အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃) ဝက်ဝက်ကွဲရောင်းအား ၂
ချန်ချင်းယွီ ဈေးဆိုင်ခင်းသည်မှာ ယခုမှ ပထမဆုံးအကြိမ် မဟုတ်ပေ။ နှစ်ဆန်းပိုင်းကတည်းက စတင်ခဲ့ရာ ယခုဆိုလျှင် ဇွန်လသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ပြောရလျှင် ရာသီတစ်ဝက်ခန့် ရှိပြီဖြစ်ပြီး အစောပိုင်း၌ ဂျင်းဘောင်းဘီများ ရောင်းချခဲ့သော်လည်း ယခုအခါ တီရှပ်များကို ပြောင်းလဲရောင်းချနေခြင်း ဖြစ်၏။ ယခင်၌ မိမိ၏ ဂျင်းဘောင်းဘီ အရောင်းအဝယ်သည် အတော်လေး ကောင်းမွန်သည်ဟု ထင်ခဲ့သော်လည်း ယခုနှင့် ယှဉ်ကြည့်လျှင်မူ နှိုင်းယှဉ်စရာပင် မရှိတော့ပေ။
ယခင် လူကြိုက်များ စည်ကားသည်ဆိုခြင်းမှာ ယခုလက်ရှိအခြေအနေနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်တော့ဟု ဆိုရမည်။
နေ့စဉ် အရောင်းအဝယ်မှာ အလွန်ကောင်းမွန်လှပြီး လူများမှာ အတွင်းသုံးထပ်၊ အပြင်သုံးထပ် ဝိုင်းအုံနေကြသည်။ ကြည့်ရသည်မှာ ပစ္စည်းများကို အလကား ပေးနေသည့်အလား ထင်မှတ်ရ၏။ အချို့ဆိုလျှင် အဝတ်အထည်များ ဝယ်ယူရန်အတွက် အခြားဒေသမှ သီးသန့် လာရောက်ကြသူများပင် ရှိသည်။ သိပ်မဝေးလှဟု ဆိုနိုင်သော်လည်း တကူးတကလာ၍ လူကို အံ့အားသင့်စေရန်အတွက်မူ လုံလောက်လှ၏။ ဤသို့ စည်ကားဆူညံမှုကြီးသည် မီဒီယာများအထိပင် ရိုက်ခတ်သွားခဲ့သည်။ ဒေသတွင်း "နေထိုင်မှုဘဝ သတင်းစာ" မှာ ဤစည်ကားလှသော သတင်းထူးကို သတိပြုမိသွားခဲ့၏။
"နေထိုင်မှုဘဝ သတင်းစာ" ဖြစ်သည့်အလျောက် ပြည်သူလူထု၏ လူနေမှုဘဝကိုသာ အဓိက အလေးပေးဖော်ပြခြင်း ဖြစ်သည်။ ၎င်းတို့ လုပ်ငန်းများ ပြန်လည်စတင်သည်မှာ မကြာသေးသဖြင့် ဝါရင့်သတင်းစာကြီးများကဲ့သို့ သတင်းခေါင်းစဉ်နှင့် အကြောင်းအရာ စုံလင်စွာ မရှိဘဲ သေးငယ်သော အချက်အလက်များကိုသာ အာရုံစိုက်နိုင်ရာမှ ယခုတစ်ခေါက် စည်ကားမှုကို မျက်စိကျသွားခြင်း ဖြစ်သည်။
မကြာသေးမီက "လုရှန်းတောင်က အချစ်ဇာတ်လမ်း" ရုပ်ရှင်သည် အကြီးအကျယ် အောင်မြင် ကျော်ကြားနေပြီး ၎င်းဇာတ်ကားကို မကြည့်ရသေးပါက အပြင်ထွက်ရန်ပင် ရှက်ရွံ့ရမည့် အခြေအနေမျိုး ဖြစ်နေ၏။ ခေတ်ကာလအရ လူများမှာ ရှေးရိုးစွဲဆန်နေချိန်တွင် ရုတ်တရက် ရေကူးဝတ်စုံ ဝတ်ဆင်ထားသည့်အခန်းနှင့် နမ်းရှုံ့သည့် အခန်းများ ပါဝင်လာခြင်းကြောင့် လူအများအတွက် အလွန် အံ့အားသင့်ဖွယ်ရာ ဖြစ်ခဲ့ရသည်။
ဤသို့ဖြစ်ရပ်မျိုးမှ လူကြိုက်မများလျှင် မည်သည့်အရာသည် လူကြိုက်များပါဦးမည်နည်း။
သို့သော်လည်း "လုရှန်းတောင်က အချစ်ဇာတ်လမ်း" ၏ ရေပန်းစားမှုနှင့် ပတ်သက်၍ ကောင်းနိုးဆိုးနိုး ဝေဖန်ချက်များကို သတင်းစာများတွင် ဖော်ပြပြီးသလောက် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အကြောင်းအရာအသစ်များကို ထပ်မံ ချဲ့ထွင်ရှာဖွေရန်သာ ရှိတော့၏။
စာတည်းအဖွဲ့တွင် သတင်းခေါင်းစဉ် အမိအရ အဖမ်းနိုင်ဆုံး အမျိုးသမီး သတင်းထောက် ကျန်းယဲ့ကျစ်မှာ လက်ထောင်၍ ပြောလိုက်သည်။
"အယ်ဒီတာချုပ်၊ ကျွန်မဆီမှာ 'လုရှန်းတောင်က အချစ်ဇာတ်လမ်း' နဲ့ ပတ်သက်တဲ့ သတင်းခေါင်းစဉ်တစ်ခု ရှိပါတယ်"
"လုရှန်းတောင်က အချစ်ဇာတ်လမ်းလား... ဒါနဲ့ပတ်သက်တဲ့ သတင်းတွေက မနည်းတော့ဘူးနော်..."
လူတိုင်း စိတ်ဝင်တစား ဖတ်ကြသော်လည်း အကြောင်းအရာအသစ် ရေးနိုင်သူမှာမူ မရှိသလောက်ပင် ဖြစ်သည်။
"လုရှန်းတောင်က အချစ်ဇာတ်လမ်း တီရှပ်တွေအကြောင်းပါရှင့်။ ချန်းမန်ဘက်က ရုပ်ရှင်ရုံတံခါးဝမှာ ရောင်းနေတာ၊ အရမ်းကို လူကြိုက်များတာပဲ။ နေ့တိုင်း စည်ကားနေတာ မသိတဲ့သူဆို အလကား ပေးနေတယ်လို့တောင် ထင်ရတယ်။ ဒါက လူနေမှုဘဝနဲ့လည်း နီးစပ်တဲ့ အကြောင်းအရာဖြစ်သလို၊ အောင်မြင်နေတဲ့ ရုပ်ရှင်ကားနဲ့လည်း ဆက်စပ်နေတာမို့..."
အပြန်အလှန် ဆွေးနွေးပြီးနောက် ကျန်းယဲ့ကျစ်သည် အလုပ်သင်တစ်ဦးကို ခေါ်ဆောင်ကာ နှစ်ဦးသား ရည်ရွယ်ရာ နေရာသို့ တန်းတန်းမတ်မတ် ထွက်ခွာလာခဲ့ကြသည်။
ယခုအခါ ရုပ်ရှင်ပြသနေသည်မှာ တစ်လနီးပါး ရှိနေပြီ ဖြစ်၏။ မေလကုန်တွင် စတင်ရုံတင်ခဲ့ပြီး ယခုအခါ ဇွန်လနောက်ဆုံးပတ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရေပန်းစားမှုမှာ လျော့ကျမသွားပေ။ ၎င်းတို့နှစ်ဦး ရုပ်ရှင်ရုံရှေ့သို့ ရောက်ရှိချိန်တွင် လူများမှာ အတွင်းသုံးထပ် အပြင်သုံးထပ် ပိတ်ဆို့နေသဖြင့် တိုးဝှေ့ဝင်ရောက်ရန်ပင် မလွယ်ကူလှချေ။
"နည်းနည်းလောက် ဖယ်ပေးကြပါဦး၊ ဖယ်ပေးကြပါဦးရှင့်။ ကျွန်မတို့က သတင်းထောက်တွေပါ၊ သတင်းလာယူတာမို့ လမ်းလေးနည်းနည်း ဖယ်ပေးကြပါဦး..."
၎င်းတို့ ဤသို့အော်လိုက်သည်နှင့် လူအများ လမ်းကို အမြန်ပင် ဖယ်ပေးကြသည်။ ဤခေတ်ကာလတွင် လူအများမှာ ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို မြင်တွေ့ရခဲသဖြင့် အလွန် ထူးဆန်းအံ့ဩနေကြ၏။
"သတင်းလာယူတာတဲ့လား။ ဒီကိစ္စက ဒီလောက်တောင် ကြီးကျယ်တာလား"
"မင်းကလည်း အရန်ကော၊ ရုပ်ရှင်အကြောင်း လာမေးတာ နေမှာပေါ့"
"ဒါဆို ငါလည်း ကြည့်ပြီးပြီလေ၊ မကြည့်ဘဲနဲ့ ဘယ်သူက ဝယ်မှာလဲ"
.လူအများ တိုးတိုးတိုးတိုးဖြင့် ပြောဆိုနေကြ၏။
ကျန်းယဲ့ကျစ် ရှေ့သို့ တိုးကြည့်
လိုက်ရာ…
ဟား... ဒီမိန်းကလေးက တကယ်ကို လှပလွန်းလှပါတကား…။
ရုပ်ရှင်မင်းသမီးနှင့် ယှဉ်လျှင်ပင် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပေ။
"မင်္ဂလာပါရှင့်၊ ကျွန်မက 'နေထိုင်မှုဘဝ သတင်းစာ' က သတင်းထောက် ကျန်းယဲ့ကျစ် ပါ"
ချန်ချင်းယွီ အတော်လေး အံ့အားသင့်သွားသော်လည်း ၎င်းတို့နှစ်ဦးတွင် ကင်မရာများ ပါမလာသည်ကို မြင်သောအခါ စိတ်အေးသွားသည်။ သူမ ခပ်ပြုံးပြုံးဖြင့်
"မင်္ဂလာပါရှင့်၊ ကျွန်မ မျိုးရိုးက ချန် ပါ။ ကျွန်မကို ရှောင်ချန် လို့ပဲ ခေါ်နိုင်ပါတယ်"
"ရှောင်ချန် နော်။ ညီမ ဒီမှာရောင်းနေတာ တီရှပ်တွေချည်းပဲပဲ။ ဒါတွေကို ရောင်းဖို့ ဘယ်လိုတွေးမိတာလဲ။ ပြီးတော့ 'လုရှန်းတောင်က အချစ်ဇာတ်လမ်း' နဲ့ တွဲဖက်ရောင်းဖို့ကော ဘယ်လို စိတ်ကူးရတာလဲဟင်"
ချန်ချင်းယွီ ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး အလွန်ရိုးသားဖြူစင်သော ပုံစံဖြင့်
"တကယ်တော့ ကျွန်မလည်း သိပ်နားမလည်ပါဘူးရှင့်။ ကွမ်ကျိုးဘက်ကို ပစ္စည်းသွားယူတုန်းက ဟိုက လက်ကားဈေးကွက်က အကြံပြုတာနဲ့ ဝယ်လာခဲ့တာပါ။ အဲဒီအချိန်တုန်းက ရုပ်ရှင်က ရုံမတင်ရသေးပေမဲ့ သတင်းတွေက အများကြီး ထွက်နေပြီလေ။ လူတိုင်းက ဒီရုပ်ရှင်က အဆင်ပြေမှာပဲ၊ သေချာပေါက် အောင်မြင်မှာပဲလို့ ထင်ကြတာနဲ့ ဒီတီရှပ်တွေ ပေါ်လာတာပေါ့။ ကျွန်မလည်း တွေးကြည့်တော့ ဟုတ်သားပဲ၊ ရုပ်ရှင်နဲ့ မဆိုင်ရင်တောင် အင်္ကျီတန်ဖိုးက သင့်တော်နေတာပဲလေ။ ဒါတင်မကသေးဘူး၊ ဒီရုပ်ရှင်က သေချာပေါက် ကြည့်ကောင်းမှာပဲလို့ ကျွန်မလည်း ထင်တာနဲ့ မဝေခွဲဘဲ ပစ္စည်းယူလာခဲ့တာပါ။ တကယ်တော့ တိုက်ဆိုင်သွားတာပါပဲ"
"ဪ... ဒီလိုကိုး။ ဒါဆို ညီမ အရင်က ဘာလုပ်လဲဟင်။ အခုက အစိုးရမူဝါဒအရ လူတိုင်းကို စီးပွားရေးလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုပေမဲ့ လူအတော်များများကတော့ ကိုယ်ပိုင်လုပ်ငန်းအသေးစားလုပ်ရတာ ရှက်စရာလို့ ထင်နေကြတုန်းပဲ။ ညီမကကော ဘယ်လိုမြင်လဲ"
ချန်ချင်းယွီ : "ကျွန်မကတော့ ရှက်စရာလို့ မထင်ပါဘူးရှင့်။ ကိုယ့်လုပ်အားနဲ့ကိုယ် ပိုက်ဆံရှာတာ ဘာရှက်စရာ ရှိလို့လဲ။ ပြီးတော့ ကျွန်မက မူဝါဒကို အကောင်အထည်ဖော်တာလေ။ အရင်ကတော့ အိမ်ရှင်မတစ်ယောက်ပေါ့။ အိမ်ရှင်မဆိုပေမဲ့ သတင်းစာဖတ်တယ်၊ ရေဒီယိုနားထောင်တယ်လေ။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကြောင့် မူဝါဒတွေ ပြောင်းလဲလာတယ်လို့ ကြားတာနဲ့ ကျွန်မလည်း စမ်းကြည့်ချင်စိတ် ပေါ်လာတာ။ တစ်ဖက်ကလည်း အိမ်စရိတ် ကာမိအောင်၊ နောက်တစ်ဖက်ကလည်း ကိုယ်တိုင် လုပ်နိုင် မလုပ်နိုင် စမ်းသပ်ကြည့်တာပေါ့။ အမျိုးသမီးတွေလည်း မိုးကောင်းကင်ရဲ့ တစ်ဝက်ကို ထောက်မထားနိုင်တာပဲ မဟုတ်လား။ အခုလိုမျိုး ဖြစ်နေတာ တကယ်ကို ကောင်းပါတယ်"
"ဒီစကား တကယ်မှန်တယ်။ အမျိုးသားတွေ လုပ်နိုင်ရင် ကျွန်မတို့ အမျိုးသမီးတွေလည်း လုပ်နိုင်တာပေါ့။ ညီမရဲ့ ဆိုင်လေးဆိုရင်လည်း အတော်လေး အဆင်ပြေပြီး အရောင်းအဝယ် ကောင်းတာပဲနော်"
ချန်ချင်းယွီ၏ အပြုံးများ ပိုမိုတောက်ပလာပြီး
"လူတိုင်းက 'လုရှန်းတောင်က အချစ်ဇာတ်လမ်း' ကို သဘောကျကြတာကိုး။ ဖြူစင်လှပတဲ့ သံယောဇဉ်၊ ချောမောလှပတဲ့ မင်းသား မင်းသမီး၊ ပြီးတော့ သာယာလှပတဲ့ တောင်တန်းအလှတွေ... အမှန်အတိုင်း ပြောရရင် ကျွန်မလည်း ရုပ်ရှင်ကြည့်ပြီး လူရှန်းတောင်ကို တကယ်သွားလည်ချင်စိတ် ပေါက်သွားတယ်"
သူမ၏ စကားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအများလည်း စိတ်ချင်းထပ်တူကျကာ ဝိုင်းဝန်းထောက်ခံကြသည်။
"ဟုတ်ပ၊ ငါလည်း အတူတူပဲ။ အားပါးပါး... ဘယ်အချိန်မှ သွားလည်ရမလဲ မသိဘူး"
"အခုက အပြင်သွားရတာ အဆင်မပြေလို့ပေါ့၊ မဟုတ်ရင် ဘယ်သူမဆို သွားကြမှာပဲ။ ငါဆိုရင် အဲဒီ ရေကန်လေးကို သွားကြည့်ချင်သေးတယ်"
"မင်း ပါးစပ်ပိတ်ထားစမ်းပါ။ ဘာတွေ တွေးနေတာလဲ၊ မင်း တကယ်ပဲ ရေကန်ကို ကြည့်ချင်တာ ဟုတ်လို့လား"
"ဟားဟားဟား"
……
ချန်ချင်းယွီသည် စူးရှကြည်လင်သော အသံလေးဖြင့်
"လုရှန်းတောင်က အရမ်းဝေးတာပဲလေ။ ပြီးတော့ ထွေထွေထူးထူး အကြောင်းပြချက်မရှိရင် မိတ်ဆက်စာ (ထောက်ခံစာ) တောင် တောင်းရခက်တာဆိုတော့ သွားရတာ တကယ်ကို မလွယ်ကူပါဘူး။ ဒါကြောင့်ပဲ ကျွန်မက ဒီတီရှပ်ကို ကိုယ်တိုင်ဝတ်ထားပြီး ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာကိုယ် ဖြေသိမ့်နေတာပေါ့။ ကျွန်မကိုယ်တိုင် လုရှန်းတောင်ကို မရောက်ဖူးပေမဲ့ စိတ်ကတော့ ရောက်သွားပါပြီ၊ ကိုယ်ပေါ်မှာလည်း လုရှန်းတောင် တီရှပ်ကို ဝတ်ထားတာပဲဥစ္စာ"
"ညီမ ပြောတာ တကယ်ကို ဟုတ်တာပဲ"
ကျန်းယဲ့ကျစ်သည် ချန်ချင်းယွီကို အကဲခတ်ကြည့်လိုက်ရာ ဤမိန်းကလေးမှာ ရုပ်ရည်လှပရုံသာမက စကားလည်း အတော်အပြောကောင်းသည်ကို သတိပြုမိ၏။ ကြည့်ရသည်မှာ ရှက်ကိုးရှက်ကန်းနှင့် ရိုးသားဖြူစင်ပုံပေါက်သော်လည်း စကားပြောဆိုပုံကို ကြည့်ရုံဖြင့် သူမသည် အကွက်အကွင်းမရှိသည့် ရိုးအလှသော မိန်းကလေးတစ်ဦး မဟုတ်မှန်း သိသာလှသည်။
ဤသို့ ပြောဆိုတတ်ခြင်းမှာ သူမ၏ အရောင်းအဝယ်အတွက် များစွာ အထောက်အကူဖြစ်စေ၏။
ကျန်းယဲ့ကျစ် မျက်ခုံးကို အနည်းငယ်ပင့်လိုက်မိသော်လည်း စိတ်ထဲတွင်မူ ဝမ်းသာသွားသည်။ သတင်းထောက်တစ်ဦးအနေဖြင့် သတင်းမေးမြန်းရာတွင် စိတ်လှုပ်ရှားပြီး စကားထစ်နေသူများနှင့် တွေ့ဆုံရမည်ကို အကြောက်ဆုံး ဖြစ်၏။ ယခုကဲ့သို့ စကားပြောကောင်းသူမျိုးနှင့် တွေ့ရသည်မှာ အလွန်အဆင်ပြေလှသည်။
သူမ စကားကို တစ်ဆင့်ပြီးတစ်ဆင့် ပြောဆိုသွားပုံမှာ သတင်းထောက်ဖြစ်သူများထက်ပင် သာလွန်နေသေး၏။
ကျန်းယဲ့ကျစ် ပြုံးလိုက်ကာ
"ဒါဆို ဒီတီရှပ်ကို ဘယ်လောက်နဲ့ ရောင်းတာလဲဟင်"
ချန်ချင်းယွီ : "တစ်ထည်ကို ဆယ်ယွမ်ပါရှင့်၊ အားလုံး ဆယ်ယွမ်ချည်းပါပဲ။ ကြည့်ပါဦး၊ တကယ်တော့ ကုန်တိုက်ကြီးတွေက ဈေးနှုန်းအတိုင်းပါပဲ၊ ပြီးတော့ အထည်လက်မှတ်လည်း မလိုဘူးဆိုတော့ လာဝယ်တဲ့သူ ပိုများတာပေါ့။ လူတိုင်းလည်း ရုပ်ရှင်ရဲ့ ခံစားချက်ကို မျှဝေခံစားလို့ရသလို လက်မှတ်လည်း သက်သာပြီး အင်္ကျီတစ်ထည် ရတာဆိုတော့ အတော်လေး ကောင်းတာပေါ့နော်။ ကျွန်မက လမ်းဘေးဈေးသည်ဆိုပေမဲ့ ကိုယ်တိုင်လည်း သာမန်အရပ်သားတစ်ယောက်ပဲမို့ ဈေးနှုန်းကို လျှောက်ပြီး မတောင်းပါဘူးရှင့်။ ပြီးတော့ ရုပ်ရှင်ကလည်း ဒီလောက်ကြည့်ကောင်းတာကို ဈေးကြီးပေးခိုင်းရင် မကောင်းဘူးလေ။ ဒါကြောင့် ကျွန်မပေးတဲ့ဈေးက အတော်လေး အမှန်ကန်ဆုံးပါပဲ"
"ဒီဈေးနှုန်းကတော့ တကယ်မကြီးဘူးနော်..."
