← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

“သောက်ကျိုးနည်း... ဟိုမှာကြည့်လိုက်စမ်း။ တစ်ယောက်ယောက်က အသေခံတိုက်ပွဲအတွက် စာရင်းသွင်းနေပြီ။ ဒီတစ်ခါတော့ တကယ်ကြည့်ကောင်းတော့မယ်ဟေ့။”

“အခုမှပဲ တကယ့်ပွဲကြီးပွဲကောင်းကို ကြည့်ရတော့မယ်။ အသေခံတိုက်ပွဲအတွက် စာရင်းသွင်းတဲ့သူမရှိတာ လဝက်မကတော့ဘူးမလား။”

“ဒီကောင် ဘယ်သူလဲဆိုတာ သိတဲ့သူရှိလား။ သူက ဘယ်လောက်အဆင့်ရှိလဲ။ ငါ ကြေးနည်းနည်းလောက် လောင်းမလို့။”

“ဟမ့်... သူ ဘယ်လိုစည်းမျဉ်းပဲ သတ်မှတ်သတ်မှတ်...နောက်ထပ် သေချင်နေတဲ့ကောင်တစ်ကောင်ပဲ။”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပတ်ပတ်လည်တွင် အပြင်းအထန် ဆွေးနွေးငြင်းခုံသံများ ဆူညံပွက်လောရိုက်သွားခဲ့သည်။ စင်မြင့်များပေါ်မှ တိုက်ခိုက်မှုများကို မည်သူကမျှ အာရုံမစိုက်ကြတော့ဘဲ လူတိုင်း၏ မျက်လုံးများမှာ ထိုလူသစ်ထံသို့သာ ကျရောက်နေကြပြီး ပြိုင်ပွဲဝင်များကိုယ်တိုင်ပင် လှမ်းမျှော်ကြည့်ရှုလာကြသည်။

အသေခံတိုက်ပွဲ...။ ၎င်းမှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်။ ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ပွဲ သို့မဟုတ် နှစ်ပွဲသာ မြင်တွေ့ရလေ့ရှိပြီး စိန်ခေါ်မှုကို အောင်မြင်စွာ ပြီးမြောက်နိုင်သူမှာ အလွန်တရာ ရှားပါး၏။ နှစ်ပေါင်းများစွာကြာလျှင်ပင် ထိုကဲ့သို့သောလူတစ်ယောက်ကို မြင်တွေ့ရမည်မဟုတ်ချေ။

“မင်း အသေခံတိုက်ပွဲအတွက် စာရင်းသွင်းမှာ သေချာပြီလား။ တစ်ခါ စာရင်းသွင်းပြီးရင် နောက်ဆုတ်လို့မရတော့ဘူးနော်။”

စာရင်းပေးသွင်းခြင်းကို တာဝန်ယူထားသည့် တက်တူးနှင့်လူက ထပ်မံမေးမြန်းလိုက်သည်။

“အင်း လုံးဝ သေချာတယ်။”

ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။

“မင်းက သတ္တိရှိသားပဲ ကောင်လေး။ လာ... သဘောတူညီချက်မှာ လက်မှတ်ထိုးလိုက်။ ပြီးရင် မင်းရဲ့ စိန်ခေါ်မှုစည်းမျဉ်းတွေကို သတ်မှတ်လို့ရပြီ။”

တက်တူးနှင့်လူက အလွန်တရာ စိတ်လှုပ်ရှားနေသည့် ပုံစံဖြင့် ပြောလိုက်သည်။

အသေခံတိုက်ပွဲတိုင်းသည် လက်ဝှေ့လူသတ်ကွင်းတစ်ခုလုံးအတွက် အလွန်အရေးကြီးပြီး ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုနှင့်ပင် ညီမျှပေသည်။

တိုက်ပွဲတိုင်းက ကြီးမားသော ဝင်ငွေများကို ဖန်တီးပေးနိုင်ပြီး သဘောတူညီချက်ကို ချုပ်ဆိုပေးရသည့် သူကိုယ်တိုင်ပင်လျှင် ဆုလာဘ်များစွာ ရရှိနိုင်သည်။

