← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း - (၈၇) ယီတောင်မြို့

လီချယ်ကျင်းသည် မြင့်မားလှသော မီးခိုးဖျော့ရောင် မြို့ရိုးထက်တွင် ရပ်နေရင်း အောက်ခြေရှိ လှိုင်းတံပိုးပမာ တဟုန်ထိုး ပြေးဝင်လာနေသော သားရဲအုပ်များကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

သူ၏ရုပ်ရည်သည် အချိန်ကာလ၏ တိုက်စားမှုကြောင့် ပြောင်းလဲခြင်းမရှိဘဲ နုပျိုမြဲ နုပျိုနေဆဲဖြစ်သော်လည်း သူ၏ အမူအရာမှာမူ ရင့်ကျက်တည်ငြိမ်မှုများ လွှမ်းမိုးနေခဲ့ပြီဖြစ်သည်။

ဤတောင်ဘက်နယ်စပ်တွင် ငါးနှစ်တိုင်တိုင် တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် လီချယ်ကျင်း၏ ဓားသိုင်းပညာက တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့သည်။ သူသည် ဂိုဏ်းအတွင်းရှိ ဓားသိုင်းပညာများကိုလည်း ကောင်းစွာ နှံ့စပ်ကျွမ်းကျင်သွားခဲ့ကာ အနည်းငယ် နာမည်ရလာခဲ့သည်။ ချင်စွေ့တောင်ထွဋ်တွင် ဓားသိုင်းပညာ အလွန်တရာ ထက်မြက်လှသော ‘ဓားအင်မော်တယ်’ တစ်ဦး ပေါ်ထွက်လာကြောင်း လူတိုင်း သိရှိကြပေသည်။

လီချယ်ကျင်းသည် လက်ထဲရှိ ဓားရှည်ပေါ်မှ သွေးကွက်များကို သုတ်လိုက်ပြီး ထွက်ပြူလာသော နံနက်ခင်းနေခြည်ကို မျက်နှာကာ အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်သောအခါ သူနှုတ်ခမ်းထောင့်မှ ဖြူစင်သန့်ရှင်းသော ဝိဉာဉ်ချီတစ်သုတ် လွင့်ပျံထွက်လာခဲ့သည်။

“ယီတောင်မြို့ကတော့ တကယ့်ကို ကြံ့ကြံ့ခံနိုင်ပါပေတယ်”

သူ၏အနောက်ရှိ စိမ်းပြာရေအိုင်ဂိုဏ်း တပည့်တစ်ဦးက ပြုံးရွှင်စွာဖြင့် လှမ်းပြောလိုက်သည်။ ထိုသူ၏လက်ထဲရှိ မှော်ရတနာပုတီးစေ့က အထက်အောက် နိမ့်ချည်မြင့်ချည် ဝဲပျံနေခဲ့သည်။ ထိုသူသည် တုန်းချုံကျိပင် ဖြစ်တော့သည်။

လီချယ်ကျင်းက ခေါင်းညိတ်လိုက်ပြီး လက်ထဲရှိ ဝိညာဉ်ဆေးရည်ကို သောက်သုံးကာ ဒဏ်ရာများ လျှင်မြန်စွာ သက်သာလာပြီး နောက်တစ်ကြိမ် တာဝန်ကျချိန်တွင် ပိုမိုလွယ်ကူစေရန်အတွက် ကိုယ်တွင်းရှိ မန္နာစွမ်းအင်များကို ဆက်လက်ချိန်ညှိနေလိုက်သည်။

“အာ၊ တိုက်ဆိုင်လိုက်တာ။ ငါတို့တွေ ဒီယီတောင်မြို့ရိုးပေါ်မှာ တာဝန်ကျတဲ့အလှည့်ရောက်တာနဲ့ သားရဲဒီရေလှိုင်းက ကွက်တိရောက်လာတာပဲ။ တစ်ခေါက်ထက်တစ်ခေါက်လည်း ပိုပြီး အရှိန်အဟုန်ပြင်းလာသေးတယ်!”