ကျန်းယဲ့ကျစ်ကိုယ်တိုင်ပင် ပိုက်ဆံထုတ်၍ တစ်ထည်ခန့် ဝယ်ယူချင်စိတ် ပေါက်သွားရသည်။
ဘေးပတ်ဝန်းကျင်ရှိ လူများလည်း ဝိုင်းဝန်းထောက်ခံကြ၏။
"ဟုတ်ပ၊ သူပေးတဲ့ဈေးက မကြီးပါဘူး၊ ကျွန်တော်ကတော့ သင့်တော်တယ်လို့ ထင်တယ်"
"ကျွန်မကတော့ သားအတွက် ဝယ်တာ၊ အမျိုးသားဝတ် အကြီးဆုံးဆိုဒ်ကို ယူမယ်။ ဒါမျိုးကို ကုန်တိုက်မှာ သွားဝယ်မယ်ဆိုရင် လက်မှတ်အများကြီး ပေးရမှာ။ အခုက လက်မှတ်လည်းမလို၊ ဆိုဒ်အကြီးအသေးလည်း ခွဲမနေဘူး။ ကျွန်မတို့အိမ်ကလူက အရပ်ရှည် အကောင်ကြီးဆိုတော့ ဒါက အတော်ကို ကိုက်တာပေါ့။ သားအတွက် လဲလှယ်ဝတ်ဖို့ နှစ်ထည်တောင် ဝယ်ဦးမှာ၊ ဘယ်လိုမှ မရှုံးဘူး"
သမဝါယမဆိုင်များတွင် အဝတ်အထည်ဝယ်ပါက အထည်
လက်မှတ် လိုအပ်ပြီး ၎င်းလက်မှတ်ကိုလည်း အင်္ကျီဆိုဒ်အလိုက် တွက်ချက်ရသဖြင့် ဤနေရာတွင် ဝယ်ယူခြင်းသည် ပိုမိုတွက်ချေကိုက်လှ၏။
ကျန်းယဲ့ကျစ် : "ဟုတ်သားပဲ၊ ဆိုဒ်အကြီးက တကယ်ကို အဆင်ပြေတာပဲ။ ညီမ... ကျွန်မကို နှစ်ထည်လောက် ပေးပါဦး၊ အဖေ့အတွက် ဝယ်ပေးမလို့"
"ရပါတယ်ရှင့်"
ချန်ချင်းယွီ ပြုံးရွှင်သောမျက်နှာဖြင့် အေးဆေးစွာ ဆိုလိုက်သည်။
"တကယ်တော့ အခုလို မူဝါဒတွေ ကောင်းလာလို့ပေါ့ရှင်၊ မဟုတ်ရင် အရင်ကဆို လမ်းဘေးမှာ ဒီလို လျှောက်ရောင်းဖို့ ဘယ်ရဲပါ့မလဲ။ အခုတော့ မတူတော့ဘူးလေ၊ ကျွန်မမှာ တရားဝင်အလုပ် မရှိဘူးဆိုပေမဲ့ အိမ်စရိတ်ကို ဝိုင်းကူပေးနိုင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာသလို ခံစားရတယ်"
သူမသည် စကားသုံးခွန်းပြောတိုင်း မူဝါဒအကြောင်းကို ထည့်သွင်းပြောဆိုနေခြင်း ဖြစ်၏။ မပြော၍ မဖြစ်ချေ၊ ဤအရာမှာ မိမိကိုယ်ကိုယ် အကာအကွယ်ပေးရန် အာမခံချက်တစ်ခု မဟုတ်လော့။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဈေးကွက်ကို လုံးဝဥဿုံ ခွင့်ပြုပေးထားခြင်း မရှိသေးပေ။
ဥပဒေမဖောက်ဖျက်ဟု ဆိုနိုင်သော်လည်း တစ်ခါတစ်ရံ တင်းကျပ်လိုက်၊ တစ်ခါတစ်ရံ လျှော့ပေးလိုက်နှင့် ဖြစ်နေပြီး၊ နောက်ပိုင်းနှစ်များတွင် ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများနှင့်လည်း ကြုံတွေ့ရဦးမည် ဖြစ်ရာ ပြုပြင်ပြောင်းလဲရေးလုပ်သည်နှင့် ချက်ချင်းကြီး အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်သည်မျိုး မဟုတ်ချေ။ ဈေးကွက်ကို အပြည့်အဝ လွတ်လပ်ခွင့်ပေးလိုက်သည့် အချိန်မှာ ရှစ်ဆယ်ပြည့်လွန်နှစ်များ၏ အနှောင်းပိုင်းမှသာ ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင်မူ သတိကြီးကြီးထားပြီး တိုးတိုးတိတ်တိတ် ပိုက်ဆံရှာနေရမည်သာ ဖြစ်၏။
တိုးတိုးတိတ်တိတ်ပေါ့…
ဤကဲ့သို့သော စီးပွါးရေးမျိုးမှာ အသံတိတ် စုန်းစုန်းမြုပ် အမြတ်အစွန်းကြီးကြီး ရနိုင်သဖြင့် မရှုံးနိုင်ချေ။
ချန်ချင်းယွီ သာသာယာယာ ပြုံးလျက် ညင်ညင်သာသာ ဆိုပြန်၏။
"ကျွန်မကတော့ အိမ်စရိတ်ကို ဝိုင်းကူပေးနိုင်ရုံနဲ့တင် အတော်လေး ကျေနပ်ပါပြီ။ ပြီးတော့ လုရှန်းတောင်ကို မသွားနိုင်တဲ့ ကိုယ့်ရဲ့ဆန္ဒလေးကိုလည်း တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးရာ ရောက်တာပေါ့။ အုန်း... ကျွန်မကတော့ လုရှန်းတောင်ကို တကယ်သွားကြည့်ချင်တာပဲရှင်"
ဝိုင်းအုံကြည့်နေသော လူအများလည်း ရယ်မောကြပြီး တစ်ဦးစီ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။
"ဟုတ်ပဗျာ၊ လူကိုယ်တိုင်မသွားနိုင်ရင်တောင် အင်္ကျီလေးဝတ်ရတာလည်း ပျော်စရာပဲ မဟုတ်လား"
"အေးဗျာ... ပြီးခဲ့တဲ့ရက်ပိုင်းက တခြားမြို့က လာတဲ့ အသိတစ်ယောက်က ကျွန်တော် ဒါဝတ်ထားတာမြင်တော့ လုရှန်းတောင် သွားခဲ့တယ်အောက်မေ့ပြီး အားကျနေလိုက်တာ။ ဟားဟား"
"မင်းကတော့ ကြွားပြန်ပြီ"
"ငါ ဘာမှမပြောပါဘူးနော်၊ ဘယ်ကလာ ကြွားရမှာလဲ..."
"ဒါနဲ့ပတ်သက်ပြီး ပြောရရင်တော့ မြို့တော်ဖြစ်လို့သာပေါ့၊ မြို့တော်မို့လို့ ရတာ။ ကျွန်တော့်ဝမ်းကွဲက ဖုန်းထျန်းမှာ နေတာ၊ ကျွန်တော်တို့ ခဏခဏ စာရေးကြတယ်။ ကျွန်တော် ဒီတီရှပ်ဝယ်ပြီး သူ့ကို ကြွားလိုက်တာ၊ သူတို့ဆီမှာ ဒါမျိုး လုံးဝမရှိဘူးတဲ့ဗျာ"
"ဒီစကား မှန်တယ်၊ ကျွန်တော့်
အမျိုးတွေ ထျန်းကျင်းမှာ ရှိတယ်၊ သူတို့လည်း အဲဒီဘက်မှာ ရောင်းတာမရှိဘူးလို့ ပြောတယ်။ ဒါနဲ့ပဲ ကျွန်တော့်ကို ချက်ချင်း လှမ်းဝယ်ခိုင်းတာနဲ့ လာဝယ်ရတာ"
"ဟာ... ကျွန်မတို့အိမ်လည်း အတူတူပဲ"
အခြားနေရာများတွင် မရှိသေးကြောင်း ကြားရသောအခါ လူတိုင်း ပိုမိုစိတ်အားထက်သန်လာကြပြီး ဂုဏ်ယူဝင့်ကြွားသည့် စိတ်များပင် ဝင်လာကြသည်။
ချန်ချင်းယွီ : "ကျွန်မ ခန့်မှန်းရသလောက်တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ကျွန်မတို့က ပထမဆုံးအသုတ်ပဲ ဖြစ်မှာပါ။ သူတို့တွေ ထပ်ဝယ်မယ်ဆိုရင်တောင် အနည်းဆုံးတော့ အစ်ကိုတို့၊ အစ်မတို့ထက် တစ်လကျော်လောက် နောက်ကျပြီးမှ ဝတ်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ စက်ရုံတွေက အလှည့်ကျစနစ်နဲ့ လုပ်ရတာကိုး"
"ဒါက ဘယ်လိုမျိုးမို့လို့လဲ"
ကျန်းယဲ့ကျစ် ချက်ချင်းပင် ဖြတ်မေးလိုက်၏။
ချန်ချင်းယွီ : "ကျွန်မ ပစ္စည်းသွားယူတုန်းက 'လုရှန်းတောင်က အချစ်ဇာတ်လမ်း' အတွက်ဆိုလို့ ဒီတစ်သုတ်ပဲ ရှိသေးတာ။ အဲဒီတုန်းက ရုပ်ရှင်က ရုံမတင်ရသေးတော့ လူတိုင်းက သဘောကျကြတာ မဟုတ်ဘူးလေ။ ပြီးတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေက အမျိုးသားတွေ များတော့ သူတို့က ဒါမျိုးကို သိပ်စိတ်မဝင်စားကြဘူး။ အမျိုးသားတွေက သူလျှိုဖမ်းတဲ့ ကားမျိုး ဒါမှမဟုတ် သိုင်းကားမျိုးကိုပဲ စိတ်ဝင်စားကြတာဆိုတော့ ဒီလို အချစ်နဲ့ သဘာဝအလှအပ ပြကွက်တွေကို သိပ်စိတ်မပါကြဘူး။ ရေပန်းစားလာပါ့မလားဆိုတာလည်း မသေချာတော့ သူတို့ ဇဝေဇဝါ ဖြစ်နေကြတာပေါ့။ လူအတော်များများက မယူကြဘူးလေ၊ ဒါကြောင့် ဒီပစ္စည်းတွေကို ကျွန်မပဲ အကုန်ယူလာခဲ့တာ။ ဒါပေမဲ့ ရုပ်ရှင်က ကျွန်မတို့ရဲ့ မျှော်လင့်ချက်ကို တကယ်ပဲ သစ္စာမဖောက်ခဲ့ပါဘူးရှင်၊ တကယ်ကို ကြည့်ကောင်းလွန်းတယ်၊ ကြည့်ကောင်းလွန်းတယ်၊ တကယ့်ကို ကြည့်ကောင်းလွန်းတယ်။ အခုဆိုရင်တော့ ဟိုဘက်က စက်ရုံတွေမှာ အပ်ချုပ်စက်တွေ မီးပွင့်မတတ် အသည်းအသန် အချိန်မီအောင် ချုပ်နေကြရပြီထင်ပါရဲ့"
"ဟားဟားဟားဟား..."
