အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) တူရာတူရာပေါင်းမိ
ပြန်လည်မွေးဖွားလာသူ (သို့မဟုတ်) အချိန်ကူးပြောင်းသူဟူသည် အကယ်၍သာ ရှိခဲ့လျှင်၊ ဆယ်ယောက်တွင် ရှစ်ယောက် ကိုးယောက်မက ကိုယ်ပိုင် ရွှေလက်ချောင်းလေးများ ပါလာတတ်ကြစမြဲ ဖြစ်သည်။
ချန်ချင်းယွီမှာ မိမိအနေဖြင့် တစ်ဆင့်စကားတစ်ဆင့်ဖြင့် သူတစ်ပါး တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည့်အရာများ၊ လျှို့ဝှက်ကြံစည်မှုများ၊ တွက်ချက်မှုများနှင့် မြူဆွယ်ဆွဲဆောင်မှုများကို အမြဲတမ်းလိုလို အမှတ်မထင် ကြားဖြတ်နားထောင်မိနေခြင်းမှာလည်း တစ်နည်းအားဖြင့် ရွှေလက်ချောင်းတစ်မျိုးဟု ဆိုနိုင်သည်မဟုတ်ပါလောဟု တွေးမိ၏။
ဟုတ်တယ်မလား... ဟုတ်တယ်မလား။
ဘာပဲဖြစ်ဖြစ် သူမကိုယ်တိုင်ကတော့ ထိုသို့သာ သတ်မှတ်ထားသည်။
သေချာတာပေါ့... ဤသည်မှာ သူမကိုယ်တိုင် မျက်စိလျင်ပြီး နားပါးလှခြင်းနှင့်လည်း သက်ဆိုင်၏။
တကယ့်ကို မျက်စိလျင်နားပါးလွန်း၍သာ ဖြစ်သည်၊ သို့မဟုတ်ပါက အတင်းအဖျင်းသတင်းတိုင်းကို ဤမျှလောက် တိတိကျကျ မည်သို့ ဖမ်းဆုပ်နိုင်ပါမည်နည်း။
သူတစ်ပါး၏ ကိစ္စရပ်များကို စပ်စုရသည်မှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းသော်လည်း၊ ထိုကိစ္စသည် မိမိနှင့် သက်ဆိုင်နေသည့်အခါတွင်မူ စိတ်မချမ်းမြေ့စရာ ဖြစ်လာတော့သည်။ ကျောက်ရုံနှင့် ယွမ်ဟောက်ရွှယ်တို့ သားအမိနှစ်ဦးစလုံး ဦးနှောက်ထဲတွင် တစ်ခုခု ချို့ယွင်းနေခြင်းလားဟူသည်ကို သူမ တကယ်ပင် နားမလည်နိုင်တော့ချေ၊ ဤသည်ကို "သူတစ်ပါးက မိမိကို ဒုက္ခပေးတော့မည်ဟု အတွေးလွန်နေသည့် ရောဂါ" ဟု ခေါ်သည်မဟုတ်ပါလော။ မိမိအပေါ် အကြောင်းမဲ့ သက်သက် ရန်ငြိုးဖွဲ့နေကြခြင်းမှာ တကယ့်ကို ရောဂါအသည်းအသန် ဖြစ်နေကြခြင်းပင်။
သို့သော် ယွမ်မိသားစုဝင်များ စိတ်မမှန်ကြဟု ဆိုသော်လည်း၊ ချန်ချင်းယွီသည် မည်သူ့ကိုမျှ လျှော့တွက်ဝံ့ခြင်း မရှိပေ။ သို့မဟုတ်ပါက မိမိ မည်သို့ သေဆုံးသွားမည်ကိုပင် သိရှိလိုက်ရမည် မဟုတ်ပေ။ ထို့ကြောင့် ချန်ချင်းယွီသည် အလွန်ပင် သတိကြီးစွာ ထားရှိ၏။ သူမ ထိုသားအမိနှစ်ဦး၏အနောက် ခပ်လှမ်းလှမ်းမှလိုက်ပါလာခဲ့ပြီး၊ သူတို့ အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်သွားသည်ကို မြင်တွေ့ရမှသာ အိမ်သို့ တစ်ယောက်တည်း ပြန်လာခဲ့တော့သည်။
အဘွားကြီးကျောက်သည် အိမ်သို့ ပြန်ရောက်နေပြီဖြစ်ကာ၊ မီးဖိုချောင်တွင် ဝက်လက်စွပ်ပြုတ်ကို ပါးစပ်တပြင်ပြင်ဖြင့် မြိန်ရှက်စွာ ကိုက်ဝါးစားသောက်နေပြီး နှုတ်ခမ်းတစ်ဝိုက်တွင်လည်း ဆီများ ပေကျံနေလေ၏။
ချန်ချင်းယွီ အိမ်ထဲသို့ ဝင်လာပြီးနောက် အမြင်မတော်သည့်အလား ပြောလိုက်သည်။
"အမေက ခိုးစားနေတာလား"
အဘွားကြီးကျောက် : "ဒါကို ဘာလို့ ခိုးစားတယ်လို့ ပြောရမှာလဲ။ ဒါက ဗြောင်ကျကျ စားနေတာပဲဥစ္စာ။ ညည်းအတွက် ချန်ထားပေးပါတယ်၊ ဟို ဗီရိုထဲက ပန်းကန်ထဲမှာ ရှိတယ်"
ချန်ချင်းယွီ "ဪ..." ဟုသာ ရေရွတ်လိုက်ပြီး ခြေလှမ်းမူ မရွေ့လျားသေးချေ။
အဘွားကြီးကျောက် : "ဘာဖြစ်လို့လဲ"
ချန်ချင်းယွီ ရွံရှာမိသဖြင့် စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲနေသော်လည်း၊ အပြင်ဘက်သို့ ခေါင်းပြူ၍ လူသူ ကင်းရှင်းကြောင်း သေချာအောင် စစ်ဆေးပြီးနောက်တွင်မူ တဗြစ်တောက်တောက်ဖြင့် အကုန်ပြောပြလေသည်။ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို အတူတူ ဝိုင်းဝန်းဆဲဆိုရမှသာ ရင်ထဲတွင် နေသာထိုင်သာ ရှိမည် မဟုတ်လော့။ အဘွားကြီးကျောက်သည် နားထောင်နေရင်း မျက်လုံးများ ပြူးကျယ်လာကာ စိတ်တိုလွန်းသဖြင့် မိမိ၏ ပေါင်ကို ဖြန်းခနဲ ပုတ်လျက်
"ဒီလူယုတ်မာနှစ်ယောက်ကတော့... တကယ့်ကို အသုံးမကျတဲ့ကောင်တွေပဲ၊ ဘာဖြစ်လို့ ဒီလောက်တောင် စက်ဆုပ်ဖို့ကောင်းရတာလဲ။ ဒါက ဘာကောင်တွေလဲ မသိဘူး။ တကယ့်ကို အောက်တန်းစားတွေပဲ၊ ငါ သွားပြီး သူတို့ကို ဆုံးမလိုက်ဦးမယ်..."
သူမသည် ဆီများပေကျံနေသော လက်ကိုပင် မဆေးဘဲ ချက်ချင်း ထွက်သွားရန် ပြင်တော့၏။
ချန်ချင်းယွီ တားလိုက်ကာ
"မသွားပါနဲ့ဦး..."
အဘွားကြီးကျောက် : "ညည်းမှာ အစီအစဉ် ရှိလို့လား"
ချန်ချင်းယွီ : "ရှိတယ်"
ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်
"ကျောက်ရုံက တကယ့်ကို လောနေတာ၊ ကျွန်မ ကြည့်ရသလောက် ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်အတွင်းမှာတင် သူမ ချန်ရိကျွင်းဆီကို သေချာပေါက် သွားရှာလိမ့်မယ်။ သူတို့နှစ်ယောက်စလုံးက အိမ်ထောင်ရှိတဲ့သူတွေလေ၊ သူတို့တွေ ဖောက်ပြန်ကြမယ်ဆိုရင် ကျွန်မက ရဲတပ်ဖွဲ့ကို တိုင်ပစ်မှာ"
“ဟင်…”
အဘွားကြီးကျောက် အံ့အားသင့်သွားသည်။
သူမ သတိကြီးစွာဖြင့်
"ညည်း ဒီလိုလုပ်လိုက်ရင်... သူကတော့ သေချာပေါက် ထောင်ထဲ ရောက်သွားမှာပဲ။ လူတွေက ဒီလိုကိစ္စမျိုးကို အပေါ်ယံအားဖြင့် မသိချင်ယောင်ဆောင်ပေးတတ်ကြတယ်ဆိုပေမဲ့၊ တကယ်လို့သာ လက်ပူးလက်ကျပ် မိသွားရင်တော့ သေချာပေါက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ကျခံရမှာပဲ"
ချန်ချင်းယွီ : "ဟက်... ဒါကပဲ ကွက်တိဖြစ်မသွားဘူးလား။ ထောင်ထဲရောက်သွားရင် သရဲတွေကို ထပ်တွေ့နေစရာ မလိုတော့ဘူးပေါ့"
သူမ အေးစက်စွာ ပြုံးလိုက်မိပြီး ထိုသို့ဖြစ်လာရန်အတွက် အလွန်အမင်း လိုလားနေ၏။
အဘွားကြီးကျောက် : "ဒါဆိုလည်း ပြီးတာပဲ၊ ညည်း ဒီလိုတွေးနိုင်တာလည်း မှန်ပါတယ်။ ညည်းအဖေကဲ့သို့ လူမျိုးကတော့ သင်ခန်းစာတစ်ခုခုကို သေချာပေါက် ရသင့်တာကြာပြီ"
ချန်ချင်းယွီ : "ကျွန်မသာ ရဲတပ်ဖွဲ့ကို တိုင်ပြီး အဲဒီကောင်မနဲ့ လူယုတ်မာကို ဖမ်းမခိုင်းဘူးဆိုရင်... ကျောက်ရုံက သေချာပေါက် သူမ လိုချင်တာကို ရသွားလိမ့်မယ်ဆိုတာ အမေ ယုံလား"
အဘွားကြီးကျောက် စကားမဆိုတော့ဘဲ ငြိမ်သက်သွားသည်။
ချန်ချင်းယွီ၏ အပြုံးများ ပိုမို၍ တောက်ပလာကာ အဓိပ္ပာယ်ပြည့်ဝစွာဖြင့် ဆိုလိုက်၏။
"ကျွန်မက သူ့ရဲ့ စိတ်ဓာတ်နဲ့ စရိုက်ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး၊ သူ့ရဲ့ ကိုယ်ကျင့်တရားက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး၊ တကယ့်ကို ယုတ်မာညစ်ထေး ဆိုးသွမ်းလွန်းတယ်..."
ကျောက်ရုံ မြူဆွယ်သည်ဖြစ်စေ၊ မမြူဆွယ်သည်ဖြစ်စေ... ချန်ရိကျွင်းအနေဖြင့် မိမိ ပိုက်ဆံအများကြီး ရှာနိုင်နေကြောင်း သိရှိသွားပါက သေချာပေါက် လာရောက်နှောင့်ယှက် ဖျက်ဆီးလိမ့်မည်ဟု သူမ ယုံကြည်သည်။ ယခုအချိန်တွင် လာရောက်ခြင်းမရှိသေးသည်မှာ သူသည် သရဲခြောက်သည့်ကိစ္စကြောင့် စိတ်ရှုပ်ထွေးနေရသဖြင့် ပြင်ပလောက၏ ကိစ္စရပ်များကို သတိမထားမိသေးသောကြောင့် ဖြစ်၏။ သူမအနေဖြင့် လမ်းဘေးစျေးသည်လုပ်နေသည်ဟု ကြားသိရလျှင်ပင် သူ သိပ်ပြီး စိတ်ထဲထားလိမ့်မည် မဟုတ်သော်လည်း၊ သူမတွင် ပိုက်ဆံရှိသည်ဟု သိသွားသည်နှင့်တစ်ပြိုင်နက် သူ သေချာပေါက် ပေါ်လာပေလိမ့်မည်။
ချန်ချင်းယွီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်မိသည်၊ ဤသည်မှာ ချန်ရိကျွင်း၏ စရိုက်အမှန်ပင်တကား။
အဘွားကြီးကျောက် ချန်ချင်းယွီ၏ တည်တင်းနေသော မျက်နှာကို ကြည့်ကာ
"ညည်းလည်း စိတ်မဆိုးပါနဲ့တော့၊ သူက လူကောင်းတစ်ယောက်မဟုတ်မှန်း သိရက်နဲ့ သူကြောင့်နဲ့ ဒေါသထွက်နေရတာ တကယ့်ကို မတန်ပါဘူး။ ဟိုစကားပုံတောင် ရှိတယ်မဟုတ်လား... 'ဒေါသမထွက်ပါနဲ့၊ ဒေါသထွက်လို့ ရောဂါရရင် ဘယ်သူမှ လာပြီး ကိုယ်စားမခံပေးနိုင်ဘူး' တဲ့"
သူမ ချွေးမဖြစ်သူ၏ ပုခုံးကို ပုတ်ပေးရင်း
"ဒီအဘိုးကြီးကသာ ညည်းကို လာပြီး နှိပ်စက်ရဲရင်... ငါက အရှေ့ဆုံးကနေ အရင်ဆုံး ပြေးထွက်ပြီး သူ့ကို ရိုက်သတ်ပစ်မှာ..."
