အခန်း ၈၅
Vol. 9 Ch. 85
အခန်း - (၈၅) သေခြင်းတရားကိုရှောင်တိမ်း၊ အသက်ရှည်စေ
လီထုန်ယာသည် မြစ်မိကျောင်းကြီးကို လီကျင်းရွာဆီသို့ တစ်လမ်းလုံး တရွတ်တိုက် ဆွဲခေါ်လာခဲ့သည်။ ရွာသို့ရောက်လာသည်နှင့် ရွာသားများက လွှဲပြောင်းယူလိုက်ကြတော့သည်။ လီကလန်၏ ယဇ်ပူဇော်ခြင်းအခမ်းအနားကို လွန်ခဲ့သော လများကတည်းက ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လိုအပ်သော ပစ္စည်းများအားလုံး အသင့်ဖြစ်နေပြီဖြစ်ကာ ပြင်ဆင်မှုလုပ်ငန်းစဉ်များမှာလည်း ပြီးစီးခါနီးနေပြီဖြစ်ပြီး လီကလန်၏ ပင်မမျိုးနွယ် တိုက်ရိုက်မျိုးဆက်များက အမိန့်ပေးလိုက်သည်နှင့် စတင်နိုင်ပြီဖြစ်သည်။
“ပူဇော်ပစ္စည်းများ ပြည့်စုံပြီဖြစ်ပါသဖြင့် ယဇ်ပူဇော်ပွဲ စတင်နိုင်ပါပြီ”
လီမိသားစုဝင်အားလုံး ရောက်ရှိနေကြပြီဖြစ်သည်။ ပင်မမျိုးနွယ်မှ လူများသည် ယဇ်ပူဇော်ရာ စက်ဝိုင်းပုံစင်မြင့်ပေါ်တွင် ရပ်နေကြပြီး အရန်မျိုးနွယ်မှ လူများသည် စင်မြင့်အောက်တွင် ရပ်နေကြကာ မျိုးနွယ်ခွဲများမှ လူများကမူ စင်မြင့်ပတ်လည်ရှိ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။
လက်ရှိ လီမိသားစုခေါင်းဆောင်ဖြစ်သူ လီရှန်းဖျင်သည် ယဇ်ပလ္လင်အရှေ့ ပထမအဆင့် စင်မြင့်ပေါ်တွင် ရပ်နေပြီး လီထုန်ယာမှာမူ သူ၏အနောက် ခြေတစ်လှမ်းစာအကွာတွင် ရပ်နေခဲ့သည်။ ယခုလောလောဆယ် တောင်ဘက်နယ်စပ်ဆီသို့ ရောက်ရှိနေသော လီချယ်ကျင်းကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ဤလူသုံးဦးသည် လီကလန်ကို အဓိကဦးဆောင်မောင်းနှင်နေသည့် ဒုတိယမျိုးဆက်များပင် ဖြစ်ကြတော့သည်။
ထိုစင်မြင့်၏ အောက်တစ်ဆင့်တွင်မူ ကလန်ခေါင်းဆောင်ဖြစ်သူ လီရွှမ်ရွှမ်က အရှေ့ဆုံးတွင် ရပ်နေခဲ့ပြီး သူ၏အနောက်တွင် လီရွှမ်ဖုန်းနှင့် လီရွှမ်လင်တို့ ရပ်နေကြသည်။
အရှေ့ပိုင်း လုပ်ထုံးလုပ်နည်းပေါင်း တစ်ဒါဇင်ကျော်ခန့်သည် အလွန်တရာ ရှုပ်ထွေးပြီး ကြာမြင့်လွန်းလှပေသည်။ နောက်ဆုံးတွင် လီရှန်းဖျင်သည် အမွှေးနံ့သာတိုင်များကို ယဇ်ပုလ္လင်ပေါ်တွင် ထွန်းညှိလိုက်ပြီး ယဇ်ပူဇော်ခြင်းအစီအရင်အတိုင်း လက်ဟန်များကို ကျွမ်းကျင်စွာ ဖော်ဆောင်ကာ ကြေးမုံနှင့် ဆက်သွယ်လိုက်သည့်အခါမှသာ လုကျန်းရှန်းသည် တဖြည်းဖြည်းချင်း နိုးထလာခဲ့တော့သည်။