"ဟုတ်ပ၊ ကျွန်မတို့အိမ်က လူကြီးလည်း အစက သူလျှိုဖမ်းတဲ့ကားပဲ ကြည့်မယ်၊ အချစ်ကားက ဘာကြည့်ကောင်းမှာလဲလို့ ပြောတာ။ ဒါပေမဲ့ တစ်ခါကြည့်ပြီးတော့ သဘောကျသွားလိုက်တာ၊ အခုဆို အိမ်ကလူတွေ သွားကြည့်တာတင် အကြိမ်ပေါင်းမနည်းတော့ဘူး"
"ကျွန်မတို့အိမ်လည်း အတူတူပဲ။ ကျွန်မကို အင်္ကျီလာဝယ်ဖို့တောင် မှာလိုက်သေးတယ်"
ကျန်းယဲ့ကျစ် အဓိကအချက်ကို ဖမ်းဆုပ်လိုက်ပြီး မေးမြန်းလိုက်သည်။
"ဒါဆို ညီမ ပြောပုံအရဆိုရင် ဒါက ပထမဆုံးအသုတ်ပေါ့နော်"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"ဟုတ်ပါတယ်ရှင့်၊ ဟိုဘက်က စက်ရုံလည်း အဆင်မပြေမှာ စိုးရိမ်လို့ အများကြီး မချုပ်ရဲကြဘူးလေ။ ဒါပေမဲ့ ရုပ်ရှင်က ပေါက်သွားပြီဆိုတော့ သူတို့ သေချာပေါက် အသည်းအသန် ပြန်ချုပ်ကြမှာပါ။ ဒါပေမဲ့လည်း အချိန်အတိုင်းအတာတစ်ခုထိတော့ စောင့်ရဦးမယ် ထင်တာပဲ။ ဒါကြောင့် တစ်လ၊ နှစ်လ စောဝတ်ရတာ ဘယ်လောက် ကောင်းလဲနော်"
သူမ ပြောပြီး ခေတ္တရပ်ပြီးကာမှ ဆက်၍
"ပြီးတော့ ဈေးနှုန်းချင်း အတူတူဆိုရင်တောင် ကျွန်မရဲ့ ဒီပစ္စည်း ပထမဆုံးအသုတ်က ပိုကောင်းတယ်လို့ ထင်တာပဲ"
"ဘာလို့လဲဟင်"
ချန်ချင်းယွီ အနည်းငယ် ဝေခွဲမရဖြစ်သွားပြီးမှ ခေါင်းခါပြကာ ဆက်မပြောတော့ပေ။
"ဟော... ညီမကလည်း၊ စကားကို တစ်ဝက်ပဲ ပြောပြီး ရပ်ထားရတယ်လို့"
"ဟုတ်ပဗျာ၊ ဘာလို့ ဖုံးဖုံးဖိဖိ လုပ်နေတာလဲ၊ ရှိတာပဲ ပြောပြလိုက်ပါဦး"
"ဟုတ်တယ်၊ ဟုတ်တယ်"
"ခေါင်းမခါပါနဲ့ဦး၊ ညီမ ပြောတာ ကြားပြီး ကျွန်တော်တို့ စိတ်မရှည်တော့ဘူး၊ ပြောပြပါဦး"
ကျန်းယဲ့ကျစ်လည်း ဝင်ပြောကာ
"ဟုတ်ပါရဲ့၊ စကားကို တစ်ဝက်ပဲပြောပြီး ချန်ထားတာ လူကို တကယ် စိတ်မရှည်အောင် လုပ်တာပဲ။ မမကို ပြောပြပါဦး"
ချန်ချင်းယွီ : "ဒါဆို... မမ ဒါကို သတင်းထဲမှာ ထည့်မရေးရဘူးနော်၊ မဟုတ်ရင် ကျွန်မ လူတကာနဲ့ ရန်သူဖြစ်ကုန်လိမ့်မယ်"
သူမ နှုတ်ခမ်းကို ကိုက်ကာ အလေးအနက် ပြောလိုက်ပြီး
"ကြားပြီးရင် ပြီးသွားကြေးနော်၊ လူတိုင်း ကြားပြီးရင် မေ့လိုက်ကြပါတော့"
ဤသို့ ပြောလိုက်သဖြင့် လူတိုင်း
ပိုမိုသိချင်စိတ် ပြင်းပြလာကာ အလုအယက် မေးမြန်းကြတော့သည်။ ကျန်းယဲ့ကျစ် ခေတ္တမျှ စဉ်းစားပြီးနောက် လေးနက်စွာဖြင့်
"ကောင်းပြီ၊ မမ ကတိပေးတယ်၊ ညီမ ပြောသာပြောပါ"
ချန်ချင်းယွီ : "ကျွန်မဆီက ပစ္စည်းက ပထမဆုံးအသုတ် ဖြစ်သလို၊ အသည်းအသန် လောပြီး ချုပ်ထားတာလည်း မဟုတ်ဘူးလေ။ အဝတ်အထည်ရဲ့ အရည်အသွေးဖြစ်ဖြစ်၊ ချုပ်ရိုးချုပ်သားဖြစ်ဖြစ် အစ်ကိုတို့၊ အစ်မတို့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါဦး၊ အားလုံး ကောင်းတယ်မဟုတ်လား။ အရည်အသွေး စစ်ဆေးတာလည်း သေချာတယ်။ ဟိုဘက်က ပြောတာတော့ စက်ရုံအသေးစားလေးလို့ ပြောပေမဲ့ တကယ်တော့ အလုပ်ရုံအသေးစားလေးတွေပေါ့။ လူတိုင်းက ကျွန်မတို့ နိုင်ငံပိုင် စက်ရုံကြီးတွေလိုမျိုး အရေးကြီးရင်တောင် အရည်အသွေးကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းတာမျိုး မဟုတ်ကြဘူးလေ။ အလုပ်ရုံအသေးစားတွေကတော့ အနည်းနဲ့အများ လိုအပ်ချက် ရှိတတ်ကြတာပဲ။ ဒါပေမဲ့ အခု ရုပ်ရှင်က ပေါက်သွားပြီ၊ ဘယ်တော့ ရုံတင်တာ ရပ်မလဲဆိုတာလည်း မသေချာတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေ အများကြီးက ပစ္စည်းရဖို့အတွက် အလုအယက် စောင့်နေကြတာလေ။ ဟိုဘက်က စက်ရုံတွေကလည်း ပိုက်ဆံရဖို့အတွက် သေချာပေါက် အသည်းအသန် လောပြီး ချုပ်ကြတော့မှာပဲ။ အဲဒီလောက်အထိ အသည်းအသန် ဖြစ်နေရင်တော့ လက်ရာပိုင်းက အနည်းနဲ့အများ အားနည်းသွားမှာပဲလေ။ ဒါတင်မကသေးဘူး၊ လူတိုင်းက အလုအယက် လောချုပ်နေကြရင် တူညီတဲ့အထည်စတွေက မလုံလောက်တော့ဘူးဆိုရင်ကော။ သေချာပေါက် တခြားအထည်စတွေနဲ့ အစားထိုးကြမှာပဲ။ ဒါကြောင့် ကျွန်မ ရဲရဲကြီး အာမခံရဲတာကတော့ ဒုတိယအသုတ် ပစ္စည်းက ကျွန်မတို့ ဒီပထမအသုတ်လောက် သေချာပေါက် မကောင်းနိုင်တော့ဘူး၊ တတိယအသုတ်ဆိုရင်တော့ ဒုတိယအသုတ်လောက်တောင် ကောင်းမှာ မဟုတ်တော့ဘူး..."
ယခုခေတ်ကာလတွင် သတင်းအချက်အလက် ဆက်သွယ်ရေး စနစ်များမှာ ဤမျှအထိ မထွန်းကားသေးသည်ကို သူမ အလွန်ပင် ကျေးဇူးတင်မိ၏။ မိမိအနေဖြင့် ဒေသတွင်း သတင်းစာအသေးစားတစ်ခုတွင် ပြောလိုက်သည့် စကားများ ကွမ်ကျိုးအထိ ပျံ့နှံ့သွားမည် မဟုတ်ချေ။
မဟုတ်လျှင်မူ သေချာပေါက် ဝိုင်းအရိုက်ခံရပေလိမ့်မည်။
သတင်းအချက်အလက် ဆက်သွယ်ရေးစနစ် မထွန်းကားခြင်းမှာလည်း အားသာချက် ရှိနေပေသည်။ ထို့အပြင် ဤသတင်းထောက်ကျန်းသည်လည်း စကားတည်မည့်သူတစ်ဦး ဖြစ်ပုံရ၏။ သူမအနေဖြင့် သတင်းထောက်ကျန်းကို သတင်းထဲတွင် ထည့်သွင်းဖော်ပြစေရန် မလိုလားဘဲ ဤကဲ့သို့သော ပြောစကားမျိုး လူထုကြား ပျံ့နှံ့သွားရန်သာ လိုအပ်ခြင်း ဖြစ်သည်။ သို့မှသာ သူမ၏ အရောင်းအဝယ်မှာ ပိုမိုကောင်းမွန်လာမည် မဟုတ်လော့။
ထို့အပြင် ချန်ချင်းယွီသည် တကယ်လည်း လိမ်ညာပြောဆိုခဲ့ခြင်း မဟုတ်ပေ။
သူမ ပြောသည်မှာ အမှန်တရားသာ ဖြစ်သည်။
ယခုအချိန်တွင် ကွမ်ကျိုးရှိ ကုန်ပစ္စည်းအတော်များများမှာ အိမ်တွင်း အလုပ်ရုံအသေးစားများမှ ထွက်ရှိခြင်းဖြစ်ရာ အသည်းအသန် လောချုပ်ရသဖြင့် ကလိန်ကကျစ်လုပ်ကာ အလုပ်ဖြစ်ရုံ ပြီးစလွယ်လုပ်ကြသည်မှာ ဆန်းကြယ်လှသောအရာ မဟုတ်ချေ။
နိုင်ငံပိုင်လုပ်ငန်းများမှ အလုပ်သမားများသည် အလုပ်လုပ်ရာတွင် အချိန်ဆွဲ တာဝန်မကျေတတ်ကြသော်လည်း အရည်အသွေးစစ်ဆေးမှုမှာ သေချာရှိနေသဖြင့် မည်သည့်အခါမျှ အမှားအယွင်း အနိမ့်အပါး အဖြစ်မခံပေ။ သို့သော် အလုပ်ရုံအသေးစားများမှာမူ ထိုသို့မဟုတ်ချေ။
ချန်ချင်းယွီ : "ကျွန်မကတော့ ကိုယ့်ပစ္စည်းကိုယ် ကောင်းပါတယ်လို့ ဝါကြွားနေတာ မဟုတ်ပါဘူးရှင့်။ အစ်ကိုတို့ အစ်မတို့ စောင့်သာကြည့်နေလိုက်ပါ၊ နောက်ပိုင်းကျရင် ဒီလိုပစ္စည်းမျိုးတွေ သေချာပေါက် ထပ်ဝင်လာဦးမှာပါ။ အဲဒီအချိန်ကျရင် ဝယ်ဝယ် မဝယ်ဝယ် သွားကြည့်ပြီး ယှဉ်ကြည့်လိုက်တာနဲ့ သိသာသွားလိမ့်မယ်။ ပထမက လက်ရာ၊ ဒုတိယက အထည်စ၊ အဲဒီကျရင် စိတ်ထဲကနေ အလိုလို သိသွားလိမ့်မယ်။ အထည်စညံ့လို့ တစ်ယွမ်၊ ပြားရှစ်ဆယ်လောက် ဈေးသက်သာသွားတယ်ပဲထားဦး၊ အဲဒါက တန်တယ်လို့ ထင်ပါသလားရှင်။ ဝယ်လည်း ဝယ်ပြီးပြီပဲ၊ ဘယ်သူကများ အဲဒီ ပြားရှစ်ဆယ်၊ တစ်ယွမ်လောက်ကို နှမြောနေတော့မှာလဲ။ ပိုက်ဆံအများကြီး အကုန်ခံပြီးပြီဆိုမှတော့ ပိုကောင်းပြီး ပိုခံမယ့်ဟာမျိုးပဲ လိုချင်ကြမှာပေါ့"
"ဟုတ်တယ်။ ဒီစကား တကယ်မှန်တယ်"
"မပြောနဲ့ဦး၊ နောက်ကျရင် ငါလည်း သွားပြီး ယှဉ်ကြည့်ဦးမယ်"
ချန်ချင်းယွီ ပြုံးလိုက်ကာ
"အဲဒီအချိန်ကျရင် ကျွန်မပစ္စည်းတွေ ရောင်းလို့မကုန်သေးတာလည်း ဖြစ်နိုင်တာပဲ၊ ဘာပဲဖြစ်ဖြစ် အဲဒီကျရင် အစ်ကိုတို့ သွားယှဉ်ကြည့်ကြပေါ့နော်"
ချန်ချင်းယွီ၏ ပုံစံမှာ အလွန်ရိုးသားဖြူစင်ပြီး ရဲရင့်တည်ကြည်လှသည့်အပြင် ပြောသည့်စကားမှာလည်း ယုတ္တိရှိလှသဖြင့် ကျန်းယဲ့ကျစ် ကိုယ်တိုင်ပင် သူမ၏ အမြင်ကို သဘောတူလက်ခံသွားရသည်။
ကျန်းယဲ့ကျစ် : "ညီမ ပြောတာ အကျိုးအကြောင်း ရှိပါတယ်။ စိတ်ချပါ၊ မမ ဒါကို သတင်းစာထဲမှာ ထည့်မရေးပါဘူး"
ချန်ချင်းယွီ သက်ပြင်းချနိုင်သွားဟန်ဖြင့်
"မမ မရေးရင် တော်ပါပြီရှင့်၊ မဟုတ်ရင် ဟိုဘက်က အလုပ်ရုံအသေးစားတွေက လူတွေ လာပြီး ကျွန်မကို အစိမ်းလိုက် ဝါးစားကြမှာ ကြောက်လို့ပါ"
"ဟားဟားဟားဟား။ တို့ သတင်းစာက အဲဒီလောက်အထိ အနှံ့အပြား မထုတ်ဝေရသေးပါဘူးကွယ်"
ချန်ချင်းယွီ : "ဒါကတော့ ဘယ်ပြောနိုင်ပါ့မလဲရှင်။ ပြည်သူလူထု သဘောကျတဲ့ သတင်းစာဆိုရင်တော့ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်ဝေရမှာပဲလေ။ အခုလောလောဆယ် မရှိသေးရင်တောင် အမှတ်တရ သိမ်းထားတဲ့သူတွေ ရှိနိုင်တာပဲ။ အဲဒီအချိန်ကျရင် ကွမ်ကျိုးအထိ ရောက်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား"
ကျန်းယဲ့ကျစ် မျက်နှာတစ်ခုလုံး ပြုံးပန်းဝေဆာသွားပြီး
"ဒါဆိုရင်တော့ ညီမရဲ့ နှုတ်ကောင်းချီးပေးမှုကိုပဲ အမှီပြုရတော့မှာပဲ။ ညီမ အခုလိုပြောတော့ မမလည်း တို့သတင်းစာအပေါ် ပိုပြီး ယုံကြည်မှု ရှိလာပြီ"
ချန်ချင်းယွီ : "အရည်အသွေးကောင်းရင် ဘယ်လောက်ပဲ ဝေးဝေး လူသိများလာမှာပါပဲရှင်"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်"
ချန်ချင်းယွီ၏ စကားဖောင်ဖွဲ့ပြောဆိုမှုကြောင့် ကျန်းယဲ့ကျစါသည် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရပြီး
"မမက 'နေထိုင်မှုဘဝ သတင်းစာ' မှာ အလုပ်လုပ်တာ၊ ညီမ ဒီတစ်သုတ် အလုပ်ရှုပ်တာတွေ ပြီးသွားရင် မမဆီ လာလည်ဦးနော်။ ညီမက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲလို့ မမ ထင်တယ်"
ချန်ချင်းယွီသည် မျက်လုံးအစုံကို ပြူး၍ ဝိုင်းစက်သွားအောင် ပြုလုပ်လိုက်ပြီး၊ ဤ 'စိတ်ဝင်စားဖို့ကောင်းတယ်' ဆိုသည့် စကားလုံးမှာ မည်သည့်အချက်ကို အခြေခံ၍ ပြောဆိုခြင်းဖြစ်သည်ကို နားမလည်နိုင်သည့် ပုံစံမျိုး ပြုလုပ်လိုက်၏။
ကျန်းယဲ့ကျစ် ပြုံးလျက် ထပ်လောင်းပြောကာ
"ညီမ ကိစ္စရှိရင် မမကို လာရှာနော်"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"ကောင်းပါပြီရှင့်"
"ဒါဆို မမ ညီမ ဈေးရောင်းတာကို မနှောင့်ယှက်တော့ဘူး..."