တုန်းချုံကျိက အေးစက်စွာ ရယ်မောရင်း လှောင်ပြောင်သရော်သော လေသံဖြင့် ရေရွတ်လိုက်ရာ ဘေးပတ်ပတ်လည်ရှိ လူများအားလုံးက သူ့ကို လှမ်းကြည့်လိုက်ကြသည်။

လီချယ်ကျင်းက ဘာမှမဖြစ်သကဲ့သို့ ဆက်လက်ကျင့်ကြံနေသည်ကို မြင်လိုက်ရသောအခါ တုန်းချုံကျိက မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး ရေရွတ်လိုက်ပြန်သည်။

“ဒါပေမဲ့ သူတို့က မင်းနဲ့ငါ့ကို စားချင်နေတာဆိုရင်တော့ သူတို့အားလုံးကို မင်းနဲ့အတူ မြေမြှပ်ပေးကြလိမ့်မယ်။”

“ဒီလူ စိတ်လွတ်သွားပြန်ပြီ…”

“အဲဒါက တုန်းမိသားစုရဲ့ ထုံးစံပဲမဟုတ်လား”

ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး တိုးတိုးတိုးတိုးဖြင့် အတင်းပြောလာကြပြီး တုန်းချုံကျိကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ လီချယ်ကျင်းသည် ဤအခြေအနေကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

“စကားပြောတာ တော်တော့။ ငါ နောက်တစ်ကြိမ် မင်းကို ထပ်ပြီး ကယ်တင်ခံဖို့ မလိုတော့အောင် မန္နာစွမ်းအင်တွေကို ပြန်ဖြည့်ဖို့ပဲ အာရုံစိုက်ထားစမ်းပါ”

တုန်းချုံကျိသည် ထိုစကားကြောင့် ဆွံ့အသွားခဲ့ရပြီး ရယ်မောရင်း ခေါင်းခါယမ်းလိုက်စဉ် အောက်ခြေမှ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံများကို ကြားလိုက်ရသည်။

“သူတို့ ဆုတ်ခွာသွားကြပြီ! သူတို့ ဆုတ်ခွာသွားကြပြီ! သားရဲတွေ နောက်ဆုံးတော့ ဆုတ်ခွာသွားကြပြီ!”

ဤတစ်ကြိမ် သားရဲဒီရေလှိုင်းသည် နောက်ဆုံးတွင် ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သဖြင့် အသက်ရှူခွင့် ရရှိသွားကြကာ ချက်ချင်းပင် အော်ဟစ်လျှက် မြို့ရိုးပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြတော့သည်။ လီချယ်ကျင်း၏ မျက်နှာထက်တွင်လည်း အပြုံးယောင်ယောင်ကလေးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး မြို့ရိုးပေါ်က လှေကားအတိုင်း အောက်သို့ ဆင်းလာရင်း အိမ်သို့ စာတစ်စောင် ရေးသားရန် တွေးတောနေမိသည်။

တုန်းချုံကျိကမူ မျက်နှာပြောင်တိုက်ကာ သူ့နောက်ကနေ ကပ်လိုက်လာခဲ့ပြီး တောက်ပလှသော နံနက်ခင်းနေရောင်အောက်တွင် ပြုံးရင်း ပြောလိုက်သည်။

“တစ်ခုခု မှားနေတယ်လို့ မင်းမခံစားရဘူးလား”

“ဘယ်လိုမျိုးလဲ”

လီချယ်ကျင်းက သူ၏ဓားကို ဓားအိမ်အတွင်းသို့ ပြန်ထည့်ရင်း မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူ့ကို ပြုံးကာ ကျီစယ်လိုက်သည်။

“မင်း အခုတလော တော်တော်လေး ထူးဆန်းနေတယ်။ အဲဒီကျင့်စဉ်ကို အရမ်းနက်နက်နဲနဲ လေ့ကျင့်မိလို့ ချီသွေဖယ်တာများ ဖြစ်သွားတာလား”

တုန်းချုံကျိနှင့် လီချယ်ကျင်းတို့သည် တောင်ဘက်နယ်စပ်တွင် ငါးနှစ်တိုင်တိုင် ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့ကြပြီး သေရေးရှင်ရေးများကို အတူတူဖြတ်ကျော်ခဲ့ကြသဖြင့် ၎င်းတို့နှစ်ဦးသည် အတိတ်က ကိစ္စရပ်များကို မေ့ပျောက်သွားကြသည်မှာ ကြာပြီဖြစ်ကာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်နေကြပြီဖြစ်သည်။

