အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) မနာလိုမှုနဲ့အကြံအစည်
ဝမ်ကျန့်ကော်နှင့် ချဲယုံဖုန်းတို့သည်လည်း ကိစ္စရပ်များ ဤမျှအထိ ထိုးနှက်ချက်ပြင်းထန်သော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
ချဲယုံဖုန်းခမျာ… နာကျည်းစွာဖြင့်…
ကျုပ်… ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုဝံ့ပါတယ်၊ ညဉ့်နက်သန်းခေါင်ကြီးမှာ ဒီကို လာပြီး ချောင်းမြောင်းနေရတာက ဝမ်ကျန့်ကော်ကို မစင်တွင်းထဲ ကန်ချဖို့ အခွင့်အရေး ရှာနေတာပါကွ…. သူ့ကို အရင်တုန်းက ကျုပ်ခံခဲ့ရတဲ့ အရသာမျိုး ပြန်ပေးချင်လို့ဗျာ… ဒီလိုကိစ္စမျိုးက နေ့ခင်းဘက်ကျတော့ လုပ်လို့မဖြစ်ဘူးလေ၊ ညဘက်ကျတော့လည်း အခွင့်အရေးကို စောင့်ရသေးတာမို့လို့ ကျုပ်တို့ ညီအစ်ကိုနှစ်ယောက် အလှည့်ကျ လာစောင့်နေကြတာပါဗျာ…
သို့သော် သူ လုံးဝ ထင်မထားခဲ့သည်မှာ ဝမ်ကျန့်ကော်မှာ မိမိကို ပူးပေါင်းလုပ်ကိုင်ရန် လာရောက်စည်းရုံးလိမ့်မည်ဟူ၍ ဖြစ်ပြီး၊ ပို၍ ထင်မှတ်မထားသည်မှာ ဤကောင်သည် မိမိ၏ ဘောင်းဘီကို ဆွဲချွတ်ကာ အပေါ်မှ ဖိအုပ်လိုက်ခြင်းပင် ဖြစ်သည်။
ချဲယုံဖုန်းသည် ဝမ်ကျန့်ကော် တမင်လုပ်ခြင်းမဟုတ်၊ မတော်တဆ ဖြစ်သွားမှန်း သိသော်လည်း၊ အကယ်၍ မည်သူမှ မမြင်ပါက ဤအတိုင်း ပြီးသွားနိုင်သော်လည်း၊ ယခုတွင်မူ လူမြင်သွားခဲ့ပြီ ဖြစ်ရာ သဘောသဘာဝချင်း လုံးဝ မတူတော့ချေ။ လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းဝန်းပြောဆိုနေကြသဖြင့် ချဲယုံဖုန်း တွေးရင်းတွေးရင်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလာရပြီး၊ ‘ဒီကောင် ငါ့အပေါ် တစ်ခုခု ကြံစည်ချင်နေတာများလား’ ဟု ပို၍ သံသယဝင်လာတော့၏။
ဤသည်မှာ သူ ကြွားဝါနေခြင်း မဟုတ်ပေ။ သူသည် ယခင်၌ စက်ရုံလူကြီး၏ သမီးနှင့် အဆင်ပြေခဲ့သည်မှာ မိမိ၏ ရုပ်ရည်ချောမောမှုကြောင့် မဟုတ်ပါလော။
ရုပ်ရည်ချောမောသူပီပီ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသဖြင့်၊ ချဲယုံဖုန်းတစ်ယောက် တွေးတောလေ ပို၍ အခြေအနေ မဟန်လေ ဖြစ်လာကာ၊ အဝတ်အစားများကို တင်းကျပ်စွာ ဆွဲစေ့ထားရင်း ဝမ်ကျန့်ကော်ကို ကြည့်နေသော အမူအရာမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး လူမိုက်နှင့် တိုးနေသကဲ့သို့ ဖြစ်နေတော့သည်။ သူသည် ဝမ်ကျန့်ကော်ကို စိုက်ကြည့်လျက် သတိကြီးစွာ ပြောလိုက်၏။
"မင်းလို သေချင်းဆိုးကောင်... ငါ့ကို ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ ငါက မိန်းမတွေကိုပဲ နှစ်သက်တဲ့သူကွ"
ဝမ်ကျန့်ကော်မှာ ဤကောင် ဤမျှအထိ သရုပ်ဆောင်လိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ဒေါသထွက်ကာ
အော်ဟစ်ရှင်းလင်းတော့သည်။
"မင်းက လူအပဲ။ ငါလည်း မိန်းမကိုပဲ ကြိုက်တာ၊ မင်းလို ကောင်ကို ကြိုက်စရာလား။ ဒါက မတော်တဆ ဖြစ်သွားတာပါဆို၊ ငါ ပြောပြီးပြီပဲ။ မင်းက ဘာဖြစ်လို့ ဒီလို အမူအရာမျိုး လုပ်နေရတာလဲ။ လူကြီးမင်းတို့... ကျွန်တော့်ကို ယုံကြပါဗျာ၊ ကျွန်တော် တကယ်ပဲ အမှတ်မထင် ချော်လဲကျလို့ ဒီလို ဖြစ်သွားရတာပါ၊ ကျွန်တော်..."
"အလိုလေး... ဘာလို့ ဒီလောက်တောင် မတော်တဆတွေ များနေရတာလဲ။ ညဉ့်နက်ကြီးမှာ အပြင်ထွက်တာလည်း မတော်တဆ၊ အခြားယောက်ျားတစ်ယောက်နဲ့ ကပ်နေတာလည်း မတော်တဆ၊ ဘောင်းဘီကို ဆွဲချွတ်မိတာလည်း မတော်တဆ၊ အတူတူ လုံးထွေးနေကြတာလည်း မတော်တဆ... အဟက်၊ ဒီမတော်တဆတွေက တကယ့်ကို များပြားလှချေလား"
ချန်ချင်းယွီသည် လူအုပ်ကြီး၏ နောက်ဆုံးတွင် ရပ်နေသော်လည်း၊ လှမ်း၍ ပြောဆိုရန် အခွင့်အရေးကိုမူ လုံးဝ လက်လွတ်မခံပေ။
သူမ၏ လေသံ သိပ်မကျယ်သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူအချို့ ကြားသွားလျှင် လုံလောက်လှပေသည်။ အမှန်ပင် လူအုပ်ကြီးမှာ ဝေဝေဝါးဝါး ဖြစ်သွားကြပြီး၊ အချို့မှာ စကားကို ကောက်ချက်ချကာ သရော်ကြ၏။
"ဟုတ်တတ်အေ... နင်တို့အိမ်က မတော်တဆဖြစ်ရပ်တွေက တကယ့်ကို များလှချေလား"
"ကျန့်ကော်ရေ... နင် လင်မယားကွဲပြီး အထီးကျန်တဲ့ ရက်တွေမှာ ဒုက္ခရောက်နေမှန်း ငါတို့ သိပါတယ်၊ ဒါပေမဲ့ လင်မယားကွဲတယ်ဆိုပြီး လျှောက်မလုပ်ရဘူးလေ။ အိမ်ထောင်ဖက် ရှာမရရင်တောင် ယောက်ျားအချင်းချင်းတော့ သွားမရှာရဘူးလေ။ နင် ဒီလိုလုပ်တာ... ကျန်းရှင်းဖှနဲ့ ဘာထူးလို့လဲ"
"ဟုတ်ပါပေ့အေ၊ နင် ဒီလိုလုပ်တော့ နောင်ကျရင် ငါ့သားက ဘယ်လိုလုပ် အိမ်ထောင်ဖက် ရှာလို့ရတော့မှာလဲ။ နင်က ငါတို့ဝင်းရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေရုံတင်မကဘူး၊ ဒီတစ်ရပ်ကွက်လုံးရဲ့ မျက်နှာကိုပါ ဖျက်ဆီးလိုက်တာပဲ"
"စိတ်ပျက်စရာကောင်းလိုက်တာ၊ ငါတို့ဝင်းက မူလကတည်းက ပြဿနာများပါတယ်ဆိုမှ နင်က ဒါကိုပါ ထပ်လုပ်တယ်၊ နောင်ကျရင် ကလေးတွေ အိမ်ထောင်ဖက်ရှာရတာ ပိုပြီး ခက်ခဲတော့မှာပဲ"
ဤအချက်ကို တွေးမိသောအခါ၊ အိမ်တွင် အိမ်ထောင်ပြုမည့် အရွယ်ရောက်နေသော လူငယ်များရှိသည့် မိသားစုများအားလုံး ၎င်းတို့အပေါ် ဒေါသတကြီး စိုက်ကြည့်ကြတော့သည်။
"ညည်းတို့က ဘာသဘောလဲ။ ကိုယ့်တို့ဘာသာ အိမ်ထောင်ဖက် ရှာမရတာကို ငါ့သားကို လာအပြစ်တင်နေကြတယ်၊ ငါ့သားက..."
