အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆) အားနာခြင်း ကင်းမဲ့စွာ
"ငါ ပြောချင်တာကလေ..."
နုံးချည့်နေအောင် ပင်ပန်းနေသော ဝမ်ချိုက်သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် မျက်နှာပြောင်တိုက်ကာ ချူဟန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"လမ်းကလည်း ဖြောင့်နေပြီဆိုတော့ ငါ့ကို အနားပေးလို့ မရဘူးလား။ ငါ ကားထုတ်ပေးပါ့မယ်။ မင်း ကားပဲ စီးသွားပါလား"
ချူဟန်သည် ရှေ့ရှိ တောင်ပေါ်ရွာလေးဆီသို့ သွားရာလမ်းကို အကဲခတ်နေရင်း ဝမ်ချိုက်၏ ကျောပေါ်မှ ဆင်းကာ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
"အရင်ပုံစံ ပြန်ပြောင်းလိုက်တော့။ ဒီကနေစပြီး လမ်းလျှောက်သွားမယ်"
ယာဉ်တစ်စီးသဖွယ် အသုံးချခံနေရခြင်းမှ လွတ်မြောက်သွားသော ဝမ်ချိုက်သည် ချူဟန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်၍ ချက်ချင်းပင် မူလအရွယ်အစားသို့ ပြန်လည်ပြောင်းလဲသွားတော့သည်။ ထိုအချိန်တွင် ချူဟန်မှာ ရှေ့သို့ အတော်ဝေးဝေးပင် လျှောက်သွားနေပြီ ဖြစ်သည်။
"ငါ့ကို မစောင့်တော့ဘူးလား"
ဝမ်ချိုက်သည် ခြေလှမ်းအနည်းငယ်ဖြင့် အပြေးအလွှား လိုက်သွားပြီးနောက် အသက် ဝဝရှူကာ မေးလိုက်သည်။
"ဟိုရွာထဲက ဇွန်ဘီတွေကို အကုန်သတ်ပစ်ဖို့ စဉ်းစားထားတာလား။ အင်း... အဲဒါ အကြံကောင်းပဲ။ ဇွန်ဘီတွေ အများကြီး သတ်နိုင်လေ၊ ငါတို့ အမှတ်တွေ ပိုရလေပဲ။ ဒါပေမဲ့ ဘာလို့ လမ်းလျှောက်နေမှာလဲ။ အချိန်တွေ အရမ်း ကြာသွားမှာပေါ့။ ကားရှိနေတာပဲဟာကို... တစ်ခါတည်း ဝင်တိုက်ပြီး အကုန် ရှင်းပစ်လိုက်ရင် မကောင်းဘူးလား"
"မင်း မျက်လုံးကန်းနေတာလား"
ချူဟန်က ရုတ်တရက် တစ်ဖက်ရှိ လူလုပ်ခံတပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာ စခန်းငယ်လေး တစ်ခု ရှိနေတာကို မမြင်ဘူးလား"
"မြင်တယ်လေ"
ဝမ်ချိုက်သည် ချူဟန်၏ ဆဲဆိုကြိမ်းမောင်းမှုများကို အသားကျနေပြီဖြစ်ရာ ချက်ချင်း ပြန်ဖြေလိုက်သည်။
"စခန်းရှိတယ် အသက်ရှင်ကျန်ရစ်သူတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါက ကားမစီးဘဲ လမ်းလျှောက်တာနဲ့ ဘာဆိုင်လို့လဲ။ အဝေးကြီး လိုသေးတာကို... ဒီအရှိန်နဲ့ဆို ရောက်ဖို့ အတော်ကြာလိမ့်မယ်"
"ခြေရာဖျောက်တယ် ဆိုတဲ့ စကားကို မင်း မသိဘူးလား"
ချူဟန်သည် ရှေ့သို့ ဆက်လျှောက်နေရင်း လမ်းတစ်လျှောက်ရှိ ခြေရာလက်ရာများကို သေချာစွာ အကဲခတ်နေလိုက်သည်။
