အခန်း ၈၄
Vol. 9 Ch. 84
အခန်း - (၈၄) သားရဲကို သတ်ဖြတ်ခြင်း
ငါးနှစ်တာ ကာလသည် သစ်ကိုင်းဖျားကို ဖြတ်ပျံသွားသော မြှားတစ်စင်းပမာ လျှင်မြန်လှပေသည်။ လီကျင်းရွာသည် ယခုအခါ လီကျင်းမြို့အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လျို၊ ချန်၊ ရွှီ၊ ရန် အစရှိသည့် မိသားစုကြီးများအားလုံးသည် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို လီကျင်းမြို့အတွင်းသို့ ပြောင်းရွှေ့အခြေစိုက်လာကြသည်။ အထက်လူကြီးများ ပြောစကားအရမူ အင်မော်တယ်တောင်နှင့် နီးကပ်စွာ နေထိုင်ခွင့်ရသည်မှာ ဆုလာဘ်တစ်ခုဖြစ်ပြီး ကြီးမားလှသော ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်ပေသည်။
ယခုအခါ နှုတ်ခမ်းမွေး ရေးရေးလေးများ ထွက်နေပြီဖြစ်သော လီရွှမ်ရွှမ်သည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ စိမ်းပြာအဆီအနှစ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လီရှန်းဖျင်က သူ့ကို ကလန်ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ ဤလူငယ်လေး၏ မျက်နှာပေါ်တွင် ယခင်က နူးညံ့ပျော့ပျောင်းမှုများ ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါ ရင့်ကျက်တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေသဖြင့် လီကလန်၏ လူငယ်မျိုးဆက်များအားလုံး သူ့ကိုမြင်လျှင် ကြောက်ရွံ့ကာ ရိုသေခန့်ညားကြရသည်။
သို့သော်လည်း လီကျင်းမြို့အတွင်း ပြောစမှတ်အဖြစ်ဆုံးမှာ အသက် ၁၂ နှစ်အရွယ်သာ ရှိသေးသော လီရွှမ်ဖုန်းပင်ဖြစ်သည်။ လူတိုင်းသည် ထိုကလေးအကြောင်းကို ပြောဆိုရာတွင် သူသည် လေ့ကျင့်ရေးကွင်းအတွင်း ရူးသွပ်နေသလို ဟားတိုက်ရယ်မောလျှက် လေး ၆ စင်းကို တစ်စင်းပြီးတစ်စင်း အားပြင်းစွာ ဆွဲချိုးပစ်ခဲ့ပြီး ကျိုးပဲ့သွားသော လေးလက်တံများကို ကွင်းပြင်ပသို့ ပစ်ပေါက်ကာ “နောက်တစ်စင်း!” ဟု အော်ဟစ်ခဲ့ပုံကို ပြောစမှတ်တွင်နေကြဆဲ ဖြစ်သည်။
လီရွှမ်ဖုန်းသည် ဘေးပတ်ပတ်လည်ရှိ ကလန်စစ်သည်များ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ခေါင်းကိုမော့လျှက်သာ အားရပါးရ ဟားတိုက်ရယ်မောနေခဲ့သည်။ ပြောရမည်ဆိုလျှင် ဤကလေးသည် မွေးရာပါ အရိုင်းဆန်ပြီး ဇွတ်တရွတ်နိုင်လွန်းသူဖြစ်ရာ လေးကြိုးကို ဆွဲလိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်တွင် သူမပစ်ခတ်နိုင်သော ငှက် သို့မဟုတ် သားရဲဟူ၍ မရှိချေ။
နောက်ဆုံးတွင် လီထုန်ယာသည် မချိပြုံးပြုံးကာ တိမ်သရဖူတောင်ထွဋ်ဆီမှ ခိုင်ခံ့ပြီး မည်းနက်တောင်ပြောင်နေသော လေးရှည်တစ်စင်းကို ရှာဖွေပေးခဲ့ရသည်။ ထိုလေးသည် အလွန်တရာ တောင့်တင်းခိုင်မာလွန်းသည်ကလွဲ၍ အခြားထူးခြားချက် မရှိသော်လည်း လီရွှမ်ဖုန်းအတွက်မူ သူ့စိတ်ကြိုက် ပစ်ခတ်နိုင်ရန်အတွက် လုံလောက်ပေသည်။
မေချယ်မြစ်ကမ်းဘေးတွင်။
“အစ်ကိုရွှမ်းဖုန်း... ဘာလုပ်နေတာလဲ”
အသက် ၁၀ နှစ်ကျော်အရွယ်သာ ရှိသေးသော လီရွှမ်လင်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ဝိညာဉ်အပေါက် မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသော်လည်း လီထုန်ယာ၏ သားကြီးဖြစ်သလို တစ်ဦးတည်းသောသားလည်းဖြစ်ရာ ဂမ္ဘီရအဆောင်မျိုးစေ့ကို သဘာဝကျစွာပင် ဆက်ခံရရှိခဲ့သည်။ ယခုအခါ သူသည် မျက်နှာငယ်ကလေးဖြင့် လီရွှမ်ဖုန်း၏နောက်မှ လိုက်ပါလာရင်း လီရွှမ်ဖုန်းတစ်ယောက် ကျောက်တုံးကြီး၏ နောက်ကွယ်မှနေ၍ ဟိုဟိုဒီဒီ ချောင်းကြည့်နေသည်ကို မြင်လိုက်ရသဖြင့် လေသံတိုးတိုးဖြင့် မေးလိုက်ခြင်းဖြစ်သည်။
“ကြည့်စမ်း!”