“မင်းနဲ့ အားအင်ကုန်ခမ်းသွားတဲ့အချိန်တိုင်း ဒီသားရဲလှိုင်းလုံးတွေက အချိန်ကိုက်ပဲ ပြန်ဆုတ်သွားကြတယ်။ ဒီလောက်တိုက်ဆိုင်တဲ့ကိစ္စမျိုး ဘယ်မှာရှိမှာလဲ။”

တုန်းချုံကျိက ပြုံးလျှက် ပြောဆိုလိုက်သော်လည်း သူ့မျက်ဝန်းများထဲတွင် လေးနက်သော အဓိပ္ပာယ်များ ပြည့်နှက်နေခဲ့သည်။

“သေရေးရှင်ရေး အခြေအနေမှာ ဘယ်သူကများ အင်အားကို ချန်ထားရဲမှာလဲ။ မင်းနဲ့ငါတင် မကဘူး။ ဒီမြို့ရိုးပေါ်က ဘယ်ဂိုဏ်းက တပည့်တွေကကော အင်အားမကုန်ခမ်းဘဲ နေလို့လဲ”

လီချယ်ကျင်းက ပြန်လည်ချေပလိုက်ပြီး ဘေးနားက ဖြတ်သန်းသွားသော လူတစ်ဦးကို ပြုံးလျှက် နှုတ်ဆက်လိုက်သည်။

“စဉ်းစားကြည့်စမ်း။”

တုန်းချုံကျိက သူ့ပခုံးကို ပုတ်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

“အကယ်၍ မင်းသာ ဒီတောင်ဘက်နယ်စပ်ရဲ့ နတ်ဆိုးဘုရင် ဖြစ်မယ်ဆိုရင် အကြောင်းရင်းမရှိဘဲ ရာ၊ ထောင်မကတဲ့ သားရဲတွေနဲ့ နတ်ဆိုးတွေကို အသေဖို့အတွက် စေခိုင်းမှာတဲ့လား။ အဲဒီလိုလုပ်မယ့်အစား မင်းကိုယ်တိုင်ပဲစားပြီး ကျင့်စဉ်အဆင့်ကို မြှင့်တင်တာက ပိုမကောင်းဘူးလား။ ဒီနတ်ဆိုးတွေအဆင့်လောက်နဲ့ ယီတောင်မြို့ကြီးကို ဖြိုချနိုင်မှာတဲ့လား။ ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုရဲ့ လက်ထဲကို သက်သက်မဲ့ လာအသေခံနေတာက မိုက်မဲလွန်းတယ် မဟုတ်ဘူးလား။”

“ဒါတင်မကသေးဘူး။ နတ်ဆိုးဘုရင်က ဒီဂိုဏ်းတပည့်တွေကို တကယ်သတ်ချင်တယ်ဆိုရင် သားရဲဒီရေလှိုင်းတွေကို အဆက်မပြတ် အတင်းတွန်းပို့ပြီး ငါတို့ကို ကြိတ်ချေပစ်လိုက်လို့ရသားပဲ။ ဒါပေမယ့် အခုတော့ အရူးတွေလို တစ်သုတ်ပြီးမှ တစ်သုတ်လာကြတယ်။ ခဏခဏလည်း အနားပေးလိုက်သေးတယ်။ ဘယ်လိုပဲကြည့်ကြည့် ငါတို့ကို အစာလာကျွေးနေသလိုပဲ ခံစားရတယ်…”

လီချယ်ကျင်းက ပြုံးလိုက်ပြီး ဘေးနားရှိ အခြားလူတစ်ဦးကို ထပ်မံနှုတ်ဆက်ကာ တုန်းချုံကျိ၏ စကားစကို အတင်းဖြတ်တောက်လိုက်သဖြင့် တုန်းချုံကျိသည် ဒေါသတကြီးဖြင့် မျက်လုံးများ ပြူးသွားခဲ့ရပြီး လီချယ်ကျင်း၏ နားနားသို့ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