အဘွားကြီးဝမ် အော်ဟစ်သော်လည်း၊ သူမသည် အဘွားကြီးဟွမ်ကို မယှဉ်နိုင်သဖြင့် မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမည်းနေသည့်တိုင် မိမိသားကို ကာကွယ်ရန် အော်ဟစ်နေဆဲ ဖြစ်၏။
သို့သော် ညဉ့်နက်သန်းခေါင်ကြီးတွင် မည်သူ ပစ်ပေါက်လိုက်သည်မသိသော သဲများ သူမ၏ မျက်နှာပေါ်သို့ တည့်တည့်ကျရောက်လာတော့သည်။
အဘွားကြီးဝမ် ထိတ်လန့်တကြား အော်ဟစ်ကာ
"ညည်းတို့ ဘာလုပ်တာလဲ"
"ပါးစပ်ပိတ်ထားစမ်းပါ၊ လျှောက်ပြီး လေမဖြတ်နဲ့တော့"
"ဟုတ်တယ်"
ယခင် ကြည့်လျှင် ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းများကဲ့သို့ ထင်ရသော်လည်း၊ အမှန်တကယ်တွင် လူတစ်ယောက်၏ သဘာဝမှာ ၎င်းတို့၏ လူနေမှုဘဝ အခြေအနေပေါ်တွင်သာ မူတည်ပေသည်။ ဘဝမှာ ပရမ်းပတာ ဖြစ်သွားပြီးနောက်တွင်မူ မည်သည့် သိက္ခာတရားမျှ ကျန်ရှိတော့မည် မဟုတ်ပေ။
"ညည်းတို့အိမ်က ဝမ်ကျန့်ကော် လင်မယားကွဲတာ၊ မကွဲတာက ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဒါပေမဲ့ လမ်းကြားဝမှာ ယောက်ျားတစ်ယောက်ကို လာပြီး မဟုတ်တာလုပ်လို့တော့ မရဘူးလေ။ ညည်းတို့မိသားစုက အရှက်မရှိပေမယ့် ငါတို့က မျက်နှာလိုသေးတယ်၊ ဒါတွေက ဘာကိစ္စတွေလဲ"
"ဟုတ်ပါပေ့"
လူတိုင်း တစ်ယောက်တစ်ပေါက်ဖြင့် ဝိုင်းဝန်းရှုတ်ချပြစ်တင်နေကြ၏။
ချဲယုံဖုန်းသည် တိတ်တဆိတ် အကဲခတ်နေပြီး၊ လူတိုင်း ဝမ်ကျန့်ကော်ကိုသာ ဝိုင်းဝန်းတိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသောအခါ မျက်လုံး ကလည်ကလည် လုပ်ပြီး ခြေဦးတည့်ရာသို့ သုတ်ခြေတင် ပြေးတော့သည်။
ယခုအချိန်တွင် မပြေးလျှင် မည်သည့်အချိန်တွင် ပြေးမည်နည်း။
အပြေးနှင်တော့၏။
"ဟာ... ဟိုကောင် ပြေးပြီ..."
"တောက်... မအေပေးကောင်..."
"အဲဒီကောင် ပြေးပြီဟေ့..."
လူတိုင်း ဗီဇအရ လိုက်ဖမ်းရန် ပြင်ကြသော်လည်း၊ မာကျန့်ယီမှာ တားမြစ်ကာ
"မလိုက်နဲ့တော့ဗျာ၊ ပြန်ဖမ်းလာလည်း ဘာလုပ်ရမှာလဲ။ ဒီလို နာမည်ဆိုးထွက်နေပြီပဲ၊ ပြဿနာတစ်ခု လျော့တာက ပိုကောင်းပါတယ်"
သူသည်လည်း ဝင်း၏ ဂုဏ်သိက္ခာအတွက် တွေးတောပေးခြင်းဖြစ်ရာ၊ တစ်ဖက်လူ ပြေးသွားပါက ထပ်မံ၍ ငြင်းခုံနေစရာ မလိုတော့ချေ။
ဝမ်ကျန့်ကော် အော်ဟစ်တောင်းဆိုကာ
"မဟုတ်ဘူးလေ... သူ့ကို ပြန်ဖမ်းပေးကြပါဦး၊ ခင်များတို့ သူ့ကို ပြန်ဖမ်းပေးကြပါဦးဗျာ... ငါ့ရဲ့ ဂုဏ်သိက္ခာပါ... ငါတို့ကြားမှာ တကယ်ပဲ ဘာမှမရှိပါဘူး"
"ငါကိုယ်တိုင် မြင်လိုက်တာပါဆို၊ ငါ့ မျက်လုံးနှစ်လုံးစလုံးနဲ့ အသေအချာကို ရှင်းရှင်းလင်းလင်း မြင်လိုက်တာ။ မင်း ဖုံးကွယ်နိုင်မယ်လို့ မထင်နဲ့၊ ငါကတော့ အပိုင်မြင်လိုက်တာပဲ။ မင်းတို့ နှုတ်ခမ်းချင်းတောင် ထိမိသွားကြပြီလေ။ ညဘက် လမ်းကြားထဲမှာ လူမရှိဘူးဆိုပြီး လမ်းကြားဝမှာတင်... တကယ့်ကို ကြည့်ရဆိုးလွန်းလို့ မျက်စိကို အစုံမှိတ်ထားရတယ်"
ကျန်းရှင်းဖှ ခါးထောက်လျက် ပြောဆို၍ မိမိကိုယ်ကိုယ် အမြင့်ဆုံး ကျင့်ဝတ်သိက္ခာနေရာသို့ ပို့ဆောင်ထားလိုက်၏။
ကျန်းရှင်းဖှ ဆက်လက်၍ နှာခေါင်းတစ်ချက် ရှုံ့လျက် ကဲ့ရဲ့လိုက်သည်။
"ဆက်ပြီး ဟန်မဆောင်နဲ့တော့၊ ငါ့ မျက်နှာပေါ်က မျက်လုံးနှစ်လုံးကို အပေါက်တွေလို့ ထင်နေလား၊ ဒါက မျက်လုံးကွ၊ ငါ အသေအချာ မြင်လိုက်တာ"
"မင်းက တကယ့်ကို အပြင်ပန်းပဲ သူတော်ကောင်းယောင်ဆောင်ထားတဲ့ လူယုတ်မာပဲ"
မာကျန်း ရုတ်တရက် လှမ်းထောက်ကာ
"ကျန်းရှင်းဖှ... ဆက်မပြောနဲ့တော့၊ မင်း ဒီလိုမျိုး သားကောင်ချသလို လိုက်ပြောနေလို့ သူတို့က ကလဲ့စားချေလာရင် ဘယ်လိုလုပ်မလဲ"
ကျန်းရှင်းဖှ တစ်ချက် ကြောင်
အသွားပြီးနောက် ပြန်လည်အော်ဟစ်လိုက်သည်။
"ငါက ကြောက်စရာလား၊ ငါက ယောက်ျားတစ်ယောက်ပဲ၊ ဒါကို ကြောက်ရမှာလား။ ငါက တော်တော် တိုက်ခိုက်နိုင်တာနော်"
သူသည် ယခင် မိမိ အရိုက်ခံခဲ့ရဖူးသည်များကိုမူ လုံးဝ ထုတ်မပြောပေ။
မာကျန်း : "မင်းက ယောက်ျားတစ်ယောက်မို့လို့ ဘာမှမဖြစ်ပေမယ့်၊ မင်းသမီးက ဆယ့်ကျော်သက် မိန်းကလေးလေ၊ မင်းအဖေနဲ့ အမေကလည်း အသက်ကြီးနေပြီ။ အဲဒီလူက မင်းမိသားစုကို လာပြီး ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ။ မင်း နည်းနည်း သတိထားဦး၊ ပြဿနာ မရှာနဲ့တော့"
ကျန်းရှင်းဖှ မျက်လုံးပြူးလျက်
"သူ လုပ်ရဲလား ကြည့်သေးတာပေါ့... ငါ သူ့ကို အသက်နဲ့လဲပြီး တိုက်မှာ"
"ဒီလိုတော့လည်း မလုပ်လောက်ပါဘူး၊ တကယ်လို့ တစ်ခုခု လုပ်ရင်တော့ တကယ့်ကို လူမဆန်တဲ့အလုပ်ပဲ"
"သူက အဲလောက်အထိတော့ မယုတ်မာလောက်ပါဘူးနော်"
"လူ့မျက်နှာကသာ မြင်ရတာ၊ စိတ်ကိုတော့ သိနိုင်တာ မဟုတ်ဘူးလေ"
ဝမ်ကျန့်ကော် : "ခင်မျာဍတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း၊ ငါက အဲဒီလိုလူမျိုး မဟုတ်ဘူး..."
