← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) မီလျှံနာ

ချန်ချင်းယွီတစ်ယောက် သန်းကြွယ်သူဌေးလမ်းကြောင်းပေါ်သို့ တရှိန်ထိုး လျှောက်လှမ်းနေလေပြီ…။

ပြီးတော့… အခုက ၁၉၇၉ ခုနှစ်၊ ၁၉၇၉ ခုနှစ်လေ။ အကယ်၍ ယခုခေတ်ကာလတွင် သန်းကြွယ်သူဌေး ဖြစ်နိုင်သည်ဆိုပါက နောင်အနာဂတ်အတွက်မူ လုံးဝ မျော်လင့်ချက် ရှိနေပြီ မဟုတ်လော့။

အကယ်၍ သူမတွင် ပြန်လည်မွေးဖွားလာချိန် ယခင်ဘဝမှတ်ဉာဏ်များသာ မရှိခဲ့ပါက ယခုအချိန်တွင် ဘဝင်မြင့်ကာ ခြေဖျားမြေမထိ ဖြစ်နေလောက်ပြီ ဖြစ်သည်။ တော်သေးသည်မှာ သူမအနေဖြင့် စိတ်ကို ထိန်းချုပ်နိုင်ဆဲ ဖြစ်ပြီး တည်ငြိမ်ရင့်ကျက်စွာဖြင့် ဆက်လက် လုပ်ကိုင်နိုင်ခဲ့၏။

သို့သော် ယခုအချိန်တွင် ချန်ချင်းယွီသည် ဤခေတ်ကာလတွင်လည်း ၎င်း၏ ကောင်းကင်နှင့် ၎င်း၏ကံ ရှိသည်ဟု တွေးမိသည်။ ဥပမာအားဖြင့် ရုပ်ရှင်ဆိုပါက နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်းတွင် ရုံတင်ရက် ပြည့်သည်နှင့် ပြန်လည် ရုပ်သိမ်းရလေ့ရှိသော်လည်း ယခုခေတ်တွင်မူ ထိုသို့မဟုတ်ချေ။ "လုရှန်းတောင်မှ ချစ်ပုံပြင်" ရုပ်ရှင်မှာ အလွန် ရေပန်းစားလှသဖြင့် တစ်လခွဲကျော် ကြာမြင့်သည့်တိုင်အောင် ရုံတင်ပြသနေဆဲ ဖြစ်သည်။

ချန်ချင်းယွီသည် ဤရေစီးကြောင်းကို အမိအရဆုပ်ကိုင်ကာ ဇူလိုင်လလယ်ပိုင်းတွင် တီရှပ်အင်္ကျီ အားလုံးကို ကုန်စင်အောင် ရောင်းချနိုင်ခဲ့၏။

အားလုံး... ကုန်စင်သွားပြီ။

တစ်လခွဲအတွင်း အထည် အရေအတွက် တစ်သိန်းလုံးကို ကုန်အောင် ရောင်းချနိုင်ခဲ့သဖြင့် မိမိကိုယ်ကိုယ် အတော်လေး တော်သည်ဟု ချန်ချင်းယွီ ခံစားမိသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ယခုလအတွင်း တံဆိပ်ရိုက်တီရှပ် ရောင်းချသူမှာ ၎င်းတို့တစ်ဦးတည်း မဟုတ်တော့ချေ။

ဈေးကွက်ထဲတွင် အခြားသော လမ်းဘေးဈေးသည်ငယ်အချို့ ပေါ်ထွက်လာခဲ့သော်လည်း ချန်ချင်းယွီ၏ ဆိုင်တွင်မူ လူအစည်ကားဆုံး ဖြစ်နေဆဲပင်။ ပထမအချက်မှာ သတင်းစာထဲတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ သူမသည် အစောဆုံး လုပ်ကိုင်သူ ဖြစ်သဖြင့် လူတိုင်း သူမ၏ ကုန်ပစ္စည်းကို ပိုမို အရည်အသွေးကောင်းသည်ဟု သတ်မှတ်ထားကြခြင်း ဖြစ်၏။

ချန်ချင်းယွီ နောက်ဆုံးတွင် အကုန်ရောင်းချပြီးသွားပြီ ဖြစ်သဖြင့် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

သူမသည် အိမ်တွင် နှစ်ရက်တိုင်တိုင် စာရင်းဇယားများကို သေချာတွက်ချက်ကြည့်ရာ မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏ လက်ထဲရှိ အသားတင်ငွေသားမှာ သိန်းဆယ်ဂဏန်းကို ကျော်လွန်နေပြီ ဖြစ်၏။

ဒါဟာ တကယ့် ခေတ်ရေစီးကြောင်းရဲ့ အခွင့်အလမ်းပဲ…။

ချန်ချင်းယွီ မချီးမွမ်းဘဲ မနေနိုင်ချေ။ သူမတွင် မိမိကိုယ်ကိုယ် နှိမ့်ချသောစိတ် ရှိလှသဖြင့် ဤလုပ်ငန်းပိုင်းတွင် မိမိကိုယ်ကိုယ် အလွန်အမင်း တော်လှသည်ဟု မတွေးမိဘဲ ခေတ်ရေစီးကြောင်းကို အမိအရ ဆုပ်ကိုင်နိုင်ခြင်းနှင့် "ကြိုတင်သိမြင်မှု" ရှိနေခြင်းကြောင့်သာ ဖြစ်သည်ဟု ခံစားမိသည်။ သေချာသည်မှာ ပြန်လည်မွေးဖွားလာသူတစ်ဦးအနေဖြင့် ခြေလှမ်းမှန်မှန်ဖြင့် တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းမည်ဆိုပါက ဘယ်သောအခါမှ ဆင်းရဲမွဲတေသွားစရာ အကြောင်းမရှိပေ။

ချန်ချင်းယွီ ပိုက်ဆံကို လေးပုံခွဲထုတ်လိုက်ပြီး

"သွားကြစို့၊ တို့တွေ ဘဏ်ကို သွားကြမယ်"

အဘွားကြီးကျောက်သည် စိတ်လှုပ်ရှားလွန်းသဖြင့် လက်ဝါးချင်း ပွတ်သပ်နေပြီး ထပ်မံ အတည်ပြု မေးမြန်းရှာသည်။

"ညည်း တကယ်ပဲ ငါ့ကို ဒီလောက်အများကြီး ပေးတာလား"

အမှန်တကယ်တွင်မူ အဘွားကြီးကျောက်သည် ချန်ချင်းယွီ မည်မျှအထိ အမြတ်ရသည်ကို မသိရှိချေ။ မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီသည် အရာအားလုံးကို သူမအား ပြောပြမည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း အဘွားကြီးကျောက်သည် ကိုးထောင်ကိုးရာကိုးဆယ်ကိုးယွမ်ဆိုသည်မှာ အနည်းငယ်မျှ မဟုတ်ကြောင်း ကောင်းစွာ သိရှိ၏။

အမလေး... အိပ်မက်ပင် မမက်ရဲစရာ ပမာဏကြီး မဟုတ်ပါလား…

တကယ်တမ်း သူမ ဆိုင်ထွက်ကူစဉ်က ကိုယ်ပိုင်ပိုက်ဆံအချို့ကို ခိုးဝှက်သိမ်းဆည်းရန် မတွေးမိခဲ့သည် မဟုတ်ချေ။ သို့သော် အဝတ်အထည် အရေအတွက်မှာ အတိအကျရှိပြီး ဈေးနှုန်းလည်း အသေအချာ ရှိနေသဖြင့် သူမ တစ်ပြားတစ်ချပ်မျှခိုးယူလျှင်ပင် သိသာလွန်းလှသည်။ ထို့ကြောင့် အဘွားကြီးကျောက်သည် အလွန် ရိုးရိုးသားသား လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင်မူ တကယ့်ကို ရိုးသားစွာဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခြင်း ဖြစ်၏။

ချန်ချင်းယွီ : "အမေလည်း ဟန်ဆောင်မနေပါနဲ့တော့၊ ပါးစပ်ကြီးက နားရွက်ချိတ်တော့မယ်"

အဘွားကြီးကျောက် : "ဟားဟားဟား... ငါ ပြတာ အဲလောက်တောင် သိသာနေလား"

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"သိသာတာပေါ့"

"ဟေးဟေး။"

အဘွားကြီးကျောက် ရယ်မောလိုက်၏။

ချန်ချင်းယွီ : "ဘဏ်ကို သွားမှာလား၊ မသွားဘူးလား"

"သွားမယ်။"

ယခုအခါ ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ နွေရာသီ ကျောင်းပိတ်ရက် စတင်နေပြီ ဖြစ်သည်။ ဖခင်ဖြစ်သူ စောစောစီးစီး ကွယ်လွန်သွားခဲ့သည်ဆိုသော်လည်း ၎င်းတို့မိသားစု၏ လူနေမှုဘဝမှာ အမြဲတမ်း ကောင်းမွန်နေခဲ့သည့်အပြင် အပြင်လူများကို ရန်တွေ့တတ်သော အဘွားဖြစ်သူ ရှိနေသဖြင့် ကလေးနှစ်ဦးမှာ ဆင်းရဲဒုက္ခ သိပ်မခံခဲ့ရသလို၊ အရှုံးလည်း မရှိခဲ့ဘဲ အလွန် တက်ကြွလန်းဆန်းကာ နေရောင်ခြည်များကဲ့သို့ တောက်ပနွေးထွေးကြ၏။

"မေမေ၊ သမီးကို ခဏလောက် စောင့်ဦးနော်။ ဒီလောက် အရေးကြီးတဲ့နေ့မျိုးမှာ သမီး ရေမွှေးခရင်မ်လေး နည်းနည်း လိမ်းရဦးမယ်"

ရှောင်ယွမ် တိုးတိုးလေး ဆိုလေသည်။

ချန်ချင်းယွီ : "မလောပါနဲ့၊ ဖြည်းဖြည်းချင်း လုပ်ပါ"

ချန်ချင်းယွီ ကလေးများအပေါ် အမြဲတမ်း စိတ်ရှည်လှပြီး မည်သို့ဆိုစေကာမူ မိမိ၏ ရင်သွေးလေးများ မဟုတ်လော့။

ချန်ချင်းယွီ ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ပြီး

"ဒါနဲ့... အမေ၊ ဒေါ်လေးမေ့တို့အိမ်ကို သွားပြီး ရှောင်ထောင်းကို ရှာကြည့်ပါဦး။ သူ့လက်ထဲမှာ လက်မှတ် ဘယ်လောက်ရှိလဲဆိုတာ ကြည့်ရအောင်၊ တို့တွေ ဘဏ်က ပြန်လာရင် တန်းပြီး ဈေးဝယ်ထွက်ကြမယ်"

အဘွားကြီးကျောက် : "ကောင်းပြီလေ"

၎င်းတို့မိသားစု၏ အပြင်ပန်း ပုံစံမှာမူ ဘယ်တော့မှ မပြောင်းလဲဘဲ "ဝမ်းတွင်း ပိုက်ဆံမမြဲ" သည့် ပုံစံအတိုင်း ရှိနေဆဲဖြစ်ကာ သုံးသင့်လျှင် သုံးပစ်ကြသည်။

ဤသို့လုပ်ဆောင်ခြင်းသည် ကောင်းမွန်သော အချက်များ ရှိပြီး အနည်းဆုံး အခြားသူများ၏ စောင့်ကြည့်ခြင်းကို မခံရ​ပေ။

ပိုက်ဆံတွေ အကုန်သုံးပစ်တာဆိုတော့ အိမ်မှာ အပိုစုငွေ မရှိဘူးပေါ့…ဟဲဟဲ။

မိမိတို့မိသားစုတွင် ပစ္စည်းများစွာ ဝယ်ထားသော်လည်း ဤကဲ့သို့သော အိမ်ရာဝင်းကြီးမျိုးမှ ပစ္စည်းများကို အပြင်သို့ သယ်ထုတ်သွားရန်မူ အလွန် ခက်ခဲလှ၏။

ထို့ကြောင့် ဤသို့လုပ်ခြင်းမှာ အလွန် ကောင်းမွန်သည်ဟု ချန်ချင်းယွီ ထင်မြင်မိသည်။

မိမိတို့ကိုယ်တိုင်လည်း သုံးစွဲခံစားနိုင်သလို၊ ဘေးအန္တရာယ်များစွာကိုလည်း ရှောင်လွှဲနိုင်သည်သာ…။

အဓိကအချက်မှာ ယခုခေတ်ကာလတွင် လူတိုင်း ဆင်းရဲကြပြီး ချမ်းသာသူ ရှားပါးလှခြင်းကြောင့် ဖြစ်သည်။ အကယ်၍ နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်းတွင်ဆိုပါက...

တော်ပါပြီ၊ တော်ပါပြီ၊ အဲလောက်အထိ အများကြီး မတွေးတော့ဘူး….

သူမသည် အမြဲတမ်း နှိုင်းယှဉ်နေမိသော်လည်း ထိုသို့လုပ်ခြင်းက အဓိပ္ပာယ် သိပ်မရှိလှပေ။

ချန်ချင်းယွီ စိတ်ဓာတ်ကို ပြန်လည် ပြင်ဆင်လိုက်ပြီး လက်ရှိမျက်မှောက် အခြေအနေကိုသာ အာရုံစိုက်လိုက်သည်။

"သားတို့ သမီးတို့ အဆင်သင့်ဖြစ်ပြီလား။"

"အဆင်သင့်ဖြစ်ပါပြီ။"

ပြောနေစဉ်အတွင်းမှာပင် အဘွားကြီးကျောက်လည်း ပြန်ရောက်လာခဲ့၏။

"ဘယ်လိုလဲ အမေ။"

"ရော့... ဒီမှာ၊ ရှောင်ထောင်းဆီမှာ လက်မှတ်တွေ အများကြီးပဲ။ ငါ ကြည့်လိုက်တော့ အများစုက သုံးလို့ရတာတွေချည်းပဲမို့ အကုန်လုံး သိမ်းကျုံးယူခဲ့တယ်"

သိမ်းကျုံးယူခဲ့သည်ဟု ဆိုသော်လည်း သူတို့သည် ပိုက်ဆံ အပြည့်အဝ ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့မိသားစုသည် ရှောင်ထောင်း၏ အကြီးမားဆုံး ဖောက်သည်ကြီး ဖြစ်နေပြီ ဖြစ်၏။

ချန်ချင်းယွီ : "ဒါဆို... တို့တွေ ထွက်ကြမလား"

"ထွက်ကြမယ်။"

မိသားစုအားလုံး အတူတူ အပြင်သို့ ထွက်လာကြပြီး ချန်ချင်းယွီသည် တံခါးနှင့် ပြတင်းပေါက်များကို သေချာစွာ သော့ခတ်လိုက်သည်။ လမ်းထွက်လာသည်နှင့် ရှီကျန့်ရှန်းနှင့် တိုးမိရာ ရှီကျန့်ရှန်းမှာ လှမ်းမေးလေ၏။

"နင်တို့ ဘယ်သွားကြမလို့လဲ။ အော်... ဒါနဲ့ ညည်းတို့အိမ်က အဝတ်အထည်တွေ အကုန်ရောင်းကုန်ပြီမလား။ ပစ္စည်းသွားယူဖို့ ဘယ်တော့ ထပ်သွားမှာလဲ"

ချန်ချင်းယွီ အသာအယာ ပြုံးပြကာ

"ကျွန်မ ခဏလောက် အနားယူဦးမလို့ရှင့်၊ ဒီအတောအတွင်း မသွားဖြစ်သေးပါဘူး။ ဒါနဲ့... ကျွန်မလည်း အလောတကြီး သွားစရာမရှိတာနဲ့ ပစ္စည်းဖိုး ပိုက်ဆံတွေကို ဘဏ်မှာ သွားအပ်မလို့လေ၊ အဲဒီပိုက်ဆံက လှုပ်လို့မရဘူးလေ။ ပြီးမှ ခဏလောက် နားမယ်၊ မဟုတ်ရင် အသုံးအစွဲများပြီး နောက်ပိုင်း ပစ္စည်းယူဖို့ ပိုက်ဆံမလောက်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်"

ချန်ချင်းယွီသည် တကယ့်အရှိအတိုင်း ပြောဆိုနေခြင်း ဖြစ်သဖြင့် အမှန်တရားကို မသိရှိသူအဖို့ သေချာပေါက် ယုံကြည်သွားပေလိမ့်မည်။

ရှီကျန့်ရှန်း : "အဲဒါလည်း ဟုတ်တာပဲ၊ ဟဲဟဲ... ဟဲဟဲဟဲ"

ချန်ချင်းယွီ မိသားစုကို ဦးဆောင်ကာ အတူတူ ထွက်ခွာလာခဲ့ကြပြီး အားလုံး မိမိတို့၏ စက်ဘီးကိုယ်စီဖြင့် စီးနှင်ထွက်ခွါသွားကြ၏။

