← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း - (၈၂) ရွှေတောင်ကြီး ပြိုလဲခြင်း

လုကျန်းရှန်းသည် ကျောက်စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိလာသောအခါ သူ၏ ဝိညာဉ်အာရုံဖြင့် ခြံဝင်းအတွင်းကို တိတ်ဆိတ်စွာ အကဲခတ်လိုက်သည်။

လီမုထျန်းက ခြံဝင်းအတွင်းသို့ ဖြေးညင်းစွာဝင်လာကာ ယခုအခါ တံခါးဘောင်ကိုမှီရင်း မျက်လုံးများမှိတ်ထားပြီး အသက်ပြင်းပြင်း ရှုနေရသည်ကိုကြည့်ရင်း သူ၏စိတ်ထဲတွင် ခံစားချက်လှိုင်းလုံးများ ရိုက်ခတ်သွားခဲ့သည်။

“အချိန်တွေ ဒီလောက်တောင် ကုန်ဆုံးသွားပြီပဲ”

လီရှန်းဖျင်က မြစ်အတွင်းမှ ကြေးမုံကို ကောက်ယူရရှိခဲ့သည့် နေ့ရက်များတုန်းက လီမုထျန်းသည် တည်ကြည်ခန့်ညားပြီး မျက်ဝန်းများအတွင်း၌ လောကဓံကို ရင်ဆိုင်နိုင်သော စွမ်းအားအပြည့်ရှိသည့် ကလန်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပေသည်။

သို့သော် ယခုအချိန်တွင်မူ ၎င်းသည် လမ်းပင် ကောင်းကောင်းမလျှောက်နိုင်တော့သည့် အသက် ၇၀ ကျော်လွန်နေပြီဖြစ်သော အိုမင်းရင့်ရော်လှသည့် လူအိုကြီးတစ်ဦး ဖြစ်နေခဲ့ပေပြီ။

လုကျန်းရှန်းသည် ဤကမ္ဘာဆီသို့ ဝိညာဉ်ကူးပြောင်းလာကတည်းက ကြေးမုံအတွင်း၌ အိပ်တဝက်၊ နိုးတဝက်ဖြင့်သာ ဝေဝါးစွာ အချိန်ကုန်လွန်ခဲ့သည်။ မသိလိုက်မသိဘာသာဖြင့် နှစ်ပေါင်း ၂၀ နီးပါး ကုန်ဆုံးသွားခဲ့သော်လည်း သူ့အနေနှင့်မူ တစ်လခန့်သာ အချိန်ကုန်သေးသကဲ့သို့ ခံစားရပေသည်။ ထိုအတောအတွင်း လီကလန်သည် ကျင့်ကြံသူမိသားစု အသစ်တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။

သို့သော် သူ၏မျက်စိရှေ့မှောက်ရှိ လီမုထျန်းမှာမူ တစ်နေ့ထက်တစ်နေ့ ကျန်းမာရေး ပိုမိုဆိုးရွားလာခဲ့သည်။ လီကလန်၏ လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးကြီးထွားလာမှုသည် ဤအဖိုးအိုက ၎င်း၏ရင်ဘတ်အတွင်းရှိ နောက်ဆုံးထွက်သက်ဖြင့် အားသွန်ခွန်စိုက် မှုတ်ထုတ်ကာ ဖန်တီးပေးခဲ့သည့်အလားဖြစ်ပြီး ယခုအခါ ထိုထွက်သက်မှာလည်း ကုန်ဆုံးတော့မည်ကဲ့သို့ ဖြစ်နေခဲ့ပြီဖြစ်သည်။

လုကျန်းရှန်းက နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်သောအခါ လီမုထျန်း၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအင်များ ပျောက်ကွယ်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။ သူသည် ရက်ပိုင်းထက်ပို၍ တောင့်ခံနိုင်တော့မည် မဟုတ်တော့ချေ။

