အခန်း ၁၂၈၇
Vol. 108 Ch. 1287
အခန်း ၁၂၈၇ -
မနာလိုဖွယ် အခွင့်အလမ်းများ ... ။
“ ဂျိန်း ... ။ ”
“ ဒါ .... ။ ”
မိုင်ပေါင်းတစ်သောင်း ဧရိယာအတွင်း မည်းနက်နေသော တိမ်ထုကြီး တိတ်တဆိတ် စုစည်းနေချေပြီ။ ထိုတိမ်တိုက်အတွင်း မိုးကြိုး လျှပ်စီးများ တဖျပ်ဖျပ်ခတ်နေ၏။
“ အင်မော်တယ်ကပ်ဘေးလား ... ဒါက ဘာလို့ဒီလောက်တောင် ပြင်းထန်ရတာလဲ သူ ... သူ ကောင်းကင်ဒုက္ခ ခံယူတော့မယ်။ ”
အင်မော်တယ်ဘုရင်တစ်ပါးမှ ထိတ်လန့်တကြားအော်ဟစ်လာသည်။ စုရီသည် ဤအဆင့်ဖြင့်ပင် ထိန်းရသိမ်းရခက်နေချေပြီ။ သူတော်စင်အဆင့်သို့ ဝင်ရောက်နိုင်သော် ဆိုဖွယ်မရှိတော့ချေ။
“ ကောင်းကင်ဒုက္ခခံယူနေတုန်း သူ့ကို ဖျက်စီးပစ်။ ”
ဝေရွှန်းမှ အလျင်လိုလာ၏။ ဤကပ်ဘေးကြီးသည် သူ အင်မော်တယ်ဘုရင် အဆင့်ဝင်ရောက်စဉ်ကထက် သာလွန်၏။ သူ့ တာအိုကိုပင် ယုံကြည်မှုပျောက်ဆုံးစေသည်။
“ ဟား ဟား ဟား ... လာခဲ့။ ”
စုရီက ဆံပင်များ ပွလန်ကျဲသွားပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်လေသည်။ သူ့အတွက် အတားအဆီးဖြစ်နေသောအရာမှာ မုန်တီးမှုများပေပင်။ ထို့ကြောင့် ရန်သူ့သွေးကို မြင်ပြီးနောက် ဆန္ဒများပြည့်ဝလာခဲ့၏။
“ ဂျိန်း ... ။ ”
ထျန်းချူးတောင်ပေါ်မှ စူးရှသော အော်ဟစ်သံများနှင့်အတူ ကောင်းကင်ကြီးမှာ ဂျိန်းခနဲ ပစ်ချလာတော့သည်။
“ သူ့ ကို သတ် ... ။ ”
ဝေရွှန်မှ နတ်ဘုရားတံဆိပ်တစ်ခုကို ချက်ချင်းထုတ်ယူကာ အခွင့်အရေးအပေါ် ချက်ချင်း ဆုပ်ကိုင်လိုက်၏။
သို့သော် သူ မမျှော်လင့်ထားသည်မှာ စုရီသည် ကောင်းကင်ပေါ် ထိုးချိန်လျက်ဖြင့် ဓားချက်တစ်ချက် ပစ်ချလိုက်ခြင်းပေပင်။
“ ထွက်သွား ... ။ ”
မိုးကြိုးစွမ်းအင်မှာ လမ်းတဝက်၌ပင် ထက်ခြမ်းကွဲလျက် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ယင်းသည် အကုန်မဟုတ်ချေ။ ဓားစွမ်းအင်သည် မိုးကြိုးတိမ်တိုက်များထဲ ဆက်လက်တိုးဝင်လာကာ ပျောက်ကွယ် သွားလေသည်။
“ ဘောင်း ... ဘောင်း ဘောင်း။ ”
ထို့နောက်တွင် တိမ်တိုက်ကြီးသည် ကြီးမားသောပေါက်ကွဲမှုအဟုန်ဖြင့် အလင်း မိုးရေစက်များသဖွယ် ပြောင်းလဲသွားချေပြီ။
