← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) ရောင်းအားကောင်း

အောင်မြင်သော ခရီးစဉ်တစ်ခုပြီးနောက် ချန်ချင်းယွီ ပြန်လည်ရောက်ရှိလာခဲ့သည်။

ယခုတစ်ခေါက်တွင် သူမ တစ်ဦးတည်း ခရီးသွားခဲ့ခြင်းဖြစ်သော်လည်း စိတ်ထဲတွင် ပို၍ပေါ့ပါးလွတ်လပ်နေမိ၏။ အကြောင်းမှာ ချိုက်မင်မင်နှင့်အတူရှိစဉ် သူမ အမြဲတမ်း ပို၍သတိထားခဲ့ရသော်လည်း၊ ယခုတစ်ကြိမ် တစ်ယောက်တည်းဖြစ်နေချိန်တွင်မူ ထိုမျှလောက် ပူပန်နေစရာမလိုတော့ပေ။

"တကယ်တော့ ချိုက်မင်မင်နဲ့အတူရှိတုန်းက အမြဲတမ်း သတိကြီးကြီးထားခဲ့ရတာ၊ အခုတစ်ယောက်တည်းကျတော့ အများကြီး ပူစရာမလိုတော့ဘူးပေါ့။ အသေးအဖွဲလေးတွေ မှာ အဖော်အပါလို့ အဆင်မပြေတာရှိပေမဲ့ ကိုယ့်စိတ်တိုင်းကျ လုပ်ချင်တာလုပ်လို့ရတာ တကယ်လွတ်လပ်တာပဲ"

သူမသည် မိမိဆန္ဒအတိုင်း စိတ်လွတ်ကိုယ်လွတ် ပြုလုပ်နိုင်ခဲ့သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူမသည် မိမိ၏လက်သီးချက်များကိုသာ ယုံကြည်သူဖြစ်၏။

"ဒါပေမဲ့ ကံကောင်းတာက ငါက လက်သီးကိုပဲ ယုံတာကိုး။"

ထို့ကြောင့် ဤခရီးစဉ်မှာ ချောချောမွေ့မွေ့ပင် ပြီးဆုံးခဲ့သည်။ သူမကို ကြည့်ရသည်မှာ နုနယ်သိမ်မွေ့ပုံပေါက်သော်လည်း လက်တွေ့တွင်မူ လုံးဝမဟုတ်ပေ။

အထူးသဖြင့် ရထားပေါ်က အနံ့အသက်ကတော့… တကယ်ကို စိတ်ပျက်စရာပဲ...

ထိုချဉ်စူးစူး အနံ့ဆိုးကြီးကို ရှုနေရုံဖြင့်တင် ဘယ်သူမဆို စိတ်တိုလာနိုင်စရာပင်။

သို့သော် အလုပ်ရှုပ်မှုများနှင့် ရထားအဆင့်ဆင့်ပြောင်းစီးရမှုများရှိသော်ငြား ပေကျင်းသို့ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့သဖြင့် ကျေးဇူးတင်ရပေမည်။ ချန်ချင်းယွီ ကြီးမားသော ခရီးဆောင်အိတ်ကြီး အနည်းငယ်ကို တွန်းထုတ်လာခဲ့သည်။ ထိုလက်တွန်းလှည်းကို သူမဘူတာရုံရှိ ဈေးသည်တစ်ဦးထံမှ ငှါးရမ်းလာခဲ့ခြင်းဖြစ်၏။

"ငွေသုံးလိုက်တာက အခက်အခဲတွေ အများကြီး သက်သာစေတာပဲ"

ဘူတာရုံတွင် ဆိုက်ကားဆရာအချို့သည် ခရီးသည်များကို ဝိုင်းအုံခေါ်ယူနေကြသည်။

"မိန်းကလေး… ဆိုက်ကားစီးမလားခင်ဗျာ။"

"ကျုပ်ဆိုက်ကားကလည်း တော်တော်စီးလို့ကောင်းပါတယ်၊ ဘယ်သွားမလို့လဲခင်ဗျာ။"

ချန်ချင်းယွီ ရင်းနှီးသောမျက်နှာတစ်ခုကို တွေ့လိုက်သဖြင့် ၎င်းကိုကြည့်ကာ ပြောလိုက်၏။

"ဦးလေးပဲ လိုက်ခဲ့တော့မယ်၊ ဒါလေး ကူသယ်ပေးလို့ရမလားရှင်။"

"ရတာပေါ့ မိန်းကလေးရဲ့။"

ဘူတာရုံရှိ ဆိုက်ကားဆရာများသည် ကာယလုပ်သားများသာ ဖြစ်ကြသော်လည်း စီးပွားရေးမှာ တော်တော်လေး ကောင်းမွန်ကြသည်ကို လျှော့တွက်၍မရပေ။ အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါ လူစုခွဲသွားကြတော့သည်။

"မိန်းကလေးက အိမ်ပြောင်းမလို့လားခင်ဗျာ။"

ချန်ချင်းယွီ ပြုံးလိုက်ပြီး ပြောသည်။

"မဟုတ်ပါဘူး၊ ကျွန်မ တခြားမြို့ကို ကုန်ပစ္စည်း သွားဝယ်တာပါ။ ဒီတစ်ခေါက် သွားလိုက်တာ လဝက်နီးပါးတောင် ကြာသွားတယ်။ ပေကျင်းမှာ ထူးထူးခြားခြား စိတ်ဝင်စားဖို့ကောင်းတာ ဘာတွေများ ဖြစ်ပျက်နေလဲ ဦးလေး။"

ချန်ချင်းယွီ အချိန်တစ်စက္ကန့်မျှ အလဟဿမဖြစ်စေရန် ကြိုးစားခဲ့သော်လည်း အသွားအပြန် ခရီးစဉ်သည် တော်တော်လေး အချိန်ယူခဲ့ရ၏။

"တစ်ခုတော့ ရှိတယ်ဗျာ၊ တကယ်ကို ဖြစ်ပျက်နေတာ။ ဟိတ်… မိန်းကလေး၊ မင်းကော သရဲတစ္ဆေတွေကို ယုံသလား။"

ချန်ချင်းယွီ ခပ်တိုးတိုးရယ်မောလိုက်ပြီး လေသံနှိမ့်ကာ ပြောသည်။

"အတည်ပြောရရင်တော့… ယုံတာပေါ့။"

ဆိုက်ကားဆရာ ခေါင်းညိတ်လိုက်ပြီး

"ဟုတ်ပဗျာ။ တကယ်တော့ ကျုပ်လည်း ယုံတယ်။ ငါတို့တွေအယူသည်းမှုတွေကို မပြန့်ပွားစေသင့်ဘူးဆိုပေမဲ့ တစ်ခါတလေကျတော့လည်း မရှိဘူးလို့ ငြင်းလို့မရပြန်ဘူး။ ဥပမာ ကျုပ်အိမ်နားက နေရာတစ်ခုဆိုရင် သရဲခြောက်နေတာဗျာ။ ဟိုး… လေးလွှာပြတင်းပေါက်နားမှာ သရဲက ဝဲပျံနေပြီး တိရစ္ဆာန်တွေကိုတောင် ထိန်းချုပ်နိုင်တယ်လို့ ကြားရတယ်။ ကြောက်စရာကြီး မဟုတ်ဘူးလား။"

ချန်ချင်းယွီလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကာ

"ကြောက်စရာကြီးနော်"

ချန်ချင်းယွီ ထိုဆိုက်ကားဆရာကို မှတ်မိနေသည်။ သူသည် ချန်ရိကျွင်း၏ အိမ်အနီးတွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်က သူမ ထိုအိမ်တွင် သွားရောက်ပြဿနာရှာစဉ် ၎င်းသည် ဘေးမှ ဝိုင်းအုံကြည့်ရှုသူများထဲတွင် ပါဝင်ခဲ့ဖူးသဖြင့် သူမ မှတ်မိနေခြင်း ဖြစ်၏။ သို့သော်လည်း ထိုဆိုက်ကားဆရာမှာမူ သူမကို မှတ်မိပုံမရသည်မှာ ထင်ရှားလှပေသည်။

"သူကတော့ ငါ့ကို လုံးဝမှတ်မိပုံမရဘူးပဲ"

ချန်ချင်းယွီ အလိုက်သင့် စကားပြန်ပြောပေးနေသောကြောင့် ဆိုင်ကားဆရာသည် ပို၍စိတ်ပါလက်ပါရှိလာကာ ပြောတော့သည်။

"ကျုပ်ပြောတဲ့လူက တကယ့်ကို သရဲခြောက်ခံနေရတာဗျ။ စိတ်ပျက်စရာကြီး၊ ရက်ပိုင်းခြားပြီး ဆေးရုံတက်လိုက် ဆင်းလိုက်လုပ်နေရတာ။ ကောင်းကောင်းမွန်မွန်ရှိနေရင်းကနေ ရုတ်တရက်ကြီး ဆေးရုံရောက်သွားလိုက်၊ ပြီးရင် နောက်တစ်ခါ ပြန်ရောက်သွားလိုက်နဲ့။ တို့ရပ်ကွက်ထဲမှာတော့ ဘယ်သူမှ သူ့နားမကပ်ရဲကြဘူး၊ ပြဿနာပတ်သက်မိမှာ ကြောက်ကြတာလေ။ တကယ်ပါဗျာ၊ တို့က သာမန်လူတွေပဲဥစ္စာ၊ သူ့ရဲ့ကံဆိုးမှုတွေနဲ့ သွားငြိရင် ဒုက္ခရောက်ကုန်လိမ့်မယ်။ ကျုပ်ဆိုရင်လည်း မိသားစုကို လုပ်ကျွေးနေရတာဆိုတော့ သူ့နားကို သွားတောင်မသွားရဲဘူး။"

ချန်ချင်းယွီသည် ဤနေရာတွင် တော်တော်လေး အံ့အားသင့်သွားပြီး သံသယဖြင့် မေးလိုက်၏။

"ရက်ပိုင်းခြားပြီး ဆေးရုံတက်နေရတယ် ဟုတ်လား။"

"အဲဒါပေါ့ဗျာ... လူကောင်းပကတိကြီးက ဘာလို့ ဆေးရုံ ခဏခဏသွားနေရမှာလဲ။ သူ သရဲခြောက်ခံနေရတာ သေချာတယ်။ ကျုပ်အမြင်ပြောရရင်တော့ 'မကောင်းတာ မလုပ်ရင် မကြောက်နဲ့' ဆိုသလိုပေါ့၊ သူကလည်း အပြစ်ကင်းတဲ့လူတော့ မဟုတ်ပါဘူး။ မဟုတ်ရင် သူ ဘာလို့ အဲဒီလောက် ခြောက်ခြားနေမလဲ။ တခြားလူတွေကျတော့ ဘာလို့ သရဲမမြင်ရတာလဲ။ ကြားဖူးတာတော့ သရဲတွေက လူရှင်တွေကို တကယ်တော့ ကြောက်ကြတာတဲ့။ သာမန်ဆိုရင် လွယ်လွယ်နဲ့ ထွက်မလာရဲကြဘူး၊ ထွက်လာရင်တောင် တိတ်တိတ်ကလေးပဲ လာကြတာ။ ဘာအကြောင်းရင်းမှမရှိဘဲ လူတွေကို လိုက်ခြောက်ရင် သူတို့လည်း ပြာယာခတ်ကုန်မှာပေါ့။ သူ့မိသားစုက ဒီလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်နေတာ ကြည့်ရင်ပဲ အငြိုးအတေးတွေ ဘယ်လောက်ကြီးလဲ သိသာနေတာပဲ။"

“အင်း…”

ငါ.. ခရီးထွက်သွားတဲ့ လဝက်အတွင်း ချန်ရိကျွင်းတစ်ယောက် ဒီလောက်တောင် အလုပ်ရှုပ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ သူကတော့ ဘဝကို တကယ့်ကို ဇာတ်လမ်းဆင်နေတော့တာပဲ…။

ချန်ချင်းယွီ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

"အဲလိုလူမျိုးတွေနဲ့ ဝေးဝေးမှာပဲ နေသင့်တယ် ဦးလေး။"

"ဒါပေါ့ဗျာ... မိန်းကလေးက အသက်ငယ်ပေမဲ့ အမြင်ရှိသားပဲ။ အရမ်းကြီးလည်း မယုံကြည်ဘဲ မနေနဲ့ဦး။ သူ့မိသားစုက တကယ့်ကို အပူးခံနေရတာ။ သရဲမြင်ရတဲ့လူတင်မကဘူး၊ သူ့တစ်မိသားစုလုံး ကံဆိုးမှုတွေ စတင်နေပြီ။ တို့တစ်တွေ အကုန်ကြားနေရတာ။ သူ့အစ်ကိုကြီးဆိုရင် ဖောက်ပြန်တာ မိသွားလို့ စက်ရုံကနေ အထုတ်ခံလိုက်ရတယ်။ နောက်အစ်ကိုတစ်ယောက်ကျတော့ ခိုးမှုနဲ့ ထောင်ထဲရောက်သွားပြီ။ ကျုပ်ပြောတဲ့ ချန်ရိကျွင်းမှာ ညီမတစ်ယောက်လည်း ရှိသေးတယ်ဗျ။ အဲဒီညီမရဲ့သားက ကျေးလက်မှာ အိမ်ထောင်ကျပြီးမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်လို့ မြို့ပြန်လာတော့ မိန်းမနဲ့ ကလေးကို ပစ်ထားခဲ့တာ။ ယောက်ျားတန်မဲ့ အဲဒီလောက်အထိ အောက်တန်းကျတာ ယုံနိုင်စရာတောင် မရှိဘူး။ တက္ကသိုလ်ကျောင်းသားဖြစ်ပြီးတော့ဗျာ... အောက်တန်းကျလိုက်တာ... အခုဆို သူ့ကလေးကိုတောင် အသိအမှတ်မပြုတော့ဘူး။ ကလေးဖျားလို့ အဲဒီမိန်းမက ပိုက်ဆံလာတောင်းတာကို သူ့မိသားစုက မပေးတဲ့အပြင် ဆဲဆိုမောင်းထုတ်ကြသေးတယ်။ အဘွားကြီးကဆိုရင် အရင်ချွေးမဟောင်းကို တွန်းထိုးပြီး ရိုက်နှက်တာဗျာ။ တကယ့်ကို ရက်စက်လွန်းတယ်။ အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာ အသက်ငါးနှစ်ပဲရှိသေးတဲ့ မြေးအငယ်က သူ့အမေကို ကယ်ဖို့အတွက် အဘွားကြီးကို ဓားနဲ့ထိုးလိုက်တာဗျာ။"

"ရှင်........."

