အခန်း ၁၂၉၀
Vol. 108 Ch. 1290
အခန်း ၁၂၉၀ -
ဒီကမ္ဘာမှာ ... ဘယ်သူသတ္တိရှိလဲ ... ။
“ ဟားဟားဟား ... ။ ”
ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်၏ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာကို မြင်သောအခါ ဟွမ်ထျန်းက လှောင်ပြောင်လျက် ရယ်မောလိုက်လေသည်။
“ မင်း ... ။ ”
“ ဟားဟားဟား ... ငါ အခုပဲ သဘောပေါက်မိတယ် ဝိညာဉ်တစ်သောင်းဂိုဏ်း အနေနဲ့ နတ်ဘုရားသားတော်ကို ဒီကမ္ဘာထဲ ခေါ်လာချင်တာက ... သူ ...
... အင်မော်တယ်နယ်မြေမှာ နတ်ဘုရားတစ်ပါးအဖြစ် သက်သေပြပြီးတော့ ဒီခေတ်ရဲ့တာအိုနိယာမတွေကို သိမ်းပိုက်ဖို့ ကူညီချင်နေတာမဟုတ်လား ...
... ဒါဆို ... ငါ့ခန့်မှန်းပါရစေ မင်းရဲ့နတ်ဘုရားသားတော် တစ်ပါးတောင်မှ နတ်ဘုရားတစ်ပါးအဖြစ် သက်သေပြဖို့ ခေတ်ရဲ့ တာအိုကို လိုအပ်နေပါတယ်။”
ရွှေခေတ်ရောက်လာသည်နှင့်အမျှ အင်မော်တယ်နယ်မြေတွင် နတ်ဘုရားတစ်ပါး အဖြစ် သက်သေပြနိုင်မည့် အခွင့်အလမ်းများ ပေါ်လာပေလိမ့်မည်။
ထို့အချင်းအရာကို နတ်ဘုရားများ၏ သားစဉ်မြေးဆက်များမှ နားလည်ထားသဖြင့် ဤကမ္ဘာသို့ဆင်းသက်ကာ အခွင့်အရေးကို ရယူရန် ကြံစည်ထားခြင်းဖြစ်သည်။
“ ဟမ့် ... ငါက နတ်ဘုရားတွေ အင်မော်တယ်နယ်မြေထဲကို စိမ့်ဝင်နေတာက အဲဒီအဖိုးကြီးဝမ်ယဲ့ကို ကိုင်တွယ်ဖို့ပဲလို့ ထင်နေခဲ့တာ ...
... တကယ်တော့ သူတို့မှာ ဒီထက် မြင့်မားလွန်းတဲ့ အခြားရည်ရွယ်ချက်ကြီးတွေ ရှိနေကြတာပဲ။ ”
ထျန်းရွှမ်ကျိမှ ရေရွတ်လိုက်၏။ ဤသို့ဆိုသော် ဤဝိညာဉ်တစ်သောင်းဂိုဏ်း ကဲ့သို့ပင် အခြားသော အင်အားစုများအချို့ သည်လည်း သူတို့၏ ကျောထောက်နောက်ခံ နတ်ဘုရားများ၏ သားစဉ်မြေးဆက်များကို ခေါ်ဆောင်ရန် ကြိုးစားလာနိုင်မည်။
များမကြာမီ အင်မော်တယ်မြေသည် အမှန်ပင်ရှုပ်ထွေးလွန်းသော အခြေအနေသို့ ဆိုက်ရောက် လာပေတော့မည်။
တစ်ဖက်တွင် ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်၏ မျက်နှာမှာ ရုတ်ချည်း တင်းမာခက်ထန်လာပြီး၊
“ တာအိုအစ်ကို ... နတ်ဘုရားရဲ့ ကပ်ဘေးကိုဖြေရှင်းမယ့် လျှို့ဝှက်နည်းလမ်းကို ငါပေးဖို့အာမခံနိုင်တယ် ဒါပေမယ့် မင်းဘက်က ကတိကို ဘာနဲ့ အာမခံမလဲ။ ”
-ဟု ပြန်လည်မေးမြန်းလိုက်သည်။
“ ဟန်ဆောင်မနေနဲ့ မင်းလိုလူက နတ်ဘုရားတွေပေးအပ်ထားတဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားပြီး ငါ့အသက်ကို ခြိမ်းခြောက် နိုင်လောက်တဲ့အထိ စွမ်းနိုင်တာပဲ ...