သူတို့မိသားစု၏ လက်ရှိ လူနေမှုဘဝမှာ တဖြည်းဖြည်း ကောင်းမွန်လာပြီး အေးချမ်းသာယာလျက် ရှိ၏။ မည်သူမဆို လာရောက်ပြဿနာရှာရန် ကြံစည်ပါက ၎င်းသည် မိမိ ကျောက်တာ့ရာနှင့် မသင့်မြတ်ခြင်းပင် ဖြစ်သည်။ ထို့အပြင် မိမိတို့မိသားစု၏ လာဘ်ကောင်လေးကို စိတ်ဆိုးအောင် လုပ်ရဲလျှင်… ဤသည်ကို ဘယ်သောအခါမျှ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။
သူမသည် ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်၏။
"ဒီအဘိုးကြီးစုတ်ကို အလိုလိုက်နေစရာ မလိုပါဘူး"
ချန်ချင်းယွီ ခေါင်းညိတ်ပြလျက်
"ကျွန်မ သိပါတယ်"
သူမ အသံတိုးတိုးလေးဖြင့်
"ဒီရက်ပိုင်းအတွင်း အမေ ကျွန်မကို အကာအကွယ် ပေးထားရမယ်နော်၊ ကျွန်မ ကျောက်ရုံကို စောင့်ကြည့်ရမယ်"
အဘွားကြီးကျောက် သဘောတူကာ
"ရတာပေါ့"
"ငါတို့တွေ ပြဇာတ်တစ်ခန်းလောက် ခင်းကြရင် ကောင်းမလား။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နာမည်ဆိုးကလည်း ရပ်ကွက်ထဲမှာ ပြန့်နေတာပဲ၊ ငါကတော့ ဘာမှမကြောက်ဘူး။ ညနေစောင်းကျရင် ငါက ညည်းကို ဒေါသတကြီးနဲ့ ဆူပူလိုက်မယ်၊ ပြီးရင် ညည်းက ငိုပြီး အခန်းထဲကို ဝင်ပြေးသွားဟန်ဆောင်လိုက်ပေါ့။ အဲဒီလိုဆိုရင် အခြားလူတွေ တီဗီလာကြည့်ကြရင်တောင် ညည်း အိမ်မှာမရှိတာကို သိကြမှာ မဟုတ်ဘူး"
"ကောင်းပြီလေ"
ချန်ချင်းယွီ သဘောတူလိုက်သည်။
ကျောက်ရုံမှာ အိမ်ထောင်ရှိသောအမျိုးသမီးတစ်ဦး ဖြစ်သဖြင့် ချန်ရိကျွင်းနှင့် ဗြောင်ကျကျ ဆက်သွယ်ရဲမည်မဟုတ်ချေ၊ ညနေစောင်းအချိန်တွင်သာ တိတ်တဆိတ် သွားရောက်နိုင်ခြေ ရှိပေသည်။ သူမဘက်၌ ဆူပူခံရသဖြင့် အခန်းထဲ ဝင်သွားဟန်ဆောင်ကာ အနောက်တံခါးမှတစ်ဆင့် တိတ်တဆိတ် ထွက်သွားပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် နောင်တွင် တစ်စုံတစ်ယောက် သတင်းပေးတိုင်ကြားခဲ့သည်ဟု သိရှမသွားလျှင်ပင် သူမအပေါ် သံသယဝင်နိုင်လိမ့်မည် မဟုတ်ပေ။ လူနှစ်ဦးစလုံးသည် အသေးစိတ် အစီအစဉ်များကို ဆွေးနွေးတိုင်ပင်နေကြ၏။
အဘွားကြီးကျောက် : "တကယ်လို့ သူတို့က ဒီနေ့မှ မတွေ့ကြရင် ဘယ်လိုလုပ်မလဲ"
ချန်ချင်းယွီ : "သေချာပေါက် ဒီနေ့ပဲ ဖြစ်ရမယ်။ ကျောက်ရုံက အလွန်အမင်းကို လောနေတာ၊ တကယ်လို့သာ သူမ မလောဘူးဆိုရင်... အလုပ်ခွင်ထဲ ရောက်သွားပြီးမှ ဘာဖြစ်လို့ အပြင်ကို ချက်ချင်း ပြန်ထွက်လာဦးမလဲ။ အလုပ်ဆင်းမယ့် အချိန်လေးကိုတောင် မစောင့်နိုင်တော့တာလေ။ ဒီနေ့မဟုတ်ရင်တောင် မနက်ဖြန် သေချာပေါက် ဖြစ်လိမ့်မယ်။ သူမက ကျွန်မကို ဒုက္ခပေးချင်လွန်းလို့ စိတ်လှုပ်ရှားနေတာကို ကျွန်မ ကောင်းကောင်း မြင်နိုင်တယ်"
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော အခြေအနေမျိုးတွင် အလိုလိုသိစိတ်သည် အလွန်ပင် အရေးကြီးလှပေသည်၊ ချန်ချင်းယွီသည် ထိုအရာကို ကောင်းကောင်း ခံစားမိလိုက်ခြင်း ဖြစ်၏။ ကျောက်ရုံသည် စိုးရိမ်စိတ်များကြားတွင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး၊ မိမိကို ဒုက္ခပေးရန် ပြောဆိုနေစဉ်အတွင်း သူမ၏ အမူအရာမှာ အလွန်ပင် ပြာယာခတ်နေခဲ့သည်။
ဟမ့်... ကျောက်ရုံ မိမိကို မုန်းတီးနေခဲ့သည်မှာ တကယ့်ကို ကြာမြင့်လှပြီ ဖြစ်ရမည်။
ကောင်းကင်နှင့် မြေကြီး သက်သေပင် ဖြစ်၏။ မိမိတို့ မိသားစုနှစ်ခုကြားတွင် မည်သည့် ကူးလူးဆက်ဆံမှုမျှ မရှိခဲ့ဖူးချေ၊ ထို့ကြောင့် တစ်ခါတစ်ရံတွင် သူတစ်ပါး၏ မကောင်းသော စိတ်ထားကို ခန့်မှန်းရခက်လှပေသည်။
တကယ့် စိတ်မမှန်တဲ့လူပဲ...
"ကျွန်မတို့ နောက်ထပ် ဆွေးနွေးကြည့်ရအောင်..."
"အေးပါ..."
...
ညနေစောင်း အလုပ်ဆင်းချိန်နီးလာသောအခါ၊ အဘွားကြီးကျောက်၏ အော်ဟစ်ဆဲဆိုသံကြီး ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ချန်ချင်းယွီ... ညည်းကတော့ ဒီနေ့လည်း တစ်နေကုန် ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေပြန်ပြီ။ ညည်းလို ပျင်းရိတဲ့ မိန်းမ၊ သူများအိမ်တွေကို ကြည့်စမ်းပါဦး... သူများအိမ်မှာ ညည်းလိုလူမျိုး ရှိလို့လား။ ညည်းပဲ ပိုက်ဆံရှာတတ်တာကျနေတာပဲ ဟုတ်လား။ ဒီရက်ပိုင်း ပိုပိုပြီးတော့ အချိုးမပြေဖြစ်လာတယ်၊ တစ်နေ့ကုန် အိမ်မှာပဲ လှဲနေပြီး ပျင်းရိလွန်းလို့ သေတော့မယ်၊ မဟုတ်ရင်လည်း အပြင်ထွက်ပြီး ဝယ်လိုက်ခြမ်းလိုက်နဲ့။ သူများကို ကြည့်စမ်း... လုံ့လဝီရိယရှိပြီး တည်ငြိမ်ကြတယ်၊ ညည်းကျတော့ ဘာလဲ။ ပိုက်ဆံနည်းနည်းပါးပါး ရှာရုံရှိသေးတယ် ဘဝင်မြင့်နေပြီ။ ပစ္စည်းတွေ ရောင်းကုန်သွားတာ ရက်အတော်ကြာနေပြီကို... ညည်း အမြန်ဆုံး အထုပ်အပိုးပြင်ပြီး ကွမ်ကျိုးကို ကုန်ပစ္စည်းသွားသွင်းဦးလေ..."
သူမ တဗြစ်တောက်တောက်ဖြင့် ဆက်လက်ဆဲဆိုနေခဲ့၏။
အဘွားကြီးကျောက်၏ အသံကြီးမှာ အလွန်ကို ကျယ်လောင်လှပေသည်။
"ငါ့ကို လာပြီး ဆင်ခြေမပေးနဲ့၊ ဘာလဲ... ဘာရောင်းရမှန်း မစဉ်းစားရသေးဘူး ဟုတ်လား။ အဲဒီ အဝတ်အထည်တွေ ဘောင်းဘီတွေက ရောင်းလို့မရဘူးလား။ ငါကြည့်ရသလောက်တော့ ညည်းက တမင် ပျင်းချင်နေတာ၊ ညည်းလို အသုံးမကျတဲ့ကောင်မ..."
ဒုတိယမြောက် ဝင်းကြီးအတွင်း၌မူ အဘွားကြီးကျောက်၏ ဗြောက်အိုးဖောက်သကဲ့သို့ တတောက်တောက် ဆဲဆိုကျိန်ဆဲသံများ စူးစူးဝါးဝါးနှင့် နားမခံသာအောင် ထွက်ပေါ်နေတော့သည်။
"ငါ ညည်းကို ပြောလိုက်မယ်၊ ညည်း ပိုက်ဆံရှာနိုင်ရင်တောင်မှ ဒီအိမ်မှာ ငါပဲ အိမ်ထောင်ဦးစီး၊ ညည်းက ကိုယ့်ကိုယ်ကိုယ် ဆရာကြီးလုပ်လို့ရမယ်လို့ မထင်နဲ့ဦး၊ ညည်းကိုယ်ညည်း ဘာကောင်မလဲဆိုတာ ပြန်ကြည့်ဦး။ ငါက စျေးရောင်းတာ မနားလည်ဘူး ဟုတ်လား။ ငါမသိရင် ညည်းက သိလို့လား။ ငါစားခဲ့တဲ့ ဆားက ညည်းလျှောက်ခဲ့တဲ့ လမ်းထက်တောင် များသေးတယ်။ ပိုက်ဆံနည်းနည်း ရှာနိုင်တာနဲ့ ကိုယ့်မျိုးရိုးကိုယ် ဘာလဲဆိုတာ မေ့နေပြီ၊ ဒီအိမ်မှာ ညည်း ဆရာလာလုပ်ဖို့ အလှည့်မကျသေးဘူး..."
ရေသွန်သကဲ့သို့ တရစပ် ဆဲဆိုသံများ အပြန်အပြန်အလှန်လှန် ထွက်ပေါ်နေခဲ့၏။
ဝင်းထဲရှိ လူတိုင်းလည်း ခြံထဲတွင် ရပ်လျက် တိတ်တဆိတ် ချောင်းကြည့်ကာ နားစွင့်နေကြတော့သည်။
တောက် တောက်... အဘွားကြီးကျောက်ကတော့ ရက်အနည်းငယ်တောင် ဟန်မဆောင်နိုင်တော့ပါလား။
ဒါပေါ့... ပိုက်ဆံမရှာရတော့တာနဲ့ ပြဿနာက ရှာလာတာပဲ။
စတုတ္ထမြောက် ဝင်းကြီးထဲမှ အပြေးအလွှား ရောက်ရှိလာသော အဘွားကြီးဟွမ်၏ မျက်လုံးများမှာမူ စိတ်လှုပ်ရှားလွန်းသဖြင့် အရောင်တောက်နေခဲ့၏။
"ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ။ ဘာလို့ ရုတ်တရက်ကြီး ဒေါသပေါက်ကွဲနေရတာလဲ"
မနေ့ညမှတင် အရှက်ကွဲထားသော အဘွားကြီးဝမ်မူ သူတစ်ပါး အရှက်ကွဲသည်ကို မြင်ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေမိကာ
"မသိဘူးလေအေ၊ ငါက အရှေ့ဝင်းထဲကနေတောင် ကြားရတယ်၊ အဘွားကြီးကျောက် အော်နေတာပဲ ကြားရတာ..."
ရှီကျန့်ရှန်း : "ဒီကိစ္စကို ကျွန်မသိတယ်၊ အဘွားကြီးကျောက်က ချန်ချင်းယွီကို ကွမ်ကျိုးကို အမြန်သွားပြီး ကုန်ပစ္စည်းသွင်းခိုင်းပြီး ပိုက်ဆံဆက်ရှာခိုင်းနေတာ။ ဒါပေမဲ့ ချန်ချင်းယွီက ဘာရောင်းရမှန်း မသိသေးဘူးလို့ ပြောပြီး ပြန်ခံပြောလို့လေ..."
"တကယ့်ကို သောင်းကျန်းနေတာပဲ၊ ယောက္ခမကို တောင် ပြန်ခံပြောရဲတယ်ပေါ့"
အဘွားကြီးဟွမ် တိုးတိုးလေး ရေရွတ်လိုက်သည်။
လူအနည်းငယ် ခေါင်းပြူ၍ စပ်စုနေကြပြီး၊ ဘယ်တော့မှ အလုပ်မသွားသော ရှီရှန်းသည်လည်း အရှက်အကြောက်မရှိ ယောက်ျားကြီးတန်မဲ့ အတင်းအဖျင်း လာရောက်နားထောင်နေခဲ့၏။
"အဘွားကြီးကျောက်ရယ်... ညည်းလည်း ဒီလောက်အထိ ဒေါသကြီးမနေပါနဲ့၊ ကျွန်မကြည့်ရသလောက် ရှောင်ချန်က တော်ရှာပါတယ်..."
အဒေါ်ကြီးမေ့ ဝင်ရောက်
ဖျောင်းဖျရှာသည်။
"ဒီမှာ ညည်းနဲ့ ဘာဆိုင်လို့လဲ၊ ကိုယ့်အိမ်ကိုယ်ပဲ ဂရုစိုက်စမ်း၊ ဘာလာကြည့်နေတာလဲ..."
အဘွားကြီးကျောက် အားလုံး ပြတင်းပေါက်မှ ချောင်းကြည့်နေကြသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့်
"ဒီမှာ နင်တို့နဲ့ ဘာမှမဆိုင်ဘူး၊ အမြန်ဆုံး လစ်ကြစမ်း၊ သူများကိစ္စ လာပြီး စပ်စုမနေနဲ့..."
"ညည်းကလည်း ချွေးမကိုပဲ အမြဲတမ်း နှိပ်စက်မနေပါနဲ့ဦး"
"ဟုတ်ပ"
"ရှောင်ချန်လည်း မလွယ်ရှာပါဘူး၊ အိမ်အတွက် ပိုက်ဆံရှာပေးနေတာပဲဥစ္စာ"
လူတိုင်းကတော့ ကိစ္စကြီးလေ ပျော်လေပါပဲ…
အဘွားကြီးကျောက် : "ငါက ငါ့ချွေးမနဲ့ အိမ်ကိစ္စ အရေးကြီးတာ ပြောနေတာ၊ ဒါကို ဘာဖြစ်လို့ နှိပ်စက်တယ် ဖြစ်ရမှာလဲ။ နင်တို့က ဘာသိလို့လဲ..."
ထို့နောက် ပြတင်းပေါက်ကို ဝုန်းခနဲ ပိတ်ပစ်လိုက်ပြီး လိုက်ကာများကိုပါ ဆွဲပိတ်လိုက်တော့သည်။
"ကြည့် ကြည့်... ဘာကို လာကြည့်နေတာလဲ၊ ငါတို့အိမ်မှာ ကြည့်စရာ ဘာမှမရှိဘူး၊ ငါတို့အိမ်က တကယ့်ကို အဆင်ပြေပြေ ရှိနေတာ"
"ညည်းကတော့... လူမိနေတာကို ဖုံးကွယ်ချင်နေတုန်းပဲ..."
အဘွားကြီးကျောက် : "သွား... သွား... သွား၊ ငါတို့အိမ်က အစကတည်းက အဆင်ပြေပြီးသား..."
အဘွားကြီးကျောက် အသံကို အနည်းငယ် ပြန်နှိမ့်လိုက်ပုံရပြီး ဆက်လက်ရေရွတ်နေခဲ့သည်။
"ဒါတွေက ဘာကောင်တွေလဲ မသိဘူး၊ ငါတို့အိမ်ရဲ့ ရယ်စရာကို လာကြည့်ချင်နေကြတာလား။ အလကားပဲ..."
