အခန်း ၁၇၂
Vol. 18 Ch. 172
အခန်း (၁၇၂) မင်းက အစကတည်းက လူမှမဟုတ်တာ
မိမိခေါင်းကို ကားဘီးဖြင့် ကြိတ်ခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုမျိုးဖြင့် မိနစ်သုံးဆယ်တိုင်တိုင် နှိပ်စက်ခဲ့သည့် တရားခံမှာ ဤကောင်ပင်ဖြစ်သည်။
ပြီးတော့ သူ သေချာစုဆောင်းထားတဲ့ ဒုတိယအဆင့် ဇွန်ဘီပုံဆောင်ခဲ အလုံးတစ်ရာကျော်ကိုလည်း ဒီကောင်ပဲ ဖျက်ဆီးပစ်ခဲ့တာ... အဲဒါက အမှတ် ၅၀၀ ကျော်တောင် ရမှာကို ထိုအရာများမှာ အမှတ်ငါးရာကျော် တန်ဖိုးရှိသည်။ ဒူးထောက်ပြီး ဖိနပ်ကို လျှာဖြင့်လျက်ရမည်လား။ ဟာသလာမလုပ်နှင့်။ ချက်ချင်း အရှင်လတ်လတ် ပြုတ်မစားပစ်လိုက်သည်ကိုပင် ကျေးဇူးတင်သင့်သည်။
" မင်း… မင်း ငါ့ကို ကန်လိုက်တာလား စကြဝဠာမှာ ပြိုင်ဘက်ကင်းပြီး နံပါတ်တစ် အချောဆုံးဖြစ်တဲ့ငါ့ကိုများ ကန်ရဲတယ်ပေါ့လေ"
ယုန်လေးမှာ ယိုင်တိုင်တိုင်ဖြင့် ထရပ်လိုက်ပြီးနောက် ချူဟန်ကို ဒေါသတကြီး စိုက်ကြည့်လာတော့သည်။
"ပြီးတော့ ကောင်လေး... မင်း စောစောက ငါ့ရဲ့ ဘယ်နေရာကို ကန်လိုက်တာလဲ ငါ့ရဲ့ ဒီလောက် အကဲဆတ်တဲ့နေရာကို ကန်ရတယ်လို့ ဘယ်လိုတောင် လုပ်ရက်တာလဲ"
ချူဟန် ခြေထောက်ကို ခပ်ဖွဖွ ရမ်းလိုက်စဉ် မျက်နှာထက်၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လွင်နေသည်။
"နောက်တစ်ချက် ထပ်လိုချင်သေးလို့လား"
ဂလု...
ချူဟန်၏ ခန္ဓာကိုယ်ထဲတွင် တည်ရှိနေသော ပြန်လည်စတင်ခြင်းစနစ်စနစ် ဟု မိမိကိုယ်ကို ကြွေးကြော်ထားသည့် ထိုယုန်မှာ တံတွေးကို အသံမြည်အောင် မျိုချလိုက်လေသည်။ ဝိုင်းစက်ဖောင်းအစ်နေသော မျက်နှာပေါ်ရှိ ပဲစေ့ငယ်ပမာ မျက်လုံးသေးသေးလေးများမှာ ဂနာမငြိမ်စွာ လှုပ်ရှားသွားသည်။ ထို့နောက် ကြောက်မက်ဖွယ် ပေါက်ကွဲအားများ ကိန်းအောင်းနေသော ချူဟန်၏ ညာဘက်ခြေထောက်ထံသို့ စက္ကန့်အနည်းငယ်ခန့် ကြည့်လိုက်ပြီး... ယုန်လေးမှာ ချက်ချင်း ခေါင်းငုံ့သွားကာ လုံးဝ တိတ်ဆိတ်သွားတော့သည်။
သို့ရာတွင် စိတ်ထဲ၌ အလျှော့ပေးရကောင်းမှန်းမသိတဲ့ အရိုင်းအစိုင်းကောင် ဟု ချူဟန်အား မရပ်မနား ကျိန်ဆဲနေမိသည်။
ချူဟန်မှာ ထိုယုန်အား တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ကျောက်နံရံကြီး၏ စာရင်းထံသို့သာ အာရုံပြန်စိုက်လိုက်သည်။ ဆက်လက် စစ်ဆေးရမည့်အရာမှာ အဆင့်(၃)ဝင်ပေါက်၏ စွမ်းအားအဆင့်သတ်မှတ်ချက်စာရင်းပင် ဖြစ်သည်။
အနာဂတ်ရဲ့ နာမည်ကျော် များကတော့ ဒီအစောပိုင်း အဆင့်သတ်မှတ်ချက် စာရင်းမှာတင် သူတို့ရဲ့ တည်ရှိမှုကို ပြသနေကြပြီ ဖြစ်သည်။ သို့သော်လည်း အဆင့်(၃)ဝင်ပေါက်၏ [အကဲဖြတ်ချက်] ရောက်လာချိန်မှာတော့ လူသားတွေရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဒီပါရမီရှင်တွေတောင် အတားအဆီးတွေနဲ့ ရင်ဆိုင်လိုက်ရလေသည်။ [အကဲဖြတ်ချက်] နေရာများတွင် (F) အဆင့်များသာ တစ်တန်းကြီး ပေါ်လွင်နေသည်။