ချန်ချင်းယွီ ကလေးများကို ရှင်းပြကာ

"မေမေ တမင်သက်သက် လိမ်ပြောတာ မဟုတ်ဘူးနော်။ လိမ်ညာတာက မကောင်းဘူးဆိုပေမဲ့ ကောင်းတာ၊ မကောင်းတာက အခြေအနေပေါ်မှာပဲ မူတည်တယ်။ တို့တွေ လိမ်ပြောတယ်ဆိုတာ ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့ မဟုတ်ဘူး၊ ကိုယ့်အတွက် ပြဿနာနည်းအောင်လို့ပဲ။ ဒါကြောင့် ဒါက အဆင်ပြေပါတယ်။ မဟုတ်လို့ အမှန်အတိုင်းသာ သွားပြောရင် တို့အိမ်မှာ ပိုက်ဆံရှိတာကို လူတိုင်း သိသွားပြီး သားတို့ သမီးတို့ကို တစ်ခုခု လုပ်ကြံဖို့ ကြံစည်လာလိမ့်မယ်၊ အဲဒါဆိုရင်တော့ တကယ်ကို ကြောက်စရာကြီး ဖြစ်သွားမှာပေါ့"

သူမ ကလေးများကို တစ်ချက်လှမ်းကြည့်၍

"မေမေ့ဆီကနေ လိမ်ပြောတာတွေကိုတော့ အတုမယူကြနဲ့ဦး"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ

"သားတို့ သမီးတို့ နားလည်ပါတယ် မေမေ"

မိမိတို့မိသားစုမှာ ငွေကြေးချမ်းသာသည်ဆိုသော်လည်း ကလေးနှစ်ဦးမှာ တစ်ခါတစ်ရံတွင် အဘွားနှင့် မေမေတို့၏ စကားပြောသံများကို ခိုးနားထောင်လေ့ရှိသဖြင့် မိမိတို့အိမ်တွင် အမျိုးသားတစ်ဦးမျှ မရှိကြောင်း သိရှိကြပြီး ကိစ္စရပ်များစွာ၌ ပိုမို၍ သတိကြီးစွာ ထားရမည်ဖြစ်ကြောင်း နားလည်ထားကြ၏။

မဟုတ်လျှင်မူ ၎င်းတို့ကိုယ်တိုင်သာလျှင် နစ်နာဆုံးရှုံးရပေလိမ့်မည်။

"မေမေ... သားတို့ နားလည်ပါတယ်။ သားတို့ ဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး။ အဖြူရောင်မုသားစကား ဆိုတာ ကိုယ့်အတွက် ပြဿနာနည်းအောင် လုပ်တာပဲလေ။"

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"ဟုတ်တယ်"

သူမ ဆက်လက်၍ ထည့်ပြောလိုက်သည်။

"ဒါ့အပြင် မေမေက ဒီလိုပြောလိုက်တော့ တို့အိမ်မှာ အမှန်တကယ် ပိုက်ဆံတစ်ပြားမှ မကျန်ဘူးဆိုတာကို လူတိုင်း သိသွားတာပေါ့၊ ဒါက တို့အတွက် ပိုပြီး အကျိုးရှိတာပေါ့"

"သမီး နားလည်ပြီ၊ နားလည်ပြီ။ အကယ်၍ တစ်ယောက်ယောက်က မကောင်းတဲ့စိတ်ထား ရှိမယ်ဆိုရင်တောင် တို့အိမ်ကို လက်လျှော့ရတော့မှာပဲ၊ ဘာလို့လဲဆိုတော့ ပိုက်ဆံတွေအကုန်လုံးက ဘဏ်ထဲမှာ စုထားတာကိုး။"

ချန်ချင်းယွီ : "အလို... သမီးလေးက တကယ်ကို လည်လှချေလား။ ဟုတ်တယ်၊ အဲဒါ အဓိကအချက်ပဲ။ တို့တွေ ဆိုင်ဖွင့်ထားတာက အရမ်းလူစည်တော့ လူတွေက သေချာပေါက် တို့ကို သတိထားမိမှာပဲ။ ဒါကြောင့် ဘဏ်မှာ သွားအပ်ထားတာက ပိုကောင်းတယ်။ ပိုက်ဆံတွေ အကုန်လုံး သုံးပစ်လိုက်ပြီလို့ ပြောရင်လည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် နောင်ကျရင် မေမေက စီးပွားရေးလုပ်ဖို့ ကုန်ပစ္စည်းဖိုး အရင်းအနှီး လိုဦးမှာဆိုတော့ အကုန်သုံးပစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘဏ်မှာ အပ်ထားတာက အကောင်းဆုံးပဲ။ ဘာပဲဖြစ်ဖြစ် ဘဏ်ထဲမှာ ရှိနေတာပဲလေ။ အကယ်၍ တစ်ယောက်ယောက်က မကောင်းတဲ့စိတ်ထား ရှိတယ်ဆိုရင် ဘဏ်ကိုပဲ သွားလုခိုင်းလိုက်ပေါ့။ တို့အိမ်က ချမ်းသာတယ်ဆိုတာ သားတို့ သမီးတို့ ကိုယ့်ဘာကိုယ် သိထားရင် ရပြီ။ အပြင်သွားဆော့ရင် လူစိမ်းတွေနောက် လိုက်မသွားနဲ့၊ ပြီးတော့ စေတနာကောင်းနဲ့ အခြားသူတွေကို လျှောက်မကူညီနဲ့ဦး။ တို့တွေက လေဖုန်းလိုမျိုး ကောင်းမှုကုသိုလ်တွေ လျှောက်လုပ်ဖို့ မလိုသေးဘူး။ အကယ်၍ သူတို့မှာ တကယ် အခက်အခဲ ရှိတယ်ဆိုရင် လူကြီးတွေကိုပဲ အကူအညီတောင်းရမှာပေါ့၊ ဘာလို့ ကလေးကို လာတောင်းရမှာလဲ။ ဒါက သိသာလွန်းတယ်၊ သူတို့မှာ မကောင်းတဲ့ အကြံအစည် ရှိလို့ပဲ"

"မေမေ... သားတို့ သိပါတယ်"

ကလေးနှစ်ဦး တပြိုင်နက်တည်း ပြန်ဖြေကြသည်။

မိမိတို့သည် ဤအချက်ကို ကောင်းစွာ သိရှိကြသည်မှာ ငယ်စဉ်ကတည်းက အိပ်ရာဝင်ပုံပြင်များအဖြစ် အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့ခြင်းကြောင့် ဖြစ်၏။

ယုန်ကလေးတစ်ကောင် ဈေးဝယ်ထွက်ရင်း လမ်းမှာ ပိုက်ဆံအိတ်တစ်အိတ် ကောက်ရသည်။ ရုတ်တရက် သိုးကလေးတစ်ကောင် ရောက်လာပြီး - "တို့တွေ တွေ့တုန်း ခွဲယူကြရအောင်..." ဟု ဆိုသည်။

နောက်ထပ် ယုန်ကလေးတစ်ကောင်မှာ ငန်းဖြူကြီးတစ်ကောင် လဲကျနေတာကို တွေ့လို့ သွားထူပေးရာမှ ငွေညှစ်ခြင်း ခံရပြန်၏။

နောက်ထပ် ယုန်ကလေးတစ်

ကောင်မှာ လမ်းလျှောက်လျှင် ယိုင်နဲ့နေသော ဝံပုလွေတစ်ကောင်ကို တွေ့သောအခါ ဝံပုလွေမှာ "ငါ့ကို အိမ်လိုက်ပို့ပါဦး" ဟု ပြောပြီးနောက် အိမ်ရောက်လျှင် ရောက်ချင်း ယုန်ကလေးကို ချက်ပြုတ်စားပစ်လိုက်သည်...စသည်ဖြင့်... စသည်ဖြင့်... ပုံပြင်များစွာ၊ အများကြီး ရှိလှ၏။

ယုန်ကလေး မိသားစု၏ ဘဝမှာ တကယ်ကို ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသည့်အလား သတိကြီးစွာ ထားနေရခြင်း ဖြစ်သည်။

ဝံပုလွေက ဘာလို့ ယုန်ကို ချက်စားနိုင်တာလဲ…ဘာလို့လဲဆိုတော့ သူက ဟန်ဆောင်ထားလို့ပဲ။

ဘာလို့ လူဆိုးတွေက သိုးကလေးနဲ့ ငန်းဖြူကြီး ဖြစ်နေရတာလဲ…၊ ဘာလို့လဲဆိုတော့ လူကောင်းလူဆိုးဆိုတာ မျက်နှာကြည့်ရုံနဲ့မသိလို့ပဲ…၊ သူတို့အားလုံးက နူးညံ့ပျော့ပျောင်းတဲ့ မျက်နှာလေးတွေ ရှိကြတာလည်း ဖြစ်နိုင်တာပဲ…

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ ဤကဲ့သို့သော အိပ်ရာဝင်ပုံပြင်များကို အလွန်အမင်း ကြားဖူးခဲ့ကြသည်။ ပုံပြင်ထဲတွင် သရဲတစ္ဆေ၊ မိစ္ဆာများ မပါဝင်သော်လည်း ယုန်ကလေး၏ ဘဝမှာမူ အမြဲတမ်း ဘေးအန္တရာယ်များနှင့် ကြုံတွေ့နေရခြင်း ဖြစ်၏။ ထို့ကြောင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အလွန်အမင်း သတိကြီးကြပြီး လျင်မြန်ဖြတ်လတ်ကြသည်။

ချန်ချင်းယွီအနေဖြင့် အနည်းငယ်မျှ ရှင်းပြရုံမျှဖြင့် ၎င်းတို့ ကောင်းစွာ သဘောပေါက်ကြ၏။

ချန်ချင်းယွီ နှုတ်ခမ်းလေးကို အသာစေ့လိုက်ရင်း…

တွေ့လား၊ ဒါ ငါ့ရဲ့ ကလေးတွေပဲ။ ငါ့ကလေးတွေမို့လို့ အကုန်လုံး ဒီလောက် တော်ကြတာ၊ ငါ့ဆီကပဲ အမွေရထားတာပဲ…။

ချန်ချင်းယွီ အိမ်ထောင်စုစာရင်းစာအုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ဘဏ်ထဲသို့ အမြန်ပင် ဝင်ရောက်ခဲ့၏။ သူမအနေဖြင့် ယခုခေတ်ကာလတွင် ဘဏ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေမိသည်။ တော်သေးသည်မှာ ယခုအချိန်တွင် သူတို့ကို မည်သူမျှ ထူးဆန်းသည်ဟု မထင်မှတ်ကြချေ၊ အကြောင်းမှာ လူတိုင်း ပထမဆုံးအကြိမ် လာရောက်ချိန်တွင် စူးစမ်းတတ်ကြ၍ပင်။

လူအများအပြားမှာလည်း စိတ်လှုပ်ရှားစွာဖြင့်၊ စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုနေကြသည်။

ချန်ချင်းယွီ အိမ်ထောင်စုစာရင်းစာအုပ်ကို အဘွားကြီးကျောက်ထံ ကမ်းပေးလိုက်စဉ် အဘွားကြီးကျောက်မှာ ပိုက်ဆံကို တိုးတိုးတိတ်တိတ် ဆုပ်ကိုင်ထားရင်း သတ္တိမွေးလိုက်ဟန်ဖြင့်

"ကျွန်မ ပိုက်ဆံအပ်ချင်လို့ပါ"

"ဘယ်လောက်လဲရှင့်။"

အဘွားကြီးကျောက် : "ငါ အပ်ချင်တာက..."

သောင်းဂဏန်းပြည့်ရန် တစ်ယွမ်သာ လိုတော့သဖြင့် စာရေးမလေး၏ နှုတ်ခမ်းများ တုန်ခါသွားပြီး

"အဒေါ်ရယ်... အဲဒါကို အပြည့်ပဲ အပ်လိုက်ပါလား။ အပြည့်အပ်လိုက်ရင် အဒေါ်က သောင်းစုရှင် ဖြစ်သွားပြီလေ"

အဘွားကြီးကျောက် : "ငါက ဒီဂဏန်းလေးကိုပဲ သဘောကျလို့ပါ၊ အများကြီးရှိတယ်လို့ ခံစားရလို့"

စာရေးမလေး : "…………………………"

နေပါဦး၊ ဒါက ဘယ်လိုလုပ် အများကြီးရှိတယ်လို့ ခံစားရတာလဲ…

သို့သော် ထိုအဘွားကြီး၏ စောင်းငဲ့ကြည့်နေသော မျက်လုံးများကို မြင်တွေ့ရသဖြင့် သူမသည် မကောင်းသောသူတစ်ယောက် ဖြစ်လိမ့်မည်ဟု တွေးမိကာ ဆက်လက်၍ မတိုက်တွန်းတော့ပေ။

သို့သော်လည်း ဤမျှအထိ များပြားလှသော ပိုက်ဆံများကို အပ်နှံခြင်း ဖြစ်သဖြင့် မေးခွန်းအချို့ကိုမူ မလွဲမသွေ မေးမြန်းရပေလိမ့်မည်။ သူမသည် ခေါင်းမော့ကြည့်လိုက်ပြီး

"ဒီပိုက်ဆံက... နေပါဦး၊ ကျွန်မ အဒေါ်ကို မြင်ဖူးသလိုပဲ"

စာရေးမလေး ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် ချက်ချင်းပင် ရိပ်မိသွားကာ

"အော်... အဒေါ်က ရုပ်ရှင်ရုံအပြင်ဘက်မှာ အဝတ်အထည်တွေ ရောင်းတဲ့ အဒေါ်ကြီးပဲ"

အဘွားကြီးကျောက် : "အာ... ညည်း ငါ့ကို မှတ်မိတယ်လား"

စာရေးမလေး : "မှတ်မိတာပေါ့ရှင့်၊ အဒေါ်တို့ ဆိုင်က တကယ်ကို အရောင်းသွက်တာပဲ"

ကောင်းပါပြီ… နောက်ထပ် ဘာမှ မေးမြန်းနေရန် မလိုတော့ပေ။ သူမသည် အမြန်ပင် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလိုက်ပြီး

"ဘယ်နှစ်နှစ် သက်တမ်း အပ်မှာလဲရှင့်"

"ငါးနှစ်၊ သေချာပေါက် ငါးနှစ်ပဲ။"

"ငါးနှစ်သက်တမ်းအတွက် အတိုးနှုန်းက ငါးရာခိုင်နှုန်း (5%) ရပါမယ်ရှင့်။"

အဘွားကြီးကျောက် သိပ်ပြီး နားမလည်သော်လည်း နားမလည်ကြောင်း အပြင်လူမသိစေရန် ဟန်ဆောင်၍ ခေါင်းညိတ်ပြလိုက်သည်။ ဘဏ်ထဲမှ ထွက်လာပြီးနောက်တွင်မူ အဘွားကြီးကျောက်သည် မိမိ၏ ဘဏ်စာအုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ချန်ချင်းယွီကို ကြောင်တောင်တောင်ဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။

"အတိုးနှုန်း ငါးရာခိုင်နှုန်းဆိုတာ ဘာကို ပြောတာလဲ"

ချန်ချင်းယွီ : "ဒါဆိုရင် အရင်က အမေ မသိဘဲနဲ့ အပ်ခဲ့တာလား"

"ငါ မသိဘူးလေ၊ ဒါပေမဲ့ သိက္ခာကျမှာ စိုးလို့ မသိချင်ယောင်ဆောင်ပြီး မမေးခဲ့တာ"

အဘွားကြီးကျောက် အမှန်အတိုင်း ဆိုရှာသည်။

ချန်ချင်းယွီ : “…”

ထားပါတော့လေ…

"တို့တွေ ဘဏ်မှာ ပိုက်ဆံအပ်ရင် ဘဏ်က ကျွန်မတို့ကို ပိုက်ဆံပြန်ပေးတာလေ။ တို့ အပ်နှံထားတဲ့ အရင်းအနှီးအပြင် အတိုးကိုပါ ထပ်ပေးတာ။ အကယ်၍ တစ်သောင်းဆိုရင် တစ်နှစ်ကို အတိုးငွေ ငါးရာ ရမယ်။ အမေ့ဟာက တစ်ယွမ်လိုနေတော့ ငါးရာအပြည့် မရပေမဲ့ အဲဒီနား ကပ်တာပေါ့။ ငါးနှစ်ဆိုရင် အတိုးတင် နှစ်ထောင်ကျော်၊ နှစ်ထောင့်ငါးရာနီးပါး ရမှာပေါ့"

ထိုခေတ်ကာလ၏ အတိုးနှုန်းမှာ တကယ်ပင် အလွန် မြင့်မားလှသည်။

အဘွားကြီးကျောက် အသက်ရှူပင် မှားသွားရပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်လုံးများလည်း ပြူးကျယ်သွားကြ၏။

"ဘာမှမလုပ်ဘဲနဲ့ အလကား အဲဒီလောက်အများကြီး ပေးတာလား"

ချန်ချင်းယွီ : "သားတို့ သမီးတို့က ငါးနှစ်တောင် အပ်ထားတာလေ။ အဲဒီငါးနှစ်အတွင်းမှာ ဘဏ်က သားတို့ရဲ့ ပိုက်ဆံကို အခြားနေရာတွေမှာ သုံးလို့ရတာပေါ့။ အတိုးရှိတယ်ဆိုတာ သိထားရင် ရပါပြီ"

အဘွားကြီးကျောက် အံ့ဩတကြီး ရေရွတ်မိတော့သည်။

"အမလေး ဘုရားရေ... ချမ်းသာတဲ့သူက ပိုပြီး ဘာလို့ ချမ်းသာလာလဲဆိုတာ မဆန်းတော့ပါဘူး။ ဘာမှမလုပ်ဘဲနဲ့ကို ပိုက်ဆံရှာနိုင်တာကိုး"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်၏။

အမှန်တကယ်တွင်မူ ဤပိုက်ဆံများကို ဘဏ်တွင် အပ်နှံထားခြင်းထက် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ပိုမို၍ ထိုက်တန်ကြောင်း သူမ သိရှိသော်လည်း ချန်ချင်းယွီ ထိုသို့ မလုပ်ဆောင်သေးဘဲ မိမိတို့အတွက် ဘေးကင်းလုံခြုံရေး အကာအကွယ်တစ်ခုအနေဖြင့်သာ လုပ်ဆောင်ထား၏။ ဘာပဲဖြစ်ဖြစ် သူမတွင် သောင်းဂဏန်း၊ သိန်းဂဏန်းရှိပြီး ပိုက်ဆံမပြတ်လပ်သဖြင့် ထိုနေရာတွင် ထားရှိသော ဤမျှလောက် ပိုက်ဆံမှာ မှုစရာမလိုပေ။ အကယ်၍ တစ်ခုခု ဖြစ်ပွားခဲ့လျှင်ပင်... ချန်ချင်းယွီအနေဖြင့် ထိုသို့ဖြစ်နိုင်ခြေ မရှိဟု ထင်မြင်သော်လည်း...