သူ အသက်ကို ပြင်းပြင်းရှူကာ၊ မျက်လုံးများ နီမြန်းလျက် ဒေါသတကြီးဖြင့်
"ငါ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအလုပ်မျိုးကိုတော့ မလုပ်ဘူး... ပြီးတော့ ငါ ပြောပြီးပြီပဲ... ငါ့ကိစ္စက တကယ်ပဲ မတရား စွပ်စွဲခံရတာပါ၊ တကယ်ကို မတရား စွပ်စွဲခံရတာပါဗျာ... ငါတို့က ကိစ္စအချို့ကို တိုင်ပင်နေရင်းနဲ့ အမှတ်မထင် ချော်လဲသွားတာပါ"
"ဘောင်းဘီ"
ကျန်းရှင်းဖှ ထောက်ပြ၏။
ဝမ်ကျန့်ကော် : "ဒါကလည်း မတော်တဆပါဆို၊ ငါ ခံစားလိုက်ရတာက တစ်ယောက်ယောက်က ငါ့ကို လှမ်းထုလိုက်သလိုပဲ..."
ထိုသို့ဆိုသော်လည်း သူ၏ နောက်ကွယ်တွင်မူ မည်သူမျှ မရှိခဲ့ချေ။
ကျန်းရှင်းဖှ : "ဘောင်းဘီ"
ဝမ်ကျန့်ကော် : "ငါက အဓိက... လူက တအားပင်ပန်းနေလို့ ချော်လဲကျသွားတာ..."
"ဘောင်းဘီ"
ဝမ်ကျန့်ကော် စိတ်အခြေအနေ လုံးဝ ပျက်ပြားသွားကာ အော်ဟစ်တော့သည်။
"ဘောင်းဘီ ဘောင်းဘီ ဘောင်းဘီနဲ့... မေးနိုးရဲ့ ပါးစပ်ပိတ်ထားလို့ မရဘူးလား... အား အား အား..."
"ဘောင်းဘီ..."
ဝမ်ကျန့်ကော်သည် ဤသို့ဖြင့် "ဘောင်းဘီ" ဟူသော နာမည်ပြောင်အသစ်ကို ပျော်ရွှင်စွာ ရရှိသွားရ၏။
ဝမ်ဘောင်းဘီ... အော်... မဟုတ်သေးပါဘူး… ဝမ်ကျန့်ကော်သည် နှာခေါင်းမှ မီးတောက်များ ထွက်မတတ် ဒေါသထွက်နေကာ "ခင်များတို့ ငါ့ကို မတရား စွပ်စွဲကြတာပေါ့၊ ခင်များတို့ စောင့်နေလိုက်ကြ..." ဟု အော်ဟစ်၍ လူအုပ်ကြီးကို အတင်းတွန်းဖယ်လျက် မိမိ၏ မိခင်ဖြစ်သူကို ဆွဲခေါ်ပြီး ပြောဆို ထွက်ခွါသွားသည်။
"သွားစို့အမေ၊ သူတို့က အထင်လွဲချင်ရင်လည်း လွဲကြပါစေတော့။ ကျွန်တော်လည်း ဘယ်လိုမှ ရှင်းပြလို့မရတော့ဘူး၊ ဖြူစင်တဲ့သူကတော့ အလိုလို ဖြူစင်နေမှာပဲ"
ချန်ချင်းယွီ မဲ့ပြုံးပြုံးရင်း တိတ်တဆိတ် ခေါင်းခါမိ၏။
ဘာလဲ... ရှင်းပြလို့မရဘူး၊ ဖြူစင်တဲ့သူက အလိုလို ဖြူစင်နေမှာပဲဟုတ်လား။ နင်က နင်ကိုယ်နင် ဧကရီမင်းသမီးကြီး ထင်နေတာလား…။
သို့သော်လည်း မာကျန့်ယီခမျာ တော်တော်လေး စိတ်ကောင်းရှိလှပေသည်။ သူသည် ဖျန်ဖြေပေးရှာကာ
"ဒီနေ့ကိစ္စက အထင်လွဲတာပါဗျာ၊ ကျွန်တော့်အထင်တော့ လူတိုင်းလည်း ဘာမှလျှောက်မပြောကြနဲ့တော့၊ လူစုခွဲလိုက်ကြရအောင်၊ အားလုံးပဲ ပြန်ကြပါတော့။ အထင်လွဲတာ၊ တကယ့်ကို အထင်လွဲတာပါ"
၎င်းမှာ အမှန်တကယ် အထင်လွဲသည်ဖြစ်စေ၊ မလွဲသည်ဖြစ်စေ၊ အားလုံး အထင်လွဲခြင်းဟူ၍သာ သတ်မှတ်ရပေမည်။ သို့မဟုတ်ပါက နာမည်ဆိုးကြီးမှာ တကယ့်ကို ကြားလို့မကောင်းလှချေ။ ဝမ်ကျန့်ကော် နာမည်ပျက်သည်မှာ အရေးမကြီးသော်လည်း၊ သူတို့ဝင်းကြီးတစ်ခုလုံး၏ ဂုဏ်သိက္ခာကိုမူ ငဲ့ရဦးမည် မဟုတ်ပါလော့။ ဝင်းထဲရှိ လူငယ်များလည်း နောက်နောင်တွင် အိမ်ထောင်ဖက် ရှာရဦးမည်သာ…။
မာကျန့်ယီ ထပ်မံ၍ လူစုခွဲရန် နိုးဆော်ကာ
"အားလုံးပဲ ဒီမှာ စုမနေကြပါနဲ့တော့၊ ပြန်စရာရှိတာ ပြန်ကြပါတော့ဗျာ"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကြပြီး၊ လူတိုင်း စကားမဆိုဘဲ ကိုယ်စီတွေးတောနေကြတော့သည်။
အဘွားကြီးကျောက် : "အဘိုးကြီးမာရေ... နင်က တကယ့်ကို လူကောင်းတစ်ယောက်ပါပဲအေ"
လူတိုင်းလည်း ခေါင်းတငြိတ်ငြိတ်ဖြင့် အဘိုးကြီးမာ အဘယ်ကြောင့် ဤသို့ပြောရသည်ကို သဘောပေါက်ကြပေသည်။
အဘိုးကြီးမာသည် ကိစ္စရပ်များကို အေးအေးလူလူနှင့် ရောချပစ်တတ်သည်ဆိုသော်လည်း၊ လူကိုယ်တိုင်ကား တကယ်ကို စိတ်ရင်းကောင်းသူဖြစ်၏။
ဤသို့ဖြင့် အစပိုင်းတွင် အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့သော ကိစ္စကြီးမှာ အဆုံးသတ်တွင်မူ ဖောလျှော ဖြစ်သွားရသော်လည်း၊ နောက်ပိုင်းတွင် မည်ကဲ့သို့သော ကောလာဟလများ ထွက်ပေါ်လာဦးမည်ကိုမူ ပြောရန် ခက်ခဲလှပေသည်။ ဤသည်မှာ မိမိ မပြောရုံမျှဖြင့် ပျောက်ကွယ်သွားမည့် အရာမျိုး မဟုတ်ပေ။
အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့သည် အိမ်သို့ အတူတူ ပြန်လာကြသော်လည်း၊ အတင်းအဖျင်းကို ဝဝလင်လင် မကြည့်ရသေးသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။
ချန်ချင်းယွီဟူသော မွေးရာပါ အတင်းအဖျင်း နတ်ဘုရားမလေးသည် အဘွားကြီးကျောက်၏ လက်ကို တိတ်တဆိတ် ဆွဲညှစ်လိုက်ရာ၊ အဘွားကြီးကျောက်လည်း ချက်ချင်းပင် သဘောပေါက်သွားပြီး…. ဪ... ဒီထဲမှာ အတွင်းရေးတွေ ရှိနေသေးတာကိုး…။