“လီကျင်းက လီမိသားစုသည် နှစ်စဉ်နှစ်တိုင်း မယိမ်းယိုင်သောဆည်းကပ်မှုနဲ့အတူ လေးစားမှု၊ ကောင်းမွန်သောအစားအသောက်များနှင့် ဝိုင်များကို ပူဇော်ပါသည်… လီတောင်၏ မြောက်ဘက်သွေးကြောတွင်နေထိုင်ပြီး နွေဦးတွင်ပျိုးကြဲသည်။ နွေရာသီတစ်လျှောက်လုံး ဂျုံပင်များကို ပြုစုပျိုးထောင်သည်။ ဆောင်းဦးတွင် ရိတ်သိမ်းသည်။ ပြီးတော့ လယ်ကွင်းများကိုကာကွယ်ရန်အတွက် ဆောင်းရာသီတွင် နတ်ဆိုးများကို သုတ်သင်ရှင်းလင်းသည်။ ယွမ်ပွဲတော်သုံးခုနဲ့ ပုံမှန်ပွဲတော်ခြောက်ခုကို စောင့်ထိန်းပြီး လေးစားမှုကိုထိန်းသိမ်းကာ အချိန်မီဂါရဝပြုဖို့ သေချာလုပ်ဆောင်ပါသည်။ ပူဇော်သက္ကာများ၏ မီးခိုးငွေ့များနှင့် ယဇ်ကောင်၏သွေးများကနေတစ်ဆင့် ကျွန်ုပ်တို့သည် နတ်ဘုရားများကိုဆင့်ခေါ်ပြီး ကောင်းချီးများကို တောင်းခံအပ်ပါသည်”
လီရှန်းဖျင် ထိုစကားလုံးများကို ရွတ်ဆိုပြီးသည်နှင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်က သူ၏လက်ထဲရှိ ယဇ်ပူဇော်ခြင်းဓားဖြင့် စင်မြင့်အလယ်ရှိ မြစ်မိကျောင်းကြီး၏ ဦးခေါင်းထဲသို့ တည့်တည့်မတ်မတ် ထိုးသွင်းလိုက်တော့သည်။ ထိုသတ္တဝါသည် မူလကတည်းက အသက်ငင်နေခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ခြေလက်လေးဖက်နှင့် မရီဒျန်များ အားလုံးကိုလည်း မြစ်အဆီအနှစ်စွမ်းအင်ဖြင့် ပိတ်ဆို့ခံထားရသည်ဖြစ်ရာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့တော့သည်။
လုကျန်းရှန်း၏ နတ်ဘုရားအာရုံ၏ လမ်းညွှန်မှုအောက်တွင် မြစ်မိကျောင်းကြီး၏ ကိုယ်ပေါ်မှ အသက်စောင့်စွမ်းအင်များသည် တစ်မျှင်ပြီးတစ်မျှင် စုစည်းလာခဲ့ပြီး လွင့်ပျယ်နေသော ဝိညာဉ်နှင့်အတူ ပေါင်းစပ်ကာ ယဇ်ပူဇော်ခြင်းဓားချက်ကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာမှတစ်ဆင့် မီးခိုးတန်းတစ်ခုကဲ့သို့ စီးထွက်လာခဲ့သည်။
လူအများ မမြင်နိုင်သော ဆန်းကြယ်လောကအတွင်းဝယ် အောက်တွင် ရှိနေကြသော လူတိုင်း၏ ကိုယ်ပေါ်မှ ဖျော့တော့သော ရွှေရောင်မီးခိုးတန်းကလေးများ စီးထွက်လာခဲ့ပြီး ပျံလွှားငှက်ကလေးများ အသိုက်သို့ ပြန်လာကြသည့်အလား ထိုမီးခိုးတန်းကြီးအတွင်းသို့ ပေါင်းစည်းသွားခဲ့ကြကာ ၎င်းကို ရွှေရောင်ဖျော့ဖျော့ သန်းသွားစေခဲ့သည်။
