အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း ၁၅၃
“ကျန်းဟန်... နင် နေရာဘယ်နှစ်ခုလောက်ကို မွှေနှောက်ရှာဖွေခဲ့တာလဲ။”
လီဇီဝေက တံတွေးကို အနိုင်နိုင်မျိုချရင်း ကျန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။
“နင်က တစ်ချိန်လုံး ငါတို့နဲ့အတူ ရှိနေတာလေ။ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ရအောင် ယူနိုင်ခဲ့တာလဲ။”
တုံးရွှမ်းက လုံးဝနားမလည်နိုင်တော့ဘဲ ကျန်းဟန်ကို အထက်အောက် စုန်ဆန် ကြည့်နေခဲ့သည်။ တုံးလင်မှာမူ ရင်ထဲမှ အကြွင်းမဲ့ အလေးပြုသွားရတော့သည်။
“တကယ်တော့ အများကြီးမဟုတ်ပါဘူး။ တစ်ရာကျော်ရုံလောက်ပါပဲ။ ပြီးတော့ အဲဒါတွေထဲက အများစုက ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေပဲ။ အဆင့်မြင့်တာတွေ အများကြီးမပါဘူး။”
ကျန်းဟန်က ပြုံးကာ ရှင်းပြလိုက်သည်။
“ကောင်းပြီ... အခု နင်တို့ရဲ့ သမင်ဦးချိုသစ်သီးတွေကို ငါ့ကို ပြလို့ရပြီလား။”
“ပြစရာ ဘာရှိမှာလဲ။ ငါက ဆယ့်ငါးလုံးပဲ ရခဲ့တာ။ အဲဒီထဲမှာ ငါးလုံးပဲ ဒုတိယအဆင့်ပါတယ်။ ကျန်တာတွေက ပထမအဆင့်တွေပဲ။”
တုံးရွှမ်းက သူမ၏ ကျောပိုးအိတ်ကို ဖွင့်ပြရင်း ပြောလိုက်သည်။
“ငါလည်း အတူတူပဲ။ လေးလုံးပဲ ဒုတိယအဆင့်ပါတယ်။ ကျန်တဲ့ ကိုးလုံးက ပထမအဆင့်ပဲ။”
တုံးလင်က ပြောလိုက်သည်။
“ငါ့ဟာက နည်းနည်းတော့ ပိုများတယ်...။ ဒုတိယအဆင့် ခုနစ်လုံးနဲ့ ပထမအဆင့် တစ်ဆယ့်လေးလုံး။”
လီဇီဝေက ဆိုသည်။
သုံးယောက်စလုံး စကားဆွံ့အသွားကြ၏။
နင် ကိုင်ထားတဲ့ ဆာလာအိတ်ကြီးနဲ့ နှိုင်းယှဉ်ရင် ငါတို့ရဲ့ မပြောပလောက်တဲ့ ရလဒ်လေးတွေကို ထုတ်ပြနေဖို့တောင် မလိုတော့ဘူး။
ပထမအဆင့် သမင်ဦးချိုသစ်သီးများသည် သေးငယ်ပြီး ရရှိရန် လွယ်ကူသော်လည်း ဒုတိယအဆင့်များမှာမူ အထူးသဖြင့် လီဇီဝေနှင့် အခြားသူများအတွက် အတော်ပင် အားစိုက်ထုတ်ခဲ့ရခြင်း ဖြစ်သည်။
ပြောပြီးနောက် သူတို့သုံးဦးသည် ဒုတိယအဆင့် သမင်ဦးချိုသစ်သီးတစ်လုံးစီကို ထုတ်ယူကာ ကျန်းဟန်ထံ ကမ်းပေးလိုက်ကြသည်။
“နင့်မှာ အများကြီး ရှိနေပေမဲ့လည်း ဒါက ငါတို့ရဲ့ ကျေးဇူးတင်တဲ့ အထိမ်းအမှတ် လက်ဆောင်လေးပါ။ ငါတို့ကို ဒီအပြင်အထိ ခေါ်လာပေးဖို့ နင် အချိန်တွေ အများကြီး ပေးခဲ့ရတယ်။”
သူတို့သုံးယောက်စလုံးက ကျန်းဟန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်ကြသည်။ ဤအရာကို သူတို့ ကြိုတင်တိုင်ပင်ထားကြခြင်း ဖြစ်သည်။ ကျန်းဟန်က သူတို့ကို အမဲလိုက်အဖွဲ့အဖြစ် ဖွဲ့စည်းရန် သဘောမတူခဲ့သော်လည်း သူတို့သည် ကျန်းဟန်ကို သူတို့၏ အဖွဲ့ခေါင်းဆောင်ကဲ့သို့ပင် ဆက်ဆံလိုက်ကြသည်။