... ဒီလိုအခြေအနေမျိုးမှာ ငါ ကတိမတည်တော့မှာကို မင်းက ဘာလို့ စိုးရိမ် ပြနေရတာလဲ ...
... တကယ်တော့ မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်က နတ်ဘုရားကပ်ဘေးအပေါ် အသုံးချပြီး မင်းရဲ့ထိန်းချုပ်မှုအောက်မှာထားဖို့ စဉ်းစားနေတာ မဟုတ်လား။ ”
ဟွမ်ထျန်းလေသံသည် အေးစက်ပြီး သရော်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သာမန် အင်မော်တယ်ဘုရင် မျှသာရှိသေးသည့်လူက သူ့ကဲ့သို့သော ပြိုင်ဘက်ကင်း မြင့်မြတ်သူ တစ်ပါးကို ကစားရန် ဝံ့သည်လော။
ရယ်စရာကောင်းလွန်းချေပြီ။ ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်က မျက်ဝန်းများ မှေးစင်းသွားကာ၊
“ တာအိုအစ်ကို ... မင်း ငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့ မျှော်လင့်ပါတယ်။”
-ဟုဆိုကာ လက်ထဲတွင် ကိုင်ထားသည့် အနက်ရောင် သင်္ကေတကို ပြန်၍သိမ်းလိုက်ပြီး အဖြူရောင် တံဆိပ် ထုတ်ယူလိုက်၏။
သည့်နောက် ထျန်ရွှမ်ကျိထံ ပစ်ပေးလိုက်သည်။ သို့သော် ဤတစ်ကြိမ်၌ ဟွမ်ထျန်းသည် စိတ်ပြောင်းသွားပြီး လေထဲ ဖမ်းဆွဲလိုက်တော့၏။
“ ငါ့ဆီကိုပဲ တိုက်ရိုက် ပေးပါ။ ”
ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှ စကားမဆိုတော့ဘဲ ရပ်ကြည့်နေခဲ့သည်။ ဤအဖိုးကြီးသည် အမှန်ပင် ကောက်ကျစ် ပါးနပ်လွန်းချေပြီ။
ဟွမ်ထျန်းက အရိုးဖြူတံဆိပ်ကို သူ့ရှေ့သုံးပေအကွာတွင် ရပ်တန့်စေလိုက်သည်။ နတ်အာရုံကို အသုံးပြု၍ အန္တရာယ်မရှိကြောင်း သေချာစွာ စစ်ဆေးပြီးနောက်မှသာ သိမ်းယူလိုက်တော့၏။
သို့သော် အချက်အလက်များကို ဖတ်ရှုပြီးနောက် မျက်နှာမည်းမှောင်သွားကာ သတ်ဖြတ်လိုစိတ်များ တောက်ပလာသည်။
“ ကောင်လေး ... မင်းက ငါ့ကို အရူးများ မှတ်နေသလား။ ”
“ ဟမ့် ... နတ်ဘုရားကပ်ဘေးက ဘယ်လောက်အထိ ကြောက်စရာကောင်းတဲ့ မင်းလည်း သိနေတာပဲ ... နတ်ဘုရားတွေရဲ့ စစ်မှန်တဲ့စွမ်းအားမပါဘဲ ဘယ်လိုလုပ် ...
... ဖယ်ရှားနိုင်မှာလဲ ဒီတံဆိပ်ထဲမှာပါတဲ့ လျှို့ဝှက်နည်းစနစ်က နတ်ဘုရားကပ်ဘေးကို ချက်ချင်း ဖယ်ရှားမပေးနိုင်ပေမယ့် ... သူ့ရဲ့ စွမ်းတွေကို နှိမ်နင်းထားနိုင်ပါတယ် ...
