အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း (၁၇၁) သူမက မိန်းမတစ်ယောက်လား
တစ်စုံတစ်ယောက်၏ အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သံကြောင့် လူအုပ်ကြီးမှာ အသိပြန်ဝင်လာကြသည်။ ဇယားပေါ်ရှိ အချက်အလက်များကို ထပ်ခါတလဲလဲ သေချာစွာ စစ်ဆေးကြည့်လိုက်ရာ ထိုသူမှာ ချူဟန်ဖြစ်ကြောင်း အသေအချာ ယုံကြည်သွားတော့သည်။
လုဟုန်ရှန်းနှင့် ဆူးရှင်းတို့မှာ သစ်သားရုပ်ထုများပမာ မှင်သက်ဆွံ့အလျက် ရပ်နေကြသည်။ ချူဟန် အစွမ်းထက်မှန်း သူတို့ သိထားသော်လည်း ဤမျှလောက်အထိ ရောက်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤဇယားတွင် နာမည်ပါလာသူတိုင်းမှာ မရေမတွက်နိုင်သော အသက်ရှင်ကျန်ရစ်သူများထဲမှ ရွေးချယ်ခံထားရသည့် ထိပ်တန်းအစွမ်းထက်များသာ ဖြစ်ကြသည်။ အဆင့်(၁)ဝင်ပေါက် ဇယား သာ ဖြစ်စေကာမူ ချူဟန်က နှိုင်းယှဉ်မရနိုင်သော စွမ်းအားဖြင့် နံပါတ်(၁) နေရာ၌ ဝင့်ကြွားစွာ ရပ်တည်နေခြင်းမှာ ကောင်းကင်ဘုံ နိယာမကိုပင် ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ကြီးကျယ်ခမ်းနားလှပေသည်။
"ဒီကောင်လေးလား..."
ယဲ့မော့ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ကျေနပ်အားရစွာ ရေရွတ်လိုက်သည်။
"ငါ သွန်းလုပ်ခဲ့တဲ့ ပုဆိန်က သခင်ရွေးမမှားခဲ့ဘူးပဲ"
လီရှီယုံကမူ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ခေါင်းကို အနည်းငယ် စောင်းငဲ့ကြည့်နေသည်။ အခြားတစ်ဖက်တွင်တော့ သူမဘေး၌ ရပ်နေသော ရှောင်မုန့်ချီမှာ အဓိပ္ပာယ်ဖော်ရခက်သည့် ကြောက်မက်ဖွယ် အပြုံးတစ်ခုကို ပြုံးနေလေသည်။
တစ်ဖက်တွင်တော့ ဝေးကွာလှသော မြက်ခင်းပြင်ကျယ်ကြီးဆီ၌ ဖြစ်သည်။
ကျောက်နံရံကြီးထဲမှ လွင့်စင်ထွက်လာသော ချူဟန်မှာ ပြင်းထန်သော ခေါင်းမူးခေါင်းကိုက် ဝေဒနာကို ခံစားနေရသည်။ ဇယား၏ အချက်အလက်များကို စစ်ဆေးရန် အချိန်မရချေ။ ယခုအချိန်၌ ဇယားပေါ်တွင် ထွင်းထုခံလိုက်ရသော သူ၏နာမည်ကြောင့် တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်းဖြစ်ကာ ပွက်လောညံနေကြောင်းကိုလည်း လုံးဝ သိမနေခဲ့ပေ။
ယခုအကြိမ် ပြန်လည်စတင်ခြင်းစနစ်၏ အကြီးစား အဆင့်မြှင့်တင်မှုက သူ့ဦးခေါင်းကို ဘီးကြီးတစ်ဘီးဖြင့် အကြိတ်ခံရသည့်အလား ပြင်းထန်သော နာကျင်မှုများကို ဖြစ်ပေါ်စေသည်။ ဦးနှောက်ကို အမှုန့်ကြိတ်ခံလိုက်ရပြီး အတင်းအကျပ် ပြန်လည် တည်ဆောက်နေရသကဲ့သို့ ခံစားနေရသည်။
ဂလွမ်... ဂလွမ်... ဂလွမ်...
