← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

“ပြဿနာမရှိဘူး အစ်မရှောင်ယွဲ့။ ဒီနေ့ အစ်မကို ကျွန်တော့်ရဲ့ မွေးမြူရေးပညာရှင်တစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ပါရမီကို အပိုင်ပြပြီး အသိအမှတ်ပြုခိုင်းမယ်။”

ကျန်းဟန်သည် ဝါရင့်မွေးမြူရေးပညာရှင် အမွေအနှစ်ကို ဆယ်ရက်ကျော်ကြာ ကြိုးစားသင်ယူခဲ့ပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် စမ်းသပ်ချင်စိတ် တဖွားဖွားဖြစ်ပေါ်လျက် ပြောလိုက်သည်။

“ကျန်းဟန်... နင်ကတော့ ကိုယ့်ဘာသာကိုယ် ပြဿနာရှာနေတာပဲ။”

လီဇီဝေနှင့် အခြားနှစ်ဦးမှာ ကျန်းဟန်အတွက် စိတ်ထဲမှနေ၍ တိတ်တဆိတ် ဆုတောင်းပေးနေကြသည်။ ကျန်းဟန်သည် သားရဲထိန်းချုပ်ခြင်းတွင် ပါရမီပါသော်လည်း မွေးမြူရေးပညာရှင် ဖြစ်ခြင်းမှာ သားရဲထိန်းချုပ်ခြင်းနှင့် ဘာမှမသက်ဆိုင်သည့်အပြင် ပါဝင်သည့် အသိပညာရပ်များမှာလည်း အလွန်တရာ နက်နဲကျယ်ပြန့်လှသည်။

“မင်းက ဘယ်လိုဆေးရည်မျိုးကို ဖော်စပ်ချင်လို့လဲ။”

လျိုယွဲ့က မေးလိုက်သည်။ သူမကမူ အပျော်သဘောဖြင့်သာ စောင့်ကြည့်နေပြီး ကျန်းဟန် သူမကို အကူအညီတောင်းလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူမ၏ ဤမောင်လေးမှာ အောင်မြင်မှုအချို့ရပြီးနောက် ဘဝင်မြင့်နေသည်ဟု သူမ ခံစားနေရသည်။

“သမင်ဦးချိုသီးကို သုံးပြီးတော့ ဝိညာဉ်သွေးကြောချဲ့ထွင်ခြင်း ဆေးရည်ကို ဖော်စပ်မလို့ပါ။ အစ်မဆီမှာ အဖြူရောင်လကျောက်မှုန့်၊ ကျိုးပဲ့နေသောရွှေဆေးရည်၊ ကောင်းကင်နန်းတော်ပန်း၊ အပ်စိုက်ကျောက်တွေအပြင် နဂါးသွားမြက်မှုန့်နဲ့ ဟုန်းရွှေမှုန့်ကော ရှိလား။”

ကျန်းဟန်က မေးလိုက်သည်။

“မင်း တော်တော် သိထားတာပဲ။ မင်းလိုချင်တာတွေအားလုံး ငါ့ဆီမှာ ရှိတယ်။ ကောင်းပြီ... ဓာတ်ခွဲခန်းထဲ သွားကြစို့။ ငါ မင်းကို ကူညီပေးမယ်။”

လျိုယွဲ့က ပြုံးလိုက်သည်။ ကျန်းဟန်တွင် စစ်မှန်သော အရည်အချင်း ရှိ၊ မရှိ သူမ အမှန်တကယ် စောင့်ကြည့်ချင်သွားပြီ ဖြစ်သည်။ သူရွတ်ပြသွားသော ဆေးနည်းမှာ ပြဿနာမရှိသော်လည်း ၎င်းက အနည်းငယ် ခေတ်နောက်ကျနေပြီး ယခုခေတ်တွင် အဓိကအသုံးပြုနေသည့် ဆေးနည်းမျိုးတော့ မဟုတ်ပေ။

“ကောင်းပါပြီ။”

ကျန်းဟန်သည် သူ၏ သမင်ဦးချိုသစ်သီးများကို ယူဆောင်ကာ ဓာတ်ခွဲခန်းထဲသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။ လျိုယွဲ့က သူ၏နောက်မှ လိုက်ပါသွားပြီး လီဇီဝေနှင့် အခြားသူများကမူ ပြတင်းပေါက်အပြင်ဘက်မှနေ၍ စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်နေကြသည်။