... နတ်ဘုရားသားတော် ဒီကမ္ဘာကို ဆင်းသက်လာတာနဲ့ ... သူ့ရဲ့မြင့်မြတ်တဲ့တာအို စွမ်းအားတွေနဲ့ မင်းရဲ့နတ်ဘုရားကပ်ဘေးကို လုံးဝ ဖြေရှင်းပေးလိမ့်မယ်လို့ ငါအာမခံတယ်။ ”
“ ဟမ့် ... မင်းပြောတဲ့အတိုင်း ဖြစ်လာဖို့ မျှော်လင့်ရတာပဲ။ ”
သို့မှသာ ဝိညာဉ်တစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် စိတ်သက်သာရာရသွားလျက် သက်ပြင်းချလိုက်တော့သည်။
“ အဘိုးကြီးဟွမ် ... မင်း နတ်ဘုရားသားတော်ကို ခေါ်ပေးပြီးတဲ့နောက် သူက မင်းကို ဂရုစိုက်ပါဦးမလား။ ”
ရုတ်တရက် ထျန်ရွှမ်ကျိမှ အဝေးမှနေပြီး အော်ဟစ်သတိပေးလိုက်သည်။ ဟွမ်ထျန်းက လှည့်မကြည့်ဘဲ၊
“ နတ်ဘုရားသားတော်က ဒီကမ္ဘာကို ဆင်းသက်လာပြီးတဲ့နောက် သူ့မှာအစေခံတွေ လိုအပ်နေမှာ သေချာတယ် ...
... ဒီလိုဝိညာဉ်တစ်သောင်းဂိုဏ်းရဲ့ အင်မော်တယ်ဘုရင်တစ်ပါးတောင် ကျွန်အဖြစ် တာဝန်ထမ်းဆောင်နိုင်သေးတာပဲ ... ငါကော မလုပ်နိုင်စရာ အကြောင်းရှိလား။ ”
-ဟု အော်ဟစ်လိုက်၏။
“ မင်း ... ။ ”
ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသော်လည်း အံကြိတ်လျက် တိတ်ဆိတ်သွားချေပြီ။ တစ်ဖက်တွင် ထျန်ရွှမ်ကျိမှ ပြုံးလျက်၊
“ မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းလိုဂုဏ်သိက္ခာရှိတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါး ခွေးဖြစ်ချင်နေတာ ... ငါတကယ်မယုံနိုင်ဘူး။ ”
-ဟု လှောင်ပြောင်လိုက်၏။
“ ကမ္ဘာကြီးမှာ တစ်ခုခုလိုချင်ရင် ထိုက်တန်တဲ့တန်ဖိုး ပေးဆပ်ရတာပဲ မင်းသာ ငါ့ရဲ့နတ်ဘုရားကပ်ဘေးကို ဖယ်ရှားပေးနိုင်ရင် ဘာလို့ ငါကို ခွေးအဖြစ်မခေါ်ရတာလဲ။ ”
“ အရှက်မရှိတဲ့ အဖိုးကြီးဟွမ် ... ။ ”
“ ဟားဟားဟား ... ငါသာ နတ်ဘုရားသားတော်ရဲ့ ယုံကြည်မှုကိုရရှိအောင် လုပ်နိုင်ရင် ... အနာဂါတ်မှာ နတ်ဘုရားဖြစ်ဖို့ အခွင့်အရေးရှိတယ် မဟုတ်လား။ ”
ထျန်ရွှမ်ကျိတစ်ယောက် ခဏမျှ စကားမပြောနိုင် ဖြစ်သွားလေသည်။ ယင်းမှာ အမှန်ပင် ကျောရိုးမဲ့လွန်းနေ၏။
ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှ စိတ်မရှည်တော့ဘဲ၊
“ မင်းမှာ ဒီလို အစီအစဉ် ရှိနှင့်ပြီးသားဆိုတော့ နတ်ဘုရားသားတော်ကို အမြန်ဆုံး ခေါ်လာပါ တာအိုအစ်ကို။ ”
