အခန်း ၈၃
Vol. 9 Ch. 83
အခန်း - (၈၃) မြစ်ပေါင်းစည်းချီကျင့်စဉ်
လီမုထျန်း၏ ဈာပနပွဲသည် အလွန်ကြီးကျယ်ခမ်းနားထည်ဝါလှပြီး ပုံမှန်လူကြီးသူမတစ်ဦး ကွယ်လွန်သွားခြင်းထက် အဆင့်မြင့်အရာရှိကြီးတစ်ဦး ကွယ်လွန်သွားသည့်အလား ထင်မှတ်ရပေသည်။ ရွာအသီးသီးတွင် အဖြူရောင်ပိတ်စရှည်ကြီးများဖြင့် တန်ဆာဆင်ထားပြီး အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လီမိသားစု၏ တိုက်ရိုက်မျိုးဆက်များက အခေါင်းတလားကြိုးများကိုဆွဲကာ အသုဘရထားလုံးကို ကျောက်ခင်းလမ်းအတိုင်း ဖြည်းညှင်းစွာ ဆွဲခေါ်သွားကြသည်။
ထိုသတင်းသည် ရွာအားလုံးဆီသို့ လျှင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။
ချန်အားနျိုသည် အိပ်ရာမှ ထခါစတွင်ပင် ရှိသေးသည့်အချိန်တွင် သားဖြစ်သူ ချန်စန်းရွှေ ယူဆောင်လာသော သတင်းကြောင့် မှင်တက်ကာ ဆွံ့အသွားခဲ့ရသည်။
ချန်အားနျိုသည် လက်ထဲမှ မိုးမခကိုင်းကို ချလိုက်ကာ မျက်နှာသစ်ပြီး စားပွဲ၌ တိတ်ဆိတ်စွာ ထိုင်နေရင်း စကားလုံးများဖြင့် ဖော်ပြရန်ခက်ခဲသော ဝမ်းနည်းပူဆွေးမှု လှိုင်းလုံးကြီးများ သူ့ရင်ထဲသို့ တိုးဝင်လာခဲ့သည်။
“ဂုဏ်ဒြပ်တွေ၊ အာဏာတွေ ဘယ်လောက်ပဲရှိရှိ သေခြင်းတရားကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ အင်မော်တယ်အဖြစ်ကို မရရှိသေးသရွေ့ အသုံးသတ်မှာတော့ ငါတို့အားလုံးဟာ မြေမှုန့်ဘဝကိုပဲ ပြန်သွားကြရမှာပဲ။”
သို့သော် ချန်စန်းရွှေကမူ ထိုစကားလုံးများကို အရေးမစိုက်ဟန်ဖြင့် နှုတ်ခမ်းကိုမဲ့လျှက် ပြောလိုက်သည်။
“ဒါက လီမိသားစုရဲ့ ညီအစ်ကိုသုံးယောက်က အင်မော်တယ်ကျင့်ကြံသူတွေ မို့လို့သာပေါ့။ သာမန်သေမျိုး အဖိုးကြီးတစ်ယောက် သေတာကို ဒီလောက်အထိ ခမ်းခမ်းနားနား လုပ်နေစရာ လိုလို့လား။ လီမုထျန်းဆိုတာက ဘာမှထူးခြားနေတဲ့သူမှ မဟုတ်တာ”
ချန်အားနျိုသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်ထဲမှ သစ်ကိုင်းဖြင့် ချန်စန်းရွှေ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်နှက်လိုက်ရင်း တံတွေးများပင် ထွက်သွားသည်အထိ ဒေါသတကြီး ကျိန်ဆဲလိုက်တော့သည်။
“သောက်ရူး! သောက်ကျိုးနည်း ရူးမိုက်လိုက်တဲ့အကောင်။ တစ်နေ့နေ့ မင်းရဲ့မိုက်မဲမှုကြောင့် သေရလိမ့်မယ်!”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါဗျာ။ စတုတ္ထညီလေးက အတော်ဆုံးပါပဲ။ သူက ဝိညာဉ်အပေါက်ပါတယ် မဟုတ်လား။”
ချန်စန်းရွှေသည် ပွစိပွစိရေရွတ်ကာ ထမင်းပန်းကန်နှင့် တူကိုယူလျှက် ထမင်းစားပွဲမှ ထထွက်သွားခဲ့သည်။ ထို့နောက် စားပွဲတွင်ကျန်ရစ်သော ဖခင်ဖြစ်သူ ချန်အားနျို၏ မည်းမှောင်နေသော မျက်နှာကို အရေးမစိုက်တော့ဘဲ ခြံဝင်းပြင်ပဆီသို့ လျှောက်ထွက်သွားတော့သည်။