ကျန်းဟန်သည် ဝါရင့်မွေးမြူရေးပညာရှင်တစ်ဦးနှင့် ရင်းနှီးရုံတင်မကဘဲ မောင်နှမကဲ့သို့ပင် အပြန်အလှန် ခေါ်ဝေါ်နေကြသည်ကို မြင်လိုက်ရသဖြင့် သူတို့ ယခုအချိန်အထိ အံ့သြမဆုံး ဖြစ်နေကြရဆဲပင်။

ဓာတ်ခွဲခန်းထဲသို့ ရောက်ရှိပြီးနောက် လျိုယွဲ့သည် ကျန်းဟန် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကို လျင်မြန်စွာ ပြင်ဆင်ပေးလိုက်သည်။

ကျန်းဟန်သည် ပထမဦးစွာ ဖျော်ရည်ညှစ်စက်အကြီးစားတစ်ခုကို ထုတ်ယူကာ သူ၏ သမင်ဦးချိုသစ်သီးများအားလုံးကို ထည့်လိုက်ပြီး အဖြူရောင်လကျောက်မှုန့်ကိုပါ ရောစပ်လိုက်သည်။

ထိုအထူးကျောက်မှုန့်သည် သမင်ချိုသစ်သီး၏ ဆဲလ်အားလုံးကို ချေဖျက်ပေးနိုင်စွမ်းရှိသဖြင့် အတွင်းရှိ အာဟာရဓာတ်အားလုံးကို ထုတ်ယူနိုင်စေကာ အသားအများစုကို အရည်ပျော်စေပြီး အဖတ်အနည်းငယ်သာ ကျန်ရှိစေသည်။

ဖျော်ရည်ညှစ်စက်ကို ဖွင့်လိုက်သည်နှင့် မကြာမီပင် အောက်ခြေပိုက်မှ အနီရောင်ဖျော်ရည်များ စီးကျလာခဲ့သည်။ ကျန်းဟန်၏ သမင်ဦးချိုသစ်သီးဆာလာအိတ်ကြီးမှာ ဖျော်ရည် ၅၀ ကတ္တီကျော် ထွက်လာခဲ့ပြီး ဇလုံအကြီးကြီးတစ်ခုစာ ပြည့်လျှံသွားခဲ့သည်။

ဖျော်ရည်များကို ညှစ်ယူပြီးနောက် ကျန်းဟန်သည် ၎င်းကို တစ်ကြိမ်ထပ်မံ စစ်ထုတ်လိုက်ပြီး ကျိုးပဲနေသောရွှေဆေးရည်နှင့် ကောင်းကင်နန်းတော်ပန်းမှုန့်တို့ကို ထည့်လိုက်သည်။ ထိုဆေးဖက်ဝင်ပစ္စည်း နှစ်မျိုးကို ငါးဆယ်ပုံတစ်ပုံ အချိုးအစားအတိုင်း ထည့်ရမည်ဖြစ်ပြီး မွှေပေးနေစဉ်အတွင်း ဖြည်းဖြည်းချင်း ထည့်သွင်းရကာ ဆေးရည်၏ အခြေအနေပေါ်မူတည်၍ ပမာဏကို အတိုးအလျှော့ ပြုလုပ်ပေးရမည်ဖြစ်သည်။

ထိုအမှုန့်နှစ်မျိုးကို ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးရည်တစ်ခုလုံးမှ အခိုးအငွေ့များ ထွက်ပေါ်လာပြီး လျင်မြန်စွာ အငွေ့ပျံလာတော့သည်။ ဤအဆင့်တွင် အပူရှိန်များ လျော့ပါးသွားစေရန်အတွက် အဆက်မပြတ် မွှေပေးနေရန် လိုအပ်သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ရေဓာတ်အများစု အငွေ့ပျံသွားခဲ့သည်။ ကတ္တီ ငါးဆယ်ခန့်ရှိသော ဆေးရည်မှာ ဆယ်ကတ္တီခန့်အထိ လျော့နည်းသွားခဲ့ပြီး အလွန်တရာ စေးပျစ်လာခဲ့သည်။