ထိုမီးခိုးတန်းသည် ခဏအကြာမျှ လွင့်ပျံတက်သွားပြီးနောက် သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော မရေမတွက်နိုင်သည့် မီးခိုးရောင် အလင်းစက်ကလေးများအဖြစ် ပျံ့ကြဲသွားခဲ့ကာ လီကျင်းတောင်ဆီသို့ တရွေ့ရွေ့ စီးဆင်းသွားကြတော့သည်။
လုကျန်းရှန်းသည် ထိုချီများအားလုံးကို စုစည်းလိုက်ပြီး မီးခိုးရောင်အဆောင်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။ သူသည် ထိုအဆောင်ကို ချီးမြှင့်ရန် ပြင်လိုက်စဉ် ရပ်တန့်၍မရနိုင်သော ပြင်းထန်လှသော ဆွဲအားတစ်ခု ပေါ်လာခဲ့ပြီး ထောင်သောင်းမကသော တောင်တန်းနှင့် မြစ်ချောင်းများကို ဖြတ်သန်းကာ သူ့နှင့်ဆက်သွယ်ရန် ကြိုးပမ်းလာခဲ့သည်။
သူ၏စိတ်ထဲတွင် ထိုတာအိုကျင့်ကြံသူအဘိုးကြီး၏ ကျောက်စိမ်းဆွဲသီးကို ရုတ်တရက် သတိရလိုက်မိသည်။ လုကျန်းရှန်းသည် ထိတ်လန့်သွားခဲ့ပြီး သူ၏အရှိန်အဝါအားလုံးကို ကပျာကယာ ဖိနှိပ်လိုက်ပြီး ဆက်သွယ်မှုကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်ကာ သူ၏ နတ်ဘုရားအာရုံကိုပါ ကြေးမုံအတွင်းသို့ ပြန်လည်ဆွဲသွင်းလိုက်တော့သည်။
ထိုအရှိန်အဝါသည် တဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ပြီး ပတ်ဝန်းကျင်၌ အတန်ကြာ လှည့်ပတ်နေပြီးနောက် နောက်ဆုံးတွင်မူ စိတ်မပါလက်မပါ တုံ့ဆိုင်းစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရတော့သည်။
xxxxxxxxxx
ရွှေရောင်ငှက်မွေးဂိုဏ်း။
ရွှေရောင်ငှက်မွေးဂိုဏ်းသည် စိမ်းပြာရေအိုင်ဂိုဏ်း၊ ကျင့်ကြံခြင်းလွန်မြောက်ဂိုဏ်း တို့နှင့်အတူ ယွဲ့ပြည်နယ်၏ ဂိုဏ်းကြီး ၃ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။ ဂိုဏ်းသားအများစုသည် မှော်ကိရိယာများကို စွမ်းအားဖြင့် စေခိုင်းရာ၌ အလွန်တရာ ကျွမ်းကျင်ကြသည်။ ဂိုဏ်းအတွင်းရှိ ပင်မတောင်ထွဋ်ကြီးကို ရွှေရောင်ငှက်မွှေးတောင်ထွဋ်ဟုခေါ်ပြီး တောင်ထွဋ်ထက်တွင် တောက်ပစွာ ထွန်းလင်းနေသော အဆောင်တစ်ခုကို ချိတ်ဆွဲထားသည်။ ကောလာဟလများအရ ထိုအဆောင်အတွင်း၌ နတ်ဆိုးများနှင့် မိစ္ဆာများကို ဖိနှိပ်ရန်အတွက် နေမင်း၏ အမြုတေ ၆ ပါးကို ချိတ်ပိတ်ထားသည်ဟု ဆိုကြသည်။
