အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း ၁၅၂
“ဘယ်လိုလဲ... စဉ်းစားပြီးပြီလား။ ငါတို့ ပိုင်မိသားစုရဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံချင်ရဲ့လား။”
အခြားတစ်ဖက်တွင်မူ ချူးဟုန်ကျိနှင့် ပိုင်ဝေတို့သည် ခရမ်းရောင်မိုးကြိုးတောင်ထိပ်သို့ ဦးတည်သွားနေကြပြီး ပိုင်ဝေက တည်ငြိမ်စွာ မေးလိုက်သည်။
“ငါ့ကို နောက်ထပ်နည်းနည်းလောက် စဉ်းစားခွင့်ပေးပါဦး။ နောက်ရက်အနည်းငယ်နေမှ အဖြေပေးရင် ဖြစ်တယ်မလား။”
ချူးဟုန်ကျိက အနည်းငယ် တွေဝေစွာဖြင့် ပြောလိုက်သည်။ ပိုင်ဝေ တင်ပြလာသော အခြေအနေများမှာ သူ့အနေဖြင့် အနည်းငယ် လက်ခံရခက်နေပေသည်။
“နင်က ငါ့ညီမလေးကို မလှဘူးလို့ ထင်နေတာလား။ ဒါမှမဟုတ် ပေးတဲ့အခြေအနေတွေက မက်လောက်စရာ မကောင်းလို့လား။”
ပိုင်ဝေ၏ မျက်နှာအမူအရာမှာ အေးစက်သွားခဲ့သည်။
“ဒီအစီအစဉ်က မဖြစ်မနေ လုပ်ရမယ့်အရာပဲ။ နင် မပူးပေါင်းမဆောင်ရွက်ချင်ဘူးဆိုရင် မိသားစုက တခြားလူတွေကို ရှာလိမ့်မယ်။ ငါ နင့်ကို လာရှာတာက နင်ကို ယုံကြည်စိတ်ချရတဲ့လူတစ်ယောက်လို့ သတ်မှတ်လို့ပဲ။”
ချူးဟုန်ကျိ နှုတ်ဆိတ်သွားခဲ့သည်။ ပိုင်မိသားစုသည် ယုန်နိုင်ငံတွင် ကာလရှည်ကြာ အစဉ်အလာကြီးမားခဲ့သော မိသားစုကြီးများထဲမှ တစ်ခုဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်းမှသာ ထမြောက်အောင်မြင်လာသည့် ချူးမိသားစုကဲ့သို့သော မိသားစုများနှင့် နှိုင်းယှဉ်ပါက သူတို့က အဆမတန် ပို၍ အစွမ်းထက်လှသည်။ သူတို့သည် များပြားသော အရင်းအမြစ်များနှင့် စည်းစိမ်ချမ်းသာများကို ပိုင်ဆိုင်ထားကြပြီး ထိုမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခြင်းမှာ သံသယဖြစ်ဖွယ်မရှိဘဲ ကောင်းမွန်သောအရာ ဖြစ်သော်လည်း ယင်းက သူ့အနေဖြင့် တစ်မိသားစုလုံးကိုပါ ဆွဲသွင်းရန် လိုအပ်နေခဲ့သည်။
“ခဏတာရှောင်လွှဲနေရုံနဲ့ အသုံးဝင်မယ်လို့ နင် ထင်နေတာလား။ သမိုင်းရဲ့ ဘီးလုံးတွေက ဒီအမှတ်ကို ရောက်နေပြီ။ နောက်ဆက်တွဲ ဖြစ်လာမယ့်အရာက ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာရေး ခေတ်သစ်ကြီး ဖြစ်လာဖို့ သေချာသလောက်ပဲ။ အဲဒီ လူသူမနီးတဲ့ တောရိုင်းတိုက်ကြီးတွေပေါ်မှာ ငါတို့ သွားရောက်သိမ်းပိုက်ဖို့ စောင့်ဆိုင်းနေတဲ့ တောက်ပတဲ့ ရတနာသိုက်တွေ အများကြီး ရှိနေတယ်။ ဒီအချိန်မှာ သင်္ဘောကြီးတစ်စင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တွဲချည်ထားမှ လေမုန်တိုင်းနဲ့ လှိုင်းတံပိုးတွေကို ကြံ့ကြံ့ခံနိုင်ပြီး ရတနာသိုက်ကို ရှာဖွေနိုင်လိမ့်မယ်။”