လူတိုင်းတွင် အရန်အစီအစဉ်တစ်ခု ရှိထားသင့်သည် မဟုတ်လော့။ ထို့ကြောင့် ချန်ချင်းယွီ ပိုက်ဆံအချို့ကို အပ်နှံရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

"သွားကြစို့၊ သွားကြစို့၊ နောက်ထပ် ဘဏ်တစ်ခုကို သွားရအောင်"

သူမသည် မိမိ၏ ပိုက်ဆံများကို ဘဏ်တစ်ခုတည်းတွင် အကုန်ပုံ၍ အပ်နှံမည် မဟုတ်ချေ၊ ထိုသို့လုပ်ခြင်းမှာ ထင်သာမြင်သာလွန်းပြီး ကြွားဝါရာ ရောက်လွန်းလှသည်။

ချန်ချင်းယွီတို့အဖွဲ့ ဘဏ်လေးခုသို့ အမြန်ပင် သွားရောက်ကာ ပိုက်ဆံများကို အပ်နှံခဲ့ကြ၏။ ယခုခေတ်တွင် လူအတော်များများမှာ ပိုက်ဆံများကို ဘဏ်တွင် မအပ်နှံချင်ကြသေးဘဲ မိမိလက်ထဲတွင် ဆုပ်ကိုင်ထားရမှသာ ပိုမို စိတ်ချရသည်ဟု ခံစားရလေ့ရှိသည်။ ထို့ကြောင့် ဘဏ်များအနေဖြင့် အပ်နှံမှုကို အားပေးရန်အတွက် အတိုးနှုန်းကို မြင့်မားစွာ ပေးထားခြင်း ဖြစ်၏။

လေးဦးသား လှည့်ပတ်သွားလာပြီးနောက် တစ်ယောက်လျှင် ဘဏ်စာအုပ်တစ်အုပ်စီ ရရှိခဲ့ကြသည်။

ချန်ချင်းယွီ ကလေးများ၏ ဘဏ်စာအုပ်ကို သိမ်းဆည်းရန် တုံ့ဆိုင်းခြင်းမနေဘဲ ချက်ချင်းပင် ယူဆောင်လိုက်၏။

သူမ သေချာပေါက် သိမ်းဆည်းထားရမည်သာ…

ချန်ချင်းယွီ : "သွားကြစို့၊ လျှပ်စစ်ပန်ကာ သွားဝယ်ရအောင်"

အခြားအရာများကို ခေတ္တမျှ ဆိုင်းငံ့ထားနိုင်သော်လည်း လျှပ်စစ်ပန်ကာမှာ သေချာပေါက် ဝယ်ယူရမည် ဖြစ်သည်၊ ယခုနှစ် နွေရာသီက တကယ်ကို ပူပြင်းလွန်းလှ၏။

ချန်ချင်းယွီ ညဘက်အိပ်ပျော်နေစဉ် အပူရှိန်ကြောင့် အကြိမ်ပေါင်းများစွာ နိုးထခဲ့ရဖူးရာ ယခုနှစ်၏ ရာသီဥတုမှာ တကယ်ကို ခြောက်သွေ့ပူပြင်းလှသည်။ သူမသည် မူလ၌ လျှပ်စစ်ပန်ကာတစ်လုံးသာ ဝယ်ယူရန် စဉ်းစားခဲ့သော်လည်း ယခုအခါတွင်မူ တစ်ယောက်လျှင် တစ်လုံးစီဝယ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။

သူတစ်ပါးတွေ ကြွားတယ်လို့ ပြောပြော၊ မပြောပြော ဂရုမစိုက်ပါဘူး… ဒီလောက် ပူပြင်းလှတဲ့ ရာသီဥတုမှာ လူတွေ အပူလျှပ်ကုန်ရင် ဒုက္ခ…။

အကယ်၍ အခြေအနေမပေးလျှင် တစ်မျိုးဖြစ်သော်လည်း ယခုကဲ့သို့ အခြေအနေပေးနေပါလျက်နှင့် မိမိကိုယ်ကိုယ် အနစ်နာမခံနိုင်ပေ။

"ချွေးမရေ... တို့တွေ တကယ်ပဲ တစ်ယောက်တစ်လုံး ဝယ်မှာလား"

အဘွားကြီးကျောက် မေးလိုက်သည်။

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အပူဒဏ်ကို အောင့်မခံနိုင်ဘူး။ အမေက အောင့်ခံချင်တယ်ဆိုရင်တော့ သုံးလုံးပဲ ဝယ်တာပေါ့"

"ဒါဆိုရင်လည်း လေးလုံးပဲ ဝယ်ကြစို့အေ၊ ငါလည်း ဒီဒုက္ခကို မခံနိုင်ဘူး"

အဘွားကြီးကျောက် လှမ်းပြောလိုက်၏။

ချန်ချင်းယွီ အသာအယာ ပြုံးလိုက်မိသည်။

"အကယ်၍ တစ်ယောက်ယောက်က အတင်းအဖျင်း ပြောလာရင်..."

အဘွားကြီးကျောက် : "အဲဒါကိုတော့ ညည်း စိတ်သာချ၊ ငါ ရှင်းပစ်မယ်။ ငါက အဲဒီလူတွေကို မတုံ့ပြန်နိုင်ဘဲ နေမလား၊ ဟဲဟဲ။ ညည်း စောင့်သာကြည့်နေ၊ ငါ့အပေါ် ညည်း သုံးလိုက်တဲ့ ပိုက်ဆံတစ်ပြားမှ အလဟဿ မဖြစ်စေရဘူး"

ချန်ချင်းယွီ : "ဒါဆိုရင်တော့ ပြီးတာပါပဲ"

သူမသည် အဘွားကြီးကျောက်၏ အကြောင်းကို ကောင်းစွာ သိရှိထားသဖြင့် သေချာပေါက် ပြဿနာမရှိနိုင်ပေ။

"အဝတ်လျှော်စက်ကိုကော ဒီနေ့ပဲ ဝယ်မှာလား"

"ဝယ်မှာပေါ့၊ ကျွန်မ လက်နဲ့ လျှော်ရတာကို တကယ် စိတ်ကုန်လှပြီ"

သူမအနေဖြင့် လူနေမှုဘဝ သက်တောင့်သက်သာရှိခြင်း၏ ပျော်ရွှင်မှုကို နောက်ဆုံးတွင် ခံစားရတော့မည် ဖြစ်၏။

အဘွားကြီးကျောက် : "ကောင်းပြီ၊ ခဏနေကျရင် အိမ်ပြန်ရောက်လို့ ညည်းတို့ ဘာမှ အများကြီး ပြောမနေနဲ့၊ အားလုံးကို ငါ့လက်ထဲပဲ အပ်ထားလိုက်"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမမှာမူ မိမိတို့၏ အဘွားဖြစ်သူကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရင်း လက်သီးလက်မောင်း တန်းနေကြတော့သည်။

အဘွားကြီးကျောက် : "နင်တို့နှစ်ယောက်က ဒါ ဘာမျက်လုံးနဲ့ ကြည့်နေတာလဲ"

ရှောင်ကျားနှင့် ရှောင်ယွမ် : "ဟီးဟီး၊ အဘွားက ပြန်ပြီး အစွမ်းပြဦးမလို့လား"

အဘွားကြီးကျောက် : "ဒါပေါ့၊ ငါက တစ်ဝင်းလုံးရဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်တစ်ပဲဥစ္စာ။ ဟို အဘွားကြီးဝမ်တို့၊ ရှီကျန့်ရှန်းတို့၊ အစ်မကြီးဖန်တို့... ဘယ်အိမ်က မိန်းမ၊ ယောက်ျားတွေပဲဖြစ်ဖြစ်၊ ထွီ... အကုန်လုံးက ဘာမှမဟုတ်ပါဘူး။ ငါက တစ်ဝင်းလုံးမှာ ပြိုင်ဘက်မရှိတဲ့သူပဲ"

သူမသည် မေးစေ့ကို မော့ကာ ခေါင်းကို မြှင့်လျက် ကြွားဝါနေတော့သည်။

ကြွားဝါနေစဉ်အတွင်း ချန်ချင်းယွီကိုလည်း ခိုးကြည့်လိုက်သေးရာ... အင်း... ကောင်းပြီ၊ ကောင်းပြီ… ချန်ချင်းယွီ ကန့်ကွက်ခြင်းမရှိသဖြင့် သူမ အဆင့်တစ် နေရာတွင် ရှိနေဆဲပင် ဖြစ်သည်။

ချန်ချင်းယွီ ရယ်မောရင်း

"သွားကြစို့၊ ပစ္စည်းဝယ်ရအောင်"

"ဟုတ်ပ၊ ဟုတ်ပ။"

အဘွားကြီးကျောက် : "ဟူး... ဒီတစ်ခေါက် နိုင်ငံခြားငွေလဲလက်မှတ်မရှိတော့ တို့တွေ ယိုယိ့အထူးဆိုင်နဲ့ ဟွားချောင်ဆိုင်ကို သွားလို့မရတော့ဘူး။ အဲဒီလိုနေရာမျိုးကို ငါ သွားချင်သေးတာ။ အဲဒီနေရာက တကယ်ကို... ပြောဖို့တောင် ခက်တယ်၊ ကုန်တိုက်ကြီးတွေနဲ့ကို မတူတာ"

ချန်ချင်းယွီ : "အဆင့်မြင့်ပြီး ခန့်ညားထည်ဝါတာကို ပြောတာလား"

"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါကို ပြောတာ။"

ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားပြီးမှ

"ရှောင်ထောင်းတို့ဘက်က ပိုက်ဆံရှာချင်တာဆိုတော့ ဈေးနှုန်းသင့်တော်မှပဲ ပစ္စည်းစုမှာလေ၊ အဲဒီတော့ အတိုးအလျော့ ရှိနိုင်လို့ အသေအချာ ပြောလို့မရဘူး။ ဒါပေမဲ့ ကျွန်မ မှတ်မိသလောက်ဆိုရင် နိုင်ငံရပ်ခြားပြန်တွေကို အမြဲတမ်း လက်ခံတဲ့ ဟိုတယ်ကြီးတွေရဲ့ တံခါးဝမှာ လက်မှတ် ရောင်းတဲ့သူတွေ အများကြီး ရှိတယ်။ သူတို့လက်ထဲမှာ ပိုပြီးတော့တောင် များသေးတယ်။ တို့တွေ ပြီးခဲ့တဲ့အကြိမ်က အဲဒီမှာ သွားလဲခဲ့တာ မဟုတ်လား။ အမေ ဒီရက်ပိုင်း အချိန်ရရင် အဲဒီဘက်ကို သွားပြီး လိုက်ရှာလဲလိုက်ဦးလေ"

လိုက်ရှာလဲသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ဝယ်ယူခြင်းပင် ဖြစ်သည်။

... လွန်ခဲ့သော နှစ်အနည်းငယ်ခန့်၌ မူဝါဒများ မတူညီခဲ့သဖြင့် လူတိုင်းတွင် အသုံးအနှုန်း အလေ့အထများ စွဲကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

"လဲယူခြင်း" ဆိုသည့် စကားလုံးမှတစ်ဆင့် ဆက်စပ်စကားလုံးများစွာ ထွက်ပေါ်လာခဲ့၏။

သို့သော်လည်း အဓိပ္ပာယ်မှာမူ အတူတူပင် ဖြစ်သည်။

"ကောင်းပြီ၊ ဒီကိစ္စကို ငါ့လက်ထဲသာ အပ်ထားလိုက်"

အဘွားကြီးကျောက် ဆို၏။

ဘဏ်စာအုပ်ကို ရရှိခဲ့သည့်အချိန်မှစ၍ အဘွားကြီးကျောက် အားအင်များ အလွန် ပြည့်ဝနေပြီး ကူညီပေးရန် အသင့်ရှိနေတော့သည်။

သို့သော်လည်း အဘွားကြီးကျောက်အနေဖြင့် မိမိလုပ်ဆောင်မှုမှာ မမှားဟု ထင်မြင်မိ၏။

လူက တစ်သက်လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာ ဘာအတွက်လဲ၊ ကောင်းကောင်းစား၊ ကောင်းကောင်းသုံးပြီး စည်းစိမ်ခံစားဖို့အတွက် မဟုတ်လား……။

"သွားစို့၊ တို့တွေ ပစ္စည်းသွားဝယ်ကြမယ်"

အမျိုးသမီးများ၏ သဘာဝတွင် ပစ္စည်းဝယ်ယူလိုစိတ် အပြည့်အရှိကြသဖြင့် ကုန်တိုက်ကြီးထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့အဖွဲ့မှာ မရပ်မနား ဝယ်ယူကြတော့သည်။ သို့သော် ချန်ချင်းယွီ အဝတ်အထည်များကိုမူ အလွန်အမင်း မဝယ်ယူချေ၊ အဓိကအချက်မှာ တောင်ပိုင်းဘက်သို့ သွားရောက်ပါက ပိုမို ဈေးသက်သာခြင်းကြောင့် ဖြစ်၍ပင်... သို့သော် အခြားသော ပစ္စည်းများကိုမူ ချန်ချင်းယွီ အတော်များများ ဝယ်ယူခဲ့သည်။

လျှပ်စစ်ပန်ကာ၊ အဝတ်လျှော်စက်များအပြင် ချန်ချင်းယွီသည် ပင်လယ်စာအခြောက်အခြမ်း အတော်များများကိုလည်း ဝယ်ယူခဲ့သေး၏။

ငါးခြောက်များကိုမူ မဝယ်ပေ… ဆရာယွီ ငါးမျှားပြီး မိမိတို့အိမ်သို့ ခဏခဏ လာရောက်ရောင်းချလေ့ ရှိ၍ မလိုအပ်ပေ။ သူမ ယခုတစ်ခေါက် ဝယ်ယူသည်မှာ ပုစွန်ခြောက်၊ ကမာခြောက်နှင့် ပင်လယ်မျှော့ခြောက်များ ဖြစ်၏။

အကယ်၍ အမှတ်မထင် မမြင်တွေ့ခဲ့ပါက ချန်ချင်းယွီလည်း ဤအရာများကို ဝယ်ယူရန် တွေးမိမည် မဟုတ်ချေ။ သို့သော် မြင်တွေ့လိုက်ရသဖြင့် အချို့ကို ဝယ်ယူရမည် ဖြစ်ပြီး ၎င်းတို့ဖြင့် စွပ်ပြုတ်ချက်ပါက အလွန် အရသာရှိလှသည်။ သေချာပေါက်… မုန့်ပဲသရည်စာများလည်း ဝယ်ယူရမည်သာ..။ မိသားစုတစ်ခုလုံး ပစ္စည်းအထုပ်အပိုးကြီးများဖြင့် အိမ်သို့ ပြန်လာခဲ့ကြ၏။

သို့သော် ဤပစ္စည်းများကို မည်မျှပင် အများကြီး ဝယ်ယူခဲ့ပါစေ၊ လျှပ်စစ်ပန်ကာနှင့် အဝတ်လျှော်စက်လောက်မူ မျက်စိမကျစရာ မရှိပေ။

ကုန်ပစ္စည်းပို့ဆောင်သည့် ကားကြီး ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အိမ်ရာဝင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

တော်သေးသည်မှာ လူအများစု

အလုပ်သွားနေကြပြီး ဝင်းထဲတွင် အိမ်ရှင်မများသာ ရှိနေ၍ပင်… မဟုတ်ပါက ယခုထက်ပို၍ ပွက်လောရိုက်သွားပေလိမ့်မည်။

အဘွားကြီးဝမ် မယုံနိုင်လောက်အောင် ဖြစ်သွားပြီး

"နင်တို့အိမ်က ဘာလို့ ဒီလောက်တောင် ပစ္စည်းတွေ အများကြီး ဝယ်ရတာလဲ။ ဘဝကို ဆက်မနေတော့ဘူးလား။ အဘွားကြီးကျောက်... နင်တို့အိမ် လမ်းဘေးဈေးသည်လုပ်လို့ ပိုက်ဆံအချို့ ရတာကို ငါ သိပါတယ်၊ ဒါပေမဲ့လည်း ဒီလောက်အထိ ဖြုန်းတီးဖို့ မလိုပါဘူး။ ဒါတွေက ဘာလို့ လျှပ်စစ်ပန်ကာတွေချည်းပဲ ဖြစ်နေရတာလဲ။ ဘာလဲ... နင်တို့အိမ်က လျှပ်စစ်ပန်ကာ ပြန်ရောင်းမလို့လား"

အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"ဒါက အိမ်မှာ သုံးဖို့ပေါ့၊ နင်က ဘာသိလို့လဲ။ တွေ့လား... ဒီလျှပ်စစ်ပန်ကာတွေအကုန်လုံးက ငါတို့အိမ်က ဝယ်တာ၊ လေးလုံး။ သိလား... လေးလုံးတောင်"

ကြားရသူအပေါင်းမှာ အပူရှိန်ပြင်းပြင်းကြီးကို ရှူသွင်းလိုက်ရသည့်အလား ဆွံ့အသွားကြသည်။

ဒါ... ဒါက...