ချန်ချင်းယွီ ထိုမျှအထိ အစုံအလင်ရှိလှသော အတင်းအဖျင်းသတင်းကို မမျှော်လင့်ထားသဖြင့် ဆိုက်ကားဆရာကို အလန့်တကြား စိုက်ကြည့်လိုက်မိတော့သည်။

တကယ်တမ်း သူမသည်လည်း ထိုဒေါ်လေးဖြစ်သူကို ရှင်းပစ်ချင်နေခဲ့သည့်တိုင် လက်ဖျားနှင့်ပင် မတို့ရသေးချေ။ သို့သော် ကိစ္စရပ်များ

ယခုကဲ့သို့ အကြီးအကျယ် ပေါက်ကွဲကုန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

‘ဒီဒေါ်လေးကို ငါကိုယ်တိုင် ရှင်းပစ်မလို့ပဲ ရှိသေးတာ၊ ဘာမှတောင် မလုပ်ရသေးဘဲနဲ့ ကိစ္စတွေက ဒီလောက်အထိ ဖြစ်ပျက်ကုန်တာလား’

"အသက်ငါးနှစ်ပဲ ရှိသေးတာကို ဓားနဲ့ထိုးလိုက်တာလား။"

"ဟုတ်ပဗျာ။ အဘွားကြီးက ရက်စက်ပြီး လိုက်အနိုင်ကျင့်တာကိုး။ တိုက်တိုက်ဆိုင်ဆိုင် စားပွဲပေါ်မှာ သစ်သီးလှီးတဲ့ ဓားရှိနေတော့ ကလေးက သူ့အမေကို ကာကွယ်ဖို့ ဓားနဲ့ ထိုးလိုက်တာတဲ့။ ရန်ဖြစ်ရင်းနဲ့ မတော်တဆ ထိုးမိသွားတာလို့ ကြားတယ်။ ဒဏ်ရာက သိပ်မနက်ပေမဲ့ အချိန်ကိုက် ကွက်တိသွားထိတာဗျ။ အော်လိုက်တဲ့ဖြစ်ခြင်း... သွေးလွှတ်ကြောမကြီးကို သွားထိတာ ထင်တယ်ဗျာ။ အသက်တော့ မသေဘူး၊ ဆေးရုံပေါ်မှာ လှဲနေရတုန်းပဲ။ ဒါပေမဲ့ ဒါကတော့ ဝဋ်လည်တာပဲဗျာ။ သူ့မိသားစု ဘယ်လောက် ကံဆိုးနေလဲ တွေးသာကြည့်တော့။ အခု ချန်ရိကျွင်း ဘေးနားမှာ သရဲတစ္ဆေတွေ ဝိုင်းနေလို့ သူ့ကို ထိမိတဲ့လူတိုင်း ကံဆိုးကုန်ကြတယ်လို့ လူတိုင်းက ပြောနေကြတာ။ သူ့မောင်နှမတွေက သွေးသားတော်စပ်နေလို့ အခုလို ဖြစ်ကုန်တာပေါ့။ တစ်ပေကျင်းလုံးလည်း အုတ်အော်သောင်းနင်း ဖြစ်နေတာပဲ။"

ချန်ချင်းယွီမှာ ဆွံ့အသွားရရှာ၏။

ထို့နောက် သူမမှာ မေးမြန်းလိုက်ကာ

"ဒါနဲ့... ကလေးကကော ဘာဖြစ်သွားလဲ ဦးလေး"

"ဘာဖြစ်ရမှာလဲဗျာ၊ ဘာမှမဖြစ်ပါဘူး။ အသက်ငါးနှစ်ပဲ ရှိသေးတာ၊ တမင်လုပ်တာလည်း မဟုတ်ဘူးလေ။ ပြီးတော့ အားလုံးက မိသားစုတွေပဲဥစ္စာ။ ဘယ်သူက အပြစ်ရှာရဲမှာလဲ။ နောက်ပြီးတော့ အပြစ်သွားရှာလို့လည်း မကောင်းဘူးလေ၊ ကလေးက နေမကောင်းဖြစ်နေတာ။ အခု သူလည်း ဆေးရုံတင်ထားရတယ်၊ အဘွားကြီးနဲ့ တစ်ခန်းတည်းမှာပဲ။"

ချန်ချင်းယွီသည် ထိုကျေးဇူးကန်းသော ဒေါ်လေးကို မုန်းတီးမိသော်လည်း ပွင့်ပွင့်လင်းလင်းပင် မှတ်ချက်ချလိုက်သည်။

"တကယ်တော့ မိန်းမနဲ့ ကလေးကို ပစ်ထားခဲ့တဲ့ အဲဒီယောက်ျားက အဆိုးဆုံးပဲ။"

"ဟား... မှန်ပါ့၊ ကျုပ်တို့အိမ်ကလူတွေလည်း အဲလိုပဲ ပြောကြတာဗျာ။ အဆိုးဆုံးက အဲဒီယောက်ျားပဲ။ သူသာ အဲလိုမလုပ်ရင် သူ့အမေလည်း ဘယ်လိုလုပ် ဓားနဲ့ အထိုးခံရပါ့မလဲ။ အဘွားကြီးက မတော်မရော် လုပ်လွန်းလို့ ဝဋ်ပြန်လည်တာ ဆိုပေမဲ့ အားလုံးက သူ့သားကြောင့် ဖြစ်ရတာ။ ဒါပေမဲ့ အဲဒီကောင်လည်း မသက်သာပါဘူးဗျာ။ ကိစ္စက အကြီးအကျယ် ဖြစ်သွားတော့ သူကျေးလက်မှာ လုပ်ခဲ့တဲ့ မကောင်းမှုတွေက ပတ်ဝန်းကျင်နဲ့ ကျောင်းအထိပါ ပျံ့သွားတာလေ။ ကြားတာတော့ သူက ကျောင်းမှာ လူတွေကို လိမ်ထားသေးတယ်တဲ့၊ အိမ်ထောင်မရှိဘူး၊ လူပျိုပါဆိုပြီး အရာရှိကြီး မိသားစုက ကျောင်းသူတစ်ယောက်ကို လိုက်ပိုးနေတာတဲ့ဗျာ။ အခုတော့ ကျောင်းက သူ့ကို အပြစ်ကြီးကြီးမားမား ပေးလိုက်တယ်လို့ ကြားတယ်။ တကယ့်ကို မျက်နှာပျက်စရာပဲဗျာ။"

ဤဆိုက်ကားဆရာသည် တကယ့်ကို စကားသန်သူဖြစ်ပြီး လမ်းတစ်လျှောက်လုံးတွင် သူ၏ပါးစပ်မှ မနားတမ်း ပြောဆိုနေခဲ့သည်။

ချန်ချင်းယွီလည်း "ထိုက်တန်တဲ့ ပြစ်ဒဏ်ပါပဲ" ဟု ဆိုလိုက်၏။

"အမှန်ပဲဗျာ။"

ချန်ချင်းယွီ : "ဒါနဲ့ ဦးလေးက တော်တော်လည်း အစုံသိတာပဲနော်"

"အာ... သရဲတစ္ဆေ ဇာတ်လမ်း စကတည်းက လူတိုင်းက သူတို့အိမ်ကို စောင့်ကြည့်နေကြတာလေ။ အသေးအဖွဲကိစ္စလေး ရှိရင်တောင် ချက်ချင်း ပျံ့သွားတာပေါ့"

ဆိုက်ကားလေးမှာ ရောက်လုနီးပါးဖြစ်နေပြီဖြစ်သဖြင့် ချန်ချင်းယွီ ပြောလိုက်သည်။

"ဦးလေး… ဟိုရှေ့က အကွေ့မှာ ကွေ့ပြီး ရပ်ပေးပါဦး။"

"ရော့ ရပြီ။"

ချန်ချင်းယွီသည် စားသောက်ဆိုင်ငယ်လေးသို့ ရောက်ရှိလာပြီး အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်၏။ ထိုအခါ ဆံပင်ကျစ်ဆံမြီးအရှည်ကြီးနှင့် မိန်းကလေးတစ်ဦးသည် အံ့အားသင့်စွာဖြင့် ပြေးထွက်လာကာ ပြောတော့သည်။

"ချင်းယွီလေး… နင် ပြန်ရောက်ပြီလား။"

"အင့်... ဒါ နင့်ရဲ့ ရေဒီယို"

ချန်ချင်းယွီ ဆိုကာ ကမ်းပေးလိုက်၏။

"ကျေးဇူးအများကြီး တင်ပါတယ်ဟာ၊ နင် ငါ့ကို တကယ် ကူညီပေးတာပဲ။"

ထိုမိန်းကလေးမှာ အလွန်အမင်း ဝမ်းသာသွားရှာသည်။

ချန်ချင်းယွီ လက်ယမ်းပြကာ

"ဒါဆို ငါ သွားဦးမယ်နော်၊ အခုမှ ပြန်ရောက်တာ အိမ်တောင် မဝင်ရသေးဘူး။"

"အေးအေး၊ အိမ်ပြန်ပြီး ပစ္စည်းတွေ အရင်သိမ်းလိုက်ဦး။ ညကျရင်တော့ ငါတို့ဆီ လာစားနော်၊ နင့်မိသားစုကိုပါ ခေါ်ခဲ့၊ ငါ ပြန်ရောက်လာတဲ့ အထိမ်းအမှတ် အနေနဲ့ ကျွေးပါ့မယ်။"

“ကောင်းပြီလေ”

ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်သည်။

"သွားကြစို့ ဦးလေး။"

ဆိုက်ကားဆရာ သိချင်စိတ်ဖြင့် မေးလာ၏။

"မိန်းကလေးက ကိုယ်ပိုင် စီးပွားရေး လုပ်တာလား။"

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"ဟုတ်တယ် ဦးလေး"

သူမသည် မိမိအကြောင်းကို အကျယ်တဝင့် မပြောလိုသဖြင့် စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

"ဒါနဲ့... ဦးလေးပြောတဲ့ သရဲမြင်ရတဲ့လူက ဆရာတွေ ဘာတွေ ပင့်ပြီး မကြည့်ခိုင်းဘူးလား။ သူက ဘေးနားကလူတွေကိုပါ လိုက်ပြီး ကံဆိုးစေနေတာကို။"

"အဲဒါကို ပြောတာပေါ့ဗျာ။ ကျုပ်က အဲဒီနားမှာ တိုက်ရိုက် မနေပေမဲ့ အဲဒီရပ်ကွက်ထဲမှာပဲဆိုတော့ လမ်းမှာ သူနဲ့ တိုးမိမှာကို အမြဲတမ်း ကြောက်နေရတာ။ ဒါပေမဲ့ သူလည်း နည်းလမ်းအမျိုးမျိုးနဲ့ စမ်းကြည့်သေးတယ်လို့ ကြားတယ်၊ ဘာမှမထူးဘူးလေ။ ဆေးရုံပဲ ရောက်ရောက်သွားတာပဲ။ သူ့အိမ်က သရဲမက တကယ့် အမြင့်စားပဲဗျ။ သူ့အိမ်ထဲမှာ သရဲမလာအောင် အဆောင်တွေ အမျိုးမျိုး ချိတ်ထားတာတောင် သရဲကို လုံးဝ မနှိမ်နင်းနိုင်ဘူးတဲ့။"

ချန်ချင်းယွီ : "ဦးလေးက အဲဒါတွေကိုပါ သိတာလား။ သူ့အိမ်က အဲဒီလိုတွေ လုပ်ထားတာကို ဘယ်သူမှ လာမတားကြဘူးလား"

"ရဲတွေကတော့ သတိပေးတာပေါ့၊ ဒါပေမဲ့ လင်မယားနှစ်ယောက်စလုံးက ခြောက်ခြားနေကြတာလေ။ ဘယ်သူက ဂရုစိုက်နိုင်မှာလဲ။ အဲဒါတွေ မလုပ်ခိုင်းရင် သူတို့ ကြောက်လို့ သေသွားလိမ့်မယ်။"

ချန်ချင်းယွီ နှုတ်ခမ်းကို မသိမသာ တွန့်လိုက်မိသည်။ မိမိ ပေကျင်းတွင် မရှိသည့် အချိန်၌ပင် ထိုသူများသည် တက်တက်ကြွကြွဖြင့် ဇာတ်လမ်းဆင်နေကြလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူတို့၏ အနုပညာမြောက်လှသော အကွက်များကြောင့် သူမမှာ ပို၍ပင် အပြစ်ကင်းစင်သူတစ်ဦးကဲ့သို့ ဖြစ်သွားရတော့၏။

လုပ်ကွက်ပျောက်သွားတဲ့ ချင်းယွီလေးပါလား…။

ချန်ချင်းယွီသည် ဤကိစ္စကို စဉ်းစားခဲ့ဖူးသည်။ ချန်မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် ကံဆိုးမှုများနှင့် ရင်ဆိုင်နေရချိန်တွင် တစ်စုံတစ်ယောက် သူမကို သံသယဝင်လာနိုင်ချေ ရှိပေ၏။ သက်သေအထောက်အထားကြောင့် မဟုတ်ဘဲ နစ်နာသူများဘက်မှ စဉ်းစားကြည့်လျှင် ဖြစ်နိုင်သည်။ သူမသည် မိခင်ဖြစ်သူ၏ တစ်ဦးတည်းသော ကျန်ရစ်သည့် ဆွေးမျိုးဖြစ်သောကြောင့် သံသယအရှိရဆုံးသူ ဖြစ်နေပေသည်။ မည်သည့် ဝါရင့်ရဲအရာရှိမဆို သူမကို သံသယဝင်ကြမည်မှာ အသေအချာပင် ဖြစ်၏။

"ဒါပေမဲ့ အခုတော့ တွေးပူနေစရာ မလိုတော့ဘူး။ ငါ တောင်ပိုင်းသွားနေတုန်း သူတို့ဘာသာသူတို့ ခြောက်လန့်ပြီး ကြောက်နေကြတာပဲဥစ္စာ။ ငါ့ရဲ့ 'တော်လှချည်ရဲ့ဆိုတဲ့ ဒေါ်လေး' ကလည်း ကွက်တိ ဆေးရုံရောက်သွားတာဆိုတော့ ငါ့မှာ လက်တစ်ချောင်းတောင် လှုပ်စရာမလိုဘဲ ကိစ္စပြတ်သွားတာပေါ့။ ဒါ တကယ်ပဲ ကံကြမ္မာရဲ့ အလှည့်အပြောင်းလားမသိဘူး”

ချန်ချင်းယွီ ထိုသုံးယောက်စလုံးကို ရှင်းလင်းရန် ကြံရွယ်ထားပြီးဖြစ်သော်လည်း နောက်ဆုံးတစ်ယောက်မှာမူ သူမ လက်မတင်ရသေးခင်မှာပင် မိမိဘာသာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ တကယ်ပင် ကံကြမ္မာလောဟုပင် သူမ တွေးတောမိနေတော့၏။

လမ်းတစ်လျှောက်လုံးတွင် အတင်းအဖျင်းစကားများကို အဝနားထောင်လာခဲ့ပြီးနောက် နောက်ဆုံးတွင် အိမ်သို့ ရောက်ရှိလာခဲ့သည်။ ဆိုက်ကားဆရာသည်လည်း အတိုင်းထက်အလွန် ဝမ်းသာအားရဖြင့် ဆိုက်ကားခကို သိမ်းဆည်းကာ နောက်ထပ်အလုပ်တစ်ခုအတွက် ပျော်ရွှင်စွာ ထွက်ခွါသွားခဲ့၏။

"အလို... ရှောင်ချန် ပြန်ရောက်ပြီပဲ။ ဟေ့... အဘွားကြီးကျောက်... အဘွားကြီးကျောက်... ရှင့်ချွေးမလေး ပြန်ရောက်ပြီရှင်။"

အဒေါ်ကြီးမေ့သည် အပြင်သို့ ထွက်လာရင်း အော်ဟစ်နှုတ်ဆက်လိုက်သည်။

အဘွားကြီးကျောက်သည်လည်း အပြေးအလွှား ထွက်လာကာ ပြောတော့၏။

"ဘုရားရေ… ညည်း နောက်ဆုံးတော့ ပြန်ရောက်ပြီပဲ။ လွန်ခဲ့တဲ့ရက်တွေက ငါ တော်တော်လေး စိတ်ပူနေခဲ့ရတာ။"

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"စိတ်ပူစရာ ဘာရှိလို့လဲ အမေရဲ့၊ ကျွန်မအကြောင်း အမေသိသားပဲဟာ။ လာ... ဒါလေး ကူသယ်ပေးဦး။"

ယောက္ခမနှင့် ချွေးမနှစ်ဦးသည် ပစ္စည်းများကို အိမ်ထဲသို့ သယ်ဆောင်သွားကြရာ အဒေါ်ကြီးမေ့လည်း ဝိုင်းဝန်းကူညီပေးခဲ့၏။

"ဒီတစ်ခေါက် ပစ္စည်းတွေ အများကြီး သယ်လာတာပဲနော်။"

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"ဟုတ်တယ် ဒေါ်လေး"

"ခရီးကလည်း ဝေး၊ ပင်ပန်းလည်း ပင်ပန်းရတာဆိုတော့ တစ်ခါတည်း အများကြီး သယ်လာတာ ပိုကိုက်တာပေါ့။"

သူမ ပြုံး၍ မေးမြန်းကာ

"ဒါနဲ့... ရှောင်ထောင်းရဲ့ စီးပွားရေးကော အခြေအနေ ဘယ်လိုလဲဟင်။"

အဒေါ်ကြီးမေ့ : "ဒီလိုပါပဲအေ၊ အရင်ကထက်စာရင်တော့ နည်းနည်း ပိုကောင်းလာပါတယ်။ အခုက ရာသီဥတုကလည်း ပိုနွေးလာပြီဆိုတော့ လူတွေလည်း အပြင် ပိုထွက်ကြတာကိုး။"

ချန်ချင်းယွီ ချိုသာစွာ ပြုံးလိုက်ပြီး

"ဝမ်းသာစရာပဲနော်"

"ဒါနဲ့… ဒီတစ်ခေါက် ဘာပစ္စည်းတွေ ယူလာတာလဲ။ ဂျင်းဘောင်းဘီတွေပဲလား။"

ချန်ချင်းယွီ ခေါင်းယမ်းပြကာ

"မဟုတ်ဘူးဒေါ်လေး၊ ဒီတစ်ခေါက်တော့ ဂျင်းဘောင်းဘီတွေ မပါဘူး။ အားလုံး တီရှပ်တွေချည်းပဲ။"

တီရှပ်များ၏ အကျိုးအမြတ်မှာ ဂျင်းဘောင်းဘီများနှင့် နှိုင်းယှဉ်ပါက သဘာဝအတိုင်း ပိုမိုနည်းပါးလှပေသည်။

ဂျင်းဘောင်းဘီများကို လျှော့စျေးဖြင့် ရောင်းချလျှင်ပင် တီရှပ်များထက် အမြတ်ပိုရနိုင်သေးသည်မှာ အမှန်ပင်။ သို့သော်လည်း လျှင်လျှင်မြန်မြန် မရောင်းရပါက ပစ္စည်းပြတ်ရန် အချိန်အတော်ကြာသွားနိုင်သည်။ တီရှပ်များမှာမူ အမြတ်အစွန်း နည်းပါးသော်လည်း အရေအတွက်အမြောက်အမြား ရောင်းချရတတ်သည်။ ထို့ကြောင့် တူညီသောအချိန်ကာလတစ်ခုအတွင်း တွက်ချက်ကြည့်မည်ဆိုပါက မည်သည့်အရာက ပိုမိုတွက်ခြေကိုက်သည်ကို ဆုံးဖြတ်ရန် ခက်ခဲလှပေ၏။

ချန်ချင်းယွီ : "ရာသီဥတုက ပိုနွေးလာပြီဆိုတော့ ဂျင်းဘောင်းဘီတွေက တဖြည်းဖြည်း အရောင်းအေးသွားမှာ သေချာတယ်။ ဒါကြောင့်မို့လို့ ကျွန်မ တီရှပ်တွေကိုပဲ အဓိကထားပြီး ယူလာခဲ့တာ"

အဒေါ်ကြီးမေ့မှာ … "ဟုတ်သားပဲ... ဒါနဲ့ ညည်းကို ပြောရဦးမယ်..." ဟု အစချီကာ လေသံကို နှိမ့်ချလိုက်ပြီး ခပ်တိုးတိုး ကပ်ပြောလိုက်၏။

"ယွမ်ဟောက်ဖုန်းနဲ့ လီလင်းလင်းတို့လည်း ပစ္စည်းတွေ သိပ်မရောင်းရဘူးအေ၊ လက်ကျန်တွေ အများကြီး ကျန်သေးတယ် တဲ့။"

ချန်ချင်းယွီမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သဖြင့်

မေးလိုက်မိသည်။

"သူတို့ပစ္စည်းတွေ ခုထက်ထိ မပြတ်သေးဘူးလား"

"မပြတ်သေးဘူးအေ၊ ကျန်နေသေးတာ။ ယွမ်ဟောက်ဖုန်းက လီလင်းလင်းကို လိုက်မြည်တွန်တောက်တီး နေတာတောင် ကြားရသေးတယ်။ ညည်းလည်း သိတဲ့အတိုင်း ယောက်ျားတွေဆိုတာ တကယ်ပဲ..."