သို့သော်လည်း လီမုထျန်းသည် တံခါးဘေးတွင် အေးချမ်းစွာ ထိုင်နေရင်း တစ်သက်လုံး အပြုံးအရယ်နည်းလှသော သူ၏မျက်နှာပေါ်တွင် ပြုံးရိပ်တချို့ ပေါ်ထွန်းနေခဲ့သည်။ သူသည် လေးကိုကိုင်ကာ တတွတ်တွတ်ပြောဆိုနေသော မြေးဖြစ်သူ လီရွှမ်ဖုန်းကိုကြည့်ရင်း လည်ချောင်းက တစ်ချက်မျှ လှုပ်ရှားသွားကာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အတွင်း မည်သည့်တောင်းဆိုချက်ကိုမျှ မပြုခဲ့ဖူးရာမှ ပထမဆုံးတောင်းဆိုချက်ကို ပြောကြားလိုက်သည်။

“အဘိုး သိုးသားခေါက်ဆွဲလေး စားချင်တယ်”

သူက ပြောလိုက်သည်။

လီရွှမ်ဖုန်းသည် ခဏမျှ ကြောင်အသွားခဲ့ပြီး လီမုထျန်းက သူ၏တောင်းဆိုချက်ကို ထပ်မံပြောကြားသည်ကို ကြားလိုက်ရသည်။

“မင်းရဲ့အဘိုးက သိုးသားခေါက်ဆွဲလေး အရမ်းစားချင်နေလို့ပါ”

လီရွှမ်ဖုန်းသည် ချက်ချင်းပင် ပြန်ဖြေလိုက်ပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အပြေးထွက်သွားခဲ့သည်။ အဖိုးဖြစ်သူ၏ ထူးဆန်းလှသော စကားပြောပုံဆိုပုံက သူ၏ရင်ထဲ၌ ကြီးမားလှသော အရိပ်ဆိုးကြီးတစ်ခုပမာ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုစကားများက အမိန့်ပေးခြင်းမျိုးနှင့် မတူလှဘဲ တိုးလျှိုးတောင်းပန်ခြင်းမျိုး ဖြစ်နေခဲ့လေရာ ထက်မြက်လှသောသူ့ကို အကြောင်းရင်းမရှိ ကြက်သီးများ ဖျန်းခနဲ ထသွားစေခဲ့သည်။

“အဘိုးက သိုးသားခေါက်ဆွဲ စားချင်တယ်တဲ့!”

လီရွှမ်ဖုန်း၏ စကားကြောင့် ရန်ဖျင်အာသည် ခဏတာမျှ ကြောင်အမ်းသွားခဲ့ရသည်။ သူမသည် ထိုကလေး၏ မျက်နှာပေါ်မှ စီးကျလာသော မျက်ရည်များကိုကြည့်ရင်း အိမ်တွင်းရှိ အမျိုးသမီးအချို့ကို အမြန်ခေါ်ယူလိုက်ပြီး လီရွှမ်ဖုန်း၏ ပုခုံးကိုပုတ်ကာ လေသံတိုးတိုးဖြင့် လျှို့ဝှက်မှာကြားလိုက်သည်။

“နင့်အဖေကို အခုချက်ချင်း အိမ်ပြန်လာဖို့ သွားခေါ်ချေ”

xxxxxxxxxx

အငွေ့များ တထောင်းထောင်း ထွက်ပေါ်နေသည့် သိုးသာခေါက်ဆွဲပေါ်တွင် ကြက်သွန်မြိတ်ကလေးများ ဖြူးထားသည်။ ကြည်လင်လှသော ခေါက်ဆွဲအဖတ်များပေါ်တွင်လည်း ဆီကလေးများ ဝေ့နေကာ မွှေးကြိုင်လှသော ရနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ ခေါက်ဆွဲကို အနားစွန်းတွင် အနည်းငယ်ပဲ့နေသော ကြွေပန်းကန်လုံးကလေးထဲတွင် ထည့်ပေးထားသည်။ ထိုကြွေပန်းကန်လုံးကို သစ်သားစားပွဲပေါ်တွင် တင်ထားပြီး ဘေးနား၌ သစ်သားတူတစ်စုံကို အစီအရီ ချထားပုံမှာ သန့်ရှင်းသပ်ရပ်လှပေသည်။

