← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း - (၈၆) မဟာတိုက်ပွဲကြီး၏ နိဒါန်း

လီချွမ်းခိုရွာသို့ လီရှန်းဖျင် ရောက်ရှိလာချိန်တွင် တိုက်ပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ပြီး အားဟွေ့လားမှာ စစ်ဗျူဟာအလယ်တွင် ထင်းထင်းကြီး ရှိနေကာ သူ၏တူကြီးကို လေထဲတွင် ဝေ့ယမ်းလျှက် ဆုတ်ခွာနေသော ရန်သူ့တပ်များကို လိုက်လံတိုက်ခိုက်နေခဲ့သည်။

လွန်ခဲ့သောနှစ်များအတွင်း ယွဲ့တောင်၏ ကျူးကျော်မှုများမှာ လျော့ပါးသွားခြင်းမရှိဘဲ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လီရှန်းဖျင်က အားဟွေ့လားကို သူနှင့်ရင်းနှီးသော မျိုးနွယ်စုများကို ဖျောင်းဖျရန်အတွက် လီချွမ်းခိုရွာသို့ ဆင့်ခေါ်ထားခြင်းဖြစ်သည်။

သူသည် တိုက်ပွဲအသီးသီးတွင်လည်း ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သဖြင့် ကလန်စစ်သည်များ၏ လေးစားမှုကို ရရှိခဲ့ရာ ၎င်းက လီရှန်းဖျင်အတွက် စိတ်သက်သာရာ ရစေခဲ့သည်။

“ဒါက ဒီနှစ်အတွက် ယွဲ့တောင်ရဲ့ ဘယ်နှကြိမ်မြောက်လဲ။”

လီရှန်းဖျင်သည် အဝေးရှိ တောင်တန်းများကို ငေးကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏စိတ်ထဲတွင် မငြိမ်မသက်ဖြစ်လာခဲ့ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်။ ဒါက ခြောက်ကြိမ်မြောက်ပါ။”

အနီးတွင်ရပ်နေသော လီချုံယန်က လေးနက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။ သူ၏တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များ ပေကျံနေပြီး ခရီးပန်းလာပုံရသည်ဖြစ်ရာ ယခုလေးတင်ကမှ ရောက်ရှိလာခြင်း ဖြစ်ပုံရသည်။

လီချုံယန်သည် ယခုအခါ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် ချန်ကလန်မှ သမီးပျိုတစ်ဦးနှင့် လက်ထပ်ထိမ်းမြားကာ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားထားပြီးဖြစ်၍ သိသိသာသာ ရင့်ကျက်တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။

လီရှန်းဖျင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လီချုံယန်ကို စကားတစ်ခွန်း မှာကြားခဲ့ကာ ခြံဝင်းအတွင်းသို့ဝင်ရန် လှည့်လိုက်သည်။

“သွားပြီး ရေမိုးချိုး သန့်စင်လိုက်။ ပြီးရင် အားဟွေ့လားကို ငါ့ဆီလာဖို့ လွှတ်လိုက်ဦး”

xxxxxxxxxx

လီရှန်းဖျင်သည် လက်ထဲမှ အဆောင်စုတ်တံကို ချလိုက်ပြီး စားပွဲပေါ်တွင် ဖြန့်ခင်းထားသော အဝတ်စကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ပဉ္စမအဆင့် ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်နိုင်ခဲ့သည်။ ယခုအခါတွင်မူ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် စုတ်တံကိုကိုင်ကာ အဆောငများ ရေးဆွဲနိုင်နေသည်မှာ ကြာပြီဖြစ်သည်။

ထိုအချိန်တွင် လီကျင်းထျန်းသည် အခန်းထဲတွင် ဆီမီးခွက်များကို ဆီဖြည့်ပေးနေခဲ့သည်။ ထိုကလေးမလေးသည် ယခုအခါ အသက် ၁၂ နှစ် ရှိပြီဖြစ်ပြီး ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်ကာ လက်သွက်ခြေသွက်ရှိလှသည်။ သူမသည် အရွယ်အဆင်း တင့်တယ်လှပကာ လွတ်လပ်ပွင့်လင်းသော မိန်းမပျိုလေးတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