အတိတ်က ဤနေရာသို့ လူများ ရောက်လာခဲ့ပြီး တောင်ကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သည့် အထောက်အထားများ အထင်းသား ကျန်ရစ်နေသည်။ သို့သော် လမ်းခရီး ကြမ်းတမ်းလွန်းသောကြောင့် သို့မဟုတ် သွေးဆာနေသော သားရဲများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် အဆုံးတွင် လက်လျှော့သွားခဲ့ပုံရသည်။ ဤတောင်နှင့် တစ်ဖက်ကမ်းရှိ ရွာလေးတွင် ဇွန်ဘီအမြောက်အမြား ဝိုင်းရံနေသောကြောင့် သူတို့ အသက်ရှင်ကျန်ရစ်ရန်မှာ ကြားခံနယ်မြေတွင် ခံတပ်တည်ဆောက်ခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
"ခြေရာဖျောက်တယ်... ဪ"
ဝမ်ချိုက်က သဘောပေါက်သွားဟန်ဖြင့် လက်ခုပ်တီးလိုက်သည်။
"သဘောပေါက်ပြီ။ စွမ်းရည်ရှိတဲ့ သိမ်းငှက်က လက်သည်းဝှက်ထားတယ် ဆိုတဲ့သဘောပေါ့။ အသက်ရှင်ကျန်ရစ်သူတွေကို လှည့်စားပြီး သူတို့ဆီကနေ ရွာထဲက ဇွန်ဘီတွေရဲ့ တည်နေရာအချက်အလက်တွေကို အသုံးချမယ်။ ပြီးရင် အတိုဆုံးလမ်းကနေ ရွာထဲကို ဝင်ပြီး အကုန်သတ်ပစ်မယ်။ ဒါဆို အမှတ်တွေကို အလဟဿ မဖြစ်စေဘဲ အကုန် သိမ်းကျုံးယူလို့ရပြီ။ ဇွန်ဘီတွေ အကုန်လုံးကို မင်းလက်နဲ့ ရှင်းလင်းပြီးသွားရင် တစ်ခါတည်း အထာကျကျ ကြွားလုံးထုတ်ဖို့ စဉ်းစားထားတာမလား"
ဝမ်ချိုက်၏ ရှည်လျားပြီး ယုတ္တိရှိလှသော တွေးခေါ်မှုများကို နားထောင်ပြီးနောက် ချူဟန်က ပေါ့ပေါ့ပါးပါးပင် ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး"
"ဟင်... ဒါဆို ဘာလို့လဲ"
ဝမ်ချိုက်က ဆက်လက် မေးခွန်းထုတ်လိုက်သည်။
"ငါ ကားမသုံးတာက သနားလို့ကွ။ နှိုင်းယှဉ်လို့မရတဲ့ ကရုဏာကြောင့်ပဲ"
ချူဟန်က အလွန် တည်ငြိမ်စွာ ပြောလိုက်သည်။
ဝမ်ချိုက်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး အရှုံးပေးလိုက်သည့်ဟန်ဖြင့် အော်ခေါ်လိုက်သည်။
" သခင်လေး ချူဟန်"
"ဘာလဲ"
"လူနားလည်တဲ့ စကားမျိုး ပြောပေးလို့ မရဘူးလား"
ဝမ်ချိုက်မှာ စိတ်ပျက်အားငယ်သွားတော့သည်။
"မတတ်နိုင်ဘူးလေ။ ရှင်းပြရတာပေါ့။ မင်းက ဘက်စုံသုံးနိုင်တဲ့ နောက်လိုက်တစ်ကောင် ဖြစ်နေလို့ ခွင့်လွှတ်ပေးလိုက်မယ်"
ချူဟန်သည် လမ်းတွင် ရှုပ်ယှက်ခတ်နေသော နွယ်ပင်များနှင့် ပေါင်းပင်များကို ပေါ့ပါးစွာ ရှောင်ရှားရင်း အလွန် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"သေချာ စဉ်းစားကြည့်။ ငါ့မှာ ကားရှိတယ်ဆိုတာရယ်၊ ပြီးတော့ ကားပေါ်မှာ နေရာတွေ အများကြီး အလွတ်ရှိနေသေးတယ်ဆိုတာကိုသာ အဲဒီလူတွေ သိသွားရင် ဘာဖြစ်မလဲ။ ပြီတော့ ကားရဲ့ စွမ်းဆောင်ရည်ကိုပါ ပြလိုက်မယ်ဆိုရင် အသက်ရှင်ကျန်ရစ်သူတွေက သူတို့ကို ကားပေါ်တင်ပြီး ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါဆိုပြီး သေချာပေါက် တောင်းဆိုကြလိမ့်မယ်"
"နားလည်ပြီ။ လူတွေ အရမ်းများတော့ အကုန် မတင်နိုင်ဘဲ ပြဿနာတွေ ရှုပ်လာမှာကို နင်က မလိုလားတာမလား"