ရူဘစ်ကျူဘစ်တုံးကို ဖြုတ်လိုက်၊ တပ်လိုက် လုပ်နေသဖွယ် ပြန်လည်စတင်ခြင်းစနစ်က သူ့ဦးနှောက်ထဲ၌ ပြင်းထန်စွာ ပြန်လည်ဖွဲ့စည်း တည်ဆောက်မှုများကို ဆက်တိုက် လုပ်ဆောင်နေသည်။
ချူဟန်မှာ မြေပြင်ပေါ်တွင် လဲကျနေရင်း သတိလစ်လိုက်၊ သတိပြန်ဝင်လာလိုက် ဖြစ်နေသည်။ အနီးအနားတွင်တော့ ဦးခေါင်း ပြင်းထန်စွာ ရိုက်နှက်ခံထားရသဖြင့် သွေးများ ရွှဲနစ်ကာ သေဆုံးနေသော ကျားသစ်နှစ်ကောင် လဲကျနေသည်။ ယခုအချိန်၌ ထိုအကောင်များ သေဆုံးနေခြင်းက သူ့အတွက် အမှန်တကယ် ကံကောင်းခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ သူ၏ အခြေအနေမှာ ထွက်ပြေးရန်နေနေသာသာ လက်တစ်ချောင်း လှုပ်ရန်ပင် အင်အားမရှိတော့သောကြောင့် ဖြစ်သည်။
အဆုံးမဲ့ နာကျင်မှုဝေဒနာကို ခံစားနေရသည်မှာ နာရီဝက်ခန့် ကြာမြင့်သွားသည်။ နောက်ဆုံးတွင်တော့ သူ့ဦးနှောက်ထဲ၌ နားစည်ကွဲမတတ် ဆူညံနေသော စက်ယန္တရားသံကြီးမှာ ရပ်တန့်သွားတော့သည်။
တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသော ချူဟန်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ခေါင်းခါယမ်းကာ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် နောက်သို့လှည့်ကာ မိုးထိမတတ် မြင့်မားလှသော ကျောက်နံရံကြီးပေါ်ရှိ ဇယားကို မော့ကြည့်လိုက်သည်။
ယခင်ဘဝ မှတ်ဉာဏ်များအရဆိုလျှင် ယခုအချိန်၌ ဤဇယားမှာ အဆင့်(၃)ဝင်ပေါက် ဇယားအထိ အဆင့်မြှင့်တင်ပြီးလောက်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဖော်ပြထားသော အချက်အလက်များကို မြင်သည့်တိုင်အောင် ချူဟန်မှာ အခြားအသက်ရှင်ကျန်ရစ်သူများလောက် အံ့အားသင့်မသွားခဲ့ပေ။ အခြားသူများနှင့် ကွာခြားနေသော အချက်တစ်ချက်လည်း ရှိသေးသည်။ ချူဟန်က သူကိုယ်တိုင် အကဲဖြတ်ချက် S+ ရရှိကာ အဆင့်(၁)ဝင်ပေါက် ဇယား၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းအပေါ်၌လည်း များစွာ စိတ်လှုပ်ရှားမှု မဖြစ်ပေါ်ခဲ့ချေ။
S အဆင့် စမ်းသပ်မှုကို အောင်မြင်ပြီး အခြားကမ္ဘာနေရာများ၌ အသက်ရှင်နိုင်မည်ဆိုလျှင် အနည်းဆုံးတော့ အကဲဖြတ်ချက် S ကို ရရှိမည်ဖြစ်သည်။ ထိုနေရာများကိုပါ အပြည့်အဝ ရှာဖွေစူးစမ်းနိုင်မည်ဆိုလျှင် S+ ကို ရရှိမည် ဖြစ်သည်။ အဆင့်(၁)ဝင်ပေါက် ဇယားတွင် နံပါတ်(၁) နေရာကို ရရှိခြင်းမှာ သူ့အတွက်တော့ အမည်နှင့်လိုက်ဖက်သော သာမန်ရလဒ်တစ်ခုမျှသာ ဖြစ်သည်။