ရွှေရောင်ငှက်မွှေးတောင်ထွဋ်၏ အမြင့်ဆုံးနေရာတွင်မူ လှိုဏ်ဂူတစ်ခုရှိပြီး ထိုနေရာတွင် ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူများ တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေလေ့ ရှိကြသည်။ ထိုလိုဏ်ဂူမှ တောက်ပလှသော ခရမ်းရောင်မီးခိုးများ မကြာခဏ လွင့်ပျံနေတတ်သဖြင့် တပည့်များက ၎င်းကို ခရမ်းရောင်မီးခိုးလိုဏ်ဂူဟု ခေါ်ဆိုကြသည်။
သို့သော် ယခုအချိန်တွင်မူ ထိုခရမ်းရောင်မီးခိုးလိုဏ်ဂူအတွင်း၌ အလွန်အမင်း ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။ နတ်ဘုရားများအလား အရှိန်အဝါကြီးမားလှသော ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူသုံးဦးသည် လက်ထဲတွင် နက်မှောင်နေသော သံကြိုးကြီးတစ်ချောင်းစီကို ကိုင်ထားကာ လိုဏ်ဂူအလယ်ရှိ ငုံးဥပမာဏခန့်သာရှိသော ကြည်လင်နေသည့် ကြေးမုံအပိုင်းအစကလေးတစ်ခုကို တင်းကျပ်စွာ ချုပ်နှောင်ထားကြသည်။ မြေပြင်ပေါ်တွင်မူ လဲပြိုပျက်စီးနေသော ဆေးမီးဖိုကြီးများနှင့် မှော်ရတနာ အပိုင်းအစများစွာ ပြန့်ကျဲနေခဲ့ပြီး ဖျော့တော့သော ဝိဉာဉ်အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။
“ဘာလို့ ဒီကြေးမုံအပိုင်းအစက ရုတ်တရက် ထသောင်းကျန်းနေရတာလဲ!”
ကြည်လင်သော ထိုကြေးမုံအပိုင်းအစကလေးသည် အစီအရင်ကို အကြိမ်ကြိမ် ပြင်းထန်စွာ ဝင်တိုက်နေခဲ့သည်။ ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူတစ်ဦးက မျက်နှာပျက်သွားပြီး ကျိန်ဆဲလိုက်တော့သည်။
“ဒီတစ်ခေါက်တော့ ဂမ္ဘီရအလင်းချီခွဲတမ်းကို ပြည့်မီအောင် စုဆောင်းနိုင်မှာ မဟုတ်တော့ဘူးထင်တယ်။”
“အင်မော်တယ်ကြေးမုံ ပေါ်လာတာများ ဖြစ်နေမလား!”
အခြားခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူတစ်ဦးကလည်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုက ကျင့်ကြံသူတွေက မှော်ရတနာတွေကိုင်ပြီး ယွဲ့ပြည်နယ်တစ်ခုလုံးမှာ လိုက်ရှာခဲ့တာတောင် ဘာအရိပ်အယောင်မှ မတွေ့ခဲ့ဘူးလေ။ ဖြစ်နိုင်တာက ယွဲ့ပြည်နယ်ရဲ့ အပြင်ဘက်ကို ရောက်သွားတာများလား”
“စိမ်းပြာရေအိုင်ဂိုဏ်းက ဘာပြောလဲ”
ထိုကျင့်ကြံသူက မေးလိုက်သည်နှင့် တစ်ပြိုင်နက် ပထမဆုံး စကားပြောခဲ့သော ကျင့်ကြံသူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူတို့ဂိုဏ်းတစ်ဂိုဏ်းလုံးက ချင်ဝေရဲ့ သက်တမ်းကို တိုးပေးဖို့ ဝိညာဉ်ဆေးတွေ ရှာဖွေနေရတာနဲ့တင် အလုပ်များနေကြတာ။ သူတို့မှာ ဒီကိစ္စကို ဂရုစိုက်ဖို့အတွက် အချိန်မရှိဘူး!”
