← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅) မဟုတ်ဘူး... တက်ရမှာက မင်းပဲ

"လုံးဝ မလုပ်နိုင်ဘူး"

ကျင်း...

ပုဆိန်သွားက ဝမ်ချိုက်၏ လည်ပင်းဆီသို့ တစ်စင်တီမီတာခန့် တိုးဝင်သွားလေသည်။

"မလုပ်ပါဘူးဆို"

ပုဆိန်သွားက ထပ်မံတိုးဝင်သွားသဖြင့် ဝမ်ချိုက်၏ လည်ပင်းမှ အမွေးများပင် ပြတ်ကျကုန်တော့သည်။

"အေးပါ... လဲပေးပါ့မယ်"

အဆုံးတွင်တော့ ဝမ်ချိုက်မှာ ၎င်း၏ ကံကြမ္မာကို လက်ခံလိုက်ရလေသည်။

ငါးမိနစ်ခန့် အကြာတွင်။ ကြီးမားခန့်ထည်လှသော ဂျစ်ရန်ဂလာ ကားကြီးမှာ ထိုနေရာမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။ ဝမ်ချိုက်မှာ မြေပြင်ပေါ်တွင် ခွေယိုင်ကျနေသည်။ လောကကြီးကို စိတ်ပျက်အားငယ်သွားပြီး မျှော်လင့်ချက်များ ကင်းမဲ့ကာ သေချင်စိတ်သာ ရှိတော့သည့်အလား ဖြစ်နေတော့သည်။

ချူဟန်က ဤယုန်တစ်ကောင်၏ စိတ်နှလုံး မည်မျှပင် ကြေကွဲနေပါစေ ဂရုမစိုက်ပေ။ သူက အရှေ့ရှိ မြင့်မားသော တောင်ကြီးကို မော့ကြည့်လိုက်ပြီးနောက် လက်ထဲမှ ရှူရာပုဆိန်ကို ငုံ့ကြည့်လိုက်သည်။

နောက်တစ်စက္ကန့်၌ ပုဆိန်ရိုးအောက်ခြေဖြင့် ဝမ်ချိုက်၏ ခန္ဓာကိုယ်ကို အကြင်နာကင်းမဲ့စွာ ရိုက်ချလိုက်တော့သည်။

မှုန်ဝါးနေသော ဝမ်ချိုက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ငိုချင်လျက်နှင့် မျက်ရည်မထွက်နိုင်လောက်အောင် မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာဖြင့် ချူဟန်ကို မော့ကြည့်လာသည်။

"လဲပေးလိုက်ပြီလေ။ အလကား ပေးလိုက်တာကို ဘာလို့ ပုဆိန်ရိုးနဲ့ ရိုက်ရတာလဲ။ နာတယ်ကွ" နောက်ဆုံးစကားမှာ ငိုသံပါကြီးဖြင့် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

ချူဟန်က သူ၏ လက်ထဲမှ ရှူရာပုဆိန်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီပုဆိန်ကိုပါ အထဲထည့်လိုက်။ သယ်သွားဖို့ အနှောင့်အယှက်ဖြစ်တယ်"

သိုလှောင်ခန်းသည် ဝမ်ချိုက်၏ ခန္ဓာကိုယ်အတွင်း၌ တည်ရှိသည်။ ချူဟန်၏ ပြန်လည်စတင်ခြင်း စနစ် ဖြစ်သည့်အားလျော်စွာ ပစ္စည်းများ ထည့်သွင်းထုတ်ယူခြင်းမှာ ၎င်း၏ တာဝန်ပင် ဖြစ်ပေသည်။

ဝမ်ချိုက်မှာ မျက်လုံးများ နီရဲသွားပြီး အလျင်အမြန် ကုန်းထလာသည်။ ဝိုင်းစက်ဖောင်းကားနေသော ဗိုက်ရွှဲကြီးမှာ ဘောလုံးတစ်လုံးပမာ စူထွက်နေလေသည်။ ဝမ်ချိုက်က စကားတစ်ခွန်းမျှ မဆိုဘဲ ရှေ့လက်များကို ညင်သာစွာ ခါယမ်းလိုက်ရာ ချူဟန်၏ လက်ထဲရှိ ရှူရာပုဆိန်မှာ သိုလှောင်ခန်းအတွင်းသို့ ရောက်သွားသည်။

