← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း - (၇၃) တုံ့ပြန်တိုက်ခိုက်ခြင်း

လီရှန်းဖျင်သည် အတန်ကြာပြေးလွှားပြီးနောက် အညိုရောင် သစ်သားခြံစည်းရိုးများဖြင့် ကာရံထားသော သစ်သီးခြံငယ်တစ်ခုကို တွေ့ရှိလိုက်ရသည်။ အပင်များပေါ်တွင် သီးနေသော လိမ္မော်သီးများက ထိုခြံသည် ဒေသခံ သာမန်လယ်သမားမိသားစု၏

အိမ်ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။

“ငါပြေးလာခဲ့တဲ့ အကွာအဝေးကို ကြည့်ရတာ အခုဆို ကျီမိသားစုရဲ့နယ်မြေထဲကိုတောင် ရောက်နေလောက်ပြီ။ ဒီမိသားစုက ကျီမိသားစုရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ဖြစ်ရမယ်”

လီရှန်းဖျင်သည် တစ်ညလုံး ပြေးလွှားခဲ့ရသည်။ သူ၏မျက်နှာသည် အလွန်အမင်းဖြူဖျော့နေခဲ့ပြီး သူ၏လက်ထဲရှိ အဆောင်သည်ပင် မှိန်ဖျော့သွားခဲ့ကာ စွမ်းအားကုန်သွားဟန်ရသည်။

သူသည် ရင်ဘတ်အိတ်ထဲမှ ညိုပြာရောင် ကြေးမုံကို ထုတ်ယူလိုက်ပြီး အာရုံစိုက်ရန် မျက်လုံးများကို မှိတ်လိုက်သည်။ သူ့နောက်ရှိ အဝေးတစ်နေရာမှ လိုက်ပါလာသော တာအိုကျင့်ကြံသူအဘိုးကြီး၏ အရှိန်အဝါကို အာရုံခံမိသောအခါ သူ့စိတ်ထဲမှ တိိုးတိုးလေး ကျိန်ဆဲလိုက်မိသည်။

ကြေးမုံအတွင်းရှိ လုကျန်းရှန်းသည် ထိုမြင်ကွင်းကို ပို၍ကွဲကွဲပြားပြား မြင်နိုင်ခဲ့သည်။ တာအိုကျင့်ကြံသူ အဘိုးကြီးသည် ဒဏ်ရာများကို အတင်းအကျပ်ဖိနှိပ်ထားရပြီး ချီကိုတည်ငြိမ်စေရန် ဆေးလုံးအများအပြားကို သောက်သုံးခဲ့ရသည်။ သူသည် မျက်လုံးအစုံ၌ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေလျှက် လီရှန်းဖျင်ရှိရာအရပ်ဆီသို့ လွန်းပျံယာဉ်ကို တဟုန်ထိုး မောင်းနှင်နေခဲ့သည်။

“ဒီတာအိုကျင့်ကြံသူအဘိုးကြီးက ငါ့အပေါ်မှာ မန္တန်တစ်ခုခု သုံးဖို့ကြိုးစားခဲ့ရင် ဒါမှမဟုတ် ကြေးမုံကို တိုက်ရိုက်တိုက်ခိုက်ခဲ့ရင် ငါက တန်ပြန်တိုက်ခိုက်ဟန်ဆောင်ပြီး သူ့ကို တစ်ချက်တည်းနဲ့ ဖယ်ရှားပစ်ရမယ်”

လုကျန်းရှန်းသည် တာအိုကျင့်ကြံသူ အဘိုးကြီးကို မျက်မှောင်ကျုံ့ကာ အတန်ကြာ စောင့်ကြည့်လိုက်သည်။ သူသည် တာအိုကျင့်ကြံသူအဘိုးကြီး၏ ဘယ်ဘက်လက် ဆုံးရှုံးသွားခဲ့ပြီး သူ၏မန္နာစွမ်းအင် စီးဆင်းမှုက မချောမွေ့တော့သည်ကို သတိပြုမိသည်။ အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်း၏ အကျိုးသက်ရောက်မှုများသည် သူ့ခန္ဓာကိုယ်ထဲ၌ ကျန်ရှိနေဆဲဖြစ်ပြီး ရံဖန်ရံခါ မျက်လုံးများမှိတ်ကာ အသက်ရှူနှုန်းကို ထိန်းညှိရန် ဖိအားပေးနေခဲ့သည်။ သူ၏အရှိန်သည် အနည်းငယ် နှေးကွေးသွားခဲ့သော်လည်း လီရှန်းဖျင်ထက် အနည်းငယ် ပိုမြန်နေသေးသည်။