လီကျင်းတောင်ပေါ်တွင်။
လုကျန်းရှန်းသည် ဈာပနအဝတ်စများဖြင့် ဖြူဖွေးနေသော ခြံဝင်းကို ကြည့်ရှုလိုက်သည်။ နောက်ဖေးခြံဝင်းအတွင်းရှိ လီမုထျန်း အမြဲတမ်း ထိုင်လေ့ရှိသော သစ်သားကုလားထိုင်ကြီးသည် ယခုအခါ ဗလာကျင်းနေခဲ့သဖြင့် သူ့ရင်ထဲ၌ အနည်းငယ် ဟာသွားသလို ခံစားလိုက်ရသည်။ သူသည် လီမုထျန်းကို မြေမြှုပ်သင်္ဂြိုဟ်နေသည်ကို ကြည့်ရှုနေစဉ် ရုတ်တရက် သူ၏နတ်ဘုရားအာရုံအတွင်း၌ လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။ ကောင်းကင်ယံထက်မှ အလင်းတန်းတစ်ခုသည် မိုးကုတ်စက်ဝိုင်းဆီမှ အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာခဲ့ပြီး လီကျင်းတောင်၏ အစီအရင်အပြင်ဘက်တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်ကို တွေ့ရှိလိုက်ရသည်။
“ရှောင်မိသားစုက ရှောင်ယွမ်စစ် လာရောက်လည်ပတ်ပါတယ်။! ကျေးဇူးပြုပြီး အစီအရင်ကိုဖွင့်ပေးဖို့ တောင်းဆိုပါတယ်”
ရှောင်ယွမ်စစ်သည် တောင်အပြင်ဘက်တွင် ရပ်တန့်နေခဲ့သည်။ ၎င်း၏ခြေထောက်အောက်ရှိ အကာအကွယ်အစီအရင်သည် ချီကျင့်ကြံခြင်း၏ အဋ္ဌမမြောက် ကောင်းကင်ဘုံအလွှာအဆင့် ကျင့်ကြံသူဖြစ်သော သူ့အတွက် ဘာမှမဟုတ်သော်လည်း သူသည် အပြင်ဘက်၌သာ ရိုကျိုးစွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
ခဏအကြာတွင် လီရှန်းဖျင်နှင့် လီထုန်ယာတို့က အစီအရင်ကို ပိတ်လိုက်ကြသည်။ ထိုအခါမှသာ ရှောင်ယွမ်စစ်က တောင်ပေါ်ရှိ ခြံဝင်းအတွင်းသို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။
အဖြူရောင်များ လွှမ်းနေသော ခြံဝင်းနှင့် အဖြူရောင် စျာပနဝတ်စုံများကို ဝတ်ဆင်ထားသော ညီအစ်ကိုနှစ်ဦးကို မြင်လိုက်ရသောအခါ ရှောင်ယွမ်စစ်၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူက လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။
“ခင်ဗျားတို့ရဲ့ အဖေများ…”
ညီအစ်ကိုနှစ်ဦးက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ရှောင်ယွမ်စစ်သည် သက်ပြင်းချလိုက်ပြီး စိတ်မကောင်းကြောင်း ပြောကြားလိုက်ကာ လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။
“ကျင်းအာနဲ့ ကျွန်တော်က မကြာခင်မှာ တောင်ဘက်နယ်စပ်ကို ခရီးထွက်ကြရတော့မှာ။ ကြားထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး အဆက်အသွယ် ပြတ်သွားနိုင်ပါတယ်။ ဂျူနီယာညီလေးက ခင်ဗျားတို့နှစ်ယောက်အတွက် ချီကျင့်ကြံခြင်းကျင့်စဉ်နဲ့ ချီစုဆောင်းခြင်းကျင့်စဉ်တွေကို ရအောင် ရှာပေးထားပါတယ်။ ကျွန်တော်က အိမ်ကို ခဏပြန်လာတာမို့လို့ ဒီကျင့်စဉ်ကျမ်းတွေကို ခင်ဗျားတို့ဆီ ပေးခိုင်းလိုက်တာပါ။”