သို့သော်လည်း ဤစကားများကိုမူ အပြင်မှ ကြားနေရဆဲ ဖြစ်ရာ၊ လူတိုင်း တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်လိုကမကြ၏။ အဘွားကြီးကျောက် အိမ်ထဲတွင် အသံကို နှိမ့်ချလျက် ချန်ချင်းယွီကို ဆက်တိုက်ဆိုသလို ဆဲဆိုကျိန်ဆဲနေဆဲ ဖြစ်သော်လည်း၊ အသံမှာ များစွာ တိုးသွားသဖြင့် သဲသဲကွဲကွဲ မကြားရတော့ပေ။
"သူတို့အိမ်က တံခါးတွေရော ပြတင်းပေါက်တွေရော ပိတ်ထားတာ... အပူဒဏ်ကို မကြောက်ဘူးလား မသိဘူး"
"သူတို့အိမ်မှာ ပန်ကာရှိတယ်လေအေ၊ ဒါကြောင့် အပူမကြောက်ဘူးပေါ့။ ချွေးမကို ဆဲတာတောင် တံခါးတွေ ပြတင်းပေါက်တွေ ပိတ်ထားရတယ်၊ တို့တွေ ကြားသွားမှာကို ကြောက်နေတာလေ"
"ဒီအဘွားကြီးကတော့ တကယ့်ကို ကိုယ့်မျက်စိကိုယ်မှိတ်ပြီး သူများမမြင်ဘူး ထင်နေတာပဲ။ သူမက တံခါးတွေ ပြတင်းပေါက်တွေ ပိတ်ပြီး လိုက်ကာတွေ ဆွဲချထားရုံနဲ့... ဘာလဲ၊ တို့တွေက သူမ ဘယ်လိုလူစားမျိုးလဲဆိုတာ မသိဘဲ နေမလား။ တကယ့်ကို ကလေးကလား တွေးတာပဲ"
"သူမကတော့ နင်တို့ မသိဘူးလို့ ထင်နေတာပေါ့"
"တောက် တောက်..."
"ချန်ချင်းယွီကတော့ ဒီလိုယောက္ခမမျိုးနဲ့ တွေ့ရတာ တကယ့်ကို ကံဆိုးတာပဲ"
...
အဘွားကြီးကျောက် ချွေးမဖြစ်သူကို ဆူပူဆဲဆိုနေစဉ်၊ လူတိုင်း ဒုတိယဝင်းကြီး၏ ပြတင်းပေါက်နှင့် မလှမ်းမကမ်းတွင် စုရုံး၍ တိတ်တဆိတ် နားစွင့်နေကြ၏။ ချန်ချင်းယွီမှာမူ ရုပ်ဖျက်လိုက်ပြီးနောက်၊ အလယ်ဝင်းတွင် လူသူကင်းရှင်းနေခိုက်ကို အခွင့်ကောင်းယူကာ ရှောင်ကျား၏ ပြတင်းပေါက်မှတစ်ဆင့် လျှပ်ခနဲ ခုန်ထွက်လျက် အမိုးပေါ်သို့ တွားတက်သွားခဲ့တော့သည်။
အခန်းတွေ ကျယ်လာကတည်းက တကယ်ကို အကျိုးကျေးဇူးတွေ အများကြီးပဲ…အခုဆို 'အရှေ့ကို အသံပေးပြီး အနောက်ကို တိုက်ခိုက်တဲ့' ပရိယာယ်ကိုတောင် သုံးလို့ရနေပြီ…။
ချန်ချင်းယွီအနေဖြင့် ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် လုပ်ချင်လွန်း၍ မဟုတ်ချေ၊ သူမသည် မိမိ၏ နာမည်အရင်းဖြင့် ပြဿနာသွားရှာရလောက်အောင် မိုက်မဲသူ မဟုတ်သောကြောင့်တည်း။
သူမ၏ အိမ်တွင် ကလေးလည်း ရှိနေသေးသည်မဟုတ်လော့။
ချန်ချင်းယွီ ထိုနေရာမှ အလျင်အမြန် ထွက်ခွာခဲ့ပြီး ဆေးရုံသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။ ထိုနေရာတွင် ရဲအရာရှိများ ရှိနေသည်ဆိုသော်လည်း ချန်ချင်းယွီအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် သရဲခြောက်သည့်ကိစ္စနှင့်သာ အဓိကသက်ဆိုင်နေပြီး၊ ချန်ရိကျွင်း ဆေးရုံတက်နေစဉ်အတွင်း တစ်ကြိမ်တစ်ခါမျှ သရဲနှင့် မဆုံတွေ့ခဲ့ဖူးသောကြောင့် ဖြစ်၏။
သရဲခြောက်သည်ဟူသည်မှာ သူ၏အိမ်၌သာ ဖြစ်ပွားသည့် ကိစ္စရပ် ဖြစ်ပေသည်။ ချန်ရိကျွင်း၏အနားတွင် လူတစ်ဦး အမြဲတမ်း စောင့်ကြပ်နေရခြင်း၏ အဓိကအကြောင်းရင်းမှာလည်း သူ့ကို စိတ်အေးစေရန်အတွက်သာ ဖြစ်၏။ ချန်ရိကျွင်း၏ စိတ်ကူးယဉ်ဆန်ဆန် ယောက်ရပ်ခတ်နေသော စိတ်အခြေအနေမှာ တကယ့်ကို ဆိုးရွားလှပေသည်။ အင်းပြာများကို ခိုးစားမိသဖြင့် ဆေးရုံသို့ နှစ်ကြိမ်တိုင်တိုင် ရောက်ရှိခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ စိတ်ခံစားချက်မှာ မည်မျှအထိ မတည်မငြိမ်ဖြစ်နေကြောင်း သိသာလှပေသည်။
ချောက်ထဲကိုတင် နှစ်ကြိမ်တိုင်တိုင် သက်ဆင်းခဲ့လေပြီ..။
ရဲများ ချန်ရိကျွင်းကို စောင့်ကြပ်ပေးနေခြင်းမှာ သူ့ကို စိတ်အနည်းငယ် တည်ငြိမ်သွားစေရန်အတွက် ဖြစ်၏။ ထို့ကြောင့် ချန်ချင်းယွီသည် မိမိအနေဖြင့် အနားသို့ ကပ်မသွားဘဲ ခပ်လှမ်းလှမ်းမှသာ စောင့်ကြည့်နေပါက ဘာပြဿနာမရှိနိုင်ဟု ယူဆလိုက်သည်။
ချန်ချင်းယွီ၏ ရုပ်ဖျက်မှု အတတ်ပညာမှာ ကျောက်ရုံထက် များစွာ သာလွန်လှပေသည်၊ ဘာပဲဖြစ်ဖြစ် ခေတ်သစ်ကမ္ဘာမှ မိန်းကလေးတစ်ဦး ဖြစ်သဖြင့် မိတ်ကပ်မပြင်တတ်၊ ရုပ်မဖျက်တတ်လျှင်ပင် ထိုကဲ့သို့သော အရာများကို အကြိမ်ကြိမ် မြင်တွေ့ဖူးရာ ဤခေတ်ကာလရှိ လူများထက် အမြင်နှင့် ဗဟုသုတ များစွာ ပိုမိုကျယ်ပြန့်လှ၏။ ကောင်းမွန်အောင် မပြင်ဆင်တတ်လျှင်ပင် ရုပ်ပျက်သွားအောင်မူ သေချာပေါက် ပြင်ဆင်တတ်ပေသည်။ ထို့ကြောင့် ချန်ချင်းယွီသည် မိမိ၏ ရုပ်ဖျက်မှုအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့၏။
ထိုအချိန်တွင် ကျောက်ရုံသည် အလုပ်ဆင်းပြီးနောက် အိမ်သို့ တန်းမပြန်ဘဲ၊ စက်ရုံဂိတ်တံခါးဝတွင် မတ်တပ်ရပ်လျက် ယွမ်ဟောက်ရွှယ်ကို အချို့သောအချက်များကို မှာကြားနေခဲ့သည်။
"နင့်အဖေဘက်ကိုတော့သေသေချာချာ ချော့မြူထားရမယ်နော်၊ ဒီကိစ္စတွေကို သူ့ကို လုံးဝမသိစေနဲ့။ သူသာ သိသွားရင် သေချာပေါက် သဘောတူမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူသဘောမတူရုံနဲ့တင် ပြီးသွားမယ့်ကိစ္စမှ မဟုတ်တာ။ ဟောက်ရွှယ်ရယ်... မေမေ ဒီလိုလုပ်တာတွေ အကုန်လုံးက နင့်အတွက်တင်မကဘူး၊ ဒီမိသားစုအတွက်ပါပဲ။ ငါတို့မိသားစုလည်း ထူထောင်နိုင်ရတော့မယ်လေ။ ဟိုကောင်မစုတ် ချန်ချင်းယွီတို့ မိသားစုတောင် အဆင်ပြေနေကြပြီ။ ငါတို့မိသားစုကကျတော့ နှစ်အတော်ကြာတဲ့အထိ ဘာမှမပြောင်းလဲသေးဘူး၊ ဒါက ကြည့်ကောင်းလို့လား"
ဟောက်ရွှယ် : "ကျွန်မ သိပါတယ် မေမေရယ်၊ ဆက်မပြောနဲ့တော့၊ အမြန်သွားပါတော့။ အဖေ့ဘက်ကိုတော့ ကျွန်မ လှည့်စားထားလိုက်ပါ့မယ်"
"ဒါဆိုရင်တော့ ပြီးတာပဲ"
ကျောက်ရုံသည် ယွမ်ဟောက်ရွှယ်နှင့် လမ်းခွဲလိုက်ပြီးနောက်၊ ရင်ထဲတွင် ဖော်ပြရခက်သော ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာခဲ့၏။ မည်သို့ပြောရမည်နည်း... ပြောရန် ခက်ခဲလှပေသည်။
အချုပ်အားဖြင့်ဆိုရသော် မိမိအနေဖြင့် မည်သည့်အရာကိုမျှ မှားယွင်းစွာ မလုပ်ဆောင်ခဲ့ဟု သူမ ယူဆသည်။ သူမသည် ဤမိသားစုအတွက်၊ ကလေးအတွက်သာ လုပ်ဆောင်ခြင်း ဖြစ်ပြီး၊ သူမ ပြုလုပ်သမျှ အရာအားလုံးသည် မိမိကိုယ်ကျိုးအတွက် မဟုတ်ပေ။
ဒီလောကကြီးမှာ ငါ့လိုမျိုး ကောင်းမွန်တဲ့ မိခင်ဆိုတာ တကယ့်ကို ရှားပါးလှပါတယ်…။
မည်သို့ဖြစ်စေ အခြားသူများသည် သူမကဲ့သို့ မိမိသမီးအတွက် ဤမျှလောက်အထိ အနစ်နာခံလိမ့်မည် မဟုတ်ပေ။
သူမသည် လွန်ခဲ့သောနှစ်များ၌ သူတစ်ပါးနှင့် ဖောက်ပြန်ခဲ့ဖူးသည်မှာလည်း သမီးဖြစ်သူ၏ အလုပ်အကိုင်အတွက် ဖြစ်ပြီး၊ ယခုတစ်ကြိမ်တွင်လည်း သမီးဖြစ်သူ၏ သုခချမ်းသာအတွက် ဖြစ်ရာ….
ဒီလောကကြီးမှာ ငါ့ထက်သာတဲ့ မိခင်ဆိုတာ ရှိနိုင်တော့မှာ မဟုတ်ဘူး…
ကျောက်ရုံသည် တွေးမိလေလေ ပိုမိုဘဝင်ခိုက်လေလေဖြစ်ကာ မိမိကိုယ်မိမိ အလွန်ပင် ဂုဏ်ယူနေတော့၏။
သူမသည် ဆေးရုံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာရင်း၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို သေချာပေါက် မြန်ဆန်၊ တိကျပြီး ပြတ်သားစွာ လုပ်ဆောင်ရမည်ဖြစ်ရာ၊ အကောင်းဆုံးနည်းလမ်းမှာ လိုရင်းကိုသာ တန်းပြီး ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
တကယ်လို့ သံယောဇဉ်ကို တဖြည်းဖြည်းချင်း တည်ဆောက်နေရမယ်ဆိုရင် ဘယ်အချိန်ကျမှ အဆင်ပြေမှာလဲ…။
ငါတို့မိသားစုက အချိန်အကြာကြီး မစောင့်နိုင်ဘူး။
အမှန်စင်စစ် ကျောက်ရုံသည် စိတ်ထဲတွင် တိတ်တဆိတ် စဉ်းစားဖူးသည်မှာ~~~
တကယ်လို့သာ ဟောက်ရွှယ်လေးမှာ ကိုယ်ဝန်ရှိလာရင် ကျန်တဲ့ကိစ္စတွေက ပြဿနာမဟုတ်တော့ဘူး၊
ခဏတော့ စောင့်ဆိုင်းလို့ ရနိုင်ပါတယ်..။
သို့သော်လည်း သူမအနေဖြင့် ချန်ချင်းယွီကို လုံးဝ လွှတ်မပေးနိုင်ကြောင်း မိမိကိုယ်မိမိ ချက်ချင်း ပြန်လည်သတိပေးလိုက်သည်။ သူမမှာ မိမိသမီး၏ ယောကျာ်းကို လုယူနိုင်ခြေရှိသည်ကို မဆိုထားနှင့်... ထိုသို့ ဖြစ်မလာနိုင်လျှင်ပင် သူမသည် ဝင်းကြီးထဲတွင် မိမိသား၏ မျက်နှာကို ဖြတ်ရိုက်နေ၏။
ဒီလိုမျိုး ပိုက်ဆံရှာတဲ့ ကိစ္စတွေကို ယောက်ျားတွေပဲ လုပ်ရမှာပေါ့…။
မိန်းမတွေက ဘာမို့လို့လဲ…။
ချန်ချင်းယွီသည် မိမိသား၏ လမ်းကြောကို မပိတ်သင့်ပေ။ ချန်ချင်းယွီ ကွမ်ကျိုးသို့ ပထမဆုံး သွားရောက်ကာ ကုန်ပစ္စည်းသွင်းခဲ့သူ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူမ ဂရုမစိုက်ချေ၊ မိမိ၏ သားဖြစ်သူသည် ထိုမိန်းမထက် ညံ့ဖျင်းသူမဟုတ်ကြောင်းသာ သူမ သိရှိ၏။
ဤသေချင်းဆိုး မုဆိုးမလေးသည် မိမိ၏ သားကိုရော သမီးကိုပါ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ဆောင်နေသဖြင့်၊ သူမအနေဖြင့် အလွယ်တကူ လွှတ်မပေးနိုင်ပေ။
သူမကို သေချာပေါက် ပညာပေးရမယ်။ ဟဟဟ...
တကယ်လို့သာ သူမ အိမ်ထောင်ပြန်ပြုသွားပါက၊ အဘွားကြီးကျောက်သည် သူမကို ကလေးခေါ်သွားခွင့် ပေးမည်မဟုတ်သည်မှာ သေချာလှသည်။ ထိုအချိန်တွင် သူတို့သားအမိနှစ်ဦး အတင်းအကြပ် ခွဲခွာရမည့် သနားစရာ ပုံစံမျိုးကို တွေးမိသောအခါ သူမသည် မထိန်းနိုင်ဘဲ ကျေနပ်အားရစွာ ပြုံးမိတော့၏။
တကယ့်ကို ရင်ထဲမှာ ရှင်းသွားတာပဲ...
