အခန်း ၁၂၉၃
Vol. 108 Ch. 1293
အခန်း ၁၂၉၃ -
ဝင်စားခြင်းတာအို၊ ငရဲဘုံကိုးပါးဓားနှင့် တာအိုအာကာသ။
စုရီသည် သူ့ပြိုင်ဘက်ဟွမ်ထျန်း၏ စိတ်နေသဘောထားကို ကောင်းစွာသိရှိသည်။ ထိုသူသည် ကောက်ကျစ်ပြီး သံသယများကာ စိတ်ကူးပြောင်းလွယ်သူ တတ်သူပေပင်။
မိမိဘက်မှ အားနည်းချက် အနည်းငယ် ပြသသည်နှင့် တစ်ဖက်လူ၏ သံသယစိတ်ကို ချက်ချင်း နှိုးဆွမိသွားပေလိမ့်မည်။
ထို့ကြောင့်ပင် ရှေးမစွတည်းကပင် အလွန်အမင်းကြီးစိုးပြကာ တိုက်ပွဲအပေါ်သို့ ဦးဆောင်လိုက်ခြင်း ဖြစ်သည်။
“ ဝှစ် ... ။ ”
ဓားတစ်ချက် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားကာ ကောင်းကင်နှင့်မြေကြီး ပြိုပျက်လုမတတ် ဖြစ်သွားသည်။
သေမျိုးဓားတွင် ဆန်းကြယ်လှသော ငရဲဘုံကိုးပါးဓားရောင်ဝါကို ထည့်သွင်းလျက် ခွန်အားအကုန်အစင် အသုံးချလိုက်ခြင်းပင်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ဓားအရှိန်အဝါကြောင့် ဟွမ်ထျန်းတစ်ယောက် မျက်နှာပျက်သွားရသည်။
ဤသည်မှာ သူတော်စင်တစ်ပါး၏ ကျင့်ကြံမှုဖြစ်နိုင်သည်လော။ သေချာပေါက် မဖြစ်နိုင်ချေ။
“ ထွက်သွား ... ။ ”
အတွေးများ လျှပ်စီးများလိုလက်ခနဲ ဖြစ်သွားပြီးနောက် တံဆိပ်တစ်ခုဖြင့် ချက်ချင်း တုန့်ပြန်လိုက်သည်။
သူ့ဦးခေါင်းထက်ရှိ သွေးမီးတောက် ကောင်းကင်ပန်းချီကားသည် နတ်မီးလျှံများ ရေတံခွန်အလား ပျံထွက်လာသည်။
တာအိုအာကာသကို ထုတ်ဖော်လျက် ထိုမီးလျှံများဖြင့် ပေါင်းစပ်ကာ ပတ်ဝန်းကျင် တစ်ခုလုံး သွေးရောင် ပြောင်းလဲလာ၏။
ထိုက်ကျင်းအဆင့် လျှို့ဝှက်ရတနာ၏ စွမ်းအားသည် လွန်စွာများပြားကြီးမားလှသဖြင့် ကမ္ဘာကြီးကိုဖျက်ဆီးသည့် ကပ်ဘေးအလား ကျဆင်းလာတော့သည်။
“ ဝုန်း ... ။ ”
ထိုစဉ် ဓားအလင်းတစ်လက်သည် အဆုံးမရှိသော သွေးနီရောင်ကမ္ဘာကြီးအတွင်း ဖြတ်သန်းလျက် ပန်းချီကားပေါ်သို့ ဖြတ်တောက်သွားတော့သည်။
နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုတွင် လေဟာနယ်သည် ချက်ချင်းပြိုကျသွားခဲ့ကာ ကြီးမားသော လှုပ်ခတ်မှုလှိုင်းနှင့် ပျက်စီးခြင်း ဖြစ်စဉ်အတွင်း သက်ဆင်းသွား၏။