“ ဟမ့် ... ပြီးသွားပြီလား။ ”
ဝေရွှန်းတစ်ယောက် နတ်ဘုရား တံဆိပ်ကိုထုတ်ယူကာ လေထုအလယ်အေးခဲ သွားလေသည်။ ဓားတစ်ချက်တည်းဖြင့် ကပ်ဘေးကို ဖြတ်ကျော်လိုက်သည်လော။
မည်မျှကြီးစိုးကာ ရက်စက် ကြမ်းကြုတ်လွန်းသနည်း။ တိုက်ပွဲကွင်းပြင် တစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားချေပြီ။
အလင်းမှုန်များက စုရီခန္ဓာကိုယ်ထဲ ရေစီးကြောင်းကြီးများပမာ စီးဝင်နေသည့် မြင်ကွင်းထံ ငေးကြည့်နေမိကြသည်။
လက်ရှိအချိန်တွင် ဝေရွှန်းအပါအဝင် ကျန်ရှိသော အင်မော်တယ်ဘုရင်မှာ သုံးဦးသာ ဖြစ်သည်။ သို့သော် သူတို့သည်လည်း ဒဏ်ရာ အပြင်းအထန် ရထားချေပြီ။
တစ်ဖက်တွင် စုရီ သွေးများစွန်းနေ သော်လည်း အလင်းမှုန်များစီးဝင်မှုအောက်၌ သိသိသာသာ ပြန်၍ကောင်းမွန်လာနေသည်။
လေထုအလယ် သာလွန်သော ရောင်ဝါကိုထုတ်ဖော်လျက် အလင်းနှင့်ရေချိုး နေသည်မှာ နတ်ဘုရားတစ်ပါးအလားပေပင်။
ရုတ်တရက် စုရီက သူတို့ထံ လှည့်ကြည့်လာသည်။ အင်မော်တယ်ဘုရင် သုံးပါးခမျာ ထိတ်လန့်တကြား ခြေလှမ်းများ ဆုတ်ခွာလိုက်ကြသည်။
“ စုရီ ... မင်းကိုနတ်ဘုရား အပြစ်ပေးမှာ မကြောက်ဘူးလား။”
အင်မော်တယ်ဘုရင်တစ်ပါးက တုန်တုန်ရီရီဖြင့် ခြိမ်းခြောက်စကားဆိုလာ၏။ စုရီမှ စကားမဆိုတော့ဘဲ ဓားတစ်ချက်ဖြင့် သတ်ပစ်လိုက်တော့သည်။
“ ဘန်း ... ။ ”
ဤမတိုင်မီ သူသည် ရူးသွပ်နေသူ တစ်ယောက်ကဲ့သို့ သွေးကို နှစ်သက်နေခဲ့သည်။ ယခုမူ တည်ငြိမ်ပြီး ပြတ်သားသော အဖိုးကြီး တစ်ယောက်အလား ပေါ့ပါးလာ၏။
“ မင်း ... ။ ”
မည်သည့် ပုံရိပ်ဖြစ်စေ သတ်ခြင်းကို အေးစက်စွာ ပြုမူနေဆဲဖြစ်သည်။ ထို့ကြောင့် အင်မော်တယ် ဘုရင်နှစ်ပါးသည် သေမင်းကို မြင်နေရသည့်အလား တာအိုနှလုံးသား ပြိုကျသွားလေသည်။
သူတို့သည် ဝမ်ယဲ့ကို မမြင်ဖူးခဲ့ချေ။ သို့သော်သူတို့၏ ကျင့်ကြံမှုဘဝတလျှောက်တွင် ဝမ်ယဲ့၏ဒဏ္ဍာရီလာတိုက်ပွဲများ နားထောင်ကာ ကြီးပြင်းခဲ့ရသည်။
သို့သော် ထိုဒဏ္ဍာရီများသည် လက်တွေ့ဆင်းသက်လာသည့်အခါ သူတို့ကဲ့သို့ ဖြစ်တည်မှုများသည် ဖုန်မှုန့်များအဖြစ် အမှန်ပင် လျော့ကျသွားချေပြီ။
