← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

ကျန်းဟန်၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါ ပွဲကြည့်စင်ပေါ်ရှိ လူများမှာ သူသည် မိမိအသက်ကို လာရောက်စွန့်လွှတ်မည့်သူတစ်ဦးနှင့် မတူဘဲ အမှန်တကယ်ပင် တိုက်ရိုက်ခိုက်ရည်ရှိပုံရသည်ဟု ရုတ်တရက် ခံစားလိုက်ကြရသည်။

ကျန်းဟန်ကမူ ပတ်ပတ်လည်ရှိ ထူထပ်သိပ်သည်းလှသော လူအုပ်ကြီးကို မည်သည့်မျက်နှာအမူအရာမျှမရှိဘဲ တည်ငြိမ်အေးစက်စွာ လှမ်းကြည့်လိုက်သည်။

“နောက်တစ်ခုကတော့ ပြိုင်ဘက်ရွေးချယ်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ လျှောက်ထားသူ အလွန်များပြားတာကြောင့် ပြိုင်ပွဲဝင် သွေးစုန်းကို နံပါတ်တစ်ခုကို ကျပန်းရွေးချယ်ခွင့် ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လက်ရှိမှာ စာရင်းသွင်းထားသူ စုစုပေါင်း ၅၂၀ ရှိတဲ့အတွက် မင်း ကြိုက်တဲ့နံပါတ်ကို ရွေးချယ်နိုင်တယ်။”

အစီအစဉ်တင်ဆက်သူက ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။ ဤနေရာတွင် မည်သည့်အသံချဲ့စက်မျှမရှိသော်လည်း လူတိုင်းက ရှင်းလင်းစွာ ကြားနိုင်၊ မြင်နိုင်ကြသည်။ သားရဲထိန်းချုပ်သူတစ်ဦး၏ အာရုံခံနိုင်စွမ်းမှာ အလွန်တရာ အစွမ်းထက်လှသည်။

“ဒါဆိုရင် နံပါတ်တစ်ကနေပဲ စလိုက်ကြရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းက သေဖို့လာကြတာပဲဆိုတော့ စောစောသေသေ၊ နောက်ကျမှသေသေ ဘာမှထူးခြားမနေပါဘူး။”

ကျန်းဟန်က မည်သို့မျှ ဂရုမစိုက်သည့်အလား အေးအေးဆေးဆေး ပြောလိုက်သည်။

“သေစမ်း...မောက်မာလှချည်လားကွ။ မင်း ဒီနေ့ ဘယ်လိုသေမလဲဆိုတာ ငါ စောင့်ကြည့်ချင်သေးတယ်။”

“အတိအကျပဲ။ ဒီကောင်က တကယ့်ကို သေလမ်းရှာနေတာပဲ။ ငါတို့ကိုပါ လာလှောင်ပြောင်ရဲတယ်။”

“သူလည်း သူသေတော့မယ်ဆိုတာ သိလို့ လူတိုင်းကို အရင်ဆုံး လိုက်ဆဲနေတာနေမှာပါ။ ဒါဆို သေသွားရင်တောင် အရှုံးမရှိတော့ဘူးလေ။”

ချက်ခြင်းပင် လက်ဝှေ့လူသတ်ကွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။ ကျန်းဟန်၏ လှောင်ပြောင်မှုက လူတိုင်းနီးပါး၏ အမုန်းတရားများကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

“ဟားဟားဟားဟား... ငါတို့ရဲ့ ပြိုင်ပွဲဝင် သွေးစုန်းက ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှုရှိပုံပဲ။ ဒါဆိုရင်တော့ နံပါတ်တစ် လျှောက်ထားသူကို စင်မြင့်ထက်ဆီ ဖိတ်ခေါ်လိုက်ကြရအောင်။”

အစီအစဉ်တင်ဆက်သူက ရယ်မောလိုက်ပြီး ကျန်းဟန်ကို အနည်းငယ် သဘောကျမိသွားသည်။ ဤလူက ပွဲကြီးပွဲကောင်း ဖြစ်အောင် မည်သို့လုပ်ရမည်ကို တကယ် သိပေသည်။

မကြာမီပင် အရပ်ရှည်ရှည်ပိန်ပိန် လူငယ်တစ်ဦး လမ်းလျှောက်ဝင်ရောက်လာခဲ့ပြီး ကျန်းဟန်ကို မထီမဲ့မြင် ပြုံးကာ ကြည့်လိုက်သည်။

