အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) ဘယ်လိုသောက်ကျိုးနည်း အခြေအနေပါလိမ့်
ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့နှစ်ဦး စွမ်းရည်ချင်း ပူးပေါင်းကာ တရစပ် ဗြောင်ကျကျ ပြောဆိုလိုက်ကြရာ၊ ချန်ရိကျွင်းမှာ တကယ့်ကို ဒေါသအရှိန်ကြောင့် ရင်ထဲတွင် မီးဟုန်းဟုန်းတောက်သကဲ့သို့ ခံစားလိုက်ရတော့သည်။
သူသည် ချန်ချင်းယွီကို ကြည့်ကာ စိတ်ဖောက်ပြန်နေသူတစ်ဦးကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လေ၏။
"နင်တို့ အားလုံး ထွက်သွားကြစမ်း... နင် လာတာကို ငါ အလိုမရှိဘူး... သွား၊ ငါ့ကို လာပြီး စိတ်မရှုပ်စေနဲ့..."
ချန်ချင်းယွီမှာမူ ပြောလေ ကောင်းလေ ဖြစ်နေကာ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းပြု၍ သနားစရာပုံစံဖြင့် ရင်နာဟန် ဆောင်လိုက်ပြီး၊တုန်ရီသောအသံဖြင့် ပြောလိုက်သည်။
"အဖေ... အဖေက ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာလို့ ဒီလောက်တောင် သွေးအေးပြီး ရက်စက်ရတာလဲ။ အဖေ ဘာလို့ ဒီလို..."
"ကျွန်မက အဖေ့ကို စိတ်ပူလို့ပါ..."
"မလိုပါဘူး၊ နင် အခုချက်ချင်းသွား၊ ဒီအဘွားကြီးအိုကိုလည်း ခေါ်သွား။ လင်နောက်လိုက်သွားတဲ့ သမီးဆိုတာ သွန်ပစ်လိုက်တဲ့ ရေလိုပဲ၊ ထွက်သွား..."
ချန်ရိကျွင်းသည် ဒေါသတကြီး ဖြစ်နေသော်လည်း စိတ်အာရုံမှာ အနည်းငယ် ဝေဝါးနေရှာ၏။
လက်ရှိတွင် သူ၏ စိတ်ကျန်းမာရေး အခြေအနေမှာ အလွန်အမင်း ဆိုးရွားနေခဲ့ရာ၊ တွေးမိလေ ဒေါသထွက်လေ ဖြစ်လာပြီး ကုတင်ပေါ်မှ ဆင်းကာ ၎င်းတို့နှစ်ဦးကို အတင်းတွန်းထုတ်ရန် ပြင်တော့သည်။
"နင်တို့... အား..."
သူသည် ခြေလှမ်းမခိုင်ဘဲ ကြမ်းပြင်ပေါ်သို့ "ဖတ်" ကနဲနေအောင် လဲကျသွားတော့၏။
ချန်ချင်းယွီအနေဖြင့် မိမိသည် ချန်ရိကျွင်းကို အနည်းငယ်မျှပင် မထိခိုက်ခဲ့ပါဟု မီးအိမ်ကိုတိုင်တည်၍ ကျိန်ဆိုရဲပေသည်။
"အဖေ... အဖေ ဘာဖြစ်သွားလဲ။ ဘာလို့ လဲကျသွားတာလဲ။ ကျွန်မ..."
"နင် အနားမလာနဲ့၊ ငါ သိတယ်၊ နင်လို သမီးစုတ်က ငါ့ကို ကံဆိုးအောင် လုပ်တာပဲလို့ ငါ သိပြီးသား... သွား၊ အခုချက်ချင်း သွား..."
သူသည် ကုတင်ဘေးကို တွန်းကန်ကာ အတင်းထရပ်လိုက်ပြီး ချန်ချင်းယွီနှင့် အဝေးသို့ ဆုတ်ခွာသွားတော့သည်။ အနားမကပ်ဘဲ နေတာတောင် ဤမျှအထိ ကံဆိုးနေလျှင်၊ အနားကပ်လာပါက မည်သို့ဖြစ်မည်နည်း။ သူ ပြတ်ပြတ်သားသားပင် မောင်းထုတ်လေ၏။
"နင် အခုချက်ချင်း သွား၊ ငါ့ကိစ္စကို နင် ဝင်မစွက်ဖက်နဲ့။ ဒီမှာ လာပြီး ကြောင်သူတော်မျက်နှာ မလုပ်ပြနဲ့..."
"ခမည်းခမက်ကြီး... ရှင် စကားကို ဘယ်လိုပြောနေတာလဲ။ ကျွန်မချွေးမက စေတနာနဲ့ လာမေးတာကို ရှင်က လူလိုမကျင့်တော့ဘူးပေါ့လေ။ ကျွန်မရှေ့တင် သူမကို နှိပ်စက်နေတာ၊ ကျွန်မကို သေနေတယ်လို့ အောက်မေ့နေလား။ ရှင် ယုံလား... ကျွန်မ ရှင့်ကို သွားကျိုးအောင် ရိုက်ပစ်လိုက်မယ်။ ရှင်က ဘာကောင်မို့လို့လဲ။ မျက်နှာသာပေးလေ အခွင့်အရေးယူလေပဲ။ ရှင်က ငယ်ငယ်ကတည်းက သမီးအရင်းကို ကောင်းကောင်းမကျွေးခဲ့တဲ့အပြင် အခွင့်အရေးရတိုင်း နှိပ်စက်ခဲ့တာ။ လက်ထပ်တော့လည်း ဘာမှမပေးတဲ့အပြင် သူမရဲ့ အင်္ကျီတွေကိုတောင် ဖြတ်ယူခဲ့သေးတယ်။ ရှင်က လူမဆန်တဲ့ကောင်ပဲ။ ရှင့်အကြောင်းကို ဗြောင်မပြောလို့ ရှင်ကိုယ်ရှင် လူကောင်းလို့ ထင်နေတာလား။ ဒါတင်မကသေးဘူး... ရှင့်ရဲ့ လိပ်ပြာမသန့်တဲ့ ပုံစံကိုလည်း ပြန်ကြည့်ဦး။ ရှင်က အဝတ်အစားဝတ်ထားရုံနဲ့ လူဖြစ်သွားပြီလား။ ကျွန်မက ဆေးရုံမို့လို့ ရှင့်ကို အလျှော့ပေးထားတာ၊ မဟုတ်ရင် ရှင် ဘာကောင်လဲဆိုတာ ပြတ်ပြတ်သားသား သိအောင် လုပ်ပေးလိုက်မယ်။ ကျွန်မတို့ အကုန်စုံစမ်းပြီးပြီ၊ ရှင်တို့ လင်မယားနှစ်ယောက်စလုံးက ဖောက်ပြန်တဲ့ အောက်တန်းစားတွေပဲ၊ လူကောင်းတွေ မဟုတ်ဘူး။ ရှင်က ကျွန်မချွေးမရဲ့ အမေအရင်းကို လုပ်ကြံခဲ့တာ၊ ကျွန်မခမည်းခမက်က တကယ့်ကို သနားစရာကောင်းအောင် ဆုံးပါးသွားခဲ့ရတာ။ ရှင်တို့ အနှေးနဲ့အမြန် ဝဋ်လိုက်မှာပဲ၊ အခြားသူတွေက သရဲမမြင်ဘဲ ရှင်တို့ပဲ မြင်နေရတာ အံ့သြစရာမရှိပါဘူး၊ မကောင်းမှုတွေ အများကြီး လုပ်ထားလို့ပေါ့"
သူမသည် ချန်ချင်းယွီ၏ လက်ကို ဆွဲလိုက်ပြီး
"သွားစို့၊ ငါတို့ ပြန်ကြစမ်းစို့။ နင်လို သမီးအ,အမကပဲ သူတို့ကို လာကြည့်ဖို့ စဉ်းစားနေတာ၊ ငါက မလာနဲ့လို့ အထပ်ထပ်တားတာကို နင်က ဇွတ်လာတာ။ အခုတော့ သူတို့ရဲ့ ရုပ်မှန်ကို သိပြီမဟုတ်လား။ သရဲခြောက်တာ ခံရတာ ထိုက်တန်တယ်၊ နေ့တိုင်း လာခြောက်ပါစေ"
အဘွားကြီးကျောက် တံတွေးတစ်ချက် ထွေးလိုက်ပြီး—
"သွားကြစို့..."
သူမသည် ချန်ချင်းယွီကို ဆွဲခေါ်ကာ၊ စည်သွပ်ဗူးများကို ရင်ခွင်ထဲပိုက်လျက် ခြေလှမ်းကျဲကြီးများဖြင့် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
ဘာလဲ...
ဒီဗူးတွေကို လူနာမေးဖို့ ယူလာခဲ့တာ မဟုတ်လား…
မဟုတ်ပေ...
ထိုလူယုတ်မာသည် စားရန် မထိုက်တန်ချေ...
အဘွားကြီးကျောက် ဒေါသတကြီးဖြင့် ထွက်ခွာသွားရာ၊ ချန်ချင်းယွီမှာမူ ဟင်းနုနွယ်ရွက်လေးတစ်ပင်ကဲ့သို့ အတင်းဆွဲခေါ်ခြင်း ခံနေရသဖြင့် အလွန် နုနယ်သိမ်မွေ့ပုံ ပေါ်နေသည်။
ဘေးမှ ဝိုင်းကြည့်နေသူများကို အဘွားကြီးကျောက် ဟိန်းဟောက်ကာ
"ဟွန်း... ဘာကြည့်နေကြတာလဲ, လူတွေ အမှန်အတိုင်း ပြောတာကို မမြင်ဖူးကြဘူးလား..."
သူမနှင့် ချန်ချင်းယွီတို့သည် ဆေးရုံပြင်ပသို့ အတူတူ ထွက်ခွာလာခဲ့ကြ၏။
အဘွားကြီးကျောက် : "နင့်ရဲ့ အဖေစုတ်ကတော့ တကယ့်ကို မသက်သာလှပါဘူးအေ၊ ခေတ်ဟောင်းက ဘိန်းစားကြီးအတိုင်းပဲ၊ အရိုးခေါင်းလို ပိန်လှီနေတာ၊ သူ တကယ် ကြောက်နေတာပဲ"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် အပြင်ပန်းတွင် ဝမ်းနည်းပူဆွေးနေဟန် ရှိသော်လည်း၊ စိတ်ထဲတွင်မူ မည်သို့မျှ လှုပ်ခတ်ခြင်းမရှိဘဲ လှိုင်းလေငြိမ်သက်နေကာ လန့်ပြီး သေသွားရင်တောင် အေးတာပဲ ဟုသာ တွေးနေမိ၏။
အဘွားကြီးကျောက် : "လူကောင်းက အသက်မရှည်ဘူး၊ လူယုတ်မာက သက်ဆိုးရှည်တယ်တဲ့။ ဒီလို အောက်တန်းစားမျိုးက ပိုပြီးတော့တောင် မသေနိုင်သေးဘူး"
၎င်းတို့ ယောက္ခမနှင့် ချွေးမနှစ်ဦး အတူတူ လမ်းလျှောက်ပြန်လာကြစဉ်၊ ကားတစ်စီး သူတို့အနီးတွင် "ကျိခနဲ" မြည်အောင် ဘရိတ်အုပ်ကာ ရပ်တန့်သွားပြီး…
"ရှောင်ချန်..." ဟု လှမ်းခေါ်သံ ထွက်ပေါ်လာသည်။
ချန်ချင်းယွီ : "ဒုတိယစက်ရုံမှူး ဟယ်"
ဒုတိယစက်ရုံမှူး ဟယ်မင် ပြုံးလိုက်ရင်း
"ဘယ်ဘက်ကို သွားကြမလို့လဲ။ ကျွန်တော် တစ်ခါတည်း လိုက်ပို့ပေးရမလား"
ချန်ချင်းယွီ : "မလိုပါဘူးရှင်၊ ကျေးလက်တင်ပါတယ်"
ဟယ်မင် မျက်ခုံးပင့်လိုက်ပြီး
"ဒီလောက်အထိလည်း အားနာမနေပါနဲ့"
သူသည် ချန်ချင်းယွီ၏ မျက်နှာအမူအရာကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေမိ၏။
ချန်ချင်းယွီ ပြတ်ပြတ်သားသားပင် ခေါင်းခါပြလိုက်ပြီး ယောက္ခမနှင့် ချွေးမနှစ်ဦးသည် အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။
ဟယ်မင်သည် နှုတ်ခမ်းကို စေ့ထားရင်း ချန်ချင်းယွီ၏ ကျောပြင်ကို မျက်မှောင်ကုတ်ကာ စိုက်ကြည့်နေမိ၏။
ချန်ချင်းယွီက တကယ်ပဲ ချောမောလှပတာပဲ…
သူ စိတ်ထဲ တမ်းတမိသည်။
ဟယ်မင်သည် ယခုရက်ပိုင်းအတွင်း ယွမ်ဟောက်ရွှယ်နှင့် အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့သော်လည်း၊ လအနည်းငယ် ကြာလာသောအခါ အတန်ငယ် ငြီးငွေ့လာပြီး ယခုအခါ သူမအပေါ် စိတ်မပါတပါ ဖြစ်နေပြီ ဖြစ်၏။ သို့သော် ချန်ချင်းယွီကို ပြန်ကြည့်လိုက်ရာ... ယွမ်ဟောက်ရွှယ်သာ ချန်ချင်းယွီကဲ့သို့ စိုပြည်လှပမည်ဆိုလျှင် သူ ဤမျှ မြန်မြန်ဆန်ဆန် ငြီးငွေ့လိမ့်မည် မဟုတ်ပေ။ ချန်ချင်းယွီသည် အိမ်ထောင်သည်အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း အလွန်ပင် စိုပြေနုပျိုကာ ဆွဲဆောင်မှုရှိလှပေသည်။
ဟယ်မင်၏ စိတ်ထဲတွင် အတွေးအချို့ လှုပ်ခတ်သွားသော်လည်း၊ သူသည် အမြဲတမ်း ဂုဏ်ဒြပ်နှင့် ရာထူးရှိသူတစ်ဦး ဖြစ်သဖြင့် မိမိထံ အလိုအလျောက် ရောက်ရှိလာမည့်သူများသာ အများအပြား ရှိရာ၊ မိမိကိုယ်တိုင်မူ အစပြု၍ မဟုတ်တာ လုပ်လေ့မရှိပေ။
ဤသည်မှာ သူ၏ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းကြောင့်မဟုတ်ဘဲ ဂုဏ်သိက္ခာကျဆင်းမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