လီရွှမ်ဖုန်းက မသမာသောအပြုံးမျိုးဖြင့် လီရွှမ်လင်ကို ရှေ့သို့ ဆတ်ခနဲ တွန်းထုတ်လိုက်ရာ ထိုကောင်လေးသည် ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့တိုးသွားမိခဲ့ပြီး ချက်ချင်းပင် မြစ်ရေပြင်အတွင်း၌ ရေချိုးနေသော အမျိုးသမီးတစ်ဦး၏ ပြည့်ပြည့်ဖြိုးဖြိုး ပုခုံးသားများနှင့် လုံးလုံးဝိုင်းဝိုင်း တင်ပါးကို မြင်တွေ့လိုက်ရတော့သည်။ လီရွှမ်လင်သည် အထိတ်တလန့်ဖြင့် ကပျာကယာပင် ပါးစပ်ကိုပိတ်ကာ နောက်သို့ ဆုတ်ပြေးခဲ့ရပြီး လီရွှမ်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“လီရွှမ်ဖုန်း၊ ခင်ဗျားက တကယ့်ကို ယုတ်မာတာပဲ!”
လီရွှမ်ဖုန်းသည် လီရွှမ်လင်၏ နီမြန်းနေသော မျက်နှာလေးကိုကြည့်ရင်း တခစ်ခစ်ရယ်မောကာ တိုးတိုးလေး မေးလိုက်သည်။
“ဘယ်လိုလဲ မိုက်တယ်မလား”
“မမိုက်ပါဘူး”
လီရွှမ်ဖုန်းသည် လီရွှမ်လင်ထံမှ ချီးမွမ်းစကားကို ကြားချင်သော်လည်း ထိုစကားကြောင့် အတော်လေးစိတ်ပျက်သွားခဲ့ရသည်။ သူသည် ၎င်း၏တင်ပါးကို ဖြန်းခနဲ ရိုက်လိုက်ရင်း မကျေမနပ် ရေရွတ်လိုက်တော့သည်။
“မင်းလိုကလေးက ဘာသိမှာလဲ”
“လီရွှမ်ဖုန်း… ခင်ဗျားက အတော်လေး အလုပ်မရှိဘဲ အားယားနေတာပဲ”
လီရွှမ်လင်က ခေါင်းခါလိုက်ပြီး ငယ်ရွယ်သော်လည်း တည်ကြည်သောမျက်နှာထားဖြင့် မေးလိုက်သည်။
“ခင်ဗျား ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ တတိယအဆင့်ကို ရောက်ပြီလား”
လီရွှမ်ဖုန်းက ရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ငါက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ စတုတ္ထအဆင့်ကိုတောင် ရောက်နေပြီ”
လီရွှမ်လင်သည် ချက်ချင်းပင် ဆွံ့အသွားခဲ့ရပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် မေးလိုက်သည်။
“ခင်ဗျားက အစ်ကိုရွှမ်အာကိုတောင် မှီသွားပြီလား”
လီရွှမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်လိုက်ပြီး အပြုံးမပျက်ဘဲ အတည်ပြုလိုက်သည်။
“ဒါပေါ့ကွ… ဒါလေးကို ကြည့်လိုက်”
သူသည် ကျောရှိ မည်းနက်တောက်ပြောင်နေသာ လေးကြီးကို ဆွဲထုတ်လိုက်ပြီး ဘယ်ဘက်ခြေထောက်ကို ကျောက်တုံးကြီးပေါ်သို့နင်းကာ လေးကြိုးကို တင်းကျပ်စွာ ဆွဲလိုက်တော့သည်။ ထိုခိုက်တွင် သူ၏ကိုယ်ပေါ်ရှိ အရှိန်အဝါအားလုံးသည် လုံးဝ ကွဲပြားသွားခဲ့ပြီး နဂိုမူလက ပေါ့ပျက်ပျက်နိုင်လှသော ဟန်ပန်များ လုံးဝပျောက်ကွယ်သွားကာ အရိုးထဲအထိ စိမ့်ဝင်သွားစေမည့် ထက်ရှသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ရာ ဘေးနားရှိ လီရွှမ်လင်သည်ပင် မသိလိုက်ဘဲ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့ရသည်။