“လှေငယ်လေးတွေကတော့ လေလှိုင်းဒဏ်ကို မခံနိုင်ဘူး။ ငါနဲ့အတူ လိုက်ခဲ့ပါ။ အနာဂတ် စစ်တလင်းပေါ်မှာ ငါတို့အတွက် နေရာတစ်နေရာ ရှိနေမှာ သေချာတယ်။”
ပိုင်ဝေက သူမ၏လက်ကို ကမ်းပေးရင်း ချူးဟုန်ကျိကို ကြည့်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
မိသားစုကြီးတစ်ခု အနေဖြင့် သူတို့သည် သာမန်လူများထက်စာလျှင် အတွင်းသတင်းအချို့ကို စောစီးစွာ သိရှိထားကြသည်။ အတိတ်ကာလက သူတို့သည် ဤကဲ့သို့သော အလတ်စားနှင့် အသေးစား မိသားစုများကို ဂရုမစိုက်ခဲ့ကြသော်လည်း အနာဂတ်တွင် ဖြစ်ပွားတော့မည့်အရာမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က လူသားများ သားရဲတိရစ္ဆာန်များ၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည့် အရှက်ကွဲမှုကို ဆေးကြောရန်အတွက် လူသားမျိုးနွယ်က အခြားတောရိုင်းတိုက်ကြီးများကို ပြန်လည်သိမ်းပိုက်မည့် စစ်ပွဲကြီး ဖြစ်သည်။
ဤစစ်ပွဲတွင် လူအင်အားမှာ အလွန်အရေးကြီးသည်။ ထို့ကြောင့် ထိုမိသားစုကြီးများသည် သူတို့၏ အမွေဆက်ခံသူများကို တာဝန်များ အသီးသီးပေးအပ်ထားပြီး ပါရမီရှင်များနှင့် အလတ်စား၊ အသေးစား မိသားစုများကို တတ်နိုင်သမျှ စည်းရုံးခိုင်းထားကြသည်။ ဤအင်အားစုများသည် နောင်တစ်ချိန်တွင် သူတို့၏ လက်အောက်ခံ အရေးပါသော အင်အားစုများ ဖြစ်လာကြမည်ဖြစ်သည်။
ပိုင်မိသားစု၏ အမွေဆက်ခံသူများထဲမှ တစ်ဦးအနေဖြင့် ပိုင်ဝေ၏ ယခုတစ်ကြိမ် ရည်ရွယ်ချက်မှာ သူမ၏ညီမငယ်ကို ချူးဟုန်ကျိနှင့် လက်ထပ်စေခြင်းဖြင့် ချူးမိသားစုကို သူမ၏ စစ်ရထားလုံးပေါ်သို့ တွဲချည်ရန် ဖြစ်သည်။
ချူးမိသားစုမှာ ကန်မြို့၏ အကြီးဆုံးမိသားစုဖြစ်ပြီး ကန်မြို့ရှိ လုပ်ငန်းအများစုကို ထိန်းချုပ်ထားသည်။ ချူးဟုန်ကျိမှာမူ ပါရမီ အရည်အချင်းပိုင်းတွင် ပို၍ပင် ထူးချွန်ထက်မြက်သူ ဖြစ်သည်။ ချူးဟုန်ကျိသာ သဘောတူပါက သူတို့ လက်ထပ်ပြီးနောက် ပိုင်မိသားစု၏ သြဇာအာဏာကို အသုံးပြု၍ ကန်မြို့ကို ထိန်းချုပ်နိုင်မည့် ပန်းတိုင်ကို အလွယ်တကူ အကောင်အထည်ဖော်နိုင်သည်။
