အခန်း ၇၉
Vol. 8 Ch. 79
အခန်း - (၇၉) ကျူးကျော်သူများကို တိုက်ထုတ်ခြင်း
လီချွမ်းခိုရွာထဲ၌ မီးလျှံများ အရှိန်ပြင်းစွာ တဟုန်းဟုန်း တောက်လောင်နေခဲ့ပြီဖြစ်သည်။ အချို့သောရွာသားများက လမ်းကြားများအတွင်း ယွဲ့တောင်မျိုးနွယ်စုများနှင့် ရင်ဆိုင်တိုက်ခိုက်ကာ သူတို့နောက်ရှိ ဇနီးမယားနှင့် သမီးပျိုများကို ကာကွယ်နေကြသော်လည်း ရွာသားအများစုကမူ နေရာအနှံ့သို့ ထိတ်လန့်တကြား ထွက်ပြေးတိမ်းရှောင်နေကြပြီး မိမိတို့၏ ပိုင်ဆိုင်မှုများကို ယွဲ့တောင်မျိုးနွယ်စုများ လုယက်ဖျက်ဆီးနိုင်ရန် အားကိုးရာမဲ့စွာ ခွင့်ပြုထားကြရရှာသည်။
လီရှန်းဖျင်နှင့် ကလန်စစ်သည်များ ရောက်ရှိလာသောအခါ ယွဲ့တောင်ကျူးကျော်သူများသည် ရွာတစ်လျှောက်လုံးတွင် ပြန့်ကျဲနေခဲ့ပြီး စနစ်တကျမရှိဘဲ လုယက်နေကြသည်။ သူသည် မျက်မှောင်ကြုတ်လျှက် ကျောက်ပြားခင်းလမ်းအတိုင်း စစ်သည်များကို ဦးဆောင်ကာ ဝိညာဉ်လယ်ကွင်းများရှိသော ခြံဝင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုခြံဝင်းငယ်လေး၏ အပြင်ဘက်တွင် ယွဲ့တောင်စစ်သည် ၁၀ ယောက်ကျော်ခန့် ဝိုင်းရံထားကြပြီး ၎င်းတို့၏ ဒေသန္တရစကားများဖြင့် ဆွေးနွေးလျှက် ကျောက်တုံးကြီးတစ်တုံးကို မြှောက်ချီကာ ခြံဝင်းအတွင်းသို့ ပစ်သွင်းလိုက်ကြသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ခြံဝင်းငယ်လေးအတွင်း၌ အစီအရင်ပြားတစ်ခုကို တပ်ဆင်ထားသောကြောင့် ထိုကျောက်တုံးကြီးသည် လေထုထဲ၌ ခဏမျှလည်ပတ်သွားပြီးနောက် ဘာမှမတတ်နိုင်တော့ဘဲ ခြံဝင်းအပြင်ဘက်ဆီသို့ ပြန်လည်လိမ့်ကျသွားခဲ့သည်။
“ဝိညာဉ်လယ်ကွင်းတွေ ဘာမှမဖြစ်တာ ကံကောင်းတာပဲ။ ဝမ့်ထျန်းချုံက အစီအရင်တစ်ချို့ကို ခင်းကျင်းတတ်ပုံရတယ်။ ငါတို့လေ့လာနိုင်ဖို့အတွက် သူ့ရဲ့အသိပညာတွေကို မှတ်တမ်းတင်ခိုင်းထားဖို့ အခွင့်အရေးရှာရမယ်”
လီရှန်းဖျင်သည် စစ်သည်များကို ဦးဆောင်လျှက် ရောက်ရှိလာခဲ့ပြီး ဤမြင်ကွင်းကိုကြည့်ကာ ခေါင်းညိတ်လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်း၍ ကလန်စစ်သည်များကို တိုက်ခိုက်ခိုင်းလိုက်ရာ ထိုယွဲ့တောင်ကျူးကျော်သူများသည် ထိတ်လန့်တကြား ထွက်ပြေးသွားကြသော်လည်း ခဏချင်းအတွင်း၌ပင် ဖမ်းဆီးခြင်း ခံလိုက်ရတော့သည်။
ဝမ့်ထျန်းချုံသည် အစီအရင်အတွင်းမှနေ၍ အခြေအနေများကို ကွက်ကွက်ကွင်းကွင်း မြင်နေရသဖြင့် လီရှန်းဖျင်က ကူညီရန် ရောက်ရှိလာသည်ကို မြင်သောအခါ ကပျာကယာပင် အစီအရင်ကို ပိတ်လိုက်ပြီး အနည်းငယ် အနေရခက်စွာဖြင့် နှုတ်ဆက်လိုက်သည်။
