အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း (၁၆၈) ခိုး၍နားစွင့်
နွေရာသီကျောင်းပိတ်ရက်မှာ အလွန် ပျော်စရာကောင်းလှပေသည်။
မနက်စောစောစီးစီးတွင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ နိုးလာကြ၏။ ကလေးနှစ်ယောက်မှာ စွပ်ကျယ်နှင့် ဘောင်းဘီတိုများကို ကိုယ်စီဝတ်ဆင်ထားပြီး ဝင်းထဲတွင် မတ်တပ်ရပ်လျက် သွားတိုက်နေကြသည်။ သွားတိုက်ပြီးနောက် အဝတ်အစားလဲကာ မနက်စာဝယ်ရန် အပြင်သို့ ထွက်သွားကြပြီး၊ မကြာမီအချိန်အတွင်းမှာပင် လက်ထဲ၌ ပန်းကန်လုံးများကို ကိုင်ဆောင်လျက် ပြန်လည်ရောက်ရှိလာကြတော့၏။
ပဲနို့နှင့် အီကြာကွေးသည်ကား သေချာပေါက် ပါရမည် ဖြစ်သည်။အဘွားကြီးကျောက် ထိုနေ့မနက်တွင် ကြက်ဥပြုတ်ထားသဖြင့် မိသားစုဝင်အားလုံး ပန်ကာလေးဖွင့်ကာ မနက်စာကို အေးအေးလူလူ စားသောက်ကြသည်။
မနက်ခင်းအချိန်ဖြစ်သော်လည်း ရာသီဥတုက ပူအိုက်နေဆဲပင်။
ယခင် ပန်ကာမရှိစဉ်၌မူ ဤမျှလောက် မသိသာခဲ့သော်လည်း၊ ယခုကဲ့သို့ ပန်ကာရှိလာသည့်အခါတွင်မူ နေ့တိုင်း နေ့တိုင်း ဖွင့်ချင်စိတ် ပေါက်နေတော့၏။
ချန်ချင်းယွီ : "သားတို့ ဒီနေ့ အပြင်သွားကြမလို့လား"
"သားတို့ အတန်းဖော်တွေနဲ့အတူ ရှီချာဟိုင်ကို သွားမလို့ပါမေမေ"
ဤမျှလောက် ပူပြင်းလှသော ရာသီဥတုတွင် ကလေးများသာလျှင် ဤကဲ့သို့ တက်ကြွလှုပ်ရှားနိုင်စွမ်း ရှိကြပေသည်။
ချန်ချင်းယွီ : "ဂရုစိုက်ကြဦးနော်"
"ဟုတ်ကဲ့ပါ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့
လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်ပြကြသည်။
"ရော့... ဒါလေး ယူသွားကြ။ ရာသီဥတုက ပူတော့ အပြင်ရောက်ရင် ရေခဲမုန့်ဝယ်စားကြတာပေါ့"
"ကျေးဇူးအများကြီးတင်ပါတယ် မေမေ..."
ကလေးနှစ်ယောက်စလုံး မျက်လုံးများ အရောင်တောက်သွားကြပြီး၊ ရေခဲမုန့်ဖိုးကို အလောတကြီး လှမ်းယူလိုက်ရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးဖြဲဖြဲပြုံးလိုက်ကြ၏။
ရှောင်ကျားနှင့် ရှောင်ယွမ်ဟူသော ကလေးနှစ်ယောက်သည် တစ်လလျှင် မုန့်ဖိုး ငါးယွမ်စီ ရကြရာ၊ ကလေးများအတွက်မူ ဤပမာဏမှာ မနည်းလှချေ။ သူတို့သည် မူလတန်းကျောင်း စတက်ကတည်းက မုန့်ဖိုးရရှိခဲ့ကြခြင်း ဖြစ်ပြီး၊ ပထမတန်း၌ တစ်ရက်လျှင် ဆယ်ပြား၊ တစ်လလျှင် သုံးယွမ် ရရှိခဲ့သဖြင့် ၎င်းတို့အတွက် တကယ့်ကို မနည်းလှသော ပမာဏပင် ဖြစ်သည်။
ယခုခေတ်ကာလတွင် ကလေးအများစုမှာ မုန့်ဖိုး သီးသန့်မရကြပေ။
ယခုနှစ်တွင်မူ တစ်လလျှင် ငါးယွမ်အထိ တိုးမြှင့်ပေးထားသဖြင့်၊ ကလေးနှစ်ယောက်တွင် ကိုယ်ပိုင်စုဘူးလေးများ ကိုယ်စီ ရှိနေကြပြီ ဖြစ်သည်။
သူတို့သည် မုန့်ပဲသရည်စာ စားရမည့်ကိစ္စတွင် တွန့်တိုနေစရာ မလိုချေ၊ အဘယ်ကြောင့်ဆိုသော် မိသားစုသည် မုန့်မျိုးစုံကို အမြဲတမ်း ဝယ်ပေးထားတတ်သဖြင့် ကိုယ်ပိုင်ပိုက်ဆံဖြင့် ဝယ်စားရန်ပင် မလိုတော့သောကြောင့် ဖြစ်၏။ ထို့အပြင် တစ်ခါတစ်ရံတွင် အိမ်ကိစ္စများ ကူညီလုပ်ကိုင်ပေးခြင်းဖြင့် အပိုပိုက်ဆံများ ရတတ်သေးရာ၊ သက်တူရွယ်တူချင်း ကြည့်လျှင် သူတို့မှာ တကယ့် သူဌေးလေးများ ဖြစ်နေကြပြီ ဖြစ်သည်။
သို့သော်လည်း သူတို့သည် မိခင်ဖြစ်သူ ချန်ချင်းယွီကဲ့သို့ပင် ပိုက်ဆံရှိသည်ကို လျှောက်ပြီး ကြွားဝါတတ်သည့် လူစားမျိုး မဟုတ်ကြပေ။
ရှောင်ကျား : "မေမေ... သားတို့ နေ့လယ်စာကို အပြင်မှာပဲ စားခဲ့လို့ ရမလားဟင်"
ချန်ချင်းယွီ ထပ်မေးကာ
"ဘယ်သူတွေနဲ့ သွားမှာမလို့လဲ"
ကလေးများ သူတို့၏ အတန်းဖော်အချို့၏ နာမည်များကို ပြောပြကြသည်။
ချန်ချင်းယွီ ခွင့်ပြုပေးလိုက်၏။
"ရတာပေါ့"
ကလေးနှစ်ယောက်စလုံး ဝမ်းသာအားရဖြင့် ထပ်မံ၍ အော်ဟစ်အုန်းအုန်းကျွက်ကျွက် ဖြစ်သွားကြပြန်သည်။
ကလေးတွေရဲ့ ပျော်ရွှင်မှုက တကယ့်ကို ရိုးရှင်းလှပါဘိ…။
အဘွားကြီးကျောက် : "ညည်းကလည်း သူတို့ကို အလိုလိုက်လွန်းတယ်။ အခြားအိမ်က ကလေးတွေကို ကြည့်ဦး..."
"သူများကလေးက သူများကလေးပေါ့။ ကျွန်မကလေးတွေကလည်း တကယ့်ကို လိမ္မာပါတယ်"
ချန်ချင်းယွီ မိမိကလေးများကို အမြဲတမ်း အကာအကွယ်ပေးတတ်သည်။ သူမသည် ဘဝတစ်ခုမှ ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်သော်လည်း၊ ယခင်ဘဝရှိ အမှတ်တရများမှာ စိတ်ထဲတွင် ပိုမို၍ ထင်ဟပ်နေဆဲ ဖြစ်၏။ လူတစ်ယောက်၏ ကလေးဘဝ အတွေ့အကြုံမှာ ၎င်း၏တစ်ဘဝလုံးကို သက်ရောက်မှု ရှိစေသည်ဟု ပြောလေ့ရှိကြသည်။ ချန်ချင်းယွီအတွက်မူ ဤသည်မှာ အမှန်တကယ်ပင် ဖြစ်ပေမည်။ သူမသည် ကလေးဘဝ၌ မည်သည့် အချစ်နှင့် အလိုလိုက်မှုကိုမျှ မရရှိခဲ့ဖူးသဖြင့်၊ မိမိ၏ ကလေးများကိုမူ ထိုအရာများ အပြည့်အဝ ပေးချင်လှ၏။
သူတို့မှာ အဖေလည်း မရှိတော့သဖြင့်၊ ချန်ချင်းယွီ ကလေးများအပေါ် သေချာပေါက် ပို၍ ကောင်းပေးချင်သည်မှာ သဘာဝပင်။
"ရှောင်ကျားနဲ့ ရှောင်ယွမ်က ဆိုးတဲ့ကလေးတွေ မဟုတ်ပါဘူး။ သူတို့က တော်တော်လေးလည်း လိမ္မာပါးနပ်ကြတာ၊ အခြားကလေးတွေထက် အများကြီး ပိုတော်တယ်"
အဘွားကြီးကျောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ အသွေမပျက်ဘဲ လိမ္မာကြ၍သာ တော်တော့၏။ သို့မဟုတ်ပါက ချန်ချင်းယွီကဲ့သို့ အလိုလိုက်လွန်းသောလူနှင့်ဆိုလျှင် ကလေးများကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် အဘွားကြီးကျောက်သည် ကလေးများကို လိမ္မာပါးနပ်အောင် သွန်သင်ဆုံးမပေးခဲ့သည်မှာ ချန်ချင်းယွီ၏ ပြုစုပျိုးထောင်မှုကြောင့် ဖြစ်သည်ကိုမူ ထည့်မတွက်မိခဲ့ချေ။ အဘွားကြီးကျောက် စိတ်မချသေးဟန်ဖြင့် ဆက်လက်၍ မှာတမ်းခြွေပြန်သည်။
"ငါတို့မိသားစုက အရောင်းအဝယ် လုပ်ပြီး ပိုက်ဆံရှာနိုင်တာကို... အပြင်မှာ ဘယ်နှစ်ယောက်လောက်က ချောင်းမြောင်း ကြည့်နေကြလဲ မသိဘူး။ စိတ်ပုပ်တဲ့လူတွေ ရှိနိုင်တယ်။ အပြင်သွားရင် သတိဝီရိယရှိရှိနဲ့ ဂရုစိုက်ကြဦး။ ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ မယုံကြနဲ့၊ လူပြတ်တဲ့နေရာတွေကိုလည်း မသွားကြနဲ့ဦး"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ တပြိုင်နက်တည်း ခေါင်းညိတ်လျက်
"ဘွားဘွား... သမီးတို့ သိပါတယ်... ယုန်ကလေးပုံပြင်ကို ငယ်ငယ်ကတည်းက ကြားဖူးပါတယ်"
ယုန်ကလေးပုံပြင်မှာ ထန်ဆန်းကျန်း၏ အနောက်ဘက်သို့ တရားဒေသနာ သွားပင့်သည့် ခရီးစဉ်ထက်ပင် ပိုမို၍ စိတ်မချမ်းမြေ့စရာ ကောင်းမှန်း သူတို့ ကောင်းကောင်း သိကြပေသည်။
ကလေးနှစ်ယောက်စလုံး စိတ်ထဲထားရှိသည်ကို မြင်လိုက်ရသဖြင့် အဘွားကြီးကျောက်လည်း စိတ်သက်သာရာရသွားကာ
"ချွေးမရေ... နင် ဒီနေ့ ဘာလုပ်ဖို့ ရှိလဲ"
ချန်ချင်းယွီ : "ကျွန်မ ဆေးရုံကို သွားမလို့။ အဖေ့ဆီကို နောက်တစ်ခေါက်လောက် ထပ်သွားကြည့်ဦးမလို့လေ၊ စိတ်ထဲကနေ သိပ်ပြီး စိတ်မချရသေးလို့"
ကလေးများ သူမက မည်သူ့ကို စိတ်မချဖြစ်နေသည်ကို မသိကြသော်လည်း၊ အဘွားကြီးကျောက်မှာချက်ချင်း သဘောပေါက်ပေသည်။ သူမသည် မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို အသေးစိတ် ကြားသိထားပြီးဖြစ်ရာ၊ အကြောင်းရင်းကို သေသေချာချာ သိရှိနေ၏။ သူမ တံတွေးတစ်ချက် ထွေးလိုက်ရင်း
ဆဲရေးလိုက်တော့သည်။
"တကယ့် လူယုတ်မာပဲ..."
သူမ မကျေမနပ်ဖြင့်
"မအေပေးကောင်... ဒါကြောင့်မို့လည်း လင်မယားကွဲတာပေါ့။ ဝမ်မေ့လန် ပြေးသွားတာ တကယ့်ကို ကောင်းတယ်။ သူကိုယ်တိုင်ကလည်း တကယ့်ကို ယုတ်မာကောက်ကျစ်တဲ့လူပဲ"
သူတို့မိသားစုမှည ဝမ်ကျန့်ကော်ကို ဘာမှ သွားရောက် မနှောင့်ယှက်ခဲ့ပါသော်လည်း၊ ထိုကောင်သည် မိမိ၏ချွေးမကို သုံး၍ ချဲညီအစ်ကိုများကို အမြဲတမ်း မျှားခေါ်ကြံစည်နေခဲ့ခြင်း ဖြစ်သည်။ တွေးမိလေ တကယ့်ကို ဒေါသထွက်လေပင်။
နေဦးပေါ့... ငါ့လို အဘွားကြီးကတော့ သေချာပေါက် ကလဲ့စားပြန်ချေဦးမှာ…။
မဟုတ်ပါက ဤဒေါသကြီးကို စိတ်ထဲ၌ မျိုသိပ်ထားရလျှင် ပို၍ပင် စိတ်တိုစရာ ဖြစ်လာပြီး၊ အသက်တောင် တိုသွားနိုင်ပေ၏။
လူဆိုသည်မှာ မိမိ၏ ဒေါသကို အပြင်သို့ ထုတ်ပစ်ရမည် ဖြစ်သည်၊ မဟုတ်ပါက ထိုဒေါသကြောင့် စိတ်မချမ်းသာဖြစ်ပြီး ဖျားနာရသည်မှာ တကယ့်ကို မတန်လှပေ။
သူမသည် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်လိုက်ရာ ချန်ချင်းယွီလည်း ချက်ချင်းပင် သဘောပေါက်သွားသော်လည်း၊ ကလေးများ ရှိနေသဖြင့် ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။ အဘွားကြီးကျောက်သည်လည်း တကယ်ပင် စကားကို ဆက်မပြောတော့ပေ။ ရှောင်ကျားသည် မိခင်နှင့် အဘွားတို့၏ သိမ်မွေ့သော အမူအရာကို မြင်လိုက်ရသောအခါ အကဲခတ်မိသွားပြီး လိမ္မာပါးနပ်စွာဖြင့်
"ရှောင်ယွမ်... စားလို့ပြီးပြီလား။ ငါတို့ သွားကြစို့လေ"
"ပြီးပြီ..."
