အခန်း ၈၈
Vol. 9 Ch. 88
အခန်း - (၈၈) သူရောက်လာပြီ (အတွဲ ၁ အဆုံး)
လီရှန်းဖျင်က အဝေးရှိ တောင်တန်းကြီးကို မော့ကြည့်လိုက်စဉ် တောင်ထိပ်ပေါ်မှ မြင်းဟီသံ ဟိန်းထွက်လာခဲ့သည်။
တစ်ကိုယ်လုံး နက်မှောင်နေသော မြင်းတစ်ကောင်သည် ခြေလေးဖက်စလုံး မြေပြင်နှင့်မထိဘဲ ကြမ်းတမ်းလှသော လမ်းကြောင်းအတိုင်း ခွာများကို ပင့်မြှောက်ကာ တောင်ပေါ်တွင် ပျော်ရွှင်စွာ ဒုန်းစိုင်းပြေးလွှားနေခဲ့သည်။ အမှန်စင်စစ်တွင် ၎င်းသည် ချီကျင့်ကြံခြင်းအဆင့်ရှိသော နတ်ဆိုးသတ္တဝါတစ်ကောင် ဖြစ်နေခဲ့သည်။
နက်မှောင်သော မြင်းခွာများသည် ဗွက်ထနေသော မြေပြင်ကို ခပ်ဖွဖွ တစ်ချက်နင်းလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် လေထဲသို့ ပျံတက်သွားခဲ့သည်။ မြင်းပေါ်တွင် စီးနင်းထားသောသူသည် သားရေချပ်ဝတ်တန်ဆာကို ဆင်ယင်ထားပြီး ကိုယ်ပေါ်တွင်လည်း မည်သည့် သားရဲအရိုး သို့မဟုတ် ကျောက်စိမ်းရတနာ အဆင်တန်ဆာမျှ ရှိမနေဘဲ သာမန်လူသားတစ်ဦးနှင့်သာ တူပေသည်။
ကျားနီရှီသည် အဖော်ဟောင်းကြီး၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ပေါင်နှစ်ဖက်ဖြင့် ညှပ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ တောင်အောက်ရှိ ရွာကလေးကို လှမ်းကြည့်လိုက်သည်။
မြောက်ဘက်ခြေရင်းရှိ ယွဲ့တောင်မျိုးနွယ်စုများ အားလုံးက ကျားနီရှီတွင် မျက်လုံးလေးလုံးနှင့် လက်ရှစ်ဖက် ရှိသည်ဟု ပြောကြသော်လည်း လက်တွေ့တွင်မူ ကျားနီရှီ၏ ရုပ်ရည်မှာ သာမန်မျှသာဖြစ်ပြီး မျက်လုံးများမှာ အနည်းငယ်ပင် သေးငယ်ကာ မျက်ခုံးမွှေးများလည်း ကျဲပါးလှသည်။ အကယ်၍ သူသည် မျက်လုံးများကိုမှိတ်ကာ ခါးထောက်ပြီး လယ်ကွင်းထဲတွင် မတ်တတ်ရပ်နေမည်ဆိုပါက မည်သူကမျှ သူ့ကို အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်တစ်ဦးဟု ထင်မှတ်ကြမည်မဟုတ်ပေ။
သို့သော်လည်း ထိုဝါညိုရောင် မျက်လုံးများကို ဖွင့်ကြည့်ပြီး တစ်စုံတစ်ယောက်ကို စိုက်ကြည့်လိုက်ပြီဆိုလျှင်မူ ကြက်သီးဖြန်းဖြန်း ထသွားစေနိုင်ပေသည်။
“ဘုရင်ကြီး… အရှေ့နားဆို ကျွန်တော်တို့ မိစ္ဆာဂိတ်ရဲ့ နယ်မြေထဲကို ရောက်ပါပြီ”
