← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း - (၇၈) တိုက်ခိုက်မှု

အားဟွေ့လားသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တောင်များနှင့် တောအုပ်များကို ဖြတ်ကျော်၍ သူ၏မျိုးနွယ်စုနှင့်အတူ မြင်းကိုစီးကာ ခရီးနှင်လာခဲ့ပြီးနောက် ငါးကြီးချောင်းဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် သူတို့၏ အခြေစိုက်စခန်း တည်ဆောက်နိုင်ရန်အတွက် တောင်များထဲရှိ တောရိုင်းသားရဲများကို မောင်းထုတ်ရန် သူတို့၏ နတ်ဆရာကို ခေါ်ယူလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင်ပင် သူတို့၏ မျိုးနွယ်စုအကြီးအကဲတစ်ဦး ရောက်ရှိလာပြီး သူ့အား နောက်ကြောင်းပြန်လှည့်သွားရန် လာရောက်ဖျောင်းဖျ နားချလေတော့သည်။

“ဘုရင်ကြီး ငါးကြီးချောင်းရဲ့ အရှေ့ဘက်ကို ပိုပြီးစွန့်စားဝင်ရောက်တာက မိစ္ဆာဂိတ်ရဲ့နယ်မြေထဲကို ရောက်သွားပါလိမ့်မယ်။ နောက်ကြောင်းပြန်လှည့်တာက ပိုကောင်းပါလိမ့်မယ်”

အားဟွေ့လားသည် မျက်လုံးနှစ်လုံး ပြူးကျယ်သွားကာ ထိုသူကို လှည့်ကြည့်လိုက်ရာ သူ၏ကိုယ်ပေါ်တွင် ဆင်ယင်ထားသော သားရဲစွယ်များနှင့် ကျောက်စိမ်းရတနာများ အချင်းချင်း တိုက်မိသွားကြပြီး တဒင်ဒင်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ သူက ဒေါသတကြီးဖြင့် ဟောက်လိုက်သည်။

“ခင်ဗျားက ပြန်လှည့်ပြီး အဲဒီဝံပုလွေမိစ္ဆာ ကျားနီရှီကို တိုက်ခိုက်ချင်တာလား အသေခံချင်တာလားအဘိုးကြီး။ လီတောင်ပေါ်မှာ ငါတို့ကိုယ်ငါတို့ သွားပြီး စတေးခံရမှာလား။ ဒါမှမဟုတ် ငါတို့လူ ၉၀၀ လုံးကို လရှုစားကန်ကိုဖြတ်ပြီး ဘေးကင်းရာကို ပို့ဆောင်ပေးဖို့ မင်းမှာ မှော်ပညာတစ်မျိုးမျိုး ပိုင်ဆိုင်ထားလို့လား”

အကြီးအကဲသည် ချက်ချင်းပင် နှုတ်ဆိတ်သွားကာ သက်ပြင်းတစ်ချက်ချလျှက် မျိုးနွယ်စုများရှိရာဆီသို့ စိတ်ပျက်လက်ပျက် ပြန်လည်ထွက်ခွာသွားတော့သည်။

အားဟွေ့လားသည် ခပ်ထေ့ထေ့ နှာမှုတ်လိုက်ပြီးနောက် သစ်သီးဝိုင်ထံသို့ အာရုံပြန်လှည့်လိုက်သည်။ ထိုအချိန်မှာပင် သူ့လူအများအပြားသည် တဲထဲသို့ ဝုန်းဒိုင်းကြဲ ဝင်ရောက်လာကြပြီး ဆံပင်ကို သပ်ရပ်စွာ စည်းနှောင်ထားကာ ဖြူဖွေးပြီး တစ်ကိုယ်လုံး သန့်ရှင်းနေသော လူတစ်ယောက်ကို ကြိုးဖြင့်တုပ်နှောင်ပြီး ဆွဲခေါ်လာခဲ့ကြသည်။

သူတို့သည် ထိုအကျဉ်းသားကို အားဟွေ့လားရှေ့မှောက်တွင် ပစ်ချလိုက်ပြီး ဂုဏ်ယူဝံ့ကြွားမှုနှင့် ရွှင်မြူးမှုတို့ ရောနှောကာ လျှောက်တင်လိုက်သည်။