လုကျန်းရှန်း၏ အဆောင်မျိုးစေ့ ၆ ခုကို လီမိသားစု၏ အသက်ရှင်ကျန်ရစ်သော ညီအစ်ကိုသုံးဦးက တစ်ခုစီ အသုံးပြုခဲ့ကြသည်။ ကျန်သော အဆောင်မျိုးစေ့ ၃ခုထဲမှ ၂ ခုကို လီရွှမ်ရွှမ်နှင့် လီရွှမ်ဖုန်းတို့အား ပေးခဲ့ပြီး နောက်ဆုံးကျန်ရှိသော တစ်ခုကိုမူ လီထုန်ယာ၏ မျိုးဆက်အတွက် သီးသန့်ထားရှိခဲ့ကြသည်။

“မိသားစုခေါင်းဆောင်၊ အားဟွေ့လားက တွေ့ခွင့်တောင်းနေပါတယ်”

ချန်တုန်းဟယ်သည် သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်ချောင်းကို ချိတ်ဆွဲကာ ရဲရင့်ထက်မြက်သော အရှိန်အဝါများဖြင့် ခြံဝင်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာခဲ့သည်။

သူ၏မျက်လုံးများသည် ပြတင်းပေါက်နားရှိ လီကျင်းထျန်း၏ ဘေးတစောင်းပုံရိပ်ပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီးနောက် မျက်လွှာချလိုက်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

ထိုလူငယ်လေးသည် အသက် ၁၇၊ ၁၈ နှစ်ခန့်ရှိပုံရပြီး ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ရုပ်ရည်သည် သန့်ပြန့်ခန့်ညားပြီး ချန်အားနျိုနှင့် အနည်းငယ် ဆင်တူပေသည်။

“ဝင်ခိုင်းလိုက်”

အားဟွေ့လား၏ တစ်ကိုယ်လုံးတွင် ချိတ်ဆွဲထားတတ်သော သားရဲစွယ်များကို ယခုအခါ အားလုံး ဖြုတ်ပစ်လိုက်ပြီဖြစ်ပြီး လီကျင်းမြို့သားများကဲ့သို့ သားမွေးဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားခဲ့သည်။ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် သူက အသံကျယ်ကြီးဖြင့် အော်ဟစ်တော့သည်။

“ဘုရင်ကြီး၊ ဘုရင်ကြီး! မကောင်းတော့ဘူး!”

သူ၏အနောက်ရှိ ချန်တုန်းဟယ်သည် နှုတ်ခမ်းထောင့်များ မဲ့ရွဲ့သွားခဲ့ပြီး ထိုအကောင်၏ နောက်စေ့ကို ရိုက်ချချင်စိတ်များကို မနည်းပင် မျိုချလိုက်ရသည်။ သူသည် ခေါင်းကို တိတ်တဆိတ်ငုံ့လိုက်ကာ အားဟွေ့လား၏ ကြီးမားလှသော ခန္ဓာကိုယ်ကို အကာအကွယ်ယူ၍ လီရှန်းဖျင်၏အကြည့်ကို ရှောင်ရှားရင်း မျက်လုံးထောင့်မှတစ်ဆင့် လီကျင်းထျန်းကို ခိုးကြည့်နေမိသည်။

လီကျင်းထျန်းသည် ပြတင်းပေါက်နားရှိ ဆီမီးအိမ်များ၏ မီးစာကို ညှိနေခဲ့သည်။ ဝါကျင်ကျင် ဆီမီးရောင်များက သူမ၏ ဘေးတစောင်းပုံရိပ်ပေါ်တွင် အသာအယာ လှုပ်ခတ်နေခဲ့သည်။ သူမ၏ အလှအပသည် နူးညံ့ပျော့ပြောင်းသော အလှမျိုးမဟုတ်ဘဲ ပြတ်သားကျော့ရှင်းသော အလှမျိုးဖြစ်ပြီး သူမ၏ရုပ်သွင်မှာလည်း ရဲရင့်ထက်မြက်မှုတို့ ပြည့်နှက်နေခဲ့ကာ မျက်လုံးများကသာ ထျန်းယွင်၏ ဝိုင်းစက်သော မျက်ဝန်းများကို ဆက်ခံထား၍ ချစ်စဖွယ်ကောင်းနေတော့သည်။

