← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) ထွက်သွား…

အဘွားကြီးကျောက်မှာ လူအများအာရုံစိုက်လာအောင် လုပ်ပြီး ပြဿနာရှာသည့်နေရာ၌ ဆရာတစ်ဆူပင် ဖြစ်သည်။

ထင်သည့်အတိုင်းပင်... မွန်းလွဲပိုင်း ကြင်ဖက်တွေ့မည့်ပွဲ မစတင်မီကတည်းက အဘွားကြီးကျောက်သည် အပြင်သို့ ထွက်ကာ ရှောင်ထောင်းတို့အဖွဲ့၏ လောင်းကစားဝိုင်းထဲသို့ တက်ကြွစွာ ဝင်ရောက်ပူးပေါင်းနေလေပြီ… ချန်ချင်းယွီလည်း အပျော်သဘောဖြင့် အပြင်သို့ ထွက်၍ လှမ်းကြည့်လိုက်၏။ သူမ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်မိသည်။

"ဘယ်အောင်သွယ်ပေးတဲ့သူက မိတ်ဆက်ပေးတာလဲဟင်။ ကျွန်မကြည့်ရတာ အဲဒီအောင်သွယ်တဲ့သူက တကယ်တော်တာပဲ၊ ဒီလောက်အခြေအနေကောင်းတဲ့လူကို ရှာပေးနိုင်တယ်"

သူတို့သည် ရှီရှောင်ဝေနှင့် လီလင်းလင်းတို့၏ အခြေအနေကို သိကြသည်။ နှစ်ဦးစလုံးတွင် ကြိုက်နေသူကိုယ်စီ ရှိနေကြပြီး သူတို့၏ အခြေအနေများမှာ ယနေ့ကြင်ဖက်ပွဲလာမည့်သူနှင့် ယှဉ်လျှင် အများကြီး နိမ့်ပါးလွန်းလှ၏။

"ဟေး... နင်ပြောတာ ကွက်တိပဲ။ ငါလည်း အဲဒီလူကို တော်တယ်လို့ ထင်နေတာနဲ့ ဝမ်တာ့ချွေကိုပါ မိတ်ဆက်ပေးဖို့ စဉ်းစားနေတာ"

"ဝမ်တာ့ချွေအတွက် အဖော်ရှာရတာ တကယ်မလွယ်ဘူးနော်"

"တကယ်တော့ အဲလောက်လည်း မခက်ပါဘူး။ ဝမ်တာ့ချွေသာ အဖော်ရှာချင်ရင် ရှီရှောင်ဝေနဲ့ ကျန်းရှင်းဖှတို့လို လူပျိုကြီးတွေထက် အများကြီး ပိုလွယ်တာပေါ့"

"ဒါတော့ ဟုတ်တယ်၊ ဝမ်တာ့ချွေက ဝင်ငွေ ပိုကောင်းတာကိုး"

ဝမ်တာ့ချွေ၏ ကနဦးသတ်မှတ်ချက်များ အနည်းငယ် မြင့်မားသော်လည်း၊ အမှန်အတိုင်းပြောရလျှင် ရှီရှောင်ဝေနှင့် ကျန်းရှင်းဖှတို့၏ သတ်မှတ်ချက်များလည်း မြင့်မားလှသည်။ သို့သော် ဝမ်တာ့ချွေ၏ လစာမှာ ယခုအခါ ယွမ်ခုနစ်ဆယ်ကျော်အထိ တိုးသွားပြီဖြစ်ရာ ၎င်းတို့နှင့် ယှဉ်၍မရပေ။ သို့သော်လည်း ယနေ့သည် ဝမ်တာ့ချွေအကြောင်း ပြောရမည့်အချိန် မဟုတ်ပေ။

လူတိုင်း စကားလမ်းကြောင်းလွှဲကာ

"ဘာကြေးကြေး လောင်းကြမလဲ"

အဘွားကြီးကျောက် : "ထမင်းနှစ်နပ်စာနဲ့တော့ မဖြစ်ဘူး။ ပြင်ပလူတွေ အဆင်ပြေမပြေဆိုတာ ငါတို့နဲ့ မဆိုင်ဘူးလေ"

သေချာစဉ်းစားကြည့်လျှင် ပြင်ပလူများ၏ ကိစ္စတွင် ဤကဲ့သို့ လောင်းကြေးထပ်ခြင်းသည် မသင့်တော်သလို ရှိလှ၏။

"ငါတို့နိုင်ရင်တောင် အမြတ်အများကြီးမရှိဘူး၊ တကယ်တော့ ဘယ်သူမှ မလောင်းသင့်ပါဘူး"

"ဟားဟားဟား..."

ချန်ချင်းယွီ ထိုဆူညံသံများကို ကြည့်ရင်း ရယ်မောကာ အိမ်သာသွားရန် အပြင်သို့ ထွက်လာခဲ့သည်။ သူမ ဤကမ္ဘာသို့ ကူးပြောင်းဝင်စားလာပြီးနောက်ပိုင်း နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အဆင်မပြေဆုံးအရာတစ်ခု ရှိလျှင် ၎င်းမှာ အိမ်သာတက်ရခြင်းပင် ဖြစ်လိမ့်မည်။ အိမ်သာသွားလိုတိုင်း လမ်းကြားထဲအထိ သွားရသဖြင့် ဆောင်းတွင်း၌ဖြစ်စေ၊ နွေရာသီ၌ဖြစ်စေ လုံးဝ သက်တောင့်သက်သာ မရှိပေ။

ဆောင်းတွင်းကျတော့လည်း ညဘက်အိမ်သာတက်ရတာ အေးစိမ့်နေတာပဲ၊ နွေရာသီကျတော့လည်း အနံ့က ဆိုးလိုက်တာ…

နေ့တိုင်း လူလာဆေးတယ်ဆိုပေမဲ့ အိမ်သာက အိမ်သာပဲလေ၊ ဘယ်လိုမှ စိတ်ကြည်နူးစရာ မကောင်းဘူး…

သောက်ကျိုးနည်းတာပဲ…

ချန်ချင်းယွီ လူစုကြီး ဆက်လက်ဆွေးနွေးနေသည်ကို ကြည့်ကာ တစ်ယောက်တည်း ထွက်ခွာလာခဲ့၏။

သူမ အပြင်ထွက်လာသည်နှင့် ယွမ်ဟောက်ဖုန်း လီလင်းလင်းကို ဆွဲခေါ်ကာ အိမ်သာနောက်ကွယ်မှ ထောင့်ချိုးတစ်ခုထဲသို့ ဝင်သွားသည်ကို လှမ်းမြင်လိုက်ရသည်။

အမှန်အတိုင်းပြောရလျှင် အများသုံးအိမ်သာ၏ နောက်ကျောဘက်သည် ထောင့်ချိုးတစ်ခုဖြစ်ပြီး တစ်ဖက်မှာ လမ်းမ၏ နောက်နံရံနှင့် မျက်နှာချင်းဆိုင်ကာ အခြားတစ်ဖက်မှာ လမ်းမနှင့် နီးကပ်နေသည်။ ဤကဲ့သို့သော နေရာမျိုးသည် အိမ်သာတံခါးဝမှ တမင်ချောင်းကြည့်မည့်သူမရှိလျှင် လူမြင်ကွင်းမှ ကွယ်ပျောက်နေတတ်၏။

ထို့အပြင် အိမ်သာပြတင်းပေါက်မှာလည်း တော်တော်မြင့်ပြီး ဖွင့်ရသည်မှာ မလွယ်ကူလှပေ။ ထို့ကြောင့်ပင် လူတိုင်း ဤနေရာသို့လာကာ တိုးတိုးတိတ်တိတ် စကားပြောတတ်ကြခြင်း ဖြစ်သည်။

ချန်ချင်းယွီ စိတ်ထဲတွင် သက်ပြင်းချမိကာ…

ဟူး… ငါက အသက်သိပ်မကြီးသေးပေမဲ့ အိမ်သာအပြင်ဘက်က အတင်းအဖျင်းတွေကိုတော့ အကြိမ်ကြိမ် မြင်ဖူးနေပြီပဲ…

သူမ အလွန် စိတ်ဝင်စားသွားသဖြင့် အိမ်သာထဲသို့ ဝင်ကာ နံရံပေါ်သို့ အမြန်တွားတက်လိုက်သည်။ အခြားသူများကဲ့သို့ တံခါးဝမှသာ ချောင်းကြည့်နိုင်သည်မဟုတ်ဘဲ အိမ်သာထဲတွင် လူမရှိလျှင် ချန်ချင်းယွီ နံရံပေါ်တက်ကာ ပြတင်းပေါက်မှ ချောင်းကြည့်နိုင်၏… သူမမှာ သွက်လက်ဖျတ်လတ်သူလေးပင်…

ချန်ချင်းယွီ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ကြည့်လိုက်သောအခါ...

ယွမ်ဟောက်ဖုန်း လီလင်းလင်းကို ဆွဲကိုင်ထားရင်း ဒေါသတကြီးဖြင့်

"နင်က ကြင်ဖက်တွေ့မလို့လား"

လီလင်းလင်း : "ဒါတွေအကုန်လုံးက အမေ့အကြံအစည်တွေပါ၊ ကျွန်မ မသွားချင်ပါဘူး"

ယွမ်ဟောက်ဖုန်း : "မသွားချင်ဘူးဆိုပြီးတော့လည်း သွားနေတာပဲ။ ငါ့မျက်နှာကို ဘယ်လိုကြည့်မလဲ။ ငါတို့ကြားမှာ ဘယ်လိုပတ်သက်မှုမျိုး ရှိလဲ။ နင်လုပ်ရပ်က ငါ့ကို အကြီးအကျယ် နာကျင်စေတယ်။ ငါက ကွာရှင်းဖို့ ကြိုးစားနေတုန်း ရှိသေးတယ်၊ နင်က ဖောက်ပြန်ဖို့ လုပ်နေပြီပေါ့"

"မဟုတ်ပါဘူး၊ အစ်ကိုဟောက်ဖုန်းရယ် မဟုတ်ပါဘူး။ စိတ်မပူပါနဲ့၊ ကျွန်မက တကယ်... ဒါက ကြင်ဖက်တွေ့ပွဲ သက်သက်တင်ပါ။ ကျွန်မ သူ့ကို သဘောမကျဘူးလို့ပဲ ပြောလိုက်ပါ့မယ်"

ယွမ်ဟောက်ဖုန်း သူမကို အပြစ်တင်သလို ကြည့်ကာ

"ဟန်ဆောင်မနေပါနဲ့တော့။ နင်မသွားချင်ရင်တောင် နင့်အမေပြောတာကိုပဲ ယုံမှာပဲ။ ငါသိပါတယ်၊ နင်က နင့်အမေစကားကို အနားထောင်ဆုံးပဲ။ နင့်အမေ ဘာပြောပြော အကုန်လုပ်တာပဲ။ နင် အမေ့ကို ဘယ်တုန်းက ပြန်ပြောဖူးလို့လဲ။ နင် ဂျင်းဘောင်းဘီတွေ ရောင်းတုန်းကလည်း အမေက ကျန်တဲ့ပိုက်ဆံတွေ သိမ်းထားတာကို နင်ဘာမှ မကန့်ကွက်ခဲ့ဘူးလေ။ ဒီတစ်ကြိမ်လည်း နင် အမေ့စကားပဲ နားထောင်မှာ ငါသိတယ်"

"မဟုတ်ဘူး၊ မဟုတ်ဘူး... ကျွန်မ ကြံ့ကြံ့ခံမှာပါ၊ ဟောက်ဖုန်း... ကျွန်မအပေါ် စိတ်မပျက်ပါနဲ့နော်"

ယွမ်ဟောက်ဖုန်း : "ငါ ဂရုစိုက်တာ ပိုက်ဆံမဟုတ်ဘူး၊ အဲဒီပိုက်ဆံနဲ့ ငါ ကွာရှင်းလို့ရမှာမို့လို့။ ဒါပေမဲ့ နင်က အကုန်ဖျက်ဆီးပစ်လိုက်တာပဲ။ ဒီတစ်ခါလည်း ကွမ်ထင်းထင်းက နင်နဲ့ ငါ့အကြောင်းကို သိလို့ လုံးဝအဝင်မခံဘူး... ငါ ကြိုးစားခဲ့သမျှ အလကားဖြစ်ကုန်ပြီ၊ အလကားဖြစ်ကုန်ပြီ။ ငါက ပိုက်ဆံနည်းနည်းရှာပြီး ကွာရှင်းကာ နင်နဲ့အတူရှိချင်ရုံတင်ပါ၊ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။ နင့်အမေက ဂျင်းဘောင်းဘီတွေနဲ့ ရောင်းရငွေတွေကို သိမ်းထားတုန်းက ကွမ်ထင်းထင်းက ငါ့ကို ဘယ်လိုလှောင်လဲ နင်သိလား။ နင်က ပိုက်ဆံမက်လို့ ငါ့နားကပ်နေတာဆိုပြီး ငါ လူမှားလက်ထပ်မိတယ်လို့ လှောင်တာ..."

သူ ရင်ထဲမှ မကျေနပ်ချက်များကြောင့် နားထင်ကြောများ ထောင်ထွက်လာသည်အထိ နာကျင်စွာဖြင့် နဖူးကို ဖိထားရင်း

"တကယ်တော့... ငါတို့ တကယ်ပဲ ရေစက်မပါတာ ထင်ပါရဲ့"

"မဟုတ်ဘူး၊ မဟုတ်ဘူး... ကျွန်မ ကိုအစ်ကို့ကို ချစ်တယ်။ ကျွန်မတို့က ရေစက်ပါလို့ ငယ်သူငယ်ချင်းတွေအဖြစ် အတူကြီးပြင်းလာပြီး ကောင်းတဲ့အဆုံးသတ်တစ်ခု ရှိမှာပါ။ အောက်မေ့ပြီး လက်မလျှော့ပါနဲ့။ ဒါတွေအကုန်လုံးက ကျွန်မအမေ့အပြစ်တွေမှန်း သိပါတယ်၊ ကျွန်မ အမေ့ကို အစ်ကို့ဆီ ပြန်ပေးဆပ်ခိုင်းပါ့မယ်။ အော်... ဒါနဲ့ ဂျင်းဘောင်းဘီတွေ အကုန်မရောင်းရသေးဘူး၊ လေးထည် ကျန်သေးတယ်။ စောင့်နေနော်၊ ကျွန်မ ခိုးပြီး အစ်ကို့ကို အရင်ပေးမယ်။ ပိုက်ဆံအတွက် စိတ်မပူနဲ့ဦး၊ ခဏလေး စောင့်ပေးပါ"

ယွမ်ဟောက်ဖုန်း : "မဖြစ်ဘူး။ နင် ဒီလိုမလုပ်ရဘူး၊ နင့်အမေ ဆူလိမ့်မယ်။ ငါ့ကြောင့်နဲ့ နင် အဆူခံရမှာကို မလိုလားဘူး။ ငါ ရင်နာရတယ်..."

လီလင်းလင်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ ဒေါသတကြီးဖြင့်

"ကျွန်မ ဘာမှမယူရင်တောင် အမေ့စကား နားမထောင်ရင် အဆူခံရမှာပဲ၊ ကျွန်မ ခံနိုင်ပါတယ်။ ကျွန်မ အမေ့ကို နာကျင်စေခဲ့ပြီးပြီ၊ အစါကို့ကိုတော့ ထပ်ပြီး မနာကျင်စေချင်တော့ဘူး။ အမှန်တော့ ဒါကို လုပ်ချင်နေတာ ကြာပြီ၊ ဒါပေမဲ့ အမေက ကျွန်မကို မျက်ခြေမပြတ် စောင့်ကြည့်နေတာကိုး။ ဒါပေမဲ့ ဒီတစ်ခါတော့ မတူဘူး၊ ဒီနေ့ ကြင်ဖက်တွေ့ပွဲရှိတော့ အမေက သတိလက်လွတ် ဖြစ်နေမှာ။ စောင့်နေနော်၊ ကျွန်မ ဂျင်းဘောင်းဘီတွေကို အရင်သွားယူပေးမယ်။ အမေက ၈ ထည်လုံးကို ၁၇၀ နဲ့ ရောင်းထားတာ၊ ကျွန်မ အဲဒါတွေကို ယူလာပေးမယ်။ အမေက ဈေးလျှော့ပြီး ဖြတ်ရောင်းနေတာ"

"ဘာ........."

