← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃) မဟုတ်ဘူး၊ မင်းနာမည်က ဝမ်ချိုက် ပဲ

ချူဟန်သည် အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လျက် ဆက်ပြောရန် အချက်ပြလိုက်သည်။

ဝဝဖိုင့်ဖိုင့် ယုန်လေးသည် ရှေ့သို့ နှစ်လှမ်းသုံးလှမ်း တိုးလာကာ စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောလေသည်။

"အဆင့်မတက်ခင်တုန်းက ငါ့မှာ ကိုယ်ပိုင်အသိစိတ်ဆိုတာ မရှိခဲ့ဘူး။ ပြီးတော့ မင်းက ကျောက်နံရံကြီးကို မရှာတွေ့သရွေ့ သီးခြားကမ္ဘာအမှတ် ရှိမရှိကိုလည်း ငါ မထောက်လှမ်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ မတူတော့ဘူးကွ။ ငါ အဆင့်တက်သွားပြီဖြစ်လို့ သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအတွင်းမှာဆိုရင် သီးခြားကမ္ဘာအမှတ်ပါတဲ့ ကျောက်နံရံကြီးတွေကို ငါ့ဘာသာ ရှာဖွေနိုင်နေပြီ"

"ဟင်..."

ချူဟန်၏ မျက်ဝန်းများတွင် ရုတ်တရက် အလင်းတစ်ချက် လက်သွားသည်။ ၎င်းမှာ အမှန်တကယ်ပင် သတင်းကောင်းတစ်ခု ဖြစ်သည်။ ကျောက်နံရံကြီးများတွင် ရွေ့လျားတတ်သော အမျိုးအစားနှင့် တစ်နေရာတည်းတွင် အတည်တကျရှိသော အမျိုးအစားဟူ၍ နှစ်မျိုးရှိသည်။ သီးခြားကမ္ဘာအမှတ် ပါဝင်သော ကျောက်နံရံ အများစုမှာ ရွေ့လျားတတ်သည့် သဘာဝရှိကြလေသည်။ ထိုအရာများ ယခုလောလောဆယ် မည်သည့်နေရာတွင် ရှိနေမည်ကို ချူဟန်ကိုယ်တိုင်လည်း လုံးဝ ခန့်မှန်း၍မရနိုင်ပေ။

သို့သော်လည်း သီးခြားကမ္ဘာအမှတ် ပါဝင်သည့် ကျောက်နံရံဆိုသည်မှာ စုစုပေါင်း ၁၀ ခုသာရှိပြီး အဆင့်(၁)ဝင်ပေါက် မှ အဆင့်(၁၀)ဝင်ပေါက် အထိ အသီးသီး သက်ဆိုင်နေကြသည်။ ဆိုလိုသည်မှာ ယခု မျက်မှောက်တွင်ရှိသော ဤကျောက်နံရံသည် အဆင့်(၁) စမ်းသပ်မှုအတွက်သာ သီးခြားကမ္ဘာအမှတ် ပါဝင်ပြီး အခြားအဆင့်များ၏ စမ်းသပ်မှုများအတွက် မရှိနိုင်ပေ။ အဆင့်(၂)ဝင်ပေါက်၏ သီးခြားကမ္ဘာအမှတ်မှာ အခြားကျောက်နံရံတစ်ခုခုတွင် ကွယ်ဝှက်နေမည်မှာ သေချာသည်။

"ဘယ်လိုလဲ... ဟေ့... ဘယ်လိုလဲ"

ယုန်လေးက မျှော်လင့်တကြီး မျက်ဝန်းများဖြင့် ချူဟန်ကို မော့ကြည့်လာသည်။

" ငါ တော်တယ်မလား "

"မဆိုးပါဘူး"