ကျိုးပဲနေသောရွှေဆေးရည်နှင့် ကောင်းကင်နန်းတော်ပန်းတို့မှာ အလွန် ပြင်းထန်သော အပူဓာတ်ဆောင်သည့် ပစ္စည်းများဖြစ်သောကြောင့် ရေဓာတ်အများစုကို အငွေ့ပျံသွားစေနိုင်သော်လည်း ယခုအခါ လုပ်ငန်းစဉ်မှာ အရေးကြီးဆုံး အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ တကယ်၍ အခြေအနေကိုသာ မှန်ကန်စွာ မဆုံးဖြတ်နိုင်ပါက သမင်ဦးချိုသစ်သီး၏ ဆေးဖက်ဝင်အာနိသင်များ ပျက်စီးသွားပေလိမ့်မည်။

လျိုယွဲ့က အော်ဟစ်သတိပေးရန် ပြင်လိုက်စဉ်မှာပင် အရေးအကြီးဆုံး အချိုးအကွေ့ အခိုက်အတန့်၌ ကျန်းဟန်သည် အပ်စိုက်ကျောက်နှင့် နဂါးသွားမြက်မှုန့်တို့ကို လောင်းထည့်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုနှစ်မျိုးမှာ အအေး ဓာတ်သဘာဝရှိသဖြင့် ၎င်းတို့ကို ထည့်သွင်းလိုက်ခြင်းက ယခင်ပါဝင်ပစ္စည်းများကို မျှခြေဖြစ်စေကာ ဆေးရည်ကို တည်ငြိမ်သွားစေသည်။ ထို့နောက် ကျန်းဟန်က ယင်ဓာတ်ဆောင်သော ဆေးဖက်ဝင်ပစ္စည်းဖြစ်သည့် ဟုန်းရွှေမှုန့်ကိုပါ ထပ်မံ လောင်းထည့်လိုက်သည်။

ဟုန်ရွှေမှုန့်ကို ထည့်လိုက်ခြင်းက ကျိုးပဲ့နေသောရွှေဆေးရည်နှင့် ကောင်းကင်နန်းတော်ပန်းမှုန့်တို့၏ အပူဓာတ်ကို လုံးဝ ပယ်ဖျက်ပေးလိုက်ပြီး ဆေးရည်ကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။ ဤသို့ဖြင့် ဆေးရည်ဖော်စပ်ခြင်းမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တော့သည်။

ဤသည်မှာ ဆေးရည်ဖော်စပ်ခြင်း အတတ်ပညာပင် ဖြစ်သည်။ ကြည့်ရသည်မှာ ရိုးရှင်းလှသော်လည်း ဂရုပြုရမည့် အသေးစိတ်အချက်အလက်များစွာ ရှိသည်။ ကျန်းဟန်သည် အသင့်ရှိပြီးသား ဆေးနည်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဆေးနည်းတွင် ပါဝင်သော ဆေးဖက်ဝင်ပစ္စည်း အမျိုးမျိုးမှာ မွေးမြူရေးပညာရှင် အများအပြား၏ စမ်းသပ်စစ်ဆေးမှုကို ခံယူပြီးသား ဖြစ်ကြသည်။ ၎င်းတို့သည် ဆေးရည်ဖြစ်ပေါ်လာစေရန် ကူညီပေးရုံသာမက ဆေးရည်အတွင်းရှိ သမင်ဦးချိုသစ်သီး၏ ဆေးဖက်ဝင်အာနိသင်များကို မပျက်စီးစေသည့်အပြင် သမင်ဦးချိုသစ်သီး၏ အာနိသင်ကို ပိုမိုထက်မြက်ကောင်းမွန်လာစေရန်ပါ မြှင့်တင်ပေးနိုင်ကြပေသည်။

သားရဲ မွေးမြူရေးပညာရှင် တစ်ဦးအနေဖြင့် ဆေးဖက်ဝင်ပစ္စည်း အမျိုးမျိုး၏ ဂုဏ်သတ္တိများကို သိရှိရန် လိုအပ်ရုံသာမက အချိန်နှင့်တပြေးညီ ပြောင်းလဲမှုများနှင့် အတိုးအလျှော့များကိုလည်း ပြုလုပ်နိုင်ရမည် ဖြစ်သည်။ တစ်ခါတစ်ရံတွင် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းအများစုကို ချက်ချင်း ရှာမတွေ့နိုင်ပါက အစားထိုးပစ္စည်းများကိုလည်း ရှာဖွေနိုင်ရပေမည်။

ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့ကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက်မူ ဆေးရည်ဖော်စပ်ခြင်းသည် ၎င်းတို့၏ ပင်ကိုယ်ဗီဇကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။ ၎င်းတို့သည် ဆေးရည်အသစ်များနှင့် သားရဲအသစ်များကိုသာ အမြဲတစေ သုတေသနပြုနေကြသည်။ ဓာတ်ခွဲခန်းဝမှ ရောင်စုံကြက်တူရွေးကြီးဆိုလျှင်လည်း လျိုယွဲ့၏ သုတေသနရလဒ်တစ်ခုဖြစ်ပြီး ဒြပ်စင်ငါးပါး အရည်အချင်းရှိသော သားရဲအမျိုးအစားသစ်တစ်ကောင် ဖြစ်သည်။

ကျန်းဟန်သည် သူဖော်စပ်ထားသော ဆေးရည်ကို ငါးပုံ ပုံ၍ ထုပ်ပိုးလိုက်သည်။ ထို့နောက် လျိုယွဲ့ကို ကြည့်ကာ ပြုံးပြလိုက်၏။

“အစ်မရှောင်ယွဲ့... ဘယ်လိုလဲ။ အောင်မှတ် ရရဲ့လား။”

လီဇီဝေနှင့် အခြားသူများသည်လည်း ကျန်းဟန် ဆေးရည်ဖော်စပ်ပြီးသွားသည်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ ကျန်းဟန်သည် စိုက်ပျိုးမွေးမြူရေး အတတ်ပညာတွင် အမှန်တကယ်ပင် အဆင့်အတန်းတစ်ခုရှိနေပြီး သူယခုလေးတင် အသုံးပြုသွားသော နည်းစနစ်များမှာ သူတို့အမြင်တွင် အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှသည်။

“သီသီလေး အောင်ရုံပဲ။ မင်းရဲ့ အဆင့်နဲ့ဆိုရင်တော့ အရည်အချင်းမီတယ်လို့ သတ်မှတ်လို့ရပါတယ်။”

လျိုယွဲ့က ဆိုသည်။ တကယ်တော့ သူမ စိတ်ထဲတွင် အတော်ပင် အံ့သြသွားခဲ့သည်။ ကျန်းဟန်၏ ပုံစံကို ကြည့်ရသလောက် သူသည် များများစားစား လေ့ကျင့်ထားပုံမရဘဲ ပထမဆုံးအကြိမ်မှာတင် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းက သူသည် ဆေးဖက်ဝင်ပစ္စည်းများ၏ ဂုဏ်သတ္တိများကို အလွန် ကောင်းမွန်စွာ နားလည်ထားကြောင်း ပြသနေပြီး သူ၏ စိတ်စွမ်းအားမှာလည်း အထင်ကြီးစရာကောင်းလှသဖြင့် ဆေးရည်၏ ပြောင်းလဲမှုများကို အချိန်မီ သိရှိနိုင်ခြင်း ဖြစ်သည်။

“သီသီလေးပဲ အောင်တာလား။”

ကျန်းဟန်ကမူ သူ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု ခံစားနေရသည်။

“မင်းကို သီသီလေးပဲ အောင်တယ်လို့ ပြောတာက မင်းက အခုမှ စသင်တဲ့သူမလို့ပဲ။”

လျိုယွဲ့က မျက်စောင်းထိုးလိုက်ပြီး လီဇီဝေတို့ထံ ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့မှာလည်း သမင်ဦးချိုသစ်သီးတွေ ရှိတယ်မလား။ ထုတ်လိုက်ကြလေ။ အစ်မ မင်းတို့အတွက် ဆေးရည် ဖော်စပ်ပေးမယ်။”

“ဟုတ်ကဲ့... ဟုတ်ကဲ့ ရှိပါတယ်။”

လီဇီဝေနှင့် အခြားနှစ်ဦးသည် ဝါရင့်မွေးမြူရေးပညာရှင်တစ်ဦးက သူတို့အတွက် ဆေးရည်ဖော်စပ်ပေးမည်ဟု ကြားလိုက်ရသဖြင့် သူတို့၏ သမင်ဦးချိုသစ်သီးများကို ပျာပျာသလဲ ထုတ်ယူလိုက်ကြတော့သည်။