ကျန်းယဲ့ကျစ်သည် သတင်းမေးမြန်းခြင်း ကိစ္စရပ်များကို အဆုံးသတ်၍ လူအုပ်ကြီးထဲမှ နောက်ဆုံး ရုန်းထွက်လာနိုင်ခဲ့ပြီးမှ ရုတ်တရက် ခေါင်းကို ပုတ်ကာ
"ဟာ... ညီမကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးရဦးမယ်"
ချန်ချင်းယွီ ချက်ချင်းပင် လက်ခါပြလျက် အလောတကြီး တားမြစ်လိုက်၏။
"မရိုက်ပါနဲ့၊ ကျွန်မကို မရိုက်ပါနဲ့ရှင်။ ကျွန်မက ရိုက်စရာ ဘာမှမရှိပါဘူး။ မမ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် အဝေးကနေ မြင်ကွင်းကျယ် ရိုက်လိုက်ပါလား၊ လူအများကြီးကို ရိုက်လိုက်လေ။ အခုလို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ရှိနေတာ ဘယ်လောက် ကောင်းလဲနော်"
"ဟာ... ကျွန်တော်တို့လည်း သတင်းစာထဲ ပါမှာလား"
"အမလေး ဘုရားရေ... ကျွန်မက တီရှပ်ထွက်ဝယ်တာလေ၊ ဘာမှလည်း ပြင်ဆင်မလာရသေးဘူး။ အစောကြီးကတည်းက သိရင် ဂါဝန်လေး လဲဝတ်လာပါတယ်"
"အမလေး... ငါ ဒီမနက် ခေါင်းမလျှော်ရသေးဘူး"
"ငါ့ဖိနပ်မှာလည်း ရွှံ့တွေ ပေနေတယ်..."
လူအများမှာ ရုတ်တရက် ပျာယာခတ်သွားကြသော်လည်း သတင်းစာထဲတွင် ပါဝင်လိုသည့် စိတ်ဆန္ဒမှာမူ အလွန် ပြင်းပြနေကြသည်။ တစ်ဦးချင်းစီမှာ မျှော်လင့်တကြီး ကြည့်နေကြသဖြင့် ကျန်းယဲ့ကျစ်လည်း တွေးကြည့်ကာ ဟုတ်
တုတ်တုတ် ဖြစ်သွားရပြီး
"ကဲ... ဒါဆိုလည်း ရပါတယ်။ လူတိုင်း ပုံမှန်အတိုင်းပဲ ပစ္စည်းဝယ်ကြပါ၊ သဘာဝမကျတာမျိုးတွေ လုပ်ဖို့မလိုဘူး..."
"ငါ ခဏ ပြင်ဆင်လိုက်ဦးမယ်"
"ငါ့ဆံပင်လေး သပ်လိုက်ဦးမယ်..."
"အာ... ငါ သတင်းစာထဲ ပါတော့မယ်"
လူအများ တစာစာဖြင့် ပြောဆိုနေကြချိန်တွင် ချန်ချင်းယွီမှာမူ အကွယ်ဆုံးနေရာရှိ ဆိုင်ဘေးတွင် ပုန်းကွယ်နေသဖြင့် သူမကို မည်သို့မျှ ရိုက်ကူး၍ ရနိုင်မည် မဟုတ်ချေ။
ကလစ်..။
ကျန်းယဲ့ကျစ်သည် အလုပ်သင်ကို ခေါ်ဆောင်ကာ ပျော်ရွှင်တက်ကြွစွာဖြင့် ထွက်ခွာသွားတော့သည်။ ယနေ့ သတင်းထောက်ထွက်ရခြင်းမှာ အတော်လေး အကျိုးအမြတ်ရှိသည်ဟု သူမ ခံစားရ၏။
ချန်ချင်းယွီ၏ ဆိုင်တွင်မူ အရောင်းအဝယ်မှာ ပိုမိုကောင်းမွန်လာခဲ့သည်။
သတင်းစာထဲတွင် မပါဝင်ရသေးခင်၌ပင် ပိုမိုကောင်းမွန်နေပြီသားဖြစ်၏။
ကျန်းယဲ့ကျစ်တို့အဖွဲ့၏ အလုပ်လုပ်နှုန်းမှာလည်း မြန်ဆန်လှသဖြင့် ဒုတိယမြောက်နေ့၏ သတင်းစာမျက်နှာထက်တွင် အလွန်စည်ကားလှသော ဓာတ်ပုံတစ်ပုံနှင့်အတူ 《နိုင်ငံတော်၏ တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း၊ လုရှန်းတောင်က အချစ်ဇာတ်လမ်း ရေပန်းစားမှုကို ယူဆောင်ခြင်း ~~~လုရှန်းတောင် တီရှပ်များ အပြိုင်အဆိုင် ဝယ်ယူနေကြပြီ》 ဟူသော သတင်းခေါင်းစဉ်ကြီး ပါရှိလာခဲ့သည်။
ချန်ချင်းယွီတို့အိမ်တွင် သတင်းစာ မှာယူထားသဖြင့် အိမ်ရှေ့တံခါးဝရှိ သတင်းစာပုံးထဲတွင် နေ့စဉ် ပစ္စည်းများဖြင့် ပြည့်နှက်နေတတ်၏။
အဘွားကြီးကျောက်သည် နံနက်စောစောတွင် အပြင်ထွက်၍ ယနေ့အတွက် သတင်းစာနှင့် နွားနို့များကို ယူဆောင်လာခဲ့သည်။ သူမတို့အိမ်မှာ ပစ္စည်းအများဆုံး မှာယူခြင်းဖြစ်ပြီး သတင်းစာ၊ မဂ္ဂဇင်းနှင့် နွားနို့များပါ ပါဝင်သဖြင့် ဤခြံဝင်းကြီးတစ်ခုလုံးတွင် သေတ္တာနှစ်လုံး ချိတ်ဆွဲထားသည့် တစ်ဦးတည်းသော အိမ်ထောင်စု ဖြစ်၏။
အဘွားကြီးကျောက်သည် ယနေ့တွင် "နေထိုင်မှုဘဝ သတင်းစာ" ကို တိုက်ရိုက် ရှာဖွေလိုက်သည်။
သူမသည် စာတတ်မြောက်ရေးသင်တန်းမျှသာ တက်ရောက်ဖူးသဖြင့် စာလုံးအများကြီး မသိသော်လည်း စာမတတ်သူတစ်ဦးမူ မဟုတ်ချေ။ အများစုကို အကြမ်းဖျင်း ဖတ်ရှုနိုင်စွမ်း ရှိ၏။
"သတင်းစာထဲ ပါပြီ၊ သတင်းစာထဲ ပါပြီ၊ တကယ်ပဲ သတင်းစာထဲ ပါလာပြီ"
အဘွားကြီးကျောက် အိမ်ထဲသို့ လေပြင်းမုန်တိုင်းအလား ပြေးဝင်လာပြီး ဝမ်းသာအားရဖြင့်
"ချွေးမရေ... ညည်း မနေ့က အင်တာဗျူး ခံလိုက်ရတာ တကယ်ပဲ သတင်းစာထဲ ပါလာပြီ"
ချန်ချင်းယွီ : "သူတို့ အလုပ်လုပ်တာ တော်တော်မြန်တာပဲနော်"
"ဟုတ်ပ"
ချန်ချင်းယွီ သတင်းစာကို ယူ၍ ခေတ္တမျှ ဖတ်ရှုကြည့်ရာ ကျန်းယဲ့ကျစ်သည် စကားတည်သူတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။ ထည့်မရေးပါဟု ပြောထားသည့်အရာများကို လုံးဝ ထည့်သွင်းရေးသားထားခြင်း မရှိဘဲ ကျန်ရှိသည့် ရေးသင့်ရေးထိုက်သည်များကိုမူ အပြည့်အစုံ ရေးသားထား၏။ "လူကိုယ်တိုင်မရောက်ပေမဲ့ စိတ်ကတော့ ရောက်သွားပြီ၊ အင်္ကျီကို ဝတ်ဆင်ထားတယ်" ဟူသောအချက်နှင့် "ဖြူစင်တဲ့ သံယောဇဉ်..." စသည့် အချက်များ ပါဝင်သည်။
အချုပ်အားဖြင့်ဆိုရသော် ပါသင့်ပါထိုက်သည်များ အားလုံးပါဝင်ပြီး အကြောင်းအရာများတွင်လည်း ပေးရသည့်ဈေးနှုန်းမှာ သင့်တော်ကြောင်း၊ စျေးနှုန်းကို အဆမတန် တောင်းဆိုခြင်းမရှိဘဲ ပြည်သူလူထု၏ လူနေမှုဘဝနှင့် ကိုက်ညီမှုရှိကြောင်း ဖော်ပြထားသည်။
ချန်ချင်းယွီ ဖတ်ရှုပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး "ယောက္ခမရေ..." ဟု ခေါ်လိုက်၏။
အဘွားကြီးကျောက် : "ဘာလဲဟဲ့"
ဘာဖြစ်လို့ ရုတ်တရက်ကြီး အလေးအနက် ဖြစ်သွားရတာလဲ…။
ချန်ချင်းယွီ လေးနက်စွာ ပြောလိုက်ကာ
"ဒီနေ့အတွက် ပစ္စည်းတွေကို ပိုပြီး ယူသွားရအောင်နော်၊ သေချာပေါက် ပိုပြီး ရောင်းကောင်းတော့မှာ"
အဘွားကြီးကျောက် : "ဟင်။ ဪ... အေးအေး၊ ညည်းပြောတာ သတင်းစာဖတ်ပြီးရင် လူတွေ ပိုပြီး လာကြလိမ့်မယ်ပေါ့ ဟုတ်လား"
ချန်ချင်းယွီက ခေါင်းညိတ်ပြကာ
"သေချာပေါက်ပါပဲ"
"အမလေး ဘုရားရေ... ဒါဆို တို့တွေ ပိုက်ဆံတွေ ထပ်ပြီး အများကြီး ရတော့မှာပေါ့"
အဘွားကြီးကျောက် ဝမ်းသာအားရ ဆိုလေသည်။
ချန်ချင်းယွီ ခေါင်းညိတ်လျက်
"သေချာပေါက် ဖြစ်ရမှာပေါ့ရှင်"
၎င်းတို့၏ ခြံဝင်းကြီးတစ်ခုလုံးတွင် ချန်ချင်းယွီတစ်အိမ်တည်းသာ သတင်းစာ မှာယူထားခြင်း ဖြစ်သည်။ ခြံဝင်းထဲတွင် မိမိကိုယ်ကိုယ် ပညာတတ်ဟု သတ်မှတ်ထားသူ အနည်းငယ် ရှိသော်လည်း ၎င်းတို့အားလုံးမှာ မိမိတို့၏ လုပ်ငန်းခွင်တွင် သတင်းစာ ဖတ်ရှုနိုင်သဖြင့် သီးသန့် မှာယူရန် မလိုကြချေ။ ထို့ကြောင့် လူတိုင်း ဤသတင်းကို သိရှိသွားချိန်တွင် ညနေစောင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမ နှစ်ဦးစလုံး ဈေးဆိုင်မှ ပြန်မရောက်ကြသေးချေ။
ခြံဝင်းကြီးတစ်ခုလုံးမှာမူ ဤသတင်းကြောင့် ဆူညံပွက်လောရိုက်သွားခဲ့သည်။
"ဘာ…. အဲဒီ မုဆိုးမလေးက သတင်းစာထဲ ပါသွားတယ်ဟုတ်လား။ ဒါ တရားမျှတမှု ရှိသေးရဲ့လား"
အဘွားကြီးဟွမ် မကျေမနပ် ပြောဆိုသည်။
"တကယ်လား၊ အဒေါ်တို့များ မှားနေတာ မဟုတ်ပါဘူးနော်"
"ဟုတ်ပ… သူတို့အိမ်က ဘာမို့လို့ သတင်းစာထဲ ပါရတာလဲ"
ဝင်းတစ်ခုတည်း နေသူများဖြစ်ကြရာ ဤမျှ ကွာခြားချက်ကြီးမားသွားခြင်းက လူကို အလွန် မချင့်မရဲ ဖြစ်စေ၏။
"သူတို့အိမ် အစစ်ပဲဟဲ့၊ ကြည့်စမ်း၊ ဒီမှာ ဆိုင်ရှင်လေး 'ရှောင်ချန်' တဲ့၊ ဒါ တို့ဝင်းထဲက ရှောင်ချန် မဟုတ်ရင် ဘယ်သူလဲ။ 'လုရှန်းတောင် တီရှပ်' ရောင်းတဲ့သူလေ။ သူကလွဲရင် ဘယ်သူ ရှိဦးမှာလဲ။ ဒီမုဆိုးမလေးကလည်း နှုတ်လုံလိုက်တာ။ ပြန်လာတုန်းက တစ်ခွန်းမှ မဟဘူး။"
"တောက်... နိုင်ငံတော်ရဲ့ တိုက်တွန်းချက်ကို အကောင်အထည်ဖော်တာတဲ့လား၊ ပိုင်လိုက်တာ၊ တကယ်တော့ ပိုက်ဆံရှာဖို့ သက်သက်ပါပဲ"
"ဟဲ့... ညည်း ပြောတာကလည်း၊ ပိုက်ဆံရှာတာ ဘာမှားလို့လဲ"
"သူတို့အိမ်က ဒီလိုမျိုး တက်လူ ဖြစ်လာလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး..."