“ဒါကတော့ စင်ကြယ်မြစ်ချီကို အသုံးပြုရတဲ့ တတိယတန်းစား ကျင့်စဉ်ကျမ်းဖြစ်တဲ့ မြစ်ပေါင်းစည်းချီကျင့်စဉ်ပါ။ မြစ်ချောင်းတွေ ပေါများပြီး ကျူပင်တွေ၊ ပိန်းပင်တွေ ပေါပေါများများ ပေါက်ရောက်ရှင်သန်တဲ့ နေရာတွေကို ရှာဖွေဖို့လိုတယ်။ ချီကို အရုဏ်တက်ချိန် ဒါမှမဟုတ် နေဝင်ချိန်မှာ စုဆောင်းပါ။ အဲဒီအချိန်က စင်ကြယ်တဲ့ချီတွေ တက်လာပြီး နောက်ကျိတဲ့ချီတွေ အောက်ကို အနယ်ထိုင်တဲ့အချိန်ပဲ။ ချီစုဆောင်းခြင်းကျင့်စဉ်ကိုသုံးပြီး မြစ်ရဲ့မျက်နှာပြင်ပေါ်ကနေ စုဆောင်းရမယ်။ ခြောက်လမှာ ချီစွမ်းအင် အမျှင်တစ်မျှင် ရနိုင်ပါတယ်။ ၁၀ မျှင်ဆိုရင် တစ်ပိုင်းစာရပါပြီ။”
ထို့နောက် ရှောင်ယွမ်စစ်သည် ပိုးထည်အိတ်တစ်အိတ်ကို ထုတ်လိုက်ပြီး ထိုအထဲမှ ကျောက်စိမ်းပြား အနည်းငယ်ကို ထုတ်ယူလိုက်သည်။
“ဒါကတော့ စင်ကြယ်ဝိညာဉ်အဆီအနှစ် ကျင့်စဉ်ကျမ်းပါ။ အလွယ်တကူ စုဆောင်းနိုင်တဲ့ ဝိညာဉ်ချီ အမျိုးအစားဖြစ်တဲ့ အသေးစားစင်ကြယ်ဝိညာဉ်ချီကို သုံးရတဲ့ ဒုတိယတန်းစား ကျင့်စဉ်တစ်ခုပါ။ ဒီကျင့်စဉ်က မြစ်ပေါင်းစည်းချီကျင့်စဉ်နဲ့ နှိုင်းယှဉ်ရင် အားနည်းပေမဲ့ ဈေးကွက်ထဲမှာ ရှိနေတဲ့ သာမန်ကျင့်စဉ်တွေထက်တော့ အများကြီး သာလွန်ပါတယ်။”
လီထုန်ယာသည် ရှောင်ယွမ်စစ်ထံမှ ကျောက်စိမ်းပြားများကို အလျှင်အမြန် လက်ခံလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။ ထို့နောက်မှသာ ရှောင်ယွမ်စစ်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောလိုက်သည်။
“ချင်စွေ့တောင်ထွဋ်က ကာကွယ်ပေးမှုက အကန့်အသတ်ရှိတယ်။ လောကကြီးထဲမှာ အပြောင်းအလဲတွေ ဖြစ်နေပြီ။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်ကြပါ!”
ဆရာဖြစ်သူ စစ်ယွမ်ပိုင်က အကြောင်းရင်းမရှိဘဲ ရုတ်တရက် တံခါးပိတ်ကျင့်စဉ်ဝင်သွားကာ ချင်စွေ့တောင်ထွဋ်ရှိ တပည့်များက သူ၏မျက်နှာကို တစ်ချက်မျှပင် မတွေ့ခဲ့ရချေ။ ထို့ပြင် ဂိုဏ်းအတွင်းမှလည်း သူတို့အား တောင်ဘက်နယ်စပ်ဆီသို့ အလျှင်အမြန် ချီတက်ရန် စေခိုင်းသံများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာခဲ့သည်။ ဤအရာများအားလုံးက ရှောင်ယွမ်စစ်ကို တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားမိစေခဲ့သည်။