လီရွှမ်ဖုန်းက ပြုံးကာ လေးကို လီရွှမ်လင်ဆီသို့ ဖြည်းညှင်းစွာ ချိန်ရွယ်လိုက်သည်။ လေးကြိုးပေါ်တွင် မြှားတစ်စင်းမျှ မရှိသော်လည်း လီရွှမ်လင်သည် ချက်ချင်းပင် ကြက်သီးများ ဖျန်းခနဲ ထသွားခဲ့ရသည်။ သူသည် သူ၏မျက်နှာပေါ်တွင် ပြင်းထန်လှသော လေအေးများ ဖြတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရကာ နားထဲ၌လည်း တဝီဝီအသံများ ဆူညံသွားခဲ့ရသည်။
“အံ့ဩစရာကောင်းလိုက်တာ”
လီရွှမ်လင်သည် တံတွေးကို မြိုချလိုက်ပြီး လီရွှမ်ဖုန်း၏ လေးရှေ့မှ ဖြည်းညှင်းစွာ နေရာရွှေ့လိုက်သည်။ လီရွှမ်ဖုန်းကမူ လေးကို တည်ငြိမ်စွာ ဆက်လက်ချိန်ရွယ်ထားခဲ့ပြီး သူ၏ကိုယ်ပေါ်မှ ထက်ရှသော အရှိန်အဝါများသည် တစ်လွှာပြီးတစ်လွှာ မြင့်တက်လာခဲ့ရာ ပတ်ဝန်းကျင်ရှိ ချုံပုတ်များအားလုံး တုန်ခါသွားသည့်အထိပင် ဖြစ်သည်။
လီရွှမ်လင်သည် မျက်လုံးများ ပြူးကျယ်ကာ စိုက်ကြည့်နေစဉ် လီရွှမ်ဖုန်း၏ ခါးကြားရှိ မြှားအိမ်က လှုပ်ခါသွားသည်ကို မြင်လိုက်ရသည်။ သူသည် မျက်လုံးများကို အလျှင်အမြန်ပွတ်သပ်လိုက်ပြီး သေသေချာချာ ပြန်ကြည့်လိုက်သောအခါ မြှားအိမ်အတွင်းရှိ မြှားများအားလုံးသည် တစ်စုံတစ်ခုကို စောင့်မျှော်နေသည့်အလား တစ်ချောင်းမကျန် တုန်ခါနေကြသည်ကို တွေ့လိုက်ရသည်။
“ပစ်!”
လီရွှမ်ဖုန်းသည် ရုတ်တရက် လေးကြိုးကို လွှတ်လိုက်ရာ ခြေလှမ်း ဆယ်လှမ်းကျော်မျှအကွာရှိ သစ်ပင်ကြီးတစ်ပင်သည် ဗုန်းခနဲအကြံကြီးဖြင့် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပြီး သစ်သားစများ နေရာအနှံ့သို့ ပျံ့ကြဲသွားခဲ့သည်။ သစ်ပင်ကြီး၏ ပင်စည်ပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အချိန်အနည်းငယ်မျှ ကြာပြီးနောက် ထိုသစ်ပင်ကြီးသည် တိမ်းစောင်းကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားခဲ့ရာ တောအုပ်အတွင်းရှိ ကျေးငှက်များအားလုံး လန့်ဖျတ်ကာ ပျံသန်းသွားကြတော့သည်။
“အစ်ကို…”
လီရွှမ်လင်သည် ကြောင်အကာ ငေးကြည့်နေမိရင်း တိုးညှင်းစွာ မေးလိုက်သည်။
“အစ်ကိုက အခု ချီကျင့်ကြံခြင်းအဆင့် ရောက်သွားပြီလား”
“ဘာတွေ လျှောက်တွေးနေတာလဲ!”