ချန်ချင်းယွီ : "ကျွန်မမှတ်မိသလောက်တော့ သူတို့ ပစ္စည်းအများကြီး သွင်းထားတာလည်း မဟုတ်ပါဘူး၊ ဘာလို့ ဒီလောက်တောင် အရောင်းနှေးနေရတာလဲ"

သူမ တောင်ပိုင်းသို့ သွားနေသည်မှာ လဝက်နီးပါး ရှိနေပြီဖြစ်ရာ ယခုဆိုလျှင် မေလကုန်ခါနီးနေပြီ ဖြစ်၏။ သူတို့မှာ မတ်လကုန်ပိုင်းကတည်းက ပြန်ရောက်နေကြခြင်းဖြစ်ရာ ဤမျှနည်းပါးသော ပစ္စည်းများကို နှစ်လကျော်ကြာသည်အထိ အကုန်မရောင်းရသေးခြင်းမှာ မဖြစ်သင့်သောအရာပင်။

"ဒါက တကယ်ကိုပဲ..."

ချန်ချင်းယွီ ရေရွတ်လိုက်သည်။

အဒေါ်ကြီးမေ့ မိသားစုတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူအချို့ ရှိနေသဖြင့် သူမသည် အတော်အတန် နားလည်အကဲခတ်မိပုံရကာ

"မှောင်ခိုဈေးကွက်ထဲမှာ စျေးနှုန်းတွေ ကျဆင်းသွားတယ်လို့ ကြားတယ်၊ အဲဒါကြောင့်မို့လို့ လီလင်းလင်းအတွက် ရောင်းရခက်နေတာနေမှာ။"

လက်တွေ့တွင် မှောင်ခိုဈေးကွက်ဟူသည်ကို သိပ်ပြီး အားကိုးနေစရာ မလိုတော့ပြီ ဖြစ်သော်လည်း လူတိုင်းမှာ ထိုနေရာကို မှောင်ခိုဈေးကွက် သို့မဟုတ် တရားမဝင် ဈေးကွက်ဟုသာ ရိုးရာအလိုက် ခေါ်ဝေါ်နေကြဆဲ ဖြစ်သည်။

"ငါ့သား ရှောင်ထောင်းပြောတာတော့ အဲဒီနေရာမှာ စျေးနှုန်းတွေ ကျသွားရင် သူတို့အတွက် ပိုလို့တောင် ရောင်းရခက်သွားလိမ့်မယ် တဲ့။"

ချန်ချင်းယွီ : "ကျွန်မအမြင်ကတော့ အဆင်ပြေသွားမှာပါ၊ သူတို့က နည်းနည်းပဲ ယူထားတာဆိုတော့ အရောင်းနှေးရင်တောင် လက်ကျန် သိပ်အများကြီး မကျန်နိုင်ပါဘူး"

အဒေါ်ကြီးမေ့လည်း ထောက်ခံကာ

"ဒါကတော့ ဟုတ်ပါတယ်လေ"

ထိုစဉ် အဘွားကြီးကျောက် ဝင်ပြောတော့သည်။

"ညည်း ခရီးသွားနေတုန်းက တို့ဝင်းထဲမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့သေးတယ်အေ။ ဟိုဘက်အိမ်က လူတွေ ရန်ဖြစ်ကြတာလေ။ ဟိုငတုံး ရှီရှောင်ဝေနဲ့ သူ့အမေက အကြီးအကျယ်ကို သောင်းကျန်းနေကြတာ၊ အစ်မကြီးဖန်ဆိုရင် ရူးတောင် ရူးသွားတော့မလို့။"

ချန်ချင်းယွီ မျက်ခုံးပင့်ကာ စိတ်ဝင်စားသွားသည်။

အဘွားကြီးကျောက် ဆက်၍

"ရှီရှောင်ဝေက သူနဲ့ ယွမ်ဟောက်ရွှယ်တို့ ဒီလိုအခြေအနေအထိ ရောက်ပြီး လမ်းခွဲလိုက်ရတာဟာ သူ့အမေကြောင့်လို့ ထင်နေတာလေ။ အဲဒါကြောင့် အမြဲတမ်း စိတ်ကောက်ပြီး အငြိုးအတေး ထားနေတာ။ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် အိမ်ထဲမှာ ရှိတဲ့ပစ္စည်းတွေကို ရိုက်ခွဲပြီး အကြီးအကျယ် ရန်ဖြစ်ကြသေးတယ်။ အစ်မကြီးဖန်က အိမ်မှာ ယွမ်ဟောက်ရွှယ်ကို အော်ဟစ်ဆဲဆိုနေတုန်း ရှီရှောင်ဝေက သူ့အမေကို ပါးရိုက်လိုက်တာအေ"

ချန်ချင်းယွီမှာ ပြောစရာ စကားပင် ပျောက်ရှသွားရ၏။

သောက်ကျိုးနည်း…နှစ်တိုင်း ထူးဆူးဆန်းပြားတာတွေ ရှိတတ်ပေမဲ့ ဒီနှစ်ကတော့ ပိုပြီး များနေသလိုပဲ…

သူမ ခရီးထွက်သွားသည့် လဝက်အတွင်း ဤမျှ စိတ်လှုပ်ရှားဖွယ်ကောင်းသော အတင်းအဖျင်းများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တကယ်ကို မယုံနိုင်စရာပင်…။

"သူကတော့ တကယ့်ကို အချစ်ရူးပဲ"

ချန်ချင်းယွီ မှတ်ချက်ချလိုက်သည်။

အကဲခတ်ရသလောက် ယွမ်ဟောက်ရွှယ်၏ အစ်မကြီးဖန်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်သည့် နည်းလမ်းမှာ တကယ်ကို ထိရောက်လှပေသည်။ သူမ ရှီရှောင်ဝေကို ပြောခဲ့သည့်စကားများသည် မိခင်နှင့်သားကြား သွေးခွဲရန် အကွက်ချခဲ့ခြင်းဖြစ်ပြီး ရှီရှောင်ဝေသည်လည်း ထိုအကွက်ထဲသို့ အမိအရ ကျဆင်းသွားခဲ့၏။

"ဒါပေါ့အေ... ဟောက်ရွှယ်မှာ ရည်းစားရှိနေပြီဆိုပေမဲ့ အဲဒီလူက လူပုံအလယ် ထုတ်ပြလို့ရတဲ့ လူမျိုးမဟုတ်ဘူး ထင်တယ်၊ သူတို့ ပြောနေကြတာ ကြာပြီ၊ ဘယ်သူမှလည်း မမြင်ဖူးသေးဘူး။ ဟောက်ရွှယ်ကလည်း အိမ်ကို ခေါ်မလာဘူးလေ။ သူတို့ တွဲနေကြတာ လအတော်ကြာပြီ မဟုတ်လား၊ အနည်းဆုံးတော့ မိသားစုနဲ့ ပေးတွေ့သင့်တာပေါ့။"

"ပြီးတော့ ညည်း သိလား... စတုတ္ထဝင်းက ကျန်းရှင်းဖှလေ၊ သူက အပြင်မှာ ရည်းစားရှာလို့မရတော့ အခု ဟောက်ရွှယ်နောက်ကို ပြန်လိုက်နေတာ၊ လက်မထပ်ရသေးသရွေ့တော့ သူ့မှာ အချစ်ကို လိုက်လံရှာဖွေပိုင်ခွင့် ရှိတယ်လို့တောင် ပြောသေးတာ။"

"အဘွားကြီးဝမ်ကလည်း ဝမ်ကျန့်ကော်အတွက် သားယောက်ျားလေး မွေးပေးနိုင်မယ့် မိန်းကလေးတစ်ယောက်ယောက် ရအောင်ဆိုပြီး မိတ်ဆက်ပွဲတွေ အတင်း စီစဉ်ပေးနေတာ..."

ချန်ချင်းယွီ အိမ်ပြန်ရောက်သည်နှင့် အတင်းအဖျင်းသတင်းများဖြင့် တရစပ် ဗုံးကြဲခြင်းကို ခံလိုက်ရတော့သည်။ သူမသည် ခေါင်းကို ကုတ်လိုက်ရင်း သက်ပြင်းချကာ ပြောလိုက်၏။

"ကျွန်မ ခရီးထွက်သွားတာ လဝက်ပဲ ရှိသေးတယ်၊ ဒါပေမဲ့နှစ်ဝက်လောက် ကြာသွားသလိုပဲ။ အခုတလော ဖြစ်ပျက်နေတာတွေက တကယ်ကို များလွန်းတယ်။"

"အများကြီးပေါ့အေ... နွေဦးရာသီလေ... တကယ်ကို... အဟွတ် အဟွတ်... ဘာပဲဖြစ်ဖြစ် အဖော်ရှာတဲ့ ရာသီဆိုတော့ အားလုံးက အလုပ်ရှုပ်နေကြတာပေါ့။ တစ်ယောက်ပြီး တစ်ယောက်ပဲ... တောက် တောက်"

ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်သည်။ အဒေါ်ကြီးမေ့သည် အချိန်အတော်ကြာအောင် စကားစမြည် ပြောဆိုပြီးနောက်မှသာ မချင့်မရဲဖြင့် ပြန်လည်ထွက်ခွါသွားခဲ့၏။

အဘွားကြီးကျောက် : "ဒီတစ်ခေါက် ခရီးစဉ်က အဆင်ပြေရဲ့လား ကျွန်မ"

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"အဆင်ပြေပါတယ် အမေ"

သူမအတွက် ဘာများ အဆင်မပြေစရာ ရှိနိုင်မှာမို့လို့လဲ…

သူမ ပစ္စည်းအားလုံးကို နေရာတကျ စနစ်တကျ သိမ်းဆည်းလိုက်သည်။ ယခုအခါ သူမတို့၏အိမ်သည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ နေရာလွတ်များဖြင့် ပိုမိုကျယ်ဝန်းလာခဲ့ပြီ ဖြစ်၏။ ချန်ချင်းယွီ ကုန်ပစ္စည်းအချို့ကို ကလေးများ၏ အိပ်ခန်းရှိ ဗီရိုအပေါ်ထပ်များတွင် တင်ထားလိုက်ပြီး အခန်း၏ အလှအပကို မထိခိုက်စေဘဲ ပစ္စည်းသိုလှောင်ရန် နေရာကိုလည်း ရရှိစေသည်။ ကျန်ရှိသော ပစ္စည်းများကိုမူ မိမိ၏ အိပ်ခန်းကြမ်းပြင်ပေါ်တွင်သာ ချထားလိုက်၏။

ဘေးမှ ကူညီပေးနေသော အဘွားကြီးကျောက်မှာ ညည်းတွားသံဖြင့် ဆိုသည်။

"ဒီအလုပ်က ဘယ်လောက်အထိ ရေရှည်ခံမလဲ မသိဘူးနော်"

ချန်ချင်းယွီ : "ဒီတစ်ခေါက် ပစ္စည်းတွေကတော့ သေချာပေါက် ရောင်းကောင်းမှာပါ အမေ၊ ကျွန်မက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားတာ"

အဘွားကြီးကျောက် ထိုစကားကို သိပ်နားမလည်သော်လည်း ချန်ချင်းယွီ အကျယ်တဝင့် ရှင်းမပြတော့ကာ

"နောက်ကျရင် အမေ တွေ့ရမှာပါ၊ ကျွန်မ ရေမိုးချိုးလိုက်ဦးမယ်၊ ညကျရင် အပြင်မှာ ထမင်းသွားစားဖို့ ရှိတယ်"

အဘွားကြီးကျောက် ချန်ချင်းယွီကို အမြန်ဆွဲထားပြီး

"နေဦး… ညည်းအဖေ တစ်ခုခုဖြစ်သွားတာကို ညည်း သိရဲ့လား"

ချန်ချင်းယွီ : "ကျွန်မ ဘူတာရုံကနေ ပြန်လာတုန်းက ဆိုက်ကားဆရာဆီကနေ ကြားခဲ့ပြီးပြီ အမေ"

အဘွားကြီးကျောက် : "ညည်းရဲ့ သတင်းကွန်ရက်ကလည်း တော်တော်လေး မြန်တာပဲ။ အော်... ဒါနဲ့ သူ့မိသားစုအကြောင်း ကောလာဟလတွေကတော့ တောမီးလို ပျံ့နေတာပဲအေ"

ချန်ချင်းယွီ : "သရဲတစ္ဆေ ဇာတ်လမ်းဆိုတာက သာမန်ဆိုရင် ကြားရခဲတာကိုး အမေရဲ့"

ချန်ချင်းယွီသည် စိတ်လောတတ်သူတစ်ဦး မဟုတ်ပေ။ ဤကဲ့သို့ အေးအေးဆေးဆေးနှင့် မှန်မှန်သွားသည့် နည်းလမ်းမှာ ပို၍ကောင်းသည်ဟု သူမ ထင်မြင်မိသည်။

အဘွားကြီးကျောက် : "ညည်း ထပ်သွားဦးမှာလား"

ချန်ချင်းယွီ : "ဒီရက်ပိုင်းအတွင်းတော့ ကျွန်မ သွားမှာမဟုတ်ဘူး၊ လူတွေအားလုံးက စောင့်ကြည့်နေကြတာလေ။ သွားရအောင် ကျွန်မက ငတုံးမှမဟုတ်တာ…။ ပြီးတော့ ကျွန်မက သူ့ကို သွားခြောက်စရာ မလိုပါဘူး၊ သူဘာသာသူ ခြောက်ခြားပြီး သောင်းကျန်းနေတာပဲဥစ္စာ။ အဲဒါက ပိုတောင် မကောင်းဘူးလား"

"အဲဒါတော့ ဟုတ်သားပဲ။ ဒါဆို တို့တွေ ဒီရက်ပိုင်း ဘာမှ မလုပ်ကြတော့ဘူးပေါ့ ဟုတ်လား။"

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"ဘယ်သူက ဘာမှမလုပ်ဘူး ပြောလဲ အမေရဲ့... အဝတ်အစားတွေ ရောင်းရမှာပေါ့"

"ဟုတ်သားပဲ... ဟုတ်သားပဲ... တို့တွေမှာ လုပ်စရာ အရေးကြီးတဲ့ အလုပ်တွေ ရှိသေးတာပဲ"

အဘွားကြီးကျောက်လည်း သတိရသွားဟန်ဖြင့် ဆိုတော့သည်။

ချန်ချင်းယွီသည် မည်သည့်အရာက ပို၍အရေးကြီးသည်ကို ကောင်းစွာနားလည်ထား၏။ ယခုအချိန်သည် ချန်ရိကျွင်းထံ သွားရောက်ရန် အချိန်ကောင်းတစ်ခု လုံးဝမဟုတ်ပေ။

သူတို့သားအဖနှစ်ဦး၏ ဆက်ဆံရေးမှာ ကောင်းမွန်လှသည်မဟုတ်ဘဲ ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ်မျှသာ တွေ့ဆုံလေ့ရှိသည့် အေးစက်စက် အခြေအနေမျိုး ဖြစ်သည်။ ထို့ကြောင့် သူမ သွားရောက်မတွေ့ဆုံခြင်းအပေါ် မည်သူမျှ အထူးအဆန်းဟု မထင်မှတ်ကြပေ။