ဤကဲ့သို့သော မြို့တစ်မြို့ကို အာမခံချက်အဖြစ် ရရှိထားပါက သူမအနေဖြင့် အမွေဆက်ခံသူနေရာ လုပွဲတွင် အလွန် အသာစီးရရှိမည် ဖြစ်သည်။
“စီနီယာအစ်မ ပိုင်ဝေ... စီနီယာပြောတာတွေကို ငါ သိလည်းသိတယ်၊ နားလည်းလည်ပါတယ်။ ဒါပေမဲ့ ငါ စီနီယာရဲ့ညီမ ပိုင်ချင်းကို သဘောမကျဘူး။ ငါ သဘောကျတာက စီနီယာအစ်မကိုပဲ။”
ချူးဟုန်ကျိက ပိုင်ဝေကို ကြည့်ကာ သူ၏သတ္တိအားလုံးကို စုစည်းပြီး ပြောလိုက်သည်။
“တကယ်လို့ စီနီယာအစ်မဖြစ်မယ်ဆိုရင်တော့ ငါတစ်မိသားစုလုံးကို ပိုင်မိသားစုရဲ့ စစ်ရထားလုံးပေါ် ဆွဲတင်ဖို့ ဝန်မလေးတဲ့အပြင် နောင်တစ်ချိန်မှာ စီနီယာအစ်မ ပိုင်မိသားစုရဲ့ အမွေဆက်ခံသူ ဖြစ်လာစေဖို့အတွက်လည်း ငါ ကူညီပြီး တိုက်ပွဲဝင်ပေးမယ်။”
ပိုင်ဝေ : “...”
အခြားတစ်ဖက်တွင်မူ ကျန်းဟန်သည် လီဇီဝေနှင့် အခြားသူများကို တောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားပြီး ဖြစ်ကာ သမင်ဦးချိုသစ်သီးများကို စတင်ရှာဖွေနေကြပြီ ဖြစ်သည်။
ဦးချုသစ်သီးသည် အရိပ်ရသောနေရာကို နှစ်သက်ပြီး အသီးအစစ်မှာ မြေအောက်တွင်သာ ပေါက်ရောက်သည်။ မြေပြင်ပေါ်တွင်မူ သမင်ဦးချိုနှင့်တူသော ခြောက်သွေ့သည့် သစ်ကိုင်းတစ်ခုသာ ထွက်ပေါ်နေတတ်သည်။ ဤဝိညာဉ်သစ်သီးသည် သမင်အမျိုးအစား သားရဲများ၏ သွေးနှင့် အရိုးများကို အနှစ်သက်ဆုံး ဖြစ်သဖြင့် ၎င်းတို့ကို ဝံပုလွေ၊ ကျားသစ်နှင့် အခြားသားရဲများ၏ ဂူများတွင် အများဆုံး တွေ့ရတတ်သည်။ တောရိုင်းထဲတွင်လည်း အချို့ ရှိတတ်သော်လည်း ရှာဖွေရန် အလွန် ခက်ခဲလှသည်။
ကျန်းဟန်ကမူ ဝင်ရောက်မကူညီဘဲ ဟုတ်ဟုတ်ကိုသာ သူ့ဘာသာ အမဲလိုက်ခိုင်းထားပြီး လီဇီဝေတို့ သုံးဦး တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ သူတို့သည် ဒုတိယအဆင့် သားရဲများကို အဓိက ရှာဖွေနေကြပြီး သူတို့၏ တိုက်ခိုက်မှုပုံစံများမှာလည်း တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။
“အာဝူးးးးးး”
လီဇီဝေ၏ မီးနတ်ဘုရားခွေးသည် ပျော်ရွှင်စွာ လျှောက်ပြေးပြီး အော်ဟစ်ရသည်ကို သဘောကျသည်။ ၎င်း၏ဘေးတွင်မူ သေးငယ်သော မီးတောက်စုလေး ကိုးစု လိုက်ပါနေပြီး ထိုအရာများမှာ ၎င်းနှင့် အတူယှဉ်တွဲမှီတင်းနေထိုင်ကြသည့် မီးတောက်ဝိညာဉ်များ ဖြစ်ကြသည်။ ထိုမီးခိုးရောင် သို့မဟုတ် မီးလျှံရောင် အော်ရာရှိသော ခွေးကြီးသည် ပြေးလွှားနေချိန်တွင် အလွန်ပင် မိမိုက်လှပြီး မီးတောက်ဝိညာဉ်များ၏ ပံ့ပိုးကူညီမှုကြောင့် စစ်မှန်သော မီးတောက်ကြီးတစ်ခု ကဲ့သို့ပင် ထင်မှတ်ရသည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် မီးနတ်ဘုရားခွေးသည် ယခင်ကထက်စာလျှင် ပို၍ အမိန့်နာခံတတ်လာပြီ ဖြစ်သည်။ လီဇီဝေ၏ ညွှန်ကြားမှုအောက်တွင် ၎င်းသည် ကိုက်ခဲခြင်းနှင့် ဝင်ဆောင့်တိုက်ခိုက်ခြင်း ကဲ့သို့သော ကျွမ်းကျင်မှုမျိုးစုံကို အသုံးပြု၍ ရန်သူများကို စဉ်ဆက်မပြတ် တိုက်ခိုက်နေ၏။ မီးတောက်ဝိညာဉ်များ ရှိနေခြင်းကြောင့် ၎င်းသည် မိမိ၏ ဝိညာဉ်စွမ်းအားကို မသုံးစွဲလျှင်ပင် ရန်သူသည် မီးလောင်ကျွမ်းခြင်းကို ခံရမည်ဖြစ်ပြီး မီးတောက်ဝိညာဉ်များ၏ တိုက်ခိုက်ခြင်းကိုလည်း ခံရမည်ဖြစ်သည်။
အကယ်၍ ၎င်းသည် ၎င်း၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားထုတ်လွှတ်မှု စွမ်းရည် မဟာမီးလုံးစွမ်းရည်ကို အသုံးပြုမည်ဆိုပါက မီးတောက်ဝိညာဉ်များ၏ ကောင်းချီးပေးမှုအောက်တွင် တတိယအဆင့်၏ စွမ်းအားအထိပင် ရောက်ရှိနိုင်သည်။
အကယ်၍ လီဇီဝေက သူမ၏ စိတ်ရိုင်းဝင်စေခြင်းပါရမီကိုပါ မီးနတ်ဘုရားခွေးအပေါ် ပေါင်းစပ်ထည့်သွင်းလိုက်ပါက လက်ရွေးစင်အဆင့်နှောင်းပိုင်းတွက်ရှိသော မီးနတ်ဘုရားခွေးသည် ခေါင်းဆောင်အဆင့် အလယ်အလတ်အဆင့် သားရဲတစ်ကောင်နှင့်ပင် အပြန်အလှန် တိုက်ကွက်အချို့ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ခေါင်းဆောင်အဆင့်နှောင်းပိုင်း သားရဲတစ်ကောင်ပင်လျှင် မီးနတ်ဘုရားခွေး၏ မီးလျှံတိုက်ကွက်ကို တည့်တည့်ရင်ဆိုင်ရဲမည်မဟုတ်ပေ။
၎င်းသည် အပြည့်အဝ မကြီးထွားသေးသော မီးနတ်ဘုရားခွေးနှင့် လီဇီဝေတို့၏ အခြေအနေသာ ရှိသေးသည်။ အကယ်၍ သူတို့၏ အင်အား ပိုမိုတောင့်တင်းလာမည့် အချိန်အထိ စောင့်ဆိုင်းနိုင်ခဲ့လျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နောက်ထပ် တိုးတက်လာဦးမည် ဖြစ်သည်။
ဤအချက်သည်ပင် ကျန်းဟန်အနေဖြင့် လီဇီဝေ၏ အလားအလာမှာ အတော်အတန်ကောင်းမွန်သည်ဟု ခံစားရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ သူမ၏ စိတ်ရိုင်းဝင်စေခြင်းပါရမီသည် အတော်လေး ကောင်းမွန်နေပြီးသားဖြစ်ပြီး သူမ ရွေးချယ်ထားသော မီးအမျိုးအစား သားရဲသည်လည်း စိတ်ရိုင်းဝင်စေခြင်းပါရမီနှင့် အလွန်ကို ကိုက်ညီလှရာ သူမ၏ အနာဂတ် တိုက်ခိုက်ရေးစွမ်းရည်မှာ တိုင်းတာ၍မရနိုင်လောက်အောင် ဖြစ်လာလိမ့်မည်။