ဝမ်ချိုက်က စကားထောက်လိုက်သည်။
"မင်းအတွေးတိမ်လွန်းတယ် ဝမ်ချိုင်ရ။ ငါက မင်းအတွက် ဒီလို လုပ်နေရတာကွ"
မည်သည့်အကြောင်းကြောင့်မှန်းမသိ ချူဟန်က ထိုသို့ ပြောလိုက်သည်။
"ငါ့အတွက် ဟုတ်လား"
ဝမ်ချိူင်းမှာ ဆွံ့အသွားတော့သည်။ ဤကိစ္စက သူ့နှင့် ဘာများ သက်ဆိုင်နေသနည်း။
"သူတို့က ကာကွယ်ပေးဖို့နဲ့ ခေါ်ထုတ်သွားပေးဖို့ တောင်းဆိုလာရင်တောင် ငါက သေချာပေါက် ငြင်းဆန်မှာပဲ။ အဲဒီအခါ ကျရင် သူတို့က မကျေမနပ်ဖြစ်ပြီး အတင်းအကျပ် ဆက်တောင်းဆိုကြလိမ့်မယ်။ အဲဒါကိုလည်း ငါ ထပ်ငြင်းရမှာပဲ"
ထိုနေရာအရောက်တွင် ချူဟန်က စကားကို ခဏရပ်လိုက်သည်။
"ဒါပေမဲ့ လူတွေရဲ့ စိတ်ထားက တိမ်ကောလွန်းတယ်။ အဲဒီအထဲမှာ ငါ့ကို အပြစ်တင်ပြီး ငါ့ရဲ့ ဒေါသကို ဆွပေးမယ့် အရူးတွေ သေချာပေါက် ပါလာလိမ့်မယ်။ အဲဒီ့အချိန်ကျရင် ငါက သနားညှာတာမှု ကို စွန့်လွှတ်ရတော့မှာပေါ့။ သနားညှာတာမှုကို စွန့်လွှတ်လိုက်ပြီဆိုရင် ပုဆိန်ကို ဝှေ့ယမ်းလိုက်ပြီဆိုရင်လည်း ဘယ်သူဘယ်ဝါရယ်လို့ ခွဲခြားနေမှာ မဟုတ်ဘူး။ ခြေတစ်လှမ်း မှားတာနဲ့ မင်းပါ ထက်ပိုင်းပြတ်သွားနိုင်တယ်။ အခုမှ အပိုင်းအစတစ်ခုနဲ့ ဖြစ်တည်လာခါစ ရှိသေးတာကို တစ်ချက်တည်းနဲ့ အပိုင်းပိုင်း အပြတ်ခံချင်လို့လား"
ဤမျှ ကြောက်စရာကောင်းသော စကားများကို ချူဟန်သည် အလွန် အေးစက်တည်ငြိမ်သော လေသံဖြင့် ပြောဆိုခဲ့သည်။ ခြေရင်းတွင် တိတ်ဆိတ်စွာ လျှောက်လာသော ဝမ်ချိုက်မှာ ကျောချမ်းသွားတော့သည်။ ဘေးလွတ်ရာ မရှောင်နိုင်ဘဲ အပိုင်းပိုင်း အဖြတ်ခံရမည် ဟုတ်လား။ မိမိသည် မည်သို့သော သခင်မျိုးနှင့် သွားရောက် ပတ်သက်မိသနည်း။ ဤလူသည် မိစ္ဆာတစ်ပါးမှလွဲ၍ အခြား မရှိနိုင်ပေ။
"ဒါကြောင့်မို့လို့ ဝမ်ချိုက်... ငါက မင်းအတွက် စဉ်းစားပြီး ဒီလိုလုပ်နေတာကွ"
ချူဟန်က နိဂုံးချုပ်အနေဖြင့် ပြောလိုက်ပြီးနောက် တိတ်တဆိတ် ထွက်ပြေးရန် ခြေလှမ်းပြင်နေသော ဝမ်ချိုက်ကို စိုက်ကြည့်လိုက်သည်။
"အခုလို အတွေ့အကြုံမရှိသေးတဲ့ ကျွန်တော့်အတွက် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေး ချူဟန် "
ဝမ်ချိုက်သည် ငိုချင်သော မျက်နှာဖြင့် ခြေလှမ်းကို ဖြည်းညင်းစွာ ပြန်လျော့လိုက်သည်။
ချူဟန်၏ ရင်ထဲတွင် နောက်ပြောင်လိုသော စိတ်ဆန္ဒများ ပေါ်ပေါက်လာပြီး ဝမ်ချိုက်ကို ထပ်မံ ခြောက်လှန့်ရန် ပြင်လိုက်ချိန်မှာပင်... ရုတ်တရက် သူ၏ မျက်ဝန်းများမှာ စူးရှသွားပြီး ဝမ်ချိုက်၏ လည်ပင်းကို ပြင်းထန်သော အလျင်ဖြင့် ဆွဲမလိုက်သည်။
"အသေးဆုံး အရွယ်အစားကို ပြောင်းလိုက်"
"နားရွက်ကို မဆွဲနဲ့။ နာတယ်"
"မြန်မြန်လုပ်။ လူလာနေတယ်"
"ဟုတ်ကဲ့ပါ သခင်လေး။ အမိန့်အတိုင်းပါ"
ရွှီး...