သူ၏ ရာထူးအဆင့်အတန်းနှင့်ဆိုလျှင် မိမိက စတင်လှုပ်ရှားပါက သိက္ခာကျစရာ ဖြစ်ပေလိမ့်မည်။
ဟယ်မင်သည် ချန်ချင်းယွီ၏ ကျောပြင်ကိုသာ စိုက်ကြည့်နေစဉ်၊ နောက်ခန်းတွင် ထိုင်နေသော လူမှာ ပါးစပ်ဟလာပြီး
"အစ်ကို... အစ်ကို လျှောက်မလုပ်နဲ့နော်၊ သူမက ကျွန်တော့်ရဲ့ တက္ကသိုလ်ဆရာမရဲ့ မြေးမလေးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို မဟုတ်တာတွေ လျှောက်မလုပ်နဲ့"
နောက်ခန်းတွင် ထိုင်နေသူမှာ ဟယ်မင်၏ညီ ဟယ်ကျန်းဖြစ်သည်။ သူသည်လည်း ချန်ချင်းယွီကို လှမ်း၍ နှုတ်ဆက်ချင်သော်လည်း တစ်ဖက်လူမှာ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားရာ မိမိတို့နှင့် မပတ်သက်ချင်မှန်း ထင်ရှားလှသဖြင့် သူလည်း အလိုက်သိစွာပင် နေလိုက်၏။ အမှန်တွင် သူသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ချန်ချင်းယွီကို မှတ်မိနေခဲ့ခြင်း ဖြစ်သော်လည်း၊ သူမသည် လူအများအပေါ် အမြဲတစေ သတိကြီးစွာ ထားတတ်သဖြင့် သူလည်း အတင်းအကျပ် သွားရောက် ရောနှောခြင်း မပြုခဲ့ပေ။
ဟယ်မင် : "မင်းရဲ့ ဆရာမ... ဘယ်ဆရာမလဲ"
ဟယ်ကျန်း : "ကျွန်တော်တို့ကို တိုက်ရိုက်သင်တဲ့ ဆရာမတော့ မဟုတ်ပါဘူး၊ အခြားမေဂျာကပါ။ ဒါပေမဲ့ ကျွန်တော် သွားပြီး အတန်းတက်နားထောင်ဖူးလို့ အဆက်အသွယ် အနည်းငယ် ရှိခဲ့တာ။ သူမရဲ့ အဘိုးနဲ့ အဘွားက တကယ့်လူကောင်းတွေဗျ။ နှမြောစရာကောင်းတာက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဆုံးပါးသွားခဲ့ကြပြီ"
ဟယ်မင် ခနဲ့လိုက်ကာ
"... ဒါဆိုရင် မင်းက သူမအပေါ် တော်တော်လေး စိတ်ဝင်စား စိုးရိမ်ပေးနေတာပဲ"
"စိတ်ဝင်စားတယ် မဟုတ်ပါဘူးဗျာ၊ ဘာပဲဖြစ်ဖြစ် ဆရာနဲ့ တပည့်အဖြစ် ကြုံခဲ့ဖူးတာပဲလေ။ အစ်ကို့ကြောင့်နဲ့ သူတို့ဆွေမျိုးတွေရဲ့ အေးချမ်းတဲ့ဘဝလေး ပျက်စီးသွားမှာကို မလိုလားရုံပါ။ ဆရာမက ကျွန်တော်တို့အပေါ် အမြဲတမ်း သဘောကောင်းပြီး ဂရုစိုက်ပေးခဲ့တာ"
"တော်ပြီ၊ ငါသိပါပြီ၊ ငါလည်း အဲလောက်အထိ အားနေတာ မဟုတ်ဘူး။ ကဲ... သွားစို့၊ ငါ မင်းကို ပစ္စည်းဝယ်ဖို့ လိုက်ပို့ပေးမယ်။ ဒီတစ်ခေါက် နိုင်ငံခြားပညာတော်သင် သွားဖို့ အခွင့်အရေး ရတာက အဖေက ခက်ခက်ခဲခဲနဲ့ အားသွန်ခွန်စိုက် ကြိုးစားပေးထားလို့ ရခဲ့တာနော်... အပြင်ရောက်ရင်လည်း သေသေချာချာ စာသင်၊ ပညာတွေ အများကြီး သင်ယူခဲ့"
"ကျွန်တော် သိပါတယ်"
"အလုပ်ခွင်ဘက်က တာဝန်တွေကော အကုန်လွှဲပြောင်းပြီးပြီလား"
"ပြီးပါပြီ"
"အော်... ဒါနဲ့၊ မင်းရဲ့ အဲဒီဆရာမက ကျေးလက်ကိုပို့ပြီး လူတန်းစားနှိမ့်ချမခံခဲ့ရဘူးလား"
"လူက ဆုံးသွားပြီလို့ ပြောပြီးပြီပဲလေ... ဘယ်လိုလုပ်ပြီး လူတန်းစား နှိမ့်ချရဦးမှာလဲ... ဒါပေမဲ့ တချို့စကားတွေကလည်း ပြောရခက်ပါတယ်ဗျာ။ သူတို့က အဲ့လိုမခံရခင်ကတည်းက ဆုံးသွားခဲ့တာမို့ ဒုက္ခမရောက်ခဲ့ရဘူးပေါ့။ မဟုတ်ရင်လည်း ပြောရခက်တယ်။ တကယ်လို့ အဝေဖန်ခံရမယ်ဆိုရင် သူတို့မိသားစုလည်း တော်တော်လေး ခံစားရမှာ။ သူတို့မိသားစုက တကယ့်ကို အထက်တန်းလွှာမျိုးရိုးက ဆင်းသက်လာတာ၊ မန်ချူး ရှေးခေတ်တုန်းက အရာရှိလုပ်ခဲ့ကြတာလေ။ ပြီးတော့ နိုင်ငံခြားမှာ ပညာသင်ခဲ့ဖူးတဲ့ နောက်ခံလည်း ရှိသေးတယ်။ ဒါပေမဲ့ လူတွေက စောစောစီးစီး ဆုံးပါးသွားခဲ့လို့ ဒုက္ခမတွေ့ခဲ့ရတာပဲ။ ကျွန်တော့်ရဲ့ တခြားဆရာတွေဆိုရင် ဒုက္ခတွေ အများကြီး ခံခဲ့ရတာ"
ဟယ်မင် သူ့ကို စောင်းငဲ့ကြည့်လိုက်ပြီး
"မင်းအကြောင်းကို ငါမသိဘူးမှတ်နေလား... အဲ့တုန်းက မင်းလည်း တိတ်တဆိတ် ကူညီပေးခဲ့တယ် မဟုတ်လား"
"မိမိတတ်နိုင်သလောက်ပေါ့ဗျာ၊ သူတို့ တောရွာတွေမှာ ဒုက္ခခံနေရတုန်းက ကျွန်တော် မကူညီနိုင်ခဲ့လို့ ဘာမှမတတ်နိုင်ခဲ့ပေမဲ့၊ ဘယ်မှာလဲဆိုတာ သိတဲ့အခါကျတော့ အကူအညီ အနည်းငယ် ပေးခဲ့တာ ဘာမှမမှားပါဘူး။ လူဖြစ်လာရင် အနည်းဆုံးတော့ ဆရာသမားကို ရိုသေလေးစားရမယ် မဟုတ်လား... ပြီးတော့ သူတို့မှာ ဘာအပြစ်ရှိလို့လဲ..."
"ကဲပါ... ဒါတွေကို ဆက်မပြောနဲ့တော့။ ဒါက မင်းပြောရမယ့် ကိစ္စမဟုတ်သလို၊ သံသယဝင်ရမယ့် ကိစ္စလည်း မဟုတ်ဘူး"
ဟယ်မင်၏ မျက်ဝန်းများ ဝေ့ဝဲသွားကာ
"မင်းစကားအရဆိုရင်... အဲဒီရှောင်ချန်ရဲ့ အဘိုးနဲ့ အဘွားက တော်တော်လေး ချမ်းသာရမှာပေါ့..."
"မချမ်းသာပါဘူးဗျာ၊ သူတို့အိမ်မှာ ပိုင်ဆိုင်မှု အနည်းငယ် ရှိပေမဲ့ ဓနရှင်င်တွေနဲ့တော့ မတူဘူး။ သူတို့ရဲ့ ဘိုးဘွားတွေဆီက အမွေအနှစ်တွေ ရှိခဲ့ပေမဲ့ သူတို့ကိုယ်တိုင်က လူရိုးလူအတွေ ဖြစ်နေတာကိုး။ သူတို့က ကျွန်တော်တို့ ကျောင်းမှာ တော်တော်လေး နာမည်ကြီးတယ်ဗျ။ အမြဲတမ်း စေတနာကောင်းပြီး ဟိုလူ့ကူညီ ဒီလူ့ကယ် လုပ်တတ်ကြတာ။ ကျွန်တော်တို့ အတန်းဖော်တချို့ ထမင်းငတ်နေရင်တောင် သူတို့က ကူညီပေးတတ်ကြတယ်။ ပြီးတော့ သူတို့က ရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီစာမူတွေကို ဝယ်ရတာ သဘောကျကြတယ်။ ဘာပဲပြောပြော လူဆိုတာ ပြည့်စုံတယ်လို့ မရှိပါဘူးဗျာ။ သူတို့က ဘယ်လောက်ပဲ ထက်မြက်တယ်ပြောပြော ရှေးဟောင်းပစ္စည်း လေ့လာတဲ့နေရာမှာတော့ တကယ့်ကို မဟန်ဘူး။ အလွန်ဝါသနာပါကြပေမဲ့ မွေးရာပါ အဲဒီဗီဇမပါတော့ သူများ လှည့်စားတာကို တော်တော်လေး ခံခဲ့ရတာ။ ရှေးဟောင်းပစ္စည်း လောကရဲ့ ရေစီးကြောင်းက ဘယ်လောက်နက်လဲ အစ်ကိုလည်း သိတာပဲ။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ ပါမောက္ခကြီးက သူ ထပ်ပြီး အလိမ်ခံရပြန်ပြီလို့ ခဏခဏ ညည်းတွားတတ်တာ... သူတို့အိမ်က ပိုင်ဆိုင်မှုလေးတွေဆိုတာ တကယ်ပဲ အဲဒီရှေးဟောင်းပစ္စည်းတွေကြောင့် အများကြီး ဆုံးရှုံးခဲ့ရတာလေ။ သူတို့အိမ်က တစ်ရက်ခြားတစ်ခါ အလိမ်ခံရတာကို ကျွန်တော်တို့ တစ်ကျောင်းလုံး သိကြတယ်။ မဟုတ်ရင် အဲ့အချိန်က သူတို့ရဲ့ အဲဒီလို နောက်ခံမျိုးနဲ့ သူတို့အိမ်ရဲ့ ပိုင်ဆိုင်မှုတွေကို ဘာလို့ အသေအချာ မစစ်ဆေးခဲ့ကြဘူးလို့ အစ်ကို ထင်လဲ"
ဟယ်မင် သံသယဝင်ကာ
"ဟန်ဆောင်နေတာ မဟုတ်ပါဘူးနော်... သူတို့လို မိသားစုမျိုးရိုး နောက်ခံရှိတဲ့သူတွေက မသိဘဲ နေပါ့မလား"
"အောင်မာ... အစ်ကိုကလည်း ဘယ်လိုလူလဲမသိဘူး၊ ဘာလို့ အမြဲတမ်း လူတွေကို သံသယဝင်နေရတာလဲ။ ဟန်ဆောင်စရာလားဗျာ၊ သူတို့အိမ်က ဆယ်စုနှစ်တစ်ခုကျော်လုံး ဒီလိုပဲ ဖြစ်ပျက်နေခဲ့တာ၊ ကျွန်တော်တို့ ကျောင်းက ဆရာတွေအကုန်လုံး သိကြတယ်။ ပြီးတော့ သူက နောင်အနာဂတ်ရဲ့ ပေါ်လစီတွေကို ကြိုတင်သိနေနိုင်တာမှ မဟုတ်တာ။ လွန်ခဲ့တဲ့ ငါးဆယ်ကျော်နှစ်တွေကတည်းက နောက်ထပ် ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ဘာဖြစ်မယ်ဆိုတာကို ကြိုသိနေဖို့ မဖြစ်နိုင်ဘူးလေ။ အစ်ကိုက သူ့ကို နတ်ဝိဇ္ဇာကြီးလို့ အောက်မေ့နေလား... သူတို့အိမ်က စောစောစီးစီးကတည်းက ဒီလိုဖြစ်နေခဲ့တာ၊ ကျွန်တော်တို့ ကျောင်းသားအဆက်ဆက် မသိတဲ့လူ မရှိဘူး။ ဆရာမကျန်းတို့ လင်မယားနှစ်ယောက်ကတော့ တကယ်ပဲ... တစ်ယောက်က ဇွတ်ဝယ်တယ်၊ နောက်တစ်ယောက်ကလည်း လင်ဖြစ်သူကို အပြတ်အသတ် ကာကွယ်ပေးတယ်။ သူများ တွင်းတူးတာကို ဘယ်လောက်တောင် ခံခဲ့ရလဲ မသိဘူး။ အဲ့တုန်းက လူတိုင်းက စနောက်ပြီး ပြောကြသေးတယ်... ဆရာမကျန်းက ရှေးဟောင်းပစ္စည်းတစ်ခု ဝယ်လာပြီး ဒါက အနောက်ကျိုးခေတ်ကဟာလို့ ပြောလို့၊ ကျောင်းက နားလည်တဲ့သူတွေကို ပြလိုက်တော့မှ... ဪ... 'ပြီးခဲ့တဲ့အပတ်' ကဟာ ဖြစ်နေတာမျိုးပေါ့။ အဲ့တုန်းက ကျွန်တော်တို့ ကျောင်းစားသောက်ဆိုင်က သုံးတဲ့ မုန်ညင်းချဉ်အိုးတွေဆိုတာ သူ လှူဒါန်းထားတာတွေချည်းပဲ၊ စုန့်ခေတ်ကဟာတဲ့... ဟားဟားဟား၊ စုန့်ခေတ်... အဲဒီအိုးက သက်တမ်း တစ်နှစ်ရှိတယ်ဆိုရင်တောင် ပုံကြီးချဲ့တာပဲ... ပြီးတော့ ကျွန်တော့်ဆရာ သုံးတဲ့ ဆေးလိပ်ပြာခွက်ဆိုရင်လည်း သူ အလိမ်ခံရပြီးမှ ထုတ်ပေးလိုက်တဲ့ အရာပဲလေ။ ကျွန်တော် ကျောင်းစတက်တဲ့ ပထမဆုံးနှစ်တုန်းက... အဲဒီနှစ်မှာ ကျွန်တော်တို့ အဆောင်တစ်ခုက အင်္ဂတေတွေ ကွာကျလို့၊ ကျွန်တော်တို့ ဆရာက အတင်းအကျပ် ခိုင်းစေတာကြောင့် သူက ပန်းချီကားတစ်ပုံကြီး ယူလာပြီး နံရံမှာ ကပ်လိုက်သေးတယ်။ ဟားဟားဟား... အကုန်လုံးက အလိမ်ခံရပြီး ဝယ်လာတဲ့ ပန်းချီတုတွေချည်းပဲ။ ပြီးတော့... သူ ရှေးဟောင်းပစ္စည်း ဝယ်လို့ ဖြစ်ရတဲ့ ရယ်စရာတွေက ကျွန်တော်တို့ ကျောင်းမှာ တကယ့်ကို မနည်းလှဘူး"
ဟယ်မင် : "ဒါကတော့ တကယ့်ကို..."