ပိုင်ဖုန်းရှန်းပင်လျှင် အံ့ဩမှင်သက်သွားရပြီး မယုံနိုင်လောက်အောင်ဖြစ်ကာ

"နင်တို့အိမ်က လူတွေ ရူးကုန်ပြီလား"

အဘွားကြီးကျောက် မေးစေ့ကို ပင့်တင်ကာ အခြားသူများကို အထက်စီးမှ ကြည့်သည့် အကြည့်မျိုးဖြင့်

"ဒီလောက်နဲ့တင် ရူးရမှာလား၊ ဒါဆိုရင်တော့ နင်တို့က တကယ်ပဲ အမြင်ကျယ်မှု မရှိသေးဘူး။ လျှပ်စစ်ပန်ကာ လေးလုံးနဲ့ အဝတ်လျှော်စက် တစ်လုံးပဲဥစ္စာ၊ ဒါက ဘာဆန်းလို့လဲ။ လူနေမှုဘဝဆိုတာ ဒီလိုပဲ မဟုတ်လား။ ပိုက်ဆံရှာနိုင်ရင် သုံးရမှာပေါ့။ တို့တွေ ဒီလောက် ပင်ပန်းခံနေရတာ ဘာအတွက်လဲ၊ ကောင်းကောင်းစား၊ ကောင်းကောင်းသုံးနိုင်ဖို့အတွက် မဟုတ်ဘူးလား။ ငါ ပြောရဦးမယ်၊ နင်တို့တွေလည်း တစ်ယောက်ချင်းစီ ကုတ်ကပ်မနေကြနဲ့။ ဒီလောက် ပူအိုက်တဲ့ ရာသီဥတုမှာ လျှပ်စစ်ပန်ကာတစ်လုံး ဝယ်သုံးတာ ဘယ်လောက် အသုံးတည့်လဲ။ ကိုယ်တိုင် အပူမကြောက်ရင်တောင် ကလေးတွေကို ငဲ့ဦးလေ။ ကြည့်ဦး... အပူဖုတွေ ထနေပြီ။ ငါကတော့ မတူဘူး၊ တို့အိမ်က ရှောင်ကျားနဲ့ ရှောင်ယွမ် မောင်နှမနှစ်ယောက်ကို ငါက ရင်ထဲမှာ ထားတာ။ ဒါကြောင့် အလုပ်အားတာနဲ့ ချက်ချင်းပဲ သူတို့အတွက် လျှပ်စစ်ပန်ကာ သွားဝယ်ပေးတာ၊ တစ်ယောက်ကို တစ်လုံးစီ၊ ကလေးတွေကို အပင်ပန်းမခံနိုင်ဘူး"

အခြားသူများ : "..."

တစ်ယောက်ချင်းစီ နှုတ်ခမ်းကို မဲ့လိုက်ကြပြီး အဘွားကြီးကျောက်သည် တကယ်ကို စိတ်အနှောင့်အယှက် ပေးလွန်းသည်ဟု တွေးမိကြ၏။

နင်ကတော့… ကြွားတဲ့နေရာမှာ ဆရာကျလွန်းတာပဲ…

"နင်တို့အိမ်က မိန်းကလေးအတွက်ပါ ဘာလို့ ဝယ်ပေးရတာလဲ"

အဘွားကြီးဝမ် တိုးတိုးလေး ကန့်ကွက်လိုက်သည်။

အဘွားကြီးကျောက် မျက်စောင်းတချက်ထိုးကာ

"ဟာသပဲ၊ ငါက မိန်းကလေးအတွက် ဝယ်ပေးတော့ ဘာဖြစ်လဲ။ အကုန်လုံး ငါ့သားရဲ့ သားသမီးတွေချည်းပဲ၊ ငါ့အိမ်မှာက ဒီနှစ်ယောက်တည်း ရှိတာ၊ အကုန်လုံး စည်းစည်းလုံးလုံး ရှိကြတာ။ အဘွားကြီးဝမ်... နင်ကတော့ မဟုတ်သေးဘူး၊ အတွေးအခေါ် အသိပညာက သိပ်နိမ့်လွန်းတယ်။ ခေါင်းဆောင်ကြီးကတောင် အမျိုးသမီးတွေက မိုးကောင်းကင်ရဲ့ တစ်ဝက်ကို ထမ်းထားနိုင်တယ်လို့ ပြောထားတာကို၊ နင်က ခုထိ ယောကျာ်းပဲ အခရာ၊ မိန်းမက အပိုဆိုပြီး ခွဲခြားနေတုန်းလား။ ငါကတော့ နင်နဲ့ မတူဘူး၊ ငါက ဘယ်တုန်းကမဆို ယောကျာ်းလေးကော မိန်းကလေးပါ တန်းတူပဲ ထားတယ်။ ချစ်ရင် အကုန်ချစ်တယ်၊ မချစ်ရင် အကုန်မချစ်ဘူး။ ငါတို့လို လူမျိုးက စိတ်သဘောထား ကြီးတယ်အေ့။ နင်ကြည့်ဦး... ငါ့အိမ်က ရှောင်ကျားမှာ ရှိတာမှန်သမျှ ရှောင်ယွမ်မှာလည်း သေချာပေါက် ရှိရမယ်။ ဒါက နင်တို့အိမ်နဲ့ မတူတဲ့အချက်ပဲ၊ ဪ... နင်တို့အိမ်မှာမှ ယောကျာ်းလေး မရှိတာပဲနော်..."

အဘွားကြီးဝမ်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေပြီး အကယ်၍ သတ်ပုတ်လို့ မနိုင်မည်ကိုသာ မစိုးရိမ်ပါက ပြေးပြီး ကုတ်ဖဲ့သတ်ပစ်ချင်စိတ် ပေါက်နေတော့သည်။

လူယုတ်မာမ…

တကယ့်ကို လူယုတ်မာမ…

အဘွားကြီးဝမ် ပြိုင်လို့မနိုင်သဖြင့် အဘွားကြီးဟွမ် ရှေ့သို့တက်လာကာ

"နင်တို့အိမ်က ဒီလေးလုံးက တစ်ယောက်တစ်လုံးစီလား။ ကလေးတွေလည်း ရှိသလို နင်တို့လည်း ရှိတာပေါ့ ဟုတ်လား"

အဘွားကြီးကျောက် လူအများကို အထက်စီးမှ ကြည့်သည့် ဟန်ပန်ဖြင့် အလွန်ပင် ထောင်လွှားနေ၏။

"ဒါပေါ့၊ ကလေးတွေတောင် လျှပ်စစ်ပန်ကာ ရှိနေပြီပဲ၊ ငါက မရှိလို့ ဖြစ်မလား။ ငါက ဒီလောက် အသက်ကြီးနေပြီ၊ အသက်ရှင်ဖို့ ဘယ်နှစ်နှစ် ရှိတော့မှာမလို့လဲ။ ငါက စည်းစိမ်မခံဘဲ ပိုက်ဆံတွေကို ခေါင်းတလားရိုက်ဖို့ စုထားရမှာလား။ နင်က ဘာတွေ တွေးနေတာလဲ… ဖြစ်နိုင်ပါ့မလား။ ငါက ဒီလောက် အသက်ကြီးမှတော့ စည်းစိမ်ခံသင့်ပြီပေါ့။ ငါတစ်သက်လုံး ဆင်းရဲဒုက္ခ ခံလာရတာ၊ အခု ပိုက်ဆံရှာနိုင်တုန်းမှာ သေချာပေါက် စည်းစိမ်ခံရမယ်၊ ဘယ်သူမှ ငါ့ကို တားလို့မရဘူး။"

လူအများ : "..."

ဖြုန်းတီးလိုက်တာ…

ပိုင်ဖုန်းရှန်းပင်လျှင် ရှားရှားပါးပါးပင် စောင်းချိတ်၍ မနာလိုဖြစ်မိတော့သည်။ တကယ်ကို မနာလိုဖြစ်စရာ ကောင်းလွန်းလှ၏။

"နင်က ညည်းရဲ့ ချွေးမအပေါ်မှာ ဒီလောက်အထိ ကောင်းတာမျိုး တွေ့ရခဲတယ်နော်၊ ဟဲဟဲ။"

အဘွားကြီးကျောက် : "ငါတို့အိမ်က တခြားလူတွေ အကုန်လုံး ရှိနေမှတော့ ငါ့ချွေးမလည်း သေချာပေါက် ရှိရမှာပေါ့။ ဒီလောက် ပူတဲ့ ရာသီဥတုမှာ သူမ အပူလျှပ်သွားရင် ဘယ်လိုလုပ်မလဲ။ အိမ်က ပိုက်ဆံရှာဖို့ သူမကိုပဲ အားကိုးနေရတာ။ အကယ်၍ သူမသာ အပူလျှပ်ပြီး ဖျားနာသွားရင် နင်က ငါ့အတွက် လမ်းဘေးဈေးသည်ထွက်ပြီး ပိုက်ဆံရှာပေးမှာလား။ ဒါပေမဲ့ ဟုတ်တာပေါ့၊ ငါက သူမကို ပိုက်ဆံရှာခိုင်းချင်လို့တင် ကောင်းပြနေတာ မဟုတ်ဘူး၊ ငါက အစကတည်းက သူမအပေါ် ကောင်းတာ။ ငါက ဒီချွေးမကို သဘောကျလို့ပဲ"

တောက်… အန်ချင်စရာ…

ဤစကားကို ကြားရသူတိုင်း အန်ချင်စရာ ကောင်းလှသည်ဟု တွေးမိကြသည်။

ဘာပဲဖြစ်ဖြစ် ဘယ်သူမှ မယုံကြပေ။

သိသာလွန်းနေတာကို… ပိုက်ဆံကြောင့်ပဲလေ၊ ဘာသံယောဇဉ်တွေ လာနက်နေတာလဲ… သောက်ကျိုးနည်း။

သိသာလှစွာသော ယောက္ခမဆိုးကြီးက အကောင်းယောင် ဆောင်နေပြန်ပြီ…

ဝေါ့... ဝေါ့။

တကယ်ကို ဟန်ဆောင်ကောင်းလွန်းလှသည်။

သူမ လူအများကို စောင်းငဲ့ကြည့်ကာ

"နင်တို့က ဘာလို့ ဒီလောက် ကိစ္စများနေရတာလဲ၊ လာမေးနေလိုက်ကြတာ။ လျှပ်စစ်ပန်ကာ ဘယ်နှစ်လုံး ဝယ်တာနဲ့တင် ဒီလောက်အထိ အံ့ဩနေရလား။ ငါတို့အိမ်မှာ အဝတ်လျှော်စက်လည်း ရှိသေးတယ်အေ့။ ငါ အဘွားကြီးကတော့ နောင်ကျရင် လက်နဲ့လျှော်ရတဲ့ဘဝကနေ နှုတ်ဆက်ပြီပေါ့။ ဟူး... နင်တို့ ပြောကြည့်ဦး၊ ဒီလို လူနေမှုဘဝက တကယ်ကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာပဲ။ ငါကတော့ ဆိုရှယ်လစ်စနစ်က ကောင်းတယ်၊ မူဝါဒက ကောင်းတယ်လို့ပဲ ပြောရမယ်၊ မဟုတ်ရင် တို့တွေ ဘယ်လိုလုပ် ဒီလို နေ့ရက်ကောင်းတွေကို ဖြတ်သန်းနိုင်မလဲ။ နင်တို့ကြည့်ဦး၊ တို့တွေ အားလုံးက အိမ်ရာဝင်းတစ်ခုတည်းက ညီအစ်မတွေပဲမို့ ငါ နင်တို့တွေကို ပြောရဦးမယ်၊ နင်တို့ တစ်ယောက်ချင်းစီလည်း အရမ်း ကုတ်ကပ်မနေကြနဲ့။ သုံးသင့်ရင် သုံးပစ်ကြစမ်းပါ။ မဟုတ်ရင် သေခါနီးကျမှ တစ်သက်လုံး ဘာစည်းစိမ်မှ မခံစားဖူးဘဲ ဖြစ်နေလိမ့်မယ်။ ငါနဲ့တော့ မတူဘူးပေါ့၊ ငါကတော့ ကိုယ့်ကိုယ်ကိုယ် မညှဉ်းပန်းဘူး..."

အဘွားကြီးကျောက် တတွတ်တွတ် ပြောဆိုရင်း မိမိတစ်ဦးတည်း၏ စွမ်းအားဖြင့် ဝင်းတစ်ခုလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားကာ သူမ၏ ကြွားဝါမှုကြောင့် လူတိုင်းသူမကို ကန်ပစ်ချင်စိတ် ပေါက်နေကြတော့သည်။

သို့သော် ဤကဲ့သို့ ကြွားဝါခြင်းသည် လူကို ဒေါသထွက်စေသည်မှာ အမှန်ပင် ဖြစ်သော်လည်း လူတိုင်း

ချန်ချင်းယွီကို အနည်းငယ် သနားမိကြပြန်၏။

ဘာလို့ ဒီလိုယောက္ခမမျိုးနှင့် သွားတိုးရတာလဲ…

ဒီလောက် ပူပြင်းလှတဲ့ ရာသီဥတုမှာ ပင်ပင်ပန်းပန်း ပိုက်ဆံရှာပြီးကာမှ သူတစ်ပါးအတွက် အဆင်သင့် ဖြစ်အောင် လုပ်ပေးလိုက်ရသလို ဖြစ်နေပြီး….

ရှာသမျှ ပိုက်ဆံတွေ အကုန်သုံးပစ်တာကတော့ တကယ်ကို လွန်လွန်းလှပါဘိ…

"ဟဲဟဲ… ကောင်းပြီ၊ နင်တို့အားလုံး ဖယ်ပေးကြဦး၊ တို့တွေလည်း အိမ်ပြန်ရတော့မယ်။ ငါ လျှပ်စစ်ပန်ကာကို စမ်းကြည့်ရဦးမယ်။ အတော်ပဲ၊ လဲထားတဲ့ အဝတ်အစားတွေကိုလည်း အဝတ်လျှော်စက်နဲ့ စမ်းလျှော်ကြည့်ရမယ်။"

အဘွားကြီးကျောက် ပျော်လွန်းသဖြင့် ဘဝင်မြင့်ကာ မာန်တက်နေတော့၏။

"အမျိုးသမီးတွေ၊ အထူးသဖြင့် အသက်ကြီးတဲ့ အမျိုးသမီးတွေက ကိုယ်ြကိုယ်ကိုယ် ကောင်းကောင်း ထားသင့်တယ်အေ့။"

အဘွားကြီးကျောက် မေးစေ့ကို ပင့်တင်ကာ အိမ်မှ ခြံရံ စောင့်ရှောက်သူနှစ်ဦး ဖြစ်သည့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို ခေါ်ဆောင်၍ အိမ်သို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားတော့သည်။

အိုး… ချန်ချင်းယွီလား…

သူမကတော့ စောစောစီးစီးကတည်းက တံခါးထဲ ဝင်သွားခဲ့ပြီလေ…

အဘွားကြီးကျောက်သည် ဆောင့်ကြွားကြွား လျှောက်လှမ်းသွားရာ သူမ၏ နောက်ကျောဘက်မှ သွားကြိတ်သံများ တစ်ချက်စီ ထွက်ပေါ်လာခဲ့၏။

အကယ်၍ အကြည့်များဖြင့် လူသတ်နိုင်ပါက အဘွားကြီးကျောက်၏ ခန္ဓာကိုယ်တွင် အပေါက်ပေါင်းများစွာ ပွင့်နေလောက်ပြီ ဖြစ်သည်။

"သူမကို ကြွားဝါခွင့် ပေးလိုက်ကြပါ၊ ပိုက်ဆံလေး နည်းနည်း ရှိတာနဲ့ ကိုယ့်မျိုးရိုး ဘာလဲဆိုတာတောင် မေ့နေပြီ။ သူမ အမြဲတမ်း ပိုက်ဆံရှိနေနိုင်မလားဆိုတာ ငါ မယုံဘူး၊ ပိုက်ဆံလေး ရှိတာနဲ့ ဒီလောက်အထိ ကယောင်ကတမ်း ဖြစ်နေတာ။ ကုန်သွားလို့ နောက်ပိုင်း ထပ်မရှာနိုင်ရင် လျှပ်စစ်မီတာခတောင် ပေးနိုင်မှာ မဟုတ်ဘူး၊ အဲဒီကျရင် ဘာမျက်နှာနဲ့ လာကြွားမလဲ ကြည့်ရသေးတာပေါ့။"

"ငါကြည့်တာလည်း ဟုတ်တယ်၊ သူတို့အိမ်က ဒီလို အကျင့်စရိုက်မျိုးနဲ့ ပိုက်ဆံ ထပ်ရှာချင်သေးတာလား။ ဘိုးဘွားသင်္ချိုင်းက မီးခိုးထွက်တယ် (ဘုန်းကံကြီးတယ်) လို့ ထင်နေတာလား၊ စောင့်ကြည့်လိုက်ပါ၊ သူတို့အိမ် နောက်ပိုင်း သေချာပေါက် အဆင်မပြေ ဖြစ်လာမှာ။"

"အဘွားကြီးကျောက်က တကယ့် ဖြုန်းတီးတဲ့သူပဲ၊ ပိုက်ဆံရှိရင် သုံးပစ်တယ်၊ စုဆောင်းရမှန်းလည်း မသိဘူး။ နင်ကြည့်ဦး၊ နောက်ပိုင်း သူတို့အိမ် ပိုက်ဆံမရှာနိုင်ရင် ဘယ်လိုလုပ်မလဲ၊ အဲဒီအချိန်ကျရင် လျှပ်စစ်ပန်ကာတွေက သံတိုသံစတွေ ဖြစ်ကုန်မှာ၊ ပိုက်ဆံပြန်လဲချင်ရင်တောင် နည်းလမ်းရှိမှာ မဟုတ်ဘူး..."