အဘွားကြီးကျောက် ရယ်မောလျက်
"ဒီကောင်လေးက တကယ့်ကို လည်လွန်းတယ်၊ ဒါကိုတောင် ရိပ်မိသေးတယ်"
ရှောင်ကျား တခစ်ခစ် ရယ်မောရင်း သူ၏ ညီမငယ်ကို လက်ဆွဲကာ ထွက်သွားတော့၏။ သူတို့သည် အမွှာများ ဖြစ်ကြသော်လည်း စိတ်နေသဘောထားမှာ လုံးဝ ကွဲပြားခြားနားလှပေသည်။ ရှောင်ကျားမှာ အကဲခတ်တော်ပြီး မှတ်ဉာဏ်
ကောင်းမွန်သော်လည်း၊ ရှောင်ယွမ်သည် အနည်းငယ် ပို၍ ရိုးအေးပြီး ဖြူစင်လှသည်။ သို့သော်လည်း ဤညီမငယ်လေးမှာ ကိုယ်လက်လှုပ်ရှားမှု သွက်လက်ဖျတ်လတ်ပြီး ခွန်အားဗလ ကောင်းမွန်လှရာ၊ ဤသည်မှာ ရှောင်ကျားတွင် မရှိသော အားသာချက်ပင် ဖြစ်၏။
ဤမောင်နှမနှစ်ယောက်သည် တစ်ယောက်မှာ ဦးနှောက်သုံးပြီး တစ်ယောက်မှာ လက်ရုံးသုံးကာ ပူးပေါင်းလိုက်ကြလျှင် မည်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်း ရှိကြပေသည်။
ရှောင်ကျားသည် မိခင်နှင့် ဘွားဘွားတို့ တိုးတိုးတိတ်တိတ် ပြောနေကြသည်မှာ တစ်စုံတစ်ယောက်ကို ကြံစည်ရန် တွက်ချက်နေခြင်း ဖြစ်ရမည်ဟု ရိပ်မိနေသော်လည်း…
ဘာပြဿနာမှ မရှိပါဘူး...
ရှောင်ကျားမှာ မွေးရာပါ လိမ္မာပါးနပ်ပြီး အရွယ်ထက် ပို၍ ရင့်ကျက်သူဖြစ်ရာ၊ ငယ်စဉ်ကတည်းက ချန်ချင်းယွီ၏ သွန်သင်မှုကို ခံခဲ့ရသဖြင့် အသက်ငယ်သော်လည်း အလွန်ပင် ဉာဏ်ပြေးလှပေသည်။ သူသည်
မိမိ၏ အဘွားနှင့် မိခင်တို့ အကြောင်းမဲ့ ပြဿနာရှာမည့်သူများ မဟုတ်ကြောင်း ကောင်းကောင်း သိ၏။
အကယ်၍ သူတို့ ပြဿနာရှာဖို့ ကြံစည်နေတယ်ဆိုရင် သေချာပေါက် တစ်ဖက်လူ မှားနေလို့သာ ဖြစ်ရပေမည်။
အေးလေ... သူတို့ ခံရတာ ထိုက်တန်ပါတယ်...
ထို့ကြောင့် ရှောင်ကျားမှာ အဘွားနှင့် မိခင်တို့ လူယုတ်မာကို မည်သို့ကိုင်တွယ်ရမည်ကို ကြံစည်... အော်... မဟုတ်သေးပါဘူး… မည်သို့ ဆွေးနွေးတိုင်ပင်ရမည်ကို အဆင်ပြေစေရန်အတွက် ညီမဖြစ်သူကို ဆွဲခေါ်ကာ မိမိတို့ကိစ္စနှင့်မိမိတို့ ထွက်ခွာခဲ့ကြတော့သည်။ ဤသည်မှာ အိမ်ကြီးအိမ်ကောင်းတွင် နေရခြင်း၏ အားသာချက်ပင် ဖြစ်၏။ ယခင်ဆိုလျှင် အဘွားနှင့် မိခင်တို့သည် မီးဖိုချောင်ထဲတွင်သာ တိုးတိုးတိတ်တိတ် ပြောနိုင်ကြပြီး၊ သူ့အနေဖြင့်လည်း ဘာမှမသိသလို ဟန်ဆောင်နေခဲ့ရသည် မဟုတ်ပါလော။
အဲဒီတုန်းက တကယ့်ကို နေရခက်တာပဲ...
ယခုတွင်မူ ရှောင်ကျားနှင့် ရှောင်ယွမ်တို့တွင် ကိုယ်ပိုင်အခန်းများ ကိုယ်စီ ရှိနေကြပြီ ဖြစ်ပြီး၊ မောင်နှမနှစ်ယောက်စလုံး အပြင်ထွက်သည့်အခါ ခါးပတ်အိတ်လေးများကို ကိုယ်စီ ပတ်ထားကြသေးသည်။
ဤအိတ်လေးများကို သူတို့၏ မိခင်ဖြစ်သူ ကွမ်ကျိုးမှ ဝယ်လာပေးခြင်း ဖြစ်ပြီး၊ အခြားကလေး တစ်ယောက်မှ မရှိကြပေ။ ပူပြင်းလှသော နွေရာသီဖြစ်သဖြင့် ကလေးနှစ်ယောက်စလုံး နေကာဦးထုပ်များကို ဆောင်းလျက် အလုံအလောက် ပြင်ဆင်ထားကြ၏။
ရှီကျန့်ရှန်း ကလေးများ အပြင်
ထွက်လာသည်ကို မြင်သောအခါ
"ဒီလောက် ပူတဲ့ဥတုမှာ နင်တို့ ဘယ်သွားကြမလို့လဲ"
"အတန်းဖော်တွေနဲ့ ကစားမလို့ပါ"
ကလေးနှစ်ယောက်သည် စက်ဘီးများကို ကိုယ်စီစီးလျက် လျှပ်စီးလက်သကဲ့သို့ အမြန်နှင်းထွက်ခွာသွားကြတော့သည်။
ရှီကျန့်ရှန်း : "ဒီယောက္ခမနဲ့ ချွေးမကတော့ ကလေးတွေကို တအား အလိုလိုက်တာပဲ။ ကလေးကို ဒီလိုမျိုး ဘယ်လိုလုပ် ပြုစုပျိုးထောင်လို့ ရမှာလဲ။ ဆင်းရဲဒုက္ခခံနိုင်တဲ့ စိတ်ဓာတ်နဲ့ ခြိုးခြံချွေတာတဲ့ စိတ်ဓာတ်သာ မရှိရင် ကြီးလာတဲ့အခါ ဘာဖြစ်လာမလဲ"
ဤယောက္ခမနှင့် ချွေးမသည် သူတို့ရပ်ကွက်ထဲတွင် ကလေးကို အလိုအလိုက်ဆုံးလူများ ဖြစ်ကြ၏။
"ယောက်ျားလေးတွေကို ဒီလို မွေးမြူတာက ထားပါဦး၊ မိန်းကလေးတွေကို ဘာလို့ ဒီလိုမျိုး မွေးမြူနေရတာလဲ"
ရှီကျန့်ရှန်းသည် အဘွားကြီးဝမ်၊ အစ်မကြီးဖန် သို့မဟုတ် လင်စန်းရှင်းတို့နှင့် နှိုင်းယှဉ်လျှင် သူမ၏မိသားစုတွင် မိန်းကလေးထက် ယောက်ျားလေး ပိုများသဖြင့် ယောကျ်ား လိုလားပြီး မိန်းမ နှိမ်
သည့်စိတ် ထိုမျှလောက် မပြင်းထန်ချေ။
ရှားပါးခြင်းမှာ မိန်းကလေးများကို ပိုမို အဖိုးတန်စေသဖြင့် သူမတို့အိမ်တွင်လည်း မိန်းကလေးများကို အရေးတယူ ရှိကြပေသည်။
သို့သော်လည်း လူကြီးမိဘများ၏ တကယ့်စိတ်တွင်မူ ယောက်ျားလေးများသည်သာ မိသားစု၏ အနာဂတ်မဏ္ဍိုင်ဖြစ်ပြီး မိမိတို့ အားကိုးရမည့်သူများ ဖြစ်သည်ဟု ခံယူထားကြဆဲ ဖြစ်၏။ ယောကျ်ားလေးလိုလားပြီး မိန်းကလေးကို နှိမ်သည့်စိတ် သိသာထင်ရှားခြင်း မရှိသော်လည်း စိတ်ထဲတွင် ရှိနေဆဲပင်။
သူမသည် လျှာကို နှစ်ချက်သပ်ကာ အိမ်သို့ ပြန်သွားပြီး ရွှီကောင်းမင်ကို မကျေမနပ်ဖြင့် အတင်းအဖျင်း ပြောတော့သည်။ ရွှီကောင်းမင်မှာ သိပ်ပြီး အရေးစိုက်ပုံမရဘဲ
"မင်း သူတပါးကိစ္စကို သွားပြီး စွက်ဖက်မနေနဲ့။ သူတို့ကလေးကို သူတို့ စိတ်ကြိုက် မွေးမြူပါစေ၊ ဘာပဲဖြစ်ဖြစ် သူတို့ ပိုက်ဆံနဲ့ သူတို့ မွေးတာပဲဥစ္စာ။ ဒါနဲ့... ရှောင်စန်း မင်း နောင်ကျရင် ဝမ်ကျန့်ကော်နဲ့ ဝေးဝေးနေစမ်း။ ကြားလား။ အမှန်အတိုင်း ပြောရရင်... ကျန်းရှင်းဖှက အတင်းအဖျင်းတွေ လျှောက်ပြောနေတာ၊ ငါကြည့်ရတာ ဝမ်ကျန့်ကော်က သူ့ဆီကနေ အတုယူထားတာ ဖြစ်ရမယ်။ သူက ကောင်းမွန်တဲ့ မိန်းမတွေကိုကျတော့ မတွဲဘဲ ဘဝကိုလည်း ကောင်းကောင်းမနေဘူး။ ယောက်ျားအချင်းချင်းကိုမှ ဇွတ်တွဲချင်နေတာ။ သူက တကယ်ပဲ ငါတို့ဝင်းရဲ့ မျက်နှာကို ဖျက်ဆီးနေတာပဲ။ ကံကောင်းလို့ မင်း အိမ်ထောင်စောစောပြုသွားလို့ တော်တော့တယ်၊ မဟုတ်ရင် ငါတို့တွေ ဘယ်လောက်တောင် စိုးရိမ်နေကြမလဲ ကြည့်ဦး..."
ရွှီရှောင်စန်း ခေါင်းညိတ်လိုက်ပြီး၊ သူ၏ ဇနီးဖြစ်သူလည်း ပိုမို၍ ထိတ်လန့်သွားရ၏။
သူမသည် ဤဝင်းအတွင်း၌ သတိထားရမည့်သူများမှာ အမျိုးသမီးများသာမက အမျိုးသားများပါ ပါဝင်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။
ရွှီအိမ်မှ အငယ်ဆုံးသားမှာ မျက်စိတစ်ချက် ပစ်ပြရင်း
"အဖေ... အဲဒီကောင် ယွမ်ဟောက်ဖုန်းလေ၊ သူ ပြီးခဲ့တဲ့ရက်ပိုင်းက ဝမ်ကျန့်ကော်နဲ့အတူ ကွမ်ကျိုးကို သွားတာ ရက်ပေါင်း နှစ်ဆယ်ကျော်ကြာမှ ပြန်လာတာ။ အဖေ သိတယ်မလား... သိတယ်မလား... ဟဲဟဲဟဲ၊ အဖေ သိတယ်မလား သူတို့က..."
ရွှီကောင်းမင် ဟန့်တားကာ
"လျှောက်ပြီး ကောလာဟလတွေ မလွှင့်နဲ့စမ်း"
"ကျွန်တော်က ဘာလို့ ကောလာဟလ လွှင့်ရမှာလဲ။ ဝမ်ကျန့်ကော်ကိုပဲ ကြည့်လေ၊ သူက အဲဒီလိုလူစားမျိုး... သူက..."
ရွှီကောင်းမင် : "ဒါပေမဲ့ ဒါကို ငါတို့အိမ်ကနေ ထုတ်မပြောရဘူး။ အခုက အကဲဆတ်တဲ့ အချိန်ကာလပဲ။ ငါတို့မိသားစုက ယွမ်မိသားစုနဲ့ အဆက်အသွယ် ကောင်းကောင်း ရှိနေတာဆိုတော့ ဘယ်သူ့ကိုမှ သွားပြီး စိတ်အနှောင့်အယှက် မပေးနဲ့"
ရွှီကောင်းမင်သည် တကယ့်ကို ပါးနပ်လှသော မြေခွေးအိုကြီး ဖြစ်ပေသည်။ သူသည် လှည့်ပတ်ကြံစည်ရသည်ကို နှစ်သက်သည်ဆိုသော်လည်း၊ စည်းကျော်မည့် ကိစ္စရပ်များကိုမူ လုံးဝ မလုပ်ဆောင်ပေ။ သူသည် အခြေအနေ အရပ်ရပ်၏ အပေါ်ယံ ပုံရိပ်ကိုလည်း မြင်အောင် ကြည့်နိုင်စွမ်း ရှိ၏။ သို့မဟုတ်ပါက ဝင်းအတွင်း၌ အထက်တန်းကျသော နေထိုင်သူအဆင့်အတန်းကို မည်သို့ ထိန်းသိမ်းထားနိုင်ပါမည်နည်း။
"လက်ရှိ အခြေအနေက ဒါပဲ"
သူ သတိကြီးစွာဖြင့်
"ငါတို့က ဝမ်ကျန့်ကော်ကို သွားပြီး စိတ်ဆိုးအောင် လုပ်လို့မရဘူး။ သူက ချဲညီအစ်ကိုတွေကိုတောင် ထောင်ထဲအထိ ပို့ရဲတဲ့အထိ ရက်စက်တတ်တာ။ မင်းက သူ့ကို သူတော်စင်ကြီးများ ထင်နေလား။ ရန်ဖြစ်ရုံလေးတင်ရှိတာကို ထောင်ထဲ သုံးလအထိ ပို့ပစ်တာ၊ ပြီးတော့ သူက အရင်ဆုံး လူကို အိမ်သာထဲ ကန်ချခဲ့တာလို့တောင် သံသယရှိနေကြတာလေ။ ဒါကို ကြည့်ရင် သူ့ရဲ့ စရိုက်ကို သိနိုင်တယ်။ မင်းက သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ငါတို့မိသားစုအနေနဲ့ကတော့ အပေါ်ယံ ပတ်သက်မှုလေးပဲ ထိန်းထားရမယ်"
ရွှီရှောင်စန်းမှာ "ဪ..." ဟု ရေရွတ်လိုက်ပြီး…
“အဖေကလည်း အခုကျတော့ တအားကို သတိကြီးနေပြန်ပြီ… အခုတစ်မျိုး တော်ကြားတစ်မျိုးနဲ့…”
ရွှီကောင်းမင် : "မင်းလို ကောင်က သတိကြီးတယ်လို့ ပြောတာလား။ ငါသာ သတိမထားရင်... ငါတို့အိမ်က ဘယ်လို ဘဝမျိုးနဲ့ နေနေရမလဲ မင်းသိလား။ မင်းက ဘာမှမသိဘူး"
ရွှီရှောင်စန်း ဘာမှ ဆက်မပြောဝံ့တော့ချေ။
သူသည်ကား ကိုယ်ပိုင်ဉာဏ်မရှိသည့် တစ်ကြေဋင်းဆွဲ လူတစ်ယောက်သာ ဖြစ်၏။
"တကယ်လို့ မိသားစုသာ မင်းလက်ထဲ ရောက်သွားရင်... ငါ့စကားကို ယုံစမ်း၊ တစ်လတောင် မပြည့်ခင်မှာတင် အဘွားကြီးကျောက်က အကုန် ဖျက်ဆီးပစ်လိမ့်မယ်"
ရွှီရှောင်စန်း : "ကျွန်တော်က အဲလောက်အထိ အသုံးမကျလို့လား။ ကျွန်တော်..."