ဤသည်သာလျှင် စစ်မှန်သော ခွန်အားဖြစ်၏။ ကောင်းကင်ဘုံအောက်တွင် မည်သူမျှ တုဘက်ပြိုင်နိုင်စရာမရှိချေ။
“ ဒီနေ့ ဒဏ္ဍာရီကို ... ငါကိုယ်တိုင်မြင်ခွင့်ရခဲ့တာ သေဖို့တကယ် ထိုက်တန်ပါတယ်။ ”
အင်မော်တယ် ဘုရင်တစ်ပါးက နာကျင်ဂုဏ်ယူစွာ ညည်းတွားလျက် စုရီထံ တစ်ဟုန်ထိုး ပျံသန်းလာ၏။
လမ်းတလျှောက် နတ်မီးတောက်များ တောက်လောင်လာပြီး သူ့အသက်ဓါတ်များ လောင်ကျွမ်းနေသည်ကို ကြားနိုင်ချေပြီ။
“ ဘန်း ... ။ ”
“ ဒါပေမယ့် မင်းက ငါ့ကိုတိုက်ဖို့ မထိုက်တန်သေးပါဘူး။ ”
သို့သော် စုရီသည် ဓားအလင်းဖြင့် ထိုအင်မော်တယ်ဘုရင်ထံ ပစ်ခတ်လိုက်ရာ လေထုအလယ် ပေါက်ကွဲသွားတော့၏။
မျှော်လင့်ထားသကဲ့သို့ စုရီအနား မရောက်သော်မှ စုရီလက်တွင် သူ့အသက်ကို ပေးခွင့်ရသည့်အပေါ် ကျေနပ်သွားချေပြီ။
ဤလောကတွင် သူတို့မဆိုနှင့် နတ်ဘုရားများသည်ပင် တစ်ဖက်လူကိုသတ်ရန် နည်းလမ်းပေါင်းစုံနှင့် ကြိုးစားနေကြောင်း သတင်းပြေးနေသည်။
ထို့ကြောင့် ယနေ့ သေဆုံးမှုသည် သူ့အတွက်ကြီးစွာသော ချီးမြောက်မှုတစ်ခုဖြစ် နေချေ၏။ စုရီက ထိုလူ၏အတွေးကို သိသည်။ သို့သော် ဂရုမစိုက်ဘဲ ကျန်အင်မော်တယ် ဘုရင် တစ်ပါး၏ ဦးခေါင်းကိုဖြတ်ယူလိုက်ပြီး ဝေရွှန်းထံ မော့ကြည့်လိုက်တော့သည်။
“ ငါတို့ စကားပြောလို့ရပြီလား။ ”
ဝေရွှန်းတစ်ယောက် ထွက်ပြေးရန် ပြင်နေရာမှ စုရီအကြည့်ကြောင့် တုန်ရီစွာဖြင့် စွန့်လွှတ်လိုက်ရသည်။
“ မင်းရဲ့ ဂိုဏ်းခေါင်းဆောင်ဘယ်မှာလဲ။ ”
စုရီက အင်မော်တယ်ဘုရင်များ၏ သွေးများစွန်းနေသော သေမျိုးဓားကိုကိုင်ကာ ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။
“ ငါရဲ့ဂိုဏ်းခေါင်းဆောင်သာ ဒီနေရာမှာရှိနေရင် ... မင်းဒီလောက်အထိ သောင်းကျန်းဝံ့မယ် ထင်နေလား။ ”
“ ရွှပ် ... ။ ”
ဝေရွှန်းမှ အံကြိတ်လျက် ပြန်ဖြေ၏။ ဓားအလင်းတစ်ချက် လက်သွားပြီး ဝေရွှန်း၏ ညာဘက်လက်မောင်း ပြတ်ထွက်သွားသည်။
“ အား ... ။ ”
ပြင်းထန်သော နာကျင်မှုကြောင့် မျက်နှာတစ်ပြင်လုံး တွန့်လိမ်သွားရတော့၏။
“ ငါ့မေးခွန်းကိုပဲဖြေပါ။ ”