"ဒါတွေက ဈေးကောင်းရနိုင်တာကို... နင့်အမေက ဘာလို့ ဒီလောက်တုံးရတာလဲ..."

ယွမ်ဟောက်ဖုန်း ဒေါသချောင်းချောင်း ထွက်သွား၏။

အဲဒီ မိန်းမကြီးကတော့ဖြင့်...

"အစ်ကိုဟောက်ဖုန်း စိတ်မဆိုးပါနဲ့။ ကျွန်မအပြစ်တွေပါ..."

ယွမ်ဟောက်ဖုန်း သက်ပြင်းချကာ

"ငါ နင့်ကို ယုံပါတယ်၊ နင်နဲ့လည်း တူတူရှိချင်တယ်၊ ဒါပေမဲ့ အခု ဘာလုပ်ရမှန်း မသိတော့ဘူး"

"အစ်ကို မကြာခင်က ဝယ်ထားတဲ့ တီရှပ်တွေကို ကျွန်မ ကူရောင်းပေးမယ်။ အရင်လိုပဲ တူတူကြိုးစားပြီး ပိုက်ဆံစုပြီးမှ ကွာရှင်းကြတာပေါ့"

လီလင်းလင်း အသည်းအသန် ပြောရှာသည်။

ယွမ်ဟောက်ဖုန်း၏ မျက်ဝန်းများ ဝေ့ဝဲသွားကာ

"ဒါပေမဲ့ နင့်အမေက..."

"ဒီတစ်ခါတော့ အမေ မသိအောင် လုပ်မှာပါ။ ကျွန်မကို ကုန်ပစ္စည်းတွေ လာမပေးနဲ့ဦး၊ ရောင်းရသမျှကို နေ့တိုင်း အစ်ကို့ဆီ လာအပ်မယ်။ အမေ တကယ် လိုက်ရှာရင်လည်း ကျွန်မ ထွက်ပြေးမှာပေါ့။ စိတ်မပူပါနဲ့၊ အမေ့ကို အစ်ကို့အစီအစဉ်တွေထဲ ဝင်မရှုပ်စေရဘူး။ ကျွန်မရဲ့ အချစ်ကို ကျွန်မဘာသာ ကာကွယ်မယ်"

ယွမ်ဟောက်ဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး

"နင် တကယ် အဲလိုတွေးတာလား"

"သေချာတာပေါ့... အစ်ကို့အပေါ်ထားတဲ့ ကျွန်မအချစ်ကပဲ အစစ်မှန်ဆုံးပါ"

ယွမ်ဟောက်ဖုန်း : "ဒါဆို... ငါ နင့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ ငါ့ကို စိတ်မပျက်စေနဲ့ဦး လီလင်းလင်း... ငါ့နှလုံးသားထဲမှာ နင်က အရေးကြီးဆုံးပဲ၊ ဒါပေမဲ့ နင့်နှလုံးသားထဲမှာတော့ နင့်အမေက အရေးကြီးဆုံး ဖြစ်နေတတ်တယ်။ ငါ့ကို စိတ်မပျက်စေနဲ့နော်..."

"ဟုတ်ကဲ့..."

သူမ ခေါင်းကို အခိုင်အမာ ငြိမ့်ပြကာ ကတိပေးလေ၏။

"စိတ်ချပါ၊ ကျွန်မတို့ အနာဂတ်အတွက် သေချာပေါက် ကြိုးစားပါ့မယ်"

ယွမ်ဟောက်ဖုန်း ခပ်ဖွဖွရယ်မောကာ သူမမေးစေ့ကို ပင့်မပြီး နမ်းလိုက်လေသည်။

ပြတင်းပေါက်မှ ချောင်းကြည့်နေသော ချန်ချင်းယွီမှာမူ…

နင့်မေကလွှား…. သောက်ခွေး…

ချန်ချင်းယွီသည် ထိုအဖြစ်အပျက်တစ်ခုလုံးကို အစအဆုံး မြင်တွေ့လိုက်ရ၏။

သောက်ကျိုးနည်း… လွှမ်းမိုးချုပ်ကိုင် ဦးနှောက်ဆေးနေတာများ ကြည့်လိုက်ပါဦး..။

ရှီရှောင်ဝေက ယွမ်ဟောက်ရွှမ်လက်ခုပ်ထဲကရေ ဖြစ်နေသလိုမျိုး၊ ယွမ်ဟောက်ဖုန်းကလည်း လီလင်းလင်းကို သူ့စိတ်ကြိုက် လုံးဝ လွှမ်းမိုးချုပ်ကိုင်ထားတာပဲ…

ဝိုး… ယွမ်မိသားစုကတော့ တကယ်ကို…

အမှန်အတိုင်းပြောရလျှင် ချန်ချင်းယွီအနေဖြင့် ယွမ်ဟောက်ရွှယ်၏ အခြေအနေကိုမူ နားလည်ပေးနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ယွမ်ဟောက်ရွှယ်၏ အလုပ်အကိုင်ကို လုယူရန်အတွက် အစ်မကြီးဖန် ကောက်ကျစ်စွာ ကြံစည်ခဲ့ရုံမျှမက၊ ဝင်းထဲတွင်လည်း မခံချင်စရာကောင်းသော စကားဆိုးများဖြင့် လှောင်ပြောင်စော်ကားခဲ့ဖူးသောကြောင့် ဖြစ်၏။ ရှီရှောင်ဝေသည် ယွမ်ဟောက်ရွှယ် နောက်သို့ နောက်မြီးဆွဲကဲ့သို့ ကပ်ပါးရပ်ပါး လုပ်နေခဲ့သူဖြစ်သည်။ ယွမ်ဟောက်ရွှယ်၏ စိတ်နေသဘောထားနှင့် စရိုက် မည်သို့ပင်ရှိစေကာမူ၊ မိမိမိသားစုကို လာရောက်ကြံစည်သူအား ပြန်လည်တုံ့ပြန်ခွင့် ရှိပေမည်။

အမှန်၌ ယွမ်ဟောက်ရွှယ်ကိုယ်တိုင် ဘာမျှမလုပ်ခဲ့ရဘဲ ရှီရှောင်ဝေသည်သာ သူမအကွက်ထဲ သုံးစားမရလောက်အောင် နားယောင်ကာ အစ်မကြီးဖန်နှင့် သွားရောက်ပြဿနာရှာခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ယွမ်ဟောက်ရွှယ်နှင့် ယွမ်ဟောက်ဖုန်းတို့သည် တကယ်တမ်း ကွာခြားလှပေသည်။

ယွမ်ဟောက်ဖုန်းသည် လီလင်းလင်းကို အလကားရသည့် အလုပ်သမားတစ်ဦးကဲ့သို့ အသုံးချနေသော လူလိမ်လူကောက်တစ်ဦးသာ ဖြစ်၏။ ချန်ချင်းယွီ နှုတ်ခမ်းကို တွန့်လိုက်ရင်း ယွမ်ဟောက်ဖုန်းကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်။ သို့သော် အမှန်တကယ်တွင်မူ သူမသည် ပုံမှန်အားဖြင့် လူရာမသွင်းသလို နေတတ်သော သူမ၏ ဖခင် ယွမ်ဟောက်မင်ကိုလည်း အထင်သေးမိ၏။

သူသည် ဖြောင့်မတ်မှန်ကန်သူတစ်ဦးအသွင် ဆောင်နေသော်လည်း၊ ကွယ်ရာတွင်မူ မသိနားမလည်ဟန် ဆောင်ကာ အကျိုးအမြတ်များကို အေးအေးလူလူ ခံစားနေသူ ဖြစ်သည်။

ဟင်း... တော်တော်လည်း ဟန်ဆောင်နိုင်ကြပါပေတယ်…

သူမ ရင်ထဲက လှောင်ပြောင်လိုက်မိသည်။

ထိုစဉ် နှစ်ဦးသား ပိုမိုနီးကပ်လာပြီး စည်းကျော်ကာ လက်ရဲဇာတ်ရဲ ပြုမူလာကြသည်ကို မြင်သောအခါ ချန်ချင်းယွီ ထိတ်လန့်သွားပြီး…

"သူတို့... ဒီနေရာမှာတင် ကိစ္စပြတ်ကြတော့မလို့လား" ဟု အသံတိုးတိုးဖြင့် ရေရွတ်မိသည်။

ဤသို့ တွေးမိသည်နှင့်တင် ချန်ချင်းယွီ အကြီးအကျယ် တုန်လှုပ်သွားရ၏။

မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ... အဲလောက်အထိတော့ မရူးသွပ်လောက်ပါဘူးနော်။ ငါတို့က အပြင်မှာလေ...

ချန်ချင်းယွီ ထပ်မံလှမ်းကြည့်လိုက်ရာ လီလင်းလင်း၏ အင်္ကျီကြယ်သီးများ အားလုံး ပြုတ်နေသည်ကို တွေ့လိုက်ရသဖြင့်…

သောက်ခွေးပဲ… ကြည့်လို့ မဖြစ်တော့ဘူး

သူမ မျက်နှာလွှဲလိုက်တော့သည်။ ဆက်လက်ဖြစ်ပျက်မည့် အရာများသည် ကလေးသူငယ်များ မကြည့်အပ်သည့်အပြင်၊ အလကားကြည့်ရသည့်အရာလည်း မဟုတ်ပေ။ အဓိကမှာ မျက်စိအမြင်ကို အဆိပ်သင့်ခြင်းပင်…

ချန်ချင်းယွီသည် ကာမဂုဏ်ဘက်တွင် စိတ်ဆန္ဒ အားနည်းအေးစက်သူဖြစ်ရာ ဤကဲ့သို့သော အရာမျိုးကို အနည်းငယ်မျှ စိတ်ပါဝင်စားခြင်း မရှိပေ။

သူမအနေဖြင့် ထိုလုပ်ရပ်ကို အလွန်အမင်း ရွံရှာဖွယ်ကောင်းသည်ဟုသာ ခံစားရ၏။

တကယ့်ကို ရွံရှာစရာပင်။

သူမသည် အိမ်သာပေါ်မှ ချက်ချင်း ပြန်ဆင်းလာခဲ့သည်။ ၎င်းတို့၏ ဝင်းကြီးထဲတွင် လူများ အိမ်သာထဲသို့ ထပ်ခါတလဲလဲ ပြုတ်ကျသည့် ဆန်းကြယ်သော ဖြစ်ရပ်မျိုး မရှိသော်လည်း၊ အိမ်သာနောက်ကွယ်သည် ပြဿနာပေါင်းစုံ ဖြစ်ပွားရာ နေရာတစ်ခု ဖြစ်နေဆဲပင်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ၊ လူတိုင်း အခြားသူများ မသိမှာ စိုးရိမ်သည့်အလား ဤနေရာ၌သာ လာရောက်ပူးပေါင်း ကြံစည်တတ်ကြသည်။

ချန်ချင်းယွီက လျှာတသပ်သပ်ဖြင့် ယွမ်ဟောက်ဖုန်းသည် လူယုတ်မာများထဲတွင် အယုတ်မာဆုံး ဖြစ်သည်ဟု စိတ်ထဲမှာ ညည်းတွားမိ၏။

သူမ၏ အမြင်တွင် ယွမ်ဟောက်ဖုန်းသည် ကျန်းရှင်းဖှထက်ပင် ပို၍ ဆိုးသွမ်းလှသည်။ ကျန်းရှင်းဖှ၏ ဆိုးသွမ်းမှုနှင့် ကာမရမ္မက်ကြီးမှုသည် အပြင်ပန်းတွင် အထင်အရှား မြင်နိုင်သဖြင့် အကဲခတ်တတ်သူတိုင်း သတိထား ကာကွယ်နိုင်ကြသည်။ သူက မျက်နှာတွင် "ငါက လူယုတ်မာ" ဟု ရေးထားသကဲ့သို့ ပြသထားသူ ဖြစ်၏။

ထို့အပြင် ကျန်းရှင်းဖှ၏ နာမည်ပျက်မှာလည်း ကျော်ကြားလှသဖြင့် လူတိုင်း သူ့ကို သတိထားကြသည်။

သို့သော် ယွမ်ဟောက်ဖုန်း၏ နာမည်မှာ မဆိုးလှချေ။

သူသည် မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းနှင့် ရုပ်ရည်သန့်ပြန့်ကာ လူကောင်းတစ်ဦးကဲ့သို့ ထင်ရသည်။ ဟန်ဆောင်ကောင်းလွန်းသဖြင့် လူများ အလွယ်တကူ လှည့်စားခြင်း ခံကြရ၏။

ဒီကောင်က လူကောင်းမှမဟုတ်တာကို... ဝင်းထဲကလူတွေ အပါအဝင် လူတော်တော်များများက သူ့ကို လူဆိုးလို့ မထင်ကြဘူး…

သူ လီလင်းလင်းနဲ့ ပတ်သက်မိတော့လည်း လူတိုင်းက လီလင်းလင်းကိုပဲ အရှက်မရှိတဲ့ မိန်းမလို့ ထင်ကြတာ…

အဲဒါကတင် အဖြေပေါ်နေပြီပဲ …

ချန်ချင်းယွီ သက်ပြင်းချရင်း တွေးလိုက်သည်။

စကားမစပ်... မိန်းမတစ်ဦးအပေါ် မှီခိုစားသောက်တတ်သည့် ဖောက်ပြန်တတ်သော ယောက်ျား ဖြစ်ရန်လည်း အရည်အချင်း အတန်ငယ် လိုအပ်သည်ကို ချန်ချင်းယွီ သတိပြုမိသွား၏။

မိန်းမအိမ်သို့ သားမက်အဖြစ် ဝင်ရောက်လာသည့် လီချန်ရွှမ်းဖြစ်စေ၊ ထိုအမင်္ဂလာကောင် ချဲယုံဖုန်းဖြစ်စေ၊ သို့မဟုတ် ယခု ယွမ်ဟောက်ဖုန်းဖြစ်စေ အားလုံးမှာ ရုပ်ရည်သန့်ပြန့်ကြသည်သာ… ထို့ကြောင့်ပင် လူများကို လှည့်စားနိုင်ကြခြင်း ဖြစ်လိမ့်မည်။

ဟူး... တကယ်တော့ လီလင်းလင်းကလည်း သူမအမေနဲ့ တော်တော်တူတာပဲ…။

လီချန်ရွှမ်းသည် လျိုကျင့်နှင့် လက်ထပ်စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ ၎င်းတို့၏ ကလေးပင် မီးဖွားရန် နီးနေပြီဖြစ်၏။

သို့သော်လည်း သူမအမေသည် နေ့တိုင်း ထိုအိမ်သို့သွားကာ အစေခံတစ်ဦးကဲ့သို့ ပင်ပန်းဆင်းရဲခံ၍ စိုးရိမ်ပူပန်ပေးနေဆဲ ဖြစ်သည်။ ဤမျှအထိ ဖြစ်နေပါလျက်နှင့် မိမိသမီးကို ထိုသို့ ပြောရဲသေးသည်မှာ…. ဒါက သေချာပေါက် မျိုးရိုးလိုက်တာပဲဖြစ်မယ်…။

ချန်ချင်းယွီ ဝင်းထဲသို့ ပြန်လျှောက်လာပြီး မိမိအခန်းထဲသို့ ဝင်ခါနီးတွင် တစ်စုံတစ်ဦး သူမကို စောင့်ကြည့်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူမ အရှိန်သတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

ဘယ်သူက ချောင်းကြည့်နေတာလဲ…

သူမ ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်သော်လည်း ဘာမှမတွေ့ရပေ။ သို့သော် တစ်ယောက်ယောက် စောင့်ကြည့်နေသည်မှာမူ သေချာလှသည်။

ချန်ချင်းယွီသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဖိနပ်ကြိုးချည်ဟန် ဆောင်လိုက်၏။ သို့သော် စိတ်ပျက်စရာကောင်းသည်မှာ သူမ စီးထားသည်က ညှပ်ဖိနပ် ဖြစ်နေခြင်းပင်။

ချန်ချင်းယွီ ထပ်မံ၍ အကဲခတ်ကြည့်လိုက်ရာ… နေပါဦး၊ သူပဲ...