“ဘာကိစ္စလဲ”

လီရှန်းဖျင်သည် ပြတင်းပေါက်နားရှိ ဆီမီးများကို အာရုံစိုက်ထွန်းညှိနေသော လီကျင်းထျန်းကို လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးကလေးတစ်ခု ပေါ်ထွက်လာခဲ့ကာ စိတ်ထဲတွင် ရယ်ချင်မိသွားခဲ့သည်။ ကျောက်စိမ်းမြို့တော်ချက္ကရာကို ဖွဲ့တည်နိုင်ခဲ့ပြီးနောက် ဝိညာဉ်အာရုံ ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ သူသည် ဤခြံဝင်းအတွင်းရှိ ကိစ္စရပ်အားလုံးကို မျက်စိဖြင့် ကြည့်စရာမလိုဘဲ သိရှိနိုင်ပေသည်။

“ကျွန်တော့်ရဲ့ ညီအစ်ကိုဟောင်းက မနေ့ညက ငါးကြီးချောင်းကိုဖြတ်ပြီးတော့ သတင်းလာပို့ပါတယ်…။ သူပြောတာက… သူပြောတာက ကျားနီရှီက ရန်သူ့တပ်ကို ပြင်းပြင်းထန်ထန် ချေမှုန်းလိုက်ပြီ။ အချိန်မရွေး အရှေ့ဘက်ကို ချီတက်လာနိုင်တယ်တဲ့!”

အားဟွေ့လား၏ စကားသည် ရုတ်တရက် စိတ်ခံစားမှု လှိုင်းတံပိုးပေါင်း ထောင်သောင်းမက အုန်းအုန်းကြွကြွ မြင့်တက်လာစေခဲ့ရာ လီရှန်းဖျင်နှင့် ချန်တုန်းဟယ်တို့အားလုံး ထိတ်လန့်သွားခဲ့ကြပြီး ပြတင်းပေါက်နားရှိ လီကျင်းထျန်းသည်ပင် ခေါင်းကို အသာအယာလှည့်ကာ စိုးရိမ်ပူပန်စွာဖြင့် သေသေချာချာ နားစွင့်နေမိတော့သည်။

“ကျားနီရှီရဲ့ လက်ရှိအင်အားက ဘယ်လောက်ရှိလဲ”

လီရှန်းဖျင်က မျက်မှောင်ကြုတ်လျှက် လေးနက်သောလေသံဖြင့် မေးလိုက်သည်။

အားဟွေ့လားသည် သူ၏ခေါင်းကို ငုံ့လိုက်ပြီး မအီမသာလေသံဖြင့် ပြန်ဖြေလိုက်သည်။

“ကျားနီရှီက ချီကျင့်ကြံခြင်း အလယ်ပိုင်းအဆင့်မှာ ရှိနေလောက်ပါတယ်။ သူက တလီတောင် မြောက်ဘက်ခြေရင်းတစ်ခုလုံးရဲ့ ယွဲ့တောင်မျိုးနွယ်စု တစ်သိန်းလောက်ကို စုစည်းထားပါတယ်။ စစ်သည်အင်အား ၅၀၀၀၊ ၆၀၀၀ လောက်ကို အမိန့်ပေးနိုင်စွမ်းရှိပြီး မိုးနဲ့မြေရဲ့ ဝိဉာဉ်ချီကို စုပ်ယူထားတဲ့ ချီကျင့်ကြံခြင်းအဆင့် လူသားနတ်ဆရာ လေးဦးက သူ့ရဲ့အမိန့်ကို နာခံနေကြပါပြီ။ သူ့လက်အောက်မှာ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရှိတဲ့ စစ်သူကြီးတွေလည်း ဒါဇင်ပေါင်းများစွာ ရှိနိုင်ပေမယ့် ကံကောင်းတာက ဒီလူတွေဟာ မြောက်ဘက်ခြေရင်း နေရာအသီးသီးမှာ တပ်စွဲထားကြပြီး စစ်တပ်နဲ့အတူ လိုက်ပါမလာကြပါဘူး။”