ချူဟန် အလေးထားနေသည်မှာ ဇယားပေါ်တွင် ပါဝင်နေသော အခြားလူများအကြောင်းပင် ဖြစ်သည်။ လောလောဆယ်တွင်တော့ ပြန်လည်စတင်ခြင်းစနစ် အဆင့်မြှင့်တင်ပြီးနောက် မည်သို့ပြောင်းလဲသွားသနည်းဆိုသည်ကို ဘေးချိတ်ထားလိုက်သည်။ သူက အဆင့်(၁)ဝင်ပေါက် မှစ၍ အဆင့်(၃)ဝင်ပေါက် အထိ ဇယားများကို သေချာစွာ စတင်လေ့လာကြည့်တော့သည်။
ပထမဆုံးအနေဖြင့် အဆင့်(၁)ဝင်ပေါက် ဇယားကို ကြည့်လိုက်သည်။ နာမည်နှစ်ခုက သူ့မြင်ကွင်းထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။ ပုံမှန်အားဖြင့် ပြုံးခဲလှသော ချူဟန် နှုတ်ခမ်းထောင့်များတွင် အတိတ်ကို လွမ်းဆွတ်နေသည့်အလား အပြုံးတစ်ခု ပေါ်လာသည်။ ထိုနာမည်များမှာ ချန်ရှောက်ရယ် သို့မဟုတ် ရှန်ကျိုတီတို့ မဟုတ်ပေ။ သူတို့နှစ်ဦး ထိပ်ဆုံးငါးယောက်စာရင်းတွင် ပါဝင်နေခြင်းမှာ အလွန်ပင် သာမန်ကိစ္စတစ်ခုပင် ဖြစ်သည်။ သူ့ကို ပြုံးသွားစေခဲ့သော နာမည်များမှာ...
[အမည်] ကျွန်းဇီ
[အသက်] ၁၄ နှစ်
[လိင်] ကျား
[အစွမ်း] ဆင့်ကဲပြောင်းလဲသူ
[အကဲဖြတ်ချက်] A
[အဆင့်] နံပါတ်(၃)
[အမည်] ဇွေချူး
[အသက်] ၁၄ နှစ်
[လိင်] မ
[အစွမ်း] ဆင့်ကဲပြောင်းလဲသူ
[အကဲဖြတ်ချက်] A
[အဆင့်] နံပါတ်(၄)
အသက် (၁၄) နှစ်အရွယ် နဂါးနှင့် ဖီးနစ် အမြွှာမောင်နှမဖြစ်တဲ့ ကျွင်းကျီနှင့် ဇွေချူးတို့ဟာ နောင်လာနောက်သားတွေခေတ်မှာ အလွန်တရာ ကျော်ကြားလှတဲ့ အဖြူနှင့်အမည်း မိစ္ဆာနှစ်ပါး ပင် ဖြစ်လေသည်။
ဒီကလေးနှစ်ယောက် ဘယ်နေရာကနေ ထွက်လာသနည်းဆိုသည်ကို မည်သူမှ မသိကြပေ။ သူတို့၏ လုပ်ရပ်များမှာ အလွန်ပင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော်လည်း မည်သည့်အခါမှ မဖောက်ဖျက်သော အခြေခံစည်းမျဉ်းတစ်ခု ရှိသည်။ နောင်တစ်ခေတ်တွင် ပေါ်ထွက်လာမည့် ကျော်ကြားသူများထဲ၌ သူတို့နှစ်ယောက်ဟာ ထူးထူးခြားခြား ကွဲထွက်နေသူနှစ်ဦး ဖြစ်လာခဲ့လေသည်။
ဆက်လက်၍ သူ့အကြည့်များက ဘေးနားရှိ အဆင့်(၂)ဝင်ပေါက် ဇယားထံသို့ ရောက်ရှိသွားသည်။ လူအများစု၏ အကဲဖြတ်ချက်မှာ D သို့မဟုတ် C အဆင့်များသာ ဖြစ်သော်လည်း ထိုအထဲတွင် အနာဂတ်၌ နာမည်ကြီးလာမည့်သူ အများအပြား ပါဝင်နေခဲ့သည်။
ထိုအချိန်တွင် ချူဟန်၏ အကြည့်တို့က နာမည်တစ်ခုပေါ်၌ စူးစိုက်ကျရောက်သွားသည်။
ရှောင်ချီး...
