အခန်း ၁၂၉၄
Vol. 108 Ch. 1294
အခန်း ၁၂၉၄ -
ကမ္ဘာတစ်သောင်း သစ်ပင် ... ။
ဒဏ်ရာများ မည်မျှပင် ပြင်းထန်ပါစေ အသက်ရှင်ကျန်ရစ်ခြင်းမှာ ဟွမ်ထျန်းအတွက် ကြီးစွာသောကောင်းချီးပေပင်။
ထို့ကြောင့် တုန့်ဆိုင်း၊ ငြူစူခြင်းမရှိ ချက်ချင်းလှည့်ပြေးတော့သည်။ မီးခိုးများနှင့် ဖုန်မှုန့်များကြား ဖျက်ဆီးခြင်း စွမ်းအားမှာ တရွေ့ရွေ့လွင့်ပါးသွားပြီဖြစ်၏။
မြေပြင်တွင် တောင်နှင့်မြစ်များ ပျောက်ကွယ်သွားခဲ့ပြီး လုံးဝပျက်စီးခြင်းသာ ကြီးစိုးနေတော့သည်။
ဤမိုင်ပေါင်းသောင်းချီသော ဧရိယာကြီးသည် သက်ရှိများ ဆိတ်သုန်း ကုန်သည့်အလား ပေပင်။
“ အဟွတ် အဟွတ် ... ။ ”
ပြင်းထန်သော ချောင်းဆိုးသံသည် ထိုဆိတ်ငြိမ်နေသော မြင်ကွင်းကို အသက်ဝင် လာစေတော့သည်။
“ ဒါက အိမ်မက်မက်နေတာလား။ ”
“ ဖြောင်း ... ။ ”
“ အား ... ။ ”
မီးတောက်လင်းယုန်မှ ဦးစွာ ရေရွတ်လိုက်သည်။ ထျန်ရွှမ်ကျိက မီးတောက် လင်းယုန်ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ၎င်းမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ကာ ဒေါသတကြီး ခုန်ပေါက်တော့သည်။
“ အဖိုးကြီး မင်းငါ့ကို ဘာလို့ရိုက်တာလဲ။ ”
“ မင်း ... နာနေတယ်ဆိုရင် ဒါက အိမ်မက်မဟုတ်ဘူး။ ”
“ မင်း ... ။ ”
ထို့နောက် ထျန်ရွှမ်ကျိသည် မီးတောက်လင်းယုန်ကို လျစ်လျူရှုလိုက်ကာ စုရီအနား အပြေးအလွှား လှမ်းလာခဲ့သည်။
ယခုအချိန်တွင် စုရီသည်လည်း ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများ စိုရွှဲနေသဖြင့် စိုးရိမ်စရာဖြစ်နေသည်။
“ အဖိုးကြီးဝမ် မင်းအဆင်ပြေလား။ ”
“ ငါ မသေသေးပါဘူး။ ”
စုရီမှ ပြုံးလျက် ပြန်ဖြေကာ မြေပြင်ပေါ်ဆင်းသက်လာ၏။ သူ့ဒဏ်ရာများမှာ ပြင်းထန်လေသည်။ အထူးသဖြင့် နောက်ဆုံး ဓားချက်သည် သူ့အကန့်အသတ်ဖြစ်၏။
ထို့ကြောင့် ဟွမ်ထျန်ကို တားဆီးရန် မကြိုးစားတော့ခြင်းဖြစ်သည်။ တစ်ဖက်လူသည် နတ်ဘုရားကပ်ဘေး ခံစားထားရသည့်တိုင် များစွာ ဒုက္ခပေးနိုင်သေး၏။
လက်ရှိ တိုက်ပွဲစွမ်းအားဖြင့် အင်မော်တယ်ဘုရင်ကို သတ်နိုင်သော်လည်း မြင့်မြတ်သူများကို သတ်ရန် မလွယ်သေးချ။
“ နတ်ဆိုးဟွမ်ရဲ့ ခွန်အားက ဒီလောက်အထိတောင် အားနည်းနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ”
စုရီက တိုးတိုးလေး ပြောလိုက်သည်။ အကယ်၍သာ တစ်ဖက်လူသည် အထွတ်အထိပ် ခွန်အားမျိုးနှင့်ဆိုသော် သေချာပေါက် ရှုံးနိုင်၏။
