အခန်း ၁၂၈၈
Vol. 108 Ch. 1288
အခန်း ၁၂၈၈ -
တစ္ဆေငိုချောက်ကမ်းပါး ... ။
တစ္ဆေငိုချောက်ကမ်းပါး။
ဤကမ္ဘာကြီးကို ဖျက်ဆီးခဲ့သော ကြောက်မက်ဖွယ် အာကာသအက်ကြောင်းများ အားလုံး ပျောက်ကွယ်နေပြီဖြစ်သည်။
ယင်းအစား ကောင်းကင်နှင့် မြေကြီးကြားတွင် နူးညံ့စွာ ရွေ့လျားနေသော အလင်းမှုန်များသည်သာကျန်ရှိတော့၏။
ထို့ကြောင့် တစ္ဆေငိုချောက်ကမ်းပါးသည် ဘေးအန္တရာယ်များနှင့် ပြည့်နှက်နေသော်လည်း စွန့်စားဝင်ရောက်သူများ ရှိနေပြီဖြစ်သည်။
အဆိုပါ အချင်းအရာကို ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီး ဝင်ရောက်သွားခဲ့ခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ကျန်ရှိနေသော အာကာသအက်ကြောင်းများမှာ အင်မော်တယ် ဘုရင်တစ်ပါးကို မျက်စိတစ်မှိတ်အတွင်း ပြာမှုန် အဖြစ်သို့ ပြောင်းလဲနိုင်နေသေးသည်။
တစ်ချိန်က ဝမ်ယဲ့သည် ဤအရပ်သို့ ဝင်ရောက်ကာ ကမ္ဘာတစ်သောင်းသစ်ပင်ကို ရှာဖွေရန်ဝင်ရောက်ဖူး၏။
ဒဏ္ဍာရီများအရ ထိုကမ္ဘာ တစ်သောင်းသစ်ပင်သည် အင်မော်တယ်မြေ၏ မိခင်ချီထဲမှ မွေးဖွားလာခြင်းဖြစ်သည်။ သို့သော် ဝမ်ယဲ့သည်ပင် လက်ဗလာဖြင့် ပြန်ခဲ့ရ၏။
ချောက်ကမ်းပါးအတွင်း၌ မြူခိုးများ ပျံ့နှံ့နေပြီး ရှုပ်ထွေးဆန်းကြယ်သော ဖရိုဖရဲ စွမ်းအင်များ လှည့်ပတ်နေကာ လူသူကင်းမဲ့ တိတ်ဆိတ်နေတော့သည်။
ချောက်ကမ်းပါးအတွင်း မြေပြင်ရှိ ကျောက်တုံးငယ် အနားတွင် လူတစ်ယောက်နှင့် ငှက်တစ်ကောင် ပုန်းအောင်းနေ၏။
ဤသည်မှာ ထျန်ရွှမ်းကျိနှင့် မီးတောက်လင်းယုန်တို့ဖြစ်သည်။ သူတို့နှစ်ဦးက အဝေးရှိမြင်ကွင်းတစ်ရပ်ထံ တုန်လှုပ်စွာ ငေးကြည့်နေ၏။
“ ဟမ့် ... မြောက်ပင်လယ်ကနေ အချိန်အတော်ကြာအောင် ပျောက်ကွယ်နေခဲ့တဲ့ အဘိုးကြီးဟွမ်ထျန်းက ဝိညာဉ်တစ်သောင်း ဂိုဏ်းနဲ့ ပူးပေါင်းပြီး ဒီမှာဘာလုပ်နေတာလဲ။ ”
အဖိုးကြီးထျန်ရွှမ်းကျိမှ တအံ့တဩ ရေရွတ်လိုက်တော့သည်။ သူ့လက်ထဲရှိ ကြေးနီ ဒင်္ဂါးပြားသည် အလင်းမှုန်များထုတ်လွှတ်ကာ သူတို့နှစ်ဦးအပေါ် ဖုံးကွယ်ပေးထား၏။
ဟွမ်ထျန်းဟူသည် ဓမ္မအဆုံးခေတ် မတိုင်မီကတည်းက ထိုက်ကျင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သော နတ်ဆိုးတစ်ပါးဖြစ်၏။
မြောက်ပင်လယ်၌ ပြိုင်ဘက်ကင်း အုပ်စိုးရှင်ပေပင်။ ဝေးလံမှောင်မိုက်လွန်းသော အရပ်တွင် လူရိပ်နှစ်ခုသည် မြူခိုးများကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။