သူ၏အနောက်ရှိ ကျစ်ဆံမြီးအရှည်ကြီးဖြင့် အခြံအရံ၏ စကားကို ကြားလိုက်ရသောအခါ ကျားနီရှီသည် မျက်ခုံးကို ပင့်လိုက်ပြီး ဝါညိုရောင်မျက်ဝန်းများဖြင့် တောင်အောက်ရှိ စစ်ဗျူဟာအခင်းအကျင်းကို တစ်ချက်ဝှေ့ကြည့်ကာ ခေါင်းညိတ်လျှက် ပြောလိုက်သည်။
“သူတို့ကို ဖြိုခွဲဖို့ ဆယ့်ငါးမိနစ်ပဲ လိုလိမ့်မယ်။”
သူ၏အသံမှာ ပေါ့ပါးပြီး ကျယ်လောင်ကာ လေသံမှာ အေးစက်တည်ငြိမ်လှသဖြင့် စာကို ဖတ်ပြနေသည့်အလား ခံစားရစေသည်။
ကျစ်ဆံမြီးရှည်နှင့် အမျိုးသားသည် ခေါင်းကို အနည်းငယ်ငုံ့ကာ ကျားနီရှီ၏ စကားကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူတို့၏အနောက်တွင်မူ မည်သည့် စစ်သည်ဗိုလ်ပါတစ်ယောက်ကိုမျှ မတွေ့ရချေ။ သူသည် မြောက်ဘက်ခြေရင်း ယွဲ့တောင်မျိုးနွယ်စုများကို ပေါင်းစည်းခဲ့သော ဘုရင်တစ်ပါး ဖြစ်သော်လည်း မထင်မှတ်ဖွယ်ကောင်းစွာပင် နောက်လိုက်တစ်ဦးတည်းကိုသာ ခေါ်ဆောင်လာခဲ့ပြီး စိမ်းပြာရေအိုင်ဂိုဏ်း၏ ပိုင်နက်အတွင်းသို့ လှမ်းဝင်လာခဲ့သည်။ ယခုအခါ သူသည် လီရှန်းဖျင်၏စခန်းနှင့် တစ်ကီလိုမီတာခန့် အကွာအဝေးတွင်သာ ရှိတော့သည်။
ကျားနီရှီသည် အကြိမ်အနည်းငယ် ဝေ့ကြည့်ပြီးနောက် တောင်အောက်ရှိ ကလန်စစ်သည်များအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့ပြီး ပေါင်နှစ်ဖက်ဖြင့် ညှပ်လိုက်ရာ မြင်းသည် နာခံစွာဖြင့် လှည့်ကာ လာရာလမ်းအတိုင်း ကြမ်းတမ်းသော လမ်းများကို ချောမွေ့သော လမ်းမကြီးတစ်ခုကဲ့သို့ အလွယ်တကူ ဖြတ်သန်းသွားခဲ့တော့သည်။
“ငါတို့မှာ အချိန်အများကြီး မရှိဘူး။ ထပ်ပြီး စောင့်နေဖို့ မလိုတော့ဘူး။”
ကျစ်ဆံမြီးရှည်နှင့် အခြွေအရံသည် မြင်းကိုအပြင်းနှင်ကာ နောက်က ကပ်လိုက်လာခဲ့ပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ လူသားတွေက ကောက်ကျစ်လှပါတယ်။ ဒီမိစ္ဆာဂိတ်ရဲ့ တပ်ဖွဲ့ထဲမှာ လူသားနတ်ဆရာ ဘယ်နှစ်ယောက် ရှိနေမလဲ မသိနိုင်တာမို့ ဘုရင်ကြီးအနေနဲ့ မပေါ့ဆသင့်ပါဘူး။”
ကျားနီရှီက တိုးညှင်းစွာ ရယ်မောလိုက်ပြီး လက်ထဲမှ ဓားရှည်ကို အနည်းငယ် ပင့်မြှောက်ကာ တိမ်မည်းများ ဖုံးကွယ်ထားသည့် လမင်းကြီးကို မော့ကြည့်လျှက် သူ၏နှုတ်ခမ်းများ လှုပ်ခတ်သွားခဲ့သည်။