ချင်စွေ့တောင်ထွဋ်၏ ပိုင်နက်နယ်မြေဖြစ်သော မှိုတောလွင်ပြင်ကို အသံတစ်ချက်မျှ မထွက်လိုက်ဘဲ ရွှေရာင်ထန်ဂိတ်ထံသို့ ကျူးကျော်လုယက်ခွင့် ပေးလိုက်သည်ကို ရုတ်တရက် သတိရလိုက်သောအခါ ရှောင်ယွမ်စစ်သည် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ဖျန်းခနဲ ထသွားခဲ့ရသည်။ သူသည် ထိုခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူများ၏ လက်ဝါးပေါ်က မပြောပလောက်သော နယ်ရုပ်ကလေးတစ်ရုပ်သာ ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူသည် တစ်ခဏတာမျှ အတွေးများထဲ နစ်မျောသွားခဲ့တော့သည်။
“ဂိုဏ်းက ဒီနှစ်တွေအတွင်း တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး လက်အောက်ခံ သေမျိုးလူသားတွေကို တစ်ကြိမ်ပြီးတစ်ကြိမ် တခြားလူလက်ထဲကို ပေးအပ်နေခဲ့တာ… ကောလဟာလတွေက ပြောသလိုပဲ ဂိုဏ်းထဲက ခရမ်းရောင်စံအိမ်တော်အဆင့် အကြီးအကဲတစ်ယောက်ယောက်ကများ သက်တမ်းကုန်တော့မှာ အမှန်ပဲလား”
ရှောင်ယွမ်စစ်သည် ကျောပြင်တလျှောက် အေးစိမ့်သွားခဲ့ရသည်။ လီထုန်ယာနှင့် အခြားသူများက သူ့ကို အကြိမ်ကြိမ် ခေါ်လိုက်သည့်အခါမှသာ လက်ရှိအချိန်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အတင်းကြိုးစားပြုံးကာ မေးလိုက်သည်။
“ဘာပြောလိုက်တာလဲ”
လီထုံယာက လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး ထပ်မံပြောလိုက်သည်။
“ကျွန်တော်မေးချင်တာက အင်မော်တယ်ဆရာဆီမှာ အခု စင်ကြယ်မြစ်ချီများ ရှိမလားလို့ပါ။ ကျွန်တော်တို့မှာ စုဆောင်းထားတာလေးတွေရှိလို့ တစ်ပိုင်းစာလောက် ဝယ်ချင်ပါတယ်”
ရှောင်ယွမ်စစ်၏ စိုးရိမ်ပူပန်နေသော မျက်နှာထားနှင့် လျှို့ဝှက်ဆန်းကြယ်လှသော စကားလုံးများကြောင့် လီထုန်ယာတို့ ညီအစ်ကိုနှစ်ဦးစလုံး စိုးရိမ်ထိတ်လန့်လာခဲ့ကြသည်။ သူတို့၏ အနောက်ဘက်ရှိ ယွဲ့တောင်မျိုးနွယ်စုများက အကြိမ်ကြိမ်လှုပ်ရှားနေကြသလို အရှေ့ဘက်ရှိ ကျီမိသားစုကလည်း ကျားချောင်းချောင်းကာ စောင့်ကြည့်နေခဲ့သည်။ လီထုန်ယာအနေဖြင့် ချီကျင့်ကြံခြင်းအဆင့်သို့ အမြန်ဆုံး တက်လှမ်းလိုနေပြီဖြစ်သည်။ အကယ်၍ ထိုစင်ကြယ်မြစ်ချီကို ကိုယ်တိုင်စုဆောင်းရန် ငါးနှစ်ခန့် အချိန်ဖြုန်းရပြီး ချီကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းရန် နောက်ထပ် လေး၊ ငါးနှစ် အချိန်ထပ်ယူရမည်ဆိုပါက အရာအားလုံး နောက်ကျသွားနိုင်ခြေ ရှိပေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုတာအိုကျင့်ကြံသူအဘိုးကြီးကို သတ်ဖြတ်ရာမှ ရတနာပစ္စည်းအချို့ ရရှိခဲ့သည်။ တစ်ခုချင်းစုစည်းကာ ရောင်းချလိုက်မည်ဆိုလျှင် ဝိညာဉ်ကျောက်တုံး သုံး၊ လေးဆယ်ခန့် ရနိုင်မည်ဖြစ်သည်။ ထိုတာအိုကျင့်ကြံသူ အဘိုးကြီး၏ ကျယ်ဝန်းလှသော သိုလှောင်အိတ်ကိုပါ ပေါင်းလိုက်လျှင် နောက်ထပ် ဝိညာဉ်ကျောက်တုံး ၈၀၊ ၉၀ ခန့် ထပ်မံရရှိနိုင်မည်ဖြစ်သည်။ ထိုပမာဏသည် စင်ကြယ်မြစ်ချီကို ဝယ်ယူရန် လုံလောက်သည်ထက် ပိုပေသည်။