စုရီတစ်ယောက် တုန်ခါလျက် နောက်သို့ လွင့်ထွက်သွားရသည်။ လက်ထဲမှဓားသည်ပင် တဆက်ဆက် တုန်ခါလာပြီး သွေးနှင့်ချီ ဆူပွက်လာတော့၏။
တစ်ဖက်တွင် သွေးမီးတောက် ကောင်းကင်ပန်းချီကားသည်လည်း ပြင်းထန်စွာ တုန်ခါယိမ်းထိုးသွားလေသည်။
ဟွမ်ထျန်းတစ်ယောက် မျက်နှာ တစ်ပြင်လုံးသွေးစုတ် ဖြူလျော်လာတော့၏။ ဤမတိုင်မီနတ်ဘုရားသားတော်ကို လမ်းပြထား သောကြောင့် သူ့ကျင့်ကြံမှုမှာ နွမ်းလျနေချေပြီ။
ထိုအချိန်တွင် စုရီသည် သူ့တာအိုအာကာသနှင့် ယဇ်ပလ္လင်ပေါင်းစပ်မှု အပေါ် အတင်းအကျပ်ဖြိုခွင်းလိုက်လေရာ ဒဏ်ရာအချို့ပင် ရရှိခဲ့၏။
အရေးအကြီးဆုံးမှာ နတ်ဘုရားကပ်ဘေး စွမ်းအားများနှင့် တုပ်နှောင်ခံထားရခြင်းဖြစ်၏။ ထို့ကြောင့် သူ့လှုပ်ရှားမှုသည် အထွတ်အထိပ် ကာလထက်များစွာ အားနည်းနေချေပြီ။
အဆိုပါအခြေအနေမျိုးတွင် စုရီ၏ ဓားချက်သည် အမှန်ပင် သူ့အကန့်အသတ်သို့ ရောက်ရှိလာစေတော့၏။
“ ဟားဟားဟား ... ။ ”
ရုတ်တရက် ခေါင်းမော့ကာ ဟားတိုက်ရယ်မောလိုက်သည်။ သည့်နောက် စုရီထံ ပြန်ကြည့်ကာ၊
“ ဝမ်ယဲ့ ... မင်းရဲ့ ပြန်လည်ဝင်စားတဲ့ ခန္ဓာကိုယ်ကလည်း ဒီလောက်ပဲ ရှိတာလား။ ”
-ဟု လှောင်ပြောင်တော့၏။ စုရီမှ လှောင်ပြောင်လိုသော အပြုံးဖြင့်၊
“ ထိုက်ကျင်းနယ်ပယ် တတိယအဆင့်က မင်းလိုလူတစ်ယောက်က ပထမအဆင့်ခွန်အား အထိကျဆင်းလာတာလား ... ကြည့်ရတာ နတ်ဘုရားကပ်ဘေးက မင်းခန္ဓာကိုယ်ကို တကယ်ပဲ သက်ရောက်စေတာပဲ။ ”
-ဟု တုန့်ပြန်လိုက်သည်။
ဟွမ်ထျန်းတစ်ယောက် အပြုံးများ အေးခဲသွားလေသည်။ ဤသုံးသပ်ချက်သည် သူ့ အတွက် သည်းမခံနိုင်သောအရာဖြစ်နေ၏။
“ ဒါပေမဲ့ မင်းလို ပြန်လည်ဝင်စားတဲ့ ပုရွတ်ဆိတ်လေးတစ်ကောင်ကို ရှင်းပစ်ဖို့ဆိုတာ လုံလောက်တာထက် ပိုနေပါသေးတယ်။ ”
“ သေချာလား ... ။ ”
စကားဆုံးသည်နှင့်အမျှ စုရီမှ ဓားကို ဝှေ့ယမ်းကာ ထပ်မံ တိုက်ခိုက်လိုက်တော့သည်။ ဓားရောင်ဝါသည် ဒီရေလှိုင်းအလား ပြေးထွက် သွားချေပြီ။
ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးသည် ပန်းချီကားတစ်ချပ်ကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လျက် လေဟာနယ်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်တည်လာသည်။