"ဒါက မထင်ထားစရာ ဘာရှိလဲ၊ လမ်းဘေးဈေးသည်လုပ်တာ တကယ်ကို ပိုက်ဆံရတာလေ။ ညည်း ကြည့်ကြည့်၊ တို့ဝင်းထဲက ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ အိမ်အနည်းငယ်ဆိုရင် နေ့ရက်တွေ ပိုပြီး ကောင်းမွန်လာကြတာ မဟုတ်ဘူးလား"
"အာ... ဟုတ်သားပဲ၊ ယွမ်ဟောက်ဖုန်းကော ပြန်မလာသေးဘူးလား"
"မလာသေးဘူးလေ။"
လူအများ ဝိုင်းဝန်းပြောဆို ငြင်းခုံနေကြသည့် ကြားမှပင် ချန်ချင်းယွီတို့၏ အရောင်းအဝယ်မှာ ပိုမို၍ အရှိန်အဟုန်ပြင်းစွာ ထွန်းကားလာခဲ့သည်။ "နေထိုင်မှုဘဝ သတင်းစာ" သည် သတင်းစာအကြီးကြီး မဟုတ်သော်လည်း ဖတ်ရှုသူ အတော်လေး များပြားလှ၏။ အရပ်သား ပြည်သူလူထု၏ လူနေမှုဘဝနှင့် ပတ်သက်၍ အသေးအဖွဲ သတင်းလေးများသာ ဖြစ်သော်လည်း လူအများ စိတ်ဝင်တစား ဖတ်ရှုကြသည်သာ…
အချို့သော သတင်းစာများ၏ အကြောင်းအရာမှာမူ အလွန် ကြီးကျယ်လှသော်လည်း သာမန်အရပ်သားများအတွက်မူ စိတ်ဝင်စားမှု သိပ်မရှိလှချေ။ ထို့ကြောင့် ယခုကဲ့သို့ လူနေမှုဘဝနှင့် နီးစပ်သော သတင်းစာမျိုးကသာ လူတိုင်းနှင့် ကိုက်ညီလှ၏။ ဤအချက်ကြောင့်ပင် "နေထိုင်မှုဘဝ သတင်းစာ" တွင် သတင်းကြီးကြီးမားမား မပါဝင်သော်လည်း ဒေသတွင်း၌ အတော်လေး အရောင်းသွက်နေခြင်း ဖြစ်သည်။
တစ်ဖက်မှာ သတင်းစာ၏ ပံ့ပိုးမှုကြောင့် ဖြစ်သလို၊ နောက်တစ်ဖက်မှာ ချန်ချင်းယွီ ထိုနေ့ကပြောခဲ့သော စကားများမှာ လူထုကြားထဲ ပျံ့နှံ့သွားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် လူအတော်များများ ရှိနေခဲ့သည် မဟုတ်လော့။
ဆိုရသော် ဤရက်ပိုင်းအတွင်း ၎င်းတို့ဆိုင်သို့ လာရောက်သူ ပိုမိုများပြားလာခဲ့၏။
ချန်ချင်းယွီမှာ ဆိုင်သိမ်းပြီး ပြန်ချင်လျှင်ပင် မပြန်နိုင်တော့ဘဲ နေ့စဉ် နံနက်စောစော ထွက်ခွာရပြီး ညကိုးနာရီကျမှသာ အိမ်သို့ ပြန်ရောက်နိုင်တော့သည်။
သို့သော်လည်း ဘေးကင်းလုံခြုံရေးအတွက် နေ့စဉ် ညနေစောင်းသည်နှင့် အဘွားကြီးကျောက်သည် ဆိုင်ပိတ်ကာ လာရောက်ကူညီလေ့ရှိပြီး နှစ်ဦးသား အတူတူ ဆက်လက်ရောင်းချကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဇွန်လကုန်၍ ဇူလိုင်လသို့ ရောက်ရှိလာခဲ့ရာ ရာသီဥတုမှာ ပိုမိုပူပြင်းလာခဲ့သည်။
ချန်ချင်းယွီတို့ အရောင်းအဝယ်လုပ်သည်မှာ တစ်လကျော် ရှိလာပြီဖြစ်ရာ ယခုအခါ ကုန်ပစ္စည်းမှာ သုံးပုံတစ်ပုံပင် မရှိတော့ချေ။
သုံးပုံတစ်ပုံဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ထိုမျှပင် မရှိဟု ဆိုရမည်။
ဇွန်လလယ်ပိုင်းမှစ၍ ၎င်းတို့၏ ဆိုင်လေးမှာ သတင်းစာထဲ ပါလာပြီးနောက်ပိုင်း တစ်နေ့ထက်တစ်နေ့ လူပိုမို စည်ကားလာခဲ့သည်။ ခန့်မှန်းခြေအားဖြင့် နောက်ထပ် ဆယ်ရက်၊ တစ်ပတ်ကျော်ခန့်ဆိုလျှင် သေချာပေါက် ကုန်စင်အောင် ရောင်းချနိုင်တော့မည် ဖြစ်သည်။
အဘွားကြီးကျောက် နေ့စဉ် အလုပ်များလွန်းသဖြင့် ပိုက်ဆံတွက်ရန်ပင် အချိန်မရချေ။ အိမ်ပြန်ရောက်သည်နှင့် အိပ်ပျော်သွားတတ်သော်လည်း စိတ်ထဲတွင်မူ အလွန် ပျော်ရွှင်နေမိ၏။
ပိုက်ဆံရနေတာ မဟုတ်လား…။ အိပ်မက်မက်ရင်တောင် ရယ်ပြီး နိုးလာနိုင်ရော့မယ်…။ ဟားဟား…
ဤပိုက်ဆံများမှာ သူမ၏ ပိုက်ဆံမဟုတ်ဘဲ ချွေးမဖြစ်သူ ချန်ချင်းယွီအတွက် ဝိုင်းကူလုပ်ပေးခြင်း ဖြစ်သော်လည်း ချန်ချင်းယွီမှာ မိမိကို လုပ်ကျွေးပြုစုမည့်သူ ဖြစ်ရာ အလုပ်အနည်းငယ် ဝိုင်းကူလုပ်ပေးရခြင်းသည် အလွန်ပင် သင့်လျော်လှသည်သာ…။ သူမအတွက်မူ မည်သို့မျှ မရှုံးချေ။
အဘွားကြီးကျောက် : "ချင်းယွီရေ... ဒီတစ်သုတ် ရောင်းကုန်သွားရင် ညည်း ပစ္စည်းသွားယူဦးမလား"
ချန်ချင်းယွီ ခေါင်းခါပြကာ
"မသွားတော့ဘူးရှင့်၊ ကျွန်မတို့ ထပ်ပြီး ပစ္စည်းယူမယ်ဆိုရင်လည်း နောက်ပိုင်းကျရင် ဒီလောက် ရောင်းကောင်းတော့မှာ မဟုတ်ဘူးလို့ ထင်တယ်"
သူမရဲ့ ဒီတစ်သုတ် ကုန်ပစ္စည်းအရေအတွက်က အထည် အရေအတွက် ဘယ်လောက်လဲ….အထည် တစ်သိန်း တောင်လေ…။
အကယ်၍ အထည် တစ်သိန်းလုံး ကုန်စင်အောင် ရောင်းချပြီးပါက ဈေးကွက်ထဲတွင် ဝယ်လိုအား မည်မျှ ကျန်ပါဦးမည်နည်း။ ၎င်းတို့ ရှိနေသည်မှာ မြို့တော်ကြီး ဖြစ်သော်လည်း ယခုခေတ်ကာလမှာ နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်း ခေတ်ကာလမျိုး မဟုတ်ချေ။ အကယ်၍ သူမသာ ပစ္စည်းများ ဆက်လက်ယူနေဦးမည်ဆိုပါက လောင်းကစားဆန်ဆန် စွန့်စားရာ ရောက်ပေလိမ့်မည်။
ထို့အပြင် ဤအတောအတွင်း အတော်လေးလည်း ပင်ပန်းခဲ့ရသဖြင့် အားလုံးရောင်းကုန်သွားလျှင် ခေတ္တမျှ အနားယူနိုင်၏။ အလုပ်နှင့် အနားယူခြင်းကို မျှတအောင် လုပ်ဆောင်ရမည် မဟုတ်လော့။
ချန်ချင်းယွီ : "ဒီတစ်သုတ် ကုန်ပစ္စည်းတွေ ရောင်းကုန်ရင် ကျွန်မတို့အိမ်အတွက် အဝတ်လျှော်စက်တစ်လုံး ဝယ်ရအောင်နော်။ ဪ... ဒါနဲ့ မီးဖိုချောင်သုံး လျှပ်စစ်ပန်ကာတစ်လုံးလည်း ဝယ်ရမယ်"
အဘွားကြီးကျောက် : "ဟင်"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမမှာ ချက်ချင်း ပြေးထွက်လာကြပြီး
"မေမေ၊ သားတို့အိမ် လျှပ်စစ်ပန်ကာ ဝယ်တော့မှာလား"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"ဝယ်မှာပေါ့၊ နွေရာသီက ဒီလောက်တောင် ပူတာကို တကယ်ပဲ အောင့်အည်းမခံနိုင်တော့ဘူး၊ အပူလျှပ်ကုန်ပါဦးမယ်"
"သားတို့ သမီးတို့ စာရေးရင်လည်း ချွေးတပြိုက်ပြိုက်နဲ့ဆိုတော့ လျှပ်စစ်ပန်ကာရှိရင် ပိုပြီး အသုံးတည့်တာပေါ့"
"ဝေး... သိပ့်ကောင်းတာပဲ"
ကလေးနှစ်ဦးမှာ ပျော်ရွှင်စွာဖြင့် ရယ်မောကြတော့သည်။
"ဒါဆိုရင်တော့ ငါ အဘွားကြီးမေ့ကို ကြိုပြောထားလိုက်မယ်၊ သူ့သား ရှောင်ထောင်းကို လက်မှတ်လေးတွေ စောင့်ကြည့်ပေးဖို့ မှာရမယ်"
အဘွားကြီးကျောက် ဆိုလိုက်၏။
ချန်ချင်းယွီ : "ကောင်းပါပြီရှင့်"
သူမအနေဖြင့် လက်မှတ်စနစ်များကို မည်သည့်အချိန်တွင် ဖျက်သိမ်းခဲ့သည်ကို သိပ်မမှတ်မိတော့သော်လည်း ယခုအချိန်တွင်မူ မည်သည့်အရာမဆို လက်မှတ် လိုအပ်နေသေးသဖြင့် တကယ်ကို အဆင်မပြေလှချေ။
မကြာမီအချိန်အတွင်း ဖျက်သိမ်းနိုင်ပါစေဟုသာ မျှော်လင့်မိသည်။
ဖျက်သိမ်းလိုက်မှသာ လူနေမှုဘဝ ပိုမို အဆင်ပြေချောမွေ့လာမည် ဖြစ်၏။
"အေး... ဒါနဲ့ ချွေးမရေ၊ ညည်း ပိုက်ဆံအချို့ကို ဘဏ်မှာ သွားအပ်ထားရင် မကောင်းဘူးလား။ ဒီလောက်အများကြီးကို အိမ်မှာပဲ ထားတော့ ငါ တကယ်ကို စိတ်မအေးနိုင်ဘူး ဖြစ်နေတယ်"
အဘွားကြီးကျောက် အမှန်အတိုင်း ပြောရှာသည်။ သူမ သိထားသည်မှာ ချန်ချင်းယွီသည် ပိုက်ဆံများကို အိမ်ရှိ တင်းကျပ်စွာ ပိတ်ထားသော သံသေတ္တာအထဲတွင် ထည့်ထားပြီး အပေါ်မှ သော့ခြောက်လုံး ခတ်ထားခြင်း ဖြစ်၏။
သို့သော်လည်း သူမ စိတ်ထဲတွင်မူ စိတ်မအေးနိုင်သေးပေ။
"ဘဏ်မှာ သွားအပ်လိုက်ရင် ပိုကောင်းမလား။ ဘဏ်မှာ အပ်ထားတာ တကယ် စိတ်ချရပါတယ်"
ဘဏ်တွင် အပ်နှံခြင်းမှာ ကောင်းမွန်ကြောင်း ချန်ချင်းယွီ သေချာပေါက် သိရှိသော်လည်း ယခုအချိန်တွင်မူ ထိုသို့ မလုပ်ဆောင်ချင်သေးပေ။ သူမအနေဖြင့် ယွမ်တစ်သောင်းတန်မိသားစုဟူသော ဂုဏ်သတင်းကို မခံယူချင်သေးချေ။ ဤကဲ့သို့သော ကိစ္စရပ်မျိုးမှာ အခြားသူများ မည်သို့ပင် ခန့်မှန်းနေကြပါစေ၊ အမှန်တကယ် သိရှိသွားခြင်းနှင့်မူ ကွာခြားလှသည်။
ယခုအချိန်တွင် ယွမ်တစ်သောင်း ဟူသော စကားလုံးမှာ အလွန် ရှားပါးဆန်းသစ်နေသေးသည့်အပြင် အကြီးအကျယ် ချီးမွမ်းမြှောက်ပင့်ခြင်း ခံရမည့်အရာလည်း ဖြစ်၏။
သူမ ထိုအချက်ကို သဘောမတူချေ။
အဘွားကြီးကျောက် : "ဒါဆိုရင်လည်း... ညည်း ကိုးထောင်ကိုးရာကိုးဆယ်ကိုးယွမ်ပဲ သွားအပ်လိုက်လေ၊ ဒါဆို ယွမ်တစ်သောင်း မဟုတ်တော့ဘူးပေါ့"
ချန်ချင်းယွီ : "..."
အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီ ဘဏ်တွင် ပိုက်ဆံမအပ်ခြင်း၌ နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသေးသည်။ သူမ၏ ယခုတစ်သုတ် ကုန်ပစ္စည်းများ အားလုံးရောင်းကုန်ပါက အသားတင်အမြတ်ငွေမှာ ရှစ်သိန်းလေးသောင်း၊ ငါးသောင်းခန့် ရရှိမည် ဖြစ်ပြီး မူလအရင်းအနှီးနှင့် ပေါင်းလိုက်ပါက သူမတွင် ပိုက်ဆံ သိန်းချီ ရှိနေပြီ ဖြစ်၏။
ဤအချက်မှာ ကြားရသူအဖို့ မယုံနိုင်စရာ ဖြစ်နေသော်လည်း အမှန်တကယ် ရှိနေခြင်း ဖြစ်သည်။
ဤသည်ကို ခေတ်ရေစီးကြောင်း၏ အခွင့်အလမ်းဟု ဆိုရမည်ဖြစ်ပြီး ယခုခေတ်ကာလမှာ တကယ်ကို ပိုက်ဆံရှာရ လွယ်ကူလှ၏။
အိမ်ခြံမြေလုပ်ငန်းသည် အမြတ်အစွန်း အလွန်ကြီးမားသော လုပ်ငန်းဟု ဆိုကြသော်လည်း ၎င်းလုပ်ငန်းသည် ဈေးနှုန်းတက်လှမ်းနိုင်သော်လည်း ရှစ်ဆယ်ပြည့်လွန်နှစ်များနှင့် ကိုးဆယ်ပြည့်လွန်နှစ်များတွင် ထိုမျှအထိ မြန်ဆန်ခြင်း မရှိသေးဘဲ နှစ်ထောင်ခုနှစ် နောက်ပိုင်းမှသာ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း ဖြစ်၏။ ယခုအချိန်တွင်မူ ပိုက်ဆံရှာချင်ရုံ သက်သက်ဆိုပါက အဝတ်အထည် ရောင်းချခြင်းစသည်တို့သည်သာ ပင်မရေစီးကြောင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း တကယ်ပင် ထိုသို့ ဖြစ်လာခဲ့သည်။
သေချာသည်မှာ ဤသို့ ပိုက်ဆံရှာနိုင်သူမှာ ချန်ချင်းယွီ တစ်ဦးတည်းသာ မဟုတ်ပေ။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင်လည်း အမှန်တကယ် ပိုက်ဆံချမ်းသာလာသူများ ရှိနေကြ၏။ သို့သော်လည်း အစိုးရ၏ မူဝါဒပြောင်းလဲမှုမှာ နှစ်အနည်းငယ်သာ ရှိသေးသဖြင့် လူတိုင်း သတိကြီးစွာ ထားနေကြပြီး လူလုံးမပြကြခြင်းသာ ဖြစ်သည်။ တကယ်တမ်း ဤသို့လုပ်ခြင်းမှာ မှန်ကန်လှ၏။ အစောပိုင်းကာလ၌ အလွန်အမင်း ထင်ပေါ်ကျော်ကြားခဲ့သူများမှာ နောက်ပိုင်းတွင် ဒုက္ခရောက်ကုန်ကြသည်သာ..။
ဥပမာအားဖြင့် ဟိုလူရဲ့ ကွာစေ့လုပ်ငန်းလိုပေါ့…
နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည် ဆိုသော်လည်း အဆုံးသတ်တွင် မည်သို့ဖြစ်သွားသည်ကို မည်သူအသေအချာ ပြောနိုင်မည်နည်း။
ထို့ကြောင့် ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် အမြဲတမ်း သတိပေးနေမိသည်မှာ … ပိုက်ဆံရလာလျှင်လည်း ဘဝင်မမြင့်မိစေရန်နှင့် ထင်ပေါ်ကျော်ကြားအောင် မလုပ်မိစေရန်ပင်…
မိမိကဲ့သို့ ပိုက်ဆံအများကြီး ရှာနိုင်သူမှာ သူမတစ်ဦးတည်း သေချာပေါက် မဟုတ်နိုင်ချေ။ အခြားသူများပင် ပုန်းလျှိုးကွယ်လျှိုး နေနိုင်ကြသေးလျှင် သူမအနေဖြင့် လူလုံးထွက်မပြမိစေရန် သတိထားရမည်သာ ဖြစ်သည်။
ချန်ချင်းယွီ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး
"ဒါဆိုရင် ဒီလိုလုပ်ရအောင်၊ ဘဏ်ကိုတစ်ခေါက်သွားပြီး ကျွန်မတို့ လေးယောက်လုံး တစ်ယောက်ကို စာအုပ်တစ်အုပ်စီခွဲပြီး ကိုးထောင်ကိုးရာကိုးဆယ်ကိုးယွမ်စီ အပ်လိုက်မယ်။ ဒါကလည်း အာမခံချက်တစ်ခုပဲလေ၊ အမေတို့ သားတို့ သမီးတို့ကော ဘယ်လိုမြင်လဲ"
အဘွားကြီးကျောက်မှာ ဆွံ့အသွားပြီး
"ငါ... ငါ့မှာလည်း... ငါလည်း ရမှာလား"
သူမ မယုံနိုင်လောက်အောင် ဖြစ်သွားရ၏။ သူမသည် ချန်ချင်းယွီကို သရဲ မြင်တွေ့လိုက်ရသည့်အလား အံ့ဩမှင်သက်စွာ ကြည့်နေမိသည်။
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"အမေ့မှာလည်း ပါတာပေါ့"
"အမေက ဒီတစ်ခေါက် အစအဆုံး အဖော်လုပ်ပြီး ကျွန်မနဲ့အတူတူ ကူလုပ်ပေးတာပဲလေ။ ဒီပိုက်ဆံကို အမေ့အတွက် အာမခံချက်တစ်ခုအနေနဲ့ ပေးတာပါ"
"အမလေး ဘုရားရေ။"
အဘွားကြီးကျောက်သည် ပါးစပ်ကိုပိတ်ကာ တရှုံ့ရှုံ့ ငိုကြွေးလေတော့သည်။
"ညည်း... ညည်းက... ညည်းက ဘာလို့ ဒီလောက်တောင် သဘောကောင်းရတာလဲ။ ငါ တကယ် မထင်ထားဘူး၊ တကယ်ကို မထင်ထားမိပါဘူး။ အီးဟီး... ညည်း... ညည်း... ချွေးမရေ၊ ညည်း တကယ်ကို ကောင်းလွန်းပါတယ်"
သူမ ရင်ထဲတွင် တကယ်ကို အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားရ၏။
ဒါက ပိုက်ဆံလေ၊ တကယ့် လက်ငင်းငွေအစစ်အမှန်ကြီး မဟုတ်ပါလား…
"ညည်း... ညည်း တကယ်ပဲ ငါ့ကို ပေးတာလား"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"အမေက မလိုချင်ဘူးဆိုရင်လည်း ကျွန်မ ပြန်သိမ်းလိုက်မယ်လေ"
"လိုချင်တယ်၊ လိုချင်တာပေါ့"
အဘွားကြီးကျောက်
ဘယ်လိုလုပ် ငြင်းပယ်မှာလဲ… သူမက လူအမှ မဟုတ်တာ..။
သူမ အလောတကြီးဖြင့် ချက်ချင်းပင် လှမ်းပြောလိုက်သည်။
"ငါ လိုချင်တယ်၊ တကယ် လိုချင်တာပေါ့"
သူမ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်
"ငါ တကယ် မထင်ထားမိလို့ပါ..."