ညီအစ်ကိုနှစ်ဦးသည်လည်း အလျင်အမြန်ပင် ကားမောင်းထွက်သွားကြတော့သည်။ ထိုအချိန်တွင် ချန်ချင်းယွီတို့လည်း အိမ်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။
အဘွားကြီးကျောက် : "အဲဒီဒုတိယစက်ရုံမှူး ဟယ်ဆိုတဲ့လူက တကယ့် နှာဘူးကြီးအေ၊ ညည်း သေသေချာချာ သတိထားနော်"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်၏။
"ကျွန်မ စိတ်ထဲက သိပါတယ်ရှင်၊ သူက ယွမ်ဟောက်ရွှယ်နဲ့ အဆင်ပြေနေတာ မဟုတ်လား။ လက်ထပ်ဖြစ်မလားတော့ မသိဘူး"
"လက်ထပ်ရမှာလား၊ ကြည့်ရတာ ဒီလူက တာဝန်ယူမယ့်ပုံမျိုး မဟုတ်ဘူး၊ လူကောင်းတစ်ယောက် လုံးဝ မဟုတ်ပါဘူးအေ"
အဘွားကြီးကျောက် တတွတ်တွတ် ရေရွတ်ရင်း
"ငါက ဒီလောက်အသက်ကြီးပြီပဲ၊ နင့်ထက်တော့ ယောက်ျားတွေအကြောင်း ပိုသိတာပေါ့။ ဒီယောက်ျားကို ကြည့်ရုံနဲ့တင် သံယောဇဉ်မရှိဘဲ ရက်စက်တတ်မှန်း သိသာတယ်။ သူ့ဆီက အချစ်စစ်ကို မျှော်လင့်နေတာလား။ အိပ်မက်မက်တာက ပိုမြန်ဦးမယ်၊ ယွမ်ဟောက်ရွှယ်တော့ အရှုံးထွက်တော့မှာ သေချာတယ်"
ချန်ချင်းယွီ : "သူမကလည်း တကယ်တော့ တော်တော်လေး လည်တဲ့လူပါပဲ"
"သူမက မအပေမဲ့ အဲဒီဒုတိယစက်ရုံမှူး ဟယ်က ဘယ်လိုလူလဲ။ အဲဒါ မြေခွေးအိုကြီးလေ၊ ရာထူးအဆင့်အတန်းချင်းကလည်း မမျှဘူး၊ ယွမ်ဟောက်ရွှယ် ဘယ်လောက်ပဲ တက်ကြွလည်ပတ်နေပါစေ အလကားပဲ"
ချန်ချင်းယွီ တွေးကြည့်ရာ ဟုတ်သည်ဟု ခံစားရသည်။ သို့သော် သူမသည် ထိုလူနှင့် မည်သို့မျှ ပတ်သက်မှုမရှိသဖြင့် ပို၍ တွေးတောမနေတော့ဘဲ
"သူ့ကို ထားလိုက်ပါတော့... ကျွန်မ ပန်ကာဖွင့်လိုက်ဦးမယ်၊ တော်တော် ပူတာပဲ"
ချန်ချင်းယွီ လျှပ်စစ်ပန်ကာကို ဖွင့်ကာ လေညင်းခံနေရင်းမှ အများကြီး ပိုမိုသက်တောင့်သက်သာ ရှိသွားသည်ဟု ခံစားလိုက်ရ၏။
အဘွားကြီးကျောက် : "ငါတို့အိမ် ဒီလောက်ဆို လျှပ်စစ်မီတာခတွေ အများကြီး တက်လာတော့မှာပဲ"
ချန်ချင်းယွီ သူမကို မျက်စောင်းဖြင့် ကြည့်လိုက်ရင်း
"ဒါဆို အမေက အပူခံချင်လို့လား"
"အဲလိုတော့ ဘယ်ခံချင်ပါ့မလဲ"
"အဲဒါပဲလေ မဟုတ်ဘူးလား"
သူမ ပြောကာ ပြုံးလိုက်တော့သည်။
ချန်ချင်းယွီအနေဖြင့် မိမိ အခြားသူများအကြောင်း ပြောဆိုနေစဉ်တွင် ဟယ်မိသားစု ညီအစ်ကိုနှစ်ဦးသည်လည်း မိမိအကြောင်းကို ဆွေးနွေးနေကြလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ သို့သော် ၎င်းတို့ ဆွေးနွေးသည်မှာ သူမကိုယ်တိုင်အကြောင်း မဟုတ်ဘဲ သူမ၏ အဘိုးနှင့် အဘွားအကြောင်း ဖြစ်သည်။ ဤသည်မှာလည်း အစပိုင်း၌ အဘယ်ကြောင့် ၎င်းတို့မိသားစုအပေါ် ထိခိုက်မှု မရှိခဲ့ရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။
အဓိကမှာ သူတို့၏ နာမည်ဆိုး (အလိမ်ခံရလွယ်၍ နာမည်ကြီးခြင်း) ကြောင့်ပင် ဖြစ်သည်။ သူတို့ အလိမ်ခံရလွယ်လွန်းသဖြင့် ဘိုးဘွားပိုင်ပစ္စည်းများကို အကုန်ရောင်းချကာ အမှိုက်သရိုက် ပစ္စည်းအတုများကို လဲလှယ်ခဲ့ကြသည်ဟု အပြင်မှာ နာမည်ကြီးနေခဲ့ခြင်း ဖြစ်၏။
ဤအကြောင်းကြောင့်ပင် ကနဦးပိုင်းတွင် သူတို့သည် အိမ်၌သာ အတန်းခေတ္တရပ်နားခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
နောက်ပိုင်း ပိုမိုပြင်းထန်လာချိန်တွင်မူ လူကြီးနှစ်ဦးစလုံး ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်ရာ...
သို့သော် ဤကဲ့သို့သော ကိစ္စရပ်များကို ပြင်ပ လူအများအပြား သိရှိကြသော်လည်း၊ ချန်ရိကျွင်းနှင့် ချန်ချင်းယွီတို့မူ လုံးဝ မသိရှိခဲ့ကြပေ။
ဤသည်ကို မည်သို့ ပြောရမည်နည်း။ ပုံမှန်အားဖြင့် သူတစ်ပါး၏ မကောင်းကြောင်းကို ပြောဆိုရာတွင် ကာယကံရှင်၏ မိသားစုဝင်များကို ရှောင်ကွင်း၍ ပြောလေ့ရှိကြသည်။ ထို့အပြင် ချန်ရိကျွင်း၏ လူမှုပတ်ဝန်းကျင်သည်လည်း ဤကဲ့သို့သော လူများနှင့် ထိတွေ့မှုမရှိသဖြင့် လုံးဝ မသိခဲ့ရခြင်း ဖြစ်၏။ ချန်ချင်းယွီအဖို့မူ သူမ၏ အဘိုးနှင့် အဘွားသည် သူများ လှည့်စားခြင်းကို ခံခဲ့ရသည်ဟု အနည်းငယ်မျှပင် မတွေးထင်ခဲ့မိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လှည့်စားခြင်း မခံခဲ့ရမှန်း သူမ အသေအချာ သိနေသောကြောင့်တည်း။
ထိုစဉ်၌ ချန်ချင်းယွီသည် အတိတ်မေ့နေသဖြင့် အတိတ်အကြောင်းကို မမှတ်မိခဲ့သလို၊ လူမှုပတ်ဝန်းကျင် အခြေအနေနှင့် ချန်ရိကျွင်းလင်မယား၏ နှိပ်စက်မှုကြောင့် အနည်းငယ် ရိုးအအ ဖြစ်နေခဲ့သော်လည်း၊ မိမိ၏ အဘိုးနှင့် အဘွားများ ရှေးဟောင်းပစ္စည်းများကို အလွန်နားလည်ကျွမ်းကျင်သူများ ဖြစ်မှန်းကိုမူ သိရှိခဲ့သည်။
ထို့ကြောင့် ၎င်းတို့သည် ပြင်ပမှ ကောလာဟလများကို လုံးဝ မသိရှိခဲ့ကြချေ။
ဤကောလာဟလများကြောင့်ပင် ထိုစဉ်၌ သူတို့မိသားစုအတွက် အသက်ရှူချောင်စေမည့် အခွင့်အရေးကြီးကို ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်၏။
ချန်ချင်းယွီ ဤအရာကို လုံးဝ မသိခဲ့ရဘဲ၊ ယခုအချိန်အထိတိုင်အောင်ပင် မသိသေးပေ။ သို့သော် ယခုအခါ အချိန်ကာလများ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ ဤအရာများသည်လည်း ထိုမျှအထိ အရေးမကြီးတော့ပေ။
သူမသည် အဘိုးအဘွားများကဲ့သို့ မျိုးရိုးစဉ်ဆက် နားလည်တတ်ကျွမ်းသည့် ပညာမျိုး မရှိသဖြင့် တကယ်ကို နားမလည်သော်လည်း၊ စိတ်ချရသော နေရာများသို့မူ သွားရောက်နိုင်ပေသည်။ ချန်ချင်းယွီ ယခုပင် တတွတ်တွတ် ရေရွတ်လိုက်ရင်း
"အမေ... အားရင် ကျွန်မအတွက် နိုင်ငံခြားငွေလဲလက်မှတ်လေး အချို့ လဲပေးပါဦးရှင်၊ ကျွန်မ ယိုယိ့စတိုးဆိုင်ကို သွားပြီး ပစ္စည်းကောင်းလေးတွေ ရှာချင်လို့"
အဘွားကြီးကျောက် : "သိတယ် သိတယ်၊ ငါ့ကို အပ်ထားလိုက်၊ စိတ်ချရစေရမယ်"
ချန်ချင်းယွီသည် အဘွားကြီးကျောက်၏ ဤစကားကို အလွန် သဘောကျမိသည်။
"ပြီးတော့ အိမ်ကိစ္စကော..."
"ဒါကတော့ ပိုပြီး စိတ်ချလိုက်၊ အကုန်လုံး သဘောတူညီချက် ရလုနီးပါး ဖြစ်နေပြီ"
အဘွားကြီးကျောက်၏ အာမခံချက်မှာ တကယ့်ကို အသုံးဝင်လှပေသည်။ နှစ်ရက်မျှသာ ရှိသေးသော်လည်း နိုင်ငံခြားငွေလဲလက်မှတ်အချို့ကို ရအောင် ရှာပေးနိုင်ခဲ့ရုံမျှမက အိမ်ကိစ္စကိုလည်း အပြီးသတ် ဖြေရှင်းပေးနိုင်ခဲ့၏။ အဘွားအိုယဲ့ အိမ်ပြောင်းသည်ကို မြင်လိုက်ရသောအခါ ဝင်းကြီးတစ်ခုလုံး ရုတ်ချည်းပင် ဆူညံပွက်လောရိုက်သွားပြီး တစ်ယောက်တစ်ပေါက် လှမ်း၍ မေးမြန်းကြတော့သည်။
"အဒေါ်ကြီးယဲ့... ဘာလို့ ရုတ်တရက်ကြီး အိမ်ပြောင်းရတာလဲဟင်"
"အေးလေ၊ ဒါနဲ့ အဒေါ်ကြီးတို့အိမ်ကိုကျတော့ ဘယ်လိုလုပ်မှာလဲ။ ရပ်ကွက်ရုံးကို ပြန်အပ်မှာလား"
"ဒါက ငါတို့ဝင်းထဲက အိမ်ပဲလေ၊ ငါတို့ဝင်းထဲမှာ အချင်းချင်း အရင်ညှိနှိုင်းပြီးမှ ရပ်ကွက်ရုံးကို သွားပြောကြတာပေါ့"
"ကျွန်မတို့အိမ်က လူတော်တော် ကျပ်ညှပ်နေတာ၊ သေချာပေါက် ကျွန်မတို့အိမ်ကိုပဲ အရင်ဦးစားပေးသင့်တာ"
ဤသို့ဖြင့် လူအချို့မှာ ချက်ချင်းပင် ကိုယ်ပိုင်အကြံစည်များ ထုတ်လာကြတော့သည်။ ယခုခေတ်ကာလတွင် အိုးအိမ်အခက်အခဲမှာ လူတိုင်း ကြုံတွေ့နေရသည် မဟုတ်ပါလော။
အဘွားအိုယဲ့ : "နင်တို့ ဘာတွေ လျှောက်ပြောနေကြတာလဲ။ ဘာလို့ ရပ်ကွက်ရုံးကို ပြန်အပ်ရမှာလဲ။ ငါတို့အိမ်က ရပ်ကွက်ဆီကနေ ငှားနေတာ မဟုတ်ဘူး၊ ငါ့ယောက်ျား သက်ရှိထင်ရှားရှိစဉ်က ပိုက်ဆံအပြည့်အဝပေးပြီး ဝယ်ထားတာ၊ ငါတို့မှာ အိမ်ဂရန်အပိုင်ရှိတယ်။ ငါ့ပိုင်ဆိုင်မှုပဲ၊ ရပ်ကွက်ရုံးနဲ့ ဘာဆိုင်လို့လဲ"
"အာ... ဒါက..."
"အဒေါ်ကြီးတို့အိမ်က ဝယ်ထားတာကိုး"
သူတို့ဝင်းထဲရှိ အိမ်အချို့မှာ ကိုယ်ပိုင်အိမ်များဖြစ်ကြပြီး၊ အချို့မှာမူ ရပ်ကွက်မှ စီစဉ်ပေးထားသော အိမ်များ ဖြစ်ကြရာ တကယ်တမ်းတွင် အခြေအနေချင်း မတူညီကြချေ။
"ငါတို့အိမ်က သေချာပေါက် ကိုယ်ပိုင်အိမ်ပေါ့၊ အခုတော့ ငါ ရောင်းလိုက်ပြီ။ တိုက်တိုက်ဆိုင်ဆိုင် လူတွေအကုန် စုံနေတုန်း ငါ တစ်ခါတည်း ပြောလိုက်မယ်၊ ဒီအိမ်ကို အဘွားကြီးကျောက်ဆီ ငါ ရောင်းလိုက်ပြီ"
"ဘာကြီး..."
"ဟာ... သူတို့အိမ်က အိမ်ထပ်ဝယ်ပြန်ပြီလား"
"ဒါ... ဒါ... အိမ်တွေ ဒီလောက်အများကြီး ဝယ်ပြီး ကုန်အောင် နေနိုင်လို့လား"
"အေးလေ"
အဘွားကြီးကျောက် ခါးထောက်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"နင်တို့ ဝင်ပါစရာလိုလို့လား။ နင်တို့ဘာသာ နင်တို့အိမ်ကိုပဲ အောင်အောင်မြင်မြင်ဖြစ်အောင် ထိန်းကြစမ်းပါ။ ငါတို့အိမ် ဝယ်ဝယ် မဝယ်ဝယ် နင်တို့နဲ့ ဘာဆိုင်လို့လဲ။ နင်တို့ပိုက်ဆံကို သုံးလိုက်လို့လား။ နင်တို့က ဘာလို့ ဒီလောက်တောင် အပိုလူလုပ်ချင်နေရတာလဲ။ ငါတို့အိမ်က ပိုက်ဆံရှာနိုင်လို့ ပိုင်ဆိုင်မှုလေး တိုးပွားအောင် လုပ်တာ မရဘူးလား။ ဘယ်မိသားစုမဆို ဒီလိုပဲ မဟုတ်ဘူးလား။ ပိုက်ဆံရှိရင် ပိုပြီး ဝယ်စုကြတာပေါ့။ နင်တို့က ဘာသိလို့လဲ"
"အဘွားကြီးကျောက်ကလည်း ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။ ကျွန်မတို့က ပါးစပ်ထဲရှိတာ အလွတ်ပြောမိရုံတင်ပါ"
"ဟုတ်တတ် ဟုတ်တတ်"
"သူတို့မိသားစုကတော့ တကယ်ပဲ ပိုက်ဆံတွေ အများကြီး ရှာနိုင်နေတာပဲ"
ကွမ်ထင်းထင်းသည် ဘေးနားမှ ရပ်ကြည့်နေရင်း မျက်လုံးများ ဝေ့ဝဲကာ
"ဒါဆိုရင် အဒေါ်တို့အိမ်က အခုလောလောဆယ် ဒီအခန်းကို သုံးဦးမှာ မဟုတ်သေးဘူးမလား။ ကျွန်မတို့အိမ်ကို ခဏလောက် ငှားပါလား၊ ကျွန်မတို့အိမ်က..."