ချန်ချင်းယွီ ပြန်ရောက်လာခဲ့သော်လည်း ဆိုင်ချက်ချင်းခင်းရန် မလောသေးဘဲ ရက်အနည်းငယ်ခန့် အနားယူရန်သာ ကြံရွယ်ထား၏။

‘ပြန်ရောက်ပြီဆိုပေမဲ့ ဆိုင်ခင်းဖို့ ချက်ချင်းကြီး မလောပါဘူးလေ၊ တစ်ရက်နှစ်ရက်လောက်တော့ အနားယူဦးမယ်။ ပြီးတော့ လုရှန်းတောင်က အချစ်ဇာတ်လမ်း ရုပ်ရှင်ရုံတင်မယ့်ရက်ကိုလည်း စောင့်ရဦးမှာ’

ထို့ပြင် သူမသည် "လုရှန်းတောင်မှအချစ်ဇာတ်လမ်း" ရုပ်ရှင်ပြသမည့်ရက်ကိုလည်း စောင့်ဆိုင်းနေခဲ့သည်။

ချန်ချင်းယွီ ဆိုင်မခင်းရသေးမီမှာပင် သူမ၏ ပါဆယ်ထုပ် ရောက်ရှိလာခဲ့၏။

အင်း… ကွမ်ကျိုးက ပို့တဲ့ ပါဆယ်တွေက ရောက်တာ တကယ် နှေးတာပဲ၊ ဒါပေမဲ့ အလုပ်ရှုပ်သက်သာပြီး အဆင်ပြေတာမို့ တော်သေးတာပေါ့"

သူမ စိတ်ထဲမှ တွေးလိုက်မိသည်။ ကွမ်ကျိုးမှ ပေးပို့သော ပါဆယ်ထုပ်များမှာ ရောက်ရှိရန် အလွန်နှောင့်နှေးလှသော်လည်း အဆင်ပြေချောမွေ့သဖြင့် အဆိုးကြီးမဟုတ်ပေ။

ချန်ချင်းယွီ ပြန်ရောက်လာချိန်တွင် ပါဆယ်ထုပ်မှာလည်း ရောက်ရှိလာ၏။ သူမသည် အဘွားကြီးကျောက်နှင့်အတူ ထိုပစ္စည်းကို သွားရောက်ယူခဲ့ရာ အဘွားကြီးကျောက် လှမ်းမေးတော့သည်။

"ဒါက ဘာထုပ်ကြီးလဲအေ၊ ညည်း ခရီးပြန်တုန်းက တစ်ခါတည်း ဘာလို့ သယ်မလာခဲ့တာလဲ။"

ချန်ချင်းယွီကရ : "ကျွန်မက ပစ္စည်းတွေ အများကြီး သယ်လာပြီးသားမို့လို့လေ။ အပြန်ခရီးမှာ ဝန်ပေါ့သွားအောင်လို့ ခွဲပို့လိုက်တာ။ ဒါတွေက အားလုံးအတွက် နွေရာသီဝတ် အဝတ်အစားတွေနဲ့ ဖိနပ်တွေလေ။ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့လည်း ဖိနပ်အသစ် လိုချင်နေကြတယ် မဟုတ်လား။ အဝတ်အစားတွေရောပေါ့"

ကလေးနှစ်ဦးမှာ လွန်ခဲ့သောနှစ်နှစ်အတွင်း တော်တော်လေး ထွားလာခဲ့ကြသဖြင့် မနှစ်ကအဝတ်အစားများမှာ ကျပ်သပ်လုနီးပါး ဝတ်ဆင်နေရပြီး ထိုမတိုင်မီနှစ်မှ အဝတ်အစားများမှာမူ လုံးဝမတော်တော့ပေ။ ထို့ကြောင့် ချန်ချင်းယွီ တောင်ပိုင်းသို့သွားသော ခရီးစဉ်တွင် သူတို့အတွက် အဝတ်အစားအချို့ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ချန်ချင်းယွီ ဆက်၍

"ပြီးတော့ အမေ့အတွက်လည်း ဂါဝန်တစ်ထည် ဝယ်လာခဲ့တယ်နော်"

အဘွားကြီးကျောက်သည် ခဏမျှ ကြောင်အသွားပြီးနောက် ဝမ်းသာအားရဖြင့် ရေရွတ်လိုက်၏။

"ဂါဝန် ဟုတ်လား။ ငါ့အတွက်လားအေ။ ငါလို အဘွားကြီးက ဂါဝန်ဝတ်ရမယ် ဟုတ်လား။"

"ဘာလို့ မဝတ်နိုင်ရမှာလဲ အမေရဲ့။ ခေတ်မီတဲ့ အဘွားကြီးတွေလည်း ဝတ်လို့ရတာပဲဟာ။"

"ဘုရားရေ… ဒါ… ဒါ… ဒါကတော့လေ…"

အဘွားကြီးကျောက် မျက်နှာတစ်ခုလုံး ပီတိဖြစ်လျက် ပြုံးမဆုံး ဖြစ်နေတော့သည်။ သူမက လှိုက်လှိုက်လှဲလှဲပင် ဆိုလိုက်၏။

"ချင်းယွီလေး… တို့တစ်ဝင်းလုံးမှာရှိတဲ့ ချွေးမတွေထဲမှာ ညည်းလောက် အလိုက်သိပြီး ကောင်းတဲ့လူ တစ်ယောက်မှ မရှိဘူး တကယ်။"

"အမေ့ကို ပစ္စည်းဝယ်ပေးရုံနဲ့တင် ကျွန်မက အကောင်းဆုံး ဖြစ်သွားတာလားရှင်"

ချန်ချင်းယွီ ပြောဆိုကာ သဘောကျစွာ ရယ်မောလိုက်သည်။

"ဒါပေါ့အေ... ညည်း စောင့်ကြည့်နေလိုက်၊ အိမ်ကိစ္စမှန်သမျှကို ငါအကုန် အသေအချာ ဂရုစိုက်ပေးမှာ။ ညည်း ပိုက်ဆံတွေ အလဟဿ မဖြစ်စေရဘူး။ ငါက အသုံးဝင်တဲ့လူပဲဥစ္စာ။"

ဤသည်မှာ အဘွားကြီးကျောက်၏ အကောင်းဆုံးသော စရိုက်လက္ခဏာပင် ဖြစ်၏။

ချန်ချင်းယွီ ပြန်ရောက်ပြီး သုံးရက်မြောက်နေ့တွင် ရုပ်ရှင်ရုံ၌ "လုရှန်းတောင်မှ အချစ်ဇာတ်လမ်း" ရုပ်ရှင်အသစ်ကို စတင်ပြသခဲ့သည်။ နောင်ဆယ်စုနှစ်ပေါင်းများစွာအကြာရှိ ကာလများကဲ့သို့ ရုပ်ရှင်အသစ်တစ်ကား ရုံတင်လျှင် သတင်းစာရှင်းလင်းပွဲများ၊ ပွဲဦးထွက်ပြသပွဲများဖြင့် ကြီးကြီးကျယ်ကျယ် ကြော်ငြာလေ့ရှိသည်နှင့်မတူဘဲ ယခုအချိန်တွင်မူ ရုပ်ရှင်အသစ်ထွက်ရှိကြောင်းကို ခပ်ကျဉ်းကျဉ်းမျှသာ အသိပေးဖော်ပြလေ့ရှိ၏။

သို့သော်လည်း ချန်ချင်းယွီ ထိုကိစ္စကို စောင့်ကြည့်နေခဲ့သဖြင့် ချက်ချင်းပင် သိရှိသွားခဲ့သည်။

ချန်ချင်းယွီ : "ကျွန်မ ရုပ်ရှင်သွားကြည့်မလို့၊ ဘယ်သူတွေ လိုက်ချင်လဲဟင်"

"သမီး လိုက်မယ်။"

"သားလည်း လိုက်မယ်။"

"အားလုံး သွားကြမယ်၊ အားလုံး သွားကြမယ်။"

ချန်ချင်းယွီ အိမ်နှင့် ခွဲခွာနေခဲ့သည်မှာ လဝက်မျှ ရှိပြီဖြစ်ရာ သူမ ပြန်ရောက်သည်နှင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် မိခင်ဖြစ်သူနားသို့ ကပ်တွယ်နေကြတော့သည်။ သူတို့သည် ယခုအခါ အတော်အတန် အရွယ်ရောက်နေပြီဖြစ်သော်လည်း မိခင်ဖြစ်သူကို အချစ်ဆုံးပင် ဖြစ်၏။ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကျောင်းဆင်းသည်နှင့် အိမ်သို့ အပြေးအလွှား ပြန်လာတတ်ကြသည်။

သူတို့ကတော့ တကယ့်ကို အမေချစ် ကလေးတွေပဲ…

ထို့ပြင် တနင်္ဂနွေနေ့သို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် လူစုံတက်စုံ သွားရောက်ရန် ပြင်ဆင်ကြတော့၏။

အမှန်တကယ်တွင် အဘွားကြီးကျောက်သည် ချန်ချင်းယွီတစ်ယောက် ပစ္စည်းရောင်းရန် မလောသေးသည်ကို အံ့အားသင့်နေမိသည်။ အထူးသဖြင့် တနင်္ဂနွေနေ့မျိုးသည် မည်သည့်အရာကိုမဆို ရောင်းချရန် အကောင်းဆုံးနေ့တစ်နေ့ ဖြစ်သောကြောင့်ပင်။ သို့သော် ချန်ချင်းယွီကိုယ်တိုင် မလောသဖြင့် သူမလည်း ဇွတ်မတိုက်တွန်းတော့ပေ။

ဒီအိမ်မှာ ငါက ဆရာလုပ်လို့ရတာမှ မဟုတ်တာ၊ အမယ်လေး… ဝမ်းနည်းလိုက်တာလေ…

သို့သော်လည်း အားလုံးအတူတူ ရုပ်ရှင်သွားကြည့်ရန် သဘောတူထားကြသဖြင့် သူမ အလွန် ဝမ်းသာနေမိသည်။ အိမ်တွင် တီဗီရှိသော်လည်း ရုပ်ရှင်ရုံတွင် ကြည့်ရှုရခြင်းနှင့် တီဗီကြည့်ရခြင်းတို့၏ ခံစားချက်မှာ လုံးဝ ကွဲပြားခြားနားလှ၏။

တနင်္ဂနွေနေ့ နံနက်ခင်းတွင် အားလုံး အဝတ်အစားလဲကာ အတူတူ ထွက်ခွာလာခဲ့ကြသည်။ ရာသီဥတုမှာလည်း ပိုမိုပူနွေးလာခဲ့ပြီ ဖြစ်၏။ ရှောင်ကျားသည် နေဗီပြာရောင် လည်ဝိုင်းတီရှပ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားရာ ကွမ်ကျိုးလမ်းမထက်ရှိ ကောင်လေးတစ်ယောက်၏ ဖက်ရှင်မျိုး ဖြစ်သည်။ ရှောင်ယွမ်မှာမူ ဇာပိတ်စများနှင့် လက်လက်ထနေသော အစက်အပြောက်များ ပါဝင်သည့် ပန်းနုရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသဖြင့် အလွန် တောက်ပြောင်ကျော့ရှင်းနေ၏။ လူကြီးများကြည့်လျှင် ရင်ဘတ်ယားစရာ ဖက်ရှင်မျိုး ဖြစ်သော်လည်း မိန်းကလေးငယ်များအတွက်မူ အလွန်အမင်း သဘောကျစရာ ဂါဝန်မျိုး ဖြစ်ပေသည်။

"ငါ့သမီးအကြိုက်ကို ငါ အသိဆုံးပဲ"

ချန်ချင်းယွီ ဂုဏ်ယူစွာ တွေးလိုက်မိသည်။ ဤကဲ့သို့သော ဒီဇိုင်းမျိုးမှာ အလွန်ရှားပါးလှပြီး ကုန်တိုက်ကြီးများတွင်ပင် ရှာဖွေ၍မရနိုင်ချေ။ ကွမ်ကျိုးရှိ အဝတ်အစားအချို့မှာ ဟောင်ကောင်မှ တင်သွင်းခြင်းဖြစ်ပြီး အချို့မှာမူ သီးသန့်ချုပ်လုပ်ထားခြင်း ဖြစ်သဖြင့် သူတို့နှင့် ကွက်တိပင် ဖြစ်၏။ ထို့ကြောင့် ပေကျင်းသည် မြို့တော်ဖြစ်သော်လည်း အဝတ်အစားဒီဇိုင်းပိုင်းတွင်မူ ထိုမြို့လောက် များပြားစုံလင်ခြင်း မရှိပေ။ အကြောင်းမှာ ထိုမြို့သည် ဤအလုပ်ဖြင့်ပင် စီးပွားရှာနေခြင်းဖြစ်ရာ မြို့၏ ရပ်တည်ချက်ချင်း ကွဲပြားသောကြောင့်တည်း။

ရှောင်ယွမ်၏ လက်ရှိဆံပင်ပုံစံမှာ မာရူကိုလေး၏ ဆံပင်စတိုင်မျိုး ဖြစ်သည်။ ဆံပင်ကျစ်ဆံမြီးလေးများမှာ ချစ်စရာကောင်းသော်လည်း မူလတန်းကျောင်းသူတစ်ဦးအတွက်မူ ဤကဲ့သို့ ဆံပင်တိုမှာ ပို၍အဆင်ပြေစေ၏။ နံနက်ခင်းတွင် ဆံပင်ဖြီးနေစရာမလိုဘဲ ခေါင်းလျှော်ရသည်မှာလည်း ပို၍ရိုးရှင်းသဖြင့် မာရူကိုလေး... ဪ..မှားလို့… ရှောင်ယွမ်လေးမှာ နာခံစွာဖြင့် ဆံပင်အတို ညှပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျစ်ဆံမြီးမရှိလျှင်ပင် သူမ၏ ဝိုင်းစက်နေသော မျက်ဝန်းကြီးများနှင့် ဖြူစင်သော အသားအရေကြောင့် အလွန်ပင် ချစ်စရာကောင်းနေဆဲ ဖြစ်၏။

ချန်ချင်းယွီ : "အလိုလေး… ငါကလည်း ကလေးမွေးတာ တော်လိုက်တာ။ ငါ့သမီးလေးက တကယ် လှတာပဲ။ ဒါတွေအကုန်လုံးက ငါ့ရဲ့ မျိုးရိုးဗီဇကောင်းလို့ပဲ ဖြစ်ရမယ်"

အဘွားကြီးကျောက်မှာမူ ဘာမှမပြောဘဲ မျက်လုံးကိုသာ အပေါ်သို့ ဝင့်လိုက်မိတော့သည်။

ကလေးတွေက ငါ့သားနဲ့လည်း တူတာပဲဥစ္စာ၊ ညည်းကတော့ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ရတာ တော်လွန်းတယ်…

ချန်ချင်းယွီ : "တကယ် ချစ်စရာကောင်းလွန်းတယ်"

ကလေးများမှာလည်း ပြန်မြှောက်ပင့်ကြ၏။

"မေမေလည်း လှပါတယ်ရှင်"

ချန်ချင်းယွီ၏ ဝတ်စားဆင်ယင်မှုမှာလည်း ထိုခေတ်၏ ခေတ်စားသော အလှအပစံနှုန်းများနှင့် ကိုက်ညီလှပေသည်။ သူမသည် အင်္ကျီအဖြူလက်တိုကို ပန်းပွင့်ဒီဇိုင်းဖော်ထားသော စကတ်အစိမ်းရောင်ထဲသို့ ထည့်သွင်းဝတ်ဆင်ထားရာ လမ်းပေါ်ရှိ ခေတ်မီဆန်းပြားသော အမျိုးသမီးငယ်များ၏ ပုံစံမျိုး ဖြစ်၏။ ချန်ချင်းယွီ၏ ဆံပင်အရှည်ကြီးကို လွယ်ကူစွာပင် လက်ကိုင်ပဝါဖြင့် နောက်သို့ စည်းနှောင်ထားသဖြင့် သူမကို ကြည့်ရသည်မှာ လတ်ဆတ်သန့်စင်ပြီး ကျော့ရှင်းသော အသွင်ကို ဆောင်နေတော့သည်။

ချန်ချင်းယွီ : "ကဲ... သွားကြစို့"

တနင်္ဂနွေနေ့ဖြစ်သဖြင့် ဝင်းထဲရှိ လူအားလုံးနီးပါး အပြင်ထွက်နေကြ၏။ လီလင်းလင်းသည် တံခါးဝတွင် ရပ်လျက် ချန်ချင်းယွီကို မနာလိုဝန်တိုစိတ်ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး မိမိနှုတ်ခမ်းကို တင်းတင်းစေ့ကိုက်ထားမိသည်။ မိမိအနေဖြင့် ချန်ချင်းယွီကို မယှဉ်နိုင်မှန်း သိသော်လည်း စိတ်ကို မထိန်းချုပ်နိုင်ဘဲ ရှိနေ၏။