“မိသားစုခေါင်းဆောင်”
ဝမ့်ကလန်သည် တစ်ညတာအတွင်း၌ပင် အလုံးစုံပျက်သုဉ်းသွားခဲ့ရပြီး ဝမ့်ရှောက်ဟွာက ဟွာချန်တောင်ပေါ်ရှိ ၎င်းတို့၏ အမွေအနှစ်အားလုံးကို ဖျက်ဆီးပစ်ခဲ့သဖြင့် ကတိပြုထားသော အစီအရင်အမွေအနှစ်များသည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထွက်ပြေးလွတ်မြောက်လာသော ဝမ့်ထျန်းချုံသည် အစီအရင်ပြားအနည်းငယ်ကိုသာ ယူဆောင်လာနိုင်ခဲ့ပြီး သူသင်ယူထားခဲ့သော ပညာရပ်များကလည်း နည်းပါးလွန်းကာ ဝိညာဉ်သန္ဓေသားဖွဲ့တည်ခြင်းအဆင့် အစီအရင် ၁၀ ခုအနက် ၃ ခုကိုသာ တတ်မြောက်ထားခဲ့သည်။ သို့သော် သူသည် ထိုအစီအရင်များကို ခင်းကျင်းနိုင်လောက်အောင် တတ်မြောက်ထားခဲ့သဖြင့် ဝိဉာဉ်လယ်ကွင်းများ ဘေးအန္တရာယ် မကျရောက်ရလေအောင် ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
“ဝူး……”
လီရှန်းဖျင်သည် လူစုခွဲ၍ ရန်သူများကို လိုက်လံနှိမ်နင်းရန် အမိန့်ပေးတော့မည်အပြုတွင် ဦးချိုမှုတ်သံကြီး ဟိန်းထွက်လာသည်ကို ကြားလိုက်ရသသည်။ ရွာအတွင်းရှိ ယွဲ့တောင်စစ်သည်များကလည်း ဒီရေလှိုင်းများ ရုတ်တရက် ဆုတ်ခွာသွားသကဲ့သို့ ထွက်ပြေးသွားကြတော့သည်။ သူသည် မျက်ခုံးကို ပင့်လိုက်ရင်း လက်ထဲမှ ရင်းတိုက်လေးကို မြှောက်လိုက်ပြီး မြှားကိုတပ်ကာ အသက်ရှုကြိမ်အနည်းငယ်မျှ အာရုံစိုက်နားထောင်ပြီးနောက် ပစ်လွှတ်လိုက်သည်။ အဖြူရောင်အလင်းတန်း တစ်ခုသည် တောင်တန်းများဆီသို့ လျှပ်တပြတ် တိုးဝင်သွားတော့သည်။
“သူတို့နောက်ကို ခဏလောက် အရင်လိုက်တိုက်ခိုက်ကြမယ်”
လီရှန်းဖျင်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့နောက်ရှိ ကလန်စစ်သည်များသည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး ယွဲ့တောင်မျိုးနွယ်စုဝင်များ ထွက်ပြေးတိမ်းရှောင်သွားရာ အရပ်ဆီသို့ တရစပ် လိုက်လံတိုက်ခိုက်ကြတော့သည်။
xxxxxxxxxx
“သူတို့က ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာကြတာလဲ”
အားဟွေ့လားသည် တောအုပ်အတွင်း ထိုင်နေရင်း စစ်သည်များ တစ်စုပြီးတစ်စု ရွာအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ကပျာကယာ ထရပ်ကာ အော်ဟစ်အမိန့်ပေးလိုက်သည်။
“ဆုတ်ကြစမ်း! ဆုတ်ကြစမ်း! သူတို့နဲ့ အသက်ချင်းလဲစရာမလိုဘူး။ မင်းတို့လုလို့ပြီးရင် ပြန်ဆုတ်ကြ!”