“ယီတောင်မြို့ နောက်ဆုံးအကြိမ် အဖောက်ခံခဲ့ရတာ ဘယ်တုန်းကလဲ မင်းသိလား”

လီချယ်ကျင်းက အပြုံးကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းကပေါ့။ ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုက လူတွေအများကြီး သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ ရစ်ခွေချီကျောက်စိမ်းအစစ်အမှန်ကျင့်စဉ်ကို လေ့ကျင့်ပြီး အထွဋ်အထိပ်ယင်လရောင်ကို စုပ်ယူထားတဲ့ အခြေတည်အဆင့် ကျင့်ကြံသူ ယွီးယွီရှဲ့လည်း ပါသွားခဲ့တယ်လေ။”

တုန်းချုံကျိသည် ရုတ်တရက် ဆွံ့အသွားခဲ့ပြီး မျက်ဝန်းများထဲတွင် အလွန်အမင်း ထိတ်လန့်အံ့ဩသွားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“မင်း… သိနေခဲ့တာလား…”

“ဒါပေါ့။ ငါသိတာပေါ့”

လီချယ်ကျင်းက ပြုံးလျှက် ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးသည် စကားတစ်ခွန်းမျှ ဆက်မပြောတာ့ဘဲ တောင်ပေါ်သို့ တက်လိုက်ကြကာ လီချယ်ကျင်း၏ ဂူအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

လီချယ်ကျင်းသည် တုန်းချုံကျိက နောက်ကနေ လိုက်လာသည်ကို တွေ့လိုက်ရသောအခါ လက်ဟန်တစ်ခုကို ဖော်ဆောင်လျှက် ဂူအတွင်းအပြင် ပတ်ဝန်းကျင်ကို ချိတ်ပိတ်လိုက်ပြီး တုန်းချုံကျိကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်သည်။

“ငါ ဒီကျိန်စာင့်နယ်မြေကို ရောက်လာတာ ငါးနှစ်ရှိပြီ။ မြို့ထဲက ကျောက်စိမ်းပြားတွေနဲ့ လျှို့ဝှက်ကျမ်းစာတွေကို ငါအကုန်ဖတ်ဖူးတယ်။ မှိုတောလွင်ပြင်မှာဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပေါင်းစပ်ကြည့်လိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခု မမှန်ဘူးဆိုတာ မရိပ်မိစရာ အကြောင်းမရှိပါဘူး။”

“ငါမသိတာက သူတို့ ဘယ်အချိန်မှာ လှုပ်ရှားမလဲ။ ငါ့ကို ဘယ်လောက်အထိ ဆက်ပြီး အစာဝအောင် ကျွေးထားဦးမလဲဆိုတာပဲ။ ။ ဒါပေမဲ့ မင်းကျတော့ကော... ဘာဖြစ်လို့လဲ”

တုန်းချုံကျိသည် သူ၏လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး အံကြိတ်ကာ ပြန်ဖြေလိုက်သည်။

“စိမ်းပြာရေအိုင်ဂိုဏ်းက အထွဋ်အထိပ်ယင်လရောင်ရဲ့ ကျင့်စဉ်အမွေအနှစ် ပြတ်တောက်သွားတာ ကြာပြီ။ ငါတို့ တုန်းမိသားစုဝင်တွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားနေလို့ ငါတို့ကို အားဖြည့်အစာတွေအဖြစ် သန့်စင်ဖို့ ငါတို့မိသားစုကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အဲဒီလျှို့ဝှက်ကျင့်စဉ်ကို အတင်းအကျပ် ကျင့်ကြံစေခဲ့တာ။ ပြီးတော့ တောင်ဘက်နယ်စပ်က နတ်ဆိုးဘုရင်တွေဆီမှာ ရတနာတွေနဲ့ လဲလှယ်ဖို့အတွက် ကုန်စည်တွေအဖြစ် အသုံးပြုခဲ့ကြတယ်။”