“သေချာကြည့်ထား။”

လျိုယွဲ့က ကျန်းဟန်ကို တစ်ချက်ကြည့်ကာ သူမ၏လက်ကို မြှောက်၍ လက်ဖျောက်တစ်ချက် တီးလိုက်ရာ ကျောက်စိမ်းရောင် သားရဲငယ်လေးတစ်ကောင် စားပွဲပေါ်တွင် ပေါ်လာခဲ့သည်။

“စလိုက်တော့... ရှောင်ပိ။”

လျိုယွဲ့က သားရဲငယ်လေးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

နောက်အခိုက်၌ ထိုသားရဲငယ်လေးသည် ကျောက်စိမ်းရောင် လေပြေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အထက်သို့ လွင့်ပျံသွားကာ သမင်ဦးချိုသစ်သီးများအားလုံးကို အထဲတွင် ပတ်ပတ်လည် ဝန်းရံလိုက်သည်။ ထိုအစိမ်းရောင် လေပြေလှိုင်းထဲတွင် သမင်ဦးချိုသစ်သီးများသည် လျင်မြန်စွာပင် လည်ပတ်နေသည့် ဖျော်ရည်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤအခိုက်အတန့်တွင် လျိုယွဲ့၏ စိတ်စွမ်းအင်က ဆေးရည်အပေါ် သက်ရောက်သွားခဲ့သည်။ မကြာမီမှာပင် ဆေးဖတ်များမှာ ဘေးသို့ လွင့်စင်ထွက်သွားခဲ့ပြီး ဆေးရည်လုံး တစ်ခုလုံးမှာ မျက်စိရှေ့တွင်တင် သိသိသာသာ လျော့နည်းကျဉ်းမြောင်းသွားခဲ့သည်။ အချက်အချာကျသော အမှတ်တစ်ခုသို့ ရောက်ရှိသောအခါ လျိုယွဲ့သည် သူမ၏စိတ်ကို လှုပ်ရှားလိုက်ပြီး စိတ်စွမ်းအင်ဖြင့် အရာဝတ္ထုများကို ထိန်းချုပ်ကာ စားပွဲပေါ်ရှိ ဆေးဖက်ဝင်ပစ္စည်းအချို့ကို ယူဆောင်၍ လေထဲတွင် လည်ပတ်နေသော ဆေးရည်ထဲသို့ အလွန်တရာ ကျော့ရှင်းလှပသော အမူအရာဖြင့် ထည့်သွင်းလိုက်သည်။

လုပ်ငန်းစဉ်တစ်ခုလုံးသည် သုံးမိနစ်ပင် မပြည့်လိုက်ဘဲ သွေးကဲ့သို့ နီရဲနေသော ဝိညာဉ်သွေးကြောချဲ့ထွင်ခြင်း ဆေးရည် သုံးပုံ ဖော်စပ်ခြင်းမှာ ပြီးဆုံးသွားခဲ့တော့သည်။

“မင်းသုံးတဲ့ ဆေးနည်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက ဆေးနည်းပဲ။ ကျိုးပဲ့နေသောရွှေဆေးရည်ပဲဖြစ်ဖြစ်၊ ဟုန်းရွှေမှုန့်ပဲဖြစ်ဖြစ် အခုအချိန်မှာ ပိုကောင်းတဲ့ အစားထိုးပစ္စည်းတွေ ရှိနေပြီ။ မင်းက လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကိုပဲ အာရုံစိုက်ပြီး ဆေးရည်ရဲ့ အရသာကို ဂရုမစိုက်ခဲ့ဘူး။ မင်းဖော်တဲ့ ဆေးရည်က အရမ်းခါးလွန်းလို့ သားရဲတွေ သောက်ချင်ကြမှာ မဟုတ်ဘူး။ ပြီးတော့ မင်းက သမင်ဦးချိုသစ်သီးရဲ့ အစေ့တွေကို မဖယ်ထုတ်ခဲ့ဘူး။ ဒါကြောင့် သမင်ဦးချိုသစ်သီးရဲ့ အာနိသင်တွေကို အပြည့်အဝ အသုံးမချနိုင်ခဲ့ဘူး။”

ထိုအချိန်မှသာ လျိုယွဲ့က ကျန်းဟန် ဆေးရည်ဖော်စပ်စဉ်က လုပ်ဆောင်ခဲ့မိသော အမှားများကို ပြောပြလိုက်လေသည်။