နံပါတ်(၁) နေရာတွင် စိုးမိုးနေသော ထိုတစ်ယောက်တည်းသောသူမှလွဲ၍ ကျန်လူများအားလုံး (F) များသာ ရရှိထားကြသည်။
[အမည်] ဖန်
[အသက်] ၂၀ နှစ်
[အကဲဖြတ်ချက်] D
[အဆင့်] နံပါတ်(၁)
အဆင့်(၃)ဝင်ပေါက်၏ စွမ်းအားအဆင့်သတ်မှတ်ချက်စာရင်းမှစ၍ လိင်အမျိုးအစားနှင့် ဆင့်ကဲပြောင်းလဲသူ၊ စွမ်းရည်မြှင့်တင်သူ စသည့် အချက်အလက်များကို ဖုံးကွယ်ထားခဲ့ပြီဖြစ်သည်။
ဖန်။
သူသည်လည်း နောင်အနာဂတ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်းစွမ်းအားရှင်တစ်ဦး ဖြစ်လာမည့်သူဖြစ်သည်။ ချူဟန်အတွက်မူ ဤနာမည်က အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
အဆင့်စာရင်းတွင် ပါဝင်နေသူများ၏ အချက်အလက်များကို ခေါင်းထဲသို့ တိတ်ဆိတ်စွာ မှတ်သားနေရင်း ချူဟန်၏ အကြည့်တို့က ရှောင်ချီး ဆိုသော နာမည်ထံသို့ ထပ်မံ ရောက်ရှိသွားသည်။ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။
ဤကျောက်နံရံကြီးက မည်သည့်အတွက်ကြောင့် [လိင်] အမျိုးအစားကို အဘယ်ကြောင့် တမင်တကာ ထုတ်ပြန်ထားရသနည်း ဆိုသည့် အကြောင်းရင်းအား သူ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီ ဖြစ်သည်။ ဤအချက်က သေချာပေါက် လူသိရှင်ကြား ပြသထားသင့်သော အရာပင်ဖြစ်သည်။
သခင်လေး ရှောင်ချီး၏ အဆင့်တက်နှုန်းကို ထည့်တွက်ကြည့်မည်ဆိုလျှင် မကြာမီမှာပင် အဆင့်(၃)ဝင်ပေါက်၏ စွမ်းအားအဆင့်သတ်မှတ်ချက်စာရင်းသို့ ရောက်ရှိလာတော့မည်မှာ သေချာသည်။ ထိုအချိန်ရောက်၍သာ လိင်အမျိုးအစားကို ဖုံးကွယ်ထားလိုက်မည်ဆိုပါက သူမသည် မိန်းကလေး တစ်ဦးဖြစ်ကြောင်းကို မည်သူကမျှ သိရှိနိုင်တော့မည် မဟုတ်ပေ။
ကံကောင်းသွားသည်။ အတိတ်ဘဝကတည်းက သခင်လေး ရှောင်ချီး ၏ နာမည်ကြီးမှုကို သိရှိခဲ့ဖူးသောကြောင့်သာ ယခုဘဝတွင် အထူးတလည် သတိထားမိခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်ကြီးကြောင့် လူမည်မျှလောက် လှည့်စားခံခဲ့ရမည်ကို တွေးကြည့်၍ပင် မရနိုင်ချေ။
ချူဟန်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ရှေ့သို့ လျှောက်သွားသည်။ ဖြူဖွေးနေသော ယုန်မှာ ချူဟန်တစ်ယောက် အမှားကိုသိကာ မိမိထံ တောင်းပန်ရန် လာနေပြီဟု ထင်မှတ်ထားပြီး သူ၏ထံမှ အမြတ်အစွန်းများကို မည်သို့မည်ပုံ ညှစ်ထုတ်ရမည်နည်းဟု ခေါင်းစားခံကာ စဉ်းစားနေခဲ့သည်။
သို့သော်လည်း ချူဟန်က ထိုယုန်၏ ခေါင်းပေါ်မှနေ၍ သနားညှာတာမှု ကင်းမဲ့စွာဖြင့် ကျော်ခွသွားလေသည်။ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ယဉ်ကျေးမှုအရိပ်အယောင်လေးမျှပင် မရှိဘဲ ပြောင်ပြောင်တင်းတင်း လျစ်လျူရှုသွားခဲ့ခြင်းပင် ဖြစ်သည်။