ဒီချန်ချင်းယွီက ငါ့ထက် ဘာများသာလို့ ငါ့ထက် ပိုကောင်းတဲ့ဘဝကို ဖြတ်သန်းနေရတာလဲ…။

သူမ ရင်ထဲ၌ မကျေမချမ်း ဖြစ်နေမိသည်။

လီလင်းလင်း အတန်ကြာအောင် အောင့်အီးသည်းခံနေခဲ့သော်လည်း နောက်ဆုံးတွင်မူ မအောင့်နိုင်တော့ဘဲ လှမ်း၍ ပြောဆိုလိုက်၏။

"ဘယ်သွားမလို့လဲ။ အဝတ်အစားတွေ အလန်းစားဝတ်လို့... ကြင်ဖက်ရှာပွဲ သွားမလို့လား။ ဘာလဲ... လင်မရှိဘဲ တစ်ယောက်တည်း မနေနိုင်တော့ဘူးလား။"

ထိုစကားကို ချန်ချင်းယွီနှင့် သူမ၏ယောက္ခမတို့သာမက ဝင်းထဲရှိ အခြားသော အိမ်နီးနားချင်းများပါ ကြားလိုက်ရသဖြင့် အားလုံး ဆွံ့အမှင်သက်ကုန်ကြတော့၏။ လီလင်းလင်းထံမှ ဤကဲ့သို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု သူတို့ တကယ်ကို မမျှော်လင့်ထားခဲ့ကြချေ။

အားလုံးထဲတွင် အဘွားကြီးကျောက် ပထမဆုံး သတိပြန်ဝင်လာခဲ့သည်။ သူမသည် ချက်ချင်းပင် ရှေ့သို့ တစ်လှမ်းတိုးကာ ခါးကိုလှည့်လျက် လီလင်းလင်း၏ ပါးကို ဖြန်းခနဲ အားပြင်းပြင်းဖြင့် လွှဲရိုက်လိုက်တော့၏။ ထို့နောက် အရှိန်မသေဘဲ နောက်ထပ်တစ်ချက် ပြန်လည်ရိုက်နှက်လိုက်ရာ ဘယ်ညာပါးနှစ်ဖက်စလုံး ဖြောင်းခနဲ ဖြောင်းခနဲနှင့် ညီညီညာညာပင် ရိုက်ချက်မိသွားတော့သည်။

အဘွားကြီးကျောက် ခါးကိုထောက်လျက် အလွန်ရိုင်းစိုင်းလှသော လေသံဖြင့် အော်ဟစ်တော့၏။

"နင့်လို ပါးစပ်သရုပ်ပျက်နဲ့... ဘာဖြစ်လဲ။ အကြောင်းမရှိ အကြောင်းရှာပြီး လာပြဿနာရှာချင်တာလား။ ကောင်းကောင်းမွန်မွန် စကားမပြောတတ်ရင် ပါးစပ်ပိတ်ထား။ နင့်ရဲ့ ပုပ်စော်နံတဲ့ ပါးစပ်ကို သူများတွေက လာဆုံးမရင် သူများကို လာအပြစ်မတင်နဲ့။ နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး၊ လူက တစပြင်က လာတဲ့အတိုင်း တစ်ဝက်သေနေတဲ့ ရုပ်နဲ့... ရွံစရာကောင်းလိုက်တာ။ နင်က ဘယ်သူလဲဆိုတာ နင်ကိုယ်တိုင် မသိဘူးလား။ ငါ့ချွေးမကို လာပြီး ပေါက်ကရပြောရဲရအောင်... နင်ကိုယ်တိုင်က လူကောင်းမဟုတ်လို့ လူတိုင်းက နင့်လိုပဲ ဖြစ်နေရမယ် ထင်နေလား။ နင့်ကိုယ်ပေါ်မှာ အညစ်အကြေးတွေ ပေကျံနေတာတောင် အပြင်ထွက်ပြီး လာပြဿနာရှာရဲသေးတယ်။ ငါ့မိသားစုကို ပြောရဆိုရလွယ်တယ် ထင်နေလား။ နင်ကတော့ တကယ်ကို အလိုလိုက်ခံရလို့ ပျက်စီးနေတာပဲ။ ငါ့မိသားစုက နင့်ကို ဘာလုပ်လို့ နင်က ဒီလောက်အထိ ပါးစပ်သရုပ်ပျက်နေရတာလဲ။"

အဘွားကြီးကျောက်သည် လူကောင်းလူမွန်တစ်ဦး လုံးဝမဟုတ်ပေ၊ တကယ်ကို မဟုတ်ပေ...

သူမသည် လမ်းကြားထဲရှိ အံ့မခန်း အဘွားကြီးများ၏ စရိုက်အတိုင်းပင် ဖြစ်ရာ မိမိဘက်မှ မှားနေလျှင်ပင် အပြစ်ရှာတတ်ပြီး မိမိဘက်က မှန်နေလျှင်မူ ပို၍ပင် ရက်စက်တတ်သူ ဖြစ်သည်။

လီလင်းလင်းမှာမူ ပါးစပ်သန်သလောက် လက်တွေ့တွင်မူ လုံးဝ ပြန်မခုခံနိုင်ရှာပေ။

"ငါ့အမြင်တော့ နင်က အလုပ်မရှိ အလုပ်ရှာပြီး အောက်တန်းကျနေတာပဲ။ ငါ့ချွေးမကတော့ နင့်လိုလူမျိုးကို လက်ဖျားနဲ့တောင် တို့ဖို့ ရှက်လို့... ဒါပေမဲ့ ငါ ကျောက်တာ့ရာကတော့ အဲဒါတွေ ဂရုစိုက်မနေဘူး။ နင် နောက်တစ်ခါ ထပ်ပြီး အောက်တန်းကျကြည့်ဦး၊ ငါ ထပ်ရိုက်မှာပဲ။ တောက်... သောက်ဖျင်းမ... သောက်ဖျင်းမ။"

ချန်ချင်းယွီ လီလင်းလင်းကို မျက်မှောင်ကုတ်၍ စိုက်ကြည့်လိုက်စဉ် သူမသည် နာကျင်လွန်းသဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေသည်ကို မြင်သောအခါ အေးဆေးပြတ်သားသော အသံဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။

"လီလင်းလင်း... တို့တွေက ဝင်းတစ်ခုတည်းကလူတွေနော်။ နင် ငါ့ကို မနာလိုဖြစ်နေရင်တောင် ဒီလောက်အထိ ရွံစရာကောင်းတဲ့ စကားတွေ ပြောစရာမလိုပါဘူး ဟုတ်လား။ ဘာလဲ... အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် ငါ့ကို အနိုင်ကျင့်လို့ လွယ်တယ်၊ ပြောရဆိုရ လွယ်တယ်ထင်ပြီး ကန်တော့ပန်း ဆင်ချင်တာလား။ နင် တကယ် မျက်နှာပြောင်လွန်းတယ်။ အရင်က တို့တွေ ဆိုင်ခင်းတုန်းက ငါ ရှီချာဟိုင် သွားတော့ နင်လည်း လိုက်လာပြီး ငါ့စီးပွားရေးကို အမိအရ လာလုတယ်လေ။ တို့တွေက ဝင်းတစ်ခုတည်းကလူမို့လို့သာ ငါက ဘာမှမပြောဘဲ လွှတ်ထားပေးခဲ့တာ။ ဒါပေမဲ့ နင်က ဈေးနှုန်းတွေကို အဆမတန် တင်ရောင်းလို့ ပစ္စည်းမရောင်းရတာလေ။ ပစ္စည်းချင်း တူတူကို နင်က မိုးပေါ်ပျံတဲ့ ဈေးတွေနဲ့ ရောင်းနေမှတော့ နင် ပစ္စည်းမရောင်းရတာကို ငါ့ကို ဘာလို့ လာအပြစ်တင်ရတာလဲ။ အဲဒီကိစ္စကို နင်က ငါ့အပေါ် ရန်ငြိုးဖွဲ့ထားပြီး အခွင့်အရေးရတိုင်း ငါ့ကို လာပြီး သိက္ခာချလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါက လွန်လွန်းရာမကျဘူးလား။"

ထိုအခါ ဘေးမှ ဝိုင်းကြည့်နေသူများ တိုးတိုးတိုးတိုးဖြင့် အတင်းပြောကြတော့သည်။

"အော်... ဒါကြောင့်မို့လို့ လီလင်းလင်းက ရုတ်တရက်ကြီး လာပြီး ရန်စနေတာကိုး။"

"သူများ စီးပွားရေးကို လိုက်လုတာတောင်မှ ရန်ငြိုးဖွဲ့ရဲသေးတယ်၊ အံ့ဩပါ့။"

"ဟင်း... လူအပဲ။ လူအ မဟုတ်ရင် သူများအတွက် အလကား အလုပ်လုပ်ပေးပြီး ကိုယ့်အလုပ်ကိုယ် အပြုတ်ခံပါ့မလား။"

ပတ်ဝန်းကျင်၏ စကားသံများကို ကြားရသောအခါ လီလင်းလင်းသည် အရှက်ရလွန်းသဖြင့် မြေကြီးထဲ တိုးဝင်ချင်စိတ်ပင် ပေါက်သွားတော့သည်။ သူမသည် ဝမ်းနည်းပက်လက်ဖြင့် ခေါင်းမော့ကာ ငိုသံဖြင့် ပြောရှာ၏။

"ငါ... ငါ တမင်ပြောတာ မဟုတ်ပါဘူး..."

ချန်ချင်းယွီ နှာခေါင်းရှုံ့လျက် လှောင်ပြုံးပြုံးကာ ဆိုလိုက်သည်။

"နင် တမင်လုပ်တာ ဟုတ်မဟုတ်ဆိုတာ နင့်ကိုယ်နင် အသိဆုံးပဲ မဟုတ်လား။ ငါ ပြောလိုက်မယ် လီလင်းလင်း... ငါက အရင်က စကားအေးအေးဆေးဆေး ပြောတတ်တယ်ဆိုပေမဲ့ နောက်တစ်ခါတော့ အဲဒီလို ဖြစ်လာမှာမဟုတ်ဘူး။ နင် ငါ့ကိစ္စတွေထဲ လာမပတ်သက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ငါလည်း အားနာနေမှာ မဟုတ်ဘူး။"

အမှန်တကယ်တွင် လီလင်းလင်း၏ ဤကဲ့သို့ ပြုမူခြင်းမှာ ဤအကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်သည်ကို ချန်ချင်းယွီ ခံစားမိသည်။ ထိုအချက်မှာ အကြောင်းရင်းတစ်ခု ဖြစ်နိုင်သော်လည်း ရိုးရှင်းသော မနာလိုဝန်တိုစိတ်ကြောင့်လည်း ပါဝင်၏။မိမိထက် နိမ့်ကျသည်ဟု ထင်ရသောသူမှာ ရုတ်တရက်ကြီး ပိုမိုအဆင်ပြေသွားသည်ကို သူမ မရှုစိမ့်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း စိတ်ထဲမှ ထင်မြင်ချက်များထက် လက်တွေ့အမှန်တရားကို လူအများရှေ့တွင် ချပြရန် သူမ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ လီလင်းလင်း သူမနှင့်အပြိုင် ဆိုင်ခင်းပေးခြင်းဖြင့် နှိုင်းယှဉ်စရာ ဖြစ်လာစေသည့်အတွက် ချန်ချင်းယွီ စိတ်ထဲက ကျေနပ်နေမိသော်လည်း နှုတ်ကမူ သတိပေးစကား ပြောရမည်သာ ဖြစ်၏။ မဟုတ်ပါက လူအများ သူမကို အနိုင်ကျင့်ရလွယ်သည်ဟု ထင်မှတ်သွားကြလိမ့်မည်။

"တို့တွေအားလုံးက ဝင်းတစ်ခုတည်းကလူမို့လို့ ငါ ဒီတစ်ခေါက်တော့ နင့်ကို မျက်နှာထောက်ထားပေးမယ်၊ ဒါပေမဲ့ အမြဲတမ်းတော့ မျက်နှာသာပေးနေမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် သိက္ခာရှိအောင် နေပါ။"

လီလင်းလင်း ရင်ဘတ်ကို ဖိကာ "နင်... နင်..." ဟု သာ ဆိုနိုင်တော့သည်။ သူမသည် နှုတ်ခမ်းကို ကိုက်ထားရင်း မျက်ရည်များ တရဟော စီးကျလာကာ ငိုသံဖြင့်

"နင်တို့က ဘယ်လိုလုပ်ပြီး..."

"ပါးစပ်ပိတ်ထားစမ်း။ ဘယ်လိုလုပ်ပြီး ဟုတ်လား။ နင်ကတောင် ဒီလောက် မျက်နှာပြောင်တိုက်ရဲသေးတာ၊ ငါတို့မိသားစုက နင့်ကို ဘာလို့ ယဉ်ကျေးပြနေရမှာလဲ။ ငါ့ချွေးမက စိတ်သဘောထား နူးညံ့လွန်းလို့သာ နင်တို့လို ဘာမဟုတ်တဲ့ ကောင်မတွေက ထွက်ထွက်ပြီး ဆရာကြီး လာလုပ်နေကြတာ။ ငါ ပြောလိုက်မယ်... နင် အလုပ်မရှိရင် ဒီနေရာကနေ အမြန်ဆုံး လစ်လိုက်တော့ ကြားလား…အမြန်လစ်။ ငါ အဘွားကြီးကတော့ ချန်ချင်းယွီလို စကားပြောရလွယ်တဲ့လူ မဟုတ်ဘူး။ နင် လာပြီး ပြဿနာရှာရင်တော့ ငါ့ကို ရက်စက်တယ်လို့ လာမပြောနဲ့။ နင့်လို အရှက်မရှိတဲ့ မိန်းမကို ငါ တုတ်နဲ့ သေချာ ဆုံးမပေးလိုက်ရင် နင် ဘာလဲဆိုတာ သိသွားလိမ့်မယ်။"

ချန်ချင်းယွီ မျက်လွှာချလိုက်ပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရ၏။

အဘွားကြီးကျောက်ကို အကြိုက်ဆုံး အချက်ကတော့ ဒီလို တိုက်ပွဲဝင်စိတ်ဓာတ် ပြင်းထန်တာပဲ…

သူမ တွေးကာ ကျေနပ်နေမိသည်။

အဘွားကြီးကျောက် ဆက်၍

"ငါ့အမြင်တော့ နင့်ကို ရိုက်တာ နည်းသေးတယ် ထင်တယ်။ နင်က တကယ့်ကို အသုံးမကျတဲ့ ကောင်မပဲ။ ငါ ပြောလိုက်မယ်... နင့်ရဲ့ ပေါက်ကရ ကိစ္စတွေကို တို့တွေက စကားထဲထည့်ပြောဖို့တောင် ပျင်းလွန်းလို့၊ ဒါကြောင့် နင့်အမြီးကို သေသေချာချာ ဝှက်ထားပြီး ငါတို့နဲ့ ဝေးရာကို သွားနေတာ အကောင်းဆုံးပဲ၊ ငါ့ကို ဒေါသလာမဆွနဲ့။ မဟုတ်ရင် ငါ တကယ် အားနာမှာ မဟုတ်ဘူး"

ထို့နောက် အဘွားကြီးကျောက်သည် နှာခေါင်းကို အားပြင်းပြင်းဖြင့် ရှုံ့လိုက်ပြီး

"ဟက်... ချွေးမ... တို့ သွားကြစို့"

"အဘွားကြီးကျောက်... ဘယ်သွားမလို့လဲဟင်"

ပွဲကြည့်နေသူတစ်ဦးမှာ လှမ်းမေးလိုက်၏။

အဘွားကြီးကျောက် မေးကို အနည်းငယ် ပင့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။

"တို့တွေ ရုပ်ရှင်သွားကြည့်မလို့လေ။ ဒီနေ့ ရုပ်ရှင်အသစ် ပထမဆုံးရုံတင်တယ်လို့ ရေဒီယိုက လွှင့်နေတာနဲ့ တို့တစ်မိသားစုလုံး သွားကြည့်ကြမလို့။ တကယ်ပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ... စိတ်ရွှင်ရွှင်လန်းလန်းနဲ့ ထွက်လာခါမှ ဒီလို လာဘ်ပိတ်တဲ့ အရာနဲ့ လာတိုးရတယ်လို့။"

အဘွားကြီးကျောက်သည် နှုတ်ခမ်းကို စူလိုက်ပြီး လီလင်းလင်းကို နောက်တစ်ကြိမ် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သေးသည်။

သူ့ဘာသာသူ တိုက်ခိုက်နိုင်စွမ်းလည်း မရှိဘဲနဲ့ လာပြီးတော့ ဝင်တိုးနေသေးတယ်၊ အလုပ်မရှိ အလုပ်ရှာတာ မဟုတ်ရင် ဘာလဲ၊ အသုံးမကျတဲ့ဟာမ….။