“သူတို့ကို တိုက်ခိုက်မယ်လို့ ဘယ်သူပြောလို့လဲ။”
xxxxxxxxxx
ချန်စန်းရွှေ မူးနောက်နောက်ဖြင့် နိုးထလာချိန်တွင် သူ၏မျက်စိရှေ့၌ သားရေချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ယွဲ့တောင်သားတစ်ဦး မတ်တတ်ရပ်နေခဲ့ပြီး ကြီးမားလှသော လက်ဝါးကြီးဖြင့် သူ၏ရင်ဘတ်အင်္ကျီစကို တင်းကျပ်စွာ ဆွဲကိုင်ထားသဖြင့် အသက်ကို မနည်းပင် လုရှူနေရခဲ့သည်။
“ဖုန်း”
သူသည် ခြံဝင်းအပြင်ဘက်သို့ ပြင်းထန်စွာ လွှင့်ပစ်ခံလိုက်ရသဖြင့် မြေပြင်နှင့် ထိမှန်သွားခဲ့ကာ မျက်စိထဲတွင် ကြယ်များ၊ လများပင် မြင်သွားခဲ့ရပြီး သူ့မျက်လုံးများ ဝေဝါးသွားခဲ့သည်။ သူ့သွားနှစ်ချောင်းလည်း ကျိုးထွက်သွားခဲ့ပြီး သူ၏မျက်စိရှေ့ရှိ အရာအားလုံး ချာချာလည်သွားခဲ့သည်။ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကြသော ယွဲ့တောင်စစ်သည်များကို မြင်တွေ့လိုက်ရသောအခါ ချန်စန်းရွှေသည် မျက်နှာပေါ်က သွေးများကို သုတ်ပစ်လိုက်ပြီး သူ၏သွားများကို စမ်းတဝါးဝါး ရှာဖွေနေလိုက်သည်။
သို့သော် သူ၏လက်ကို နင်းခြေခြင်း ခံလိုက်ရသည်။ ချန်စန်းရွှေသည် ခေါင်းမော့ကာ ထိုဝါညိုရောင် မျက်ဝန်းအစုံကို စိုက်ကြည့်ရင်း ရက်စက်လွန်းလှသော အမှန်တရားကို ရင်ဆိုင်လိုက်ရတော့သည်။ သူ အိပ်ပျော်သွားခဲ့သည့် ဆယ့်ငါးမိနစ်အတွင်းမှာပင် လီချွမ်းခိုရွာသည် မည်သည့် ခုခံမှုကိုမျှ မလုပ်နိုင်ခဲ့ဘဲ ကျရှုံးသွားခဲ့ရပြီဖြစ်သည်။
“ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်ရတာလဲ!”
“လီရှန်းဖျင် ဦးဆောင်ပြီး မြစ်တစ်ဖက်ကမ်းမှာ တပ်စွဲထားတဲ့ ကလန်စစ်သည်တွေကကော ဘယ်ရောက်ကုန်ပြီလဲ။ ဒီလိုပဲ ဘာအသံမှတောင် မထွက်နိုင်ဘဲ ချေမှုန်းခံလိုက်ရတာလား။”
“ကောင်းကင်ယံမှာ ပျံသန်းသွားနိုင်တဲ့ လီထုန်ယာကကော ဘယ်မှာလဲ။ လီမိသားစုရဲ့ အခြားကျင့်ကြံသူတွေကော ဘယ်ရောက်ကုန်ပြီလဲ။ ဒီလူတွေက ဘယ်လိုလုပ်ပြီး ဘာသံမှမထွက်ဘဲ လီချွမ်းခိုရွာကို ထိန်းချုပ်လိုက်နိုင်တာလဲ။”
ချန်စန်းရွှေ၏ စိတ်ထဲတွင် အလွန်အမင်းမွန်းကြပ်မှုကို ခံစားလိုက်ရပြီး ပါးစပ်ထဲက နာကျင်မှုကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ တရိပ်ရိပ် ပေါ်ထွက်လာခဲ့သည်။