လီဇီဝေနှင့် နှိုင်းယှဉ်ပါက တုံးရွှမ်းနှင့် တုံးလင်တို့မှာမူ သားရဲချင်းရော ပါရမီချင်းပါ အနည်းငယ် ညံ့ဖျင်းကြသည်။ တုံးရွှမ်း၏ ပါရမီမှာ အရှိန်မြှင့်တင်ခြင်းဖြစ်ပြီး သားရဲ၏ အရှိန်ကို နှစ်ဆ မြှင့်တင်ပေးနိုင်သည်။ တုံးလင်၏ ပါရမီမှာမူ ဒိုင်းကာပြန်လည်ဆန်းသစ်ခြင်းဖြစ်ပြီး သားရဲ၏ ဒိုင်းစွမ်းရည် ပျက်စီးသွားပြီးနောက် ပြန်လည်ကောင်းမွန်လာစေရန် လုပ်ဆောင်ပေးနိုင်သည်။
သူတို့သည် လီဇီဝေနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ညံ့ဖျင်းသည်မှာ သိသာထင်ရှားသော်လည်း ၎င်းတို့၏ သားရဲများမှာမူ အတော်အတန် ကောင်းမွန်နေဆဲ ဖြစ်သည်။ သူတို့သာ ကြိုးစားမည်ဆိုပါက အနာဂတ် ရှိနေဆဲဖြစ်သော်လည်း ကျန်းဟန်၏ အမြင်တွင်မူ သူတို့၏ အပြုအမူများကို ကြိုးစားအားထုတ်မှုဟု ခေါ်ဆိုရန် ခက်ခဲလှသည်။
သူတို့၏ သားရဲများသည် မူလက လီဇီဝေထက် ပိုမိုမြင့်မားသော ကျင့်စဉ်အဆင့်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်ကို သိထားရမည်။ သို့သော်လည်း ယခုအခါ လီဇီဝေက သူတို့ကို လိုက်မှီလာခဲ့ပြီဖြစ်ပြီး သူတို့မှာမူ အနည်းငယ်မျှသာ တိုးတက်လာခဲ့သည်။ လီဇီဝေအနေဖြင့် သူတို့ကို ကျော်တက်သွားရန်မှာ အချိန်ကိစ္စသာ ဖြစ်သည်ဟု ကျန်းဟန် ခံစားမိသည်။
ကျန်းဟန်အနေဖြင့် သူတို့ကို နှိမ့်ချလိုခြင်း မဟုတ်ပေ။ အဆုံးသတ်တွင် သူတို့သည် အတူတူ တိုက်ပွဲဝင်ခဲ့ကြဖူးသည့် အဖော်မွန်များ ဖြစ်ကြ၏။ သို့သော်လည်း သူတို့သည် သူ၏ ခြေလှမ်းများကို လိုက်မှီနိုင်လောက်သည်အထိ လုံလောက်စွာ ကြိုးစားအားထုတ်မှု မရှိကြသည်မှာတော့ အမှန်ပင် ဖြစ်သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မကြာမီမှာပင် မွန်းလွဲပိုင်း သုံးနာရီကျော်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းဟန်နှင့် သူတို့သုံးဦး သဘောတူထားသည့် အမဲလိုက်ခြင်း အဆုံးသတ်ချိန်သို့ ရောက်ရှိလာခဲ့သည်။
“ကျန်းဟန်...ဒီမှာ ကြည့်ကြည့်။ ဒီသမင်ဦးချိုသစ်သီးက တခြားဟာတွေနဲ့ မတူဘူး။”
လီဇီဝေသည် အချိန်မှန် ပြန်လည်ရောက်ရှိလာပြီး သူမ၏ လက်ထဲတွင် ရွှေရောင်သမင်ဦးချိုသစ်သီးတစ်လုံးကို ကိုင်ထားသည်။
ပုံမှန်အားဖြင့် ဂျိုသီးသည် အနီရောင်သာ ရှိတတ်သည်။ ပထမအဆင့်သည် အနီနုရောင်၊ ဒုတိယအဆင့်သည် ပန်းရောင်နှင့် တတိယအဆင့်သည် အနီရင့်ရောင် ဖြစ်သည်။ အဆင့်မြင့်လေလေ အရောင်ရင့်လေလေ ဖြစ်သည်။