သူ၏လက်အောက်တွင် ရာဂဏန်းမျှရှိသော အထိနာထားသော စစ်သည်များသာရှိသည်ဖြစ်ရာ သူသည် လုယက်ချင်ရုံမျှသာဖြစ်ပြီး ကလန်စစ်သည်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် စိတ်ကူးမရှိကြချေ။ မိမိတို့၏အင်အားကို ထိန်းသိမ်းရန်ကသာ အဓိကဖြစ်ပေသည်။
ဤမျိုးနွယ်စုဝင်များ ရှိနေသရွေ့ အားဟွေ့လားအနေဖြင့် မည်သည့်မျိုးနွယ်စုကြီးထံသို့ သွားရောက်ခုံလှုံသည်ဖြစ်စေ နေရာတစ်နေရာတော့ ရနိုင်ပေသည်။ အကယ်၍ ဤနေရာတွင် အင်အားအားလုံး ပြုန်းတီးသွားခဲ့ပါက သူ၏ သြဇာအာဏာနှင့် တန်ဖိုးမှာ များစွာကျဆင်းသွားမည်ဖြစ်ပြီး သာမန်ကြေးစစ်သည်အဆင့်သာ ရနိုင်ပေလိမ့်မည်။
သူ့ဘေးနားရှိ မျိုးနွယ်စုနတ်ဆရာသည် ကပျာကယာပင် ဦးချိုကို ထုတ်ယူကာ မှုတ်လိုက်တော့သည်။ ထိုဦးချိုမှုတ်သံကို ကြားသည်နှင့် သူ့မျိုးနွယ်စုဝင်များသည် တောင်ပေါ်သို့ ပြန်ပြေးလာခဲ့ကြသည်။ အားဟွေ့လားသည် မျိုးနွယ်စုဝင်များ တောင်ပေါ်သို့ ဆုတ်ခွာလာသည်ကို မြင်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး သစ်ပင်ဘေးတွင် ပြန်လည်ထိုင်ချလိုက်သည်။
အားဟွေ့လား အနားယူလိုက်သည့်အချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခု သူ့ထံသို့ လျှပ်တပြတ် ဝင်ရောက်လာသည်ကို မြင်လိုက်ရပြီး သူ့ဘေးနားတွင် ဦးချိုမှုတ်နေသော နတ်ဆရာ၏ခေါင်းက ဗုန်းခနဲ အသံနှင့်အတူ ဖရဲသီးတစ်လုံးပမာ ပေါက်ကွဲသွားခဲ့သည်။ သွေးများနှင့် ဦးနှောက်များသည် အရပ်ရပ်သို့ လွင့်စင်သွားခဲ့ပြီး အားဟွေ့လား၏ တစ်ကိုယ်လုံးနှင့် မျက်နှာပေါ်တွင်လည်း နီကျင်ကျင် သွေးကွက်များနှင့် ဖြူလွလွ ဦးနှောက်များ ပေကျံသွားခဲ့ရသည်။
“သောက်ကျိုးနည်း။ လန့်လိုက်တာ”
သစ်ပင်တွင် စိုက်ဝင်နေခဲ့ပြီး အမြီးပိုင်းက တုန်ခါနေဆဲဖြစ်သော မြှားအရှည်ကြီးကို ထိတ်လန့်တုန်လှုပ်စွာဖြင့်ကြည့်ရင်း အားဟွေ့လားသည် တံတွေးတစ်ချက် မျိုချလိုက်ကာ တိုးညှင်းစွာ အမိန့်ပေးလိုက်သည်။
“ဆုတ်ကြ။ တောနက်ထဲကို ဆုတ်ကြ!”
ချက်ချင်းပင် အခြားနတ်ဆရာတစ်ဦးက တုန်တုန်ယင်ယင်ဖြင့် ဦးချိုကို ကောက်ယူကာ နှစ်ချက်မျှ မှုတ်လိုက်ပြီးနောက် ကပျာကယာပင် ခေါင်းကိုအုပ်ကာ ဝပ်ချလိုက်သည်။ အားဟွေ့လားသည် ထိုမြင်ကွင်းကိုကြည့်ရင်း ဒေါသတကြီးဖြင့် အံကြိတ်လိုက်သော်လည်း မိမိကိုယ်တိုင်လည်း မမှုတ်ရဲချေ။
အားဟွေ့လားသည် သစ်ပင်ကြီး၏ နောက်ကွယ်တွင် ပုန်းကွယ်လျှက် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် မျက်စိအာရုံစွမ်းအားဖြင့် အဝေးဆီသို့ လှမ်းကြည့်လိုက်သောအခါ အောက်ဘက်ရှိအခြေအနေကို ကောင်းစွာမြင်လိုက်ရပြီး စိတ်သက်သာရာ ရသွားခဲ့သည်။
