← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း - (၈၀) အားဟွေ့လားကို ဖမ်းဆီးခြင်း

အားဟွေ့လားသည် လုယက်ရရှိလာသော ရတနာများနှင့် သုံ့ပန်းများအားလုံးကို တစ်နေရာတည်းတွင် စုစည်းလိုက်သည်။ သူသည် ဦးစွာ ဆန်စပါးနှင့် ရိက္ခာပစ္စည်းများကို ခွဲဝေပြီးနောက် ထိုသုံ့ပန်းများကို သေသေချာချာ လှည့်ပတ်ကြည့်ရှုလိုက်ပြီး ၎င်းတို့အနက် ရုပ်ရည်အလှပဆုံး မိန်းမပျိုတစ်ဦးကို ရင်ခွင်အတွင်းသို့ အတင်းအကျပ် ဆွဲသွင်းလိုက်သည်။ ထိုမိန်းမပျိုလေးက ထိတ်လန့်တုန်ရင်နေသည်ကို မြင်သောအခါ သူက အားရပါးရ ဟားတိုက်ရယ်မောကာ ပြောလိုက်သည်။

“သုံ့ပန်းအမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကတော့ ဘာနဲ့မှကို မယှဉ်နိုင်ဘူး!”

ဘေးနားရှိ မျိုးနွယ်စုဝင်များအားလုံး ချက်ချင်းပင် ဝိုင်းဝန်းရယ်မောလိုက်ကြသည်။ အားဟွေ့လားသည်လည်း သူတို့နှင့်အတူ ခဏမျှ လိုက်လံရယ်မောပြီးနောက် ရုတ်တရက် ဒေါသတကြီး ရေရွတ်လိုက်သည်။

“အဲဒီ ကျားနီရှီဆိုတဲ့ ဆာလောင်နေတဲ့ ဝံပုလွေကြီးသာ အရှေ့ဘက်ကို စစ်ချီမလာခဲ့ရင် ငါတို့တွေ ဒီလိုအခြေအနေမျိုးအထိ ဘယ်ကျဆင်းသွားပါ့မလဲ။ သောက်ကျိုးနည်း။ ငါတို့ အားဟွေ့မျိုးနွယ်စုရဲ့ လူအင်အား ၃၀၀၀လုံး သူ့လက်ထဲမှာတင် အကုန်လုံးဖျက်ဆီးခံလိုက်ရတယ်။”

ကျားနီရှီဟူသော နာမည်ကို ကြားလိုက်ရုံမျှဖြင့် ဆူညံစွာ ရယ်မောနေသော မျိုးနွယ်စုဝင်များအားလုံး ချက်ချင်းပင် တိတ်သွားကြတော့သည်။ ဆေးမင်ကြောင်များ ထိုးနှံထားသော ၎င်းတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်ခြင်းနှင့် နာကျည်းခြင်း အရိပ်အယောင်များ ပြည့်နှက်သွားခဲ့ပြီး တစ်စုံတစ်ဦးက တိုးညှင်းစွာ ပြောလိုက်သည်။

“တောင်ဘက်ကလူတွေ ပြောတာကတော့ ကျားနီရှီက မြောက်ဘက်ခြေရင်းက ယွဲ့တောင်မျိုးနွယ်စုတွေအားလုံးကို တစ်စုတစ်စည်းဖြစ်အောင် ပေါင်းစည်းပေးမယ့် ဝံပုလွေဘုရင် ဖြစ်လာဖို့ ကံကြမ္မာ ပါလာတယ်တဲ့…”

နောက်တစ်ယောက်ကလည်း ထပ်ပြောလိုက်သည်။

“ကျုပ်ကြားဖူးတာတော့ အဲဒီကောင်က လူနဲ့ဝံပုလွေတစ်ကောင်ရဲ့ မျိုးဆက်တဲ့! ဝံပုလွေလို ရက်စက်ကြမ်းကြုတ်ပြီး မြေခွေးလို ကောက်ကျစ်တယ်တဲ့။ သူက ဘိုးဘေးတွေရဲ့အမိန့်အရ အရှေ့ဘက်ကို ချီတက်လာတာတဲ့…”

အားဟွေ့လားသည် တစ်ကိုယ်လုံး အေးစိမ့်တုန်ယင်သွားခဲ့ပြီး အော်ဟစ်ကြိမ်းမောင်းကာ စကားစဖြတ်လိုက်တော့သည်။

“မဟုတ်တာတွေ မပြောနဲ့တော့။ နိမိတ်မရှိ နမာမရှိတာတွေ!”