ထိုစကားများကို ကြားသောအခါ လီရှန်းဖျင်သည် ခဏတာမျှ ငြိမ်သက်သွားခဲ့ပြီး မျက်မှောင်ကိုကြုတ်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။

“လီမိသားစုဟာ နှစ်စဉ်နှစ်တိုင်း စိမ်းပြာရေအိုင်ဂိုဏ်းကို သစ္စာရှိရှိနဲ့ အခွန်ဆက်သနေတဲ့ သူတို့လက်အောက်က ကလန်တစ်ခုပါပဲ။ ကျားနီရှီဆိုတာ ယွဲ့တောင်မျိုးနွယ်စုရဲ့ ကိုယ်စားလှယ်လေးပဲ။ သူတို့က မြောက်ဘက်တောင်ခြေမှာ သောင်းကျန်းနေတာကို ထားလိုက်ဦး။ ဒါပေမဲ့ အခုတော့ ကျားနီရှီက အရှေ့ဘက်ကို ပြောင်ပြောင်တင်းတင်း ကျူးကျော်လာရဲတယ်ပေါ့။ သူက တကယ်ပဲ စိမ်းပြာရေအိုင်ဂိုဏ်းမှာ အစွမ်းအစမရှိတော့ဘူးလို့ ထင်နေတာလား”

အားဟွေ့လားက အလျှင်အမြန်ပင် ဒူးထောက်လိုက်ပြီး သူ၏နဖူးကို မြေကြီးနှင့် လုံးဝကပ်ထားလိုက်သည်။ ထို့နောက် သူက တုန်တုန်ရင်ရင်ဖြင့် အစီရင်ခံလိုက်သည်။

“အနောက်ဘက်ကနေ ထွက်ပြေးလာတဲ့သူတွေရဲ့ ပြောပြချက်အရဆိုရင် မိစ္ဆာဂိတ်… ကျွန်တော် ဆိုလိုတာက စိမ်းပြာရေအိုင်ဂိုဏ်းက ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူးတဲ့…”

လီရှန်းဖျင်သည် သူ၏ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီးနောက် ဒေါသနှင့် စွမ်းအားမဲ့မှုတို့ဖြင့် ရောထွေးနေသော ခံစားချက်တစ်ခု ရင်ထဲ၌ တိုးဝှေ့လာသည်ကို ခံစားလိုက်ရသည်။ ယွဲ့တောင်၏ နယ်ရုပ်များပင်လျှင် စိမ်းပြာရေအိုင်ဂိုဏ်းက ဝင်မပါတော့မည်ကို သိနေကြသော်လည်း စိမ်းပြာရေအိုင်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်မှ ကလန်ခေါင်းဆောင်တစ်ဦးဖြစ်သော သူသည် ထိုအင်အားစုနှစ်ခုကြားတွင် မည်သို့သော သဘောတူညီချက်မျိုး လုပ်ဆောင်ခဲ့ကြသည်ကို မသိရှိခဲ့ရပေ။

“အားလုံးပဲ၊ အခု ပြန်လို့ရပြီ…”

အားဟွေ့လားနှင့် ချန်တုန်းဟယ်တို့ အလျှင်အမြန် ထွက်ခွာသွားကြသည်။ သူတို့ ထွက်သွားပြီးနောက်မှသာ လီရှန်းဖျင်သည် ထိုင်ခုံတွင် ဖြည်းညင်းစွာ ပြန်ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ဆိတ်ဆိတ်နေလိုက်တော့သည်။

“အဖေ”

လီကျင်းထျန်းက တိုးတိုးလေး ခေါ်လိုက်သည်။ သူမသည် လီရှန်းဖျင်အနားသို့ ချဉ်းကပ်လာကာ အသာအယာ ဦးညွှတ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“ကျွန်မတို့ကလန်က အခြားသူတွေရဲ့ စဉ့်နှီတုံးပေါ်က ငါးတွေဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။ ကြိုတင်ပြီး စီစဉ်ထားရပါမယ်”