ဝမ်ချိုက်၏ တစ်ကိုယ်လုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပင်ပေါင်ဘောလုံးအရွယ်အစားခန့်အထိ သေးငယ်သွားတော့သည်။ သူ၏ သေးငယ်ပြီး ချစ်စရာကောင်းသော ပုံစံလေးမှာ အကယ်၍ ဤနေရာတွင် မိန်းကလေးတစ်ဦးသာ ရှိနေပါက မိခင်စိတ်ဓာတ်များကို သေချာပေါက် နှိုးဆွပေးနိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ချူဟန်၏ ရင်ထဲတွင် ထိုသို့သော ကြင်နာယုယလိုစိတ်မျိုး အလျဉ်းမရှိပေ။ သူသည် ဝမ်ချိုက်ကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲသို့ အတင်း ထိုးထည့်လိုက်သည်။
"အွတ်"
ဝမ်ချိုက်မှာ လည်ပင်းညှစ် အသတ်ခံရလုနီးပါး ဖြစ်သွားသည်။ ခေါင်းမူးနေသော ယုန်တစ်ကောင်ကဲ့သို့ ဝမ်ချိုက်သည် ပြင်းထန်စွာ မူးဝေသွားပြီးနောက် အမြင်အာရုံများ မှောင်မိုက်သွားသည်ကို ခံစားလိုက်ရသည်။ သတိပြန်ဝင်လာချိန်တွင် အိတ်ကပ်ထဲရှိ အသုံးမကျသော ပစ္စည်းမျိုးစုံနှင့်အတူ ပိတ်လှောင်ခံထားရကြောင်း သိလိုက်ရသည်။ သေနတ်တစ်လက် ရှိနေခြင်းမှာ လက်ခံနိုင်စရာ ဖြစ်သော်လည်း အမျိုးသားတစ်ဦး၏ အိတ်ကပ်ထဲတွင် စီးကရက်နှင့် မီးခြစ် ပါနေခြင်းက ပုံမှန်ဆိုလျှင် သဘာဝကျသော်လည်း ချူဟန် ဆေးလိပ်သောက်သည်ကို ဝမ်ချိုက် တစ်ခါမျှ မမြင်ဖူးပေ။ သို့သော် ထိုအရာများထက် ပို၍ ထူးဆန်းနေသည်မှာ... ကွတ်ကီးငယ်လေးများနှင့် ဂျယ်လီကဲ့သို့သော သရေစာ မုန့်များမှာ ရှုပ်ပွနေပြီး မျက်စဉ်းခတ်ဆေးရည်ပုလင်းပင် လူးလှိမ့်နေသေးသည်။
'ဒီအမှိုက်ပုံကြီးက ဘာကြီးလဲကွ။ အိတ်ကပ်ထဲကို ဘာမဆို အကုန် ထိုးထည့်ထားတာပဲ'
ဝမ်ချိုက်သည် စိတ်ထဲတွင် ချူဟန်ကို အပြစ်တင် ကြိမ်းမောင်းလိုက်ပြီးနောက် လက်လျှော့ကာ အိတ်ကပ်ထဲမှ ပစ္စည်းများကို စတင် ရှင်းလင်းနေလိုက်သည်။
ဝမ်ချိုက်၏ ရင်ထဲမှ ညည်းတွားသံများကို ချူဟန် လုံးဝ သိနိုင်မည် မဟုတ်ပေ။ သူသည် မြေကြီးပေါ်ရှိ ပေါင်းပင်များနှင့် ရွှံ့ဗွက်များကို မိမိ၏ အဝတ်အစားပေါ်သို့ ပြင်းထန်သော အရှိန်ဖြင့် ပွတ်သပ်လိုက်ပြီး တမင်တကာ ညစ်ပတ်နေကာ ချောက်ချားနေဟန် လုပ်ယူလိုက်သည်။ ဤမျှ အန္တရာယ်များသော နေရာမျိုးတွင် သေသပ်သန့်ရှင်းနေသော လူတစ်ယောက် ရုတ်တရက် ပေါ်လာခြင်းမှာ မည်သို့ စဉ်းစားကြည့်ပါစေ သဘာဝမကျသောကြောင့် ဖြစ်သည်။
ဂျွတ်... ဂျွတ်... ဟူသော ခြေသံများ နီးကပ်လာပြီး မကြာမီမှာပင် လူရိပ်အနည်းငယ်သည် ချူဟန်၏ မျက်မှောက်ရှေ့သို့ ဝင်ရောက်လာသည်။ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် လူခြောက်ဦးစလုံးမှာ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ များ ဖြစ်ကြောင်းကို ချူဟန် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ယင်းမှာလည်း သဘာဝကျပေသည်။