“လီမိသားစုရဲ့ အခြေစိုက်စခန်းက ဘယ်မှာလဲ”
သူ့လက်ကို နင်းထားသောသူက တည်ငြိမ်စွာ မေးလိုက်သည်။ ချန်စန်းရွှေသည် ထိုသူ၏ ကျဲပါးလှသော မျက်ခုံးမွှေးများနှင့် ထိုကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းများကို စိုက်ကြည့်ရင်း သူ့ခေါင်းထဲတွင် မေးခွန်းတစ်ခုသာ ကျန်ရှိတော့သည်။
“ဒီလိုအခြေအနေမျိုးမှာ ငါ့အဖေ ချန်အားနျိုသာဆိုရင် ဘာလုပ်လိမ့်မလဲ။”
ချန်စန်းရွှေသည် ကြာကြာစဉ်းစားရန် အချိန်မရလိုက်ပေ။ ကျားနီရှီသည် သူ၏ဘယ်ဘက်လက်ကို အသာအယာ ဆွဲဖြုတ်ပစ်လိုက်သဖြင့် သွေးအိုင်များ၊ အကြောများနှင့် အသားစများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့သည်။ ချန်စန်းရွှေသည် မျက်ဖြူများ လန်သွားခဲ့ပြီး ပါးစပ်ထဲမှ အမြှုပ်များ အလုအယက် ပန်းထွက်လာခဲ့ကာ နာကျင်မှုလှိုင်းတံပိုးကြီးက သူ၏ အတွေးများအားလုံးကို ဝါးမြိုသွားခဲ့တော့သည်။
“နာတယ်… အရမ်းနာတယ်…”
ကျားနီရှီသည် ချန်စန်းရွှေ၏ဦးခေါင်းကို လက်ဖြင့် ခပ်ဖွဖွတို့လိုက်ပြီး မန္တန်တစ်ခုကို အသုံးပြုလိုက်ကာ ဤကဲ့သို့ အသက်ရှုရပ်မတတ် နာကျင်မှုကို သေသေချာချာ ခံစားရနိုင်စေရန် သူ၏အသိစိတ်ကို ပြန်လည်ကြည်လင်သွားစေခဲ့သည်။ ထို့ပြင် သူ၏အသက်ကိုလည်း ဆွဲဆန့်ထားပေးသဖြင့် သွေးထွက်လွန်ပြီး သေဆုံးမသွားနိုင်တော့ပေ။
“လီ… လီကျင်း… တောင်…”
သူရဲကောင်းလုပ်မည့် အတွေးများ သူ၏ခေါင်းထဲတွင် ခေတ္တမျှ ပေါ်ထွက်လာခဲ့သော်လည်း သူ့ကိုယ်အောက်ပိုင်းရှိ မစင်နှင့်ဆီးများက သူ့ကို သတိပေးလိုက်သည်။ သူသည် သာမန်လူတစ်ဦးမျှသာ ဖြစ်ပြီး နာကျင်မှုကို ဥပေက္ခာပြုနိုင်သော သူ၏ဖခင် သို့မဟုတ် လီရှန်းဖျင်ကဲ့သို့ သူရဲကောင်းတစ်ဦး မဟုတ်ချေ။ ထို့ပြင် လီရှန်းဖျင်သာ ဤအခြေအနေ၌ ရှိမည်ဆိုပါကလည်း သူ့ထက် ပိုမိုကောင်းမွန်လိမ့်မည် မဟုတ်ပေ။
“ငါတို့ကို အဲဒီနေရာဆီ ခေါ်သွားပေးစမ်း”