လူတိုင်းမှာ အငြိုးအတေး အပြည့်ဖြင့် အဘွားကြီးကျောက်ကို တိုးတိုးတိတ်တိတ် ကျိန်ဆဲနေကြပြီး ၎င်းတို့မိသားစု နောက်နောင် ပိုက်ဆံ လုံးဝ မရှာနိုင်တော့ပါစေနှင့်ဟု မျှော်လင့်နေကြ၏။

နင် ကြွားချင်ဦးလေ…

အတင်းအဖျင်း ပြောရသည်ကို ဝါသနာပါသော အဘွားကြီးများပင် ဒေါသထွက်လွန်းသဖြင့် နောက်မှလိုက်၍ အခြေအနေကို သွားမကြည့်ကြတော့ဘဲ အရှေ့ဝင်းတွင် စုရုံးကာ တိုးတိုးတိတ်တိတ် အတင်းပြောနေကြတော့၏။

အဘွားကြီးကျောက်မှာမူ သူတစ်ပါး ဘာပြောပြော လုံးဝ ဂရုမစိုက်ချေ၊ အရေထူပြီးသား ဖြစ်သည်။

သူမသည် ပျော်ရွှင်မြူးတူးစွာဖြင့် အိမ်ပြန်ရောက်လာပြီး

"တွေ့လား၊ ငါက သူတစ်ပါးရဲ့ အမုန်းကို ဆွဲဆောင်တဲ့နေရာမှာ အတော်ဆုံးပဲ။ ညနေခင်း လူစုပြီး စကားပြောတဲ့အချိန်ကျရင် ငါ ထပ်ပြီး ဖြည့်စွက်ပြောဦးမယ်"

ချန်ချင်းယွီမှာ "ရော့" ဟု ဆိုကာ ပစ္စည်းလှမ်းပေးလိုက်၏။

"အလို... အလိုလို... ငါ့ကို ပေးတာလား။"

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"ရှောင်ကျားနဲ့ ရှောင်ယွမ်၊ တစ်ယောက်ကို တစ်ထုပ်စီနော်၊ တစ်ခါတည်းနဲ့ အကုန်စားမပစ်ကြနဲ့ဦး။ ဒါက နှစ်ပတ်စာ မုန့်ပဲသရည်စာ ၊ စားပြီးသွားရင်တော့ ငါ့ကို ထပ်

ဝယ်ပေးဖို့ လာမမျှော်နဲ့တော့"

ချန်ချင်းယွီ တစ်ယောက်လျှင် မက်မွန်သီးကိတ် တစ်ထုပ်စီ ခွဲဝေပေးလိုက်သည်။

အင်း... ရုတ်တရက် "မိဘများ၏ အချစ်" ရုပ်ရှင်ထဲက အခန်းကိုတောင် သတိရသွားပြီ…

သူမသည် မက်မွန်သီးကိတ်ကို ခွဲဝေပေးပြီးနောက် ဆန်မုန့်ချောင်းကိုလည်း တစ်ယောက်တစ်ထုပ်၊ စွန်ပလွန်ယိုမုန့်ကိုလည်း တစ်ယောက်တစ်ထုပ် ခွဲဝေပေးလိုက်ပြီး ဘယ်ရီသီးကိုလည်း ချန်မထားခဲ့ချေ။

နှစ်ပတ်စာ မုန့်ပဲသရည်စာ ဖြစ်သဖြင့် လေးထုပ်ဆိုသည်မှာ မနည်းလှပေ။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ဝမ်းသာအားရဖြင့် မုန့်များကို ပွေ့ပိုက်ကာ အခန်းထဲသို့ ရယ်မောရင်း ပြေးဝင်သွားကြသည်။

အဘွားကြီးကျောက် တတွတ်တွတ်ဖြင့်

"ညည်းကလည်း ကလေးတွေ မုန့်စားပြီး ထမင်းမစားဘဲ နေမှာကို မစိုးရိမ်ဘူးလား"

ချန်ချင်းယွီ : "ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် စားပြီးသွားရင် မရှိတော့ဘူးလေ၊ သူတို့ ကိုယ့်ဘာကိုယ် သိကြပါတယ်"

ချန်ချင်းယွီ လျှပ်စစ်ပန်ကာကို အမြန်ပင် ပလပ်ထိုးလိုက်စဉ် ဤအရာမှာ အလွန် ရိုးရှင်းလှသဖြင့် လေပြေတစ်ချက် ဝေ့ဖြန်းလာတော့သည်။

ချန်ချင်းယွီ : "ဟူး... သေချာပေါက် နွေရာသီမှာ လျှပ်စစ်ပန်ကာ ရှိမှ ဖြစ်မှာပဲ"

"အဲဒါ ပြောတာပေါ့၊ အမလေး... နေလို့ကောင်းလိုက်တာ၊ ငါတော့ နောက်နောင် ယပ်တောင် ခတ်မနေရတော့ဘူး။"

"ရှောင်ကျား၊ ရှောင်ယွမ်... လျှပ်စစ်ပန်ကာကို ယူသွားကြဦး။"

"လာပြီ၊ လာပြီ..."

မိသားစုတစ်ခုလုံး အလုပ်ရှုပ်သွားကြပြီး စမ်းသပ်ကြည့်ရာ အဆင်ပြေပြေ အသုံးပြုနိုင်သဖြင့် စိတ်အေးသွားကြတော့၏။

အဘွားကြီးကျောက်က ဝမ်းသာအားရဖြင့်

"နောင်ကျရင် တို့အိမ်က အဝတ်လျှော်တဲ့အလုပ်ကို ငါပဲ အကုန် တာဝန်ယူလိုက်တော့မယ်"

ချန်ချင်းယွီ : "ကောင်းပါပြီ"

ယခုခေတ်ကာလ၏ အဝတ်လျှော်စက်မှာ အလိုအလျောက်စနစ် မဟုတ်သေးဘဲ အိုးနှစ်လုံးတွဲ ဖြစ်သဖြင့် လျှော်ဖွပ်ခြင်းနှင့် ရေညှစ်ခြင်းကို အပြောင်းအလဲ လုပ်ရဦးမည်ဖြစ်ကာ အလယ်တွင်လည်း ရပ်တန့်ရဦးမည် ဖြစ်၏။ ချန်ချင်းယွီ ဤအရာများကို မလုပ်ချင်သဖြင့် အဘွားကြီးကျောက်ထံသို့သာ အကုန်လွှဲအပ်လိုက်ရာ အဘွားကြီးကျောက်မှာလည်း အလွန် ပျော်ရွှင်နေပုံရသည်။

"နင်ကြည့်ဦးဟယ်… တော်သေးလို့ တို့အိမ်က အိမ်ပြောင်းလိုက်လို့၊ မဟုတ်ရင် အဝတ်လျှော်စက် ဝယ်လာရင် နေရာ ဘယ်လိုဆံ့မှာလဲ။ အခုတော့ ပစ္စည်းအသစ်အဆန်းတွေ ထပ်ဖြည့်ရင်တောင် အနှောင့်အယှက်မရှိဘူး။ နေရာက အကျယ်ကြီးပဲဥစ္စာ"

ချန်ချင်းယွီ ခေါင်းညိတ်ကာ

"ဒါပေါ့"

"ဒါကလည်း ဝမ်မေ့လန် အိမ်ရောင်းလိုက်လို့ တော်သေးတာပေါ့၊ တို့အိမ်ကလည်း အဒေါ်ကြီးမေ့တို့အိမ်နဲ့ အိမ်ချင်း ပြန်လဲလိုက်ရလို့၊ မဟုတ်ရင် အိမ်ရာဝင်းတစ်ခုတည်းမှာ မရှိရင် အဆင်ပြေမှုက နည်းနည်း ကွာသွားမှာ"

အဘွားကြီးကျောက် ဆက်လက်၍

"ဟဲ... ဝမ်မေ့လန်အကြောင်း ပြောမိမှ ဝမ်ကျန့်ကော်ကို သတိရတယ်၊ အဲဒီကောင်စုတ်က တို့အိမ်ကို အတုခိုးနေတာ။ ပြီးတော့ ယွမ်ဟောက်ဖုန်းဆိုတဲ့ ကောင်စုတ်ကလည်း အတုခိုးပြန်ပြီ။ တကယ့်ကို သေချင်းဆိုးတွေပဲ"

သူမ မထီမဲ့မြင်ပြုကာ တံတွေးတစ်ချက် ထွေးလိုက်ပြီး

"သူက ယွမ်ဟောက်ဖုန်းနဲ့ အတူတူ တောင်ပိုင်းကို သွားပြီး ပစ္စည်းယူလာတာ၊ ငါကြည့်တာ တို့အိမ်က ပစ္စည်းတွေနဲ့ အတူတူပဲ၊ အကုန်လုံး လုရှန်းစာသားပါတဲ့ တီရှပ်တွေချည်းပဲ၊ တကယ့်ကို ရွံစရာကောင်းလိုက်တာ"

ဤအကြောင်းနှင့် ပတ်သက်၍မူ ယောက္ခမနှင့် ချွေးမနှစ်ဦးစလုံး အမြဲတမ်း အလုပ်ရှုပ်နေကြသော်လည်း သိရှိထားကြသည်သာ ဖြစ်သည်၊ ဘာပဲဖြစ်ဖြစ် မိမိတို့အိမ်တွင် ထမင်းချက်ပေးနေသော အားလုံးသိ အဒေါ် ကြီးမေ့ ရှိနေသည်မဟုတ်လော့။

ထိုလူနှစ်ဦးမှာ လွန်ခဲ့သော တစ်ပတ်ခန့်ကမှ ပြန်ရောက်လာကြခြင်း ဖြစ်ပြီး ယခုတစ်ခေါက်၌ ကွမ်ကျိုးတွင် ပြဿနာတက်ခြင်း မဟုတ်ဘဲ ကုန်ပစ္စည်း အမှန်တကယ် ပြတ်လပ်နေခြင်းကြောင့် နေရာအနှံ့ လိုက်ရှာရင်း စောင့်ဆိုင်းနေခဲ့ရသဖြင့် ခရီးစဉ်မှာ တစ်လခွဲနီးပါး ကြာမြင့်သွားခဲ့ခြင်း ဖြစ်၏။ အသွားအပြန် စုစုပေါင်း ရက်ပေါင်းနှစ်ဆယ်နီးပါး ကြာမြင့်ခဲ့သည်။

ကြားသိရသလောက်ဆိုလျှင် ယခုအခါ ကွမ်ကျိုးတွင် ဤကဲ့သို့သော တီရှပ်များကို ထုတ်လုပ်သည့် စက်ရုံများစွာ ရှိနေသော်လည်း ၎င်းတို့ ဝယ်ယူသည့် ပမာဏမှာ နည်းပါးလွန်းသဖြင့် ပမာဏအများကြီး ယူသည့် လက်ကားသမားကြီးများကို ဘယ်လိုမှ မပြိုင်နိုင်ချေ၊ ထို့ကြောင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့ပြီး ခဲရာခဲဆစ် စောင့်ဆိုင်းပြီးမှသာ ဈေးနှုန်းကြီးမြင့်စွာဖြင့် အချို့ကို ယူဆောင်လာနိုင်ခဲ့ခြင်း ဖြစ်၏။ ကုန်ကျစရိတ် အရင်းအနှီးမှာ ခုနစ်ယွမ် ဖြစ်သည်ဟု ဆိုကြသည်။

ဤဈေးနှုန်းကိုမူ ချန်ချင်းယွီ လုံးဝ မယုံကြည်ချေ။

ဈေးနှုန်းကြီးမြင့်သည်ဆိုလျှင်ပင် ခုနစ်ယွမ်အထိ ဖြစ်လာစရာ အကြောင်းမရှိပေ။ သူမ၏ အရင်းအနှီးပင် တစ်ယွမ်ခွဲသာ ရှိသည်မဟုတ်လော့။ ဈေးတက်လျှင်ပင် ဤမျှအထိ တက်စရာ အကြောင်းမရှိချေ။ ဤအရေအတွက်မှာ အဘွားကြီးဝမ်တို့ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း ချန်ချင်းယွီ တစ်စက်ကလေးမျှပင် မယုံကြည်ချေ။

သူမ တမင်သက်သက် ဤသို့ပြောဆိုခြင်းမှာ မည်သည်ကို ရည်ရွယ်မှန်း မည်သူသိနိုင်မည်နည်း။

လူတိုင်း ကုန်ပစ္စည်း လုယူနေကြသည့် အခြေအနေမျိုးတွင် ဈေးနှုန်း မြင့်တက်လာခြင်းသည် အလွန် ပုံမှန်ဖြစ်သော်လည်း အကယ်၍ ရုတ်တရက် ခုနစ်ယွမ်အထိ တက်သွားသည်ဆိုပါက ချန်ချင်းယွီအနေဖြင့် ထိုအရာမှာ လူအများကို လှည့်စားခြင်းသာ ဖြစ်သည်ဟု ခံစားရသည်။ ဆောင်းဦးရာသီသုံး လက်ရှည်င်္အကျီ တစ်ထည်ပင်လျှင် ဤဈေးနှုန်းမျိုး ရှိမည်မဟုတ်ပေ။

ဤဈေးနှုန်းမှာ ၎င်းတို့ တမင်သက်သက် သတင်းလွှင့်ထားခြင်း ဖြစ်သည်ဟု ထင်မြင်မိ၏။

ဘာပဲဖြစ်ဖြစ် ချန်ချင်းယွီကတော့ လုံးဝ မယုံကြည်ပါဘူး…

ချန်ချင်းယွီမှာ ဝမ်ကျန့်ကော်တွင် မည်သည့်နေရာမှ အရင်းအနှီး ရရှိလာသနည်းဟူသည်ကိုသာ စူးစမ်းလိုစိတ် ဖြစ်မိသည်၊ သို့သော် သူတစ်ပါး ပိုက်ဆံရှာနိုင်သည်ဆိုကတည်းက အရည်အချင်း အနည်းငယ် ရှိပေလိမ့်မည်။ ဝမ်ကျန့်ကော်နှင့် ယွမ်ဟောက်ဖုန်းတို့သည် အတူတူ သွားရောက်ကာ ပစ္စည်းယူခဲ့ကြသည်ဆိုသော်လည်း ပြန်ရောက်လာချိန်တွင်မူ မိမိတို့ဘာသာ သီးခြားစီ လုပ်ကိုင်ကြ၏။

ဝမ်ကျန့်ကော်ဘက်၌ သူ၏အမေ ဖြစ်သူ အဘွားကြီးဝမ်ကို အဝတ်အထည်များ ရောင်းချခိုင်းသည်။

ယွမ်ဟောက်ဖုန်းဘက်တွင် ယခုတစ်ခေါက် လီလင်းလင်းကို အသုံးပြုရန် မဝံ့ရဲတော့ပေ။

အဘယ်ကြောင့်ဆိုသော် လင်စန်းရှင်းသည် သူတို့အိမ်၏ ကျန်ရှိနေသော ဂျင်းဘောင်းဘီ ဆယ်ထည်ကျော်ကို သိမ်းဆည်းထားပြီး ပိုက်ဆံလည်း မပေး၊ ပစ္စည်းလည်း ပြန်မပေးဘဲ ရှိနေခြင်းကြောင့်တည်း။