ချူဟန်က ခပ်ပေါ့ပေါ့ပင် တုံ့ပြန်လိုက်လျက် ယုန်လေးကို မျက်စောင်းထိုးကြည့်လိုက်သည်။

"အခု ငါ့မှာ အမှတ် ၁၄၅၃ မှတ် ရှိတယ်။ တကယ်ဆိုရင် သီးခြားကမ္ဘာအမှတ်ထဲမှာ အဆင့်(၂) အမြူတေ အလုံးတစ်ရာကျော် ရခဲ့သင့်တာ။ မင်းကြောင့် အကုန်လုံး သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီ။ အလျှော့ပေးတဲ့အနေနဲ့ ငါ့ဘက်က နည်းနည်း အနစ်နာခံပြီး အမှတ် ၅၀၀ အတိအကျနဲ့ပဲ ကျေအေးလိုက်ကြရအောင်"

"ဟင်"

ယုန်လေးမှာ ဆွံ့အသွားတော့သည်။

"ဘာအဓိပ္ပာယ်လဲ"

ချူဟန်က အလွန်တည်ငြိမ်သော မျက်နှာဖြင့် ခပ်ပြတ်ပြတ် ပြောချလိုက်သည်။

"မင်း ငါ့ကို အမှတ် ၅၀၀ အကြွေးတင်သွားပြီ။ ဘယ်တော့ ပြန်ဆပ်မှာလဲ"

ချူဟန်၏ အဓိပ္ပာယ်မရှိသော တောင်းဆိုချက်ကို ကြားလိုက်ရသဖြင့် ယုန်လေး၏

မျက်နှာမှာ ငိုမဲ့မဲ့ ဖြစ်သွားတော့သည်။

"ဒါ... ဒါက ဖြစ်နိုင်စရာမှ မရှိတာ။ ငါ အဆင့်တက်သွားတာကိုက မင်းအတွက် အကြီးမားဆုံး အကျိုးကျေးဇူးပဲလေကွာ"

"အကျိုးကျေးဇူး ဟုတ်လား"

ချူဟန်က လှောင်ပြုံး ပြုံးလိုက်သည်။

"ငါ့အမြင်တော့ မင်းက ဝန်ထုပ်ဝန်ပိုး သက်သက်ပဲ"

"ဝန်ထုပ်ဝန်ပိုး ဟုတ်လား။ ဘယ်နေရာက ဝန်ထုပ်ဝန်ပိုး ဖြစ်နေလို့လဲ"

ယုန်လေးက အရှုံးမပေးဘဲ ပြန်လည်ချေပလေသည်။

"ငါက အများကြီး လုပ်နိုင်တယ်ကွ။ ပြေးနိုင်တယ်၊ ခုန်နိုင်တယ်၊ အချွဲလည်း တတ်တယ်၊ အလိုလည်း လိုက်နိုင်တယ်။ အထီးကျန်ခရီးစဉ်အတွက် အကောင်းဆုံး အဖော်ပဲလေ"

ချူဟန်သည် ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ ယုန်လေးကို ကြည့်လိုက်သည်။

"အဲဒါကိုက ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပဲ။ အေးပါ၊ ငါ တစ်ခုလောက် မေးချင်တယ်။ မင်းက ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပြန်လည်စတင်ခြင်းစနစ် မလား။ ဒါဆို မင်း ငါနဲ့ အဝေးကြီးမှာ ရှိနေရင်တောင် ငါ့ကိုယ်ထဲက စနစ်ကို အသုံးပြုလို့ ရနိုင်သေးလား"

"အင်း... သုံးလို့ရတယ်လေ"

ယုန်လေးက ထိုသို့ အဘယ်ကြောင့်မေးမှန်း နားမလည်နိုင်သဖြင့် ခေါင်းစောင်းသွားသည်။

"စနစ်က မင်းနဲ့ တစ်သားတည်း ဖြစ်နေပြီးသားပဲ။ ငါက စနစ်ရဲ့ ကိုယ်ပွားရုပ်လုံးလေး သက်သက်ပဲလေ။ ငါ ဘယ်နေရာမှာပဲရှိရှိ မင်းရဲ့စနစ်က ပုံမှန်အတိုင်း အလုပ်လုပ်နေမှာပါပဲ"

ချူဟန်သည် ကျေနပ်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ယုန်လေးကို မျှော်လင့်ချက် ကင်းမဲ့သွားစေမည့် စကားတစ်ခွန်းကို ဆိုလိုက်လေသည်။