“ဘုရင်ကြီး၊ ကျွန်တော်တို့ ဒီလူစိမ်းကို စခန်းနားတဝိုက်မှာ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာတွေ့လို့ နေရာမှာတင် ဖမ်းဆီးခဲ့ပါတယ်”

ထိုအကျဉ်းသားသည် လီမိသားစု လွှတ်လိုက်သော ကင်းထောက်များထဲမှ တစ်ဦးဖြစ်သည်။ တောတောင်များအတွင်း ပုန်းကွယ်ကာ စုံစမ်းရသည့် အတတ်ပညာတွင် တောတောင်ထဲ၌ အစဉ်အမြဲ ကျင်လည်ကျက်စားနေသော ယွဲ့တောင်မျိုးနွယ်စုများကို မမှီနိုင်သဖြင့် ယခုကဲ့သို့ ဖမ်းဆီးခြင်း ခံလိုက်ရခြင်းဖြစ်သည်။

အားဟွေ့လားသည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် သူ၏အဆင့်အတန်းကို ဖော်ပြနေသော တက်တူးလေးခုဖြင့် အမှတ်အသားပြုထားသော သူ၏မျက်နှာကို ပွတ်သပ်လိုက်သည်။ သူသည် အကျဉ်းသားကို ဆွဲကိုင်လိုက်ပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။

“လူစိမ်းတစ်ယောက်ပါလား။ ငါတို့ လူစိမ်းတစ်ယောက်ယောက်ကို မတွေ့ရတာ အချိန်အတော်ကြာပြီပဲ”

အကျဉ်းသား၏ မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွားပြီး ထိတ်လန့်တကြား ရုန်းကန်နေသည်ကိုကြည့်ရင်း အားဟွေ့လားသည် လှောင်ပြုံးပြုံးလျှက် မြေပြင်ပေါ်သို့ ပြန်လည်ပစ်ချလိုက်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

“လာကြစမ်း”

နတ်ဆရာတစ်ဦးသည် ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီး ထိုအကျဉ်းသားကို ခေါ်ဆောင်သွားခဲ့သည်။ အဆိပ်ရှိသော အင်းဆက်ပိုးမွှားများနှင့် ပျားဆူးများကို ပြင်ဆင်လိုက်ပြီး မကြာမီမှာပင် လေထုထဲတွင် နာကျင်စွာ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။

အားဟွေ့လားက သစ်သီးဝိုင်ကို အရသာခံကာ သောက်သုံးပြီးသွားချိန်တွင် ထိုကင်းထောက်သည် သူသိသမျှအရာအားလုံးကို ဖွင့်ဟပြောကြားလာခဲ့သည်။

“လီမျိုးရိုးနဲ့ မျိုးနွယ်စုတစ်ခု ဟုတ်လား”

အားဟွေ့လားသည် မျက်မှောင်ကြုတ်လျှက် ခေါင်းခါလိုက်သည်။ သူသည် နတ်ဆရာ၏ အသေးစိတ် ရှင်းလင်းတင်ပြချက်များကို အတန်ကြာ နားထောင်ခဲ့သော်လည်း ချီကျင့်ကြံသူအကြောင်း ထည့်ပြောသည်ကို ကြားသိရခြင်းမရှိရာ သူက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။ သူတို့ကို အရင်ဆုံးလုယက်မယ်။ ပြီးမှ ကျန်တာကို နောက်မှစဉ်းစားမယ်။ အားလုံးပဲ ကိုယ့်တာဝန်ကိုယ်လုပ်ကြစမ်း”

သူက အော်ဟစ်လိုက်သည်။

xxxxxxxxxx

ချန်အားနျို၏ နားထင်ရှိ ဆံပင်ဖြူများသည် ပိုမိုများပြားလာခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏ လွန်ခဲ့သော နှစ်အနည်းငယ်က ဘဝမှာမူ အလွန်ပင် ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းလှသည်။

သူ၏အငယ်ဆုံးသား ချန်တုန်းဟယ်သည် အင်မော်တယ်လမ်းစဉ်ကို စတင်လျှောက်လှမ်းနေခဲ့ပြီ ဖြစ်သည်။ သူသည် ထိုအကြောင်းကို လူတွေ့တိုင်း ကြွားဝါလေ့ရှိသည်။