“ထားလိုက်ပါတော့၊ ထားလိုက်ပါတော့”
မေးခွန်းမေးလိုက်သော ကျင့်ကြံသူက ခေါင်းခါလိုက်သည်။ သူက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်သည်။
“ချင်ဝေက လူယုတ်မာတစ်ယောက် ဆိုပေမဲ့ သူက တစ်ခေတ်တစ်ခါကတော့ တကယ့် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ခဲ့တာပဲ…”
“ထွီ”
စိတ်ဆတ်လှသော ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူက မြေကြီးပေါ်သို့ တံတွေးထွေးလိုက်ပြီး အော်ပြောလိုက်သည်။
“ငါကတော့ သူ့ကို အမြန်ဆုံး သေသွားစေချင်တယ်! အဲဒီလူယုတ်မာက သေသင့်တယ်!”
တတိယမြောက် ကျင့်ကြံသူကမူ ရယ်မောလိုက်ပြီး သရော်ကာ ပြောလိုက်သည်။
“ဂျူနီယာညီလေး… ငါတို့ ရွှေရောင်ငှက်မွေးဂိုဏ်းကလည်း သန့်ရှင်းလှတာ မဟုတ်ပါဘူး။ အဲဒီလောက်အထိ ပြင်းပြင်းထန်ထန် ဝေဖန်နေဖို့ မလိုပါဘူး။”
စိတ်ဆတ်လှသော ကျင့်ကြံသူသည် တိတ်ဆိတ်သွားခဲ့ပြီး ခဏမျှ တွေးတောကာ နောက်ဆုံးတွင် သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်တော့သည်။
Xxxxxxxxxx
“ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်တယ်။ အာရုံခြောက်ပါးကို ထက်မြက်စေတယ်။ အုတ်မြစ်အရိုးတွေကို သန်မာစေတယ်။ မွေးရာပါ စွမ်းရည်တွေကို တိုးတက်စေပြီး ချို့ယွင်းချက် အမျိုးမျိုးကို ကုစားပေးနိုင်တယ်… တကယ့်ကို ကောင်းမွန်လွန်းတဲ့ အဆောင်ချီပါပဲ။”
မီးခိုးရောင်အဆောင်သည် ကြေးမုံမျက်နှာပြင်ထက်မှ ခုန်ထွက်လာခဲ့သည်။ လုကျန်းရှန်း၏ ဝိညာဉ်အာရုံ၏ လမ်းညွှန်မှုဖြင့် ထိုအဆောင်သည် လီရှန်းဖျင်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ မီးခိုးရောင်အဆောင်သည် သူ့ကိုယ်ပေါ်တွင် တစ်ပတ်မျှ လှည့်ပတ်ပြီးနောက် သူ၏ရှန်းယန်စံအိမ်တော်အတွင်းသို့ တဟုန်ထိုး ပျံသန်းဝင်ရောက်သွားခဲ့သည်။
လုကျန်းရှန်း၏ မြင်ကွင်းက ရုတ်တရက် ဝေဝါးသွားခဲ့ပြီး ဧရာမစာလုံးကြီးများ သူ့မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
အပေါ်ဆုံးတွင် ကြက်သွေးနီရောင် စုတ်ချက်များဖြင့် ရေးထွင်းထားပြီး ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါကြီး တိုးဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။
“ကျန်းတစ်ထောင်သော ခွန်အား”