“ ငါ့အမြင်အရတော့ နတ်ဆိုးဟွမ် ခံစားနေရတဲ့ နတ်ဘုရားကပ်ဘေးက အမြင့်ဆုံး အဆင့်ကို ရောက်နေပြီ ... တကယ်လို့ သူ့သာ မဖြေရှင်းနိုင်ဘူးဆိုရင် သေချာပေါက်ထိုက်ကျင်း နယ်ပယ်ကနေ ပြုတ်ကျလိမ့်မယ်။ ”
ထျန်ရွှမ်ကျိမှ မှတ်ချက်ပေးလာသည်။ ဤပြဿနာကို သူသည်လည်း ခံစားထားဖူးရာ ကောင်းစွာ နားလည်ထား၏။
“ ဒါကြောင့်လည်း သူက ဝိညာဉ် တစ်သောင်းဂိုဏ်းခေါင်းဆောင်နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့ရတာပဲ။ ”
စုရီမှ ခေါင်းညိတ်သည်။
“ မှန်တယ် ... နတ်ဆိုးဟွမ်ရဲ့ဗီဇအရ ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်လို အင်မော်တယ် ဘုရင်စကားအပေါ် သူ သေချာပေါက် နာခံချင်မှာမဟုတ်ဘူး ... ဒါနဲ့ မင်းတို့ ဒီကိုဘာလာလုပ်တာလဲ။ ”
“ ငါ ... ကမ္ဘာတစ်သောင်းသစ်ပင်ကို လာရှာတာ မထင်မှတ်ဘဲ ဒီအရှုပ်အထွေးထဲကို ဆွဲငင်ခံလိုက်ရတယ်။ ”
“ ဒါဆို ယဇ်ပလ္လင်ပေါ်မှာ တင်ထားတဲ့ မီးထောင်ထားတဲ့ သစ်မြစ်က ကမ္ဘာတစ်သောင်း သစ်ပင်လား။ ”
“ သေချာပေါက်ပါပဲ ... ဝိညာဉ် တစ်သောင်းဂိုဏ်းခေါင်းဆောင်က ဒီသစ်မြစ်ရဲ့ စွမ်းအားကိုသုံးပြီး အင်မော်တယ်လောကကို နတ်ဘုံနဲ့ ချိတ်ဆက်လိုက်တာပဲ။ ”
စုရီမှ ခေါင်းညိတ်သည်။ စောစောက သူသည်လည်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့ သောကြောင့် ထိုမြင်ကွင်းထံ မြင်ထား၏။
“ ဒါဆိုရင် ကမ္ဘာတစ်သောင်း သစ်ပင်က ကောလာဟလတင် မဟုတ်ဘဲ အမှန်တကယ် တည်ရှိနေတာပေါ့ ... ။ ”
စကားပြောနေစဉ် စုရီမှ ရုတ်တရက် အဝေးသို့မော့ကြည့်လိုက်သည်။ ထိုအရပ်တွင် မြေပြင်သည် ပျက်စီးယိုယွင်းနေ၏။
မည်သည့်အရာမျှ အကောင်းမူလအတိုင်း မကျန်ရှိတော့ချေ။ သို့သော် ထိုအပျက်အစီးများ ကြားတွင် အသက်ဓါတ်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာခဲ့၏။
“ ဝှစ် ... ။ ”
စုရီက လက်ဝှေ့ယမ်းကာ မြေပြင်ပေါ်ရှိ ကျောက်ခဲအပိုင်းအစများကို ဖယ်ရှားလိုက်ရာ မီးလောင်ကျွမ်းထားသဖြင့် မည်းမှောင်နေသော သစ်မြစ်လေးကို မြင်လိုက်ရသည်။
မျက်နှာပြင်တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေကာ သာမန်မီးသွေးခဲတစ်ခုကဲ့သို့ပေပင်။
“ အဲဒါ ... ကမ္ဘာတစ်သောင်းသစ်ပင်ရဲ့ အမြစ်တစ်ခုပဲ။ ”
ထျန်ရွှမ်ကျိနှင့် မီးတောက်လင်းယုန်မှ အနားသို့ တိုးလာသည်။ စုရီမှ သစ်မြစ်ထံသို့ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှ မဆိုချေ။