ဤကိစ္စအတွက် မည်မျှပင် မကျေနပ်စေကာမူ ငြင်းဆန်နိုင်စွမ်း မရှိပေ။ လဲလှယ်မှု ပြီးမြောက်သွားပြီ ဖြစ်သောကြောင့် သိုလှောင်ခန်း၏ အမှန်တကယ် ပိုင်ရှင်မှာ ချူဟန် ဖြစ်လာခဲ့ပြီး ဝမ်ချိုက်မှာ တံခါးစောင့် တစ်ဦးသာ ဖြစ်နေတော့သည်။

"အင်း... ကောင်းတယ်"

ဤတစ်ကြိမ်တွင်တော့ ထူးဆန်းစွာပင် ချူဟန်၏ အမူအရာမှာ အလွန် ကောင်းမွန်နေခဲ့သည်။ သူက လက်လှမ်းကာ ဝမ်ချိုက်၏ အမွေးပွပွ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"တော်တယ်။ ဒီညအတွက် ဆုချတဲ့အနေနဲ့ အသားကင် ကျွေးမယ်"

"တကယ်လား"

ဝမ်ချိုက်မှာ ချက်ချင်းဆိုသလို အသက်ပြန်ဝင်လာတော့သည်။ အတိအကျ ဆိုရလျှင် ၎င်းသည် သက်ရှိသတ္တဝါ မဟုတ်သလို အစာငတ်၍လည်း သေဆုံးနိုင်မည် မဟုတ်ပေ။ သို့သော် အစာစားနိုင်စွမ်း ရှိပြီး အစားအသောက် အလွန် မက်မောသူလည်း ဖြစ်သည်။ ဝဖြိုးနေရခြင်း၏ အကြောင်းရင်းမှာ ထိုအချက်ကြောင့်ပင် ဖြစ်မည်ဟု ချူဟန် တိတ်တဆိတ် သံသယဝင်နေခဲ့သည်။

"တကယ်ပေါ့"

ချူဟန်က မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးလျက် ပြောလိုက်သည်။

"ငါ့စရိုက်က နည်းနည်း ဆိုးကောင်း ဆိုးလိမ့်မယ်။ ဒါပေမဲ့ ကတိပေးပြီးရင်တော့ အမြဲတမ်း တည်တယ်"

"အင်း... ဒါလည်း ဟုတ်တာပဲ"

ခဏမျှ စဉ်းစားပြီးနောက် ဝမ်ချိုက်လည်း သဘောတူလိုက်သည်။ အစားအသောက်၏ သွေးဆောင်မှုအောက်တွင် ဝမ်းနည်းမှုများမှာ လွင့်စင်ပျောက်ကွယ်သွားလေပြီ။ ထို့နောက် ၎င်းက ပြန်လည်၍ စကားများလာတော့သည်။

"ဒါနဲ့ ဟိုဘက်က တောင်ကြီးက အရမ်း မြင့်တာပဲနော် တောကြက်တွေ ဘာတွေတောင် ရှိနိုင်တယ်။ ဒီည တောကြက်ကင် စားကြမလား"

"ကောင်းပြီလေ"

ချူဟန်က ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချူဟန် ဤကဲ့သို့ ပြုံးနေချိန်မျိုးတွင် အများအားဖြင့် ကောင်းမွန်သော အကြံအစည်များ ရှိမနေတတ်ကြောင်းကို ဝမ်ချိုက် သတိမထားမိသေးပေ။ ဝမ်းချိုင်း ပျော်ရွှင်စွာ ခုန်ပေါက်နေရင်း မေးလိုက်သည်။

"ရေး... ဝမ်းသာလိုက်တာ။ ဒါဆို အခု ငါတို့ တောင်ပေါ် တက်ကြတော့မလား"

ချူဟန်၏ အပြုံးမှာ ပို၍ တောက်ပလာသည်။

"ငါတို့ မဟုတ်ဘူး... မင်းပဲ"

"ဟင်... ဘာလဲ"

ဝမ်ချိုက်က အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ခေါင်းစောင်းကာ မေးလိုက်သည်။

ချူဟန်က အလွန် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

"မင်း တက်ရမှာ... ငါ မတက်ဘူး"

"နင်က မတက်ဘူးလား။ ဒါဆို တောင်ကို ဘယ်လို ကျော်မှာလဲ"

ဝမ်ချိုက်မှာ အခြေအနေကို နားမလည်သေးပေ။

ချူဟန်က သူ၏ ဖြူဖွေးနေသော သွားများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။

"မင်းကျောပေါ် စီးသွားမှာ"

"ဘာအဓိပ္ပာယ်လဲ"

ဝမ်ချိုက်မှာ မသိမသာ ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။

"မင်းက ကြီးချင်ကြီး သေးချင်သေးလို့ ရတယ် မဟုတ်လား"