“အရင်နှစ်တွေတုန်းကတော့ အဲဒီလျှို့ဝှက်ကျင့်စဉ်က မပြည့်စုံသေးဘူး။ ဒါကြောင့် အဲဒီကျင့်စဉ်ကို လေ့ကျင့်တဲ့ ငါ့မိသားစုကလူတိုင်း နောက်ဆုံးမှာ စိတ်ဖောက်ပြန်ကုန်ကြတာပဲ။ အဲဒီကျင့်စဉ်ကို ရာစုနှစ်တွေတစ်လျှောက် တဖြည်းဖြည်း မွမ်းမံပြင်ဆင်လာခဲ့ကြလို့ အခုတော့ ဒါကို လေ့ကျင့်တာက ငါတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို သိပ်ပြီးမထိခိုက်တော့ဘူး။ ဒါပေမဲ့ ငါတို့က ရူးနေသလိုမျိုး ဆက်ပြီး ဟန်ဆောင်နေရတာပေါ့…”

လီချယ်ကျင်းသည် စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ သူသည် ကိုယ်ပေါ်ရှိ ငှက်မွှေးဝတ်ရုံကို ချွတ်လိုက်ကာ ကျောက်စားပွဲတွင် ထိုင်လိုက်ပြီး လက်ဖက်ရည်ကို ပြင်ဆင်တော့သည်။

တုန်းချုံကျိ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး ဆက်ပြောသည်။

“ဂိုဏ်းက ပေးထားတဲ့ ဝိညာဉ်ဆေးရည်တွေနဲ့ ဆေးလုံးတွေကို ငါစစ်ဆေးကြည့်ပြီးပြီ… အဲဒါတွေအားလုံးက ရေရှည်အကျိုးသက်ရောက်မှုတွေ ရှိတယ်… အဲဒါတွေက… လူသားဆေးလုံးတွေ သန့်စင်ဖို့အတွက်ပဲ။”

“လူသားဆေးလုံးတွေ ဟုတ်လား”

လီချယ်ကျင်းသည် ၎င်းတို့နှစ်ဦးရှေ့ရှိ လက်ဖက်ရည်ခွက်များကို အပြည့်လောင်းထည့်ပေးလိုက်ပြီး ပြုံးကာပြောလိုက်သည်။

“ဒါပေမဲ့ တောင်ဘက်နယ်စပ်က ဘယ်နတ်ဆိုးဘုရင်က ကျင့်စဉ်အဆင့် တက်လှမ်းတော့မှာမို့လို့ ဒီလောက်အထိ ကြီးကြီးမားမား အကွက်ဆင်ထားရတာလဲ မသိဘူး။”

လီချယ်ကျင်း၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရသဖြင့် တုန်းချုံကျိ၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသော်လည်း သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။

“မင်းက ဒီအခြေအနေမှာတောင် ရယ်နိုင်သေးတယ်ပေါ့”

“ငါတို့မှာ ဘာရွေးချယ်စရာ ရှိသေးလို့လဲ”

လီချယ်ကျင်းက ခေါင်းခါယမ်းလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

“စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ စွမ်းအားက အရမ်းကြီးမားလွန်းတယ်။ မင်းနဲ့ငါ့မှာ လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး။ ငါ ဒီတောင်ဘက်နယ်စပ်မှာ အကြောင်းရင်းတိတိကျကျ မသိရဘဲ သေဆုံးသွားခဲ့ရင်တောင် အပြင်ပန်းမှာတော့ ဂိုဏ်းအတွက် အသက်ပေးလှူခဲ့တာလို့ မှတ်ယူလိမ့်မယ်။ အနည်းဆုံးတော့ ငါ့မိသားစုအတွက် နစ်နာကြေးတစ်ခုခု ရဦးမယ်။ ငါတို့ ဒီအတိုင်း ထွက်ပြေးသွားရင်တော့ ငါတို့မိသားစုဆီကို ပျက်စီးခြင်းတွေ ယူဆောင်လာလိမ့်မယ်။”

တုန်းချုံကျိသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး မကျေမနပ်ဖြင့် ခေါင်းငုံ့ကာ အော်ဟစ်လိုက်တော့သည်။

“အဲဒီလိုဆိုရင်တောင်… မင်းနဲ့ငါက လူ့လောကထဲကို သက်သက်မဲ့ ရောက်လာခဲ့ကြတာလား။ လူဖြစ်လာတာက နတ်ဆိုးသားရဲတွေရဲ့ ပါးစပ်ထဲ ရောက်ရဖို့အတွက်ပဲလား!”