ချန်စန်းရွှေသည် အပေါ်သို့ မြှောက်ချီခြင်း ခံလိုက်ရပြီး ပြောင်းပြန်ဇောက်ထိုး အနေအထားဖြင့် ဘေးပတ်ဝန်းကျင်ရှိ လှုပ်ရှားနေကြသော ယွဲ့တောင်မျိုးနွယ်စုဝင်များ၏ ခြေထောက်များကို စိုက်ကြည့်နေမိသည်။ သူ၏ဖခင် ချန်အားနျိုက သူ့အပေါ်တွင် နှစ်ပေါင်း ၂၀ ကျော်တိုင်တိုင် အသည်းအသန် သွန်သင်ဆုံးမခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် သေရေးရှင်ရေးဆိုင်ရာ အာရုံခံစားမှုတစ်ခုသည် နောက်ဆုံးတွင် သူ့စိတ်ထဲ၌ နိုးထလာခဲ့ပြီ ဖြစ်သည်။ ချန်စန်းရွှေသည် ဧကန်မုချ သေဆုံးရတော့မည်ကို သိရှိသွားခဲ့ပြီး တစ်သက်တာလုံး ပြုလုပ်မိခဲ့သမျှသော အဓိပ္ပာယ်မဲ့ ကိစ္စရပ်များကို ပြန်လည်တွေးတောမိကာ စိတ်ထဲတွင် အလွန်တရာ ဆွေးမြည့်သွားခဲ့မိတော့သည်။
ဘေးပတ်ပတ်လည်ရှိ ယွဲ့တောင်စစ်သည်များအားလုံး စတင်လှုပ်ရှားလာကြသည်။ ၎င်းတို့၏ ခြေကျင်းဝတ်များပေါ်တွင် ရိုးရှင်းသော မှော်အက္ခရာများကို ရေးထွင်းထားသဖြင့် လျှောက်လှမ်းရာတွင် မည်သည့်အသံမျှ ထွက်ပေါ်မလာစေတော့ချေ။ ယွဲ့တောင်စစ်ကြောင်း နှစ်ကြောင်းသည် ကျားနီရှီ၏အနောက်မှ ကပ်လိုက်ကာ လီချွမ်းခိုရွာမှ ထွက်ခွာလာခဲ့ပြီး လီကျင်းတောင်ဆီသို့ ဦးတည်လိုက်ကြတော့သည်။
ချန်စန်းရွှေသည် ကျားနီရှီ၏အနောက်ရှိ ယွဲ့တောင်မျိုးနွယ်ဝင်၏ လက်ထဲတွင်လည်း လူတစ်ဦးကို ကိုင်ဆောင်ထားသည်ကို လှမ်းမြင်လိုက်ရသည်။ ထိုသူသည် ရွာထဲရှိ အရေးပါသော ထောက်တိုင်တစ်ဦး ဖြစ်သဖြင့် လမ်းကြောင်းကို လိမ်လည်ပြောဆိုခြင်းသည် မိမိ၏ နာကျင်မှုကိုသာ ပိုမိုတိုးပွားစေလိမ့်မည်ကို သဘောပေါက်သွားခဲ့ပြီး စိတ်ထဲတွင် နာကျည်းစွာဖြင့် တွေးတောမိလိုက်တော့သည်။
“တကယ့်ကို ကောက်ကျစ်လှတဲ့ လောကသားတွေပါလား။”
သူ၏ဖခင် ချန်အားနျိုသည် လီမုထျန်း၏ အရိပ်အောက်တွင် နေထိုင်ခဲ့ရသကဲ့သို့ သူသည်လည်း ငယ်စဉ်ကတည်းက လီမိသားစု ညီအစ်ကိုများ၏ အရိပ်အောက်တွင် ကြီးပြင်းခဲ့ရခြင်း ဖြစ်သည်။ သူသည် ဖခင်ဖြစ်သူ အမြဲတမ်း ပြောဆိုလေ့ရှိသည်ကို ကြားဖူးခဲ့သည်။
“လီမိသားစုရဲ့ ညီအစ်ကို လေးယောက်ထဲမှာ လီချန်းဟူက သမင်တစ်ကောင်လို နူးညံ့ပြီး မာန်မာနမရှိဘူး။ လီထုန်ယာက မြွေနဂါးတစ်ကောင်လို တည်ငြိမ်ပြီး သတိကြီးတယ်။ လီရှန်းဖျင်က ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လို ပါးနပ်ပြီး ရက်စက်တယ်။ လီချယ်ကျင်းကတော့ မြေခွေးဖြူတစ်ကောင်လို ထက်မြက်ပြီး ခန့်ညားတယ်။”
“ကျွန်တော်ကကော! ကျွန်တော်က ဘာလဲ!”