အလယ်ရှိ စာလုံးများကမူ မီးခိုးရောင်ဖျော့ဖျော့ စုတ်ချက်များဖြင့် မြွေနဂါးတစ်ကောင်ပမာ ကွေ့ကောက်တွန့်လိမ်နေခဲ့သည်။
“သက်တမ်းရှည်ကြာ အသက်ရှင်ခြင်း”
နောက်ဆုံးတွင်မူ စိမ်းဖျော့ဖျော့ စုတ်ချက်များဖြင့် သန့်ရှင်းသန့်ရပ်စွာ ရေးသားထားသည်။
“သေခြင်းတရားကိုရှောင်တိမ်း၊ အသက်ရှည်စေခြင်း”
လုကျန်းရှန်းသည် ချက်ချင်းပင် နားလည်လိုက်သည်။ ဤသည်မှာ မီးခိုးရောင်အဆောင်အတွက် ချီးမြှင့်မည့်စွမ်းရည်ကို မိမိအား ရွေးချယ်ခိုင်းခြင်း ဖြစ်ပေသည်။ သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး လီရှန်းဖျင်သည် လီမိသားစုခေါင်းဆောင်ဟူသောအချက်ကို သတိရလိုက်သဖြင့် နောက်ဆုံးတွင် “သေခြင်းတရားကိုရှောင်တိမ်း၊ အသက်ရှည်စေခြင်း” ဆိုသည့် စွမ်းရည်ကိုသာ ရွေးချယ်ပေးလိုက်တော့သည်။
ဤအဆောင်ချီသည် ဂမ္ဘီရပုလဲအဆောင်မျိုးစေ့ ရရှိထားသူများနှင့် ကြုံတွေ့ရမှသာ ၎င်းတို့၏ ပါရမီအလိုက် အထူးစွမ်းရည်များကို ချီးမြှင့်ပေးနိုင်မည်ဖြစ်ပြီး သာမန်လူများအတွက်မူ ၎င်းတို့၏ကျင့်ကြံခြင်း အနည်းငယ် တိုးတက်စေကာ အုတ်မြစ်အရိုးကို မြှင့်တင်ပေးရန်အတွက်သာ အသုံးဝင်ပေသည်။
အောက်တွင်ရှိနေသော လီရှန်းဖျင်သည် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားက သူ၏အရှိန်အဝါက တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ သူသည် လွန်ခဲ့သောနှစ်ကမှ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ပဉ္စမအဆင့်သို့ ရောက်ရှိထားခြင်းဖြစ်သည်။ ယခုအခါ သူ၏ကျင့်ကြံခြင်းအဆင့်သည် နောက်ထပ်တစ်ဆင့် ထပ်မံမြင့်တက်သွားခဲ့ပြီး ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့သည်။ သူ၏စိတ်အာရုံထဲတွင် စိမ်းဖျော့ဖျော့ စာလုံးကြီးများ ရုတ်တရက် ထင်ဟပ်လာခဲ့သည်။
“သေခြင်းတရားကိုရှောင်တိမ်း၊ အသက်ရှည်စေခြင်း”
သူ တုံ့ပြန်ရန် အချိန်မရမီမှာပင် လီထုန်ယာသည် စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်လာခဲ့ပြီး လက်ကို ဝှေ့ယမ်းကာ ယဇ်ပူဇော်ပွဲ ပြီးဆုံးသွားကြောင်း အချက်ပြလိုက်သည်။ လီရှန်းဖျင်သည် မျက်လုံးများကို ပိတ်ကာ အတွေးထဲနစ်မျောသွားတော့သည်။
လူများအားလုံး လူစုခွဲသွားကြသည့်အခါမှသာ လီရှန်းဖျင် သတိပြန်လည်လာခဲ့ပြီး လီထုန်ယာကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“တောင်ပေါ် ရောက်မှ ပြောကြရအောင်။”