ထိုကြွေပန်းကန်လုံးလေးသည် လီမုထျန်း ၃၁ နှစ်တိုင်တိုင် သုံးစွဲခဲ့သော ပန်းကန်လုံးလေး ဖြစ်သည်။ ထိုအပဲ့ရာကလေးသည် လီရှန်းဖျင် ငယ်စဉ်တုန်းက ဆော့ကစားရင်း ဆောင့်မိ၍ ပဲ့သွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လီရှန်းဖျင်တစ်ယောက် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရသဖြင့် အော်ဟစ်ငိုယိုကာ ရက်အတော်ကြာအောင် လီမုထျန်းကို ရှောင်နေခဲ့ဖူးသည်။

လီမုထျန်းသည် စားပွဲဆီသို့ ဖြည်းညှင်းစွာ ရွှေ့ထိုင်လိုက်ပြီး တုန်ရီနေသော လက်များဖြင့် ခေါက်ဆွဲဖတ်အချို့ကို တူဖြင့်ညှပ်ယူလိုက်သည်။ နူးညံ့သော ချဉ်စပ်အရသာ ခေါက်ဆွဲဖတ်များနှင့် သိုးသားပြုတ်ရည်၏ မွှေးကြိုင်လှသော ရနံ့များက သူ၏ခြေလက်များကို တုန်ယင်သွားစေခဲ့သည်။ ထိုအရသာသည် သူ့စိတ်ကို ထိခိုက်သွားစေပြီး မျက်ရည်များ စီးကျလာခဲ့ကာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖခင်ဖြစ်သူ လီကန်ရွှေကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးခဲ့သော သိုးသားခေါက်ဆွဲကို ပြန်လည်အမှတ်ရသွားစေခဲ့သည်။

ထိုစဉ်က ဖခင်ဖြစ်သူချက်ကျွေးသော သိုးသားခေါက်ဆွဲသည် ယခုသိုးသားခေါက်ဆွဲလောက် အရသာမရှိခဲ့ချေ။ ထိုခေါက်ဆွဲသည် ရှာလကာရည်နည်းပြီး အစပ်များသည့်အပြင် အသားပြုတ်ရည်ကလည်း နည်းပါးလွန်းခဲ့သည်။ သို့သော် သူ၏မိခင်နှင့် လီမုထျန်းတို့နှစ်ဦးစလုံးကမူ ဖခင်ဖြစ်သူသည် ထိုသိုးသားခေါက်ဆွဲဖြင့် မိမိတို့ကို တောင်းပန်နေခြင်းဖြစ်ကြောင်း သိရှိခဲ့ကြသည်။ သို့သော်လည်း လီမုထျန်းသည် ထိုခေါက်ဆွဲပန်းကန်ကို ရိုက်ခွဲကာ အိမ်ကနေ ထွက်ပြေးသွားခဲ့ပြီး ၂၈ နှစ်တိုင်တိုင် ပြန်မလာခဲ့ပေ။

လီမုထျန်းသည် ဖခင်ဖြစ်သူက ပျော့ညံ့ကာ ဆုံးဖြတ်ချက်မပြတ်သား၍ မိသားစုတစ်ခုလုံးကို ပျက်စီးစေလိမ့်မည်ဟု ကျိန်ဆဲခဲ့သလို လီကန်ရွှေကလည်း သားဖြစ်သူ လီမုထျန်းသည် ဝံပုလွေကဲ့သို့ နှလုံးသားမရှိသူ၊ ရက်စက်သူဟု ပြန်လည်ဆဲဆိုခဲ့ပြီး သူ့ကို သူ၏ဇနီးနှင့် ဝံပုလွေတစ်ကောင်မှ မွေးဖွားလာသော ယုတ်ညံ့သည့်မျိုးဆက်ဟု ရှုတ်ချခဲ့သည်။ ထိုစဉ်က သူသည် ဓားကိုဆွဲလျှက် ဖခင်ဖြစ်သူကို ချိန်ရွယ်ခဲ့ပြီး ဖခင်ဖြစ်သူ လီကန်ရွှေသည် ဒေါသထွက်လွန်းသဖြင့် နှုတ်ခမ်းများ ခရမ်းရောင်သန်းကာ မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်သွားခဲ့သည်။