ထို့နောက် သူသည် အရက်ခွက်ကို မြှောက်လျှက် ထပ်မံအော်ဟစ်လိုက်ပြန်သည်။

“လာကြ၊ သောက်ကြ။ ငါတို့ အခုပဲ လီမိသားစုရဲ့မျိုးနွယ်စုကို လုယက်ခဲ့ကြတာ။ အောင်သေအောင်သား စားကြမယ်။ မင်းတို့တစ်ယောက်ချင်းစီကို သုံ့ပန်းတစ်ယောက်စီ ရွေးခွင့်ရမယ်”

မျိုးနွယ်စုဝင်များအားလုံး ချက်ချင်းပင် မျက်နှာများ ဝင်းပသွားကာ ဆူညံစွာ အော်ဟစ်လိုက်ကြတော့သည်။ အားဟွေ့လားသည် ဟားတိုက်ရယ်မောလျှက် လီကလန်မှာ အလွန်တရာ ပျော့ညံ့လှကြောင်း ကျိန်ဆဲနေသော်လည်း သူ့ရင်ထဲ၌မူ လျှို့ဝှက်စွာ တွေးတောနေမိသည်။

“အစောနက ပစ်လိုက်တဲ့ မြှားချက်ကိုကြည့်ရင် အဲဒီလူရဲ့ ကျင့်စဉ်က မနိမ့်လှဘူး။ မနက်ဖြန်ကျရင် နောက်ထပ်တစ်ခေါက်လောက် ထပ်ပြီးလုယက်ပြီးတာနဲ့ လီကလန်ရဲ့ နယ်မြေနဲ့ ဝေးဝေးကိုသွားတာ ကောင်းလိမ့်မယ်။ ဒါမှ သူတို့တွေ ကလဲ့စားလာချေလို့ မရတော့မှာ။”

“နေဦး၊ မဟုတ်သေးဘူး”

အားဟွေ့လားသည် ရုတ်တရက် ကြက်သီးများ ဖြန်းခနဲ ထသွားကာ အော်ဟစ်လိုက်တော့သည်။

“ငါတို့ရဲ့ ကင်းသမားတွေ သတင်းပို့ပြီးတာ ဘယ်လောက်တောင် ကြာသွားပြီလဲ!”

လူအုပ်ကြီးက ရယ်မောလိုက်ကြပြီး တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

“စိတ်ချပါ ဘုရင်ကြီး အဲဒီလူတွေက ကျွန်တော်မျိုးတို့ရဲ့ ကင်းထောက်တွေကို ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်မှာလဲ”

အားဟွေ့လားသည် ရုတ်တရက် သူ၏မျက်နှာပေါ်တွင် စူးစူးရှရှ နာကျင်လာသည်ကို ခံစားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ သူ့မျက်စိရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်ကို မြင်လိုက်ရသည်။ အားဟွေ့လားသည် အလွန်ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး နောက်သို့ ဖင်တရွတ်တိုက်ဆွဲကာ ရှောင်တိမ်းလိုက်ရသည်။ မြှားတစ်စင်းသည် အားဟွေ့လား၏ ရှေ့တည့်တည့်ရှိ မြေပြင်ဆီသို့ တည့်တည့်မတ်မတ် နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့ပြီး ဖုန်မှုန့်များကို နေရာအနှံ့ဆီသို့ ပျံ့ကြဲသွားစေလျှက် မြေပြင်ပေါ်တွင် အပေါက်ငယ်တစ်ခုကို ဖြစ်သွားစေခဲ့သည်။

ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး၌ တိုက်ပွဲခေါ်သံများနှင့် သတ်ဖြတ်သံများဖြင့် ဆူညံသွားခဲ့သည်။ ပတ်ပတ်လည်ရှိ တောအုပ်များကြားမှ မီးတောက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဓားလှံလက်နက်များကို ကိုင်ဆောင်ထားသော လီကလန်စစ်သည်များသည် ဇဝေဇဝါဖြစ်နေကြသော ယွဲ့တောင်မျိုးနွယ်ဝင်များကြားသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်ကြတော့သည်။ သေရည်သောက်စားကာ ပျော်ပါးနေသော မျိုးနွယ်စုဝင်အများစုသည် မြှားချက်များစွာဖြင့် ဇကာပေါက်ဖြစ်အောင် ပစ်ခတ်ခံထားရပြီးဖြစ်သည်။ အားဟွေ့လားသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိတော့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အားဟွေ့လားသည် တူကြီးကိုမြှောက်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ထကြစမ်း။ မင်းတို့အားလုံး ထပြီးတိုက်ကြစမ်း”