ချန်တုန်းဟယ် မွေးဖွားစဉ်က ငိုသံမှာ အလွန်ကျယ်လောင်လွန်းလှသည်။ ချန်အားနျိုသည် သူ့ကို ကြည့်လေလေ ပိုမိုချစ်မြတ်နိုးလေလေ ဖြစ်လာသောကြောင့် ကနဦး စဉ်းစားထားခဲ့သောနာမည်ကို စွန့်ပစ်လိုက်ပြီး ယင်းအစား စာပေပညာရှင် ဟန်ဝမ်ရွှီထံမှ ပိုကောင်းသောအမည်တစ်ခုကို တောင်းဆိုခဲ့သည်။

ဟန်ဝမ်ရွှီသည် ချန်အားနျိုတစ်ယောက် ဆောင်းတွင်းကြီးထဲ၌ နှင်းများကို အံတုလျှက် အရက်ကောင်းများနှင့် အသားခြောက်များကိုင်ကာ အိမ်ရှေ့သို့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ ငိုရမလို၊ ရယ်ရမလို ဖြစ်သွားခဲ့ရသည်။ ချန်အားနျိုတို့ မိသားစု၏ သူတို့၏မျိုးဆက်များကို မြစ်၊ ချောင်း၊ အင်းအိုင်နှင့်သက်ဆိုင်သော အမည်ပေးသည့်ဓလေ့ကို လေးစားသည့်အနေဖြင့် ထိုကလေးကို ‘ချန်တုန်းဟယ်’ (ဆောင်းရာသီမြစ်) ဟု အမည်ပေးခဲ့သည်။

ချန်တုန်းဟယ်သည် ငယ်စဉ်ကတည်းက အလွန်ဉာဏ်ကောင်းသော ကလေးတစ်ယောက်ဖြစ်ခဲ့ပြီး ချန်အားနျိုကို အလွန်စိတ်သက်သာရာ ရစေခဲ့သည်၊ အကြောင်းမှာ သူ၏သားအကြီးများက အသုံးမကျကြသောကြောင့်ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ချန်တုန်းဟယ်၏ ဝိညာဉ်အပေါက်ကို ရှာဖွေတွေ့ရှိမှုသည် အချိုပေါ် သကာလောင်းသကဲ့သို့ ဖြစ်ခဲ့ပြီး ကောင်လေးကို လီရှန်းဖျင်၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံရန် စေလွှတ်စေခဲ့သည်။

“ဟူး…”

ချန်အားနျိုသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဝမ့်ထျန်းချောင်က ဟွာချန်တောင်၌ သေဆုံးသွားခဲ့ပြီးနောက် သူ့နေရာတွင် လီချွမ်းခိုရွာကို စောင့်ကြပ်ရန်အတွက် ဝမ်ထျန်းချုံ ရောက်ရှိလာခဲ့သည်။ ထိုကလေးငယ်သည် နူးညံ့သိမ်မွေ့ကာ ချန်အားနျိုနှင့် အဆင်ပြေသော်လည်း အနောက်ဘက်ရှိ တောအုပ်များအတွင်းမှ သားရဲများ မကြာခဏ ထွက်ပေါ်လာနေသဖြင့် ချန်အားနျို ယခုရက်ပိုင်းအတွင်း အိပ်ရေးမဝဘဲ စိတ်ထဲ၌ အမြဲတမ်း ထိတ်လန့်တုန်လှုပ်နေမိသည်။

ချန်အားနျိုသည် ကုတင်ပေါ်တွင် လဲလျောင်းနေရင်း မှေးနေရာမှ အိပ်ပျော်သွားတော့မည်အပြုတွင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည့်အသံကြောင့် လန့်နိုးသွားခဲ့သည်။

“အဖေ၊ အဖေ”

ချန်စန်းရွှေသည် အခန်းတံခါးကို ဝုန်းခနဲ ဆောင့်ဖွင့်ကာ ပြေးဝင်လာရာ ထိုတံခါးသံအကျယ်ကြီးကြောင့် ချန်အားနျိုက မှေးနေရာမှ လန့်နိုးသွားခဲ့ပြီး ကုတင်ပေါ်မှ မြေပြင်သို့ လိမ့်ကျသွားကာ နာကျင်စွာဖြင့် အော်ဟစ်ဆဲဆိုလိုက်သည်။

“ဒီကောင်ကတော့ကွာ၊ သောက်ကျိုးနည်း…”