"အမလေး... တံတွေးထွေးပစ်လိုက်ချင်တယ်၊ နင်က အရှက်ရော ရှိသေးရဲ့လား။ ဟိုတစ်နေ့က ကြင်ဖက်တွေ့ပွဲတုန်းက လူတစ်ယောက် ဘာပြောသွားလဲ မှတ်မိသေးလား။ နင့်ရဲ့ ဆီးက အရောင်မတောက်လို့ နင့်ရဲ့အရေထူတာကို ပြန်ပြီး ရောင်ပြန် မဟပ်နိုင်တာလား။ နင့်ကို ငှားရဦးမယ်ဟုတ်လား၊ နင်က ဘာအဆင့်မို့လို့ လာငှားခိုင်းနေတာလဲ။ နင်က ဘာကောင်မို့လို့လဲ"
ကွမ်ထင်းထင်း : "အဒေါ် စကားကို ဘယ်လိုပြောနေတာလဲ..."
"ငါ စကားကို ဘယ်လိုပြောရမှာလဲ။ ငါကတော့ ဒီလိုပဲ ပြောတတ်တယ်၊ နင်ကိုယ်တိုင်က ဦးနှောက်မရှိဘဲ လာပြီး ရန်စချင်နေတာ မဟုတ်လား။ နင့်ကို ငှားရမယ်ဟုတ်လား။ ငါ ပိုက်ဆံအကုန်ခံပြီး ဝယ်ထားတဲ့အိမ်ကို နင့်ကို ငှားရမယ်လား။ နင်က သိပ်ချောနေလို့လား။ တကယ့်ကို အဓိပ္ပာယ်မရှိတာ။ ဘာလဲ... နင့်ရဲ့ ယောက်ျားက လင်စန်းရှင်းတို့အိမ်ကို လိမ်ညာလို့မရတော့တာနဲ့ အခု ငါတို့အိမ်ကို လာပြီး မျက်စိကျနေတာလား"
အဘွားကြီးကျောက် ပက်ပက်စက်စက် ပြန်ပြောလေသည်။
ဘေးမှ အပျော်ရပ်ကြည့်နေသော လင်စန်းရှင်းသည် ဤစကားကြောင့် ရုတ်တရက် ဆွံ့အသွားရပြီး
"ဘာ... ကျွန်မတို့အိမ်က အိမ်ဟုတ်လား။ ကျွန်မတို့အိမ်က အိမ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"
အဘွားကြီးကျောက်သည် ကွမ်ထင်းထင်းတို့ မိသားစုအတွက် အရှက်ချန်မထားတော့ချေ။ မိမိကို စိတ်မသက်မသာဖြစ်အောင် လာလုပ်သဖြင့် သူမလည်း အားနာမနေတော့ကာ အလေးအနက်လေသံဖြင့်
"ညည်း သေသေချာချာ သတိထားနော်၊ ကိုယ်တိုင်လည်း ပျိုပျိုမြစ်မြစ် မဟုတ်တော့ဘူး၊ တချို့အရာတွေကို ကိုယ့်လက်ထဲမှာပဲ မြဲမြဲဆုပ်ကိုင်ထားတာ အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ နောက်ဆုံးကျမှ အားလုံး ဆုံးရှုံးသွားလိမ့်မယ်။ တချို့လူတွေကတော့ အချစ်ဂိမ်းကစားပြပြီး တစ်ဖက်လူရဲ့ မိသားစုဝင်ငွေနဲ့ ပိုင်ဆိုင်မှုအားလုံးကို အပိုင်စီးဖို့ ကြံစည်နေကြတာ။ အဲဒီပုံစံကတော့ တကယ့်ကို..."
လင်စန်းရှင်း၏ မျက်နှာမှာ တစ်ချက်နီ、တစ်ချက်ပြာ ဖြစ်သွားရသည်။ သို့သော် သူမသည် လီချန်ရွှမ်းအပေါ်ကိုသာ အကြွင်းမဲ့ မျက်စိမှိတ် ကာကွယ်ပေးတတ်ခြင်းဖြစ်ပြီး အခြားသူများအပေါ်တွင်မူ ထိုသို့မဟုတ်ချေ။ ထို့ကြောင့် သူမသည် ကွမ်ထင်းထင်းကို ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်
လိုက်တော့သည်။
သူမ သဘောပေါက်သွားခဲ့ပြီ…
ယွမ်ဟောက်ဖုန်းသည် လင်းလင်းကို အသုံးချကာ မိမိတို့အိမ်ကို အပိုင်စီးရန် ကြံစည်နေခြင်း ဖြစ်ပေလိမ့်မည်။
"ရှင်... ရှင်... လျှောက်ပြောနေတာ"
ကွမ်ထင်းထင်း ဒေါသတကြီးဖြင့်
"ဒါက ရှင်နဲ့ ဘာဆိုင်လို့ လာပြီး လျှောက်ပြောနေရတာလဲ။ ငါတို့မိသားစုက အဲလိုလူစားမျိုး မဟုတ်ဘူး"
"အမလေး... ငါက နင့်ကို ပြောလို့လား။ ငါ နင့်နာမည်ကို တပ်ပြီး ပြောခဲ့လို့လား။ နင်ကိုယ်တိုင်က စိတ်ထဲမှာ မရိုးမသားဖြစ်နေပြီး ဒီမှာ လာပြီး ဘာတွေ ဟန်ဆောင်နေတာလဲ။ လူအများ သက်သေပဲ၊ ငါ နင့်မိသားစုအကြောင်း တစ်လုံးမှ မပြောခဲ့ဘူးနော်။ နင်ကိုယ်တိုင်က အဲလို စိတ်ကူးရှိနေလို့ မဟုတ်လား။ ငါ နာမည်တောင် မပြောရသေးဘူး၊ ချက်ချင်း ထအော်တော့တာပဲ။ ဟင်း... တကယ့်ကို..."
အရာအားလုံးမှာ ဖွင့်ပြောနေစရာပင် မလိုတော့ပေ။ ကွမ်ထင်းထင်းသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ဤကိစ္စကို ပြန်လည်ချေပရန် ခက်ခဲမှန်း သိရှိသွားသဖြင့်၊ မျက်မှောင်ကုတ်ကာ စကားတစ်လုံးမျှ ဆက်မဆိုတော့ပေ။
ပြဿနာကြီးလေ ကြိုက်လေဖြစ်သော အဘွားကြီးဟွမ်သည်
လည်း ဝင်၍ မီးလောင်ရာလေပင့်လိုက်၏။
"ဒီအကြောင်းကို ငါသိတယ်၊ အသေအချာ သိတာပေါ့။ ဒီဝင်းကြီးထဲမှာ မသိတဲ့လူ ရှိလို့လား။ ဟားဟားဟားဟား..."
လင်စန်းရှင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ကွမ်ထင်းထင်းကို စိုက်ကြည့်လိုက်ပြီး၊ ယွမ်ဟောက်ဖုန်းအပေါ် ပိုမို၍ မုန်းတီးသွားတော့သည်။
သူ့ကို လူကောင်းတစ်ယောက်အမှတ်နဲ့ မှားခဲ့ရတာ။ ဒီလိုအောက်တန်းစားမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ တကယ့်ကို သေချင်းဆိုးပဲ…
သူမ စိတ်ထဲမှ ကျိန်ဆဲမိသည်။ လွန်ခဲ့သည့် နှစ်လအတွင်း လီလင်းလင်းသည် သူမတို့လင်မယားနှင့် အိမ်ကိစ္စကို အမြဲတစေ လာရောက်ဆွေးနွေးခဲ့သည်ကို ပြန်လည်တွေးမိကာ စိတ်ထဲတွင် အလွန် ရင်နာမိတော့၏။
အံ့သြပါ့... လင်းလင်းက ဘာလို့ ရုတ်တရက်ကြီး အိမ်အမည်ပြောင်းချင်နေရတာလဲလို့… တော်သေးတာက လီချန်ရွှမ်းက သမီးဖြစ်သူကို အိမ်မပေးနိုင်ဘူး၊ သမီးဆိုတာ အနှေးနဲ့အမြန် ယောက်ျားအိမ် လိုက်သွားရမှာဖြစ်လို့ လင်ဘက်က မိသားစုကို အလကားသက်သက် အကျိုးမပြုနိုင်ဘူးလို့ ပြောခဲ့လို့ပဲ
ထို့ကြောင့်ပင် သူမတို့လင်မယား ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ငြင်းဆန်ခဲ့၍သာ တော်တော့သည်၊ မဟုတ်ပါက သူတပါး၏ တွင်းတူးခြင်းကို ခံလိုက်ရပေလိမ့်မည်။
လင်စန်းရှင်းသည် အကြောင်းစုံကို သေသေချာချာ မေးမြန်းပြီးနောက် မိမိ၏ယောက်ျားကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ဤကိစ္စကို လူအများရှေ့တွင် သေသေချာချာ ရှင်းလင်းရပေမည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။
လင်စန်းရှင်းသည် ဤကိစ္စကြောင့် စိတ်မချမ်းမမြေ့ဖြစ်နေသော်လည်း အခြားသူများမှာမူ ဗြောင်ကျကျပင် မနာလိုဖြစ်နေကြတော့သည်။ အလွန် မနာလိုဖြစ်ကြရသည်မှာ အမှန်ပင်။ အဘွားကြီးကျောက်တို့ မိသားစု အိမ်ထပ်မံ ဝယ်ယူနိုင်ခဲ့ပြန်ပြီ မဟုတ်ပါလော။ မိသားစု လေးယောက်တည်းရှိကာ ဤမျှအထိ ကျယ်ကျယ်ဝန်းဝန်း နေထိုင်နိုင်ကြသည်ကို ကြည့်ပြီး… ပိုက်ဆံလေး နည်းနည်းပါးပါး ရှာနိုင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းတောင် မသိတော့ဘူး ဟု ဝိုင်းဝန်းမနာလို ဖြစ်နေကြ၏။
ရှီကျန့်ရှန်း မဲ့ပြုံးပြုံးလိုက်ရင်း မသက်မသာနိုင်သော လေသံဖြင့်
"နင်တို့အိမ်က လက်သွက်လှချေလား၊ ကျွန်မဖြင့် အိမ်ရောင်းမယ့်သတင်းတောင် မကြားမိသေးဘူး၊ နင်တို့က အိမ်ကို အပြီးဝယ်လိုက်ပြီကိုး"
အဘွားကြီးကျောက် သူမကို စောင်းငဲ့ကြည့်လိုက်ပြီး
"ငါ့ကို နင်နဲ့ တူတယ်လို့ ထင်နေလား။ ဘာပဲဖြစ်ဖြစ် အပြင်ကို လျှောက်ပြောနေရအောင်... ကောင်းတဲ့အရာဆိုတာ လျှို့ဝှက်ထားရတာမျိုးပဲ"
လူတိုင်း နှုတ်ခမ်းကို မဲ့လိုက်ကြပြီး ဤစကားကို အနည်းငယ်မျှပင် မယုံကြည်ကြချေ။
နင်က လျှို့ဝှက်ထားတတ်တယ်ဟုတ်လား။ နင်ကမှ အတင်းအဖျင်းတွေကို အပြောနိုင်ဆုံးလူပဲဟာကို…
လူတိုင်း စိတ်ထဲ တွေးမိကြသည်။
"အဒေါ်ကြီးယဲ့... ဘာလို့ ကောင်းကောင်းမွန်မွန်နဲ့ ရုတ်တရက် အိမ်ပြောင်းရတာလဲဟင်"
"အေးလေ၊ ငါတို့ အိမ်နီးနားချင်းဟောင်းတွေ အတူတူနေရတာ ဘယ်လောက်ကောင်းလဲ၊ အခုလို ရုတ်တရက်ကြီး အိမ်ရောင်းလိုက်တာ တကယ့်ကို အံ့သြရတယ်"
"ဟုတ်ပါတယ်၊ ဒါနဲ့ ဘယ်နေရာကို ပြောင်းမှာလဲဟင်"
လူတိုင်း ဝိုင်းဝန်းမေးမြန်းကြသဖြင့် အဘွားအိုယဲ့လည်း အမှန်အတိုင်းပင် ပြောပြရှာသည်။
"ငါ ကျန့်မင်လမ်းကြားဘက်ကို ပြောင်းတာပါအေ။ ငါ့မြေးလည်း အသက်မငယ်တော့ဘူး၊ အိမ်ထောင်ဖက် ရှာရမယ့်အရွယ် ရောက်နေပြီလေ။ ငါတို့ဝင်းထဲက လူတွေကတော့ လူကောင်းတွေပါ၊ အတူတူနေရတာလည်း အဆင်ပြေကြလို့ အိမ်နီးနားချင်းဟောင်းတွေကို ငါလည်း မခွဲနိုင်ပါဘူး။ ဒါပေမဲ့ ကလေးက အိမ်ထောင်ပြုရဦးမှာလေ၊ ငါတို့ဝင်းရဲ့ အိမ်ထောင်ရေးကံတွေက တကယ့်ကို တစ်ယောက်မှ သိပ်မကောင်းကြဘူး မဟုတ်လား။ ငါကလည်း ကလေးအတွက် တွေးပေးရလို့ ဒီလိုပဲ လုပ်လိုက်ရတာပါ"
လူစုကြီးမှာ ဆွံ့အသွားကြပြီး…
ဪ... သဘောပေါက်ပြီ၊ အသေအချာကို သဘောပေါက်သွားပြီ…
သူတို့ဝင်းထဲတွင် အိမ်ထောင်ရေး အဆင်ပြေချောမွေ့သူဟူ၍ လက်ချိုးရေရုံမျှသာ ရှိပြီး၊ ရှိပြန်လျှင်လည်း လက်ထပ်ပြီးမှ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြ၏။ ဤဝင်းထဲတွင် မွေးဖွားကြီးပြင်းလာခဲ့ကြသော လူပျို၊ အပျိုများမှာမူ အိမ်ထောင်ရေးကိစ္စတွင် မည်သူမျှ မချောမွေ့ခဲ့ကြချေ။ ဤသို့ ပြောလိုက်သောအခါ အခြားသူများလည်း စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ကြရတော့သည်။
အဘွားကြီးဟွမ် ထိပ်ဆုံးမှ ဝင်၍
"ဘယ်သူက မဟုတ်ဘူးလို့ ပြောလဲအေ၊ ငါ့သားအတွက်တော့ ဘယ်လိုလုပ်ရပါ့မလဲ"
သူမသည် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။
တကယ်လို့ ငါ့သားကသာ ချန်ချင်းယွီကို လက်ထပ်နိုင်ရင် တော်တော်ကောင်းမှာပဲ၊ သူမမှာ ပိုက်ဆံတွေ အများကြီးရှိတာလေ...