သူမ အိမ်သို့ အမြန်ဆုံးပြန်ကာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို သိရှိချင်လှသဖြင့် ခြေလှမ်းများကို ပိုမို အရှိန်မြင့် လာခဲ့တော့သည်။ ချန်ချင်းယွီသည် အဘွားကြီးကျောက်နှင့်အတူ အိမ်သို့ ပြန်သွားခဲ့သော်လည်း၊ အခြားသူများတွင်မူ ကိုယ်စီအတွေးများ ရှိနေကြ၏။ ယနေ့ ဆွေးနွေးငြင်းခုံမှု၏ ဗဟိုချက်မမှာ သေချာပေါက် ဝမ်ကျန့်ကော်ပင် ဖြစ်ရပေမည်။ ဤမျှလောက် ပူအိုက်လှသော ရာသီဥတုတွင် လူတိုင်း ယပ်တောင်ကို ခတ်ရင်းဖြင့် ဝမ်ကျန့်ကော်၏ အသွေးအသား အရိုးပါမကျန် အတင်းပြောရန် ကြံနေကြလေသည်။
ယွမ်မိသားစုအိမ်တွင် ကျောက်ရုံတစ်ယောက် ယွမ်ဟောက်ဖုန်းကို တည်ကြည်သော မျက်နှာထားဖြင့် သတိပေးလိုက်၏။
"နောင်ကျရင် သား ဝမ်ကျန့်ကော်နဲ့ ကျန်းရှင်းဖှတို့နားကို မကပ်နဲ့တော့၊ တစ်ယောက်မှ အနေအထိုင် မရိုးသားကြဘူး"
ယွမ်ဟောက်ဖုန်း : "ကျွန်တော် သိပါတယ်"
သူသည် မိမိကိုယ်တိုင် ဝမ်ကျန့်ကော်နှင့်အတူ တောင်ပိုင်းသို့ သွားခဲ့ဖူးသည်ကို ပြန်လည်တွေးမိကာ၊ စိတ်ထဲမှ ရွံရှာသွားမိသည်။
အမလေး... ကြက်သီးတွေတောင် ထလာတယ်…။
ထိုစဉ် ကွမ်ထင်းထင်းလည်း ယွမ်ဟောက်ဖုန်းကို သေသေချာချာ စိုက်ကြည့်လျက်
"ရှင် သူနဲ့ တောင်ပိုင်းကို အတူတူသွားတုန်းက ဘာမှမဖြစ်ခဲ့ပါဘူးနော်"
ယွမ်ဟောက်ဖုန်း : "ဘာတွေ လျှောက်ပြောနေတာလဲ၊ ဘာမှမဖြစ်ပါဘူး။ မင်းလည်း ငါ့အကြောင်း သိတာပဲ၊ ငါ ဘယ်လိုပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားစရာလား။ ငါ မင်းအပေါ် ဘယ်လိုသဘောထားလဲဆိုတာ မင်းမသိဘူးလား။ ပြီးတော့... ငါက ရူးနေလို့လား၊ သူနဲ့ ဘာမဟုတ်တာတွေ လုပ်ရမှာလဲ"
ယွမ်ဟောက်ရွှယ်လည်း သူမ၏ အစ်ကိုဖြစ်သူဘက်မှ ရပ်တည်ပေးကာ
"ကျွန်မ အစ်ကိုက အဲလောက်အထိ မျက်စိမကန်းပါဘူး၊ ယောင်းမကလည်း လျှောက်တွေးနေတာပဲ။ ပြီးတော့ ကျွန်မအမြင်ပြောရရင် ဝမ်ကျန့်ကော်နဲ့ ချဲယုံဖုန်းကြားမှာ အဲဒီလိုပတ်သက်မှု မရှိနိုင်ပါဘူး။ နင်တို့ မေ့နေကြပြီလား၊ ဝမ်ကျန့်ကော်က ချဲယုံဖုန်း ညီအစ်ကိုတွေကို ထောင်ထဲမှာ သုံးလလောက် ဒုက္ခပေးခဲ့တာလေ။ ကျွန်မကြည့်ရတာတော့ ဒါ ချဲယုံဖုန်းက ကလဲ့စားချေတဲ့အနေနဲ့ ဝမ်ကျန့်ကော်ရဲ့ နာမည်ကို တမင်ဖျက်ဆီးလိုက်တာပဲ ဖြစ်ရမယ်"
"အင်း... တွေးကြည့်တော့လည်း ဟုတ်သလိုလိုပဲနော်"
"ဒါပေါ့၊ မိမိကို တွင်းတူးခဲ့တဲ့လူအပေါ် ဘယ်သူက စိတ်လာဝင်စားမှာလဲ။ ပြီးတော့ တစ်ဖက်လူကလည်း ဘာအလှအပမှ ရှိတာ မဟုတ်ဘူး"
"ဟောက်ရွှယ် ပြောတာကမှ ပိုပြီး ယုတ္တိရှိသေးတယ်"
သူတို့သည် စကားအနည်းငယ် ပြောဆိုပြီးနောက် ကိုယ်စီ အခန်းထဲသို့ ပြန်သွားကြစဉ်၊ ကျောက်ရုံသည် မျက်လုံးတစ်ချက် ကစားသွားပြီး ယွမ်ဟောက်ရွှယ်၏ အခန်းထဲသို့ လိုက်ဝင်ကာ
"ဟောက်ရွှယ်... နင်နဲ့ အဲဒီ ဒုတိယစက်ရုံမှူးဟယ်တို့ ကိစ္စက ဘယ်လိုလဲအေ။ နင်တို့ ဘယ်တော့ မင်္ဂလာဆောင်ကြမှာလဲ။ နင့်အသက်ကလည်း မငယ်တော့ဘူး၊ ဒီကိစ္စကို အကြာကြီး ဆွဲမထားနဲ့။ ကြာသွားရင် ဘာပြဿနာတွေ ထပ်တက်လာဦးမလဲ မသိဘူး"
ဤအကြောင်းကို ပြောလိုက်သောအခါ ယွမ်ဟောက်ရွှယ်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ဖြင့်
"သူက မကြာသေးမီက ကျွန်မအပေါ် တော်တော်လေး အေးစက်နေတယ်"
"ဘာဖြစ်တယ်..."
ကျောက်ရုံ ထိတ်လန့်တကြား ရေရွတ်လိုက်ပြီး အလောတကြီး မေးမြန်းတော့သည်။
"သူက နင့်အပေါ် အေးစက်နေတယ်ဟုတ်လား။ ဘာဖြစ်လို့လဲ။ နင် သူ့ကို စိတ်ဆိုးအောင် လုပ်မိလို့လား။ ဒီလိုအမျိုးသားမျိုးတွေက အတ္တနည်းနည်းကြီးတတ်တယ်၊ နင် အခုအချိန်မှာ သူ့အလိုကို လိုက်ပြီး အရင်ဆုံး ဖမ်းဆုပ်ထားရမှာလေ။ နင် ဇွတ်တရွတ် မလုပ်နဲ့ဦး"
"ကျွန်မ သိပါတယ်၊ အကုန်သိတာပေါ့။ ဒါပေမဲ့ သူက အလိုလိုနေရင်း အေးစက်သွားတာကို ကျွန်မလည်း ဘာတတ်နိုင်မှာလဲ"
သူမသည်လည်း စိတ်ထဲတွင် အလွန်ပင် မကျေမနပ် ဖြစ်နေရ၏။ သူမသည် ဂုဏ်သရေရှိအိမ်သို့ အထက်တန်းကျကျ လိုက်ပါရန် မျှော်လင့်နေခြင်း ဖြစ်သည်။ ဒုတိယစက်ရုံမှူးဟယ်မှာ အသက် လေးဆယ်ကျော်နေပြီဆိုသော်လည်း၊ လူပုံစံသည် တည်ငြိမ်ခန့်ညားပြီး ရုပ်ရည်ရှိသဖြင့် ဟောက်ရွှယ်မှာ မိမိကိုယ်ကိုယ် နစ်နာသည်ဟု မထင်ချေ။ ထို့အပြင် ရာထူးနှင့် ပိုက်ဆံသည် အမျိုးသားတစ်ဦးအတွက် အကောင်းဆုံး ဂုဏ်ပုဒ်များ မဟုတ်လော့။
ယွမ်ဟောက်ရွှယ် : "အမေ... အမေလည်း ကျွန်မအတွက် ဒီကိစ္စကို နည်းနည်း ဝိုင်းတွေးပေးဦး"
သူမ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိရကာ
"ဒါနဲ့... ပြီးခဲ့တဲ့ရက်ပိုင်းက သူ ကျွန်မကို ရုတ်တရက် မေးတယ်။ ကျွန်မက ချန်ချင်းယွီနဲ့ ဝင်းတစ်ခုတည်းမှာ နေတာလားတဲ့။ ကျွန်မ အဲ့တုန်းက သူ ဘယ်သူ့ကို ပြောမှန်း ချက်ချင်း သဘောမပေါက်ဘူး။ နောက်မှ စဉ်းစားကြည့်တော့မှ အဲဒီမုဆိုးမလေးကို ပြောတာမှန်း သိတာ။ အမေ... ကျွန်မ ရင်တွေ တုန်လိုက်တာ။ တွက်ကြည့်လေ..."