"ဒီလိုလား။ ဒါဆို မင်း ဒီနေရာမှာပဲ ကျန်ရစ်နေခဲ့တော့။ ငါ သွားပြီ။ နောက်တစ်ခါ ငါ့ရှေ့ကို လုံးဝ ပေါ်မလာနဲ့တော့"

ထိုသို့ပြောပြီးသည်နှင့် ချူဟန်သည် ချက်ချင်း လှည့်ထွက်သွားကာ အနောက်သို့ တစ်ချက်လေးမျှ ပြန်မကြည့်တော့ဘဲ ဂျစ်ရန်ဂလာ ကားရပ်ထားရာဘက်သို့ လျှောက်သွားတော့သည်။

"နေ... နေပါဦးကွာ"

ယုန်လေးမှာ အလွန်အံ့အားသင့်ပြီး လန့်ဖျပ်သွားသည်။

"ငါ့ကို ဒီလိုနေရာမျိုးမှာ တစ်ကောင်တည်း ပစ်ထားခဲ့မလို့လား။ ဒီလို တောခေါင်ခေါင်ကြီးထဲမှာ လူဆိုးတွေနဲ့များ တွေ့ရင် ဘယ်လိုလုပ်မလဲ"

ထွက်ခွာတော့မည့် ချူဟန်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ အကြောင်းမှာ ကျောက်နံရံပေါ်တွင် ရေးထွင်းထားသော လူတစ်ဦး၏ အမည်ကို သူ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

"ဟင်... မသွားတော့ဘူးလား"

ချူဟန် ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့် ယုန်လေးမှာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် မျက်နှာပြောင်တိုက်ကာ သူ၏ ခြေရင်းသို့ ပြေးသွားလျက် ခြေသလုံးကို ဖက်တွယ်ထားလိုက်သည်။

"ဟီးဟီး... မင်းက သဘောထားသေးသိမ်တဲ့သူ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ ဟုတ်တယ်မလား။ ငါက တော်တော်လေး အသုံးဝင်ပါတယ်ကွာ။ ငါ့ကို ခေါ်သွားပါနော်။ အိမ်ရင်လည်း နွေးနေအောင် လုပ်ပေးနိုင်တယ်။ ညဘက်လည်း သေးမပေါက်ချပါဘူးကွ"

၀ုန်း...

မည်သည့် အရိပ်အယောင်မှ မပြဘဲ ချူဟန်သည် ခြေသလုံးကို လာဖက်ထားသော ယုန်လေးကို အားကုန်သုံးကာ ကန်ထုတ်ပစ်လိုက်လေသည်။ ဤတစ်ကြိမ်တွင် လုံးဝ အလျှော့မပေးဘဲ ရာခိုင်နှုန်းပြည့် အင်အားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အမှတ် ၅၀၀ တန်ကြေးရှိသော အမြူတေများ အလဟဿ ဖြစ်သွားစေသည့်အပြင် ဤမျှဆူညံနေသော အကောင်ကို ခေါ်သွား၍လည်း မည်သည့်နေရာတွင် အသုံးဝင်မည်နည်း။

"အား..."

ဘောလုံးတစ်လုံးပမာ ဝဝဖိုင့်ဖိုင့် ယုန်လေးမှာ လှပသော မျဉ်းကွေးရာလမ်းကြောင်းအတိုင်း လေထဲသို့ လွင့်စင်သွားပြီးနောက် ပြင်းထန်သော အသံကြီးနှင့်အတူ ကျောက်နံရံကြီးကို ဝင်တိုက်မိသွားတော့သည်။ ယခုဆိုလျှင် ၎င်း၏ မျက်လုံးနှစ်လုံးစလုံးတွင် ကြယ်မီးပွင့်များ လွင့်ပျံနေမည်မှာ သေချာလှသည်။

ချူဟန်က သူ၏ ခြေထောက်မှ ဖုန်များကို ခါထုတ်လိုက်ပြီးနောက် အဆင့်(၁)ဝင်ပေါက်၏ တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်း၏ အောက်ခြေရှိ အမည်တစ်ခုပေါ်သို့ စက္ကန့်အနည်းငယ်ကြာ ကြည့်လိုက်သည်။