သူ၏ အဆင့်မှာ နံပါတ်(၁၀) တွင် ဖြစ်သည်။ စကားစပ်ရလျှင် အဆင့်(၂)ဝင်ပေါက် ဇယားတွင်လည်း ပိုင်ယွန့်အာ၏ အဆင့်မှာ နံပါတ်(၁) နေရာ၌ ရှိနေဆဲဖြစ်သည်။ သူမက ဤမျှမြန်ဆန်စွာ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်လာခြင်းအပေါ် ချူဟန် အနည်းငယ်မျှပင် အံ့အားမသင့်ခဲ့ပေ။ သို့ရာတွင် ထိုရှောင်ချီးက နံပါတ်(၁၀) နေရာ၌သာ ကျေနပ်နေခြင်းအပေါ်ကိုမူ လှောင်ပြုံးပြုံးရုံသာ တတ်နိုင်တော့သည်။ ထိုကောက်ကျစ်စဉ်းလဲသော ကောင်စုတ်လေးက သေချာပေါက် တမင်သက်သက် အဆင့်ကို ကစားထားခြင်း ဖြစ်ရမည်။ သူ၏ စွမ်းရည်အရဆိုလျှင် ဤမျှလောက် အဆင့်နှင့် ပြီးဆုံးသွားစရာ အကြောင်းမရှိပေ။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်တော့ ချူဟန်မှာ မျက်လုံးပြူးသွားတော့သည်။ ရှောင်ချီး ကိုယ်ရေးအချက်အလက်များကို ဤသို့ ရေးသားထားခြင်းကြောင့်ပင် ဖြစ်သည်။
[အမည်] ရှောင်ချီး
[အသက်] ၁၉ နှစ်
[လိင်] မ
[အကဲဖြတ်ချက်] C
[အဆင့်] နံပါတ်(၁၀)
ကျောက်နံရံကြီးပေါ်၌ ထွင်းထုထားသော ဝင်ပေါက်များမှာ အဆင့်(၁) မှ အဆင့်(၅) အထိ တက်သွားသည်နှင့်အမျှ ထုတ်ပြန်ထားသော ကိုယ်ရေးအချက်အလက်များ တဖြည်းဖြည်း လျော့နည်းသွားသည့် စနစ်ဖြစ်ပေသည်။
အဆင့်(၁)ဝင်ပေါက် ၏ အချက်အလက်များက အသေးစိတ်အကျဆုံး ဖြစ်ပြီး
အဆင့်(၂)ဝင်ပေါက် မှစ၍ [ဆင့်ကဲပြောင်းလဲသူ] နှင့် [စွမ်းရည်မြှင့်တင်သူ] ကဲ့သို့သော အစွမ်းအချက်အလက်များကို ဖျောက်ကွယ်ထားသည်။
အဆင့်(၃)ဝင်ပေါက် တွင် [လိင်အမျိုးအစား]ကို ဖျောက်ထားပြီး အဆင့်(၄)ဝင်ပေါက် တွင်တော့ [အသက်]ကိုပါ ထပ်မံ ဖျောက်ကွယ်ထားလေသည်။
အဆင့်(၅)ဝင်ပေါက် နောက်ပိုင်းသို့ ရောက်သွားလျှင် [အကဲဖြတ်ချက်] ကိုပင် ဖော်ပြထားတော့မည် မဟုတ်ပေ။
ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအားရှင် များသည် အခြားကမ္ဘာနေရာများသို့ ဝင်ရောက်ကာ မည်သည့်အကျိုးအမြတ်များ ရရှိခဲ့သနည်းဆိုသည်ကို မည်သူမှ သိနိုင်တော့မည် မဟုတ်ချေ။ ထို့အပြင် အဆင့်(၆)ဝင်ပေါက် မှ အဆင့်(၁၀)ဝင်ပေါက် အထိ ကြည့်မည်ဆိုလျှင် ဖော်ပြထားသည်မှာ [အမည်]နှင့် [အဆင့်]သာ ကျန်ရှိတော့မည် ဖြစ်သည်။ အဆင့်မြင့်လာသည်နှင့်အမျှ အချက်အလက်များ လျော့နည်းသွားသည့် အကြောင်းရင်းကို မည်သူမှ မသိကြပေ။ ဖြစ်နိုင်သည်မှာ ဤကျောက်နံရံကြီး၏ ယုတ်မာသော အကျင့်စရိုက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်၌ ထိုအရာများက အရေးမကြီးတော့ပေ။ အရေးကြီးဆုံးအချက်မှာ...