ပတ်ဝန်းကျင်အနှံ့၌ ပျံ့ကြဲနေကြသော ယွဲ့တောင်မျိုးနွယ်စုဝင်များသည် သူ့ကိုမြင်လိုက်သောအခါ အားကိုးရာကို တွေ့သွားကြသကဲ့သို့ သူ၏ဘေးပတ်ပတ်လည်၌ ချက်ချင်းပင် ဝိုင်းအုံလာကြသည်။ အားဟွေ့လားသည် လှည့်ပတ်ကြည့်ရှုရင်း စိတ်ထဲမှနေ၌ ရေတွက်ကြည့်လိုက်သောအခါ သူ၏ဘေးတွင် လူအင်အား ၂၀၀၊ ၃၀၀ ခန့်သာ ကျန်ရှိတော့ပြီး ယွဲ့တောင်အင်အားစုတစ်ခုလုံးသည် အုပ်စု ၄၊ ၅ စုအဖြစ် ခွဲထုတ်ခံထားရကာ ဓားချက်များကြားတွင် အသက်လုရုန်းကန်နေကြရပြီဖြစ်သည်။

“ပြီးသွားပြီ”

အားဟွေ့လား၏ နှလုံးထဲ၌ လေးလံမှုကို ခံစားလိုက်ရသည်။ ထိုအချိန် မလှမ်းမကမ်းမှနေ၍ သူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသော လူလတ်ပိုင်းအမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုသူသည် ကိုယ်ပေါ်တွင် ပေါ့ပါးသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လက်ထဲတွင် မီးခိုးဖျော့ရောင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။

ဓားသွားပေါ်တွင် ထက်ရှလှသော မီးခိုးရောင် အလင်းတန်းများ တဖျပ်ဖျပ် ထွက်ပေါ်နေပြီး အားဟွေ့လားကို မျက်ခုံးများပင် လှုပ်သွားစေခဲ့သည်။

“သောက်ကျိုးနည်း”

သူက ကျိန်ဆဲလိုက်သည်။

ထိုလူလတ်ပိုင်းအမျိုးသားသည် ခပ်ဖွဖွ ခြေတစ်လှမ်းတည်းဖြင့် လျှပ်တပြတ်အတွင်း အကွာအဝေးကို ချုံ့ပစ်လိုက်ပြီး အားဟွေ့လား၏ ရှေ့မှောက်သို့ ရောက်လာကာ ၎င်း၏ရင်ဘတ်ဆီသို့ ဓားဖြင့် တည့်တည့်မတ်မတ် ထိုးစိုက်လိုက်တော့သည်။

အားဟွေ့လားသည် ကပျာကယာပင် တူကြီးကို မြှောက်၍ ကာကွယ်လိုက်သော်လည်း ပြင်းထန်လှသော ထိခိုက်မှုကြောင့် တူကြီးသည် သူလက်ထဲမှ လွတ်ထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ့ကိုယ်တွင်းရှိ ကိုယ်တွင်းအင်္ဂါများအာလုံး ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်မှုက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားခဲ့သည်။ သူ၏ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က မိမိထက် များစွာမြင့်မားနေကြောင်း ချက်ချင်းပင် နားလည်သွားတော့သည်။

xxxxxxxxxx

လီရွှမ်ရွှမ်သည် ဓားချက်တစ်ချက်တည်းဖြင့် သူ့ရှေ့ရှိ ယွဲ့တောင်မျိုးနွယ်စုဝင်တစ်ဦးကို လဲကျသွားစေခဲ့သည်။ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ တတိယအဆင့်ရှိသော ကျင့်ကြံခြင်းသည် ကမောက်ကမဖြစ်နေသော ဤစစ်မြေပြင်အတွင်း၌ ချပ်ကာအပြည့် ဝတ်ဆင်ထားသော လူကြီးတစ်ဦးက သွေးဆူနေသော ကလေးတစ်စုကို အနိုင်ကျင့် ရိုက်နှက်နေသကဲ့သို့ ဖြစ်နေစေပေသည်။ သူသည် ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ယွဲ့တောင်မျိုးနွယ်စုဝင် ၃၊ ၄ ဦးခန့် လွင့်စဉ်ထွက်သွားခဲ့ရပြီး သာမန်လက်သီးတစ်ချက်ဖြင့်ပင် ယွဲ့တောင်မျိုးနွယ်စုဝင်တစ်ဦးကို အသေရိုက်သတ်နိုင်စွမ်း ရှိပေသည်။

