← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း - (၈၁) သတင်းအချက်အလက်

လီရှန်းဖျင်သည် သူ့ရှေ့၌ ဖော်လံဖားလုပ်နေသော အားဟွေ့လားကို ငုံ့ကြည့်လိုက်သည်။ သူ၏အကြည့်များက တုတ်ခိုင်လှသော လည်ပင်းဆီသို့ ရောက်ရှိသွားကာ သူ့စိတ်ထဲမှ တွေးမိသည်။

“ဒီလူက အသုံးဝင်တာရှိပေမယ့် ကောက်ကျစ်ပြီး မယုံကြည်ရဘူး။ သူ့ရဲ့လက်အောက်က ယွဲ့တောင်တပ်ဖွဲ့တွေကလည်း ရိုင်းစိုင်းပြီး စည်းကမ်းမရှိကြဘူး။ သူတို့ကို တင်းတင်းကျပ်ကျပ် မချုပ်ကိုင်ထားနိုင်ရင် ငါတို့မိသားစုအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်။”

အားဟွေ့လားသည် လီရှန်းဖျင်ကို လှမ်းကြည့်လိုက်သောအခါ ၎င်း၏အကြည့်များက သူ၏လည်ပင်းတွင် ဝဲနေသည်ကို မြင်လိုက်သောအခါ ချက်ချင်းပင် ကျောပြင်တလျှောက် ချွေးစေးများ ပျံလာခဲ့ပြီး ဆူးပုံပေါ် ထိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် လွတ်မြောက်ရာလမ်းကို အသည်းအသန်စဉ်းစားရင်း ငိုယိုကာ တောင်းပန်လိုက်သည်။

“ဘုရင်ကြီး! ကျုပ်တို့အားလုံးက အဲဒီကျားနီရှီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ညှင်းဆဲမှုတွေကြောင့်သာ မတတ်သာဘဲ အရှေ့ဘက်ကို ပြေးလာခဲ့ကြရတာပါ။ ကျုပ်တို့ အခြေချနေထိုင်ဖို့ နေရာလေးတစ်ခုပဲ ရှာနေတာပါ။ ဘုရင်ကြီး ကျုပ်တို့ရဲ့အသက်ကို ချမ်းသာပေးပါ။ ကျားနီရှီဟာ အနောက်ကျဆုံး ၁၀နှစ်အတွင်းမှာ အရှေ့ဘက်ကို မုချ စစ်ချီလာပါလိမ့်မယ်။ ကျွန်တော်မျိုးတို့က အသုံးဝင်နိုင်ပါတယ် ဘုရင်ကြီး...”

လီရှန်းဖျင်က ခပ်ဖွဖွတစ်ချက် ရယ်မောလိုက်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ လီရွှမ်ရွှမ်နှင့် လီချုံယန် တို့သည် ချက်ချင်း ရှေ့သို့တိုးကာ အားဟွေ့လားကို ဖမ်းဆီးချုပ်နှောင်လိုက်ကြသည်။ လီရှန်းဖျင်က တစ်ဖက်သို့လှည့်၍ အမိန့်ပေးလိုက်သည်။

“အိမ်ထောင်စုအသီးသီးရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးလိုက်။ ဒီယွဲ့တောင်မျိုးနွယ်စုဝင်တွေကိုတော့ အောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြ။ မင်းကိုတော့…”

“အခုလောလောဆယ် သူ့ကို လီကျင်းတောင်ကို ပို့ထားလိုက်”

လီရှန်းဖျင်သည် လီထုန်ယာနှင့်အတူ ရှေ့သို့လျှောက်လှမ်းသွားကြသည်ကို ငေးကြည့်ရင်း ချန်အားနျိုသည် လူအုပ်ကြီး၏ နောက်ကွယ်တွင် တောက်ခတ်ကာ ခေါင်းကို ခါယမ်းလိုက်မိသည်။ ထို့နောက် သူ့နောက်မှ ခေါင်းငုံ့ကာ လိုက်ပါလာသော သားဖြစ်သူ ချန်စန်းရွှေကို ကြည့်ကာ တိုးတိုးလေး ကျိန်ဆဲလိုက်သည်။