“ရှိပါတယ်”
ရှောင်ယွမ်စစ်က ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။ သူက အပြုံးကာ ခါးမှ ကျောက်စိမ်းပုလင်းလေးကို ဖြုတ်လိုက်ပြီး မေးလိုက်သည်။
“ဒီပုလင်းထဲမှာ တစ်ပိုင်းတော့ ကျန်ပါသေးတယ်။ ပုံမှန်ဆိုရင် ဝိညာဉ်ကျောက်တုံး ၅၀ လောက် တန်ဖိုးရှိပါတယ်။ ခင်ဗျားတို့ တတ်နိုင်မလား”
လီထုန်ယာက ခေါင်းညိတ်လိုက်ပြီး လက်ကို တစ်ချက်ဝှေ့ယမ်းကာ သိုလှောင်အိတ်အတွင်းမှ ထိုတာအိုကျင့်ကြံသူအဘိုးကြီး သေဆုံးသွားစဉ်က အရည်ပျော်ကျန်ရစ်ခဲ့သော စိမ်းဖျော့ဖျော့ သတ္တုတုံးကို ထုတ်ယူလိုက်ပြီး ရိုသေစွာ မေးလိုက်သည်။
“ဒီပစ္စည်းလေးကို အကဲဖြတ်ပေးလို့ ရနိုင်မလား”
ရှောင်ယွမ်စစ်က တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျှက် လက်ထဲတွင် နှစ်ချက်မျှ ချိန်တွယ်ကြည့်ကာ စဉ်းစားလိုက်သည်။
“ဒါကတော့ ချီကျင့်ကြံခြင်းအဆင့် ပစ္စည်းဖြစ်တဲ့ အစိမ်းရောင်အစင်းသံမဏိပဲ ဖြစ်ရမယ်။ ဒီအရွယ်အစားလောက်ဆိုရင် ဝိညာဉ်ကျောက်တုံး ၂၀ လောက် တန်ဖိုးရှိပါတယ်”
လီထုန်ယာနှင့် လီရှန်းဖျင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် တာအိုကျင့်ကြံသူ အဘိုးကြီး၏ အိတ်ထဲမှ ဝိညာဉ်ကျောက်တုံး ၂၅ တုံးနှင့် သူတို့မိသားစုက နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဝိညာဉ်ကျောက်တုံး ၅ တုံးကိုပါ ထုတ်ယူလိုက်ပြီး စင်ကြယ်မြစ်ချီနှင့် လဲလှယ်ရန် ထိုဝိညာဉ်ကျောက်တုံးများကို ရှောင်ယွမ်စစ်ထံသို့ ပေးအပ်လိုက်ကြသည်။
တာအိုကျင့်ကြံသူ အဘိုးကြီး၏ သိုလှောင်အိတ်သည် ၁ ကုဗကျန်းခန့်ရှိပြီး ခြံဝင်းငယ်လေးတစ်ခုစာခန့် ရှိသည်ဖြစ်ရာ စစ်ချီရာတွင်ဖြစ်စေ၊ ရိက္ခာသိုလှောင်ရာတွင်ဖြစ်စေ အလွန်တရာ အသုံးဝင်လှသဖြင့် ညီအစ်ကိုနှစ်ဦးစလုံးသည် ၎င်းကို မရောင်းချလိုကြပေ။
(Note. ၁ ကျန်း = ၃.၃ မီတာ)
သူတို့သည် ယခင်က ကြမ်းကြုတ်မီးချီ ထည့်ထားသော ကျောက်စိမ်းပုလင်းကို စင်ကြယ်မြစ်ချီထည့်ရန် အသုံးပြုလိုက်ကြပြီး တာအိုကျင့်ကြံသူ အဘိုးကြီး၏ ကျောက်စိမ်းအညွန့်ဆေးလုံးကို ထုတ်ယူကာ ရှောင်ယွမ်စစ်ကို ပြသလိုက်သည်။ ရှောင်ယွမ်စစ်သည် ၎င်းကို အနံ့ခံကြည့်ပြီး ပြုံးလျှက် မှတ်ချက်ပေးလိုက်သည်။
“ဒါက ချီကျင့်ကြံခြင်းအဆင့်အတွက် တော်တော်ကောင်းတဲ့ ပစ္စည်းပဲ။ အဲဒါက ဝိညာဉ်ကျောက်တုံး ၇ တုံး၊ ၈ တုံးလောက် တန်ဖိုးရှိတယ်”
ညီအစ်ကိုနှစ်ဦးသည် ကျေးဇူးတင်စကား ပြောကြားလိုက်သည်။ ထို့နောက် ရှောင်ယွမ်စစ်နှင့် အနည်းငယ် ထပ်မံစကားပြောဆိုကြပြီးနောက် သူက ထွက်ခွာသွားခဲ့သည်။