ယခုအချိန်တွင် ဤသတင်းမှာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ မှောင်ခိုဈေးကွက်တစ်ခုလုံး၏ အထက်တန်းလွှာများကပါ အာရုံစိုက်လာကြပေလိမ့်မည်။ မကြာမီပင် ဤလက်ဝှေ့လူသတ်ကွင်းကြီးမှာ လူများဖြင့် ပြည့်နှက်သွားတော့မည်ဖြစ်ပြီး ဖုံးကွယ်နေသော လူကုံထံများနှင့် အစွမ်းထက်ပုဂ္ဂိုလ်များလည်း ပွဲကြည့်ရန်အတွက် ရောက်ရှိလာကြပေလိမ့်မည်။

ယခုအခါ ကျန်းဟန်အနေဖြင့် နောင်တရချင်လျှင်ပင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

မကြာမီမှာပင် လက်ဝှေ့လူသတ်ကွင်း၏ မန်နေဂျာဖြစ်သူ ဖုန်းချီ ရောက်ရှိလာခဲ့သည်။ သူသည် သပ်ရပ်စွာ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထူးခြားဆန်းကြယ်သော မတူညီသည့်အရောင်များဖြင့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။

“ဆရာ... ဒါက သဘောတူညီချက်စာချုပ်ပါ။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ။”

ဖုန်းချီက ပြုံးကာ ပြောလိုက်သည်။

ကျန်းဟန်သည် စာချုပ်ကို ခဏမျှ ကြည့်လိုက်ပြီးနောက် လက်မှတ်ထိုးလိုက်သည်။ ဤစာချုပ်မှာ ဟန်ပြသက်သက်သာ ဖြစ်ပြီး လူသားလူ့အဖွဲ့အစည်းတွင် မည်သည့်ဥပဒေကြောင်းအရ အကျိုးသက်ရောက်မှုမျှ မရှိချေ။ ယခုအချိန်တွင် သူအသုံးပြုထားသော အမည်ဝှက်မှာ သွေးစုန်းဖြစ်သည်။

ဖုန်းချီသည် ကျန်းဟန်၏ လက်မှတ်ကို လှမ်းကြည့်လိုက်ပြီး မည်သို့ပင်ကြည့်ကြည့် အတုအယောင်မှန်း သိသာသော ထိုအမည်ကို ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။

“မစ္စတာ သွေး... အခု မင်းရဲ့ ကိုယ်ပိုင်စိန်ခေါ်မှုစည်းမျဉ်းတွေကို အဆိုပြုနိုင်ပါပြီ။”

ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။

“စည်းမျဉ်းတွေက အရမ်းရိုးရှင်းပါတယ်။ ဘယ်လို အခြေခံအဆင့် သားရဲထိန်းချုပ်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ သားရဲတစ်ကောင်ပဲ သုံးခွင့်ရှိမယ်။ ဘာလို့လဲဆိုတော့ ကျုပ်မှာလည်း သားရဲတစ်ကောင်ပဲ ရှိလို့ပဲ...ဒါပါပဲ။”

“ဒါပေမဲ့ တိုက်ပွဲမှာ ပါဝင်ချင်တယ်ဆိုရင်တော့ သူတို့အနေနဲ့ အနည်းဆုံး အဆင့် ၃ မိုးကြိုးဒြပ်စင် ဝိညာဉ်အပင် ဆယ်ပင်၊ ဒါမှမဟုတ် အဆင့် ၃ မိုးကြိုးဝိညာဉ်ပုံဆောင်ခဲ ဆယ်တုံး၊ ဒါမှဟုတ် သွေးဝိညာဉ်ပုံဆောင်ခဲ ဆယ်တုံး ယူလာရမယ်။ အခြားအရာတွေကို ခွင့်မပြုဘူး။”

“မင်းက အသေခံတိုက်ပွဲအကြောင်းကို တော်တော်လေး သိထားတာပဲ။ မင်းအဆိုပြုတဲ့ တောင်းဆိုချက်တွေက လုံးဝကို ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ မေးပါရစေ...။ မင်း တိုက်ပွဲကို မနက်ဖြန်မှ စချင်တာလား။ ဒါမှမဟုတ် အခုချက်ချင်း စမလား။”