ဤမြင်ကွင်းက အမှန်ပင် တုန်လှုပ်ဖွယ်ကောင်းနေ၏။ သံသယဖြစ်ဖွယ် မရှိ စုရီ၏ ဝှက်ဖဲတစ်ချက်ပေပင်။
“ ဖိနှိမ် ... ။ ”
ဟွမ်ထျန်းမှ အော်ဟစ်လိုက်ပြီး သွေးမီးတောက် ကောင်းကင်ပန်းချီကာအပေါ် ကျင့်ကြံမှုကို လောင်းထည့်လိုက်၏။
“ ဝုန်း ... ။ ”
ထိုနောက်တွင် လေဟာနယ်တစ်ခုလုံး ကမောက်ကမဖြစ်လာကာ ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ကြသည်။
နတ်ဘုရားနှစ်ပါး ပြင်းထန်စွာ စစ်ခင်းနေသကဲ့သို့ ကောင်းကင်၏နက်ရှိုင်းသော အရပ်ထံ၌ ဝုန်းဒိုင်းကျဲနေတော့၏။
ဖျက်ဆီးခြင်း စွမ်းအင်များသည် မုန်တိုင်းအကြွင်းအကျန်များသဖွယ် မြေပြင်ထံ ဆင်းသက်လာကြသည်။
ပျက်စီးကုန်သော ယဇ်ပလ္လင် အပိုင်းအစများမှာ အမှုန်များအဖြစ်ပြောင်းလဲ ပျက်ပြယ်ကုန်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လှုပ်ရှားမှုပေါင်းရာဂဏန်း အသုံးပြုပြီးဖြစ်သည်။ ထိုစဉ်စုရီပုံရိပ်သည် နောက်သို့ လွင့်ထွက်လျက် နှုတ်ခမ်းထောင့်မှ သွေးစအချို့ စီးကျလာ၏။
လေထုအလယ် ဟန်ချက်ထိန်းညှိရန် ပေပေါင်းထောင်ဂဏန်းအထိ ဆုတ်ခွာခဲ့ရခြင်း ဖြစ်လေသည်။
တစ်ဖက်တွင် ထိုက်ကျင်းရတနာသည် တဝူးဝူးမြည်လျက် ဟွမ်ထျန်းခမျာ အသက်ကို အလုအယက် ရှူသွင်းနေရတော့၏။
“ အဖိုးကြီးဝမ် ... အဲဒီတုန်းက မင်း ဘယ်လောက်တောင် ရဲရင့်ပြီး ထက်မြက်ခဲ့လဲ မင်းစိတ်ကြိုက် မြင့်မြတ်သူတွေကို သတ်ခဲ့တယ် အခု မင်းတကယ်ပဲ အားနည်းလွန်းနေပြီ။ ”
ဟွမ်ထျန်းမှ မှတ်ချက်ပေးလိုက်သည်။ ဓမ္မအဆုံးခေတ်မတိုင်မီက တစ်ဖက်လူနှင့်ဤသို့ တစ်ယောက်ချင်း ရင်ဆိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
ယခုမူ ပြင်းထန်စွာ တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ပြန်လည်ဝင်စားသော တစ်ဖက်လူအနေဖြင့် ထိုမျှသာပေပင်။ စုရီမှ ပြုံးလိုက်ပြီး၊
“ မင်း မထိန်းနိုင်တော့တာ သိသာတယ် စောစောကနတ်ဘုရားသားတော်ကို လမ်းပြမှု အတွက် မင်းရဲ့စွမ်းအင်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပုံရတယ် ... ။ ”
-ဟု တုန့်ပြန်၏။
“ ဟုတ်လား ... ဒါဆို ဒါကိုကြည့်ပါ။ ”