“ဒါက ငါ့ရဲ့ လောင်းကြေးပဲ။ မင်း သေဖို့ အဆင်သင့်ဖြစ်ပြီလား။”

ထိုအရပ်ရှည်ရှည် ပိန်ပိန်လူငယ် ထုတ်ယူလိုက်သော လောင်းကြေးမှာ အဆင့် ၃ မိုးကြိုးဒြပ်စင် ဝိညာဉ်အပင် ဆယ်ပင် ဖြစ်သည်။ ၎င်းတို့မှာ မိုးကြိုးတောင်တန်းတွင် အတွေ့ရများသဖြင့် လူအများစု ထုတ်ပေးနိုင်ကြသည်။

“အဟက်...”

ကျန်းဟန်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ပြီး သူ၏ ကိုယ်ပိုင်လောင်းကြေးကို ထုတ်ယူလိုက်သည်။ ယင်းကလည်း အဆင့် ၃ မိုးကြိုးဒြပ်စင် ဝိညာဉ်အပင် ဆယ်ပင်ပင် ဖြစ်သည်။

ထို့နောက်တွင်မူ လက်ဝှေ့လူသတ်ကွင်းရှိ သားရဲတစ်ကောင်က ထိုဝိညာဉ်အပင်များကို ကာကွယ်ရန်အတွက် အကာအကွယ်အတားအဆီးနှစ်ခုကို ဖန်တီးလိုက်ပြီး ၎င်းတို့ကို စင်မြင့်၏ အစွန်းတွင် ထားရှိလိုက်သည်။

ဆက်လက်၍ ကျန်းဟန်သည် အဖြူရောင်ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲထားသော သူ၏သားရဲ ဟုတ်ဟုတ်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းသည် ယခုအခါတွင် အရိပ်ပုန်းကွယ်ခြင်း စွမ်းရည်ကို အသုံးမပြုထားသဖြင့် ၎င်း၏ စွမ်းအင်လှိုင်းမှာ အလွန်ထင်ရှားလှသည်။ ယင်းက ခေါင်းဆောင်အဆင့် အလယ်အလတ်အဆင့် ဖြစ်သည်။

“ဟားဟားဟား... မင်းက သတ္တိရှိသားပဲ ကောင်လေး။ ခေါင်းဆောင်အဆင့် အလယ်အလတ်အဆင့် သားရဲတစ်ကောင်တည်းနဲ့ အသေခံတိုက်ပွဲကို လာဝံ့တယ်ပေါ့။ မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါလည်း မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။”

အရပ်ရှည်ရှည် ပိန်ပိန်နှင့်လူငယ်က ဟုတ်ဟုတ်ကို လှမ်းကြည့်ကာ ချက်ခြင်းပင် အော်ဟစ်ရယ်မောတော့သည်။

သူသည်လည်း မိမိ၏ ကိုယ်ပိုင်သားရဲဖြစ်သော မြေဝါမိုးကြိုးအမြီး ကင်းမြီးကောက်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းမှာ ခေါင်းဆောင်အဆင့် အဆင့်မြင့်အဆင့် သားရဲတစ်ကောင် ဖြစ်သည်။ အရွယ်အစားရော စွမ်းအင်လှိုင်းပါ ဟုတ်ဟုတ်ထက် များစွာ ပိုမိုအစွမ်းထက်ပေသည်။

“ပျင်းစရာကြီး။ ဒီကောင်က တကယ် သေလမ်းလာရှာတာပဲ။ သူ့သားရဲက ခေါင်းဆောင်အဆင့် အလယ်အလတ်အဆင့်ပဲ ရှိတာတင်မကဘူး၊ ဒီလိုနေရာမျိုးမှာ အသုံးချဖို့ အခက်ခဲဆုံးဖြစ်တဲ့ ပျံသန်းနိုင်တဲ့ အမျိုးအစား သားရဲလည်း ဖြစ်နေသေးတယ်။”

“တောက်... ငါသာ ကြိုသိခဲ့ရင် ပထမဆုံးအချီမှာတင် သူသေမယ့်ဘက်မှာ ရှိသမျှ အကုန်ပုံအော လောင်းလိုက်ပါတယ်ကွာ။”

ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များသည်လည်း ၎င်းကို မြင်သောအခါ စိတ်ပျက်သွားကြသည်။ ၎င်းတို့က နောက်ထပ် အချီအနည်းငယ်လောက်အထိ ဆက်ကြည့်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ကျန်းဟန်၏ ပြင်ဆင်မှုကို ကြည့်ရသည်မှာ ဆိုးကျိုးပေးမည့် အားနည်းချက်များနှင့်သာ ပြည့်နှက်နေသည်။ ဤအချီတွင်ပင် အသက်ရှင်ကျန်ရစ်ရန် ခဲယဉ်းပေလိမ့်မည်။

“ဒါဆိုရင် အခု... ဒီအသေခံတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ငါ တရားဝင် ကြေညာလိုက်တယ်။”

အစီအစဉ်တင်ဆက်သူ၏ အသံအဆုံးတွင် မြေဝါမိုးကြိုးအမြီး ကင်းမြီးကောက်သည် သိုလှောင်ထားသော မိုးကြိုးတိုက်ကွက်ကို ကျန်းဟန်ထံသို့ ဦးတည်၍ ထုတ်လွှတ်လိုက်တော့သည်။

“ကောင်လေး... ငါ့အတွက် သေလိုက်စမ်း။”

အရပ်ရှည်ရှည် ပိန်ပိန်လူငယ်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏ တိုက်ခိုက်ရေးအတွေ့အကြုံမှာ အလွန်တရာ ကြွယ်ဝ၏။ ဤသို့ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်ခြင်းဖြင့် စစ်မြေပြင်ကို တိုက်ရိုက်စိုးမိုးလိုက်သည်။ ကျန်းဟန်အနေဖြင့် တိုက်ခိုက်ရန် တစ်လှမ်းနောက်ကျသွားခဲ့ပြီဖြစ်ရာ ပြန်လည်ခုခံကာကွယ်မည်ဆိုပါက ပို၍ပင် အားနည်းချက်ရှိသော အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။

“ခုခံကာကွယ်ရမယ် ဟုတ်လား။”

ကျန်းဟန်သည် သူ၏မျက်နှာထက်တွင် ရူးသွပ်မှုများ ပြည့်နှက်လျက် နှာခေါင်းရှုံ့လှောင်ပြောင်လိုက်သည်။ ဟုတ်ဟုတ်သည် ကျန်းဟန်ကို ကာကွယ်ရန် စိုးစဉ်းမျှပင် စိတ်ကူးမရှိချေ။ ၎င်း၏ထက်မြက်လှသော ခြေသည်းများမှ အေးစက်စက် အလင်းတန်းများ တောက်ပလျက် အရပ်ရှည်ရှည် ပိန်ပိန်လူငယ်ထံသို့ တည့်တည့်မတ်မတ် ပျံသန်းထိုးဆင်းသွားတော့သည်။

ဟုတ်ဟုတ်၏ အရှိန်အဟုန်မှာ မြေဝါမိုးကြိုးအမြီးရှိ ကင်းမြီးကောက်ထက် များစွာ ပိုမိုမြန်ဆန်၏။ မိုးကြိုးတိုက်ကွက် ထွက်ပေါ်လာလုဆဲဆဲ အချိန်မှာပင် ဟုတ်ဟုတ်သည်လည်း အောက်သို့ ထိုးဆင်းသွားခဲ့ပြီ ဖြစ်သည်။ အစပိုင်းတွင် အရပ်ရှည်ရှည် ပိန်ပိန်လူငယ်သည် ဤသည်ကို သူ့အား နောက်ဆုတ်၍ ခုခံကာကွယ်ရန် ဖိအားပေးသည့် ဟန်ပြတိုက်ကွက်တစ်ခုမျှသာဟု ထင်မှတ်ခဲ့သည်။

သို့သော် မကြာမီမှာပင် သူ တောင့်မခံနိုင်တော့ချေ။ ဟုတ်ဟုတ်၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လွန်းပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက မည်သည့်အသံမျှမထွက်ဘဲ ချဉ်းကပ်လာခြင်းနှင့် ကျန်းဟန်၏ မျက်နှာထက်မှ ရူးသွပ်သော အပြုံးတို့က ဤလူသည် အသက်ရှင်ရန် လုံးဝရည်ရွယ်ချက်မရှိဘဲ တကယ့်ကို သေတွင်းလာရှာခြင်း ဖြစ်ကြောင်း သူ့ကို သတိပေးနေသကဲ့သို့ ရှိနေတော့သည်။