“ငါကိုယ်တိုင်က လီမုထျန်းရဲ့ လက်အောက်မှာ အညံ့ခံခဲ့ရတာကို ထားပါတော့။ ငါတို့မွေးထားတဲ့ သားတွေကျတော့ ဘာဖြစ်လို့ ဒီလောက်အထိ ကွာခြားနေရတာလဲ! ဒီငတုံးကတော့ကာ... လီယဲ့ရှန့်ရဲ့သား လီရှဲ့ဝမ်လောက်တောင် အသုံးမကျဘူး။ လီရှဲ့ဝမ်က အနည်းဆုံးတော့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း လီတောက်ခိုရွာမှာ ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်သေးတယ်!”

လီမုထျန်းကို သတိရလိုက်သည်နှင့် ချန်အားနျို၏စိတ်က ချက်ချင်းပင် ညှိုးငယ်သွားခဲ့ရသည်။ သူသည် အဝေးရှိ လီကျင်းတောင်ဆီသို့ လှမ်းမော့ကြည့်လိုက်ပြီး ဝေခွဲမရသော ခံစားချက်များဖြင့် ပြည့်နှက်သွားကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“ဒီဝံပုလွေအိုကြီးက ဘာဖြစ်လို့ အခုထိ မသေသေးတာလဲမသိဘူး။ အင်မော်တယ်ဆေးလုံးတွေများ စားထားမိလို့လား။ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် တောင်ပေါ်မှာ တိတ်တဆိတ် နေထိုင်နေခဲ့တာတောင် လူကို အမြဲတမ်း ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ထိတ်လန့်နေစေသေးတာပဲ။”

xxxxxxxxxx

“ပြောစမ်း”

လီရှန်းဖျင်က ပင်မထိုင်ခုံပေါ်တွင် ထိုင်နေပြီး ဘေးနားတွင်မူ ဓားကို ကိုင်ဆောင်ထားသော လီထုန်ယာက အားဟွေ့လားကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ လီရှန်းဖျင်သည် ကြမ်းပြင်ပေါ်တွင် ရိုရိုသေသေ ဒူးထောက်နေသော အားဟွေ့လားကိုကြည့်ရင်း လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ပြုံးကာ မေးလိုက်သည်။

“ဒါဆို ကျားနီရှီက ဘယ်လိုလူစားမျိုးလဲ”

အားဟွေ့လားသည် တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေခဲ့သည်။ သူသည် လီရှန်းဖျင်ကို မော့ကြည့်လိုက်ပြီး ခဏတာမျှ မှင်တက်သွားခဲ့သည်။ လီထုန်ယာက မျက်မှောင်ကြုတ်လိုက်ပြီး အားဟွေ့လား၏ အနောက်ရှိ လီရွှမ်ရွှမ်က ဓားနှောင့်ဖြင့် ၎င်း၏ဦးခေါင်းကို ပြင်းထန်စွာ ထုနှက်လိုက်သည့်အခါမှသာ သူသည် ရုတ်တရက် တစ်ကိုယ်လုံး တုန်ခါသွားကာ သတိပြန်ဝင်လာခဲ့ပြီး ခေါင်းကိုငုံ့လျှက် တုန်တုန်ရီရီဖြင့် ပြန်ဖြေလိုက်သည်။

“ကျားနီရှီ… ကျားနီရှီ သူက ဘုရင်ကြီးလို လူတစ်ယောက်ပါ”

သို့သော် အားဟွေ့လား၏ စိတ်ထဲတွင်မူ အလွန်တရာ ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။ “ဒီလူနှစ်ယောက်က ရုပ်ချင်းမတူကြပေမဲ့ သူတို့ရဲ့ အရှိန်အဝါနဲ့ မျက်နှာအမူအရာတွေကတော့ တကယ့်ကို တထေရာတည်းပဲ။ သူတို့နှစ်ယောက်လုံးမှာ ကျားလိုမျက်လုံးတွေနဲ့ သိမ်းငှက်လိုအကြည့်မျိုးတွေ ပိုင်ဆိုင်ထားကြတယ်။”