ကျောက်ရုံသည် အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီး စကားကောင်းရော စကားဆိုးပါ အကုန်ပြောခဲ့သော်လည်း လင်စန်းရှင်းသည်ကား ဘယ်လိုမှ နားမဝင်ချေ။ လီလင်းလင်းမှာလည်း မိခင်ဖြစ်သူ၏အရှေ့တွင် ထိုမျှအထိ ပြတ်သားမှုမရှိဘဲ အမြဲတမ်း ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေတတ်၏။ ဤမိန်းမသည် ခိုင်းရလွယ်ကူသည်ဆိုသော်လည်း ယွမ်ဟောက်ဖုန်း အမှန်တကယ် မယုံရဲတော့ချေ။

ဂျင်းဘောင်းဘီဖိုး ပိုက်ဆံကို သူ သေချာပေါက် ပြန်တောင်းမည် ဖြစ်သည်။

ဆယ်ထည်ကျော်ဆိုတော့ နှစ်ရာကျော်တောင် ရောင်းရမှာ မဟုတ်လား…

ဒီလောက်များပြားတဲ့ ပိုက်ဆံကိုတော့ သူ့ဆီကနေ အလကားအမြတ်ထုတ်ဖို့ လုံးဝ မကြံစည်နဲ့…

သို့သော်လည်း ဖြည်းဖြည်းချင်း လုပ်ဆောင်ရမည်ကို သူသိရှိသည်၊ သို့သော် ယခုတစ်ခေါက် အဝတ်အထည်ကိစ္စတွင်မူ လီလင်းလင်းကို သူ မယုံကြည်တော့ပေ။ ယွမ်ဟောက်ဖုန်းသည် လူကို ဦးနှောက်ဆေးနည်းဖြင့် ချုပ်ကိုင်ခြင်း၌ အလွန် ကျွမ်းကျင်လှရာ သူသည် လီလင်းလင်းကို ပစ္စည်းရောင်းမခိုင်းသော်လည်း သူမထံသို့ တိုးတိုးတိတ်တိတ် သွားရောက်ကာ စကားအဖြစ်ဖြင့် လင်စန်းရှင်းကြောင့် ဖြစ်ရသည့် ဝဋ်ကြွေးဟု ပုံဖော်ပြောဆိုနေ၏။

ပြောရမည်ဆိုလျှင် သူတို့မိသားစုတွင် တည်ရှိမှု အားနည်းလှသော ယွမ်ဟောက်ယွဲ့မှလွဲ၍ ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့မှာ တကယ်ကို အရည်အချင်းရှိသူများ ဖြစ်ကြသည်၊ တစ်ယောက်က လီလင်းလင်းကို လှည့်စားပြီး နောက်တစ်ယောက်က ရှီရှောင်ဝေကို မြှောက်ထိုးပင့်ကော် လုပ်နေ၏။

ယွမ်ဟောက်ဖုန်း လီလင်းလင်းကို အလုပ်လုပ်ရန် လှည့်စားနေပြီး၊ ယွမ်ဟောက်ရွှယ်မှာမူ ရှီရှောင်ဝေကို သူ၏မိခင်နှင့် ရန်ဖြစ်ရန် လှည့်စားနေခြင်း ဖြစ်သည်။

အစ်မကြီးဖန်မှာ ကွယ်ရာတွင် ယွမ်ဟောက်ရွှယ်ကို မြေခွေးမဟု ဆဲဆိုကာ ကြံစည်တွက်ချက်နေသည်ကို ယွမ်ဟောက်ရွှယ် တေးမှတ်ထားပြီး အခွင့်ကြုံသောအခါ ကလဲ့စားချေလေ၏။ သူမသည် သေချာပေါက် ရှီရှောင်ဝေနှင့် အဆင်ပြေပြေ နေမည်မဟုတ်ဘဲ ရက်ခြားတစ်ခါ ရန်တိုက်ပေးလေ့ရှိပြီး၊ ဤရက်ပိုင်းအတွင်း ချန်ချင်းယွီတို့မိသားစုမှာ အလုပ်ရှုပ်နေသဖြင့် သတိမထားမိခဲ့ကြသော်လည်း အမှန်တကယ်တွင်မူ အစ်မကြီးဖန်နှင့် ရှီရှောင်ဝေ သားအမိနှစ်ဦးမှာ အကြီးအကျယ် ရန်ဖြစ်နေကြပြီ ဖြစ်သည်။

ယွမ်ဟောက်ဖုန်းဘက်၌ လီလင်းလင်းကို အားကိုး၍မရတော့သဖြင့် နောက်ဆုံးတွင် ကွမ်ထင်းထင်းကို စည်းရုံးနိုင်ခဲ့၏။

ယခုအခါ ကွမ်ထင်းထင်းသည် အလုပ်ဆင်းသည်နှင့် ယွမ်ဟောက်ဖုန်းနှင့်အတူ လမ်းဘေးဈေးသည် ထွက်နေကြပြီ ဖြစ်သည်။

သူတို့လင်မယား နှစ်ယောက်စလုံး အတူတူ ရှိနေကြသဖြင့် လီလင်းလင်းကိုမူ မျက်စိထဲပင် မထည့်ကြပေ။

ချန်ချင်းယွီ ထင်မြင်မိသည်မှာ ယွမ်ဟောက်ဖုန်း ဤသို့ ဆက်လက်၍ ဆွပေးနေမည်ဆိုပါက လီလင်းလင်းနှင့် သူမ၏မိခင် လင်စန်းရှင်းတို့ ဆက်ဆံရေးကြား သေချာပေါက် အက်ကွဲကြောင်း ထင်လာပေလိမ့်မည်။ အိမ်ရာဝင်းတစ်ခုတည်းတွင် နေထိုင်ကြသဖြင့် သူတို့မိသားစုသည် မျက်နှာချင်းဆိုင်အိမ်မှ ရက်ခြားတစ်ခါ အကြီးအကျယ် ရန်ဖြစ်သံ၊ တိုးတိုးတိတ်တိတ် ရန်ဖြစ်သံများကို ကြားနေရသည် မဟုတ်လော့။

အစ်မကြီးဖန်သည် ဤသားဖြစ်သူအပေါ် အမြဲတမ်း ဘက်လိုက်ခဲ့သော်လည်း ယခုအခါ နေ့တိုင်း နောက်ကျော ဓားနဲ့အထိုးခံရသလိုဖြစ်နေရပြီး သူမ ရင်ထဲတွင် ခံရခက်နေကာ သားဖြစ်သူကို ကယ်တင်ချင်စိတ် ပိုမိုပြင်းပြ၍ ယခင်ကဲ့သို့ ပြန်ဖြစ်အောင် သွန်သင်ချင်သော်လည်း မထူးခြားတော့ပေ။ ရန်ဖြစ်သံများမှာ အိမ်နီးနားချင်းများပါ သိရှိကုန်ပြီဖြစ်၏။

ချန်ချင်းယွီ ယခုအချိန်တွင် အလုပ်မရှုပ်တော့သဖြင့် အခြေအနေကို စောင့်ကြည့်ရန် စိတ်ပါလက်ပါ ရှိနေတော့သည်။

အလုပ်ရှုပ်ရမည့်အချိန်တွင် အလုပ်ရှုပ်ရမည်ဖြစ်သော်လည်း အလုပ်မရှုပ်သည့်အချိန်တွင်မူ သူတစ်ပါးအကြောင်း စပ်စုခြင်းမှာလည်း မရှိမဖြစ် လိုအပ်သည်သာ..

မိမိတို့မိသားစု အခြားသူများ၏ အကြောင်းကို စပ်စုသကဲ့သို့ အခြားသူများလည်း မိမိတို့အိမ်အကြောင်းကို စပ်စုကြသည်၊ ဘာပဲဖြစ်ဖြစ် မိမိတို့မိသားစုမှာ တော်တော်လေး ထင်ပေါ်နေသည် မဟုတ်လော့။

ချန်ချင်းယွီတို့မိသားစု တစ်ခါတည်းနှင့် လျှပ်စစ်ပန်ကာ လေးလုံး ဝယ်လိုက်ခြင်းသည် လမ်းကြားတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့ရာ ၎င်းတို့အိမ်ရာဝင်းတစ်ခုတည်း တုန်လှုပ်သွားခြင်း မဟုတ်ဘဲ ကြားရသူတိုင်း အံ့ဩမှင်သက်ကုန်ကြသည်။ သို့သော်လည်း အားလုံးမှာ ကွယ်ရာတွင် အဘွားကြီးကျောက် ပိုက်ဆံဖြုန်းတီးပုံကို တိုးတိုးတိတ်တိတ် ပြောဆိုကြသော်လည်း အဘွားကြီးကျောက်မှာ ဂရုမစိုက်ပေ။

တစ်ယောက်ယောက် လာရောက် လျှာရှည်လျှင် သေချာပေါက် ပြန်လည် တုံ့ပြန်မည်သာ။

အိမ်ရှိ အခြားသူများအပေါ်တွင်မူ လုံးဝ သက်ရောက်မှု မရှိချေ။

သို့သော်လည်း သူတို့မိသားစု၏ ဤသို့သော လုပ်ဆောင်ချက်ကြောင့် လူတိုင်း သိရှိသွားကြသည်မှာ ဤမိသားစုသည် အမြော်အမြင်မရှိဘဲ ပိုက်ဆံစုဆောင်းရမှန်း လုံးဝမသိကာ၊ ပိုက်ဆံရှိလျှင် ဖြုန်းတီးပစ်တတ်သဖြင့် အိမ်ထောင်မှုကို လုံးဝ မထိန်းသိမ်းတတ်သူများ ဟူ၍တည်း။ ချန်ချင်းယွီ ဤအရာများကို ဂရုမစိုက်ချေ၊ ဤရက်ပိုင်းအတွင်း သူမသည် နိုင်ငံခြားငွေလဲလက်မှတ်အချို့ကို ထပ်မံလဲလှယ်

နိုင်ခဲ့သဖြင့် ယိုယိ့စတိုးဆိုင်၏ ပင်လယ်ပြင်ထဲတွင် ပျော်မွေ့နေတော့သည်။

ဘာပဲပြောပြော ဤနေရာတွင် ရောင်းချသော ပစ္စည်းများမှာ အတုအယောင်များ မဟုတ်ပေ။

ချန်ချင်းယွီ တော်တော်လေး သဘောကျလှ၏။

ဒါက ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမှုဆိုတာ သဘောပေါက်တယ်မလား…

ချန်ချင်းယွီလည်း ပစ္စည်းအားလုံးကို သိမ်းကျုံးဝယ်ယူနိုင်သည့် လက်ကြီးသမားမျိုး မဟုတ်သဖြင့် မိမိမျက်စိကျရာ ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူခြင်း ဖြစ်သည်၊ ဤကဲ့သို့သော အရာများတွင် မျက်စိကျဖို့လည်း အလွန် အရေးကြီး၏။ ရက်ပိုင်းအတွင်းမှာပင် သူမသည် ယွမ်သောင်းချီတန်ဖိုးရှိသော ပစ္စည်းများကို လိုက်လံရှာဖွေ ဝယ်ယူခဲ့သည်။

လက်ရာ သပ်ရပ်လှပသော ပစ္စည်းများချည်းသာ ဖြစ်၏။

အခြားအကြောင်းကြောင့် မဟုတ်ချေ၊ သူမမှာ လှပသည်ကို သဘောကျခြင်းကြောင့်သာ ဖြစ်သည်။

ချန်ချင်းယွီ၏ လက်ထဲတွင် ပိုက်ဆံရှိနေသည်၊ အကယ်၍ နိုင်ငံခြားငွေလဲလက်မှတ်သာ မပြတ်လပ်ပါက သူမ ထပ်မံ ဝယ်ယူဦးမည် ဖြစ်၏။ ချန်ချင်းယွီ ဤပစ္စည်းများကို ဝယ်ယူနေသော်လည်း အပြင်လူကိုမူ လုံးဝ ထုတ်၍ မကြွားဝါချေ။ မိမိတို့မိသားစု ပိုက်ဆံသုံးစွဲခြင်းသည် စားသောက် နေထိုင်မှုပေါ်တွင်သာ အဓိက ထင်ဟပ်နေသဖြင့် ချန်ချင်းယွီ ဤကဲ့သို့သော ရှေးဟောင်းပစ္စည်းများကို ဝယ်ယူနေကြောင်း မည်သူမျှ မသိရှိကြပေ။

သို့သော် ပြောရမည်ဆိုလျှင် ယွမ်ဟောက်ဖုန်းနှင့် ဝမ်ကျန့်ကော်တို့၏ စီးပွားရေးမှာ ချန်ချင်းယွီ လုပ်ကိုင်ခဲ့စဉ်ထက် များစွာ လျော့နည်းလှသည်။

ဤသည်မှာ ချန်ချင်းယွီ အခြားသူများထက် ပိုမို ကံကောင်းခြင်းကြောင့် မဟုတ်ဘဲ သူမ စောစောစီးစီး လုပ်ကိုင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကာ ရုပ်ရှင် ရုံမတင်ရသေးမီပင် အဝတ်အထည်များကို သယ်ဆောင်လာနိုင်ခဲ့၍တည်း။ သူမ ရောင်းချခဲ့သည်မှာ တစ်လရှိပြီဖြစ်သော်လည်း ဈေးကွက်ထဲတွင် ပုံစံတူ မရှိသေးချေ။ ရေပန်းအစားဆုံး အချိန်ကာလ ဖြစ်သဖြင့် သူမသည် အကျိုးအမြတ်ကို အပြည့်အဝ ခံစားခဲ့ရခြင်း ဖြစ်၏။

ထို့အပြင် သူမသည် ဤတစ်လခွဲအတွင်း စုစုပေါင်း အရေအတွက် တစ်သိန်းလုံးကို ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်၊ တစ်သိန်းတောင်လေ… ယင်းမှာ အနည်းငယ်မျှသော ပမာဏ မဟုတ်ဘဲ ဈေးကွက်ကြီးတစ်ခုလုံးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဆက်လက် ရောင်းချသူများ ရှိနေဦးမည် ဖြစ်သော်လည်း ဖောက်သည်များမှာမူ အစောပိုင်းကဲ့သို့ များပြားခြင်း မရှိတော့ပေ။

ဤသည်မှာလည်း ချန်ချင်းယွီအနေဖြင့် ဆက်လက် လုပ်ကိုင်ရန် မစဉ်းစားခဲ့သည့် အကြောင်းရင်း ဖြစ်၏။

သူမသည် အခြားနယ်များသို့ သွားရောက် မရောင်းချနိုင်သည့်အပြင် ပေကျင်းတွင် ဆက်လက် ရောင်းချမည်ဆိုပါကလည်း စီးပွါးရေး ပိုမို ညံ့ဖျင်းလာလိမ့်မည်ဟု ခန့်မှန်းထားသဖြင့် ချန်ချင်းယွီသည် လုံးဝ ထည့်မစဉ်းစားတော့ခြင်း ဖြစ်သည်။

သူမသည် ယွမ်ဟောက်ဖုန်းနှင့် ဝမ်ကျန့်ကော်တို့၏ စီးပွားရေးကို တိုးတိုးတိတ်တိတ် စောင့်ကြည့်ခဲ့ရာ မျှော်လင့်ထားသည့်အတိုင်းပင် သူမနှင့် ယှဉ်လျှင် ကွာခြားလွန်းလှ၏။ ထိုသူတို့သည် ရုပ်ရှင်ရုံများကို ရွေးချယ်ခဲ့ကြသည်ဆိုသော်လည်း အဝယ် လျော့နည်းနေဆဲပင်…

ဘာပဲဖြစ်ဖြစ် လူအတော်များများမှာ ရှိနေကြပြီလေ…

မိမိအနေဖြင့် ကုန်ပစ္စည်းအသစ် ထပ်မံမယူခဲ့ခြင်းမှာ မှန်ကန်ကြောင်း ချန်ချင်းယွီ ပိုမို သေချာသွားတော့သည်။

နွေရာသီ အပူကြီးထဲမှာ အနားယူလိုက်တာ အကောင်းဆုံးပဲ…ဟီးဟီး..

ချန်ချင်းယွီသည် နွေရာသီ၌ အနံ့အသက်ဆိုးများဖြင့် ပြည့်နှက်နေသော ရထားကြီးကို မခံနိုင်၍သာ စီးပွားရေးကို ခေတ္တရပ်နားထားခြင်း ဖြစ်သည်ဟု… ဝန်မခံချင်ပေ။

မူလကတည်းက နွေရာသီတွင် အလွန် ပူပြင်းလှသည့်အပြင် ရထားပေါ်တွင်လည်း အနံ့အမျိုးမျိုး ရှိနေသဖြင့် ချန်ချင်းယွီ ပိုက်ဆံရှာချင်သည်ဆိုသော်လည်း မိမိကိုယ်ကိုယ် မနှိပ်စက်နိုင်ချေ။

စောတာ နောက်ကျတာက ဘာမှမဖြစ်ပါဘူး….