တစ်ဦးမှာ သွေးနီရောင်ဝတ်ရုံနှင့် မြင့်မားသောခေါင်းဆောင်း ဝတ်ဆင်ထားသော အဖိုးကြီးတစ်ယောက်ဖြစ်သည်။ ဤသည်မှာ ဟွမ်ထျန်းဖြစ်၏။
ကျန်တစ်ယောက်သည် ခရမ်းရောင်ဝတ်ရုံတွင် ရွှေရောင်ခါးပတ်ပြား ပတ်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ချေသည်။
ထိုသူသည် ဝိညာဉ်တစ်သောင်း၏ ခေါင်းဆောင်ဖြစ်၏။ နှစ်ဦးသား တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်မှာ (၇)ရက်တိုင်နေချေပြီ။
“ သူတို့ ... တစ်ခုခု ကြီးကြီးမားမား ကြံစည်နေတာ သေချာတယ် ... သူတို့ရှေ့က ယဇ်ပလ္လင်မှာ အာကာသတာအိုဥပဒေ အတက်အကျတွေ ရှိနေတယ်။ ”
မီးတောက်လင်းယုန်မှ မှတ်ချက်ပေးလာသည်။
“ ပြီးတော့ အဲဒီမီးလောင်ကျွမ်းပြီးသား သစ်ပင်အမြစ်ဟာ ကမ္ဘာတစ်သောင်းသစ်ပင်ရဲ့ အမြစ်လို့ ငါ သံသယရှိတယ်။ ”
အဖိုးကြီးဟွမ်ထျန်းနှင့် ဝိညာဉ် တစ်သောင်းဂိုဏ်းချုပ်တို့ ရှေ့မှောက်ထံပါးတွင် ပေတစ်ရာခန့်ကျယ်ဝန်းသော ယဇ်ပလ္လင်တစ်ခု ရှိနေသည်။
ထိုယဇ်ပလ္လင်သည် အလွန်ထူးဆန်းပြီး လုံးဝမည်းနက်နေကာ ကောင်းကင်မှကြည့်လျှင် ပွင့်နေသော မျက်လုံးတစ်လုံး သဏ္ဍာန်ရှိ၏။
မျက်လုံး၏ အလယ်ဗဟိုတွင် ကိုးပေမြင့်သော အနက်ရောင်ယဇ်ပလ္လင်ငယ် တစ်လုံး ထပ်ဆင့်တည်ဆောက်ထားသည်။
အဆိုပါယဇ်ပလ္လင်၏ မျက်နှာပြင်တွင် ထူးဆန်းသော တာအိုအမိန့်စာများကို ရေးထွင်း ထားပြီး လေးပေရှည်သည့် မီးလောင်ကျွမ်းရာ သစ်ပင်အမြစ်တစ်ခု တင်ထားလေသည်။
“ အာကာသဥမင်လိုဏ်ခေါင်းဖွင့်ဖို့ ငါ့အကူအညီကို မင်းလိုရင် ... ငါ့ခန္ဓာကိုယ်ထဲက နတ်ဘုရားကပ်ဘေးကို အရင်ဖယ်ရှားပေးရမယ် မဟုတ်ရင် လုံးဝ မဖြစ်နိုင်ဘူး။ ”
ဟွမ်ထျန်းမှ ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်ထံလှည့်ကြည့်ကာ ပြောကြားခဲ့၏။ သူ့ဘေးရှိ အမျိုးသားက ပြုံးသည်။ ထို့နောက်၊
“ တာအိုအစ်ကို ... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ နတ်ဘုရားသားတော်သာ အောင်မြင်စွာခေါ်ယူနိုင်ရင် ... မင်းအပေါ် ကျရောက်နေတဲ့ နတ်ဘုရားကပ်ဘေးကို သေချာပေါက် ငါဖယ်ရှားပေးပါမယ်။ ”
-ဟု တည်ငြိမ်သောလေသံဖြင့် ပြောကြားလိုက်၏။
ထိုစကားကို အဝေးမှ ကြားနေရသော ထျန်ရွှမ်ကျိခမျာ မျက်လုံးပြူးသွားလေသည်။ ယင်းသည် မည်သည်ကို ဆိုလိုသနည်း၊
နတ်ဘုရားသားတော်ဟူသည် နတ်ဘုရားတစ်ပါး၏ သားစဉ်မြေးဆက် ဖြစ်နိုင်သည်လော။
အကယ်၍ ယင်းသည်သာ မှန်ပါက ဝိညာဉ်တစ်သောင်းဂိုဏ်း၏ အကြံအစည်ကြီးမှာ တကယ်ပင် ကြောက်စရာကောင်းချေသည်။