“ငါ့မှာ ဒီအသီးတွေ လိုတယ် ထင်လို့လား။ နင်တို့ဘာသာပဲ သိမ်းထားလိုက်ကြပါ။”
ကျန်းဟန်က ခေါင်းခါယမ်းကာ လက်ဆောင်ကို ငြင်းပယ်လိုက်သည်။ သူသည် ဟုတ်ဟုတ်ကို ကင်းစောင့်ရန် စေလွှတ်လိုက်ပြီးနောက် ဆာလာအိတ်ထဲမှ သမင်ဦးချိုသစ်သီးများကို အနီးနားရှိ တောင်ကျစမ်းချောင်းထဲသို့ သွန်ချကာ ဆေးကြောရန် ပြင်ဆင်လိုက်သည်။
သမင်ဦးချိုသစ်သီးများသည် မြေအောက်တွင် ပေါက်ရောက်သဖြင့် အလွန် ညစ်ပတ်နေပြီး ဆေးကြောခြင်းက မဖြစ်မနေ လုပ်ဆောင်ရမည့် အလုပ်တစ်ခု ဖြစ်သည်။
ကျန်းဟန်က လက်မခံလိုသည်ကို မြင်သဖြင့် လီဇီဝေနှင့် အခြားသူများလည်း ထိုအသီးများကို ပြန်သိမ်းလိုက်ကြရသည်။ သူတို့လည်း သူတို့၏သစ်သီးများကို စတင်ဆေးကြောကြတော့သည်။
“ကောင်းပြီ သွားကြစို့။ တောင်အောက်ဆင်းရမယ့် အချိန်ရောက်ပြီ။ တောင်အောက်ရောက်ရင် ဒီသမင်ဦးချိုသစ်သီးတွေကို ဆေးရည်အဖြစ် ဖော်စပ်ဖို့ ငါ ခေါ်သွားပေးမယ်။”
ကျန်းဟန်က ဆေးကြောပြီးသား သမင်ဦးချိုသစ်သီးများကို ပြန်သိမ်းရင်း ပြောလိုက်သည်။ တကယ်တမ်းတွင် သူသည် သားရဲ မွေးမြူရေးပညာရှင် အမွေအနှစ်ကို သင်ယူထားပြီးဖြစ်သဖြင့် တောရိုင်းထဲတွင်ပင် ဆေးရည်များကို ဖော်စပ်နိုင်စွမ်း ရှိနေပြီဖြစ်သော်လည်း လိုအပ်သော ပစ္စည်းကိရိယာများ မစုံလင်ခြင်းနှင့် တောရိုင်းမြေပြင်က အလွန်အန္တရာယ်များခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရန် လိုအပ်ခြင်း ဖြစ်သည်။
“ကောင်းပြီ။”
လီဇီဝေနှင့် အခြားသူများမှာလည်း တောင်အောက်ဆင်းရာ၌ ကန့်ကွက်စရာ မရှိကြပေ။ ဤသည်မှာ ကျန်းဟန်နှင့် သူတို့ ကြိုတင်သဘောတူထားသည့်အတိုင်းပင် ဖြစ်သည်။
သုံးယောက်စလုံးက ကျန်းဟန်၏နောက်မှ လိုက်ပါလာကြပြီး မကြာမီ တောင်အောက်သို့ ဆင်းလာနိုင်ခဲ့ကြသည်။ ကျန်းဟန်က လမ်းပြလာခဲ့သဖြင့် လမ်းခရီးတစ်လျှောက် မည်သည့်အန္တရာယ်နှင့်မျှ မတွေ့ကြုံခဲ့ရဘဲ ညနေ ငါးနာရီဝန်းကျင်တွင် တောတွင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
“ကျန်းဟန်... နင်ပြောတဲ့ သားရဲ မွေးမြူရေးပညာရှင်ရဲ့ ဆိုင်က ဘယ်ဆိုင်လဲ “
တောတွင်းဈေးကွက်သို့ ဝင်ရောက်လာချိန်တွင် နေ့စဉ် ပစ္စည်းများ သယ်ယူပို့ဆောင်သည့် အချိန်ဖြစ်နေပြီဖြစ်သည်။ သားရဲထိန်းချုပ်သူ အများစု ပြန်ရောက်နေကြပြီ ဖြစ်သည်။ သားရဲထိန်းချုပ်သူ အများအပြားသည် မိုးကြိုးတောင်တန်းဒေသမှ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း တောတွင်းဈေးကွက်မှာမူ လူများဖြင့် စည်ကားနေကြဆဲပင်။
“ငါ့နောက်ကို လိုက်ခဲ့။ ဒါဆို သိလိမ့်မယ်။”