ဖုန်းချီက ခေါင်းညိတ်ပြကာ ပြုံးလိုက်ပြီး သူ့ကို အတော်ပင် ချီးကျူးမိသွားသည်။

ကျန်းဟန်သည် သူကြုံဖူးသမျှ တိုက်ခိုက်သူများထဲတွင် အပွင့်လင်းဆုံးနှင့် အရှင်းလင်းဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ စည်းမျဉ်းများမှာလည်း အလွန်ရိုးရှင်းလှပြီး ကျန်းဟန်တွင် ပြိုင်ဘက်များစွာ ရှိလာလိမ့်မည် ဖြစ်သည်။ သူသည် စင်မြင့်ပေါ်တွင် တိုက်ပွဲဝင်ရင်း သေဆုံးသွားနိုင်ခြေမှာ ရာနှုန်းပြည့်နီးပါးပင်။ ဖုန်းချီအနေဖြင့် ကျန်းဟန်တစ်ယောက် ဤနည်းလမ်းကို အသုံးပြု၍ သေကြောင်းကြံစည်နေခြင်းလောဟုပင် တွေးတောမိသွားခဲ့သည်။

ယခင်က အသေခံတိုက်ပွဲ ဝင်ရောက်သူများမှာ အလွန်တရာ ပြင်းထန်ခက်ခဲသော တိုက်ခိုက်ရေးစည်းမျဉ်းများကို သတ်မှတ်လေ့ရှိကြ၏။ သို့မဟုတ်ပါက ပြိုင်ပွဲဝင်များအနေဖြင့် ကြီးမားသော လောင်းကြေးငွေများ ယူဆောင်လာရန် တောင်းဆိုလေ့ရှိကြသည်။ ထို့ကြောင့် လူအမြောက်အမြားကို ကြိုတင်စစ်ထုတ်ပစ်နိုင်သည်။

သို့သော် ကျန်းဟန်၏ တောင်းဆိုချက်များမှာ သူ့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိပုံမရချေ။ ပြိုင်ဘက်တွင် သားရဲတစ်ကောင် လျော့နည်းသွားပါက သူ၏ဘက်တွင်လည်း တစ်ကောင် လျော့နည်းသွားမည် ဖြစ်သည်။ ထို့အပြင် သူသည် ပြိုင်ဘက်သားရဲ၏ ဒြပ်စင် သို့မဟုတ် အမျိုးအစားကိုပင် သီးသန့်ကန့်သတ်ထားခြင်း မရှိချေ။

အဆင့် ၃ မိုးကြိုးဒြပ်စင် ဝိညာဉ်အပင် ဆယ်ပင်၏ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာငါးသောင်း သို့မဟုတ် ခြောက်သောင်းခန့်သာ ရှိသည်။ ဤသည်မှာ အဆင့် ၂ အခြေခံအဆင့် သားရဲထိန်းချုပ်သူ အများစု တတ်နိုင်သော ပမာဏဖြစ်သည်။ ကျန်းဟန် ပစ္စည်းများ စုဆောင်းမိလာသည်နှင့်အမျှ သူ့ကို လာရောက်စိန်ခေါ်သူ ပိုမိုများပြားလာပြီး သူသည်လည်း အမောဆို့ကာ သေဆုံးသွားနိုင်ပေသည်။

သို့သော် ယင်းက ဘာအရေးစိုက်စရာ လိုသနည်း။ သူက ပို၍ပင် ပျော်ရွှင်သွားခဲ့သည်။ လက်ဝှေ့လူသတ်ကွင်းအတွက်မူ ဤသည်မှာ ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးတစ်ခု ဖြစ်လာမည်ဖြစ်ပြီး သူသည်လည်း ထိုမှနေ၍ ရေတွက်၍မရသော စည်းစိမ်ချမ်းသာများကို ရရှိပေလိမ့်မည်။

“သေချာတာပေါ့...အခုချက်ချင်း စမယ်။”