“ငါ သူ့ကိုမိသွားတာနဲ့… ငါ ဒီခွေးကောင်ကို မိသွားတာနဲ့ သူ့ရဲ့ခုခံမှုကို အဆုံးသတ်ပြီး ကြေးမုံကိုရအောင် တစ်ချက်တည်းနဲ့ သူ့ကိုအဆုံးသတ်ပစ်ရမယ်”

တာအိုကျင့်ကြံသူအဘိုးကြီး၏ စိတ်ထဲတွင် လောဘ၊ ဒေါသနှင့် ဗျူဟာကျသော ဆင်ခြင်တုံတရားတို့ ရောနှောကာ လှည့်ပတ်နေခဲ့သည်။ သူ့စိတ်ထဲမှနေ၍ ကောက်ကျစ်စွာဖြင့် တွေးလိုက်မိသည်။

“ကြေးမုံက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲမှာတောင် ဒီလောက်အစွမ်းထက်နေတယ်ဆိုရင် ငါ့လက်ထဲမှာသာဆို စိတ်ကူးလို့တောင် မရနိုင်ဘူး။ ဒီကောင်လေးက ကြေးမုံကို တစ်ကြိမ်ပဲသုံးပြီးတော့ ဖိအားပေးပြီး ဆက်မတိုက်ခဲ့ဘဲ ထွက်ပြေးသွားခဲ့တယ်။ ဆိုလိုတာက ဒီတိုက်ခိုက်မှုက သူ့ကို တော်တော်လေး စွမ်းအင်ကုန်ခမ်းသွားစေခဲ့ပြီး အချိန်တိုလေးအတွင်း နောက်တစ်ကြိမ် အသုံးမပြုနိုင်လောက်တော့ဘူး”

တာအိုကျင့်ကြံသူအဘိုးကြီးသည် လွန်းပျံယာဉ်၏အရှိန်ကို ဖြည်းညင်းစွာ တိုးမြှင့်လိုက်သည်။ မကြာမီပင် သူ၏ရှေ့တွင် ရွာတစ်ရွာ ပေါ်ထွက်လာခဲ့သည်။ သူသည် ရှေ့ရှိ ဥယျာဉ်ခြံထဲမှ လိမ္မော်ပင်များအလယ်တွင် ၎င်းတို့ကိုဖြတ်၍ ပြေးလွှားနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ လှုပ်ရှားမှုများတွင် ခြေဖဝါးအောက်မှ ပင့်တင်ပေးသော လေထု၏ အရှိန်အဟုန်မရှိတော့ပေ။ ဤသည်မှာ သူ့တွင် အဆောင်များ ကုန်ခမ်းသွားခဲ့ပြီဖြစ်ကြောင်း အထင်အရှား ပြသနေသည့် လက္ခဏာတစ်ရပ်ပင် ဖြစ်ပေသည်။

လီရှန်းဖျင်သည် နောက်ဆုံးကျန်ရှိသော အဆောင်ကို ဆုပ်ကိုင်ထားရင်း နောက်ဆုံးတစ်ကြိမ် ရင်ဆိုင်ရန်အတွက် ပြင်ဆင်လိုက်သည်။ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော ဝဇီရာအဆောင်သည် သူ၏အသားနှင့်အရိုးများကို သံမဏိကဲ့သို့ မာကျောသွားစေမည်ဖြစ်ပြီး တာအိုကျင့်ကြံသူ အဘိုးကြီး၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန်နှင့် သူ၏အသက်အတွက် တိုက်ပွဲဝင်ရန် လုံလောက်နိုင်ပေသည်။