လီရှန်းဖျင်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်ခုံးကို ပင့်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။

“ဆက်ပြော”

လီကျင်းထျန်းက မျက်လွှာချလိုက်ပြီးနောက် ညင်သာစွာပြောသည်။

“ကျားနီရှီက အရှေ့ဘက်ကို ဒီလောက် ရဲရဲတင်းတင်း ကျူးကျော်ရဲတာဟာ စိမ်းပြာရေအိုင်ဂိုဏ်းနဲ့ ယွဲ့တောင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးအကြားမှာ ပိုင်နက်နယ်မြေတွေနဲ့ သေမျိုးတွေကို လွှဲပြောင်းပေးအပ်ဖို့ သဘောတူညီချက် ရရှိထားပြီး ဖြစ်ရပါမယ်။ သမီးတို့ လီကလန်ကို အကြောင်းမကြားတာကတော့ သမီးတို့ကလန်က ဘာတုံ့ပြန်မှုမှ မလုပ်နိုင်အောင် တားဆီးချင်လို့ ဖြစ်ရမယ်…”

“ငါတို့မိသားစုက သူတို့ရဲ့ သဘောတူညီမှုထဲမှာ ပါသွားပြီလို့ ဆိုလိုချင်တာလား”

လီရှန်းဖျင်က မျက်ခုံးပင့်လျှက် သူ၏ သမီးကြီးကိုကြည့်ကာ မေးလိုက်သည်။

“သမီးရဲ့အမြင်အရတော့ ဒီတစ်ခေါက်မှာ သမီးတို့ လီကလန်က ပစ္စည်းဥစ္စာတွေနဲ့ လူအင်အား ပျက်စီးဆုံးရှုံးရမယ့် အန္တရာယ်ရှိပေမယ့် ကလန်တစ်ခုလုံး ပျက်စီးသွားမယ့် အန္တရာယ်တော့ မရှိနိုင်ပါဘူး။ စတုတ္ထဦးလေးက ဂိုဏ်းထဲမှာ ရှိနေသေးသလို ကျွန်မတို့က ရှောင်မိသားစုနဲ့လည်း အဆက်အသွယ် ရှိထားတာကြောင့် စိမ်းပြာရေအိုင်ဂိုဏ်းက ကျွန်မတို့ကို သတိပေးချက်မရှိဘဲ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် သူတို့က လီမိသားစုတစ်ခုလုံးကို အမြစ်ဖြတ်ပစ်ဖို့ထက် လုယက်ဖျက်ဆီးဖို့ကိုပဲ အဓိကထားပြီး ယွဲ့တောင်ရဲ့ ကျူးကျော်မှုကို ခွင့်ပြုလိုက်တာလို့ ကျွန်မ ယုံကြည်ပါတယ်”

လီကျင်းထျန်းသည် မျက်ခုံးများကိုပင့်ကာ လီရှန်းဖျင်ကို မော့ကြည့်လိုက်ပြီး ညင်သာစွာ ဆက်ပြောလိုက်သည်။

“စိမ်းပြာရေအိုင်ဂိုဏ်းနဲ့ ယွဲ့တောင်မျိုးနွယ်စုအသီးသီးရဲ့ ပိုင်နက်နယ်မြေတွေဟာ တစ်ခုနဲ့တစ်ခု ရောယှက်နေပြီး ကလန်တွေအများကြီးလည်း ပါဝင်ပတ်သက်နေတာပါ။ စိမ်းပြာရေအိုင်ဂိုဏ်းက သဘောတူညီချက် လုပ်ထားပြီးဖြစ်တဲ့အတွက် ယွဲ့တောင်မျိုးနွယ်စုတွေ နယ်စပ်ထဲကို ကျူးကျော်ဝင်ရောက်လာတာကို မသိချင်ယောင်ဆောင်နေရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူး။ ကလန်တွေက ကိုယ့်အစွမ်းအစနဲ့ကိုယ် ခုခံကာကွယ်ကြရမှာပေါ့။”