များမကြာမီ တိုးညှင်းသော အက်ကွဲသံများထွက်ပေါ်လာပြီး သစ်မြစ်သည် အပိုင်းအစများအဖြစ် ကြွေကျလာ၏။
ထို့နောက်တွင် ဖြည်းညှင်းစွာဖြင့် မှုန်ဝါးဝါးနေသောတာအိုဥပဒေများ ထွက်ပေါ် လာတော့သည်။
ဤအခိုက်အတန့်တွင် စုရီနှင့် ထျန်ရွှမ်ကျိသည် ဝါကျတစ်ကြောင်းကို ပြိုင်တူ ရွတ်ဆိုလိုက်မိကြသည်။
“ နွေဦးတွင် သစ်ခြောက်ပင်များ ပြန်လည်ဖူးပွင့်လာခြင်း။ ”
အဆုံးတွင် သစ်မြစ်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီးနောက် စိမ်းလန်းစိုပြေနေသော ပျိုးပင်လေးတစ်ပင် ပေါ်ထွက်လာခဲ့သည်။
ယင်းသည် လက်ဝါးမျှသာရှိသော်လည်း အိပ်မက်ဆန်လှသော တာအိုအလင်းမုန်တိုင်း တစ်စင်း ဖြာထွက်စေသည်။
အရွက်နှစ်ရွက်သည် စိမ်းစိုနေသော ကျောက်စိမ်းတုံးကဲ့သို့ တောက်ပကြည်လင်နေ တော့၏။
“ ခရစ် ... ။ ”
ထိုအရွက်များတွင်လည်း အလွန်ထူးဆန်းသော တာအိုမုန်တိုင်းများစွာ ရစ်သိုင်းနေသည်။ ၎င်းသစ်ပင်သည် မွေးဖွားလာ သည်နှင့် သစ်မြစ်များမှာ လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့၏။
ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံး အသက်ဝင်လာသည့်အလား တာအိုမုန်တိုင်းကြီး တစ်စင်း ဖြစ်တည်လာချေပြီ။ အရပ်မျက်နှာ အနှံ့အပြားမှ တာအိုဥပဒေများ ရူးသွပ်စွာ တိုးဝှေ့စုစည်းလာကြ၏။
စိမ်းလန်းစိုပြေနေသော ပျိုးပင်လေးသည် ကလေးငယ်တစ်ယောက်ကဲ့သို့ ပင်စည်လေးကို အသာအယာလှုပ်ခါလျက် ပျော်ရွှင်စွာ စုပ်ယူနေတော့သည်။
မျ်ကစိတမှိတ်အတွင်း ပင်စည်လေးသည် ပြောင်းလဲမှုဖြစ်ပေါ်လာပြီး သစ်ကိုင်းတစ်ကိုင်း ထပ်မံ ထွက်ပေါ်လာ၏။ အရောင်သည်လည်း ပို၍စိမ်းရင့်လာချေပြီ။
“ ဒါ ... ဒါ တကယ်ပဲ ကမ္ဘာတစ်သောင်း သစ်ပင်ငယ်လေးပဲ။ ”
ထျန်ရွှမ်ကျိတစ်ယောက် အံ့အားသင့်လာချေပြီ။ စုရီပင်လျှင် အမူအရာ ပြောင်းလဲသွားရတော့၏။ ကမ္ဘာတစ်သောင်း သစ်ပင်ဟူသည် ဒဏ္ဍာရီတွင်သာ တည်ရှိသည့် နတ်ဘုရားရတနာပေပင်။
ဖရိုဖရဲအနန္တစကြာဝဠာအတွင်းမှ မွှေးဖွားလာသော ရတနာအဖြစ် ယူဆကြသည်။ ဤသစ်ပင်၏ သစ်ကိုင်းများသည် ကမ္ဘာကြီးငယ် များစွာအပေါ် ချိတ်ဆက်ပေးနိုင်မည်။
ယင်းကို ‘အာကာသသစ်ပင်’ဟုလည်း ခေါ်ဆိုကြလေသည်။ အမြင့်မြတ်ဆုံး သဘာဝ ရတနာ ခြောက်ပါးထဲ ထည့်သွင်းထား၏။
သို့သော် သမိုင်းတလျှောက် မည်သူမျှ ဤသစ်ပင်ကို မမြင်ဖူးခဲ့ကြချေ။ ဒဏ္ဍာရီတစ်ခု အဖြစ်သာ မှတ်သားကြသည်။ သို့သော် ယခုမူ စုရီသည် ထိုသို့သော သဘာဝရတနာကို ရှာတွေ့ခဲ့ပြီဖြစ်၏။