တာအိုကျင့်ကြံသူအဘိုးကြီးသည် လွန်းပျံယာဉ်ကို အောက်ဘက်ဆီသို့ ဦးတည်ကာ ဆင်းသက်နေစဉ် ရုတ်တရက် လီရှန်းဖျင်က ခန္ဓာကိုယ်ကို ဆတ်ခနဲ နောက်ပြန်လှည့်လိုက်ပြီး ညိုပြာရောင် ကြေးမုံကို နောက်တစ်ကြိမ် ထပ်မံမြှောက်ပင့်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

“နောက်တစ်ကြိမ်လား”

တာအိုကျင့်ကြံသူအဘိုးကြီးသည် ဒေါသကြောင့် သွေးများ အန်ထုတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သူသည် လွန်းပျံယာဉ်၏လားရာကို ရုတ်တရက် ပြောင်းလိုက်ပြီး သစ်ပင်တစ်ပင်၏ အကိုင်းတစ်ကိုင်းပေါ်တွင် မတည်မငြိမ်စွာဖြင့် ဆင်းသက်လိုက်ရသည်။

လီရှန်းဖျင်က လိမ္မော်ပင်တစ်ပင်ကို မှီကာ သူ့ကို အေးစက်သောအပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။

“ဟမ့်၊ မင်းက ငါ့ကို လှည့်စားသွားနိုင်တာပဲ”

တာအိုကျင့်ကြံသူအဘိုးကြီး၏ မျက်နှာသည် ဒေါသအစား ဝမ်းမြောက်မှုတို့ဖြင့် လင်းလက်လာခဲ့သည်။ သူသည် လွန်းပျံယာဉ်ကို သူ၏သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်ပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်နှင့် လီရှန်းဖျင်က သူ့ထံသို့ တည့်တည့် ပြေးဝင်တိုက်ခိုက်လိုက်သည်ကို တွေ့လိုက်ရသည်။

တာအိုကျင့်ကြံသူအဘိုးကြီးသည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူ၏လက်ထဲတွင် မျက်စိကျိန်းစဖွယ် ရွှေရောင်အလင်းတန်းတစ်ခုကို ဖန်ဆင်းလိုက်ပြီး လီရှန်းဖျင်ထံသို့ တည့်တည့်ပစ်လွှတ်လိုက်သည်။

လီရှန်းဖျင်၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ရာက ပဲ့တင်ထပ်သွားသကဲ့သို့ ဝုန်းခနဲ အသံမြည်ဟည်းသွားခဲ့ပြီး သူ၏ကိုယ်ပေါ်မှ နူးညံ့သော အဖြူရောင်အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ကာ ဝင်ရောက်လာသော ရွှေရောင်အလင်းတန်းကို ခြေဖျက်ရန် ကြိုးစားလိုက်သည်။ သို့သော် တာအိုကျင့်ကြံသူအဘိုးကြီး၏ မန္တန်စွမ်းအားက ထိုအလင်းထဲတွင် အကြိမ်အနည်းငယ် ဝဲလည်သွားပြီးနောက် နောက်ဆုံး၌ လီရှန်းဖျင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိုးနှက်သွားခဲ့တော့သည်။

“အင့်”

လီရှန်းဖျင်သည် သူ၏အတွင်းအင်္ဂါများအားလုံး ထိခိုက်သွားသည်ကို ခံစားလိုက်ရပြီး သွေးများ အန်ထုတ်လိုက်ရသည်။ သူ့လက်ထဲရှိ ကြေးမုံမှာလည်း လက်ထဲမှ လွတ်ထွက်သွားကာ မြေပြင်ပေါ်သို့ ယိမ်းထိုးလျှက် ကျဆင်းသွားတော့သည်။