ချန်စန်းရွှေသည် စိတ်အားထက်သန်စွာ မျှော်လင့်ချက်အပြည့်ဖြင့် ဖခင်ဖြစ်သူကို လှမ်းကြည့်ကာ မေးခဲ့ဖူးသည်။
“အသုံးမကျတဲ့အမှိုက်”
ချန်စန်းရွှေသည် အလွန်တရာ စိတ်ပျက်သွားခဲ့ရပြီး ထိုအချိန်မှစ၍ အမှန်တကယ်ပင် အသုံးမကျသည့်အမှိုက်ကောင် ဖြစ်သွားခဲ့တော့သည်။ သူသည် မည်သည့်ရည်မှန်းချက်မှ မရှိတော့ဘဲ ပေတေတေနေကာ အိမ်ထောင်ပြု၊ သားသမီးမွေးပြီး ဖခင်ဖြစ်သူ၏ အရှိန်အဝါနှင့် သြဇာအာဏာကို အလွဲသုံးစားပြုကာ စိတ်တိုင်းကျ ပျော်ပါးနေခဲ့သည်။
သူသည် ကျားနီရှီက သူ၏ဘယ်ဘက်လက်ကို ဆွဲဖြတ်ပစ်လိုက်သည့် အချိန်မှသာ နိုးထလာခဲ့ပုံရပြီး သူ့ရှေ့ရှိ အရာရာတိုင်းမှာ ရှင်းလင်းသွားခဲ့သည်။ သူသည် ကျားနီရှီကို လွန်ခဲ့သော ဆယ်နှစ်ကတည်းက သူ၏ဘယ်ဘက်လက်ကို အဘယ်ကြောင့် လာမဖြတ်ခဲ့သနည်းဟုပင် နာကျည်းမိသွားခဲ့သေးသည်။ ဖခင်ဖြစ်သူသည် သူ့ကြောင့် နှစ်ပေါင်းများစွာ အလကားသက်သက် စိုးရိမ်ပူပန်စေခဲ့ရသည်။
“မင်းတို့တွေ ဟိုဘက်ကတပ်နဲ့ ဘယ်လောက်ကြာရင် တစ်ခေါက် သတင်းပို့လဲ။”
ကျားနီရှီက ညင်သာစွာ မေးမြန်းလိုက်သည်။ သူသည် သူ့လက်ထဲရှိလူက အလွန်အမင်း ကြောက်လန့်တုန်ရီနေပြီဖြစ်၍ လုံးဝ လိမ်လည်ရဲမည်မဟုတ်ကြောင်း စောစောကတည်းက သိရှိထားခဲ့သော်လည်း သူ့လက်ထဲကလူသည် တွေဝေမှုများထဲမှ နိုးထလာခဲ့ပြီဖြစ်ကြောင်းကိုမူ သူမသိရှိခဲ့ချေ။ သူ့လက်ထဲရှိလူသည် အသက်သုံးဆယ်အရွယ် ချန်စန်းရွှေ မဟုတ်တော့ဘဲ အသက်ခြောက်ဆယ်အရွယ် ချန်အားနျိုနှင့် ပို၍တူနေချေပြီ ဖြစ်သည်။
“ခြောက်နာရီ တစ်ကြိမ်ပါ။”
ချန်စန်းရွှေ၏စိတ်သည် ရေပြင်ပမာ တည်ငြိမ်နေခဲ့သော်လည်း တုန်တုန်ရီရီဖြင့် ဟန်ဆောင်ကာ ပြောဆိုလိုက်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်အတွင်း လီမိသားစုကြောင့် ကောင်းမွန်စွာ နေထိုင်၊ စားသောက်ခွင့်ရခဲ့သည့် အခွင့်အရေးများကို လုံးလုံးလျားလျား မဖြုန်းတီးပစ်ခဲ့သည့်အတွက် နောက်ဆုံးတွင် စိတ်အေးချမ်းသွားခဲ့ရသည်။
လီကျင်းတောင်သည် မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ကျားနီရှီသည် ဇက်ကြိုးကို ဆွဲလိုက်ပြီး မြင်းကိုရပ်လိုက်ကာ အသာအယာပင် ချန်စန်းရွှေ၏ ဦးခေါင်းကို လိမ်ချိုးပစ်လိုက်တော့သည်။ သူသည် အကြောများနှင့် အသားစများ လိမ်ယှက်နေသော ခေါင်းပြတ်အလောင်းကြီးနှင့် မြေပြင်ပေါ်သို့ ရဲရဲနီအောင် စီးဆင်းသွားသော သွေးအိုင်ကို ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်တော့သည်။
“အသုံးမကျတဲ့အမှိုက်။”
ကောင်းကင်နှင့် မြေကြီး အရာအားလုံး ချာချာလည်သွားကာ ချန်စန်းရွှေ၏ ဦးခေါင်းသည် လမ်းဘေးသို့ ပေါ့ပါးစွာ ကျဆင်းသွားခဲ့သည်။ သူ၏မျက်လုံးများသည် တိမ်တိုက်များ ဖုံးလွှမ်းနေသော ညကောင်းကင်ယံကြီးကို စိုက်ကြည့်ကာ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။
“လီရှန်းဖျင်… ဒါက ငါ ကူညီနိုင်သမျှပဲ။ မင်းက တကယ့်ကို အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်း တကယ့်ပြိုင်ဘက်နဲ့ တွေ့ရပြီ!”
(Note. “အတွဲ ၁ - မြစ်ထဲက ကြေးမုံ” ပြီးပါပြီ။)