သူမမှာ သူတစ်ပါး မိမိထက် သာလွန်ကောင်းမွန်နေသည်ကို လုံးဝ မကြည့်ရက်နိုင်သူ ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများ မိမိထက် သာနေသည်ကို ပို၍ပင် မလိုလားပေ။
တကယ်လို့ တကယ်ပဲ ကောင်းကောင်းမွန်မွန် နေချင်တယ်ဆိုရင်တောင်... ရှန်ရှန့်လိုမျိုး လင်မရှိ၊ သားသမီးမရှိဘဲ နောက်ဆုံးအချိန်မှာ သင်္ဂြိုဟ်ပေးမယ့်သူမရှိတဲ့ ကောင်မမျိုးပဲ ဖြစ်ရမယ်…။
ကျောက်ရုံ ထိုသို့တွေးတောရင်း သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ကာ ခြေလှမ်းများကို ပိုမိုသွက်လက်စေခဲ့သည်။ သူမ ဆေးရုံသို့ တောက်လျှောက် လျှောက်လှမ်းလာခဲ့၏။ နွေရာသီတွင် နေ့တာရှည်သဖြင့် ယခုအချိန်အထိ မိုးမချုပ်သေးဘဲ လင်းထိန်နေဆဲ ဖြစ်သည်။ သို့သော်လည်း ယနေ့ညနေခင်းတွင် မိုးအုံ့နေသဖြင့် အလွန်အမင်း ပူအိုက်ခြင်းမရှိပေ။
ကျောက်ရုံ ခြေသံဗုန်းဗုန်းဖြင့် အပေါ်ထပ်သို့ တက်လာခဲ့ပြီး၊ ခေတ္တမျှ တွေဝေသွားသော်လည်း ချက်ချင်းပင် သတ္တိမွေးလိုက်၏။
အဘိုးကြီးတစ်ယောက်ကို ကိုင်တွယ်ရတာပဲ၊ ဘာခက်တာမှတ်လို့..။
သို့သော်လည်း သူမ အထဲသို့ ချက်ချင်း ဝင်မသွားဘဲ၊ စင်္ကြံလမ်းရှိ ခုံတန်းလျားရှည်ပေါ်တွင် ထိုင်ကာ ဝေရှူ့ဖန်း အပြင်သို့ ထွက်လာသည်ကို စောင့်ကြည့်နေခဲ့ပြီးမှသာ အထဲသို့ ဝင်သွားခဲ့သည်။ သူတစ်ပါးကို ဒုက္ခပေးရန် ကြံစည်ထားသည်ဖြစ်၍ သူမသည် အရာအားလုံးကို ကြိုတင် စုံစမ်းထောက်လှမ်းထားပြီးဖြစ်ကာ မည်သည့်အမှားအယွင်းမျှ အဖြစ်မခံနိုင်ပေ။
သူမသည် လူနာဆောင်တံခါးကို တွန်းဖွင့်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက်၊ ချန်ရိကျွင်းကို ခက်ခက်ခဲခဲ မှတ်မိသွားခဲ့ရသည်။
ဟင်... သွားပါပြီ... ချန်ရိကျွင်းက ဘာဖြစ်လို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ…။
သူမ၏ အမှတ်သညာထဲတွင်မူ ချန်ရိကျွင်းသည် ကျုံးရှန်းဝတ်စုံကို သေသေချာချာ ဝတ်ဆင်ထားတတ်ပြီး ကြည့်ရသည်မှာ အဆင့်အတန်းရှိကာ အတော်ပင် ယဉ်ကျေးသိမ်မွေ့သော ပုံစံမျိုး ရှိခဲ့သည်။
ဟူး... ယောက်ျားတွေပဲလေ... မိန်းမအပေါ် မှီခိုစားသောက်ချင်တယ်ဆိုရင်တော့ ထူးခြားတဲ့ အားသာချက်တစ်ခုခု ရှိရမှာပေါ့။
ရုပ်ရည်ကောင်းဖို့က တကယ့်ကို အရေးကြီးတာပဲ။
ချန်ရိကျွင်းသည် ထိုကဲ့သို့သော လူစားမျိုး ဖြစ်သော်လည်း ယခုမြင်တွေ့နေရသော ပုံစံမှာမူ ကမ္မဌာန်းရုပ် ဖြစ်နေ၏။ သူ၏ မျက်တွင်းများမှာ အောက်သို့ နက်ရှိုင်းစွာ ချိုင့်ဝင်နေပြီး၊ မျက်နှာတစ်ခုလုံး ညိုပုပ်ကာ၊ ထင်းခြောက်ကဲ့သို့ ပိန်လှီလွန်းလှသဖြင့် ကြည့်ရသည်မှာ အရိုးစုကြီးတစ်ခုနှင့် တူနေတော့သည်။ သူမသည် ရှန်ရှန့်ထံတွင် ဟောင်ကောင်ဘက်မှလာသော ဗီဒီယိုခွေများကို ကြည့်ဖူးရာ၊ ထိုကားထဲရှိ သရဲများသည်လည်း ဤကဲ့သို့သော ပုံစံမျိုးပင် ဖြစ်ကြ၏။
ကျောက်ရုံ ထိုခဏ၌ အနည်းငယ် နောင်တရသွားမိသည်။
တကယ်လို့ အရင်တုန်းက ချန်ရိကျွင်းသာဆိုရင် ငါက မြူဆွယ်ဖို့ အသင့်ပဲ၊ ဒါပေမဲ့ အခုလို ပုံစံကြီးကျတော့... ငါ ငါ ငါ... ငါပဲ အရှုံးပြနေတာပေါ့...
ကျောက်ရုံ အိုးတိုးအမ်းတမ်းဖြင့် ထိုနေရာတွင် မတ်တပ်ရပ်နေမိရာ၊ လူနာဆောင်အတွင်းရှိ လူတိုင်း သူမကို ထူးဆန်းစွာ စိုက်ကြည့်နေကြပြီး ဤအမျိုးသမီးသည် ဘာလာလုပ်သည်ကို မည်သူမျှ မသိရှိကြချေ။ သူမကို မည်သူမျှ မသိကျွမ်းကြပေ။
ချန်ရိကျွင်းကိုယ်တိုင်ပင်လျှင် သူမကို ဇဝေဇဝါဖြင့် လှမ်းကြည့်နေခဲ့၏။
ကျောက်ရုံသည် ချက်ချင်းပင် စိတ်ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး…
တောက်... ရည်မှန်းချက် အောင်မြင်ဖို့အတွက်ပဲ... ခွေးကိုက်ခံရတယ်လို့ပဲ သဘောထားလိုက်တော့မယ်... ရောက်မှတော့ ရောက်လာပြီပဲ၊ တွေဝေမနေတော့ဘူး……။
ကျောက်ရုံသည် သက်ပြင်းတစ်
ချက်ကို အနိုင်နိုင်ချလိုက်ပြီးနောက်၊ ဖော်ရွေသော အပြုံးတစ်ခုကို ဖန်တီးလျက် ချန်ရိကျွင်းကို ကြည့်ကာ
"အစ်ကိုကြီးချန်... ကျွန်မကို မှတ်မိသေးရဲ့လားဟင်။ ကျွန်မက စက်မှုစက်ရုံ ရုံးခန်းက ကျောက်ရုံပါ"
ချန်ရိကျွင်းမှာ ဇဝေဇဝါ ဖြစ်သွားရတော့သည်။
သူသည် မိမိအနေဖြင့် ဤကျောက်ရုံဟူသော အမျိုးသမီးကို လုံးဝ မသိကျွမ်းကြောင်း ရာနှုန်းပြည့် သေချာလှ၏။
သူမနှင့်ပက်သက်၍ မည်သည့် မှတ်ဉာဏ်မှ မရှိပေ။
ကျောက်ရုံသည် နူးညံ့ပျော့ပျောင်းသော အပြုံးတစ်ခုကို ဖန်တီးလျက် ကုတင်ဘေးသို့ တိုးကပ်လာကာ နှုတ်ခမ်းကို မသိမသာ ကိုက်ရင်း အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။
"ရှင်နေကောင်းရဲ့လားလို့ ကျွန်မ လာကြည့်တာပါ"
ကျောက်ရုံ ဤနေရာသို့ မလာခင်ကတည်းက သေသေချာချာ ပြင်ဆင်ခြယ်သလာခဲ့ခြင်း ဖြစ်သည်။ ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး အသက်အရွယ် မငယ်တော့သော်လည်း ဆံပင်ကို တမင်တကာ ဖြန့်ချလျက် ကလစ်တစ်ခုကို ဆင်မြန်းထားကာ ပုံမှန်အားဖြင့် အသက်နှစ်ဆယ်ကျော် မိန်းကလေးများသာ ဤကဲ့သို့ ပြင်ဆင်တတ်ကြသော်လည်း သူမသည်ကား အမှန်စင်စစ် အသက်ငါးဆယ် ရှိနေပြီ ဖြစ်၏။
သို့သော်လည်း သူမမှာ အလှပြင်ကျွမ်းကျင်သဖြင့် အသက်တူရွယ်တူများနှင့် မတူဘဲ နုပျိုနေပုံရသည်။ သူမသည် အမြဲတမ်း ရှန့်ရှန့်၏အနားတွင် လှည့်လည်သွားလာနေတတ်သဖြင့် အချို့သောအပြုအမူများကို အတုခိုးတတ်လာကာ ရယ်လျှင်ပင် သွားမပေါ်အောင် ရယ်တတ်ပေ၏။ မျက်နှာတွင် မိတ်ကပ်ပေါင်ဒါများ ပွတ်လိမ်းထားပြီး မျက်ခုံးကို ဆွဲထားရုံမက၊ နှုတ်ခမ်းနီရဲရဲကို ဆိုးလျက် ရေမွှေးများကိုလည်း ဆွတ်ဖြန်းလာခဲ့သည်။
ကျောက်ရုံ အနားသို့ တိုးကပ်လာသည်နှင့်တစ်ပြိုင်နက် ချန်ရိကျွင်းသည် မွှေးကြိုင်လှသော ရေမွှေးနံ့ကို ရရှိလိုက်သဖြင့် ကျောက်ရုံကို ကြည့်ကာ အနည်းငယ် မိန်းမောသွားရတော့၏။
ကျောက်ရုံသည် ကုတင်ဘေးရှိ ခုံတန်းလျားပေါ်တွင် အလွန်နီးကပ်စွာ ထိုင်လိုက်ပြီး၊ သူမ၏လက်ကို လူနာကုတင်ပေါ်သို့ တင်လျက် လက်ချောင်းလေးများဖြင့် ချန်ရိကျွင်းကို မသိမသာ တို့ထိကာ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြသလိုက်သည်။
လူနာဆောင်အတွင်းရှိ အခြားသော လူနာများမှာမူ ဝေရှု့ဖန်း၏ ကုတင်နေရာသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်ကြရင်း……
ဒီမိန်းမကြီး အိမ်သာသွားနေတုန်း... မြေခွေးမက တံခါးဝအထိ ရောက်လာတာပေါ့လား…။
ဒီမိန်းမကြီးကတော့ တကယ့်ကို သနားစရာကောင်းလှပါဘိ…။
သူမက ယောကျာ်းနဲ့အတူ သရဲခြောက်ခံရလို့ သေလုမတတ် ထိတ်လန့်နေရရှာတာ၊ ရလဒ်ကတော့ ဘာလဲ... ဒီခွေးယောကျာ်းက အခုထိ မရိုးမသား လုပ်နေတုန်းပဲ…။
ကြည့်ရတာ ဒီအဘိုးကြီးကလည်း ဘယ်လိုမှ လူကောင်းတစ်ယောက် မဟုတ်ဘူးပဲ…။
လူတိုင်း ဤဖောက်ပြန်နေသော စုံတွဲကို စပ်စုသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြတော့သည်။
ဟူး... အကုန်လုံးက လောကဓံကို ကြုံဖူးတဲ့သူတွေပဲဆိုတော့ ကြည့်ရုံနဲ့တင် သဘောပေါက်တာပေါ့... သဘောပေါက်တာပေါ့နော်…
ချန်ရိကျွင်းသည် မိမိအရှေ့ရှိ အမျိုးသမီးကို ကြည့်ကာ သူမ ဘာဖြစ်နေသည်ကို သေသေချာချာ မသိသော်လည်း၊ အရွယ်ရောက်ပြီးသူတစ်ယောက်အနေဖြင့် စိတ်ထဲတွင် အနည်းငယ်မျှ လှုပ်ရှားရုန်းကြွလာမိသည်။
ကျောက်ရုံ ညင်သာသောအသံဖြင့်
"အစ်ကိုကြီး ဆေးရုံတက်နေရတယ်လို့ ကြားလို့လေ၊ အခု ဘယ်လိုနေသေးလဲဟင်"
ချန်ရိကျွင်း ကျောက်ရုံကိုမျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိပြီး ကျောက်ရုံမှာ ဝေရှု့ဖန်းထက် အစစအရာရာ သာလွန်လှပေသည်။ ကျောက်ရုံ၏ ရုပ်ရည်သည် အလွန်အမင်း ထူးခြားပြောင်မြောက်ခြင်းမရှိသော်လည်း အလှပြင်တတ်သည်မဟုတ်လော့။ သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး
"ငါ နေကောင်းပါတယ်"
ကျောက်ရုံ : "ဒါဆိုရင်တော့ တော်သေးတာပေါ့... တော်သေးတာပေါ့၊ အစ်ကိုကြီး အခုလို ရှိနေတာကို မြင်ရမှပဲ ကျွန်မ စိတ်အေးရတော့တယ်၊ မဟုတ်ရင် ကျွန်မ တကယ်ပဲ..."