တောင်အောက်ရှိ ကလန်စစ်သည်များသည် ယွဲ့တောင်မျိုးနွယ်စုဝင်များ၏နောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်ခဲ့ပြီး ရန်သူတစ်ရာနီးပါးကို ဖမ်းဆီးရမိသွားခဲ့သည်။ ယွဲ့တောင်မျိုးနွယ်စုဝင်တို့၏ ကျိန်ဆဲသံများနှင့် အသက်ချမ်းသာပေးရန် တောင်းပန်သံများဖြင့် ဆူညံသွားခဲ့တော့သည်။ သို့သော် ထိုလူတစ်ရာနီးပါး၏ အဟန့်အတားကြောင့် ယွဲ့တောင်မျိုးနွယ်စုဝင်အများစုသည် တောအုပ်အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့ကြသည်။
ကလန်စစ်သည်များသည် စိတ်ဓာတ်များ တက်ကြွနေကြပြီး တောအုပ်အတွင်းသို့ ဆက်လက် လိုက်လံတိုက်ခိုက်တော့မည့် အချိန်တွင် ရွာအတွင်းမှ မောင်းတီးသံများ ထွက်ပေါ်လာသဖြင့် စစ်သည်များသည် တုံ့ဆိုင်းသွားခဲ့ကြပြီးနောက် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကာ သုံ့ပန်းများကို ခေါ်ဆောင်လျှက် ရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။
“တောက်၊ သောက်ကြောက်တွေ”
အားဟွေ့လားက မချိတင်ကဲ ဆဲရေးလိုက်ရင်း သူ့လူများကို ဦးဆောင်ကာ တောနက်ပိုင်းဆီသို့ တိုးဝင်သွားတော့သည်။
xxxxxxxxxx
လီရှန်းဖျင်သည် ရန်သူများကို အတန်ကြာ တိုက်ခိုက်ပြီးနောက် ယွဲ့တောင်မျိုးနွယ်စုဝင်များအားလုံး တောအုပ်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် မောင်းတီး၍ ဆုတ်ခွာစေခဲ့သည်။ သူတို့ဖမ်းဆီးရမိခဲ့သော ယွဲ့တောင်မျိုးနွယ်စုဝင် တစ်ဒါဇင်ကျော်ကို ကြည့်ရင်း သူ့ရင်တွင်းမှ ဒေါသတို့ အတန်ငယ် လျော့ပါးသွားခဲ့သည်။
လီရှန်းဖျင်သည် တစ်ကိုယ်လုံး သွေးချင်းချင်းနီလျှက် ရွာရှေ့မှ ဖြည်းညှင်းစွာ လမ်းလျှောက်ပြန်လာသော ချန်အားနျိုကို မြင်သောအခါ ခပ်ဖွဖွ လက်ဆီးဆုပ်ကာ ဂါရဝပြုလိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျား ကောင်းကောင်းလုပ်ဆောင်ခဲ့ပါတယ် တာဝန်ခံချန်”
“အဟွတ်၊ အဟွတ်… မခံယူဝံ့ပါဘူး…”
ချန်အားနျိုသည် နှစ်ခါမျှ ချောင်းဆိုးလိုက်ပြီး ကပျာကယာပင် ငြင်းပယ်လိုက်သည်။ ဘေးနားရှိ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လီရွှမ်ရွှမ်သည် ရှေ့သို့တိုးလာကာ သူ့နောက်တွင်မူ လက်များကို တင်းကျပ်စွာ တုတ်နှောင်ထားသော ယွဲ့တောင်မျိုးနွယ်သုံ့ပန်းများ တသီတတန်းကြီး ပါလာခဲ့သည်။ လီရှန်းဖျင်က ခေါင်းညိတ်လိုက်ပြီး တိုးညှင်းစွာဖြင့် ညွှန်ကြားလိုက်သည်။
“ရွှမ်းအာ၊ မင်းလူတွေကို ဒီမှာပဲ ခဏအနားယူခိုင်းလိုက်။ ငါတို့ ဒီအဖြစ်အပျက်ကို ဒီအတိုင်း ကျော်သွားလို့မဖြစ်ဘူး။ ယွဲ့တောင်မျိုးနွယ်စု လူရာဂဏန်းလောက်က လီချွမ်းခိုရွာရဲ့ ပစ္စည်းတွေနဲ့ ကလေးတွေကို ကျူးကျော်လုယက်သွားတာကို ဒီအတိုင်းလွှတ်ပေးလိုက်လို့ မရဘူး။”