သူမသည် နှုတ်ခမ်းကို ကိုက်လိုက်
ရင်း စိုးရိမ်တကြီး မေးလိုက်၏။
"သူက ချန်ချင်းယွီကို သဘောကျသွားတာများလား"
သူမ ဤရက်ပိုင်းအတွင်း ထိုအတွေးကို စိတ်ထဲ၌ မျိုသိပ်ထားရသဖြင့် တကယ့်ကို နေရထိုင်ရ ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။
သူမ မဝန်ခံချင်ပေမဲ့လည်း ချန်ချင်းယွီ တကယ့်ကို လှပမှန်း သူမ သိနေ၏။
သူမကိုယ်တိုင် ခေတ်မီပြီး ဖက်ရှင်ကျကျ ဝတ်ဆင်ထားသော်လည်း ချန်ချင်းယွီထက် ပို၍ ထိုးထွက်ကာ ထင်ပေါ်မနေခြင်းမှာ ယွမ်ဟောက်ရွှယ်ကို အလွန် စိုးရိမ်ပူပန်စေသည်။
ကျောက်ရုံ : "ဘာဖြစ်တယ်... တကယ်ပဲ ဒီလိုကိစ္စမျိုး ရှိတာလား။ ငါ့ကို အသေးစိတ် ပြောစမ်းပါဦး၊ သူ နောက်ထပ် ဘာပြောသေးလဲ"
"သူ အများကြီးတော့ မပြောပါဘူး၊ တစ်ခွန်းပဲ မေးတာ။ အမှန်တော့ ကျွန်မ ဒါကို သူ့အပေါ် တစ်ခါမှ မဖုံးကွယ်ခဲ့ဖူးသလို၊ ချန်ချင်းယွီနဲ့ သိတာကိုလည်း မဖုံးကွယ်ခဲ့ပါဘူး။ အရင်တုန်းကတော့ သူ သတိမထားမိတာနေမှာ၊ ဒါပေမဲ့ မကြာသေးခင်ကမှ ရုတ်တရက် လာမေးတာ။ ကျွန်မ ကြောက်တာက သူ... အမေ၊ ကျွန်မကတော့ သူ့ကို သေချာပေါက် ယူမှာနော်။ အမေ ကျွန်မကို အတက်နိုင်ဆုံး ဝိုင်းကူညီပေးရမယ်၊ ကျွန်မ နောက်ထပ် သူ့ထက် အခြေအနေကောင်းတဲ့လူကို ရှာနိုင်မှာ မဟုတ်တော့ဘူး"
သူမသည် လီလင်းလင်းကဲ့သို့ အချစ်ကန်းနေသည့်လူမျိုး မဟုတ်ပေ၊ သူမ ကြည့်သည်မှာ အကျိုးအမြတ်ကိုသာ ဖြစ်၏။
ဒုတိယစက်ရုံမှူးဟယ် တည်ငြိမ်ခန့်ညားပြီး လူကြီးလူကောင်းဆန်သည်ဆိုသော်လည်း၊ ပိုက်ဆံကြောင့်သာ မဟုတ်လျှင် သူမအနေဖြင့် မိမိနှင့် သက်တူရွယ်တူတစ်ယောက်ကို ရှာ၍ရပေသည်။ ဒုတိယစက်ရုံမှူးဟယ်နှင့် လက်တွဲရန် ဆန္ဒရှိရခြင်းမှာ အနာဂတ်အတွက်ကို မျှော်ကိုး၍ ဖြစ်၏။ သူမ သေချာပေါက် အပယ်ခံရ၍ မဖြစ်ချေ။
"သူသာ မရှိရင် ကျွန်မတို့အိမ်က ဒီလောက် သက်သက်သာသာနဲ့ ကာလာတီဗီကို ဝယ်နိုင်ပါ့မလား။ ဒါက သူ့ရဲ့ အဆက်အသွယ်ကို သုံးပြီး ယူထားရတာလေ။ ပြီးတော့... ပြီးတော့လည်း..."
"တော်ပြီ၊ ဒါကို ငါမသိဘဲ နေမလား။ ငါလည်း အခု ဒီကိစ္စကိုပဲ တွေးနေတာပဲမဟုတ်လား"
ကျောက်ရုံ မကျေမနပ်ဖြင့်
"ချန်ချင်းယွီဆိုတဲ့ မျက်နှာပြောင်မက စုန်းမလေးကျနေတာပဲ၊ ရုပ်ကလေး နည်းနည်းလေး ချောတာကို အားကိုးပြီး ယောက်ျားတွေကိုပဲ လိုက်မြှူဆွယ်နေတာ၊ တကယ့်ကို အရှက်မရှိတဲ့ ကောင်မစုတ်ပဲ။ အခုတော့ ငါတို့အိမ်ကိုပါ လာပြီး ကြံစည်နေပြီ၊ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်းလည်း သိတာ မဟုတ်ဘူး"
သူမ ဆက်လက်၍
"ချန်ချင်းယွီကသာ လာပြီး မမြှူဆွယ်ရင် ဒီလိုကိစ္စတွေ ဖြစ်လာစရာအကြောင်း မရှိဘူး။ ယောက်ျားတွေဆိုတာက ရိုးအ အကြံအဖန်မရှိကြတော့ ဒါမျိုးကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။ ချန်ချင်းယွီက နင့်ကို မနာလိုဖြစ်လို့ ကွယ်ရာမှာ သူ့ကို တမင်သက်သက် သွားပြီး မြှူဆွယ်နေတာ သေချာတယ်"
ယွမ်ဟောက်ရွှယ် : "အာ... ဒါတော့ မဖြစ်နိုင်လောက်ပါဘူးနော်"
သူမသည် ချန်ချင်းယွီကို သိပ်မနှစ်သက်ဘဲ သူမ၏ရုပ်ရည်ကို မနာလိုဖြစ်နေသည်ဆိုသော်လည်း၊ ချန်ချင်းယွီ ဒုတိယစက်ရုံမှူးဟယ်ကို မြှူဆွယ်နေသည်ဟူသော ကိစ္စကိုမူ သူမ သိပ်ပြီးတော့ မယုံကြည်ပေ။
‘ချန်ချင်းယွီမှာ အဲဒီလိုအချိန်မျိုး ဘယ်ကနေ ရှိမှာလဲ’
‘ချန်ချင်းယွီတို့အိမ်မှာ တကယ့် မြေခွေးမကြီးတစ်ကောင်လည်း ရှိနေတာပဲကို’
ကျောက်ရုံ : "ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ... အခြေအနေကောင်းတဲ့ အမျိုးသားတွေရဲ့ နောက်မှာ ကပ်တွယ်ချင်တဲ့ မိန်းမတွေက အများကြီးပဲ။ နင်က ချန်ချင်းယွီကို လူကောင်းလို့ ထင်နေတာလား။ ငါကြည့်ရတာတော့ သူမကလည်း အထီးကျန်တာကို မခံနိုင်လို့ နေမှာပေါ့"
ကျောက်ရုံ တွေးလေ ဒေါသထွက်လေဖြစ်လာပြီး နာကျည်းစွာဖြင့် အငြိုးတကြီး ပြောလိုက်၏။
"မဖြစ်ဘူး၊ သေချာပေါက် သူမကို ရှင်းပြစ်ရမယ်။ မဟုတ်ရင် သူမက နင့်အတွက် ဆူးငြောင့်ခလုတ် ဖြစ်လာလိမ့်မယ်"
ယွမ်ဟောက်ရွှယ် မျက်နှာဖြူစုတ်သွားကာ ထိတ်လန့်တကြား တားမြစ်ရှာသည်။
"အမေ... အမေ လျှောက်မလုပ်နဲ့ဦးနော်။ ကျွန်မက အမေ့ကို နည်းလမ်းရှာခိုင်းတာ၊ လူသတ်ခိုင်းတာ မဟုတ်ဘူး"
ကျောက်ရုံမှာ ဆွံ့အသွားရပြီး…
နင်က ဘယ်တွေကို လျှောက်တွေးနေတာလဲ၊ ငါပြောတဲ့ ရှင်းပြစ်တယ်ဆိုတာ လူသတ်တာကို ပြောတာ မဟုတ်ဘူး…
သူမ လက်ချောင်းများဖြင့် မိမိ၏ပေါင်ကို တဖျတ်ဖျတ် ပုတ်ကာ
"ငါ့အထင်တော့... လက်ရှိ အကောင်းဆုံးနည်းလမ်းက သူမရဲ့ မိဘအိမ်ဘက်ကနေ စတင် လှုပ်ရှားရမယ်"
ယွမ်ဟောက်ရွှယ် : "သူတို့က အခု ပတ်သက်မှုမှ မရှိတာ"
"ပတ်သက်မှု မရှိရင်လည်း အဖေအရင်းပဲလေ။ ငါ ကြားတာတော့... သူမအဖေအိမ်ဘက်မှာ မကြာသေးခင်က သရဲခြောက်တာ တော်တော်လေး ပြင်းထန်နေတယ်တဲ့"
ဖော်ပြပါ လောကီအယူအဆ အမှောင်ကိစ္စများကို ပျံ့နှံ့အောင် မလုပ်ရဟု စည်းကမ်းထုတ်ထားသော်လည်း၊ ဤမျှလောက်ကြီးမားသော ကိစ္စရပ်ကို မည်သူ မကြားဘဲ နေမည်နည်း။ ကျောက်ရုံသည် ထိုလူမှာ ချန်ချင်းယွီ၏ အဖေအရင်းမှန်း ကြားသိရကတည်းက ပိုမို၍ အာရုံစိုက်ထားခဲ့ခြင်း ဖြစ်သည်။
"အမေက ဘာကို ဆိုလိုတာလဲ။ ကျွန်မ တကယ် နားမလည်ဘူး"