ကျန်းဟန်နှင့် လီဇီဝေတို့သုံးဦးစလုံးမှာ လျိုယွဲ့၏ ထူးကဲလှသော နည်းစနစ်များကြောင့် လုံးဝ အံ့သြချီးကျူးသွားကြရသည်။ ဝါရင့်မွေးမြူရေးပညာရှင်ပီပီ သူမသည် စိတ်စွမ်းအင်ကို မိမိ၏ သားရဲနှင့် ပေါင်းစပ်ကာ ဆေးရည်ကို တိုက်ရိုက် ထိန်းချုပ်သွားခဲ့၏။ သူမ၏ အလွန်မြင့်မားသော စိတ်အာရုံခံစားမှုမှတစ်ဆင့် ဆေးရည်ထဲရှိ ဆေးဖတ်များအားလုံးကို ဖယ်ထုတ်ပစ်ခဲ့သည်။ ဤကဲ့သို့ ချောမွေ့သပ်ရပ်လှသော နည်းစနစ်မှာ ဖျော်ဖြေပွဲတစ်ခုကို ကြည့်နေရသကဲ့သို့ပင် အလွန်တရာ ကျွမ်းကျင်လွန်းလှသည်။

ယင်းနှင့် နှိုင်းယှဉ်ပါက ကျန်းဟန်၏ နည်းစနစ်မှာမူ လမ်းစလျှောက်တတ်ခါစ ကလေးတစ်ယောက်၏ ပုံစံကဲ့သို့ ဖြစ်နေတော့သည်။

“အစ်မရှောင်ယွဲ့... အစ်မက တကယ် အံ့သြဖို့ကောင်းတာပဲ။ အစ်မရဲ့ မောင်လေး ကျွန်တော် အရှုံးပေးပါတယ်။ ဒီနေ့ည ကျွန်တော် ပေါင်းပင်တွေ သွားနှုတ်ပေးပါ့မယ်။”

ကျန်းဟန်က ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချကာ ဆိုလိုက်သည်။ လျိုယွဲ့သည် ယခင်က သူမ၏ အရည်အချင်းများကို ထုတ်မပြခဲ့ဖူးချေ။ ယခု ထုတ်ပြလိုက်ချိန်တွင်မှ မိမိနှင့် ဝါရင့်မွေးမြူရေးပညာရှင် တစ်ဦးကြားရှိ ကွာဟချက်မှာ မည်မျှကြီးမားကြောင်း သူ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ရသည်။

“ဟုတ်တယ်... ငါတို့လည်း မျက်စိပွင့်သွားပြီ။”

လီဇီဝေနှင့် အခြားနှစ်ဦးသည် ကျန်းဟန်ဖော်စပ်ထားသော ဆေးရည်နှင့် ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့ ဖော်စပ်ထားသော ဆေးရည်ကို နှိုင်းယှဉ်ကြည့်လိုက်ကြသည်။ အရောင်တွင်ဖြစ်စေ၊ အနံ့တွင်ဖြစ်စေ ကျန်းဟန်၏ ဆေးရည်မှာ အဆမတန် နိမ့်ကျနေသည်မှာ အမှန်ပင် ဖြစ်သည်။

သူတို့သည် ကျန်းဟန်ကို အနည်းငယ် မနာလိုပင် ဖြစ်မိသွားခဲ့ကြသည်။ သူသည် ဤကဲ့သို့ ဝါရင့်မွေးမြူရေးပညာရှင်တစ်ဦးကို အစ်မတစ်ယောက်အဖြစ် ပိုင်ဆိုင်ထား၏။ ဤကောင် ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာခြင်းမှာ အံ့သြစရာမရှိတော့ချေ။

“ဒါပေမဲ့လည်း ကျန်းဟန်... အခုမှ စသင်တဲ့သူတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ်မှာတင် ဆေးရည်ကို အောင်မြင်အောင် ဖော်စပ်နိုင်တာက အတော်လေး တော်နေပါပြီ။ ဆက်ပြီး ကြိုးစားလိုက်ပါဦး။”

လျိုယွဲ့က ကျန်းဟန်၏ ပုခုံးကို ထပ်ပုတ်ကာ ပြုံးလျက် အားပေးစကား ဆိုလိုက်သည်။

All Chapters