၂၈ နှစ်ကြာပြီးနောက် လီမုထျန်း အိမ်သို့ပြန်ရောက်လာသောအခါ ဖခင်ဖြစ်သူသည် အမှန်တကယ်ပင် ယွမ်မိသားစု၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီဖြစ်သည်။ သူသည် နှာခေါင်းရှုံ့လိုက်ရင်း ဖခင်၏အုတ်ဂူရှေ့၌ ယွမ်မိသားစုတစ်ခုလုံး၏ ဦးခေါင်းများကိုဖြတ်၍ ပူဇော်ခဲ့ပြီး မည်သည့်မျက်နှာအမူအရာမျှ မပြသဘဲ လယ်ယာမြေများကို ခွဲဝေပေးခဲ့သည်။ သို့သော်လည်း ညဉ့်နက်သန်းခေါင် နိုးထလာသည့်အခါတိုင်း သူ၏ခေါင်းအုံးတွင် မျက်ရည်များဖြင့် မကြာခဏ စိုရွှဲနေတတ်သည်။

ထိုမှတ်ဉာဏ်များသည် လီမုထျန်း၏ စိတ်အတွင်း၌ အသက်ရှုကြိမ် အနည်းငယ်ခန့်မျှသာ ဖြတ်ပြေးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ခေါက်ဆွဲကို တစ်လုပ်မျှသာ စားရသေးသော်လည်း ခန္ဓာကိုယ်တောင့်တင်းကာ လဲကျသွားခဲ့ရသောကြောင့် ဖြစ်ပေသည်။

လီမုထျန်းသည် သူ၏ရင်ဘတ်အတွင်း၌ မီးသွေးတုံးတစ်တုံး စိုက်ဝင်နေပြီး သူ၏အသွေးနှင့်အသားများကို လောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ဗိုက်တွင်း၌လည်း သံမဏိဓားများက အဆက်မပြတ် မွှေနှောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းအစ ခြေအဆုံး ပြင်းထန်လှသော ဝေဒနာများကို ခံစားနေရတော့သည်။

ထိုမီးသွေးတုံးကြီးသည် ရင်ဘတ်မှတစ်ဆင့် သူ့ပါးစပ်အတွင်းသို့ တဟုန်ထိုး တက်လာခဲ့သဖြင့် သူ၏လျှာနှင့် အာခေါင်တစ်ခုလုံး ခြောက်ကပ်သွားခဲ့ရပြီး ခြေလက်များမှာလည်း လုံးဝ တောင့်တင်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သံမဏိကဲ့သို့ မာကျောတောင့်တင်းသွားခဲ့ရာ ဘေးပတ်ပတ်လည်ရှိ အမျိုးသမီးများ ဝိုင်းဝန်းမသော်လည်း မရွှေ့နိုင်ကြတော့ချေ။

“အဘိုး! အဘိုး!”