ချောင်းကြည့်နေသူမှာ ချဲယုံဖုန်း ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

လူအကြောင်း ပြောလျှင် လူကို တွေ့ရတတ်သည်ဟူသော စကားအတိုင်းပင် ဖြစ်သည်။

သို့သော် ချဲယုံဖုန်း သူမကို စောင့်ကြည့်နေခြင်း မဟုတ်သည်မှာ အထင်အရှားပင်။

သူ့ကိုကြည့်ရတာ ဝမ်ကျန့်ကော်နောက်ကို လိုက်နေတာ ထင်တယ်…။

ဝမ်ကျန့်ကော်က သူ့ကို ထောင်ထဲထည့်ခိုင်းခဲ့တာကိုး…

သူမ စိတ်ထဲ ခန့်မှန်းလိုက်၏။

အမှန်တကယ်၌ ရန်ပွဲများမှာ ဤမျှအထိ ကြီးထွားလာလေ့မရှိဘဲ လူတိုင်း မိမိဘာသာ ဖြေရှင်း တာဝန်ယူလိုစိတ် ရှိကြသည်သာ..။ ဝမ်ကျန့်ကော်သည် ကွမ်ကျိုးတွင် ၎င်းတို့ သူ့ကို ဆွဲချုပ်ထားခဲ့ခြင်းအပေါ် မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ချဲယုံချန်း သူ့ကို လာရောက်နှောက်ယှက် ဖျက်ဆီးခဲ့ခြင်းကိုလည်း နာကျည်းနေခဲ့၏။ ချဲယုံဖုန်းသာ မကွာရှင်းရသေးသဖြင့် သေချာပေါက် ရဲရဲဝံ့ဝံ့ လုပ်ရဲမည်မဟုတ်ပေ။

ယခုမူ ချဲယုံဖုန်းသည် ကွာရှင်းပြတ်စဲပြီးပြီဖြစ်ရာ သူ ဘာကို ကြောက်နေတော့မည်နည်း။

ထို့အပြင် အတွင်းရေးမှူးကျန်းသည်လည်း ရာထူးမှ ဆင်းသွားခဲ့ပြီ ဖြစ်၏။ သူ မကွာရှင်းရသေးလျှင်ပင် သူ့တွင် မည်မျှအထိ အာဏာရှိတော့မည်နည်း။

ဤသို့ တွေးမိသည်နှင့် ဝမ်ကျန့်ကော်သည် သဘာဝကျစွာပင် ကလဲ့စားချေရန် ကြိုးစားတော့မည်သာ..။

သူသည် ပိုက်ဆံများစွာ ဆုံးရှုံးခဲ့ရပြီး မိသားစုပါ ပျက်စီးခဲ့ရ၏။ သူချဲညီအစ်ကိုနှစ်ဦးကို မည်သို့ လွယ်လွယ်နှင့် လွှတ်ပေးနိုင်ပါမည်နည်း။

သို့သော် ချဲညီအစ်ကိုတို့ဘက်မှလည်း နာကျည်းနေကြသည်။ မိမိတို့သည်သာ အနစ်နာဆုံး ခံစားခဲ့ရသူများဟု ထင်နေကြခြင်း ဖြစ်၏။ မိမိတို့သည် အေးအေးဆေးဆေး အလုပ်လုပ်နေစဉ်တွင် ဝမ်ကျန့်ကော်မှ ကွမ်ကျိုးသို့ လာခဲ့ရန်နှင့် မုဆိုးမလေးကို သွားရောက်ဖြေရှင်းရန် လှည့်စားခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆုံးသတ်တွင်မူ မုဆိုးမလေးကို မမြင်ရဘဲ ဝံပုလွေတွင်းထဲသို့ သက်ဆင်းခဲ့ရ၏။ ကိစ္စရပ်များ ပြီးဆုံးလုနီးပါးဖြစ်ခါမှ ဝမ်ကျန့်ကော်သည် မိမိတို့ကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

သေချာသည်မှာ မိမိတို့ကို မစင်တွင်းထဲသို့ ကန်ချခဲ့သူမှာ ချန်ချင်းယွီဖြစ်ကြောင်း သူတို့ မသိကြချေ။ ဝမ်ကျန့်ကော်သာ လုပ်ခဲ့ခြင်းဟု အမြဲ ထင်နေကြ၏။ ဝမ်ကျန့်ကော် မိမိတို့ကို တိုက်ခိုက်ပြီး သုံးလကြာ ထောင်ချခြင်းဖြင့် ကလဲ့စားချေခဲ့ရာ မည်သူ သည်းခံနိုင်ပါမည်နည်း။

ချန်ချင်းယွီ ကိစ္စအဝဝကို အသေအချာ စဉ်းစားတွေးတောပြီးနောက် ဝင်းထဲသို့ လျှောက်ဝင်လာခဲ့သည်။

ဤကိစ္စသည် သူမတို့ မိသားစုနှင့် ဘာမျှမသက်ဆိုင်ပေ။

သို့သော် ချဲညီအစ်ကိုများနှင့် ဝမ်ကျန့်ကော်တို့ကြားတွင်မူ ဆက်လက်ဖြေရှင်းရမည့် ပြဿနာများစွာ ရှိနေဦးမည်မှာ သေချာလှ၏။

ချန်ချင်းယွီမှာ ဤကဲ့သို့သော ခွေးအချင်းချင်း ကိုက်ကြသည့် ပွဲကြမ်းများကို အမြဲတစေ စိတ်ဝင်တစား ကြည့်ရှုနေမည်သာ…။

ချန်ချင်းယွီ ဘာမှမသိသလို ဟန်ဆောင်နေစဉ်တွင် ဝင်းထဲ၌ အစ်မကြီးဖန် လေလုံးထွားနေလေသည်။

"ကျွန်မသားရဲ့ အခြေအနေကတော့ အထူးအဆန်း ပြောနေစရာမလိုအောင် ထိပ်တန်းပဲ။ အရင်က သူ့အတွက် ကြင်ဖက်တွေ့ပွဲတွေ ဘာတွေ တစ်ခါမှ မစီစဉ်ပေးဖူးဘူး။ ဒါပေမဲ့ ကျွန်မ ကြည့်ခဲ့သမျှ ကြင်ဖက်တွေ့ပွဲတွေမှာ အခြေအနေ ဘယ်လောက်ကောင်းကောင်း မိန်းကလေးတွေက ကျွန်မသားကိုချည်း သဘောကျကြတာ။ ကျွန်မသားက ဘာလို့ သူတို့ကို သဘောမကျတာလဲပဲ မသိတာ"

"အခု ကျွန်မတို့မိသားစုနဲ့ ကြင်ဖက်တွေ့ပွဲလုပ်မယ့် မိန်းကလေးက ကုန်သွယ်ရေးသမဝါယမအသင်းမှာ အလုပ်လုပ်တာ။ အဲဒါက အလုပ်ကောင်းပဲ၊ တချို့လူတွေလို အသံလွှင့်ရုံက အသံလွှင့်သူ သက်သက်တင် မဟုတ်ဘူး။ ပြီးတော့ သူက ကျေးလက်ဒေသကိုလည်း ရောက်ဖူးတော့ ကျွန်မတို့ ရှောင်ဝေနဲ့ သေချာပေါက် စကားပြောလို့ တည့်မှာ။ ကျေးလက်ကို ရောက်ဖူးတဲ့ မိန်းကလေးတွေက အိမ်ထောင်မှုကို သေချာနိုင်နင်းကြတယ်။ တချို့လူတွေလို ကလေကဝလုပ်ပြီး အိမ်ထောင်မှု မနိုင်နင်းတာမျိုး မဟုတ်ဘူး"

သူမ ယွမ်ဟောက်ရွှယ်ကို သွယ်ဝိုက်၍ ပုတ်ခတ်ပြောဆိုနေခြင်း ဖြစ်၏။

ချန်ချင်းယွီ နှုတ်ခမ်းကို စေ့ထားရင်း အောင့်အည်းသည်းခံလိုက်သည်။

တွေ့လား... ငါ သိသားပဲ။ အဲဒီမိန်းမကြီးက ယွမ်ဟောက်ရွှယ်အပေါ် မကျေနပ်ချက် ထားနေတာ သေချာတယ်…

"နှစ်ဖက်လုံးက သဘောတူတယ်ဆိုရင် အဲဒီအလုပ်ကို ကျွန်မသားကို ပေးရမယ်လို့ သူတို့ကို ပြောထားပြီးပြီ။ မိန်းမဆိုတာ အိမ်မှာပဲနေပြီး မိသားစုကို ပြုစုစောင့်ရှောက်ရမှာပေါ့၊ ဘာလို့ လူတကာရှေ့ ထွက်ပြနေရမှာလဲ။ ကလေးသာ မြန်မြန်မွေးပေး၊ ဒါမှ ကျွန်မလည်း စိတ်အေးရမှာ။ မိသားစုကို လုပ်ကျွေးဖို့က ယောက်ျားတစ်ယောက်ပဲ လိုအပ်တာပါ"

ချန်ချင်းယွီ မျက်လုံးကို အကြီးအကျယ် စွေစောင်းကြည့်လိုက်၏။ အခြားသူများလည်း သူမစကားကို လုံးဝမယုံကြည်သဖြင့် သရော်ရယ်မောကြသည်။

"အချင်းချင်း သဘောကျရင် မင်္ဂလာမဆောင်ခင် အလုပ်ကို ကျွန်တော့်ဆီ အရင်လွှဲပေးရမယ်"

ရှီရှောင်ဝေ ဝင်ပြောလိုက်၏။

သူ၏အတွက်အချက်မှာ ~~~ ကိစ္စတွေ အဆင်ပြေသွားတာနဲ့ အလုပ်ကို အရင်ယူပြီး မင်္ဂလာပွဲကို အချိန်ဆွဲထားမယ်…၊ အလုပ်ကိုလည်း ရယူထားရင်း မိန်းကလေးနဲ့ အချိန်

အနည်းငယ် ထပ်ဖြုန်းပြီးမှ ဖြတ်

ပစ်မယ်..။

အမှန်တကယ်တမ်း ထိုမိန်းကလေးဘက်မှ နစ်နာစရာမရှိချေ၊ သူ့လိုလူနှင့် တွဲရခြင်းသည်ပင် ထိုမိန်းကလေးအတွက် ဂုဏ်ယူစရာ ဖြစ်၏။

ကုန်သွယ်ရေးသမဝါယမမှ အလုပ်သာ ရသွားလျှင် ယွမ်မိသားစုလည်း သူ ဟောက်ရွှယ်နောက် လိုက်နေခြင်းကို တားဆီးနိုင်တော့မည် မဟုတ်ဘဲ မိမိတို့မှာ ကွက်တိ ဆီလျော်သွားပေလိမ့်မည်။ ယွမ်မိသားစုမှာ သူ့တွင် အလုပ်မရှိဟုဆိုကာ အထင်သေးခဲ့ကြသည် မဟုတ်လော။ ထိုအချိန်ကျမှ ၎င်းတို့ ဘာပြောနိုင်ဦးမည်ကို စောင့်ကြည့်ရပေမည်။

သူ ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"အလုပ်ကို မပေးဘူးဆိုရင်တော့ သူ့ကို တွဲဖို့ စိတ်ပင်မကူးနဲ့။ သူက အသက် ၂၇၊ ၂၈ ရှိနေပြီဖြစ်ပြီး အပျိုကြီးဖြစ်နေတာ၊ အဖော်ရှာရတာ သေချာပေါက် ခက်ခဲလိမ့်မယ်။ သူက ဘာမှမဟုတ်ပါဘူး၊ ကျွန်တော့်မှာတော့ လိုက်နေတဲ့သူတွေ အများကြီးပဲ။ ကျွန်တော်က သူ့ထက်လည်း ငယ်သေးတယ်"

ရှီရှောင်ဝေ ဆက်လက်၍ အလွန်အမင်း ထောင်လွှားစော်ကားစွာ ပြောဆိုနေလေသည်။

"မိန်းမက သုံးနှစ်ပိုကြီးရင် လာဘ်လာဘရတတ်တယ် ဆိုတာတွေကို လာမပြောနဲ့၊ ကျွန်တော် မယုံဘူး။ အလုပ်ကို မပေးရင်တော့ အိမ်ထောင်မပြုနိုင်တဲ့ အပျိုကြီးအိုကို ကျွန်တော်က ပြန်တောင် မတွဲဘူး"

"ဟဲ..."

ရုတ်တရက် အေးစက်သော ရယ်သံတစ်ချက် ထွက်ပေါ်လာ၏။

ချန်ချင်းယွီ အစကတည်းက သတိထားမိပြီးသား ဖြစ်သည်…. ၎င်းတို့ စကားအနည်းငယ် ပြောဆိုနေစဉ်မှာပင် ပြင်ပလူနှစ်ဦး ဝင်းထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် သေချာပေါက် အောင်သွယ်ပေးသည့် အောင်သွယ်နှင့် ကြင်ဖက်တွေ့ပွဲလာသည့် မိန်းကလေးတို့ပင် ဖြစ်၏။

ချန်ချင်းယွီမှာ ထိုမိန်းကလေးအား ထောင်ချောက်ထဲ မကျစေရန်နှင့် ဤမိသားစု မည်သို့သော လူစားမျိုးဖြစ်ကြောင်း အမြင်မှန်ရစေချင်သဖြင့် ကြိုတင်သတိမပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤမိသားစုသည်လည်း တကယ့်ကို ကောင်းကောင်းကြီး ပူးပေါင်းပေးကြ၏...။

မိန်းကလေးဖြစ်သူမှာ ဆက်၍ အောင့်မထားနိုင်တော့ဘဲ အော်ပြောလိုက်တော့သည်။

"အောင်သွယ်ကျန်း... ကြည့်စမ်းပါဦး... ရှင်က ကျွန်မကို ဒီလိုလူမျိုးနဲ့ မိတ်ဆက်ပေးတာလား။ ဒါ ဘယ်လိုလူယုတ်မာလဲ။ ရှင် ကျွန်မကို လိမ်ဖို့ ကြံနေတာလား"

အောင်သွယ်ကျန်းသည်လည်း ဤမိသားစု ဤမျှအထိ အားမကိုးရမှန်း လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူမ ချော့မော့ကာ

"ရှောင်ဝမ်... စိတ်မဆိုးပါနဲ့ဦး။ အေးအေးဆေးဆေး စကားပြောကြတာပေါ့"

ထို့နောက် အစ်မကြီးဖန်နှင့် ရှီရှောင်ဝေတို့ကို စူးစူးဝါးဝါး စိုက်

ကြည့်ရင်း

"ရှင်တို့ သားအမိနှစ်ယောက် ဘာဖြစ်နေကြတာလဲ။ ဒီနေ့ မွန်းလွဲ ၁ နာရီခွဲမှာ ကြင်ဖက်တွေ့ပွဲလုပ်မယ်လို့ ပြောထားတယ် မဟုတ်လား။ ဘာလို့ သေချာပြင်ဆင်မထားတာလဲ။ ဒီမှာ ဘာတွေ လာပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ"

ဤလူနှစ်ဦးသည် သူမ၏ သိက္ခာကို ဖျက်ဆီးနေကြ၏။ ကြင်ဖက်တွေ့ပွဲ မစတင်မီကတည်းက စကားတွေ တရစပ် ပြောနေခဲ့ကြသည်။ သူမ မေးခွန်းထုတ်ကာ

"အစ်မကြီးဖန်... ရှင် ဘာဖြစ်နေတာလဲ။ ရှင့်သားအတွက် အလုပ်တစ်ခု အစားထိုးဖို့ လိုအပ်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ရှင့်သားမှာ အလုပ်ရနိုင်ခြေ ရှိလို့သာ ကျွန်မက ဒီကြင်ဖက်တွေ့ပွဲကို စီစဉ်ပေးဖို့ သဘောတူခဲ့တာ။ အခု ရှင် ဘာတွေ ပြောနေတာလဲ။ ဘာဖြစ်လို့ မိန်းကလေးဘက်ကပါ အလုပ်ပေးဖို့ လိုအပ်နေရတာလဲ"