လီချယ်ကျင်း၏ မျက်နှာပေါ်ရှိ အပြုံးသည်လည်း ပျောက်ကွယ်သွားခဲ့ပြီး ဆွေးမြည့်သောအသံဖြင့် သူက ပြောလိုက်သည်။

“ငါတို့တွေက အခြားသူတွေရဲ့ စဉ်းနီတုံးပေါ်က ငါးတွေပဲ။ အခြားသူတွေရဲ့ စဉ်းနီတုံးပေါ်က ငါးဆိုမှတော့ အခုတ်ခံရုံပဲ ရှိရမှာပေါ့။ မင်းတို့တုန်းမိသားစုကကော မျိုးဆက်ပေါင်းများစွာ ဒီလိုပဲ အောင့်အီးသည်းခံလာခဲ့ကြတာ မဟုတ်ဘူးလား။ စိမ်းပြာရေအိုင်ဂိုဏ်းဟာ နှစ်ပေါင်းငါးရာတိုင်တိုင် စည်ပင်ထွန်းကားခဲ့ပေမယ့် မျိုးဆက်အဆက်ဆက် အမြဲတမ်းပဲ စည်ပင်ထွန်းကားနေမှာတဲ့လား။ တစ်နေ့နေ့တော့ ဆုတ်ယုတ်ပျက်စီးမယ့်နေ့ ရောက်လာမှာပဲ။ ငါတို့ကလန်သာ တည်ရှိနေသေးပြီး တိတ်တဆိတ် အင်အားစုဆောင်းထားမယ်ဆိုရင် မျိုးဆက်ကိုးဆက်တိုင်တိုင် ရန်ကြွေးကို ပြန်တောင်းရမယ့်နေ့ ရောက်လာမှာပါ။”

“ကျင့်ကြံသူတွေရဲ့ သက်တမ်းက အလွန်ရှည်လျားတယ်။ ဒီနေ့ရန်ကြွေးကို မနက်ဖြန်ချက်ချင်း လက်စားချေတဲ့ ကိစ္စမျိုးက ခပ်ရှားရှားပဲ။ မျိုးဆက်တစ်ခုချင်းစီမှာ ကိုယ်ပိုင်တာဝန်ဝတ္တရားတွေ ရှိကြတာပဲ။”

လီချယ်ကျင်းသည် ထိုင်ခုံမှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး လက်ထဲရှိ ဓားကို စိုက်ကြည့်လိုက်သည်။

“မင်းနဲ့ငါ့ရဲ့ တာဝန်က စိမ်းပြာရေအိုင်ဂိုဏ်းကို သူတို့ဖြစ်ချင်တဲ့အတိုင်း လုပ်ပေးဖို့ပဲ။ ဒါမှသာ ကလန်က အသက်ရှူခွင့်ရမှာ။ အကယ်၍ ဒီလိုမှမဟုတ်ရင် ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ။ ပုံပြင်တွေထဲကလိုမျိုး ရုတ်တရက်ကြီး ခရမ်းရောင်စံအိမ်တော်အဆင့်ကို တက်လှမ်းပြီး စိမ်းပြာရေအိုင်ဂိုဏ်းကို သူတို့ရဲ့အမိန့်ကို ပြန်ရုတ်သိမ်းပေးဖို့ အတင်းအကျပ် လုပ်ခိုင်းနိုင်မှာမို့လို့လား”

“တစ်လှမ်းချင်းစီပဲ သွားကြတာပေါ့။”

တုန်းချုံကျိက တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး စိတ်ပျက်အားလျော့စွာဖြင့် ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငါတို့ ထွက်ပြေးဖို့ဆိုတာက ရွေးချယ်စရာမဟုတ်ပါဘူး။ ယီတောင်မြို့ကနေ ထွက်ပြေးလိုက်တာက အိမ်မှာရှိတဲ့ ငါတို့မိသားစုတွေကို သေခြင်းတရားဆီ ပို့လိုက်တာနဲ့ အတူတူပဲ။”

All Chapters