"မင်း.. မင်းကွာ"
ယုန်က ဒေါသထွက်လွန်းသဖြင့် နေရာတွင်ပင် ခုန်ပေါက်နေတော့သည်။ သို့ရာတွင် ချူဟန်က တစ်ချက်လေးမျှပင် လှည့်မကြည့်လာသည့်အပြင် ကြီးမားသော ကျောက်နံရံကြီးကို အားနာနေဟန်ဖြင့် ပုတ်ကာ ယုန်တစ်ကောင်လုံး ဆွံ့အသွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်လေသည်။
"တောင်းပန်ပါတယ် ကျောက်တုံးကြီးရာ။ ငါ မင်းကို အထင်လွဲခဲ့မိတယ်။ လိင်အမျိုးအစား ဆိုတာကို ငါ အရင်မေးခဲ့သင့်တာ။ မင်းမျက်စိကန်းနေတာကို ငါ ထပ်မဆူတော့ပါဘူး။ ငါ့မျက်စိပါ ကန်းချင်နေပြီ"
ယုန်ကလေးမှာ ဆွံ့အသွားပြီးနောက် ဗိုက်ကိုနှိပ်ကာ အော်ဟစ်ရယ်မောတော့သည်။
"ဝါးဟားဟား.. မင်းက ဒီလို တဏှာရူး ကျောက်တုံးကြီးကို စကားသွားပြောနေတာလား။ သူက မင်းကို အဖက်လုပ်မှာတဲ့လား။ လာပါ လာပါ.. ငါကိုယ်တော်မြတ်နဲ့ပဲ စကားပြောလိုက်ပါ။ ငါက မင်းကို လျစ်လျူရှုမထားပါဘူး"
မသိစိတ်၏ စေ့ဆော်မှုကြောင့် ယုန်သည် ချူဟန်အပေါ် သိသာထင်ရှားစွာ အလျှော့ပေးလာခဲ့ပြီဖြစ်သည်။
ချူဟန်က ကျောက်နံရံကြီးထံမှ အကြည့်ကိုလွှဲကာ ခြေရင်း၌ရှိနေသော ဝိုင်းစက်ဖောင်းအစ်နေသည့် ယုန်ကို ငုံ့ကြည့်လိုက်သည်။
"ပြန်လည်စတင်ခြင်းစနစ် ဆိုတာလား"
"ဟုတ်တယ်၊ မှန်လိုက်လေ"
ချူဟန်က သူ့ကို စကားပြန်ပြောလာသည့်အတွက် အလွန်ဝမ်းသာသွားကာ ယုန်က ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
"ငါက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပြန်လည်စတင်ခြင်းစနစ်ပဲလေ။ မင်းက အပိုင်းအစ ဆယ်ခုထဲက တစ်ခုကို ရှာတွေ့ခဲ့ပြီးတော့ အဆင့်(၂) ဇွန်ဘီတွေဆီက စွမ်းအင်ပုံဆောင်ခဲတွေပါ ပေါင်းထည့်လိုက်တဲ့အတွက်ကြောင့် ငါက အလွန်တရာ အံ့မခန်းနိုင်လောက်တဲ့ အဆင့်မြှင့်တင်မှုကို လုပ်ဆောင်နိုင်ခဲ့တာပေါ့"
ယုန်က မျက်လုံးလေးများကို တလက်လက်တောက်ပစေလျက် မျှော်လင့်ချက်အပြည့်ပါသော အကြည့်များဖြင့် ချူဟန်ကို မော့ကြည့်လာသည်။ သူ၏ မျက်နှာပေးမှာ ဘယ်လိုလဲ.. ဘယ်လိုလဲ.. မြန်မြန် ချီးကျူးလိုက်စမ်းပါ ဟု ပြောနေသည့်အလား ပေါ်လွင်နေသည်။
ချူဟန်က လက်တစ်ဖက်ဖြင့် ရှူရာပုဆိန်၏ ရိုးတံကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်လိုက်သည်။
"ဒါနဲ့ မင်းမှာ ဘာလုပ်ဆောင်ချက်တွေ ရှိလဲ"
"မင်းကတော့ လွန်လွန်းနေပြီ"
ယုန်က မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။
"တွေ့တွေ့ချင်း နှုတ်ဆက်စကားတောင် မပြောဘဲ သူများရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်ရသလား။ မင်းမှာ ကိုယ်ကျင့်တရားဆိုတာ မရှိဘူးလား"
"ဟူး..."