အားဟွေ့လားတစ်ယောက် အတွေးထဲနစ်မျောနေစဉ် သူ၏နောက်စေ့ကို ထပ်မံထုနှက်ခြင်း ခံလိုက်ရပြန်သည်။ သူသည် မကျေမနပ်ဖြင့် ခေါင်းကိုမော့ကြည့်လိုက်ရာ လီရွှမ်ရွှမ်က မျက်နှာတစ်ခုလုံး နီမြန်းလျှက် အံကိုကြိတ်ကာ ဒေါသတကြီး အော်ဟစ်နေသည်ကို မြင်လိုက်ရသည်။

“ယွဲ့တောင်က သာမန်ခေါင်းဆောင်လေး တစ်ယောက်က ငါ့ဦးလေးနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ”

လီရှန်းဖျင်က မျက်မှောင်ကြုတ်လိုက်ကာ လက်ဝှေ့ယမ်း၍ တည်ငြိမ်စွာပြောလိုက်သည်။

“အပိုတွေပြောတာ တော်လောက်ပြီ။ သူ့လက်အောက်မှာ လူဘယ်နှယောက်ရှိလဲ။ သူက ဘယ်လောက် အားကောင်းလဲ။ သူ့အောက်မှာ အမှုထမ်းနေတဲ့ နတ်ဆရာဘယ်နှယောက် ရှိသလဲ”

အားဟွေ့လားသည် ကပျာကယာပင် ခေါင်းကို မြေပြင်နှင့်တိုက်၍ ဖော်လံဖားသောပြုံးဖြင့် ပြောလိုက်သည်။

“ကျုပ်တို့ မြောက်ဘက်တောင်ခြေ ဇာတိမြေကနေ မောင်းထုတ်ခံရတဲ့အချိန်တုန်းက ကျားနီရှီဟာ မျိုးနွယ်စု တစ်ဒါဇင်ကို စည်းရုံးသိမ်းသွင်းပြီးသွားပါပြီ။ သူ့လက်အောက်မှာ စစ်သည်အင်အား သုံး၊ လေးထောင်လောက် ရှိနိုင်ပြီး ကျားနီရှီကိုယ်တိုင်ကတော့ ချီကျင့်ကြံခြင်းအဆင့်မှာ ရှိပါတယ်။ မိုးနဲ့မြေရဲ့ ဝိဉာဉ်ချီကို စုပ်ယူထားတဲ့ ‘လူသားနတ်ဆရာ’ နှစ်ဦးကလည်း သူ့ဆီမှာ အမှုထမ်းနေကြပြီးတော့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်မှာရှိတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ နတ်ဆရာတွေကတော့ ဆယ်ယောက်ထက်မနည်း ရှိပါတယ်။”

“စစ်သည်အင်အား လေးထောင်၊ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်နဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိတာပေါ့။”

လီရှန်းဖျင်နှင့် လီထုန်ယာတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်ဝန်းများအတွင်း၌ လေးနက်သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

လီကလန်သည် နှစ်ပေါင်းများစွာကြာအောင် တိတ်တဆိတ် အင်အားစုဆောင်းခဲ့သော်လည်း ၎င်းတို့၏အုပ်ချုပ်မှုအောက်ရှိ ရွာလေးရွာလုံး၏ စုစုပေါင်း လူဦးရေသည် တစ်သောင်းကျော်ခန့်သာ ရှိသည်ဖြစ်ရာ အစွမ်းကုန် ကြိုးစားလျှင်ပင် ကလန်စစ်သည် တစ်ထောင်ကျော်ခန့်သာ မွေးမြူနိုင်ပေသည်။ စစ်မက်ဖြစ်ပွားချိန်၌ အများဆုံး တိုက်ခိုက်ရေးစွမ်းရည် နည်းပါးလှသော ရွာသား တစ်ထောင်၊ နှစ်ထောင်ခန့်ကိုသာ အတင်းအကျပ် ထပ်မံစုစည်းနိုင်ပေလိမ့်မည်။