ကျန်းဟန်က သူတို့ကို တောတွင်းဈေးကွက်အတွင်းမှ ခေါ်ဆောင်လာခဲ့ပြီး ဝါရင့် မွေးမြူရေးပညာရှင် လျိုယွဲ့၏ ဆိုင်သို့ ရောက်ရှိလာခဲ့သည်။
ဝါရင့် မွေးမြူရေးပညာရှင် လျိုယွဲ့၏ နေရာသည် ယခင်မြင်တွေ့ခဲ့ရသည့် ဆိုင်များကဲ့သို့ လူစုလူဝေးဖြင့် ပြည့်နှက်မနေပေ။ သူမသည် ဝါရင့်မွေးမြူရေးပညာရှင်တစ်ဦး ဖြစ်သဖြင့် သူမ၏ ဝန်ဆောင်ခများမှာ အလွန်မြင့်မားရာ သာမန် သားရဲထိန်းချုပ်သူများအနေဖြင့် ဤနေရာသို့ လာလေ့မရှိကြချေ။
“ဒီမှာ ဘာလို့ လူတစ်ယောက်မှ မရှိတာလဲ။”
တုံးရွှမ်းက အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါ့ရဲ့ သခင်က စွမ်းအားအရှိဆုံး၊ အနှိုင်းမဲ့၊ အလွန်ကြီးမြတ်တဲ့ ဝါရင့်မွေးမြူရေးပညာရှင်ကြီး မို့လို့ပေါ့။ သခင်... ချောချောလှလှ ကောင်မလေးတွေ ရောက်နေတယ်။ အလှလေးတွေ ရောက်နေတယ်။”
တုံးရွှမ်း ပြောပြီးပြီးချင်းမှာပင် ရောင်စုံကြက်တူရွေး တစ်ကောင်သည် တံခါးဘောင်ပေါ်သို့ ပျံသန်းခိုနားလိုက်ပြီး ဆူညံစွာ အော်ဟစ်လိုက်တော့သည်။
“ဝါရင့် မွေးမြူရေးပညာရှင် ဟုတ်လား။”
ရောင်စုံကြက်တူရွေးထက်စာလျှင် သူတို့သုံးဦးမှာ ဝါရင့် မွေးမြူရေးပညာရှင် ဟူသော အသုံးအနှုန်းကြောင့် ပို၍ပင် မှင်တက်သွားကြရသည်။ ဤကဲ့သို့သော တောတွင်းဈေးကွက်အသေးလေးထဲတွင် ဝါရင့်မွေးမြူရေးပညာရှင်တစ်ဦး အမှန်တကယ် ရှိနေနိုင်သလော။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးဆိုသည်မှာ ပုံမှန်အားဖြင့် မြို့ပြရှိ သားရဲ ထိန်းချုပ်ရေးဗဟိုဌာနများတွင် ရှိနေရမည် မဟုတ်ပါလော။ သို့မဟုတ်လျှင်လည်း သူတို့ကိုယ်ပိုင် အလွန်ကြီးမားသော မွေးမြူရေးဆိုင်ကြီးများကို ဖွင့်လှစ်ထားကြရမည် ဖြစ်သည်။ ဝါရင့်မွေးမြူရေးပညာရှင်တစ်ဦးက ဤကဲ့သို့သော နေရာအောက်ခြေလေးတွင် အမှန်တကယ် အောင်းနေလိမ့်မည်လော။
“ဒါ တကယ်ပဲလား ကျန်းဟန်။”
လီဇီဝေသည်လည်း ယုံကြည်ရန် ခက်ခဲနေပုံရသည်။
“တကယ်ပေါ့။ ဒါပေမဲ့ နင်တို့ ဝန်ဆောင်ခတွေအတွက် စိတ်ပူစရာမလိုပါဘူး။ ငါ အားလုံး ရှင်းပေးမယ်။”
ကျန်းဟန်က ပြောပြောဆိုဆိုဖြင့် အားလုံးကို အထဲသို့ ခေါ်ဆောင်လာခဲ့သည်။ တကယ်တော့ သူသည် ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့၏ အဆင့်အတန်းကို လူသိရှင်ကြား မချပြချင်ခဲ့သော်လည်း ထိုကြက်တူရွေးကြီးမှာ ပါးစပ်အလွန် ဖွာလွန်းလှသည်။
လူတိုင်း အခန်းထဲသို့ ဝင်လာကြသည်နှင့် အနောက်ဘက်ရှိ သုတေသနဥယျာဉ်ထဲမှ ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့တစ်ယောက် လမ်းလျှောက်ထွက်လာခဲ့သည်။ ကျန်းဟန်ကို မြင်သောအခါ သူမ အနည်းငယ် အံ့သြသွားခဲ့၏။