လီဇီဝေ၏ လက်ထဲရှိ ရွှေရောင်အသီးမှာမူ အမှန်ပင် အလွန်ရှားပါးလှသည်။
“ငါ့ကို ပေးကြည့်...။ ငါ အမှတ်မမှားဘူးဆိုရင် ဒါက ရွှေရောင်သမင်ကြီး ချန်ထားခဲ့တဲ့ သမင်ဦးချိုသစ်သီးပဲ ဖြစ်ရမယ်။ ရွှေရောင်သမင်ကြီးတွေက အရင်က ဒီဒေသမှာ ရှိခဲ့ဖူးပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက မျိုးသုဉ်းသွားခဲ့ပြီ။ အခုတော့ လူလုပ်မွေးမြူရေးခြံတွေမှာပဲ ရှိတော့တယ်။ နင် ဒီအရာကို တွေ့တာ တကယ် ကံကောင်းတာပဲ။ သူ့ရဲ့ အာနိသင်က သာမန်သမင်ဦးချိုသစ်သီးတွေထက် အများကြီး ပိုကောင်းတယ်။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
“ဒါဆိုရင် အရမ်းကောင်းတာပဲ။ ဒါနဲ့ ငါ သမင်ဦးချိုသစ်သီး ဘယ်နှစ်လုံး တူးလာခဲ့လဲဆိုတာ ခန့်မှန်းကြည့်စမ်း။”
လီဇီဝေက သမင်ဦးချိုသစ်သီးကို သိမ်းဆည်းလိုက်ပြီး ပြုံးကာ မေးလိုက်သည်။
ဤအချိန်တွင် တုံးရွှမ်းနှင့် တုံးလင်တို့လည်း ပြန်ရောက်လာကြပြီဖြစ်ကာ ၎င်းတို့၏ မျက်နှာများတွင် အပြုံးများ ပြည့်နှက်နေကြသဖြင့် သိသာထင်ရှားစွာပင် သူတို့၏ ရလဒ်မှာလည်း မဆိုးလှပေ။
“ဟုတ်တယ် ကျန်းဟန်... ငါတို့ သမင်ဦးချိုသစ်သီး ဘယ်နှစ်လုံး ရိတ်သိမ်းလာနိုင်လဲဆိုတာ ခန့်မှန်းကြည့်...။”
တုံးရွှမ်းကလည်း ကလေးဆန်သည့် အမူအယာမျိုးဖြင့် စနောက်လိုက်သည်။ ကျန်းဟန်က သူတို့သုံးဦးကို ကြည့်ပြီး ပြုံးလိုက်သည်။
“ဘယ်လောက်တောင် ရှိမှာမို့လို့လဲ။ အလွန်ဆုံးရှိလှ ကျောပိုးအိတ်တစ်လုံးစာပေါ့။ ငါ့ဟာထက်တော့ မများနိုင်ပါဘူး ဟုတ်တယ်မလား။”
ပြောပြောဆိုဆိုဖြင့် ကျန်းဟန်သည် ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်ရာ သူ၏ အနောက်တွင် ချထားသော သမင်ဦးချိုသစ်သီးများ ပြည့်နှက်နေသည့် သာမန်ဂုန်နီအိတ်ကြီးတစ်အိတ် ပေါ်လာခဲ့သည်။
လီဇီဝေ : !!! ∑(゚Д )
တုံးရွှမ်း : Σ(っ °Д °;)っ
တုံးလင်း : ▄█▀█● (ဒူးထောက်အရှုံးပေးလျက်)
ကျန်းဟန်၏ ဂုန်နီအိတ်ကြီးမှာ သူတို့သုံးဦး၏ ကျောပိုးအိတ်များ အားလုံးပေါင်းထားသည်ထက်ပင် ပို၍ ကြီးမားနေသေးသည်။
ဒါက စွန့်စားခန်းထွက်လာတာ မဟုတ်ဘဲ ပစ္စည်း ပြတ်လပ်အောင် လာပြီးသိမ်းကျုံးယူနေတာ မဟုတ်ဘူးလား။
သူတို့ သုံးဦးစလုံးမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး စကားတစ်ခွန်းမှပင် မဟနိုင်တော့ချေ။