တာအိုကျင့်ကြံသူအဘိုးကြီး၏ အာရုံစိုက်မှုသည် ကြေးမုံထံသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။ သူ၏ မြင်းမြီးကြာပွတ်ရှိ အဖြူရောင်အမွေးများသည် တစ္ဆေလက်တစ်ဖက်ကဲ့သို့ ရှည်ထွက်လာခဲ့ပြီး ကြေးမုံကို ဖမ်းဆုပ်လိုက်သည်။

သတ်ဖြတ်လိုသော အလင်းတန်းတစ်ခု လီရှန်းဖျင်၏ မျက်လုံးများတွင် ဖြတ်ပြေးသွားခဲ့သည်။ သူသည် တာအိုကျင့်ကြံသူအဘိုးကြီး၏ အာရုံက ကြေးမုံထံသို့ လွှဲပြောင်းသွားသည်ကို အခွင့်ကောင်းယူလိုက်ပြီး ဘယ်ဘက်လက်ပေါ်တွင် ရွှေရောင်အလင်းမန္တန်ကို အသက်သွင်းလျက် အဘိုးကြီး၏ ဦးခေါင်းတည့်တည့်ကို ချိန်ရွယ်ကာ ပစ်လွှတ်ရန် ပြင်ဆင်လိုက်သည်။

ကြေးမုံထဲရှိ လုကျန်းရှန်းသည် သူ့ထံသို့ ရောက်ရှိလာသော မြင်းမြီးကြာပွတ်၏ အမွေးများကိုကြည့်ရှုရင်း အလွန်စက်ဆုပ်ရွံရှာမှုကို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် ရိုင်းပျသော ကလေးတစ်ယောက်က သူ့မျက်လုံးများကို တူတစ်စုံဖြင့် တည့်တည့်မတ်မတ် ချိန်ရွယ်နေသည်ကို ကြည့်ရှုနေရသကဲ့သို့ပင် ဖြစ်လေသည်။

တဖက်တွင်လည်း သူ့ဘာသာသူ တွေးလိုက်သည်။

“ဒါက ငါ့အခွင့်အရေးပဲ”

ကြာပွတ်၏ အမွေးအမျှင်များက ကြေးမုံကို ဖမ်းဆုပ်လိုက်သည်နှင့် ၎င်းတို့သည် မီးဖြင့်အတို့ခံလိုက်ရသကဲ့သို့ နောက်သို့တွန့်သွားခဲ့သည်။ ညိုပြာရောင်ကြေးမုံသည် ရန်စခံလိုက်ရသကဲ့သို့ လေထဲသို့ တစ်ပေခန့် မြင့်တက်သွားကာ အဖြူရောင်အလင်းတန်းများကို တရစပ် ထုတ်လွှတ်လိုက်သည်။

ကြေးမုံ၏ ဘောင်ပတ်ပတ်လည်မှ မှော်သင်္ကေတစာလုံး ၁၂ လုံးသည် တစ်လုံးပြီးတစ်လုံး တောက်ပလာခဲ့ပြီး စူးရှတောက်ပသော အဖြူရောင်အလင်းသည် ကြေးမုံ၏ မျက်နှာပြင်ပေါ်တွင် လှိုင်းကြက်ခွပ်ကလေးများကဲ့သို့ လှုပ်ခတ်နေခဲ့သည်။ ထိုအလင်းသည် အလွန်ပင် မျက်စိကျိန်းလွန်းလှပြီး သူတို့နှစ်ယောက်၏ ခေါင်းအပေါ်တွင် သေးငယ်သော နေတစ်စင်း လွင့်မျောနေသကဲ့သို့ ထင်မှတ်ရသည်။

တစ်ကိုယ်လုံးကို တုန်ယင်သွားရလောက်အောင် အလွန်ပြင်းထန်လွန်းသော အန္တရာယ်ခံစားချက်တစ်ခုသည် သူတို့နှစ်ဦးစလုံးကို ဖြတ်သန်းသွားခဲ့သည်။ အလွန်ပြင်းထန်သော ဖိအားသည် လီရှန်းဖျင်နှင့် တာအိုကျင့်ကြံသူအဘိုးကြီးတို့ နှစ်ဦးသားကို နေရာတွင်ပင် ဖိနှိပ်ထားခဲ့ပြီး နှစ်ဦးစလုံး ရုပ်သေးရုပ်များကဲ့သို့ လှုပ်ရှား၍မရတော့ပေ။