ချန်ချင်းယွီသည်လည်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။ လီလင်းလင်းသည် တကယ့်ကို အသုံးမကျဘဲ ကလေးကစားသကဲ့သို့ လိုက်ဆော့ချင်သူသာ ဖြစ်၏။ သူတစ်ပါးကို အမြဲတမ်း လိုက်၍ ပြဿနာရှာချင်သော်လည်း တစ်ဖက်လူ တကယ်ဒေါသထွက်လာလျှင်မူ ချက်ချင်းပင် လက်လျှော့အရှုံးပေးတတ်ပြန်သည်။

"သူ့အမေအတိုင်းပဲ... တကယ့်ကို အသုံးမကျလိုက်တာ"

ချန်ချင်းယွီ စိတ်ထဲမှ တွေးလိုက်၏။

ထို့နောက် သူမ သတိပေးလိုက်ကာ

"ကဲ... သွားကြစို့"

"နောက်ကျရင် ရုပ်ရှင်အချိန်မီမှာ မဟုတ်ဘူး"

အဘွားကြီးကျောက်လည်း အလောတကြီး ထောက်ခံတော့သည်။

"ဟုတ်သားပဲ... ဟုတ်သားပဲ၊ သွားကြစို့"

မိသားစုလေးဦးသား အတူတကွ ထွက်ခွာသွားကြသည်ကို အဘွားကြီးဝမ် မနာလိုဝန်တိုစိတ်ဖြင့် ကြည့်နေမိသည်။ သူမ နှုတ်ခမ်းကို စူလျက် တိုးတိုးတိတ်တိတ် ရေရွတ်မြည်တွန်နေမိ၏။

"တကယ့်ကို အလုပ်မရှိ အလုပ်ရှာနေကြတာပဲ။ အိမ်မှာ တီဗီမရှိတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ရုပ်ရှင်သွားကြည့်နေကြတာလဲမသိဘူး။ ပိုက်ဆံကို အလဟဿ ဖြုန်းတီးနေကြတာ"

အဘွားကြီးဝမ်သည် မိမိကိုယ်မိမိ အမြဲတမ်း အထက်တန်းကျသည်ဟု ထင်မှတ်ထားသူ ဖြစ်သည်။ ဝင်းထဲရှိ အခြားသော အဘွားကြီးများနှင့် မိမိမှာ မတူပေ၊ မိမိသည် အဆင့်အတန်း ပိုမိုမြင့်မားကာ မိသားစုအခြေအနေလည်း ပိုမိုပြည့်စုံသည်ဟု အစဉ်သဖြင့် ခံယူထားခဲ့၏။ သို့သော်လည်း ယခုအခါတွင်မူ မိမိ၏အခြေအနေ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေသဖြင့် စိတ်ထဲတွင် မကျေမချမ်း ဖြစ်နေရတော့သည်။ သူမ နှာခေါင်းရှုံ့လိုက်ပြီး လီလင်းလင်းကိုပါ အထင်သေးသော မျက်ဝန်းများဖြင့် စောင်းငဲ့ကြည့်လိုက်သေး၏။

သူမသည် အဘွားကြီးကျောက်ကို အထင်သေးသော်လည်း လီလင်းလင်းကိုမူ ပို၍ပင် အောက်တန်းကျသည်ဟု သတ်မှတ်ထားသည်။

သူက ဘာကောင်မမို့လို့လဲ… အလကားဟာမ…။

ဝင်းထဲရှိ အခြားလူများလည်း တီးတိုးတီးတိုးဖြင့် စကားဆိုကြတော့၏။

"ဟေး... ချင်းယွီလေး ပြန်ရောက်တာ ရက်အနည်းငယ် ရှိနေပြီ မဟုတ်လား။ အခုတလော သူ ဆိုင်ထွက်ပြီး အဝတ်အစားရောင်းတာ မတွေ့မိပါလား။"

"အေးလေ... အမှန်ပဲ၊ သူ ဘာလို့ မစိုးရိမ်မပူပန်ဘဲ နေနိုင်ရတာလဲ မသိဘူးနော်။"

"ဘယ်သူသိမှာလဲ။"

"ငါ့အမြင်တော့ သူ ပျင်းနေတာ ဖြစ်မလား၊ ဒါမှမဟုတ်လည်း သူ့ပစ္စည်းတွေက သိပ်မရောင်းရလို့ ယုံကြည်ချက် ပျောက်နေတာလည်း ဖြစ်နိုင်တာပဲ။"

"ဖြစ်နိုင်တယ်။"

"ဒါကတော့ သေချာပေါက် ဖြစ်နိုင်တာပေါ့။"

လူအများ အမျိုးမျိုး ဝေဖန်ပုတ်ခတ်ပြောဆိုနေကြသော်လည်း ချန်ချင်းယွီနှင့် သူမ၏မိသားစုမှာ ထိုစကားများကို အနည်းငယ်မျှ ဂရုမစိုက်ကြပေ။ ချန်ချင်းယွီသည် "လုရှန်းတောင်မှ အချစ်ဇာတ်လမ်း" ရုပ်ရှင်၏ အကျိုးသက်ရောက်မှုကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ရုပ်ရှင်လာကြည့်သူ အလွန်များပြားလှပြီး ရုပ်ရှင်ရုံတစ်ခုလုံး လူပြည့်လျှံနေခဲ့၏။

အဘွားကြီးကျောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ကာ

"ဒါက ဘာရုပ်ရှင်လဲအေ"

ချန်ချင်းယွီ : "ဒါက အချစ်ဇာတ်လမ်းလေအမေ၊ အင်း... ရှုခင်းတွေလည်း အများကြီး ပါတယ်၊ ကြည့်လိုက်ရအောင်"

သူတို့ နေရာတကျ ထိုင်ပြီးမကြာမီမှာပင် ရုပ်ရှင်စတင်ပြသခဲ့သည်။ ရုပ်ရှင်ရုံအတွင်းရှိ လူအများထံမှ အံ့ဩချီးကျူးသံများ တစီစီ ထွက်ပေါ်လာတော့၏။

"ဟာ... အဲဒီအဝတ်အစားတွေက တကယ့်ကို လှတာပဲ။"

"တအား ခေတ်မီတာပဲနော်။"

"မင်းသမီးက တကယ့်ကို ချောတာပဲ။"

"မင်းသားကလည်း တကယ် ခန့်တာပဲဗျာ..."

လူအများ တီးတိုးရေရွတ်နေကြသော်လည်း မကြာမီမှာပင် ရုပ်ရှင်ရုံတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဇာတ်လမ်းထဲသို့ အာရုံစိုက်သွားကြသည်။ သို့သော်လည်း... ရုတ်တရက်ဆိုသလို ပိတ်သားမျက်နှာပြင်ထက်တွင် "ရွှတ်" ဟူသော အသံနှင့်အတူ မြင်ကွင်းတစ်ခု ပေါ်လာသောအခါ...

"ဘုရားရေ..."

"အမလေး... သူတို့တွေ နမ်းလိုက်ကြပြီ။ ဒါ... ဒါ... ဒါကတော့လေ..."

"တကယ်ပဲ... သွားပါပြီ..."

အဘွားကြီးကျောက်သည် လန့်ဖျန့်သွားပြီး ကလေးများ၏ မျက်လုံးကို အလောတကြီး လိုက်ကွယ်ပေးရန် ကြိုးစားတော့သည်။ သို့သော် လက် မမီခင်မှာပင် သူမကိုယ်တိုင်လည်း တိုးတိုးလေး ညည်းတွားမိရှာ၏။

"ဒါမျိုးကို ဘယ်လိုလုပ်ပြီး ပြရဲရတာလဲ။ ကလေးတွေ ကြည့်လို့မဖြစ်ဘူးလေ"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်နှာလေးများမှာ အံ့ဩလွန်းသဖြင့် နီရဲနေကြတော့သည်။

ချန်ချင်းယွီမှာ မည်သို့မျှမဖြစ်ဘဲ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။

"ကြည့်တော့ကော ဘာဖြစ်လဲအမေရဲ့။ ပြခွင့်ပြုထားလို့ ပြနေတာပဲဥစ္စာ၊ ကြည့်လို့ ရပါတယ်။ ပြီးတော့ တို့ရဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်က လိမ္မာတဲ့ ကလေးတွေပဲ၊ ကြည့်ရုံနဲ့ ဘာမှမဖြစ်သွားပါဘူး၊ သူတို့က ဒါတွေကို အတုခိုးမှာမှ မဟုတ်တာ"

"အင်း... အမေပြောတာ မှန်တယ်"

အဘွားကြီးကျောက်သည် နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်မိသော်လည်း ချက်ချင်းပင် ရုပ်ရှင်ဘက်သို့ ပြန်လည်အာရုံစိုက်ကာ ဆက်ကြည့်နေတော့သည်။

ရုပ်ရှင်ပြသချိန်မှာ အတော်လေးကြာမြင့်သော်လည်း လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုခဲ့ကြ၏။ ချန်ချင်းယွီသည်လည်း စိတ်လှုပ်ရှားနေမိသည်။ သို့သော် သူမ စိတ်လှုပ်ရှားရခြင်းမှာ ဇာတ်လမ်းကြောင့်မဟုတ်ဘဲ ပရိသတ်များ၏ အားပေးတုံ့ပြန်မှုကြောင့် ဖြစ်၏။ ရုပ်ရှင်ပြီးဆုံး၍ လူအများ ရုံပြင်သို့ ထွက်လာကြစဉ် လူတစ်ယောက်မှာ ရုပ်ရှင်ရုံလက်မှတ်ရောင်းဌာနသို့ အပြေးအလွှား သွားရောက်ပြီး အော်ဟစ်လိုက်သည်ကို တွေ့ရသည်။

"ကျွန်တော့်ကို လက်မှတ် နှစ်စောင်လောက် ထပ်ပေးပါဦး။"

"ထပ်ကြည့်ရမယ်။ ငါ ဒါကို သေချာပေါက် နောက်တစ်ခေါက် ထပ်ကြည့်ရမယ်။"

"တကယ်ကို ကောင်းလွန်းတယ်။"

"ဒီရုပ်ရှင်က တကယ့်ကို ရဲတင်းလွန်းတယ်ဗျာ။"

"ရဲတင်းတယ်လည်းဆိုသေးတယ်၊ ထပ်လည်း ကြည့်ချင်သေးတယ်ပေါ့ ဟုတ်လား"

"ဖယ်စမ်းပါဗျာ။ ကျွန်တော်က ဝေဖန်ဆန်းစစ်တဲ့ မျက်စိနဲ့ ကြည့်မလို့ပါ"

တစ်ဖက်လူ စနောက်မှုကို လက်မှတ်ဝယ်နေသောသူ ပြန်ပြောသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ရယ်မောသံများဖြင့် ဆူညံသွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ချန်ချင်းယွီ၏ မျက်ဝန်းများတွင် ကျေနပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားကာ ပြုံးရွှင်နေ၏။

အဘွားကြီးကျောက် : "ဒီရုပ်ရှင်က တကယ်ကို ကောင်းတာပဲ။ အခုခေတ် ရုပ်ရှင်တွေက တကယ့်ကို ရဲတင်းလွန်းတယ်"

သူမ မြည်တမ်းပြီး ဘေးသို့ လှည့်ကြည့်လိုက်ရာ ချန်ချင်းယွီ အလွန်တောက်ပစွာ ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် လန့်သွားကာ

"အမလေး… ညည်းရဲ့ အပြုံးက တစ်မျိုးကြီးပဲနော်၊ ကြောက်စရာကောင်းလိုက်တာ"

ချန်ချင်းယွီ အဓိပ္ပာယ်ပါပါဖြင့်

"ရုပ်ရှင်က တကယ်ကောင်းတယ်လေ၊ ဟီးဟီး"

အဘွားကြီးကျောက် ခဏမျှ ကြောင်အသွားပြီးမှ နောက်ကျမှ သဘောပေါက်သွားကာ လက်ညှိုးထိုးလျက် ပြောတော့သည်။

"ညည်း... ညည်း... ညည်း... အဲဒီ တီရှပ်တွေ... အဲဒါက..."

ချန်ချင်းယွီ မျက်ခုံးပင့်ကာ ဆွဲဆောင်မှုရှိသော အပြုံးဖြင့် တိုးတိုးလေး ပြောလိုက်၏။

"အရာရာမှာ ပထမဆုံး စမ်းသပ်လုပ်ကိုင်ဝံ့တဲ့လူကမှ ပိုက်ဆံရနိုင်တာလေ အမေရဲ့"

အဘွားကြီးကျောက် ဝမ်းသာအားရဖြင့် မိမိလက်နှစ်ဖက်ကို ပွတ်သပ်ရင်း "ဘုရားရေ… ဘုရားရေ..." ဟု ရေရွတ်မိတော့သည်။

"ငါ့ချွေးမလေးရာ... ညည်းက တကယ်ကို တော်လွန်းပါတယ်။ ဘယ်လိုများ တွေးမိတာလဲမသိဘူး။ ဘုရားရေ… ငါ... ငါ... ငါတော့လေ... ညည်းကတော့ တကယ့်ကိုပဲ..."

သူမမှာ စကားပင် မနည်းပြောနေရရှာ၏။

ချန်ချင်းယွီ ပြုံးလိုက်ကာ

"အမေ... ကျွန်မတို့တွေ စကားပြောမနေကြနဲ့တော့၊ ညနေကျရင် ချက်ချင်း ပစ္စည်းထွက်ရောင်းကြမယ်။ ရုပ်ရှင်ရုံရှေ့မှာပဲ ဆိုင်ခင်းကြရအောင်"

အဘွားကြီးကျောက် : "ကောင်းပြီလေ၊ တို့တွေ လူခွဲလိုက်ကြစို့။ ငါက တခြားရုပ်ရှင်ရုံတစ်ခုရဲ့ အဝင်ဝမှာ သွားပြီး ရောင်းမယ်"

"ဟုတ်ကဲ့ အမေ"

ချန်ချင်းယွီ သဘောတူလိုက်သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သိပ်နားမလည်ကြသော်လည်း ချက်ချင်းပင်

"အမေ… သားတို့လည်း ဝိုင်းကူချင်တယ်"

ချန်ချင်းယွီ : "ကောင်းပြီလေ၊ တစ်ယောက်တစ်လက်ပေါ့"

သူမ ကလေးများကို သဘောကျစွာ ကြည့်လိုက်၏။

ထို့နောက် သူမမှာ ပြောလိုက်ကာ

"ကဲ... အရင်ဆုံး 'တုန်းလိုင်ရွှမ်း'ကို သွားပြီး စိတ်ကြည်လင်သွားအောင် အရသာရှိတာတွေ အဝစားကြစို့"

"မိုက်လိုက်တာ။"

"မေမေ... သမီးက တုန်းလိုင်ရွှမ်းအစားအစာတွေကို အကြိုက်ဆုံးပဲ။"

ချန်ချင်းယွီ စနောက်သည့်အနေဖြင့်

"ဒါဆို ဘဲကင်ကိုကော မကြိုက်တော့ဘူးလား"

"ဒါဆိုရင်တော့ တုန်းလိုင်ရွှမ်းကော ဘဲကင်ကော နှစ်ခုစလုံး စားချင်ပါတယ်"

ကလေးမလေးမှာ လောဘတကြီး ပြန်ဖြေတော့သည်။ မည်သူမဆို ကောင်းမွန်သောအရာကို လက်မလွှတ်ချင်ကြသည်မှာ ဓမ္မတာပင်။

"သွားကြစို့"

ချန်ချင်းယွီ ဦးဆောင်ခေါ်သွားခဲ့သည်။ သူမသည် အစားအသောက်အတွက်မူ ပိုက်ဆံကို ဘယ်သောအခါမျှ နှမြောလေ့မရှိပေ။ ပိုက်ဆံရှိပါလျက်နှင့် မိမိကိုယ်မိမိ နှိပ်စက်ပြီး ကောင်းကောင်းမစားရခြင်းမှာ လူအ,များ၏ အလုပ်သာ ဖြစ်သည်ဟု သူမ ယူဆထား၏။

စားသောက်နေစဉ်အတွင်း ချန်ချင်းယွီက လူတိုင်း၏ စိတ်အားထက်သန်မှုကို အနည်းငယ် ထိန်းညှိပေးသည့်အနေဖြင့် ပြောလိုက်

သည်။

"ကျွန်မ လူတိုင်းကို ကြိုပြီး သတိပေးပါရစေဦး။ ရုပ်ရှင်က အခုမှ စတင်ပြသတာဆိုတော့ အရှိန်အဟုန်က ချက်ချင်းကြီး တက်လာဦးမှာ မဟုတ်ဘူး။ ဒီညနေ ဆိုင်စခင်းရင်လည်း ချက်ချင်းကြီး အကြီးအကျယ် အောင်မြင်သွားမှာမဟုတ်လို့ စိတ်ထဲမှာ သိပ်ပြီး ဖိအားမထားကြပါနဲ့။ ဒါပေမဲ့ အရှိန်ရလာပြီဆိုရင်တော့ တို့တွေ သေချာပေါက် ပိုက်ဆံအများကြီး ရမှာပါ"