အစ်မကြီးဖန် အရှက်ရသွားသော်လည်း လျင်မြန်စွာပင် မျက်နှာပြောင်တိုက်ကာ

"ကျွန်မသားကို အလုပ်ပေးချင်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငယ်ရွယ်တဲ့ စုံတွဲလေး အဆင်ပြေပြေ နေသွားနိုင်ဖို့ဆိုရင် တစ်ယောက်ယောက်က မိသားစုကို ပြုစုရမယ်လေ။ ဒါကြောင့် အလုပ်က ယောက်ျားဖြစ်သူဆီ ရောက်သင့်တာပေါ့။ ယောက်ျားက အပြင်ကိစ္စ၊ မိန်းမက အတွင်းကိစ္စဆိုတာ နှစ်ပေါင်းထောင်ချီရှိပြီဖြစ်တဲ့ မူဝါဒပဲလေ"

"မင်္ဂလာမဆောင်ခင် သေချာပေါက် လွှဲပေးရမယ်"

ရှီရှောင်ဝေ ထပ်လောင်းပြောပြန်၏။

သူ၏ အတွက်အချက်များမှာ ဗြောင်ကျလွန်းလှသည်။ သူ၏ ကောက်ကျစ်သော တွက်ကိန်းများကို အတိုင်းသား ကြားနေရသကဲ့သို့ပင်။

မိန်းကလေးဖြစ်သူ ရှောင်ဝမ်သည်လည်း အားနာနာနှင့် ငြိမ်ခံမနေခဲ့ချေ။ သူမသည် ရုပ်ရည်အားဖြင့် အထူးတလည် ထူးခြားလှပခြင်းမရှိသော်လည်း ရုပ်ဆိုးသူတစ်ဦးလည်း မဟုတ်ပေ… ရိုးရိုးသာမန် လူတစ်ယောက်မျှသာ ဖြစ်သည်။

အမှန်၌ ဤကမ္ဘာပေါ်တွင် သာမန်လူများသည်သာ အမြဲတမ်း ပို၍ များပြားလှသည် မဟုတ်လော့။

သူမ သာမန်လူတစ်ယောက်၊ ပုံမှန်လူတစ်ယောက် ဖြစ်၏။ ဤမိသားစု၏ အရုပ်ဆိုးလှသော မျက်နှာပြောင်တိုက်မှုများကို မြင်သောအခါ သူမလည်း အကြီးအကျယ် ဒေါသထွက်သွားပြီး ဗြောင်ကျကျပင်

"ရယ်စရာကောင်းလိုက်တာ... ကျွန်မနဲ့ မဆုံရသေးခင်ကတည်းက ကျွန်မအလုပ်ကို လိုချင်နေတာလား။ ရှင်တို့ကိုယ်ရှင်တို့ ဘာကောင်လဲဆိုတာကော သိရဲ့လား။ ရွံစရာကောင်းလိုက်တာ... ကျွန်မ လူအများကြီးနဲ့ ဆုံဖူးပေမဲ့ ရှင့်တို့လို အရှက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ရယ်စရာကောင်းတယ်၊ တကယ့်ကို ရယ်စရာကောင်းလွန်းတယ်။ ရှင်တို့က ကျွန်မဆီကနေ အလုပ်ကို လိမ်ယူချင်နေတာပဲ ထင်တယ်။ ရှင်က ဘယ်လောက်တောင် သရဲဘောကြောင်တဲ့ ကောင်လဲဆိုတာကော သိရဲ့လား… ဒါနဲ့ကော တန်လို့လား။ ရှင်သေးပေါက်တဲ့အခါ ကိုယ့်ဘာသာ ပြန်ကြည့်ဦး… ကိုယ် ဘယ်လိုလူလဲဆိုတာ ကိုယ့်ဘာသာကော ပြန်မကြည့်ဘူးလား"

"ဖူး..."

ချန်ချင်းယွီ မအောင့်နိုင်တော့ဘဲ ရယ်သံ လွတ်ထွက်သွားတော့သည်။

အခြားသူများလည်း မအောင့်နိုင်ကြတော့ကာ ရယ်သံများ အလောတကြီး ထွက်မလာစေရန် အတင်းအကျပ် အောင့်အည်းထားကြရ၏။

ဒီမိန်းကလေးကတော့ ဆဲဆိုပုတ်ခတ်ရာမှာ တကယ့်ကို ဆရာတစ်ဆူပဲ…

ကံကောင်းထောက်မ၍ မိန်းကလေး ရှောင်ဝမ်သည် ဂရုမစိုက်ဟန်ဖြင့် ဆက်လက် ပြောဆိုလိုက်၏။

"ရှင့်မှာ အလုပ်ရှိတယ်လို့ မကြားခဲ့ရင် ကျွန်မ ရှင့်ကို လာတောင်ကြည့်မှာ မဟုတ်ဘူး။ ဒီလောက်အခြေအနေမရှိတဲ့ လူယုတ်မာ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... ကြည့်ရတာ သုံးစားမရတဲ့ လူပိန်လူဖျင်းလိုပဲ၊ ဒါကိုများ လူကြီးလူကောင်းလို ဟန်လုပ်နေသေးတယ်။ ကျွန်မအလုပ်ကို လုဖို့ ကြံနေတာလား။ မင်္ဂလာမဆောင်ခင် ဘာလို့ အလုပ်အရင်လိုချင်ရလဲဆိုတာ ကျွန်မ စဉ်းစားကြည့်ဦးမယ်... ရှင်က အလုပ်ကိုလည်း ယူ၊ ကျွန်မကိုလည်း လက်မထပ်ဘဲ ထားဖို့ ကြံနေတာ မဟုတ်လား"

သူမ ပြောရင်း ရှီရှောင်ဝေကို မသင်္ကာသလို အပေါ်အောက် အကဲခတ်ကြည့်လိုက်လေတော့သည်။

ရှီရှောင်ဝေ အနည်းငယ် အရှက်ရသွားသော်လည်း ချက်ချင်းပင် ဟန်ကိုယ်ဖို့ကာ

"မင်း ဘာစကားပြောတာလဲ၊ ငါက အဲလိုလူစားမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက ငါ့ထက်ကြီးတာပဲ၊ မင်း ငါ့လိုလူကို ရတာ မင်းအတွက် ဂုဏ်ယူစရာပဲလေ။ ငါက မင်းနဲ့ တွဲပေးချင်တာကိုပဲ မင်းက ကျေးဇူးတင်လှည့်ရဦးမယ်။ တကယ်လို့ တွဲကြည့်လို့ တကယ် အဆင်မပြေရင်ကော... မင်္ဂလာပွဲကို အတင်းဇွတ်လုပ်ပြီးမှ ရန်သူတွေလို ဖြစ်သွားရမှာလား"

ရှောင်ဝမ် : "ဟဟ... ဟဟဟ... သေချာသွားပြီ၊ ရှင်က အလုပ်ကို လိမ်ယူချင်တာပဲ။ ရှင် ဘာလို့ ဒီလောက် အရှက်မရှိရတာလဲ၊ ငါ့သက်တမ်းတစ်လျှောက် ရှင်တို့လို ညစ်ပတ်စုတ်ပဲ့ပြီး ရွံစရာကောင်းတဲ့ကောင်မျိုး တစ်ခါမှ မမြင်ဖူးဘူး။ အောင်သွယ်ကျန်း... ကြည့်စမ်းပါဦး၊ ရှင်မိတ်ဆက်ပေးတဲ့ ကောင်ကို ကြည့်ဦး၊ ဘယ်က လွင့်စင်လာတဲ့ အမှိုက်လဲ မသိဘူး။ ကျွန်မဖြင့် အန်တောင် အန်ချင်တယ်။ ရှင် ကျွန်မကို ဖြေရှင်းချက်ပေးရမယ်၊ ဘာဖြစ်လို့ ဒီလိုအကောင်မျိုးကို ကျွန်မနဲ့ မိတ်ဆက်ပေးရတာလဲ"

အောင်သွယ်ကျန်းသည်လည်း အလွန်အမင်း ဒေါသထွက်နေ၏။ ဤလူများ သူမ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနေကြသည် မဟုတ်ပါလော။ မိမိကိုယ်တိုင်ပင် ဤသို့ လှည့်စားခံလိုက်ရသည်… အောင်သွယ် လုပ်သက်တစ်လျှောက် အနည်းငယ် လေလုံးထွားရသည်မျိုး ရှိတတ်သော်လည်း ဤမျှအထိ လူယုတ်မာဆန်စွာ တွန်းချသည်မျိုးတော့ မရှိခဲ့ဖူးချေ။ ဤကိစ္စသာ အပြင်သို့ ပြန့်သွားလျှင် သူမ၏ နာမည်ပျက်ပေလိမ့်မည်။

ခွေးလိုဟာတွေ… နောက်ဆိုရင် ဘယ်သူက ငါ့ကို လာရှာတော့မှာလဲ …

သူမ ခါးထောက်ကာ ဒေါသတကြီး ကျိန်ဆဲလေတော့သည်။

"ရှင်တို့လို လူမိုက်တွေ၊ သေချင်းဆိုးတွေ... ဒါတွေကို ဘယ်လိုမျက်နှာပြောင်တိုက်ပြီး ပြောထွက်ရတာလဲ... အစ်မကြီးဖန်... ရှင် ကျွန်မဆီ လာတုန်းက ဘယ်လိုပြောခဲ့လဲ သေချာရှင်းစမ်း။ ကောင်းပြီလေ... ရှင်က အောင်သွယ်ဖြစ်တဲ့ ကျွန်မကိုတောင် လိမ်ရဲတယ်ပေါ့၊ ကျွန်မရဲ့ ထမင်းအိုးကို ရိုက်ခွဲချင်တာကိုး။ ကျွန်မကို အနိုင်ကျင့်လို့ရတယ် ထင်နေလား... ကောင်းပြီ... အေး... ကောင်းပြီ။ ဒီနေ့ပွဲကို ဒီတင် ဖျက်တယ်။ သေချာနားထောင်ထား... ကျွန်မက အစွမ်းအစမရှိတဲ့ အောင်သွယ်တစ်ယောက်ဆိုပေမဲ့ ဒီအကြောင်းကို တစ်မြို့လုံးသိအောင် သေချာပေါက် ဖွင့်ချပစ်မယ်။ ကျွန်မ ထမင်းအိုးကို ခွဲချင်တယ်ဟုတ်လား... ကျွန်မ ဒီမှာတင် ဗြောင်ပြောလိုက်မယ်၊ တစ်မြို့လုံးက ဘယ်အောင်သွယ်မှ ရှင့်မိသားစုရဲ့ အလုပ်မရှိ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို လှည့်ကြည့်မှာ မဟုတ်တော့ဘူး။ ရှင့်သားလို သုံးစားမရတဲ့ကောင်၊ လူဖျင်းလည်းဖြစ်၊ ကိုယ့်ကိုယ်ကိုယ်လည်း အဟုတ်ကြီးထင်ပြီး ဘာကောင်မှန်းမသိတဲ့ အကောင်မျိုးကတော့ တစ်သက်လုံး လူပျိုကြီးဘဝနဲ့ပဲ သေသွားလိုက်... သွားကြမယ်..."

အောင်သွယ်ကျန်းသည် ဒေါသအလိပ်လိပ် ထွက်လျက် မိန်းကလေး ရှောင်ဝမ်ကို ဆွဲခေါ်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွါသွားရင်း

"ဒီကိစ္စက အဒေါ် နင့်ကို အားနာရပါတယ်။ နောက်ဆိုရင် သေချာပေါက် လူကောင်းတစ်ယောက် ရှာပေးပါ့မယ်။ ဒါကတော့ လူယုတ်မာတွေမို့လို့ အဒေါ်လည်း အလိမ်ခံလိုက်ရတာပါ..."

"အား... အား... အား..."

ရုတ်တရက် အပြင်ဘက်မှ စူးရှသော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။ ချန်ချင်းယွီတို့အဖွဲ့သည် တံခါးဝဆီသို့ အပြေးအလွှား သွားကြရာ၊ အောင်သွယ်ကျန်း ပို၍ပင် မြန်ဆန်စွာ တံခါးဝသို့ ရောက်ရှိသွားပြီး

"ဟင်... အောင်သွယ်လီ... ဘာလို့ ရှင်ဖြစ်နေတာလဲ"

အောင်သွယ်လီသည်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်ကို ပြန်လည်နှုတ်ဆက်ရန် အချိန်မရှိဘဲ လီလင်းလင်းကို လက်ညှိုးထိုးကာ အလောတကြီး မေးလိုက်၏။

"နင်... နင်... နင် ဒါ ဘာလုပ်နေတာလဲ"

လီလင်းလင်း၏ မျက်နှာမှာ နီမြန်းနေပြီး ဆံပင်များ ရှုပ်ပွလျက်၊ အင်္ကျီကြယ်သီးများပင် လွဲချော်၍ တပ်ထားမိသည်။ သူမနှင့် မလှမ်းမကမ်းတွင်မူ မျက်နှာနီမြန်းနေသော ယွမ်ဟောက်ဖုန်း ရှိနေ၏။

အောင်သွယ်လီ၏ ဘေးတွင်မူ အရပ်အမောင်း ထွားကြိုင်းသော အမျိုးသားကြီးတစ်ဦး ပါလာပြီး၊ အသက်ခပ်ကြီးကြီး ထင်ရသော်လည်း မတ်မတ်ရပ်နေသည်။ အောင်သွယ်လီသည် လည်ပင်းရှည် ကြက်ဖကြီးကဲ့သို့ အော်ဟစ်လျက်

"ပြောစမ်းပါဦး... နင် ဒါ ဘာလုပ်နေတာလဲ... နင်တို့က ဘာပတ်သက်မှု ရှိလို့လဲ..."

အောင်သွယ်လီသည် လူပျိုကြီးဖြစ်သူ ရှောင်ကျောက်ကို ခေါ်ဆောင်ကာ ကြင်ဖက်တွေ့ပွဲအတွက် လာခဲ့ခြင်း ဖြစ်သည်။ လမ်းကြားထဲသို့ ဝင်လာရုံရှိသေး၊ လီလင်းလင်းသည် အိမ်သာနောက်ကွယ်မှ ထွက်လာပြီး လမ်းလျှောက်ရင်း ကြယ်သီးတပ်နေသည်ကို မြင်လိုက်ရ၏။ သူမနောက်တွင်လည်း အမျိုးသားတစ်ဦး ပါလာခဲ့သည်။ အောင်သွယ်လီ လီလင်းလင်းကို ကြိုတင်ကြည့်ရှုဖူးသဖြင့် ချက်ချင်းပင် စိတ်ပျက်ဒေါသထွက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း လောကဓံကို ကြုံဖူးသည့် လူကြီးတစ်ဦး ဖြစ်သောကြောင့်တည်း။

လီလင်းလင်းသည် စကားလုံးများ ထစ်ငေါ့နေ၏။ လင်စန်းရှင်းသည်လည်း ထိုအချိန်တွင် အပြင်သို့ ထွက်လာပြီး

"ဘာတွေ ဖြစ်နေတာလဲ"

လီလင်းလင်း ခေါင်းငုံ့ကာ တိုးတိုးလေးဖြင့်

"ကျွန်မ ကြင်ဖက်တွေ့ပွဲ မလုပ်ချင်ဘူး"

အောင်သွယ်လီ ဒေါသတကြီးဖြင့်

"မသွားချင်ရင် စောစောပြောရမှာပေါ့။ လင်စန်းရှင်း... ရှင် ပြောစမ်း၊ ရှင့်မိသားစုက ဘာသဘောလဲ၊ ကျွန်မကို နောက်စရာ ထင်နေတာလား။ ရှင့်သမီးက ဒီလိုပုံစံ ဖြစ်နေတာကို ဘယ်သူက မိတ်ဆက်ပေးရဲမှာလဲ။ ဒါက မိန်းမပျက်... ကဲပါ ကဲပါ၊ ဒီလိုစကားမျိုးတော့ ကျွန်မ မပြောတော့ဘူး၊ ရှင်ကတော့ ကျွန်မကို သေချာပေါက် ရှင်းပြချက် ပေးရမယ်။ ရှင် ကျွန်မကို လိမ်ခဲ့တာ မဟုတ်လား။ ရှင့်သမီးက အေးအေးဆေးဆေးနဲ့ အိမ်ထောင်မှု နိုင်နင်းပါတယ်ဆိုတာ... ဒါလား အိမ်ထောင်မှုနိုင်နင်းတာ..."

