။ ဒီရာစုနှစ်ပေါင်းများစွာအတွင်း လီရှစီရင်စုမှာ ငါတို့ရှောင်မိသားစု စုဆောင်းထားခဲ့တဲ့ ဝိညာဉ်ပစ္စည်းတွေနဲ့ ဓမ္မပစ္စည်းတွေရဲ့ ကြွယ်ဝမှုကို ထောက်ရှုလိုက်ရင် စိမ်းပြာရေအိုင်ဂိုဏ်းက ဒါကိုမသိဘူးလို့ မင်းထင်လို့လား”
ရှောင်ယုံလင်သည် တစ်ခုခုစဉ်းစားမိသွားဟန်ဖြင့် ငြိမ်သက်သွားခဲ့သော်လည်း သူ၏အတွေးများကို ထုတ်ဖော်ပြောကြားရန် တုန့်ဆိုင်းနေခဲ့သည်။
ရှောင်ချူထင်က အေးစက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“မင်းအစား ငါဖြေပေးမယ်။ ငါတို့လိုကလန်တွေက စိမ်းပြာရေအိုင်ဂိုဏ်းက စိုက်ပျိုးထားတဲ့ ဆေးပင်တွေ သက်သက်ပဲ။ သူတို့က ငါတို့လို ကလန်ကြီးတွေကို ရာစုနှစ်ပေါင်းများစွာ အချိန်ယူပြီး ပြုစုပျိုးထောင်ခဲ့တာက ငါတို့ကို လုံးဝရိတ်သိမ်းပစ်ဖို့ပဲ။ ပြီးရင်တော့ သူတို့ မိသားစုငယ်လေးတွေကို ရွေးချယ်မြေတောင်မြှောက်ပေးပြီး မိသားစုတွေငယ်လေးတွေအကြား ပဋိပက္ခတွေ၊ နယ်မြေသိမ်းပိုက်မှုတွေမှာ ပါဝင်ဖို့ အားပေးပြီးတော့ နောက်ဆုံးမှာ တခြာကလန်ကြီး တစ်ခုအဖြစ် ကြီးထွားလာစေတာပဲ”
ရှောင်ယုံလင်သည် ခေါင်းကို ငုံ့ထားလျှက် တုန်ယင်သွားကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
“ဒါက… ဒါက ဘယ်လိုလုပ်ပြီး အင်မော်တယ်တွေရဲ့လုပ်ရပ် ဖြစ်နိုင်မှာလဲ…”
ရှောင်ချူထင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“အင်မော်တယ်တွေနဲ့ မိစ္ဆာတွေကြားက စစ်ပွဲက အချိန်တော်တော်ကြာကတည်းက ပြီးဆုံးသွားခဲ့ပြီ။ ဘယ်သူက ဒီလိုပျင်းစရာကောင်းတဲ့ စကားပွဲကို ဆက်ကစားနေဦးမှာလဲ။ ဒီနေ့ခေတ်မှာ ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုထဲက ဘယ်သူကများ အလောင်းတောင်ပေါ်မှာ ရပ်နေရင်း သူတို့ရဲ့တောင်ဂိတ်တံခါးတွေကို အလှဆင်မနေဘဲ နေလို့လဲ”
“စိမ်းပြာရေအိုင်တောင်ထွဋ်ပေါ်က လရောင်ဖန်သစ်ပင် ဘယ်လိုပေါက်လာလဲဆိုတာ မင်း ဘယ်တော့မှ မတွေးမိဘူးလား။ ဒါက လီကျန်းချွင်ရဲ့ အသားနဲ့အရိုးတွေပေါ်မှာ စိုက်ပျိုးထားပြီး သူ့ရဲ့သွေးနဲ့ လောင်းထားတာ။ စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ ဘယ်ထောင့်တစ်နေရာမှ သွေးနဲ့မစွန်းထင်းတဲ့နေရာ မရှိဘူး”
“ဟမ့်၊ စိမ်းပြာရေအိုင်အင်မော်တယ်ဂိုဏ်း… စိမ်းပြာရေအိုင်အင်မော်တယ်ဂိုဏ်း၊ သူတို့ကိုယ်သူတို့ တကယ့် နာမည်ကောင်းတစ်ခုတော့ ပေးထားတာပဲ”
ရှောင်ချူထင်သည် အေးစက်စက်ပြုံးကာ မတ်တပ်ရပ်လိုက်ပြီး ရှောင်ယုံလင်ကို မေးလိုက်သည်။
“စိမ်းပြာရေအိုင်ဂိုဏ်းက ဂိုဏ်း ၃ ဂိုဏ်းကြားမှာ သူ့ရဲ့လက်ရှိအဆင့်အတန်းကို မတက်လှမ်းခင် ရာစုနှစ်ပေါင်းများစွာတုန်းက ဘယ်နာမည်ရှိခဲ့လဲဆိုတာ မင်းသိလား”
“မသိပါဘူး”
ရှောင်ယုံလင်က ခေါင်းခါလိုက်သည်။
ရှောင်ချူထင်က ကိုင်းညွတ်လိုက်ကာ အေးစက်စွာဖြင့် ထုတ်ဖော်ပြောလိုက်သည်။
“စိမ်းပြာချင်မိစ္ဆာဂိတ် တဲ့”
“စိမ်းပြာချင်မိစ္ဆာဂိတ်တဲ့လား”
(Note. “ချင်” ဆိုတာ အသံထွက်ကိုပြောတာပါ။ ရေကန်/ရေအိုင်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဆိုတော့ စိမ်းပြာချင်ဆိုတာက စိမ်းပြာရေအိုင်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ နာမည်ပြောင်းထားတာကို သိသာအောင် အသံထွက်နဲ့ ရေးထားပုံပေါ်ပါတယ်။ ဒါကြောင့် စိမ်းပြာချင်မိစ္ဆာဂိတ်ဆိုတာ စိမ်းပြာရေအိုင်မိစ္ဆာဂိတ်လို့ ဆိုလိုတာပါ။ အခုမှ စိမ်းပြောရေအိုင်အင်မော်တယ်ဂိုဏ်း ဖြစ်နေတာပါ။)