လီရွှမ်ဖုန်းသည်လည်း အမောတကော အသက်ရှူလိုက်ရပြီး မျက်နှာကလေး အနည်းငယ်နီမြန်းသွားခဲ့ပြီး ပြုံးကာ ပြောလိုက်သည်။
“ဒါက ငါ့ဘာသာ ဖန်တီးထားတဲ့ လေးအတတ်ပဲ။ လက်ဖဝါးထဲက ဝိညာဉ်အပေါက်ကို အသုံးချပြီးတော့ လေးကိုဆွဲလိုက်တဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ မြှားဆန္ဒနဲ့ ပေါင်းစပ်လိုက်တာ။ အဲဒါက သိပ်တော့ မခက်ပါဘူး။”
လီရွှမ်လင်ကမူ တိတ်ဆိတ်စွာ ခေါင်းခါလိုက်မိသည်။ သို့သော် ထိုစဉ် လီရွှမ်ဖုန်း၏ မျက်နှာပေါ်တွင် ရှက်ရွံ့ဟန်များ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။ လီရွှမ်ဖုန်းသည် လီရွှမ်လင်၏လက်ကိုဆွဲကာ တစ်ဟုန်ထိုး အဝေးသို့ ထွက်ပြေးသွားခဲ့ပြီး တစ်ချက်တည်းနှင့်ပင် ဆယ်မီတာခန့်အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။
“ဒီလူယုတ်မာလေးတွေ အိုကြီးအိုမ ရေချိုးနေတာကို လာချောင်းကြည့်နေကြတယ်!”
အနောက်ဆီမှ စူးစူးဝါးဝါး အော်ဟစ်ဆဲရေးသံကြီးကို ကြားလိုက်ရသဖြင့် လီရွှမ်လင်၏ မျက်နှာကလေးသည် ချက်ချင်းပင် ဖြူလျော်သွားခဲ့ရပြီး ထိတ်လန့်တကြားဖြင့် ခြေထောက်များကို ပိုမိုအားစိုက်ကာ ပြေးလိုက်ရင်း လွှတ်ခနဲအော်ဟစ်လိုက်သည်။
“အဲဒါ ရွာဦးထိပ်မှာနေတဲ့ ဒေါ်လေးရွှီမဟုတ်လား။ လီရွှမ်းဖုန်း! ခင်… ခင်… ခင်ဗျားကတော့…”
လီရွှမ်းဖုန်းက အနေရခက်စွာ ရယ်မောလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ငါက သိချင်ရုံတင်ပါကွာ…”
xxxxxxxxxxx
လရှုစားကန်ပေါ်တွင်…
လီထုန်ယာသည် ကန်ရေပြင်ကို ခပ်ဖွဖွနင်းကာ လေထဲမှနေ၍ တစ်လှမ်းချင်း လှမ်းလိုက်သည်။
ကြည်လင်တောက်ပသော မြစ်အဆီအနှစ်စွမ်းအင်များသည် သူ၏လက်ထဲရှိ မီးခိုးဖျော့ရောင် ဓားရှည်မှတစ်ဆင့် စီးဆင်းလာခဲ့ပြီး လှိုင်းထနေသော ဓားအရှိန်အဝါများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် ရေမျက်နှာပြင်ပေါ်တွင် တည်ငြိမ်စွာရပ်ကာ ရေပြင်အောက်၌ လှည့်ပတ်နေသော အကြေးခွံပါသည့် သားရဲကြီးကို ငုံ့ကြည့်လိုက်ရင်း လက်ဟန်အချို့ကို ပြုလုပ်လိုက်သည်။
ရဲရဲတောက်နေသော သွေးများသည် ရေကန်အတွင်း ဖြည်းညှင်းစွာ ပျံ့နှံ့သွားခဲ့သည်။ မြစ်သားရဲကြီးသည် မခံမရပ်နိုင်ဖြစ်လာခဲ့သည်။ ရေပြင်ထက်တွင် ဝိဉာဉ်အလင်းတန်းများ လင်းလက်လာခဲ့ကာ ကြည်လင်နေသော လေဓား ဒါဇင်ပေါင်းများစွာသည် လေထုကို ဖြတ်သန်းသွားပြီး လီထုန်ယာထံသို့ တဟုန်ထိုး ပျံသန်းလာခဲ့သည်။