ထို့ပြင် သူ၏ဘေးပတ်ပတ်လည်တွင် မိသားစုခေါင်းဆောင်ငယ်ဖြစ်သော သူ့ကို ကာကွယ်ပေးရန်အတွက် စနစ်တကျ ရွေးချယ်ထားသော အဆင့်မြင့်ကလန်စစ်သည် (၁၂) ဦးက ထပ်ကြပ်မကွာ ဝန်းရံစောင့်ရှောက်ပေးထားကြသည်။ သူတို့၏ အေးစက်သော မျက်ဝန်းများက ပတ်ဝန်းကျင်နေရာအနှံ့ကို ဖြန့်ကျက်ထားကြသည်။

လီရွှမ်ရွှမ်သည် အားပါးတရ သတ်ဖြတ်နေရင်း မိမိ၏အရိုးထဲအထိ စိမ့်ဝင်နေသော ရက်စက်ကြမ်းကြုတ်မှုကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။ သူ၏မျက်ဝန်းများက သွေးချင်းချင်းနီရဲလာခဲ့ပြီး အိုမင်းနေသော ယွဲ့တောင်မျိုးနွယ်စုဝင် အဖိုးအိုတစ်ဦးကို အဝေးသို့ လွှင့်ပစ်ရန်အတွက် ဆွဲမလိုက်စဉ် ထိုအဖိုးအို၏ မျက်ဝန်းများနှင့် မမျှော်လင့်ဘဲ ဆုံတွေ့သွားခဲ့သည်။

တစ်ခေါင်းလုံး ဖြူဖွေးနေသော ဆံပင်များ၊ မျက်နှာပေါ်ရှိ နက်ရှိုင်းလှသော အရေးအကြောင်းများ၊ ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများ စသည်တို့က လီရွှမ်ရွှမ်၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ကြောင်အသွားခဲ့ကာ ခြေ၊ လက်များ ချက်ချင်းပင် ထုံကျင်သွားခဲ့ရသည်။ လီရွှမ်ရွှမ်သည် သူ၏အဖိုးအရွယ်ခန့် ရှိမည်ဖြစ်သော ထိုအဖိုးအိုကိုကြည့်ရင်း ခေတ္တမျှ မှင်တက်သွားမိသည်။

သို့သော်လည်း ထိုယွဲ့တောင်မျိုးနွယ်စုဝင်အဖိုးအိုသည် မျက်ရည်များ စီးကျလာခဲ့ကာ အော်ဟစ်လိုက်ပြီး လီရွှမ်ရွှမ်၏လက်ကို ပြင်းထန်စွာ ကိုက်ချလိုက်တော့သည်။ ထိုသို့ကိုက်လိုက်သဖြင့် အဖိုးအို၏ ဆွေးမြေ့နေသော သွားများအားလုံး ကြေမွပျက်စီးသွားခဲ့ရသည်။ ထိုမြင်ကွင်းက လီရွှမ်ရွှမ်၏ မျက်နှာကို နောက်တစ်ကြိမ် ထပ်မံရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး လန့်ဖျတ်သွားကာ အဖိုးအိုကို မြေပြင်ပေါ်သို့ အလိုအလျောက် အားပြင်းစွာ ဆောင့်ချလိုက်မိတော့သည်။

ထိုအဖိုးအိုသည် မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားခဲ့သဖြင့် ကိုယ်တွင်းရှိ အရိုးများအားလုံး အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့ရသည်။ သူ၏အောက်ပိုင်းမှ သွေးနှင့်ရောထွေးနေသော မစင်များ ထွက်လာခဲ့ကာ လူသားတစ်ဦး၏ အသံနှင့်မတူသော စူးစူးဝါးဝါး အော်ဟစ်ညည်းတွားသံကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ မျက်ဝန်းနှစ်စုံက လီရွှမ်ရွှမ်ကို အလွန်တရာ နက်ရှိုင်းလှသော နာကျည်းမုန်းတီးမှုများဖြင့် စိုက်ကြည့်နေခဲ့ရာ လီရွှမ်ရွှမ်၏ ရင်ထဲ၌ မျက်ရည်များ ဝဲတက်လာခဲ့ရသည်။