ချန်အားနျိုက ဆဲရေးတိုင်းထွာ၍ပင် မပြီးသေးမီ ချန်စန်းရွှေက သူ့အား အတင်းဆွဲထူကာ ဒယိမ်းဒယိုင်ဖြင့် တံခါးဝဆီသို့ ခေါ်ဆောင်သွားကာ အရှေ့ဘက်အရပ်ဆီသို့ လက်ညှိုးထိုးလိုက်ပြလေသည်။

“သောက်ကျိုးနည်း ကပ်ဆိုးကြီး…”

ချန်အားနျိုသည် တံခါးဘောင်ကို ကိုင်ထားရင်း ငုတ်တုတ်မေ့သွားခဲ့ကာ အရှေ့ဘက် တောင်စောင်းအနှံ့အပြားတွင် လင်းလက်နေသော မီးတောက်များကို မှင်တက်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။

အပေါ်ပိုင်းဗလာကျင်းထားပြီး လက်မောင်းတွင် ဆေးမှင်ကြောင်များ ထိုးနှံထားသည့် ယွဲ့တောင်မျိုးနွယ်စုဝင်များသည် ယုတ်မာပက်စက်စွာ အော်ဟစ်ရယ်မောလျှက် ဓားရှည်ကြီးများကို ဝှေ့ယမ်းကာ တောင်အောက်သို့ တဟုန်ထိုး ပြေးဆင်းလာနေကြသည်။ နဂါးတစ်ကောင်ပမာ ရှည်လျားလှသော ထိုစစ်ကြောင်းကြီးသည် ရွာအတွင်းသို့ ချဉ်းနင်းဝင်ရောက် တိုက်ခိုက်နေခဲ့ပြီဖြစ်ရာ အဝေးဆီမှ ငိုကြွေးသံများနှင့် စူးစူးဝါးဝါး အော်ဟစ်သံများ ပျံ့လွင့်လာနေခဲ့သည်။

သူ့နောက်ရှိ ချန်ဆန်းရွှေသည် အိမ်အတွင်း ဟိုဟိုဒီဒီ မွှေနှောက်ရှာဖွေကာ အဖိုးတန်ပစ္စည်းများကို ကပျာကယာ ထုပ်ပိုးသိမ်းဆည်းရင်း တုန်ရင်စွာဖြင့် အော်ပြောလိုက်သည်။

“အဖေ၊ အရမ်းမနောက်ကျခင် ကျွန်တော်တို့ ထွက်ပြေးမှရမယ်…”

ချန်အားနျိုသည် ရင်ဘတ်ထဲ၌ တင်းကျပ်ပိတ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရပြီး ဒေါသကြောင့် သတိလစ်မတတ် ဖြစ်သွားခဲ့ရသည်။ သူသည် ချန်စန်းရွှေ၏ ခေါင်းကို အားပါပါဖြင့် ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ငေါက်လိုက်တော့သည်။

“သွား ပင်မမိသားစုကို အသိပေး။ အခုသွား။”

ချန်စန်းရွှေက ကြောင်အမ်းအမ်းဖြင့် မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ ချန်အားနျိုသည် ၎င်း၏ကျောကို အားပြင်းစွာ ကန်ထုတ်ကာ တွန်းပို့ပေးလိုက်သည်။ ချန်စန်းရွှေက အော်ဟစ်ရင်း အပြင်သို့ ကပျာကယာ ပြေးထွက်သွားသည်ကို မြင်သောအခါ ချန်အားနျိုသည် မီးတောက်များက သူ့မျက်စိထဲတွင် ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရပြီး သူ့ရင်ထဲ၌ ပြင်းပြင်းထန်ထန် အားကိုးရာမဲ့မှုကို ခံစားလိုက်ရသည်။

“အသုံးမကျလိုက်တဲ့အကောင်” ချန်အားနျိုသည် သူ့စိတ်ကို ပြန်ထိန်းလိုက်ပြီး အခန်းတွင်းသို့ဝင်ကာ ဆင်အော်၍ပင် မနိုးသော ဒုတိယသားဖြစ်သူ ချန်ချုံရွှေကို ဆွဲမလိုက်ပြီး အံကိုကြိတ်လျှက် အော်ဟစ်လိုက်သည်။