လီထုံယာသည် ရှောင်ယွမ်စစ် ခပ်ဝေးဝေးသို့ ပျံသန်းသွားသည့်အခါမှသာ ထိုကျောက်စိမ်းပုလင်းကလေးကို ခပ်သာသာကလေး ဖွင့်ကြည့်လိုက်သည်။ နေရောင်ခြည်အောက်က မြစ်ရေပြင်ပမာ လင်းလက်တောက်ပနေသော စင်ကြယ်မြစ်ချီကိုကြည့်ရင်း သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ချက္ကရာ ၆ ခုသည် မရပ်မနား လှုပ်ရှားလာခဲ့ပြီး ယခုချက်ချင်းပင် ဤမိုးနှင့်မြေ၏ ဝိဉာဉ်ချီကို စုပ်ယူဝါးမြိုပစ်လိုက်ချင်သော ဆန္ဒများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
လီရှန်းဖျင်က ခပ်ဖွဖွပြုံးလိုက်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။
“ဒုတိယအစ်ကိုသာ ချီကျင့်ကြံခြင်းအဆင့်ကို တက်လှမ်းသွားခဲ့ရင် ချီကျင့်ကြံခြင်းအဆင့် နတ်ဆိုးကို နှိမ်နင်းဖို့ကိစ္စကလည်း အဆင်ပြေသွားပြီ။ အဲဒီအခါကျရင် ကျွန်တော်တို့တွေ ကြေးမုံအတွက် ယဇ်ပူဇော်ပွဲလုပ်ပြီး အဆောင်ချီရဲ့စွမ်းရည်တွေကို စမ်းသပ်ကြည့်လို့ ရပြီပေါ့။”
လီထုန်ယာ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှုများကို ဖုံးကွယ်၍မရတော့ပေ။ သူသည် မြစ်ပေါင်းစည်းချီကျင့်စဉ် ကျောက်စိမ်းပြားကို ထုတ်ယူကာ သူ၏နတ်ဘုရားအာရုံဖြင့် အထဲမှ အကြောင်းအရာများကို ဖြည်းညှင်းစွာ ဖတ်ရှုလိုက်တော့သည်။
ဤချီကျင့်ကြံခြင်းအဆင့် မန္တန်များနှင့် ကျင့်စဉ်များသည် အလွန်တရာ ရှည်လျားထွေပြားလွန်းလှသည်။ အကယ်၍ သစ်သားပြားများဖြင့်သာ ရေးထွင်းရမည်ဆိုပါက တောင်တစ်လုံးပမာ ပုံနေပေလိမ့်မည်။ ထို့ကြောင့် ထိုမန္တန်၊ ကျင့်စဉ်များကို နွေးထွေးသော ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည့် ကျောက်စိမ်းပြားများပေါ်တွင် မှတ်တမ်းတင်လေ့ရှိကြသည်။ ထိုသို့ဖြင့် သူတို့၏ နတ်ဘုရားအာရုံကို ထည့်သွင်းလိုက်ရုံမျှဖြင့် အချက်အလက်အားလုံးကို ဖတ်ရှုနိုင်မည်ဖြစ်သည်။
သို့သော်လည်း ဤကျောက်စိမ်းပြားများသည် ပေါ့ပါးပြီး ကွဲကြေလွယ်လှသဖြင့် ကျင့်စဉ်များကို မှတ်တမ်းတင်ရာ၌သာ အသုံးများကြသည်။ အရေးကြီးသော သတင်းစကားများကို ပေးပို့ရာတွင်မူ ပိုမိုခိုင်ခံ့သော ဝိဉာဉ်ပိုးထည်စများကဲ့သို့သော ပစ္စည်းများကိုသာ သုံးစွဲလေ့ရှိကြသည်။
လီထုန်ယာသည် ကျောက်စိမ်းပြားပေါ်ရှိ ကျင့်စဉ်အသေးစိတ်ကို ဂရုတစိုက် ဖတ်ရှုပြီးနောက် စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး လေးနက်စွာ ပြောလိုက်တော့သည်။
“ငါ ရက်နည်းနည်းငယ်လောက် တရားထိုင်ပြီးရင် တံခါးပိတ်ကျင့်ကြံပြီး ချီကျင့်ကြံခြင်းအဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်ပြီ!”