ကျန်းဟန်က မဆိုင်းမတွ ပြောလိုက်သည်။

သူ၏စကားကြောင့် ဖုန်းချီအနေဖြင့် ဤလူမှာ မိမိအသက်ကို လာရောက်စွန့်လွှတ်ခြင်းဖြစ်သည်ဟု ထပ်မံခံစားလိုက်ရပြန်သည်။ သို့သော် သူ သေချာပေါက် သေချင်နေလျှင်ပင် ဘာမှမဖြစ်ချေ။ လက်ဝှေ့လူသတ်ကွင်းကတော့ အမြတ်အစွန်း ရရှိနေဦးမည်သာ ဖြစ်သည်။ ထို့အပြင် လူတစ်ယောက်က သေရမှာကိုပင် မကြောက်တော့လျှင် သူ့ကို မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ချေ။

“ကောင်းပြီလေ...။ ဒါဆိုရင် ကျေးဇူးပြုပြီး ဒီဘက်ကိုလာပြီး နားနေပေးပါ။ နောက်ထပ် မိနစ်သုံးဆယ်နေရင် တရားဝင် စတင်ပါမယ်။”

ဖုန်းချီက ပြုံးကာ ပြောဆိုလိုက်ပြီး ကျန်းဟန်ကို နားနေဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအခန်းမှာ သူ ထွက်ပြေးမသွားနိုင်အောင် တားဆီးထားသည့် အခန်းလည်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျန်းဟန် သတ်မှတ်ထားသော တိုက်ပွဲစည်းမျဉ်းများမှာ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။ ၎င်းက ပါဝင်ယှဉ်ပြိုင်လိုသူ အားလုံးအတွက် ပြင်ဆင်ရန် အခွင့်အရေး ရရှိသွားစေခဲ့သည်။

“အမေရေ... ဒီကောင်က တမင်သက်သက် သေကြောင်းကြံနေတာလား။ သူပြောပုံအရဆိုရင် အဆင့် ၂ သားရဲထိန်းချုပ်သူ အားလုံးက သူ့ကို လာစိန်ခေါ်လို့ရတယ်လို့ ပြောနေတာပဲ။ သူ တကယ် အသက်မရှင်ချင်တော့ဘူး ထင်တယ်။”

“အတိအကျပဲ။ ပျင်းစရာကြီး။ ငါက တကယ့်ပွဲကောင်းကြီး ကြည့်ရတော့မယ် အောက်မေ့နေတာ။ တကယ်တော့ သေချာပေါက် သေမယ့် ကောင်လေးတစ်ယောက် ဖြစ်နေတာပဲ။ တကယ် စိတ်ပျက်ဖို့ကောင်းတယ် “

“တောက်... ငါက သူ့အပေါ် ကြေးတင်မလို့ စဉ်းစားထားတာ။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး...။ သူ့ရဲ့ သေဆုံမယ့်ဘက်ကနေ ဇွတ်မှိတ်ပြီး အောလိုက်ရင် ငါ သေချာပေါက် နိုင်မှာပဲ။”

ကျန်းဟန် သတ်မှတ်ထားသော စည်းမျဉ်းများကို ကြည့်ပြီး လူတိုင်းနီးပါးက ကျန်းဟန်တစ်ယောက် သေကြောင်းကြံနေသည်ဟုသာ ထင်မှတ်လိုက်ကြသည်။ အဆုံးတွင် ထိုတောင်းဆိုချက်များမှာ မည်သည့်ကန့်သတ်ချက်မျှမရှိသကဲ့သို့ ဖြစ်နေသဖြင့် သေတွင်းထဲ ခုန်ချခြင်းနှင့် ဘာမှမခြားနားချေ။

လောင်းကစားဒိုင်များပင်လျှင် ကျန်းဟန် မည်သည့်အချီတွင် သေဆုံးမည်နည်းဟူသောအချက်ပေါ်၌ ကြေးဖွင့်နေကြပြီ ဖြစ်သည်။ သူ အသက်ရှင်ကျန်ရစ်မည့် လောင်းကြေးအချိုးအစားကိုပင် တစ်ချီလျှင် တစ်ဆမှ ငါးဆအထိ စ၍ တင်သွင်းထား၏။ နောက်ပိုင်းတွင် တစ်ဆမှ ဆယ်ဆအထိ မြင့်တက်သွားခဲ့သော်လည်း မည်သူကမျှ လာရောက်မလောင်းကြချေ။