သူမ နှုတ်ခမ်းကို ကိုက်လိုက်ရင်း
"အစ်ကိုကြီးချန်... ကျွန်မတို့ နှစ်ယောက်တည်း သီးသန့် စကားပြောလို့ ရမလားဟင်"
ချန်ရိကျွင်း ကျောက်ရုံကို စိုက်ကြည့်နေဆဲဖြစ်၍ ကျောက်ရုံမှာ ထပ်မံပြောဆိုကာ
"ကျွန်မက အမျိုးသမီးတစ်ယောက်ပဲဟာကို... အစ်ကိုကြီးကို ဘာလုပ်နိုင်မှာမို့လို့လဲ၊ အစ်ကိုကြီးက ကျွန်မအပေါ် စိတ်မချတာလား"
ချန်ရိကျွင်း : "သေချာပေါက် မကြောက်ပါဘူး"
သူ ကြောက်ရွံ့သည်မှာ သရဲတစ္ဆေများကိုသာ ဖြစ်ပြီး၊ လူကိုမူ ဘယ်သောအခါမျှ မကြောက်ပေ။
သူ ကုတင်ပေါ်မှ ထလိုက်ရာ၊ ကျောက်ရုံ အလောတကြီးဖြင့် အလွန်ပင် ဂရုတစိုက် တွဲထူပေးခဲ့သည်။
အခြားသော လူနာများမှာမူ အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်ကြရင်း…
သောက်ခွေး…ဒါကတော့ သေချာပေါက် ဖောက်ပြန်နေတဲ့ စုံတွဲပဲ…။
အတည်ပြုလိုက်ပါပြီ..။
လူနှစ်ဦးစလုံး အပြင်သို့ အတူတူ ထွက်လာကြရာ၊ မလှမ်းမကမ်းတွင် ရပ်နေသော ရဲအရာရှိသည် သူတို့ကို အံ့အားသင့်စွာ ကြည့်နေခဲ့သော်လည်း အနားသို့ တိုးမလာခဲ့ပေ။ သူသည် ဤနေရာတွင် ရှိနေသည်ဆိုသော်လည်း သူတစ်ပါး၏ သာမန်လူနေမှုဘဝကို ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ချေ။ ကျောက်ရုံနှင့် ချန်ရိကျွင်းတို့ နှစ်ဦးစလုံး အောက်ထပ်သို့ အတူတူ ဆင်းလာခဲ့ကြပြီး၊ ဆေးရုံဝင်းကြီးတစ်ခုလုံးမှာ လဟာပြင် ဖြစ်နေသဖြင့် လှေကားထစ်များပေါ်တွင်သာ ထိုင်လိုက်ကြတော့သည်။
ဤနေရာသည် အရှေ့အနောက်တွင် လူသူရှိနေသဖြင့် တစ်စုံတစ်ခုဖြစ်ပွားပါက ချက်ချင်း သိရှိနိုင်ပေသည်။
ကျောက်ရုံသည် ဤနေရာကို အလွန်ပင် သဘောကျမိ၏။
ထိုအချိန်တွင် ချန်ရိကျွင်းမှာလည်း
"ငါ့ကို ဘာကိစ္စရှိလို့ လာရှာတာလဲ"
သူ ဆက်လက်၍ "ငါက မင်းကို မသိကျွမ်းဘူး ထင်တယ်နော်" ဟု ဆိုသော်လည်း၊ မျက်လုံးများမှာမူ ကျောက်ရုံ၏ ကိုယ်ပေါ်တွင် ကပ်ငြိနေခဲ့၏။
ကျောက်ရုံ ခပ်ဖွဖွ ရယ်မောလိုက်ပြီး
"အစ်ကိုကြီးချန်ကလည်း... ဘာတွေ ပြောလိုက်တာလဲဟင်၊ ကျွန်မတို့က ဘာလို့ မသိရမှာလဲ။ အရင်က တွေ့ဖူးကြတာပဲဥစ္စာ။ ကျွန်မက စက်မှုစက်ရုံကပါ၊ အရင်တုန်းက အစ်ကိုကြီး ဝင်းထဲကို လာတုန်းက အိမ်ထဲအထိ ဝင်မလာခဲ့ပေမဲ့ ကျွန်မတို့ တွေ့ခဲ့ကြသေးတယ်လေ။ ကျွန်မက အစ်ကိုကြီးရဲ့ သမီး ချန်ချင်းယွီနဲ့ ဝင်းတစ်ခုတည်းမှာ နေတာပါ"
ချန်ရိကျွင်း ရုတ်တရက် သဘောပေါက်သွားခဲ့၏။
သို့သော်လည်း ချက်ချင်းပင် ပိုမိုထူးဆန်းသွားကာ
"ဒါဆိုရင် မင်းက ငါ့ဆီကို ဘာလို့ လာရှာတာလဲ"
ကျောက်ရုံသည် မိမိ၏ အလှပဆုံးသော အမူအရာကို ဖော်ပြလျက်၊ သနားစဖွယ် မျက်နှာပေးဖြင့် ချန်ရိကျွင်းကို စိုက်ကြည့်လိုက်သည်။
ဤမျှလောက် အသက်အရွယ်ကြီးရင့်နေပြီဖြစ်ကာ ဤကဲ့သို့သော မျက်နှာပေးမျိုး လုပ်သည်မှာ တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းလှပြီး သာမန်လူများ ကြည့်ပါက ရွံရှာမိပေလိမ့်မည်။ သို့သော်လည်း အသက်လတ်ပိုင်းနှင့် အသက်ကြီးပိုင်း အမျိုးသားများအတွက်မူ ဤသည်မှာ တကယ့်ကို ဆွဲဆောင်မှု ရှိလှပေ၏။ ထိုကဲ့သို့သော အဘိုးကြီးများသည် ဤအကွက်ကို အလွန်ပင် သဘောကျတတ်ကြသည်။
ချန်ရိကျွင်း : "မင်းမှာ အဲဒီ သေချင်းဆိုးမလေးနဲ့ ပတ်သက်ပြီး ဘာအခက်အခဲ ရှိလို့လဲ"
ကျောက်ရုံ : "အစ်ကိုကြီးက တကယ့်ကို ဉာဏ်ကောင်းတာပဲ"
ချန်ရိကျွင်း တဟဲဟဲ ရယ်လိုက်သည်။
ကျောက်ရုံ ဝမ်းနည်းပက်လက် ပုံစံမျိုးဖြင့်
"ဟုတ်ပါတယ်... ချန်ချင်းယွီနဲ့ သက်ဆိုင်နေလို့ပါ။ အမှန်တော့ ကျွန်မ ယခုတစ်ကြိမ် လာခဲ့တာက အစ်ကိုကြီးနဲ့ အပေးအယူ တစ်ခု လုပ်ချင်လို့ပါ"
ချန်ရိကျွင်း : "အပေးအယူဟုတ်လား"
"ဟုတ်ပါတယ်... အပေးအယူပါ”
ကျောက်ရုံ : "အစ်ကိုကြီးရဲ့ သမီးက ကျွန်မသမီးရဲ့ ချစ်သူကို လုယူချင်နေတာ၊ ဒါကြောင့် ကျွန်မမှာ တခြားနည်းလမ်းမရှိလို့ အစ်ကိုကြီးဆီကို လာခဲ့ရတာပါ"
ချန်ရိကျွင်း အံ့အားသင့်သွားကာ
"ဘာပြောတယ်"
သူသည် ကျောက်ရုံကို သံသယစိတ်ဖြင့် ကြည့်လိုက်ပြီး ဤစကားကို အပြည့်အဝ မယုံကြည်ချေ။ သူသည် ချန်ချင်းယွီကို မနှစ်သက်သော်လည်း၊ ချန်ချင်းယွီသည် လင်းကျန့်ဝမ်ဟူသော သေချင်းဆိုးကောင်လေးအပေါ် မည်မျှအထိ သစ္စာရှိခဲ့ကြောင်းကိုမူ ကောင်းကောင်းကြီး သိရှိထား၏။ အတိတ်၌ ထိုကောင်လေးသည် နေ့ခင်းဘက်တွင် အလုပ်လုပ်ပြီး၊ ညဘက်တွင် ကိုယ်ဝန်ရှိနေသော ချန်ချင်းယွီအတွက် အာဟာရဖြည့်စွက်စာများ ဝယ်ယူပေးနိုင်ရန် ကုန်တင်ကုန်ချ အလုပ်ကြမ်းများကို ပင်ပန်းခံ လုပ်ကိုင်ပေးခဲ့သည်။
ထိုစဉ်၌ ချန်ချင်းယွီသည် အိမ်တံခါးဝအထိ လာရောက်ကာ အကူအညီတောင်းခံခဲ့ဖူးသော်လည်း၊ သူ့ဘက်မှ မောင်းထုတ်ပစ်ခဲ့၏။
ထိုအချိန်အခါက အိမ်တွင် လူမရှိသဖြင့် မည်သူမျှ မသိရှိကြပေ။
ချန်ရိကျွင်း သိရှိထားသည်မှာ ချန်ချင်းယွီသည် စိတ်ပျော့ပြီး သံယောဇဉ်ကြီးမားသူဖြစ်ကာ၊ သူတစ်ပါး မိမိအပေါ် တစ်ရာရာခိုင်နှုန်း ကောင်းမွန်ပါက သူမဘက်က တစ်ထောင်ရာခိုင်နှုန်းအထိ ပြန်လည်ပေးဆပ်တတ်သူ ဖြစ်၏။ လင်းကျန့်ဝမ် သူမအပေါ် ထိုမျှလောက် ကောင်းမွန်ခဲ့သည်ဖြစ်ရာ၊ လင်းကျန့်ဝမ် သေဆုံးသွားလျှင်ပင် ထိုသေချင်းဆိုးမလေးသည် အခြားလူတစ်ယောက်အပေါ် စိတ်ပြောင်းလိမ့်မည်ဟု သူ မယုံကြည်ပေခ
"မင်းပြောတဲ့ စကားကိုတော့... ငါ သိပ်ပြီး မယုံဘူးနော်။"
ကျောက်ရုံသည် စိတ်ထဲမှ ချန်ရိကျွင်းကို ဆဲဆိုလိုက်မိပြီး၊ ချန်ရိကျွင်းမှာ တကယ့်ကို ကိုင်တွယ်ရခက်သော လူတစ်ယောက်ဖြစ်ကြောင်း တွေးမိသည်။ သူမက ညင်သာသောအသံဖြင့်
"ကျွန်မက သူမကို အကြောင်းမဲ့ စွပ်စွဲနေတာ မဟုတ်ပါဘူး၊ သို့မဟုတ်ရင် ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင်... သူမက တကယ့်ကို ထူးချွန်ပြီး ထင်ပေါ်လွန်းလို့၊ ကျွန်မသမီးရဲ့ ချစ်သူက သူမအပေါ် စိတ်ဝင်စားနေတာပါ။ ဒါကြောင့်မို့လို့ ကျွန်မက အစ်ကိုကြီးဆီကို လာပြီး အကူအညီတောင်းရတာပါ"
ချန်ရိကျွင်းသည် ဤစကားကို ကြားသောအခါမှသာ ဖြစ်နိုင်ခြေ ရှိသည်ဟု ယူဆလိုက်သည်။
ဘာပဲဖြစ်ဖြစ် ထိုသေချင်းဆိုးမလေးတွင် လှပသော မျက်နှာတစ်ခု ရှိနေသည်မဟုတ်လား…
အတိတ်၌ သူသည် ဤသေချင်းဆိုးမလေးကို ကော်မတီတစ်ခု၏ ညွှန်ကြားရေးမှူးထံသို့ လက်ဆောင်အဖြစ် ပေးအပ်ရန် ကြံစည်ခဲ့ဖူး၏။ သူ အစီအစဉ် ဆွဲထားခဲ့သည်မှာ ထိုမသေနိုင်သော အဘိုးကြီးအဘွားကြီးနှစ်ယောက်ကို တိုင်ကြားလိုက်ပြီး၊ ထိုအချိန်ကျလျှင် ထိုအဘိုးကြီးအဘွားကြီးများ၏ အိမ်ခြံမြေနှင့် ပစ္စည်းအားလုံး မိမိအပိုင် ဖြစ်လာပေလိမ့်မည်။ ထို့နောက် ထိုသေချင်းဆိုးမလေးကို ကာကွယ်ပေးမည့်သူ မရှိတော့သည့်အခါ၊ သမီးဖြစ်သူကို အသုံးချ၍ ကော်မတီအတွင်းသို့ ဝင်ရောက်ခွင့် ရရှိရန် လဲလှယ်မည်ဟု တွေးထားခဲ့သည်။
သူ့တွင် ကောင်းမွန်သော အလုပ်အကိုင်တစ်ခု ရှိနေသော်လည်း၊ ထိုနေရာသို့ ဝင်ရောက်ကာ အာဏာကို အသုံးပြုလျက် သူတစ်ပါး၏ အိမ်ကို ချိပ်ပိတ်ပြီး အကျိုးအမြတ်များစွာ ရယူလိုစိတ် ပိုမိုပြင်းထန်ခဲ့၏။
သို့သော်လည်း မမျှော်လင့်ဘဲ ထိုမသေနိုင်သော အဘိုးကြီးအဘွားကြီးနှစ်ဦးစလုံး ရုတ်တရက် ကွယ်လွန်သွားခဲ့ကြသည်။ ကွယ်လွန်သွားပုံမှာ အလွန်ပင် ရုတ်တရက်ဆန်ပြီး ထူးဆန်းလှသဖြင့်၊ ထိုစဉ်၌ ကော်မတီတင်မကဘဲ ရဲတပ်ဖွဲ့ပါ မိမိကို သေသေချာချာ စောင့်ကြည့်နေခဲ့ကြ၏။ ပြင်ပလူများ မသိရှိကြသော်လည်း၊ ထိုစဉ်၌ ရဲတပ်ဖွဲ့မှာ မိမိကို လူသတ်သမားအဖြစ် သံသယဝင်ခဲ့ကြကြောင်း မိမိကိုယ်တိုင် ကောင်းကောင်းကြီး သိရှိထားသည်။
အထူးသဖြင့် ရဲအိုကြီးတစ်ယောက်မှာ မိမိကို သေသေချာချာ စောင့်ကြည့်နေခဲ့ပြီး လုံးဝ လက်မလွှတ်ခဲ့ပေ။
ထိုလူသည် မိမိကို အမြဲတမ်း စောင့်ကြည့်နေခဲ့သဖြင့် သူသည် ပေါ့ဆစွာ မလှုပ်ရှားဝံ့ခဲ့ချေ။
ထို့အပြင် ထိုအဘိုးကြီးအဘွားကြီးများ၏ အိမ်မှ ပစ္စည်းအတော်များများ ပျောက်ဆုံးသွားခဲ့သဖြင့်၊ ဤသည်မှာ ထိုသေချင်းဆိုးမလေးနှင့် သက်ဆိုင်နေလိမ့်မည်ဟု သူ သံသယဝင်ခဲ့ကာ၊ သမီးဖြစ်သူကို အပြင်သို့ လက်ဆောင်အဖြစ် မပေးဝံ့တော့ချေ။ အကယ်၍ ပေးအပ်လိုက်ပါက သူ မည်သည့်အရာကိုမျှ ထပ်မံရှာဖွေတွေ့ရှိနိုင်တော့မည် မဟုတ်သောကြောင့်တည်း။
သေချာတာပေါ့... ဤသည်မှာ အဓိကအချက် မဟုတ်ချေ၊ အဓိကအချက်မှာ ထိုရဲအိုကြီး မိမိကို အချိန်အကြာကြီး လိုက်လံစောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပြီး၊ ထိုသေချင်းဆိုးမလေး အိမ်ထောင်စုစာရင်းစာအုပ်ကို ခိုးယူ၍ အိမ်ထောင်ပြုသွားသည့်တိုင်အောင် ထိုလူမှာ မိမိကို ဆက်လက်စောင့်ကြည့်နေခဲ့၏။
ဒီသေချင်းဆိုးကောင်က ဘာဖြစ်လို့ ငါ့ကိုပဲ လူသတ်သမားလို့ ထင်နေရတာလဲ မသိဘူး…။
ငါ့ရဲ့ အစီအစဉ်ကောင်းတွေကို ဖျက်ဆီးပစ်တာပဲ...
ကျောက်ရုံ : "အစ်ကိုကြီး... အစ်ကိုကြီး..."
ချန်ရိကျွင်းသည် ထိုအခါမှသာ စိတ်ပြန်လည်ရောက်ရှိလာပြီး
"အင်း... ဘာလဲ"
ကျောက်ရုံ : "အစ်ကိုကြီး စိတ်လွင့်သွားတယ်နော်"
ချန်ရိကျွင်း အဓိပ္ပာယ်ပါပါဖြင့်
"ဆက်ပြောပါ။ ငါတို့သားအဖနှစ်ဦးကြားက သံယောဇဉ်က ဘယ်လိုပဲဖြစ်ဖြစ်၊ သူမက ငါ့ရဲ့ သမီးအရင်းပဲဥစ္စာ၊ မင်းက ငါ့ဆီကို လာပြီး အကူအညီတောင်းတာ လူမှားနေတယ်လို့ မထင်ဘူးလား"
ကျောက်ရုံ : "ကျွန်မ သိပါတယ်၊ သူမက အစ်ကိုကြီးရဲ့ သမီးဖြစ်နေလို့ အစ်ကိုကြီးကို ကူညီခိုင်းတာက ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူးဆိုတာ။ ဒါပေမဲ့ ကျွန်မမှာ တကယ်ပဲ တခြားနည်းလမ်းမရှိတော့လို့ပါ။ ဒီလိုပဲ လုပ်နိုင်တော့တယ်၊ ပြီးတော့..."