ချူဟန်က ခြေထောက်ကို ညင်သာစွာ လှုပ်ရမ်းလျက် ပြောလိုက်သည်။

သူ၏ ဟန်ပန်မှာ ခြိမ်းခြောက်နေပုံနှင့် လုံးဝ မတူပေ။

"မြင်းတစ်ကောင်လောက် အရွယ်အစား ပြောင်းကြည့်လိုက်စမ်းပါ"

"မလုပ်ဘူး"

ဝမ်ချိုက်က ရူးသွပ်လုမတတ် အော်ဟစ်လိုက်သည်။

"ဒီလူလိမ်ကောင်"

ချူဟန်ကမူ တိတ်ဆိတ်စွာပင် ခြေထောက်ကို ဆက်လက် လှုပ်ရမ်းနေလေသည်။

"မရဘူး"

ဝမ်ချိုက်က ငိုယိုကာ အော်ဟစ်နေသည်။

"သဘောမတူနိုင်ဘူး"

ဤတစ်ကြိမ်တွင် ခြေထောက်ကို လှုပ်ရမ်းနေရုံသာမကဘဲ ချူဟန်က လက်မောင်းကြွက်သားများကိုပါ ဖြည်းညင်းစွာ အကြောလျှော့နေတော့သည်။

မြင်းတစ်ကောင်စာခန့် ကြီးမားလာသော ယုန်ဖြူတုတ်တုတ်ကြီး တစ်ကောင်သည် အသက်ရှူသံ ပြင်းပြင်းဖြင့် တောင်ပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းနေလေသည်။ သို့သော်လည်း ခွေးတစ်ကောင်လို မောဟိုက်နွမ်းနယ်နေပုံ ပေါက်နေသော်လည်း ၎င်း၏ အမြန်နှုန်းက လုံးဝ နှေးကွေးမသွားဘဲ ခုန်ပေါက်ရာတွင်လည်း အလွန် ကျွမ်းကျင်လှသည်။ မျိုးဗီဇပြောင်းလဲမှုကြောင့် သာမန်ထက် တုတ်ခိုင်နေသော နွယ်ပင်ကြီးတစ်ခုကိုပင် နှစ်ခါသုံးခါ ခုန်လိုက်ရုံမျှဖြင့် အလွယ်တကူ ကျော်လွှားသွားနိုင်လေသည်။

ချူဟန်က ဝမ်ချိုက်၏ ကျယ်ပြန့်သော ကျောပြင်ပေါ်တွင် သက်သောင့်သက်သာ စီးနင်းလိုက်ပါလာသည်။ လက်ဗလာဖြင့် အလွန် အေးဆေးစွာ အနားယူနေပြီး သီချင်းလေးပင် ညည်းဆိုနေသေးတော့သည်။

"ဒါနဲ့လေ ချူဟန်... ဘာဖြစ်လို့ ဒီလို ကြမ်းတမ်းတဲ့ လမ်းကို ရွေးရတာလဲ။ အလျင်စလိုနဲ့ ဘယ်ကို သွားနေတာလဲ"

ဝမ်ချိုက်က စိတ်ပျက်လက်ပျက်ဖြင့် တောင်တက်နေရင်း အောင့်အည်းမထားနိုင်တော့ဘဲ ညည်းတွားမေးမြန်းလာသည်။ ဤမျှတိုင် အနိုင်ကျင့်ခံလိုက်ရပြီးနောက်တွင် ကံကြမ္မာကို လက်ခံရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

"အန်လော့မြို့မှာ မိဘတွေ သွားရှာမလို့"

ချူဟန်က ဝမ်ချိုက်ကို ရှင်းပြရန် ဝန်မလေးခဲ့ပေ။ ဝမ်ချိုက် ပြောသကဲ့သို့ပင် သူတို့နှစ်ဦးမှာ အတူတကွ ရပ်တည်နေကြသူများ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

"အို…"

ဝမ်ချိုက်က နားလည်သွားသကဲ့သို့ တုံ့ပြန်လိုက်သည်။

"ဒါဆို ဦးလေးနဲ့ အန်တီ့ကို ရှာတွေ့ပြီဆိုတာနဲ့ ပြန်လည်စတင်ခြင်း အပိုင်းအစတွေကို သွားရှာလို့ ရပြီပေါ့"

"အင်း... လမ်းကြုံရင် တစ်ခါတည်း ရှာသွားလည်း ရတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် နန်တူးမြို့ကို အရင် သွားရဦးမယ်။ အဲဒီမှာ ငါ့ညီအစ်ကိုတွေ ရှိတယ်။ စောစော မသွားရင် ပြဿနာ နည်းနည်း တက်နိုင်လို့"