လီမုထျန်းသည် မြေးဖြစ်သူ လီရွှမ်လင်၏ ရှိုက်ကြီးတငင် ငိုကြွေးသံများကို ဝေဝေဝါးဝါး ကြားလိုက်ရသည်။ ဤကလေးသည် လီထုန်ယာ၏ သားဦးဖြစ်ပြီး အသက် ၅ နှစ်မျှသာ ရှိသေးသော်လည်း အလွန်တရာ တည်ငြိမ်ရင့်ကျက်လှကာ လီထုန်ယာ ငယ်စဉ်တုန်းကနှင့် တပုံစံတည်းပင်ဖြစ်သည်။

လီမုထျန်းသည် စိုးရိမ်စိတ်များ မြင့်တက်လာခဲ့ပြီး သူဘာမှမဖြစ်ကြောင်း ပြရန်အတွက် လျှာကိုအားစိုက်၍ အသံထွက်စေရန် ကြိုးစားလိုက်သော်လည်း ပါးစပ်မှမူ ခွေးတစ်ကောင်ပမာ ဝူး... ဝူး... ဟူသော အသံဆိုးများသာ ထွက်ပေါ်လာခဲ့သည်။

“သူ့ကို ခုတင်ပေါ် ရွှေ့လိုက်ကြ! ခုတင်ပေါ်ကို!”

ရန်ဖျင်အာသည် မျက်ရည်များဖြင့် အော်ဟစ်လိုက်သည်။ သူမသည် လွန်ခဲ့သော နှစ်အနည်းငယ်တုန်းကမှ သူမ၏ဖခင်ဖြစ်သူ ရန်ဖျင်အန်းကို နှုတ်ဆက်ခဲ့ရသည်။ ယခုအခါ ဤအဖိုးကြီး၏ အခြေအနေကို ကြည့်ရုံမျှဖြင့် မကြာခင် ကွယ်လွန်တော့မည်ဟု သိရှိလိုက်ရာ ထိုအဖိုးကြီးကို အေးစက်မာကျောလှသော ကြမ်းပြင်ပေါ်၌ ကွယ်လွန်မသွားစေရန်အတွက် လူများကို အသည်းအသန်ခေါ်ကာ ခုတင်ပေါ်သို့ တင်ပေးလိုက်ကြသည်။

“အမေ ဘယ်မှာလဲ?”

ထျန်းယွင်က ကပျာကယာ မေးမြန်းလိုက်သည့်အခါမှသာ လီမုထျန်း၏ဇနီးဖြစ်သူ သခင်မကြီးလျိုသည် မကြာသေးမီကမှ တောင်အောက်ရှိ မိဘများ၏အိမ်သို့ ခေတ္တပြန်သွားခဲ့ကြောင်း သိရှိလိုက်ရသည်။

သူတို့သည် တောင့်တင်းနေသော လီမုထျန်းကို ခုတင်ပေါ်သို့ တင်လိုက်ပြီးနောက် ကသောင်းကနင်း ဖြစ်နေကြစဉ် အနောက်ဘက်ခြံဝင်းထဲရှိ လုကျန်းရှန်းသည် ထိုမြင်ကွင်းကြောင့် ခံစားချက်များ ရှုပ်ထွေးလာခဲ့ပြီး ချက်ချင်းပင် စိတ်ငြိမ်မန္တန်ကိုသုံးပြီးနောက် လရောင်ခြည်စွမ်းအင်များကို ထုတ်လွှတ်ပေးကာ အဖိုးကြီး၏ နောက်ဆုံးထွက်သက်ကို ထိန်းပေးထားလိုက်သည်။ လီရှန်းဖျင်နှင့်အခြားသူများ တောင်ပေါ်သို့ အပြေးအလွှား တက်လာကြသည်ကို မြင်တွေ့ရမှသာ သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်တော့သည်။

“သူက သူရဲ့သက်တမ်း နောက်ဆုံးချိန်ကို ရောက်နေပြီ”

လုကျန်းရှန်းသည် လီမုထျန်း၏ အသက်ရှူသံက တဖြည်းဖြည်း အားနည်းလာနေသည်ကို အာရုံခံမိသောကြောင့် မှတ်ချက်ချလိုက်သည်။ နောက်ဆုံးတွင် လီရှန်းဖျင်နှင့် လီထုန်ယာတို့သည် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာကြပြီး ငိုယိုနေသော လီရွှမ်ဖုန်းက သူတို့နောက်မှ လိုက်ပါလာခဲ့သည်။