ချူဟန်က ရုတ်တရက် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခြေထောက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
"ထူးဆန်းလိုက်တာ။ ငါ့ခြေထောက်က ဘာလို့ သူ့အလိုလို မြောက်တက်လာပါလိမ့်။ တစ်ယောက်ယောက်ကို အားရပါးရ ကန်ထုတ်ပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာနေတယ်"
"နေ.. နေပါဦး။ ပြောမယ်.. ပြောပါ့မယ်"
လန့်ဖြန့်ကာ ခုန်ဆွခုန်ဆွ ဖြစ်သွားသော ယုန်က ကပျာကယာ အော်ပြောတော့သည်။
"အရင်လုပ်ဆောင်ချက်တွေအပြင် အဆင့်မြှင့်တင်ပြီးနောက်ပိုင်း ရလာတဲ့ တခြား အကျိုးကျေးဇူးတွေက အများကြီးပဲ။ ပထမဆုံးအနေနဲ့ ငါက သိုလှောင်ခန်း တစ်ခုကို ဖွင့်လှစ်ပေးနိုင်တယ်။ ရမှတ်တွေတော့ ကုန်ကျမှာပေါ့လေ။ အကျယ်အဝန်း ဘယ်လောက်လောက် လိုချင်လဲ။ ကဲ.. ရွေးကြည့်လိုက်။ ဒီမှာကြည့်.. စတုရန်းမီတာ ငါးရာအကျယ်ဆိုရင် အရမ်းမိုက်တာပဲ။ အို... မင်းမှာ အဲဒီလောက် ရမှတ်မရှိသေးဘူးဆိုတော့ ကျော်လိုက်မယ်။ ဒီစတုရန်းမီတာ တစ်ရာအကျယ်ကလည်း မဆိုးဘူးနော်..."
ဘုန်း...
ပြင်းထန်လှသော ခြေကန်ချက်ကြီးက ယုန်၏ ကိုယ်လုံးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ကျရောက်သွားပြီး ထိုလိမ်ဆင်နှင့်တူသော အရောင်းမြှင့်တင်ရေး စကားများကို အတင်းအဓမ္မ ရပ်တန့်ပစ်လိုက်သည်။
ဒုန်း...
သနားစရာကောင်းသော ယုန်မှာ လေထဲသို့ ထပ်မံလွင့်စင်သွားပြီး နံရံနှင့် ဝင်တိုက်မိကာ တစ်ကိုယ်လုံး ပန်ကိတ်တစ်ခုသဖွယ် ပြားချပ်သွားတော့သည်။
"လိုရင်းကိုပဲ ပြောစမ်း"
ချူဟန်က သူ၏ခြေထောက်ကို ပေါ့ပါးစွာ ခါလိုက်သည်။ မိမိ၏ အကြမ်းဖက်လုပ်ရပ်အပေါ် အပြစ်ရှိသလို ခံစားရမှုမျိုး အနည်းငယ်မျှပင် မရှိချေ။ ယင်းအစား အစွမ်းကုန် နှစ်ကြိမ်တိုင်တိုင် ကန်ထုတ်ခံရသော်လည်း အရိုးတစ်ချောင်းမျှ ကျိုးမသွားသော ဤယုန်၏ ခံနိုင်ရည်ကိုပင် အံ့သြချီးကျူးနေမိသေးသည်။
"အဟွတ်.. အဟွတ်.."