ရှောင်ချီးက မိန်းမတစ်ယောက်တဲ့လား။
ချူဟန်မှာ နေရာတွင်ပင် မှင်သက်သွားတော့သည်။ သူ့အတွင်းစိတ်ရှိ သိထားသမျှသော အရာများအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပြိုကျပျက်စီးသွားသလို ခံစားလိုက်ရသည်။ ရှောင်ချီးက မိန်းမတစ်ယောက်တဲ့လား။ ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စမျိုး ရှိပါ့မလား။ သူက သခင်လေး ရှောင်ချီး မဟုတ်ဘူးလား။
မကြုံစဖူးသော တုန်လှုပ်မှုကြီးကြောင့် ခေါင်းထဲ၌ လုံးဝ ကမောက်ကမ ဖြစ်နေချိန်တွင် ခြေရင်းဆီမှ အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်လို ရိုင်းစိုင်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟေ့... ငါ မင်းဘေးမှာ ရပ်နေတာ ငါးမိနစ်တောင် ရှိနေပြီကို နည်းနည်းလေးတောင် သတိမထားမိရအောင် မင်းက ဘာသဘောလဲ"
ဆွံ့အသွားသော မျက်နှာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ ထိုနေရာ၌... မဟုတ်သေးပေ။ လူစကားပြောနိုင်သော ယုန်ဖက်တီးတစ်ကောင် ရပ်နေလေသည်။
နှင်းများကဲ့သို့ ဖြူဖွေးနေသော ထိုယုန်လေးမှာ ဘောလုံးတစ်လုံးပမာ လုံးဝန်းကာ ဆူဖြိုးနေပြီး ဘောလုံးတစ်လုံးစာခန့် အရွယ်အစားရှိသည်။ သာမန်ယုန်များနှင့် ကွာခြားနေသည်မှာ ပုံမှန်မဟုတ်ဘဲ ကြီးမားလှသော နားရွက်များပင် ဖြစ်သည်။ ခန္ဓာကိုယ်ထက် နှစ်ဆခန့် ကြီးမားနေသော နားရွက်ကြီးနှစ်ဖက်မှာ ယပ်တောင်ကြီးများပမာ မြေပြင်ပေါ်၌ တရွတ်တိုက် ဆွဲနေလေသည်။
ချူဟန်က အသံမထွက်ဘဲ အကြည့်လွှဲလိုက်သည်။ စောစောက ရှောင်ချီး၏ လိင်အမျိုးအစား မှ ပေးစွမ်းလိုက်သော တုန်လှုပ်မှုမှာ အလွန်ကြီးမားလွန်းသဖြင့် ယခုလို ထင်ထင်ရှားရှား ရူးကြောင်ကြောင်နိုင်လှသော စကားပြောနေသည့် ယုန် ကို မြင်ရသည့်တိုင်အောင် အံ့သြစရာကောင်းလောက်အောင်ပင် ဂရုမစိုက်နိုင်တော့ပေ။
ဟိုရှောင်ချီးတောင် မိန်းမတစ်ယောက် ဖြစ်နေသေးတာပဲ။ ယုန်တစ်ကောင် စကားပြောတာကရော ဘာတွေများ ထူးဆန်းနေမှာမို့လို့လဲ။
"မင်း... မင်း..."