“မိသားစုခေါင်းဆောင်က အရှေ့ဘက်က အနှောင့်အယှက်တွေကို လွန်ခဲ့တဲ့ ရက်တွေတုန်းကတည်းက သတိပြုမိထားပြီးပြီ။ ငါတို့ကလန်ရဲ့ စစ်သည်တွေက ရွာအနောက်ဘက်မှာ ကြိုပြီးနေရာယူထားတယ်။ အခြေအနေကို အခုချက်ချင်း သွားစစ်ဆေးစမ်း”

ချန်ချုံရွှေက မျက်မှုန်စုံမွှားဖြင့် လှည့်ပတ်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ချန်အားနျိုသည် ဒေါသထွက်လွန်း၍ သတိလစ်မတတ် ဖြစ်သွားခဲ့ရပြန်သည်။ သူသည် မျက်လုံးများကို အလျှင်အမြန်မှိတ်လိုက်ပြီး စိတ်ထဲမှ ရေရွတ်မိသည်။

“အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။ ငါ့မှာ တုန်းဟယ် ရှိနေသေးတယ်”

ထို့နောက်မှသာ သူသည် ဓားကိုဆွဲကိုင်လျှက် ကြိမ်ချပ်ဝတ်ကို ဝတ်ဆင်ကာ အံတင်းတင်းကြိတ်၍ ခြံဝင်းအတွင်းမှ ပြေးထွက်သွားခဲ့ပြီး လမ်းကြိုလမ်းကြားများရှိ အမှောင်ရိပ်များကို အမှီသဟဲပြုလျက် ရန်သူများရှိရာဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားတော့သည်။

xxxxxxxxxx

“မိသားစုခေါင်းဆောင်”

လီရှန်းဖျင်သည် မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်သောအခါ လီယဲ့ရှန့်က တစ်ကိုယ်လုံး ဖုန်များပေကျံလျှက် လွန်စွာ ပင်ပန်းနွမ်းနယ်နေသောအသွင်ဖြင့် ခြံဝင်းအတွင်းသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ လီယဲ့ရှန့်က လေသံတိုးတိုးဖြင့် သတင်းပို့လိုက်သည်။

“အနောက်ဘက်က ယွဲ့တောင်က လီချွမ်းခိုရွာကို ကျူးကျော်တိုက်ခိုက်နေပါပြီ”

လီရှန်းဖျင်သည် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပင် ထရပ်လိုက်ကာ နံရံပေါ်တွင် ချိတ်ဆွဲထားသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်ပြီး ရင်းတိုက်လေးကို လက်ထဲ၌ ကိုင်မြှောက်လိုက်သည်။ ဘေးနားရှိ ချန်တုန်းဟယ်ကလည်း အလွန်လျှင်မြန်ပါးနပ်စွာဖြင့် မြှားကျည်တောက်ကို ခါးတွင် စနစ်တကျ ချည်နှောင်ပေးလိုက်သည်။

“အခြေအနေ ဘယ်လိုရှိလဲ။ လူဘယ်လောက်များလဲ။ သူတို့ထဲမှာ ကျင့်ကြံသူတွေ ပါသေးလား”

“ကျွန်တော် အကြမ်းအဖျင်း ကြည့်ရသလောက်တော့ သူတို့က ရာနဲ့ချီတယ်။ ပျံသန်းနေတဲ့ လူတစ်ယောက်ကိုမှ မတွေ့ခဲ့ရပါဘူး”

လီယဲ့ရှန့်သည် အင်မော်တယ်ကျင့်ကြံသူ မဟုတ်သော်လည်း ကျင့်စဉ်အဆင့် ခွဲခြားမှုများကိုမူ အနည်းအကျဉ်း သိရှိထားပေသည်။ သူသည် ပုံမှန်အားဖြင့် မိသားစုထဲရှိ ကျင့်ကြံသူများ နတ်ဆိုးများကို နှိမ်နင်းသည်ကို မြင်ဖူးထားသဖြင့် မြေပြင်ပေါ်တွင် ပြေးလွှားနေသော နတ်ဆိုးသားရဲအများစုသည် အလွန်အမင်း ကြောက်ရွံ့ဖွယ်မရှိကြောင်း နားလည်ထားသည်။

သို့သော် လီရှန်းဖျင်နှင့် လီထုန်ယာတို့က ၎င်းအား ကောင်းကင်ပေါ်၌ ပျံသန်းနိုင်သော လူ သို့မဟုတ် နတ်ဆိုးသားရဲကို တွေ့ရှိပါက ချက်ချင်းဆုတ်ခွာပြီး တောင်ပေါ်သို့ သတင်းပို့ရမည်ဟု အထူးမှာကြားထားသဖြင့် ပျံသန်းနိုင်သော ဖြစ်တည်မှုများသာ အလွန်တရာ အစွမ်းသူများဖြစ်ကြောင်း သူသိရှိထားပေသည်။