ခေါင်းပေါ်တွင် ကြယ်များလည်နေပြီဖြစ်သော ယုန်က ယိုင်တိုင်တိုင်ဖြင့် ပြန်လည်ထရပ်လာသည်။ ချူဟန်၏ သနားညှာတာမှုကင်းမဲ့လှသော အကျင့်စရိုက်ကြောင့် မည်သို့ပြောရမည်ကိုပင် မသိတော့ဘဲ ဆွံ့အသွားတော့သည်။
နာကျင်မှုကို နှစ်စက္ကန့်ခန့် အံကြိတ်ခံလိုက်ပြီးနောက် ယုန်က သူ၏နှာခေါင်းကို ပွတ်သပ်လိုက်ရာ မျက်လုံးနှစ်လုံးစလုံး နီရဲယောင်ယမ်းလာတော့သည်။
"ငါက.. စကြဝဠာမှာ ပြိုင်ဘက်ကင်းပြီး နံပါတ်တစ် အချောဆုံးကွ။ ဒါကို ဒီလို အောက်တန်းစား မျိုးနွယ်စုက ကောင်လေးဆီမှာ နှစ်ကြိမ်ဆက်တိုက် အကန်ခံရတယ်ပေါ့။ မျက်နှာကို အိုးမည်းသုတ်ခံရတာပဲ။ ဒီလိုကြီး ဖြစ်သွားမှတော့... ငါ နောက်ဆို လူတကာ့မျက်နှာကို ဘယ်လို သွားကြည့်ရတော့မှာလဲ..."
"မင်းက အစကတည်းက လူမှမဟုတ်တာ"
ချူဟန်က ထိုငိုသံပါကြီးဖြင့် ညည်းတွားနေမှုကို အေးစက်စက် ဖြတ်ပြောလိုက်သည်။
"ယုန်လေကွာ"
"အာ.. ဟုတ်သားပဲ"
ယုန်က နှာရည်ကို ရွှတ်ခနဲ စုပ်တင်လိုက်ပြီးနောက် ထပ်မံငိုကြွေးလာပြန်သည်။
"ဒါဆိုရင် ငါက ရှေ့လျှောက် စကြဝဠာမှာ ပြိုင်ဘက်ကင်းပြီး နံပါတ်တစ် အချောဆုံး ယုန်တစ်ကောင်အနေနဲ့ ဘယ်လို ရှေ့ဆက်ရှင်သန်ရတော့မလဲ"
"ဟူ…."
ချူဟန်က အေးစက်စွာ နှာမှုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သနားညှာတာမှုကင်းမဲ့လှသော ညာဘက်ခြေထောက်က မည်သည့်အရိပ်အယောင်မျှ မပြဘဲ ထပ်မံမြောက်တက်လာပြန်သည်။
"နေ.. နေပါဦး။ ငါ လေမကြီးတော့ပါဘူး... ဆရာကြီးစတိုင် မဖမ်းတော့ပါဘူး..."
ယုန်က ကပျာကယာပင် ရှေ့လက်နှစ်ဖက်ဖြင့် ခေါင်းကိုပိုက်ကာ အပြည့်အဝ ကြောက်ရွံ့တုန်လှုပ်နေသော အားနည်းသူတစ်ဦး၏ ပုံစံမျိုးကို ဖမ်းလိုက်သည်။
"ဘာသိချင်လို့လဲ။ အကုန်.. အကုန်ပြောပြပါ့မယ်"
"မင်းက တကယ်တော့ ဘယ်သူလဲ။ ပြန်လည်စတင်ခြင်းစနစ် အပိုင်းအစဆိုတာက ဘာလဲ။ အဆင့်မြှင့်တင်ပြီးရင် တခြားဘာတွေ လုပ်နိုင်သေးလဲ။ ပြီးတော့ အရေးအကြီးဆုံးအချက်က မင်းက ငါ့ဆီကနေ ဘာတွေ အကြံအစည်ရှိနေတာလဲ"
ချူဟန်က မေးခွန်းများကို တစ်ခုပြီးတစ်ခု ပြတ်သားစွာ မေးလိုက်ပြီး နောက်ဆုံးတွင် ခြိမ်းခြောက်သည့်လေသံဖြင့် ထပ်မံဖြည့်စွက်လိုက်သည်။
"ကြိုပြောထားမယ်.. အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ လှည့်စားဖို့ မကြိုးစားနဲ့နော်"