“ကျန်းဟန်လေး... မင်း တကယ်ပဲ အပြင်ထွက်ဖို့ အချိန်ရသေးတယ်ပေါ့။ ဒါက တကယ့်ကို ရှားရှားပါးပါးပဲ။”
“ဟားဟား... စိတ်မဆိုးပါနဲ့ အစ်မရှောင်ယွဲ့။ တောင်ပေါ်မှာ အင်တာနက်မရှိလို့ပါ။ ပြီးတော့ တောင်အောက်ဆင်းဖို့လည်း အချိန်မရခဲ့လို့ပါ။”
ကျန်းဟန်က ရယ်မောရင်း ရှင်းပြလိုက်သည်။ ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့သည် သူ သူမထံသို့ လာမတွေ့သည်မှာ ကြာပြီဖြစ်သဖြင့် ဗျစ်တောက်ဗျစ်တောက် ပြောနေခြင်းဖြစ်ကြောင်း သူ သိနေသည်။
“မင်း ပျော်နေရင်ပြီးတာပဲ။ ဒါနဲ့ မနေ့က ရှောင်ယိ ငါ့ကို လာမေးတော့ မင်း အခု လူရိုင်း ဖြစ်နေပြီလို့ ငါ ပြောလိုက်တယ်။”
ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့က နှာမှုတ်ကာ ပြောပြီးနောက် လီဇီဝေတို့ထံသို့ အကြည့်ကို လွှဲလိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“မင်္ဂလာပါ။ ငါက ကျန်းဟန်ရဲ့ အစ်မပါ။ မင်းတို့အားလုံးနဲ့ ဆုံရတာ ဝမ်းသာပါတယ်။”
ထို့နောက် ကျန်းဟန်က လီဇီဝေတို့နှင့် ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့ကို ချက်ချင်းပင် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါ အခုလေးတင် ပြောခဲ့တဲ့ ဝါရင့်မွေးမြူရေးပညာရှင် အစ်မရှောင်ယွဲ့ပဲ။ ငါ့ရဲ့ အစ်မအရင်းတစ်ယောက်လိုပဲ။”
ထို့နောက်တွင် လီဇီဝေတို့ကိုလည်း အစ်မရှောင်ယွဲ့နှင့် မိတ်ဆက်ပေးခဲ့သည်။
“ဒါတွေက ကျွန်တော့်ရဲ့ အတန်းဖော်တွေပါ။ ဒီနေ့ သူတို့ သွားစရာမရှိတာနဲ့ ကျွန်တော် ခေါ်လာခဲ့လိုက်တာ။”
လီဇီဝေနှင့် အခြားသူများမှာ ကျန်းဟန်၏ မိတ်ဆက်ပေးမှုကို ကြားပြီးနောက် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့သည် အသက်အရွယ် အလွန်ငယ်ရွယ်လွန်းလှ၏။ (ဝါရင့်မွေးမြူစောင့်ရှောက်သူအများစုမှာ အသက်ကြီးကြသောကြောင့်) သူမကို မွေးမြူရေးပညာရှင် သင်တန်းသားတစ်ဦးမျှသာဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ကျန်းဟန်၏ မိတ်ဆက်ပေးမှုကို ကြားလိုက်ရချိန်တွင်မှ သူတို့နှင့် အသက်အရွယ်ချင်း မကွာလှဟု ထင်ရသည့် ဤအချောအလှ အစ်မကြီးမှာ အမှန်တကယ်ပင် ဝါရင့်မွေးမြူရေးပညာရှင် တစ်ဦး ဖြစ်နေကြောင်း ရုတ်တရက် သဘောပေါက်သွားကြတော့သည်။
“မင်္ဂလာပါ။ အဆင်ပြေတဲ့နေရာမှာ ထိုင်ကြပါ။ အားမနာကြပါနဲ့။”
ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့က ပြုံးကာ ပြောလိုက်သည်။ သူမသည် လူမှုရေးကိစ္စများတွင် သိပ်မကျွမ်းကျင်သော်လည်း ကျန်းဟန်အတွက် မျက်နှာပန်းလှအောင် အပြည့်အဝ လုပ်ဆောင်ပေးခဲ့သည်။