သာမန်လူတစ်ယောက်က ဤမျှ အန္တရာယ်များသော နေရာမျိုးတွင် အသက်ရှင်ကျန်ရစ်ရန် လုံးဝ မဖြစ်နိုင်ပေ။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးနောက် နှစ်လကျော် အချိန်ကုန်လွန်ခဲ့ပြီဖြစ်ရာ ဆင့်ကဲပြောင်းလဲသူများမှာ ပိုမို များပြားလာနေသည်။
စွမ်းရည်မြှင့်တင်သူ များ၏ တည်ရှိမှုကိုလည်း မကြာမီ အနာဂတ်တွင် လူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြမည်မှာ သေချာပေသည်။
သူတို့ကလည်း တစ်ကိုယ်တည်း ရှိနေသော ချူဟန်ကို ချက်ချင်း သတိထားမိသွားကြသည်။ နှစ်ဖက်စလုံးသည် အကွာအဝေးတစ်ခုကို ထိန်းသိမ်းကာ ရပ်တန့်လိုက်ကြသည်။ ယင်းမှာ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများအတွက် လုံခြုံရေး အကွာအဝေး ဖြစ်ပြီး ဤအကွာအဝေးတွင် အချင်းချင်း သေစေလောက်သော ဒဏ်ရာမျိုးကို မပေးနိုင်ပေ။ သေချာပေါက် ချူဟန်က ချွင်းချက် ဖြစ်သည်။ သူသည် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများကြားတွင်ပင် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်ရုံသာမက တိကျမှု၊ ခွန်အား နှင့် အလျင်နှုန်း ဟူသော ကျွမ်းကျင်မှု သုံးခုကိုပါ ပွင့်စေခဲ့ပြီး ဖြစ်သည်။
"မင်း တစ်ယောက်တည်းလား"
ထိုအချိန်တွင် လူငါးဦးထဲမှ ခေါင်းဆောင်ဟု ထင်ရသော အမျိုးသားက အံ့အားသင့်စွာဖြင့် လှမ်းမေးလိုက်သည်။ သာမန်မျက်နှာသွင်ပြင်နှင့် အသားခပ်ညိုညို ရှိသည်။ အသက်မှာ သုံးဆယ်ဝန်းကျင်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ရှေ့ရှိ တောင်ပေါ်ရွာမှ ဒေသခံတစ်ဦး ဖြစ်ဟန်တူသည်။ ဖွံ့ဖြိုးနေသော ကြွက်သားများကို အဝတ်အစားများအောက်မှပင် ထင်ရှားစွာ မြင်တွေ့နေရပြီး ပုံမှန်အားဖြင့် ရွာတွင် ကာယလုပ်အားကို အသုံးပြု၍ ခွန်အားကို ဂုဏ်ယူဝင့်ကြွားတတ်သော အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိသာနေပေသည်။
"တစ်ယောက်တည်း ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒီတောင်ကို တစ်ယောက်တည်း ဖြတ်ကျော်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ချူဟန် မဖြေရသေးခင်မှာပင် ခေါင်းဆောင်ဖြစ်သူ၏ ဘေးတွင်ရှိသော ပိန်ပိန်ပါးပါး မျောက်တစ်ကောင်နှင့်တူသည့် လူငယ်လေးက ကြားဖြတ် ပြောဆိုလိုက်သည်။ သူက ချူဟန်ကို အားနာခြင်း အလျဉ်းမရှိဘဲ စိုက်ကြည့်နေသည်။
"ဟေ့လူ... မင်း ဘယ်ကလာတာလဲ။ ဒီကနေ အပြင်ကို ထွက်လို့ရမယ့် လမ်းရှိလား။ မင်းရဲ့ အပေါင်းအသင်းတွေကော ဘယ်မှာလဲ"
မေးခွန်းများမှာ မိုးရွာချသကဲ့သို့ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုအထဲတွင် အားနာမှုဟူ၍ မြူတစ်စက်မျှပင် မပါဝင်ခဲ့ပေ။