ချန်ချင်းယွီ : "အမေ လက်ခံပြီးရင်လည်း အလုပ်ကို သေချာဆက်လုပ်ပေးပေါ့နော်။ ဒါပေမဲ့ ဒီတစ်ကြိမ်ပဲ ရမယ်နော်၊ နောက်ဆို အမေ အလုပ်ကူလုပ်တိုင်း ကျွန်မက ဒီလိုပေးနေမယ်လို့တော့ အိပ်မက်မက်မနေနဲ့ဦး။ အမေ ကျွန်မကို အသိအမှတ်ပြုလက်ခံဖြတ်ပိုင်း တစ်စောင် ရေးပေးရမယ်၊ 'လုပ်ကျွေးပြုစုစရိတ်' လို့ ရေးပေးပါ"
"ရတယ်၊ ရတယ်၊ ရရတယ်၊ ငါ သိတယ်၊ ငါ နားလည်ပါတယ်။ ဒီကိစ္စကို ငါ အသိဆုံးပဲ၊ ညည်း စိတ်သာချ။ ငါ ဒီအိမ်ထောင်စုအတွက် ရှိတဲ့အင်အားကုန် သေသည်အထိ လုပ်ကျွေးပြုစုသွားပါ့မယ်။ ငါ သေချာပေါက် အစွမ်းကုန် ကြိုးစားပြပါ့မယ်၊ ငါ သေချာပေါက်..."
ချန်ချင်းယွီ : "တော်ပါပြီ၊ တော်ပါပြီ၊ ဆက်မပြောပါနဲ့တော့။ နောက်ရက်အနည်းငယ်လောက် စောင့်ဦးပေါ့၊ ကျွန်မတို့ ဘဏ်တစ်ခုတည်းမှာ အတူတူမအပ်ဘဲ ဘဏ်လေးခု ခွဲပြီး အပ်ကြတာပေါ့"
"အေးအေး၊ အဆင်ပြေတယ်"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမမှာလည်း နောက်ဆုံးတွင် အံ့ဩနေရာမှ သတိပြန်ဝင်လာကြပြီး
"မေမေ၊ သားတို့ သမီးတို့မှာလည်း ရှိတာလား"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"ရှိတာပေါ့၊ ခွဲပြီး အပ်ထားတာက ပိုပြီး စိတ်ချရတယ်လေ။ ဒါပေမဲ့ ရှိတယ်ဆိုပေမဲ့လည်း ဘဏ်စာအုပ်ကို မေမေ့ဆီမှာပဲ ထားမယ်၊ လျှောက်ဖြုန်းဖို့တော့ မစဉ်းစားကြနဲ့ဦး။ ပိုက်ဆံက သားတို့ သမီးတို့ နာမည်နဲ့ ဆိုပေမဲ့ ခွင့်ပြုချက်မရှိဘဲ လုံးဝ မသုံးရဘူးနော်။ သားတို့ နည်းနည်း ပိုကြီးလာတဲ့အခါကျမှ မေမေက ဘဏ်စာအုပ်ကို ပြန်ပေးမယ်"
"ဟင်။ ဪ... ဟုတ်ကဲ့ပါ မေမေ"
ကိုးထောင်ကိုးရာကိုးဆယ်ကိုးယွမ်...
သူတို့ မောင်နှမနှစ်ဦး စိတ်ကူးပင် မယဉ်ရဲသော ပမာဏ ဖြစ်သည်။
ကလေးတွေရဲ့ မုန့်ဖိုးဆိုတာ ပြားဂဏန်း၊ ယွမ်ဂဏန်းလောက် ရှိတာ မဟုတ်လား…
ရှောင်ကျား : "ဒါဆိုရင် သားလက်ထဲမှာ တစ်ယွမ်ပဲ ရှိရင်တောင် သားက သောင်းစုရှင် ဖြစ်သွားတာပေါ့ ဟုတ်လား"
ချန်ချင်းယွီ : "ဟင်။ နင် မပြောရင် သတိတောင်မထားမိဘူး၊ ဟုတ်သားပဲ"
ရှောင်ကျား : "........."
ရှောင်ယွမ် လက်ကလေးနှစ်ဖက်ကို ပွတ်သပ်ရင်း
"ဒါဆို တကယ်ကို အမိုက်စားကြီးပဲ။ သမီးက ဒီလောက်တောင် ချမ်းသာသွားတာလား"
ချန်ချင်းယွီ ရယ်မောလိုက်ပြီး
"ဟုတ်တယ်၊ သားတို့ သမီးတို့က အတော်လေး ချမ်းသာသွားပြီ။ ဒါပေမဲ့ အပြင်သွားရင်တော့ ပိုပြီး မပြောမိစေနဲ့ဦးနော်။ သားတို့ သမီးတို့က မေမေ့ဘေးမှာ အမြဲရှိနေပြီး အခြေအနေကို နားလည်တတ်တဲ့ ကလေးတွေပဲ၊ တို့အိမ်က ဘယ်လိုအခြေအနေလဲဆိုတာ သိတယ်မဟုတ်လား။ တို့တွေက ရဲရဲဝံ့ဝံ့ နေနိုင်ပေမဲ့ စည်းမဲ့ကမ်းမဲ့တော့ ကြွားဝါလို့ မရဘူးလေ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အမြဲတမ်း ချန်ချင်းယွီ၏ ဘေးနားတွင် နေထိုင်ကာ သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သဖြင့် သူမနှင့် အလွန် တူညီကြပြီး အကြောင်းအရာများစွာကိုလည်း နားလည် သဘောပေါက်ကြ၏။
ဤကဲ့သို့သော အရာများကို အထူးတလည် သင်ကြားပေးရန် မလိုဘဲ ချန်ချင်းယွီ အလုပ်လုပ်နေစဉ် တိုးတိုးတိတ်တိတ် ပြောဆိုပြလေ့ရှိရာမှ အချိန်ကြာလာသည်နှင့်အမျှ ကလေးများမှာလည်း အလိုလို ပျိုးထောင်မိလျက်သား ဖြစ်ကာ အများကြီး နားလည်လာကြခြင်း ဖြစ်သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ခေါင်းညိတ်ပြကာ
"မေမေ စိတ်ချပါ၊ သားတို့ နားလည်ပါတယ်၊ အပြင်မှာ လျှောက်မပြောပါဘူး"
ချန်ချင်းယွီ : "ဒါဆိုရင် တော်ပါပြီ"
"ဒီတစ်လော တို့တွေ အရမ်းအလုပ်များသွားတယ်။ သားတို့ ခဏလောက် စောင့်ဦးနော်၊ ခန့်မှန်းခြေ အများဆုံး အချိန် နှစ်ပတ်လောက်ဆိုရင် ပစ္စည်းတွေ အကုန်ရောင်းကုန်တော့မှာ။ အဲဒီကျရင် အချိန်ရပြီဆိုတော့ သားတို့ကို ပစ္စည်းဝယ်ဖို့ ခေါ်သွားမယ်"
"ဟုတ်ကဲ့။"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ဝမ်းသာအားရဖြင့် အခန်းထဲသို့ ပြန်ဝင်သွားကြသည်။
သို့သော် မကြာမီမှာပင် ရှောင်ယွမ်
ပြန်ပြေးထွက်လာပြီး
"မေမေ၊ မကြာခင် နွေရာသီကျောင်းပိတ်ရက် ရောက်တော့မယ်။ သမီးအတန်းထဲက သူငယ်ချင်းတစ်ယောက်က ကလေးများ ဘက်စုံသင်တန်းမှာ သွားပြီး ဆယ်လိုတီးတာ သင်မလို့တဲ့၊ သမီးလည်း သွားသင်ချင်တယ်၊ ရမလားဟင်"
ချန်ချင်းယွီ : "ရတာပေါ့၊ သမီးအစ်ကိုကော သွားမှာလား"
"သမီးသွားရင် အစ်ကိုကလည်း သေချာပေါက် လိုက်မှာပဲလေ။"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"ကောင်းပြီ၊ သားတို့ သမီးတို့ ဘာသင်ချင်လဲဆိုတာ မေမေ့ကိုသာ ပြော၊ အကုန်လုံး သဘောတူတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ သင်ပြီဆိုမှတော့ လမ်းတစ်ဝက်နဲ့တင် လက်လျှော့တာမျိုး လုံးဝမလုပ်ရဘူးနော်၊ သိလား"
"သိပါတယ်ရှင့်။"
ရှောင်ယွမ် ကဆုန်စိုင်းကာ ပြန်ပြေးသွားပြီး မိမိအခန်းသို့ မသွားဘဲ အစ်ကိုဖြစ်သူ၏ အခန်းသို့ သွားကာ ကလေးနှစ်ဦး တီးတိုးတီးတိုးဖြင့် တိုင်ပင်နေကြတော့သည်။ အမြွှာကလေးများ၏ သဘာဝမှာ ထိုသို့ပင် ဖြစ်တတ်ပြီး... အင်း... အမြွှာမဟုတ်လျှင်ပင် အသက်အရွယ် နီးစပ်ပါက ဤကဲ့သို့သော ကိစ္စရပ်များမှာ မလွဲမသွေ ရှိတတ်ကြသည်သာ ဖြစ်၏။
ကလေးဆိုသည်မှာ အခြားသူတစ်ဦး လိုချင်လျှင် မိမိလည်း မရရအောင် လိုချင်တတ်ပြီး၊ သူသင်လျှင် မိမိလည်း မဖြစ်ဖြစ်အောင် သင်ချင်တတ်ကြသည်သာ။
ချန်ချင်းယွီ ကလေးနှစ်ဦးကို ပြန်လွှတ်လိုက်ပြီးနောက် အချိန်ကို ကြည့်လိုက်ရာ ဆယ်နာရီထိုးလုနီးပါး ဖြစ်နေပြီဖြစ်သဖြင့်
"ရှောင်ကျား၊ ရှောင်ယွမ်... မင်းတို့ အမြန်သွားအိပ်ကြတော့၊ မနက်ဖြန် ကျောင်းသွားရဦးမယ်"
"သိပါပြီ"
မကြာသေးမီအတွင်း ၎င်းတို့ ယောက္ခမနှင့် ချွေးမနှစ်ဦးစလုံး အလွန် အလုပ်များနေကြပြီး အိမ်ပြန်ရောက်ချိန်လည်း နောက်ကျသဖြင့် တီဗီကြည့်သည့် အစီအစဉ်များနှင့်လည်း အလှမ်းဝေးနေ၏။
၎င်းတို့ ဆိုင်ပိတ်ပြီး ပြန်လာချိန်တွင် တီဗီအစီအစဉ်များပင် ပြီးဆုံးသွားပြီ ဖြစ်သည်။
အဘွားကြီးကျောက် : "အမလေး... တကယ်ကို ပင်ပန်းလိုက်တာ၊ ညည်းလည်း စောစောအိပ်တော့နော်၊ မနက်ဖြန်လည်း ဆိုင်ထွက်ရဦးမှာ... ဪ... ဒါနဲ့ မနက်ဖြန် ညည်း ဆိုင်သွားဖွင့်ရင် သတိထားဦးနော်။ အဲဒီဘက်ကို သွားတဲ့ လမ်းဘေးက သစ်ပင်ကြီးတစ်ပင်ရဲ့ ကွေ့နားမှာ၊သစ်ပင်ပေါ်မှာ ပျားအုံတစ်ခု ရှိတယ်။ ငါ ဒီနေ့ညနေ ပစ္စည်းလာယူတုန်းက တွေ့ခဲ့တာ၊ လူကို ထိတ်ခနဲ ဖြစ်သွားတာပဲ။ ညည်း သတိထားဦး၊ အဲဒီကောင်တွေ ပြုတ်ကျလာရင် လူကို တုပ်တတ်တယ်"
ချန်ချင်းယွီ : "ပျားအုံလား။ နဂျီအုံလားရှင့်"
"နဂျီအုံတော့ မဟုတ်ပါဘူး၊ သာမန် ပျားအုံပါပဲ။ ဒါပေမဲ့ သာမန်ကောင်ဆိုပေမဲ့ အတုပ်ခံရရင်လည်း နာတာပဲ မဟုတ်လား။"
ချန်ချင်းယွီ၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားပြီး
"ကောင်းပါပြီ၊ ကျွန်မ သိပါပြီရှင့်"
သူမသည် အိမ်အမိုးပေါ်မှ မိမိ၏ အသုံးအဆောင် ပစ္စည်းများကို အမြန်ပင် ထုတ်ယူလိုက်ပြီး
"ဒါဆိုရင်... ကျွန်မ ဒီနေ့ည သရဲအယောင်ဆောင်ပြီး ချန်ရိကျွင်းကို သွားခြောက်လိုက်ဦးမယ်"
အဘွားကြီးကျောက် : “……”
"ညည်းက ဘာလို့ ရုတ်တရက်ကြီး ဒီကိစ္စကို ထပြောရတာလဲ။ အာ... ညည်း တစ်နေ့လုံး အလုပ်လုပ်ထားတာနော်၊ မပင်ပန်းဘူးလား။ ညည်းက အစားအသောက်စားလို့ အားရှိတာ မှန်ပေမဲ့ စက်ရုပ်မှ မဟုတ်တာ"
ချန်ချင်းယွီ : "ကျွန်မ အဆင်ပြေပါတယ်ရှင့်၊ ပင်ပန်းတာတော့ ရှိပေမဲ့ ဘာမှ အနှောင့်အယှက် မဖြစ်ပါဘူး"
အဘွားကြီးကျောက် : "..."
မိမိ၏ ဤချွေးမသည် တကယ်ကို မည်မျှအထိ စွမ်းဆောင်နိုင်ရည် ရှိသနည်း။
မပြစ်မှားရဲစရာ၊ မပြစ်မှားရဲစရာပဲ…။
သူမ လေသံအေးလေးဖြင့် ချော့မော့၍
"မကြာသေးခင်ကတည်းက ညည်း စျေးခင်းနေတာ အတော်လေး ပင်ပန်းနေပြီပဲဥစ္စာ။ အခုလောလောဆယ် ခဏလောက် အနားယူလိုက်ပါဦး၊ ဒီတစ်သုတ် ကိစ္စတွေ ပြတ်သွားမှပဲ ချန်ရိကျွင်းကို သွားရှာတော့လေ။ ဘာပဲဖြစ်ဖြစ် သူက ထွက်ပြေးလို့ရတာမှ မဟုတ်တာ၊ ဒီကောင်က ကိုယ့်ဘာကိုယ် ခြောက်လှန့်ပြီးတော့တင် အတော်လေး ကယောင်ကတမ်း ဖြစ်နေတာပဲကို"
အင်း... မပြောဘဲ မနေနိုင်အောင်ပင်။
ချန်ချင်းယွီ ဤကဲ့သို့ ဇောက်ထိုးမိုးမျှော် လုပ်တတ်သည့်အချက်တွင် သူမ၏ ဖခင်ယုတ် ချန်ရိကျွင်းနှင့် အတော်လေး ဆင်တူလှပြီး နှစ်ဦးစလုံးမှာ အလွန် ဆူညံပွက်လောရိုက်အောင် လုပ်တတ်ကြသည်။
ချန်ချင်းယွီ : "နောက်ရက်အနည်းငယ်ကြာလို့ အဲဒီပျားအုံမရှိတော့ရင် ဘယ်လိုလုပ်မလဲရှင့်"
အဘွားကြီးကျောက် ရုတ်တရက် သတိဝင်လာပြီး
"အမလေး ဘုရား ဘုရား၊ ညည်းက သူတို့အိမ်ထဲကို ပျားအုံနဲ့ ပစ်ပေါက်မလို့လား"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"ဟုတ်တယ်၊ နဂျီကောင်လည်း မဟုတ်တော့ လူသေစေနိုင်တာမှ မဟုတ်တာ။ ကျွန်မက သူတို့ကို သက်သက် ဒုက္ခပေးချင်ရုံတင်ပါ"
"ဒါဆို ညည်း... ညည်း..."