“ ဟမ့် ငါနားလည်ပြီ ... စောစောက နတ်ဆိုးဟွမ်က သူ့တာအိုအာကာသကိုသုံးပြီး နတ်ဘုံနဲ့ချိတ်ဆက်ခဲ့တယ် ဒါက သူ့လိုအပ်တဲ့ တာအိုစွမ်းအင်အချို့ကို ရရှိစေပြီး ပြန်လည် ရှင်သန်လာတာဖြစ်ရမယ်။ ”
စုရီ ခေါင်းညိတ်လျက် ထျန်ရွှမ်ကျိ အယူအဆကိုသဘောတူလိုက်၏။ သေခြင်းနှင့် ရှင်ခြင်းသံသရာသည် ဤလောကကြီးတွင် သက်ရှိများအတွက် အခြေခံနိယာမပေပင်။
“ ငါ ကြည့်ပါရစေ။ ”
ထျန်ရွှမ်ကျိမှ သည်းမခံနိုင်တော့ဘဲ သစ်ပင်လေးထံ လက်လှမ်းလိုက်၏။ သစ်ပင်က ချက်ချင်း တုန်ယင်လျက် ပျောက်ကွယ်သွား လေသည်။
“ ဖရူး ... ။ ”
နောက်တစ်စက္ကန့်တွင် ၎င်းသည် ပေပေါင်းထောင်ချီအကွာရှိ လေဟာနယ်ထဲတွင် ပြန်လည်ထွက်ပေါ်လာပြီး သစ်ကိုင်းများကို လှုပ်ခါပြနေတော့၏။
ထျန်ရွှမ်ကျိကို လူမိုက်တစ်ယောက်အဖြစ် လှောင်ပြောင်နေသည့်အလားပင်။ ထျန်ရွှမ်ကျိ တစ်ယောက် အံ့သြသွားပြီး၊
“ ဒီကလေးက တကယ်ပဲ အသိဉာဏ်ပိုင်ဆိုင်ထားတာပဲ။ ”
-ဟု ဆိုကာ လိုက်လံ ဖမ်းဆီးတော့၏။
သို့သော် မအောင်မြင်ချေ။ ကမ္ဘာတစ်သောင်းသစ်ပင်က ပေထောင်ဂဏန်း အကွာသို့ ရွေ့ပြောင်းရှောင်တိမ်းနေခဲ့သည်။
ဤသည်မှာ ထျန်ရွှမ်းကျိကို ဒေါသထွက်စေပြီး ပို၍ စိတ်တိုစရာကောင်းစေ တော့သည်။ အထူးသဖြင့် သစ်ပင်ငယ်သည် ပေတစ်ထောင်အကွာအဝေးကို ထိန်းထားကာ ထိုဧရိယာအတွင်း သူ့ကို ကစားနေချေပြီ။
“ လူလိမ်အဖိုးကြီး ငါမင်းနဲ့အတူ ပူးပေါင်းမယ်။”
မီးတောက်လင်းယုန်သည်ပင် သည်းမခံနိုင်တော့ဘဲ လိုက်ခံဖမ်းဆီးလေသည်။ သို့သော် နောက်ဆုံးတွင် သူသည်လည်း မောဟိုက်လျက် မျက်လုံးများ ပြူးလာချေပြီ။
သစ်ပင်လေးသည် အာကာပြင်ကို သူ့ခန္ဓာကိုယ်အလား လွတ်လပ်စွာဖြတ်သန်း သွားလာနေသည်။ ကောင်းကင်တာအိုသည်ပင် သူ့အပေါ် ကန့်သတ်နိုင်ခြင်းကင်းနေချေပြီ။
“ ကောင်လေး မင်းငါတို့ကို တမင် ကစားနေတာမဟုတ်လား ဘာလို့အဝေးကြီးကို ထွက်မပြေးဘဲ ပေတစ်ထောင်အတွင်း ပတ်ပြေးနေရတာလဲ။ ”
မီးတောက်လင်းယုန်မှ ဒေါသတကြီး အော်ငေါက်လိုက်သည်။ ပျိုးပင်လေးတစ်ပင်မှ ဤမျှအထိ လှည့်စားနေခြင်းသည် သူ့ကို အမှန်ပင် စိတ်ပျက်လာစေ၏။
“ ဒီလိုသဘာဝရတနာတွေကို အတင်းအကျပ် ဖမ်းဆီးတာက အောင်မြင်ဖို့ မလွယ်ဘူး ... ငါ စမ်းကြည့်ပါရစေ။ ”
စုရီက အဝေးမှနေပြီး ညာလက်ကို ဆန့်ထုတ်လိုက်၏။ ထူးခြားဆန်းကြယ်လှသော ရောင်ဝါတစ်ခု ချက်ချင်း စိမ့်ထွက်လာသည်။
ယင်းသည် အနန္တစကြာဝဠာကြီး တစ်ခုလုံးကို လက်ထဲပင့်မြှောက်ထားသကဲ့သို့ အတိုင်းအဆမရှိ ခမ်းနားသောဆန်းကြယ်သော ရောင်ဝါကြီးဖြစ်နေချေ၏။
***