[မုထျန်း]

ထုံမြို့၌ သူနှင့်အတူ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ဖူးသော ထိုလူငယ်လေး၏ အမည်ကို ချူဟန် ကောင်းစွာ မှတ်မိနေခဲ့သည်။ ထိုကောင်လေးလည်း အဆင့်(၁)ဝင်ပေါက်သို့ ရောက်လာခဲ့ပြီ။ အံ့ဩချီးကျူးမှုကြောင့် သက်ပြင်းတိုတစ်ခုကို ချလိုက်ပြီးနောက် ချူဟန်သည် ထပ်မံ တွေးတောမနေတော့ဘဲ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။ ကျောဘက်၌ ယုန်လေးက အသည်းအသန် ပြန်ထရန် ရုန်းကန်နေချိန်တွင် သူက အလျင်အစွမ်း ကို အသုံးပြုကာ အရိပ်အယောင်မျှပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မြက်ခင်းပြင်ကြီးမှာ အမြင်အာရုံကို ကန့်သတ်ထားသည့်အပြင် နေမင်းကလည်း စတင် ဝင်ရောက်နေပြီ ဖြစ်သည်။ ချူဟန်သည် လာရာလမ်းကို မှတ်မိသလောက် အားကိုးလျက် သွားရမည့်လမ်းကို ခက်ခက်ခဲခဲ ခွဲခြားနေရသည်။ ဤတစ်ကြိမ်တွင် သူက အစွမ်းကုန် မပြေးခဲ့သောကြောင့် တောပြင်၌ ရပ်ထားခဲ့သော ဂျစ်ရန်ဂလာ ကားကို ပြန်ရှာတွေ့ရန် တစ်နာရီခန့် အချိန်ယူလိုက်ရသည်။

ဂျစ်ကား၏ ရှေ့တွင် ပြန့်ကျဲနေသော သမင်အကောင်တစ်ဆယ်ကျော်၏ အလောင်းများမှာ လုံးဝ အရိုးစုများအဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ မည်သည့် သားရဲတိရစ္ဆာန်များ ဖြတ်သွားသည်ကို မသိရသော်လည်း အသားများကို ပြောင်စင်နေအောင် စားသောက်သွားကြသည်မှာ ထင်ရှားလှသည်။ ကံကောင်းထောက်မစွာဖြင့် ကားကိုယ်ထည်ကို မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ပေ။ ဉာဏ်ရည်နိမ့်ပါးသော သားရဲများအတွက် ဤသံတုံးကြီးမှာ မည်သို့မျှ ဆွဲဆောင်မှု မရှိသောကြောင့် ဖြစ်ပေမည်။

ကားတံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်ပြီး အင်ဂျင်ကို နှိုးလိုက်သည်။

ဝူး...

အချိန်ကြာမြင့်စွာ နေရောင်ခြည်နှင့် ထိတွေ့ထားသောကြောင့် ဂျစ်ကား၏ စွမ်းအင်များမှာ အတော်အသင့် ပြည့်ဝနေပြီ ဖြစ်သည်။ ချူဟန်က လီဗာကို အဆုံးထိ နင်းချလိုက်သည်။ မြို့ပြများနှင့်မတူဘဲ မြက်ခင်းပြင်ကဲ့သို့ ကျယ်ပြောလှသည့် ကွင်းပြင်ကြီးများမှာ လုံးဝ ဘေးမကင်းလှပေ။ ထို့ကြောင့် အမြင့်ဆုံး အမြန်နှုန်းဖြင့်သာ မောင်းနှင်သွားသင့်ပေသည်။

ကားမောင်းလာသည်မှာ ၁၀ မိနစ်ခန့် ကြာပြီးနောက်...