ချူဟန်အတွက် ဤသို့ စကားများများ ပြောခြင်းမှာ ရှားပါးလှသည်။ သို့သော် ရုတ်တရက် သူ၏ လေသံက ပြောင်းလဲသွားသည်။

"ပြီးတော့ ငါ့မိဘတွေကို ဦးလေး၊ အန်တီ လို့ မခေါ်နဲ့"

"ဒါဆို ဘယ်လို ခေါ်ရမှာလဲ"

ဝမ်ချိုက်က အမောတကောဖြင့် မေးလိုက်သည်။

"သခင်ကြီး နဲ့ သခင်မ လို့ ခေါ်"

ချူဟန်က မျက်နှာအမူအရာ အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိဘဲ ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"ဖူး..."

ဝမ်ချိုက်မှာ မရည်ရွယ်ဘဲ ရယ်မောမိသွားပြီး ခြေချော်လုနီးပါး ဖြစ်သွားသည်။ သို့သော် ကျောပေါ်ရှိ အမျိုးသားထံမှ ထွက်ပေါ်လာသော အေးစက်စက် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ဤအကြောင်းအရာကို ဆက်လက် မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

"ဘာလို့ အဲဒီလို ခေါ်ရမှာလဲ။ ရယ်စရာကြီးကို"

ချူဟန်က စိတ်ပျက်လက်ပျက်ဖြင့် မျက်စောင်းထိုးလိုက်သည်။

"ဘာရယ်စရာ ရှိလို့လဲ။ အဲဒီလူတွေက မင်းရဲ့ သခင်တွေလေ။ ဒီလိုခေါ်တာ သဘာဝကျတာပဲ မဟုတ်ဘူးလား"

"သခင်..."

ဝမ်ချိုက်မှာ အံ့အားသင့်သွားသည်။ ထို့နောက် ပြင်းထန်သော ကွဲလွဲချက်တစ်ခုကို သတိပြုမိသွားတော့သည်။

"ဘာလို့လဲ။ ဒါဆို မင်းကိုကျတော့ ဘယ်လို ခေါ်ရမှာလဲ"

"ငါ့ကိုလား"

ချူဟန်က တောက်ပသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

"ငါ့ကိုတော့ သခင်လေး ဒါမှမဟုတ် သခင်လေးချူ လို့ ခေါ်ပေါ့"

"ချီးပဲ"

ဝမ်ချိုက်မှာ ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။

"ငါ့ကို ဘယ်လောက်အထိ အထင်သေးနေရတာလဲ အဆိုးဆုံးအနေနဲ့ ဘော့စ် လို့ပဲ ခေါ်ခိုင်းပါလား။ ချန်ရှောက်ရယ်တောင် မင်းကို အဲဒီလို ခေါ်နေတာပဲ မဟုတ်ဘူးလား။ ဘာလို့ ငါကြမှ သခင်လေး ဖြစ်ရတာလဲ"

"ချန်ရှောက်ရယ်တို့က ငါ့ညီအစ်ကိုတွေ... ငါ့အဖော်တွေလေ။ ဒါပေမဲ့ မင်းကတော့ မတူဘူး"

ချူဟန်က ဆေးလိပ်အစား မြက်ပင်တစ်ပင်ကို ပါးစပ်တွင် ကိုက်ထားလျက် ကျောပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေလေသည်။

"မတူဘူး။ ဒါဆို ငါက မင်းအတွက် ဘာကြီးလဲ"

ဝမ်ချိုက်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားတော့သည်။

ချူဟန်က ပါးစပ်ထဲမှ မြက်ပင်ကို ထွေးထုတ်လိုက်ပြီးနောက် အလွန် ပေါ့ပေါ့ပါးပါးပင် စကားတစ်ခွန်း ဆိုလိုက်သည်။

"ကျေးကျွန်လေ"

ဝမ်ချိုက်မှာ အလွန်တုန်လှုပ်သွားသဖြင့် အချိန်အတန်ကြာ စကားပင် မပြောနိုင်တော့ပေ။

အခြားလူများသာဆိုလျှင် ၎င်းနှင့် တွေ့ဆုံပါက အဆင့်မြင့်ဆုံး ရတနာတစ်ပါးပမာ ကိုးကွယ်ပူဇော်ကြမည်မှာ သေချာပေသည်။ သို့သော် ချူဟန်က ကန်ကြောက်ရိုက်နှက်ရုံသာမက အရေးပေါ် အရန်ရိက္ခာအဖြစ် သဘောထားကာ သိုလှောင်ခန်းကိုပါ အမြတ်ထုတ်ခဲ့သည်။ ယခု အဆင့်အတန်းကိုလည်း ကျေးကျွန် အဖြစ်ပါ သတ်မှတ်လိုက်သေးသည်။