“ကျားနီရှီကို ရင်ဆိုင်ရတာက ကျီတုန်းချီကို ရင်ဆိုင်ရတာထက် ပိုပြီးတော့ ခက်ခဲလိမ့်မယ်”

လီရှန်းဖျင်က စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။ သို့သော်လည်း မျက်နှာပေါ်တွင်မူ မည်သည့်အရိပ်အယောင်မျှ မပြဘဲ လက်ထဲက လက်ဖက်ရည်ခွက်ကို အသာအယာ ချလိုက်ရင်း တိုးညှင်းစွာ မေးလိုက်သည်။

“မင်းတို့ယွဲ့တောင်မျိုးနွယ်စုဝင်တွေက နေ့စဉ်ရက်ဆက် တောလည်ပြီး အမဲလိုက်ကြတာဆိုတော့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကိုကော နားလည်ကြရဲ့လား”

အားဟွေ့လားသည် ခဏမျှ ကြောင်အမ်းသွားပြီးမှ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်ဖြေလိုက်သည်။

“တတ်... တတ်ပါတယ်။ အနည်းအကျဉ်းတော့ တတ်ပါတယ်။ ကျုပ်တို့ ဆေးဘက်ဝင်အပင်တွေနဲ့ ဝါဂွမ်းတွေကို စိုက်ပျိုးကြပါတယ်...”

“ကောင်းတယ်”

လီရှန်းဖျင်သည် မေးစေ့ကို အတွေးနက်စွာ ပွတ်သပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“မင်းရဲ့ ကျန်ရှိနေသေးတဲ့ လူအင်အား ၅၀၀၊ ၆၀၀လောက်ကို လူခွဲပြီးတော့ ကျေးရွာအသီးသီးမှာ ဖြန့်ကျဲအခြေချစေပြီးတော့ လယ်သူရင်းငှား ဒါမှမဟုတ် မုဆိုးတွေအဖြစ် လုပ်ကိုင်စေမယ်။ လက်မှုပညာတတ်တဲ့သူတွေ ရှိရင်လည်း သားရေလုပ်ငန်း သို့မဟုတ် လက်သမားလုပ်ငန်းတွေ လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြပေါ့။ ကံကောင်းထောက်မစွာနဲ့ပဲ အစောပိုင်းတုန်းက ကျူးကျော်လုယက်မှုမှာ ကြီးမားတဲ့ သေကျေပျက်စီးမှု မရှိခဲ့တာမို့ ရွာသားတွေအနေနဲ့ မင်းတို့ကို ရန်ငြိုးကြီးကြီးမားမား ထားမှာမဟုတ်ဘူး။ မင်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်ကြ။ ဘာပဋိပက္ခမျှ ထပ်ပြီး မဖန်တီးကြနဲ့!”

ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော အားဟွေ့လားသည် အကြိမ်ကြိမ်ခေါင်းညိတ်လိုက်ပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ရဲ့ မျိုးနွယ်စုဝင်တွေဟာ အစကတည်းက စခန်းထဲမှာပဲ အေးအေးချမ်းချမ်းနေပြီး အမဲလိုက်အသက်မွေးကြသူတွေပါ။ တကယ်လို့ ကျုပ်တို့ရဲ့အိုးအိမ်တွေသာ ပျက်စီးမသွားခဲ့ရင် အရှေ့ဘက်ဆီကို လုယက်ဖို့ လာမှာမဟုတ်ပါဘူး။ ကျုပ်လူတွေကို သေသေချာချာ မှာထားပါ့မယ်...”

“မင်း အားဟွေ့လားကတော့ လီကျင်းတောင်ခြေရင်းမှာ ဝိညာဉ်စပါးတွေ စိုက်ပျိုးတာနဲ့ စရမယ်”