“မကောင်းတော့ဘူး”

တာအိုကျင့်ကြံသူအဘိုးကြီး၏ ရင်ထဲ၌ အလွန်ထိတ်လန့်သွားခဲ့ပြီး နောင်တရစွာဖြင့် တွေးလိုက်မိသည်။

“ကြေးမုံကို ဖမ်းယူဖို့ အဲဒီမြင်းမြီးကြာပွတ်ကို မသုံးခဲ့သင့်ဘူး”

တာအိုကျင့်ကြံသူအဘိုးကြီးသည် သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ ကြီးမားသောဝိညာဉ်အသိစိတ်ကို ပိုင်ဆိုင်ထားပြီး ရိုသေစွာကိုင်တွယ်ရန် လိုအပ်သော ဓမ္မပစ္စည်းများအကြောင်း ပုံပြင်များကို ကြားဖူးသည်။ ၎င်းတို့နှင့်ပတ်သက်၍ တားမြစ်ချက်များစွာလည်း ရှိနေသေးသည်။ ဥပမာအားဖြင့် စိမ်းပြာရေအိုင်ဂိုဏ်း၏ နှင်းခဲအကြွင်းမဲ့ဓားသည် ၎င်းအသိအမှတ်ပြုသော သခင်ဖြစ်သူမှလွဲ၍ အခြားမည်သူ့ကိုမျှ တုံ့ပြန်မည် မဟုတ်ပေ။

“ဒါ မကောင်းဘူး။ တော်တော်လေး မကောင်းဘူး။ ကြေးမုံက ဒီလိုနည်းနဲ့ တုံ့ပြန်လိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့မိဘူး။ တားမြစ်ချက်တစ်ခုခုကို ငါချိုးဖျက်မိသွားတာပဲ ဖြစ်ရမယ်”

လီရှန်းဖျင်သည် တာအိုကျင့်ကြံသူအဘိုးကြီးဆီသို့ ရွှေရောင်အလင်းကို ထုတ်လွှတ်တိုက်ခိုက်ရန် ကြိုးပမ်းလိုက်သော်လည်း ဖိနှိပ်ထားသော စွမ်းအားကြောင့် မလှုပ်ရှားနိုင်ခဲ့ပေ။ အဖြူရောင်အလင်းဖြင့် လွှမ်းခြုံထားသော ကြေးမုံက လေထဲသို့ တက်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ လွန်ခဲ့သောနှစ်များက ဝံပုလွေနတ်ဆိုးနှင့် ကြုံတွေ့ရစဉ် သူ၏ဖခင်နှင့် ဒုတိယအစ်ကိုတို့ ဖော်ပြခဲ့သောညနှင့် အလွန်တူညီကြောင်း သဘောပေါက်လိုက်သည်။ လီရှန်းဖျင်သည် တာအိုကျင့်ကြံသူအဘိုးကြီး၏ လုပ်ရပ်များက ကြေးမုံဆီမှ တုံ့ပြန်တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ဖွယ်ရှိကြောင်း ချက်ချင်း သဘောပေါက်လိုက်ပြီး စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

လီရှန်းဖျင်သည် တာအိုကျင့်ကြံသူအဘိုးကြီးက မည်သို့အတတ်ပညာရပ်ကို သုံးလိုက်မှန်း နားမလည်နိုင်ခဲ့သော်လည်း ထိုအဘိုးကြီး၏ ခပ်တိုးတိုးအသံကို ရုတ်တရက် သူ၏နားထဲတွင် ကြားလိုက်ရသည်။