ခရီးသည်ထိုင်ခုံရှိ လေထုမှာ ရုတ်တရက် လှိုင်းထလာပြီး ရင်းနှီးနေသော ထိုယုန်လေး ပေါ်လာတော့သည်။ ၎င်း၏ ခေါင်းပေါ်တွင် ပေါင်းပင်များနှင့် ရွှံ့များ ကပ်ငြိနေပြီး မျက်လုံးနှစ်ဖက်စလုံး၌လည်း မျက်ရည်များ ပြည့်လျှံနေသည်။ ယုန်အထီး အုပ်စုကြီး၏ ဝိုင်းဝန်းထိုးကြိတ်မှုကို ခံလိုက်ရလိုက်သလို အလွန်တရာ သနားစရာကောင်းသော အသွင်အပြင် ဖြစ်နေလေသည်။

"မင်း ငါ့ကို ခြေရာခံနိုင်တာလား"

ချူဟန်သည် တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် နားလည်သွားသည်။ ဤအကောင်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ စနစ်၏ ကိုယ်ပွားတစ်ခုသာဖြစ်ပြီး အစစ်အမှန် သက်ရှိသတ္တဝါ မဟုတ်ကြောင်းကို ပြန်လည်သတိရသွားသောကြောင့် ဖြစ်သည်။

"မင်း ငါ့ကို တစ်ကောင်တည်း ပစ်ထားရက်တယ်နော်"

ယုန်လေးက မကျေမနပ် အော်ဟစ်လိုက်သည်။

"ဒီလောက် အရှက်မရှိတဲ့လူမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး။ တစ်လောကလုံးမှာ အမြင့်မြတ်ဆုံး၊ အကြီးမြတ်ဆုံးနဲ့ ပြိုင်ဘက်ကင်းတဲ့ ငါ့ကို လွှင့်ပစ်ခဲ့တယ်ဆိုတော့... အား..."

ယုန်လေး၏ ဒေါသတကြီး အော်ဟစ်သံမှာ ရုတ်တရက် အလန့်တကြား အော်သံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ချူဟန်က ယုန်လေး၏ နားရွက်တစ်ဖက်ကို အားကုန်သုံးကာ ရက်စက်စွာ ဆွဲမလိုက်သောကြောင့် ဖြစ်သည်။

ကားမှန်ကို ဖွင့်ကာ ယုန်လေးကို ဆွဲမ၍ အပြင်သို့ လွှင့်ပစ်လိုက်သည်။

ဝှီး...

ဝဝဖိုင့်ဖိုင့် ယုန်လေးမှာ ချူဟန်၏ လက်ဖြင့် ကားမှန်ပေါက် အပြင်ဘက်သို့ သနားညှာတာမှု ကင်းမဲ့စွာ လွှင့်ပစ်ခံလိုက်ရလေသည်။ တစ်နာရီလျှင် ကီလိုမီတာ ၁၈၀ နှုန်းဖြင့် အရှိန်ပြင်းပြင်း မောင်းနှင်နေသော ဂျစ်ကားပေါ်မှ ပစ်ချခံလိုက်ရသဖြင့် ယုန်လေးမှာ တစ်ခဏအတွင်းမှာပင် အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။

ပြင်းထန်စွာ တိုက်ခတ်နေသော လေတိုက်သံကြီးက နားထဲတွင် ဆူညံစွာ ထွက်ပေါ်နေသည်။ ချူဟန်သည် ကားမှန်ကို အေးအေးဆေးဆေးပင် ပိတ်လိုက်သည်။ အမှတ် ၅၀၀ အကြွေးကိုပင် ပြန်မဆပ်နိုင်ဘဲနှင့် အထာလာဖမ်းကာ ဒေါသထွက်ပြနေခြင်းမှာ မျက်နှာပြောင်တိုက်လွန်းရာ ကျနေပေသည်။

နောက်ထပ် ၅ မိနစ်ခန့် အကြာတွင်။

"ငါ မှားသွားပါတယ်ကွာ"

ဂျစ်ကား၏ ခရီးသည်ထိုင်ခုံ၌ တစ်ဖန် ပြန်လည်ပေါ်လာသော ယုန်လေးမှာ ဒေါသများ လုံးဝ ပြေပျောက်နေခဲ့ပြီ ဖြစ်သည်။ ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိနေသော ပေါင်းပင်များနှင့် ရွှံ့များမှာ စောစောက လေထဲလွင့်ပျံသွားစဉ် လွင့်စင်သွားပုံရပြီး ၎င်းအစား ဖွာလန်ကြဲနေသော အမွေးဖြူဖြူများသာ ကျန်ရစ်တော့သည်။