လီရွှမ်ရွှမ်သည် ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိသွားခဲ့ရပြီး ဦးခေါင်းထိပ်မှနေ၍ ကျောရိုးအထိ စိမ့်သွားသည်ကို ခံစားလိုက်ရကာ နေရာတွင်ပင် ခဏတာမျှ မိန်းမောနေမိသည်။

သူ့မျက်စိရှေ့မှ ကမ္ဘာကြီးသည် ရုတ်တရက် အလွန်တရာ အေးစက်ခြောက်ကပ်သွားခဲ့သည်။ တိုက်ပွဲ၏ ဆူညံသံများနှင့် အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ ၁၅ နှစ်တိုင်တိုင် လှပစွာ ဖုံးကွယ်ထားခဲ့သော ဤကမ္ဘာမြေကြီးသည် နောက်ဆုံးတွင် သူ၏ရှေ့မှောက်၌ ရက်စက်လှသော အမှန်တရား ကန့်လန့်ကာအစွန်းကို ဖြည်းညှင်းစွာ ဖွင့်ဟပြလိုက်ခြင်းဖြစ်သည်။

“ငါ… သဘောပေါက်သွားပြီ…”

သူသည် ခါးကြားမှ ဆေဘာကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ သို့သော် သူ၏ရင်ထဲ၌ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ဘဲ တည်ငြိမ်အေးစက်စွာ၊ တိတ်ဆိတ်စွာဖြင့် ရန်သူများကို သုတ်သင်ရှင်းလင်းပစ်လိုက်တော့သည်။

ထိုအချိန် မနီးမဝေးတွင်…

“အမြန်ဆုတ်ခွာပါ ဘုရင်ကြီး”

ယွဲ့တောင်မျိုးနွယ်စုဝင်များက ထိတ်လန့်တကြား အော်ဟစ်နေကြသော်လည်း အားဟွေ့လားကမူ ခေါင်းကိုသာ ခါယမ်းလိုက်သည်။ သူသည် လီထုန်ယာ၏ ပြင်းထန်လှသော ဓားချက်တစ်ချက်ကို ထပ်မံကာကွယ်လိုက်ရပြန်ပြီး လက်ထဲမှတူကြီး လွတ်ထွက်သွားဖြစ်သဖြင့် အော်ဟစ်ဆဲရေးရုံသာ တတ်နိုင်တော့သည်။

“သောက်ကျိုးနည်း။ ငါတို့ ဘယ်လိုဆုတ်ခွာမှာလဲ။ သူတို့က ငါတို့ကို လုံးဝဝိုင်းရံထားလိုက်ပြီ။ လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး”

အားဟွေ့လားသည် တစ်ဦးပြီးတစ်ဦး လဲကျသေဆုံးနေရသော မျိုးနွယ်စုဝင်များကိုကြည့်ရင်း စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်ရတော့သည်။

“ရပ်၊ ရပ်တော့၊ ငါလက်နက်ချတယ်”

လီထုန်ယာ၏ဓားသွားပေါ်ရှိ မီးခိုးရောင်အလင်းတန်းက ဖြည်းညှင်းစွာ ငြိမ်းသေသွားခဲ့သည်။ သူသည် အားဟွေ့လားကို တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေလိုက်သည်။ သူတို့ပတ်ဝန်းကျင်ရှိ ယွဲ့တောင်မျိုးနွယ်စုဝင်များသည်လည်း အလိုအလျောက်ပင် ခေါင်းပေါ်လက်တင်ကာ ဒူးထောက်လိုက်ကြတော့သည်။ ကလန်စစ်သည်များပင် ခဏတာမျှ ကြောင်အမ်းသွားကြပြီးနောက် တပ်တွင်းမှ အမိန့်ပေးသံကြီး ထွက်ပေါ်လာခဲ့၏။

“လက်နက်ချတဲ့သူတွေကို မသတ်ဘူး! လက်နက်ချတဲ့သူတွေကို မသတ်ဘူး!”