-ဟု တိုက်တွန်းလိုက်သည်။
“ ကောင်းပြီ ... ။ ”
ဟွမ်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။ သူသည်လည်း ဤအခြေအနေကို ကြာကြာ တောင့်မခံ နိုင်တော့ချေ။
တာအိုအာကာသစွမ်းအားကို အပြည့်အဝထုတ်ဖော်ခြင်းသည် သူ့ကဲ့သို့သော လူတစ်ဦးအတွက်ပင် အလွန်အမင်း ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။
သို့သော် မျက်နှာပြင်ပေါ်တွင်မူ တည်ငြိမ်နေဟန် ဆောင်ထားဆဲ ဖြစ်ချေ၏။ လက်တံဆိပ်များ ထုတ်ဖော်လျက်၊
“ လမ်းဖွင့် ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
မရေမတွက်နိုင်သော ကမ္ဘာများကြား အမြစ်တွယ်နေသည့် ဧရာမသစ်ပင်ကြီးသည် ပြင်းစွာတုန်ခါသွားတော့၏။
ထို့နောက် အကိုင်းအခက်တစ်ခုသည် ကောင်းကင်ယံ၏ အဆုံးမဲ့ အမှောင်ထုထဲသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။
အချိန်များ မရေမတွက်နိုင်အောင် ကုန်ဆုံးနေပြီး အတားအဆီးများ လုံးဝပျက်ပြယ် ဖောက်ထွက်နေ၏။
“ ဝူး ... ။ ”
အဆုံးတွင် လျှို့ဝှက်ဆန်းကြယ်ပြီး မြင့်မားလှသော နယ်နိမိတ်အတားအဆီးတစ်ခု ထံသို့ ဝင်ရောက်သွားတော့သည်။
ထိုအချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါလျက် အာကာသနှင့်အချိန် ဥပဒေများ ရုတ်ချည်း ဆူပွက်လာ၏။
နယ်နိမိတ်အတားအဆီးများ ကျိုးပဲ့ပျက်စီးသွားသကဲ့သို့ အဝေးတစ်နေရာမှ စူးရှတောက်ပသော အလင်းရောင်ခြည်တန်း တစ်ခု ဖြာထွက်လာချေပြီ။
ဤသည်မှာ ကမ္ဘာစတ်သောင်း သစ်ပင်ဝိညာဉ်ဖြင့် တည်ဆောက်ပေးထားသည့် အာကာသဥမင်လိုဏ်ခေါင်းဖြစ်၏။
“ ခရစ် ... ။ ”
မျက်စိတစ်မှိတ်အတွင်း အချိန်များရပ်တန့်ကာ ကောင်းကင်ကြီးပွင့်လာ ခဲ့ချေပြီ။ မြင်ကွင်းမှာ အဆုံးမဲ့ အမှောင်ထုကြီး ဖြစ်နေတော့၏။
“ အောင်မြင်ပြီ ... ။ ”
ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်၏ မျက်နှာသည် ဝမ်းသာအားရမှုများ ပြည့်နှက် လာလေသည်။
ယဇ်ပလ္လင်ထံမှ တိကျရှုပ်ထွေးသော သိန်းဂဏန်းအချို့ သစ်ကိုင်းနှင့်ပေါင်းစပ်လာ၏။ ဤသည်မှာ အင်မော်တယ်မြေ တစ္ဆေငို ချောက်ကမ်းပါး၏ အာကာသဆုံမှတ်ပေပင်။