သူက ထပ်မံငုံ့ကြည့်ပြီး တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ မေးလိုက်သည်။

"နောက်တစ်ခါ ငါ့ကို အဲဒီလို လာမပြောနဲ့"

"ဟုတ်... ဟုတ်ကဲ့ပါ"

ယုန်လေးမှာ လုံးဝကို ငြိမ်ကျသွားလေပြီ။

သို့သော်လည်း သုံးမိနစ်ပင် မပြည့်သေးခင်မှာပင်။

"ဟေ့... ချူဟန်။ ငါတို့ အခု ဘယ်သွားကြမလို့လဲ။ အဆင့် မြန်မြန်တက်အောင် လုပ်ပါကွာ။ အဲဒီလိုဆိုရင် အဆင့်(၂)ဝင်ရောက်ရဲ့ သီးခြားကမ္ဘာအမှတ်ကို ငါ လမ်းပြပေးနိုင်ပြီလေ။ ဟုတ်တယ်မလား။ ငါကလည်း အသုံးဝင်တယ်လေနော်။ အဲဒီနေရာမှာ ပြန်လည်စတင်ခြင်းစနစ်ရဲ့ ဒုတိယမြောက် အပိုင်းအစ ရှိနေတယ်ကွ။ အပိုင်းအစ ဆယ်ခုစလုံးကို မြန်နိုင်သမျှ မြန်မြန် စုဆောင်းဖို့ လိုအပ်တယ်နော်"

ယုန်လေးက တစ်ဖန် ပြန်လည် အတင့်ရဲလာပြီး ဆရာကြီးစတိုင်ဖြင့် ပြန်ပြောတော့သည်။

"မလုပ်ပေးနိုင်ဘူး…"

ချူဟန်က ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်သည်။

"ဘာလို့လဲ"

ယုန်လေးမှာ နားမလည်နိုင် ဖြစ်သွားသည်။

"ဟေ့ကောင်၊ အပိုင်းအစတွေ စုဆောင်းဖို့က ဘာထက်မဆို ပိုအရေးကြီးတယ်ကွ။ ဦးစားပေးအနေနဲ့ လုပ်ရမယ့် ကိစ္စပဲ။ ငါသာ ပြီးပြည့်စုံတဲ့အဆင့်ထိ ရောက်သွားရင် မင်းရနိုင်မယ့် အကျိုးကျေးဇူးတွေက အတိုင်းအဆမရှိဘူးနော်"

"ဘယ်လို အကျိုးကျေးဇူးမျိုးလဲ"

ချူဟန်က ထိုအချက်တစ်ချက်ကိုသာ အာရုံစိုက်လိုက်သည်။

"အင်း... အဲဒါက..."

ယုန်လေးက စကားထစ်သွားသည်။ သူ မမှတ်မိတော့ပုံရသည်။ ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် မျက်လုံးပြူးကာ ပြုံးဖြီးဖြီး လုပ်လိုက်သည်။

"ဟေ့... ချူဟန်။ စကားမစပ်... ငါ့မှာ နာမည် မရှိသေးဘူးမလား။ အခု ငါတို့က ခေါင်းတစ်လုံးတည်း ခေါင်းအုံးနေရတဲ့ အခြေအနေရောက်နေပြီလေ။ နာမည်တစ်ခု ရှိထားရင် ဆက်သွယ်ရတာ ပိုလွယ်ကူတာပေါ့။ ဟုတ်တယ်မလား။ အခုကစပြီး ငါ့ကို အလွန်ချောမောခန့်ညားသော အရှင်သခင် လို့ ခေါ်ရင် ဘယ်လိုလဲ"

"မဟုတ်ဘူး"

ချူဟန်က အလွန်တည်ငြိမ်သော မျက်နှာဖြင့် ပြတ်ပြတ်သားသား ဆိုလိုက်လေသည်။

"မင်းနာမည်က ဝမ်ချိုက် ပဲ"

All Chapters