သူက လက်ဝှေ့ယမ်း၍ အချက်ပေးလိုက်သောအခါ ကျေးရွာများမှ စစ်သည်များကို ဦးဆောင်လျှက် ယခုအခါမှ လီချွမ်းခိုရွာသို့ ရောက်ရှိလာခဲ့သော လီယဲ့ရှန့်က အနီးသို့ ကပျာကယာ ချဉ်းကပ်လာခဲ့သည်။
“ငါ လီကျင်းတောင်ကို ပြန်တော့မယ်။ မင်း လူတွေနဲ့ မြင်းတွေ အဆင်သင့်ဖြစ်အောင် လုပ်ထားပါ။ ငါတို့ ဒီကိစ္စကို ဒီည အပြီးဖြေရှင်းရမယ်”
လူတိုင်းသည် ချက်ချင်းပင် အမိန့်အတိုင်းဆောင်ရွက်ရန် ထွက်ခွာသွားကြတော့သည်။ လီရှန်းဖျင်သည် အမိန့်ပေးပြီးသည်နှင့် ချက်ချင်းပင် လှည့်ပြန်ခဲ့သည်။ သူ လီကျင်းတောင်ဆီသို့ ရောက်ရှိသွားသည့်အခါ တံခါးပိတ်ကျင့်ကြံနေရာမှ ကပျာကယာ ထွက်ခွာလာသော အစ်ကိုဖြစ်သူ လီထုန်ယာကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ ကျင့်ကြံခြင်းက အလုံးစုံပြည့်စုံနေပြီဖြစ်ရာ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်ကြောင်း ညွှန်ပြနေပေသည်။
“အခု အစ်ကိုက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီဆိုတော့ ကျွန်တော် ပိုပြီးတော့ စိတ်အေးသွားရပြီ”
လီရှန်းဖျင်သည် မျက်လုံးများထဲတွင် ဒေါသများ ဖြတ်ပြေးသွားခဲ့ပြီး အံကြိတ်ရင်း ပြောလိုက်သည်။ သူသည် အဝတ်အစားများကို လဲလှယ်လိုက်ပြီးနောက် ဘိုးဘေးခန်းမအတွင်းသို့ဝင်ကာ သုံးကြိမ် ဒူးထောက်ပြီး ကိုးကြိမ် ဦးချကန်တော့လိုက်သည်။ ထို့နောက် သစ်သီးဝလံများနှင့် အမွှေးနံ့သာတိုင်များ ပူဇော်ထားသော ယဇ်ပလ္လင်ကို ဖြတ်ကျော်ကာ ကျောက်တုံးစင်မြင့်ပေါ်ရှိ ကြေးမုံကို ရိုသေလေးစားစွာ ဦးညွတ်လျှက် ပင့်ဆောင်လိုက်သည်။
“သတိထားပြီးလုပ်”
အိုမင်းသောအသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် သူ၏ဖခင် လီမုထျန်း၏အသံဖြစ်သည်။
လီမုထျန်းသည် မမှတ်မိနိုင်တော့လောက်အောင် အလွန်အမင်း အိုမင်းနေခဲ့ပြီဖြစ်သည်။ သူသည် ခြံဝင်းအတွင်း၌ ငြိမ်သက်စွာထိုင်လျှက် အက်ကွဲနေသော လေသံဖြင့် စကားတစ်ခွန်းပြောပြီးနောက် အသက်ကို ပြင်းထန်စွာ ရှူနေရတော့သည်။
အဖိုးကြီးသည် ခြံဝင်းအတွင်း၌ မှေးကာ အိပ်ပျော်နေလေ့ရှိပြီး သတိကောင်းကောင်းရှိချိန်က ရှားပါးလွန်းလှသည်။ သူသည် ပင်မအိမ်တော်ဆီသို့ သွားရောက်စားသောက်ရန်ကိုပင် မကြာခဏ မေ့လျော့နေတတ်သဖြင့် လီရွှမ်ဖုန်းက လာရောက်ခေါ်ယူရလေ့ရှိသည်။ သို့သော် သူသည် ခြေသံများကိုမူ အလွန်တရာ အာရုံခံစားလွယ်လှသဖြင့် လီရှန်းဖျင် အိမ်ဝန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် ချက်ချင်း နိုးကြားလာခဲ့ခြင်းဖြစ်သည်။
“ဟုတ်ကဲ့ပါ အဖေ”
လီရှန်းဖျင်က ညင်သာစွာ ပြန်ဖြေလိုက်သည်။