လီရှန်းဖျင်က ပေါ့ပေါ့ပါးပါး ထရပ်လိုက်ရင်း ပြုံးရင်းညွှန်ကြားလိုက်သည်။

“မင်းနဲ့ မင်းရဲ့လူတွေကို စာဖတ်တတ်အောင်နဲ့ ဝိညာဉ်စပါးတွေကို ပျိုးထောင်တတ်အောင် သင်ကြားပေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးမယ်။ ဘာပဲပြောပြော မင်းက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ စတုတ္ထအဆင့်ကို ရောက်ရှိနေတဲ့ အလုပ်သမားတစ်ယောက်ပဲလေ။ အလကားသက်သက် သတ်ပစ်ရမှာ နှမြောစရာကောင်းလွန်းတယ်”

xxxxxxxxxx

ထိုအချိန် စိမ်းပြာရေအိုင်တောင်ထွဋ်တွင်…

စစ်ယွမ်ပိုင်သည် ဆန်းကြယ်ရှုပ်ထွေးလှသော ဝိဉာဉ်မန္တန်အင်းကွက်များ ထုဆစ်ထားသည့် ကျောက်တုံးတံခါးတစ်ချပ်၏ ရှေ့မှောက်တွင် ငြိမ်သက်စွာ ဒူးထောက်နေခဲ့သည်။ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ဝေခွဲမရသော မျက်နှာအမူအရာဖြင့် သူ့ရှေ့ရှိ အစီအရင်ကို စိုက်ကြည့်နေခဲ့သည်။

“ဘိုးဘေးကြီး ကျေးဇူးပြုပြီး အမိန့်ကို ပြန်လည်ရုပ်သိမ်းပေးပါ”

သူ၏ ကြည်လင်ပြတ်သားသော အသံသည် ဂူအတွင်း၌ အချိန်အတန်ကြာ ပဲ့တင်ထပ်နေခဲ့ပြီးမှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

“ယွမ်ပိုင်၊ မင်း ဘာလို့ ဒီလောက် ဇွတ်တရွတ် ဆက်လုပ်နေရတာလဲ…”

သက်ပြင်းချသံတစ်ချက်နှင့်အတူ လေးနက်လှသော အဖိုးအိုတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့ပြီး ဂူအတွင်း၌ ပဲ့တင်ထပ်သွားပြန်သည်။

စစ်ယွမ်ပိုင်သည် မျက်လုံးများကို ခဏမျှ မှိတ်လိုက်ရာ မျက်နှာပေါ်တွင် နွမ်းနယ်မှုများ ထင်ဟပ်နေခဲ့သည်။ သူသည် နှုတ်ခမ်းများကို တဖန်ဖွင့်လိုက်ကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဘိုးဘေးကြီး… ရဲ့အမိန့်ကို ပြန်လည်ရုပ်သိမ်းပေးပါ”

ကျောက်တံခါးနောက်ကွယ်မှပုဂ္ဂိုလ်က တိတ်ဆိတ်ငြိမ်သက်နေသောအခါ စီယွမ်ပိုင်၏ မျက်ဝန်းအစုံက ပိုမိုတည်ကြည်ပြတ်သားလာခဲ့ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ချင်စွေ့တောင်ထွဋ်က တောင်ပိုင်းနယ်စပ်ကို သွားမှာမဟုတ်ဘူး”

“အဓိပ္ပာယ်မရှိတာ”

မိုးချိန်းသံပမာ ပြင်းထန်လှသော ဒေါသတကြီး ဟိန်းဟောက်သံကြီးသည် စီယွမ်ပိုင်၏ နားထဲတွင် ပေါက်ကွဲသွားခဲ့ရာ သူ၏ နားနှစ်ဖက်လုံးမှနေ၍ သွေးများ စီးကျလာစေခဲ့သည်။ သို့သော် စစ်ယွမ်ပိုင်က အေးစက်စွာ ပြုံးလိုက်ရင်း ဆက်လက်၍ ပြောလိုက်သည်။

“ခင်ဗျားတို့ ဘာတွေ ကြံစည်နေလဲဆိုတာ ကျုပ်မသိဘူးလို့ ထင်နေတာလား။ ကျင်းအာကို ဝါးမြိုပစ်ပြီး လိုအပ်နေတဲ့နေရာကို ဖြည့်မလို့မဟုတ်လား! တောင်ဘက်နယ်စပ်က နတ်ဆိုးဘုရင်တွေရဲ့ ဒယ်အိုးကြီးတွေကို အပူပေးထားတယ်ဆိုရင်တောင် အံ့သြစရာမရှိဘူး။ ပြီးတော့ လူသားဘယ်နှယောက် ပေးအပ်ရမလဲ၊ တောင်ဘက်နယ်စပ်က ရတနာနဲ့ ဝိဉာဉ်ပစ္စည်းတွေ ဘယ်လောက် ပြန်ပေးမလဲဆိုတာကို အားလုံး လျှို့ဝှက်သဘောတူ ညှိနှိုင်းပြီးသား မဟုတ်လား!”