လီရှန်းဖျင်သည် လီကျင်းထျန်း၏ စကားများကို နားထောင်ပြီးနောက် လက်ထဲမှ သစ်သားပြားကို သိမ်းဆည်းလိုက်ပြီး ခေါင်းကိုမော့ကာ မေးမြန်းလိုက်သည်။

“ငါတို့လီမိသားစုက ဘယ်လိုလုပ်ဆောင်သင့်တယ်လို့ အကြံပြုချင်လဲ”

“သမီးတို့ရဲ့ အုပ်ချုပ်မှုအောက်က သာမန်လူတွေကို စွန့်လွှတ်လိုက်ပြီး ကလန်တစ်ခုလုံး ရှောင်နေသင့်ပါတယ်။ ယွဲ့တောင်ရဲ့ လုယက်တဲ့အဖွဲ့တွေက ဒီနေရာမှာ ကြာကြာနေမှာ မဟုတ်ပါဘူး။ အလွန်ဆုံး တစ်ရက်အတွင်း လီကျင်းတောင်တန်းဆီ ပြန်လာလို့ ရပါလိမ့်မယ်။”

လီကျင်းထျန်းသည် သူမ၏ဖခင်ဖြစ်သူကို စူးစိုက်စွာကြည့်ရင်း အကဲခတ်ကာ ဖြေလိုက်သည်။

“မဖြစ်ဘူး!”

လီရှန်းဖျင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်သောအခါ လီကျင်းထျန်း၏ မျက်နှာပေါ်တွင် ရုတ်တရက် အပြုံးတစ်ပွင့် ပေါ်လာခဲ့ပြီး သူမ၏ မျက်လုံးဝိုင်းလေးများကို ပိုမိုကာ ချစ်စရာကောင်းသွားခဲ့သည်။

“ငါတို့သာ အဲဒီလို လုပ်လိုက်မယ်ဆိုရင် စိမ်းပြာရေအိုင်ဂိုဏ်းနဲ့ ဘာမှကွာတော့မှာ မဟုတ်ဘူး!”

လီရှန်းဖျင်က ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် ခေါင်းခါလျှက် ပြောလိုက်သည်။ လီကျင်းထျန်က ထပ်မံစကားပြောရန် ပြင်လိုက်သည်ကို မြင်သောအခါ သူက လက်ကိုမြှောက်ကာ စကားစဖြတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။

“ငါသိပါတယ်။ မင်း အရင်ဆုံး လီကျင်းတောင်ကို ပြန်နှင့်လိုက်တော့။”

လီကျင်းထျန်းသည် လိမ္မာယဉ်ကျေးစွာဖြင့် ခေါင်းညိတ်၍ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ လီရှန်းဖျင်ကမူ လက်နှစ်ဖက်ကို နောက်ပစ်လျှက် ခြံဝင်းထဲမှ ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့ပြီး လရောင်ဖြန်းပက်ထားသော တောင်တန်းတောအုပ်ကြီးကို လှမ်းကြည့်နေမိတော့သည်။

သူ၏စိတ်အာရုံထဲသို့ မကောင်းသော နိမိတ်ခံစားချက်တစ်ခု ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။ ဤကျားနီရှီသည် သူ နှစ်ပေါင်းများစွာအတွင်း ကြုံတွေ့ခဲ့ရသမျှထဲတွင် အင်အားအကြီးမားဆုံး ပြိုင်ဘက်ပင်ဖြစ်သည်။ ဤယွဲ့တောင်လူငယ်လေးသည် စစ်ရေးအမြင်ရှိကာ ကောက်ကျစ်ပါးနပ်ရှိရုံမျှမက အားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် အကြွင်းမဲ့ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားပေသည်။

“စိမ်းပြာရေအိုင်ဂိုဏ်းက ယွဲ့တောင်နဲ့ အနိမ့်ဆုံး ဘယ်အခြေအနေအထိ လိုက်လျောထားတာလဲ။ ပြီးတော့ ငါတို့ဆီမှာ အချိန်ဘယ်လောက် ကျန်သေးတာလဲ…”

All Chapters