ခေတ္တမျှ ရပ်တန့်သွားပြီးနောက်
"ကဲပါ... ကဲပါ၊ ကျွန်တော် အဖေ့စကားကို နားထောင်ပါ့မယ်"
သူသည် ဆက်လက်၍ ဟန်မဆောင်နိုင်တော့ချေ၊ သူသည် အဘွားကြီးကျောက်ကို တကယ်ပင် မယှဉ်နိုင်ပေ။
သူ စိတ်ရင်းဖြင့် လှမ်းမေးကာ
"ဒါနဲ့... အဘွားကြီးကျောက်က ဘာဖြစ်လို့ ရိုက်သတ်မခံရတာလဲဟင်"
"ပါးစပ်ပိတ်ထားစမ်း၊ ငါကြည့်ရတာ မင်းကသာ အရင်ဆုံး ရိုက်သတ်ခံရမယ့်ကောင်"
ရွှီကောင်းမင်သည် သူ၏ အငယ်ဆုံးသားကို စကားဆက်ပြောရန် ပျင်းရိနေတော့သည်။ သူ၏ သားသုံးယောက်အနက် အငယ်ဆုံးသားမှာ အသုံးမကျဆုံးနှင့် စိတ်အပူရဆုံး ဖြစ်သဖြင့်၊ မိမိအိုမင်းလာသည့်အခါ ဤသားအနားမှာပင် မှီခိုနေထိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။ အကယ်၍ မိမိသာ သူ့ကို နည်းလမ်းအချို့ မပြသပေးခဲ့လျှင် အခြားလူများ၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။
"သူကတော့ တကယ်ပဲ စိတ်ပူရတဲ့ကောင်ပဲ"
အငယ်ဆုံးသား : "........."
ရွှီကောင်းမင် : "ဒီအငယ်ဆုံးသားဆိုတဲ့ ကောင်တွေကများ တစ်ခုခု ကျိန်စာသင့်နေတာလား မသိဘူး၊ ဘာလို့ အငယ်ဆုံးသားတိုင်းက စိတ်ပူရတာလဲ"
မာကျန့်ယီ၏ သားလည်း ထို့အတူပင် ဖြစ်သည်၊ ယခုထက်ထိ မုဆိုးမတစ်ယောက်ကို တတွဲတွဲလုပ်ရင်း လူပျိုကြီးဘဝဖြင့် နေထိုင်နေဆဲ ဖြစ်၏။
တောက်... တကယ့်ကို အရှက်မရှိလိုက်တာ...
"ကဲ... သွား... သွား၊ အလုပ်သွားကြစို့။ နောက်ကျရင် လစာအဖြတ်ခံရလိမ့်မယ်"
"ဟေ့... အဖေ၊ အဖေက အရောင်းအဝယ် လုပ်တဲ့ကိစ္စကို ဘယ်လိုမြင်လဲဟင်။ ကြည့်ရအောင်... ဟိုမုဆိုးမငယ်တောင် လုပ်နိုင်တာပဲ၊ ဗုံးကြီး (ချိုက်မင်မင်) လည်း လုပ်နိုင်တယ်၊ ယွမ်ဟောက်ဖုန်းနဲ့ ဝမ်ကျန့်ကော်တို့တောင် လုပ်နေကြတာပဲ။ ကျွန်တော်တို့လည်း ဘာလို့ မလုပ်ရမှာလဲ။ ပိုက်ဆံ ပိုရှာရတာပေါ့"
ဗုံးကြီးဆိုသည်မှာ မာကျန်း၏ ဇနီးဖြစ်သူ ချိုက်မင်မင်ကို သူပေးထားသော နာမည်ပြောင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ချိုင်းမင်မင်က အရပ်အမောင်း မြင့်မားပြီး ထွားကြိုင်းသောကြောင့် ဖြစ်သည်။
ရွှီကောင်းမင် သူ၏သားကို စိုက်ကြည့်လျက်
"ပါးစပ်ပိတ်ထားစမ်း... ငါ မင်းကို ပြောလိုက်မယ်၊ အဲဒီစိတ်ကူးကို လုံးဝ မတွေးနဲ့။ ပါးစပ်ပိတ်ထား။ ကိုယ့်အရည်အချင်း ကိုယ်မသိဘူးလား။ မင်းက အရောင်းအဝယ် လုပ်ချင်တယ်ဟုတ်လား။ အရင်းပြုတ်သွားမှာကို မကြောက်ဘူးလား။ မင်းရဲ့ ပုံမှန်အလုပ်ကိုပဲ ကောင်းကောင်းလုပ်စမ်းပါ။ လမ်းဘေးစျေးသည်တွေ ပိုက်ဆံရှာနိုင်ရင် ရှာနိုင်လိမ့်မယ်၊ ဒါပေမဲ့ မင်းကတော့ ရှာနိုင်မှာ မဟုတ်ဘူး"
"ကျွန်တော်က ဘာလို့ မရှာနိုင်ရမှာလဲ။ အဖေက ဘာမှ နားမလည်ဘဲနဲ့..."
"ငါက တစ်ကိုယ်တော် စျေးသည်တွေအကြောင်း နားမလည်ရင် ရှိပါစေ၊ ဒါပေမဲ့ မင်းအကြောင်းတော့ ငါနားလည်တယ်။ မင်းက ငါ့သားရင်းပဲဥစ္စာ။ မင့်အရည်အချင်းကို ငါမသိဘူး ထင်နေလား။ ဘာမှ သုံးစားမရဘူး"
သားအဖနှစ်ဦး အိမ်ထဲမှ ထွက်လာခဲ့ကြပြီဖြစ်ရာ လမ်းလျှောက်ရင်း စကားတပြောပြောဖြင့် သွားနေကြသည်။
ယွမ်ဟောက်ဖုန်းသည်လည်း အပြင်သို့ ထွက်လာပြီးနောက် ၎င်းတို့အနောက်မှ လိုက်လာခဲ့ရာ၊ နောက်ဆုံးစကားအချို့ကို ကွက်တိကြားလိုက်ရသဖြင့် စိတ်ထဲ တိတ်တဆိတ် ခေါင်းညိတ်မိသွား၏။
ဟုတ်တာပေါ့... ငါ့လိုလူမျိုးမှပဲ ပိုက်ဆံရှာနိုင်မှာလေ။
သူသည် မိမိကိုယ်မိမိ အလွန်ပင် ယုံကြည်မှုရှိနေသဖြင့် ပြုံးလိုက်မိပြီး၊ လီလင်းလင်းကို မိမိထံ ပြန်လည်ပါလာအောင် စည်းရုံးရန် ဆုံးဖြတ်လိုက်၏။ လင်စန်းရှင်း၏ ကြားဖြတ်နှောင့်ယှက်မှုကြောင့် လတ်တလော၌ လီလင်းလင်းနှင့် အနည်းငယ် အလှမ်းဝေးသွားခဲ့ရာ၊ သူမကို မိမိအနားသို့ သေချာပေါက် ပြန်ခေါ်ရမည် ဖြစ်သည်။ မဟုတ်ပါက မည်သူ မိမိအတွက် အလကား အလုပ်အကျွေးပြုပေးပါတော့မည်နည်း။
သူမကို ပိုက်ဆံပေးရမယ်ဟုတ်လား။
အိမ်မက်မက်နေလိုက်...
သူသည် လီလင်းလင်းအား မိမိ၏ ခန္ဓာကိုယ်ကိုပင် ပေးအပ်ထားပြီးဖြစ်ရာ ဤသည်မှာ သူမအတွက် အလွန်ပင် ကောင်းမြတ်လှပြီ ဖြစ်၏။
သူမက ပိုက်ဆံကိုပါ လိုချင်သေးတယ်ဟုတ်လား… ဘယ်လိုမျက်နှာမျိုးနဲ့ တောင်းရဲတာလဲ…။
သူသည် ရှန့်ရှန့်နှင့် တွဲခဲ့စဉ်၎၌ အများကြီး ရရှိခဲ့ဖူးသည်။ လီလင်းလင်းနှင့် အလုပ်လုပ်ရသည်မှာမူ သူ့အတွက် အသေးအဖွဲ ကိစ္စရပ်အချို့ကိုသာ ခိုင်းစေခြင်းဖြစ်ရာ၊ အမှန်အတိုင်း ပြောရလျှင် ယွမ်ဟောက်ဖုန်းသည် မိမိသာ အရှုံးပေါ်နေသည်ဟု အမြဲတမ်း ခံစားနေရခြင်း ဖြစ်၏။ သို့မဟုတ်ပါက သူသည် အိမ်ကို လိုချင်စိတ် ရှိလိမ့်မည် မဟုတ်ပေ။
အိမ်အကြောင်း ပြောရလျှင်... လီလင်းလင်းတို့ မိသားစု၏ အိမ်ကို ရယူရန်မှာ တကယ့်ကို မလွယ်ကူလှချေ။
လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့မှာ တကယ့်ကို ပါးနပ်လွန်းကြသည်။
သို့သော်လည်း... ထိုမုဆိုးမ၏ အိမ်ကိုမူ သူ ကြံစည်နိုင်ကောင်းပါက စည်နိုင်လိမ့်မည်။ သူမမှာ အိမ်အတော်များများကို ပိုင်ဆိုင်ထားပြီး ဖြစ်၏။ မနေ့ညက မိခင်နှင့် ညီမဖြစ်သူတို့၏ စကားဝိုင်းကို သူ တိတ်တဆိတ် ကြားခဲ့ရပြီးဖြစ်ရာ၊ တကယ်လို့သာ ချန်ချင်းယွီကို ချန်ရိကျွင်း အတင်းအဓမ္မ အိမ်ထောင်ပြန်ချပေးလိုက်လျှင် မိမိအနေဖြင့် မည်သည့် အကျိုးအမြတ်များ ရနိုင်မည်နည်းဟု တွက်ချက်နေခြင်း ဖြစ်သည်။
ဖြစ်နိုင်သည်မှာ သူသည် အဘွားကြီးကျောက်ကို လှည့်စားနိုင်လိမ့်မည်။ အဘွားကြီးကျောက် နှုတ်သီးကောင်းလျှာထက် ရှိသော်လည်း ဦးနှောက်မှာမူ အူတူတူသာ ဖြစ်၏။
ယွမ်ဟောက်ဖုန်းသည် မိမိကိုယ်တိုင် သွားရောက် အနစ်နာခံရန် မတွေးထားချေ။ သူသည် အသက်ကြီးသောအမျိုးသမီးများနှင့် ပတ်သက်ဖူးသည်ဆိုသော်လည်း၊ အဘွားကျောက်မှာမူ အသက်ကြီးလွန်းလှသဖြင့် ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။ သို့သော် အနည်းငယ် လှည့်စားရန်အတွက်မူ ဖြစ်နိုင်ခြေ ရှိပေသည်။
မိမိကိုယ်မိမိ ဉာဏ်ကောင်းသော လူတစ်ယောက်ဟု သူ ခံယူထား၏။ ချန်ချင်းယွီမှာ အားနည်းပုံရသော်လည်း လည်ဝယ်မှုအချို့ ရှိသည်ကို သူ သိသည်။
ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့မှာ တကယ့်ကို အတွဲအဖက်ညီလှသည်၊ တစ်ယောက်က ပါးနပ်ပြီး တစ်ယောက်က လည်လှရာ၊ သူမသည် အဘွားကြီးကျောက်၏ စစ်ကူပင် ဖြစ်၏။
တကယ်လို့သာ သူမ အိမ်ထောင်ပြုသွားခဲ့ရင်... အဘွားကြီးကျောက်က အစွယ်ကျိုးသွားတဲ့ ကျားတစ်ကောင် ဖြစ်သွားမှာပဲ။
သူမက ဘယ်လောက်ပဲ အာဏာပြပြ... ဉာဏ်မကောင်းရင်တော့ ငါက သူမကို အလွယ်တကူ အကြိမ်ကြိမ် လှည့်စားလို့ ရတာပေါ့။
သူမ ဉာဏ်ကောင်းမလားဆိုတာတော့….
မဖြစ်နိုင်တာ...