သူမ၏ လက်သည် ချန်ရိကျွင်း၏ ပေါင်ပေါ်သို့ ရောက်ရှိသွားကာ
"အစ်ကိုကြီးသာ ကျွန်မကို မရွံဘူးဆိုရင်... ကျွန်မ လိုလိုလားလား ရှိပါတယ်..."
ချန်ရိကျွင်း မှင်တက်သွားပြီးနောက်၊ ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် သူမ၏လက်ကို ဆုပ်ကိုင်
လိုက်ရင်း
"မင်းပြောတာ တကယ်လား"
ကျောက်ရုံသည် အနည်းငယ် ဝမ်းနည်းဟန် ပြုလုပ်လျက် မြူဆွယ်ဆွဲဆောင်သော အမူအရာဖြင့်
"အရာရာက ကလေးအတွက်ပဲလေ၊ ကျွန်မမှာ တခြားဘာနည်းလမ်း ရှိဦးမှာလဲ။ ကျွန်မ စဉ်းစားပြီးပြီ၊ တကယ်လို့ ချန်ချင်းယွီသာ အိမ်ထောင်ထပ်ပြုသွားရင်... ကျွန်မဘက်ကလည်း စိတ်အေးရပြီလေ။ ရှင်က သူမရဲ့ အရင်းခေါက်ခေါက် အဖေပဲဟာ၊ ရှင်ကသာ သူမကို မိဘအိမ် ပြန်ခေါ်သွားပြီး အိမ်ထောင်ထပ်ချပေးမယ်ဆိုရင်... သူမရဲ့ ရက်စက်တဲ့ ယောက္ခမလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။ အစ်ကိုကြီးသာ ကျွန်မကို ကူညီမယ်ဆိုရင်... အစ်ကိုကြီး ကျွန်မကို ဘာပဲခိုင်းခိုင်း အကုန်လုပ်ပေးဖို့ အသင့်ပဲ။ ကျွန်မ အစ်ကိုကြီးနဲ့အတူ..."
ချန်ရိကျွင်းသည် အလွန်ပင် စိတ်လှုပ်ရှားလာခဲ့၏။
"မင်း ငါ့ကို မလိမ်ဘူးမလား"
ကျောက်ရုံ မျက်စောင်းထိုးလိုက်ရင်း
"ရှင်သာ သဘောတူရင် ဒီနေ့ညတင် ဖြစ်နိုင်ပါတယ်၊ ကျွန်မ ရှင့်ကို ပေးပါ့မယ်၊ ရှင် ကျွန်မကို ကူညီပါ၊ ရှင် ကျွန်မကို လှည့်စားမှာ မကြောက်ပါဘူး"
သူမ၏ မျက်လုံးများမှာ ပြတ်သားလှပေသည်။
"အစ်ကိုကြီးက လူကောင်းတစ်ယောက်မှန်း ကျွန်မ သိပါတယ်၊ ယောကျာ်းကောင်းတစ်ယောက်က စကားတစ်ခွန်း ပြောပြီးရင် နောက်ပြန်မလှည့်ရဘူးလေ။ ရှင်သာ ကျွန်မကို ကူညီမယ်ဆိုရင်... ကျွန်မဘက်က အရင်ဆုံး ပေးဆပ်ဖို့ လိုလိုလားလား ရှိပါတယ်..."
ချန်ရိကျွင်း ထိုခဏ၌ စိတ်အာရုံများ လုံးဝ လွင့်ပျံသွားခဲ့ရတော့သည်။
ကျောက်ရုံ : "အစ်ကိုကြီး... ကျွန်မ ရှင့်ကို မလိမ်ပါဘူး၊ ရှင်က ပြင်ပကိစ္စတွေကို သိပ်ပြီး ဂရုမစိုက်တော့လို့ မသိတာ ဖြစ်လိမ့်မယ်၊ အမှန်တော့ ချန်ချင်းယွီမှာ ပိုက်ဆံအများကြီး ရှိနေတာနော်"
ချန်ရိကျွင်းသည် ချက်ချင်းပင် စိတ်ဝင်စားသွားကာ မျက်လုံးများ အရောင်တောက်လျက်
"ဘယ်လိုမျိုးလဲ"
တောက်... မသေနိုင်သော အဘိုးကြီးအဘွားကြီးနှစ်ယောက်က အဲဒီ သေချင်းဆိုးမလေးကို တကယ်ပဲ ပစ္စည်းတွေ ပေးခဲ့တာပဲ။
သေချာပေါက် ထင်တဲ့အတိုင်းပါပဲလား။
ကျောက်ရုံ : "သူမက ပခုနှစ် နှစ်သစ်ကူးပြီးကတည်းက လမ်းဘေး စျေးသည် လုပ်နေတာ၊ တောင်ပိုင်း ကွမ်ကျိုးဘက်ကနေ ကုန်ပစ္စည်းတွေ သွင်းပြီး ပြန်ရောင်းတာလေ၊ ပိုက်ဆံ တကယ်ရတာနော်။ အခုဆိုရင် သူတို့အိမ်မှာ အခန်းတွေတောင် ပိုများလာပြီ။ ကျွန်မတို့ ဝင်းထဲက အဒေါ်ကြီးမေ့နဲ့ အဘွားကြီးယဲ့တို့ရဲ့ အိမ်တွေကိုတောင် သူတို့မိသားစုက ဝယ်ပစ်လိုက်တာ။ ရှင် မသိသေးဘူးမလား... သူတို့အိမ်မှာ ၁၂ လက်မ ကာလာတီဗီ အကြီးကြီးတစ်လုံး ရှိတယ်၊ ပြီးတော့ အဝတ်လျှော်စက်လည်း ရှိသေးတယ်။ အိမ်မှာ လူလေးယောက်ပဲ ရှိတာကို ပန်ကာ လေးလုံးနဲ့ စက်ဘီး လေးစီးတောင် ရှိနေတာ။ ရေဒီယိုလည်း ရှိတယ်၊ ကက်ဆက်ခွေတောင် ဖွင့်လို့ရသေးတယ်"
ကျောက်ရုံသည် ပြောလေလေ ပိုမိုမနာလိုဖြစ်လေလေ ဖြစ်သော်လည်း၊ ချန်ရိကျွင်းကို အကုန်လုံး အလောတကြီး ပြောပြနေခဲ့ကာ၊ ချန်ရိကျွင်း ထိုအရာအားလုံးကို လုယူသွားပြီး မုဆိုးမမိသားစုကို နောက်တစ်ကြိမ် ဆင်းရဲမွဲတေသွားစေရန် အလွန်ပင် လိုလားနေခဲ့သည်။
"ပြီးခဲ့တဲ့တစ်ခေါက် ကုန်ပစ္စည်းတွေ ရောင်းကုန်တုန်းက... ရှင့်သမီးက သူမရဲ့ ယောက္ခမအတွက် ရွှေဆွဲကြိုးတစ်ကုံးတောင် ဝယ်ပေးသေးတယ်၊ အဲဒီအဘွားကြီးကတော့ လာပြီး ကြွားလုံးထုတ်နေတာလေ"
"ဘာပြောတယ်... ဒီသေချင်းဆိုးမလေး... ဒီသေချင်းဆိုးမလေးကတော့။ သူမရဲ့ အဖေအရင်းဖြစ်တဲ့ ငါကတော့ သူမဆီက ဘာပစ္စည်းမှ မမြင်ရသေးဘူး၊ သူမကကျတော့ သူများကိုပဲ ကောင်းမွန်တဲ့ ပစ္စည်းတွေ ဝယ်ပေးနေတယ်ပေါ့။ ဒီအသုံးမကျတဲ့ ကောင်မလေး... သေချင်းဆိုးမလေး... ပိုက်ဆံဖြုန်းတဲ့ အမွေဖျက်မလေး... အား... ငါ သူမကို အလွယ်တကူ လွှတ်မပေးနိုင်ဘူး"
ချန်ရိကျွင်း တွေးမိလေလေ ပိုမိုဒေါသထွက်လေလေ ဖြစ်၏။ ထိုသေချင်းဆိုးမလေးတွင် ဤမျှလောက် ကောင်းမွန်သော ပစ္စည်းများ ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
လမ်းဘေး စျေးသည် ဟုတ်လား…။
သူသည် လမ်းဘေး စျေးသည်များ၏ ပုံစံကို မမြင်ဖူးသည် မဟုတ်ချေ။
အဲ့အလုပ်က ပိုက်ဆံမည်မျှအထိ ရှာနိုင်မှာမို့လို့လဲ…
သေချာပေါက် အဘိုးကြီးအဘွားကြီးများ ချန်ထားခဲ့သော ပိုက်ဆံများ ဖြစ်ရမည်၊ သေချာပေါက် ထိုသို့ပင် ဖြစ်ရမည်။
ကောင်းပြီလေ... ငါက ဒီလောက် အချိန်အကြာကြီး ရှာဖွေခဲ့တာတောင် မတွေ့ခဲ့ရတာ၊ အကုန်လုံးက ထိုသေချင်းဆိုးမလေးရဲ့ လက်ထဲမှာ ရှိနေတာကိုး…။
ဒီသေချင်းဆိုးမလေးကလည်း တကယ့်ကို ရက်စက်တဲ့သူပဲ၊ အရင်တုန်းက ဘဝက ဒီလောက် ဆင်းရဲဒုက္ခရောက်နေပြီး သူမရဲ့ ယောကျာ်းက သေလောက်အောင် ပင်ပန်းနေခဲ့တာတောင်မှ ပိုက်ဆံကို ထုတ်မသုံးခဲ့ဘူး…။
တကယ့်ကို အတ္တကြီးလှပါဘိ..။
သူသည် လွန်ခဲ့သော စက္ကန့်ပိုင်းတင် မိမိသမီးမှာ သံယောဇဉ်ကြီးမားသူဖြစ်သည်ဟု ယူဆခဲ့ခြင်းကို လုံးဝ မေ့လျော့သွားခဲ့ပြီး၊ ယခုအခါတွင်မူ အတွေးအမြင်များ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
‘ဒီသေချင်းဆိုးမလေးက ဘယ်လိုလုပ်ပြီး စျေးဆိုင်ထိုင်ပြီး ပိုက်ဆံရှာနိုင်မှာလဲ၊ သေချာပေါက် အဘိုးကြီးတွေရဲ့ ပစ္စည်းတွေကို ထုတ်သုံးနေတာပဲ။ ငါက သူ့အဖေအရင်းဖြစ်ပါရက်နဲ့ ဘာတစ်ခုမှ မရလိုက်ဘူး၊ တကယ့်ကို သေထိုက်တဲ့ မိအိုဖအိုကို မလုပ်ကျွေးတဲ့ သမီးမိုက်ပဲ’
ချန်ရိကျွင်း ဒေါသတကြီး တွေးတောလိုက်မိသည်။
ကျောက်ရုံသည် ချန်ရိကျွင်း ဒေါသထွက်နေသည့် ပုံစံကို ကြည့်ကာ
"ရှင်လည်း စိတ်မဆိုးပါနဲ့တော့။ စဉ်းစားကြည့်လေ... ရှင်က ချန်ချင်းယွီကို အိမ်ပြန်ခေါ်လာနိုင်ရင် သူမရှာတဲ့ ပိုက်ဆံတွေက ရှင့်အပိုင် ဖြစ်မလာဘူးလား။ ပြီးရင် သူမကို ရိုးရိုးအေးအေးရှိတဲ့ လူတစ်ယောက်နဲ့ အိမ်ထောင်ချပေးလိုက်၊ အဲဒီအချိန်ကျရင် သူတို့လင်မယားကို ချုပ်ကိုင်ထားရင် ရှင့်မှာ အလုပ်သမား နှစ်ယောက်တောင် ပိုတိုးလာတာပေါ့။ ကျွန်မက ကြားထဲကနေ သွေးထိုးပေးနေတာ မဟုတ်ပါဘူး၊ အမှန်တော့ ဒါက ရှောင်ချန်အတွက်လည်း ကောင်းတဲ့အချက်ပဲလေ၊ သူမရဲ့ ယောက္ခမက ဘာမို့လို့လဲ။ ရှင်က အဖေတစ်ယောက်အနေနဲ့ သမီးအပေါ် သံယောဇဉ်ရှိတာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ ချန်ချင်းယွီက သိပ်ပြီး ဉာဏ်ကောင်းတာ မဟုတ်ဘူး၊ အဘွားကြီးကျောက်က လှည့်စားတာကိုတောင် ခံလိုက်ရပြီး ရွှေဆွဲကြိုးအထိ ဝယ်ပေးနေတာလေ။ အခုကတော့ ရှင်က အဖေတစ်ယောက်အနေနဲ့ သမီးအတွက် အခွင့်အရေး ပြန်ယူပေးရမယ့်အချိန်ပဲ၊ သူမကို မိဘအိမ် ပြန်ခေါ်လာတာက အမှန်တော့ ကောင်းမှုကုသိုလ် လုပ်ပေးတာပဲဥစ္စာ"
ချန်ရိကျွင်း ခေါင်းညိမ့်ကာ
"ဟုတ်တယ်၊ ဟုတ်တယ်..."
သူ ဒေါသအလိပ်လိပ် ထွက်လာခဲ့ပြီး၊ ချန်ချင်းယွီကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ် ပေါက်လာရုံမက ထိုမသေနိုင်သော အဘိုးကြီးအဘွားကြီးနှစ်ယောက်၏ သင်္ချိုင်းကိုပင် တူးဆွပစ်ချင်စိတ် ပေါက်လာတော့၏။
ဒီအဘိုးကြီးအဘွားကြီးနှစ်ယောက်ကတော့ ငါ့ကို အမြဲတမ်း ဒုက္ခပေးဖို့ပဲ သိကြတယ်…။
သေထိုက်တယ်၊ တကယ့်ကို သေထိုက်လွန်းတယ်…။
ချန်ချင်းယွီဆိုတဲ့ သေချင်းဆိုးမလေးကလည်း လူလိုမကျင့်ဘူး၊ ဒီတစ်ခေါက်တော့ ငါ သူမကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး…။
ကျောက်ရုံ : "အစ်ကိုကြီးချန်အနေနဲ့ ကျွန်မကို ရက်စက်တယ်လို့ အပြစ်မတင်ရင် ပြီးတာပါပဲ။ အမှန်တော့ ကျွန်မက ရက်စက်တာမဟုတ်ဘူး၊ ကျွန်မတို့ အားလုံး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အခြေအနေမျိုးကို ဖြစ်စေချင်ရုံတင်ပါ။ ပြီးတော့ ဒါက ရှောင်ချန်အတွက်လည်း အဲဒီရက်စက်တဲ့ ယောက္ခမလက်ကနေ ရုန်းထွက်နိုင်မယ့် အခွင့်အရေးပဲလေ"
ချန်ရိကျွင်း ခေါင်းညိတ်ပြလျက် ကျောက်ရုံကို ကြည့်ကာ
"မင်းကို တကယ့်ကို ကျေးဇူးတင်ပါတယ်။ မင်းသာ ငါ့ကို လာမပြောရင် ဒါတွေကို ငါ သိမှာမဟုတ်ဘူး၊ ဒီသေချင်းဆိုးမလေးက တကယ့်ကို အောက်တန်းစားမပဲ..."
ကျောက်ရုံ : "ဒါဆိုရင် အစ်ကိုကြီးချန်..."