ခဏအတွင်းမှာပင် ယွဲ့တောင်မျိုးနွယ်စုဝင် အမြောက်အမြားသည် လက်နက်များကို စွန့်ပစ်ကာ ဒူးထောက်အညံခံကြတော့သည်။ အားဟွေ့လားသည် သက်ပြင်းတစ်ချက်ချလိုက်ရင်း အခြားလက်တစ်ဖက်ရှိ တူကြီးကိုပါ မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ဒူးထောက်လိုက်တော့သည်။ ထိုအခါမှသာ စစ်မြေပြင်တစ်ခုလုံးရှိ တိုက်ပွဲခေါ်သံများနှင့် သတ်ဖြတ်သံများ တဖြည်းဖြည်းနှင့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။

တစ်ယောက်ပြီးတစ်ယောက် ယွဲ့တောင်မျိုးနွယ်စုဝင်များ၏ လက်များနှင့် ခြေထောက်များကို တုတ်နှောင်လိုက်ကြသည်။ လီကလန်၏ စစ်စည်းကမ်းများသည် အလွန်ပြတ်သားလှသဖြင့် စစ်သည်များသည် စကားတစ်ခွန်းမျှ မဆိုဘဲ သုံ့ပန်းများကို စနစ်တကျ ဆွဲခေါ်သွားကြသည်။ ရုတ်တရက် ပြင်းပြင်းထန်ထန်သော လှုပ်ရှားနေရာမှ လုံးဝ ငြိမ်သက်သွားသော အခြေအနေကြောင့် အားဟွေ့လား၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ပြန်လည်မြင့်တက်လာခဲ့ကာ သူ့စိတ်ထဲမှနေ၍ တွေးလိုက်မိသည်။

“ဒီလူတွေက ငါတို့မျိုးနွယ်စုတွေနဲ့ မတူဘူးလားမသိဘူး။ ငါတို့ အညံခံလိုက်ရင်တောင် ခေါင်းဖြတ်သတ်ဦးမှာလား မသိဘူး။ အဲဒီလိုဆိုရင်တော့ ငါ တကယ့်ကို အရှုံးကြီး ရှုံးပြီပဲ။ အဲဒီလိုမှန်းသိရင် သူသေကိုယ်သေ တိုက်ခဲ့ပါတယ်...”

“ဒီလူက ဘယ်လိုလုပ်ပြီးတော့ တောတောင်ထဲက ငါ့ရဲ့မျက်စိနဲ့နားတွေကို အကုန်လုံး ကျော်ဖြတ်လာနိုင်ရတာလဲ! ထားလိုက်ပါတော့... ထားလိုက်ပါတော့... ဒီတစ်ခေါက်တော့ ငါ တကယ့်ကို လုံးဝ ရှုံးနိမ့်သွားခဲ့ရပြီပဲ။”

အားဟွေ့လားသည် ခေါင်းငိုက်စိုက်ကျကာ အတွေးထဲနစ်မြောနေစဉ် ရုတ်တရက် သူ၏မျက်စိရှေ့တွင် မီးခိုးရောင် ဝံပုလွေသားရေဖြင့် ချုပ်လုပ်ထားသော ဖိနပ်တစ်စုံကို မြင်လိုက်ရသည်။ သူသည် ကပျာကယာပင် မျက်နှာချိုသွေးသော အပြုံးမျိုးဖြင့် ခေါင်းကို မော့ကြည့်လိုက်ရာ

ခန့်ညားပီပြင်သော မျက်နှာထား၊ မျက်ခုံးမွေးရှည်ရှည်များနှင့် ရက်စက်ပြတ်သားသော မျက်လုံးတစ်စုံကို

ရင်ဆိုင်တွေ့လိုက်ရသည်။

“ကျားနီရှီလား”

အားဟွေ့လား၏ ရင်ထဲ၌ ဒိန်းခနဲဖြစ်သွားခဲ့ရပြီး နှုတ်ခမ်းများ တုန်ရင်လျှက် လန့်ဖျတ်ကာ ထခုန်လုမိမတတ် ဖြစ်သွားခဲ့ရသည်။ သူ၏ရင်တွင်းမှ ထိတ်လန့်မှုများကို စကားလုံးဖြင့် ဖော်ပြရန်ပင် မစွမ်းသာတော့ချေ။

သို့သော်လည်း အားဟွေ့လားသည် တုန်တုန်ယင်ယင်ဖြင့် သေသေချာချာ စိုက်ကြည့်လိုက်သည့်အခါတွင်မူ ထိုမျက်ဝန်းတစ်စုံသည် သူ၏အိမ်မက်ဆိုးထဲမှ ရက်စက်ကြမ်းကြုတ်လှသော ဝါညိုရောင်မဟုတ်ဘဲ တည်ငြိမ်လေးနက်လှသော မီးခိုးနက်ရောင်သာ ဖြစ်ကြောင်းကို နောက်ဆုံးတွင် သတိပြုမိလိုက်သည်။

All Chapters