လီထုန်ယာသည် ရှေ့သို့ တစ်လှမ်းတိုးကာ မြစ်သားရဲကြီး၏ တိုက်ခိုက်မှု အများစုကို လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။ သူ၏ကိုယ်ပတ်ပတ်လည်တွင် ရေအလင်းတန်းများ လင်းလက်သွားခဲ့ပြီး ကွေ့ကောက်၍ ပျံသန်းလာသော လေဓားနှစ်စင်းကို အောင်မြင်စွာ ကာကွယ်လိုက်သည်။
သူက စိတ်ထဲမှနေ၍ တွေးလိုက်မိသည်။
“ဒီ မြစ်ပေါင်းစည်းချီကျင့်စဉ်ရဲ့ စင်ကြယ်ချီဒိုင်းက တော်တော်လေး မာကျောသားပဲ။ ဒီမြစ်သားရဲက ဘာကျင့်စဉ်ကိုမှ သိပုံမရဘူး။ သူက သူ့ရဲ့မန္နာစွမ်းအင်တွေကိုပဲ အရမ်းကာရော သုံးနေတာ။ သူက မန္နာစွမ်းအင်တွေကို အများကြီး သုံးလိုက်ရပေမဲ့ ငါ့ရဲ့ဒိုင်းကိုတော့ အခုထိ မဖျက်ဆီးနိုင်သေးဘူး။”
ဤမြစ်မိကျောင်းသည် မည်သည့် အမွေအနှစ်မှ ရရှိထားခြင်း မရှိပေ။ ၎င်းသည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ အထွဋ်အထိပ်သို့ ရောက်သည်အထိ ဘာမှမသိဘဲ ကျင့်ကြံလာခဲ့ခြင်းဖြစ်သည်။ ထိုသားရဲသည် အသေးစားစင်ကြယ်ဝိညာဉ်ချီကို ရရှိပြီး ချီကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိစေရန် နှစ်ပေါင်းမည်မျှကြာအောင် ကျင့်ကြံခဲ့ရသည်ကို မည်သူမျှ မသိနိုင်ခဲ့ပေ။
မြစ်မိကျောင်းသည် ၎င်း၏တိုက်ခိုက်မှုက ထိရောက်မှုမရှိသည်ကို မြင်သောအခါ အလျှင်အမြန်ပင် ရေထဲသို့ ငုပ်လျှိုးသွားခဲ့ပြီး ရေစီးကြောင်းကို ဆန့်ကျင်ကာ မြစ်အထက်ပိုင်းဆီသို့ ပြေးလေတော့သည်။ လီထုန်ယာကလည်း သေချာပေါက်ပင် နောက်မှ ကပ်လျှက် လိုက်ပါသွားခဲ့သည်။
လီထုန်ယာသည် လွန်ခဲ့သော ၂ နှစ်က ချီကျင့်ကြံခြင်းအဆင့်၏ ပထမမြောက် ကောင်းကင်ဘုံအလွှာအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူသည် ကြေးမုံဆီသို့ ယဇ်ပူဇော်ရန် ချီကျင့်ကြံခြင်းအဆင့်ရှိသော နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားခဲ့သည်။ သူသည်
တောင်များပေါ်တွင် တစ်နှစ်ကျော်ကြာ ရှာဖွေပြီးနောက်တွင် သူရှာတွေ့ခဲ့သော နတ်ဆိုးများသည် မြေခွေးများကဲ့သို့ ပါးနပ်လျှင်ပါးနပ် သို့မဟုတ်လျှင် အလွန်အမင်းအစွမ်းထက်ကြသည်။ ထို့ကြောင့် ဤတုံးအသော မြစ်မိကျောင်းကို တွေ့ရှိလိုက်သောအခါ ၎င်းကို အလွယ်တကူ လွတ်မြောက်သွားစေရန် သူခွင့်မပြုနိုင်ခဲ့ပေ။
သူသည် ချီကျင့်ကြံခြင်းအဆင့် ဖြစ်သောကြောင့် လေပေါ်တွင် လမ်းလျှောက်ကာ ပျံသန်းနိုင်သော်လည်း လွန်းပျံယာဉ်မရှိသော သူ၏အရှိန်က အလွန်အမင်းမြန်ဆန်ခြင်း မရှိပေ။ သူ့အရှိန်သည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်း အထွဋ်အထိပ်အဆင့်တစ်ယောက် အားကုန်ပြေးသည်ထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်သာ ပိုမိုမြန်ဆန်ပေသည်။ သို့သော်လည်း ဤမြစ်မိကျောင်းသည် ယခင်က သူ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားသည်ဖြစ်ရာ ဝေးဝေးသို့ မပြေးနိုင်တော့ပေ။