“မိတ်ဆွေလေး ငါက ဝက်တစ်ကောင်လို မိုက်မဲတဲ့သူပါ။ ဒီဓမ္မပစ္စည်းက ငါတို့ကို တန်ပြန်တိုက်ခိုက်အောင် ဘယ်တားမြစ်ချက်ကို မတော်တဆ ချိုးဖောက်မိသွားတယ်မသိဘူး။ ငါတောင်းပန်ပါတယ်။ မင်းမှာ ဒါကိုရပ်တန့်ဖို့ ဘယ်နည်းလမ်းမျိုးမဆို ရှိခဲ့ရင် ကျေးဇူးပြုပြီး ငါတို့ကိုကယ်ပါဦး… မင်းကို ရက်ရက်ရောရော ဆုချမယ်လို့ ကတိပေးပါတယ်…”

လီရှန်းဖျင်သည် မျက်လုံးလှန်ကြည့်လိုက်ပြီး တာအိုကျင့်ကြံသူအဘိုးကြီး၏ တတွတ်တွတ်ပြောဆိုနေခြင်းများကို လျစ်လျူရှုရန် ရွေးချယ်လိုက်သည်။

လုကျန်းရှန်းသည် တာအိုကျင့်ကြံသူအဘိုးကြီး၏ မလှုပ်ရှားနိုင်သော အခြေအနေကို ကြည့်ရှုလေ့လာလိုက်ကာ သူ၏ကိုယ်ပိုင်စွမ်းရည်များကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။ သူက သူ့ဘာသာသူ တွေးလိုက်မိသည်။

“ဒါဆို အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းက ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင်မှ လုံလောက်အောင် အနီးကပ်နေသမျှကာလပတ်လုံး မလှုပ်ရှားနိုင်အောင် လုပ်နိုင်တာပေါ့”

လုကျန်းရှန်းသည် သူ၏နတ်ဘုရားအာရုံဖြင့် အနီးနားရှိ လယ်သမားအိမ်ထဲမှ လှုပ်ရှားမှုတစ်ခုကို အာရုံခံမိလိုက်သည်။ စုတ်ပြတ်နေသော လျှော်ထည်များ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် သတိထားကာ ချဉ်းကပ်လာခဲ့ပြီး သစ်ပင်တစ်ပင်နောက်တွင် ပုန်းအောင်းကာ ထိုသူနှစ်ယောက်ကို ကြည့်ရှုနေခဲ့သည်။

“ဒါကို အမြန်အဆုံးသတ်မှဖြစ်မယ်”

သူ၏အတွေးဖြင့် အမိန့်ပေးလိုက်ရာ စင်ကြယ်သော အဖြူရောင် အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်း ဆင်းသက်လာခဲ့သည်။ တာအိုကျင့်ကြံသူအဘိုးကြီးသည် စကားတစ်ခွန်းပင် ဆုံးအောင်မပြောနိုင်မီ သူ၏ မြင်းမြီးကြာပွတ်နှင့်အတူ အမှုန့်ဖြစ်သွားခဲ့ကာ နှင်းများအရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

ပလွတ်

ပိုးထည်အိတ်ငယ်တစ်လုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ အမျိုးအမည်မသိရသော ဝိညာဉ်ပစ္စည်းတစ်ခုခုဖြင့် ပြုလုပ်ထားသည့် ကြာပွတ်၏ လက်ကိုင်သည် အစိမ်းဖျော့ဖျော့အရောင် သတ္တုတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

ထို့နောက် လုကျန်းရှန်းသည် အဖြူရောင်အလင်းကို တဖြည်းဖြည်း ရုတ်သိမ်းလိုက်ကာ လေထဲတွင် တိတ်တဆိတ် လွင့်မျောနေခဲ့သည်။

လီရှန်းဖျင်သည် နောက်ဆုံးတွင် ဖိနှိပ်ထားသောစွမ်းအားမှ လွတ်မြောက်သွားခဲ့ပြီး လှုပ်ရှားလာနိုင်ခဲ့သည်။ သူသည် သွေးများ နောက်တစ်ကြိမ် အန်ထုတ်လိုက်ကာ မြေပြင်ပေါ်သို့ အားနည်းစွာ ပြိုလဲကျသွားတော့သည်။