ကျောက်ရုံ : "ငါက လူတစ်ယောက်ကို ပိုက်ဆံပေးပြီး ဆရာယောင် ဆောင်ခိုင်းလို့ရတယ်လေ။ ပြီးတော့ သူမအဖေကို သွားပြောခိုင်းမယ်... ချန်ချင်းယွီက သူ့ကို ကံဆိုးစေတာလို့ပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကိုယ်တိုင်လည်း အရင်က ဒီလိုစကားမျိုး ပြောဖူးတယ် မဟုတ်လား။ ဆရာယောင် ဆောင်ပြီး သွားလိမ်ခိုင်းရင် သေချာပေါက် အောင်မြင်မှာပဲ။ တကယ်လို့ သူမက လူလွတ်၊ မုဆိုးမဘဝနဲ့ ရှိနေသရွေ့ သူ့ကို ကံဆိုးစေမှာဖြစ်ပြီး၊ အမျိုးသမီးသရဲကလည်း သူ့နောက်ကို အမြဲတမ်း လိုက်နေလိမ့်မယ်လို့ သိအောင် လုပ်ရမယ်။ ဘာလို့လဲဆိုတော့ အဲဒီသရဲက သူ့ရဲ့ ဇနီးဟောင်းဖြစ်ပြီး သွေးသားတော်စပ်နေလို့ သမီးဖြစ်သူဆီကနေ စွမ်းအင်တွေ ရနေတာကိုး။ ဒါပေမဲ့ ချန်ချင်းယွီသာ နောက်အိမ်ထောင်ပြုသွားရင် သရဲက ဒီလောက်ကြီးမားတဲ့ မကောင်းတဲ့အရှိန်အဝါကို မစုဆောင်းနိုင်တော့ဘဲ သူ့နောက်ကို လိုက်နှောင့်ယှက်မှာ မဟုတ်တော့ဘူးပေါ့။ ငါ့အထင်တော့ သူ သရဲခြောက်ခံရလို့ ကြောက်လန့်တကြားဖြစ်ပြီး ချန်ချင်းယွီကို အတင်းအကျပ် နောက်အိမ်ထောင်ပြုခိုင်းလိမ့်မယ်။ ဟဲဟဲ... အဲဒီကျရင် ချန်ချင်းယွီရဲ့ ပြဿနာကို ရှင်းပြစ်ပြီးသား ဖြစ်သွားပြီ မဟုတ်ဘူးလား။ ချန်ချင်းယွီသာ အိမ်ထောင်ပြုသွားရင် ဒုတိယစက်ရုံမှူးဟယ်ကလည်း သူမကို မျက်စိကျတော့မှာ မဟုတ်ဘူး။ သူကိုယ်တိုင်က လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး သူများစားကြွင်းစားကျန်ကို ယူရတာက အရှက်ရစရာပဲလေ။ ငါကြည့်ရတာ သူက သိက္ခာကို ငဲ့တဲ့လူဆိုတော့ ဒီလိုအလုပ်မျိုး လုံးဝ လုပ်မှာ မဟုတ်ဘူး"
ကျောက်ရုံသည် ဤအကြံဉာဏ်ကို တုန်ဆိုင်းခြင်းမရှိဘဲ အလွန်လျှင်မြန်စွာ ပြောဆိုသွားသဖြင့်၊ ရုတ်တရက် ကြံစည်လိုက်သော အရာနှင့်ပင် မတူချေ။ သို့သော် ယွမ်ဟောက်ရွှယ်မှာမူ ချက်ချင်း သဘောမပေါက်နိုင်သေးဘဲ
"အာ... ဒါက တကယ်ကော အလုပ်ဖြစ်ပါ့မလား"
ယွမ်ဟောက်ရွှယ် ထပ်မံမေးမြန်းလိုက်ကာ
"တကယ်လို့ သူမက လုံးဝ သဘောမတူရင်ကော"
"မိဘရဲ့ အမိန့်ကို သူမက ဘယ်လိုလုပ် ငြင်းပယ်ဝံ့မှာလဲ... ချန်ရိကျွင်းကလည်း သူမကို လွယ်လွယ်နဲ့ လွှတ်မှာ မဟုတ်ဘူး။ သရဲခြောက်တဲ့ ကိစ္စကို ငြိမ်းအေးစေဖို့အတွက် ချန်ရိကျွင်းက သေချာပေါက် သူမကို အလောတကြီး အိမ်ထောင်ချပေးလိမ့်မယ်၊ အဟားဟား။ ဒါက တကယ့်ကို ကောင်းလွန်းတယ်။ သူမကို ဒီဝင်းထဲမှာ လာပြီး ကြွားဝါခွင့် မပေးတော့ဘူး၊ သူမတစ်ယောက်တည်းပဲ အရောင်းအဝယ် တတ်သလိုလိုနဲ့ လာပြီး ဟန်ဆောင်နေတာ။ နောက်ပိုင်း အိမ်ထောင် ထပ်ပြုသွားရင်လည်း ဟိုဘက်က ယောက္ခမဆိုးကြီးနဲ့ လုံးထွေးနေရဦးမှာ၊ ဟဲဟဲဟဲဟဲ..."
ကျောက်ရုံသည် တွေးလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်လာတော့၏။
အမှန်စင်စစ် သူမသည် ချန်ချင်းယွီနှင့် မည်သည့်ပဋိပက္ခမျှ မရှိသော်လည်း၊ တစ်ဖက်လူအပေါ် မနာလိုဖြစ်မိသည့် စိတ်ကိုမူ လုံးဝ ထိန်းချုပ်၍ မရနိုင်ပေ။
ချန်ချင်းယွီကိုတင်မကဘဲ မိမိ၏သမီးအရင်းကိုပင် ကျောက်ရုံ စိတ်ထဲမှ နည်းနည်း မနာလိုဖြစ်မိသေးသည်။
ဒီကောင်မလေးတွေက ဘာလို့ ဒီလောက်တောင် ကံကောင်းပြီး ကောင်းမွန်တဲ့ ခေတ်ကာလကြီးနဲ့ တိုးနေရတာလဲ… တစ်ယောက်ပြီးတစ်ယောက် သက်တောင့်သက်သာနဲ့ စည်းစိမ်ခံနေကြတာပဲ…
အထူးသဖြင့် ချန်ချင်းယွီဆိုတဲ့ ကောင်မ၊ ရုပ်ကလေး နည်းနည်းချောတာကို အားကိုးပြီး ပိုက်ဆံတွေလည်း ရှာနိုင်တယ်၊ စားကောင်းသောက်ဖွယ်တွေလည်း စားနိုင်သောက်နိုင်တယ်... သူက ဘာမို့လို့လဲ၊ တကယ့် မြေခွေးမပဲ…။
သူမ ဒုက္ခရောက်သည်ကို မြင်ရလျှင် မိမိအတွက်မူ အလွန်ပင် ဝမ်းသာစရာ ဖြစ်လိမ့်မည်။
ကျောက်ရုံသည် ချန်ချင်းယွီကို မည်သို့ကိုင်တွယ်ရမည်ကို စိတ်ထဲတွင် စတင်ကြံစည်နေခဲ့ပြီ ဖြစ်၏။
"အမေက ဒါတွေအားလုံး လုပ်နေတာက နင့်အတွက်ပဲနော်"
ကျောက်ရုံ သူမ၏သမီးကို စိုက်ကြည့်ရင်း
"နင် ဒါကို သိထားရမယ်၊ နင် အိမ်ထောင်ပြုပြီးသွားရင်လည်း မိဘအိမ်ကို ပိုပြီး ထောက်ပံ့ရမယ်။ ပိုက်ဆံနည်းနည်းပါးပါး ထုတ်ပေးရတာကိုပဲ သေမတတ် ခံစားမနေနဲ့ဦး"
"ကျွန်မ သိပါတယ်"
ယွမ်ဟောက်ရွှယ် : "ကျွန်မက မိဘအိမ်ကို မထောက်ပံ့လို့လား။ လတိုင်းလည်း အိမ်စရိတ်တွေ အများကြီး ပေးနေတာပဲဥစ္စာ။ ဒါ့အပြင် အိမ်အတွက် ပစ္စည်းအကြီးအကျယ်တွေ ဝယ်ရင်လည်း ကျွန်မ ပိုက်ဆံစိုက်ထုတ်ပေးတာပဲ။ ပိုက်ဆံတင် ထုတ်ပေးတာ မဟုတ်ဘူး၊ လူပင်ပန်းခံပြီးတော့ပါ ကူညီပေးတာနော်"
ကျောက်ရုံ : "ဒါကတော့ လုပ်သင့်လုပ်ထိုက်တာပေါ့။ အခြားအိမ်တွေဆိုရင် သမီးဖြစ်သူအတွက် ပိုက်ဆံတစ်ပြားမှ ချန်မထားဘူး၊ ငါကတော့ နင့်အတွက် တော်တော်များများ ချန်ထားပေးတာပဲ"
ယွမ်ဟောက်ရွှယ် နှုတ်ခမ်းကို တစ်ချက်စူလိုက်ပြီး
"ကဲပါ... ကဲပါ၊ အမေက ကျွန်မအပေါ် ကောင်းမှန်း ကျွန်မ သိပါတယ်"
"နင် သိရင် ပြီးတာပဲ။ ငါ့ကိုပဲ အမြဲတမ်း အပြစ်မမြင်နဲ့။ ငါသာ နင့်အပေါ်မကောင်းရင် နင် ဒီနေ့ ဒီလိုမျိုး ကောင်းမွန်တဲ့ ဘဝကို ရပါ့မလား။ အပြင်ထွက်ပြီး လိုက်မေးကြည့်လိုက်၊ ဒီတစ်ဝိုက်မှာ ကိုယ့်ကလေးအပေါ် ငါ့လို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့လူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး"
ယွမ်ဟောက်ရွှယ်လည်း ခေါင်းတငြိတ်ငြိတ်ဖြင့် ဤအချက်ကို လက်ခံလိုက်ပြီး
"အမေ... အမေက ကျွန်မတို့ကို ချစ်မှန်း ကျွန်မ သိပါတယ်"
သူမက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ
"ဒါနဲ့... ကျွန်မတို့က ဘယ်ကနေ သွားပြီး ဆရာယောင်ကို ရှာရမှာလဲ။ တကယ်လို့ အပြင်ထွက်ပြီး သွားရှာရင် တစ်နေ့ကျရင် လူမိသွားနိုင်တယ် မဟုတ်လား..."