နက်ရှိုင်းဒီရေဓားသိုင်းသည် မြစ်ပေါင်းစည်းချီကျင့်စဉ်နှင့် အလွန်ပင်လိုက်ဖက်လှသဖြင့် ဓားချက်ဝှေ့ယမ်းလိုက်တိုင်း ထွက်ပေါ်လာသော ဓားစွမ်းအင်များသည် အလိုလိုပင် ၁၀ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့် ပိုမိုအစွမ်းထက်လာခဲ့သည်ဖြစ်ရာ လီထုန်ယာကို အလွန်တရာ ဝမ်းမြောက်သွားစေခဲ့သည်။ ဖျော့တော့သော ဓားချီ ၂ခုသည် မြစ်မိကျောင်း၏ ကျောပြင်ပေါ်သို့ ထိမှန်သွားခဲ့ရာ ၎င်းသည် နာကျင်လွန်း၍ လူးလှိမ့်နေရတော့သည်။
လီထုန်ယာသည် ထိုမြစ်မိကျောင်းကြီးက သေခါနီးအချိန်တွင် နောက်ဆုံးအကြိမ် တန်ပြန်တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် ၎င်း၏နောက်မှ အကွာအဝေးတစ်ခုကို ထိန်းသိမ်းကာ လိုက်ပါလာရင်း မကြာခဏ ဓားဖြင့်ခုတ်ပိုင်းကာ မိကျောင်းကြီး၏ အားအင်များကို တစတစ ကုန်ဆုံးသွားစေခဲ့သည်။
နောက်ဆုံးတွင် ထိုမိကျောင်းကြီးသည် ဆက်လက်မတောင့်ခံနိုင်တော့ပေ။ ၎င်းသည် ဒေါသတကြီး အော်မြည်ကာ ရေပြင်အောက်မှ ဝုန်းခနဲ ထွက်ပေါ်လာခဲ့ပြီး ရေလှိုင်းများကို အရပ်ရပ်သို့ ပန်းထွက်သွားစေခဲ့ကာ လီထုန်ယာကို ခုန်အုပ်ဝါးမြိုရန် တဟုန်ထိုး ပြေးဝင်လာခဲ့သည်။ လီထုန်ယာသည် ထိုနတ်ဆိုး၏ ကျောပြင်ကို လက်ပြန်ဖြင့် ခုတ်ပိုင်းလိုက်ပြီးနောက် အလျှင်အမြန်ပင် နောက်သို့ ထပ်မံဆုတ်ခွာလိုက်ကွာ အကွာအဝေးကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး အဝေးမှနေ၍ အကြိမ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။
တစ်နာရီခန့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် မြစ်မိကျောင်းကြီးသည် လုံးဝ အားအင်ကုန်ခမ်းသွားကာ မြစ်ကမ်းဘေးတွင် ပျော့ခွေသွားခဲ့ရတော့သည်။ လီထုန်ယာသည် ဤသားရဲကြီးကို သတ်ဖြတ်ရမည့်အစား မြစ်အဆီအနှစ်စွမ်းအင်များကို ၎င်း၏ကိုယ်တွင်းသို့ ထည့်သွင်းပေးလိုက်ပြီး ထိုနတ်ဆိုးသားရဲကြီး မတော်တဆ မသေဆုံးသွားစေရန်အတွက် ၎င်း၏ အသက်စွမ်းအင်နှင့် ကျင့်ကြံခြင်းများကို ချိတ်ပိတ်လိုက်တော့သည်။
လီထုန်ယာသည် မြစ်မိကျောင်းကြီး၏ အသက်ဘေးအတွက် စိုးရိမ်စရာမရှိတော့ကြောင်း အတည်ပြုပြီးသည့်အခါမှသာ ၎င်း၏အမြီးဖျားကို ကိုင်လိုက်ပြီး ဧရာမ ကျောက်တောင်ကြီးတစ်လုံးကို တရွတ်တိုက် ဆွဲလာသည့်အလား ထိုနတ်ဆိုးသားရဲကြီးကို ဆွဲလျှက် ရွာဆီသို့ ပြန်လာခဲ့တော့သည်။