ဒါဆိုရင် သူမအိမ်က ပိုင်ဆိုင်မှုတွေအကုန်လုံး ငါ့သားအပိုင် ဖြစ်သွားမှာ မဟုတ်လား…
အဘွားကြီးဟွမ်တစ်ယောက် စိတ်ကူးယဉ်ကြည့်ကာ အလွန်ပင် ပျော်ရွှင်သွားမိ၏။ သို့သော် မကြာမီမှာပင် အဘွားကြီးကျောက်၏ မဲ့ပြုံးကြီးကို မြင်လိုက်ရသဖြင့် ထိုအတွေးများမှာ လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားတော့သည်။
အဘွားကြီးကျောက် ရှိနေသရွေ့တော့ ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ
တွေးမိကာ သူမ သက်ပြင်းတစ်ချက်ချလျက် နှမြောတသ ဖြစ်သွားရသော်လည်း အဘွားကြီးကျောက် သဘောတူမည်မဟုတ်မှန်း အသိသားကြီး ဖြစ်သည်။
ထို့အပြင် ယခင် စကားစမြည်ပြောဖြစ်ကြစဉ်၌လည်း ချန်ချင်းယွီကိုယ်တိုင် နောက်ထပ် အိမ်ထောင်မပြုတော့သလို၊ ကလေးလည်း ထပ်မယူတော့ပါဟု ပြတ်ပြတ်သားသား ပြောဆိုခဲ့ဖူး၏။
သူမ၏ သားဖြစ်သူတွင်လည်း မျိုးဆက်မရှိသေးရာ၊ မိန်းကလေးဟူသည် အမျိုးသားထက်စာလျှင် အနည်းငယ် လိုအပ်ချက် ရှိနေသေးသည်သာ…။
အဘွားကြီးဟွမ်တစ်ယောက်တည်း အတွေးကမ္ဘာထဲတွင် ယောင်ချာချာ ဖြစ်နေသကဲ့သို့ အခြားသူများလည်း အနည်းငယ် စိတ်လေသွားကြသည်။
အိမ်ထောင်ဖက် ရှာရတာ တကယ့်ကိုမလွယ်ပါလား ဟု အသီးသီး တွေးတောနေကြမိ၏။
သို့သော် အဘွားအိုယဲ့၏ အလျင်အမြန် အိမ်ပြောင်းရွှေ့မှုသည် လူတိုင်းကို စတင်လမ်းပြပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး၊ စိတ်ထဲတွင် မျှော်လင့်ချက်အချို့ ဝင်လာကြတော့သည်။
"အဒေါ်ကြီးတို့အိမ်က ပိုက်ဆံ တော်တော်စုမိတာပဲနော်"
အဘွားအိုယဲ့ : "ဘာ ပိုက်ဆံစုမိတာလဲအေ၊ ငါတို့အိမ်ရဲ့ အခြေအနေကိုလည်း ညည်းတို့အားလုံး သိကြတာပဲ။ ငါက ဒီဘက်က အိမ်ကို ရောင်းပြီး ဟိုဘက်က အိမ်ကို ပြန်ဝယ်ရုံတင်ပါ။ တကယ်တော့ ဝယ်လိုက်တဲ့အိမ်က ဒီအိမ်ထက်တောင် နည်းနည်း ပိုကျဉ်းသေးတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ၊ ကလေးအတွက် တွေးပေးရတာဆိုတော့လည်း ဒီလိုပဲ လုပ်ရတော့မှာပေါ့"
လူတိုင်း တွေးကြည့်ရာ မျက်လုံးများ လင်းခနဲ ဖြစ်သွားကြ၏။
ဟုတ်သားပဲ၊ တကယ်လို့ အဆင်မပြေရင် နည်းနည်းပိုကျဉ်းတဲ့ အိမ်နဲ့ လဲလိုက်ရင်လည်း ရတာပဲ။ ငါတို့ဝင်းက တကယ်ပဲ အိမ်ထောင်ရေးကံ မကောင်းဘူး၊ ဒါက နောက်ပြောင်နေတာ မဟုတ်ဘူးနော်… တကယ်ပါ…
လူတိုင်း စိတ်ထဲတွင် ကိုယ်စီတွက်ချက်မှုများ ရှိနေကြသော်လည်း ယဲ့မိသားစုကိုမူ စိတ်ထဲမှ ကျိန်ဆဲမိကြ၏။
တကယ့်ကို ကောက်ကျစ်တာပဲ၊ သူများတွေ မိမိတို့နောက် လိုက်လုပ်မှာစိုးလို့ လက်ဦးမှုယူပြီး အမြန်လုပ်သွားတာပဲ…
ယဲ့မိသားစုမှာမူ အခြားသူများ မည်သို့တွေးသည်ကို ဂရုမစိုက်ဘဲ ထွက်ခွာစရာရှိသည်ကိုသာ အေးဆေးစွာ ထွက်ခွာသွားကြတော့သည်။ ယဲ့မိသားစုသည် ဤနေရာတွင် တစ်သက်လုံး နေထိုင်ခဲ့ကြသဖြင့် ပစ္စည်းပစ္စယများ မနည်းလှသော်လည်း ဤမျှလောက်သော နေရာကျဉ်းကျဉ်းလေးထဲ၌ ရှိသော ပစ္စည်းများဖြစ်သဖြင့် အတိုင်းအတာတစ်ခုအထိသာ ရှိပေသည်။ နာရီဝက်ခန့်အတွင်းမှာပင် အိမ်ကြီးတစ်အိမ်လုံး ဗလာကျင်းသွားတော့၏။
အဘွားကြီးကျောက်သည် အိမ်ကို ချက်ချင်း မရှင်းလင်းသေးဘဲ သော့အသစ် အကြီးကြီးတစ်လုံးဖြင့် "ကလစ်ခနဲ" မြည်အောင် သေသေချာချာ ခတ်လိုက်လေသည်။
မည်သူမျှ လာရောက်ပတ်သက်၍ မရနိုင်တော့ပေ။
ရှီကျန့်ရှန်း လှမ်းမေးကာ
"နင်က ဒီအိမ်ကို ဝယ်ပြီး ဘာလုပ်မလို့လဲဟင်။ ဒီအတိုင်းကြီးတော့ ပစ်ထားမှာ မဟုတ်ပါဘူးနော်"
အဘွားကြီးကျောက် : "ငါတို့အိမ်က ဒါကို ကုန်လှောင်ရုံ (ဂိုဒေါင်) အဖြစ် သုံးမလို့အေ။ ဒီရက်ပိုင်း ခဏနားပြီး၊ နောက်ပိုင်း ရာသီဥတု နည်းနည်း ပိုအေးသွားတဲ့အခါ ကျရင် ငါ့ချွေးမ ပစ္စည်းတွေ သယ်လာရင် ဒီထဲမှာ ထည့်ထားလို့ရပြီ။ ညည်းတို့ မသိလို့၊ ပြီးခဲ့တဲ့တစ်ခေါက်က အိမ်ကပစ္စည်းတွေ မဆန့်လို့ ကလေးတွေရဲ့ ဘီရိုအပေါ်အထိပါ အတင်းထိုးထည့်ထားရတာ၊ တော်တော် ရှုပ်တာပဲ။ အခုတော့ အဆင်ပြေသွားပြီ၊ ပစ္စည်းတွေ စိတ်ကြိုက် ထည့်ထားလို့ရပြီ"
ရှီကျန့်ရှန်းသည် အံ့သြခြင်း မရှိသော်လည်း စိတ်ထဲတွင်မူ မနာလိုဖြစ်မိသဖြင့် အိမ်ပြန်ရောက်လျှင် တတွတ်တွတ် ညည်းညူမိတော့သည်။ သို့သော် သူမ မည်မျှပင် ညည်းညူပါစေ တစ်ဖက်လူကိုမူ မည်သို့မျှ မထိခိုက်နိုင်ချေ။
သို့သော်လည်း ၎င်းတို့ဝင်းထဲရှိ လူများမှာမူ ပိုက်ဆံရှာသည့် ကိစ္စအပေါ် ပိုမို၍ စိတ်အားထက်သန်လာကြတော့သည်။
အဘွားကြီးကျောက် ပစ္စည်းများကို ကြွားဝါတတ်သည်ဆိုသော်လည်း သူတို့မိသားစုသည် အမှန်တကယ်ပင် ပိုက်ဆံရှာနိုင်ကြသည် မဟုတ်ပါလော။ လူတိုင်း သူတို့မိသားစုကို ပိုက်ဆံမစုတတ်ဘူးဟု ပြောကြသော်လည်း ကောင်းကောင်းစား၊ ကောင်းကောင်းသောက်၊ ကောင်းကောင်းသုံးနိုင်ကြသည်မှာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ရာ အလွန်ပင် အားကျစရာ ကောင်းလှပေ၏။
ကြီးမားသော စီးပွားရေးလုပ်ငန်းကြီးများကို မလုပ်ကိုင်နိုင်ကြသော်လည်း၊ နောက်ဖေးဝင်းထဲရှိ လင်မယားအချို့မှာမူ တိတ်တဆိတ်ဖြင့် ပစ္စည်းအသေးအဖွဲလေးများကို လမ်းဘေးတွင် ချရောင်းကာ စမ်းသပ်လုပ်ကိုင်နေကြပြီ ဖြစ်သည်။
ချန်ချင်းယွီသည် လက်တလောတွင် လမ်းဘေးထွက်၍ ပစ္စည်းမရောင်းဖြစ်သဖြင့် ဝင်းထဲရှိ အကြောင်းအရာအများစုကို ကောင်းကောင်းသိရှိနေ၏။ သို့သော် သူမသည် အခြားသူများ ပိုက်ဆံရသည်၊ မရသည်ကို စိတ်မဝင်စားချေ။ သူမ၏ အမြင်တွင်မူ လူတိုင်း ပိုက်ဆံရကြသည်မှာ ပို၍ ကောင်းမွန်ပေသည်။ လူတိုင်း ပိုက်ဆံရှာနိုင်ကြမှသာ မိမိတို့မိသားစု လူပြောသူပြော မများဘဲ သိသာလိမ့်မည် မဟုတ်ပေ။
ချန်ချင်းယွီ မိမိမိသားစုမှလွဲ၍ အခြားသူများအားလုံး ဆင်းရဲမွဲတေနေမှ ကျေနပ်မည့်သူစားမျိုး လုံးဝမဟုတ်ချေ။
ထိုသို့ဖြစ်ရန်လည်း လုံးဝ မဖြစ်နိုင်သည်သာ…
သူမ ဤရက်ပိုင်းအတွင်း နေ့တိုင်းလိုလို အပြင်ထွက်ကာ ပစ္စည်းကောင်းများကိုသာ ရှာဖွေဝယ်ယူလာခဲ့သည်။ သူမ၏ သံသေတ္တာကြီးထဲတွင် ပစ္စည်းကောင်းများ လေးပုံတစ်ပုံခန့် ပြည့်နှက်နေပြီဖြစ်သော်လည်း၊ အမှန်တကယ်တွင် သံသေတ္တာကြီး၏ တစ်ဝက်ကျော်ကျော်မှာ ပြည့်နေခဲ့ပြီ ဖြစ်၏။
အဓိကမှာ... ပိုက်ဆံများ ထည့်ထားသောကြောင့်တည်း…
မှန်ပေသည်၊ ပိုက်ဆံများ ထည့်ထားခြင်း ဖြစ်၏။
သူမ၏ လက်ထဲတွင် ငွေသားများ အလွန်အမင်း များပြားနေပြီး၊ လက်ရှိတွင် အကြီးဆုံး ငွေစက္ကူအမျိုးအစားမှာ ဆယ်ယွမ်တန်သာ ရှိသေးသည်။ ထို့ကြောင့် ဤသေတ္တာကြီးထဲတွင် ပိုက်ဆံ မည်မျှအထိ ရှိနေမည်ကို ခန့်မှန်းကြည့်နိုင်ပေ၏။
အကြီးဆုံးမှာ ဆယ်ယွမ်တန်သာ ရှိသဖြင့် အပြင်ထွက်ရာတွင် မလွယ်ကူသော်လည်း မတတ်နိုင်ပေ။ တစ်ရာတန် ငွေစက္ကူကြီးများကိုမူ ရှစ်ဆယ်စုနှစ် နောက်ပိုင်းလောက်မှသာ စတင်ထုတ်ဝေမည် ဖြစ်သည်။ ချန်ချင်းယွီ မှတ်မိသလောက်ဆိုလျှင် ၁၉၈၈ ခုနှစ်ကျမှ ထွက်ရှိမည်ဖြစ်ရာ ယခုအချိန်တွင် မရှိသေးချေ။
အမှန်၌ နိုင်ငံတော် တည်ထောင်ပြီးစကာလတွင် တစ်ရာတန်ငွေစက္ကူများ ထုတ်ဝေခဲ့ဖူးသော်လည်း၊ ၁၉၅၅ ခုနှစ်နောက်ပိုင်းတွင် ပြောင်းလဲသွားခဲ့ရာ ထိုအချိန်မှစ၍ သူတို့ သုံးစွဲသမျှတွင် အကြီးဆုံးမှာ ဆယ်ယွမ်တန်သာ ဖြစ်ပြီး၊ လူတိုင်း "တာ့ထွမ်းကျဲ" (မဟာညီညွတ်ရေး) ဟု ခေါ်ဆိုကြသည်။ ထို့ကြောင့်ပင် ချန်ချင်းယွီ တောင်ပိုင်းသို့ သွားသည့်အကြိမ်တိုင်း၌ ကျောပိုးအိတ်အကြီးကြီးကို လွယ်ထားသော်လည်း လဲလှယ်ဝတ်ဆင်မည့် အဝတ်အစားများ မပါဘဲ၊ အိတ်ထဲတွင် ပိုက်ဆံများကိုသာ အပြည့် ထည့်ထားရခြင်း ဖြစ်၏။
တကယ့်ကို အဆင်မပြေလှသော်လည်း၊ သူမသည် ဘဏ်နှင့် မပတ်သက်ချင်ကာ ဤမျှလောက်များပြားသော ငွေပမာဏကို ဘဏ်ထဲထည့်ရန်လည်း အဆင်မပြေချေ။