လင်စန်းရှင်းခမျာ "လင်းလင်း... နင် ဘာဖြစ်နေတာလဲ..." ဟု ဆိုကာ သမီးဖြစ်သူကို စူးစိုက်ကြည့်ရင်း အလောတကြီး တောင်းပန်လေသည်။

"အထင်လွဲတာပါ၊ အကုန်လုံးက အထင်လွဲတာ... လာလာလာ၊ အိမ်ထဲဝင်ပြီး ပြောကြစို့၊ ငါတို့ သေသေချာချာ ကြင်ဖက်တွေ့ပွဲ လုပ်ကြမယ်၊ ကျွန်မ..."

"ရှင် အိပ်မက်မက်မနေနဲ့၊ ကျွန်မတို့ကို အရူးအောက်မေ့နေတာလား။ ရှင့်သမီး ဒီလိုပုံစံနဲ့တော့ ကျွန်မတို့က မာန်မတက်ရဲပါဘူး။ ဘယ်သူမှလည်း အရှက်ကွဲရမယ့် မိန်းမမျိုးကို မလိုချင်ဘူး၊ ရှင့်သမီးကို ကြိုက်တဲ့လူနဲ့ ပေးစားလိုက်တော့... တကယ့်ကို ဘာကောင်မမှန်း မသိဘူး။ လင်စန်းရှင်း... ရှင် ဒီလိုမျိုး လှည့်စားလို့ရမယ် မထင်နဲ့။ ရှင့်မှာ အရှက်ကော ရှိရဲ့လား"

သူမ ဒေါသအလိပ်လိပ်ဖြင့်

"ရှင့်သမီးက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေပြီး အေးအေးဆေးဆေး စိတ်ချရတဲ့သူလို့ မကြားခဲ့ရင် ကျွန်မ ဘာလို့ မိတ်ဆက်ပေးရမှာလဲ။ အခု ရှင့်သမီးက ဒီလို ပြဿနာရှာနေတာလား။ ဒါက ကျွန်မရဲ့ နာမည်ကို ဖျက်ဆီးတာပဲ..."

ထိုစဉ် ဝိုင်းအုံကြည့်နေသော လူအုပ်ထဲမှ တစ်ဦးမှာ တိုးတိုးလေး ဝင်ပြောလိုက်၏။

"သူ့သမီးမှာ အလုပ်မရှိတော့ဘူးလေ၊ အလုပ်ထုတ်ခံလိုက်ရပြီ"

"ဘာ........."

အောင်သွယ်လီ : "အား... အား... အား... ရှင့်မိသားစုက လူလိမ်ကြီးတွေပဲ၊ ရှင့်သမီးမှာ တကယ် အလုပ်ရှိရဲ့လား၊ ရှိလား မရှိဘူးလား..."

လင်စန်းရှင်း အိုးတိုးအမ်းတမ်း ရယ်မောရင်း

"အဲဒါက... အိမ်ထောင်ကို လုပ်ကျွေးရမှာက ယောက်ျားတွေပဲလေ၊ တကယ်တော့ မိန်းမတွေမှာ အလုပ်မရှိရင် မိသားစုကို ပိုပြီး သေချာ ဂရုစိုက်နိုင်တာပေါ့၊ ကျွန်မ ထင်တာကတော့..."

"ရှင် ထင်တာတွေကို လာမပြောနဲ့၊ သွားပြီး ချေးစားလိုက်... ရွံစရာကောင်းလိုက်တာ၊ လင်န်းရှင်း... ရှင်က လူလိမ်မကြီးပဲ။ ရှင် ကျွန်မကို လှည့်စားပြီး မတရားလုပ်ခဲ့တာကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။ ရှင့်သမီး ဘာလုပ်ခဲ့လဲ၊ ရှင့်မိသားစုက ဘယ်လိုလူစားလဲဆိုတာ တစ်မြို့လုံး သိအောင် သေချာပေါက် ဖွင့်ချပစ်မယ်... ဒီမြို့မှာ ဘယ်အောင်သွယ်က ရှင့်တို့ကို ထပ်ပြီး ကူညီဦးမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့..."

ယခုအချိန်တွင်မူ အောင်သွယ်လီနှင့် အောင်သွယ်ကျန်းတို့သည် တူညီသော စကားဝိုင်းတစ်ခုကို ပိုင်ဆိုင်သွားကြပြီဟု ဆိုရပေမည်။ ၎င်းတို့နှစ်ဦးစလုံးသည် အလွန် သနားစရာကောင်းလောက်အောင်ပင် အလိမ်ခံလိုက်ရ၏။ ၎င်းတို့ကဲ့သို့ ဝါရင့်အောင်သွယ်များသည် ဤမျှအထိ ယုတ်မာစွာ လှည့်စားခြင်း ခံရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။ တကယ့်ကို ကံဆိုးလွန်းလှသည်။

ချန်ချင်းယွီ လူများ စိတ်ပျက်လက်ပျက်ဖြင့် ဒေါသပေါက်ကွဲနေကြသည်ကို ကြည့်ကာ အဘွားကြီးကျောက်၏ ဘေးသို့ကပ်၍ တိုးတိုးလေး ကပ်ပြောလိုက်၏။

"တွေ့လား... ကျွန်မ ပြောသားပဲ... သူတို့ အချင်းချင်း စကားပြောရင်း တူညီတဲ့အချက်တွေ ရှိသွားရင်၊ အလုပ်ရှိတဲ့ ဒီနှစ်ယောက်ကပဲ ပြန်ပြီး ကြင်ဖက်တွေ့ပွဲ လုပ်လိုက်လို့ ရတာပေါ့"

ထိုစကားကို အောင်သွယ်ကျန်း ကြားသွားခဲ့၏။ သူမသည် ချန်ချင်းယွီနှင့် နီးကပ်စွာ ရှိနေသဖြင့် ချန်ချင်းယွီကို လှည့်ကြည့်လိုက်ရာ မျက်ဝန်းများ တောက်ပသွားတော့သည်။

သူမ အလျင်အမြန်ပင် ရှေ့သို့ တစ်လှမ်းတိုးကာ ကမ်းလှမ်းလိုက်၏။

"အောင်သွယ်လီ မဟုတ်လား။ ကျွန်မက အောင်သွယ်ကျန်းပါ၊ ကျွန်မနာမည်ကို ကြားဖူးမှာပါ။ ကျွန်မလည်း ဒီနေ့ အလိမ်ခံလိုက်ရတာ၊ ကျွန်မတို့က အဓိက နစ်နာသူတွေပဲ။ ဒါပေမဲ့ ကျွန်မ စဉ်းစားမိတာကတော့... ကျွန်မတို့ဘက်က ရှောင်ဝမ်နဲ့ ရှင့်ဘက်က ရဲဘော်လေးတို့ကို အချင်းချင်း စကားပြောခွင့် ပေးကြည့်ရင် မကောင်းဘူးလား။ သူတို့ကို ကြည့်ရတာ တော်တော်လေး လိုက်ဖက်တယ်လို့ မြင်မိလို့ပါ"

အောင်သွယ်လီ : "ရှင် ကျွန်မကို လိမ်နေတာ မဟုတ်ပါဘူးနော်"

"မလိမ်ပါဘူး... ကျွန်မ စောစောကတင်..."

အောင်သွယ်ကျန်း အကြောင်းစုံကို တရစပ် ရှင်းပြလေသည်။

အောင်သွယ်လီသည် အောင်သွယ်ကျန်းကို သနားဂရုဏာသက်စွာဖြင့် ကြည့်လိုက်ပြီး၊ အောင်သွယ်ကျန်းလည်း အောင်သွယ်လီကို ထပ်တူ သနားမိသွား၏။ နှစ်ဦးစလုံးမှာ ကံကြမ္မာဆိုးတူ ရင်ဆိုင်နေရသူများ ဖြစ်ကြသည် မဟုတ်လော့။

"ကျွန်မ ကာယကံရှင်တွေကို မေးကြည့်ဦးမယ်"

မျှော်လင့်မထားသော အလှည့်အပြောင်းမျိုး မရှိဘဲ နှစ်ဖက်စလုံး တွေ့ဆုံစကားပြောရန် သဘောတူခဲ့ကြသည်။ ၎င်းတို့သည် မူလကတည်းက အဖော်ရှာရန် လာခဲ့ကြသူများဖြစ်ရာ၊ လူလိမ်များနှင့် ဆုံတွေ့ရခြင်းအပေါ် အချင်းချင်း စာနာနားလည်သွားကြ၏။ အောင်သွယ်နှစ်ဦးစလုံးလည်း ဝမ်းသာသွားကြသဖြင့် လူငယ်နှစ်ဦးကို ဆွဲခေါ်ကာ

"ကဲ... သွားကြစို့။ ဒီတစ်ခေါက်ကတော့ ကျွန်မတို့ အမှားတွေပါ၊ လူလိမ်တွေနဲ့ ဆုံမိလို့။ ဒီတစ်ခေါက်အတွက်တော့ အောင်သွယ်ခ မယူတော့ပါဘူး၊ ပန်းခြံထဲသွားပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့။ မင်းတို့နှစ်ယောက် အဆင်ပြေသွားရင်ပဲ အကောင်းဆုံးပါပဲ"

လူလေးဦးစလုံး အချင်းချင်း ကြည့်ကာ ခေါင်းငြိမ့်လျက် ထွက်ခွာသွားကြသည်။

"ဟို... ဒါကတော့... ကျွန်မတို့ အိမ်က..."

လင်စန်းရှင်း တားဆီးရန် ကြိုးစား၏။

အောင်သွယ်လီ လှည့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

"ဖွီ... သွားစမ်း..."

"ဒါဆို ကျွန်မတို့ အိမ်ကကော..."

အစ်မကြီးဖန် လည်း လှမ်းအော်ရှာ၏။

"ဖွီ... သွားစမ်း..."

အောင်သွယ်ကျန်းလည်း တံတွေးထွေးကာ ထွက်သွားလေသည်။

ဝင်းတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။

အိုမို… ကျွန်မ ဘာပြောခဲ့လဲ၊ အခုတော့ ကျွန်မပြောတဲ့အတိုင်း ကွက်တိ ဖြစ်သွားပြီမလား…

ချန်ချင်းယွီ စိတ်ထဲ ကျေနပ်စွာ ရေရွတ်လိုက်၏။

"နောက်ဆိုရင် ငါတို့ဝင်းထဲက လူတွေအတွက် အဖော်ရှာရတာ ပိုခက်သွားပြီ။ တစ်ခါတည်းနဲ့ ကြင်ဖက်တွေ့ပွဲလိမ်တာ နှစ်ခုတောင် ထွက်လာတော့ ပြင်ပလူတွေက ငါတို့ဝင်းကို ဘယ်လိုထင်ကြတော့မလဲ။ လူငယ်တွေအတွက်တော့ တကယ် ခက်ခဲကုန်ပြီ"

အဘွားကြီးကျောက် ရှားရှားပါးပါး တွေးတောကာ ညည်းတွားရှာသည်။

သူမ ဆက်လက်၍

"ချွေးမရေ... နင် ပိုက်ဆံ ပိုရှာထားမှ ဖြစ်မယ်နော်။ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ အရွယ်နည်းနည်းကြီးလို့ အဖော်ရှာရမယ့်အချိန်ကျရင် ငါတို့ အိမ်ဝယ်ပြီး ဒီဝင်းထဲကနေ ပြောင်းကြရအောင်။ မဟုတ်ရင် ကလေးတွေ အဖော်ရှာရတာ ခက်လိမ့်မယ်"

"အာ... ဒါက..."

ချန်ချင်းယွီ ပြန်လည်မတုံ့ပြန်နိုင်သေးမီမှာပင် ဝင်းထဲရှိ အခြားသူများမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေတော့သည်။

အဘွားကြီးဟွမ်သည် တုံ့ပြန်မှုအပြင်းထန်ဆုံး ဖြစ်ကာ ရှေ့သို့ ဒေါသတကြီး ပြေးဝင်လာပြီး လင်စန်းရှင်း၏ ပါးကို "ဖြန်း" ကနဲနေအောင် ရိုက်ချလိုက်တော့၏။

ထို့နောက် ကျိန်ဆဲလေသည်။

"နင်လို မိန်းမယုတ်၊ နင်က ငါ့သားကို အချိန်ဖြုန်းအောင် လုပ်တာပဲ။ ငါ့သား ရှင်းဖှခမျာ ကံဆိုးရှာပါတယ်။ ဒီလောက် အခြေအနေကောင်းတာကို နင်တို့ကြောင့်နဲ့ နာမည်ပျက်ရပြီ"

သူမ လှည့်ကြည့်လိုက်ပြီး အစ်မကြီးဖန်ကိုလည်း မုန်းတီးနေသဖြင့်

"နင်လည်း လူကောင်းမဟုတ်ဘူး၊ နင်နဲ့ ငါနဲ့ သေချာပေါက် အသေအကြေ ရှင်းကြသေးတာပေါ့"

အစ်မကြီးဖန်လည်း ပြန်လည်အော်ဟစ်ကာ

"အောင်မာ... နင်က ဘာလို့ ငါ့ကို လာအပြစ်ပုံချရတာလဲ။ နင့်သား ကျန်းရှင်းဖှက ယောက်ျားကော မိန်းမပါ မရှောင် ကြိုက်တတ်တာ၊ ဘယ်သူမှ သူ့ကို အဖော်မလုပ်ချင်ကြဘူး၊ ငါ့ကို လာပြီး အပြစ်မတင်နဲ့..."

"နင် ဖောက်ပြန်ပြီး လျှောက်ပြောနေတာ၊ နင်လို မိန်းမယုတ်..."

အဆုံးတွင်မူ အမျိုးသမီးသုံးဦးစလုံး အုပ်စုလိုက် ရိုက်နှက်သတ်ပုတ်ကြလေတော့သည်။

လီလင်းလင်းမှာမူ သူမ၏ အင်္ကျီကို အတင်းဆွဲစေ့ထားရင်း အိမ်ထဲသို့ သုတ်ခြေတင် ပြေးဝင်သွား၏။

ဘေးမှ ဝိုင်းကြည့်နေသူများလည်း တသသဖြင့် ညည်းတွားကြ၏။

"ဒါ ဘာတွေ ဖြစ်ကုန်တာလဲ မသိဘူးနော်"

"အေးလေ... ဘယ်သူက ငြင်းရဲမှာလဲ"

"စိတ်ပျက်စရာကြီး၊ ငါ့သားလည်း လူလွတ် ဖြစ်နေတုန်းပဲ၊ နောက်ဆို ဘယ်လိုလုပ်မလဲ"

"အလုပ်ရှိတယ် မရှိဘူးဆိုတဲ့ အရေးကြီးတဲ့ ကိစ္စကြီးကိုတောင် လိမ်ညာပြီး လျှောက်ပြောရဲကြတာ၊ တကယ့်ကို မလွယ်ဘူး"

"စိတ်ထားတွေ ပုပ်စပ်ကုန်ကြပြီ"

"တကယ် စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

"ငါတို့ဝင်းကြီးက အစကတည်းက အိမ်ထောင်ရေးကံ မကောင်းပါဘူးဆိုမှ၊ အခုတော့ ပိုဆိုးသွားပြီ။ စောင့်ကြည့်လိုက်ပေါ့... နောက်ဆို ဒီမြို့က ဘယ်အောင်သွယ်မှ ငါတို့ဝင်းထဲကို လာပြီး ကြင်ဖက်တွေ့ပေးတော့မှာ မဟုတ်ဘူး..."