ညီအစ်ကိုနှစ်ဦးသည် တောင်ပေါ်သို့ အလျှင်အမြန် တက်လာခဲ့ကြသည်။ လီထုန်ယာက သူ၏နတ်ဘုရားအာရုံဖြင့် တစ်ချက် စစ်ဆေးလိုက်ရာ လီရှန်းဖျင်၏ ကျင့်ကြံခြင်းက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချက်ချင်း သိရှိသွားခဲ့သဖြင့် တိုးတိုးလေး မေးလိုက်သည်။
“ဒါက အဆောင်ချီကြောင့်လား”
လီရှန်းဖျင်က ခေါင်းညိတ်လိုက်ပြီး အစောပိုင်းက မြင်တွေ့ခဲ့ရသမျှနှင့် ကြုံတွေ့ခဲ့ရသမျှအားလုံးကို လီထုန်ယာအား အသေးစိတ် ပြောပြလိုက်ရာ ညီအစ်ကိုနှစ်ဦးစလုံး အလွန်တရာ ဝမ်းမြောက်အံ့ဩသွားခဲ့ကြသည်။ သို့သော် ထိုစဉ်မှာပင် ကလန်စစ်သည်တစ်ဦး အပြေးအလွှား ရောက်ရှိလာပြီး အရှေ့ဘက်သို့ ထပ်မံ ကျူးကျော်တိုက်ခိုက်လာသော ယွဲ့တောင်မျိုးနွယ်စုများ ရှိနေကြောင်း လာရောက် သတင်းပို့လေသည်။
ဤနှစ်ပိုင်းများအတွင်း ကျားနီရှီ၏ အရှေ့ဘက်သို့ ချီတက်မှုများကြောင့် ပျက်စီးသွားသော မျိုးနွယ်စုများစွာ ရှိခဲ့ပြီး အရှေ့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ယွဲ့တောင်သားမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့သည်။ တစ်ခါတစ်ရံ ဒါဇင်ပေါင်းများစွာ ရှိတတ်ပြီး တစ်ခါတစ်ရံတွင်မူ ရာနှင့်ချီ၍ရှိတတ်သည်။ ထို့ကြောင့် လီရှန်းဖျင်သည် ကလန်စစ်သည်များကို လီချွမ်းခိုရွာ၏ အနောက်ဘက်တွင် တပ်စွဲထားစေခဲ့ပြီး ဝင်ရောက်လာသော ယွဲ့တောင်သားများ ရွာကို လာရောက်မတိုက်ခိုက်နိုင်ရန် ပုံမှန်အားဖြင့် ထိုနေရာ၌ ကိုယ်တိုင်စောင့်ကြပ်လေ့ရှိသည်။
“အခု အခြေအနေက ဘယ်လိုရှိလဲ”
လီရှန်းဖျင်က မေးလိုက်သည်။
“သတင်းရတာကတော့ ရာနဲ့ချီပါတယ်တဲ့။ သူတို့က စစ်ဗျူဟာအခင်းအကျင်းကို တိုက်ခိုက်နေကြတယ်လို့ သတင်းရပါတယ်”
ကလန်စစ်သည်က သတင်းပို့လိုက်သည်။
ဤနှစ်များအတွင်း လီကလန်၏ အုပ်ချုပ်မှုအောက်ရှိ လူဦးရေသည် တစ်သောင်းငါးထောင်ကျော်အထိ တိုးပွားလာခဲ့ပြီး ထိုအထဲတွင် ထွက်ပြေးခိုလှုံလာကြသော ယွဲ့တောင်သားများ နှစ်ထောင်ခန့် ပါဝင်ပေသည်။ ကလန်စစ်သည်အရေအတွက်မှာလည်း တစ်ထောင်အထိ ရှိနေသဖြင့် အင်အား မနည်းလှချေ။
“လီချွမ်းခိုရွာကို သွားကြစို့”
လီရှန်းဖျင်က ခေါင်းညိတ်လိုက်ပြီး လီထုန်ယာနှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ သူတို့နှစ်ဦးသား တောင်ပေါ်မှ အလျှင်အမြန် ဆင်းသွားခဲ့ကြတော့သည်။