“ အဖိုးကြီး ... သူပြောနေတဲ့ နတ်ဘုရားသားတော်ဆိုတာ သူတို့ဝိညာဉ် တစ်သောင်းဂိုဏ်း နောက်ကွယ်က နတ်ဘုရားရဲ့ မျိုးဆက် ဖြစ်နိုင်မလား။ ”
“ စကားမပြောနဲ့ တိတ်တိတ်နေ။ ”
ထျန်ရွှမ်းကျိမှ မီးတောက်လင်းယုန်ထံ သတိပေးလိုက်ကာ စကားဝိုင်းထံသို့ အာရုံစိုက် နေတော့၏။ သူ့စပ်စုလိုစိတ်မှာ အထွတ်အထိပ် ရောက်ရှိနေပြီဖြစ်သည်။
“ ဟမ့် ... ငါ မသိဘူးလို့ မထင်နဲ့ ... မင်းက နတ်ဘုရားကပ်ဘေးနဲ့ ငါ့ကိုထိန်းချုပ်ဖို့အတွက် ကြိုးစားနေတာပဲ မီးနဲ့ကစားရင် မီးလောင် ခံရတတ်တယ်ဆိုတာ သတိရပါ။ ”
အဝေးရှိ ဟွမ်ထျန်းအသံတွင် ပြင်းစွာသော အေးစက်မှုများပါဝင်နေသည်။ သို့သော် ဝိညာဉ် တစ်သောင်း၏ ခေါင်းဆောင်မှ ဂရုမစိုက်ဘဲ၊
“ မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ငါ နားလည်ပါတယ် တာအိုအစ်ကို ... ဒါပေမယ့် ငါ မင်းကိုနတ်ဘုရားကပ်ဘေး ဖြေရှင်းပေးရင် မင်း စိတ်ပြောင်းသွားနိုင်တယ် မဟုတ်လား ...
... ဒီနေ့အတွက် ငါအကြာကြီး စောင့်မျှော်လာခဲ့ရပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ် လောက်ကမှ ဒီတစ္ဆေငိုချောက်ကမ်းပါးထဲကို ငါဝင်ခွင့်ရခဲ့တာပါ ...
... အဲဒီနှစ်ပေါင်း သုံးထောင်အတွင်းမှာ ယဇ်ပလ္လင်တည်ဆောက်ဖို့ မရေမတွက်နိုင်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ရတနာတွေကို သုံးခဲ့ရတယ် ...
... ဒါတွေအားလုံးက နတ်ဘုရား သားတော်ကို အောင်မြင်စွာ လမ်းညွှန်ပေးနိုင်ဖို့ ဆိုတာ မင်းသိသင့်တယ် ဒီလိုအခြေအနေမျိုးမှာ ငါ ဘာမတော်တဆမှုကိုမှ မခံနိုင်ဘူး။ ”
ထို့နောက် ဝိညာဉ်တစ်သောင်းဂိုဏ်း၏ ခေါင်းဆောင်က ဟွမ်ထျန်းထံ ရိုးသားဟန်ဖြင့် ပြန်ကြည့်လျက်၊
“ တာအိုအစ်ကို ... မင်း ငါ့ကို နတ်ဘုရားသားတော်ခေါ်ယူဖို့ ကူညီနေသရွေ့ မင်းရဲ့ ဒုက္ခတွေကို ဖြေရှင်းပေးမယ်လို့ ငါ့ရဲ့ တာအိုနှလုံးသားနဲ့ ကျိန်ဆိုရဲတယ်။ ”
-ဟု ကတိပေးလိုက်သည်။
ဤတစ်ကြိမ်တွင် ဟွန်ထျန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားလေသည်။ ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှ မတိုက်တွန်းဘဲ တိတ်ဆိတ်စွာ စောင့်နေခဲ့၏။
“ ဒါဆို သူတို့နှစ်ဦးရဲ့ ဒီကနေ့ ပူးပေါင်းဆောင်ရွက်မှုက အပြန်အလှန်ရရှိနိုင်မဲ့ အကျိုးအမြတ်တွေပေါ် မူတည်နေတာပေါ့။”
ထျန်ရွှမ်းကျိမှ နားလည်သွား၏။ အဖိုးကြီးဟွမ်ထျန်းသည် သူ သိသလောက် ကောက်ကျစ်ပြီး ရက်စက်တတ်သည်။