စုရီက လေစက်စွာ ထပ်မေးသည်။ ဝေရွှန်းခမျာ အကြောက်တရားနှင့် ဒေါသများ ရောပြွန်းသွားချေပြီ။ စုရီမှ စိတ်မရှည်ဟန်ဖြင့် ဓားကိုထပ်မံ မြှောက်လိုက်ရာ ချက်ချင်း အော်ဟစ်ဖြေကြားလိုက်ရ၏။
“ ငါပြောမယ် ... ငါပြောမယ် ... မင်း တကယ်ပဲ သေချင်နေတယ်ဆိုရင်... ငါ့လမ်းပြ ပေးနိုင်တယ်။ ”
“ ဟမ့် ... ဒါဆို မင်းရဲ့ ဂိုဏ်းချုပ်က ထျန်းချူးတောင်မှာ တကယ်မရှိဘူးပေါ့။ ”
“ ဟုတ်တယ် ... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ငါတို့ဂိုဏ်းချုပ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုကို စူးစမ်းဖို့ ထွက်သွားပါတယ် ... ။ ”
“ ဆက်ပြောပါ။ ”
တစ်ဆက်တည်းမှာပင် စုရီသည် ဓားကိုအသာအယာ ဝှေ့ယမ်းကာ အောက်သို့ လွှဲခုတ်ချလိုက်တော့၏။
“ ဝုန်း ... ။ ”
ရလာဒ်အနေဖြင့် ထန်းချူးတောင်သည် ခါးလယ်မှထက်ပိုင်းပြတ်ကာ အပျက်အစီးပုံကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။
တောင်ထဲတွင် ပုန်းအောင်းနေကြသော ဝိညာည်တစ်သောင်းဂိုဏ်း၏ အမွေခံတပည့် များနှင့် အဆင့်နိမ့်အကြီးအကဲများ အားလုံး ဤဓားချက်အောက်တွင် ပြာဖြစ်ကုန်၏။
“ မင်း ... ။ ”
ဝေရွှန်းခမျာ မျက်လုံးများ ပြူးကျယ်သွားချေပြီ။ ဤသည်မှာ သူတို့အတွက် နောက်ဆုံးသော မျှော်လင့်ချက်များဖြစ်၏။
စုရီမှ ဤနေရာတွင် မရပ်ခဲ့ချေ။ နောက်ထပ်နှစ်ကြိမ် ဆက်တိုက် ခုတ်ပိုင်းလိုက် ပြန်သည်။
“ ဝုန်း ... ။ ”
လေဟာနယ်အတွင်း တောက်ပသော အလင်းများထွက်ပေါ်ကာ လျှို့ဝှက်ဒေသကြီး နှစ်ခု ချက်ချင်းပြိုကျသွားတော့သည်။
ဤသည်မှာ ဂိုဏ်း၏ အုတ်မြစ်ဖြစ်၏။ ဘိုးဘေးများနှင့် ပြန်၍ရှင်သန်ရန် စောင့်မျှော် နေကြသည့် ဘိုးဘေးအချို့၏ ဝိညာဉ်များ ပါရှိလေသည်။
ဤမြင်ကွင်းသည် ဝေရွှန်း၏ နှလုံးသားအပေါ် မခံမရပ်နိုင်သော ဝမ်းနည်းမှု အရိပ်အယောင်များ ဖြစ်ပေါ်လာစေ၏။
နတ်ဘုရားတစ်ပါး၏ နောက်ခံကို ပိုင်ဆိုင်ထားသော ယနေ့ခေတ် ပထမတန်းစား ဂိုဏ်းကြီးတစ်ဂိုဏ်းမှာ တစ်ညတည်းဖြင့် ပျောက်ကွယ်သွားပေတော့မည်။
“ တကယ်ပဲ ဒီမှာ မရှိတာပဲ ... ။ ”