ဖြစ်နိုင်တာကတော့... အဲဒီအိမ်က နောက်ဆုံး ငါ့လက်ထဲ ရောက်လာမှာပဲ။
ယွမ်ဟောက်ဖုန်းသည် မိမိကိုယ်မိမိ အလွန်ပင် ယုံကြည်မှု ရှိနေတော့သည်။ လောကအမြင်ရှိသော ရှန့်ရှန့်ကဲ့သို့ မိန်းမမျိုးတောင် မိမိအပေါ် စိတ်ဝင်စားခဲ့သေး၍ ဤကဲ့သို့သော အဘွားကြီးတစ်ယောက်ကိုမူ ပြောနေစရာပင် မလိုတော့ပေ။ အနည်းငယ် လှည့်စားလိုက်ရုံမျှဖြင့် လက်ဖျောက်တစ်ချက်တီးရသလောက် လွယ်ကူပေလိမ့်မည်။
ယွမ်ဟောက်ဖုန်း၏ အတွေးများ ပိုမို၍ လှပဆန်းသစ်လာခဲ့ပြီး၊ သူ၏ မျက်နှာထက်တွင်လည်း ကျေနပ်အားရသော်လည်း ထူးဆန်းဆိုးသွမ်းလှသော အပြုံးတစ်ခု ပေါ်ပေါက်လာကာ "ဟီးဟီးဟီး... ဟားဟားဟား~" ဟု ရုတ်တရက် အသံထွက်၍ ရယ်မောလိုက်တော့၏။
ယွမ်ဟောက်ဖုန်း၏ အစီအစဉ်များ
လှပနေသော်လည်း၊ သူ၏ အနောက်တွင် လူတစ်ယောက် ရှိနေသည်ကိုမူ သူ မသိရှိခဲ့ပေ။
ပုစဉ်းရင်ကွဲကို ဖမ်းရန် ချောင်းနေသော စာကလေးသည် မိမိအနောက်၌ တစ်စုံတစ်ယောက် ရှိနေသည်ကို မသိပါချေ... အော်... မဟုတ်သေးပါဘူး… မနက်ခင်း အလုပ်သွားချိန်ဖြစ်သဖြင့် လူတိုင်းသည် တစ်ချိန်တည်းမှာပင် အိမ်မှ ထွက်လာကြခြင်း ဖြစ်သည်။ ယွမ်ဟောက်ဖုန်းသည် လမ်းကြားဝသို့ ရောက်သောအခါ ရုတ်တရက် ထ၍ ထူးဆန်းစွာ အော်ဟစ်ရယ်မောလိုက်ရာ၊ သူ၏အနောက်မှ လူ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။
မှင်အိုးမှောက်ချလိုက်သကဲ့သို့ တကယ့်ကို မည်းနက်သွားခြင်း ဖြစ်သည်။
ထိုလူမှာ အခြားသူမဟုတ်ဘဲ ဝမ်ကျန့်ကော်ပင်…
ဝမ်ကျန့်ကော်သည် မနေ့ညက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကြောင့် တစ်ညလုံး အိပ်ပျော်ခြင်းမရှိခဲ့ဘဲ၊ မိခင်ဖြစ်သူ သေဆုံးသွားသကဲ့သို့ပင် စိတ်မချမ်းမသာ ခံစားနေရခြင်း ဖြစ်၏။ သူ ယနေ့မနက်တွင် မျက်နှာအေးစက်စက်ဖြင့် အလုပ်သွားရန် ထွက်လာခဲ့ပါသော်လည်း၊ ဤကဲ့သို့သော အခြေအနေမျိုးနှင့် တိုးလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ဝမ်ကျန့်ကော်သည် ယွမ်ဟောက်ဖုန်း စိတ်ကူးထဲတွင် လှပသော အရာများကို တွေးတောနေခြင်း ဖြစ်သည်ကို မသိပေ။
တောက်... ဒီကောင်စုတ် ယွမ်ဟောက်ဖုန်းက ဘာသဘောလဲ။ သူက ငါ့ကို သိသိသာသာကြီး လှောင်ပြောင်နေတာပဲ...
စိတ်ထဲမှ နာကျည်းစွာ တွေးမိ၏။
ဒါမှမဟုတ်ရင်... သူက ဘာဖြစ်လို့ အခုလို အချိန်မျိုးမှာမှ ကွက်တိကြီး လာပြီး ရယ်နေရတာလဲ...
ငါ့ကို လာပြီး လှောင်နေတာပဲ...
သူက ဘယ်လိုသတ္တိနဲ့ ငါ့ကို လာပြီး မထီမဲ့မြင် လုပ်ရဲတာလဲ...
ဝမ်ကျန့်ကော်သည် လက်ရှိတွင် စိတ်ဒဏ်ရာအရဆုံးနှင့် အကဲဆတ်ဆုံး အခြေအနေသို့ ရောက်ရှိနေသဖြင့်၊ ယွမ်ဟောက်ဖုန်း၏ နီမြန်းနေသော မျက်လုံးများနှင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးများကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် အကြီးအကျယ် ထိခိုက်နာကျင်သွားရတော့သည်။
"ဒီကောင်စုတ်... မင်းက ငါ့ကို လာပြီး လှောင်ရဲတယ်ပေါ့။ နေဦးပေါ့... နေဦးပေါ့။ ငါ ဝမ်ကျန့်ကော်ကတော့ မင်းကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"
စိတ်ထဲမှ ဓားကြိမ်း ကြိမ်းလိုက်မိသည်။
ဝမ်ကျန့်ကော်၏ အနောက်မှ လိုက်လာသူမှာမူ ဝမ်တာ့ချွေ ဖြစ်၏။
ဝမ်တာ့ချွေ : "..."
ဝမ်ကျန့်ကော်က ယွမ်ဟောက်ဖုန်းကို သဘောကျသွားတာများလား မသိဘူး…။
သူ့ရဲ့ အကြည့်တွေက... ဟိုလူ ထွက်သွားတာတောင် အခုထိ မတ်တပ်ရပ်ပြီး စိုက်ကြည့်နေတုန်းပဲ။
တကယ့်ကို ကြောက်စရာကြီးပဲ...
ဝမ်တာ့ချွေဟူသော ထွားကြိုင်းသန်မာသည့် လူသန်ကြီးမှာမူ တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ သူသည် ပုခုံးလေးကျုံ့ကာ ခြေလှမ်းကျဲကြီးများဖြင့် အလောတကြီး လျှောက်လှမ်းသွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ယွမ်ဟောက်ဖုန်းတို့နှင့် သူတို့ အလုပ်ဌာနချင်း မတူကြ၍သာ တော်တော့သည်၊ သို့မဟုတ်ပါက ဝမ်ကျန့်ကော်တစ်ယောက် သူ့အနောက်မှ ရုံးခန်းထဲအထိ တကောက်ကောက် လိုက်လာပေလိမ့်မည်။
မဖြစ်ဘူး... ငါ မိန်းမတစ်ယောက်လောက် အမြန်ရှာမှ ဖြစ်တော့မယ်... မဟုတ်ရင် ဒီဝင်းကြီးက တကယ့်ကို ကြောက်စရာကြီးပဲ။
ခန္ဓာကိုယ်ထွားကြိုင်းလှသော လူကြီးမင်းမှာမူ စိုးရိမ်ထိတ်လန့်လွန်းသဖြင့် တဆတ်ဆတ် တုန်ရင်နေရှာတော့သည်။
မနက်စောစောစီးစီး အလုပ်သွားချိန် ခရီးစဉ်သည် တကယ်ကို စည်ကားလှပေ၏။ ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ကဲ့သို့ အလုပ်သွားရန် မလိုသောလူများမှာမူ စိတ်အေးလက်အေး ရှိလှပေသည်။ ဝမ်ကျန့်ကော်သည် မိမိ၏ ရည်ရွယ်ချက် အောင်မြင်စေရန်အတွက် ချန်ချင်းယွီကို နောက်တစ်ကြိမ် အသုံးချချင်နေပြန်၏။ သူတို့ မနေ့ညက ကလဲ့စားချေခဲ့ကြသည်ဆိုသော်လည်း ဤမျှလောက်နှင့် စိတ်ကျေနပ်မှု မရှိကြသေးချေ။
ယောက္ခမနှင့် ချွေးမနှစ်ဦး ခေတ္တမျှ ဆွေးနွေးတိုင်ပင်လိုက်ကြပြီးနောက် အဘွားကြီးကျောက်မှာ
"နင် နေဦးပေါ့... ငါ သူ့ကို အိမ်သာကျင်းထဲ ကန်ချပစ်မယ်..."
ချန်ချင်းယွီမှာမူ အံ့အားသင့်သွားရသည်။ အဘွားကြီးကျောက်
ဆက်လက်၍
"ပြီးခဲ့တဲ့အကြိမ်က ချဲညီအစ်ကိုတွေ အိမ်သာထဲ ပြုတ်ကျတုန်းက... သူတို့က ချက်ချင်းပဲ ဝမ်ကျန့်ကော်ကို သံသယဝင်ခဲ့ကြတယ် မဟုတ်လား။ အကယ်၍ ဒီတစ်ခေါက်သာ အဲဒီကောင် အိမ်သာထဲ ပြုတ်ကျသွားရင်... သူတို့က ဘယ်သူ့ကို သံသယဝင်ကြလိမ့်မယ် ထင်လဲ"
ချန်ချင်းယွီ : "ချဲယုံဖုန်းတို့ ညီအစ်ကိုတွေကိုပေါ့"
အဘွားကြီးကျောက်မှာ "ညည်းက တော်တော်လေး ဉာဏ်ပြေးတာပဲ" ဟူသော အကြည့်မျိုးဖြင့် ကြည့်ရင်း
"အဲဒီလိုဆိုရင်တော့... သူတို့တွေ ခွေးအချင်းချင်း ကိုက်ကြသလို သေချာပေါက် ကိုက်ကြတော့မှာ ဟီးဟီးဟီး"
ချန်ချင်းယွီ ပြန်လည်တွေးတောကြည့်ရာ ဟုတ်မှန်သည်ဟု သဘောတူမိသွားသည်။ ဤနည်းလမ်းမှာ အနည်းငယ် ရိုင်းစိုင်းလှသော်လည်း တကယ့်ကို ထိရောက်သော နည်းလမ်းကောင်းတစ်ခု ဖြစ်ပေ၏။ အနည်းဆုံးတော့ သိက္ခာကို အလွန်အမင်း တန်ဖိုးထားတတ်သော ဝမ်ကျန့်ကော်ကဲ့သို့ ဟန်ဆောင်ကောင်းသည့်လူကို အကြီးအကျယ် စိတ်ပျက်ရွံရှာသွားစေမည် ဖြစ်သည်။
သူ့တွင် သိက္ခာသိပ်မရှိတော့သော်လည်း၊ သူသည် တကယ့် လူယုတ်မာတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်ရာ၊ သူတို့အနေဖြင့် သူ၏ မျက်နှာဖုံးကို တတ်နိုင်သမျှ ခွာချပစ်ရမည် ဖြစ်သည်။
သို့သော်လည်း ချန်ချင်းယွီ ချက်ချင်းပင် ပြတ်ပြတ်သားသားဖြင့်
"အမေ... အမေ ကန်ချချင်ရင် ကန်ချပါ၊ ဒါပေမဲ့ ကျွန်မတို့ လမ်းကြားထဲက အိမ်သာထဲမှာတော့ မလုပ်ပါနဲ့။ ဒီလို ပူအိုက်တဲ့ နွေရာသီမှာ... အဲဒါတွေက နေရာအနှံ့ ပေကျံကုန်ရင် ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး"
သူမသည် လူကို ဒုက္ခပေးချင်သည်ဆိုသော်လည်း၊ မိမိကိုယ်တိုင်မူ ဤကဲ့သို့သော အနံ့အသက်ဆိုးများကို လုံးဝ မခံစားချင်ပေ။
"ထားလိုက်ပါတော့... ထားလိုက်ပါတော့၊ အမေ သွားနေစရာ မလိုပါဘူး။ ကျွန်မပဲ သွားလိုက်မယ်။ ဒီရက်ပိုင်းအတွင်း အခွင့်အရေးရှာပြီး သူ့ကို ကန်ချလိုက်မယ်။ ကျွန်မက အမေထက် ပိုပြီး လက်သွက်ခြေသွက် ရှိတာပဲ"
အဘွားကြီးကျောက် သတောတူကာ
"အေးပါ... ဒါဆိုလည်း ညည်းပဲ သွားတော့"
သူတစ်ပါးကို ရွံရှာအောင် လုပ်ရမည့် ကိစ္စရပ်တွင်မူ ဤယောက္ခမနှင့် ချွေးမနှစ်ဦးစလုံး တာဝန်ကျေပွန်စွာဖြင့် လုပ်ဆောင်ချင်နေကြခြင်း ဖြစ်၏။
ချန်ချင်းယွီ : "ကဲ... ဒါဆိုရင်တော့ အပြတ်ပဲ။ ကျွန်မ ဆေးရုံကို သွားပြီး အဖေ့ကို သွားကြည့်လိုက်ဦးမယ်"
အဘွားကြီးကျောက် : "........."
ချန်ချင်းယွီ : "ကျွန်မ စိတ်မချလို့ပါ။ တကယ်လို့ ချဲယုံဖုန်းကသာ တကယ်ပဲ..."