ဤတစ်ကြိမ်တွင် ဟွမ်ထျန်းသည် ဦးစွာတိုက်ခိုက်လာ၏။ သွေးနီရောင်ဝတ်ရုံစများ လေထဲတွင် လွင့်ပျံနေပြီး လက်နှစ်ဖက်ဖြင့် ပန်ချီကားကိုကိုင်ကာ စုရီထံရိုက်ချလိုက်သည်။
“ ဟမ့် ... ။ ”
စုရီက နောက်မဆုတ်ဘဲ ဓားဖြင့် ခုခံလိုက်သည်။ ခဏအတွင်းမှာပင် ကမ္ဘာကြီး တစ်ခုလုံး တစ်ဖန် ကမောက်ကမ ဖြစ်သွားရပြီး ကြောက်စရာတိုက်ပွဲကြီး ပြန်ပေါ်လာ၏။
ဖြစ်စဉ်များသည် ကောင်းက်င၌ ကမ္ဘာပျက်နေသည့်အလား လိုက်ပါလာသည်။ ယင်းသည် ရပ်ကြည့်နေသော ထျန်ရွှမ်ကျိနှင့် မီးတောက်လင်းယုန်မှာ အသက်ရှူရန်ပင် မေ့လျော့နေခဲ့၏။
“ နတ်ဆိုးအဘိုးကြီး ... သူတော်စင် အင်မော်တယ်တစ်ပါးလက်မှာ ဒီလောက်တောင် ရုန်းကန်နေရတာလား ... မင်းအစား ငါ တကယ်ရှက်မိတယ်။ ”
ထျန်ရွှမ်ကျိမှ အော်ဟစ် လှောင်ပြောင်လိုက်သည်။ ဟွမ်ထျန်းက သူ့ကို လျစ်လျူရှုထား၏။
အဘယ့်ကြောင့်ဆိုသော် ထိုအဖိုးကြီးတျန်ရွှမ်ကျိ၏ အရည်အချင်းသည် တစ်ဖက်လူကို စိတ်ဒုက္ခပေးရာ၌ ထူးချွန်ချေပြီ။ ထိုသို့သော လူမျိုးနှင့် တုပြိုင်ခြင်းသည် လေကုန်စေ၏။
တစ်ဖက်တွင် သူမည်မျှ နှိမ့်ချ လှောင်ပြောင်နေကာမူ စုရီ၏ခွန်အားသည် သူ့ကို အံ့အားသင့်စေသည်။
သူ့ကျင့်ကြံမှုသည် ထိုက်ကျင်းအဆင့်မှ ပြုတ်ကျလုနီးပါးဖြစ်နေသော်လည်း ဤသည်မှာ ထိုက်ကျင်းအဆင့်ဖြစ်နေဆဲပေပင်။ သူတော်စင် အင်မော်တယ်တစ်ပါးအနေဖြင့် လိုက်မီစရာ အကြောင်းမရှိချေ။
ဆိုလိုသည်မှာ ဤအဖိုးကြီးဝမ်သည် ယခင်ဘဝထက်သာလွန်သော လမ်းကြောင်းကို ရှာတွေ့ထားပုံရသည်။ ထိုအသိက သူ့ရင်ထဲ မနာလိုစိတ်များ ဝင်ရောက်လာစေ၏။
တစ်ချိန်တည်းမှာပင် စုရီပုံရိပ်သည် ယိမ်းထိုးနေပြီး ဆံပင်များ ဖွာလန်ကျဲနေခဲ့ကာ သွေးနှင့်ချီ ကစဉ့်ကလျားဖြစ်လာသည်။
သူ အမှန်တကယ် ဒဏ်ရာရရှိသွားပြီး ရောင်ဝါမှာ မတည်ငြိမ်တော့ချေ။ သို့တိုင်အောင် ဟွမ်ထျန်းသည်လည်း ထိုနည်းလည်းကောင်း ပေပင်။ ထူးထွေသက်သာခြင်း မရှိချေ။
ဝတ်ရုံများ စုတ်ပြဲလျက် မျက်နှာသည် လုံးဝဖြူလျော်နေကာ အသက်ကိုလုရှူနေသည်။ သူ့မျက်ဝန်းများတွင် ဖုံးကွယ်မရသော ပင်ပန်း နွမ်းနယ်မှုများ ထင်ဟပ်လာသည်။