စုရီက တီးတိုးရေရွတ်လိုက်သည်။ သူသည်တစ်ဖက်လူကို ဤတောင်တန်းကြီး၌ ပုန်းအောင်းနေမည်ဟု သံသယဝင်ခဲ့၏။
ယခု ယုံကြည်သွားပြီဖြစ်သည်။ ထို့နောက် အဝေးမှ ခုန်ရီနှင့် ယင်ရှုတို့ထံ လှည့်ကြည့်ကာ၊
“ မင်းတို့နှစ်ယောက် ... နောက်ဆက်တွဲ ကိစ္စတွေကို ကိုင်တွယ်ပြီးနေခဲ့ပါ။ ”
-ဟု အမိန့်ပေးလိုက်တော့သည်။
ထို့နောက်တွင် ဝေရွှန်း၏ ကျင့်ကြံမှုကိုပိတ်ဆို့လျက် လေထဲလှမ်းတက် လိုက်လေသည်။
“ မင်း ငါ့ကို လမ်းပြပါ။ ”
များမကြာခင် မိုးကုပ်စက်ဝိုင်းထံသို့ လျှပ်စီးအလား တိုးဝင်ပျောက်ကွယ်သွား၏။ ကောင်းကင်နှင့် မြေကြီးကြား တိတ်ဆိတ်ခြင်း ပြန်လည်ရရှိလာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တောကန္တာရကြီးအလား လူသူကင်းမဲ့နေ၏။ ခုန်ရီမှ သက်ပြင်းချကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
နေရာတိုင်းတွင် သေခြင်း အငွေ့အသက်များနှင့် လူများစွာ၏နာကျည်းမှု အရိပ်အမြွက်များ ရစ်သိုင်းနေ၏။
ကျိုးပဲ့နေသော အလောင်းများနှင့် ကွဲအက်နေသော ရတနာများ ပြန့်ကျဲနေပြီး တိုက်ခတ်လာသော လေပြင်းများပင်လျှင် သွေးညှီရနံ့များပါဝင်နေ၏။
ယင်းသည် အိမ်မက်တစ်ခုအလားပေပင်။ နတ်ဘုရားတစ်ပါး၏ ကျောထောက်နောက်ခံ ရရှိထားသော ဂိုဏ်းကြီးသည် တစ်ညတည်းနှင့် ပျက်သုဉ်းခြင်းမည်ချေပြီ။
ဤကမ္ဘာတွင် ဧကရာဇ်သခင် မလုပ်ဆောင်နိုင်သော အရာဟူ၍ မရှိဟု ခံစားလာရ၏။
အချိန်အနည်းငယ်ကြာ ဆရာတပည့် နှစ်ယောက်သား တိတ်ဆိတ်နေစဉ် အဝေးဆီမှ လူရိပ်များ ပျံသန်းရောက်ရှိလာ၏။
ဤသည်မှာ ချီရှောင်ကျန်းဦးဆောင်သော မြင့်မြတ်မြေသုံးပါးမှ ကျွမ်းကျင်သူများပေပင်။ သို့သော် သူတို့အားလုံးသည် သုဿန်တစပြင် အလား ပျက်စီးတိတ်ဆိတ်နေခဲ့သော ပတ်ဝန်းကျင်ကြောင့် ဆွံ့အကုန်၏။
မည်သူမျှ ချက်ချင်း စကား မပြောနိုင်ကြတော့ချေ။ ထျန်းရှုမြင့်မြတ်မြေနှင့် ထျန်းရွှမ်းမြင့်မြတ်မြေမှ အင်မော်တယ်ဘုရင် များသည် အချင်းချင်း ပြန်ကြည့်လိုက်၏။
ယနေ့ကစားပွဲသည် အမည်မဲ့ လူငယ်တစ်ယောက်ထံတွင် သူတို့၏အသက်ကို လောင်းကြေးထပ်ရမည်ဖြစ်ရာ မဝံ့ခဲ့ကြချေ။
ထို့ကြောင့် ပွဲကြည့်သူအဖြစ်သာ ပါဝင်ရန် ဂိုဏ်းနှစ်ဂိုဏ်းလုံးမှဆုံးဖြတ်ပြီး လိုက်ပါလာခြင်း ဖြစ်လေသည်။