ချန်ချင်းယွီ ; "ကျွန်မ အကာအကွယ်တွေ အပြည့်အစုံ ဝတ်သွားမှာပါ၊ စိတ်ချပါရှင်"
အဘွားကြီးကျောက် : "မဟုတ်ဘူးလေ၊ ညည်းက တကယ်ပဲ... ငါ တကယ် စိတ်ပူလို့ပါအေ၊ ပျားတုပ်ခံရမှာ စိုးလို့"
ချန်ချင်းယွီ : "ကျွန်မ ဆာလာအိတ်နဲ့ စွပ်ထားမှာလေ၊ ပြီးတော့ လက်အိတ်လည်း စွပ်ထားမှာဆိုတော့ သေချာပေါက် ဂရုစိုက်မှာပါ"
"ဒါဆိုရင်လည်း သတိထားဦးနော်၊ ရဲတွေ ဘာတွေနဲ့ မတိုးမိစေနဲ့"
အဘွားကြီးကျောက် တိုးတိုးလေး မှာကြားရှာ၏။
ဤသို့ သရဲတစ္ဆေယောင်ဆောင်ခြင်းသည် လူကို အသက်အန္တရာယ် မပြုနိုင်ဟု ဆိုသော်လည်း အမြဲတမ်း ပြဿနာရှာနေ၍ အဖမ်းခံရပါက မကောင်းပေ။
ချန်ချင်းယွီ : "ကျွန်မ သိပါတယ်ရှင့်"
ခေတ္တမျှ ကြာပြီးနောက်တွင်မူ ချန်ချင်းယွီသည် အသံတစ်ချက်မျှ မထွက်စေဘဲ အိမ်ပြင်သို့ တိုးတိုးတိတ်တိတ် ထွက်ခွာလာခဲ့သည်။ ညဉ့်နက်သန်းခေါင်ယံ အချိန်ဖြစ်သဖြင့် လမ်းမပေါ်တွင် လူတစ်ဦးတစ်ယောက်မျှ မရှိဘဲ နွေရာသီ၏ ညတာမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ချန်ချင်းယွီသည် ပျားအုံရှိရာသို့ တန်းတန်းမတ်မတ် သွားရောက်ကာ ပျားအုံကို သတိကြီးစွာဖြင့် ဖြုတ်လိုက်သည်။ မိမိကိုယ်ကိုယ် ဘေးကင်းလုံခြုံကြောင်း သေချာစေပြီးမှ အိတ်ဖြင့် သေချာထုပ်ပိုးကာ ချန်တို့အိမ်ရာဘက်သို့ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့၏။
ပြီးခဲ့သည့်အကြိမ် သရဲအယောင်ဆောင် ခြောက်လှန့်ခဲ့သည်မှာ တစ်လကျော်ခန့် ရှိပြီဖြစ်ရာ ဤနေရာတွင် လူများ စောင့်ဆိုင်းနေဦးမည်ဟု ချန်ချင်းယွီ မထင်ပေ။
ထို့အပြင် ယနေ့သည် မိုးရွာသောနေ့လည်း မဟုတ်သလို၊ လဆန်း လကွယ်ရက်များလည်း မဟုတ်ချေ။
ထူးခြားသော ရက်မဟုတ်သည့်အပြင် အချိန်အတိုင်းအတာတစ်ခုထိလည်း ကွာခြားသွားပြီ ဖြစ်သည်။
မိမိ ရွေးချယ်လိုက်သော ရက်အပေါ် သူမ အတော်လေး စိတ်ချလက်ချ ရှိနေ၏။ သို့သော်လည်း ထိုသို့ဖြစ်ပါသော်ငြား ချန်ချင်းယွီ ရောက်ရှိသွားချိန်တွင် ပတ်ဝန်းကျင်ကို ခေတ္တမျှ စူးစမ်းကြည့်ရှုပြီး မည်သူမျှမရှိကြောင်း သေချာအောင် ပြုလုပ်လိုက်သေးသည်။
ဟုတ်ပေသည်၊ မည်မျှကြီးမားသော အမှုကြီးဖြစ်ပါစေ တစ်လကျော်၊ အာ... တစ်လကျော်တင် ဘယ်ကမလဲ၊ နှစ်လနီးပါးအထိ ဘယ်သူက လာပြီး စောင့်ဆိုင်းနေပါဦးမည်နည်း။
သရဲခြောက်သည့် ကိစ္စမှာ ကြီးမားသော နောက်ဆက်တွဲ ဆိုးကျိုးကိုလည်း မဖြစ်ပေါ်စေခဲ့ရာ ဆက်တိုက် စောင့်ကြည့်နေရန် မဖြစ်နိုင်ချေ။
ချန်ချင်းယွီ စိတ်အေးသွားပြီးနောက် အုတ်တံတိုင်းပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် တွားတက်ကာ နံရံပေါ်သို့ ရောက်ရှိသွားသည်။ ဟူး... ဟူး... ချန်ချင်းယွီသည် ပျားအုံကြီးကို ထမ်းပိုးထားရပြီး ဤပျားအုံမှာ အတော်လေး ကြီးမားလှ၏။ ချန်ချင်းယွီသည် လေးထပ်မြောက်သို့ ရောက်ရှိသွားချိန်တွင် သတ္တိကို မွေးမြူကာ စူးရှတုန်ရီသော အသံကြီးဖြင့် အော်ဟစ်လိုက်လေတော့သည်။
"ချန်ရိကျွင်း၊ ငါ့အသက်ကို ပြန်ပေးခိုင်းတယ်~~~"
ခွမ်း ခွမ်း ခွမ်း။
ဝုန်း ဂျိမ်း။
မှန်ပြတင်းပေါက်အချို့ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွား၏။
ချန်ချင်းယွီ မိမိကိုယ်ကိုယ် သရဲအယောင်ဆောင်သည့် ကိစ္စတွင် ချန်တို့အိမ်ရှိ မှန်ပြတင်းပေါက်များသာ အဆုံးရှုံးဆုံး ဖြစ်ရသည်ဟု တွေးမိသည်။
သို့သော် ယနေ့တွင်မူ သူတို့အိမ်မှာ ပြတင်းပေါက် လိုက်ကာများကို ပိတ်ဆို့ထားကြ၏။
"ချန်ရိကျွင်း၊ ငါ့အသက်ကို ပြန်ပေးခိုင်းတယ်..."
သူမသည် မှန်ကို ခွဲလိုက်ပြီးနောက် လိုက်ကာကို ဆွဲလှန်ကာ အတွင်းသို့ ကြည့်လိုက်ရာ…"ဟား..."
သောက်ကျိုးနည်း…
အခန်းတွင်း နေရာအနှံ့အပြားတွင် အဝါရောင်အင်းစက္ကူများ ကပ်ထားကြပြီး လင်မယားနှစ်ဦးမှာလည်း အတော်လေး လုပ်ဆောင်ထားကြပုံရကာ မျက်နှာပေါ်တွင် အနီရောင်များ သုတ်လိမ်းထားကြသည်။
ကြက်သွေးလား၊ ဟင်္သာပြဒါးလား၊ ဒါမှမဟုတ် ခွေးနက်သွေးလား… နင့်မေကလွှားပဲ…။
သို့သော် ဤမျှအထိ ဆူညံသံကြီး ထွက်ပေါ်လာသော်လည်း ၎င်းတို့လင်မယားနှစ်ဦးမှာ ထထွက်ရန် လုံးဝမဝံ့ရဲကြဘဲ တစ်ဦးကိုတစ်ဦး ဖက်တွဲကာ တဆတ်ဆတ် တုန်ရင်နေကြသည်။
"ကျွန်တော့်ကို လွှတ်ပေးပါ၊ တောင်းပန်ပါတယ်၊ ကျွန်တော့်ကို လွှတ်ပေးပါဗျာ။ ကျွန်တော် မှားမှန်းသိပါပြီ၊ ကျွန်တော့်ကို ထပ်မရှာပါနဲ့တော့၊ ထပ်မရှာပါနဲ့တော့နော်..."
"ကျွန်မ မှားပါပြီ၊ ရှင့်အတွက် အမွှေးတိုင်တွေ ထွန်းပေးပါ့မယ်၊ ကန်တော့ပန်ဆင်ပါ့မယ်၊ ကျွန်မတို့ကို လွှတ်ပေးပါတော့၊ သွားပါတော့၊ သွားပြီး လူပြန်ဖြစ်ပါတော့..."
"ကျွန်တော် မင်းအပေါ် ပြစ်မှားခဲ့မိတာ သိပါတယ်၊ မင်းကို သေအောင် လုပ်ခဲ့မိတာ သိပါတယ်၊ တောင်းပန်ပါတယ်၊ အရင်က သံယောဇဉ်တွေကို ထောက်ထားပြီး ကျွန်တော့်ကို လွှတ်ပေးပါဗျာ... နောက်ဘဝကျရင် မင်းအတွက် ကျွဲလို နွားလို လုပ်ကျွေးပါ့မယ်..."
ချန်ချင်းယွီ အချိန်ဆွဲရန် မဝံ့ရဲသဖြင့် မိမိကိုင်ဆောင်ထားသော အိတ်ကို အတွင်းသို့ လှမ်း၍ ပစ်ပေါက်လိုက်ရာ ပျားအုံသည် ဘုန်းခနဲ ပြုတ်ကျသွားပြီး ပျားကောင်များမှာ ဝူးဝူးဝါးဝါးဖြင့် ပျံသန်းထွက်လာကြတော့သည်။ ချန်ချင်းယွီ အိတ်ကို ဆွဲယူကာ ရေပိုက်လိုင်းအတိုင်း အောက်သို့ အမြန်ပင် ပြန်လည် ဆင်းသက်ခဲ့၏။
ဤတစ်ကြိမ်တွင် သူမသည် အချိန်ဆွဲမနေဘဲ အမြန်အဆန် ပြီးပြတ်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယနေ့တွင် မိုးမရွာသဖြင့် လမ်းမျက်နှာပြင်မှာ မချောလှသောကြောင့် သူမအတွက် ပိုမို အဆင်ပြေချောမွေ့ကာ ပိုမိုမြန်ဆန်စွာ ဆုတ်ခွါနိုင်ခဲ့၏။
မကြာသေးမီ၌ ရာသီဥတု အလွန်ကောင်းမွန်နေသဖြင့် အခြားသူများ မြင်တွေ့သွားမည်ကို စိုးရိမ်သောကြောင့် အမြန်အဆန် ပြီးပြတ်အောင် လုပ်ဆောင်ရခြင်း ဖြစ်သည်။
ချန်ချင်းယွီ ချက်ချင်း ဆုတ်ခွာသွားချိန်တွင် ချန်ရိကျွင်း၏ အော်ဟစ်ညည်းတွားသံကြီး ထွက်ပေါ်လာ၏။
"အား... အား... အား... အား။ ဘာကောင်တွေလဲ၊ ငါ့ကို မကိုက်နဲ့။ အား... အား... အား။"
မှန်ခွဲခံရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
သရဲခြောက်သည်ဆိုခြင်းမှာလည်း လူတိုင်း သိရှိထားပြီးသား ဖြစ်သည်။
ယနေ့တွင် အကြီးအကျယ် ဆူညံခြင်းမရှိဟု ဆိုနိုင်သော်လည်း အသံထွက်လာသည်နှင့်တစ်ပြိုင်နက် လူအများက ချက်ချင်းပင် တုံ့ပြန်လာကြတော့၏။
"တောက်... တောက်... သရဲ ထပ်ခြောက်ပြန်ပြီဟေ့"
"အား... အား... အား။ ဒီနေရာမှာ နေလို့ မရတော့ဘူး။ ချန်ရိကျွင်း ကောင်စုတ်ပဲ"
"ဒီအကုသိုလ်ကောင်က ပြဿနာပဲ ရှာတတ်ပြီး မဖြေရှင်းတတ်ဘူး။ အခုတော့ ကောင်းကြသေးရဲ့လား၊ တို့တွေရဲ့ ဒီတိုက်ကြီးတစ်ခုလုံး သရဲမ ခြောက်လှန့်တာ ခံနေရပြီ..."
……
လူအများ ဝိုင်းဝန်းပြောဆို ငြင်းခုံနေကြသော်လည်း အမှန်တကယ်တွင်မူ အစပိုင်းထက် သတ္တိ အနည်းငယ် ပိုကောင်းလာကြသည်။
မြင်တွေ့ရဖန် များလာပြီ မဟုတ်ပါလား…
၎င်းတို့ထက် "အမြင်ကျယ် အကြားရင့်" ရှိသူ မည်သူ ရှိပါဦးမည်နည်း။
အိမ်ထောင်စုအသီးသီး အပြင်ထွက်၍ မကြည့်ရဲကြသော်လည်း အိမ်ထဲမှနေ၍ တိုးတိုးတိတ်တိတ် စကားဆိုနေကြ၏။
သို့သော် ယနေ့တွင် သရဲမသည် အလာမြန်သလို အသွားလည်း မြန်လှရာ ချန်ရိကျွင်းတို့ လင်မယား၏ အော်ဟစ်ညည်းတွားသံများသာ မစဲတမ်း ထွက်ပေါ်နေတော့သည် ။
"ငါ့ကိုမကိုက်နဲ့၊ ဘာကောင်တွေ ကိုက်နေတာလဲ၊ ကယ်ကြပါဦး၊ အမြန်ကယ်ကြပါဦး..."
"အား... အား... ကျွန်တော့်ကို လွှတ်ပေးပါတော့။ ကောင်းကင်ကြီးနဲ့ မြေကြီးရေ... ကျွန်တော် မှားပါပြီ၊ တကယ် မှားမှန်း သိပါပြီဗျာ။ မကိုက်ကြပါနဲ့တော့။ အား... အား... အား... ကျွန်တော် သေတော့မယ်..."
အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
ယွီမေကျွမ်းနှင့် ချန်ဒုတိယတို့မှာ မိမိတို့၏ အခန်းအသီးသီးတွင် ကပ်၍ တဆတ်ဆတ် တုန်ရင်နေကြပြီး အပြင်သို့ မထွက်ရဲကြချေ။
မိမိတို့မှာ သာမန်လူများသာ ဖြစ်ကြသဖြင့် သရဲတစ္ဆေနှင့် မည်သို့မျှ မရင်ဆိုင်ရဲကြချေ။
မထွက်ဘူး၊ ရိုက်သတ်ရင်တောင် လုံးဝ ထွက်မလာဘူး…
"ကယ်ကြပါဦးရှင်။"
"ဘယ်သူရှိလဲ... လာကယ်ကြပါဦး၊ ကျွန်မတို့ကို မကိုက်ပါနဲ့တော့။"
……
လင်မယားနှစ်ဦး၏ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ အကယ်၍ သာမန်အချိန်တွင်ဆိုပါက ၎င်းတို့အနေဖြင့် ပျားကောင်များဖြစ်ကြောင်း ချက်ချင်း ရိပ်မိနိုင်သော်လည်း ယခုအခါ သရဲခြောက်နေသည်ဟု သတ်မှတ်ထားကြသည် မဟုတ်ပါလော့။ လင်မယားနှစ်ဦးစလုံး ကြောက်ရွံ့စိတ်တစ်ခုတည်းဖြင့်သာ ပြည့်နှက်နေပြီး သရဲမ ပြုစားနေခြင်း ဖြစ်သည်ဟုသာ ထင်မှတ်နေကြသဖြင့် ဦးနှောက် အလုပ်မလုပ်တော့ဘဲ ပျားကောင်များ ဖြစ်လိမ့်မည်ဟု လုံးဝ မတွေးမိကြချေ။
ဒုန်း ဒုန်း ဒုန်း။
တံခါးခေါက်သံ ပြင်းပြင်းထွက်ပေါ်လာ၏။
"တံခါးဖွင့်စမ်း၊ တံခါးဖွင့်။"
ကောင်းပါပြီ… အပေါ်ထပ်က စစ်ပြန်ကြီးပါပဲ…
သူသည် လူအနည်းငယ်ကို ခေါ်ဆောင်ကာ ကူညီရန် ရောက်ရှိလာခြင်း ဖြစ်သည်။
ယွီမေကျွမ်းသည် တုန်တုန်ရင်ရင်ဖြင့် ထွက်၍ တံခါးဖွင့်ပေးပြီး အလွန် ကြောက်ရွံ့နေသည့် အသံဖြင့်
“ကျွန်မ အထဲဝင်မကြည့်ရဲဘူး၊ သူတို့ အခန်းထဲမှာ အော်နေကြတယ်"
လူအများက သတ္တိမွေး၍ အတူတူ တံခါးကို ဖွင့်လိုက်ကြရာ
"တောက်။"
"အမလေး ဘုရားရေ... ဘာလို့ ပျားတွေ ဒီလောက်တောင် များနေရတာလဲ"
"အမြန်ပိတ်၊ အမြန်ပြန်ပိတ်၊ ဒီကောင်တွေက လူကို တုပ်တတ်တယ်..."