ကျန်းဟန် သေချာပေါက် သေဆုံးမည်ဟူသောဘက်မှ လောင်းကြေးမှာမူ တစ်ဆလျှင် တစ်ဆနီးပါး ဖြစ်နေသော်လည်း လူများက အဆက်မပြတ် လာရောက်လောင်းကြေးထပ်နေကြဆဲပင်။ အချို့က တတိယအချီတွင် သေဆုံးမည်ဟု လောင်းကြပြီး အချို့ကမူ စတုတ္ထအချီတွင် သေဆုံးမည်ဟု လောင်းကြသည်။

“မင်းတို့ တွေးမိလား...ဒါက တမင်သက်သက် ငါတို့ကို ဒီလိုတွေးမိအောင် လှည့်စားပြီးတော့ အဆုံးကျမှ သူက လှည့်ပြန်တိုက်ခိုက်ပြီး လောင်းကစားဒိုင်နဲ့ ပူးပေါင်းပြီး ငါတို့ပိုက်ဆံတွေ အကုန်လုံးကို လိမ်ညာအနိုင်ယူမယ့် ပူးပေါင်းကြံစည်မှုမျိုး ဖြစ်နေမယ်ဆိုရင်ရော။”

တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ပူးပေါင်းကြံစည်မှု ဟုတ်လား။ သူ့မှာ နဂါးတစ်ကောင် ရှိနေရင်တောင် သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ မင်းက ငါတို့ကို အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ ငါးချဉ်တွေလို့ ထင်နေတာလား။”

တစ်စုံတစ်ယောက်က မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။

“ဟုတ်တယ်... သူ့မှာ ပွဲတစ်ပွဲပြီးတိုင်း ဆယ်မိနစ်ပဲ နားခွင့်ရှိတယ်။ အားအင်ပြန်ပြည့်ဖို့ မလုံလောက်ဘူး။ ပြီးတော့ စည်းမျဉ်းတွေကလည်း အရမ်းရိုးရှင်းနေတော့ သူ အမောဆို့ပြီး သေသွားမှာပဲ။”

“ဟမ့်... သူ့မှာ ပြိုင်ဘက်ကင်း အဆင့် ၃ သားရဲတစ်ကောင် ရှိနေရင်တောင် ဘာဖြစ်လဲ။ ဒါက ဘာစည်းမျဉ်းမှမရှိတဲ့ လွတ်လပ်တဲ့ တိုက်ပွဲပဲ။ သားရဲထိန်းချုပ်သူကိုပါ တိုက်ခိုက်လို့ရတယ်။ သူ့သားရဲက တောင့်ခံနိုင်ရင်တောင် သူကိုယ်တိုင်က တောင့်ခံနိုင်မယ်လို့ မင်းထင်လို့လား။”

မည်သည့် သားရဲထိန်းချုပ်သူမျှ ငတုံးမဟုတ်ကြချေ။ လက်ဝှေ့လူသတ်ကွင်းက စည်းမျဉ်းများကို မပြောင်းလဲသရွေ့၊ မည်သူမျှ ဝင်ရောက်မစွက်ဖက်သရွေ့ ဤ သွေးစုန်းအနေဖြင့် အသက်ရှင်ကျန်ရစ်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သားရဲထိန်းချုပ်သူ ပမာဏ အများစုက သူရှုံးနိမ့်မည့်ဘက်၌ ကြေးတင်ထားကြသောကြောင့် ဖြစ်သည်။ အကယ်၍ သူ မသေဆုံးခဲ့ပါက ထိုသားရဲထိန်းချုပ်သူများကိုယ်တိုင် စင်မြင့်ပေါ်သို့ တက်ရောက်ကာ သူ့ကို သတ်ဖြတ်ကြပေလိမ့်မည်။ လူတစ်ယောက်၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့ခြင်းမှာ ၎င်းတို့၏ မိဘများကို သတ်ဖြတ်ခြင်းထက်ပင် ပိုမိုပြင်းထန်လှပေသည်။