အဘွားကြီးကျောက် : "ညည်း စိုးရိမ်နေစရာ မလိုပါဘူးလို့ ငါထင်တယ်။ ချဲယုံဖုန်းက မနေ့ကတင် အဲဒီလောက်အထိ အရှက်ကွဲထားတာ၊ သူက ဘယ်လိုမျက်နှာမျိုးနဲ့ အပြင်ထွက်ရဲဦးမှာလဲ"
ထိုသို့ဆိုသော်လည်း ချန်ချင်းယွီ အနည်းငယ် စိုးရိမ်နေဆဲပင် ဖြစ်ရာ၊
"ကျွန်မ သွားကြည့်တာကပဲ ပိုကောင်းပါတယ်"
အမှန်စင်စစ် ဆေးရုံသို့ သွားခြင်းမှာ တစ်ဖက်လူ မိမိထံသို့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းနှင့် တူပေသည်၊ ချဲယုံဖုန်းကို တိုက်ရိုက် စောင့်ကြည့်ခြင်းမှာ ပို၍ ကောင်းမွန်မည် ဖြစ်သော်လည်း၊ နေ့ခင်းကြောင်တောင်တွင် သူမအနေဖြင့် ချဲယုံဖုန်းကို လိုက်လံစောင့်ကြည့်နေရန်မှာ အဆင်မပြေလှချေ။ တကယ်လို့သာ အခြားလူများ သိရှိသွားပါက ရှင်းပြရန် ခက်ခဲပေလိမ့်မည်။ သို့သော် ဆေးရုံသို့ သွားခြင်းမှာမူ ကွဲပြားခြားနားလှပြီး ထိုလူမှာ သူမ၏ ဖခင်အရင်း ဖြစ်နေသောကြောင့် မည်သူမှ သံသယမဝင်နိုင်ပေ။
ဘာပဲဖြစ်ဖြစ် ငါလည်း ဘာမှလုပ်စရာမရှိတာပဲ၊ ဆေးရုံကို သွားပြီး ချန်ရိကျွင်းကို သွားပြီး စိတ်အနှောင့်အယှက် ပေးလိုက်တာပေါ့…။
ငါ အဲဒီမှာ ရှိနေသရွေ့တော့ သူ သေချာပေါက် စိတ်ဆင်းရဲနေမှာပဲ…သူ စိတ်မချမ်းသာရင် ငါက ပျော်ရတာပေါ့..။
အဘွားကြီးကျောက် : "ဒါဆိုလည်း ပြီးတာပဲ"
"ဒါဆိုရင်တော့ ငါ ညည်းနဲ့အတူ ဆေးရုံကို မလိုက်တော့ဘူး။ ပြီးခဲ့တဲ့အကြိမ်က ငါ သဘောကျတဲ့ ကျွင်းကျစ်လန်ပန်းတစ်အိုးကို တွေ့ခဲ့တယ် မဟုတ်လား။ အဲဒါလေး သွားဝယ်ရင်း တခြား အပင်ကောင်းကောင်းလေးတွေ ရှိသေးလားလို့ သွားကြည့်လိုက်ဦးမယ်"
ချန်ချင်းယွီ ခေါင်းညိတ်ပြလျက်
"ကောင်းပါပြီ။ အမေလည်း ဒီကိစ္စကို သေချာ ဂရုစိုက်ကြည့်ဦးနော်"
"အေးပါ"
ချန်ချင်းယွီ ပြုံးလိုက်မိပြီး၊ မိမိ၏ ယောက္ခမဖြစ်သူမှာ ဤအပင်၏ တန်ဖိုး မည်မျှလောက်အထိ ကြီးမားကြောင်းကို မသိရှိသေးပါတကားဟု စိတ်ထဲမှ တွေးတောနေမိ၏။
ချန်ချင်းယွီ အလောတကြီး ထွက်ခွာခြင်း မရှိဘဲ မနက်ခင်း နောက်ကျမှသာ အိမ်မှ ထွက်လာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ချဲယုံဖုန်းသာ တကယ်သွားမည်ဆိုလျှင်ပင် ဤမျှလောက် မနက်စောစောစီးစီး သွားလိမ့်မည် မဟုတ်သောကြောင့်တည်း။
"ရှောင်ချန်... နင် ဘယ်သွားမလို့လဲ"
လမ်းတွင် ရှီကျန့်ရှန်း လှမ်းမေးသည်။
ချန်ချင်းယွီ : "ကျွန်မ အဖေ့ကို သွားကြည့်မလို့ပါ။ ပြီးခဲ့တဲ့အကြိမ်က သွားတုန်းက သူက သိပ်ပြီး နေလို့မကောင်းဘူးလေ၊ ဒါကြောင့် စိတ်မချရလို့ သွားကြည့်တာပါ"
ရှီကျန့်ရှန်း : "နင်က တကယ့်ကို ကြင်နာတတ်ပြီး သိတတ်တဲ့ သမီးလိမ္မာလေးပဲ၊ သွား... သွား"
ချန်ချင်းယွီ ပြုံးပြလိုက်၏။ မိမိတို့ မိသားစု အရောင်းအဝယ် လုပ်ပြီး ပိုက်ဆံရလာကတည်းက အိမ်နီးနားချင်းများ သူတို့ကို အမြဲတမ်း စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အားသာချက်နှင့် အားနည်းချက်ဟူ၍ ဒွန်တွဲနေပေသည်။ အခြားလူအများစုမှာမူ ဤသည်ကို စိတ်အနှောင့်အယှက် ဖြစ်စရာဟု ထင်မြင်နိုင်သော်လည်း၊ ချန်ချင်းယွီမှာမူ မိမိတို့ မိသားစုအတွက် အားနည်းချက်ထက် အားသာချက်က ပိုများလှသည်ဟု ခံယူထား၏။
ဤသည်မှာ အကြောင်းမဲ့ တွေးတောခြင်း မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ်... မိမိတို့ မိသားစုတွင် လူကြီးလူငယ် စုံလင်လှပြီး ပိုက်ဆံလည်း ရှိနေကြရာ၊ သူတစ်ပါး၏ အာရုံစိုက်မှုကို ခံရခြင်းသည် ပိုမို၍ ဘေးကင်းလုံခြုံသည်ဟု ခံစားရစေသည်။
ကိုယ်ပိုင်လွတ်လပ်ခွင့် သိပ်မရှိဟု ဆိုသော်လည်း၊ ယခုခေတ်ကာလတွင် မည်သူမျှ ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အဝ မရှိကြသည်မှာ သဘာဝပင်။
သူမအနေဖြင့် သတိထားပြီး နေထိုင်ရုံမျှဖြင့် အဆင်ပြေလှပေသည်။
ချန်ချင်းယွီ ဆေးရုံသို့ စက်ဘီးစီး၍ လာခဲ့ရာ၊ ဆေးရုံမှာ သိပ်မဝေးသဖြင့် မကြာမီမှာပင် ရောက်ရှိသွားတော့၏။
ချန်ရိကျွင်း တစ်ယောက် ဆေးရုံတွင် ရက်အတော်ကြာ တက်နေရသည့် အကြောင်းရင်းမှာ... သူ မည်သို့မည်ပုံ လုပ်လိုက်သည်မသိဘဲ မိမိကိုယ်မိမိ အစာအိမ်ဆေးရသည့်အဆင့်အထိ ရောက်အောင် လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်၊ တကယ့်ကို အံ့ဩစရာ ကောင်းလှသော လူတစ်ယောက်ပင်။ သူသည် အမွှေးတိုင်ပြာများကို သောက်ခဲ့လိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။ ဤမျှလောက် ထူးဆန်းလှသော လူတစ်ယောက် ဖြစ်နေသဖြင့်၊ ဖြတ်သွားဖြတ်လာ လူတိုင်း သူ့ကို လာရောက် ကြည့်ရှုချင်နေကြခြင်း ဖြစ်၏။
ဤကဲ့သို့သော လူမျိုးကို တစ်ခါမျှ မမြင်ဖူးကြ၍ ဖြစ်သည်။
ချန်ချင်းယွီ မိမိဖခင်၏ လူနာဆောင် အပြင်ဘက်တွင် လူအတော်များများ ဝဲလည်ဝဲလည် ဖြစ်နေကြသည်ကို သတိထားမိလိုက်၏။
ချန်ချင်းယွီ တံခါးကို တွန်းဖွင့်လိုက်ရင်း "အဖေ..." ဟု ခေါ်လိုက်သည်။
ချန်ရိကျွင်းသည် မနက်ဖြန်မနက်တွင် ဆေးရုံ ဆင်းရတော့မည် ဖြစ်သဖြင့် ယနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းမွန်နေ၏။ သို့သော်လည်း ထိုပျော်ရွှင်မှုမှာ ယခုအချိန်အထိသာ ခံတော့သည်။ ချန်ချင်းယွီကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာ ချက်ချင်းပင် ပျက်သွားပြီး၊ ဒေါသတကြီးဖြင့်
"နင် ဘာလာလုပ်တာလဲ..."
ချန်ချင်းယွီ ဝမ်းနည်းပက်လက် ဖြစ်နေဟန်ဖြင့်
"ကျွန်မ အဖေ့ကို လာကြည့်တာပါ"
"ထွက်သွားစမ်း... ငါ့ကို လာကြည့်ဖို့ မလိုဘူး။ နင်က တကယ့် အမင်္ဂလာကောင်မပဲ... နင် ငါ့အနားကနေ ဝေးဝေးနေပေးတာက အကောင်းဆုံးပဲ... ထွက်သွား..."
သူသည် မိမိ၏ သမီးအရင်းအပေါ် အလွန် ရက်စက်ကြမ်းကြုတ်လှပြီး အလွန်အမင်း ဒေါသထွက်နေလေသည်။
ချန်ချင်းယွီ : "ဟီး... အီးဟီး... ဟီး..."
မျက်ရည်များ တဖြိုင်ဖြိုင် ကျဆင်းလျက် ငိုကြွေးလိုက်တော့သည်။
"နင်လို ကံဆိုးတဲ့ကောင်မ၊ ထွက်သွားစမ်း..."
ချန်ချင်းယွီသည် အားနွဲ့ပြီး မျက်ရည်လွယ်သော မိန်းမငယ်လေးတစ်ဦး၏ ပုံစံကို အပီပြင်ဆုံး သရုပ်ဆောင်လျက်၊ မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
သူမသည် ထိုနေရာမှ ထွက်မသွားဘဲ လူနာဆောင်တံခါးနှင့် မလှမ်းမကမ်းရှိ ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်ကာ ဆက်လက်၍ အော်ဟစ်ငိုယိုနေခဲ့၏။
"ရော့... မငိုပါနဲ့တော့"
သူမ၏ရှေ့သို့ လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလာသည်။
ချန်ချင်းယွီ ထိုလက်ကိုင်ပဝါကို လှမ်းမယူဘဲ ဆက်၍သာ ရှိုက်ငိုနေခဲ့၏။
"ငိုနေလို့လည်း ဘာမှထူးမှာမဟုတ်ဘူး၊ ပြန်လိုက်ပါတော့"
"အီးဟီး... ဟီး..."
"ညည်းအဖေက ဘာမှမဖြစ်ပါဘူး၊ ပြန်ကောင်းလာပါပြီ၊ အားအင်တွေလည်း ရှိနေတာပဲ။ စိုးရိမ်မနေပါနဲ့တော့"
ချန်ချင်းယွီ "ဟီး... အီးဟီး..." ဟုသာ တုံ့ပြန်နေ၏။
"ငါတို့ရဲတွေလည်း ဒီမှာရှိနေတာပဲ၊ ဘာကိုစိုးရိမ်နေတာလဲ။ ညည်း ခက်ခဲတဲ့အခြေအနေ ရောက်နေတာကို ငါသိပါတယ်၊ ဒါပေမဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားရမယ်လေ၊ ဒီလောက်အထိ အားနွဲ့နေလို့တော့ မဖြစ်ဘူး"
ချန်ချင်းယွီ "အီးဟီး... ဟီး..." ဟုသာ ဆက်၍ ငိုနေပြန်သည်။
ချန်ချင်းယွီကို လာရောက်ဖျောင်းဖျနေသော ရဲအရာရှိမှာမူ ခေါင်းထဲတွင် ငိုသံများ အဆက်မပြတ် စီစီညံသွားရတော့သည်။
ဒီမိန်းကလေးကတော့ တကယ့်ကို ငိုပွဲဆင်ရတာ ဝါသနာပါတဲ့လူပဲ…။
ချန်ချင်းယွီ အဆက်မပြတ် ငိုကြွေးနေရင်းမှ မော့ကြည့်ကာ
"ရှင်တို့ ဒီမှာ ဘာလာလုပ်နေကြတာလဲ။ ကျွန်မအဖေနဲ့ မိထွေးက တစ်ခုခု မှားတာလုပ်ထားလို့လား"
သူမသည် မိမိတို့အိမ်ရှိ သရဲခြောက်သည့်ကိစ္စကို လာရောက်
စုံစမ်းစစ်ဆေးစဉ် ၎င်းနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဖူးသဖြင့် ထိုရဲအရာရှိကို မှတ်မိနေခြင်း ဖြစ်၏။
"မဟုတ်ပါဘူး၊ ဟိုသရဲခြောက်တဲ့ကိစ္စက အခုထိ အဖြေမပေါ်သေးဘူးလေ။ ငါတို့ ဆက်ပြီး စုံစမ်းစစ်ဆေးဖို့ လိုနေသေးလို့ပါ"
"လအတော်ကြာနေပြီကို အခုထိ အဖြေမရှာနိုင်ကြသေးဘူးပဲ"
ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်လိုက်သည်။
ရဲအရာရှိမှာမူ ဆွံ့အသွားရတော့၏။ ရဲအရာရှိ ဘာမှပြန်မပြောနိုင်ခင်မှာပင် ချန်ချင်းယွီ ချက်ချင်း ရှိုက်ကြီးတငင် ဆက်လက်ငိုကြွေးပြန်သည်။
သူမကို ဖျောင်းဖျ၍မရနိုင်မှန်း သိသွားသောအခါ ရဲအရာရှိသည် သက်ပြင်းတစ်ချက်ချကာ တိတ်ဆိတ်စွာသာ စောင့်ကြည့်နေတော့၏။
ချန်ချင်းယွီမှာ ငိုရသည်ကို တကယ့်ကို ကျွမ်းကျင်လှပေသည်၊ မျက်ရည်များ ခမ်းခြောက်သွားသည့်တိုင်အောင် တရှုံ့ရှုံ့ဖြင့် ဆက်လက်ငိုယိုနေဆဲ ဖြစ်ရာ... ဤသည်မှာ အတုအယောင် ငိုကြွေးခြင်းသာ ဖြစ်ပေသည်။
သို့သော်လည်း ငိုကြွေးခြင်းတွင် ပုံသေနည်းဟူ၍ မရှိသဖြင့် သူမသည်ကား ဆက်တိုက်ဆိုသလို ငိုနေခဲ့၏။ ဖြတ်သွားဖြတ်လာ လူတိုင်းလည်း သူမကို မကြည့်ဘဲ မနေနိုင်ကြပေ။
လူနာဆောင်အတွင်းရှိ ချန်ရိကျွင်းမှာမူ အကြီးအကျယ် ဒေါသထွက်နေပြီး အော်ဟစ်ဆဲဆိုနေတော့သည်။
"အဲဒီကောင်မစုတ်က တမင်သက်သက် လုပ်နေတာ... ငါ့သိက္ခာကို တမင်ဖျက်ဆီးဖို့ ကြိုးစားနေတာ... ကောင်မစုတ်... သူက တကယ့် အမင်္ဂလာပဲ၊ သူ့ကိုမြင်ရင် ငါကံဆိုးတယ်။ သူ့ကို အဝေးဆုံး ထွက်သွားခိုင်းစမ်း..."
ဝေရှု့ဖန်း : "ရှင်ရယ်... ဒေါသ မထွက်ပါနဲ့ဦး..."
ဝေရှု့ဖန်းသည် ချန်ရိကျွင်းကဲ့သို့ သတ္တိမကောင်းလှချေ၊ သူမသည် သရဲခြောက်သည့်ကိစ္စကို တကယ်ပင် ထိတ်လန့်ကြောက်ရွံ့နေခြင်း ဖြစ်သည်။ ချန်ချင်းယွီကိုပင် သူမအနေဖြင့် မပြစ်မှားရဲပေ။ သူမမှာ သရဲမ၏ သမီးဖြစ်နေသည်မဟုတ်လား၊ အကယ်၍ သူမကို စိတ်ဆိုးအောင် လုပ်မိပါက ထိုသရဲမ ကလဲ့စားချေရန် ပြန်လာလျှင် ဒုက္ခပင်…။
ဝေရှု့ဖန်းသည် တကယ်ကို ကြောက်လန့်နေခြင်း ဖြစ်သည်။
"ရှငမလည်း ပါးစပ်ပိတ်ထားစမ်း"
"နင်က ငါ့ကို အော်ရဲတယ်ပေါ့။ ဒီအိမ်မှာ ဘယ်သူက ဆရာလဲဆိုတာ နင်မသိဘူးလား"
ချန်ရိကျွင်းတစ်ယောက် ဒေါသတကြီးဖြင့် ဟိုခုန်ဒီလွှား လုပ်နေသည်ကို မြင်သောအခါ ဝေရှု့ဖန်းသည် တိတ်ဆိတ်စွာဖြင့် နောက်သို့ ဆုတ်သွားကာ သူမပါ လိုက်လံရှိုက်ငိုတော့၏။
ရှင်ကပဲ ဆရာကြီးလုပ်လုပ်... သရဲတွေကိုတော့ ထိန်းချုပ်နိုင်မှာ မမဟုတ်ဘူး...