ချူဟန်က တစ်ချက်မျှသာ ကြည့်ပြီး ခေါင်းလွှဲသွားခြင်းအပေါ် ယုန်လေးမှာ မိမိဂုဏ်သိက္ခာကို ပြင်းထန်စွာ စော်ကားခံလိုက်ရသည့်အလား တစ်ကိုယ်လုံးရှိ အမွေးများ ထောင်သွားတော့သည်။ ချက်ချင်းဆိုသလိုပဲ ယုန်လေးက မတ်တတ်ရပ်လိုက်ပြီး၊ ရှေ့ခြေတစ်ဖက်ကို မြှောက်ကာ ချူဟန်ကို စူးစူးရဲရဲ ညွှန်ပြလိုက်တော့သည်။
"ဟေ့... သေချာနားထောင်စမ်း ကောင်လေး။ ငါက မင်းရဲ့ ပြန်လည်စတင်ခြင်းစနစ်ကြီးကွ။ ငါ့ကို သုံးလေးခါတောင် လျစ်လျူရှုရဲတယ်ပေါ့။ မင်း သေချင်နေတာလား"
ထိုစကားကြောင့် နောက်ဆုံးတွင်တော့ ချူဟန် အသိစိတ်များ လက်တွေ့ကမ္ဘာဆီသို့ ပြန်လည်ရောက်ရှိလာသည်။ သူက ထပ်မံငုံ့ကြည့်ပြီး တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ မေးလိုက်သည်။
"ခုနက မင်းပြောတာ ငါ့ဦးနှောက်ထဲမှာရှိတဲ့ ပြန်လည်စတင်ခြင်းစနစ်ကိုပြောတာလား"
"ဒါပေါ့... ငါရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ပုံစံကို မြင်တွေ့ရပြီဆိုတော့ မြန်မြန် ဒူးထောက်ပြီး ငါ ခြေဖဝါးကို လာယက်စမ်း"
ချူဟန်၏ အမေးကို ယုန်လေးက ဂုဏ်ယူဝင့်ကြွားစွာ ရင်ကော့လိုက်သည်။ သို့သော်လည်း ရင်ကော့နေခြင်းမျိုး လုံးဝမရှိဘဲ ဖောင်းကားနေသော ဗိုက်ရွှဲရွှဲကြီးကသာ အရှေ့သို့ ထွက်လာသည်။ အဆိုးဆုံးမှာ ဤယုန်လေးက ထိုအချက်ကို လုံးဝ သတိမထားမိဘဲ မိမိကိုယ်မိမိ အလွန်မိုက်နေသည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။
ဒူးထောက်ပြီး ခြေဖဝါးကို ယက်ရမယ်တဲ့လား။
ချူဟန် မျက်လုံးများက အန္တရာယ်ငွေ့များ ယှက်သန်းသွားသည်။ မိမိကို လာပြီး ဒူးထောက်ခစားမယ့်အချိန်ကို စောင့်နေတဲ့၊ စကားပြောရိုင်းစိုင်းလှတဲ့ အဲဒီဖက်တီးယုန်ကို ငုံ့ကြည့်လျက် ချူဟန်က ရုတ်တရက် ခြေထောက်တစ်ဖက်ကို အမြင့်သို့ မြှောက်လိုက်ပြီး...
ဘုန်း...
အားကုန်လွှဲကာ ယုန်၏ ခန္ဓာကိုယ်ကို ကန်ချလိုက်သည်။ ပြင်းထန်သော အရှိန်ကြောင့် အလုံးပုံစံ ယုန်လေး၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပြားကပ်သွားသည်။ ထို့နောက်...
ဒုန်း...
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဖက်တီးယုန်လေးမှာ လေထဲသို့ လွင့်စင်သွားပြီး အနောက်ဘက်ရှိ ကျောက်နံရံကြီးကို အပြင်းအထန် ဝင်ဆောင့်မိသွားတော့သည်။