တစ်ဖက်ရှိ နတ်ဘုရားသားတော်မှ အချိန်မြစ်ကြီးအတွင်း ထိုအာကာသဆုံမှတ်ထံ ရှာဖွေကာ ဆင်းသက်နိုင်ပြီဖြစ်၏။
ယင်းသည် နာနိုစက္ကန့်လေးမျှသာ ဖြစ်သော်လည်း ဟွမ်ထျန်းအတွက်မူ အချိန်များ ရပ်တန့်နေသည့်အလား ပင်ပန်းကြီးစွာ ခံစားလာရသည်။
များမကြာခင် အလင်းတန်းအတွင်း ကောင်းကင်ကြီးတစ်နေရာတွင် တံခါးဖွင့်လိုက် သကဲ့သို့ ရောင်ဝါတစ်ခု ရုတ်ချည်းပေါ်လာ၏။
မှုန်ဝါးပြီး မြင့်မားထည်ဝါသော လူငယ်တစ်ယောက်အသွင် ကောက်ကြောင်းကို အလင်းနောက်ခံဖြင့် မြင်လာရသည်။
ကောင်းကင်ဘုံကိုးပါး အပြင်တွင် တည်ရှိနေသည့် နတ်ဘုရားသားတော်တစ်ပါး ဖြစ်၏။ သေမျိုးကမ္ဘာ၏ မြူများကင်းရှင်းလျက် ကြည်လင်သန့်စင်နေသည်။
“ ဝူး ... ။ ”
ယဇ်ပလ္လင်သည် မြေပြင်၌ ပွက်ပွက်ဆူလာပြီး ဖိအားကိုခံယူနေရတော့၏။ ဟွမ်ထျန်းအတွက်မူ ဆိုဖွယ်မရှိချေ။
နတ်တောင်ကြီးတစ်လုံးအောက်မှ ခါချဉ်တစ်ကောင်အလား အံကြိတ်ပြီးချွေးများ လုံးဝနစ်နေချေပြီ။
မီးလောင်ထားသည့် သစ်မြစ်သည်လည်း တိုး၍တောက်ပလျက် ကောင်းကင်လမ်းကြီးကို ပြတ်သားစွာ ခင်းကျင်းပေးလာ၏။
အချို့သော လူသားများသည် ပေါင်းမြက်ပင်များကဲ့သို့ တန်ဖိုးကင်းမဲ့စွာဖြင့် ကမ္ဘာကြီးတွင် မွေးဖွားလာတတ်သည်။
အချို့သည် နတ်ဘုရားများ၏ သားသမီးအဖြစ် မြင့်မြတ်စွာ မွေးဖွားလာကြပြီး ကမ္ဘာကြီးအပေါ် အုပ်စိုးချေပြီ။
ထိုနှစ်ခုကြား ကွာခြားချက်များသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်နေချေ၏။ ဟွမ်ထျန်းကဲ့သို့ ပြိုင်ဘက်ကင်းမြင့်မြတ်သူပင် ကောင်းကင်ဘုံ၏ ထိုမတရားမှုအပေါ် တိတ်တဆိတ် ကျိန်ဆဲလိုက်မိလေသည်။
ဤအချိန်တွင် ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်မှာ မြေပြင်ပေါ်သို့ ဝပ်စင်းချလိုက်ပြီး၊
“ ဒီလက်အောက်ငယ်သားဝမ်ယွမ်က နတ်ဘုရားသားတော်ရဲ့ သေမျိုးကမ္ဘာခရီးစဉ် အတွက် ပျော်ရွှင်စွာ ကြိုဆိုပါတယ်။ ”
-ဟု အော်ဟစ်လာလေသည်။
“ ဝမ်ယွမ် ... မင်းက တကယ် ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ငါမင်းအတွက် ကောင်းချီးတစ်ခု ယူဆောင်လာပေးတယ်။ ”
နတ်ဘုရားသားတော်က အလင်းနောက်ခံများဖြင့် အာကာသဥမင်ထဲသို့ ဖြည်းညှင်းစွာ လျှော်ကလှမ်းလာနေသည်။ ခြေတစ်လှမ်းသည် ကမ္ဘာတစ်ခုကွာဝေး၏။