"ချန်ရိကျွင်းတို့ လင်မယားကော..."
"ဒါ ဘယ်လိုလုပ်ကြမလဲ..."
အခြေအနေတစ်ခုလုံး ရှုပ်ထွေးပွက်လောရိုက်သွားခဲ့၏။ ယခုတစ်ခေါက် ပျားကောင်များမှာ ပြီးခဲ့သည့်အကြိမ် မြွေများကဲ့သို့ လွယ်လွယ်ကူကူ ရှင်းလင်း၍ မရချေ။ အားလုံး ဝိုင်းဝန်းလုပ်ဆောင်ပြီး ၎င်းတို့ကို အပြင်သို့ ဆွဲထုတ်လာချိန်တွင် လင်မယားနှစ်ဦးစလုံး ပျားတုပ်ခံထားရသဖြင့် အလွန် သနားစရာကောင်းလှသော အခြေအနေ ဖြစ်နေပြီဖြစ်သည်။
ပြောနေရန်ပင် မလိုတော့ပေ…ဆေးရုံသို့သာ ပို့ဆောင်ရတော့မည်။
အင်း... ဆေးရုံ ထပ်ပို့ရပြန်ပြီပေါ့။
ချန်ချင်းယွီ နေ့ခင်းဘက်တွင် ထိုမျှအထိ အလုပ်များနေသော်လည်း ညဘက်တွင် ပြဿနာရှာနိုင်သေးသဖြင့် တကယ်ကို အင်အားပြည့်ဝသူတစ်ဦး ဖြစ်ကြောင်း သက်သေပြနေ၏။
ဒုတိယမြောက်နေ့တွင် ထုံးစံအတိုင်း ဆိုင်ထွက်ခဲ့ပြီး အလုပ်အလွန် ဖြစ်ထွန်းနေဆဲပင်။
သူမအနေဖြင့် ဤပျားအုံကို လက်လွတ်မခံချင်သည့်အတွက် လုပ်ဆောင်လိုက်ခြင်းမှာ မိမိကိုယ်ကိုယ် နောက်ထပ် ဘေးကင်းလုံခြုံရေး အကာအကွယ်တစ်ခု ပြုလုပ်လိုက်သလို ဖြစ်သွားသည်ကိုမူ မသိရှိပေ။ ရဲတပ်ဖွဲ့ဘက်တွင်မူ သူမအပေါ် မသင်္ကာစိတ် လုံးဝမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် နေ့ခင်းဘက်တွင် ဆိုင်ထွက်ပြီး ညကိုးနာရီ၊ ဆယ်နာရီအထိ တစ်နေ့ပတ်လုံး မနားတမ်း အလုပ်လုပ်နေရသူတစ်ဦးမှာ ညဉ့်နက်သန်းခေါင်ယံတွင် သရဲအယောင်ဆောင် ခြောက်လှန့်နိုင်ဦးမည်ဆိုသည်ကို မည်သူမျှ ယုံကြည်နိုင်မည် မဟုတ်ပေ။
သူမသည် တစ်ရက်တည်း လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ ဤတစ်လကျော်လုံးလုံး အမြဲတမ်း အလုပ်များနေခဲ့ခြင်း ဖြစ်ရာ ဤမျှအထိ ပင်ပန်းနွမ်းနယ်နေပါလျက်နှင့် ယခုကဲ့သို့ စိတ်ဓာတ်ခွန်အား ရှိနေဦးမည်ဆိုသည်မှာ တကယ်ပင် မည်သူမျှ မယုံကြည်နိုင်သောအရာ ဖြစ်သည်။
ချန်ချင်းယွီကို အမြဲတမ်း ယုံကြည်ခဲ့သော ရဲသားလေးမှာ
"တွေ့လား၊ ကျွန်တော် ပြောသားပဲ၊ သူ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး၊ သူ ဒါမျိုး လုံးဝ မလုပ်နိုင်ပါဘူး"
"ဒါလည်း ဟုတ်တာပဲ"
၎င်းတို့အထဲတွင် ချန်ချင်းယွီတို့ အိမ်အနီးအနား၌ နေထိုင်သူလည်း ပါဝင်သည့်အပြင် ချန်ချင်းယွီ လမ်းဘေးဈေးသည်လုပ်ရာမှ သတင်းစာထဲ ပါသွားသဖြင့် လူတိုင်း သူမကို အနည်းငယ် သတိပြုမိနေကြသည်။ တကယ်ပင် သူမ၏ အလုပ်ချိန်နှင့် နေ့စဉ် ပင်ပန်းလှသော အခြေအနေများကို ကြည့်လျှင် ညဘက်၌ သရဲယောင်ဆောင် ခြောက်လှန့်နိုင်သည်ဟု မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။
"ချန်ရိကျွင်းတို့အိမ်က ဒီတစ်ခေါက် တော်တော် ပြင်းထန်သွားပြီ။ ပထမအကြိမ်တုန်းက ဘာမှ မလုပ်ဘူး၊ ဒုတိယအကြိမ်ကျတော့ မြွေတွေလွှတ်တယ်၊ တတိယအကြိမ်ကျတော့ ပျားတွေ... တစ်ခေါက်ထက်တစ်ခေါက် ပိုပြီး အန္တရာယ်များလာတယ်။ စတုတ္ထအကြိမ်ကျရင် ဒီထက်ပိုပြီး ပြင်းထန်လာမှာကို ငါ တကယ် စိုးရိမ်မိတယ်"
"အာ... ဒါက..."
"တွေးကြည့်စမ်းလေ၊ အကယ်၍ ဒီကိစ္စကို သေချာ မဖြေရှင်းနိုင်ရင် နောက်တစ်ခေါက်ကျ ဘာတွေ လွှတ်ဦးမလဲ။ တကယ့် မြွေဆိုးတွေတောင် ဖြစ်လာနိုင်တာပေါ့"
"ဒါက တကယ်ပဲ လူလား၊ သရဲလား"
"ငါကတော့ သရဲရှိတယ်ဆိုတာ မယုံဘူး"
"ဒါပေမဲ့ ဒီအခြေအနေကို ကြည့်ဦးလေ..."
လူတိုင်း လမ်းစပျောက်ကာ သဲလွန်စ မရှိဘဲ ဖြစ်နေကြသည်။ ချန်ရိကျွင်းတို့ မိသားစုကိုယ်တိုင်လည်း ပြဿနာရှာတတ်ကြသဖြင့် ဤကိစ္စကို ကိုင်တွယ်ရန် မလွယ်ကူချေ။
ချန်ရိကျွင်းသည် ယခုအခါ ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေရပြီး ဘဝကို စိတ်ကုန်နေပြီဖြစ်၏။
အခြားသူများ ကြောက်ရွံ့ကြသည်ဆိုသော်လည်း သက်သက် ပွဲကြည့်ရုံသာ ဖြစ်ပြီး သူ့ခမျာ ထိုသို့မဟုတ်ချေ၊ သူသည်ကား တကယ့်ကို အငြိုးအတေး အခြောက်ခံနေရခြင်း ဖြစ်၏။ ချန်ရိကျွင်းသည် မိမိ ပြင်ဆင်ထားသော အဆောင်ပစ္စည်းများ အသုံးဝင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း တားဆီးနိုင်ခြင်း မရှိခဲ့ချေ။
"ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ"
ချန်ရိကျွင်းသည် ဂါထာမန္တန်ရွတ်ဆိုနေသကဲ့သို့ ထပ်တလဲလဲ ပြောနေမိသည်။
ဝေရှု့ဖန်းလည်း ကြောက်လွန်းသဖြင့် တဆတ်ဆတ် တုန်ရင်နေပြီး သူမအနေဖြင့် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
"ရှင်ရယ်... တို့တွေ ဘယ်လိုလုပ်ကြမလဲ။ အီးဟီး... ငါ့နှယ် ဘဝကံဆိုးလှချေကလား"
သူမ ငိုယိုကာ ပြောဆိုပြီးနောက် ရုတ်တရက် ခေါင်းမော့၍ ယွီမေကျွမ်းကို မကျေမနပ်ဖြင့် အပြစ်တင်လေတော့သည်။
"ညည်း မိတ်ဆက်ပေးတဲ့ ဆရာက လုံးဝ အသုံးမကျဘူး။ သရဲကို ကာကွယ်နိုင်တယ်ဆိုတာ ဒါလား"
ယွီမေကျွမ်း : "........."
ကျွန်မက ပိုက်ဆံရချင်လို့ လုပ်တာလေ…။ ရှင်တို့ဘာသာ တကယ်ယုံနေတာကို..။
သူမသည် မျက်လုံးကို အသာဝေ့လိုက်ပြီးမှ ဆင်ခြေပေးကာ
"အဲဒီအဆောင်က အသုံးဝင်လို့လည်း ဖြစ်နိုင်တာပဲလေ။ အသုံးဝင်လို့ပဲ သရဲမက အထဲကို မဝင်နိုင်ဘဲ ပျားတွေကိုပဲ လွှတ်နိုင်တာပေါ့။ အကယ်၍ အသုံးမဝင်ဘူးဆိုရင် အဲဒီသရဲမက အထဲကို အတင်းဝင်လာမှာ၊ အဲဒီကျရင် အမေတို့ ဘယ်လိုလုပ် ဘေးကင်းနိုင်ပါဦးမလဲ"
"ဟင်။"
ယွီမေကျွမ်း : "အမေတို့ ကိုယ့်ဘာကိုယ် တွေးကြည့်လေ ဟုတ်မဟုတ်ဆိုတာ။ ကျွန်မ မိတ်ဆက်ပေးတဲ့ ဆရာက အင်းစက္ကူ မဆွဲပေးထားရင် အခုဆို အမေတို့ အသက်တောင် ရှိတော့မှာ မဟုတ်ဘူး။ အခုတော့ သူမ အထဲမဝင်နိုင်အောင် ကာကွယ်ထားနိုင်တာတင်ပဲ အတော်လေး အစွမ်းထက်လှပါပြီ"
ဝေရှု့ဖန်း ခေတ္တမျှ စဉ်းစားကြည့်ပြီး
"အကျိုးအကြောင်း ရှိသားပဲ"
ယွီမေကျွမ်း သက်ပြင်းချနိုင်သွားကာ
"ဒါပေါ့ရှင့်"
ထို့နောက် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်
"အဖေ... ဒါဆိုရင် ချန်ချင်းယွီကို အကြောင်းကြားလိုက်ရမလား"
"မလုပ်နဲ့။"
ဝေရှု့ဖန်းနှင့် ချန်ရိကျွင်းတို့ နှစ်ဦးစလုံး အလွန် ပြင်းထန်စွာ ငြင်းဆန်ကြသည်။
ယွီမေကျွမ်း : "........."
ချန်ရိကျွင်း : "သူ့ကို လုံးဝ လာခွင့်မပြုနဲ့၊ သူက ငါ့နဲ့ ဓာတ်မတည့်ဘူး ကံဇာတာ ညှိုးနွမ်းစေတယ်”
ယခင်ဆိုလျှင် သူသည် ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်ခဲ့သော်လည်း ယခုအခါ သရဲရှိနေသည်မှာ အထင်အရှားဖြစ်ရာ ချန်ချင်းယွီသည် မိမိ၏ ဇာတာကို ညှိုးနွမ်းစေသည်ဆိုခြင်းမှာ လုံးဝ မမှားနိုင်တော့ချေ။ ဤကောင်မစုတ်နှင့် တွေ့တိုင်း သူ အမြဲတမ်း ကံဆိုးရ၏။ လုံးဝ နိမိတ်မကောင်းသည့် မိန်းကလေးပင်။
"ငါ အဲဒီကောင်မလေးနဲ့ တွေ့ရင် ကံဆိုးတာပဲ၊ နိမိတ်မကောင်းတဲ့ကောင်မပဲ၊ သူက ငါ့ဇာတာကို ဖျက်ဆီးနေတာ။ သူ့ကို လုံးဝ လာခွင့်မပြုနဲ့၊ ငါ နောက်ထပ် ရက်အနည်းငယ်လောက် ပိုပြီး အသက်ရှည်ချင်သေးတယ်"
ဒါ့အပြင်... သရဲမမှာ သူမ၏ အမေ ဖြစ်နေသဖြင့် ချန်ရိကျွင်းသည် ချန်ချင်းယွီကို တကယ်ကို မမြင်တွေ့ချင်တော့ပေ။
မြင်ရုံနှင့်တင် လူကို ကျောချမ်းစေသည်ဟု ခံစားရသည်။
ဝေရှု့ဖန်း : "ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ချန်ချင်းယွီကို အနားတောင် မကပ်ခိုင်းနဲ့။ အကယ်၍ သူ့အမေကပါ သူ့နောက်က လိုက်လာရင် ဘယ်လိုလုပ်မလဲ"
ယွီမေကျွမ်း : "..."
အမေပြောတာကလည်း တကယ်ကို ကြောက်စရာကြီး…
ဝေရှု့ဖန်း : "မဖြစ်ဘူး၊ မဖြစ်ဘူး၊ သူ့ကို လာခွင့်မပြုနဲ့၊ လုံးဝ မပြုရဘူး"
နွေရာသီ အပူကြီးထဲတွင် သူမသည် စောင်ကို ခြုံထားရင်း တရှုံ့ရှုံ့ဖြင့် ထပ်မံ ငိုကြွေးပြန်၏။
"ငါ့ဘဝကံက တကယ်ကို ဆိုးလှချေရဲ့။ ချန်ရိကျွင်း... ဒါတွေအကုန်လုံး ရှင်ကြောင့် ဖြစ်ရတာ။ ငါ ဘာလို့ ရှင့်လို လူမျိုးနဲ့ ညားခဲ့မိပါလိမ့်၊ ရှင်က ငါ့ကို ဒုက္ခပေးနေတာပဲ"
ချန်ရိကျွင်းသည်လည်း ဒေါသအလွန် ထွက်လာသော်လည်း ခန္ဓာကိုယ်မှာ အားအင်မရှိသဖြင့် အော်ရုံသာ အော်ဟစ်နိုင်၏။
"ငါကမှ ကံဆိုးမိုးမှောင်ကျတာ။ အကယ်၍ မင်းကသာ ငါ့ကို မမြှူဆွယ်ခဲ့ရင် အခုဆို ငါ့မိသားစုက သာယာအေးချမ်းနေမှာ။ ဘာလို့ ဒီလို ဖြစ်ရမှာလဲ။ ဘာလို့ ဘဝကို ဒီလိုအခြေအနေအထိ ရောက်အောင် လုပ်ခဲ့မိတာလဲ၊ ဒါတွေအကုန်လုံး မင်းရဲ့ အပြစ်တွေပဲ"
လူနှစ်ဦးမှာ ခွေးအချင်းချင်း ကိုက်ကြသကဲ့သို့ အပြန်အလှန် အပြစ်ပုံချနေကြသည်။
၎င်းတို့သည် အပြန်အလှန် ငြင်းခုံကြရင်း၊ တစ်ဦး၏ အားနည်းချက်ကို တစ်ဦးဖော်ထုတ်ကြရင်း ငိုယိုကာ စိတ်ပျက်အားငယ်နေကြတော့၏။
ယွီမေကျွမ်း တိုးတိုးတိတ်တိတ် ခေါင်းခါမိကာ….
ဒီအိမ်ထောင်စုကတော့ တကယ်ကို ဆက်နေလို့ မရတော့တဲ့ အခြေအနေပဲ…
ချန်ချင်းယွီ : "ဒီနေ့လည်း အရောင်းအဝယ်က ထုံးစံအတိုင်း အတော်လေး ကောင်းမွန်နေတုန်းပဲ။"
မနေ့ည၌ ကိစ္စဆိုးတစ်ခု လုပ်ဆောင်ခဲ့ခြင်းကြောင့် ချန်ချင်းယွီ ယနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး တက်ကြွလန်းဆန်းနေသည်။
မမေးပါနဲ့၊ မေးရင်တော့ ပျော်လို့ပါပဲလို့ ဆိုရမယ်…ဟားဟား…