ဘာလို့လဲသိလား…
သတိကြီးစွာ ထားရလို့ပေါ့…
ဘာပဲဖြစ်ဖြစ် ပိုက်ဆံများကို ဤအတိုင်း စုဆောင်းထားခြင်းမှာ အကိုက်ညီဆုံး မဟုတ်သဖြင့် ပစ္စည်းကောင်းများအဖြစ် ပြောင်းလဲထားခြင်းသည် ပို၍ ကောင်းမွန်ပေသည်။
ချန်ချင်းယွီ ယခုအခါ ရှေးဟောင်းပစ္စည်းများကို ရွေးချယ်ရာတွင် နန်းတွင်းသုံးပစ္စည်းများကိုသာ အဓိကထား ဝယ်ယူပြီး၊ ၎င်းတို့အနက် အဖိုးတန်ဆုံးမှာ ထန်မင်းဆက်
အစောပိုင်း ထိုက်ကျုံးဧကရာဇ်လက်ထက်မှ သဘာဝကျောက်စိမ်းထုဆစ် အလှပြပစ္စည်း ဖြစ်၏။ ချန်ချင်းယွီကဲ့သို့ ရှေးဟောင်းပစ္စည်းအကြောင်း တစ်လုံးမှ နားမလည်သူပင် ဤကျောက်စိမ်းသည် မည်သို့မျှ အပြစ်အနာအဆာမရှိဘဲ အလွန်ပင် လက်ရာမြောက်လှပမှန်း သိသာလှပေသည်။
ချန်ချင်းယွီသည် မိမိကိုယ်ကိုယ်အတွက်လည်း "ဗာရှာရွန် ကွန်စတန်တင်" လက်ပတ်နာရီတစ်လုံး ဝယ်ယူခဲ့၏။ ဤသည်မှာ အဖိုးတန်ပစ္စည်းဖြစ်ရုံမျှမက အပြင်ထွက်ရာတွင် အမှန်တကယ် လိုအပ်သော အသုံးအဆောင်လည်း ဖြစ်သည်။
အမှန်၌ ချန်ချင်းယွီသည် ဟောင်ကောင်မှ ဂန်းစတားကြီးများ အနှစ်သက်ဆုံးဖြစ်သည့် ထွက်ပြေးတိမ်းရှောင်ရာတွင် အသုံးအဝင်ဆုံးဖြစ်သော "ရိုလက်စ်" ရွှေနာရီကိုလည်း သဘောကျမိ၏။
သို့သော် ထိုနာရီက မျက်စိကျစရာ အလွန်ကောင်းလွန်းသဖြင့် သူမသည် ဗာရှာရွန် ကွန်စတန်တင်ကိုသာ ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် ဗာရှာရွန် ကွန်စတန်
တင်မှာ ပိုမို၍ အဆမတန် ဈေးကြီးသော်လည်း၊ တောက်ပြောင်လှသော ရွှေနာရီနှင့် ယှဉ်လျှင် ပစ္စည်းအမျိုးအမည်ကို နားမလည်သူများမူ သိကြမည်မဟုတ်ပေ။
ပြောရလျှင် လူအများစုမှာ တီတိုနီ (Titoni) ကဲ့သို့သော တံဆိပ်များကိုသာ ပိုမိုနှစ်သက်ကြပြီး ထိုတံဆိပ်များကိုသာ လူသိများကြသည်။
ချန်ချင်းယွီသည် အဘွားကြီးကျောက်ကဲ့သို့ လူအများအာရုံစိုက်ခံရအောင် လုပ်တတ်သူမဟုတ်ဘဲ အမြဲတစေ ငြိမ်ငြိမ်ဆိတ်ဆိတ်သာ နေတတ်သူ ဖြစ်၏။ သူတို့မိသားစု ပစ္စည်းများစွာကို ဗြောင်းဆန်အောင် ဝယ်ယူနေကြသော်လည်း လူတိုင်း သူတို့ကို သိပ်ပြီး သတိမထားမိကြချေ။ အားလုံးမှာ အဘွားကြီးကျောက်ကိုသာ ပို၍ အာရုံစိုက်နေကြခြင်း ဖြစ်သည်။ သူမသည် တစ်ကိုယ်တော် စွမ်းရည်ဖြင့် လူအားလုံး၏ အကြည့်များကို လွှဲပြောင်းရယူထားပေးနိုင်ခဲ့၏။
မကြာသေးမီအတွင်း ယွမ်ဟောက်ဖုန်းနှင့် ဝမ်ကျန့်ကော်တို့သည် စာသားပါ တီရှပ်များကို ရောင်းချနေကြသည်။ ချန်ချင်းယွီကို အတုခိုး၍ လိုက်လံရောင်းချခြင်း ဖြစ်သဖြင့် ချန်ချင်းယွီလောက် ရောင်းမကောင်းသော်လည်း၊ အမြင်တစ်ခုမှ ကြည့်မည်ဆိုလျှင် အတော်အသင့်တော့ ဟန်နေသည်ဟု ဆိုရပေမည်။ သို့သော် ယွမ်ဟောက်ဖုန်း အနည်းငယ် မကျေမနပ် ဖြစ်နေဆဲ ဖြစ်၏။
သူသည် အိမ်၌ ညည်းတွားလျက်
"ငါက အစတုန်းက ဒီစာသားပါ တီရှပ်ရောင်းတာ တကယ့်ကို အလုပ်ဖြစ်မယ့် စီးပွားရေးလို့ ထင်ခဲ့တာ၊ အခုကြည့်ရတာတော့ အဲလိုလည်း မဟုတ်ပြန်ဘူး"
ကျောက်ရုံ : "ဘယ်လိုဖြစ်လို့လဲဟင်"
ယွမ်ဟောက်ဖုန်း : "ဒါက အပြင်ပန်းကြည့်ရင်သာ လူစည်ကားပြီး အရောင်းသွက်သလိုလိုနဲ့ တကယ်တော့ အပေါ်ယံရွှေမှုန်ကြဲထားတာ၊ ဂျင်းဘောင်းဘီတစ်ထည် ရောင်းရရင် တစ်ထည်ကို တစ်ဆယ့်လေး၊ တစ်ဆယ့်ငါးယွမ်လောက် မြတ်တာ။ တစ်ရက်ကို နှစ်ထည်ပဲ ရောင်းရရင်တောင် သုံးဆယ်ယွမ်ကျော် ရနေပြီလေ။ အခု ဒီစာသားပါ တီရှပ်ကျတော့ တစ်ထည်ရောင်းရမှ ငါးယွမ်တောင် မပြည့်ချင်ဘူး။ ယွမ်သုံးဆယ်ရဖို့အတွက် ခြောက်ထည်လောက် ကုန်အောင် ဇွတ်ရောင်းနေရတာ။ အမေ တွက်ကြည့်လေ... တကယ်တမ်းကျတော့ ရတဲ့အမြတ်က အတူတူပဲကိုး၊ ဒါပေမဲ့ လူက ပိုပင်ပန်းတယ်။ ဒါ သိပ်မဟန်ဘူး မဟုတ်လား။ ချန်ချင်းယွီတို့ ယောက္ခမနဲ့ချွေးမ စီးပွားရေး သိပ်ဖြစ်ထွန်းနေတာကို မြင်တော့ သူတို့ တော်တော်လေး အမြတ်အစွန်းများတယ် ထင်နေတာ၊ တကယ်တော့ ဒီလိုပါပဲလား... ဂျင်းဘောင်းဘီကို တစ်ရက်ထဲနဲ့ ရောင်းရတာကမှ..."
"နှစ်ထည်လား... အစစအရာရာ တွက်ကြည့်ရင် ဝင်ငွေက အရင်ကနဲ့ အတူတူပဲ၊ လူသာ အသေအလဲ ပင်ပန်းတာ"
"ဪ... ဒီလိုကိုး"
ကျောက်ရုံ နားလည်သွားဟန်ဖြင့် ရေရွတ်လိုက်၏။
ယွမ်ဟောက်ဖုန်း : "အင်းလေ... အဓိက ပြဿနာက ဒီအဝတ်အထည်တွေရဲ့ အမြတ်နှုန်းက ထင်သလောက် မမြင့်တာပဲ။ အများကြီး တွက်ထားတာတောင် တစ်ထည်ကို ငါးယွမ် မမြတ်ချင်ဘူး။ လက်ကားဈေးက ငါးယွမ်နဲ့ ငါးဆယ်ပြား၊ ဂျင်းဘောင်းဘီဈေးနဲ့ သိပ်မကွာဘူး။ ပိုက်ဆံ နည်းနည်းလေး ပိုစိုက်လိုက်ရင် ဂျင်းဘောင်းဘီ ရနိုင်တာပဲ။ ဒါပေမဲ့ မော်ဒန်ဂျင်းဘောင်းဘီက တစ်ထည်ကို ယွမ်နှစ်ဆယ်ကျော် ရောင်းလို့ရပြီး၊ ဒီတီရှပ်ကျတော့ ဆယ်ယွမ်ပဲ ရတာလေ။ ချန်ချင်းယွီတို့က အမြဲတမ်း ဆယ်ယွမ်နဲ့ ရောင်းနေကြတာ၊ အခု ကျွန်တော်တို့ ဈေးတိုးတောင်းချင်တော့ ဘယ်သူမှ မဝယ်ကြတော့ဘူး။ ဒီအပေါ်ယံ ရွှေမှုန်ကြဲတဲ့ ကောလာဟလတွေကြားထဲ လုံးဝ အလိမ်ခံလိုက်ရတာပဲ၊ နောင်ကျရင်တော့ သူများနောက်ကို စုံလုံကန်းပြီး လုံးဝ လိုက်မလုပ်တော့ဘူး"
ကျောက်ရုံ : "သားလည်း တော်တော် ပင်ပန်းသွားတာပဲ"
"ဟင်း... "
ယွမ်ဟောက်ဖုန်း မကျေမနပ် ဖြစ်နေသကဲ့သို့၊ ဝမ်ကျန့်ကော်သည်လည်း အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။ သူသည် ပိုက်ဆံအများကြီး ရှာချင်ခဲ့သော်လည်း အမြတ်နှုန်း ဤမျှအထိ နည်းပါးလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် သေချာပေါက် စိတ်တိုင်းမကျ ဖြစ်နေတော့၏။
သူသည် ပစ္စည်းရောင်းရန် မိခင်ဖြစ်သူကို အားကိုးနေရသော်လည်း၊ သူ၏မိခင်မှာမူ လည်လည်ဝယ်ဝယ် ဖျတ်လတ်မှု မရှိသည့်အပြင် လူအများကို နှိမ့်ချတတ်ကာ ပါးစပ်သရမ်းလှသဖြင့် သူ၏ အရောင်းအဝယ်မှာ ယွမ်ဟောက်ဖုန်းလောက်ပင် မကောင်းချေ။ ဝမ်ကျန့်ကော် မိမိ၏ စီးပွားရေးမှာ ယခင်လောက် မကောင်းရုံမျှမက ယခုအခါ ယွမ်ဟောက်ဖုန်းထက်ပင် နိမ့်ကျနေသည်ကို သတိပြုမိလာသဖြင့် စိတ်ထဲတွင် လုံးဝ မခံမရပ်နိုင် ဖြစ်လာတော့သည်။
လက်ရှိတွင် သူသည် အမြဲတမ်း မျက်နှာပျက်ကာ စိတ်ညစ်နွမ်းနေခဲ့ရ၏။
ဝမ်ကျန့်ကော် ဤကိစ္စကြောင့် စိတ်မချမ်းမမြေ့ဖြစ်နေရသည့်အပြင်၊ ပို၍ စိတ်ပျက်စရာကောင်းသည်မှာ ချဲမိသားစု ညီအစ်ကိုနှစ်ယောက် မိမိနောက်သို့ တိတ်တဆိတ် ထပ်ကြပ်မကွာ လိုက်နေကြသည်ကို သိရှိသွားခြင်းပင်။ ထိုလူများတွင် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှားလှပေသည်။ အိမ်တွင်းအိမ်ပြင် ပြဿနာပေါင်းစုံ ဝန်းရံနေသဖြင့် ဝမ်ကျန့်ကော်၏ စိတ်အခြေအနေ မကောင်းလှသည်မှာလည်း အံ့သြစရာ မဟုတ်ချေ။
သို့သော် သူသည် ဒီအတိုင်း ငြိမ်ခံနေမည့်သူ မဟုတ်ပေ။ ညနေခင်းတစ်ခုတွင် သူ တိတ်တဆိတ် အပြင်သို့ထွက်ကာ ချဲယုံဖုန်း၏ လမ်းကို ပိတ်ဆို့လိုက်တော့သည်။
နွေရာသီဖြစ်သော်လည်း ယခုအခါ ကိုးနာရီကျော်နေပြီဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေခဲ့ပြီ ဖြစ်၏။ အကယ်၍ မမှောင်သေးပါက ဝမ်ကျန့်ကော်လည်း ထွက်လာဝံ့မည် မဟုတ်ချေ။ သူသည် မနေ့ည၌ မိမိနောက်သို့ တိတ်တဆိတ် လိုက်ခဲ့သော ချဲယုံဖုန်းကို လှမ်းခေါ်လိုက်ပြီး၊ ၎င်းတို့နှစ်ဦးသည် လမ်းကြားဝတွင် ရင်ဆိုင်ရပ်လိုက်ကြ၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်ချင်းယွီသည်လည်း အပြင်သို့ ထွက်လာခဲ့သည်။
နွေရာသီတွင် အိပ်ခန်းထဲ၌ ဆီးအိုးသုံးရသည်မှာ တကယ့်ကို အနံ့အသက် မကောင်းသဖြင့်၊ သူမသည် အပြင်ဘက်ရှိ အများသုံးအိမ်သာသို့ သွားရန် ပိုမိုနှစ်သက်၏။
ချန်ချင်းယွီ : “သောက်ကျိုးနည်း..”