လီထုန်ယာသည် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် လီမုထျန်း၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဝိညာဉ်သန္ဓေသားဖွဲ့တည်ခြင်း အထွဋ်အထိပ်အဆင့် မန္နာစွမ်းအင်များကို လီမုထျန်း၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ ထည့်သွင်းပေးလိုက်သည်။ လီမုထျန်းသည် တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး လေပူကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ နောက်ဆုံးတွင် မျက်လုံးများ ပွင့်လာခဲ့တော့သည်။

“ရှန်းဖျင်… ထုန်ယာ…”

လီမုထျန်းက ရေရွတ်လိုက်သည်။ သူ၏အကြည့်သည် ဘေးပတ်ပတ်လည်ရှိ လူများအပေါ်သို့ ဝေ့ဝဲသွားကာ ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပြီး လေသံသဲ့သဲ့ဖြင့် မှာကြားချက်များကို စတင်ပြောဆိုလေတော့သည်။

လီထုန်ယာသည် မျက်ရည်များ စီးကျနေရင်း လီမုထျန်း၏ ရေရွတ်သံများကို ကြားရစေရန် ငုံ့ကာနားထောင်လိုက်သည်။

“ချန်၊ ထျန်းနဲ့ လျို… မိသားစုတွေဟာ ရွာမှာ နက်ရှိုင်းတဲ့ အုတ်မြစ်တွေရှိကြတယ်။ သူတို့ကို သူတို့ရဲ့ကလန်အဖွဲ့ဝင်တွေနဲ့အတူ လီကျင်းရွာဆီ ပြန်ပြီးစုစည်းလိုက်ပါ။ ရွာကို မြို့အဖြစ် ပျိုးထောင်ပြောင်းလဲလိုက်။ ဒါမှ သူတို့အင်အား အရမ်းမကြီးထွားလာမှာ…”

“အဖေ… အရင်ဆုံး အနားယူလိုက်ပါဦး။ အဖေ နေပြန်ကောင်းလာမှ ဒါတွေကို ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်”

လီရှန်းဖျင်က ရှိုက်ကြီးတငင်ဖြင့် တားဆီးရန် ကြိုးစားလိုက်သည်။ လီမုထျန်းက သူ့ကိုကြည့်ကာ ခေါင်းကို ခါယမ်းလိုက်ရင်း စကားလုံးများကို အတင်းအကျပ်အားယူကာ ပြောလိုက်ပြန်သည်။

“လီမိသားစုရဲ့ တပည့်တွေထဲမှာ စည်းမရှိကမ်းမရှိနဲ့ မောက်မာတဲ့သူတွေ အများကြီးပဲ ရှိနေကြပြီ။ ဒါကြောင့် ကလန်စည်းကမ်းထိန်းသိမ်းရေးမှူး တစ်ယောက်ကို ခန့်အပ်ပြီးတော့ တင်းတင်းကျပ်ကျပ် ထိန်းကျောင်းရမယ်… တိုက်ရိုက်မျိုးနွယ်ကို ပင်မမျိုးနွယ်လေးခုအဖြစ် သတ်မှတ်ပြီး ကျန်တဲ့ လီမျိုးနွယ်တွေကိုတော့ အရန်မျိုးနွယ်အဖြစ် သတ်မှတ်ရမယ်။ ပိုပြီး သွေးဝေးတဲ့သူတွေကတော့ မျိုးနွယ်ခွဲအဖြစ် သတ်မှတ်မယ်။ သူတို့အကြား အဆင့်အတန်း အထက်အောက် ကူးလူးဆက်သွယ်မှုတွေကို ချောမွေ့အောင်လုပ်ရမယ်။ အဲဒါကိုတော့ မင်းတို့ဘာမင်းတို့ပဲ စီမံကြပေတော့…”