အီးဟီး... ငါ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ။ ငါ့ဘဝက တကယ့်ကို သနားဖို့ကောင်းပါတယ်…
စိတ်ထဲ တွေးတောကာ ဝေရှု့ဖန်း ငိုကြွေးနေမိ၏။
ယခုအခါ တစ်ယောက်မှာ တံခါးအတွင်းဘက်တွင် ငိုနေပြီး၊ နောက်တစ်ယောက်မှာမူ တံခါးအပြင်ဘက်တွင် ငိုနေလေသည်။
ချန်ရိကျွင်း ထပ်မံ အော်ဟစ်ပြန်ကာ
"အား... အား... ငါ ရူးတော့မယ်၊ ငါ ရူးတော့မယ်... အားလုံးက ကောင်စုတ်တွေ၊ လူယုတ်မာတွေချည်းပဲ........."
"ရဲဘော်... မအော်ပါနဲ့တော့၊ ဘာလို့ ဒီလောက်တောင် စိတ်ဆိုးဒေါသထွက်နေရတာလဲ"
"ဟုတ်တယ်"
"ဒီမှာ ဆေးရုံလေ၊ ဘာလို့ လာအော်နေတာလဲ"
တရှုံ့ရှုံ့ငိုသံမှာ အသံ သိပ်မထွက်သဖြင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်စေသော်လည်း၊ သူ၏ ကျယ်လောင်လှသော အော်ဟစ်သံကြီးမှာမူ တကယ့်ကို ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေပေသည်။
အမှန်အတိုင်း ပြောရလျှင် ချန်ရိကျွင်းနှင့် ဝမ်ကျန့်ကော်တို့သည် တစ်ပုံစံတည်းပင် ဖြစ်ကြ၏။ နှစ်ယောက်စလုံး သူတော်ကောင်းယောင်ဆောင်ထားသည့် လူယုတ်မာများ ဖြစ်ကြသည်။ အော်... တကယ်တော့ ယွမ်ဟောက်မင်နှင့် ရွှီကောင်းမင်တို့သည်လည်း ထို့အတူပင်။
ယခုခေတ် ယောကျာ်းအချို့မှာ တကယ့်ကို ရွံစရာ ကောင်းလှသည်။ သူတို့သည် မိန်းမနောက် ကပ်စားသူ သို့မဟုတ် လျှာနှစ်ခွနှင့် လူယုတ်မာများသာ ဖြစ်ကြ၏။
သို့သော်လည်း သူတော်ကောင်းယောင်ဆောင်တတ်သူ ဖြစ်သည့်အတွက်ကြောင့်ပင် ချန်ရိကျွင်း ဟန်ဆောင်ကောင်းနေဆဲပင်။ သူ အိုးတိုးအမ်းတမ်းဖြင့်
"အားနာပါတယ်ဗျာ၊ ကျွန်တော် တကယ်ပဲ... တကယ်ပဲ... စိတ်တိုသွားလို့ပါ... ဟူး..."
သူသည် အကူအညီမဲ့ပြီး မခံမရပ်နိုင်ဖြစ်နေသော ပုံစံမျိုးကို ဖန်တီးလိုက်သော်လည်း၊ လူအများစုမှာ သူ့ကို လူကောင်းတစ်ယောက်ဟု မသတ်မှတ်ကြချေ။ သူသည် မိမိ၏ ဇနီးဟောင်းကို နှိပ်စက်ခဲ့သည်ကို လူတိုင်း သိရှိထားကြ၏။ မဟုတ်ပါက ထိုသရဲမ အဘယ်ကြောင့် ဤမျှလောက်အထိ သောင်းကျန်းနေပါမည်နည်း။
သို့သော်လည်း ထိုလူမှာ မိမိတို့ မသိနားမလည်ဟု ထင်မှတ်နေကြသည်။
သူ့အကြောင်း အကုန် သိပြီးသားကို သူက ဘာအတွက်ကြောင့် ဟန်ဆောင်နေရတာလဲ…။
လူတိုင်းက နှုတ်ခမ်းကို မဲ့လိုက်ကြရာ၊ ဤသည်မှာ ချန်ရိကျွင်းကို ပိုမို၍ ဒေါသထွက်စေခဲ့သည်။
သို့သော် သူ မည်သို့ပင် ဒေါသထွက်ပါစေ... အောင့်အီးသည်းခံရုံမှတစ်ပါး အခြားမရှိချေ။ သူသည် ဝေရှု့ဖန်းကို ဒေါသပုံချချင်သော်လည်း၊ ပူအိုက်လှသော နွေရာသီကြီးတွင် ဝေရှု့ဖန်းမှာ စောင်ပုံထဲ၌သာ ခေါင်းစိုက်အိပ်နေခဲ့၏။ သူမသည် အပူလျှပ်မည်ကို မကြောက်၍လား မသိပေ။
စိတ်ပျက်လက်ပျက် ဖြစ်နေသော ချန်ရိကျွင်းသည် ဒေါသထွက်နေသော နွားသိုးတစ်ကောင်ကဲ့သို့ လူနာတင်ကုတင်ကို လက်သီးဖြင့် အကြိမ်အနည်းငယ် ဆောင့်ထုလိုက်တော့သည်။
ထိုသရဲခြောက်သည့်ကိစ္စမှာ အလွန်အမင်း ကြီးမားလှသဖြင့် ရဲတပ်ဖွဲ့သည် သေချာပေါက် အမြစ်ပြတ် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ထားကြောင်း သူ သိရှိသည်၊ ထို့ကြောင့်ပင် သူ၏အနားတွင် ရဲအရာရှိများ ရှိနေခြင်း ဖြစ်၏။ ထို့ကြောင့် သူ သိပ်ပြီး မကြောက်လန့်တော့ချေ။
သို့သော်လည်း ထို့အတူပင် သူ စိတ်တိုင်းကျ ဘာမှလုပ်၍မရပေ။
တောက်... အရင်တုန်းကသာဆိုရင် အပြင်ထွက်ပြီး အဲဒီအမင်္ဂလာမ ချန်ချင်းယွီကို ကောင်းကောင်း ဆုံးမပစ်လိုက်တာကြာပြီ…
အမေဖြစ်သူကလည်း... အော်... သူမအမေအကြောင်း သွားမပြောတာပဲ ကောင်းပါတယ်၊ တကယ့်ကို အမင်္ဂလာပဲ..။
ကျိန်ဆဲရင်း ချန်ရိကျွင်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်၊ လှဲလျောင်းလျက် အလေးအနက် တွေးတောနေတော့သည်။ ဤကိစ္စကို မည်သို့ကိုင်တွယ်ရမည်နည်း။
လူနာဆောင်အတွင်းမှ ဆူညံသံများကို အပြင်မှ ကြားနေရသော်လည်း ချန်ချင်းယွီ ထွက်မသွားသေးချေ။ သူမသည် စင်္ကြံလမ်းတွင် ထိုင်နေဆဲ ဖြစ်၏။ ထိုအချိန်တွင် ကျောက်ရုံ ရောက်ရှိလာခဲ့သည်။ သူမသည် ရုပ်ဖျက်ထားသော်လည်း နည်းပညာခေတ်၏ အတွေ့အကြုံမျိုး မရှိသဖြင့် ချန်ချင်းယွီကဲ့သို့ မပြောင်မြောက်လှပေ။ သူမ
ရုပ်ဖျက်ထားသည်ဆိုသော်လည်း ချန်ချင်းယွီ တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိသွားခဲ့၏။
သူမ လှေကားပေါ် တက်လာသည်နှင့် ချန်ချင်းယွီ လှမ်းကြည့်လိုက်ရာ၊ ကျောက်ရုံမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ချန်ချင်းယွီ ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိချေ။
ဒါက...ဒါက... သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိရင်း စိတ်ထဲတွင် စိုးရိမ်စိတ်များ ပိုမိုကြီးထွားလာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် မိမိကို သူတစ်ပါး မှတ်မိသွားမည်မဟုတ်ဟု သူမ ရဲရဲကြီး မပြောရဲပေ။ ထိုသို့တွေးမိသောအခါ သူမသည် ပို၍ပင် ပျာယာခတ်လာခဲ့၏။ သူမသည် အံကို တင်းတင်းကြိတ်ကာ ပြတ်ပြတ်သားသားဖြင့် အနောက်သို့ ပြန်လှည့်လျက် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားတော့သည်။
ယနေ့တော့ မဖြစ်တော့ပေ။ ချန်ချင်းယွီ ရှိနေခြင်းကြောင့် လုံးဝ အဆင်မပြေနိုင်ချေ။ ချန်ချင်းယွီ မိမိကို မှတ်မိသည်ဖြစ်စေ၊ မမှတ်မိသည်ဖြစ်စေ သူမ၏ရှေ့တွင် အိမ်ထောင်ပြန်ချပေးမည့် ကိစ္စကို သွားရောက်ပြောဆို၍ မရနိုင်ပေ။နောက်ထပ်ရက်တစ်ခုကိုသာ စောင့်ဆိုင်းရပေတော့မည်။
ကျောက်ရုံသည် ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားခဲ့၏။
ချန်ချင်းယွီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး၊ ကျောက်ရုံ၏ နောက်ကျောပြင်ကို တွေးတောစွာဖြင့် စိုက်ကြည့်နေမိသည်။ သူမသည် ချက်ချင်းပင် မဆိုင်းမတွ ထရပ်ကာ အနောက်ကနေ လိုက်သွားခဲ့တော့၏။
"ရှောင်ချန်... ပြန်တော့မလို့လား"
ချန်ချင်းယွီ ခေါင်းညိတ်ပြလျက် အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။
"မွန်းတည့်တော့မယ်ရှင်၊ အိမ်ပြန်ပြီး ထမင်းချက်ရဦးမယ်လေ"
ရဲအရာရှိ ခေါင်းညိတ်ပြရင်း
"အေးအေးဆေးဆေးပဲ နေပါ၊ စိတ်ကို သိပ်ပြီး ဖိအားမများစေနဲ့ဦး"
ချန်ချင်းယွီ : "ကျေးဇူးတင်ပါတယ်ရှင်"
"မလိုပါဘူး"
ချန်ချင်းယွီ အတင်းအကြပ်ဟန်ဖြင့် ပြုံးပြလိုက်ပြီးနောက် အောက်ထပ်သို့ အပြေးအလွှား ဆင်းလာခဲ့သည်။ သို့သော်လည်း သူမ ကျောက်ရုံကို မတွေ့ရတော့ပေ။ကျောက်ရုံမှာ တကယ့်ကို ခြေလှမ်းမြန်လှ၏။ ချန်ချင်းယွီ မတ်တပ်ရပ်လျက် ခေတ္တစဉ်းစားပြီးနောက်၊ ဆေးရုံ၏ နောက်တံခါးကနေ အမြန် ထွက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင်မူ ကျောက်ရုံကို လှမ်းမြင်လိုက်ရတော့၏။
ဒါပေါ့... သိသားပဲ… သူမက ရုပ်ဖျက်ထားတာဆိုတော့ အရှေ့တံခါးကြီးကနေ သွားရဲမှာ မဟုတ်ဘူး…။
ကျောက်ရုံသည် အပြင်သို့ ပြေးထွက်သွားရင်း လမ်းတွင် မိမိ၏ ရုပ်ဖျက်ထားသောအရာများကို ဖယ်ရှားလျက် စက်ရုံဘက်သို့ ပြန်သွားခဲ့သည်။
ချန်ချင်းယွီ စက်ရုံထဲအထိ လိုက်သွား၍ မရနိုင်သော်လည်း၊ ပြန်လည်တွေးတောကြည့်ရာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။
ကျောက်ရုံ ဘာဖြစ်လို့ ဒီလိုဝတ်ဆင်ထားရတာလဲ၊ ပြီးတော့ မိမိကို မြင်လိုက်ရတဲ့အချိန်မှာ ဘာဖြစ်လို့ ဒီလောက်လောက်အထိ ပျာယာခတ်သွားရတာလဲ…တစ်ခုခုတော့ သေချာပေါက် မှားနေပြီ..။
သူမက... သူမက ချန်ရိကျွင်းကို သွားတွေ့ဖို့ ကြံစည်နေတာပဲ။ ပြီးတော့ မိမိကို တစ်ခုခု ကြံစည်ချင်နေတာ နေလိမ့်မယ်…။
ဤသည်မှာ တွေးနေစရာပင် မလိုဘဲ ထင်ရှားလှပေသည်။
ထိုရွံရှာဖွယ်ကောင်းသော မိသားစု တစ်ခုခုကို ထပ်မံကြံစည်နေပြန်ပြီ၊ တကယ့်ကို မကောင်းသော အကြံအစည် ဖြစ်ရမည်။