“ချီးပဲ... နောက်ဆုတ်ပြီး ကာကွယ်စမ်း။ နောက်ဆုတ်ပြီး ကာကွယ်စမ်း.....။”

အရပ်ရှည်ရှည် ပိန်ပိန်လူငယ်သည် နှစ်စက္ကန့်ပင် မတောင့်ခံနိုင်တော့ဘဲ မြေဝါမိုးကြိုးအမြီးရှိ ကင်းမြီးကောက်ကို နောက်ဆုတ်ကာ ကာကွယ်ရန် ပျာပျာသလဲ အမိန့်ပေးလိုက်ရပြီး မိုးကြိုးကို ထိန်းချုပ်နေမှုကိုလည်း ရပ်တန့်လိုက်ရသည်။

“ဝုန်း....”

ဝုန်းကနဲ မြည်သံနှင့်အတူ အရှိန်ပြင်းစွာ ပြေးထွက်သွားသော ငွေရောင်မိုးကြိုးအလင်းတန်းသည် အနက်ရောင် မိုးကြိုးကျောက်တုံး တစ်တုံးကို ထိမှန်သွားခဲ့၏။ ကျန်းဟန်မှာမူ မည်သည့်ထိခိုက်ဒဏ်ရာမျှမရဘဲ ဘေးကင်းနေဆဲပင်။

ထိန်းချုပ်မှု လွတ်သွားသော မိုးကြိုးသည် မိုးကြိုးကျောက်တုံးများထံသို့ သဘာဝအလျောက် ဆွဲငင်ခြင်းခံရလေ့ရှိပြီး ထိုကျောက်တုံးမှာ ကျန်းဟန် တမင်ပစ်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် မိမိ၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရပြီး အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

“ရှီး...”

အရပ်ရှည်ရှည် ပိန်ပိန်လူငယ်၏ ဘက်တွင်မူ ဟုတ်ဟုတ်၏ အသက်စွန့်တိုက်ခိုက်မှုအောက်တွင် မြေဝါမိုးကြိုးအမြီး ကင်းမြီးကောက်သည် ကာကွယ်ရန်အတွက် နောက်သို့ ပြန်လှည့်ခဲ့ရ၏။ ထိုအခိုက်အတန့်မှာပင် ဟုတ်ဟုတ်သည် ပထမဦးစွာ အရိပ်အလင်းဓားကို ထုတ်လွှတ်၍ အရပ်ရှည်ရှည် ပိန်ပိန်လူငယ်ကို တိုက်ခိုက်လိုက်သည်။

ထို့နောက် ၎င်းသည် ရုတ်တရက် အာရုံပြောင်းကာ မြေဝါမိုးကြိုးအမြီး ကင်းမြီးကောက်ကို ခြေသည်းဖြင့် ကုတ်ဆွဲလိုက်တော့သည်။

ဤသည်မှာ လိပ်ခဲတည်းလည်း ဖြစ်စေသော အခြေအနေပင်။ တကယ်၍ မြေဝါမိုးကြိုးအမြီး ကင်းမြီးကောက်က ယင်းကို လျစ်လျူရှုလိုက်ပါက အရပ်ရှည်ရှည် ပိန်ပိန်လူငယ်မှာ သေချာပေါက် သေဆုံးရပေလိမ့်မည်။ တကယ်၍ ပြန်လည်ကာကွယ်ပါကလည်း ၎င်းကိုယ်တိုင် ပြင်းထန်သော ဒဏ်ရာကို ရရှိပေလိမ့်မည်။

သို့သော် သားရဲတစ်ကောင်အနေဖြင့် ၎င်းတွင် ရွေးချယ်စရာမရှိချေ။ ၎င်း၏ သခင်ကိုသာ ပထမဦးဆုံး ကာကွယ်ရမည်ဖြစ်သဖြင့် မိုးကြိုးအလင်းတန်းနှစ်ခုကို ထုတ်လွှတ်ကာ အရိပ်အလင်းဓားကို ဖျက်ဆီးပစ်လိုက်သည်။ ဟုတ်ဟုတ်သည် ၎င်း တိုက်ကွက်ထုတ်လိုက်သည့်နှင့် ဟာကွက်ကို အမိအရဖမ်းဆွဲကာ ကောင်းကင်ယံမှ ထိုးဆင်းလာပြီး ဖျတ်ကနဲ မြည်သံနှင့်အတူ ၎င်း၏ ကျောပြင်ပေါ်ရှိ ကာကွယ်ရေးအလွှာကို ဖောက်ထွင်း၍ ထက်ရှသော ခြေသည်းများဖြင့် ကြီးမားသော နှလုံးသားတစ်ခုကို ဆွဲထုတ်ပစ်လိုက်တော့သည်။