“ရွှမ်ရွှမ်က ကလန်ကို ဦးဆောင်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ မင်းတို့တွေ သူ့ကို သေသေချာချာ စောင့်ရှောက်ပေးဖို့ လိုအပ်လိမ့်မယ်။ ရွှမ်ဖုန်းက ရိုင်းစိုင်းပေမဲ့ ထက်မြက်တယ်။ ဒါပေမဲ့ သူ့ရဲ့ ရမ္မက်ဆန္ဒတွေနဲ့ သွေးဆာတာကိုတော့ အမြဲတမ်း သတိထားပြီး တားဆီးရမယ်။ ရွှမ်လင်ကတော့ တည်ငြိမ်ပြီး ခေါင်းအေးအေးထားတတ်လို့ ကိစ္စကြီးကိစ္စတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်… ကျင်းထျန်းကတော့… ရုပ်ရည်လှပတာမို့လို့… ဘေးအန္တရာယ် ကပ်ဆိုးတွေ ခေါ်ဆောင်လာမှာကို သတိထားရမယ်… နောက်ပြီး ယွဲ့တောင်ကမျိုးနွယ်စုတွေရဲ့ အန္တရာယ်က ကြီးမားနက်ရှိုင်းတယ်… အစစအရာရာ အထူးသတိထားကြ!”

လီမုထျန်း၏ လေသံက ပိုမိုတိုးညှင်းသွားခဲ့ရာ လီရှန်းဖျင်သည် မျက်ရည်များဖြင့် အနားကို ပိုမိုတိုးကပ်လိုက်စဉ် အဖိုးကြီးသည် ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီး သူ၏လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုအားအင်သည် သေခါနီးဆဲဆဲလူတစ်ဦး၏ အားအင်နှင့် လုံးဝမတူခဲ့ပေ။ သူ၏ သေခါနီးဆဲဆဲ မျက်ဝန်းများအတွင်းမှ ရက်စက်လှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ခုတင်ထက်၌ လူးလှိမ့်ရင်း အံကိုကြိတ်ကာ ရုတ်တရက် အသံကျယ်ကြီးဖြင့် ပြောလိုက်တော့သည်။

“လိုအပ်လာရင်… ရွာလေးရွာနဲ့ မြေနေရာတွေအားလုံးကို စွန့်လွှတ်လို့ရတယ်… ဝမ်မိသားစုလိုမျိုး မဖြစ်စေနဲ့… လီမိသားစုရဲ့ မျိုးဆက်တစ်ယောက် အသက်ရှင်နေသရွေ့… ဘာမဆို ဖြစ်နိုင်ပါသေးတယ်…”

လီရှန်းဖျင်သည် မျက်ရည်များ တဟုန်ထိုး စီးကျလာခဲ့ပြီး ပြတ်သားလှသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“အဖေ… ဒါတွေအားလုံးကို ကျွန်တော့်စိတ်ထဲမှာ မှတ်ထားပါ့မယ်!”

ထိုအခါမှသာ လီမုထျန်းသည် ဆုပ်ကိုင်ထားသောလက်ကို ရုတ်တရက် လွှတ်ချလိုက်ပြီး ချက်ချင်းပင် ဇီဝိန်ချုပ်သွားခဲ့တော့သည်။ အခန်းတွင်းရှိ လူအားလုံး ရှိုက်ကြီးတငင်ဖြင့် ဝမ်းနည်းပက်လက် ငိုကြွေးလိုက်ကြသည်။ သို့သော်လည်း အဖိုးကြီး၏ မျက်ဝန်းအစုံက ဘေးနားစားပွဲခုံပေါ်ရှိ သိုးသားခေါက်ဆွဲ ပန်းကန်လုံးဆီတွင်သာ ကျရောက်နေခဲ့သည်။

ချဉ်စပ်အရသာ အသားပြုတ်ရည်များဖြင့် ပြည့်နှက်နေသော ခေါက်ဆွဲပန်းကန်လုံးသည် အငွေ့တထောင်းထောင်း ထနေဆဲပင် ရှိနေသေးသည်။

All Chapters