ကျောက်ရုံ : "ဒါကို နင် စိတ်ပူမနေနဲ့၊ ငါ အကုန် စီစဉ်လိုက်မယ်"
ယွမ်ဟောက်ရွှယ်သည်လည်း စိတ်ထဲတွင် ဝမ်းသာသွားကာ…
မိမိလက်ကို အညစ်အကြေး မပေးဘဲနဲ့ အလိုဆန္ဒ ပြည့်ဝတော့မှာပဲ၊ ဘာဖြစ်လို့ မလုပ်ရမှာလဲ…
သို့သော်လည်း မိမိကိုယ်တိုင် ဘာမှလုပ်စရာမလိုသဖြင့် သူမသည် ဟန်ဆောင်ပန်ဆောင်ဖြင့်
"ဒါက ချန်ချင်းယွီအတွက် သိပ်ပြီး မကောင်းဘူး ထင်တယ်နော်။ သူမက ဘာမှလည်း မလုပ်ထားဘဲနဲ့"
ကျောက်ရုံ : "သူမက မြေခွေးမပဲ၊ မြေခွေးမဆိုတာ လူတိုင်း ဝိုင်းသတ်သင့်တဲ့ အကောင်မျိုးပဲဟဲ့"
ထို့နောက် စိတ်မရှည်ဟန်ဖြင့်
"ဒီလိုအချိန်အထိ နင်က သနားစိတ် ဝင်နေတုန်းလား။ နင် မတွေးမိဘူးလား၊ သူမသာ လူကောင်းဆိုရင် ဘာဖြစ်လို့ ဒုတိယစက်ရုံမှူးဟယ်ကို သွားပြီး မြှူဆွယ်ရမှာလဲ။ သူမက လူကောင်း မဟုတ်ဘူး။ ငါတို့ လုပ်တာက မမှားဘူး၊ တရားမျှတမှုကို ဖော်ဆောင်နေတာ"
ယွမ်ဟောက်ရွှယ် ခေါင်းညိတ်လိုက်သည်။
"ကဲပါ... နင်က တကယ့်ကို စိတ်ပျော့တဲ့ ကောင်မလေးပဲ။ သူတို့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ပြီး ငါတို့ ရှေ့မှာ လာကြွားတုန်းကကျတော့ နင်က စိတ်မပျော့ပါဘူး"
ကျောက်ရုံ ဤကိစ္စကို စိတ်ထဲ၌ အငြိုးအတေး ထားနေဆဲ ဖြစ်၏။
ယွမ်ဟောက်ရွှယ် : "ဒါဆို အမေ... အမေက..."
"နင် စိတ်ပူမနေနဲ့တော့။ နင့်ရဲ့ သတ္တိလောက်နဲ့တော့ ဒီကိစ္စ ပေါက်ကြားသွားရင် ပြဿနာတက်လိမ့်မယ်"
ကျောက်ရုံ : "ငါ တွက်ချက်ကြည့်ဦးမယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ငါ အပြတ်ကိုင်လိုက်မယ်"
သူမ နှုတ်ခမ်းကို စေ့လျက် အမိန့်ပေးလိုက်ကာ
"စောစော သွားအိပ်တော့"
သူမသည် ကိစ္စရပ်များကို ပြောဆိုပြီးနောက် ထရပ်လိုက်ပြီးမှ၊ ရုတ်တရက် လှည့်ကြည့်ကာ
"နင် မကြာသေးခင်က ရှန့်ရှန့်ကို တွေ့မိသေးလား"
ယွမ်ဟောက်ရွှယ် : "မတွေ့မိပါဘူး"
"ကျွန်မက သူမနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူးလေ။ အမေက အစ်ကို့ကို သွားမေးတာ ပိုကောင်းမယ် ထင်တယ်။ တစ်ခုခု ဖြစ်လို့လား"
ကျောက်ရုံ၏ မျက်နှာထား မကောင်းလှဘဲ မကျေမနပ် ရေရွတ်တော့သည်။
"ဒါကြောင့်မို့ ငါမေးနေတာပေါ့။ သူမက နင့်အစ်ကိုကို လျစ်လျူရှုနေလို့လေ။ အမှန်အတိုင်း ပြောရရင်... သူမက သူငယ်ချင်းဟောင်းပါလို့ ပြောနေပြီးတော့ ဒီလို ကိစ္စလေးကိုတောင် ဝိုင်းမကူညီဘူး။ နင့်အစ်ကိုရဲ့ ကုန်ပစ္စည်းတွေကို ကူရောင်းပေးရင် သူမလည်း ဘယ်လောက်တောင် ရဦးမှာလဲ။ သူမက မလုပ်နိုင်တာလည်း မဟုတ်ဘူး၊ အဆက်အသွယ်တွေက အကျယ်ကြီးပဲကို။ ဒါပေမဲ့ မကူညီချင်လို့ကို တမင် နေတာ။ တကယ့်ကို လူယုတ်မာပဲ"
ယွမ်ဟောက်ရွှယ် : "သူမက ကျွန်မအစ်ကိုနဲ့ တွဲလာတာ နှစ်အတော်ကြာပြီလေ။ ကျွန်မကြည့်ရတာတော့ သူမက အစ်ကို့ကို ငြီးငွေ့သွားပြီ ထင်တယ်"
ဤနေရာသို့ ရောက်သောအခါ ယွမ်ဟောက်ရွှယ်သည် စိတ်ထဲတွင် ပိုမို၍ သတိကြီးစွာ ထားမိသွားသည်။
ဟုတ်သားပဲ... အချိန်ကြာလာရင် ငြီးငွေ့သွားတတ်တာပဲ။ ငါ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို အခြေအနေမျိုးထဲကို အကျမခံနိုင်ဘူး။ လုံးဝ မဖြစ်စေရဘူး။ ငါ သေချာပေါက် အခွင့်အရေးကို ဆုပ်ကိုင်ပြီး သူ့ကို အမြန်ဆုံး ယူပစ်ရမယ်…
သူမ စိတ်ပိုင်းဖြတ်လိုက်မိ၏။
သူမသည် ကျောက်ရုံကို ကြည့်ကာ
"အမေ... ဒါက အချိန်တိုအတွင်းမှာ ဖြေရှင်းလို့ရမယ့် ကိစ္စ မဟုတ်ဘူး။ ကျွန်မ သေချာပေါက်..."
ကျောက်ရုံ : "ငါ သိပါတယ်၊ ငါ အားလုံးကို ကိုင်တွယ်လိုက်မယ်"
သူမသည် လှည့်ထွက်သွားပြီး မိမိ၏အခန်းသို့ ပြန်ကာ
"အမှန်အတိုင်း ပြောရရင်... ဒီကောင်မလေးက တကယ့်ကို အသုံးမကျဘူး။ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကိုတောင် မြဲအောင် မဖမ်းဆုပ်နိုင်ဘူး"
ယွမ်ဟောက်မင် : "သူမက ငယ်သေးတာပဲ၊ ငါတို့ ဖြည်းဖြည်းချင်း သင်ပေးလို့ရပါတယ်"
ကျောက်ရုံ : "ငယ်သေးတယ်ဟုတ်လား။ သူမက အသက် နှစ်ဆယ်ကျော် ငါးနှစ်အရွယ်တောင် ရောက်နေပြီလေ"
"ဒါဆို မင်းက သူမကို မင်းလိုပဲ တော်နေစေချင်တာလား။ လောကမှာ မင်းလို တော်တဲ့မိန်းမ ဘယ်နှစ်ယောက် ရှိလို့လဲ"
ကျောက်ရုံသည် ဤစကားကြောင့် စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားပြီး
"ဒါတော့လည်း ဟုတ်တာပေါ့"
"အဲဒါကြောင့်မို့လို့ ပြောတာပေါ့... သူမက မင်းလောက် မတော်ရင် မင်းကပဲ ပိုပြီး သင်ပေးရမှာပေါ့၊ သူမအတွက် ကိစ္စတွေကို ကြိုတင်တွက်ချက်ပေးပေါ့။ ငါတို့က မိသားစုဝင်တွေပဲ၊ ဆုံးရှုံးမှု မရှိစေရဘူး"
ယွမ်ဟောက်မင်သည် အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်သည်။ သူသည် လူကောင်းယောင်ဆောင်ကာ ကျောက်ရုံကိုသာ ရှေ့မှ မားမားမတ်မတ် လုပ်ဆောင်ရန် အမြဲ တိုက်တွန်းတတ်၏။
သူသည် လူဆိုး မဟုတ်သော်လည်း၊ ရလာမည့် အကျိုးအမြတ်ကောင်းများကိုမူ သေချာပေါက် လက်လွတ်မခံဘဲ အပိုင်ယူတတ်သူ ဖြစ်သည်။
ကျောက်ရုံ : "ကျွန်မ ဆရာယောင်
တစ်ယောက် ရှာချင်တာ၊ ရှင် ကျွန်မကို နည်းနည်း ဝိုင်းပြီး အကြံထုတ်ပေးဦးမလား"
ယွမ်ဟောက်မင် : "ဒါကတော့ အဆင်မပြေလောက်ဘူး ထင်တယ်နော်။ ဆရာယောင်က စိတ်ချရမလားဆိုတာ ပြောရခက်တယ်။ အမှားအယွင်း မရှိဖို့က မသေချာဘူးလေ"
"ဒါဆို ဘာလုပ်ရမှာလဲ..."