လီမုထျန်း၏ အခြေအနေကိုကြည့်ရင်း သူ့ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခဲ့သည်။ သူ၏ဖခင်က မည်မျှအထိ တောင့်ခံနိုင်မည်ကို မသိနိုင်သဖြင့် မျက်နှာပေါ်တွင် မခွဲနိုင်မခွာရက်သည့် အရိပ်ယောင်များ ထင်ဟပ်လာခဲ့သည်။
သူသည် အံကိုကြိတ်ကာ နောက်ဖေးခြံဝင်းထဲမှ ထွက်လာပြီးနောက် လီထုန်ယာဘက်သို့လှည့်ကာ ပြောလိုက်သည်။
“အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းကို သုံးစရာမလိုဘူး။ ကြေးမုံရဲ့ အာရုံခံနိုင်စွမ်းကိုသုံးပြီး နီးနီးဝေးဝေးက ရန်သူတွေကို ခြေရာခံနိုင်မယ်။ ဒါဆိုရင် ဒီယွဲ့တောင်မျိုးနွယ်စုတွေကို အလစ်အငိုက် တိုက်ခိုက်နိုင်လိမ့်မယ်။ ကျွန်တော်တို့လက်ထဲမှာ ကြေးမုံရှိနေသရွေ့ ရန်သူဘက်မှာ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေ ပါရင်တောင် ကျွန်တော်တို့ မထိမခိုက်ဘဲ ဆုတ်ခွာနိုင်လိမ့်မယ်။”
“ကောင်းသားပဲ”
လီထုန်ယာသည် လီရှန်းဖျင်နှင့်အတူ တောင်အောက်သို့ ဆင်းလာခဲ့သည်။ လမ်းတလျှောက်တွင် ညီဖြစ်သူ၏ လွန်ခဲ့သောရက်ပိုင်းက ဖြစ်ပျက်ခဲ့သမျှကို တည်ငြိမ်လေးနက်စွာဖြင့် ရှင်းလင်းပြောပြသည်များကို နားထောင်ရင်း အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။
သူတို့နှစ်ဦးသားသည် အလောတကြီးဖြင့် မနားမနေ ခရီးနှင်ခဲ့ကြရာ စစ်သည်များ အခြေစိုက်ရာနေရာသို့ သူတို့ရောက်သွားသည့်အချိန်တွင် ညဉ့်နက်လှပြီဖြစ်သည်။ ကလန်စစ်သည်များသည် မျက်နှာများကို ဖုံးအုပ်လျှက် အိပ်ပျော်နေကြသည်။
မောင်းသံနှစ်ချက် ဟိန်းထွက်သွားသည်နှင့် လူတိုင်း ခုန်ထလိုက်ကြပြီး ချပ်ဝတ်များကို ကပျာကယာ ဝတ်ဆင်ကာ ဓားနှင့်ဒိုင်းများကို ကိုင်ဆောင်လိုက်ကြသည်။ သူတို့သည် သစ်သားတုံးများကို သွားဖြင့်ကိုက်ခဲ၍ အပြင်သို့ ကျွံကျမသွားစေရန် အဝတ်စများဖြင့် မျက်နှာကို တင်းကျပ်စွာ စည်းနှောင်လိုက်ကြပြီးနောက် လူစုလိုက်ကြတော့သည်။
လီရွှမ်ရွှမ်နှင့် လီချုံယန်တို့က စစ်သည်များကို စုစည်းပြီးသွားသည့်အချိန်တွင် လီရှန်းဖျင်သည် မျက်လုံးများကိုမှိတ်ကာ ကြေးမုံပေါ်၌ လက်ကို အသာအယာတင်လိုက်ပြီး အာရုံခံလိုက်သောအခါ တောင်တန်းတစ်ခုလုံး၏ အခြေအနေကို သဲသဲကွဲကွဲ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ထို့နောက် သူသည် လက်ထဲမှ ရင်းတိုက်လေးကို မြှောက်လိုက်သည်။ အလင်းတန်းအချို့သည် တောအုပ်ကြီးအတွင်းသို့ တဟုန်ထိုး ပျံသန်းဝင်ရောက်သွားခဲ့ပြီး တောထဲ၌ ပုန်းကွယ်လျှက် ကင်းစောင့်နေသော ယွဲ့တောင်မျိုးနွယ်စုဝင်များကို တစ်ယောက်ချင်းစီ တိကျစွာ ပစ်ခတ်သတ်ဖြတ်လိုက်သည်။ ထိုအခါမှသာ လီရှန်းဖျင်သည် လေးကို ကျော၌လွယ်လိုက်ပြီးနောက် အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။
“ထွက်ခွာကြ”