အချင်းချင်း တိုးတိုးတိတ်တိတ် တရစပ် ပြောဆိုနေကြတော့သည်။

အဘွားကြီးကျောက် : "ဘယ်လိုပဲဖြစ်ဖြစ်... သူတို့က လိမ်ညာလို့ အမိခံရတာဆိုတော့ အောင်သွယ်တွေ ဒေါသထွက်တာလည်း မဆန်းပါဘူးလေ"

"ဒါတော့ ဟုတ်ပါတယ်"

အခြားသူများလည်း ထောက်ခံကြသည်။

အဘွားကြီးကျောက်မှာ နောက်ဆုတ်ကာ ထွက်ခွာသွားရန် ပြင်နေသော ယွမ်ဟောက်ဖုန်းကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်၏။

"ဟင်း... လူကို ကြည့်ရုံနဲ့ အကဲခတ်လို့ မရပါလား၊ သတ္တိကတော့ တော်တော်ကောင်းတာပဲ"

လူတိုင်း သူမ ကြည့်သည့်နေရာသို့ လှမ်းကြည့်လိုက်ကြပြီးမှ... စောစောပိုင်း ထိုလူနှစ်ဦး အိမ်သာနောက်ကွယ်တွင် မည်မျှအထိ လက်ရဲဇာတ်ရဲ ဖြစ်ပျက်နေခဲ့ကြသည်ကို သဘောပေါက်သွားကြတော့သည်။

တကယ့်ကို သတ္တိခဲကြီးများပင်…

"ယွမ်ဟောက်ဖုန်း... နင့်မှာ မိန်းမရှိရက်သားနဲ့ ဒါ ဘာတွေ လုပ်နေတာလဲ။ ဒီလို မဟုတ်တာတွေ လုပ်နေတာသာ အပြင်ကို ပြန့်သွားရင်..."

ယွမ်ဟောက်ဖုန်း အတင်းငြင်းဆန်ကာ

"ကျွန်တော်တို့က အပြစ်ကင်းပါတယ်၊ အထင်လွဲတာပါ၊ အကုန်လုံးက အထင်လွဲတာ"

"တကယ်ပဲ အထင်လွဲတာပါ၊ ကျွန်တော်တို့ကြားမှာ ဘာမှမရှိပါဘူး"

အပြတ်အသတ် ငြင်းဆိုလေသည်။

"ဒါပေမဲ့..."

"တကယ် မဟုတ်ပါဘူး၊ ကျွန်တော်က ဘာဖြစ်လဲဆိုတာ အကုန်သိပါတယ်။ ကျွန်တော်က အိမ်သာ ခေတ္တလာတက်တာပါ၊ တကယ် အထင်လွဲတာပါ"

သူသည် သေလျှင်ပင် မဝန်ခံနိုင်ဟန်ဖြင့် အတင်းငြင်းပစ်နေ၏။

"ကျွန်တော့်မှာ အလုပ်ကိစ္စ ရှိသေးလို့ သွားလိုက်ဦးမယ်..."

ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လိုက်ရင်း သူ့ကို အထင်သေးစွာ ကြည့်လိုက်မိသည်။ သူမသည် စောစော၌ စောင့်ကြည့်နေသော ချဲယုံဖုန်းကို သတိရသွားသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲရှာဖွေကြည့်သော်လည်း မတွေ့ရတော့ပေ။ ပြန်သွားပြီဖြစ်ကြောင်း သူမ ခန့်မှန်းလိုက်သည်။ ချန်ချင်းယွီ အဘွားကြီးဟွမ်နှင့် လင်စန်းရှင်းတို့ ဆက်လက်ငြင်းခုံနေသည်ကို ကြည့်ကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့၏။ ဝင်းထဲသို့ ဝင်လာရုံရှိသေး... လီလင်းလင်း ဂျင်းဘောင်းဘီအချို့ကို ယွမ်ဟောက်ဖုန်း၏ လက်ထဲသို့ ထည့်ပေးနေသည်ကို လှမ်းမြင်လိုက်ရပြန်သည်။

ချန်ချင်းယွီ : “….”

ဒီလို အခြေအနေမျိုး ရောက်နေတာတောင် နင်က ဒါကိုပဲ စဉ်းစားနေသေးတာလား…

နင် ယွမ်ဟောက်ဖုန်းအပေါ် ထားတဲ့အချစ်ကတော့ တကယ့် အချစ်စစ် အချစ်မှန်ပဲ…

၎င်းတို့နှစ်ဦး၏ အချစ်စစ်ဆိုသည်မှာ တကယ့်ကို သာမန်လူများ နားလည်နိုင်စွမ်းမရှိသည့် အရာပင် ဖြစ်၏။

ယွမ်ဟောက်ဖုန်းသည်လည်း အခြားသူများ မြင်သွားမည်ကို အနည်းငယ်မျှ မကြောက်ဘဲ ဘောင်းဘီများကို ယူကာ ဗြောင်ကျကျပင် ထွက်ခွာသွားတော့သည်။

ချန်ချင်းယွီ တစ်ယောက် မျက်လုံးများကိုသာ ပင့်နေမိ၏။ အဖြစ်အပျက်များမှာ လွန်လွန်ကဲကဲ အဓိပ္ပာယ်မရှိလွန်းလှပေ။

"ရှောင်ချန်... ဒီကို ခဏလာပါဦး၊ အဒေါ် ပြောစရာလေး ရှိလို့"

ချန်ချင်းယွီ "ဟင်..." ဟု ရေရွတ်ရင်း လှည့်ကြည့်လိုက်သည်။

သူမကို လှမ်းခေါ်သူမှာ ရှေ့ဝင်းထဲက အဘွားကြီးယဲ့ ဖြစ်၏။

ရှေ့ဝင်းထဲကဟု ဆိုသော်လည်း အမှန်၌ သူမ၏ အခန်းမှာ ရှေ့ဝင်းနှင့် ဒုတိယဝင်းကြားတွင် တည်ရှိပြီး တံခါးမှာ ရှေ့ဝင်းဘက်သို့ ပွင့်နေခြင်း ဖြစ်သည်။ အမှန်တကယ်တွင်မူ အိမ်သည် ရှေ့ဝင်းတွင် တစ်ဝက်၊ ဒုတိယဝင်းတွင် တစ်ဝက် ဖြစ်နေ၏။ ဤကဲ့သို့သော အိမ်ဖွဲ့စည်းပုံကြောင့် ပြတင်းပေါက်မှာလည်း အနည်းငယ် သေးငယ်ပြီး ရှေ့ဝင်းဘက်သို့ ပွင့်နေသည့် ပြတင်းပေါက်တစ်ပေါက်သာ ရှိသည်။

ကံကောင်းသည်မှာ ၎င်းတို့အိမ်တွင် အခန်းတစ်ခန်းသာ ရှိသော်လည်း လူနည်းလှသဖြင့် အဘိုးအို၊ အဘွားအိုနှင့် မြေးဖြစ်သူ သုံးဦးသာ နေထိုင်ကြ၏။

၎င်းတို့၏ မြေးဖြစ်သူမှာ ရှောင်ထောင်းနှင့် သက်တူရွယ်တူခန့် ရှိသော်လည်း တစ်ဦးတည်းသော သားဖြစ်သဖြင့် ကျေးလက်သို့ သွားရောက်လုပ်ကိုင်ရန် မလိုခဲ့ချေ။ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားကြပြီးနောက် အရွယ်ရောက်လာသောအခါ အဘိုးဖြစ်သူ၏ ရာထူးကို ဆက်ခံခဲ့သည်။

မိသားစုနှစ်စုကြားတွင် ပုံမှန်အားဖြင့် ကူးလူးဆက်ဆံမှု သိပ်မရှိလှပေ။

၎င်းတို့မိသားစုသည် လူကြီးနှင့် လူငယ်သာ ရှိသဖြင့် ဝင်းထဲရှိ လူများနှင့်လည်း အလွန်အကျွံ ရောရောနှောနှော မနေတတ်ကြပေ။

ချန်ချင်းယွီ အံ့သြစွာဖြင့်

"အဒေါ်ကြီးရဲ့... ကျွန်မကို ပြောစရာ ရှိလို့လားဟင်"

အဘွားအိုမှာ ခေါင်းငြိမ့်ကာ အသံကို နှိမ့်၍ တိုးတိုးလေး မေးရှာသည်။

"ရှောင်ချန်... ညည်းတို့အိမ်က အိမ်ထပ်ဝယ်ဦးမလို့လား"

"ရှင်........."

ချန်ချင်းယွီ မျက်ခုံးပင့်သွားမိ၏။

အဘွားကြီးယဲ့ : "ဒီဝင်းကြီးထဲမှာတော့ တစ်ရက်လေးတောင် ဆက်မနေချင်တော့ပါဘူးအေ။ သူတို့က ဂရုမစိုက်ပေမဲ့ ငါ့မြေးကတော့ အဖော်ရှာရဦးမှာလေ။ ဒီဝင်းရဲ့ နာမည်ပျက်နဲ့ဆိုရင် ငါသာ အောင်သွယ်ဆိုရင်လည်း နောက်ဆို မိတ်ဆက်ပေးရဲမှာ မဟုတ်တော့ဘူး။ သူများတွေ ကြားရင်တင် ခေါင်းခါကြမှာ"

အဘွားမှာ အလွန် ပွင့်လင်းစွာဖြင့်

"ငါ့သားနဲ့ ချွေးမလည်း မရှိကြတော့ဘူး၊ ဒီမြေးလေး တစ်ယောက်တည်း ရှိတာကို အေးအေးချမ်းချမ်းပဲ နေစေချင်တယ်။ ဒီလို မဟုတ်ကဟုတ်က ကိစ္စတွေကို မခံနိုင်တော့ဘူးအေ။ ငါ အိမ်ရောင်းချင်လို့၊ ညည်းတို့အိမ်က စိတ်ဝင်စားလား"

ချန်ချင်းယွီ အဘွားအိုကို အကဲခတ်ကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်ကာ

"စိတ်ဝင်စားတာပေါ့ရှင်"

သူမ ဆက်လက်၍ မေးခွန်းထုတ်လိုက်၏။

"ဒါပေမဲ့ အဒေါ်ကြီးတို့က အိမ်ရောင်းလိုက်ရင် ဘယ်မှာ သွားနေကြမလဲဟင်"

"ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်က အိမ်ရောင်းမလို့၊ ငါတို့က အဲဒီအိမ်ကို ဝယ်မလို့လေ"

ချန်ချင်းယွီ : "ဒါဆိုရင်တော့ ကျွန်မ အိမ်ပြန်ပြီး ယောက္ခမနဲ့ အရင်တိုင်ပင်လိုက်ပါ့မယ်ရှင်"

အဘွားကြီးယဲ့ : "အေးအေး... တိုင်ပင်ကြဦး၊ မလောပါဘူး။ တကယ်တော့ ငါက ဒီလောက်အသက်ကြီးမှ ဘယ်မှာနေနေ အတူတူပါပဲ၊ အိမ်နီးနားချင်းဟောင်းတွေနဲ့ နေရတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကလေးအတွက် မတွေးပေးလို့ မရဘူးလေ။ ငါ့မြေးကြီးကလည်း အဖော်ရှာရမယ့် အရွယ်ရောက်နေပြီ။ ဒီမှာ ဆက်နေရင် ဘယ်လိုလုပ် အဖော်ရှာလို့ ရတော့မလဲ... ဝမ်တာ့ချွေလို လူပျိုသိုးကြီး ဖြစ်သွားမှာကို စဉ်းစားမိတိုင်း ငါဖြင့် အိပ်လို့တောင် မပျော်ဘူး"

ချန်ချင်းယွီ ရယ်မောလိုက်ရင်း

"အဲလောက်အထိတော့ မဟုတ်ပါဘူးရှင်"

"ဘာလို့ မဟုတ်ရမှာလဲ၊ ပြီးခဲ့တဲ့တစ်ခေါက် ဝင်းထဲမှာ ပြဿနာတက်ကတည်းက ငါ အိမ်ပြောင်းမှဖြစ်မယ်လို့ တွေးထားတာ။ အဲဒါကြောင့် အပြင်မှာ ခဏခဏ စုံစမ်းနေတာ၊ အခုတော့ အဆင်ပြေမယ့် လမ်းစလေး ပေါ်လာပြီပေါ့"

ချန်ချင်းယွီ၏ မျက်ဝန်းများ ဝေ့ဝဲသွားကာ သဘောပေါက်သွားတော့သည်။

အင်း... မိတ်ဆွေဟောင်းက အိမ်ရောင်းတာ ဘာညာဆိုတာထက်၊ သူတို့က အရင်ကတည်းက အိမ်ထောင်ရေးကံ မကောင်းတဲ့ ဒီဝင်းကြီးကနေ ပြောင်းချင်လို့ အပြင်မှာ အိမ်အကြောင်းတွေကို အမြဲစုံစမ်းနေခဲ့တာပဲ ဖြစ်ရမယ်…။

ယခု လမ်းစပေါ်လာပြီဖြစ်ရာ အိမ်ရောင်းပြီး ပိုက်ဆံရှာရန် ပြင်ဆင်ခြင်း ဖြစ်ပေလိမ့်မည်။

"ဒါဆိုရင် အဒေါ်ကြီးတို့က ဒီအိမ်ကို ဘယ်လောက်နဲ့ ရောင်းမှာလဲဟင်"

"ခုနစ်ရာ"

ချန်ချင်းယွီ ဈေးမဆစ်တော့ဘဲ

"ကောင်းပါပြီရှင်၊ ကျွန်မ သိပါပြီ။ ယောက္ခမကို သေချာပေါက် ပြောပြလိုက်ပါ့မယ်"

အခန်းနှစ်ခန်းကို တန်ဖိုး တစ်ထောင်နှစ်ရာ ရှိခဲ့ဖူးရာ၊ အခန်းတစ်ခန်းကို ခုနစ်ရာဆိုသည်မှာ ပုံမှန်ဈေးနှုန်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အခန်းအရေအတွက် တိုးပွားခြင်းသည် မြှောက်ရကိန်း သက်သက်မျှသာ မဟုတ်သောကြောင့်တည်း။ ဤကဲ့သို့သော ကိစ္စရပ်များကိုမူ လူကြီးအချင်းချင်း စကားပြောဆို ကြခြင်းမှာ ပို၍ အဆင်ပြေပေလိမ့်မည်။

သေချာသည်မှာ နာမည်ပျက်ရှိသော နေရာတွင် အခြေအနေ အတန်ငယ်ကောင်းမွန်သူတိုင်း အိမ်ပြောင်းလိုကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။

ချန်ချင်းယွီအတွက်မူ အိမ်များများ ရှိသည်ကို သဘောကျလှ၏။ အခန်းအကြီးကြီး တစ်ခန်း ထပ်ရလျှင် ကုန်လှောင်ရုံအဖြစ် အသုံးချနိုင်ပေမည်။ ယခုအချိန်တွင် လူနေရန် လုံလောက်သည်ဆိုသော်လည်း၊ တကယ်တမ်း ပန်းစိုက်ပျိုးမည်ဆိုလျှင် နေရာ မလုံလောက်သေးချေ။ ထို့အပြင် ကုန်ပစ္စည်းများ သွင်းလာလျှင်လည်း နေရာအနှံ့ ပိတ်ဆို့နေတတ်ရာ၊ ကုန်လှောင်ရုံတစ်ခု ရှိသွားပါက အများကြီး ပိုမိုအဆင်ပြေသွားမည်။

ချန်ချင်းယွီတစ်ယောက် မိမိတို့မိသားစုက တကယ် ကံကောင်းလှသည်ဟု တွေးမိ၏။ မိမိ လိုချင်သည့်အရာများက အချိန်ကိုက် ပေါ်လာတတ်သည် မဟုတ်ပါလော။

သူမသည် အိမ်များများ ပိုင်ဆိုင်ရခြင်းကို ဘယ်သောအခါမျှ ငြင်းပယ်မည့်သူ မဟုတ်ပေ။ နှမြောစရာကောင်းသည်မှာ အနည်းငယ် နောက်ကျသွားသဖြင့် အိမ်ပြင်စဉ် အားလုံးကို တစ်ခါတည်း ဖြိုဖောက်၍ မချိတ်ဆက်နိုင်ခဲ့ခြင်းပင်…။ သို့သော် ယခုလည်း ဘာမျှမဖြစ်ပေ၊ အသုံးပြုရ အဆင်ပြေလျှင် ကောင်းလှပြီဖြစ်၏။