လီရှန်းဖျင်သည် သူ၏ခြေထောက်များပေါ်သို့ နတ်ဘုရားရွေ့လျားခြင်းအတတ်ကို အသုံးပြုလိုက်ပြီး အမိန့်ပေးလိုက်သည်။

“တစ်ယောက်ယောက်ကိုလွှတ်ပြီး လီချုံယန်နဲ့ လီရွှမ်ရွှမ်ကို ဒီကိုခေါ်လာခိုင်းလိုက်”

သူသည် လက်ရှိအချိန်တွင် တံခါးပိတ်ကျင့်ကြံနေသော လီထုန်ယာကို အသိပေးရမည်လောဟုတွေးကာ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သော်လည်း မနှောင့်ယှက်တော့ဘဲ ခြေကိုဖွဖွနင်းကာ တောင်အောက်သို့ တဟုန်ထိုး ဆင်းသွားတော့သည်။

“ယဲ့ရှန့်၊ ရွာက ယောက်ျားတွေကို ငါတို့ကို ကူညီဖို့ ဦးဆောင်ပြီးခေါ်လာခဲ့”

လီယဲ့ရှန့်က အမိန့်နာခံကြောင်း အော်ဟစ်အကြောင်းကြားလိုက်ပြီး လီရှန်းဖျင် တောင်တန်းများကြားတွင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ၎င်းသည်လည်း လူသူစုဆောင်းရန်အတွက် အမြန်ဆုံး ပြေးထွက်လာခဲ့တော့သည်။

လီရှန်းဖျင်သည် လမ်းတလျှောက် အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားပြီးနောက် လီချွမ်းခိုရွာအနီးသို့ ချဉ်းကပ်လာသောအခါ ကလန်စစ်သည် ၈၀၀ စခန်းချရာနေရာ၌ စစ်ဗုံသံများ ဆူညံစွာ မြည်ဟည်းနေသည်ကို ကြားလိုက်ရသည်။ တာဝန်ခံတပ်မှူးအချို့က မျက်စိမျက်နှာများပျက်လျှက် ဟိုဟိုဒီဒီ လမ်းလျှောက်နေကြပြီး မြေပြင်ပေါ်တွင်မူ လူတစ်ဦးက ထိုင်လျှက် မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုကြွေးနေလေသည်။

၎င်းကို ဖျတ်ခနဲကြည့်လိုက်သောအခါ ထိုလူ၏ ရုပ်သွင်က ချန်အားနျိုနှင့် အနည်းငယ် ဆင်တူနေသည်ဟု တွေးလိုက်မိသည်။ လီရှန်းဖျင်သည် လက်ထဲမှ အမိန့်ပေးတံဆိပ်ပြားကို ပစ်ပေးလိုက်ပြီး အနောက်ဘက်အရပ်ဆီသို့ ဆက်လက်ပြေးဝင်သွားခဲ့သည်။

တပ်မှူးများသည် လီရှန်းဖျင်ကို မှတ်မိပြီးသားဖြစ်သဖြင့် အမိန့်ပေးတံဆိပ်ပြားက လုပ်ထုံးလုပ်နည်းသက်သက်သာ ဖြစ်ပေသည်။ သူတို့သည် ချက်ချင်းပင် သူတို့နောက်ရှိ စစ်သည်များကို ဦးဆောင်ကာ တောအုပ်များကို တရစပ် ဖြတ်ကျော်လာခဲ့ပြီး လီချွမ်းခိုရွာဆီသို့ လိုက်ပါသွားကြတော့သည်။

ထိုနေရာတွင် ချန်ချုံရွှေတစ်ယောက်သာ ဖုန်မှုန့်များကြား၌ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ပြီး မျက်စိရှေ့တွင် လျှပ်တပြတ် ဖြစ်ပျက်သွားသော အခြေအနေများကြောင့် ဇဝေဇဝါ ဖြစ်နေမိသည်။ သူသည် မတ်တတ်ရပ်လိုက်ကာ ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်လျှက် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုရင်း ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေခဲ့တော့သည်။

All Chapters