“ ဟားဟားဟား ဝမ်ယဲ့ ... မင်းငါ့ကို သတ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား ဒါဆို ဘာလို့ မင်းစကားကို မတည်ရတာလဲ။ ”
ရုတ်ချည်း သူ့အရှိန်အဝါသည် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားခဲ့ကာ ခြေလှမ်းတိုင်း လေဟာနယ်ပြိုကျလာသည်။
“ မကောင်းတော့ဘူး ... ။ ”
မီးတောက်လင်းယုန်မှ စိုးရိမ်သွား၏။ တစ်ဖက်တွင်ထျန်ရွှမ်ကျိသည် အသက်ပြင်းပြင်း ရှူရှိုက်ကာ အနက်ရောင် လိပ်ခွံကို ထုတ်ယူထားလေသည်။
အခြေအနေအရ စုရီသာ ရှုံးနိမ့်သွားပါက သူနှင့် ရမ္မက်ကြီးသော မီးတောက်လင်းယုန်မှာ အသက်ရှင်ကျန်ရစ်တော့မည် မဟုတ်ချေ။
သို့သော် ထိုအချိန်တွင် စုရီရောင်ဝါသည် ချက်ချင်းပြောင်းလဲလာသည်။ နောက်ကျော၌ ထူးဆန်းသော အလင်းစက်ဝိုင်းခြောက်ခု ဖြစ်ပေါ်လာကာ အချင်းချင်း ရောယှက်လာ၏။
မူလက ကမောက်ကမ ဖြစ်နေသော ကမ္ဘာကြီးသည် ရုတ်တရက်ဆိုသလို အဆုံးမဲ့ အမှောင်ထုထဲ ကျဆင်းလာသည်။
အရာအားလုံး ဤအခိုက်အတန့်တွင် အေးခဲသွားချေပြီ။ အချိန်၊အာကာသနှင့် လေ သည်ပင် ငြိမ်သက်သွားတော့၏။
သက်ရှိဟူ၍ ဓားတစ်လက်သည်သာ ကောင်းကင်ပေါ် ထိုးတက်လာသည်။ ထိုဓား၌ ထူးခြားသော မြင်ကွင်းကြီးများ လိုက်ပါလာ၏။
နတ်ဘုရားများ၊နတ်ဆိုးများ၊ သေခြင်းနှင့်ရှင်ခြင်း၊ အချိန်ကာလ မမွေးဖွားခင် အာကာသကြီး၊ အမှောင်များ၊ နေများ၊လများ၊ ကြယ်များနှင့် ထူးခြားသော စွမ်းအင်များ အစရှိသည့် မြင်ကွင်းများပေပင်။
ထိုကာလသည် ထာဝရ အမှောင် ဆိတ်သုဉ်းခြင်းမှသည် ရုတ်ချည်း ပေါက်ကွဲ အသက်ဝင်လာခြင်းဖြစ်သည်။
“ ဝင်စားခြင်းတာအို ... ။ ”
တာအိုခြောက်ပါး၏ ဥပဒေများ လည်ပတ်လာကာ အသက်နှင့်သေခြင်းသည် အတည်မမြဲတော့ချေ။ လောကတစ်ခုလုံး ထိုဝဲဂယက်ထဲ ကျဆင်းနစ်မြုပ်ကုန်၏။
ဆန်းကြယ်ပြီး တားမြစ်ဆန်ချေပြီ။ အချိန်သည်ပင် မလွတ်မြောက်နိုင်ဖြစ်နေ၏။ စုရီတစ်ယောက် ကျင့်ကြံမှု၊ ငရဲဘုံကိုးပါးဓားနှင့် တာအိုကို အပြည့်အဝ ပေါင်းစပ်ထားသည်။
“ ဒါက ဘာကြီးတုန်း ... ။ ”
ဟွမ်ထျန်းတစ်ယောက် မျက်လုံးများ ပြူးကျယ်လာချေပြီ။ ပြင်းစွာသော အန္တရာယ်ကို ခံစားမိလာပြီဖြစ်၏။
ဤသည်မှာ သူတော်စင်တာအိုလော၊ တာအိုအာကာသသည်လော သို့မဟုတ် ဓား ပင်လော။