သို့သော်လည်း ချိုက်မင်မင်မှာ ကွမ်ကျိုးသို့ သွားရောက်ခဲ့ပြီ ဖြစ်သည်။

သူမသည် ပြီးခဲ့သည့်ရက်ပိုင်း၌ မွေးရပ်မြေသို့ တစ်ခေါက် ပြန်သွားခဲ့ပြီး ပြန်လာချိန်တွင် ပစ္စည်း သိပ်မကျန်တော့ချေ။ ဘာပဲဖြစ်ဖြစ် မာကျန်းလည်း နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သဖြင့် လင်မယားနှစ်ယောက်စလုံး အတူတူ သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်၊ ထိုအချိန်မှာ ချန်ချင်းယွီ စာရင်းမပိတ်ရသေးသဖြင့် ချိုက်မင်မင် အတူတူသွားရန် ဖိတ်ခေါ်ခဲ့သော်လည်း သူမ ငြင်းပယ်ခဲ့၏။

ချိုက်မင်မင်နှင့် မာကျန်းတို့ အတူတူသွားကြသဖြင့် စိတ်ချရသည်ဟု ဆိုရမည်။

လင်မယားနှစ်ယောက်စလုံး ထွက်သွားခဲ့သည်မှာ ခုနစ်ရက်၊ ရှစ်ရက်ခန့် ရှိပြီဖြစ်သော်လည်း ပြန်မရောက်သေးပေ။

ပြောရမည်ဆိုလျှင် ချန်ချင်းယွီ၏ လှုံ့ဆော်မှုနှင့် အဘွားကြီးကျောက်၏ ကြွားဝါမှုများကြောင့် ၎င်းတို့အိမ်ရာဝင်း၏ တစ်ကိုယ်တော် စီးပွါးရေးသမားများအပေါ် လက်ခံနိုင်စွမ်းမှာ အလွန် မြင့်မားလှသည်။ လူအတော်များများ စတင် လုပ်ကိုင်နေကြပြီဖြစ်ရာ ဤကဲ့သို့ ပိုက်ဆံရှာနိုင်သည့် ကိစ္စတွင် သိက္ခာကျခြင်းသည် ကိစ္စမရှိချေ။

ပိုက်ဆံရှိလို့ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်နိုင်ရင် သိက္ခာလေး နည်းနည်းကျတာ ဘာဖြစ်လဲ…

အဓိကအချက်မှာ အဘွားကြီးကျောက်၏ အလွန်တရာကို ကြွားဝါလွန်းခြင်းကြောင့် ဖြစ်သည်။

ဤအိမ်ရာဝင်းထဲတွင် မိမိတို့မိသားစုသာ အထင်ပေါ်ဆုံး ဖြစ်နေတော့၏။

တစ်နေ့လုံး ကောင်းကောင်းစားဖို့ပဲ သိတယ်ဟာတွေ…

ယခုအခါ မိမိတို့၏ အဝတ်အထည်များ အကုန်ရောင်းကုန်ပြီ ဖြစ်သော်လည်း အဒေါ်ကြီးမေ့ကို အိမ်အကူအဖြစ် ဆက်လက် ငှားရမ်းထားဆဲဖြစ်ကာ ရပ်တန့်ခြင်း မရှိချေ။

အဘွားကြီးကျောက် ဝင့်ကြွားစွာဖြင့်

"ငါက ဒီလောက် အသက်ကြီးနေပြီ၊ ပိုက်ဆံရှာတယ်ဆိုတာ သုံးဖို့အတွက်ပဲဥစ္စာ"

အော်... ဒါက သူမ၏ အမြဲတမ်း ပြောလေ့ရှိသော စကားပင်…

ချန်ချင်းယွီမှာ နောက်ကွယ်တွင် သေချာစွာ ပုန်းကွယ်နေခဲ့၏။

ဘာလို့ အဘွားကြီးကျောက်အတွက် ပိုက်ဆံအကုန်အကျခံလဲဆိုတာကတော့….သူမကို အရှေ့ကနေ မီးမောင်းထိုးပြခိုင်းပြီး အမုန်းခံခိုင်းထားတာ မဟုတ်လား…ဒါမှ ကိုယ့်အတွက် အလုပ်ရှုပ် သက်သာမှာလေ…

အမှန်တကယ်တမ်း ချန်ချင်းယွီပြဿနာများကို မကြောက်ပေ၊ သို့သော်လည်း တည်ငြိမ်အေးချမ်းစွာ နေနိုင်ပါလျက်နှင့် အဘယ်ကြောင့် သူတစ်ပါးနှင့်ရန်ဖြစ်ပြီး စိတ်တိုခံမည်နည်း။

သူမတွင် ပိုက်ဆံမပြတ်လပ်သဖြင့် ပိုက်ဆံအနည်းငယ် သုံးပြီး စိတ်အေးချမ်းနေရသည်ဆိုလျှင် သေချာပေါက် ပိုက်ဆံသုံးလိုက်မည်သာ။

အဘွားကြီးကျောက်တစ်ယောက် နေ့တိုင်း အပြင်တွင် လျှောက်သွားနေသဖြင့် တကယ်ကို အလုပ်ရှုပ်လွန်းနေ၏။

၎င်းအပြင် ဤပိုက်ဆံများကို အဘွားကြီးကျောက်အပေါ်တွင် သုံးစွဲရခြင်းမှာ တကယ်ကို တန်လှသည်။ သူမသည် အမုန်းလှိုင်းများကို ဆွဲဆောင်ရာတွင် အတော်ဆုံး လက်ရွေးစင် ဖြစ်ရုံမျှမက မိမိမှာကြားလိုက်သည့် ကိစ္စရပ်များကိုလည်း တစ်ခါမျှ ပျက်ကွက်ခြင်း မရှိချေ။ လတ်တလော၌ အဘွားကြီးကျောက်သည် ကြွားဝါခြင်း လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသဖြင့် နေ့တိုင်း အိမ်တွင် ကပ်လေ့မရှိပေ။

ချန်ချင်းယွီမှာ အိမ်တွင် တီဗီကြည့်လိုက်၊ ရေဒီယိုနားထောင်လိုက်ဖြင့် အမှန်တကယ် ကောင်းကောင်းကြီး အနားယူနေတော့သည်။

သို့သော်လည်း နေ့ခင်းကြောင်တောင်ကြီးတွင် အဘွားကြီးကျောက်

အလောတကြီးဖြင့် အပြင်မှ ပြန်ရောက်လာကာ

"ချွေးမရေ”

ချန်ချင်းယွီ : "ဘာဖြစ်လို့လဲ အမေ"

အဘွားကြီးကျောက် : "ငါ ညည်းအဖေရဲ့ သတင်းကို ကြားခဲ့တယ်အေ့"

ချန်ချင်းယွီ : "သူ ဘာဖြစ်ပြန်ပြီလဲ"

သူမ နောက်ဆုံးတစ်ခေါက် သွားခြောက်လှန့်ခဲ့သည်မှာလည်း တစ်လခွဲနီးပါး ရှိခဲ့ပြီ မဟုတ်လော့။

"ညည်းအဖေ အိမ်မှာ အင်းမီးရှို့တဲ့ ပြာအရည် တွေ သောက်ပြီး အဆိပ်သင့်သွားလို့တဲ့။"

ချန်ချင်းယွီမှာ : “လခွမ်း..”

သူမ တကယ်ကို ရိုးသားစွာဖြင့် ပြောလိုက်မိ၏။

"သူ အရင်ကလည်း အင်စက္ကူပြာတွေနဲ့ ထမင်းနယ်စားပြီး အဆိပ်သင့်ဖူးတယ် မဟုတ်လား။ အဲဒီကျင်းထဲကိုပဲ နှစ်ခါပြန် ချော်လဲရတယ်လို့လား"

"ချော်လဲတာပေါ့၊ တကယ့်ကို ထပ်ပြီး ချော်လဲတာအေ့။"

ချန်ချင်းယွီမှာ : "..."

သူမအနေဖြင့် တကယ်ကို လက်ဖျားခါသွားရပြီး "ဝေ့ရှုဖန်းကောလား" ဟု ထပ်မံ မေးမြန်းလိုက်သည်။

"သူမလည်း အတူတူပဲလေ။"

အဘွားကြီးကျောက်ပင်လျှင် မချီးမွမ်းဘဲ မနေနိုင်တော့ချေ၊ ဤလင်မယားနှစ်ယောက်မှာ တကယ်ကို အရည်အချင်းရှိလှ၏။ ချန်ချင်းယွီအနေဖြင့် ဘာမှလုပ်စရာမလိုဘဲ တစ်နေ့နေ့တွင် မိမိကိုယ်ကိုယ် နှိပ်စက်ရင်း သေသွားကြလိမ့်မည်ဟု ခန့်မှန်းရသည်၊ ဤမျှအထိ မိမိကိုယ်ကို နှိပ်စက်တတ်သူမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။

ဒါက ဘယ်လိုပြောရမလဲ….

ချန်ချင်းယွီ : "တကယ့်ကို ကောင်းကင်ကြီးက မျက်စိရှိတာပဲ၊ ကိုယ့်ကိုယ်ကို ညှင်းဆဲကြစမ်းပါစေ၊ ခံရတာ ထိုက်တန်တယ်"

ချန်ချင်းယွီ ၎င်းတို့ထံ သွားရောက်ကြည့်ရှုရန် လုံးဝ မရည်ရွယ်ချေ။

"ဒါဆို ညည်း သူတို့ဆီ သွားကြည့်ဦးမလား။"

ချန်ချင်းယွီ : "ကျွန်မက ဘာလို့ သွားရမှာလဲ၊ အကယ်၍ ကျွန်မသာ သွားရင် သူတို့ ကြောက်နေကြဦးမယ်။ ချန်ရိကျွင်းက ကျွန်မက သူ့ကို ကံဆိုးအောင်လုပ်တယ်လို့ ပြောထားတာ မဟုတ်လား။ အကယ်၍ ကျွန်မသာ သွားရင် သေချာပေါက် သူ့ကို ထပ်ပြီး နှိပ်စက်သလိုဖြစ်မှာပေါ့... အာ၊ ဒါပေမဲ့ နေပါဦး၊ ကျွန်မ သွားလို့ရတာပဲ။ အဲဒီအဘိုးကြီး ဘယ်လိုဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်"

အဘွားကြီးကျောက်မှာ : "..."

ညည်းကတော့ ပြောင်းလဲတာ တကယ် မြန်လွန်းပါဘိ…

သို့သော်လည်း အဘွားကြီးကျောက် ချန်ချင်းယွီကို အထက်အောက် ကြည့်ရှုကာ အလေးအနက် ပြောဆိုလိုက်၏။

"ညည်းက ပြဿနာရှာဖို့ သွားမယ်ဆိုရင် သူတစ်ပါးက ရိပ်မိသွားလိမ့်မယ်၊ သတိထားတာ ပိုကောင်းပါတယ်။ အခုဆို သုံးကြိမ်တောင် ရှိပြီ၊ သရဲခြောက်တယ်ဆိုပြီးတော့လည်း တော်တော်လေး ပွက်လောရိုက်နေတာ။ ပထမအကြိမ်၊ ဒုတိယအကြိမ် ရှိရင် တတိယအကြိမ်၊ စတုတ္ထအကြိမ်ဆိုတာ ရှိလာလိမ့်မယ်။ ရဲတွေက သေချာပေါက် သေသေချာချာ စုံစမ်းစစ်ဆေးတော့မှာ"

ချန်ချင်းယွီ : "အဲဒါကလည်း ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး"

အလွန်အမင်း ယုံကြည်မှုလွန်ကဲခြင်းမှာ မကောင်းသော်လည်း သူမအနေဖြင့် အလွန်အမင်း ယုံကြည်မှုလွန်ကဲနေခြင်း မဟုတ်ဘဲ အမြဲတမ်း သတိကြီးစွာ ထားခြင်း ဖြစ်သည်။

"ဟူး... ကျွန်မ မွန်းလွဲပိုင်းကျရင် အဲဒီအဘိုးကြီးကို သွားကြည့်လို့ရတာပဲ။"

အဘွားကြီးကျောက်မှာ : "..."

"ညည်း မွန်းလွဲပိုင်း ဆေးရုံသွားရင် ပွဲကောင်းကို ကြည့်ရတော့မှာ မဟုတ်ဘူး၊ ဒီနေ့ မွန်းလွဲပိုင်းမှာ ရှီရှောင်ဝေ ကြင်ဖက်တွေ့ပွဲရှိတယ်"

ချန်ချင်းယွီ : "အာ… သူက ကြင်ဖက်တွေ့ပွဲ လုပ်မလို့လား။ သူက ယွမ်ဟောက်ရွှယ်ကို သဘောကျနေတာ မဟုတ်ဘူးလား"

"အဲဒါကလည်း ယွမ်ဟောက်ရွှယ်က သူ့ကို ပြန်သဘောကျမှ ဖြစ်မှာပေါ့၊ အခုက အဆင်မပြေဘူးလေ။ အစ်မကြီးဖန်စီစဉ်ပေးတာ၊ သူတို့ သားအမိနှစ်ယောက် ဒီရက်ပိုင်း ဆက်ဆံရေး တင်းမာနေတော့ ပြဿနာတစ်ခုခု တက်လိမ့်မယ်လို့ ငါ ခန့်မှန်းတယ်။ ညည်း အိမ်မှာပဲ နေပြီး ပွဲကောင်းကို စောင့်ကြည့်တာ ပိုကောင်းပါတယ်၊ ညည်းအဖေဆီ မသွားပါနဲ့တော့။"

အဘွားကြီးကျောက် : "ငါက ညည်းကို သူတစ်ပါး သံသယဝင်မှာ စိုးလို့၊ အကယ်၍ ညည်းက သရဲတစ္ဆေယောင်ဆောင်ပြီး လူတွေကို ခြောက်လှန့်နေတာကို သူများ သိသွားရင် မကောင်းဘူးလေ။ ညည်း သတိထားတာကို ငါ သိပါတယ်၊ ဒါပေမဲ့ အဲဒီရဲတွေကလည်း ငတုံး မဟုတ်ဘူး။ ညည်းဘက်က တစ်ခုခု ကွဲလွဲနေတာကို သိသွားလို့ အစောင့်အကြပ် ခံရရင် တကယ် နစ်နာလိမ့်မယ်"

အဘွားကြီးကျောက် ပြောဆိုခြင်းမှာ တကယ်ကို လက်တွေ့ကျလှသည်။

သူမသည် ချန်ချင်းယွီအတွက် တကယ်ကို ရိုးသားစွာဖြင့် စဉ်းစားပေးခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ချန်ချင်းယွီက မိသားစုရဲ့ လာဘ်ကောင်လေ…

ထိုလာဘ်ကောင်ကြီးကို ဆက်ဆံရာတွင် အသေးစိတ်ကအစ ဂရုစိုက်ရမည် ဖြစ်ပြီး၊ ရိုရိုသေသေ ဆက်ဆံရမည်ဖြစ်ကာ၊ သူမ တွေးသည်ကို တွေးပေးပြီး၊ သူမ အလျင်လိုသည်ကို ကူညီပေးရမည် ဖြစ်၏။

ပိုက်ဆံလိုချင်ရင် သိက္ခာမငဲ့ရချေ။

"ငါကတော့ ညည်း အဲဒီကို သွားမှာကို တကယ် စိတ်မချဘူး၊ ဒီလိုလုပ်လေ... ငါပဲ သွားကြည့်လိုက်မယ်။ ငါက ညည်းကို သွားခွင့်မပြုဘူးလို့ပဲ ပြောလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ နာမည်က ဒီလိုပဲ ရှိပြီးသားဥစ္စာ၊ ပြီးတော့ ငါက သူနဲ့ အသက်တူ တန်းတူမို့ သူလည်း ငါ့ကို ဘာမှ လုပ်လို့မရဘူး။ ညည်းကတော့ မျိုးဆက်ငယ်ပဲလေ။"

ချန်ချင်းယွီ : "အမေ သွားမလို့လား"

အဘွားကြီးကျောက် : "ငါ သွားတာ ပိုကောင်းပါတယ်၊ ညည်း စောင့်သာကြည့်နေ၊ ငါ လုပ်တဲ့အလုပ်ကို ညည်း စိတ်ချလိုက်"

ချန်ချင်းယွီ : "ဒါဆိုရင်လည်း ပြီးတာပါပဲ"

"ဒါပေမဲ့ ငါ မနက်ဖြန်မှ သွားမယ်၊ ဒီနေ့တော့ မသွားဘူး၊ ဒီနေ့ အိမ်ရာဝင်းထဲမှာ ကြင်ဖက်တွေ့ပွဲ နှစ်ပွဲတောင် ရှိတာ၊ ငါ ပွဲကောင်းကို ကြည့်ရဦးမယ်။"

ချန်ချင်းယွီ : "ဒါလည်း ရတာပဲ"