သို့သော် လီဇီဝေနှင့် အခြားသူများမှာမူ မှင်တက်နေဆဲပင်။ ကျန်းဟန်က သတိပေးလိုက်ပြီးနောက်တွင်မှ လီဇီဝေက ပထမဆုံး သတိပြန်ဝင်လာကာ ပြုံးကာ တုံ့ပြန်လိုက်သည်။
“မင်္ဂလာပါ အစ်မ။ အစ်မက ငယ်ရွယ်ပြီး အရမ်းလှလွန်းတော့ ကျွန်မတို့တောင် မှင်တက်သွားရတယ်။”
“ဟုတ်တယ်။ ကျွန်မတို့ ဝါရင့်မွေးမြူရေူပညာရှင်ကို မြင်ဖူးတာ ဒါပထမဆုံးပဲ။ ဒါကိုတောင် အခုလို လှလှပပနဲ့ ငယ်ငယ်ရွယ်ရွယ် အမျိုးသမီး မြင်လိုက်ရတယ်။ ကျန်းဟန်မှာ အစ်မလိုမျိုး အစ်မတစ်ယောက်ရှိတာ တကယ် ကံကောင်းတာပဲ။”
တုံးရွှမ်းကလည်း သတိဝင်လာပြီး ပျားသကာ လူးထားသကဲ့သို့ စကားကို ချိုသာစွာ ဆိုလိုက်သည်။
“ဟုတ်ပါတယ်... ဟုတ်ပါတယ်။”
တုံးလင်တစ်ယောက်သာ ကျောက်မြွေကဲ့သို့ ရိုးအလွန်းလှသဖြင့် ခေါင်းညိတ်ထောက်ခံရုံသာ တတ်နိုင်ရှာသည်။
လီဇီဝေနှင့် တုံးရွှမ်းတို့၏ ချီးမွမ်းစကားများကြောင့် လျိုယွဲ့မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသည်။
“ထိုင်ကြပါဦး။ အစ်မ ရေသွားခပ်ပေးမယ်။”
သို့သော် လီဇီဝေနှင့် တုံးရွှမ်းတို့၏ မြှောက်ပင့်စကားများက လျိုယွဲ့ကို ပျော်ရွှင်သွားစေခဲ့သည်မှာတော့ အမှန်ပင် ဖြစ်သည်။
လီဇီဝေနှင့် တုံးရွှမ်းတို့သည် ဝါရင့်မွေးမြူရေးပညာရှင်တစ်ဦးကို သူတို့အတွက် မည်သို့ ရေခပ်ခိုင်းရဲပါမည်နည်း။ သူတို့ဘာသာ ရေခပ်ရန်အတွက် ချက်ချင်းပင် ထရပ်လိုက်ကြသည်။
“အားမနာကြပါနဲ့။”
ကျန်းဟန်က ပြောလိုက်ပြီးနောက် လျိုယွဲ့ကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။
“အစ်မရှောင်ယွဲ့... ဆေးရည်အချို့ ဖော်စပ်ဖို့အတွက် ကျွန်တော် အစ်မရဲ့ ဓာတ်ခွဲခန်းကို သုံးလို့ရမလား။”
“မင်းကလား။ မင်းဘာသာမင်းလား။ သေချာလို့လား။”
လျိုယွဲ့က သူ့ကို မယုံသလို ကြည့်လိုက်သည်။ သူမ၏ မျက်နှာအမူအရာက ‘မင်းရဲ့ အရည်အချင်းက ဘယ်လောက်ရှိလဲ မင်းကိုယ်မင်း မသိဘူးလား။ ငါ့ကို ကူညီစေချင်ရင်လည်း တည့်တည့်သာ ပြောစမ်းပါ’ ဟု ဆိုနေသကဲ့သို့ပင်။
လီဇီဝေနှင့် အခြားသူများပင်လျှင် ကျန်းဟန်သည် ဆရာကြီးရှေ့တွင် ဆရာလာလုပ်နေသည်ဟု ခံစားလိုက်ရသည်။
“အစ်မရှောင်ယွဲ့... အစ်မက ကျွန်တော့်ကို အဲလောက်တောင် အထင်သေးရလား။ ဒီနေ့ ကျွန်တော် အစ်မကို တစ်ကွက်လောက် ပြပြီး အံ့သြသွားအောင် လုပ်ရမယ်။”
ကျန်းဟန်က သူ၏မေးစေ့ကို ပင့်တင်ကာ ပြောလိုက်သည်။
“ရတာပေါ့။ တကယ်လို့ မင်းသာ ကျရှုံးသွားရင် အနောက်ဘက် အိမ်နောက်ဖေးက ပေါင်းပင်တွေအားလုံးကို ငါ့အတွက် လာနှုတ်ပေးရမယ်။”
လျိုယွဲ့က ကျန်းဟန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။