ဤအကြောင်းအရင်းကြောင့်ပင် လောင်းကစားဒိုင်များမှာ ကျန်းဟန် ရှုံးနိမ့်မည့်ဘက်မှ လောင်းကြေးအချိုးအစားကို ပိုမိုလျှော့ချနေကြခြင်း ဖြစ်သည်။

မိနစ်သုံးဆယ်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ မှောင်ခိုဈေးကွက်တစ်ခုလုံးရှိ လူအများစုမှာ ပွဲကြီးပွဲကောင်းကို ကြည့်ရှုရန် ရောက်ရှိလာကြပြီ ဖြစ်သည်။ အချိန်တိုလေးအတွင်းမှာပင် လူပေါင်း နှစ်သောင်းမှ သုံးသောင်းခန့်အထိ ဤနေရာသို့ စုရုံးရောက်ရှိလာခဲ့ကြသည်။ မှောင်ခိုဈေးကွက်တစ်ခုလုံးတွင် စုစုပေါင်း လူဦးရေ ငါးသောင်းခန့်သာ ရှိသဖြင့် လူဦးရေ ထက်ဝက်ကျော် ရောက်လာကြသည်ဟုပင် ဆိုနိုင်သည်။

ယခုအချိန်တွင် လက်ဝှေ့လူသတ်ကွင်းရှိ အခြား တိုက်ပွဲအားလုံးကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ စတုရန်းမီတာ တစ်သိန်းကျယ်ဝန်းသော ကွင်းပြင်တစ်ခုလုံးကို ကျန်းဟန်၏ အသေခံတိုက်ပွဲ ဆင်နွှဲနိုင်ရန်အတွက် စင်မြင့်တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ကြသည်။ ဤသည်မှာ လက်ဝှေ့လူသတ်ကွင်း၏ အမြင့်မား သတ်မှတ်ချက်ရှိသည့် တိုက်ပွဲပင် ဖြစ်သည်။

“လူတိုင်းလည်း အကြာကြီး စောင့်ဆိုင်းခဲ့ရပြီးပြီလို့ ကျုပ် ယုံကြည်ပါတယ်။ ကျုပ်လည်း အချိန်အများကြီး ထပ်ဖြုန်းမနေတော့ပါဘူး။ သွေးစုန်း ယူဆောင်လာတဲ့ အသေခံတိုက်ပွဲကို စတင်တော့မှာ ဖြစ်ပါတယ်။ တိုက်ပွဲရဲ့ နှစ်ဖက်စလုံးက အခြေခံအဆင့် သားရဲထိန်းချုပ်သူတွေ ဖြစ်ရမှာဖြစ်ပြီး သားရဲတစ်ကောင်တည်းသာ သုံးစွဲခွင့်ရှိမှာ ဖြစ်ပါတယ်။ အဲဒါကလွဲရင် အခြားဘယ်လို စည်းမျဉ်းမျိုးကိုမဆို အသုံးပြုနိုင်ပါတယ်။

ပထမဆုံးအနေနဲ့ ဒီနေ့ရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ပြိုင်ပွဲဝင် သွေးစုန်းကို စင်မြင့်ထက်ဆီ ဖိတ်ခေါ်လိုက်ပါတယ်။”

လက်ဝှေ့လူသတ်ကွင်း အစီအစဉ်တင်ဆက်သူ၏ စကားအဆုံးတွင် ကျန်းဟန်သည်လည်း လက်ဝှေ့လူသတ်ကွင်း၏ အလယ်ဗဟိုသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ယခုအခါတွင်မူ သူသည် ထိပ်ပြောင်ပြောင်၊ မျက်နှာတွင် အမာရွတ်နှင့် လတ်တလောမှ ထောင်က လွတ်လာသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ ရုပ်သွင်ကို ဖန်တီးထားခြင်း ဖြစ်ပေသည်။

All Chapters