အဘွားကြီးကျောက် : "ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်၊ ငါ မနက်ဖြန်မှ သွားမယ်။ ဒီနေ့ မွန်းလွဲပိုင်း အစ်မကြီးဖန်က ရှီရှောင်ဝေအတွက် စီစဉ်ပေးထားတဲ့ ကြင်ဖက်တွေ့ပွဲကို ငါ ပျက်ကွက်လို့ မဖြစ်ဘူး။ လင်စန်းရှင်းကလည်း ပြိုင်ဆိုင်ချင်စိတ်နဲ့ လီလင်းလင်းအတွက် ကြင်ဖက်တွေ့ပွဲကို ဒီနေ့ မွန်းလွဲပိုင်းမှာပဲ စီစဉ်ထားတယ်အေ့။ ငါကတော့ ဒီနေ့ နေရာမှာ သေချာပေါက် ရှိနေရမယ်၊ ညည်း စောင့်ကြည့်လိုက်၊ ရှီရှောင်ဝေဘက်ကတင် ပြောရခက်တာ မဟုတ်ဘူး။ လီလင်းလင်းကလည်း ယွမ်ဟောက်ဖုန်းကိုပဲ တစ်သက်လုံး စိတ်ထဲ ထည့်ထားတာဆိုတော့ ပြဿနာရှာဦးမှာ သေချာတယ်၊ ငါ မရှိလို့ ဘယ်ဖြစ်မလဲ"

ချန်ချင်းယွီလည်း ချက်ချင်းပင် လူးလဲထထိုင်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့်

"အာ... ဒါဆိုရင် ကျွန်မလည်း ရှိနေရမှာပေါ့"

ဒီပွဲကောင်းကိုတော့ သေချာပေါက် ကြည့်ရမယ်လေ…

မူလ၌ ရှီရှောင်ဝေတစ်ဦးတည်း ကြင်ဖက်တွေ့ပွဲ လုပ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လီလင်းလင်းပါ ပါဝင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ၊ တွေးကြည့်ရုံမျှဖြင့် တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှ၏။

သေချာသည်မှာ သူတစ်ပါးအကြောင်း စပ်စုခြင်းမှာ လူသားတို့၏ ဗီဇပင်…

အဘွားကြီးကျောက်လည်း ခေါင်းညိတ်ပြကာ

"သူတို့အားလုံးက ရိုးရိုးသားသား နေမယ့်သူတွေလို့ ငါ လုံးဝ မယုံဘူး။ အော်... ဒါနဲ့"

သူမ ခေတ္တမျှ ရပ်တန့်ပြီးကာမှ

"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်၊ ညည်း အရင်က ငါ့ကို ကကျွင်းကျစ်လန်ပန်းကို သတိထားပေးဖို့ ပြောထားတယ် မဟုတ်လား။ ငါ ကျွင်းကျစ်လန် စိုက်ပျိုးတဲ့ ရဲဘော်ဟောင်းတစ်ယောက်ကို ရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ သူ့ဘက်မှာလည်း အများကြီး မရှိဘူး၊ ငါ တစ်အိုးတည်းပဲ ဝယ်နိုင်ခဲ့တယ်။ ငါကတော့ သိပ်နားမလည်ဘူး၊ ဒါပေမဲ့ အရည်အသွေးက အလယ်အလတ်လို့ ပြောကြတယ်၊ ညည်း ယူမလား။ အကယ်၍ ထပ်လိုချင်သေးရင်တော့ ထပ်ပြီး စောင့်ရဦးမယ်"

ချန်ချင်းယွီ : "ယူမယ်"

သူမ ဆက်လက်၍

"ဝယ်လိုက်ပါ၊ အကယ်၍ သူ့ဘက်မှာ ရှိသေးရင် တို့တွေ အကုန်ယူမယ်။ ဒါပေမဲ့ အခြားသူတွေဆီမှာ ရှိရင်လည်း ယူမှာပဲနော်၊ တို့တွေက သစ်ပင်တစ်ပင်တည်းပေါ်မှာပဲ အချိန်ကုန်ခံလို့ မဖြစ်ဘူး"

"အဲဒါကိုတော့ ငါ သိပါတယ်"

လုရှန်းတောင် တီရှပ်အင်္ကျီကိစ္စပြီးကတည်းက အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ စကားကို အနည်းငယ်မျှပင် သံသယမရှိတော့ချေ၊ သူမ၏ အမြင်တွင် ဤချွေးမဖြစ်သူသည် အခြားအရာများ၌ ပြောရန်ခက်သော်လည်း စီးပွားရေး လာဘ်မှာ တကယ်ကို ပွင့်လန်းနေ၏။

ဘယ်သူမှ မယှဉ်နိုင်ဘူး… သူမ နောင်ကျရင် ပိုက်ဆံရှာနိုင်မယ်လို့ ပြောရင် သေချာပေါက် ပိုက်ဆံရှာနိုင်လို့ပဲ…

"ကောင်းပြီ၊ ညည်း စိတ်သာချ၊ ငါ အကုန်လုံးကို စောင့်ကြည့်နေတယ်"

သူတို့နှစ်ဦးတည်းသာ ပွဲကောင်းကို စောင့်ကြည့်ချင်စိတ် ပြင်းပြနေသည်ဟု ထင်မှတ်၍ မရပေ။ အမှန်တကယ်တွင်မူ အိမ်ရာဝင်းအတွင်းရှိ အခြားသော မိသားစုများလည်း အတူတူပင် ဖြစ်ကြသည်၊ မကြာသေးမီ၌ လူတိုင်းမှာ အဘွားကြီးကျောက်၏ ဆွပေးမှုကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်နေကြရသော်လည်း အခြားအိမ်၏ ပွဲကောင်းကိုမူ လက်လွှတ်၍ မဖြစ်ပေ။

ဤအိမ်ရာဝင်းအတွင်းရှိ လူတိုင်း သိရှိကြသည်မှာ ယနေ့ပွဲ၏ ကာယကံရှင်များသည် စိတ်ထဲတွင် အခြားသူတစ်ဦးစီ ရှိနေကြ၏။

သို့သော်လည်း ၎င်းတို့နှင့် ကြင်ဖက်တွေ့မည့်သူ နှစ်ဦးမှာမူ တကယ့် ကံဆိုးသူ ရတနာလေးများ ဖြစ်ကြပြီး ဤကဲ့သို့သောသူများနှင့် လာရောက်တိုးခြင်းမှာ ကံဆိုးလွန်း၍သာတည်း။ လူအတော်များများ မျက်စိစပါးမွှေးစူးနေကြသဖြင့် ဤကိစ္စတွင် ဝင်ရောက် နှောင့်ယှက်ရန် ကြံစည်နေကြသည်။

အချို့မှာမူ ထိုအထဲတွင် ရေဖျန်းကာ (ကုန်းချော) ပြဿနာရှာရန် ကြံစည်နေကြ၏။

"အဒေါ်ကြီး... အဒေါ်ကြီး အိမ်မှာ ရှိလား။"

အဘွားကြီးကျောက် : "ရှိတယ်၊ ဘယ်သူလဲ။ ရှောင်ကွမ်းလား။ နင် ဘာလို့ လာတာလဲ"

ရှီရှောင်ကွမ်း တိုးတိုးလေး ဆိုကာ

"အဒေါ်ကြီး... ကျွန်တော်တို့ အိမ်ရာဝင်းထဲမှာ လောင်းကြေးတစ်ခု လုပ်ထားတယ်၊ မွန်းလွဲပိုင်း ကြင်ဖက်ပွဲ အခြေအနေကို လောင်းကြေးထပ်တာလေ။ အကုန်လုံး ပျက်စီးသွားမလား၊ ဒါမှမဟုတ် တစ်စုံပဲ အဆင်ပြေမလား၊ ဒါမှမဟုတ် နှစ်စုံစလုံး အဆင်ပြေသွားမလားဆိုတာ။ အဒေါ်ကြီးတို့ အိမ်ကော ပါမလား"

အဘွားကြီးကျောက် : "အာ…ဒါဆို ဘယ်လောက် လောင်းရမှာလဲ"

ရှီရှောင်ကွမ်း လက်ယမ်းပြကာ

"ပိုက်ဆံနဲ့ မဟုတ်ပါဘူး၊ ပိုက်ဆံနဲ့ဆိုရင် လောင်းကစား ဖြစ်သွားမှာပေါ့။ တို့တွေ အဲဒါမျိုး မလုပ်ရဲပါဘူး၊ တစ်ယောက်ယောက်က သွားတိုင်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်။ ကျွန်တော်တို့က သန့်ရှင်းရေးလုပ်ဖို့ လောင်းတာ၊ ရှုံးတဲ့သူက နိုင်တဲ့သူ့အတွက် အိမ်ရာဝင်း သန့်ရှင်းရေး လုပ်ပေးရမှာ။ ကျွန်တော်တို့အိမ်ရာဝင်းက အိမ်တိုင်း အလှည့်ကျ သန့်ရှင်းရေး လုပ်ရတယ် မဟုတ်လား။ အဲဒါကို လောင်းတာပါ"

အဘွားကြီးကျောက် : "ရတာပေါ့။"

သူမသည် စိတ်ဝင်စားသွားကာ

"ငါကြည့်တာ ဒါ တော်တော်လေး ကောင်းတယ်"

"ဒါ ဘယ်သူ့အကြံလဲ"

သူမ မချီးမွမ်းဘဲ မနေနိုင်တော့ချေ။

ရှီရှောင်ကွမ်း ဟီးဟီးရယ်ကာ

"ကျွန်တော်နဲ့ အစ်ကိုရှောင်ထောင်းတို့ရဲ့ အကြံပါ၊ လူတိုင်းက အဆင်ပြေတယ်လို့ ထင်ကြတယ်"

ချန်ချင်းယွီ စူးစမ်းလိုစိတ်ဖြင့်

"ဒါဆို လူအများစုက ဘယ်ဟာကို ပိုပြီး လောင်းကြလဲ"

ရှီရှောင်ကွမ်း တဟီးဟီးရယ်ရင်း

"အကုန်လုံး ပျက်စီးသွားမယ်ဆိုတာကို လောင်းတဲ့သူ ပိုများတယ်"

"ဒါပေမဲ့ အခြားနှစ်မျိုးလည်း ရှိပါတယ်၊ ဘာပဲဖြစ်ဖြစ် လီလင်းလင်း ယခုတစ်ခေါက် တွေ့မယ့်သူက တော်တော်လေး ကောင်းတယ်လေ၊ ပြီးတော့ သူမကလည်း အမေစကား နားထောင်တတ်သူဆိုတော့ အဆင်ပြေသွားရင်လည်း ပြေသွားနိုင်တယ်။ ကျွန်တော့်အစ်ကိုက ကျွန်တော့်အမေနဲ့ ဆက်ဆံရေး မကောင်းဘူးဆိုပေမဲ့ အခုတစ်ခေါက် တွေ့မယ့် အမျိုးသမီးက သမဝါယမဆိုင်ကဆိုတော့ အလုပ်အကိုင်ကလည်း တော်တော်လေး ကောင်းမွန်လှတယ်။ ကျွန်တော့်အစ်ကို သဘောတူရင်လည်း တူလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် အခုတစ်ခေါက် တွေ့မယ့်သူ နှစ်ယောက်စလုံးက တော်တော်လေး အခြေအနေ ကောင်းကြတယ်၊ နယ်ဘက်ဆင်းရလို့ အချိန်နှောင့်နှေးသွားပြီး အဖော်မရှာရသေးတာပဲ ရှိတာ။ မဟုတ်ရင် သူတို့နဲ့ ကြင်ဖက်တွေ့ဖို့ အလှည့် ရောက်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အချို့လူတွေက ဒါ အဆင်ပြေသွားလိမ့်မယ်လို့ ထင်ကြတယ်"

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီ နှစ်ဦးစလုံးမှာ ချက်ချင်းပင် ဝေခွဲမရ ဖြစ်သွားကြသည်။

အမလေး... ဒါကို ဘယ်လို ရွေးချယ်ရမလဲ။

နှစ်ဖက်စလုံး အဆင်မပြေနိုင်ဟု ထင်မြင်မိသော်လည်း မျှော်လင့်မထားသော အခြေအနေမျိုးလည်း ရှိလာနိုင်သည့်အပြင် ဤသည်မှာ သန့်ရှင်းရေး အလုပ်လုပ်ရမည့်ကိစ္စနှင့် သက်ဆိုင်နေသည် မဟုတ်လော့။

၎င်းတို့အိမ် အလှည့်ကျ သန့်ရှင်းရေးလုပ်ရလျှင် ကလေးနှစ်ဦးသာ လုပ်ဆောင်လေ့ရှိသည်ဆိုသော်လည်း လောင်းကြေးထပ်ရာတွင်မူ သတိထားရမည် ဖြစ်၏။

"နင် ယောက်ျားလေးဘက်က အခြေအနေကို ပြောပြဦး။"

"ကုန်တင်စခန်းမှာ ကုန်အတင်အချလုပ်တဲ့သူပါ၊ ဒါပေမဲ့ အမြဲတမ်းဝန်ထမ်း ဖြစ်တယ်၊ အသက်ကတော့ နည်းနည်းကြီးတယ်၊ ယခုနှစ် သုံးဆယ် ရှိပြီ၊ နယ်ဘက်က ပြန်လာပြီး အလုပ်ဆက်ခံတာမို့ အသက်ကြီးတာက သဘာဝကျပါတယ်။ လူကတော့ တော်တော်ကောင်းတယ်လို့ ကြားတယ်"

"ဒါဆို နင့်အစ်ကိုနဲ့ တွေ့မယ့် အမျိုးသမီးဘက်ကော။"

"အဲဒီအမျိုးသမီးက အသက် နှစ်ဆယ့်ခုနစ်နှစ်၊ ကျွန်တော့်အစ်ကိုထက် နည်းနည်းကြီးတယ်၊ သူမလည်း နယ်ဘက်က ပြန်လာပြီး အလုပ်ဆက်ခံတာပဲ၊ ဒါပေမဲ့ အမြဲတမ်းဝန်ထမ်း ဖြစ်တယ်၊ သမဝါယမဆိုင်ဆိုတာ တကယ့် ဌာနကောင်းကြီးလေ။"

ရှီရှောင်ကွမ်း : "ဘယ်လို ရွေးမလဲ"

ချန်ချင်းယွီသည် မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ရိုးသားစွာဖြင့်

"ဒါဆို... အကယ်၍ နင့်အစ်ကိုကော လီလင်းလင်းပါ ကြင်ဖက်တွေ့တာ အဆင်မပြေဘဲ၊ လာပြီး တွေ့တဲ့ လူနှစ်ယောက်က အချင်းချင်း မျက်စိကျသွားရင်ကော ဘယ်လိုအမျိုးအစားထဲ ထည့်မှာလဲ"

ချန်ချင်းယွီ ခေါင်းကို ကုတ်ရင်း

"ငါ ထင်တာကတော့ အဲ့လူနှစ်ယောက်ရဲ့ အခြေအနေချင်းက တော်တော်လေး လိုက်ဖက်ညီလှတယ်၊ ပြီးတော့ ဒီနေ့ မွန်းလွဲပိုင်းမှာ တို့အိမ်ရာဝင်းကို အတူတူ လာပြီး ကြင်ဖက်တွေ့ကြတာဆိုတော့ သူတို့ချင်း မျက်စိကျသွားတာမျိုး ဖြစ်နိုင်မလား"

ရှီရှောင်ကွမ်း : "..."

အဘွားကြီးကျောက် : "..."

လူတိုင်း အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြ၏။

ရှီရှောင်ကွမ်း : "မ... မဖြစ်နိုင်လောက်ပါဘူးနော်"

ပြောပြီးနောက် သူသည်လည်း ခေါင်းကို စတင်ကုတ်တော့ရာ ဆံပင်များမှာ ကြက်သိုက်ကဲ့သို့ ဖြစ်သွားပြီး

"ဒါပေမဲ့ အစ်မ ပြောတာ... ဒါ တကယ်ကို ဖြစ်နိုင်ချေ ရှိတယ်"

ချန်ချင်းယွီ မျက်တောင်များကို ပုတ်ခတ်ရင်း

"ဟုတ်တယ်မလား၊ ဒါဆိုရင် ဘယ်လို သတ်မှတ်မလဲ"

ရှီရှောင်ကွမ်းမှာ ကြောင်အသွားပြီး

"မရဘူး၊ ကျွန်တော် သွားပြီး ရှောင်ထောင်အစ်ကိုနဲ့ ပြန်တိုင်ပင်ဦးမယ်..."

သူ အပြေးအလွှား ထွက်ခွာသွားတော့သည်။

အဘွားကြီးကျောက်သည် ချန်ချင်းယွီကို ကြည့်ကာ မချီးမွမ်းဘဲ မနေနိုင်တော့ချေ ။

"ညည်းကလည်း တကယ့် လူထူးလူဆန်းပဲ၊ ဒါကိုတောင် တွေးမိသေးတယ်"

ချန်ချင်းယွီ အပြစ်ကင်းစင်စွာဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြကာ

"ကျွန်မကလည်း အရှိကိုအရှိတိုင်း ပြောတာပါပဲ"

အဘွားကြီးကျောက်မှာ : "..."

All Chapters