စူးရှလှသော ချူဟန်၏ အကြည့်များကို ရင်ဆိုင်လိုက်ရချိန်တွင် ယုန်မှာ လှည့်ဖြားရဲသည့် သတ္တိများ ကင်းမဲ့သွားကာ ရိုးသားစွာပင် ဖွင့်ဟဝန်ခံလာသည်။
"ငါက ပြန်လည်စတင်ခြင်းစနစ်ပဲ။ ပြန်လည်စတင်ခြင်းစနစ်ဆိုတာကလည်း ငါပဲ။ တိတိကျကျ ငါက ဘယ်သူလဲလို့ မေးလာရင်တော့ အမှန်တိုင်းပြောရရင် ငါကိုယ်တိုင်လည်း အဖြေမပေးတတ်ဘူး။ မင်းက အခုမှ ပြန်လည်စတင်ခြင်းစနစ် အပိုင်းအစ တစ်ခုကိုပဲ ရှာတွေ့သေးတာလေ။ ငါက မှတ်ဉာဏ်နည်းနည်းလေးကို ပြန်ရလာပြီး ရုပ်လုံးမပေါ်တဲ့ အခြေအနေကနေ အခုလို ပုံစံမျိုး အသွင်ယူနိုင်ခဲ့တာပဲ ရှိသေးတယ်။ ပြန်လည်စတင်ခြင်းစနစ် အပိုင်းအစတွေနဲ့ ပတ်သက်ပြီး ပြောရရင် အခုလက်ရှိ ငါ့ကို မပြည့်စုံတဲ့အရာ လို့ပဲ သတ်မှတ်ထားလိုက်။ အပိုင်းအစ ဆယ်ခုစလုံးကို စုဆောင်းနိုင်မှသာ ငါက ပြည့်စုံတဲ့အရာ အဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး မင်းအတွက်လည်း ပိုမိုကြီးမားတဲ့ အင်အားတစ်ခု ဖြစ်လာလိမ့်မယ်"
ချူဟန်က စကားကို ဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေသော်လည်း သူ၏ ရင်ထဲတွင်မူ သတိထားမှု အနည်းငယ် ပေါ်ပေါက်လာခဲ့သည်။
‘ဒီ ပြန်လည်စတင်ခြင်းစနစ်စနစ် ဆိုတဲ့အရာက တကယ်တော့ ဘာကြီးလဲ’
ချူဟန်၏ ခြေကန်ချက် နှစ်ကြိမ်ကို ခံလိုက်ရသော ယုန်လေးသည် ထူးဆန်းသော လှည့်ကွက်များ သုံးရန် သတ္တိမရှိတော့ဘဲ ခေါင်းငုံ့ထားလျက် တည်ကြည်သော မျက်နှာထားဖြင့် စကားဆက်ပြောသည်။
"ငါ ခုနက ပြောခဲ့တဲ့ နယ်မြေသစ်အပြင်၊ အခု အဆင့်မြှင့်တင်မှုရဲ့ နောက်ထပ် အကျိုးကျေးဇူးကတော့... ဒီ ကျောက်နံရံကြီးထဲမှာ နောက်ထပ် ကမ္ဘာတစ်ခု ရှိ၊ မရှိကို မင်းအတွက် ထောက်လှမ်းပေးနိုင်တာပဲ။"
ထိုစကားကို ကြားလိုက်ရသဖြင့် ချူဟန်က သံသယဝင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ထိုစွမ်းရည်ဆိုလျှင် ပြန်လည်စတင်ခြင်းစနစ် အဆင့်မမြှင့်တင်ရသေးခင်ကတည်းက ရှိနေပြီးသား ဖြစ်သင့်သည်။ ဤယုန်က တစ်ခုခုများ ထပ်ကြံစည်နေပြန်တာလား။
သို့ရာတွင် ချူဟန်၏ တင်းမာသွားသော မျက်နှာအမူအရာကို လျင်မြန်စွာ ရိပ်မိလိုက်သော ယုန်လေးက လက်နှစ်ဖက်ကို ကပျာကယာ ယမ်းပြလိုက်သည်။
"နေ.. နေပါဦး။ မလောပါနဲ့။ စကားပြောလို့ မပြီးသေးဘူးကွ"