လမ်းတလျှောက် မြင်ကွင်းများ ကြုံလာရပြီးနောက်တွင် သူတို့ဆုံးဖြတ်ချက်များ အပေါ် သံသယဝင်လာ၏။ သို့တိုင် နောက်ဆုံး အခွင့်မသာပါက ဆုတ်ခွာနိုင်ရန် ဆက်လက် ဆွဲကိုင်ထားဆဲဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်တစ်သောင်းဂိုဏ်းသည် နတ်ဘုရား တစ်ပါး၏ ထောက်ပံ့မှုကို ရရှိထား၏။
ယခုမူ သူတို့ ဤပွဲတွင် လုံးဝ တွက်ကိန်းမှားယွင်းသွားချေပြီ။ အင်မော်တယ် ဘုရင်နှင့် ရှားပါးရတနာများကို စုရီလက်သို့ အပ်နှံရလျှင်ပင် ရရှိထားသော အကျိုးအမြတ်မှာ မယုံနိုင်ဖွယ်ပမာဏဖြစ်နေ၏။
ယခု ထျန်းချူးတောင်မှ ရိတ်သိမ်းမှုကို ထပ်မံထည့်တွက်ရမည်ဆိုသော် ကျောက်စိမ်း အလင်း မြင့်မြတ်မြေသည် ကျန်မြင့်မြတ်မြေ နှစ်ပါးထက် အဆပေါင်းများစွာ သာလွန်သော အရင်းအမြစ်များကို ပိုင်ဆိုင်ပေတော့မည်။
“ အားလုံးပဲ အရင်လို နှစ်ဖွဲ့ခွဲပြီး လုပ်ဆောင်မှာ ... ဒီမှာဘာတစ်ခုမှ မကျန်ခဲ့စေနဲ့ အပ်တစ်ချောင်းတောင် ပြန်ယူလာပါ။”
ကျောက်စိမ်းအလင်း မြင့်မြတ်မြေ ခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် အမိန့် ပေးလိုက်တော့သည်။
ဤသည်မှာ (၁၄)ကြိမ်မြောက်အမိန့်ဖြစ်၏။ ဘေးမှပွဲကြည့်ရန်လိုက်ပါလာသော မြင့်မြတ်မြေ နှစ်ပါးခမျာ မျက်လုံးအပြူးသားဖြစ်ကုန်သည်။
ချွေးတစ်စက်မျှ မထွက်ဘဲ နတ်ဆိုးအင်အားစု(၁၃)ခုနှင့် ထျန်းချူးတောင်မှ အရင်းအမြစ်ကို ရရှိခြင်းမည်ချေပြီ။ မနာလိုစရာ ကောင်းလွန်းလှ၏။
သို့သော် ဤသည်မှာ သာမန်ပေပင်။ အန္တရာယ်များနှင့် အခွင့်အလမ်းသည် တိုက်ရိုက် အချိုးကျလှ၏။
ကျင့်ကြံခြင်းလမ်းခရီးတွင် အန္တရာယ်ကြီးမားသည်နှင့်အမျှ ရရှိနိုင်မည့် အခွင့်အလမ်းမှာ မြင့်မားပေမည်။
သူတို့၏ မြင့်မြတ်မြေ တစ်ခုလုံးကို လူငယ်တစ်ယောက်လက်တွင် မျက်စိစုံမှိတ် ပုံအောခြင်းမျိုး မည်သူသတ္တိရှိမည်နည်း။
( နေဦး ... ကျောက်စိမ်းအလင်း မြင့်မြတ်မြေကဒီလူတွေ ဒီလောက်မမိုက်မဲပါဘူး အဲဒီစုရီဆိုတဲ့ လူငယ်က ဘယ်သူလဲသိကြလား ... သူ့အကြောင်းတစ်ခုခု ဘယ်သူသိထားလဲ။ )
***