“စစ်ယွမ်ပိုင်၊ မင်း တော်တော်အတင့်ရဲနေတာပဲ”

ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဖိအားသည် စစ်ယွမ်ပိုင်အပေါ်သို့ လွှမ်းမိုးကျရောက်လာခဲ့ပြီး သူ့ကို သွေးအန်သွားစေခဲ့သည်။

စစ်ယွမ်ပိုင်သည် ပါးစပ်ထောင့်မှ သွေးများကို မကျေမနပ်ဖြင့် သုတ်လိုက်ပြီး အံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။

“အဲဒီတုန်းက ယွီရှဲ့ကို စေလွှတ်တုန်းက အထွဋ်အထိပ်ယင်လရောင် ၁၂ ခုစာပဲ စုဆောင်းဖို့အတွက်လို့ အကြောင်းပြခဲ့တယ်။ ကျုပ်က ရက်ပေါင်း ၁၅၆ ရက်တိုင်တိုင် ဒူးထောက်အသနားခံခဲ့လို့ ခင်ဗျားတို့က အဲဒါဟာ နောက်ဆုံးတစ်ယောက်ပါပဲလို့ ပြောခဲ့ကြတယ်။ ကျုပ်က ခင်ဗျားတို့က ယုံကြည်ခဲ့မိတာ…”

“တိတ်စမ်း”

စစ်ယွမ်ပိုင်သည် မမြင်ရသော စွမ်းအားတစ်ခုဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရသဖြင့် ကျောက်နံရံပေါ်သို့ လွင့်စင်သွားခဲ့ပြီး နောက်ထပ် သွေးတစ်လုပ်ကို ထပ်မံအန်လိုက်ရပြန်သည်။ သို့သော် သူက အားပါးတရ ဟားတိုက်ရယ်မောကာ ပြောလိုက်သည်။

“စိမ်းပြာရေအိုင်အင်မော်တယ်ဂိုဏ်းတဲ့လား။ ဟမ်၊ ကောင်းလိုက်တဲ့ အင်မော်တယ်ဂိုဏ်းကြီးပါပဲ”

စစ်ယွမ်ပိုင်၏ ဆံနွယ်ရှည်များသည် သူ့ပုခုံးထက်မှနေ၍ ဖရိုဖရဲ လွင့်စင်ကြနေခဲ့သည်။ မူလက သိမ်မွေ့ကာ စာပေပညာရှင်ဟန်ပန်များ လုံးဝ ပျောက်ကွယ်သွားကာ မျက်ဝန်းများတွင် သွေးချင်းချင်းနီလျှက်ဖြင့် မတ်တတ်ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှနေ၍ အဆုံးမရှိလည်ပတ်နေသော မန္နာစွမ်းအင်များ ဆူဝေလာခဲ့သည်။

“စစ်ယွမ်ပိုင် မင်းရဲ့နှလုံးသားနတ်ဆိုးက ထကြွသောင်းကျန်းနေတယ်။ ဒါကြောင့် ငါတို့ ဒါကို လျစ်လျူရှုလိုက်မယ်”

အစဦးက လေးနက်ကာ အိုမင်းသောအသံသည် ထပ်မံထွက်ပေါ်လာခဲ့ပြီး စစ်ယွမ်ပိုင်ကို အတင်းအကျပ် ဖိနှိပ်လိုက်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

“သူ့ရဲ့ကျင့်ကြံခြင်းကို ချိတ်ပိတ်ပြီး မျှော်စင်ထဲမှာ အကျဉ်းချလိုက်”

All Chapters