“ ဟွမ်ထျန်း ... ငါ မင်းရဲ့အကြောင်းကို ကြားဖူးတယ် ဒီဆင်းသက်ဖို့ အာကာသဥမင်ကြီး ဖွင့်လှစ်ပေးတဲ့အတွက် မင်းရဲ့ခန္ဓာကိုယ်ပေါ်က နတ်ဘုရားကပ်ဘေးကို ဖယ်ရှားပေးမယ်။ ”
တစ်ဆက်တည်းမှာပင် နတ်ဘုရားသားတော်က ဟွမ်ထျန်းကို နှစ်သိမ့် ပေးတော့၏။
“ ကျေးဇူးတင်ပါတယ် ... နတ်ဘုရားသားတော်။ ”
ဟွမ်ထျန်းက အံကြိတ်လျက် တုန့်ပြန်လိုက်သည်။ ဤစကားတစ်ခွန်းသည်ပင် သူ့အတွက် နာနိုစက္ကန့်များစွာ တောင့်ခံနိုင်ရန် တွန်းအားဖြစ်စေ၏။
“ နတ်ဘုရားသားတော် ကျေးဇူးပြုပြီး ... ဆင်းသက်ပေးပါ ဒီအဖိုးကြီး ထပ်ပြီးတောင့်မခံ နိုင်တော့ပါဘူး။ ”
“ ကောင်းပြီ ... ။ ”
ဟွမ်ထျန်းစကားကြောင့် နတ်ဘုရားသားတော်သည် ထည်ဝါလွန်းသော အသွင်နှင့် လျှောက်လှမ်းနေမှုကို ပျံသန်းခြင်းထံ ပြောင်းလဲလိုက်ချေပြီ။
သူ့နောက်ထံပါးတွင် ခေတ်အဆက်ဆက်၊ စကြာဝဠာအသီးသီးကို အဝေးတွင်ထားရစ်သည့် မြင်ကွင်းမျိုး မှုန်ဝါးဝါးပေါ်လာ၏။
ဤသည်မှာ ရှည်လျားသော ငွေရောင်ဆံပင်များနှင့် အနက်ရောင် တိုက်ပွဲဝင် သံချပ်ကာဝတ်ထားသော လူငယ်တစ်ယောက် ဖြစ်လေသည်။
အသားအရေသည် ကျောက်စိမ်းကဲ့သို့ ချောမောနေကာ မျက်ဝန်းအစုံ၌ လျှပ်စီးများ လောင်မြိုက်နေ၏။
မျက်ခုံးနှစ်ခုကြား ကောက်ကွေးနေသည့် ရွှေရောင်မြွေငယ်လေးပုံသဏ္ဌာန် အမှတ်အသား တစ်ခု ပါရှိသည်။
သူ့လက်ထဲတွင်မူ ကိုးထပ်မြင့်သော အဖြူရောင်ဘုံကျောင်းကို ကိုင်ဆောင်ထားပြီး လမ်းကြောင်းတစ်လျှောက်ရှိ အချိန်-အာကာသ တားမြစ်လှိုင်းများကို ဖျက်ဆီးပေးနေ၏။
သံသယဖြစ်စရာမလိုဘဲ ထိုအဖြူရောင်ဘုံကျောင်းသည် နတ်ဘုရား အဆင့် ရတနာတစ်ပါး ဖြစ်ပေမည်။
“ ငါ့အတွက် လမ်းဖွင့် ... ။ ”
“ ဝုန်း ... ။ ”
ရုတ်တရက် အာကာသ ပြတ်ရွေ့ကြောင်းတစ်ခု သူလမ်း၌ပေါ်လာသဖြင့် အဖြူရောင်ဘုံကျောင်းကို ဝှေ့ရမ်းလျက် ဖယ်ရှာလိုက်သည်။
ထိုဖြစ်စဉ်မှ ပေါက်ကွဲမှု အဖျက်စွမ်းအားသည် ဟွမ်ထျန်းကဲ့သို့တည်ရှိမှု မဆိုနှင့် နတ်ဘုရားသားတော်အတွက်ပင် အန္တရာယ်ရှိချေပြီ။
တရွေ့ရွေ့နှင့် ငွေရောင်ဆံပင်နှင့် လူငယ်သည် ပွင့်နေသောကောင်းကင်အလွှာနှင့် နီးကပ်လာတော့သည်။
“ ဝူး ... ။ ”
ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ပြင်းစွာ တုန်ခါသွားလျက် ယဇ်ပလ္လင်သည်ပြိုလဲလုနီးပါး ညည်းညူသံများ ထွက်ပေါ်လာ၏။
“ ဝေါ့ ... ။ ”
ဟွမ်ထျန်းတစ်ယောက် သွေးတစ်လုတ် အန်လိုက်ရပြီး အခြေအနေသည်အကန့်အသတ် ရောက်ရှိလာပြီဖြစ်သည်။
ခန္ဓာကိုယ်ရှိ တာအိုအာကာသသည် ဖန်ပုလင်းကဲ့သို့ အက်ကြောင်းအချို့ ထင်ဟပ် လာနေတော့၏။
ပေးဆပ်ရသည်မှာ တကယ်ပင် ကြီးမားလွန်းချေပြီ။ အသက်ကို ခပ်ပြင်းပြင်းပင် ရှူသွင်းကာ ပြိုလဲမသွားစေရန် ကျင့်ကြံမှုအပေါ် အဆုံးထိလည်ပတ်လိုက်ရ၏။
“ နောက်ဆုံးတော့ နတ်ဘုရားသားတော် ဆင်းသက်လာနိုင်ပြီ။ ”
ဤအချိန်တွင် ငွေရောင်ဆံပင်နှင့် လူငယ်လေးသည် အာကာသဥမင်လိုဏ်ခေါင်းမှ ထွက်ပေါ်လာပြီးဖြစ်သည်။
သို့သော် ဤစကြာဝဠာသို့ ရောက်ရှိရန် အနည်းငယ်မျှ လိုအပ်နေသေးသည်။ ထိုမျှသော အရေးကြီးနေသောအချိန်တွင် စူးရှလွန်းသည့် ဓားရောင်ဝါတစ်လက် ပျံတက်လာ၏။
“ ဟမ့် ... ဘယ်လိုသတ္တိရှိလဲ။ ”
မြေပြင်တွင် ဝပ်တွားလျက် ခေါင်းမော့ကြည့်နေသော ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်မှာ ထိတ်လန့်တကြား ဓားအလင်းကို ပယ်ဖျက်ရန် ခုန်ထလိုက်တော့သည်။
“ ဝုန်း ... ။ ”
သို့သော် ဓားရောင်ဝါနှင့် ထိမှန်သောအခါ သူ့ခန္ဓာကိုယ်ကြီးသည် ယင်ကောင်တစ်ကောင် အလား လွင့်ပျံသွား၏။
အဆုံးဝင် ဓားရောင်ဝါသည် ပေတစ်ရာခန့်ကြီးမားသော ယဇ်ပလ္လင်အပေါ် တိုက်ရိုက် ထိမှန်သွားတော့သည်။
“ ဘောင်း ... ။ ”
ပြင်းထန်လှသော ပေါက်ကွဲမှုနှင့်အတူ ယဇ်ပလ္လင်ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေပြိုကျသွား၏။
“ ခရစ် ... ။ ”
“ ဘောင်း ... ။ ”
အလယ်ဗဟိုရှိ ကိုးပေမြင့်သော ယဇ်ပလင်လေးသည်လည်း ပင့်ကူအိမ်အလား အက်ကြောင်းများ ထင်လာကာ ပြိုလဲ ပျက်စီးသွားရတော့သည်။
“ ခရစ် ... ။ ”
ထိုကဲ့သို့ ပြင်းထန်လှသော ထိခိုက်မှုဒဏ်ကြောင့် ကောင်းကင်ထက်တွင် ထင်ဟပ်နေသည့် သစ်ပင်ပုံရိပ်သည်လည်း တုန်ခါကွဲအက်လာ၏။
“ ဟမ့် ... ။ ”
တစ်ဆက်တည်းမှာပင် ကောင်းကင်ရှိ အာကာသဥမင်ကြီးသည်လည်း မတည်မငြိမ် ဖြစ်လာကာ ငွေရောင်ဆံပင်နှင့် လူငယ်ကို ယိမ်းထိုးသွားစေတော့သည်။
“ ဒီကမ္ဘာမှာ ငါ့လမ်းကို တားဆီးဖို့ ဘယ်သူသတ္တိရှိလဲ။ ”
***