"ငါ မင်းကို ကတိပေးတယ်"
ချန်ရိကျွင်း ဆိုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် ချန်ချင်းယွီကို မိမိ၏လက်ခုပ်ထဲသို့ သွတ်သွင်းရမည် ဖြစ်ပြီး ဤမိန်းမမှာ မိမိဘာသာ အိမ်တံခါးဝအထိ လာရောက်အညံ့ခံနေသည်ဖြစ်သဖြင့် မစားဘဲနေပါက အလကား ဖြစ်ပေလိမ့်မည်။
"တို့တွေ ပူးပေါင်းကြတာပေါ့၊ ငါလည်း မင်းကို မတရားမလုပ်ပါဘူး"
ဤမိန်းမသည် ဝေရှု့ဖန်းထက် အစစအရာရာ များစွာ ကြည့်ကောင်းလှပေသည်။
သူ အသံကို နှိမ့်ချလျက် မေးလိုက်ကာ
"မင်း တကယ်ပဲ လိုလိုလားလား ရှိတာလား"
ကျောက်ရုံ : "ကျွန်မကတော့ သေချာပေါက် လိုလိုလားလား ရှိတာပေါ့၊ မဟုတ်ရင် ကျွန်မက ဘာဖြစ်လို့... အမှန်တော့... အမှန်တော့ ကျွန်မက အစ်ကိုကြီးအပေါ် အရင်ကတည်းက စိတ်ဝင်စားနေခဲ့တာပါ"
ချန်ရိကျွင်း ကျေနပ်အားရစွာ ပြုံးလိုက်ရင်း "ဒါဆိုရင် ဒီနေ့ည..." ဟု စကားစလိုက်၏။
ချန်ရိကျွင်း သဘောတူလိုက်ပြီ ဆိုသော်လည်း၊ ကျောက်ရုံသည် အပြည့်အဝ စိတ်မချနိုင်သေးဘဲ ချန်ရိကျွင်းကို မိမိ၏ လက်ခုပ်ထဲတွင် သေချာပေါက် ချုပ်ကိုင်ထားနိုင်ရန် လိုအပ်သည်ဟု ယူဆသည်။ မိမိဘက်မှ အနည်းငယ် ပေးဆပ်ရသည်မှာ ဘာမျှ အရေးမကြီးချေ၊ ထို့အပြင်... ချန်ရိကျွင်းသည် ချန်ချင်းယွီထံမှတစ်ဆင့် ပိုက်ဆံရှိလာပါက ထိုပိုက်ဆံများကို မိမိအပေါ်တွင် အသုံးပြုလာမည်မဟုတ်ဟု မည်သူပြောနိုင်မည်နည်း။ ထိုသို့တွေးမိသောအခါ ကျောက်ရုံ၏ အပြုံးများ ပိုမိုတောက်ပလာကာ
"ဒီနေ့ည ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်"
"ကောင်းပြီ၊ ကောင်းပြီ၊ တကယ့်ကို ကောင်းတာပေါ့။"
ချန်ရိကျွင်းသည် ဝမ်းသာအားရဖြင့် လက်ဝါးချင်း ပွတ်လိုက်မိသည်။
မမျှော်လင့်ဘဲ မိမိတစ်သက်လုံး ရှာဖွေခဲ့သော ကျန်းမိသားစု၏ အမွေအနှစ်များနှင့် ပတ်သက်သည့် သဲလွန်စကို ရရှိလိုက်ရုံမက၊ မိန်းမတစ်ယောက်ပါ အလကား လာရောက်အညံ့ခံနေသည်မဟုတ်လော့။
တကယ့်ကို 'ကြီးစွာသော ဘေးဒုက္ခကနေ လွတ်မြောက်ပြီးရင်တော့ နောင်တွင် လာဘ်လာဘကြီးလိမ့်မည်' ဆိုသလိုပါပဲလား..။
ကံတရားက ဖေးဖလိုက်လေခြင်း…။
"ဒါဆို တို့တွေ ဘယ်ကို သွားကြမလဲ"
ကျောက်ရုံ : "ကျွန်မအိမ်တော့ မဖြစ်ဘူးရှင့်၊ ကျွန်မတို့ဘက်က အခြေအနေကိုလည်း ရှင်သိတာပဲ၊ သူတစ်ပါး မြင်သွားရင် သွားပြီ"
ချန်ရိကျွင်း : "ငါ့အိမ်လည်း မရဘူး၊ ငါ့အိမ်မှာလည်း အသုံးမကျတဲ့ ကောင်လေးနှစ်ယောက် ရှိနေတာ"
လူနှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။ ခေတ္တမျှကြာသော် ကျောက်ရုံ အကြံပြုလိုက်၏။
"တို့တွေ တည်းခိုခန်းကို သွားကြမလား။ တစ်ယောက်ပြီးမှ တစ်ယောက် အနောက်ကနေ လိုက်ဝင်ကြတာပေါ့။ အဲဒီလိုလုပ်ရအောင်... ကျွန်မ အရင်ဆုံး ဝင်သွားပြီး ဧည့်ကြိုကောင်တာကလူကို စကားလှည့်ပြောထားမယ်၊ ရှင်က အဲဒီအချိန်ကျမှ တိတ်တဆိတ် ဝင်လာခဲ့၊ ဘယ်လိုလဲ"
နှမြောစရာကောင်းလှသည်မှာ ရှန့်ရှန့်သည် အရေးတကြီး အိမ်ပြောင်းရန် အလုပ်ရှုပ်နေ၍ပင်… သို့မဟုတ်ပါက သူမ၏အိမ်ကို ခေတ္တငှါးရမ်းလျှင် အလွန်ပင် အဆင်ပြေစေမည် ဖြစ်၏။ သို့သော်လည်း ယခုကဲ့သို့ အိမ်ပြောင်းရွှေ့နေချိန်တွင်မူ ဖြစ်နိုင်ခြေ မရှိပေ။
"ဒါဆိုရင် ရတာပေါ့၊ အဲလိုပဲ လုပ်ကြစို့။ ရှစ်နာရီခွဲ၊ ရှစ်နာရီခွဲကျရင် တို့တွေ ဟိုဘက်မှာ စောင့်နေမယ်။"
ချန်ရိကျွင်း : "ကိုးနာရီ လုပ်ပါ၊ ရှစ်နာရီခွဲက စောလွန်းသေးတယ်။ ငါ့ဘက်မှာ ဝေရှု့ဖန်းရော ရဲတွေရော ရှိနေတာဆိုတော့၊ သူတို့ကို မျက်ခြေဖြတ်ဖို့ အချိန်နည်းနည်း လိုအပ်တယ်"
"ကောင်းပြီလေ။"
"ဒါဆို တည်းခိုခန်းမှာ သုံးမယ့် ထောက်ခံစာကကော..."
ကျောက်ရုံ : "ဒါကိုတော့ စိတ်ပူမနေနဲ့၊ ကျွန်မမှာ နည်းလမ်းရှိတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟိုအဘိုးကြီးတွေနဲ့... ဟီးဟီး... အဲဒီတုန်းက ရှန့်ရှန့်ဆီကနေ တစ်စောင် ယူထားတာ ရှိတယ်၊ နောက်တော့ အသုံးမပြုဖြစ်လိုက်ဘူး။ အတုလား အစစ်လားတော့ မသိဘူး၊ ဒါပေမဲ့ လူလိမ်ဖို့အတွက်တော့ သုံးလို့ရပါတယ်"
ချန်ရိကျွင်း မရေမရာ ပြုံးလျက်
"ဪ... မင်းက ငါနဲ့အတူ နေဖို့အတွက် အစောကြီးကတည်းက ကြိုတင် ကြံစည်ထားတာကိုး..."
ကျောက်ရုံ ရှက်ကိုးရှက်ကန်းဟန်ဖြင့် မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း
"ဒါဆို ကျွန်မ အရင်သွားတော့မယ်နော်"
"အေးပါ"
လူနှစ်ဦးစလုံး တိုင်ပင်ပြီးသွားကြသောအခါ၊ ကျောက်ရုံသည် ချန်ရိကျွင်းနှင့်အတူ အပေါ်ထပ်သို့ လိုက်မတက်သွားဘဲ ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။ ဆေးရုံဂိတ်ဝတွင် ရုပ်ဖျက်၍ မတ်တပ်ရပ်နေသော ချန်ချင်းယွီသည်လည်း ယခုအခါတွင် အနောက်မှ လိုက်ပါသွားခဲ့တော့၏။ သူမသည် အနားသို့ တိုးမကပ်သွားသဖြင့် ဤပူးပေါင်းကြံစည်နေသော လူယုတ်မာနှစ်ဦး မည်သည်ကို ပြောဆိုနေကြသည်ကို မသိရှိရသော်လည်း၊ ကျောက်ရုံ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူမ၏ အစီအစဉ်မှာ အလွန်ပင် အဆင်ပြေချောမွေ့နေကြောင်း သိသာလှပေသည်။
ချန်ချင်းယွီ ကျောက်ရုံ၏ နောက်ကွယ်မှနေ၍ တိတ်တဆိတ် လိုက်ပါလာခဲ့၏။
နင်တို့တွေ ဘာပဲ ကြံစည်ကြ ကြံစည်ကြ... အဲဒီအချိန်ကျရင် လက်ပူးလက်ကျပ် မိအောင် ဖမ်းခိုင်းပြီး၊ နင်တို့အားလုံးကို ထောင်ထဲ သွတ်သွင်းပစ်မယ်...
အမှန်စင်စစ် ချန်ချင်းယွီသည် မိမိအနေဖြင့် သမီးတစ်ဦးဖြစ်ပါရက်နှင့်၊ ချန်ရိကျွင်းကို ဤကဲ့သို့သော ကိစ္စရပ်ကြောင့် ထောင်ထဲရောက်အောင် ပြုလုပ်ခြင်းမှာ ကွယ်ရာတွင် အတင်းပြောဆိုခြင်း ခံရနိုင်ခြေရှိကြောင်း သိရှိသော်လည်း၊ သူမအနေဖြင့် ချန်ရိကျွင်းကို သေချာပေါက် နှိမ်နင်းရမည် ဖြစ်သည်။ မိမိ၏ မိခင်သည် အလကား သေဆုံးသွားခဲ့ရခြင်း မဟုတ်ပေ။
အဘိုး၊ အဘွားနှင့် ဦးလေးတို့သည်လည်း မရှိကြတော့သဖြင့်၊ မိခင်အတွက် ကလဲ့စားချေပေးနိုင်မည့်သူမှာ သူမတစ်ဦးတည်းသာ ရှိတော့၏။
ထို့အပြင်... ချန်ရိကျွင်း တိုင်ကြားရန် ကြံစည်ခြင်းမရှိခဲ့ပါက၊ သူမ၏ အဘိုးနှင့် အဘွားတို့သည်လည်း မိမိကိုယ်မိမိ သတ်သေကြလိမ့်မည် မဟုတ်ပေ။
ဤရန်ငြိုးများကို သူမ ဘယ်သောအခါမျှ လက်လွှတ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဤအချက်များသည် ချန်ရိကျွင်းကို ထောင်ထဲသို့ ပို့ဆောင်ရန် အထောက်အထား မလုံလောက်သဖြင့်၊ အခြားသော နည်းလမ်းများမှတစ်ဆင့်သာ စတင်ရမည် ဖြစ်သည်။ ချန်ချင်းယွီ အကြိမ်ကြိမ် သရဲခြောက်ဟန် ဆောင်ခဲ့ရခြင်းမှာ ချန်ရိကျွင်းကို စိတ်အနှောင့်အယှက် ဖြစ်စေရန် ဖြစ်ပြီး၊ သို့မှသာ သူ၏ စိတ်အခြေအနေများ ရှုပ်ထွေးလာပေလိမ့်မည်။
သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့၍ သက်ပြင်းတစ်ချက်ကိုချကာ ဆက်လက်၍ စောင့်ကြည့်နေခဲ့သည်။
ချန်ရိကျွင်း ကျောက်ရုံနှင့် တိုင်ပင်ပြီးနောက် လူနာဆောင်သို့ ပြန်လာခဲ့ရာ၊ ဝေရှု့ဖန်းသည် မျက်နှာပျက်လျက် ကုတင်ပေါ်တွင် ထိုင်နေပြီး ခက်ထန်စွာ စစ်ဆေးမေးမြန်းတော့၏။
"ရှင် ဘယ်ကို သွားနေတာလဲ။ စောစောက လာသွားတဲ့ မြေခွေးမက ဘယ်သူလဲ"
ချန်ရိကျွင်း ပြန်လည်ကြိမ်းမောင်းကာ
"မင်းက ဘာဖြစ်နေတာလဲ။ လူအများအရှေ့မှာ အရှက်ခွဲနေတာပဲ၊ သူတစ်ပါးက လူနာလာမေးတာကို မင်းက ဘာဖြစ်လို့ ဒီလောက် ရိုင်းစိုင်းတဲ့ စကားတွေကို ပြောနေရတာလဲ။ ဘာဖြစ်လို့ ဒီလောက်တောင် အရည်အချင်း မရှိရတာလဲ။ တကယ့်ကို ရန်တွေ့တတ်တဲ့ မိန်းမအိုကြီးပဲ..."
"ရှင်... ရှင်... ရှင်က ကျွန်မကို ပြန်ဆဲနေသေးတယ်ပေါ့၊ ဘယ်သူက လက်ဗလာနဲ့ လူနာလာမေးလို့လဲ"
"တော်စမ်း... တော်စမ်းပါကွာ၊ ငါ အဲဒီ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မကြားချင်ဘူး။ ငါ ပင်ပန်းနေပြီ"
ချန်ရိကျွင်း ပြောဆိုကာ ကုတင်ပေါ်တွင် လှဲချလိုက်တော့သည်။
"ချန်ရိကျွင်း..."
"ပါးစပ်ပိတ်စမ်း..."