လီရှန်းဖျင်က သူ၏အသက်ရှူခြင်းကို ထိန်းညှိရန် ကြိုးစားနေစဉ် သူ၏ဦးခေါင်းကို ကြယ်များ၊ လများ မြင်သွားရလောက်အောင် ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံလိုက်ရသည်။ သူက လူးလဲထလိုက်ပြီး သူ့ကိုတိုက်ခိုက်ခဲ့သူကို လှမ်းကြည့်လိုက်သည်။

လီရှန်းဖျင်တွေ့လိုက်ရသည်ကား စုတ်ပြတ်သတ်နေသည့် လျှော်ထည်ဝတ်စုံကို ဝတ်ဆင်ထားသော လယ်သမားကောင်လေးတစ်ယောက်သည် မျက်နှာထက်တွင် လောဘနှင့် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေလျှက် သူ့ကိုခွထိုင်နေခဲ့သည်။ ထိုကောင်လေးသည် ကျောက်တုံးတစ်တုံးကို ကိုင်ထားပြီး သူ့ကို တရစပ် ရိုက်နှက်နေခဲ့သည်။

“မြေနိုးလေး။ မင်း ဘယ်လိုတောင် အတင့်ရဲတာလဲ။ အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ကို လုယက်ချင်တယ်ပေါ့လေ”

လီရှန်းဖျင်သည် သူ၏ နောက်ဆုံးအကြွင်းအကျန် မန္နာစွမ်းအင်များကို ခေါ်ယူလိုက်ပြီး ဘယ်ဘက်လက်ဖြင့် သူ့အပေါ်သို့ ကျဆင်းလာသော ကျောက်တုံးကို ကာဆီးလိုက်ကာ ညာဘက်လက်ဖြင့် မြေပြင် ပတ်ပတ်လည်ကို စမ်းတဝါးဝါးလိုက်ရှာလိုက်သည်။ သူ့ခေါင်းက မူးဝေနောက်ကျိနေခဲ့ပြီး မျက်လုံးထဲတွင် ကြယ်များ၊ လများ မြင်နေခဲ့သော်လည်း နောက်ဆုံးတွင် သူ့လက်က သစ်ကိုင်းတစ်ကိုင်းကို ဆုပ်ကိုင်မိသွားခဲ့သည်။ သူသည် ၎င်းကို ရွှေရောင်အလင်းမန္တန်ဖြင့် အလျှင်အမြန် အသက်သွင်းလိုက်ပြီး လူငယ်ရှိရာဘက်သို့ အားကုန်ထိုးစိုက်လိုက်သည်။

ရွှေရောင်အလင်းမန္တန်ဖြင့် အားဖြည့်ထားသော သစ်ကိုင်းသည် အလွန်မာကြောထက်ရှသွားခဲ့သည်။ ၄င်းသည် လူငယ်လေး၏လည်ပင်းကို တည့်တည့်ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ လူငယ်လေး၏ မျက်လုံးများသည် ထိတ်လန့်တကြား ပြူးကျယ်သွားခဲ့ပြီး သူ၏လည်ချောင်းကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင် လူးလွန့်ရင်း သွေးအများအပြားကို အန်ထုတ်လိုက်သည်။

လီရှန်းဖျင်သည် မြေပြင်ပေါ်တွင်လှဲကာ လူငယ်၏ အသည်းအသန် ရုန်းကန်မှုများကို ကြည့်နေခဲ့သည်။ ဆူညံသံများက အာရုံစိုက်မှုများကို ဆွဲဆောင်မိမည် စိုးရိမ်သောကြောင့် သူက မတ်တပ်ရပ်ရန် ရုန်းကန်လိုက်သည်။ သူသည် သိုလှောင်အိတ်နှင့် သတ္တုတုံးကို သူ၏ရင်ဘတ်အိတ်ထဲသို့ အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ကြေးမုံကို ပြန်လည်ရယူကာ ရွာအစွန်ဘက်ဆီသို့ ယိုင်နဲ့စွာ ပြေးထွက်သွားခဲ့သည်။

All Chapters