“ဒါ...မဟုတ်ဘူး... ဝေါ့...။”

အရပ်ရှည်ရှည် ပိန်ပိန်လူငယ်၏ စိတ်ဖောက်ပြန်မတတ် အော်ဟစ်သံမဆုံးသေးခင်မှာပင် သူ၏ ခန္ဓာကိုယ်သည်လည်း အရိပ်အလင်းဓား၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ သူသည် အလွန်တရာ တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် သေဆုံးသွားခဲ့ရသည်။ မြေဝါမိုးကြိုးအမြီး ကင်းမြီးကောက်၏ အသန်မာဆုံးသော ကာကွယ်ရေးကျောပြင်ကို ခြေသည်းတစ်ချက်တည်းဖြင့် မည်သို့ကြောင့် ဆုတ်ဖြဲနိုင်ခဲ့သည်ကို သူ လုံးဝနားမလည်နိုင်ခဲ့ချေ။

၎င်းသည် ခေါင်းဆောင်အဆင့် အဆင့်မြင့်အဆင့် သားရဲတစ်ကောင်၏ ဝိညာဉ်စွမ်းအင်များဖြင့် သိပ်သည်း ဖွဲ့စည်းထားသော စွမ်းရည်တစ်ခုကို ဤမျှလွယ်ကူစွာ မည်သို့ ချေမှုန်းနိုင်ခဲ့ပြီး သူ့အား မည်သည့်ကာကွယ်မှုမျှမရှိဘဲ သေဆုံးစေခဲ့သနည်းဟူသည်ကို သူ သာ၍ပင် နားမလည်နိုင်ခြဲချေ။

“သေစမ်း... ဒါက တကယ်မဖြစ်နိုင်တာပဲ။”

“မြေနိုး... ငါ တကယ်ပဲ မျက်စိမမှားပါဘူးနော်။”

“ဒီကောင်က သူ့ပြိုင်ဘက်ကို ဒီလောက်မြန်မြန် ရှင်းပစ်လိုက်တာလား။ ဟိုကောင်ကပဲ အလွန်အမင်း အသုံးမကျတာလား။”

“ဘာမှလုပ်လို့မရဘူး။ လူမိုက်က လူရမ်းကားကို ကြောက်ရပြီး လူရမ်းကားက သေမှာမကြောက်တဲ့သူကို ကြောက်ရတာပဲ။”

ခဏချင်းအတွင်း ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များအားလုံး မတ်တတ်ထရပ်လိုက်ကြသည်။ သူတို့၏ မျက်နှာများတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ မျှော်လင့်ထားသည့် မြင်ကွင်းက မည်သို့ကြောင့် ပြောင်းပြန်ဖြစ်သွားရသနည်း။ ဤကောင်က သေမသွားသည့်အပြင် သူ့ပြိုင်ဘက်ကိုပါ တစ်ချက်တည်းဖြင့် အပြတ်ရှင်း ပြသသွားခဲ့သည်။

“မရိုးရှင်းဘူး။ သူက စိတ်ဓာတ်စစ်ဆင်ရေးနဲ့ အနိုင်ယူသွားရုံတင်မကဘူး။ အဲဒီအဖြူရောင်ငှက်ကလည်း မရိုးရှင်းဘူး။ သူ့ရဲ့ ဝိညာဉ်စွမ်းအင် သန့်စင်မှုက ခေါင်းဆောင်အဆင့် အဆင့်မြင့်အဆင့် သားရဲတစ်ကောင်ထက် တကယ်ပဲ အများကြီး ပိုပြီးမြင့်မားနေတယ်။ ပြီးတော့ သူ့ရဲ့ခြေသည်းတွေကလည်း သာမန်အဆင့် ၃ သားရဲတစ်ကောင်ထက် အများကြီး ပိုပြီး ထက်မြက်လွန်းတယ်။”