အိမ်ခြံမြေ ဆိုသည့်အရာမှာ ချက်ချင်းကြီး ဈေးနှုန်း အဆမတန် မြင့်တက်သွားရန် မလွယ်ကူသော်လည်း၊ ရေရှည်ရင်းနှီးမြှုပ်နှံမှု အနေဖြင့်မူ အလွန် အကျိုးအမြတ်များလှပေသည်။ ၎င်း၏ လက်တွေ့အသုံးဝင်သည့် လုပ်ဆောင်ချက်များကိုမူ ပြောနေစရာပင် မလိုတော့ချေ။

ချန်ချင်းယွီသည် အလွန် စိတ်ရွှင်လန်းနေမိသည်။ တစ်ခါတရံတွင် ကိစ္စရပ်များကို နှစ်ဖက်ခွဲ၍ ကြည့်ရပေမည်။ ဝင်းထဲရှိ လူတိုင်း ဤနေရာသည် အိမ်ထောင်ရေးကံ မကောင်းဟုဆိုကာ တရစပ် ညည်းတွားနေကြသော်လည်း၊ သူမအတွက်မူ အိမ်ဈေးပေါပေါနှင့် ရမည့် အခွင့်အရေး ဖြစ်လာခဲ့သည် မဟုတ်ပါလော့။

ဒါက ငါ့ကို အမြတ်ထုတ်ခွင့် ပေးလိုက်တာပဲ…

သူမ စိတ်ထဲ ကျေနပ်စွာ တွေးလိုက်သည်။

ထင်သည့်အတိုင်းပင်... အဘွားကြီးကျောက်သည် လူအုပ်ကြီးထဲမှ အပျော်ကြည့်ကာ ပြန်လာပြီးနောက် ဤအကြောင်းကို ကြားသောအခါ အလွန် ဝမ်းသာသွားရှာ၏။ မိမိတို့၏ မိသားစုပိုင်ပစ္စည်း တိုးပွားလာခြင်းဖြစ်ပြီး နောင်တွင် ကလေးများအတွက် ဖြစ်လာမည်ဖြစ်ရာ သူမ သေချာပေါက် ပျော်ရွှင်မိသည်မှာ ဓမ္မတာပင်။

"ဒါဆိုရင်တော့ ဖြစ်ပြီ၊ ညည်း ငါ့ကို စောင့်နေဦး။ ငါ အခုပဲ သွားပြီး အဘွားကြီးယဲ့နဲ့ သွားစကားပြောလိုက်မယ်"

သူမသည် တက်ကြွလှုပ်ရှားစွာဖြင့် အပြင်သို့ ချက်ချင်း ထွက်သွားတော့သည်။

မိသားစုနှစ်စုသည် အချိန်တိုအတွင်းမှာပင် အိမ်ကိစ္စကို အပြီးသတ် ဆုံးဖြတ်လိုက်ကြသော်လည်း အပြင်လူများကိုမူ ဗြောင်မပြောခဲ့ကြပေ။

ယခုအချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုသည် အစ်မကြီးဖန်တို့ မိသားစုဆီ၌သာမက၊ လီလင်းလင်းနှင့် ယွမ်မိသားစုဆီသို့ပါ ရောက်ရှိနေကြ၏။

အဘွားကြီးကျောက်ပင်လျှင် တသသဖြင့်

"ယွမ်ဟောက်ဖုန်းက လီလင်းလင်းကို ဘာဆေးတွေ တိုက်ထားလဲမသိဘူး၊ အဲဒီမိန်းကလေးကို အရူးတစ်ယောက်လို ဖြစ်အောင် လှည့်စားထားတာပဲ။ သူက ယွမ်ဟောက်ဖုန်းကို ကူညီပြီး ကိုယ့်ရဲ့ အမေအရင်းကို ပြန်ပြီး တွင်းတူးပေးနေတာလေ။ ကြားတာတော့ သူက မရောင်းရသေးတဲ့ ဂျင်းဘောင်းဘီတွေကိုပါ..."

ချန်ချင်းယွီ သူမ မြင်တွေ့ခဲ့ရသည့် အဖြစ်အပျက်များကို အဘွားကြီးကျောက်အား ပြန်လည်ပြောပြလိုက်ရာ၊ အဘွားကြီးကျောက် အချိန်အတော်ကြာ စကားမဆိုနိုင်ဘဲ ဆွံ့အသွားရပြီးမှ အလွန် ရိုးသားသော စိတ်ရင်းဖြင့်

"ငါတို့မိသားစုကတော့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကို သေချာ ထိန်းကျောင်းရမယ်အေ။ အချစ်အတွက်နဲ့ ဒီလောက်အထိ ဦးနှောက်မရှိတာမျိုးတော့ အဖြစ်မခံနိုင်ဘူး"

အဘွားကြီးကျောက် ဘယ်လိုမှ စဉ်းစား၍မရနိုင်ဘဲ လီလင်းလင်းဘာကို မျှော်လင့်ပြီး ဒီလိုလုပ်နေတာလဲ ဟု တွေးနေမိ၏။

မိမိတွင် အလုပ်လည်း မရှိတော့ကာ၊ ဝင်ငွေလမ်းကြောင်းလည်း မရှိတော့ပါလျက်နှင့်….

စုငွေတွေကိုပဲ ထိုင်သုံးနေတော့မှာလား…

သူမ ကလေးများကို တည်ကြည်သော မျက်နှာထားဖြင့် သတိပေးလေသည်။

"သူတို့လို လျှောက်မလုပ်ကြနဲ့နော်"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်ကြ၏။

သားတို့သမီးတို့က အဲလို အဆင့်အတန်းမျိုးအထိ ထူးထူးချွန်ချွန် မလိုက်နိုင်ပါဘူး...

အဘွားကြီးကျောက်မှာ တကယ့်ကို ခွန်အားအပြည့်ရှိသူတစ်ဦး ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်း ၎င်းတို့ အလွန်အလုပ်ရှုပ်ခဲ့ကြပြီး နေ့တိုင်း ကုန်ပစ္စည်းများ ထွက်ရောင်းကာ မိုးချုပ်မှ အိမ်ပြန်လာခဲ့ကြရသော်လည်း သူမသည်ကား ဇွဲနပဲ အပြည့်ရှိနေဆဲပင်။ ယခုရက်ပိုင်း အရောင်းအဝယ်နားပြီး နှစ်ရက်ခန့် အနားယူလိုက်ရသဖြင့် ပို၍ပင် စိတ်ဓာတ်တက်ကြွနေ၏။

ဝင်းထဲရှိ ကြင်ဖက်တွေ့ပွဲ ပျက်သည့် အတင်းအဖျင်းများကိုလည်း သူမ လှည့်လည်ကြည့်ရှုခဲ့ရုံမျှမက၊ ယခုဆို ဆေးရုံသို့ပင် သွားရန် ပြင်နေပြန်သည်။

ချန်ရိကျွင်း ဆေးရုံသို့ ထပ်မံ၍ တက်ရောက်နေရပြန်၏။ သူမအနေဖြင့် ခမည်းခမက်တော်စပ်သူဖြစ်ရာ သွားရောက်မကြည့်ရှုဘဲ နေ၍ မဖြစ်ပေ..ဟဲဟဲ။

သူမသည် ချန်ချင်းယွီကိုမူ ဆေးရုံသို့ လိုက်မလာစေချင်ချေ။ ချန်ချင်းယွီ ဖခင်ဖြစ်သူ၏ အနိုင်ကျင့်ခြင်းကို ခံရမည်ကို စိုးရိမ်မိ၏။ သို့သော် သူမကဲ့သို့သော ခမည်းခမက်မျိုးကိုမူ ချန်ရိကျွင်းအနေဖြင့် အသာစီးရရန် ဘယ်လိုမှ စိတ်ကူး၍ရမည် မဟုတ်ချေ။

ထို့ကြောင့်ပင် အဘွားကြီးကျောက်သည် မနက်စောစောကတည်းက စည်သွပ်ဗူးနှစ်ဗူးကို ကိုင်ဆောင်ကာ လူနာမေးရန် ထွက်လာခဲ့သည်။ စည်သွပ်ဗူးနှစ်ဗူးဆိုသည်မှာ မနည်းလှပေ၊ ထိုမိသားစုအတွက် ဤမျှပေးရခြင်းသည်ပင် လွန်လှပြီ ဖြစ်၏။ အဘွားကြီးကျောက် ဖြစ်နိုင်လျှင် ထိုဗူးများကိုပါ အိမ်သို့ ပြန်သယ်လာချင်စိတ် ပေါက်နေသေးသည်။

ချန်ချင်းယွီသည်လည်း တကယ်တမ်း အခြေအနေကို လိုက်လံကြည့်ရှုချင်သဖြင့် ထပ်ခါတလဲလဲ တောင်းဆိုလိုက်သည်။

"အမေ... ကျွန်မလည်း အတူတူ လိုက်ခဲ့ပါရစေ"

အဘွားကြီးကျောက် : "ငါက ညည်းကို စိတ်ပူလို့ပါ..."

ချန်ချင်းယွီ : "ရပါတယ်ရှင်၊ အမေကလည်း ကျွန်မအကြောင်း မသိတာကျလို့"

ဤသို့ တွေးကြည့်လျှင်လည်း ဟုတ်ပေသည်။ ချန်ချင်းယွီသည် အပြင်ပန်းတွင် အနိုင်ကျင့်ရလွယ်သော ရိုးအအ မိန်းကလေးတစ်ဦးကဲ့သို့ ထင်ရသော်လည်း၊ သူမ မည်မျှအထိ ထူးဆန်းအံ့သြဖွယ်ကောင်းအောင် ပြုမူတတ်သည်ကို အဘွားကြီးကျောက် ကိုယ်တိုင် မြင်တွေ့ဖူးထား၏။

"ဒါဆိုရင်လည်း လိုက်ခဲ့လေ၊ ဒါပေမဲ့ နင့်အဖေက မကောင်းတဲ့စကားတွေ ပြောလာရင် စိတ်ထဲမထားနဲ့နော်။ သူက လူကောင်းမဟုတ်သလို စကားကောင်းလည်း ပြောတတ်တဲ့လူ မဟုတ်ဘူး"

ချန်ချင်းယွီ ခေါင်းငြိမ့်ကာ

"ကျွန်မ သိပါတယ်ရှင်"

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ အတူတူ ထွက်လာကြသော်လည်း ကလေးနှစ်ဦးကိုမူ ခေါ်မလာခဲ့ကြပေ။ ဤကဲ့သို့သော ကိစ္စရပ်များတွင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို ပတ်သက်စေရန် မလိုသလို၊ အဘိုးအရင်း ဖြစ်နေစေကာမူ ချန်ချင်းယွီအနေဖြင့် ကလေးများကို သွားရောက်တွေ့ဆုံခိုင်းရန် မလိုအပ်ဟု ခံစားရသည်။ ကလေးများ အသက်ကိုးနှစ် ရှိလာသည့်တိုင်အောင် အဘိုးဖြစ်သူနှင့် အကြိမ်နည်းငယ်မျှသာ ဆုံဖူးကြရာ၊ ယခုမှ လာပြီး မိသားစုဝင်များအသွင် ဟန်ဆောင်နေရန် မလိုချေ။

ချန်ချင်းယွီ ဆေးရုံသို့ လိုက်လာစဉ် လမ်းခရီး၌ အဘွားကြီးကျောက် ကြုံးဝါးနေ၏။

"ညည်း စောင့်ကြည့်ရုံပဲ ကြည့်နေ၊ အားလုံးကို ငါ့ဘာသာ ရှင်းလိုက်မယ်"

သူမအနေဖြင့် သေသေချာချာ စွမ်းဆောင်ပြရပေမည်။ ကောင်းကောင်း မစွမ်းဆောင်ပြနိုင်လျှင် ချန်ချင်းယွီနောက် လိုက်ပြီး ကောင်းမွန်သော ဘဝကို မည်သို့ ခံစားနိုင်ပါမည်နည်း။ ချန်ချင်းယွီသည် အပြင်ပန်းတွင် စကားပြောရလွယ်သော်လည်း စိတ်ထဲတွင်မူ ကိုယ်ပိုင်

ယူဆချက်များ ရှိသူမှန်း အဘွားကြီးကျောက် သေချာသိ၏။ မိမိအဖေအရင်းကိုပင် ပြတ်ပြတ်သားသား တုံ့ပြန်ရဲသူဖြစ်ရာ၊ သူမကဲ့သို့သော ယောက္ခမအဆင့်ကိုမူ ပြောနေစရာပင် မလိုချေ။ ထို့ကြောင့် သူမသည် မိမိ၏ တန်ဖိုးကို အမြဲတစေ ပြသနေရန် လိုအပ်သည်။

အခြားသူများနှင့်အတူ ကောင်းမွန်သော ဘဝကို ဖြတ်သန်းလိုလျှင် မိမိ၏ အသုံးဝင်မှုကို ပြသရမည်သာ…

သူမ... ကျောက်တာ့ရာ ဆိုသည်မှာ ပြဿနာများကို အပိုင်ကိုင်နိုင်ရာတွင် ဆရာတစ်ဆူပင် ဖြစ်သည်။

အဘွားကြီးကျောက် ချန်ချင်းယွီကို ဦးဆောင်ကာ ခြေလှမ်းသွက်သွက်ဖြင့် ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး၊ စုံစမ်းမေးမြန်းမှုများ ပြုလုပ်၍ ဒုတိယထပ်ရှိ လူနာခန်းဆီသို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့၏။

"ခမည်းခမက်ကြီးရေ... ခမည်းခမက်ကြီး... ကျွန်မ လူနာလာမေးတာပါရှင်..."

လူက အခန်းထဲမရောက်သေး၊ အသံက အရင်ဦးအောင် လွှင့်ပျံ့သွားလေပြီ…

"ခမည်းခမက်ကြီးရေ..."

ဇာတ်ပွဲခင်းနေသည့်အလား... တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အဘွားကြီးကျောက် လန့်ဖျန့်သွားပြီး

"ဘုရားရေ... ခမည်းခမက်ကြီး၊ ရှင် ဘာလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ"

သူမအနေဖြင့် ခမည်းခမက်ကြီးကို နောက်ဆုံးတွေ့ခဲ့သည်မှာ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်က ဖြစ်လိမ့်မည်။ ဤသည်မှာ မိသားစုနှစ်စုလုံး လုံးဝ အဆက်အသွယ်မလုပ်ကြခြင်း၏ အကျိုးဆက်ပင်။

"ရှင် ဘာလို့ ကြက်ပေါက်စလေးလို ခြောက်ကပ်သွားရတာလဲ"

ချန်ချင်းယွီလည်း ချန်ရိကျွင်းကို ကြည့်ကာ အံ့သြသွားရသည်။ သူမအနေဖြင့် ချန်ရိကျွင်းကို နောက်ဆုံးမြင်ခဲ့ရသည်မှာ ပထမဆုံးအကြိမ် သရဲခြောက်သည့် ချင်းမင်ပွဲ့နေ့ (သချိုင်းကန်တော့ပွဲ)၌ ဖြစ်၏။ ယခုအခါ သုံးလကျော်၊ လေးလနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူ... သူ... ဘာလို့ ဒီလိုဖြစ်သွားရတာလဲ…

၎င်းကြားထဲတွင် ချန်ချင်းယွီက ချန်ရိကျွင်းကို နှစ်ကြိမ်မျှ ထပ်မံခြောက်လှန့်ခဲ့ဖူးသော်လည်း ထိုအချိန်များမှာ မှောင်မည်းနေချိန်များ ဖြစ်သည်။ တစ်ကြိမ်မှာ မိုးအုံ့ပြီး မိုးရွာနေချိန်ဖြစ်ကာ၊ အခြားတစ်ကြိမ်မှာ သူက စောင်ထဲတွင် လိပ်လိုခွေနေပြီး အပြင်သို့ မထွက်ရဲချိန် ဖြစ်၏။

ထို့ကြောင့် ချန်ချင်းယွီ ချန်ရိကျွင်း၏ ပုံစံကို အသေအချာ မမြင်ခဲ့ရချေ။ သို့သော် ယခုမူ...