အဘွားကြီးကျောက်နှင့် ကလေးများ : "တို့တွေ သိပါတယ်"

သူတို့သည် နေ့လယ်စာစားရန် စောစီးစွာ ရောက်ရှိလာခဲ့ခြင်းဖြစ်သဖြင့် ဆိုင်ထဲတွင် လူ သိပ်မများသေးချေ။ ချန်ချင်းယွီ နှုတ်ခမ်းကို သပ်

လိုက်ရင်း

"အလုပ်လုပ်ဖို့ ခွန်အားရှိအောင် ကောင်းကောင်း စားသောက်ပြီး ဗိုက်ပြည့်နေဖို့ လိုတယ်။ ကဲ... အဝစားကြစို့"

ထို့နောက် မြိန်ယှက်စွာ စားသောက်ကြတော့သည်။

"ဟုတ်ကဲ့အမေ။"

ပတ်ဝန်းကျင်ရှိ လူအချို့မှာ ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်သူများကို အဆင့်အတန်းနိမ့်သည်ဟု ထင်မြင်ကြသော်လည်း ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အနည်းငယ်မျှ ရှက်ရွံ့ခြင်း မရှိကြပေ။ အကြောင်းမှာ အဘွားကြီးကျောက်၏ ဩဇာလွှမ်းမိုးမှုကြောင့် မည်သူမှ မျက်နှာချင်းဆိုင်တွင် လာရောက်ကဲ့ရဲ့ပြောဆိုခြင်း မပြုရဲကြသောကြောင့် ဖြစ်သည်။ ထို့ပြင် သူတို့ဝင်းထဲတွင်လည်း နာမည်ကျော် 'ကျန်းမုန့်မုန့်' ရှိနေပြီး သူမသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် စွန့်ပစ်ပစ္စည်းများ၊ အမှိုက်စုတ်များကို လိုက်လံကောက်ယူကာ စီးပွားရှာနေသူဖြစ်သဖြင့် သူတို့၏ ကိုယ်ပိုင်အဝတ်အထည်ရောင်းသည့်အလုပ်မှာ ထိုအလုပ်နှင့်ယှဉ်လျှင် ဘာမှမဟုတ်သကဲ့သို့ ဖြစ်နေ၏။

ကျန်းမုန့်မုန့်သည် အခြားသူများ မည်သို့ထင်မြင်သည်ကို အနည်းငယ်မျှ ဂရုစိုက်သူ မဟုတ်ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ကျောင်းဆင်းသည်နှင့် သူမ ချက်ချင်းပင် အလုပ်ရှုပ်နေခဲ့သည်။ သေချာသည်မှာ သူမ ပိုက်ဆံအနည်းငယ် ရရှိလာသည်နှင့် အရသာရှိသော အစားအစာများကို ဝယ်ယူစားသောက်လေ့ရှိပြီး မည်သည့်အရာမှ သူမ၏ စားချင်စိတ်ကို မတားဆီးနိုင်ပေ။

သူမသည် အရှက်အကြောက်လည်း မရှိလှပေ။ အကယ်၍ အတန်းဖော်များ သူမကို လှောင်ပြောင်လှောင်ပြောင်လျှင် သူမသည် ထိုသူတို့၏ အမှိုက်ပုံးများကို မွှေနှောက်ကာ အသုံးဝင်မည့်အရာများ ရှိပါက ပေးရန်ပင် တောင်းဆိုတတ်သဖြင့် ကလေးအများစုမှာ သူမကို မယှဉ်နိုင်ကြချေ။

သို့သော်လည်း ကျန်းမုန့်မုန့်၌ ဤကဲ့သို့သော အပြုအမူများရှိလင့်ကစား ဝင်းထဲရှိ လူများမှာ သူမကို ကွယ်ရာတွင် အတင်းအဖျင်း မပြောကြချေ။ တကယ်ကိုပင် တစ်ယောက်မျှ မပြောကြခြင်းတည်း။

လူတိုင်း ထိုအရာကို ကောင်းမွန်သောအချက်တစ်ခုအဖြစ်သာ မြင်ကြ၏။ အကြောင်းမှာ ကျန်းမုန့်မုန့်သည် ကိုယ်ပိုင်ပိုက်ဆံ ရှာဖွေနိုင်ချိန်မှစ၍ သူတစ်ပါးပစ္စည်းများကို ခိုးယူခြင်း လုံးဝမပြုလုပ်တော့သောကြောင့် ဖြစ်သည်။ ယခင်၌ သူမသည် အိမ်တံခါးဝများတွင် ချိတ်ဆွဲထားသော မုန်လာဥချဉ်များကိုပင် ခိုးယူတတ်သူ ဖြစ်၏။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထိုအလုပ်ကို လုံးဝမလုပ်တော့ဘဲ ပစ္စည်းစုတ်ကောက်သည့်အလုပ်ဖြင့်ပင် ကောင်းမွန်သော ဝင်ငွေကို ရှာဖွေနေခဲ့သည်။ ကလေးတစ်ယောက်အတွက်မူ ထိုဝင်ငွေမှာ တော်တော်လေး ကောင်းမွန်လှ၏။

ကျန်းမုန့်မုန့်မှာ အတော်လေးကောင်းကောင်း စားသောက်နိုင်ခဲ့သည်။ သူမသည် ပစ္စည်းစုတ်နှင့် စွန့်ပစ်ပစ္စည်းများကိုသာ လိုက်လံကောက်ယူပြီး သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း လုံးဝမပြုလုပ်တော့သဖြင့် ဝင်းထဲရှိလူများမှာ သဘာဝကျကျပင် ဝမ်းသာကြ၏။ သို့ဖြစ်ရာ မည်သူများ အတင်းပြောရဲမည်နည်း။

တကယ်လို့များ သွားပြီး အတင်းပြောလို့ သူက ဒါတွေမကောက်တော့ဘဲ နေရင် ဝင်းထဲကလူတွေ ဘာဖြစ်သွားမလဲ… အဲဒီပစ္စည်းတွေက တန်ဖိုးမရှိဘူးဆိုပေမဲ့ ခဏခဏ ပစ္စည်းပျောက်နေတာက စိတ်ရှုပ်စရာကောင်းတယ်လေ…

ထို့ကြောင့် မည်သူမှ စကားအများကြီး မပြောကြပေ။ ကျန်းမုန့်မုန့်ဟူသော စံနမူနာရှိနေသဖြင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့အကြောင်းကိုလည်း မည်သူမှ အထူးအထွေ ပြောဆိုခြင်း မရှိကြတော့ပေ။ ထိုကိစ္စများမှာ အကောင်ကြီးကြီး ငါးကြီးများနှင့်ယှဉ်လျှင် ဘာမှမဟုတ်ချေ။

"ဒီတစ်ခေါက်သာ အဝတ်အစားတွေ ရောင်းကောင်းရင် ဝင်ငွေက တော်တော်လေးကို အလားအလာရှိမှာပဲ"

ချန်ချင်းယွီ စိတ်ထဲမှ တွေးတောနေမိသည်။ သူမသည် ဆိုင်ပိုင်ရှင် အစ်မကြီးလီ၏ ကြောင်အမ်းအမ်းဖြစ်သွားသော မျက်နှာကို ပြန်လည်တွေးမိကာ မချိပြုံး ပြုံးလိုက်မိသည်။ "လုရှန်းတောင်မှ အချစ်ဇာတ်လမ်း" ရုပ်ရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ဟုန်ထိုး ပေါက်သွားလိမ့်မည်ကို အစ်မကြီးလီသာသိပါက မည်သို့တွေးတောလေမလဲဟု စဉ်းစားနေမိ၏။

သူမ ချန်ချင်းယွီသည် အလုပ်တစ်ခုကို ဇွတ်တရွတ် လုပ်တတ်သူ မဟုတ်ပေ။ သူမသည် မည်သည့်အရာက ပို၍အရေးကြီးသည်ကို အမြဲတမ်း သိရှိနားလည်ထားသူ ဖြစ်သည်။ ချန်ရိကျွင်းအပေါ် ရန်ငြိုးဖွဲ့ထားသော်လည်း ဤကဲ့သို့သော အချိန်မျိုးတွင်မူ သူ့ကို သွားရောက်ပြဿနာရှာနေမည် မဟုတ်ဘဲ မိမိ၏ ကိုယ်ပိုင်စီးပွားရေးအပေါ်၌သာ အာရုံစိုက်ထား၏။

မကြာမီမှာပင် ချန်ချင်းယွီ သူမ၏ ဆိုင်ကို စတင်ခင်းကျင်းတော့သည်။ သူမ ဆိုင်ခင်းပြီးသည်နှင့် လူတစ်ယောက်က ချက်ချင်းပင် ရောက်ရှိလာကာ စကားဆိုလေ၏။

"မင်းရဲ့ အဝတ်အစားတွေက အခမ်းအနားနဲ့ တအားလိုက်တာပဲဗျာ။"

ချန်ချင်းယွီ ပြုံးလျက် ခေါင်းညိတ်ပြကာ

"တစ်ထည်ကို ဆယ်ယွမ်ပါ၊ ဈေးမဆစ်ပါနဲ့ရှင်။ အမျိုးသားဝတ်ကော အမျိုးသမီးဝတ်ကော စတိုင်စုံရှိပြီး ဆိုဒ်စုံလည်း ရှိပါတယ်။ လုရှန်းတောင်ကို ကိုယ်တိုင်မသွားနိုင်

ရင်တောင် လုရှန်းတောင်ယဉ်ကျေးမှု တီရှပ်ကိုတော့ ဝယ်ယူဝတ်ဆင်လို့ ရတာပေါ့"

"မင်းကတော့ စီးပွားရေးလုပ်တတ်လိုက်တာ။"

"တစ်ထည်လောက် ယူမလားရှင်။ ဒါက တစ်ဦးတည်းမူပိုင်ပဲနော်။ အခုလောလောဆယ် ပေကျင်းမှာတောင် ဒီလိုအင်္ကျီမျိုး မရှိသေးဘူး။ တကယ်လို့ ဝတ်ထားရင် အစောဆုံး ဝတ်ဆင်ခွင့်ရတဲ့လူ ဖြစ်မှာပါ"

ချန်ချင်းယွီ ဆိုလိုက်သည်။

"ဆိုဒ်ကြီးကြီးတွေရော ရှိလား။"

"ရှိပါတယ်ရှင်၊ ဆိုဒ်အားလုံးက ဈေးတူတူပါပဲ။"

"ဒါဆိုရင် နှစ်ထည်ပေးပါ၊ ကျွန်တော့်အတွက် တစ်ထည်နဲ့ ကျွန်တော့်ရည်းစားအတွက် တစ်ထည်ပေါ့။ ဒီဇိုင်း ဘယ်နှစ်မျိုးရှိလဲ ကြည့်ပါရစေဦး..."

"ဒီဇိုင်းက စုစုပေါင်း ငါးမျိုးရှိပါတယ်။ တစ်မျိုးကတော့ 'လုရှန်း' ဆိုတဲ့ စာတန်းပဲ ပါတာဖြစ်ပြီး ကျန်တဲ့ လေးမျိုးကတော့ ပိုပြီး ထူးခြားပါတယ်။ ဒါလေးကို ကြည့်ပါဦး၊ သူကလည်း 'လုရှန်း' ဆိုတဲ့ စာတန်းပဲ၊ ဒါပေမဲ့ နှလုံးသားပုံစံလေး ပါတယ်လေ..."

ချန်ချင်းယွီ အားတက်သရော ရှင်းပြနေ၏။

ထပ်ပြီး စကားအများကြီး ပြောနေစရာပင် မလိုတော့ချေ၊ နားလည်သူများမှာ ချက်ချင်း သဘောပေါက်ကြသည်။

"ကျွန်တော် ဒါလေးပဲ ယူမယ်။"

ချန်ချင်းယွီ ဤတစ်ကြိမ်တွင် အခြားအရောင်များကို မရွေးချယ်ခဲ့ဘဲ ပုံစံကို ပိုမိုပေါ်လွင်စေရန်အတွက် အားလုံးကို အဖြူရောင်ချည်းသာ ရွေးချယ်ခဲ့၏။ ထို့ကြောင့် ဝယ်ယူသူများအနေဖြင့် ပုံစံကိုသာ ရွေးချယ်ရန် လိုအပ်ပြီး အရောင်အတွက် စိတ်ပူနေစရာ မလိုတော့ချေ။

"ဟေး... ဒါ လုရှန်းတောင် မဟုတ်လား။ အား... ဒါ မင်းသားနဲ့ မင်းသမီး ချစ်ကြိုက်သွားတဲ့နေရာပဲ။"

"ဒါလေး ကောင်းတယ်၊ ဒါကတော့ သေချာပေါက် လုရှန်းတောင်နဲ့ တူတယ်။"

"ငါကတော့ စာလုံးတွေကို သဘောကျတယ်၊ လုရှန်းဆိုတဲ့ စာလုံးနှစ်လုံးက ငါ့အင်္ကျီပေါ်မှာ ကွက်တိပဲ။"

ဤအင်္ကျီကို ဝတ်ဆင်ထားပါက အကြောင်းစုံ မသိသူများအနေဖြင့် ထိုသူသည် လုရှန်းတောင်သို့ ကိုယ်တိုင်ရောက်ရှိခဲ့သည်ဟု ထင်မှတ်သွားကြမည်ဖြစ်ရာ မည်မျှပင် မျက်နှာပွင့်လန်းစရာ ကောင်းလိုက်မည်နည်း။ ရုပ်ရှင်ပြီးဆုံးသွားသည့် အချိန်ဖြစ်သောကြောင့် လူအလွန်များပြားလှသည်။ လူစုလူဝေးကြီးမှာ အင်္ကျီများကို ဝိုင်းအုံကြည့်ရှုနေကြပြီး လက်ထဲတွင် ပိုက်ဆံရှိသူများမှာ အလောတကြီး ဝယ်ယူကြတော့၏။ ဆယ်ယွမ်ဟူသော ပမာဏမှာ မနည်းလှသော်လည်း ကုန်တိုက်ကြီးများရှိ အင်္ကျီတစ်ထည်၏ ဈေးနှုန်းမှာလည်း ဆယ်ယွမ်ခန့် ရှိကာ အချို့ပုံစံများမှာ ကိုးယွမ်ခန့်ဖြင့် ပို၍ပင် ဈေးသက်သာသေးသည်။ သို့သော်လည်း ဤအင်္ကျီနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။ ထို့ပြင် ရုပ်ရှင်ရုံရှေ့တွင် ဝယ်ယူရခြင်းဖြစ်သဖြင့် လမ်းစရိတ်လည်း သက်သာသွား၏။ ထို့ကြောင့် ဤအင်္ကျီကို ဝယ်ယူရခြင်းသည် ပိုမိုတန်ဖိုးရှိကြောင်း သေချာလှပေသည်။

ဤအချက်မှာ တီရှပ်အင်္ကျီများ၏ အားသာချက်ကို ပြသနေခြင်း ဖြစ်သည်။ အကယ်၍ ဂျင်းဘောင်းဘီသာဆိုလျှင် အနည်းဆုံး ယွမ်နှစ်ဆယ်ကျော် ကုန်ကျမည်ဖြစ်ရာ လူတိုင်း သေချာပေါက် နှစ်ခါပြန် စဉ်းစားကြမည် ဖြစ်၏။ သို့သော် တီရှပ်များမှာမူ ထိုမျှလောက် ဈေးမကြီးသည့်အပြင် ကုန်တိုက်များရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ကာ လူတိုင်း မဆိုင်းမတွဘဲ ဝယ်ယူကြတော့သည်။

"ဘာပဲဖြစ်ဖြစ် ငါ ရှုံးမှမရှုံးတာ၊ သေချာပေါက် ဝယ်ရမှာပေါ့"

လူအများမှာ ဤသို့တွေးတောကြ၏။

ခဏလေးအတွင်းမှာပင် လူစုလူဝေးကြီး ဖြစ်သွားခဲ့ပြီး လမ်းသွားလမ်းလာများပင် စူးစမ်းလိုစိတ်ဖြင့် အနားသို့ တိုးကပ်လာကာ မေးမြန်းကြတော့သည်။

"ဒါကို ဘာလို့ ဝယ်နေကြတာလဲ။ ဘာတွေ ရောင်းနေတာလဲ။ အဝတ်အစားတွေပဲဥစ္စာ။"

"ကုန်တိုက်တွေမှာလည်း ဒါတွေ ရှိတာပဲ၊ ဘာလို့ တစ်နိုင်တစ်ပိုင် ဆိုင်အသေးလေးဆီကနေ ဝယ်နေကြတာလဲ။"

"နင်က ဘာမှမသိပါလား။ တကယ့် တောသားပဲ။"

"အတိအကျပဲ။"

"ဒါက လုရှန်းတောင်လေ၊ နင် 'လုရှန်းတောင်က အချစ်ဇာတ်လမ်း' ရုပ်ရှင်ကို မကြည့်ရသေးဘူးလား။"

ရုပ်ရှင်ကြည့်ပြီးသွားသူများမှာ အနည်းငယ် အထင်သေးသော လေသံဖြင့် ပြောဆိုကြသဖြင့် ကျန်ရှိနေသူများခမျာ ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။ သို့သော်လည်း လူဟူသည်မှာ သူများလုပ်လျှင် လိုက်လုပ်တတ်သည့် သဘောရှိရာ ရုပ်ရှင်မကြည့်ရသေးသော လူအချို့ပင်လျှင် လိုက်လံဝယ်ယူနေကြသည်ကို ချန်ချင်းယွီ မြင်တွေ့လိုက်ရ၏။

သောက်ကျိုးနည်း…

သူမသည် အစပိုင်းတွင် ဤမျှလောက် အင်တိုက်အားတိုက် ရောင်းရလိမ့်မည်ဟု မျှော်လင့်မထားခဲ့သော်လည်း အခြေအနေအရ မည်သို့ပင်ဖြစ်စေ ပရိသတ်များ၏ ပိုက်ဆံကို ရှာဖွေရခြင်းမှာ အလွယ်ကူဆုံးဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

"အင်း... သူတို့က ပရိသတ်တွေ မဟုတ်လို့ ဘာလဲ"

သူမ တွေးလိုက်၏။ လူတိုင်းမှာ ရုပ်ရှင်၏ ကျော်ကြားမှုကို အမှီပြု၍ ဝယ်ယူနေကြခြင်းဖြစ်ရာ သူတို့သည် သေချာပေါက် ရုပ်ရှင်၏ ပရိသတ်များပင် ဖြစ်ကြသည်။

ချန်ချင်းယွီ အလုပ်များလွန်းသဖြင့် မအားမလပ် ရှိနေသကဲ့သို့ အဘွားကြီးကျောက်သည်လည်း အလားတူပင် အလုပ်ရှုပ်နေခဲ့၏။

"မတိုးကြပါနဲ့ဦး၊ မတိုးကြပါနဲ့ဦး၊ ရှိပါသေးတယ်၊ အများကြီး ကျန်ပါသေးတယ်၊ အလောတကြီး မလုပ်ကြပါနဲ့..."