အာ... နင်တို့နဲ့ ထပ်တိုးပြန်ပြီ ..။
ချန်ချင်းယွီတွင် အတင်းအဖျင်းစနစ်ဟူ၍ မရှိပါသော်လည်း၊ အမြဲတမ်း အတင်းအဖျင်းများ သာမက ကောလာဟလ ပြဿနာပေါင်းစုံနှင့် ထိပ်တိုက်တိုးတတ်သော ထူးခြားသည့် အလှပန်းလေးတစ်ပွင့် ဖြစ်နေရှာသည်။
ဘာပဲဖြစ်ဖြစ် သူမက မိန်းမလှလေးတစ်ဦးလေ… ပန်းပွင့်လေးပဲ ဖြစ်ရမှာပေါ့…။
သူမ၏ ကံတရားမှာ တကယ့်ကို ထူးခြားလှပေသည်။
သူမ ညဘက် အိမ်သာသွားရင်းဖြင့် ဝမ်ကျန့်ကော် ချဲယုံဖုန်းကို အစပျိုး၍ လာရောက်ရှာဖွေနေသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူစားမျိုးများ အတူတူ ပူးပေါင်းနေကြသည်မှာ မည်သို့မျှ ကောင်းသောကိစ္စ မဖြစ်နိုင်မှန်း သိသာလှသဖြင့်၊ ချန်ချင်းယွီ အမှောင်ထုကို အကာအကွယ်ယူကာ အသံမထွက်အောင် တိတ်တဆိတ် အနားသို့ ကပ်၍ ချောင်းမြောင်းနားထောင်လိုက်တော့သည်။
သူမ အနားသို့ ချဉ်းကပ်မိရုံရှိသေး၊ ဝမ်ကျန့်ကော်မှာ
"မင်း ငါ့အပေါ် မုန်းတီးပြီး ကလဲ့စားချေချင်နေမှန်း ငါသိတယ်။ ဒါပေမဲ့ ကလဲ့စားချေနိုင်ခဲ့ရင်ကော ဘာဖြစ်မှာလဲ။ တကယ်လို့ ငါ့ကို ဒုက္ခပေးဖို့ ကြံစည်ရင် ငါ ရဲစခန်းကို တိုင်မှာပဲ၊ အဲဒီကျရင် မင်းတို့အားလုံး ထောင်ထဲ ပြန်ဝင်ရလိမ့်မယ်။ မင်းတို့ ထောင်ထဲ ထပ်ဝင်ချင်သေးလို့လား"
"မင်းလို သေချင်းဆိုးကများ... ဘယ်လို သတ္တိနဲ့ ဒီစကားကို ပြောရဲတာလဲ"
ချဲယုံဖုန်း ဒေါသတကြီး တုံ့ပြန်သည်။
ဝမ်ကျန့်ကော် : "စိတ်မဆိုးပါနဲ့… ငါ မင်းဆီကို တကယ့် အကြောင်းပြချက်အစစ်အမှန်နဲ့ လာခဲ့တာပါ"
ပြောဆိုကာ၊ လေသံကို လျှော့ချလျက် အလေးအနက် ပြောလိုက်သည်။
"ငါတို့ ပိုက်ဆံရှာဖို့အတွက် အတူတူ ပူးပေါင်းလို့ရတယ်လေ"
ချဲယုံဖုန်းက မဲ့ပြုံးပြုံးလိုက်ရင်း
"ပူးပေါင်းရမယ်ဟုတ်လား။ ဟမ့်... ငါက မင်းစကားကို ယုံမယ် ထင်နေလား"
သူသည် ဝမ်ကျန့်ကော်ကို လုံးဝ မယုံကြည်နိုင်တော့ပေ။ ဝမ်ကျန့်ကော် မိမိကို မည်မျှအထိ လှည့်စားခဲ့သည်ကို သူ ကောင်းကောင်းသိ၏။
တကယ်လို့ ဝမ်ကျန့်ကော်သာ မရှိခဲ့ရင် မိမိ ဒီနေ့လို အခြေအနေမျိုးအထိ ရောက်လာပါ့မလား…။
"ငါ့ကို လှည့်စားပြီး ထောင်ထဲမှာ သုံးလလောက် ဒုက္ခခံစေခဲ့တာ၊ ငါက မင်းနဲ့ စာရင်းတောင် မရှင်းရသေးဘူး... အခုထိ မင်းက ငါ့ကို လာပြီး စည်းရုံးဝံ့သေးတယ်ပေါ့။ မင်းကိုယ်တိုင်ကော ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"
ဝမ်ကျန့်ကော် : "ကဲပါဗျာ၊ အခြေအနေတွေက ဒီလိုဖြစ်ပျက်သွားခဲ့ပြီပဲ၊ အခြား ဘာလုပ်လို့ရဦးမှာလဲ။ ငါတို့ အတူတူ ပူးပေါင်းပြီး ပိုက်ဆံရှာကြရအောင်၊ ဒါဆိုရင် လူတိုင်းအတွက် အဆင်ပြေသွားမှာပေါ့"
ချဲယုံဖုန်းသည် စိတ်ထဲတွင် အနည်းငယ် တုံ့ဆိုင်းသွားမိသည်။
ဝမ်ကျန့်ကော် အခွင့်အရေးကို မြင်လိုက်ရသဖြင့် ချက်ချင်းပင်
"မင်းလည်း သိပါတယ်မဟုတ်လား။ ငါတို့ဝင်းထဲက မုဆိုးမလေးရဲ့ မိသားစုက လမ်းဘေးမှာ စျေးဆိုင်ဖွင့်ပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တာလေ"
ချဲယုံဖုန်း : "ငါက မကြာသေးမီက ဒီအနီးအနားမှာပဲ ဝေ့ဝဲနေတာ၊ ဒီအကြောင်းကို ကြားဖူးသားပဲ။ ဘာလဲ... မင်းက လုယက်ဖို့ ဒါမှမဟုတ် ခိုးယူဖို့ ကြံစည်နေတာလား။ ငါ ပြောလိုက်မယ်နော်၊ အဲလိုလုပ်ရင် ထောင်ကျလိမ့်မယ်။ ဘာလဲ... မင်းက ငါတို့ကို အသုံးချပြီး အဲဒါကို လုပ်ခိုင်းပြီးမှ ပစ္စည်းတွေကို ခွဲဝေယူချင်တာလား။ အိပ်မက်တင် မက်နေလိုက်၊ ငါ မင်းကို မယုံဘူး"
ဝမ်ကျန့်ကော်မှာ ဆွံ့အသွားရပြီး…
မင်းပြောတာတွေက တရားမဝင်တဲ့အလုပ်တွေပဲ၊ ငါလည်း ထောင်မကျချင်ဘူးကွ ငပိန်းရ…။
သူ စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း
"ငါ ပြောတာက... တကယ်လို့ မင်းသာ သူမနဲ့ အဆင်ပြေသွားရင် သူမရဲ့ ပိုက်ဆံတွေအကုန်လုံးက မင့်အပိုင် ဖြစ်သွားမှာပေါ့။ ငါက အများကြီး မလိုချင်ပါဘူး၊ သူမ ဘယ်ကနေ ပစ္စည်းတွေ ယူလဲဆိုတဲ့ လမ်းစလေးပဲ လိုချင်တာ။ ဘာပဲဖြစ်ဖြစ် မင်းက မိန်းမဆီကနေ ကပ်စားရတာ အကျင့်ဖြစ်နေတာပဲ မဟုတ်လား။ သူမက တကယ့်ကို မိုက်တယ် မဟုတ်လား။ ပိုက်ဆံလည်းရှိတယ်၊ အလှလည်း ရှိတယ်လေ"
ချန်ချင်းယွီသည် ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်ကျန့်ကော်ကို ချက်ချင်းပင် ရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
ဒါနဲ့ဆိုရင် ဒုတိယအကြိမ် ရှိပြီ…
သူမ စိတ်ထဲ ဒေါသတကြီး ရေရွတ်မိ၏။ ပထမအကြိမ်၌ သူသည် တောင်ပိုင်းသို့ အတူတူသွားရန်၊ လမ်းခရီးတွင် အဖော်ပြုပေးကာ ကူညီပေးမည့်သူအဖြစ် အသုံးချရန်အတွက် မိမိကို အကြောင်းပြချက်ပေးကာ ချဲမိသားစု ညီအစ်ကိုများကို လှည့်စားခဲ့ဖူးသည်။
ယခုတစ်ကြိမ်တွင်လည်း သူသည် မိမိကို ဒိုင်းအဖြစ် ထပ်မံအသုံးချရန် ကြံစည်နေပြန်ပြီ ဖြစ်ရာ…
ငါ့ကို အဲလောက်တောင် အနိုင်ကျင့်ရလွယ်တဲ့လူလို့ ထင်နေတာလား… ဝမ်ကျန့်ကော်… နင်သေပြီ။
သူမ တကယ့်ကို ဒေါသထွက်မိ၏။ ချန်ချင်းယွီ ဝမ်ကျန့်ကော်ကို တကယ့်ကို သည်းမခံနိုင်တော့ပေ။
စောက်ကျင့်မကောင်းတဲ့ လူစားမျိုး…။
ချန်ချင်းယွီ လက်သီးကို တင်းတင်းဆုပ်ထားမိပြီး၊ သူ့ကို အတင်းပြေးထိုးချင်စိတ်ကို မနည်းအောင့်အီး ထိန်းချုပ်ထားရရှာသည်။
သူမသည် အသက်ကို ပြင်းပြင်းရှူကာ အတင်းထရပ်လိုက်ပြီး ရှေ့သို့ စိုက်ကြည့်လိုက်၏။
ယခုတစ်ကြိမ်တွင် ချဲယုံဖုန်းသည် ရုတ်တရက် လည်ဝယ်သွားကာ မဲ့ပြုံးပြုံးလိုက်ရင်း ပက်ပက်စက်စက် ပြန်ပြောလေသည်။
"တကယ်လို့ အဲလိုဆိုရင်... မင်းကိုယ်တိုင်ပဲ မိန်းမဆီက ဘာလို့ ကပ်မစားရတာလဲ။ မင်းလည်း လူလွတ်ကြီးပဲ မဟုတ်လား။ ဘာလဲ... မင်းက ငါ့ကို အအလို့ ထင်နေတာလား။ သူမရဲ့ ယောက္ခမက တကယ့် မြေခွေးအိုမကြီးပဲ၊ မကြိုက်ရင် ခွေးကိုတောင် ကန်တတ်တဲ့လူစားမျိုး။ သူမက သူမရဲ့ ချွေးမကို နောက်အိမ်ထောင်ပြုဖို့ သဘောတူပါ့မလား။ မင်းက ငါ့ကို တကယ်ပဲ လူအ အောက်မေ့နေတာလား။ ငါက ဒီအနီးအနားမှာ ဝေ့ဝဲနေတာ ကြာပြီ၊ ဘာမှမသိဘူးလို့ ထင်နေလား။ ဝမ်ကျန့်ကော်... မင်းလို သေချင်းဆိုးကများ ငါ့ကို လာပြီး လှည့်စားချင်သေးတယ်"
ဝမ်ကျန့်ကော်၏ မျက်နှာတွင် အိုးတိုးအမ်းတမ်းနိုင်သော အမူအရာတစ်ခု ဖြတ်ပြေးသွားသော်လည်း၊ အလျင်အမြန်ပင် လေသံကို ပြန်ပြင်ကာ
"ငါတို့အားလုံးက ဝင်းတစ်ခုတည်းကလူတွေပဲ၊ ပတ်သက်မှုတစ်ခုခု ရှိနေရင် သူတို့ ရှင်းထုတ်လို့ မရနိုင်ဘူး။ ငါ့အမေလည်း အပါအဝင်ပေါ့၊ ဒါပေမဲ့ မင်းကတော့ မတူဘူး၊ မင်းအမေကလည်း မြေခွေးမပဲလေ၊ မြေခွေးမချင်း ထိပ်တိုက်တွေ့ရင် ကွက်တိပဲ မဟုတ်ဘူးလား"
"မင်းလို သေချင်းဆိုးကောင်..."
"ငါက အမှန်အတိုင်း ပြောတာပါ ပြီးတော့ ငါ မင်းကို သတင်းတစ်ခု ပေးနိုင်သေးတယ်။ အဲဒီမုဆိုးမလေးရဲ့ အဖေက အခုထိ ဆေးရုံတက်နေရတုန်းပဲ၊ မင်း အဲဒီကနေ စတင် လှုပ်ရှားလို့ရတယ်။ အဖေဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ယောက္ခမထက်စာရင် ပိုပြီးတော့ စည်းရုံးရလွယ်တာပေါ့၊ ဟုတ်တယ်မလား"
ချဲယုံဖုန်း : "ဒါက ဘာတွေလဲဟ"
"ဟုတ်တယ်လေ... ဒါပေမဲ့ ငါကတော့ အဲဒါကို မယုံပါဘူး။ မင်းကော... သရဲရှိတယ်ဆိုတာကို ယုံလား"
ဝမ်ကျန့်ကော် ထူးဆန်းသော လေသံဖြင့် မေးလိုက်လေသည်။
ချဲယုံဖုန်းသည် တွေးတောစဉ်းစားသွား၏။
ဝမ်ကျန့်ကော် : "မင်း အရင်ဆုံး ချန်ချင်းယွီရဲ့အဖေကို ချော့မြှောက်ထားလိုက်၊ ပြီးမှ အဲဒီအဖေက မုဆိုးမဖြစ်နေတဲ့ သူ့သမီးကို အိမ်ထောင်ဖက် မိတ်ဆက်ပေးမယ်ဆိုရင် ကွက်တိပဲ မဟုတ်ဘူးလား။ အဲဒီကျရင် ငါက ဒီဘက်ကနေ မင်းကို သတင်းတွေ လာပေးမယ်၊ အဆင်ပြေချောမွေ့စေရမယ်လို့ ငါအာမခံတယ်။ အချိန်တန်ရင် သူမတို့အိမ်က အိမ်ကလည်း မင်းအပိုင်၊ သူမရဲ့သားကလည်း မင်းအပိုင် ဖြစ်လာလိမ့်မယ်။ သူမက ပိုက်ဆံရှာပြီး မင်းကို ကျွေးဦးမှာလေ။ ဒါတင်မကသေးဘူး... ကလဲ့စားလည်း ချေပြီးသား ဖြစ်သွားမယ်၊ သူမတို့မိသားစုက မင်းကို အလုပ်ရုံမှူးဘဝကနေ အခြေခံအလုပ်သမားဘဝအထိ ကျအောင် တွင်းတူးခဲ့တာလေ။ မင်းက ဒီအတိုင်း လွှတ်ထားမလို့လား။ ဒါက ကလဲ့စားချေတာပဲ မဟုတ်လား။ ငါ ပြောလိုက်မယ်နော်... မင်းက လူရော ပစ္စည်းရော နှစ်မျိုးစလုံး ရမှာ။ မင်း ငါ့ရဲ့ ဒီအကြံဉာဏ်အတွက် ဒူးထောက်ပြီးတောင် ကျေးဇူးတင်သင့်တယ်..."
"ငါက ဘာလို့ သူများကလေးကို ကျွေးရမှာလဲ"
"မင်းကမှ ကလေးမမွေးနိုင်တာ မဟုတ်ဘူးလား"
ချဲယုံဖုန်း ဒေါသအဟုန်ပြင်းစွာဖြင့်
"မင်းကမှ မမွေးနိုင်တာကွ၊ သေချင်းဆိုးကောင်..."
ယောက်ျားတစ်ယောက်အနေဖြင့် ဤအရာကို အလိုအပ်ဆုံး သည်းမခံနိုင်သည်ဖြစ်ရာ၊ သူသည် လက်သီးကို တိုက်ရိုက်ဝှေ့ယမ်းပြီး အော်ဟစ်ကာ ထိုးနှက်လေတော့သည်။
"ငါ မင်းကို ရိုက်သတ်ပစ်မယ်၊ မအေပေးကောင်... ဘယ်သူ့ကို မမွေးနိုင်ဘူးလို့ ပြောတာလဲ..."
"စကားကို ကောင်းကောင်းပြောပါ၊ ဘာလို့ လက်ပါနေရတာလဲ"
"မင်းက ငါ့ကို မမွေးနိုင်ဘူးလို့ ပြောတာကိုး၊ ဒါက ယောက်ျားတစ်ယောက်ရဲ့ သိက္ခာပဲ..."
"မင်းကများ... ငါလည်း ပြန်ထိုးမှာပဲ... အား..."
ချန်ချင်းယွီသည် ၎င်းတို့နှစ်ဦး လုံးထွေးသတ်ပုတ်နေကြသည်ကို မြင်လိုက်ရသောအခါ ရေနောက်တွင် ငါးရှာရန် ပြင်တော့သည်။ သူမ ငုံ့၍ ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး တည့်တည့်ပစ်ပေါက်လိုက်ရာ၊ ဝမ်ကျန့်ကော်သည် ဒူးခေါင်းနောက်ဘက်မှ စူးစူးဝါးဝါး နာကျင်မှုကို ခံစားလိုက်ရပြီး "ဂွက်" ကနဲ ဒူးထောက်လျက် လဲကျသွား၏။ သူသည် လက်ကို လှမ်း၍ အတင်းဆွဲကိုင်လိုက်ရာ လျှောခနဲ ချဲယုံဖုန်း၏ ဘောင်းဘီကို ဆွဲချွတ်လိုက်သကဲ့သို့ ဖြစ်သွား၏။
ချန်ချင်းယွီ စိတ်ထဲမှ…
ဟယ်... ဒါက တကယ့်ကို တိုက်ဆိုင်လွန်းလှချေလား…။
ချဲယုံဖုန်း ဒေါသတကြီးဖြင့် အော်ဟစ်ကာ
"မအေပေးကောင်... နင် ဘာလုပ်တာလဲ..."