သူသည် စိတ်ထဲမှ ဤအသုံးမကျသော မိန်းမမိုက်ကို ပြင်းထန်စွာ ဆဲဆိုလိုက်မိ၏။ ထိုစဉ် အတိတ်၌ မိမိ မျက်စိကန်းပြီး ဤကဲ့သို့သော အရာကို ရွေးချယ်မိခဲ့သည်။
ငါ ငယ်စဉ်တုန်းက သံယောဇဉ်ကို သိပ်ပြီး အလေးထားမိသွားတာပဲ၊ ငယ်ချစ်ဦးဆိုတာ ဘာမို့လို့လဲ…အမှန်တော့ ဒါက ဘာမှမဟုတ်ပါဘူး…။
ချန်ရိကျွင်းသည် ယခုအခါတွင် မိမိအနေဖြင့် ယခင်ဇနီးကို ကယ်တင်ခြင်းမပြုဘဲ ပစ်ထားခဲ့ခြင်းမှာ အနည်းငယ်မျှ ဆုံးရှုံးသွားခဲ့သည်ဟု ယူဆမိသည်။ အကယ်၍ ထိုအမျိုးသမီးသာ အသက်ရှင်နေသေးပါက၊ သူမကို ကောင်းမွန်စွာ ဖျောင်းဖျလျက် ဤမိန်းမမိုက်နှင့် လမ်းခွဲလိုက်လျှင် ကျန်းမိသားစု၏ အမွေအနှစ်များကို သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။
ကျန်းမိသားစုတွင် ပိုက်ဆံမရှိဟု သူ မယုံကြည်ပေ။
လုံးဝ မယုံကြည်ပါဘူး…
ထိုမျိုးရိုးမြင့် မိသားစုများသည် ပိုက်ဆံမရှိလျှင်ပင် အိမ်တွင် တန်ဖိုးရှိသော ရှေးဟောင်းပစ္စည်းအချို့ ရှိနေတတ်ကြစမြဲဖြစ်ရာ၊ ထိုအဘိုးကြီးအဘွားကြီးနှစ်ယောက်တွင် ပစ္စည်းမရှိစရာ အကြောင်းမရှိချေ။
ဝှက်ထားတာပဲ... သေချာပေါက် ဝှက်ထားတာ။
သေချာပေါက် အဲ့ဒီသေချင်းဆိုးမလေးတစ်ယောက်ပဲ သိလိမ့်မယ်…။
အကယ်၍သာ ယခင်ဇနီး မသေဆုံးခဲ့ပါက၊ ထိုအမျိုးသမီးမှာ ဖျောင်းဖျရလွယ်ကူသဖြင့် ယခုအချိန်တွင် ပစ္စည်းအားလုံးမှာ မိမိအပိုင် ဖြစ်နေလောက်ပြီ ဖြစ်၏။
ငါ တကယ်ပဲ မှားယွင်းခဲ့တာပဲ…။
သို့သော်လည်း ပိုမိုမှားယွင်းသည်မှာ ဝေရှု့ဖန်းဟူသော ဤမိန်းမယုတ်ပင် ဖြစ်သည်၊ သူမသည်သာ တမင်တကာ လျှို့ဝှက်ချက်ကို ပေါက်ကြားအောင် မလုပ်ခဲ့ပါက မိမိအနေဖြင့် ကယ်တင်ခြင်းမပြုဘဲ ပစ်ထားခဲ့သည်ဟူသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ချေ။
အကုန်လုံးက သူမရဲ့ အမှားတွေချည်းပဲ...
သူသည် ဝေရှု့ဖန်းကို ခက်ထန်စွာ စိုက်ကြည့်လိုက်၏။
အကယ်၍ ဤမိန်းမသည် မိမိအတွက် သားသုံးယောက် မွေးဖွားပေးခဲ့ပြီး အိမ်ထောင်မှုကို ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ခြင်းမရှိပါက၊ သူသည် ဤမိန်းမယုတ်နှင့် လမ်းခွဲခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ယနေ့လာသော ကျောက်ရုံမှာ တကယ့်ကို မဆိုးလှပေ။ အသက်အရွယ် မငယ်တော့ဟု ဆိုသော်လည်း ဝေရှု့ဖန်းထက်မူ အစစအရာရာ များစွာ သာလွန်လှပေသည်။
ဝေရှု့ဖန်း : "ရှင် အခုထိ မပြောရသေးဘူးနော်၊ အဲဒီမိန်းမက ဘယ်သူလဲဆိုတာ..."
"ပါးစပ်ပိတ်စမ်း။"
"ကျွန်မ..."
"ငါ မင်းကို ပါးစပ်ပိတ်ခိုင်းနေတယ်..."
"စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ တကယ့်ကို အသုံးမကျတဲ့ မိန်းမအိုကြီးပဲ"
ချန်ရိကျွင်း ဆဲဆိုကာ ကုတင်ပေါ်မှ ထလိုက်ရင်း
"ငါ အပြင်ကို ထွက်ပြီး လေညင်းခံဦးမယ်၊ မင်း ငါ့နောက်ကို လိုက်မလာနဲ့"
"ရှင်က ဘာဖြစ်လို့ အပြင်ကို ခဏခဏ ထွက်နေရတာလဲ။"
"မင်း မသိဘူးလား။ ငါ ဘာဖြစ်လို့ အပြင်ထွက်ရလဲဆိုတာ မင်း မသိဘူးလား။ မင်းကို မြင်ရတာ ပျို့အန်ချင်စရာကောင်းပြီး စိတ်ရှုပ်လွန်းလို့ပဲ၊ ရပြီမလား..."
ချန်ရိကျွင်းသည် ထကာ ဝေရှု့ဖန်းကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီးနောက်၊ တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်၍ ထွက်ခွာသွားခဲ့တော့သည်။
ဒုန်း...
ဝေရှု့ဖန်း : "ရှင်က ဘာသဘောလဲ၊ ကျွန်မက ဒီအိမ်အတွက် ပင်ပန်းခံပြီး ပြုစုစောင့်ရှောက်ပေးခဲ့တာ၊ ကျွန်မက ဒီအိမ်ရဲ့ ကျေးဇူးရှင်ပဲဥစ္စာ၊ ရှင်က ဘာဖြစ်လို့ ကျွန်မအပေါ် ဒီလိုမျိုး ဆက်ဆံရတာလဲ..."
သူမ အော်ဟစ်ငိုယိုလေရာ၊ အခြားသူများလည်း စပ်စုလိုစိတ်ဖြင့် ဝင်ရောက်ဖျောင်းဖျကြ၏။
ဝေရှု့ဖန်း : "ဒီလိုမျိုး သစ္စာမရှိတဲ့လူကို နင်တို့ မသိကြပါဘူး..."
ချန်ရိကျွင်းသည် တမင်တကာ စိတ်ရှုပ်ဟန်ဆောင်လျက် အပြင်သို့ ထွက်လာခဲ့ပြီး၊ ဝင်းထဲတွင် အချိန်အကြာကြီး လှည့်လည်သွားလာနေခဲ့ကာ၊ အခွင့်အရေးတစ်ခုကို အနိုင်နိုင်ရရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် တိတ်တဆိတ် ထွက်ပြေးခဲ့တော့သည်။
စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ သရဲကို သွားမဖမ်းဘဲ ငါ့နောက်ကိုပဲ လိုက်နေကြတာ ဘာအသုံးကျမှာမို့လို့လဲ…တကယ့်ကို အသုံးမကျတဲ့ကောင်တွေ…။
ချန်ရိကျွင်း အပြင်သို့ အလျင်အမြန် ရောက်ရှိလာခဲ့ပြီး၊ လူနှစ်ဦး ကတိပေးထားသည့် နေရာသို့ အပြေးအလွှား သွားခဲ့၏။
ထိုအချိန်တွင် ချန်ချင်းယွီသည် ကျောက်ရုံ၏အနောက်မှ လိုက်ပါလာခဲ့သဖြင့် သူတို့ သွားမည့် တည်းခိုခန်းကို သိရှိသွားခဲ့သည်။ သူမသည် မလှမ်းမကမ်းတွင် ပုန်းအောင်းနေခဲ့ပြီး၊ ရဲစခန်းရှိရာ နေရာကိုပါ အတည်ပြုလိုက်၏။ အကွာအဝေး အတော်လေး လှမ်းလှမ်း၌ ရှိနေသဖြင့်၊ ကြည့်ရသည်မှာ ကျောက်ရုံတစ်ယောက် အလွန်ပင် သတိကြီးစွာ ထားရှိပုံရသည်။ သူတို့သည် ရဲစခန်းနှင့် နီးကပ်သော နေရာမျိုးကို မရွေးချယ်ဝံ့ကြချေ။
ထိုသို့ဆိုလျှင် ချန်ချင်းယွီအနေဖြင့် ရဲတပ်ဖွဲ့ထံသို့ တိုက်ရိုက်သွားရောက် တိုင်ကြားရန်မှာ အနည်းငယ် အဆင်မပြေ ဖြစ်ရသည်။
ရဲများ ရောက်ရှိသွားသည့်အချိန်တွင် လူများကိစ္စပြီး၍ ထွက်ခွာသွားပါက အလကား ဖြစ်ပေလိမ့်မည်။
အကယ်၍ ကြိုတင်သွားရောက် တိုင်ကြားပါက ရနိုင်သော်လည်း၊ ချန်ရိကျွင်းတို့ဘက်မှ နေရာကို ချက်ချင်း ပြောင်းလဲသွားမည်ကိုလည်း ချန်ချင်းယွီ စိုးရိမ်မိပြန်သည်။
သို့သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက်၊ ချန်ချင်းယွီသည် ရဲများကို ကြိုတင်၍ သွားရောက်အကြောင်းကြားရန် ဆုံးဖြတ်လိုက်ပြီး၊ ဤတစ်ကြိမ်တွင်မူ လောင်းကြေးထပ်လိုက်ရန်သာ ရှိတော့၏။ ဘာပဲဖြစ်ဖြစ် တည်းခိုခန်းတွင် တည်းခိုရန်အတွက် ထောက်ခံစာ လိုအပ်သည်ဖြစ်ရာ၊ ကျောက်ရုံအနေဖြင့် ထိုထောက်ခံစာများကို လွယ်လွယ်ကူကူနှင့် တစ်စောင်ပြီးတစ်စောင် ထုတ်ပေးနိုင်လိမ့်မည်ဟု သူမ မယုံကြည်ပေ။
ချန်ချင်းယွီ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အလျင်အမြန် ထွက်ခွာခဲ့ပြီး၊ ရဲစခန်းရှိရာဘက်သို့ အပြင်းအထန် ပြေးလွှားသွားခဲ့သည်။ သူမသည် ရဲစခန်းဝင်းထဲသို့ဝင်မသွားဘဲ ဂိတ်ဝမှနေ၍ အသားကုန် အော်ဟစ်လိုက်၏။
"ဟွေးဟွားလမ်း တည်းခိုခန်းမှာ လူတွေ ဖောက်ပြန်နေကြတယ်ဗျို့၊ မြန်မြန်... မြန်မြန်သွားကြပါ... ဟွေးဟွားလမ်း တည်းခိုခန်းမှာ..."
ချန်ချင်းယွီသည် အော်ဟစ်ရာတွင် အသံကို တမင်တကာ ကြမ်းတမ်းအောင် ပြုလုပ်ထားပြီး အနည်းငယ် စူးရှလှသဖြင့် ယောကျာ်းလေးလား မိန်းကလေးလား ခွဲခြားရန် ခက်ခဲလှပေသည်။ သူမ၏ ဝတ်စားဆင်ယင်မှုမှာလည်း အမျိုးသားတစ်ဦးကဲ့သို့ ဖြစ်နေပြီး ဤသည်ကို ကြည့်ခြင်းအားဖြင့် အသံပြောင်းလဲနေသော ဆယ်ကျော်သက် လူငယ်လေးတစ်ဦးနှင့် တူနေတော့၏။
ထိုသို့ဆိုလျှင် သူမအပေါ် သံသယဝင်၍ ထည့်သွင်း စဉ်းစားနိုင်မည် မဟုတ်ပေ။ သူမ၏ အိမ်တွင် ကလေးရှိသည်ဆိုသော်လည်း ရှောင်ကျားသည် ကိုးနှစ်သာ ရှိသေးသဖြင့် ဤကိစ္စနှင့် ဆက်စပ်၍ တွေးမိကြလိမ့်မည် မဟုတ်ပေ။
"ဟွေးဟွားလမ်း တည်းခိုခန်းမှာ... လူတွေ ဖောက်ပြန်လွန်ကျူးနေကြတယ်... အခုချက်ချင်းမသွားရင် လူတွေ ပြေးတော့မယ်၊ မြန်မြန်လုပ်ကြပါဦး..."
ချန်ချင်းယွီသည် အထဲသို့ ဝင်မသွားဘဲ ဂိတ်ဝတွင် တရစပ် အော်ဟစ်နေခဲ့ပြီး၊ ရဲအရာရှိများ ထွက်လာသည်ကို မြင်သောအခါမှသာ လှည့်၍ အပြင်းအထန် လျင်မြန်စွာ ပြန်ပြေးတော့သည်။
"မြန်မြန်သွားကြ... မြန်မြန်သွားကြ..."
သူမသည် လျှက်စီးလက်သကဲ့သို့ ပြေးထွက်သွားခဲ့၏။
သူမ၏ ဤနည်းလမ်းမှာ အလွန်ပင် ကြမ်းတမ်းလှပေသည်။
သို့သော်လည်း ဤသည်မှာ အဘွားကြီးကျောက်နှင့် ကြိုတင်တိုင်ပင်ထားသည့် အကွက်ဖြစ်ပြီး၊ ဤမျှလောက် ကြမ်းတမ်းလွန်းမှသာ အခြားသူများအနေဖြင့် သူမကို ရိပ်မိနိုင်ခြင်း မရှိမည်သာ..။ သူမကဲ့သို့ နုနယ်လှသော အမျိုးသမီးတစ်ဦး မည်သို့လျှင် ဤမျှလောက် သွက်လက်ချက်ချာစွာ လုပ်ဆောင်နိုင်ပါမည်နည်း။
"ဟွေးဟွားလမ်း... မြန်မြန်သွားကြပါ..."
ချန်ချင်းယွီသည် တစ်ဟုန်ထိုး ပြေးလွှားကာ ပုန်းအောင်းသွားခဲ့တော့သည်။ ဤကိစ္စကို သူမဘက်မှ စတင်မီးမွှေးခဲ့ခြင်း ဖြစ်သော်လည်း၊ နောက်ဆက်တွဲ အခြေအနေများကိုမူ သွားရောက်ကြည့်ရှုဝံ့ခြင်း မရှိပေ။ တကယ်လို့သာ နောက်ဆက်တွဲကို သွားကြည့်ပါက ဆယ်ယောက်တွင် ကိုးယောက်သည် ရဲများ၏ ဖမ်းဆီးခြင်းကို ခံရနိုင်ခြေ ရှိပေ၏။
ချန်ချင်းယွီ အခြားသူများ၏ စုံစမ်းထောက်လှမ်းနိုင်စွမ်းကို ဘယ်သောအခါမျှ လျှော့မတွက်ချေ။
သူမ အိမ်သို့ တောက်လျှောက် ပြေးလာခဲ့ရာ၊ အိမ်ပြန်ရောက်သောအခါ အတော်ပင် မောဟိုက်နေခဲ့ပြီ ဖြစ်၏။
ထိုဘက်တွင် မည်သို့ဖြစ်ပျက်နေသည်ကို မသိရသော်လည်း၊ သူမသည် အခွင့်အရေးကို အသုံးချ၍ ဝင်းထဲသို့ ခုန်ချကာ ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးပြီးနောက် တံခါးကို တိတ်တဆိတ် ဖွင့်၍ အိမ်ထဲသို့ ဝင်လာခဲ့သည်။
ဤတစ်ခေါက်တွင်မူ တစ်ကိုယ်လုံး ချွေးများ တစ်စက်စက် စီးကျနေခဲ့ရ၏။
ချန်ချင်းယွီ နဖူးမှ ချွေးစက်များကို သုတ်လိုက်ရင်း၊ ရေနွေးကြမ်းခွက်ကို ယူ၍ တဂွတ်ဂွတ်နှင့် တစ်ကျိုက်တည်း သောက်ချပစ်လိုက်တော့သည်။
အဘွားကြီးကျောက် : "ဖြည်းဖြည်းသောက်ပါအေ"
ချန်ချင်းယွီသည် အမောဖြေလိုက်
ရင်း အသံတိုးတိုးလေးဖြင့်
"တကယ်ကို မောသေတော့မှာပဲ..."
"မိမိတတ်နိုင်သမျှကို အစွမ်းကုန် လုပ်ဆောင်ခဲ့ပြီးပြီ၊ ကျန်တာကတော့ ကံတရားအတိုင်းပါပဲ"