အရာအားလုံး တစ်သားတည်း ဖြစ်တည်နေကာ ထူးဆန်းသောကာလအတွင်း ဆွဲငင်ခံနေရသလိုပေပင်။ သူ ပြောနိုင်သည်မှာ သေစေနိုင်သော ခြိမ်းခြောက်မှုဖြစ်၏။
ထို့ကြောင့် သွေးမီးတောက် ကောင်းကင်ပန်းချီကို အစွမ်းကုန် ထုတ်ဖော်ကာ ရှေ့တွင် ချက်ချင်းကာကွယ်လိုက်ရသည်။
“ အရာအားလုံး ဆိတ်သုဉ်းခြင်း။ ”
စုရီက ဓားဖြင့် ခုတ်ချလာပြီဖြစ်သည်။ ဤသည်မှာ ဝင်စားခြင်းတာအိုနှင့် ပေါင်းစပ် ထားသော သူ၏ အထွတ်အထိပ်ဓားပေပင်။
ထို့ကြောင့် မယုံနိုင်စရာကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။ အဆုံးမရှိသော အမှောင်ထုများ ကျဆင်းသွားချေပြီ။
ထိုအမှောင်တွင် နတ်ဘုရားများ၏ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေသံများကိုပင် ဝိုးတဝါးကြားလာရသည်။
“ ဘာတွေဖြစ်နေတာလဲ။ ”
ဟွမ်ထျန်းတစ်ယောက် ထိတ်လန့်တုန်လှုပ်လာသည်။ ဤအခိုက်တွင် သူသည် အမှန်တကယ် စိတ်ပျက်အားငယ်မှုကို ခံစားလာရပြီဖြစ်သည်။
သံမဏိကဲ့သို့ ခိုင်မာသော တိုက်ပွဲဝင်ဆန္ဒများမှာ အမှောင်ထုအတွင်း၌ လုံးဝနစ်မြုပ်ပျောက်ကွယ်နေသည်။
“ မဟုတ်ဘူး ... ။ ”
စုရီတစ်ယောက် ရောင်ဝါများ ပြောင်းလဲမှုမှသည် ဤဓားချက်ကျဆင်းလာချိန် အထိ နာနိုစက္ကန့်မျှသာ ကြာမြင့်ချေပြီ။
ထိုကာလသည် သူ့အတွက် အဆုံးမဲ့နစ်မြုပ်ခြင်းအချိန်ကာလကို ဖြတ်သန်း နေရသည့်အလားပေပင်။
“ ဝုန်း ... ။ ”
ဗီဇအရ ချက်ချင်း ဆုတ်ခွာလိုက်သည်။ ထိုအချိန်တွင် ဓားသည် သူရှိရာသို့ ပြုတ်ကျပြီ ဖြစ်လေသည်။
မိုင်တစ်သောင်း ဧရိယာအတွင်း ထူးဆန်းသော အမှောင်ထုများ ဖုံးလွှမ်းလျက် အရာအားလုံးကို အမှုန့်ဖြစ်ကုန်တော့၏။
ဟွမ်ထျန်းတစ်ယောက် ပန်းချီကားကို အထည်တစ်စလိုခြုံကာ ဆုတ်ခွာခဲ့သည့်တိုင်ပင် ဒဏ်ရာရရှိသွားလေသည်။
ပန်းချီကားပေါ်တွင် ပြတ်ရှရာကြီး ဖြစ်ပေါ်လာပြီး ထိုပြတ်ရှရာတဝိုက် အမှောင် အငွေ့အသက်များ တောက်လောင်လျက် မီးတောက်များကို တိုက်စားနေခဲ့ချေပြီ။
သူ့ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကွဲကြေလုနီးပါးဖြစ်သွားရပြီး အရေပြားများနှင့် အရိုးများကျိုးပဲ့၍ ဒွာရခုနစ်ပေါက်မှ သွေးများ စီးကျလာတော့သည်။
***