ချန်ချင်းယွီ ကျောက်ခဲတစ်လုံး ထပ်မံပစ်ပေါက်လိုက်ရာ၊ ဝမ်ကျန့်ကော်သည် ရှေ့သို့ ဟန်ချက်ပျက်၍ လဲကျသွားပြီး တစ်ဖက်လူကို အပေါ်မှ အုပ်မိုးလျက် ဖိမိသွားတော့သည်။
"အား အား အား အား... နင်တို့ ဘာတွေလုပ်နေကြတာလဲ... အား အား အား အား... လူတွေ လာကြပါဦး၊ ကာမဆန္ဒ ကျူးလွန်သူတွေကို ဖမ်းကြပါဦး..."
ချန်ချင်းယွီမှာမူ စိတ်ထဲတွင်…
အမလေး.. တိုက်ဆိုင်ချက်ဟယ်..။
ကျန်းရှင်းဖှ ဖြစ်နေရော့သလား..။
ကျန်းရှင်းဖှသည် အပြင်မှ ပြန်လာစဉ် လမ်းကြားဝသို့ အရောက် ဤမြင်ကွင်းကို ကွက်တိမြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ ဝင်းထဲတွင် အမြဲတမ်း စည်းကမ်းရှိလှပါသည်ဆိုသော အမျိုးသား ဝမ်ကျန့်ကော်သည် အခြားအမျိုးသားတစ်ဦး၏ ဘောင်းဘီကို ဆွဲချွတ်ကာ အပေါ်မှ ဖိထားသည်ကို သူ အသေအချာ မြင်လိုက်ရခြင်း ဖြစ်၏။ သူသည် ကွက်ကွက်ကွင်းကွင်းကို မြင်လိုက်ရခြင်း ဖြစ်၏။
"လူတွေ လာကြပါဦးဗျို့၊ ယောက်ျားနှစ်ယောက် ဗြောင်ကျကျ ပျော်ပါးနေကြလို့၊ လာကြည့်ကြပါဦး..."
ချန်ချင်းယွီ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေသဖြင့် ကျန်းရှင်းဖှ သူမကို မမြင်ရချေ။ သူသည် ဆူညံစွာ အော်ဟစ်ရင်း နေရာတင် ခုန်ပေါက်နေကာ မျောက်မီးခဲကိုင်မိသကဲ့သို့ အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။
နောက်ဆုံးတော့... နောက်ဆုံးတော့ အခြားသူတစ်ယောက် ပြဿနာတက်တာကို မြင်ရပြီ…။
နောင်ကျရင်တော့ ယောက်ျားရော မိန်းမပါ မရှောင်တတ်ဘူးဆိုတဲ့ နာမည်ဆိုးက သူတစ်ယောက်တည်း ရှိတော့မှာ မဟုတ်ဘူး…။
"မြန်မြန် လာကြပါဦးဗျို့..."
သူ အာခေါင်ခြစ်၍ အော်ဟစ်နေ၏။
"ဘာလို့ အော်နေတာလဲ၊ လျှောက်မပြောနဲ့..."
"လူကို မတရားမစွပ်စွဲနဲ့"
၎င်းတို့နှစ်ဦးသည် ရုန်းကန်ကာ ထရန် ပြင်ကြသော်လည်း၊ ချန်ချင်းယွီကျောက်ခဲလေးကို ထပ်မံ၍ တောက်ထုတ်လိုက်ရာ၊ "ဖတ်" ကနဲ ၎င်းတို့နှစ်ဦး နှုတ်ခမ်းချင်း အပ်မိသွားကြတော့သည်။
"အား အား အား..."
ကျန်းရှင်းဖှသည် မျက်လုံးများ ပြူးကျယ်သွားကာ မျက်လုံးအိမ်ထဲမှ ထွက်ကျမတတ် ဖြစ်သွားရ၏။
"ဝိုး... ဒါ ဘာတွေလုပ်နေကြတာလဲ"
"ဘုရားရေ... အစစ်အမှန်ကြီးပါလား"
"ဒါ... ဒါ... ဘေးဝင်းက ဝမ်ကျန့်ကော် မဟုတ်လား"
ကျန်းရှင်းဖှ : "သူပဲ၊ သူပဲ၊ သူအစစ်ပဲ။ အဲဒီအောက်က ယောက်ျားကတော့... အာ... သူက ဘယ်သူလဲ၊ ချဲယုံဖုန်းပဲလေ။ အမလေး... သူတို့က ချစ်လိုက်မုန်းလိုက်နဲ့ပါလား။ အရင်တုန်းက ဝမ်ကျန့်ကော်က ချဲယုံဖုန်းကို ထောင်ထဲ ထည့်ခဲ့တာ ခင်များတို့ မှတ်မိသေးလား။ လွန်ခဲ့တဲ့ လအနည်းငယ်ကတင် ဖြစ်တာလေ။ ငါ ပြောသားပဲ... ရန်ဖြစ်တာတင်ကို ဘာလို့ ဒီလောက်အထိ အညှိုးကြီးနေရတာလဲလို့၊ အခုတော့ အကြောင်းရင်းကို သိပြီ။ ဒါ အစတုန်းက အချစ်ကြီးလို့ အမုန်းကြီးသွားတာလား"
ကျန်းရှင်းဖှ၏ အော်ဟစ်သံကြောင့် လူအုပ်ကြီး အလျင်အမြန်ပင် ရောက်ရှိလာကြရာ၊ ချန်ချင်းယွီသည် အခွင့်ကောင်းယူ၍ နံရံပေါ်သို့ တက်လိုက်ပြီး အိမ်သာအမိုးပေါ်တွင် ကုန်းကုန်းလေး ထိုင်လိုက်၏။ သူမသည် အတင်းအဖျင်းကိုလည်း ဝဝလင်လင် ကြည့်ရှုနိုင်သလို၊ လက်ဆော့ခြေဆော့လည်း လုပ်နိုင်သေးသည်။ အမျိုးသားအချင်းချင်း မဟုတ်တာလုပ်သည်ဟူသော ကိစ္စမှာ တကယ့်ကို ထူးဆန်းလှသဖြင့်၊ ကျန်းရှင်းဖှ အော်လိုက်သည်နှင့် လူများ ယုန်များထက်ပင် မြန်အောင် ပြေးလာကြတော့၏။
လူတိုင်း ရှေ့မှ မပြောပြတတ်လောက်အောင် ဆန်းပြားလှသော မြင်ကွင်းကို ကြည့်ရှုရင်း အသက်ရှူမှားမတတ် အံ့သြနေကြရသည်။
သူတို့ဝင်းထဲမှ လူများလည်း အများအပြား ထွက်လာကြပြီ ဖြစ်၏။
"သူတို့က တကယ့်ကို..."
"သတ္တိရှိလှချေလား၊ ဒီလိုအလုပ်မျိုးကို ဘယ်လိုလုပ်ရဲတာလဲ"
"ဝမ်ကျန့်ကော် လင်မယားကွဲတာ မဆန်းတော့ပါဘူး"
"အာ... မဟုတ်သေးပါဘူး၊ ညည်းတို့ဝင်းက အမျိုးသားရဲဘော်တွေက ဘာဖြစ်နေကြတာလဲ။ ဘာလို့ အမြဲတမ်း ဒီလိုကိစ္စမျိုးတွေပဲ လုပ်နေကြတာလဲ။ ငါဖြင့် တကယ်ကို ပြောစရာ စကားမရှိတော့ဘူး၊ နူးညံ့ပျော့ပြောင်းတဲ့ မိန်းမလှလေးတွေက မကောင်းလို့လား။ ဘာလို့ ဒီအလုပ်ကိုပဲ စွဲလန်းနေရတာလဲ၊ ဒါတွေက ဘယ်သူ့ဆီက သင်လာတာလဲ..."
ကျန်းရှင်းဖှ : "ကျွန်တော်က မဟုတ်ဘူးနော်၊ ကျွန်တော် ထိုစဉ်က အမတရား စွပ်စွဲခံရတာ။ သူတို့ကမှ တကယ့်ကို မရိုးမသား ဖြစ်နေကြတာ၊ ကျွန်တော်တို့နဲ့ မတူဘူး။ ကျွန်တော်က အပြစ်မဲ့တဲ့ လူကောင်း..."
"ငါကမှ အပြစ်မဲ့တာ၊ ငါတို့က မတော်တဆ ဖြစ်သွားတာ..."
ကျန်းရှင်းဖှ : "လူတွေကို လာမလိမ်နဲ့၊ ငါ အကုန်လုံးကို အသေအချာ မြင်လိုက်တာ။ ကြည့်ဦး... ဘောင်းဘီကတောင် ဒီလိုဖြစ်နေပြီ။ အပြစ်မဲ့သေးတယ်လို့ ပြောရဲသေးတယ်။ ညဉ့်နက်သန်းခေါင်မှာ တိတ်တဆိတ် အတူတူရှိနေကြတာ... ဟင်းဟင်း..."
သူ လက်ညှိုးထိုးပြလေသည်။
"ကျန်းရှင်းဖှ... ငါ မင်းကို သတ်ပစ်မယ်၊ လျှောက်ပြောနေတာ၊ ငါတို့ကို မတရား စွပ်စွဲနေတာ..."
ကျန်းရှင်းဖှ : "မင်းတို့ ငါ့ကို လာမလွှဲချနဲ့၊ ငါ အသေအချာကို မြင်လိုက်တာ။ လူတိုင်းလည်း မြင်တယ်မဟုတ်လား။ လူထုရဲ့ မျက်စိက စူးရှပါတယ်"
"ဟုတ်တယ် ဟုတ်တယ်..."
"ကျန်းရှင်းဖှ... နင်လို ကောင်စုတ်ကများ ငါ့သားကို မတရား စွပ်စွဲရဲတယ်၊ ငါ နင့်ကို ရိုက်သတ်ပစ်မယ်... ငါ့သားက ဒီလောက်လူကောင်းဖြစ်တာ၊ နင်တို့ပြောသလို လုံးဝ မဟုတ်ဘူး..."
အဘွားကြီးဝမ် ပြေးထွက်လာပြီး ကျန်းရှင်းဖှကို လှမ်း၍ ရိုက်နှက်တော့သည်။
အဘွားကြီးဟွမ်လည်း ချက်ချင်းပင် ဝင်ရောက်စစ်ကူပေးကာ
"အိုဟိုး... နင်ကများ ငါ့သားကို လာပြီး အနိုင်ကျင့်ရဲသေးတယ်။ နင့်သားကိုယ်တိုင် လုပ်တဲ့ အရှက်ကွဲစရာ ကိစ္စကို ဘယ်သူ့ကို သွားလွှဲချင်တာလဲ"
ထို့နောက် အဘွားကြီးဝမ်ကို အလဲအထပ် တိုက်ခိုက်လေတော့၏။
အဘွားကြီးဝမ်မှာမူ လုံးဝ ယှဉ်နိုင်စွမ်းမရှိချေ။
သူမသည် ဝင်းတစ်ခုလုံးတွင် တိုက်ခိုက်နိုင်စွမ်း အနိမ့်ဆုံးပုဂ္ဂိုလ် ဖြစ်၏။
အဘွားကြီးဟွမ်သည် နှစ်ချက်၊ သုံးချက်မျှဖြင့် တစ်ဖက်လူကို ဖိနှိပ်ထားလိုက်ပြီး
"ငါ နင့်ကို ဆုံးမတာကို ကြည့်ထားစမ်း..."
"အား..."
"ငါ့အမေကို လွှတ်လိုက်..."
"နင်ကလည်း အဲဒီယောက်ျားကြီးကို အမြန်လွှတ်လိုက်ပါတော့..."
"ဒါက ဘာတွေလဲဟ..."
အခင်းဖြစ်ပွားရာ နေရာတစ်ခုလုံး ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ချန်ချင်းယွီ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကိုယ်ကို ကုန်းလျက် ဘေးဘက်နံရံပေါ်သို့ ခုန်ဆင်းကာ လူအုပ်ကြီး၏ နောက်ဆုံးဘက်သို့ ပတ်သွားလိုက်၏။ ညမှောင်နေခြင်း၏ အားသာချက်မှာ မည်သည့်အရာကိုမဆို အကာအကွယ်ဖြင့် လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ဝမ်ကျန့်ကော်သည် မိမိ၏ ရည်ရွယ်ချက် အောင်မြင်ရန်အတွက် သူမကို အမြဲတစေ အသုံးချတတ်သည် မဟုတ်လော့။
ဟဲဟဲ... ဒီတစ်ခေါက်တော့ သူ့မှာ ဘယ်လိုဂုဏ်သိက္ခာမျိုး ကျန်ဦးမလဲ ကြည့်ရသေးတာပေါ့... ထိုက်တန်တယ်... တကယ့်ကို ထိုက်တန်လွန်းတယ်...
သူမ စိတ်ထဲ ကျေနပ်စွာ ကျိန်ဆဲမိသည်။ ဝမ်ကျန့်ကော်မှာ တကယ့်ကို အပြင်ပန်းတွင် သူတော်ကောင်းယောင်ဆောင်ထားသော လူယုတ်မာတစ်ဦး ဖြစ်ရာ၊ ယခင်၌ သူ၏ ဂုဏ်သိက္ခာ ညိုးနွမ်းမှုက မလုံလောက်သေးဘဲ ယခုတစ်ကြိမ်တွင်မူ ကွက်တိပင် ဖြစ်သွားတော့သည်။ ထူးထူးခြားခြားပင် ယခုတစ်ကြိမ် ကျန်းရှင်းဖှ ပေါ်လာခြင်းမှာ တကယ့်ကို တိုက်ဆိုင်လှပလှသည်ဟု ချန်ချင်းယွီ ခံစားလိုက်မိ၏။
အလွန် ကောင်းမွန်လှပေသည်။
သူမကိုယ်တိုင်ပင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ဟဲဟဲ... တကယ့်ကို ကောင်းလှပါဘိ..။
သူမသည် လေသံကိုမြှင့်ကာ
"ဒါကြောင့်မို့လို့ကိုး... ညဉ့်နက်သန်းခေါင်ကြီးမှာ အပြင်ထွက်ရတယ်ဆိုတာ တကယ်တော့ ချိန်းတွေ့နေကြတာကိုး။ တကယ့်ကို မစောင့်နိုင်ကြဘူးပဲ။ ညဉ့်နက်ကြီးမှာ လမ်းကြားထဲမှာ ဒီလိုမျိုး လျှောက်လုပ်နေကြတာ၊ ခြင်ကိုက်မှာတောင် မကြောက်ကြဘူးလား"
ဤကောလာဟလကို အတည်ဖြစ်အောင် ဝိုင်းဝန်းပြောဆိုပေးလိုက်သည်။
"ညည်းက ဘာမှနားမလည်ပါဘူး၊ ဒါကို အချစ်ဇော ကြွနေတာလို့ ခေါ်တယ်..."
"အော့..."
"ဝေါ့..."
“ထွီ…”