အချိန်အနည်းငယ် အကြာတွင် ချူဟန်၏ အကျိုးအကြောင်းမဲ့နိုင်လွန်းလှသော လုပ်ရပ်များကို သည်းမခံနိုင်တော့ဘဲ ဝမ်ချိုက်က ညည်းတွားလိုက်တော့သည်။

"လူယုတ်မာကောင်"

ဤတောင်ကို ကျော်ဖြတ်ရန်မှာ အလွန် ခက်ခဲသော ကိစ္စဖြစ်သည်။ သို့သော် ချူဟန်၏ ရက်စက်သော ခိုင်းစေမှုနှင့် တောကြက်ကင်ဟူသော မြှူဆွယ်မှုများကြောင့် ဝမ်ချိုက်သည် တစ်ပတ်တိတိ အချိန်ယူကာ တောင်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်နိုင်ခဲ့လေသည်။

ချူဟန်ကို ကျောပိုးလျက် တောင်၏ အခြားတစ်ဖက်သို့ ဆင်းသက်လာချိန်တွင် ၎င်းမှာ လုံးဝ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကာ မြေပြင်ပေါ်တွင် ရွှံ့ခဲတစ်ခဲပမာ ပြားပြားဝပ်နေတော့သည်။ ထိုအချိန်မှသာ ခွေးတစ်ကောင်၏ နာမည်ဖြစ်သော ဝမ်ချိုက် ဟူသည့် အမည်နာမနှင့် လိုက်ဖက်ညီစွာ သနားစရာကောင်းလှသော အခြေအနေသို့ ရောက်ရှိနေတော့သည်။

တောင်၏ တစ်ဖက်ခြမ်းတွင် ရွာတစ်ရွာ တည်ရှိနေသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် အနိမ့်အမြင့် မတူညီသော အိမ်ခြေများ အစီအရီ တည်ရှိနေသည်ကို မြင်တွေ့နိုင်သည်။ ရွာရှိနေသည်ဆိုခြင်းမှာ လူရှိခဲ့သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ လူရှိခဲ့လျှင် ဇွန်ဘီများ ရှိမည်။ ဇွန်ဘီရှိလျှင် အမှတ်များ ရရှိမည်။ ထိုအမှတ်များ ရှိပါက အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

ထိုရွာကို မြင်လိုက်ရသော စက္ကန့်တွင် ချူဟန်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။

ဤမျှ အရွယ်အစားရှိသော ရွာတွင် ဇွန်ဘီကောင်ရေ ငါးရာအထက် သေချာပေါက် ရှိမည်ဖြစ်သည်။ လက်ရှိ သူ၏ ခန္ဓာကိုယ်အား အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ အဖြစ်သို့ မြှင့်တင်ရန်အတွက် အမှတ် ၅၀၀ ခန့်သာ လိုတော့သည်။

သို့သော် ချက်ချင်းဆိုသလို ချူဟန်၏ မျက်ဝန်းများတွင် စူးရှသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ရွာ၏ အပြင်ဘက် ပတ်လည်တွင် ခုတ်ထစ်ထားသော သစ်လုံးများနှင့် အမျိုးမျိုးသော ပစ္စည်းများကို အသုံးပြုကာ အတားအဆီးများ ပြုလုပ်ထားပြီး ရွာနှင့် ဤတောင်ကို လုံးဝ ပိုင်းခြားထားကြောင်း သူ၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းက သတိပြုမိလိုက်ခြင်း ဖြစ်သည်။ ခန့်မှန်းကြည့်ရသလောက် ဤလူလုပ် မြို့ရိုး၏ တည်ဆောက်ပုံမှာ မဆိုးလှပေ။ အတော်အတန် မြင့်မားပြီး ကြံ့ခိုင်မှုလည်း ရှိသည်။ ဆင့်ကဲပြောင်းလဲမှု မြန်ဆန်သော ဇွန်ဘီအုပ်များကို အချိန်ကြာမြင့်စွာ မတားဆီးနိုင်လျှင်တောင်မှ မရှိသည်ထက်စာလျှင် ပိုကောင်းနေသေးသည်။

ဒီနေရာမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေတယ်...

All Chapters