"မင်းကိုယ်တိုင်ပဲ ရုပ်ဖျက်ပြီး သွားလိုက်ရင်ကော။ ဒါက ပိုက်ဆံကိစ္စကြောင့် မဟုတ်ဘူး၊ ဘေးကင်းဖို့အတွက် ပြောတာ"
"ဟမ်... ကိုယ်တိုင်လား"
ကျောက်ရုံ ထိတ်လန့်တကြား မေးလိုက်မိ၏။
ယွမ်ဟောက်မင် : "ဟုတ်တယ်။ မင်း... မင်းမှာ အဲဒီ အရည်အချင်း ရှိတာပဲ၊ ငါ မင်းကို ယုံတယ်"
ဟုတ်သား… ငါကိုယ်တိုင် သွားရင်လည်း ရတာပဲ။ ငါကိုယ်တိုင် သွားရင် အမှန်တော့ ပိုပြီးတောင် လွယ်ကူဦးမယ်…၊ လူလိုက်ရှာရမယ့် အချိန်လည်း သက်သာသလို၊ ဆရာယောင်ကို ပေးရမယ့် လာဘ်ထိုးငွေလည်း သက်သာတာပေါ့။ တစ်ခုတည်းသော အားနည်းချက်က ငါ့ကို လူမှတ်မိသွားမှာကိုပဲ စိုးရိမ်တာ…။
ကျောက်ရုံ စိတ်ထဲ တွေးတောနေမိသည်။
"တကယ်တော့ အဲလောက်အထိလည်း မဆိုးပါဘူး။ စဉ်းစားကြည့်လေ... မင်းက ဒီနှစ်တွေအတွင်းမှာ ချန်ရိကျွင်းနဲ့ တစ်ခါ၊ နှစ်ခါလောက်ပဲ တွေ့ဖူးတာ မဟုတ်လား။ သူ မင်းကို မှတ်မိမှာ မဟုတ်ပါဘူး။ မင်းက အဲဒီကျရင် ရုပ်နည်းနည်း ဖျက်သွားလိုက်ရင် ပိုပြီးတော့တောင် စိတ်ချရသေးတယ်။ မိန်းမရေ... ငါတို့သမီးရဲ့ အနာဂတ်က မင်းအပေါ်မှာပဲ မူတည်နေတာနော်"
ကျောက်ရုံ : "ရှင် ပြောတာလည်း ဟုတ်တာပဲ"
သူတို့ ဇနီးမောင်နှံနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်လျက်၊ မည်သည့် အရှက်တရားမျှ မရှိဘဲ ကောက်ကျစ်စဉ်းလဲသော အကြံအဖန်များကို ဖော်ဆောင်နေကြတော့သည်။
ကျောက်ရုံကိုယ်တိုင်လည်း မိမိသည် အဘယ်ကြောင့် ချန်ချင်းယွီကို ဤမျှအထိ ပစ်မှတ်ထားချင်နေရသည်ကို အသေအချာ ရှင်းပြနိုင်ခြင်း မရှိချေ။ ချန်ချင်းယွီကြောင့် မိမိသမီး၏ ကိစ္စရပ်များကို ထိခိုက်စေမည်ကို စိုးရိမ်၍လော။ သို့မဟုတ် ချန်ချင်းယွီ၏ ရုပ်ရည်ချောမောမှုကို မနာလိုဖြစ်၍လော၊ သို့မဟုတ် တစ်ဖက်လူ၏ စျေးဆိုင်က မိမိတို့ထက် ပိုက်ဆံပိုမိုရှာနိုင်သဖြင့် မကျေမနပ်ဖြစ်၍လော။
ဖြစ်နိုင်သည်မှာ ဤအကြောင်းပြချက် အားလုံးကြောင့်ပင် ဖြစ်ရပေမည်။
ထို့ကြောင့် အမှန်တကယ်တွင် မည်သည့်အရာမျှ ဖြစ်ပျက်ခြင်း မရှိသေးသော်လည်း၊ ကျောက်ရုံသည် မိမိ၏ စိတ်တွင်းရှိ အမှောင်ကျသော အလိုဆန္ဒများကို ဖြည့်ဆည်းရန်အတွက် အရာအားလုံးကို အတင်းဆွဲစိစပ်ကာ ချန်ချင်းယွီကိုသာ ကောက်ကျစ်စွာ ပစ်မှတ်ထားတိုက်ခိုက်ရန် ပြင်ဆင်နေတော့၏။
ချန်ချင်းယွီသည် ဤမိသားစု၏ ကောက်ကျစ်ယုတ်မာသော ရည်ရွယ်ချက်များကို မသိရှိသေးသော်လည်း၊ ဝမ်ကျန့်ကော် ချဲယုံဖုန်းကို အကြံပေးခဲ့သည်များကို ပြန်လည်တွေးတောမိပြီးနောက် ချန်ရနကျွင်း၏ အခြေအနေကို ကြည့်ရှုရန် ဆေးရုံသို့သွားရန် ဆုံးဖြတ်လိုက်သည်။
မနေ့က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကြောင့် အခြေအနေများ ရှုပ်ထွေးပွေလီသွားခဲ့သော်လည်း…
ချဲယုံဖုန်း အိမ်ပြန်ရောက်ပြီးနောက် ဝမ်ကျန့်ကော်၏ အကြံပြုချက်သည် ယုတ္တိရှိသည်ဟု တွေးတောကာ သူမ၏ဖခင်ထံသို့ သွားရောက်လိမ့်မည်မဟုတ်ဟု မည်သူမျှ အာမခံနိုင်ခြင်း မရှိချေ။ ချန်ချင်းယွီသည် ချန်ရိကျွင်း၏ စကားကို နားထောင်မည့်သူ မဟုတ်သော်လည်း၊ ဖြစ်နိုင်လျှင် ပြဿနာများစွာတက်ပြီး အုန်းအုန်းကျွက်ကျွက် မဖြစ်စေရန် ရှောင်ရှားလျှင် ပို၍ ကောင်းပေသည်။
သူမသည် သူတစ်ပါး၏ ကိစ္စရပ်များကို အတင်းအဖျင်းအဖြစ် ကြည့်ရှုရသည်ကို နှစ်သက်ပြီး ပြဿနာများကိုလည်း ကြောက်ရွံ့တတ်သူ မဟုတ်သော်လည်း၊ မိမိကိုယ်တိုင်မူ ထိုပြဿနာများ၏ ဗဟိုချက်မ ဖြစ်လာစေရန် မလိုလားပေ။ ထို့အပြင် အခြားသော အသေးအဖွဲ ပြဿနာများကိုလည်း တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်း နေချင်လှ၏။ အသေးအဖွဲ ကိစ္စရပ်များ တအားများပြားလွန်းပါက အနားယူချိန်နှင့် ပိုက်ဆံများကိုပါ ဖြုန်းတီးရာ ရောက်သဖြင့်၊ ဤသည်မှာ ချန်ချင်းယွီ အလိုရှိသော အရာမဟုတ်ပေ။
ထို့ကြောင့် သူမသည် ယနေ့တွင် ဆေးရုံသို့ သွားရန် စီစဉ်နေသည်။
တကယ်လို့ ချဲယုံဖုန်းကသာ တကယ်ပဲ သွားရဲတယ်ဆိုရင်တော့၊ သူမက သူ့ကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မယ်…။
ချန်ချင်းယွီ ချဲညီအစ်ကိုများအပေါ် မည်သည့် အထင်ကြီးလေးစားမှုမျှ အစကတည်းက မရှိသဖြင့်၊ ဤကဲ့သို့သော လူယုတ်မာမျိုးများကို အားနာနာဖြင့် ယဉ်ကျေးပျူငှာနေမည် မဟုတ်ပေ။
သို့သော် သူမ မသိရှိသေးသည်မှာ ၎င်းတို့ထက် ပိုမို၍ ကောက်ကျစ်ယုတ်မာသော လူများ ရှိနေသေးသည်ဟူ၍ပင်…။