ချန်ချင်းယွီ မိမိအနေဖြင့် ယွမ်မိသားစုကို ပြစ်မှားထားခြင်း မရှိဟု ထင်မြင်မိသော်လည်း၊ ဤသည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။ သူမသည် ဝမ်ကျန့်ကော်ကိုလည်း ပြစ်မှားခဲ့ဖူးသည် မဟုတ်ပေ။ ထိုစဉ် ဝမ်ကျန့်ကော်နှင့် ဝမ်မေ့လန်တို့သည် အိမ်ထောင်ကျနေဆဲ ဖြစ်ပြီး၊ သူမသည် ဝမ်မေ့လန်နှင့် အဆင်ပြေသော ဆက်ဆံရေး ရှိခဲ့၏။ သို့သော်လည်း ဝမ်ကျန့်ကော်မှာ သူမကို အသုံးချကာ ချဲညီအစ်ကိုများကို လှည့်စားပြီး အတူတူ ခရီးထွက်ရန် ကြံစည်ခဲ့ဖူးသည်။ ဤသည်မှာ မိမိအပေါ် အလွန်ကို ယုတ်မာစွာ ကြံစည်ခဲ့ခြင်း ဖြစ်၏။
တကယ်လို့သာ သူမ သူတို့လက်ထဲ ရောက်သွားခဲ့လျှင် မည်သို့ဖြစ်သွားမည်ကို တွေးကြည့်ရုံမျှဖြင့် ထင်ရှားလှပေသည်။ ချန်ချင်းယွီ သူတို့၏ ယုတ်မာမှုကို ဘယ်သောအခါမျှ လျော့ပေါ့မတွေးခဲ့ပေ။ ထို့ကြောင့်ပင် သူမသည် ဝမ်ကျန့်ကော်အပေါ် နာကျည်းချက် အလွန်ပင် ကြီးမားနေခြင်း ဖြစ်၏။ ဝမ်ကျန့်ကော်နှင့် သူ၏ အပေါင်းအပါ နှစ်ယောက်စလုံး ထိုတရားမဝင် တည်းခိုခန်းတွင် ဒုက္ခရောက်သွားခဲ့ကြသည်မှာ တကယ့်ကို ကံကောင်းလှပေသည်၊ ဤသည်မှာ သူမအတွက် ရင်ထဲရှိ ဒေါသကို ဖြေဖျောက်ခွင့် ရလိုက်ခြင်းပင်။ ဘာပဲဖြစ်ဖြစ် သူမသည် ဝမ်ကျန့်ကော်ကို ဘာမှ ပြစ်မှားခဲ့ဖူးသည် မဟုတ်ပေ။
ဤကဲ့သို့သော လူမျိုးများသည် သူတစ်ပါးကို ပြစ်မှားသည်ဖြစ်စေ၊ မပြစ်မှားသည်ဖြစ်စေ စိတ်ဓာတ်မကောင်းပါက မကောင်းမှုများကို ပြုလုပ်လျက် သူတစ်ပါးကို ဒုက္ခပေးရန် ကြံစည်တတ်ကြစမြဲပင်။
ချန်ချင်းယွီသည် ကျောက်ရုံ
ချန်ရိကျွင်းနှင့် ဆက်သွယ်ပြီး မိမိကို မည်သို့ ဒုက္ခပေးရန် ကြံစည်နေသနည်းဟူသည်ကို တွေး၍မရနိုင်ဘဲ ဖြစ်နေသည်။
စဉ်းစား၍မရနိုင်တော့သဖြင့် ချန်ချင်းယွီသည် အိမ်ပြန်ကာ အဘွားကြီးကျောက်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်၊ အဘွားကြီးကျောက်သည်လည်း မကြာမီ အိမ်ပြန်ရောက်လာတော့မည် ဖြစ်၏။ နှစ်ယောက် တိုင်ပင်လျှင် တစ်ယောက်တည်းထက် ပို၍ အကြံကောင်းရနိုင်သည်
မဟုတ်လော့၊ အတူတူ ဆွေးနွေးကြည့်လျှင် အဖြေတစ်ခုခု ပေါ်လာနိုင်ပေသည်။
ဆုံးဖြတ်ချက်ချပြီးနောက် ချန်ချင်းယွီသည် လှည့်ထွက်ရန် ပြင်လိုက်၏။ သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးခင်မှာပင် ကျောက်ရုံ အပြင်သို့ ထပ်မံထွက်လာသည်ကို တွေ့လိုက်ရပြန်သည်၊ ဤတစ်ကြိမ်တွင်မူ သူမ၏ သမီးဖြစ်သူ ယွမ်ဟောက်ရွှယ်ပါ အတူတူ ပါလာခဲ့၏။
ချန်ချင်းယွီသည် ချက်ချင်းပင် သစ်ပင်တစ်ပင်၏အကွယ်တွင် ပုန်းလျှိုးလိုက်ပြီးနောက်၊ ထိုသားအမိနှစ်ဦးစလုံး တကယ်ပင် ရှန့်ရှန့်ထံသို့ အတူတူ သွားနေကြခြင်းဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ ချန်ချင်းယွီ သူတို့အနောက် ခပ်လှမ်းလှမ်းမှ လိုက်ပါလာခဲ့ပြီး သူတို့သွားရာသို့ စောင့်ကြည့်လျက် ဆက်လက်ခြေရာခံခဲ့၏။ အမှန်အတိုင်း ပြောရလျှင် သူမအနေဖြင့် ရှန့်ရှန့်၏အိမ်သို့ လာဖူးသည်မှာ ယခုတစ်ကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပေ၊ ထို့ကြောင့် ဤနေရာကို ကောင်းကောင်းကြီး သိကျွမ်းလှပေသည်။ နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေသော်လည်း ချန်ချင်းယွီ ခြံစည်းရိုးတံတိုင်းပေါ်သို့ သွက်လက်စွာ တွားတက်လိုက်ပြီးနောက် အမိုးပေါ်တွင် ကပ်လျက် ပုန်းအောင်းနေလိုက်တော့သည်။
ရှန့်ရှန့် : "အို... အနောက်က နေထွက်နေတာလား ၊ ဘာကိစ္စရှိလို့ ဒီကို ရောက်လာကြတာလဲ။ တကယ့်ကို ရှားရှားပါးပါး ဧည့်သည်တွေပါလား"
ကျောက်ရုံ : "ဘာတွေ ပြောနေတာလဲအေ ၊ ငါတို့က အတန်းဖော်ဟောင်းတွေပဲဟာကို၊ တကယ့်ကို ရင်းနှီးလှတဲ့သူတွေပဲ။ ညည်းက ဒီလောက်အထိ အားနာစရာ လိုလို့လား"
ရှန့်ရှန့် ခပ်ဖွဖွ ရယ်မောလိုက်ရင်း
"အကြောင်းမရှိရင်တော့ ဘုရားဖူးမလာကြပါဘူး။ ကဲ... ဘာကိစ္စရှိလို့လဲ ပြောစမ်းပါဦး။ ငါက အိမ်ပြောင်းရတော့မှာမို့လို့ ညည်းတို့ကို ဧည့်ခံဖို့ အချိန် သိပ်မရှိဘူးနော်"
"ဟင်..."
ကျောက်ရုံ အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရာ နေရာအနှံ့တွင် တကယ်ပင် ရှုပ်ပွနေသည်ကို တွေ့ရသည်။
ဤသည်မှာ ရှန့်ရှန့်၏ ပုံစံမျိုး မဟုတ်ပေ။
"ညည်းက အိမ်ပြောင်းမလို့လား"
ရှန့်ရှန့် : "ဟုတ်တယ်၊ ပိုပြီးကျယ်တဲ့ အိမ်ကြီးထဲကို ပြောင်းမလို့။ ညည်းနဲ့ ဘာဆိုင်လို့လဲ"
ကျောက်ရုံ : "အကုန်လုံးက ဟောဒီက ကောင်မလေးကြောင့်ပါအေ။ ညည်းလည်း သိတဲ့အတိုင်း... သူက ဒုစက်ရုံမှူးဟယ်နဲ့ တွဲနေတာလေ၊ ဒါပေမဲ့ အဲဒီလူက ဘာတွေးနေလဲဆိုတာ ငါတို့ အခုထိ မသိရသေးဘူး။ ငါတို့လည်း တကယ့်ကို အကြံအစည် ခမ်းခြောက်နေလို့ ညည်းဆီကို လာခဲ့တာ။ ညည်းက သူ့အကြောင်းကို ကောင်းကောင်းသိတယ် မဟုတ်လား။ ငါတို့ကို အကြံဉာဏ်လေး ဘာလေး ပေးပါဦးအေ"
ရှန့်ရှန့် စိတ်ထဲ နှာခေါင်းရှုံ့လိုက်မိသည်။
တွဲနေတယ် ဟုတ်လား…
ဒုစက်ရုံမှူးဟယ်က ဘယ်လိုလူစားမျိုးလဲဆိုတာ သူမ မသိဘဲ နေပါမလား…။
သူသည် အလုပ်လုပ်ရာတွင် အရည်အချင်းရှိသော်လည်း၊ မာနကြီးပြီး ကိုယ်ကျင့်တရား တကယ့်ကို ပျက်ပြားလှသော လူတစ်ယောက် ဖြစ်သည်။ သူ ဇနီးရှိစဉ်ကတည်းကပင် အရှုပ်အရှင်းများ မပြတ်ခဲ့ရာ၊ ယခုလို လူလွတ်ဖြစ်နေချိန်တွင် အဘယ်ကြောင့် အိမ်ထောင်ထပ်ပြုမည်နည်း။
သူ ယွမ်ဟောက်ရွှယ်နှင့် အတူရှိနေခြင်းမှာ သူမသည် ငယ်ရွယ်ပြီး လှပနေသောကြောင့်သာ ဖြစ်ပေသည်။
ပြန်တွေးကြည့်လျှင် ရှန့်ရှန့်သည် အချို့သောအရာများမှာ တကယ့်ကို ကံကြမ္မာအတိုင်း ဖြစ်လာခြင်းဖြစ်သည်ဟု ခံစားလိုက်ရ၏။
ယခင်၌ ကျောက်ရုံသည် မိမိသမီး မြို့ပေါ်တွင် ဆက်နေနိုင်ရန်အတွက် မိမိ၏ လင်ပါသမီးကို ဒုစက်ရုံမှူး ဟယ်ထံသို့ ရောင်းစားရန် ကြံစည်ခဲ့ဖူးသည်။ ထိုစဉ် မအောင်မြင်ခဲ့သော်လည်း၊ ယခုအခါ ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် မိမိ၏ သမီးအရင်းသည်ပင် ဒုစက်ရုံမှူးဟယ်နှင့် အတူရှိနေရပြန်သည်။ သို့ဆိုလျှင် ထိုစဉ်၌ သူမ မည်သည့်အရာကို ကြံစည်ခဲ့သနည်း။
ရလဒ်ကတော့ အတူတူပင် မဟုတ်ပါလား…။
ကွာခြားချက်မှာမူ လူတစ်ယောက်နှင့် အများအပြား ဖြစ်နေခြင်းသာ ဖြစ်သည်။
သို့သော်လည်း ဒုစက်ရုံမှူးဟယ် သူမကို သေချာပေါက် လက်ထပ်မည်မဟုတ်ရာ၊ သူမအနေဖြင့် နောင်တွင် အခြားလူတစ်ယောက်ကို ထပ်မံရှာဖွေရဦးမည်သာ ဖြစ်၏။
ရှန့်ရှန့် လှောင်ပြုံး ပြုံးလိုက်မိသည်။
ယွမ်ဟောက်ရွှယ် : "မမရှန့်... ကျွန်မတို့ ဒီလိုမျိုး ရုတ်တရက်ကြီး လာခဲ့တာက တကယ့်ကို မသင့်တော်မှန်း သိပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ အခြားရွေးချယ်စရာ မရှိတော့လို့ပါ။ ဒီရက်ပိုင်းအတွင်း သူက ကျွန်မအပေါ် တကယ့်ကို အေးစက်စက် လုပ်နေတယ်၊ ပြီးတော့... ပြီးတော့ သူက တခြားမိန်းကလေးတစ်ယောက်ကို သဘောကျနေပုံရတယ်။ ကျွန်မ တကယ်ပဲ ဘာမှလုပ်လို့မရတော့ဘူး"
ရှန့်ရှန့် : "ဒါဆိုရင် ညည်းက ငါ့ဆီလာတော့ ဘာထူးမှာလဲ"
ကျောက်ရုံ အလောတကြီးဖြင့်
"သူက အဲဒီမိန်းမကို သဘောကျနေတယ်ဆိုရင်... ငါက အဲဒီမိန်းမကို ရှင်းပစ်ဖို့ နည်းလမ်းရှာမှာပေါ့။ ဒါပေမဲ့ အဲဒီမိန်းမမဟုတ်ရင်တောင် တခြားတစ်ယောက် ရှိလာဦးမှာပဲ၊ ငါတို့ရဲ့ ဟောက်ရွှယ်လေးက သူ့နေရာကို အပိုင်ယူနိုင်ဖို့ နည်းလမ်းတစ်ခုခုကို တွေးရမယ်လေ။ သူက အသက်နှစ်ဆယ့်လေးနှစ် ရှိနေပြီ၊ ကလေးယူသင့်တဲ့ အရွယ်ပဲ။ ညည်းလည်း သိတဲ့အတိုင်း... တကယ်လို့... တကယ်လို့ ငါတို့ ဟောက်ရွှဲလေးသာ သူ့အတွက် သားတစ်ယောက် မွေးပေးနိုင်ရင်..."
ရှန့်ရှန့် : "တွေ့လား။ ညည်းတို့မှာ ကိုယ်ပိုင်အကြံအစည် ရှိနေသားပဲ"
ကျောက်ရုံ : "ဒါပေမဲ့ သူက ငါတို့ ဟောက်ရွှယ်လေးကို ကလေးပေးမရယူဘူးလေ၊ သူမက အဲဒီပစ္စည်း (ကွန်ဒုံး) ကို အမြဲ သုံးနေတာ"
ရှန့်ရှန့် : "အဲဒါကို အပ်နဲ့ အပေါက်အနည်းငယ် ဖောက်လိုက်ပေါ့"
ကျောက်ရုံနှင့် ယွမ်ဟောက်ရွှယ်တို့၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားကြတော့သည်။
အမိုးပေါ်ရှိ ချန်ချင်းယွီ :
“........................”
နေ့ခင်းကြောင်တောင်ကြီးမှာ ငါ ဘာလျှောက်မကောင်းတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ကြားနေရတာလဲ
နင်တို့တွေကတော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူတွေပဲ...