အနည်းငယ်သော လပိုင်းအတွင်းမှာပင် ချန်ရိကျွင်းသည် လူရုပ်မပေါက်အောင် ပိန်ချည်သွားပြီး၊ အရိုးပေါ် အရေတင်လျက် မျက်နှာတွင် အသားမရှိတော့ဘဲ မေးစေ့မှာ ချွန်ထွက်နေသည်။ ဆံပင်များမှာလည်း မီးခိုးသန်းနေကာ မျက်ကွင်းများ ညိုမည်းနေ၏။ အဆီအနှစ် အစုပ်ခံထားရသည့် လူတစ်ယောက်ကဲ့သို့ပင်။

သောက်ခွေးပဲ… ကမ္မဌာန်းရုပ်ပေါက်နေပြီ…

ချန်ချင်းယွီ ကိုယ်တိုင်ပင် နေ့ခင်းကြောင်တောင်၌ မိမိဖခင်၏ ပုံစံကိုကြည့်ကာ တုန်လှုပ်သွားရလျှင်၊ ချန်ရိကျွင်းကို နှစ်ပေါင်းများစွာ မတွေ့ရသည့် အဘွားကြီးကျောက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ အဘွားကြီးကျောက်သည် ဘေးနားရှိ ဝေရှု့ဖန်းကို ထပ်မံကြည့်လိုက်ပြီး လွှတ်ကနဲ ဆိုမိပြန်သည်။

"အမလေး... ရှင်က ကြည့်ရတာ ကျွန်မထက်တောင် အဘွားကြီး ပိုဆန်နေပါလား"

အဘွားကြီးကျောက်သည် အသက်ကြီးနေပြီ ဖြစ်သော်လည်း ဝေရှု့ဖန်းထက် အများကြီး ပို၍ ငယ်ရွယ်နုပျိုနေသေးသည်။ သို့သော် ယခု ထိုလင်မယားနှစ်ဦး၏ ပုံစံကို ကြည့်ရသည်မှာ မကြာမီ သေလူဖြစ်တော့မည့်အတိုင်းပင်...

"ဘုရားရေ... ရှင်တို့နှစ်ယောက်စလုံးက သရဲအစုပ်ခံထားရတဲ့အတိုင်းပဲ။ နေပါဦး... ရှင့်အိမ်မှာ သရဲခြောက်တယ်လို့ ကြားမိပါတယ်။ ဟုတ်သား... ရှင်တို့ ပြောပြစမ်းပါဦး၊ ရှင့်အိမ်က ဘာလို့ သရဲခြောက်ရတာလဲ။ ရှင်တို့ ကွယ်ရာမှာ မဟုတ်တာတွေ လုပ်ခဲ့ကြလို့လား။ ရှင့်ရဲ့ စောစောစီးစီး ဆုံးပါးသွားခဲ့တဲ့ ဇနီးဟောင်းအပေါ် မတရားလုပ်ခဲ့လို့လား။ ခမည်းခမက်ကြီးရေ... ရှင်က မိန်းမဘက်က ပိုင်ဆိုင်မှုတွေကို မှီခိုပြီး ကြီးပွားလာတာကို ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ရှင် ဘာလို့ ဒီလောက်တောင် လူမဆန်ဘဲ ကောက်ကျစ်ရတာလဲ။ ကြည့်စမ်းပါဦး... အပြင်မှာ အတင်းအဖျင်းတွေက ဆူညံနေတာပဲ။ ရှင်က သူများပိုင်ဆိုင်မှုကို အပိုင်စီးပြီး ရက်စက်တဲ့လူမို့လို့ အခုတော့ ဝဋ်လည်တာလို့ ပြောနေကြပြီ။ ရှင့်ရဲ့ နာမည်ပျက်ကိုလည်း ပြန်ကြည့်ဦး… ဒါနဲ့ ရှင်က ဘာလို့ သမီးဖြစ်တဲ့ ချန်ချင်းယွီအပေါ် အမြဲတမ်း မကောင်းရတာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။ ရှင်က လူယုတ်မာတစ်ယောက် ဖြစ်နေလို့ကိုး... ဒါကြောင့်မို့လို့ ရှင့်ဇနီးဟောင်းကို လုပ်ကြံခဲ့ပြီး သမီးဖြစ်သူကို မကြည့်ရဲတာပေါ့။ ဒါပေမဲ့ ရှင်က လူကောင်းမဟုတ်ပေမဲ့ ချန်ချင်းယွီကတော့ လိမ္မာတဲ့ကလေးပါရှင်။ သူမက ရှင့်ကို အပြစ်တင်နေပေမဲ့ စိတ်ထဲကတော့ မချိမဆံ့ ဖြစ်နေရှာတာ။ ဪ... ဒါနဲ့ ချန်ချင်းယွီက စောစောကတည်းက လာချင်နေတာကို ကျွန်မက အတင်းတားထားတာ။ ရှင့်လို သရဲခေါ်တဲ့ အမင်္ဂလာကောင်ကို လာတွေ့ရင် ငါတို့ဆီ အမင်္ဂလာတွေ ကူးစက်ကုန်လိမ့်မယ်လို့ ပြောထားရတာ။ ပြီးတော့ ရှင်က သူမကို သမီးလိုလည်း သဘောမထားဘဲ လာရင်လည်း ဘာအကျိုးရှိမှာလဲ... ရှင်တို့ကြားမှာ သူမအမေရဲ့ အသက်တစ်ချောင်းတောင် ခံနေနိုင်တာပဲ။ သူမရဲ့ အဘိုးနဲ့ အဘွားက ဒီလောက်ကောင်းတာကို အဲ့တုန်းက ရှင်က တိုင်တန်းဖို့အထိ ကြံစည်ခဲ့သေးတယ် မဟုတ်လား။ ဒါကြောင့် ကျွန်မက သူမကို လုံးဝ မလာခိုင်းတာ... ရှင့်လို လူစားမျိုးနဲ့ အတွေ့များရင် စိတ်ဓာတ်တွေ ပျက်ပြားပြီး အကျင့်စာရိတ္တ ပျက်စီးကုန်လိမ့်မယ်။ သူမ လက်ထပ်တာ ဆယ်နှစ်ရှိပြီ၊ ရှင် တစ်ခါမှ အိမ်ကို အလည်မလာခဲ့တဲ့အပြင် သူမကို အမင်္ဂလာမလို့ စွပ်စွဲပြီး နာမည်ဖျက်ခဲ့သေးတာ။ ကျွန်မကတော့ သူမကို ဒီနေရာမှာ လာပြီး အဆူခံရမှာကို လုံးဝ ခွင့်မပြုနိုင်ဘူး... ဒီတစ်ခေါက် လာရတာကတော့ ကျွန်မက စိတ်သဘောထား သာမန်ပဲရှိတဲ့ အဘွားကြီးဆိုပေမဲ့ လုံးဝ ရက်စက်တဲ့လူ မဟုတ်လို့ပါ။ ဘာတဲ့... ရှင် မသက်သာတော့ဘူးလို့ ကြားရတာနဲ့ နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက်တော့ လာတွေ့သင့်တယ်လို့ တွေးမိလို့… ဒါကြောင့်မို့လို့ သူမကို ခေါ်လာခဲ့တာ..."

အဘွားကြီးကျောက်သည် ချန်ရိကျွင်းကို ဘာမျှပြန်ပြောခွင့်မပေးဘဲ စကားများကို တရစပ် ဗြောင်ကျကျ ပြောချလိုက်တော့၏။

သူမသည် စာမတတ်သည့် အဘွားကြီးတစ်ဦးဖြစ်ရာ စကားအစီအစဉ် တကျမရှိသော်လည်း ပါးစပ်ထဲရှိသမျှကို ဗြောင်ကျကျ ပက်ပက်စက်စက် ပြောဆိုနေခြင်း ဖြစ်သည်။

ချန်ရိကျွင်း ဒေါသထွက်လွန်းသဖြင့် အသက်ကို ပြင်းပြင်းရှူရင်း "နင်... နင်... နင်..." ဟုသာ ဆိုနိုင်၏။

အဘွားကြီးကျောက် : "နင် ဘာနင်လဲ... ဒါတွေအကုန်လုံးက ရှင်ကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်ဘူးလား။ နှစ်ပေါင်းများစွာကြာလို့ သက်သေမရှိတော့တာပဲ ရှိတာ၊ မဟုတ်ရင် ရှင့်နဲ့ ဒီဝေရှု့ဖန်းတို့ အဲ့ကတည်းက မဟုတ်တာလုပ်ခဲ့ကြတာ ဖောက်ပြန်မှုနဲ့ ထောင်ကျနေလောက်ပြီ"

သူမသည် လူနာခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ရာ... ဆေးရုံတွင် လူအတော်များများ ရှိနေပြီး ကုတင်ခြောက်ခုလုံး ပြည့်နေသည်ကို တွေ့ရသည်။ လူနာတိုင်း နားစွင့်နေကြပြီး မျက်လုံးများလည်း ဝေ့ဝဲနေကြ၏။

အဘွားကြီးကျောက် အားရပါးရ ဆက်ပြောကာ

"ကျွန်မကို ပြောပြစမ်းပါဦး... ရှင့်ဆီ လာခြောက်တဲ့ အမျိုးသမီးသရဲက တကယ်ပဲ ရှင့်ဇနီးဟောင်းလား။ တကယ်လို့ သူမသာဆိုရင် ကျွန်မကတော့ မကြောက်ဘူးရှင်၊ သူမက ဆွေမျိုးဖြစ်တဲ့ ကျွန်မကိုတော့ ရန်ပြုမှာ မဟုတ်ပါဘူး၊ သူမကို သေအောင်လုပ်ခဲ့တဲ့လူကိုပဲ ရှာမှာပေါ့"

"ကျွန်မမဟုတ်ပါဘူး၊ တကယ် ကျွန်မမဟုတ်ပါဘူး... ဟီးဟီး၊ ကျွန်မ... ကျွန်မ ကျိန်ဆိုရဲပါတယ်၊ ကျွန်မက ဘေးကနေ ကြည့်နေရုံတင်ပါ..."

ဝေရှု့ဖန်း ထပ်မံ၍ ငိုကြွေးပြန်သည်။ သူမသည် အကြီးအကျယ် ထိတ်လန့်ကာ ငိုနေခြင်း ဖြစ်၏။

သူမ၏ စိတ်ခံစားချက်မှာ ယခုအခါ အလွန်အမင်း နုနယ်ပြီး ထိခိုက်လွယ်နေသည်။

"နင် ပါးစပ်ပိတ်ထားစမ်း..."

ချန်ရိကျွင်း အော်ဟစ်လိုက်သော်လည်း အသံမှာ အလွန် အားနည်းနေသည်။

သူငည် ချန်ချင်းယွီကို လှည့်ကြည့်ကာ

"နင်လို သမီးစုတ်။ နင့်ယောက္ခမကို ချက်ချင်း ပါးစပ်ပိတ်ခိုင်းစမ်း"

ချန်ချင်းယွီ သနားစရာပုံစံဖြင့် အပီအပြင် သရုပ်ဆောင်၍

"ကျွန်မက ယောက္ခမကို ဘယ်လိုလုပ် အမိန့်ပေးလို့ ရမှာလဲဟင်။ အဖေ... အဖေက အမေ သေတာနဲ့ တကယ်ပဲ ပတ်သက်နေတာလား၊ မဟုတ်ရင် အဖေက ဘာလို့ ဒီလောက် ကြောက်နေရတာလဲ..."

"နင် ဘာတွေ လျှောက်ပြောနေတာလဲ..."

"ဒါဆိုရင် အဖေ ကျိန်ဆိုရဲလား၊ တကယ်လို့ အဖေနဲ့ ပတ်သက်နေရင် သရဲမက အဖေ့ကို နေ့တိုင်း လာခြောက်ပါစေလို့"

ချန်ချင်းယွီ နူးနူးညံ့ညံ့ လေပြေအေးဖြင့် မေးခွန်းထုတ်လိုက်၏။

"မဖြစ်နိုင်တာ... ငါက ဘာလို့ ကျိန်ဆိုရမှာလဲ..."

"အီးဟီးဟီး... ဒါဆိုရင် အဖေက အမေ့ကို တကယ် လုပ်ကြံခဲ့တာပဲပေါ့"

သူမ ရှိုက်ကြီးတငင် ငိုဟန် ဆောင်လိုက်သည်။

အဘွားကြီကျောက် : "ခမည်းခမက်ကြီးရေ... ရှင့်မျက်နှာကို ကြည့်ရတာ မျက်နှာတစ်ခုလုံး မည်းမှောင်နေတာပဲ၊ ရှင် မကြာခင် သေတော့မှာ မဟုတ်လားဟင်။ ရှင် မသက်သာတော့ဘူးလို့ ကျွန်မ ကြားထားတာ..."

ချန်ချင်းယွီ : "အဖေ ကျွန်မကို သမီးလို သဘောမထားမှန်း သိပါတယ်၊ အီးဟီးဟီး..."

အဘွားကြီးကျောက် : "ခမည်းခမက်ကြီးရေ... တကယ်လို့ ရှင် ဆုံးပါးသွားရင် ရှင့်အိမ်ကို ဘယ်လို စီစဉ်မှာလဲဟင်၊ ကျွန်မချွေးမလည်း တစ်စုရသင့်တာပေါ့... ဒါက သူမအမေ ရှိကတည်းက ပိုင်ဆိုင်ခဲ့တဲ့ အိမ်ပဲလေ..."

ချန်ချင်းယွီ : "အမေက ဘာလို့ ကျွန်မဆီ လာမတွေ့ရတာလဲ၊ အဖေ... အမေ့ကို ကျွန်မဆီ လာခိုင်းပါဦး၊ ကျွန်မ မကြောက်ပါဘူး၊ ဟီးဟီး..."

အဘွားကြီးကျောက် : "ရှင့်အိမ်က သရဲခြောက်လည်း ကိစ္စမရှိပါဘူး၊ ကျွန်မတို့က သရဲမကြောက်ဘူး။ ရှင် သေသွားရင် အိမ်ကတော့ ကျွန်မချွေးမ အပိုင်းရကို ရရမယ်။ ဆရာဝန်က ရှင် ဘယ်တော့ သေမလဲဆိုတာ မပြောဘူးလားဟင်"

ချန်ချင်းယွီ : "ကျွန်မ ငယ်ငယ်ကတည်းက အဖေ ကျွန်မအပေါ် မကောင်းခဲ့တာတွေကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ဘာဖြစ်လို့... ဘာဖြစ်လို့... အီးဟီးဟီး..."

အဘွားကြီးကျောက် : "ဝေရှု့ဖန်း... ရှင်လည်း သိပ်ပြီး ခံနိုင်ရည်ရှိမယ့် ပုံမပေါ်တော့ဘူးနော်။ စကားပုံတစ်ခု ရှိတယ် မဟုတ်လား၊ အသက်ရှင်စဉ်မှာ မစွမ်းဆောင်နိုင်ရင်၊ သေရင်တော့ ဘာဖြစ်မယ်ဆိုတာလေ။ ရှင်တို့နှစ်ယောက်စလုံး မသက်သာတော့ဘူးဆိုတော့ ဆရာဝန်က အရေးပေါ် အခြေအနေ သတိပေးချက် မထုတ်ပြန်သေးဘူးလား"

……

အမျိုးသမီးနှစ်ဦးစလုံးသည် မိမိတို့ ပြောလိုသည်များကိုသာ တရစပ် ဗြောင်ကျကျ ပြောဆိုနေကြတော့သည်။

ချန်ရိကျွင်း၏ မျက်နှာမှာ တစ်ချက်နီ၊ တစ်ချက်ပြာ ဖြစ်သွားရပြီး၊ ဦးနှောက်ထဲတွင်လည်း တူကြီးဖြင့် အထုခံနေရသည့်အလား အုန်းအုန်းမြည်နေ၏။ သူသည် အသက်ကို ပြင်းပြင်းရှူနေရပြီး နောက်တစ်ချက်၌ပင် မေ့လဲသွားတော့မည့်အတိုင်း ဖြစ်နေ၏။

သူသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အားကုန်သုံးကာ

"ထွက်သွား... ငါ့အခန်းထဲကနေ ချက်ချင်း ထွက်သွားကြစမ်း........."

All Chapters