သူမမှာ လူအုပ်ကြီးကို ဟန့်တားနေရရှာသည်။

ချန်ချင်းယွီ၏ မိသားစုမှာ အပူတပြင်း အလုပ်လုပ်နေကြရသော်လည်း လီလင်းလင်း၏ စီးပွားရေးမှာမူ ဆက်လက်၍ ခြောက်ကပ်နေခဲ့၏။ အမှန်တကယ်တွင် ချန်ချင်းယွီ ပြောခဲ့သည်မှာ မမှားပေ။ လီလင်းလင်းတို့တွင် ပစ္စည်းအများကြီး မကျန်တော့သော်လည်း ပစ္စည်းနည်းပါးသည့်အတွက်ကြောင့်ပင် ဈေးနှုန်းကို လျှော့ချရန် ပို၍ပင် အလိုမရှိကြချေ။ မှောင်ခိုဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်းလာနေသဖြင့် သူတို့အတွက် ပစ္စည်းရောင်းချရန် ပိုမိုခက်ခဲလာခဲ့သည်။

တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ရောက်သည့်တိုင်အောင် သူတို့သည် ပစ္စည်းတစ်ထည်သာ ရောင်းချခဲ့ရ၏။ ထိုအရာမှာလည်း စိတ်သဘောထားကောင်းသော လူတစ်ယောက် ဝယ်ယူသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုလူသည် လီလင်းလင်းခမျာ ပါးနှစ်ချက် အရိုက်ခံထားရပါလျက်နှင့် ဆက်လက်၍ ပစ္စည်းရောင်းချနေသည်ကို မြင်သောအခါ ခေတ်သစ် 'ရှီအာ' နှင့် တိုးနေသည်ဟု ထင်မှတ်သွားသော ချမ်းသာသည့် ငတုံးတစ်ယောက် ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် ပစ္စည်းတစ်ထည်မျှ ရောင်းချနိုင်လိမ့်မည် မဟုတ်ချေ။

လီလင်းလင်းသည် မည်သို့ပြောရမှန်း မသိတော့ဘဲ စိတ်ထဲတွင် ခံစားရခက်နေမိ၏။

ထိုစဉ် …

"လင်းလင်း... နင် ဒီမှာ ဘာလုပ်နေတာလဲ"

ခေါ်သံ ကြားလိုက်ရသည်။

လီလင်းလင်း အသံကြားသဖြင့် ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ

"အမေ..."

လင်စန်းရှင်းသည်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။ သူမသည် လီလင်းလင်းကို ကြည့်ကာ…

"နင်... နင်က ဆိုင်ခင်းနေတာလား။ နင် ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်နိုင်ရတာလဲ။ နင်... ပြောစမ်း၊ နင် ဒါကို လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။"

လင်စန်းရှင်းသည် မိမိ၏ သမီးဖြစ်သူ ဤကဲ့သို့သော အလုပ်မျိုး လုပ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။ အမှန်တကယ်တွင် လီလင်းလင်းသည် ဤအလုပ်ကို လုပ်ကိုင်ခဲ့သည်မှာ နှစ်လခန့် ရှိနေပြီဖြစ်သော်လည်း သူမ၏ မိခင်သည်ကား လုံးဝမသိရှိခဲ့ခြင်းမှာ အံ့ဩစရာပင် ဖြစ်၏၌ သို့သော် လင်စန်းရှင်းမှာ ထိုသို့မတွေးဘဲ စိတ်ပျက်စရာ ကောင်းသည်ဟုသာ ခံစားနေရသည်။

"လင်းလင်း... နင် ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်ရတာလဲ။ မိသားစုရဲ့ သိက္ခာကို လာပြီး ဖျက်ဆီးနေတာပဲ။ ကဲ... မြန်မြန် ပစ္စည်းတွေသိမ်းပြီး အိမ်ပြန်ရအောင်။"

လင်စန်းရှင်းသည် လီလင်းလင်းကို အတင်းဆွဲခေါ်တော့သည်။ လီလင်းလင်း ယွမ်ဟောက်ဖုန်း ရှိရာဘက်သို့ ပျာပျာသလဲ လှမ်းကြည့်လိုက်မိသည်။ ယွမ်ဟောက်ဖုန်း သူမနှင့်အတူ ဆိုင်မခင်းသော်လည်း များသောအားဖြင့် အားလပ်ရက်များတွင် သူမနှင့်အတူ အနီးအနား၌ မတ်တပ်ရပ်ပေးလေ့ရှိ၏။ ဤသည်မှာ သူတို့ကြားရှိ အပြောမလိုသည့် နားလည်မှု ဖြစ်သည်။ သို့သော် သူမ လှမ်းကြည့်လိုက်သောအခါ ယွမ်ဟောက်ဖုန်း၏ မျက်နှာမှာ ဖြူဖျော့နေ၏။ လင်စန်းရှင်းသည် ကြောက်စရာမကောင်းသော်လည်း တကယ့်ကို ခေါင်းမာသူ ဖြစ်၍ ယွမ်ဟောက်ဖုန်း ဤနေရာတွင် အရှက်အကွဲမခံချင်သဖြင့် စကားတစ်ခွန်းမျှ မဆိုဘဲ လှည့်ထွက်သွားတော့သည်။ သူမသည် လီလင်းလင်း၏ မိခင်ဖြစ်သောကြောင့် လီလင်းလင်းဘာသာ ဖြေရှင်းလိမ့်မည်၊ သူ့အနေဖြင့် ဝင်ပါရန် မလိုအပ်သကဲ့သို့ ဤနေရာတွင် ရှိနေခြင်းသည်လည်း သူ့အတွက် မကောင်းချေ။

ယွမ်ဟောက်ဖုန်း လှည့်ထွက်သွားသောအခါ လီလင်းလင်း ကြောင်အမ်းသွားရသည်။ သို့သော် မကြာမီမှာပင် မိမိကိုယ်ကိုယ် အတင်းဆွဲခေါ်ခြင်း ခံနေရသည်ကို ခံစားလိုက်ရ၏။ လီလင်းလင်း အတင်းရုန်းကန်ရင်း

"မပြန်ဘူး၊ ကျွန်မ ဆိုင်ဆက်ခင်းရဦးမယ်..."

"မပြန်ဘူး ဟုတ်လား၊ မပြန်ဘူး။ နင်က ငါနဲ့ နင့်အဖေရဲ့ သိက္ခာကို လာချချင်တာလား။ တခြား ကောင်းမွန်တဲ့လူတွေကို ကြည့်ဦး၊ ဘယ်သူမှ ဆိုင်မခင်းကြဘူး။ နင်က ကောင်းတာတွေကို အတုမခိုးဘဲ မကောင်းတာတွေကို လိုက်အတုခိုးနေတယ်။ အိမ်ပြန်ပြီး ကိုယ့်အလုပ်ကိုယ် ပုံမှန်လုပ်၊ ဒါမျိုးတွေ လုပ်ခွင့်မရှိဘူး။ နင်က တကယ့်ကို စကားမနားထောင်တဲ့ဟာပဲ။"

လင်စန်းရှင်း အော်ဟစ်ဆဲဆိုနေရင်း ရုတ်တရက် သတိဝင်လာကာ

"နေဦး... နင် ဒါမျိုးတွေ လုပ်ဖို့ ပိုက်ဆံက ဘယ်ကရတာလဲ"

လီလင်းလင်းသည် စိတ်မသက်မသာဖြင့် လက်ကို ပွတ်သပ်ရင်း

"အမေ... အရင် ပြန်နှင့်ပါဦး၊ အရင် ပြန်နှင့်ပေးပါနော် ဟုတ်ပြီလား"

လင်စန်းရှင်း လီလင်းလင်းကို သံသယမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး အတန်ကြာမှ ရုတ်တရက် သဘောပေါက်သွားကာ ဒေါသတကြီး အော်တော့သည်။

"ယွမ်ဟောက်ဖုန်းပဲ။ ယွမ်ဟောက်ဖုန်းက နင့်ကို လာလိမ်ထားတာ ဟုတ်တယ်မလား။ အဲဒီကောင်စုတ်... တကယ့် ကောင်ယုတ်ပဲ။ သူက ဘယ်လိုလုပ်ပြီး လူတွေကို ဒီလောက်အထိ အနိုင်ကျင့်ရဲရတာလဲ"

လင်စန်းရှင်းသည် အလွန်ခေါင်းမာလွန်းသူ ဖြစ်သည်။ သူမသည် သမီးဖြစ်သူကို ဆွဲကိုင်လျက်

"ငါနဲ့ အိမ်ပြန်လိုက်ခဲ့၊ ငါ ယွမ်မိသားစုဆီ သွားမယ်။ ယွမ်မိသားစုဆီ သွားပြီး သူတို့တွေ ဒီလောက်အထိ မျက်နှာပြောင်တိုက်ရဲသလားလို့ သွားမေးမယ်။ နေဦး... ယွမ်ဟောက်ဖုန်း ပြန်လာတာ ကြာပြီပဲ၊ နင်က... နင်က ငါ့ကို ဒီလောက်အထိ ကြာအောင် လျှို့ဝှက်ထားခဲ့တာပေါ့။ ဟင်း... နင်ကတော့ တကယ့် အသုံးမကျတဲ့ဟာပဲ။ ငါ့ကို ဒီလောက်အထိ လိမ်ထားရဲတယ်ပေါ့"

သူမ လီလင်းလင်းကို ဆွဲဆုတ်ရိုက်နှက်တော့ရာ ပတ်ဝန်းကျင်ရှိ လူအများက ဝိုင်းအုံကြည့်ရှုကြတော့၏။

လီလင်းလင်း : "အမေ... သမီး တောင်းပန်ပါတယ်။ အခု ပြန်ပါတော့၊ ဒီလိုမျိုး မလုပ်ပါနဲ့တော့နော်..."

လူအများ ဝိုင်းကြည့်နေသဖြင့် မျက်နှာပူလွန်းလှကာ မျက်ဝန်းများ နီရဲလာတော့သည်။

"ငါ ဘာမှ မသိချင်ဘူး၊ ဒါပေမဲ့ သူက နင့်ကို ကောင်းတာ ဘာမှ မသင်ပေးဘူး။ ပြောစမ်း... ယွမ်ဟောက်ဖုန်းက နင့်ကို တစ်လ ပိုက်ဆံ ဘယ်လောက်ပေးလဲ။"

လီလင်းလင်းမှာ ပို၍ပင် အရှက်ရသွားကာ တိုးတိုးလေး

"တို့တွေရဲ့ ဆက်ဆံရေးက ပိုက်ဆံနဲ့ တိုင်းတာလို့ မရပါဘူး"

လင်စန်းရှင်းသည် ဒေါသတကြီး မျက်လုံးအစုံ ပြူးသွားကာ ဆဲဆိုလေသည်။

"သူက နင့်ကို ပိုက်ဆံတောင် မပေးဘူး ဟုတ်လား။ ဒီကောင်စုတ်ကတော့လေ... အား... နင်ကတော့ တကယ့် လူအပဲ။ ပိုက်ဆံတောင် မလိုချင်ဘဲ သူများအတွက် အလကား အလုပ်လုပ်ပေးနေတယ်ပေါ့၊ နင် ရူးနေလား"

"ငါကတော့ ယွမ်ဟောက်ဖုန်းကို လူကောင်းထင်လို့ သမက်အဖြစ်တောင် ရွေးချယ်ထားမိတာ၊ သူက ဒီလောက်အထိ အသည်းနှလုံးမရှိတဲ့ အမှိုက်ကောင် ဖြစ်လိမ့်မယ် မထင်ဘူး၊ ကဲ... ဖယ်စမ်း..."

သူမ ကျိန်ဆဲရင်း ပစ္စည်းများကို အလောတကြီး သိမ်းဆည်းကာ လီလင်းလင်းကို အတင်းဆွဲခေါ်သွားတော့သည်။

လီလင်းလင်း : "အမေ..."

"နင် အိမ်ပြန်လိုက်ခဲ့၊ ငါ သူတို့မိသားစုနဲ့ သွားပြီး စာရင်းရှင်းမယ်။ နင် မနက်ဖြန်ကျရင် အလုပ်ကို သေသေချာချာ သွားတော့။ ငါတို့ ဒါမျိုးတွေ ဆက်မလုပ်တော့ဘူး"

လင်စန်းရှင်း ပြတ်ပြတ်သားသား ဆိုလိုက်၏။

လီလင်းလင်း အံတင်းတင်းခဲကာ

"အမေ... အမေ... သမီး မလုပ်နိုင်တော့ဘူး... သမီး... သမီးကို စက်ရုံက အလုပ်ထုတ်လိုက်ပြီ..."

"ဘာ..."

လင်စန်းရှင်းသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး စိုက်ကြည့်နေမိ၏။

လီလင်းလင်း မျက်လုံးကို စုံမှိတ်ကာ အော်ဟစ်လိုက်ပြီး

"သမီး အလုပ်ထုတ်ခံလိုက်ရပြီ"

"ဘာဖြစ်လို့လဲ။ နင့်မှာ အဆက်အသွယ်တွေ ရှိတာပဲ မဟုတ်လား။ ဘယ်လိုလုပ်ပြီး အလုပ်ထုတ်ခံရတာလဲ။ ပြောစမ်း။ ရှင်းရှင်းလင်းလင်း ပြောစမ်း။"

"သမီး... သမီးက ခွင့်တွေ အများကြီး ယူမိပြီး အကြောင်းမကြားဘဲ အလုပ်ပျက်ကွက်တာ များသွားလို့ စက်ရုံက အလုပ်ထုတ်လိုက်တာ...။ သမီးမှာ အခု အလုပ်မရှိတော့ဘူးဆိုပေမဲ့ ဟောက်ဖုန်းနဲ့ ရှေ့ရေးအတွက် သမီး ကြိုးစားနေတာပါ။ တို့တွေ လက်ထပ်ပြီးရင် ဟောက်ဖုန်းက သမီးကို ရှာကျွေးမှာပဲ။ အမေ... အမေ... သမီးပြောတာကို နားထောင်ပြီး အရင် အိမ်ပြန်ပါနော်။ ယာယီ အရှုံးအမြတ်တွေအတွက်နဲ့ စိတ်တိုမနေပါနဲ့ ဟုတ်ပြီလား"

လင်စန်းရှင်းသည် ဆွံ့အမှင်သက်သွားကာ နေရာတွင်တင် ကြောင်အမ်းလျက် သမီးဖြစ်သူကို အပေါ်အောက်စုန်ဆန် စိုက်ကြည့်နေမိသည်။ အတော်ကြာမှသာ သူမ သတိပြန်ဝင်လာတော့၏။ သူမသည် လီလင်းလင်းကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ကာ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။

"ယွမ်ဟောက်ဖုန်း... နင်လို ကောင်စုတ်။ ငါ နင့်ကို သတ်ပစ်မယ်။"

All Chapters