သို့သော်လည်း ချန်ချင်းယွီသည် သူတို့ပြောသော "တခြားမိန်းကလေးကို သဘောကျနေတယ်" ဟူသည့်စကားမှာ မိမိကိုယ်ကို ဆိုလိုခြင်းဖြစ်ကြောင်း လုံးဝနီးပါး သေချာသွားခဲ့၏။
မဟုတ်ပါက ကျောက်ရုံတစ်ယောက် မိမိကို ရုတ်တရက်ကြီး ပစ်မှတ်ထားလာပါမည်နည်း။
သို့သော် ထိုသို့ပြောကြသည်ဆိုသော်လည်း၊ ချန်ချင်းယွီမှာ ဒုစက်ရုံမှူးဟယ် မိမိအပေါ် စိတ်ဝင်စားလိမ့်မည်ဟု သိပ်ပြီး မယုံကြည်ပေ။
ချန်ချင်းယွီ မိမိ၏ ရုပ်ရည်အပေါ် အပြည့်အဝ ယုံကြည်မှုရှိသော်လည်း၊ ဤသည်မှာ ယုံကြည်မှုနှင့် မဆိုင်ချေ။ တကယ်လို့သာ ထိုလူ ဤကဲ့သို့သော အကြံအစည် ရှိခဲ့မည်ဆိုလျှင်... လွန်ခဲ့သော ငါးနှစ်ကတည်းက လုပ်ဆောင်ခဲ့ပေလိမ့်မည်။ အဘယ်ကြောင့် ယခုအချိန်အထိ စောင့်ဆိုင်းနေပါမည်နည်း။ ထို့ကြောင့် ထိုသားအမိနှစ်ဦးမှာ အလွန်အမင်း တွေးတောလွန်နေကြခြင်း ဖြစ်သည်ဟု ချန်ချင်းယွီ ယူဆလိုက်၏။
သို့သော် သူတို့ အတွေးလွန်သည်ဖြစ်စေ၊ မလွန်သည်ဖြစ်စေ... သူတို့ မိမိကို ဒုက္ခပေးချင်နေကြသည်မှာတော့ အမှန်ပင် ဖြစ်သည်။
သူတို့က ချန်ရိကျွင်းဆီကို သွားကြတယ်... ချန်ရိကျွင်းကတစ်ဆင့် မိမိကို အိမ်ထောင်ပြန်ချပေးဖို့ ဖျောင်းဖျခိုင်းမလို့လား…
ချန်ရိကျွင်းကတစ်ဆင့် အိမ်ထောင်ပြုခိုင်းဖို့ပေါ့…။
ချန်ချင်းယွီ ဉာဏ်ကောင်းလွန်း၍ မဟုတ်ပေ။ သူတို့အနေဖြင့် ချန်ရိကျွင်းမှတစ်ဆင့် ဤမျှလောက်သာ လုပ်ဆောင်နိုင်သောကြောင့်တည်း။
ချန်ချင်းယွီ အေးစက်စွာ ပြုံးလိုက်မိ၏။
ချန်ချင်းယွီ တွေးတောနေစဉ်အတွင်း ကျောက်ရုံနှင့် သူမ၏သမီးဖြစ်သူတို့မှာ စိတ်သက်သာရာရသွားကြသည်။ ရှန့်ရှန့်ပြောသည်မှာ မှန်ပေသည်၊ သူတို့ ထိုအရာများကို သုံးနေကြသည်ဆိုသော်လည်း မိမိတို့ဘက်မှ ဖျက်ဆီးပစ်၍ ရနိုင်သည်မဟုတ်လော့။
ကျောက်ရုံ စိတ်လှုပ်ရှားစွာဖြင့်
"ညည်းက တကယ့်ကို သစ္စာရှိတဲ့သူမှန်း ငါသိတာပေါ့အေ။ အဲဒီ... အဲဒီပစ္စည်းကလေ..."
အမှန်စင်စစ် သူမသည် ဤနည်းလမ်းကို စဉ်းစားမိသည်မှာ ကြာပြီဖြစ်သော်လည်း၊ မိမိတို့အိမ်တွင် ထိုအရာမရှိသလို၊ ဝယ်ယူရန်လည်း မလွယ်ကူချေ။ သူမသမီး၏ ပြောကြားချက်အရ ဒုစက်ရုံမှူးဟယ်သည် ထိုအရာကို အမြဲတမ်း ကိုယ်တိုင်ယူဆောင်လာတတ်သည်။ သူတို့ဘယ်နေရာမှ စတင်ရမှန်း မသိခဲ့ကြပေ။ ကျောက်ရုံ ရှန့်ရှန့်ထံသို့ လာရခြင်းအကြောင်းရင်းမှာ ထိုလူသည် ထိုအရာများကို သေချာပေါက် ရှန့်ရှန့်ထံမှ ရရှိထားခြင်း ဖြစ်ကြောင်း သိရှိသောကြောင့် ဖြစ်၏။
ဤသည်မှာ ပွဲစားတစ်ယောက်အနေဖြင့် သူမ၏ အလုပ်ပင် ဖြစ်သည်။
သူမ သေချာပေါက်ကို အစွမ်းကုန် ကြိုးစားကာ အသေးစိတ်မှအစ ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်။
"နောက်တစ်ခေါက် သူ ညည်းဆီမှာ အဲဒါလာတောင်းရင်... ညည်း... ညည်း ကူညီပေးလို့ရမလား..."
ရှန့်ရှန့် သဘောထားကြီးစွာဖြင့်
"အေးပါ... ငါ ညည်းတို့ကို ဒီတစ်ကြိမ်ပဲ ကူညီမယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်ပဲနော်"
ရှန့်ရှန့် ဆက်လက်၍
"ငါက ညည်းတို့အတွက်နဲ့ ဟယ်ကြီးကို သစ္စာဖောက်လိုက်တာ၊ နောင်ကျရင် ငါ့ကို ထောင်ချောက်ဆင်ဖို့ ငါ့အကြံပါလို့ သွားမပြောနဲ့ဦး"
"သေချာပေါက်ပေါ့အေ"
အားလုံး ရယ်မောလိုက်ကြသည်။
ရှန့်ရှန့် : "ကဲ... ဒါဆိုရင်လည်း ညည်းတို့ ပြန်ကြတော့၊ ငါ အထုပ်အပိုးတွေ သိမ်းရဦးမယ်။ ငါ အိမ်ပြောင်းပြီးမှပဲ ပြန်လာခဲ့ကြတော့"
"အေးပါ... အေးပါ"
ထိုသားအမိနှစ်ဦးသည် အကြံအစည် တကယ့်ကို ချောမွေ့စွာ အောင်မြင်သွားသဖြင့် ဝမ်းသာအားရဖြင့် ထွက်ခွာသွားကြတော့သည်။
ယွမ်ဟောက်ရွှယ်သည် ကျောက်ရုံ၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း
"မေမေက တကယ့်ကို တော်တာပဲ။ ဒါကို ဘယ်လိုမျိုး စဉ်းစားမိတာလဲဟင်။ ရှန့်ရှန့်ကလည်း ကူညီပေးဦးမယ်ဆိုတော့ ရှယ်ပဲ"
အမှန်စင်စစ် ကျောက်ရုံကိုယ်တိုင်လည်း ဤနည်းလမ်းကို စဉ်းစားမိခဲ့ခြင်း မဟုတ်ချေ။ သို့သော်လည်း ဤသည်မှာ သူမအား လေလုံးထွားရန်အတွက် အဟန့်အတားမဖြစ်စေပေ။
"ဒါပေါ့အေ၊ ငါတွေးတာပေါ့။ ဒါက ဘာခက်လို့လဲ။ နင်သာ နေရာရလာရင် သူမအတွက်လည်း နောက်ထပ် အားကိုးရမယ့် အဆက်အသွယ်တစ်ခု တိုးလာတာပဲလေ။ သူက မိုက်မဲတဲ့သူမှ မဟုတ်တာ။ ငါတို့ကို သေချာပေါက် ကူညီမှာပေါ့၊ ငါတို့ သိကျွမ်းလာတာ ဆယ်စုနှစ်ချီနေပြီပဲကို"
ယွမ်ဟောက်ရွှယ် ကျေနပ်အားရစွာ ပြုံးလိုက်မိရင်း စိတ်ကူးယဉ်ဆန်ဆန် ရေရွတ်လိုက်သည်။
"ကျွန်မသာ သားတစ်ယောက် မွေးပေးနိုင်ရင်တော့ တစ်သက်လုံး ထိုင်စားရုံပဲ"
"ဟုတ်တယ်..."
ကျောက်ရုံသည် ပို၍ပင် ဘဝင်ခိုက်နေတော့သည်။ သူမ တဝါးဝါးရယ်မောပြီးနောက် မျက်နှာထားကို ချက်ချင်းအေးစက်ပစ်လိုက်ကာ
"ချန်ချင်းယွီက နင့်ရဲ့အစီအစဉ်ကို ဖျက်ဆီးချင်နေတာ၊ ငါကတော့ သူ့ကို အလွယ်တကူ လွှတ်မပေးနိုင်ဘူး"
"ဒါပေမဲ့ မေမေစောစောက ပြောတော့ သူမက အဲဒီမှာ ရှိနေတယ်ဆို"
ကျောက်ရုံ မျက်မှောင်ကုတ်လိုက်ရင်း
"ငါ့အထင်တော့... လူလိမ်ဆရာမကြီးလို ဟန်ဆောင်တဲ့နည်းလမ်းက အဆင်ပြေမှာ မဟုတ်တော့ဘူး။ တကယ်လို့ ငါက အဲလိုဟန်ဆောင်လို့ အလိမ်အညာ ပေါ်သွားရင် ငါပဲ ဒုက္ခရောက်လိမ့်မယ်။ အန္တရာယ် သိပ်များလွန်းတယ်"
ယနေ့အပြန်လမ်းတွင် သူမ ပိုမိုတွေးတောမိလေလေ၊ ထိုအကြံအစည်မှာ တကယ့်ကို အဆင်မပြေလှကြောင်း ပို၍ ခံစားလာရလေလေ ဖြစ်သည်။
"ဒါဆိုရင် ကျွန်မတို့ တခြားဘာလုပ်လို့ရဦးမှာလဲဟင်"
ကျောက်ရုံ ရုတ်တရက် တဟားဟား ရယ်မောလိုက်ပြီး
"တခြားဘာလုပ်ရမှာလဲ။ ယောကျာ်းတစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် တခြားဘာနည်းလမ်း ရှိဦးမှာလဲ။ ခေါင်းအုံးပေါ်က စကားက အမြဲတမ်း အလုပ်ဖြစ်ဆုံးပဲလေ"
သူမ မျက်ခုံးပင့်လိုက်ရင်း
"ငါက ကိစ္စတွေကို သိပ်ပြီး ရှုပ်ထွေးအောင် တွေးမိသွားတာ။ အမှန်တော့ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်လို့ရတာပဲဟာ။ ငါ့ရဲ့ အလှအပနဲ့ ဆွဲဆောင်မှုက ချန်ရိကျွင်းကို ဖမ်းစားဖို့ မလောက်ဘူးလို့ နင်ထင်နေတာလား"
"ဟင်..."
ယွမ်ဟောက်ရွှယ် အံ့အားသင့်သွား၏။
ကျောက်ရုံ : "စိတ်မပူပါနဲ့။ ဒီကိစ္စကို နင့်အဖေကို လုံးဝ မသိစေရဘူး။ သူက အရာရာကို သိပ်ပြီး အတည်အလင်းကြီး လုပ်လွန်းတယ်။ အမှန်တော့ ငါက သူ့ကို အချစ်ဆုံးပဲဆိုရင် ကျန်တာတွေက ဘာအရေးစိုက်နေစရာ လိုလို့လဲ။ ငါ့နှလုံးသားထဲမှာ သူရှိနေဖို့ပဲ အဓိကကျတာပါ"
ယွမ်ဟောက်ရွှယ်မှာမူ စိတ်ထဲတွင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။
"ဟောက်ရွှယ်... မေမေ ဒီလိုလုပ်တာက အကုန်လုံး နင့်အတွက်ပဲနော်။ ငါတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ကသာ အရေးကြီးဆုံးပဲ"
ယွမ်ဟောက်ရွှယ် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လေးနက်စွာဖြင့် ခေါင်းညိတ်ပြလျက်
"မေမေ ပြောတာ မှန်ပါတယ်။ ကျွန်မ နားလည်ပါပြီ"
ထိုသားအမိနှစ်ဦးသည် ခေတ္တမျှ ထပ်မံတိုင်ပင်ကြပြီး ကျောက်ရုံတစ်ယောက် မိမိကိုယ်မိမိ အပြည့်အဝ ယုံကြည်မှု ရှိနေကာ
"ငါက သိပ်ပြီး ရိုးအလွန်းလို့ပါ။ မဟုတ်ရင် ယောကျာ်းတွေကို ကိုင်တွယ်တဲ့နေရာမှာ ငါကလည်း ရှန်ရှန့်လိုပဲ ကျွမ်းကျင်ပြီးသား။ အဲဒီအလုပ်ကို သူမတစ်ယောက်တည်းပဲ လုပ်တတ်တယ်လို့ မထင်နဲ့"
ယွမ်ဟောက်ရွှယ် ကျောက်ရုံ၏လက်ကို ပြန်လည်တွဲလိုက်ရင်း
"ကျွန်မ သိတာပေါ့ မေမေရယ်၊ မေမေက အတော်ဆုံးပဲ"
"ကဲ... သွားစို့၊ ငါလည်း အိမ်ပြန်ပြီး အထုပ်အပိုးတွေ ပြင်ရဦးမယ်။ ပြီးရင် ချန်ရိကျွင်းကို သွားရှာရမယ်"
"မေမေ တကယ့်ကို ပင်ပန်းရပါပြီနော်"
ထိုသားအမိနှစ်ဦးသည် တကယ့်ကို ချစ်ခင်ရင်းနှီးလှသော ပုံစံမျိုးဖြင့် ထွက်ခွါသွားကြတော့၏။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ဤအကြောင်းအရာကို အရှေ့တံခါးဝတွင် ရပ်၍ ပြောဆိုနေကြခြင်း ဖြစ်သဖြင့်၊ တံတိုင်းပေါ်တွင် ကပ်လျက် ပုန်းအောင်းနေသော ချန်ချင်းယွီသည် စကားလုံးတိုင်းကို အတိုင်းသား ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
အိုခေလေ...
ငါ ထင်တဲ့အတိုင်းပါပဲလား...
ချန်ချင်းယွီ နောက်ဆုံးတွင် အရာအားလုံးကို သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
ငါကတော့ အတင်းအဖျင်း သတင်းတွေ စုံစမ်းရတဲ့နေရာမှာ တကယ့်ကို ပါရမီပါပုံရတယ်…
အမြဲတမ်းပဲ တစ်ခုမဟုတ်တစ်ခုကို ဆန်းဆန်းပြားပြား တိုက်ဆိုင်မှုတွေနဲ့ စပ်စုမိနေတတ်တာပဲ…
အခုလည်း တကယ့် လျှို့ဝှက်ချက်ကြီးကို ထပ်သိလိုက်ရပြန်ပြီ…
စိတ်ထဲ ကျေနပ်စွာ တွေးတောနေမိသည်။
ကျောက်ရုံကတော့ တကယ့်ကို ပါရမီရှင်မကြီးပဲ…။
သူမက ချန်ရိကျွင်းကို သွားပြီး မြူဆွယ်ဆွဲဆောင်ဖို့အထိ ကြံစည်နေသည် မဟုတ်ပါလား။
တောက် တောက် တောက်... အံ့ဩစရာပါပဲလား
ချန်ချင်းယွီ ဘေးဘက်သို့ လှည့်ကာ အောက်သို့ ခုန်ချရန် ပြင်လိုက်စဉ်မှာပင်၊ ရုတ်တရက် ရှန်ရှန့် အပြင်သို့ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်လိုက်ရ၏။
ရှန်ရှန့်သည် တံခါးဝတွင် မတ်တပ်
ရပ်လျက် မျက်နှာကို မဲ့လိုက်ပြီး
"ငါကတော့ တခြားမြို့ကို အပြီး ထွက်ပြေးတော့မှာ၊ နင်တို့ မိသားစုအရေးကို ဘယ်သူက ဂရုစိုက်နေမှာလဲဟဲ့..."