ထိုသို့အကျိုးအမြတ်အတွက် ပူးပေါင်းမှုများတွင် အမြဲတမ်းယုံကြည်ဖွယ် မှတ်တမ်းမျိုးမရှိချေ။
“ ဟမ့် ... နတ်ဘုရားတစ်ပါးကို နောက်ခံအဖြစ် ရထားရင်တောင် အင်မော်တယ် ဘုရင်တစ်ပါးက ထိုက်ကျင်းနယ်ပယ်မှာရှိတဲ့ တစ်စုံတစ်ယောက်ကို စော်ကားဝံ့သလား ဒီဝိညာဉ်တစ်သောင်းဂိုဏ်းချုပ် သေချင်နေတာပဲ။ ”
မီးတောက်လင်းယုန်မှ လှောင်ပြောင်လိုက်၏။ သူသည်လည်း ဟွမ်ထျန်းအကြောင်း ကြားထားဖူး၏။
မြင့်မြတ်သူတစ်ပါးရှေ့တွင် အင်မော်တယ်ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာမှာ အသုံးမဝင်ချေ။ ဤသို့ ခြိမ်းခြောက်ခြင်းသည် ကြီးစွာသော ပြဿနာကို ဖိတ်ခေါ်ရာကျ၏။
“ အဲဒီအဖိုးကြီးစုသာ ဒီမှာရှိရင် အရမ်းကောင်းမယ်။ ”
ထျန်ရွှမ်းကျိတစ်ယောက် သတိရသွားသည်။ ထိုစဉ်အဝေးရှိဟွမ်ထျန်းမှ ကြောက်မက်ဖွယ်ရာ ရောင်ဝါများ ထုတ်ဖော်လျက်၊
“ ကောင်းပြီ ... ဒီတစ်ခါတော့ မင်းကို ယုံပေးလိုက်မယ်။ ”
-ဟု သဘောတူလိုက်သည်။
“ ဒါပေမယ့် မင်းကတိမတည်ရင် ... မင်းရဲ့ဂိုဏ်းတစ်ခုလုံးကို မှုန့်မှုန့်ညက်ညက်ချေ ပစ်လိုက်မယ်။ ”
“ တာအိုအစ်ကို မင်းစိတ်ချပါ။ ”
ထိုအချိန်တွင် ဟွမ်ထျန်းခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ သူ့အပေါ် လွှမ်းခြုံလာသဖြင့် ဝိညာဉ် တစ်သောင်း ဂိုဏ်းချုပ်မှာ လေးနက်သွား၏။
ထိုမြင်ကွင်းကြောင့် ထျန်ရွှမ်ကျိမှ သက်ပြင်းချကာ၊
“ ငါဟွမ်ထျန်းနဲ့ ဆက်ဆံခဲ့ဖူးတယ် သူ ဘယ်လောက် ကောက်ကျစ်တယ်ဆိုတာ ငါ အသိဆုံးပဲ စောင့်ကြည့်ရအောင် ... ဟွမ်ထျန်းက အဲဒီနတ်ဘုရားသားတော်ကို ချောချောမွေ့မွေ့ လာခွင့်ပြုမှာ မဟုတ်ဘူး။ ”
“ ဒါဆို ငါတို့ ပွဲကြီးတစ်ပွဲကြည့်ခွင့်ရပြီပေါ့။ ”
သို့သော် စကားဆက်မပြောနိုင်ခင် ထန်ရွှမ်းကျိတစ်ယောက် မျက်နှာအမူအရာလုံးဝ အေးခဲသွားလေသည်။
အဘယ်ကြောင့်ဆိုသော် အဝေးမှ ဟွမ်ထျန်းသည် ရုတ်တရက် လှည့်လာပြီး သူတို့ ပုန်းနေသည့်နေရာသို့ တည့်တည့် စိုက်ကြည့် နေသောကြောင့်ဖြစ်၏။
“ အဲဒီအဖိုးကြီး ငါတို့ကို မြင်သွားပြီ။ ”
မီးတောက်လင်းမှ ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ ထျန်ရွှမ်းကျိမှ စကားမဆို တော့ဘဲ ချက်ချင်းလှည့်ပြေး၏။
သို့သော်လည်း သူတို့ အဝေးသို့ မပြေးနိုင်ခင်မှာပင် လေထုအလယ် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး လမ်းကိုပိတ်ဆို့လာသည်။
ယင်းသည် ဟွမ်ထျန်းဖြစ်၏။ သွေးနီရောင်ဝတ်လုံများ တဖျပ်ဖျပ်ခတ်ကာ အေးစက်စွာ စိုက်ကြည့်နေချေပြီ။
***