အထူးသီးသန့် VIP ခန်းအတွင်း၌ ဝတ်စုံနက်နှင့် အမျိုးသားတစ်ဦးသည် စောစောကတိုက်ပွဲကို အံ့အားသင့်နေသည့် အမူအရာဖြင့် စောင့်ကြည့်နေခဲ့သည်။ သူ၏ ထက်မြက်သော အမြင်အာရုံက အဓိကသော့ချက်များကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းမှာ ပြိုင်ဘက်က အလွန်အားနည်းနေ၍ မဟုတ်ဘဲ ဤ သွေးစုန်းက အမှန်တကယ် တော်တော်လေး သန်မာနေခြင်းကြောင့် ဖြစ်သည်။

“ကျွန်တော် အကဲဖြတ်တာ မှားသွားပါတယ် သခင်ကြီး။ ဒီလူက တကယ်ကို သန်မာတယ်။”

ဖုန်းချီက ဦးညွှတ်ကာ ပြောလိုက်သည်။ သူသည်လည်း ကျန်းဟန်၏ စွမ်းဆောင်ရည်အပေါ် အလွန်တရာ တုန်လှုပ်မိသွား၏။ ဤလူသည် အဆုံးတွင် မိမိအသက်ကို လာရောက်စွန့်လွှတ်ခြင်း မဟုတ်ပေ။

“သူက ဘာလို့ ဒီလောက်ရိုးရှင်းတဲ့ စိန်ခေါ်မှုစည်းမျဉ်းတွေကို သတ်မှတ်ဝံ့လဲဆိုတာ မဆန်းတော့ဘူး။ သူက တကယ် ပိုက်ဆံလိုနေပုံရတယ်။ သူ နောက်ထပ် အချီအနည်းငယ်လောက် ထပ်တိုက်ပြီးရင် သူ့ကို စည်းရုံးသိမ်းသွင်းဖို့ သွားပြောလိုက်။ ပြီးတော့ သူ့ကို ကာကွယ်ပေးလိုက်ပါ။”

ဝတ်စုံနက်နှင့်လူက လက်ဝှေ့ယမ်းပြလိုက်သည်။ သူသည် ကန်းမြို့ လင်းမိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အမည်မှာ လင်းရှီဖြစ်သည်။ လင်းမိသားစုသည် ဤမှောင်ခိုဈေးကွက်ကို ထိန်းချုပ်ထားသည့် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး ယခုကာလမှာ ၎င်းတို့မိသားစု တာဝန်ယူစောင့်ကြပ်ရမည့် အလှည့် ဖြစ်သည်။

ယခုအခါ မိသားစုတိုင်းက စစ်သည်အင်အား စုဆောင်းကာ အင်အားချဲ့ထွင်နေကြသဖြင့် သူသည်လည်း မှောင်ခိုဈေးကွက်အတွင်း၌ အရည်အချင်းရှိသူများကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။ ဤ သွေးစုန်းမှာ သံသယဖြစ်ဖွယ်မရှိ တကယ့် မျိုးစေ့ကောင်းတစ်ဦးပင်။

“ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ။”

ဖုန်းချီက ခေါင်းညိတ်ပြလိုက်သည်။ ဤနေရာတွင် လူတစ်ဦးကို ကာကွယ်ပေးရန်မှာ ၎င်းတို့အတွက် ခက်ခဲသောအလုပ်မဟုတ်ချေ။ အသေခံတိုက်ပွဲတွင် ပါဝင်နေသူတစ်ဦး ဖြစ်နေလျှင်ပင်...ချွင်းချက်မဟုတ်ချေ။

ကျန်းဟန်နှင့် ဟုတ်ဟုတ်တို့၏ အတိမ်အနက်ကို လင်းရှီတစ်ဦးတည်းသာ မြင်ရသည်မဟုတ်ဘဲ အခြားအင်အားစုများမှ မျက်လုံးများကလည်း မြင်တွေ့နေကြသည်။

“သူက အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ စိတ်ဝင်စားဖို့ ကောင်းသားပဲ။”

မြူခိုးအဖွဲ့အစည်းမှ အဖွဲ့ဝင်အချို့သည်လည်း ကျန်းဟန်၏ မြူခိုးမျက်နှာဖုံးကို အာရုံခံမိသွားကြပြီး စူးစမ်းလိုစိတ်ရှိသော အမူအရာများကို ပြသလာခဲ့ကြလေသည်။

All Chapters